← Chapters

သော့

Vol. 11 Ch. 1099

သော့

Vol. 11 Ch. 1099

သူတော်စင်ဧကရာဇ်မြို့တော်၏ အဝေးတစ်နေရာတွင် ပိုင်ရှောင်ချန်းမှာ လေထဲပျံဝဲ၍ နောက်ကို လှည့်ကြည့်နေသည်။ သူ၏ကျင့်ကြံခြင်းအဆင့်ကြောင့် သူ၏နောက်ဘက်တွင် ကျန်ရစ်ခဲ့သည့် အောင်ပွဲခံနေကြသံများကို ရှင်းရှင်းလင်းလင်းကြီး မဟုတ်သော်လည်း ကြားနေရသေးသည်။

" ဒီလိုမျိုး မခံစားရတာတောင် တော်တော်ကြာခဲ့ပြီပဲ "

သူသည် ချောင်းပင် အနည်းငယ်ဟန့်လိုက်ရသည်။ ဖြစ်ပျက်နေသည့်အချင်းအရာကို အမှန်အတိုင်း သူက သိထားပြီး ၎င်းမှာ ရှက်စရာကောင်းလှသည် မဟုတ်ပါလော။ သို့သော် သူသည် ထိုသို့ အရှက်ရမှုကြီးကို ကျင့်သားရနေပြီ ဖြစ်သည်။

" ဒါ ငါ အပြစ်တွေပါပဲ "

သူသည် စိတ်နှလုံးထဲတွင် သက်ပြင်းများ အကြီးအကျယ်ချနေတော့သည်။ သူ၏ ဘဝတွင် မည်သည့်အရာကိုလုပ်သည်ဖြစ်စေ ထူးချွန်ပေါက်မြောက်သွားတတ်သည်ကို သူ မေ့ပျောက်နေခဲ့သည်မှာ ကြာမြင့်လှပြီ မဟုတ်ပါလော။

" တခြား ဘယ်လိုရှင်းပြရဦးမှာလဲကွာ။ ငါက အချိန်နည်းနည်းလောက် နေလိုက်ပြီဆိုတာနဲ့ လူတွေက အမြဲတမ်း စိတ်ထိခိုက်လွယ်လာကြတာကို "

" ဟူတောင်၊ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၊ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ အဏ္ဏဝါခေါ်သံဂိုဏ်း၊ ရှင်းကုံကျစ်တာအိုဂိုဏ်း၊ မြေရိုင်းဒေသနဲ့ ... အခု ထာဝရအင်မော်တယ်နယ်မြေတွေထဲက လူတွေကပါ ငါ့ရဲ့ ထူးချွန်ပြောင်မြောက်မှုကို သိကုန်ကြပြီ "

သူသည် အင်္ကျီလက်ကို ဝှေ့ယမ်း၍ သူ့လမ်းသူ ဆက်သွားလိုက်တော့သည်။

" အာ... ဘာပဲ ဖြစ်ဖြစ်… အခုငါက ဒုတိယအင်မော်တယ် နယ်မြေဆီကိုသွားရမှာဆိုတော့ သိုသိုသိပ်သိပ် နေမှရမယ် "

သူသည် လမ်းတစ်လျှောက်တွင် သူတော်စင်ဧကရာဇ်၏ အမိန့်တော်အကြောင်းကို တွေးတောနေခဲ့ပြီး မည်သည့်ရှုထောင့်မှ တွေးကြည့်သည်ဖြစ်စေ အပြင်သို့ ရက်ရက်စက်စက် နှင်ထုတ်ခံလိုက်ရသည့်ပုံသာ ပေါ်နေသည်။

" ငါ့ရဲ့ တမူထူးခြားတဲ့ အရည်အချင်းတွေကို ဒုတိယအင်မော်တယ်နယ်မြေမှာရှိတဲ့ လူတွေကို ထုတ်ပြလိုက်မယ်ဆိုရင်လည်း သူတော်စင်ဧကရာဇ်က ငါ့ကို နှိပ်ကွပ်ဖို့ တစ်ခြားတစ်နည်းနည်း ရှာကြံဦးမှာပဲ "

