အခန်း (၁၀၃-၁၀၄)
Vol. 10 Ch. 103-104
အပိုင်း (၁၀၃)
ထန်ထိုင်ဖူဖင်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
သူမအနေဖြင့် ကျင်းဝူပြန်းအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား မရှိသော်လည်း ပျင်းရိဖွယ် ကောင်းသော ဘဝတွင် စိတ်လှုပ်ရှားစရာ တစ်ခုခု ဖြစ်လာမည်ကို မျှော်လင့်ခဲ့မိ၏။
မထင်မှတ်ထားသော အလှည့်အပြောင်း တစ်ခုခုကို လိုချင်ခဲ့သည်။ သို့ပေမည့် ဘာမှ ဖြစ်မလာခဲ့ပေ။
ကျင်းဝူပြန်း ရူးသွပ်သည်ဆိုခြင်းမှာ မှန်သလို အသုံးမကျဘူး ဆိုသည်မှာလည်း မှန်ကန်နေသည်။
ထန်ထိုင်ဖူဖင်းက ပြောလိုက်၏။ “နောက်ထပ် ဒုတိယ မေးခွန်းကို မေးပါမယ်။ ဒါက သင်္ချာပုစ္ဆာပါ။ သခင်လေးတို့ သေချာ နားထောင်ပါ။ ဘယ်သူ အရင်ဆုံး မှန်အောင် ဖြေနိုင်မလဲ ကြည့်ရအောင်။ တကယ်လို့ ဒီဒုတိယပွဲမှာ သခင်လေး မော့ယို နိုင်သွားရင် တတိယပွဲ ဆက်လုပ်စရာ မလိုတော့ပါဘူး။
ဒုတိယ မေးခွန်းကို ပြောပါမယ်။ ကြက်ဖ တစ်ကောင်ကို ၅ ပြား၊ ကြက်မ တစ်ကောင်ကို ၃ ပြား၊ ကြက်ကလေး သုံးကောင်ကို ၁ ပြား ဈေးပေါက်တယ်။ ငွေ ၁၅၀ ပြားနဲ့ ကြက်အကောင် ၁၀၀ တိတိ ရအောင် ဝယ်မယ်ဆိုရင် ကြက်ဖ၊ ကြက်မ၊ ကြက်ကလေး ဘယ်နှကောင်စီ ဝယ်ရမလဲ။”
ဤပုစ္ဆာသည် ကိန်းပြည့် အဖြေရှာရသော ညီမျှခြင်း ပုစ္ဆာဖြစ်သည်။ ခေတ်သစ်လောကတွင် မခက်ခဲ သော်လည်း ရှေးခေတ်ကာလတွင်မူ အလွန်ခက်ခဲသော ပုစ္ဆာဖြစ်သည်။ အထူးသဖြင့် ပိုင်ရှင်မဲ့နယ်မြေကဲ့သို့ နေရာမျိုးတွင် ပို၍ ခက်ခဲသည်။
မေးခွန်းဆုံးသည်နှင့် ပရိသတ်ထဲရှိ စာပေသမားများ ခေါင်းမီးတောက်အောင် တွက်ချက်နေကြသည်။ တချို့ဆိုလျှင် လေပူများ မှုတ်ထုတ်နေကြသည်။ သူတို့အတွက် အလွန် ခက်ခဲလွန်းလှ၏။
မော့ယိုသည် ပညာရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ သင်္ချာဘက်တွင်လည်း ညံ့ဖျင်းသူ မဟုတ်ပေ။ ဤပုစ္ဆာက ခက်ခဲသော်လည်း အဖြေရှာမရနိုင်လောက်အောင် မဟုတ်ပေ။ သူ ခေါင်းထဲတွင် လျင်မြန်စွာ တွက်ချက်နေသည်။
‘ခဏလေး... ခဏလေးပါပဲ။ အမွှေးတိုင် တစ်ဝက်လောင်ကျွမ်းချိန်လောက်ဆိုရင် အဖြေထွက်ပါပြီ။’
ကျင်းဝူပြန်းကတော့ မျှော်လင့်ချက် မရှိချေ။ သူက လူဖျင်းလူညံ့ဖြစ်၏။ ယနေ့ပြိုင်ပွဲမှာ မော့ယိုအတွက် ပြိုင်ဘက် မရှိပေ။ သူ့ကိုယ်သူသာ ပြိုင်ဆိုင်နေရခြင်း ဖြစ်၏။
ကျင်းဝူပြန်းနှင့် ယှဉ်ရပ်နေရသည်ကပင် သူ့အတွက် သိက္ခာကျစရာပင် ဖြစ်နေသည်။ နိုင်မလား၊ ရှုံးမလား ဆိုသည်ကို တွေးနေစရာ မလိုပေ။ မော့ယို အနေဖြင့် အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသပြီး ထန်ထိုင်ဖူဖင်း၏ နှလုံးသားကို သိမ်းပိုက်ရုံသာ ရှိသည်။
