မင်းဆိုတာ သေချာတယ် ပိုင်ရှောင်ချန်း
Vol. 11 Ch. 1097
ကောင်းကင်ဧကရာဇ်ဝိရူပက္ခက လျင်မြန်စွာ ပြန်သက်သာလာ၏။ တခဏကြာသော် သူက ထရပ်ပြီး မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် လူအုပ်ကြီးကို ဝေ့ဝိုက်ကြည့်လိုက်သည်။
မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်လည်း ထိုနည်းတူပင်။ သူတို့၏ မျက်လုံးများသည် အကန့်အသတ်မရှိသော အမျက်ဒေါသများ၊ အမုန်းတရားများဖြင့် ပြည့်နှက်နေရာ သူတို့၏ဆင်းရဲဒုက္ခအတွက် တာဝန်ရှိသော လူကို ရှာတွေ့လျှင် ရူးသွပ်မိုက်မဲစွာ ဒေါသပေါက်ကွဲလောက်မည်အထိ ဖြစ်ပုံပေါ်နေတော့သည်။
သူတို့ ကြုံတွေ့ခဲ့ရသည့် ညှင်းပန်းနှိပ်စက်မှု နှစ်လအတွင်း သူတို့မှာ သေသွားပါစေဟူ၍ ထပ်တလဲတဲ ဆုတောင်းနေခဲ့သည်။ တချိန်တည်းမှာပင် သူတို့သည် ဖြစ်ပွားခဲ့သောအရာအတွက် အကြောင်းပြချက်တစ်ခုသာ ရှိကြောင်း သုံးသပ်ခဲ့လိုက်ကြသည်။ တစ်ယောက်ယောက်က သူတို့ကို အထူး ပစ်မှတ်ထားခဲ့ခြင်းပင်။
ထိုလုပ်ဆောင်ချက်က မည်သို့ဖြစ်ခဲ့သည်ကို သူတို့မသေချာသည့်တိုင် နောက်ကွယ်တွင် တစ်စုံတစ်ယောက်ရှိကြောင်း သေချာသည်။
အံ့အားသင့်နေကြသော ကြည့်ရှုသူများမှာ ထူးဆန်းသောအရာတစ်ခုခု ဖြစ်ပျက်နေကြောင်း မြင်လိုက်ကြရပြီး မည်သည့်အရာဖြစ်လိမ့်မည်ကို တွေးလာကြတော့သည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းသည် အတန်ငယ်အပြစ်ရှိသလိုခံစားနေရပြီး ဤသုံးယောက် သူတို့ကြုံတွေခဲ့သည့်အရာကို တောင့်ခံရန်မှာ မည်မျှစွမ်းအားကြီးရမည်ဖြစ်ကြောင်း တွေးတောနေသည်။
" ငါဆိုတာ သူတို့ သိသွားလို့ မဖြစ်ဘူး။ မဟုတ်ရင် သူတို့ သေချာပေါက် ရူးသွားလိမ့်မယ် "
သူ၏ အတွေးတန်းကြီးက ထိုနေရာသို့ ရောက်သော် သူက အခြားကျင့်ကြံသူများ၏မျက်နှာအမူအရာများကို တုပလိုက်သည်။
သို့သော် ...