သူသည် သူရောက်ရှိနေသော အခြေအနေကို နားလည်သဘောပေါက်စ ပြုလာသည်။

" ဒုတိယအင်မော်တယ်နယ်မြေမှာက ခေါင်းဆောင်နေတဲ့ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ရှိပြီးသား။ ငါသာ အဲဒီကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူနဲ့ ပြဿနာတက်မယ်ဆိုရင် ... သူတော်စင်ဧကရာဇ်က ငါ့ဘက်မှာ နေမှာမဟုတ်တာ အသေအချာပဲ "

ထိုသို့ အဆင့်ဆင့်တွေးတောလိုက်ပြီးနောက် သူသည် သိုသိုသိပ်သိပ်နေရန်လိုအပ်ကြောင်း ယခင်ကထက်ပင် ပို၍နားလည်သွားတော့သည်။

" ဩချရလောက်အောင် ထူးချွန်းနေတာကလည်း ကောင်းတဲ့အရာတော့ မဟုတ်ဘူးကွ။ ကြည့်ရတာ ဟို ရှေးဆိုရိုးစကားအတိုင်းပဲ။ ဘာတဲ့ ... ' အပင်မြင့်လေ လေတိုက်လေ ' ဆိုလားပဲ။ "

သူက ယပ်တောင်စုတ်ကြီးထဲတွင် သူ့အား လူတိုင်းက ပစ်မှတ်ထားခဲ့ကြသည့် ဖြစ်ရပ်ကို ပြန်တွေးမိသွားသဖြင့် သူ၏စိတ်နှလုံးထဲရှိ နာကျည်းမှုများမှာ ပို၍ကြီးထွားလာရသည်။ သို့သော် သူသည် သူ့ကိုယ်သူ မနည်းချုပ်တည်း၍ သူ့လမ်းသူဆက်လျှောက်လိုက်တော့သည်။

လတစ်ဝက်ဆိုသောအချိန်မှာ လျင်မြန်စွာကုန်ဆုံးသွား၏။ ပိုင်ရှောင်ချန်းမှာ အရေးကြီးနေသည် မဟုတ်သဖြင့် ပုံမှန်အမြန်နှုန်းနှင့်သာသွား၍ ရှုခင်းအလှအပများကို ခံစားနေသည်။ သူ၏ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံကြောင့် ထာဝရအင်မော်တယ်နယ်မြေများထဲတွင် သူ့အားအန္တရာယ်ပြုနိုင်မည့်အရာ များများစားစား မရှိပေ။

သူ့အား သတ်ဖို့ ကြိုးစားမည့်လူများ ပေါ်ထွက်လာမည်ကိုလည်း သူက တွေးပူမနေပေ။ သူ့အား သတ်နိုင်စွမ်းရှိသော သူများမှာ လက်ချောင်းအနည်းငယ်နှင့်ပင် ရေတွက်၍ရနိုင်သည် မဟုတ်ပါလော။ နောက်ထပ် ခုနစ်ရက်တိတိ ကုန်ဆုံးသွားပြီးနောက် အဆုံးတွင် သူသည် ဒုတိယအင်မော်တယ်နယ်မြေထဲသို့ ရောက်ရှိသွားတော့သည်။

ထိုအချိန်တွင် သူသည် ယပ်တောင်စုတ်ကြီးအကြောင်းကို မစဥ်းစားပဲ မနေနိုင်လောက်အောင် ဖြစ်လာတော့သည်။ ထိုယပ်တောင်ကြီးနှင့် ဆက်သွယ်ရန်ကြိုးစားပါက ကြုံတွေ့နိုင်မည့် အန္တရာယ်မှာ အနည်းဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူက သုံးသပ်ထားသဖြင့် ပို၍ပင် ဆိုးဝါးနေတော့သည်။

ထို့အပြင် ထိုယပ်တောင်ကို လျစ်လျူရှုထားသည့်အတွက် ၎င်းကိုဆုံးရှုံးသွားရမည်ဆိုပါက လုံးဝ လက်သင့်ခံနိုင်စရာမရှိသည့် အရာတစ်ခု ဖြစ်သွားမည်မဟုတ်လော။

" ငါ မစောင့်နိုင်တော့ဘူး "