သို့သော်ငြား ထိုအချိန်တွင် ကျင်းဝူပြန်းက ပါးစပ်ဟလိုက်၏။ “ဒီပုစ္ဆာရဲ့ အဖြေက တစ်ခုတည်း မဟုတ်ဘူး။ အခုချက်ချင်း ကျုပ် အဖြေ သုံးမျိုး ထုတ်ပေးနိုင်တယ်။ ပထမ တစ်မျိုးက ကြက်မ ၂၅ ကောင်၊ ကြက်ကလေး ၇၅ ကောင်၊ ဒုတိယ တစ်မျိုးက ကြက်ဖ ၅ ကောင်၊ ကြက်မ ၁၅ ကောင်၊ ကြက်ကလေး ၈၀ ကောင်၊ တတိယ တစ်မျိုးက ကြက်ဖ ၁၁ ကောင်၊ ကြက်မ ၃ ကောင်၊ ကြက်ကလေး ၈၆ ကောင်။”
အဖြေပေးပြီးသည်နှင့် ကျင်းဝူပြန်း ပါးစပ်ပိတ်ကာ ငြိမ်နေလိုက်သည်။
အားလုံး ကြောင်အ သွားကြသည်။ ကျင်းဝူပြန်းကို မယုံနိုင်စွာ ကြည့်လိုက်၊ ထန်ထိုင်ဖူဖင်းကို လှမ်းကြည့်လိုက် ဖြစ်နေကြ၏။
တချို့လူများ စိတ်ထဲတွင် ပြန်လည် တွက်ချက်ကြည့်ရာ အဖြေအားလုံး မှန်ကန်နေကြောင်း တွေ့လိုက် ရသည်။
‘ဒါ... ဒါ ဘယ်လို ဖြစ်တာလဲ။ ထန်ထိုင်ဖူဖင်း မေးခွန်းမေးပြီးပြီးချင်း ကျင်းဝူပြန်းက ချက်ချင်း အဖြေပေးလိုက်တာလေ။ မျက်တောင်တစ်ခတ်စာ အချိန်လေးပဲ ကြာတာ။ ကျင်းဝူပြန်းက ဘယ်လိုလုပ် ဒီလောက် မြန်မြန် တွက်ချက်နိုင်တာလဲ။ အဖြေလေးမျိုးစလုံးကို တပြိုင်နက်တည်း ပြောသွားတာ။ ဘယ်လို တွက်လိုက်တာလဲ။’
ပရိသတ်တွေတင် မကပေ။ ထန်ထိုင်ဖူဖင်းနှင့် မော့ယိုပါ အံ့အားသင့်သွားကြ၏။
ကျင်းဝူပြန်းက သင်္ချာပါရမီရှင် ဖြစ်နေသည်လား။ ဆန်းကြယ်လွန်းလှသည်။ ကျင်းဝူပြန်းက သင်္ချာပါရမီရှင် မဟုတ်သည်မှာ သေချာသည်။ သူက ၁၀၀ အတွင်းရှိ ဂဏန်းများကိုတောင် သေချာ ရေတွက်တတ်သူ မဟုတ်ပေ။
ထိုသို့ဆိုလျှင် မည်သို့ လုပ်လိုက်သနည်း။ စဉ်းစား၍ မရနိုင်ချေ။
.................
အချိန်အတော်ကြာမှ ထန်ထိုင်ဖူဖင်း သတိပြန်ဝင်လာပြီး ပြောလိုက်သည်။ “အဖြေ မှန်ပါတယ်။ ဒုတိယ ပုစ္ဆာမှာ သခင်လေး ကျင်းဝူပြန်း အနိုင်ရပါတယ်။”
ဤစကား ထွက်လာချိန်တွင် ပရိသတ်များ စိတ်လှုပ်ရှားသွားကြ၏။ ‘ဒါမှ ပွဲကြည့်ကောင်းမှာပေါ့။ မော့ယိုကြီးပဲ နိုင်နေရင် ဘာစိတ်ဝင်စားစရာ ရှိတော့မှာလဲ။’
ထန်ထိုင်ဖူဖင်း ကိုယ်တိုင်လည်း စိတ်လှုပ်ရှားသွားသည်။ သို့ပေမည့် ဖခင်ဖြစ်သူ၏ ဆန္ဒက မော့မိသားစုနှင့် လက်ထပ်ဖို့ ဖြစ်နေသည်။ ထန်ထိုင်ဖူဖင်း ကိုယ်တိုင်လည်း ကျင်းဝူပြန်းထက် မော့ယိုကို ပိုသဘောကျသည်။
တတိယ မေးခွန်းမှာ ကဗျာစွမ်းရည်ကို စစ်ဆေးခြင်း ဖြစ်သောကြောင့့် မော့ယို အနိုင်ရဖို့ သေချာသလောက် ရှိနေ၏။
မော့ယိုသည် တာရှီစာသင်ကျောင်းတွင် ရှိစဉ်က ကဗျာများဖြင့် အမျိုးသမီးပေါင်းများစွာကို ဖမ်းစားခဲ့သူ ဖြစ်သည်။
ကျင်းဝူပြန်းကမူ ကဗျာတစ်ပုဒ် စပ်သည်ကို တစ်ခါမှ မကြားဖူးပေ။ သူက စာသင်ကျောင်း တက်ခဲ့သော်လည်း စာတစ်လုံးမှ မသင်ခဲ့ရဘဲ ၁၀ နှစ်သား အရွယ်တွင် ရောဂါကြောင့် ကျောင်းထွက်ခဲ့ရသူ ဖြစ်၏။
တချို့က သူ့ကို စာမတတ်သူဟု ထင်ကြသည်။ ထို့ကြောင့် တတိယပွဲတွင် မော့ယို နိုင်မှာ သေချာသည်။
.................
