← Chapters

ငါ သိုသိုသိပ်သိပ် နေရမယ်

Vol. 11 Ch. 1100

ငါ သိုသိုသိပ်သိပ် နေရမယ်

Vol. 11 Ch. 1100

" အဲဒီအငွေ့သက်က ... ဘာတုန်း "

ပိုင်ရှောင်ချန်းက အမိန့်ပေးဆွဲပြား၏ အငွေ့အသက်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်သောအခါ သူ၏ မောပန်းနွမ်းနယ်နေမှုများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို သိလိုက်ရသဖြင့် အံ့အားသင့်သွားတော့သည်။

ထိုအချင်းအရာမှာ သူ့အပြင်ခန္ဓာကိုယ်၏ အားအင်ကုစားနိုင်စွမ်းများနှင့် မတူညီပေ။ သူသည် စိတ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်နေခဲ့သည်ဖြစ်ပြီး ယခု သူ၏ စိတ်အခြေအနေမှာ လျင်မြန်စွာဖြင့် ထိပ်ဆုံအဆင့်သို့ ပြန်ရောက်လာနေခြင်း ဖြစ်သည်။

သူသည် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် အမိန့်ပေးဆွဲပြားကို ထပ်မံအာရုံစိုက်ကြည့်လိုက်ပါသော်လည်း အခြားမည်သည့် အသေးစိတ် အချက်အလက်ကိုမှ မတွေ့ရပေ။ သူ သိသည့် တစ်ခုတည်းသော အချက်မှာ ၎င်း၏အငွေ့အသက်သည် သူ၏ သက်စောင့်အားကို ပြန်လည်ဖြည့်တင်းပေးနိုင်သည် ဆိုသည့်အချက်ပင် ဖြစ်သည်။

" ဒါ စိတ်စွမ်းအင်မဟုတ်ဘူးပဲ ... "

သူက ဆုံးဖြတ်လိုက်သည်။ သူ သိသလောက်ဆိုလျှင် ၎င်းမှာ ယပ်တောင်ကြီး၏ ယခင်ပိုင်ရှင်လာခဲ့သောကမ္ဘာမှ စွမ်းအင်များဖြစ်ပြီး ထာဝရအင်မော်တယ်နယ်မြေများထဲရှိ စိတ်စွမ်းအင်နှင့် တူညီမှုရှိသည်။

" ဒီစွမ်းအင်တွေကို တစ်ခြားနေရာတွေမှာ သုံးလို့ရလားမသိဘူး ... "

သူသည် အရောင်တောက်နေသည့် မျက်ဝန်းများဖြင့် အမိန့်ပေးဆွဲပြားကို သူ၏လက်ထဲတွင်ကိုင်၍ စမ်းသပ်မှုအချို့နှင့် အသက်ရှူလေ့ကျင့်ခန်းအနည်းငယ်ကိုပင် ပြုလုပ်လိုက်သည်။ အမိန့်ပေးဆွဲပြားမှ စွမ်းအင်များကို စုပ်ယူခြင်းမှာ သူ၏ကျင့်ကြံခြင်းကို လေ့ကျင့်ရာတွင် လျင်မြန်စေကြောင်း သိလိုရသဖြင့် အံ့အားသင့်သွားပြီး ကျေနပ်အားရသွားတော့သည်။

ထိုစွမ်းအင်မှာ သူ၏ခန္ဓာကိုယ်ထဲတွင် လျင်မြန်စွာ စီးဆင်းသွားရုံသာမက သူသည် ၎င်းကို သာမန်စိတ်စွမ်းအင်ထက်ပင် ပို၍လျင်မြန်စွာ စုပ်ယူနိုင်နေသည်။ ထို့အပြင် ထိုစွမ်းအင်မှပေးစွမ်းသည့် စိတ်ကြည်လင်လန်းဆန်းမှုကြောင့် ဤ အမိန့်ပေးဆွဲပြားမှာ အဖိုးတန်ရတနာတစ်ခုဖြစ်ကြောင်း သိနိုင်သည်။