သူက တွေးလိုက်သည်။ ထို့နောက် သူသည် ဆုံးဖြတ်ချက်ချလိုက်ပြီး သုံးရက်တိတိ ထပ်စောင့်ဆိုင်းကာ အံကြိတ်၍ သူနှင့် ယပ်တောင်ကြီးအကြားရှိ ထူးဆန်းသော ချိတ်ဆက်မှုတစ်ခုကို အသုံးပြုကာ ၎င်းအား လှမ်း၍ဆက်သွယ်လိုက်သည်။

ပထမတွင် သူသည် စိုးရိမ်ထိတ်လန့်မှုများကြောင့် ဂနာမငြိမ်ဖြစ်နေရပါသော်လည်း တဒင်္ဂအကြာတွင် သူ၏အမူအရာမှာ လှစ်ခနဲပြောင်းလဲသွား၏။ သူသည် အကြိမ်အနည်းငယ် ထပ်မံ ကြိုးစားကြည့်လိုက်ပြီးနောက် ပျာယာခတ်စပြုလာတော့သည်။

" ဘာလို့ တုံ့ပြန်မှုတစ်ခုတောင် မရှိရတာလဲ။ မဟုတ်မှလွဲရော အဲဒီယပ်တောင်က အဝေးကြီးကို ပျံထွက်သွားတာများလား။ ဒါမှမဟုတ် ဧကရာဇ်တစ်ပါးပါးကများ ခိုးယူသွားတာလား။ တောက် … ငါ့မှာတော့ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားပြီးတော့ အဲဒီယပ်တောင်ကို သိမ်းပိုက်ပြီး ဘေးကင်းအောင် ထားခဲ့ရတာကွ "

သူသည် လက်မလျှော့လိုသေးသဖြင့် အကြိမ်အနည်းငယ်ထပ်၍ ကြိုးစားကြည့်လိုက်သေးသည်။ သူသည် နေစဥ်နေ့တိုင်း ယပ်တောင်စုတ်ကြီးနှင့် ဆက်သွယ်နိုင်ရန် အချိန်ပေးကာ ကြိုးစားနေခဲ့သဖြင့် သာမန်ဆိုလျှင် လတစ်ဝက်လောက်သာ ကြာရမည့်ခရီးမှာ တစ်လတိတိကြာမြင့်သွားတော့သည်။

ကံကောင်းသည်မှာ သူ၏လုပ်ရပ်များက အချည်းနှီး မဖြစ်ခဲ့ပေ။ ဆယ်ရက်မြောက်နေ့တွင် ထိုယပ်တောင်ကြီးမှာ အလွန်ဝေးကွာသောနေရာတစ်ခုသို့ ရောက်နေသည်မှာ သေချာသော်လည်း သူနှင့် ၎င်း၏ကြားတွင် လှုပ်ရှားနေသည့် တစ်စုံတစ်ရာရှိနေကြောင်း သိလိုက်ရသဖြင့် ဝမ်းမြောက်ပျော်ရွှင်သွားတော့သည်။

" ငါ အရမ်းကြီး နောက်မကျသေးဘူးပဲ "

သူသည် စိတ်တက်ကြွစွာဖြင့် နတ်ဘုရားအာရုံများကို ထပ်မံအသုံးပြုပြီး တုံ့ပြန်မှုတစ်ခုရရှိရန် အချိန်ပိုပေး၍ ကြိုးစားနေတော့သည်။ ထိုသို့ ကြိုးစားနေရင်း ဒုတိယအင်မော်တယ်နယ်မြေ၏ မြို့တော်အနီးသို့ တဖြည်းဖြည်း ရောက်ရှိလာတော့သည်။

သူသည် အဆုံးအစမဲ့လောက်အောင် များပြားလှသော မိုးထိုးနေသည့်တောင်တန်းကြီးများ၊ မရေမတွက်နိုင်လောက်သော မြစ်များကို မြင်တွေ့ခဲ့ရသည်။ သားရဲ တိရစ္ဆာအရိုင်းကောင်များ၊ ဂိုဏ်းများနှင့် မြို့ပေါင်းများစွာကိုလည်း တွေ့ခဲ့ရသည်။ သူ့အတွက်မူ ခြုံထည်ကြီးတစ်ခုကွာကျသွားပြီး ထာဝရအင်မော်တယ်နယ်မြေများ၏ အသေးစိတ်အချက်အလက်အားလုံးကို မြင်လိုက်ရသည့်အလားပင်။