ထန်ထိုင်ဖူဖင်းသည် မော့ယိုနှင့် ကျင်းဝူပြန်းကို ကြည့်ကာ တတိယ မေးခွန်းကို စဉ်းစားလိုက်၏။
လက်ရှိတွင် တစ်ယောက် တစ်ပွဲစီ အနိုင်ရထားကြသည်။ တတိယပွဲက ကျင်းမိသားစုနှင့် မော့မိသားစု၏ ကံကြမ္မာကို ဆုံးဖြတ်ပေတော့မည်။
ထန်ထိုင်ဖူဖင်းက မော့ယိုကို မေးခွန်း ကြိုပေးထားသည်လား။ လုံးဝ မဖြစ်နိုင်ပေ။ သူမ၏ မာနက ထိုသို့လုပ်ရန် ခွင့်မပြုပေ။ ထို့အပြင် လူတိုင်းက မော့ယို နိုင်မယ်ဟု ယုံကြည်ထားကြသည်။
ခဏကြာချိန်မှာတော့ တတိယ မေးခွန်း ထွက်ပေါ်လာ၏။
ထန်ထိုင်ဖူဖင်းက ပြောလိုက်သည်။ “ရှင်တို့ တစ်ယောက်နာမည်က မော့ယို၊ တစ်ယောက်က ကျင်းဝူပြန်း။ ကိုယ့်နာမည် ကိုယ်ပါအောင် ကဗျာတစ်ပုဒ်စီ စပ်ဆိုရမယ်။ အသံတူ စာလုံး သုံးခွင့်ရှိတယ်။”
မေးခွန်းကြားတော့ လူတိုင်း ဆူညံသွားကြသည်။ ခက်လွန်းလို့ မဟုတ်ဘဲ လွယ်လွန်းသောကြောင့်၊ မတရားသောကြောင့် ဖြစ်၏။
မော့ယို ကဗျာထဲမှာ မော့ယို ဟူသည့် စာလုံး ပါရုံဖြစ်သော်လည်း ကျင်းဝူပြန်း၏ ကဗျာထဲမှာ ကျင်းဝူပြန်း ဟူသော စာလုံးပါရမည်။
မော့ယို နာမည်က နှစ်လုံးတည်းဖြစ်ပြီး အဓိပ္ပာယ် ဖွင့်ရလွယ်သည်။ ကျင်းဝူပြန်း၏ နာမည်က သုံးလုံးဖြစ်ပြီး ဝူပြန်း (အဆုံးအစမဲ့) ဆိုသော စာလုံးက ထည့်ရလွယ်ပေမဲ့ ကျင်း (ရေတွင်း) ဆိုသော စာလုံးက ထည့်စပ်ဖို့ ခက်သည်။
ဤမေးခွန်းက မော့ယိုကို နိုင်စေချင်လို့ မေးမှန်း သိသာလွန်းနေသည်။ အားလုံးက မော့ယိုကို ဝိုင်းကြည့်လိုက်ကြ၏။
မော့မိသားစု ဒုတိယသခင်လေး မော့ယိုက ယုံကြည်မှု အပြည့်ဖြင့် မာန်တက်သွားသည်။
‘ဟမ့် ကျုပ်ရဲ့ ကဗျာစွမ်းရည်က ပြိုင်ဘက်ကင်းတယ်။ ခင်ဗျား မျက်နှာသာ ပေးစရာတောင် မလိုပါဘူး။ မျက်လုံးမှိတ်ထားရင်တောင် ကျင်းဝူပြန်းဆိုတဲ့ အမှိုက်ကို အနိုင်ယူလို့ ရတယ်။ ခင်ဗျားပေးတဲ့ ခေါင်းစဉ် အတိုင်း ရိုးရိုးလေး စပ်လိုက်ရင် ကျုပ်အရည်အချင်းကို ထုတ်ပြရာ မရောက်ဘူး။ကျုပ်ဘာသာ အခက်အခဲကို တိုးမြှင့်လိုက်မယ်။ ကျုပ်ရဲ့ ကဗျာထဲမှာ ကျုပ်နာမည်တင် မကဘူး။ ကျင်းဝူပြန်း နာမည်ရော၊ ထန်ထိုင်ဖူဖင်း နာမည်ပါ ထည့်စပ်ပြမယ်။’
မော့ယို မျက်လုံးမှိတ်ပြီး စဉ်းစားလိုက်၏။
ကျင်းဝူပြန်းလည်း မျက်လုံးမှိတ်ပြီး စဉ်းစားဟန် ပြုနေသည်။ သို့ပေမည့် နားရွက်ကို ထောင်ထားသည်။
သူ၏အနောက်တွင် နင်ချင်းနှင့် သူမ၏ ကျောင်းသူလေး ထိုင်နေကြသည်။ နင်ချင်းလည်း မျက်လုံးမှိတ်ကာ ကျင်းဝူပြန်းနှင့် မော့ယို နာမည်ပါအောင် ကဗျာ စပ်ကြည့်နေ၏။
ငါးမိနစ်ခန့် ကြာချိန်မှာတော့ မော့ယိုက ပြောလိုက်သည်။ “ရပါပြီ။ နားထောင်ကြည့်ပါ။
ဆီးနှင်းမြူမှုန် (မော့) ကြား၊ လရောင် (ယို) ဖြာ၊
ရေတွင်း (ကျင်း) ပျက်နား၊ ရှုမဆုံးရာ (ဝူပြန်း)၊
ဒိုက်ဖတ် (ဖူဖင်း) ငယ်ကို၊ ချစ်မိပါ၍၊
နောင်နှစ် ဤအချိန်၊ ထန်ထိုင်နန်းမှာ ဆုံတွေ့ပါ။”
(မှတ်ချက် - မူရင်းတရုတ်ကဗျာကို မြန်မာမှုပြုထားခြင်း ဖြစ်ပါသည်)
ဤကဗျာ ရွတ်လိုက်သည်နှင့် လူအားလုံး အံ့သြသွားကြ၏။ ‘ထန်ထိုင်ဖူဖင်း တောင်းဆိုတာက ကိုယ့်နာမည် ပါဖို့ပဲလေ။’
မော့ယို၏ ကဗျာထဲတွင် မော့ယို၊ ကျင်းဝူပြန်း၊ ထန်ထိုင်ဖူဖင်း သုံးယောက်လုံး၏ နာမည်ကို ဝှက်ပြီး ထည့်စပ်သွားသည်။
ကဗျာ၏ ပထမ သုံးကြောင်းက အထီးကျန်ဆန်မှုကို ဖော်ပြနေသည်။ သို့ပေမည့် နောက်ဆုံးစာကြောင်းတွင် အလှည့်အပြောင်း ပါလာ၏။
နောင်နှစ် ဤအချိန်၊ ထန်ထိုင်နန်းမှာ... ဆိုသည်မှာ ထန်ထိုင်ဖူဖင်းကို ပိုင်ဆိုင်ရမည်ဆိုသည့် ယုံကြည်မှုကို ပြသလိုက်ခြင်း ဖြစ်သလို ထန်ထိုင်မြဲ့မင်ကိုလည်း မြှောက်ပင့်လိုက်ခြင်း ဖြစ်သည်။
လက်ရှိ ခန်းမကို ထန်ထိုင်ခန်းမဟု ခေါ်သည်။ နောင်နှစ်တွင် ထန်ထိုင်နန်းတော်ဟု တင်စားလိုက်ခြင်းမှာ ထန်ထိုင်မြဲ့မင် ဘုရင်ဖြစ်လာတော့မည်ဟု ဆိုလိုခြင်း ဖြစ်၏။
ဤကဗျာက အဓိပ္ပာယ် သိပ်မနက်ရှိုင်းသော်ငြား အလွန် ပါးနပ်သည်။
လူတိုင်း သက်ပြင်းချလိုက်ကြ၏။ ‘မော့ယို နိုင်သွားပြီ။ဒီလက်ထပ်ပွဲကို မော့မိသားစု ရသွားပြီ။ ကျင်းမိသားစု ပျက်စီးပြီပဲ။’
ထန်ထိုင်ဖူဖင်းက ကျင်းဝူပြန်းကို ကြည့်ကာ မေးလိုက်သည်။ “သခင်လေး ကျင်းဝူပြန်း... ရှင်က မော့ယိုထက် ကောင်းတဲ့ ကဗျာ မစပ်နိုင်ရင် ရှုံးပြီနော်။”
.................