" ဒီအမိန့်ပေးဆွဲပြားထဲက စွမ်းအင်တွေက ငါမြင်ဖူးသမျှ ဆေးလုံးတွေတိုင်းထက်ကို ပိုစွမ်းတာပဲ။ ဒီဆွဲပြားသေးသေးလေးကတောင် ဒီလောက် အံ့သြဖို့ကောင်းနေရင် ယပ်တောင်ကြီးဆို ဘယ်လောက်အထိ အစွမ်းထက်နေမလဲ မှန်းကြည့်ရုံနဲ့သိနိုင်တယ်။ အရင်တုံးက လူတွေအများကြီး ရှိနေခဲ့လို့ အဲဒီယပ်တောင်ကို ကောင်းကောင်း မလေ့လာခဲ့ရတာ ဆိုးသကွာ "

နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် သူ့မျက်လုံးများ ပွင့်လာသည်။ ယခု သူ အလွန်တရာ စိတ်လှုပ်ရှားနေပြီး ယပ်တောင်ကြီးအား ၎င်းထဲတွင် ရှိနေသော စိတ်ဆန္ဒထံမှ လုယူရန် စိတ်ပိုင်းဖြတ်ထားတော့သည်။

သူသည် အမိန့်ပေးဆွဲပြားကို သိမ်းဆည်းလိုက်ပြီး ဘေးဘီဝဲယာကိုကြည့်၍ မည်သည့်နေရာသို့ ရောက်နေကြောင်း အကဲခတ်လိုက်သည်။ တခဏအကြာတွင် သူသည် ဒုတိယအင်မော်တယ်နယ်မြေ၏ မြို့တော်ဆီသို့ အမြန်ဆုံးနည်းဖြင့် ပျံသန်းသွားနေတော့သည်။

သုံးရက်အကြာတွင် သူသည် ကန့်လန့်ဖြတ်နေသည့် တောင်စဥ်တန်းများ ဝန်းရံထားသော ဧရာမရုပ်ထုကြီးတစ်ခုကို သူ၏ရှေ့တွင်လှမ်းမြင်လိုက်ရသည်။ ထိုရုပ်ထုကြီး၏ အခြေတွင် လဲလျောင်းနေသည့် သားရဲကြီးတစ်ကောင်နှင့်ဆင်တူသော မြို့ကြီးတစ်မြို့ ရှိသည်။

ထိုမြို့ထဲတွင် ကျင့်ကြံသူများစွာရှိနေပြီး ညနေခင်းအချိန်သို့ ရောက်လာသောအခါ သူတို့၏စကားသံများမှာ

ကောင်းကင်ယံပေါ်သို့ အဆက်မပြတ် ပေါ်ထွက်လာနေကြသည်။

ပိုင်ရှောင်ချန်းက ထိုမြို့ကို အကဲခတ်လိုက်ပြီး ချောင်းဟန့်လိုက်သည်။ သူသည် သိုသိုသိပ်သိပ်နေရန် ကြိုးစားနေပါသော်လည်း ဤနယ်မြေတစ်ခုလုံးတွင် အရေးကြီးဆုံးလူနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ကောင်းကင်ဧကရာဇ်အဆင့် ကျင်ကြံသူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သိုသိုသိပ်သိပ်နေရန်မှာ ထူးဆန်းနေတော့သည်။

" ကြည့်ရတာတော့ ကျင့်သားရအောင် လုပ်ရမှာပဲ။ သိုသိုသိပ်သိပ်နေတာပဲ အဆင်ပြေပါတယ် "

သူသည် သက်ပြင်းချလိုက်ပြီး သူ၏နတ်ဘုရားအာရုံကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး သာမန်ကျင့်ကြံသူတစ်ယောက်၏ အမူအရာဖြင့် မြို့တော်ရှိ ပင်မတံခါးပေါက်တစ်ခုဆီသို့ ဦးတည်သွားလိုက်တော့သည်။

ဤမြို့ကြီးမှာ အလွန်ကြီးမားပြီး ပင်မတံခါးပေါက် ရှစ်ခုရှိသည်။ ပုံမှန်ဆိုလျှင် ၎င်းတို့ထဲမှ ငါးပေါက်ကိုဖွင့်ထားလေ့ရှိပြီး ခရီးသွားကျင့်ကြံသူများ၏ အဝင်အထွက်ကို လက်ခံလေ့ရှိသည်။ အစောင့်အုပ်စုများမှာ ထိုအပေါက်ဝများတွင် တာဝန်ယူ၍ လှုပ်ရှားသွားလာနေသော လူအုပ်ကြီးကို ကြည့်ရှုစစ်ဆေးကြသည်။

