ဆယ့်နှစ်ယောက်မြောက် ကောင်းကင်ဧကရာဇ်
Vol. 11 Ch. 1098
" ဒါပေမဲ့ အဲဒါက မိုးမြေဧကရာဇ်အဆင့် အဖိုးတန် ရတနာကြီးတစ်ခုလေကွာ "
ပိုင်ရှောင်ချန်းမှာ သူ၏နှလုံးသားထဲမှ သွေးများအမှန်တကယ်စီးကျလာသည့်အလား ခံစားနေရတော့သည်။ သူသည် ယပ်တောင်စုတ်ကြီးနှင့် ချိတ်ဆက်ရန် ပြင်လိုက်ပါသော်လည်း နောက်ဆုံးတွင် ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူတော်စင်ဧကရာဇ်ပြန်ရောက်လာသည့်အချိန်ထိ စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ သူ ထိုသို့ကြိုးစား၍ ကျရှုံးသွားလျှင် အကြောင်းမရှိပေ။ သို့သော် အကယ်၍ အောင်မြင်သွားခဲ့ပြီး သူတော်စင်ဧကရာဇ်သာ သတိထားမိသွားခဲ့မည်ဆိုပါက ပြဿနာအကြီးအကျယ် တက်နိုင်ပေသည်။
သူသည် သက်ပြင်းများချ၍ သူတော်စင်ဧကရာဇ်မြို့တော်ထဲရှိ သူ၏မြင့်မြတ်သောနယ်မြေသို့ ပြန်သွားသည်။ သူ မြင်တွေ့ခဲ့ပြီးသမျှ ကျင့်ကြံသူအားလုံး သူ၏ရှေ့သို့ရောက်လျှင် တုန်လှုပ်ခြောက်ခြားနေကြသည်သာ ဖြစ်သည်။ ကောင်းကင်မြို့စားလျှိုကလည်း သူ့ကိုသေသေချာချာ စောင့်ကြည့်နေသည်။ သို့သော် သူသည် ထိုအချင်းအရာကို စိတ်ထဲမထားနိုင်ပေ။ သူသည် မြင့်မြတ်သောနယ်မြေထဲတွင်သာထိုင်၍ စောင့်ဆိုင်းနေသည်။
လတစ်ဝက်ကြာသည်အထိ သူတော်စင်ဧကရာဇ်မှာ ပြန်ရောက်မလာသေးပေ။ ထိုအချိန်တွင် ထာဝရအင်မော်တယ်နယ်မြေများအားလုံးအပေါ် အကျိုးသက်ရောက်မှုရှိသွားသည့် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပေသည်။ ခံစားချက်ကြီးတစ်ခုမှာ သက်ရှိများအားလုံးပေါ်သို့ အထက်ကောင်းကင်ယံမှအလား ဆင်းသက်လာသည်။ ထို့အပြင် အသက်ရှိနေသမျှ လူတိုင်း၏ နားထဲတွင် တီးတိုးသံတစ်သံကို ကြားလိုက်ရသည်။
မိစ္တာဧကရာဇ်မင်းဆက်နှင့် သူတော်စင်ဧကရာဇ်မင်းဆက်တို့မှာ ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ခဲ့သည့် အချိန်ကအတိုင်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
သို့သော် ယခုအကြိမ်တွင် ၎င်း၏ မူလရင်းမြစ်မှာ သူတော်စင်ဧကရာဇ်မြို့တော်မဟုတ်ပဲ ... မိစ္ဆာဧကရာဇ်မြို့တော်မှ ဖြစ်သည်။
" တစ်ယောက်ယောက်က ... ကောင်းကင်ဧကရာဇ်အဆင့် ရောက်သွားတာပဲ "
" မင်းမေဘ ... တစ်နှစ်ထဲနဲ့ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအသစ်နှစ်ယောက် ပေါ်လာတာပါလား "