သူ ယခင်က သိထားသကဲ့သို့ပင် ဒုတိယအင်မော်တယ်နယ်မြေကို မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ ပိုင်းခြားထားသည်။ သူတော်စင်ဧကရာဇ်မင်းဆက်နှင့် အနီးစပ်ဆုံးအပိုင်းမှာ တောင်ပိုင်းဖြစ်သည်။

ထိုအင်မော်တယ်နယ်မြေတစ်ခုလုံးတွင် စီရင်စုနယ်မြေ တစ်ဆယ့်ခြောက်ခုရှိပြီး သူတော်စင်ဧကရာဇ်မင်းဆက်က ဆယ့်တစ်ခုတိတိ ပိုင်ဆိုင်ထားသည်။ အခြား စီရင်စုနယ်မြေငါးခုမှာ မြောက်ပိုင်းတွင်ရှိပြီး လူဦးရေနည်းပါးကာ အခြားစီရင်စုနယ်မြေများဆီမှ ဓားဖြင့် လှီးထုတ်ခံထားရသည့်အလား ကွာခြားနေသည်။ ထိုစီရင်စုနယ်မြေငါးခုမှာ မိစ္တာဧကရာဇ်မင်းဆက်၏ ပိုင်နက်များဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် အငြင်းပွားဖွယ် နယ်မြေများဟု သတ်မှတ်ထားကြသည်။

မြောက်ပိုင်းတွင် စီရင်စုနယ်မြေ ငါးခုရှိပြီး တောင်ပိုင်းတွင် တစ်ဆယ့်တစ်ခု ရှိသည်။

စီရင်စုနယ်မြေတိုင်းမှာ မတူညီသော မြေမျက်နှာသွင်ပြင်နှင့် မြေပြင်အခြေအနေများကို အသီးသီးပိုင်ဆိုင်ထားကြပါသော်လည်း ယခုတွင်မူ ပိုင်ရှောင်ချန်းမှာ ရှုခင်းအလှအပများကို ကြည့်ရှုခံစားလိုစိတ် ရှိမနေပေ။ သူသည် အလောတကော သွားနေသည့်ပုံ ပေါ်နေပါသော်လည်း အမှန်မှာ သူ၏အာရုံအားလုံးနီးပါးကို ယပ်တောင်စုတ်ကြီးပေါ်တွင် စိုက်ထားသည်သာဖြစ်သည်။ ကြိမ်ဖန်များစွာ ဆက်တိုက်ကြိုးစားပြီးနောက် မြို့တော်နှင့် သုံးရက်တာခရီးလောက်သာ ကွာဝေးတော့သည့် အချိန်တွင် သူ ယပ်တောင်ကြီးပေါ်တွင် ချန်ရစ်ခဲ့သည့် နတ်ဘုရားအာရုံ အပိုင်းအစတစ်ခုနှင့် တိုက်ရိုက်ချိတ်ဆက်သွားနိုင်တော့သည်။

ထိုသို့ ချိတ်ဆက်လိုက်မိသည်နှင့် သူ၏အသိစိတ်ကို မိုးကြိုးများပစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ပျံသန်းနေခြင်းကို ရပ်တန့်လိုက်ပြီးနောက် အသက်ရှူသံများ မြန်ဆန်လာပြီး ရုတ်တရက် အာရုံတစ်ခု ရလိုက်လေသည်။

သူသည် လုံးဝမှောင်မည်းနေပြီး အဆုံးမဲ့လောက်အောင် ကျယ်ပြောလှသည့် ကြယ်တာရာများစုံလင်နေသော ကောင်းကင်ကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။

ဧရာမယပ်တောင်စုတ်ကြီးမှာ ထို ကောင်းကင်ယံတွင် ဖြည်းညင်းစွာမျောလွင့်နေသည်ဖြစ်ပြီး တပ်အပ်မသိနိုင်သော အရပ်မျက်နှာတစ်ခုဘက်သို့ အဆုံးမရှိသော ခရီးတစ်ခု ထွက်နေခြင်းဖြစ်သည်။