ဤမြို့မှာ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်နေထိုင်ပြီး အင်မော်တယ်နယ်မြေတစ်ခုလုံးကို ကြီးကြပ်နေသည့် မြို့တော်ဖြစ်သောကြောင့် ၎င်းနေရာတွင် မည်သူမှ လျော့တိလျော့ရဲ မပြုမူရဲကြပေ။ ထို့အပြင် မြို့စောင့်များမှာလည်း တမူထူးခြားသော ကျင့်ကြံခြင်းအခြေခံများကို ပိုင်ဆိုင်ထားကြသည်။ တံခါးပေါက်များရှိ အစောင့်များမှာမူ ရင်သပ်ရှုမောဖွယ်ကောင်းသော ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားကြပြီး သူတို့အားလုံး အမြုတေအဆင့် မဟာစက်ဝန်းတွင် ရှိနေကြသည်။

တံခါးပေါက်၏ အထက်ရှိ စောင့်ကြည့်မျှော်စင်မှ နတ်အဆင့်အငွေ့အသက်များပင် ဖြာထွက်နေသေးသည်။ ထိုမျှော်စင်ထဲတွင် အပြင်ဘက်ရှိ ဖြစ်ရပ်များကို အကဲခတ်ရန် တာဝန်ကျနေသည့် နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ရှိနေမည်မှာ အသေအချာပင်။ ထိုအချင်းအရာများအားလုံးကြောင့် ခရီးသွားတိုင်းမှာ သတိကြီးကြီးထားရလောက်သည် အထိပင်။

ပိုင်ရှောင်ချန်းမှာ သူ၏ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံခြင်းအခြေခံအမျိုးမျိုး ပိုင်ဆိုင်ထားကြသော ကျင့်ကြံသူများမှာ မြို့တော်ထဲသို့ မဝင်မီ ဖြတ်ရသော တင်းကြပ်သည့်စစ်ဆေးမှုကို ခံယူရန် စောင့်ဆိုင်းနေကြသည်ကို မြင်နေရသည်။ သူတို့မှာ လေသံတိုးတိုးဖြင့် ပြောနေကြပါသော်လည်း အချို့သော စကားများကိုမူ လှမ်း၍ ကြားနိုင်ပေသည်။

" လူတွေကိုစစ်ဆေးဖို့ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကိုတောင် တာဝန်ပေးထားတာ ယုံတောင်မယုံနိုင်ဘူး။ ကြည့်ရတာ အခြေအနေတွေက တကယ်ပဲမငြိမ်သက်တော့ဘူးထင်ပါတယ်ကွာ "

" အင်း … ဘယ်တော့မှများ ငြိမ်းချမ်းမှုအစစ်အမှန်ကို ရမှာပါလိမ့် "

" မြောက်ပိုင်းမှာ စစ်ပွဲထပ်ဖြစ်တယ်ဆိုတာ မင်းတို့ကြားမိကြလား "

" အဲဒီ မိစ္ဆာဧကရာဇ်မင်းဆက်က တော်တော့်ကို အော့နှလုံးနာစရာကောင်းတာပဲ။ ကြည့်ရတာ မြောက်ပိုင်းမှာ နှစ်အနည်းငယ်ခြားတိုင်း စစ်ပွဲတစ်ခါဖြစ်နေတဲ့ပုံပဲ ... "