" အဲဒါ မင်းဆိုတာ သေချာတယ် ပိုင်ရှောင်ချန်း "
ပိုင်ရှောင်ချန်းက ခေါင်းကို ချာခနဲလှည့်လိုက်ရာ သူ့ကို မျက်လုံးရဲကြီးများဖြင့် ဝါးစားမတတ်ကြည့်နေသော ကောင်းကင်ဧကရာဇ်ဝိရူပက္ခကို တွေ့လိုက်လေသည်။
သူ၏နှလုံးသားက ကြောက်လန့်ခြင်းနှင့်အတူ ဒိန်းခနဲ ခုန်သွားသော်လည်း သူက မျက်မှောင်သာ ကြုတ်လိုက်၏။
" ခင်ဗျား ဘာကို ဆိုလိုတာလဲ "
သူက ဖြေးညင်းစွာ ထရပ်ပြီး ဇဝေဇဝါဖြစ်နေသည့်ပုံ ကြိုးစားဖမ်း၍ ပြောလိုက်သည်။ ကောင်းကင်ဧကရာဇ်ဝိရူပက္ခက ရှေ့တစ်လှမ်းတိုးလိုက်သော်လည်း မူလနတ်ဆိုးမင်းသားက လှမ်း၍ သူလမ်းကို အလျင်အမြန်ပိတ်လိုက်သည်။
မူလနတ်ဆိုးမင်းသားက ပိုင်ရှောင်ချန်းကို တခဏတာ သေသေချာချာကြည့်ပြီးနောက် လူအုပ်ကြီးကို ဝေ့ဝိုက်ကြည့်လိုက်သည်။
" ဂုဏ်သရေရှိ လူကြီးမင်းများနှင့် အမျိုးသမီးအပေါင်းတို့ ခင်ဗျားတို့အားလုံး ဒီနတ်မီးလျှံစမ်းသပ်ပွဲမှာ ထူးဆန်းတဲ့ အခြေအနေတွေ ကြုံ့တွေ့ခဲ့ရတယ်ထင်တယ်။ ဥပမာဆိုရင် လှေကားထစ်ကိုးထစ်ပဲရှိတဲ့ စမ်းသပ်ပွဲမှာ တခဏလေးနဲ့ အထစ်တစ်ရာပေါ်လာတယ်။ ပြီးတော့ ရုပ်သေးရုပ်တစ်ရုပ်ကနေ တစ်ဆယ် ဒါမှမဟုတ် တစ်ရာတောင်ဖြစ်လာခဲ့တယ် “
" ကျုပ် ခင်ဗျားတို့အားလုံးကို ရိုးရိုးသားသား ပြောပြပါ့မယ်။ ကျုပ်တို့ ကောင်းကင်ဧကရာဇ်သုံးပါးက အဆင့်ဆယ့်ရှစ် နဲ့ ဆယ့်ကိုးကို ကျော်ဖို့ ပူးပေါင်းခဲ့တယ်။ ဒါပေမဲ့ အဆင့်နှစ်ဆယ်မှာ ကျုပ်တို့ အဆုံးမရှိတဲ့ လူတစ်ပိုင်းနွားတစ်ပိုင်း မွန်းစတားအုပ်ကြီးတစ်အုပ်ကို ရင်ဆိုင်ခဲ့ရတယ်။ ဒါက ကျုပ်တို့ လက်ခံနိုင်လောက်ပေမယ့် ကျုပ်တွေ တည်နေရာရွှေ့ပြောင်းလို့မရတာ တွေ့ခဲ့ရတယ်။ ရသေးတယ် ကျုပ်တို့ အဲဒါကိုလဲ လက်ခံနိုင်လောက်တယ်။ ဒါပေမဲ့ လေးနာရီကြာပြီးတဲ့နောက်တောင်မှ ကျုပ်တို့ ထွက်သွားလို့မရခဲ့ဘူး။ ကျုပ် စောစောက အချိန်မတိုင်ခင်အထိ တချိန်လုံး အဲဒီမှာ ပိတ်မိနေခဲ့တာ “
" တစ်ခါမှ မဖြစ်သင့်တဲ့ ပုံမှန်မဟုတ်တာတစ်ခုခုဖြစ်နေတာ သိသာတယ် “
" ဟုတ်တယ်။ ပုံမှန်မဟုတ်တာတွေ အမြဲဖြစ်နိုင်ပေမယ့် အဲဒီလိုထူးဆန်းတဲ့ဖြစ်စဥ်တစ်ခုထက်ပိုပြီး မဖြစ်သင့်ဘူးလေ "
လူတိုင်း သူတို့ကြားနေသည်များကြောင့် အံ့သြတုန်လှုပ်သွားကြ၏။ အထူးသဖြင့် ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာပင်။