သူတော်စင်ဧကရာဇ်မြို့တော်ထဲရှိ ကျင့်ကြံသူများမှာ ဖြစ်ပျက်နေသည့် အချင်းအရာများကို အကဲခတ်မိသွားသောအခါ တအံ့တသြအော်ဟစ်မြည်တမ်းကာ မိစ္ဆာဧကရာဇ်မြို့တော်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ဂူထျန်ကျွင်း၊ စီမာယွမ်ဟာနှင့် ချိန်စုတို့အားလုံးမှာ သူတို့၏ ကိုယ်ပိုင်မြင့်မြတ်ေသာ နယ်မြေအသီးသီးထဲတွင် တရားထိုင်နေခဲ့ကြသည်။ သို့သော် ယခုတွင်မူ သူတို့မှာ အံ့သြမှင်တက်သွားကြပြီး မျက်လုံးများပြူးနေကြပြီဖြစ်သည်။
ပိုင်ရှောင်ချန်းမှာလည်း အသံတစ်သံကိုကြားလိုက်ရသဖြင့် တရားထိုင်နေရာမှ ရပ်တန့်လိုက်သည်။ ထာဝရအင်မော်တယ်နယ်မြေအားလုံး တုန်ရီနေသည်ကိုလည်း သူ ခံစားမိလိုက်သည်။ အဆုံးသတ်တွင် ဤကမ္ဘာပေါ်ရှိ သက်ရှိများအားလုံး၏ နားထဲတွင် ပေါ်နေသည့်အသံကြီးမှာ ရှင်းလင်းပြတ်သားလာတော့သည်။
" ဒီကမ္ဘာထဲမှာ ဆယ့်နှစ်ယောက်မြောက် ကောင်းကင်ဧကရာဇ် ပေါ်လာပြီ။ သူ့နာမည်က... ကောင်းကင်တံတားတာအိုပဲ "
သူတော်စင်ဧကရာဇ်မင်းဆက်မှ လူများ တုန်လှုပ်သွားကြပြီး အံ့သြမှင်တက်ကုန်ကြသည်။ မိစ္ဆာဧကရာဇ်မင်းဆက်မှာမူ ဝမ်းမြောက်ပျော်ရွှင်နေသည့်အသံများနှင့်အတူ ဆူညံပွက်လောရိုက်သွားတော့သည်။
" နောက် ... နောက်ထပ် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ပါလား “
" ကောင်းကင်တံတားတာအို ဟုတ်လား။ အဲဒီနာမည်ကို ... ရင်းနှီးနေပါတယ်။ အဲဒါ ကောင်းကင်တံတားနယ်မြေက တစ်ယောက်မလား။ ဒါပေမဲ့ ငါက သူသေသွားပြီထင်နေတာ "
" ကောင်းကင်တံတားနယ်မြေ ... တစ်နှစ်ထဲမှ လအနည်းငယ်ပဲခြားပြီး အဲဒီနယ်မြေက ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ယောက် ပေါ်ထွက်လာတာပဲ။ သူတို့ စုဆောင်းထားတဲ့ လျှို့ဝှက်စွမ်းအားတွေက ကြောက်ဖို့ကောင်းလှပါလား။ သူတို့နှစ်ယောက် အချင်းချင်း သင့်မြတ်မှုမရှိတာ တော်သေးတယ် "
ကမ္ဘာကြီးထဲတွင် ထိုသို့သော စကားသံများနှင့် ဆူညံနေစဥ် ပိုင်ရှောင်ချန်းမှာ မျက်နှာထားတင်းမာနေပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည့် အမူအရာဖြင့် ဖြေးညင်းစွာ မတ်တတ်ထရပ်လိုက်သည်။
သူသည် နီမြန်းနေသော မျက်ဝန်းကြီးများဖြင့် အဝေးသို့လှမ်းကြည့်နေပြီး အချိန်အနည်းငယ်ကြာမှသာ သူ၏သတ်ဖြတ်လိုစိတ်များကို ပြန်လည်ထိန်းချုပ်နိုင်လိုက်သည်။
" မျိုးမစစ်ကြီး ကောင်းကင်တံတား "
သူက အံကြိတ်၍ ကြိမ်းဝါးလိုက်သည်။
" ခင်ဗျားကြီး မသေသေးတာ အမှန်ပဲကိုး "
ရုတ်တရက် သူသည် ကောင်းကင်တံတားနယ်မြေမှ အရာအားလုံးကို ပြန်၍အမှတ်ရသွားတော့သည်။ သူသည် အရေးပါသော နောက်ဆုံးတိုက်ပွဲကြီးအကြောင်းကို ပြန်၍ သတိရသွားသည်။ ပိုင်ဟောက်ကို ပြန်၍ သတိရသွားသည်။ တုလင်ဖေးကို ပြန်၍ သတိရသွားသည်။ အခြားသော နာကျည်းစရာ ပုံရိပ်များကိုလည်း ပြန်၍ သတိရသွားတော့သည်။