လူတိုင်း သတိမထားမိသော အချက်တစ်ချက် ရှိခဲ့၏။
သခင်လေး မော့ယိုက ထိုအလွန်ပါးနပ်သော ကဗျာကို ရွတ်ဆိုလိုက်သည့်အချိန်တွင် ထန်ထိုင်ဖူဖင်း၏ မျက်ဝန်းနက်နက်၌ စိတ်ပျက်ရိပ် အနည်းငယ် ဖြတ်သန်းသွားခဲ့သည်။
မော့ယို၏ ကဗျာသည် ပါးနပ်သည်။ ကောင်းမွန်သည်။ သို့ပေမည့် လွန်စွာ ဉာဏ်ကြီးလွန်းပြီး စကားလုံး ကစားလွန်းအားကြီးနေ၏။
ကဗျာဆိုသည်မှာ အဘယ်နည်း။
ကဗျာဆိုသည်မှာ စာလုံးများနှင့် ဝေါဟာရများကို စုပုံထားခြင်း မဟုတ်ပေ။
ကဗျာဆရာဆိုသည်မှာ ကြီးမြတ်သော အနုပညာရှင်ဖြစ်ပြီး စာလုံးစီသူ ပန်းရန်ဆရာ မဟုတ်ချေ။
ကဗျာတစ်ပုဒ်သည် ရင်ထဲက ခံစားချက်နှင့် စိတ်ဝိညာဉ်အဆင့်အတန်းကို ဖော်ပြနိုင်စွမ်း ရှိရမည်။
မော့ယို၏ ကဗျာတွင် လူသုံးဦးစလုံး၏ အမည်ပါဝင်နေပြီး မိမိ၏ သစ္စာခံယူမှုကိုပါ ထည့်သွင်းဖွဲ့ဆိုထားသည်။
သို့ပေမည့် ထန်ထိုင်ဖူဖင်းကဲ့သို့သော သူများ၏ အမြင်တွင် ကဗျာဆိုသည်မှာ အလွန်သန့်စင်သော အရာတစ်ခု ဖြစ်၏။
ကဗျာတစ်ပုဒ်သည် ခံစားချက် တစ်မျိုးတည်းကိုသာ ကိုယ်စားပြုသင့်သည်။ ရည်ရွယ်ချက်များလွန်းလျှင် မသန့်စင်တော့ပေ။
မော့ယို၏ ကဗျာသည် ကောင်းသည်။ သို့ပေမည့် အဆင့်အတန်း နိမ့်ကျသွားသည်။
အပေါ်ထပ် မှောင်ရိပ်ထဲတွင် ရပ်နေသော ထန်ထိုင်မြဲ့မင်သည်လည်း မော့ယို၏ ကဗျာကို ကြားပြီးနောက် မျက်နှာပျက်သွားခဲ့၏။
‘ငါက ရည်မှန်းချက်ကြီးတာ မှန်တယ်။ ပိုင်ရှင်မဲ့နယ်မြေတစ်ခုလုံးကို ပေါင်းစည်းပြီး ဘုရင်လုပ်ချင်တာလည်း မှန်တယ်။ ဒါပေမဲ့ မင်းက ကဗျာစပ်ပြီး သက်သက်မဲ့ ထုတ်ပြောဖို့ လိုလို့လား။ တချို့ကိစ္စတွေက လုပ်သာလုပ်ရတယ်။ ထုတ်ပြောလို့ မရဘူးလေ။
မင်း ဒီကဗျာကို ရွတ်လိုက်တော့ ငါ ထန်ထိုင်မြဲ့မင်က မြို့စား၊နယ်စား အားလုံးကို သိမ်းပိုက်ပြီး ငါ့ခြေရင်းမှာ ဝပ်တွားခိုင်းချင်နေတယ်ဆိုတာ လူသိရှင်ကြား ကြေညာလိုက်သလို ဖြစ်မနေဘူးလား။ မင်းက မြို့စား၊ နယ်စား အားလုံးကို ငါနဲ့ ရန်သူဖြစ်သွားအောင် တမင် တွန်းပို့လိုက်တာပဲ။’
သို့ပေမည့် ထန်ထိုင်ဖူဖင်းနှင့် ထန်ထိုင်မြဲ့မင်တို့ မည်မျှပင် မကျေမနပ်ဖြစ်စေကာမူ မော့ယို၏ ကဗျာမှာ ကောင်းမွန်နေသည်။
မျက်မြင်သက်သေ ဧည့်သည်ပေါင်း ရာချီ ရှိနေပြီး အနိုင်၊ အရှုံး အဖြေက ရှင်းနေ၏။
ကျင်းဝူပြန်းကဲ့သို့ ဘာမှမတတ်သော လူဖျင်းတစ်ယောက်အနေဖြင့် ကဗျာစာပေတွင် မော့ယိုကို အနိုင်ယူရန်မှာ ခက်ခဲလွန်းလှသည်။
လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။
.................