လွန်ခဲ့သောလအနည်းငယ်အတွင်း ထူးဆန်းသောအရာပေါင်းများစွာ ဖြစ်ပွားခဲ့သည်မှာ အမှန်ပင်။ လူတိုင်းမှာ ထူးဆန်သောအရာတစ်ခုခုဖြစ်ပွားနေကြောင်း သံသယဝင်ခဲ့သော်လည်း သက်သေတစ်ခုတလေသော်လည်းကောင်း၊ ရှင်းပြချက်ပေးရန် နည်းလမ်းသော်လည်းကောင်း မရှိခဲ့ပေ။
ယခုတွင် မူလနတ်ဆိုးမင်းသားက ထိုအကြောင်းများကို ကျယ်လောင်စွာ ပြောနေလေရာ လူတိုင်း မျက်တောင်တဖျပ်ဖျပ်ခတ်ကာ လေးနက်ပြီး မယုံင်္သကာဖြစ်နေသာဟန်ပန်ကို ကြိုးစားဖမ်းနေသော ပိုင်ရှောင်ချန်းကို ရံဖန်ရံခါ လှမ်းကြည့်လာတော့သည်။
မူလနတ်ဆိုးမင်းသားမှာမူ မုန်းတီးစက်ဆုပ်ခြင်းများဖြင့် မျက်လုံးများတဖျပ်ဖျပ်လက်နေလျက် ပိုင်ရှောင်ချန်းကို တချိန်လုံး ပေါ်ပေါ်ထင်ထင် စိုက်ကြည့်နေ၏။
" ကျုပ်တို့ထဲက တစ်ယောက်က ယပ်တောင်အစုတ်ကြီးရဲ့ ပိုင်ရှင် တစ်နည်းနည်းနဲ့ ဖြစ်လာမယ်ထင်တယ်။ အမှန်အတိုင်းပြောရရင် အဲဒီလူက အဆင့်နှစ်ဆယ်ကို တိတ်တဆိတ်ကျော်ဖြတ်ပြီးလောက်ပြီ “
" ဒါက တစ်ခုတည်းသော ဖြေရှင်းချက်ပဲ။ အဲဒါမှပဲ တစ်ယောက်ယောက်က ကျုပ်တို့အားလုံးကို ပစ်မှတ်ထားပြီး ကျုပ်တို့ကောင်းကင်ဧကရာဇ်သုံးပါးကို အဆင့်နှစ်ဆယ်မှာ ပိတ်ထားနိုင်လိမ့်မယ်ဘ"
လူတိုင်း မှင်သက်ဆွံ့အလျက် ကြည့်နေကြစဥ် ဂူထျန်ကျွင်း တုန်ရီသွားပြီး ရုတ်တရက်ထပြော၏။
" တာဝန်ရှိနိုင်ဆုံးလူက ပိုင်ရှောင်ချန်းပဲ "
" တာအိုရောင်ရင်းပိုင်က တာဝန်ရှိတဲ့လူဆိုပြီးလို့တော့ ကျုပ် ေသချာပေါက် မပြောနိုင်ဘူး " စီမာယွမ်ဟွာက အေးစက်စက်ဝင်ပြောသည်။
" ဒါပေမဲ့ သိပ်မကြာခင်တုန်းက တာအိုရောင်ရင်းဂူနှင့် ကျုပ် သူနဲ့အတူ ပေါင်းပြီး အဆင့်ဆယ့်ရှစ်ကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့တယ်။ အထဲရောက်တာနဲ့ သဲဘီလူးတွေက သူ့ကို လျစ်လျူရှုထားတော့တာပဲ "
ဤအချိန်တွင် လူအုပ်ကြီးထဲက လူအတော်များများသည် ပိုင်ရှောင်ချန်းကို ဝိုင်းရန်အလား စုဝေးလာကြသည်။
ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားနေပြီး သူသာ နမော်နမဲ့ပြုမူလိုက်ပါက သေစေနိုင်သောအမှားကြီးတစ်ခု ပြုလုပ်နိုင်ကြောင်း သိလေသည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်း၍ စိတ်တိုသည့်ပုံဖမ်းကာ အော်လိုက်သည်။