" ငါ့ရဲ့ အဖိုးတန် ယပ်တောင်လေး ... "

သူသည်၎င်းကို မြင်မြင်လိုက်ချင်း နှလုံးခုန်နှုန်းများ မြန်လာတော့သည်။ ထိုအချိန်တွင် သူ၏အာရုံမှာ ဝေဝါးတုန်ရီစပြုလာသည်။ ယပ်တောင်ကြီးက အဝေးသို့ပျံသန်းသွားမည် စိုးသဖြင့် သူသည် ၎င်းမလှုပ်ရှားနိုင်စေရန်ရည်ရွယ်၍ သူ၏နတ်ဘုရားအာရုံထဲသို့ စွမ်းအားများထပ်၍ ထည့်သွင်းလိုက်သည်။

သို့သော်လည်း သူသည် သူ၏ထိန်းချုပ်နိုင်စွမ်းကို အလွန်အမင်း အထင်ကြီးမိခဲ့ပြီဖြစ်သည်။ အစပိုင်းက သူသည် နတ်မီးလျှံစမ်းသပ်ပွဲပြီးဆုံးသွားသည့်အခါတွင် ထိုနှစ်ဆယ်ရာခိုင်နှုန်းခန့်ရှိသော ထိန်းချုပ်မှုမှာ ယပ်တောင်၏ ထောက်ခံမှုကို ရရှိရန် လုံလောက်မည်ဟု တွက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုတွင် ထိုသို့မဟုတ်ကြောင်း သိလိုက်ရသည်။ ယပ်တောင်ကြီးမှာ ပိုင်ရှင်မဲ့ဖြစ်နေဆဲဖြစ်ပြီး ၎င်းအပေါ်တွင်ရှိသည့် ပိုင်ရှောင်ချန်း၏ထိန်းချုပ်နိုင်စွမ်းမှာလည်း အနည်းအကျဥ်းမျှသာ ရှိသည်။ သူ၏ ခြယ်လှယ်နိုင်စွမ်းမှာ ဆယ်ရာခိုင်နှုန်းအထိပင် လျှော့ကျသွားပြီဖြစ်သည်။ ထို့အပြင် လအနည်းငယ်အတွင်း ထိုဆယ်ရာခိုင်နှုန်းကိုပါ ဆုံးရှုံးရတော့မည်ဖြစ်သည်။

" အဲဒါ ယပ်တောင်ရဲ့ အစောင့်အရှောက်ဝိညာဥ် လက်ချက်ပဲ ဖြစ်ရမယ်။ ငါ မရှိတာကို အခွင့်ကောင်းယူပြီး ဒင်းက ငါ့အမှတ်သားကို ဖျောက်ဖျက်နေတာပဲ "

သူသည် ပို၍ စိုးရိမ်ထိတ်လန့်သွားပြီး အားထပ်မံစိုက်ထုတ်လိုက်ပြန်သည်။ ထိုအခါ ယခင်က ချောချောမွေ့မွေ့ မျောလွင့်နေခဲ့သည့် ယပ်တောင်ကြီးမှာ တုန်ရီစပြုလာပြီး တဖျတ်ဖျတ်တောက်ပလာတော့သည်။

သူ စိတ်လှုပ်ရှားသွားပါသော်လည်း မည်သည့်အရာမှ ဆက်မလုပ်နိုင်ခင် သူ၏နားထဲတွင် ဒေါသတကြီးအောဟစ်သံကြီးတစ်သံ ပြည့်နှက်သွားတော့သည်။ ၎င်းမှာ ယပ်တောင်စောင့်ဝိညာဥ်၏ အသံပင်ဖြစ်သည်။

ထိုအစောင့်အရှောက်ဝိညာဥ်မှာ ယခင်က သူတို့နှစ်ယောက်ကြားတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအပြီးတွင် နိုးထလာခဲ့သည်ဖြစ်ပြီး ယခုတွင် အကောင်းဆုံးပြန်လည်ခုခံနေသည်မှာ အထင်အရှားပင်။ ထိုဝိညာဥ် အောင်မြင်သွားသည်နှင့် ပိုင်ရှောင်ချန်းမှာ သူပိုင်ဆိုင်ထားသော ယပ်တောင်စုတ်ကြီး၏ ဆယ်ရာခိုင်နှုန်းလောက်ကိုပင် လက်လွှတ်လိုက်ရတော့မည်ဖြစ်သည်။