ထန်ထိုင်ဖူဖင်းက ပြောလိုက်သည်။ “သခင်လေး ကျင်းဝူပြန်း... ရှင် ကဗျာမစပ်နိုင်ရင် အချိန်ပြည့်သွားတာနဲ့ ရှုံးပြီလို့ သတ်မှတ်ရပါလိမ့်မယ်။”
ကျင်းဝူပြန်း မျက်လုံးဖွင့်လိုက်ပြီး ပြောလိုက်၏။ “သခင်မလေး ဖူဖင်း... ကျုပ်က မော့ယိုလောက် ဉာဏ်မကောင်းပါဘူး။ နာမည်သုံးခုလုံးကို ကဗျာတစ်ပုဒ်တည်းမှာ ထည့်မစပ်တတ်ပါဘူး။ ဒါပေမဲ့ ကဗျာသုံးပုဒ်စပ်ပြီး ကျုပ်တို့ သုံးယောက်ရဲ့ နာမည်တွေကို တစ်ပုဒ်စီ ထည့်ဖွဲ့ဆိုပါရစေ။”
ကျင်းဝူပြန်းက ပထမဆုံး ကဗျာကို ရွတ်ဆိုလိုက်သည်။
“လှေငယ်ကိုထိုး၍ ကြာဖြူခိုးလာ၊
ကလေးငယ်မှာ ခြေရာဖျောက်ရန် မေ့နေရှာ၊
ဖူဖင်း (ဒိုက်ဖတ်) လမ်းကြောင်း ထင်ရှားနေတာ။”
ပရိသတ်များ ကြားလိုက်ချိန်မှာတော့ သာမန်ကာလျှံကာသာ ဖြစ်သည်ဟု ထင်မှတ်ကြ၏။
သို့ပေမည့် ထန်ထိုင်ဖူဖင်းကမူ အလွန်ကောင်းမွန်သည်ဟု ခံစားလိုက်ရသည်။ ကလေးဘဝ၏ အပြစ် ကင်းစင်မှု၊ ဆော့ကစားမှုတို့ကို မြင်ယောင်လာစေပြီး ရိုးရှင်းသလောက် လှပသည်။
သူမစိတ်ထဲတွင် ဤကဗျာသည် မော့ယို၏ ကဗျာထက် ပိုကောင်းသည်ဟု ထင်မိသည်။ သို့ပေမည့် ဧည့်သည်ပရိသတ်များက ထိုသို့မထင်ကြပေ။
ဤပွဲသည် လူသိရှင်ကြား ကျင်းပသော ပွဲဖြစ်သောကြောင့် ထန်ထိုင်ဖူဖင်း တစ်ဦးတည်းကို ကျေနပ်စေရုံဖြင့် မရ၊ ပရိသတ် နှစ်ရာနီးပါးကိုပါ လက်ခံလာအောင် စွမ်းဆောင်ရမည် ဖြစ်သည်။
ကျင်းဝူပြန်းက ဆက်လက် ရွတ်ဆိုလိုက်၏။ “ဒုတိယကဗျာက သခင်လေး မော့ယိုရဲ့ နာမည် ပါဝင်ပါလိမ့်မယ်။ ခေါင်းစဉ်က ဆရာကြီး ထိုက်အာအား နှုတ်ဆက်ခြင်း ဖြစ်ပါတယ်။”
“တိမ်ဝါဖုံးလွှမ်း၊ နေမင်းမှေးမှိန်၊
မြောက်လေညှင်းနှင့်၊ နှင်းမှုန်ဝေစီ။
လမ်းခရီးမိတ်၊ မရှိမည်ကို၊
မော့ယို မပူနှင့်၊ မိုးအောက်ဤတွင်
သင့်ကိုမသိသူ၊ မည်သူရှိမည်နည်း။
အတောင်ကျိုးငှက်၊ သနားတတ်စွာ၊
ကိုယ်ကိုယ်တိုင်ပင်၊ မျက်ရည်စိုမိ။
မြို့တော်ဝေးကွာ၊ နှစ်ပေါင်းဆယ်လွန်၊
ယောက်ျားကောင်းတို့၊ မွဲတေသော်လည်း
မာနမလျော့၊ ဂုဏ်မလျော့မို့။
ယနေ့ပြန်ဆုံ၊ ဝမ်းမြောက်သော်လည်း၊
သေရည်ဖိုးပင်၊ မရှိပါတကား။”
(မှတ်ချက် - မူရင်းကဗျာ၏ အဓိပ္ပာယ်ကို မပျက်စေဘဲ မြန်မာမှု ပြုထားခြင်း ဖြစ်ပါသည်)
......................
အပိုင်း (၁၀၄)
ဤဒုတိယ ကဗျာ ထွက်ပေါ်လာသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထန်ထိုင်ဖူဖင်း ဆိုလျှင် ကြက်သီးမွေးညှင်းများပင် ထသွားသည်။
ပထမကဗျာကို ကောင်းမှန်းဆိုးမှန်း မသိနိုင်လျှင်ပင် ဤဒုတိယကဗျာကိုမူ စာပေအနည်းငယ် တတ်သူတိုင်း မည်မျှ ထူးချွန်ပြောင်မြောက်ကြောင်း နားလည်လိုက်ကြ၏။
မပူပါနှင့် (မော့ယို) ဆိုသော စကားလုံးကို သုံးနှုန်းထားပုံမှာ သဘာဝကျလွန်းလှပြီး ကဗျာ၏ အသက်ဝိညာဉ် ဖြစ်သွားစေသည်။
ဤကဗျာ၏ အဆင့်အတန်းနှင့် ခံစားချက်သည် မော့ယို၏ ကဗျာထက် အဆပေါင်းများစွာ သာလွန် လွန်းလှ၏။
အထူးသဖြင့် “လမ်းခရီး၌ မိတ်ဆွေမရှိမည်ကို မပူပါနှင့်၊ ကောင်းကင်အောက်၌ သင့်ကိုမသိသူ မည်သူရှိမည်နည်း” ဆိုသည့် စာသားမှာ ရာစုနှစ်တစ်ခုအတွင်း အကောင်းဆုံး စာသားပင် ဖြစ်သည်။
စာဆိုတော်ကြီး လီထိုက်အာသည် တိုင်းပြည်၏ စာပေပါရမီရှင် ဖြစ်သော်လည်း အိမ်ရှေ့စံ၏ ပုန်ကန်မှုတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရကာ အနောက်ဘက် နယ်စပ်သို့ ဆယ်နှစ်တိုင်တိုင် ပြည်နှင်ဒဏ် ပေးခံခဲ့ရ၏။