ကောင်းကင်တံတားတာအိုမှာ မသေဆုံးသေးပေ။
ကောင်းကင်တံတားနယ်မြေ ပြိုကွဲသွားခဲ့စဥ်က သူ၏ ကျင့်ကြံခြင်းအခြေခံသည် နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်တွင် ရှိနေခဲ့သည်။ သို့သော် သူသည် ရင်သပ်ရှုမောဖွယ်ကောင်းသော အရည်အချင်းများကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူသည် ထာဝရအသက်ရှည်နည်းအတတ်ကို နက်နက်နဲနဲ နားလည်ထားသဖြင့် သူ့တာအိုသစ်စေ့၏ တစ်စိတ်တစ်ပိုင်းခန့်ကို ဖန်တီးထားပြီး ဖြစ်နေခဲ့သည်။
ပိုင်ရှောင်ချန်းမှာ ထိုအချက်ကို သတိထားမိခဲ့သည်။ သူတို့၏နောက်ဆုံးတိုက်ပွဲ၏အဆုံးတွင် ကောင်းကင်တံတားတာအို၏ ခန္ဓာကိုယ် ပျက်စီးသွားသောအခါ တာအိုသစ်စေ့ဖြစ်သော မှော်သင်္ကေတ အစုအဝေးတစ်ခုကို သူ မြင်တွေ့ခဲ့ရသည်။
ပုံမှန်ဆိုလျှင် ကမ္ဘာကြီးပျက်စီးသွားပြီးနောက် ကောင်းကင်တံတားတာအိုမှာလည်း အသက်ဆုံးရှုံးနိုင်လောက်အောင် ပြင်းထန်သည့်ဒဏ်ရာတစ်ခု ရသွားခဲ့သည်ဖြစ်ရာ သူ့ထံတွင် တာအိုသစ်စေ့ တစ်စိတ်တစ်ပိုင်းရှိနေလျှင်တောင် ထူးမည်မဟုတ်ပေ။ သူသည် ထိုအချိန်ထဲက ပျက်သုဥ်းသွားခဲ့ရမည်သာ ဖြစ်သည်။ သို့သော် သူသည် မိစ္တာဧကရာဇ်မင်းဆက်၏ လက်အောက်တွင်ရှိသော အင်မော်တယ်နယ်မြေတစ်ခုထဲသို့ တည်နေရာရွှေ့ပြောင်းခံခဲ့ရသည်။ ထို့အပြင် သူ၏တာအိုသစ်စေ့မှ အငွေ့အသက်များကို ပထမဆုံး အာရုံခံမိခဲ့သူမှာ မိစ္ဆာဧကရာဇ်ပင် ဖြစ်သည်။
မိစ္ဆာဧကရာဇ်သည် အခြားသော ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံသူများ ထံမှပင် လျှို့ဝှက်ထား၍ သူ့အား သူ၏လက်အောက်သို့ ခေါ်သွင်းခဲ့သည်။ မိစ္ဆာဧကရာဇ်၏ အမြင်တွင် ကောင်းကင်တံတားတာအိုမှာ သူ၏လက်အောက်တွင် ထားရှိရန် ထိုက်တန်သည့် ရှားပါးရတနာတစ်ပါးဟု သတ်မှတ်ထားသည်။
ပိုင်ရှောင်ချန်း အဆင့်တက်ခဲ့စဥ်က ကောင်းကင်တံတားတာအိုသည်လည်း အဆင့်တက်နိုင်ရန် ကြိုးစားနေခဲ့သည်ဖြစ်ပြီး ပိုင်ရှောင်ချန်း၏အဆင့်တက်မှုကိုပင် အာရုံခံမိခဲ့သည်။ ကောင်းကင်တံတားတာအိုအတွက်မူ နတ်ဘုရားတစ်ပိုင်းအဆင့်မှ ကောင်းကင်ဧကရာဇ်အဆင့်သို့ ဖောက်ထွက်ရသည်မှာ အလွန်တရာ ခဲယဥ်းလှပေသည်။ သူသည် တတိယမြောက်ပြစ်ဒဏ်ထဲတွင် ရပ်တန့်နေခဲ့ရပြီး ထာဝရမယ်တော်၏ ထောက်ခံချက်ကို ရယူရာတွင် အကြိမ်ကြိမ် ကျရှုံးခဲ့ရသည်။