" ဒါတွေအားလုံးက ကျုပ် ကောင်းကင်တံတားဒေသကလာတာကြောင့် မဟုတ်လား။ ကျုပ်က ကောင်းကင်တံတားနယ်မြေက တစ်ယောက်တည်းသော ကောင်းကင်ဧကရာဇ်မလို့မလား “
" ခင်ဗျားတို့နှစ်ယောက်က အဆင့်ဆယ့်ရှစ်မှာ ကျုပ်ကို သေစေနိုင်တဲ့ထောင်ချောက်ဆင်ခဲ့တယ်။ ပြီးတော့ ကျုပ်တစ်ယောက်ထဲ မဟုတ်ဘူး၊ သဲဘီလူးတွေက ခင်ဗျားကိုလဲ လျစ်လျူရှုခဲ့တာ မေ့သွားပြီလား စီမာယွမ်ဟွာ။ “
" ကောင်းကင်ဧကရာဇ်ဝိရူပက္ခ ခင်ဗျားကပဲ ကျုပ်ကို ဟိုးအစထဲက ပစ်မှတ်ထားခဲ့တာလေ။ ဒါက ကျုပ်ကို ချောက်ချဖို့ အကောင်းဆုံးလူလုပ်လိုက်တာပဲ “
" အဆင့်နှစ်ဆယ်ကို ကျုပ် ကျော်ဖြတ်ပြီးသွားပြီလို့ ခင်ဗျား ထင်နေတာလား။ ဒီမှာ ရပ်နေတဲ့လူတိုင်း သိတယ်။ ကျုပ်က အဆင့်ခုနစ် ကိုတောင် တစ်ခါမှ မကျော်ဖြတ်နိုင်ခဲ့ဘူး "
ပိုင်ရှောင်ချန်းက အနည်းငယ်ထပ်ပြောရန် ပြင်လိုက်ဆဲဆဲ ဝိညာဥ်ဝါးမျိုသခင်၏ မျက်လုံးများ ကျဥ်းမြောင်းလာပြီး ကြားဖြတ်ပြောလိုက်သည်။
" ငါတို့အားလုံး မကြာခင် မင်းဟုတ်လား မဟုတ်လားး သိမှာပါ " သူက ပြောသည်။
" ကန့်သတ်ချိန်က ပြည့်ခါနီးပြီ ။ မကြာခင် လူတိုင်း ယပ်တောင်ရဲ့ ပိုင်ရှင်အသစ်က ဘယ်သူဆိုတာ တွေ့ရလိမ့်မယ်။ အဲဒါက အကုန်လုံးကို ထင်ရှားစေမှာပဲ "
လူအုပ်ထဲက လူတိုင်းက ဝိညာဥ်ဝါးမျိုသခင်နှင့် သဘောတူပုံရလေသည်။
ပိုင်ရှောင်ချန်းမှာ အလွန်စိုးရိမ်သောကရောက်နေသော်လည်း ဘာလုပ်ရမည်ကို မစဥ်းစားနိူင်တော့ပေ။ သူသည် ဤနေရာတွင် အဝိုင်းခံရသည်သာမက လူအများသည် သူတော်စင်ဧကရာဇ်နိုင်ငံပြန်ရောက်သည်နှင့် သူ့ကို သေချာပေါက် ဒေါသဆက်ထွက်ကြဦးမည်ဖြစ်သည်။
ယခုတွင် သူက ယပ်တောင်အစုတ်ကြီးနှင့် အမှန်တကယ် ဘာမှမပတ်သက်ချင်တော့သော်လည်း လူတိုင်းသည် နတ်ဘုရားအာရုံပြန်ရသွားပြီဖြစ်သောကြောင့် သူ လှုပ်မရတော့ပေ။
ပိုင်ရှောင်ချန်း စိတ်လှုပ်ရှားစွာ ရပ်နေစဥ် ဝိရူပက္ခ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် တဖျပ်ဖျပ်လက်နေပြီး စီမာယွမ်ဟွာက အေးစက်စက်ရယ်လိုက်လေသည်။ တခဏကြာသော် ယပ်တောင်မှာ တုန်ခါလာပြီး နှင်ထုတ်ခြင်းအားတစ်ခုက ယပ်တောင်အစုတ်ကြီး၏ ပင်မရင်ပြင်မှ ပေါ်လာကာ အဖွဲ့ကို တွန်းထုတ်လာသည်။