ပြန်ရောက်လာချိန်တွင် ဆင်းရဲမွဲတေနေပြီ ဖြစ်သည်။ သို့ပေမည့် ဆရာကြီး လီထိုက်အာ၏ ဂုဏ်သတင်းမှာ ပျောက်ကွယ်သွားခြင်း မရှိဘဲ ကောင်းကင်အောက်တွင် ကျော်ကြားနေဆဲ ဖြစ်သည်။
ထန်ထိုင်ဖူဖင်းက ပြောလိုက်၏။ “သခင်လေး ကျင်းဝူပြန်း... ရှင်ရဲ့ ဒုတိယ ကဗျာက ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ကျွန်မ မေးခွန်းထုတ်ထားတာက ကိုယ့်နာမည် ကိုယ်ပါအောင် စပ်ရမှာပါ။ သူများနာမည် ပါအောင် စပ်ရမှာ မဟုတ်ပါဘူး။”
ကျင်းဝူပြန်းက ကျယ်လောင်စွာ ပြောလိုက်သည်။ “တတိယကဗျာ... ဆရာကြီး ထိုက်အာ တောင်ပေါ်သို့ တက်ရောက်ခြင်း ဖြစ်ပါတယ်။
ပြင်းလေတိုက်ခတ်၊ ကောင်းကင်မြင့်လျက်၊
မျောက်လွှဲကျော်တို့၊ အော်သံမြည်။
သောင်ပြင်ရှင်းလင်း၊ သဲဖြူဝင်းလျက်၊
ငှက်ငယ်ဝဲလို့၊ လေတန်းစီး။
အဆုံးအစမဲ့ (ဝူပြန်း)၊ ကြွေသစ်ရွက်တို့၊
တရိပ်ရိပ်ကျ၊ မြေသို့ခ။
ထျန်းကျန်းမြစ်ရေ၊ မကုန်မခမ်း၊
တသွင်သွင်စီး၊ ထာဝရသာနှီ။
မိုင်သောင်းဝေးလျက်၊ အရပ်တစ်ပါး၊
ဧည့်သည်စိမ်းဘဝ၊ အထီးကျန်ရ။
ရောဂါထူပြော၊ ကိုယ်တည်းခန္ဓာ၊
တစ်ကိုယ်တည်းသာ၊ လှမ်းရတာ။
ဒုက္ခပင်ပန်း၊ နှစ်များလွန်သော်၊
ဆံပင်ဖြူများ၊ ပြည့်လာရ။
လောကစိတ်ပျက်၊ သေရည်ခွက်ကို၊
စွန့်လွှတ်ခဲ့ပြီ၊ ဝမ်းနည်းစွာ.....။”
.................
ကျင်းဝူပြန်း၏ တတိယကဗျာ ဆုံးသွားချိန်တွင် ခန်းမတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွား၏။
ထန်ထိုင်ဖူဖင်းမှာ ကြက်သီးထရုံမက ဦးခေါင်းခွံများပါ ကျဉ်တက်သွားသလို ခံစားလိုက်ရသည်။ တစ်ကိုယ်လုံး ထုံကျင်သွားသည်။
ရာစုနှစ်တစ်ခုအတွင်း အကောင်းဆုံး လက်ရာမွန် ဖြစ်သည်။ အံ့သြစရာ ကောင်းလွန်းသည်။ တုန်လှုပ်စရာ ကောင်းလွန်းလှ၏။
ဆရာကြီး လီထိုက်အာသည် စာပေလောက၏ ဧရာမ သစ်ပင်ကြီး ဖြစ်သလို ဝမ်းနည်းဖွယ် ဇာတ်ကောင်လည်း ဖြစ်သည်။ ထို့ကြောင့် ဆယ်စုနှစ်များစွာအတွင်း သူ့အကြောင်း ရေးဖွဲ့ခဲ့ကြသည့် ကဗျာများ မရေမတွက်နိုင်အောင် ရှိခဲ့သည်။
သို့ပေမည့် ယနေ့ ဤကဗျာနှစ်ပုဒ် ထွက်ပေါ်လာပြီးနောက်တွင် ဆရာကြီး လီထိုက်အာအကြောင်း ဖွဲ့ဆိုသည့် ကဗျာများ ရပ်တန့်သွားရပေတော့မည်။
အဘယ်ကြောင့်ဆိုသော် အထွတ်အထိပ်သို့ ရောက်သွားပြီဖြစ်ရာ ဤထက်ကောင်းသော ကဗျာများ ပေါ်ထွက်လာစရာအကြောင်း မရှိတော့သောကြောင့်ပင်။
ဤကဗျာက မကောင်းဘဲ နေပါ့မည်လား။ ကမ္ဘာမြေ၏ ရှေးခေတ်ကာလတွင် တုဖူ၏ အကောင်းဆုံး လက်ရာဖြစ်ပြီး ထိပ်တန်းကဗျာ တစ်ပုဒ်အဖြစ် သတ်မှတ်ခံထားရသည်။
အဓိကအချက်မှာ ဤကဗျာသည် ဆရာကြီး လီထိုက်အာ၏ ဘဝနှင့် လုံးဝ ကိုက်ညီနေခြင်း ဖြစ်၏။
ထို့အပြင် ဤကဗျာထဲတွင် ကျင်းဝူပြန်း၏ နာမည်မှ ဝူပြန်း (အဆုံးအစမဲ့) ဆိုသည့် စကားလုံးလည်း ပါဝင်နေသည်။ စာသားတိုင်းသည် ပြီးပြည့်စုံလွန်းလှ၏။
ကျင်းဝူပြန်း နှင့် မော့ယို မည်သူနိုင်သနည်း။ အဖြေ လိုသေးလို့လား။ မလိုအပ်တော့ချေ။
နားမကန်းသောသူ၊ စာတတ်သောသူတိုင်း ကျင်းဝူပြန်း၏ ကဗျာက မော့ယိုထက် အဆပေါင်းများစွာ သာလွန်ကြောင်း ဆုံးဖြတ်နိုင်ကြသည်။
သူတို့နှစ်ယောက်၏ ကဗျာကို ယှဉ်တွဲထားခြင်းကပင် မော့ယိုအတွက် အရှက်ရစရာ ဖြစ်နေလေ၏။ မော့ယို၏ ကဗျာက ပါးနပ်သော်လည်း ကျင်းဝူပြန်း၏ ကဗျာများနှင့် ယှဉ်ရန် အဆင့်မမီပေ။