" တောက် "

သူက ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။ အလွန်ဝေးကွာလွန်းနေသည်ဖြစ်ပါသော်လည်း သူသည် သူ၏နတ်ဘုရားအာရုံကို အသုံးပြု၍ ထိုအစောင့်အရှောက်ဝိညာဥ်နှင့် တိုက်ခိုက်နေတော့သည်။ သူသည် ထိုသို့သောတိုက်ပွဲမျိုးကို အနိုင်ရနိုင်မည်မဟုတ်ကြောင်း သိသော်လည်း သူ၏ အမှတ်အသား ကျန်ရှိနေသေးသရွေ့ အလျှော့ပေးမည်မဟုတ်ပေ။

သူ၏စိတ်ထဲတွင် ဒေါသတကြီးအော်ဟစ်သံများ ပြည့်နှက်နေစဥ် တင်ပျဥ်ခွေထိုင်ချရန် အဆင်ပြေသည့်နေရာတစ်ခုကို ရှာတွေ့လိုက်ပြီး ထိုနေရာတွင် အချိန်အတော်အတန်ကြာ ကုန်ဆုံးသွားတော့သည်။ ညနေခင်းအချိန်တွင် သူ၏ မျက်လုံးများပွင့်လာပြီး သူ၏ဝတ်ရုံများမှာလည်း ချွေးများဖြင့်စိုရွှဲနေတော့သည်။

သူ၏မျက်ဝန်းများမှာ နီမြန်းကာ မောပန်းနွမ်းနယ်နေပြီဖြစ်ပြီး အသက်ရှူသံများသည်လည်း မြန်ဆန်နေပြီဖြစ်သည်။ သို့သော် သူ၏လက်ထဲရှိ တောက်ပနေသော အလင်းရောင်စက်လုံးလေးတစ်လုံးမှာ တဖြည်းဖြည်းနှင့် အမိန့်ပေးဆွဲပြားတစ်ခုအသွင် ကျုံ့ဝင်သွားတော့သည်။

ထိုအမိန့်ပေးဆွဲပြားမှာ သူ အစောင့်အရှောက်ဝိညာဥ်နှင့် ယခုအခေါက် ယှဥ်ပြိုင်ခဲ့ပြီးနောက် ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းဝိညာဥ်မှာမူ ထိုသို့ယှဥ်ပြိုင်အပြီးတွင် ပြန်လည်အိပ်မောကျသွားပြီဖြစ်သည်။

" ဒီအစောင့်အရှောက်ဝိညာဥ်က တကယ့်ကို အစွမ်းထက်တာပဲ။ ငါယပ်တောင်ကြီးရဲ့ ပိုင်ရှင် မဖြစ်သေးတာ မဆန်းပါဘူး "

" အဲဒီ ဝိညာဥ်ကြောင့်သာမဟုတ်ရင် ငါ အဲဒီယပ်တောင်ကို ပြန်ခေါ်လာနိုင်လောက်ပြီ။ အခုတော့ ဒီအမိန့်ပေးဆွဲပြားလေးပဲ ရလိုက်တယ် "

သူသည် ထိုဆွဲပြားအကြောင်းကို နားမလည်သဖြင့် ကျေနပ်အားရမှု ရှိမနေပေ။ သို့သော် ၎င်းမှာ သော့တစ်ချောင်းဖြစ်မည်ဟု သူ ခံစားနေရသည်။

သူ၏စွမ်းအားပမာဏကို ဖော်ပြနေသည့် သော့တစ်ချောင်းပင် ဖြစ်သည်။

အချိန်အတော်အတန်ကြာသွားပြီးနောက် သူသည်သက်ပြင်းချလိုက်ပြီး ထိုအမိန့်ပေးဆွဲပြားကို သိမ်းဆည်းရန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် သူ၏မျက်နှာအမူအရာ လှစ်ခနဲပြောင်းလဲသွားပြီး ထိုဆွဲပြားကို သူ ငုံ့ကြည့်လိုက်တော့သည်။

" အဲဒီအငွေ့အသက်က ... "

All Chapters