ထိုစကားများကို ကြားလိုက်ရသောအခါ သူသည် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်တော့သည်။ ဒုတိယအင်မော်တယ်နယ်မြေနှင့်ပတ်သတ်၍ သူသိသမျှ အချက်အလက်အားလုံးမှာ မှတ်တမ်းမှတ်ရာများကို ဖတ်ရာမှ သိရှိခဲ့ခြင်းသာဖြစ်သည်။ ယခုလက်ရှိတွင် ဖြစ်ပျက်နေသည့် အသေးစိတ်အချက်အလက်များကိုမူ သူရှင်းရှင်းလင်းလင်း မသိပေ။ သို့သော် စစ်ပွဲအကြောင်းအရာများကို သူက စိတ်မဝင်စားသဖြင့် ထိုသို့သော အတင်းအဖျင်းစကားများကို သိပ်၍ အလေးမထားပေ။ တန်းစီကာစောင့်ဆိုင်းနေသည့် လူတန်းကြီးက ရှေ့သို့ တအိအိတိုးသွားနေပြီး သူသည် ဘယ်ကြည့်လိုက် ညာကြည့်လိုက်ဖြင့် ရှုခင်းအသစ်များကို ခံစားနေသည်။

တစ်ခါတရံတွင် အလွန်အရေးပါသော ကျင့်ကြံသူတစ်ယောက်ယောက်က သူတို့၏အထက်မှ ဖြတ်ပျံ၍ တံခါးပေါက်၏ ရှေ့တည့်တည့်တွင် ဆင်းသက်သွားလေ့ရှိသည်။ ထိုသို့သော ကျင့်ကြံသူများမှာ သူတို့၏ ပခုံးမှ ဖုန်များကိုခါနေစဥ် တံခါးပေါက်မှ အစောင့်များမှာ တရိုတသေ ဂါဝရပြု၍ သူတို့အား အတွင်းသို့ ဝင်ခွင့်ပေးကြရသည်။

ထိုသို့သော ကျင့်ကြံသူများမှာ လူအုပ်ကြီး၏ အာရုံစိုက်ခြင်းကို အမြဲတမ်းခံစရမြဲပင်။ ပိုင်ရှောင်ချန်းမှာ ထိုသို့ပြုမူချင်ပါသော်လည်း သူက သိုသိုသိပ်သိပ် နေရမည်ဖြစ်ကြောင်း သူ့ကိုယ်သူပြန်သတိပေးနေတော့သည်။

" ဒီလို သိုသိုသိပ်သိပ်နေတာကို ကျင့်သားရနေမှဖြစ်မယ် ... "

သူကတွေးလိုက်သည်။ လူတန်းကြီးမှာ တဖြည်းဖြည်းနှင့်ရွေ့လျားနေပြီး မကြာမီ ပိုင်ရှောင်ချန်း၏ အလှည့်သို့ ရောက်သွားတော့သည်။ သူသည် အရင်ဆုံး စိတ်စွမ်းအင်ကျောက်တုံးအချို့ပေးလိုက်ရပြီး နတ်အဆင့်ကျင့်ကြံသူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးခြင်းကို ခံလိုက်ရသည်။ သူသည် မြို့တော်ထဲသို့ ဝင်တော့မည့်အချိန်မှာပင် အဝေးတစ်နေရာမှ အလင်းတန်းများမှာ မြို့တော်တံခါးပေါက်ဆီသို့ ဦးတည်လာကြတော့သည်။

ထိုအလင်းတန်းများ အနီးသို့ရောက်လာသောအခါ အံ့သြဖွယ်ကောင်းသော ဖိအားများပေါ်ထွက်လာပြီး ဖုန်မှုန့်များ လေပေါ်သို့ မြင့်တက်လာတော့သည်။ မကြာမီတွင် ထိုအလင်းတန်းများ ပျောက်ကွယ်သွားပြီး လူရိပ် ဒါဇင်ပေါင်းများစွာ ပေါ်လာတော့သည်။

လူအများစုမှာ ယင်ယန်ဝိညာဥ်အဆင့် မဟာစက်ဝန်းတွင် ရှိနေကြသည်ဖြစ်ပြီး ငါးယောက်မှာ နတ်အဆင့်ကျင့်ကြံသူများဖြစ်သည်။ သူတို့က တိုက်ပွဲတစ်ခုမှ ပြန်လာသည့်အလား သွေးညှီနံ့များ ထွက်နေသည်။ သူတို့ကိုဦးဆောင်နေသူမှာ အလွန် ကြီးထွားသန်မာကာ ရင်အုပ်ကျယ်ပြီး ခရမ်းရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် လူတစ်ယောက်ဖြစ်သည်။ သူသည် ဒေါသထွက်မနေပါသော်လည်း ကြောက်မက်ဖွယ်ကောင်းနေပြီး အစောင့်များက သူ့အားမြင်လိုက်ရသောအခါ အံ့သြတုန်လှုပ်သွားကြသည်။ ထို့နောက် သူတို့မှာ မကြာသေးမီက မြို့ထဲသို့ပေးဝင်ခဲ့သည့် လူများကို ဆက်ဆံခဲ့သည့်အမူအရာများထက်ပင် ပို၍ရိုကျိုးစွာဖြင့် ထိုလူအား ဆက်ဆံလိုက်ကြသည်။