မော့ယို ကိုယ်တိုင်လည်း ရလဒ်ကို သိလိုက်ပြီ ဖြစ်သည်။ သူ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ခြေလှမ်းများ ယိုင်နဲ့ကာ ပါးစပ်မှ တီးတိုးရေရွတ်နေမိ၏။
“မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ကျင်းဝူပြန်းက အမှိုက်ကောင်လေ။ ဘာမှမတတ်တဲ့ အမှိုက်ကောင်က ဒီလိုကဗျာမျိုး ဘယ်လိုလုပ် ရေးနိုင်မှာလဲ။”
“လိမ်တာ။ ခင်ဗျားတို့ လိမ်တာ။”
မော့ယိုက ထန်ထိုင်ဖူဖင်းကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။ “ခင်ဗျားနဲ့ ကျင်းဝူပြန်း ကြိုပြီး ဇာတ်တိုက်ထားတာ။ သူ မေးခွန်းကို ကြိုသိနေတယ်။ ဟို သင်္ချာပုစ္ဆာ အဖြေကိုလည်း ခင်ဗျား ကြိုပေးထားတာ။ ဒီကဗျာသုံးပုဒ်ကိုလည်း ခင်ဗျား ကြိုရေးပေးထားတာ။ ခင်ဗျားတို့ မသမာမှု လုပ်နေကြတာပဲ။”
ဒီစကား ထွက်လာသည်နှင့် ပရိသတ်အားလုံး မျက်နှာပျက်သွားကြ၏။
မော့ချို နှင့် မြို့စား မော့ရယ်တို့လည်း မျက်နှာ ပျက်သွားကြသည်။ ‘မိုက်မဲလိုက်တာ။ သေချင်နေတာပဲ။’
မော့ယိုသည် ပုံမှန်အချိန်တွင် အလွန် ဉာဏ်ကောင်းသူဟု ထင်ရသော်လည်း အရေးကြုံချိန်တွင် ဤမျှ အသုံးမကျဖြစ်သွားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
အစစ်အမှန်တရားမှာတော့ ဤအရာက ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စပင်။ သူက စာတော်သည်၊ ပါရမီရှိသည်၊ ထို့ကြောင့် မာနကြီးသည်။ လူမှုဆက်ဆံရေး ညံ့ဖျင်းသည်။
ဤကဲ့သို့သော လူမျိုးတွေမှာ ရှိတတ်သော အကျင့်တစ်ခုမှာ အရှုံးကို လက်မခံနိုင်ခြင်းပင် ဖြစ်သည်။ ဖန်ပေါင်းချောင်ထဲက ပန်းပွင့်လေးလို လူစားမျိုးပင်။
သို့ပေမည့် သူ့ပြောစကားတွင် အမှန်တရား တစ်ခုတော့ ပါဝင်နေသည်။ ကျင်းဝူပြန်းကဲ့သို့ အသုံးမကျသော လူဖျင်းတစ်ယောက်က ဤမျှလောက်ကောင်းမွန်သော ကဗျာများကို မည်သို့ ရေးစပ်နိုင်မည်နည်း။ ဤကဲ့သို့ ရာစုနှစ်ချီ ထင်ကျန်ရစ်မည့် ကဗျာမျိုးကို ထန်ထိုင်ဖူဖင်း ကိုယ်တိုင်တောင် ရေးနိုင်မည် မဟုတ်ပေ။
မြို့စား မော့ရယ်က သူ့သားကို တားဆီးရန် ပြေးထွက်သွားသော်လည်း မော့ချိုက မျက်လုံးအကြည့်ဖြင့် ဖခင်ဖြစ်သူကို တားဆီးလိုက်သည်။
မော့ယိုက ဆက်လက် အော်ဟစ်နေ၏။ “ကျင်းဝူပြန်းက ဘယ်လိုလူလဲဆိုတာ ဒီမှာရှိတဲ့ လူတိုင်း သိကြပါတယ်။ စာမတတ်ပေမတတ် ကောင်လေ။ သူက ဘယ်လိုလုပ် ကဗျာစပ်တတ်မှာလဲ။ ပြီးတော့ ဒီလို လက်ရာမွန်မျိုးကို ရေးနိုင်တယ် ဟုတ်လား။ ဒါ မသမာမှုပဲ။ သေချာပေါက် မသမာမှုပဲ။”
ဤစကားကို ကြားချိန်မှာတော့ အားလုံး တွေးတောသွားကြသည်။ ‘ဟုတ်တော့ ဟုတ်သားပဲ။ ကျင်းဝူပြန်းက အသုံးမကျဘူး ဆိုတာ ပိုင်ရှင်မဲ့နယ်မြေတစ်ခုလုံး သိကြတာပဲ။ ဒီလိုကဗျာမျိုး သူ ရေးနိုင်စရာ အကြောင်း မရှိဘူး။’
မော့ယို အော်ပြောလိုက်၏။ “ကျင်းဝူပြန်း... ခင်ဗျား မသမာမှု လုပ်ထားတယ်။ ဒါကြောင့် ဒီနေ့ ပြိုင်ပွဲမှာ ခင်ဗျား ရှုံးတယ်။”
ကျင်းဝူပြန်းက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “ခင်ဗျားက မသမာမှု လုပ်တယ်ဆိုရင် ဟုတ်ရောလား။”
မော့ယိုက မေးလိုက်၏။ “ဒီကဗျာတွေ ခင်ဗျားကိုယ်တိုင် ရေးတာပါလို့ ကျိန်ဆိုရဲလား။”
ကျင်းဝူပင်းက ခေါင်းညိတ်လိုက်သည်။ “ဒါပေါ့။ ကျုပ်ဘာသာ ရေးတာလေ။”