သို့သော် တစ်ခေါက်တွင် မိစ္ဆာဧကရာဇ်သည် သူ့အား အနက်ရောင် ကျောက်တုံးတစ်တုံး ပေးအပ်လိုက်သည်။ ထိုကျောက်တုံးမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် ကောင်းကင်တံတားတာအိုက သူ့ကိုယ်သူ ကျရှုံးပြီဟု ယုံကြည်နေချိန်တွင် သူ လိုအပ်နေသည့်အရာကို ပေးစွမ်းခဲ့သည်။
ထို့ကြောင့် ကောင်းကင်တံတားတာအိုမှာ အဆင့်တက်နိုင်ခဲ့ပြီး ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်သွားသောအခါ မိစ္ဆာဧကရာဇ်မင်းဆက်မှလူများမှာ သူရှိနေကြောင်း သတိထားမိသွားတော့သည်။
သူတို့နားထဲတွင် ကြားနေရသော ထာဝရမယ်တော်၏ စကားသံကြောင့် မင်းဆက်နှစ်ခုစလုံး အံ့အားသင့်သွားကြတော့သည်။
အံ့အားအသင့်ဆုံးဖြစ်နေသည့်လူများမှာမူ ထာဝရအင်မော်တယ်နယ်မြေများ၏ ကျန်နေရာများတွင် ပျံ့နှံ့နေကြသည့် ကောင်းကင်တံတားနယ်မြေမှ လူများပင်ဖြစ်သည်။
သူတို့၏ စိတ်နှလုံးထဲတွင် ခံစားချက်ပေါင်းစုံ ရောယှက်နေတော့သည်။
မိစ္တာဧကရာဇ်မြို့တော်ထဲရှိ သီးသန့်အခန်းတစ်ခန်းထဲတွင် ကောင်းကင်တံတားတာအိုမှာ မျက်လုံးများပွင့်လာပြီး ခေါင်းကိုနောက်ပစ်၍ အရူးတစ်ယောက်အလား ရယ်မောလိုက်သည်။ သူသည် မတ်တတ်ထရပ်လိုက်ပြီး ထူးခြားသော စိတ်ခံစားချက်ပေါင်းစုံ ထင်ဟပ်နေသည့် မျက်ဝန်းများဖြင့် သူတော်စင်ဧကရာဇ်မြို့တော်ဘက်သို့ ဖြေးညင်းစွာလှမ်းကြည့်လိုက်သည်။
သူနှင့် ပိုင်ရှောင်ချန်းတို့အကြား ကမ္ဘာကြီးတစ်ခု ခြားနေပါသော်လည်း မည်သည့်အကြောင်းကြောင့်မသိ တစ်ယောက်နှင့်တစ်ယောက် အာရုံခံနေနိုင်သဖြင့် နှစ်ယောက်စလုံး၏ မျက်ဝန်းများထဲတွင် ရေခဲတမျှအေးစက်နေသည့် အလင်းရောင်များ၊ သတ်ဖြတ်လိုစိတ်များ တောက်ပလာတော့သည်။
" ပိုင်ရှောင်ချန်း ... မင်းငါ့ထက် နည်းနည်းပိုမြန်သွားပေမဲ့ နောက်ဆုံးကျတော့ ဘာမှထူးခြားသွားတာ မဟုတ်ဘူးကွ "
သူသည် လက်ကိုဝှေ့ယမ်းလိုက်သောအခါ သူ၏မျက်နှာကိုဖုံးအုပ်နေသည့် ခေါင်းစွပ်တစ်ခုပါသော အနက်ရောင်ဝတ်ရုံတစ်ခု သူ၏ပခုံးပေါ်သို့ ရောက်လာတော့သည်။
" ထာဝရမယ်တော်က ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအသစ်တွေအကြောင်းကို ကြေငြာတာ သိပ်ကောင်းတာပဲ။ ငါ့ကိုသိတဲ့လူတိုင်း ငါပြန်ရောက်လာပြီဆိုတာ သိသွားကြတာပေါ့ကွာ... "
သူသည် သူတော်စင်ဧကရာဇ်မြို့တော်မှ အကြည့်လွှဲလိုက်ပြီး အမှောင်ထုထဲသို့ ဝင်ရောက်ပျောင်ကွယ်သွားတော့သည်။
ထိုအချိန်တွင် သူတော်စင်မြို့တော်ထဲရှိ ပိုင်ရှောင်ချန်းသည်လည်း သူ၏အကြည့်ကိုပြန်လည် ရုတ်သိမ်းလိုက်သည်။
" ခင်ဗျားကြီး အသက်ရှင်နေသေးတယ်ဆိုတော့ ကျုပ်က ခင်ဗျားကိုထပ်ပြီးသတ်လို့ရသေးတာပေါ့ "