သူတို့က ထာဝရအင်မော်တယ်နယ်မြေဘက်သို့ တွန်းထုတ်ခံလိုက်ရစဥ် သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်ပေါ်လာသည်။ သူတို့နှစ်ဦးက သူတို့၏လူများကို အိမ်ပြန်ပို့ပေးရန် ရှိနေခြင်းဖြစ်သော်လည်း ယခုတွင် ကာကွယ်ထားပုံမရတော့သည့် ယပ်တောင်စုတ်ကြီးထံ ဝင်ရောက်ရန် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူလိုက်လေသည်။
သို့သော် ထိုအခိုက်တွင် ယပ်တောင်ကြီးက ဘေးသို့ စောင်းသွားပြီးနောက် ဧရာမမိုးမြေဧကရာဇ်ကြီး၏လက်မှ ပျံထွက်သွားသည်။ ပေးအပ်ခံရသော တစ်စုံတယောက်ထံ ဦးတည်မည့်အစား ၄င်းက ဟင်းလင်းပြင်၏ အမှောင်ထုထဲသို့ တလွင့်လွင့်ရွေ့သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာကာ သက်ပြင်းချလိုက်သော်လည်း တစ်ဆက်တည်းမှာပင် အတန်ငယ်အံ့သြသွား၏။ ဖြစ်ပျက်ခဲ့သော အရာအားလုံးအပေါ် အခြေခံ၍ ယပ်တောင်ကြီး သူ့ထံလာလိမ့်မည်ဟု သူ ယူဆထားခဲ့သည် မဟုတ်ပါလော။
အမှန်တွင် သူက သူ၏အံ့သြမှုကို မဖော်ပြပေ။
မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်သည် ယပ်တောင်ထံရောက်ပြီး ၄င်းအထဲဝင်ရောက်ရန် အမည်မသိနည်းလမ်းများကို သုံး၍ အဝေးသို့ တဟုန်ထိုးထွက်သွားသည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းမှာ ကောင်းကင်ဧကရာဇ်နှစ်ပါး၏တည်ရှိမှုနှင့် လူတိုင်း သူ့ကို သံသယဝင်နေခြင်းကြောင့် စိတ်လှုပ်ရှားကာ ယပ်တောင်နှင့် သွားမဆက်သွယ်ရဲပေ။ သူသည် အလွန်အားမလိုအားမရဖြစ်နေလျက် ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၊ မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်ကို စိုက်ကြည့်ပြီးနောက် သူ့အကြည့်ကို ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာအပေါ်တွင် စူးစိုက်ထားလိုက်သည်။
" ခင်ဗျားတို့ မြင်လား "
သူက အော်ဟစ်လုနီးပါး ပြောလိုက်သည်။
" ပထမ ကျုပ် ဘာမန္တန်လက်ကွက်မှ မဖော်ခဲ့ဘူး။ ဒုတိယ ကျုပ် နတ်ဘုရားအာရုံမှ မသုံးဘူး။ တတိယ ကျုပ် အသားလေးတောင် မလှုပ်ဘူး။ အဲဒီယပ်တောင်က ... ကျုပ်ဘက်တောင် ရွေ့မလာဘူးလေ “
" နတ်မီးလျှံစမ်းသပ်ပွဲကို ပြင်ခဲ့တဲ့ လူက သေချာပေါက် ကျုပ်မဟုတ်ဘူး။ ကျုပ်က ယပ်တောင်ရဲ့ ပိုင်ရှင်အသစ်ဖြစ်ဖို့အသာထား အဆင့်ခုနစ်ကိုတောင် မအောင်ခဲ့ဘူး “