" မင်္ဂလာပါ မြို့စားကျစ်လင် "

မျှော်စင်ပေါ်မှ နတ်အဆင့်ကျင့်ကြံသူမှာလည်း ရုတ်တရက် ပျံထွက်လာပြီး သူ့ဆီသို့ ချဥ်းကပ်လာသည်။ ထို့နောက် သူသည် လက်ယှက်ကာ ရိုသေလေးစားမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ မြို့စားကျစ်လင် "

မြို့တော်တံခါးပေါက်တွင် တန်းစီနေကြသည့် အခြားကျင့်ကြံသူများမှာ ထိုစကားသံကိုကြားလိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားကြပြီး တအံ့တသြ အော်ဟစ်လိုက်ကြတော့သည်။

" အဲဒါ မြို့စားကျစ်လင်လား။ သူက မြောက်ပိုင်းအကျဆုံး စီရင်စုနယ်မြေမှာ ဆရာသခင်အဖြစ် တာဝန်ထမ်းဆောင်နေတာလေ "

" ဟုတ်တယ်။ အဲဒါသူပဲ။ သူတော်စင်ဧကရာဇ် သူ့ကို မြို့စားဆိုတဲ့ ဘွဲ့ထူးချီးမြှင့်တုံးက ငါသူ့ကို အဝေးကနေ တစ်ခေါက်မြင်ဖူးတယ် "

လူအုပ်ကြီးမှာ အလွန်အံ့အားသင့်နေပါသော်လည်း ဤ ကြီးထွားသန်မာလှသော မြို့စားကျစ်လင်ဆိုသူပင် မြို့တော်ထဲသို့ တိုက်ရိုက်ပျံသန်းခွင့်မရှိပေ။ သူက တံခါးပေါက်မှ ဖြတ်လျှောက်ရသည်သာဖြစ်သည်။

ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ အတွေးနယ်ချဲ့နေမိပြီး ဤမြို့တော်မှာ အခြားမြို့များနှင့် မတူညီကြောင်း ရှင်းရှင်းလင်းလင်း သိလာတော့သည်။ စည်းမျဥ်းများအရဆိုလျှင် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပင် မြို့တော်ထဲသို့ ပျံသန်းဝင်ရောက်ခွင့်မရှိပေ။

မြို့စားကျစ်လင်က ခပ်ရေးရေးပြုံးလိုက်ပြီး အလျင်အမြန်လက်ယှက်၍ နတ်အဆင့်ကျင့်ကြံသူအား အရိုအသေပေးလိုက်သည်။ ထို့နောက် သူနှင့် သူ၏နောက်လိုက်များမှာ စကားတစ်ခွန်းမှ ထပ်မပြောတော့ပဲ သတ်ဖြတ်လိုသော အငွေ့အသက်များ ခြံရံလျက် တံခါးပေါက်ဆီသို့ လျှောက်လှမ်းလာကြတော့သည်။

အစောင့်များမှာ မြို့စားကျစ်လင်၏ လမ်းတွင် ပိတ်မနေစေရန် အခြားလူတိုင်းကို ဘေးသို့ တွန်းထုတ်လိုက်ကြသည်။ သို့သော် သူတို့မှာ ထိုသို့လုပ်စရာပင်မလိုပေ။ လူအုပ်ကြီးမှာ စောဒကမတက်ပဲ တရိုတသေဖြင့် နောက်သို့ဆုတ်ပေးလိုက်ကြသည်သာဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ထိုလူအုပ်ထဲတွင်ရှိနေသော်လည်း အနည်းငယ် ခံပြင်းလာပြီဖြစ်သည်။ သူသည် စိတ်စွမ်းအင်ကျောက်တုံးအခွန် ဆောင်ခဲ့ပြီးဖြစ်ပြီး အစစ်ဆေးလည်း ခံခဲ့ပြီးပြီမဟုတ်ပါလော။ ထို့ကြောင့် သူ့အား မြို့ထဲသို့ ဝင်ခွင့်ပြုသင့်ပေသည်။ လူအုပ်ကြီးမှာ နောက်သို့ဆုတ်သွားကြစဥ် သူသည် မလှုပ်မယှက် နေရစ်ခဲ့သဖြင့် အဆုံးတွင် သူတစ်ယောက်သာ ထင်းထင်းကြီး ကျန်ရစ်ခဲ့တော့သည်။