သူသည် မျက်လုံးပြန်မှိတ်လိုက်ပြီး တင်ပျဥ်ခွေပြန်ထိုင်ကာ တရားဆက်မှတ်နေလိုက်သည်။
အချိန်များ ကုန်ဆုံးသွားသည်။ ဆယ်ရက်အကြာတွင် သူတော်စင်ဧကရာဇ် ပြန်ရောက်လာခဲ့သည်။ သူ၏လက်ဝယ်တွင် ပိုင်ဆိုင်မှုအသစ်များ ပါလာသလား၊ မပါလာသလားကို မည်သူမှမသိပေ။ ထို့အပြင် သူသည် ညီလာခံလည်းမခေါ်ပေ။ ရက်အနည်းငယ်ကြာပြီးနောက်တွင် သူသည် တစ်ခုတည်းသော ဓမ္မအမိန့်တော်ကို ထုတ်ပြန်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ သူတော်စင်ဧကရာဇ်မင်းဆက်ရှိ ဒုတိယအင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ်အစောင့်အရှောက်တစ်ယောက်အဖြစ် ဘွဲ့ထူးအပ်နှင်းခံလိုက်ရသည်။ သူသည် ထိုအင်မော်တယ်နယ်မြေတစ်ခုလုံးကို အုပ်ချုပ်နိုင်တော့မည်ဖြစ်သည်။
အမှန်တွင် သူတော်စင်ဧကရာဇ်သည် ထိုအင်မော်တယ်နယ်မြေ၏ တစ်ခုလုံးကိုမဟုတ်ပဲ အများစုကိုသာ ပိုင်ဆိုင်ထားသည်။ ၎င်း၏ မြောက်ပိုင်း စီရင်စုနယ်မြေများကို မိစ္ဆာဧကရာဇ်မင်းဆင်က သိမ်းပိုက်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ ထိုအခြေအနေသို့ ရောက်ခဲ့ရသည်မှာ ကုန်းစွန်းဝမ်အာကို လက်လွှဲပေးခဲ့ရစဥ်က သူတော်စင်ဧကရာဇ်တစ်ယောက် စီရင်စုနယ်မြေ အမြောက်အမြားကို ရရှိခဲ့သည့် အခြေအနေနှင့် အလားတူပင်။ ထို့ကြောင့် သူတော်စင်ဧကရာဇ်မင်းဆက်က ထိုအင်မော်တယ်နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပါသော်လည်း မိစ္ဆာဧကရာဇ်မင်းဆက်က ထိုနယ်မြေတွင် ခြေကုပ်ယူနိုင်ထားဆဲပင်။
ထိုအင်မော်တယ်နယ်မြေမှာ မိစ္တာဧကရာဇ်မင်းဆက်ကို အဆက်မပြတ် သတိထား၍ စောင့်ကြည့်နေရသည်။ ထို့အပြင် ၎င်း၏နယ်စပ်တွင် အသေးစားစစ်ပွဲလေးများလည်း အဆက်မပြတ် ဖြစ်ပွားလေ့ရှိသည်။ ထိုနယ်မြေတွင် ကောင်းကင်ဧကရာဇ် အစောင့်အရှောက်အဖြစ် တာဝန်ကျသူမှာ ထိုကဲ့သို့ စစ်မှုရေးရာများကို တာဝန်ယူရသည်။ နှစ်ပေါင်းများစွာတိုင်အောင် ထိုရာထူးကို ရယူထားခဲ့သူမှာ အရည်အချင်းအပြည့်အဝဆုံးသော ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် သက်တော်ရှည်ဝိညာဥ် ဟူသော တာအိုနာမည်ကို ပိုင်ဆိုင်ထားသော ကျောက်ယွမ်ဟန် ဆိုသူပင်ဖြစ်သည်။
ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ ဒုတိယ အင်မော်တယ်နယ်မြေတွင် နှစ်ပေါင်းများစွာတိုင်အောင် တာဝန်ကျနေခဲ့သည်ဖြစ်ပြီး အခြားကောင်းကင်ဧကရာဇ်တစ်ယောက်တစ်လေကိုပင် ရာထူးမလွှဲပြောင်းပေးရသေးပေ။ ယခု ထုတ်ပြန်ခဲ့သည့် ဓမ္မအမိန့်တော်မှာလည်း သူ၏တာဝန်များကို ရုတ်သိမ်းလိုက်ခြင်းမဟုတ်ပေ။ သူနှင့် ပိုင်ရှောင်ချန်းတို့ နှစ်ယောက်စလုံးမှာ တချိန်ထဲတွင် ကောင်းကင်ဧကရာဇ် အစောင့်အရှောင်များအဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