"ကျုပ်လဲ ခင်ဗျားတို့အားလုံးလိုပဲ ကံဆိုးမိုးမှောင်ကျခဲ့တာပဲ။ သေချာပေါက် ကျုပ်က အပြစ်ပုံချခံရမယ့် လူလဲမဟုတ်ဘူး “
" တစ်ယောက်ယောက် ခင်ဗျားကို အသုံးချခဲ့တာ ကောင်းကင်ဧကရာဇ်ဝိရူပက္ခ “
" ပြီးတော့ ခင်ဗျား အကဲဖြတ်မှားသွားပြီ မူလနတ်ဆိုးမင်းသား “
" ခင်ဗျားကော ဘာလဲ ဝိညာဥ်ဝါးမျိုသခင် ။ အခုထိ ဘာလို့တစ်ခွန်းမှ မပြောတာလဲ။ ပြီးတော့ ခင်ဗျားကော စီမာယွမ်ဟာ။ ကျုပ်တို့နှစ်ယောက်ကြားက ကိစ္စတွေ မပြတ်သေးဘူးနော်"
သူ၏စကားလုံးများဖြင့် တိတ်ဆိတ်မှုများ တွေ့ဆုံသွား၏။ ကောင်းကင်ဧကရာဇ်တစ်ပါးမှ ပြန်မပြောနိုင်ကြတော့ပေ။
လူတိုင်းက ပျောက်ကွယ်သွားသော ယပ်တောင်ကြီးရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။ ပိုင်ရှောင်ချန်းက သူတော်စင်ဧကရာဇ်ကိုသော်လည်းကောင်း၊ မိစ္ဆာဧကရာဇ်ကိုသော်လည်းကောင်း တိုက်ရိုက်မဖော်ပြခဲ့သော်လည်း သူပြောခဲ့သည့်အရာနှင့် ယခုဖြစ်ပျက်နေသည့်အပေါ် အခြေခံ၍ လူတိုင်းတွင် ထိုကိစ္စနှင့် ပတ်သက်သော ထင်ကြေးကိုယ်စီရှိကြလေသည်။
ကံဆိုးစွာပင် သဘောတရားအား အတည်ပြုရန် နည်းလမ်းမရှိပေ။ ကောင်းကင်ဧကရာဇ်ဝိရူပက္ခက ဘာမှမပြော။ သူက ချာခနဲ လှည့်ပြီးသာ ထွက်ခွာသွား၏။ မူလနတ်ဆိုးမင်းသား၏ မျက်လုံးများထဲတွင် ရောထွေးသောခံစားချက်များကို မြင်နိုင်ပြီး ဝိညာဥ်ဝါးမျိုသခင်၏မျက်နှာမှာ အလွန်တရာတင်းမာခက်ထန်နေလျက် သူတို့နှစ်ယောက်လုံး ထွက်သွားကြလေသည်။
စီမာယွမ်ဟွာနှင့် ဂူထျန်ကျွင်းက အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူတို့က ခေါင်းများခါယမ်း၍ ထွက်သွားကြ၏။ မကြာခင် လူတိုင်းသည် ဧကရာဇ်နှစ်ပါးချန်ရစ်ခဲ့သော မှော်အလင်းကို အခွင့်ကောင်းယူ၍ ထာဝရအင်မော်တယ်နယ်မြေများရှိ မြို့တော်နှစ်မြို့ထံပြန်လိုက်ကြသည်။
သူတော်စင်ဧကရာဇ်မြို့တော်ကို ပြန်ရောက်ပြီးနောက် ပိုင်ရှောင်ချန်းမှာ နောက်ဆုံးတွင် စိတ်သက်သာရာရကာ အသက်ဝဝရှူလိုက်တော့သည်။ ဘေးကြပ်နံကြပ်ကာလကြီးအား သူ ကျော်ဖြတ်ပြီးခဲ့လေပြီ။ သို့သော် ယပ်တောင်ကို မည်သူကထိန်းချုပ်သည့် ကိစ္စက သူ့အား အလွန်စိုးရိမ်ကြောင့်ကြနေစေတော့သည်။
" ဘာလို့ ငါ့ဆီမလာတာတုန်း။ ငါ မခေါ်လို့များလား "