အစောင့်များမှာ ထိုအချင်းအရာကို မကျေနပ်သဖြင့် သူတို့ထဲမှတစ်ယောက်က လှမ်းအော်လိုက်သည်။

" ဟေး မင်းကဘာလို့ အဲဒီလိုကြီး ရပ်နေရတာလဲ "

သူသည် ပိုင်ရှောင်ချန်းအား နောက်သို့တွန်းထုတ်ရန်အတွက် ရှေ့သို့ပင်လျှောက်လှမ်းလာတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ထိုအစောင့်အား စိုက်ကြည့်လိုက်သဖြင့် ထိုလူမှာ တုန်ရီသွားရသည်။ သူ၏ အသိစိတ်ပင် အနည်းငယ် ဟာလာဟင်းလင်း ဖြစ်သွားရသည်။ သူသည် ပိုင်ရှောင်ချန်းအား မည်သူမှန်း မသိပါသော်လည်း သူ၏အကြည့်ထဲတွင် ပါဝင်နေသည့်စွမ်းအားမှာ သူ၏ဝိညာဥ်ထဲအထိ ရိုက်ခတ်သွားသဖြင့် သူ မလှုပ်မယှက် ရပ်နေရတော့သည်။

" ကျုပ်က စိတ်စွမ်းအင် ကျောက်တုံးတွေ ပေးပြီးသွားပြီလေ "

ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ ဆိုလိုက်သည်။

" ဘာကိစ္စ ကျုပ်က လမ်းဖယ်ပေးရမှာတုန်း "

သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး လူအုပ်ကြီးကို လျစ်လျူရှု၍ မြို့တော်ထဲသို့ဝင်ရန် ပြင်လိုက်တော့သည်။

မြို့စားကျစ်လင်အပါအဝင် ထိုနေရာတစ်ဝိုက်ရှိ လူအားလုံး ဆွံ့အသွားတော့သည်။ လက်ရှိတွင် မည်သူကမှ သူ၏ ကျင့်ကြံခြင်းအခြေခံကို အကဲမခတ်နိုင်ပါသော်လည်း မည်သူကမှ ထိုအချင်းအရာကို တွေးပူမနေကြပေ။ လူများစွာမှာ တအံ့တသြဖြင့် တံခါးပေါက်တွင်တာဝန်ကျနေသည့် နတ်အဆင့်ကျင့်ကြံသူကို လှမ်းကြည့်လိုက်ကြသည်။

ထိုနတ်အဆင့် ကျင့်ကြံသူမှာ မျက်မှောင်ကြုတ်သွားသည်။ သူသည် မြို့စားကျစ်လင်မှာ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်၏ လက်အောက်ငယ်သားဖြစ်ကြောင်း သိသဖြင့် သူ့အား မစော်ကားရဲပေ။ ထို့ကြောင့် သူသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး တောက်ပသော ဒိုင်းကာတစ်ခုကိုထုတ်၍ ပိုင်ရှောင်ချန်း၏လမ်းကို ပိတ်လိုက်သည်။

ပိုင်ရှောင်ချန်းကမူ မစဥ်းစား မဆင်ခြင် မပြုမူပေ။ သူသည် နောက်သို့လှည့်လိုက်ပြီး ထူးဆန်းသောအပြုံးဖြင့် ထိုနတ်အဆင့်ကျင့်ကြံသူအား ကြည့်၍ မေးလိုက်သည်။

" မင်း ဘာလုပ်တာတုန်း "

All Chapters