ထို့ကြောင့် ဤရာထူးခန့်အပ်ခြင်း၏ အကြောင်းအရင်းအစစ်အမှန်ကို ပိုင်ရှောင်ချန်းက ရှင်းရှင်းလင်းလင်း သိနားလည်လိုက်ပေသည်။
ဤအမိန့်တော်မှာ သူ့အား မည်သည့်အာဏာ၊ မည်သည့်လုပ်ပိုင်ခွင့်မှ အမှန်တကယ် မပေးပဲ ဒုတိယအင်မော်တယ်နယ်မြေသို့ စေလွှတ်လိုက်ခြင်းသာဖြစ်သည်။ သူသည် ကျင့်ကြံခြင်းရင်းမြစ်ပစ္စည်းများ ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး မြင့်မားသော ရာထူးတစ်ခုကို ရရှိထားမည်ဖြစ်ပါသော်လည်း လုပ်ပိုင်ခွင့်အာဏာအစစ်ကိုမူ ရရှိမည် မဟုတ်ပေ။
" ငါ့ကို အင်မော်တယ်နယ်မြေတစ်ခုကို ကာကွယ်ဖို့တာဝန်ကျတဲ့ ပုံစံလုပ်ထားပေမဲ့ တကယ်တမ်းက ငါ့ကိုအလုပ်ရှုပ်အောင် သက်သက်လုပ်လိုက်တာပဲ... "
သူက ဒေါသထွက်မနေပေ။ ဤအချင်းအရာမှာ ကောင်းမွန်သည်ဟူ၍ပင် ဆိုနိုင်သည်။ သရဲကြီးဘုရင်သည် ဒုတိယအင်မော်တယ်နယ်မြေထဲတွင် ရှိနေသည်ဖြစ်ပြီး သူတို့နှစ်ယောက် မတွေ့ရသည်မှာ အချိန်အတော်အတန် ကြာမြင့်နေပြီမဟုတ်ပါလော။
သူသည် ယပ်တောင်အစုတ်ကြီးကို ဆက်သွယ်ချင်စိတ်များ ပေါက်နေဆဲဖြစ်သော်လည်း သတိကြီးသည့်လူစားဖြစ်သည့်အလျောက် မဆက်သွယ်မိစေရန် သူ့ကိုယ်သူ ထိန်းချုက်လိုက်သည်။ ထိုသို့ ဆက်သွယ်ရန် မကြိုးစားမီ အနည်းဆုံးတော့ သူတော်စင်ဧကရာဇ်မြို့တော်၏ အဝေးသို့ ရောက်နေရန် လိုအပ်ပေသည်။
ထို့ကြောင့် သူသည် အထုတ်အပိုးများပြင်၍ နှုတ်ဆက်ပွဲကျင်းပမနေဘဲ နောက်နေ့ရောင်နီပျိုးချိန်တွင် တောက်ပသော အလင်းတန်းတစ်တန်းအသွင်ဖြင့် လေကိုခွင်း၍ ထွက်ခွာသွားတော့သည်။
သူထွက်ခွာသွားခြင်းကြောင့် သူတော်စင်ဧကရာဇ်မြို့တော်ထဲတွင် စိတ်အေးသက်သာရသွားသည့် သက်ပြင်းချသံများစွာ ပေါ်ထွက်လာတော့သည်။ လင်ကွင်းများ၊ ဗုံများမပါကြသော်လည်း ပျော်ရွှင်ဝမ်းမြောက်စွာ ရယ်မောသံများနှင့် ဆူညံနေဆဲပင်။
" ခြေထောက်ပေါက်နေတဲ့ ကပ်ဘေးကြီး ထွက်သွားပြီဟေ့ "
" ဟားဟားဟား။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ကတော့ ခေါင်းခဲတော့မှာပဲ "
" နှမြောစရာကွာ … ကောင်းကင်ဧကရာဇ်ဘုရင်မှာလည်း အားသာချက်တွေ ရှိပါတယ်။ သူ့ကို မိစ္ဆာဧကရာဇ်မြို့တော်ဆီကို ပို့လို့မရတာ ဆိုးတာပဲ။ သူသာ အခွင့်ကြုံလို့ကတော့ အဲဒီမြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်နိုင်မယ်လို့ ငါလောင်းရဲတယ် "