မော့ယိုက ဒေါသတကြီးဖြင့် အော်လိုက်၏။ “ခင်ဗျား ထန်ထိုင်ဖူဖင်းနဲ့ ပေါင်းပြီး ကြိုဇာတ်တိုက်ထားတာ ရှင်းနေတာပဲ။ ဒါမှမဟုတ် နင်ချင်း ရေးပေးထားတာလား။ သူနဲ့ ယွင်အောက်ထျန်းက ဖောက်ပြန်နေကြတာ လူတိုင်း သိတယ်။”
ကျင်းဝူပြန်းက ပြန်ပြောလိုက်သည်။ “ကျုပ်က ထန်ထိုင်ဖူဖင်းနဲ့ ပူးပေါင်းတယ်ဆိုရင်တောင်မှ ခင်ဗျားနဲ့တော့ မပူးပေါင်းမိပါဘူးကွာ။”
မော့ယိုက ပြောလိုက်၏။ “ဒါပေါ့။ ကျုပ်နဲ့ ဘယ်ပူးပေါင်းပါ့မလဲ။”
ကျင်းဝူပြန်းက ပြောလိုက်သည်။ “ဒါဆို ခင်ဗျား ကျုပ်ကို မေးခွန်းထုတ်လေ။ ကျုပ် ဖြေနိုင်ရင် ကျုပ်ရဲ့ အရည်အချင်းက အစစ်ဆိုတာ သက်သေပြပြီးသား ဖြစ်မသွားဘူးလား။”
မော့ယိုက သဘောတူလိုက်၏။ “ကောင်းပြီ။ ကျုပ် ခင်ဗျားကို မေးမယ်။”
ကျင်းဝူပြန်းက စိန်ခေါ်လိုက်သည်။ “လာလေ။ ကြိုက်သလို မေး။ ကဗျာစပ်တာတွေ ဘာတွေ လုပ်မနေနဲ့တော့။ တိုက်ရိုက်သာ စကားရည်လုပွဲ လုပ်ကြစို့။ စာပေစွမ်းရည် တိုက်ပွဲပေါ့။”
မော့ယိုက လက်ခံလိုက်၏။ “ကောင်းပြီ။ ကျုပ်တို့ စာသင်ကျောင်းမှာ ကစားလေ့ရှိတဲ့ စကားရည်လုပွဲ လုပ်မယ်။ စကားထာဝှက်မယ်။ ကျုပ်က အစစာကြောင်း ရွတ်မယ်။ ခင်ဗျားက နောက်ဆက်တွဲ စာကြောင်းကို ချက်ချင်း ပြန်ချေပနိုင်ရင် နိုင်မယ်။ မချေပနိုင်ရင် ရှုံးမယ်။ ဘယ်လိုလဲ။”
“ကောင်းပြီ။”
ကျင်းဝူပြန်းက လက်ခံလိုက်သည်။ “ခင်ဗျားကို အမှုန့်မဖြစ်အောင် မချေမှုန်းနိုင်ရင် ကျုပ် ကျင်းဝူပြန်း ထန်ထိုင်ဖူဖင်းကို လက်ထပ်ဖို့ မျက်နှာမရှိပါဘူး။”
မော့ယိုက ပြောလိုက်၏။ “ဒါဆို အားလုံးပဲ သက်သေလုပ်ပေးကြပါ။ ကျုပ်နဲ့ ကျင်းဝူပြန်း အခုချက်ချင်း စကားရည်လုပွဲ လုပ်ပါမယ်။”
ခန်းမတစ်ခုလုံး စိတ်လှုပ်ရှားသွားကြသည်။ စာပေစွမ်းရည်ကို ဓားချင်းယှဉ်ခုတ်သလို တိုက်ခိုက်တာမျိုး မြင်ရခဲသည်။ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
ထန်ထိုင်ဖူဖင်း တားချင်သော်လည်း အချိန်နှောင်းသွားခဲ့၏။ လေးညှို့ပေါ် ရောက်နေသော မြားတစ်စင်းကို မပစ်ဘဲ နေ၍မရတော့ချေ။ သို့ပေမည့် သူမသည် မော့ယိုကို အလွန် စိတ်ပျက်သွားမိတော့၏။
မော့ယိုမှာမူ တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေပြီး ကျင်းဝူပြန်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “နားထောင်၊ ကျုပ်ရဲ့ အစစာကြောင်းက... အလင်းရောင်အောက်တွင် ဘေးအန္တရာယ် ကင်းဝေးပါစေ။”
ကျင်းဝူပြန်းက တည်ကြည်စွာ ရွတ်ဆိုလိုက်၏။
“အမှောင်ထုထဲ၌ပင်
စိတ်မမှားစေနှင့်၊
ပြစ်မှားခြင်းမျိုး
မပြုစေနှင့်။”
မော့ယိုက တိတ်တဆိတ် ခေါင်းညိတ်၍ ရွတ်ဆိုလိုက်သည်။
“အတွေးတစ်ချက်
မှားယွင်းပါက
ခြေလှမ်းတစ်ရာ
ပျက်စီးနိုင်သည်။”
ကျင်းဝူပြန်းက အားကျမခံ ချက်ချင်း ပြန်ရွတ်၏။
“ကောင်းမှုကုသိုလ် စုံလင်သော်
တစ်ဘဝလုံး နောင်တကင်းမည်။”
မော့ယိုသည် ကောင်းကင်သို့ လက်ညှိးထိုး၍ ကျယ်ကျယ် ရွတ်လိုက်သည်။
“ကြည့်ပါ...
ကောင်းကင်သည် စစ်တုရင်ခုံ၊
ကြယ်များက စစ်တုရင်ရုပ်။
ထိုခုံပေါ်တွင်
မည်သူ ရွှေ့ကစားရဲမည်နည်း။”
ကျင်းဝူပြန်း မြေပြင်ကို လက်ညိုးထိုး၍ ပြန်အော်လိုက်၏။
“မြေပြင်သည် စောင်းအိုး၊
လမ်းတွေက စောင်းကြိုး....။
ထိုစောင်းကြိုးကို
မည်သူ တီးခတ်နိုင်မည်နည်း။”
မော့ယိုက အညံ့မခံပေ။
“အတွေးတစ်ချက် လွဲချော်ခြင်းက
ဘဝကောင်းမှုကို ဖျက်ဆီးနိုင်သည်။”
ကျင်းဝူပြန်းက ထပ်ရွတ်သည်။
“တစ်သက်လုံး ဆင်ခြင်နေလည်း
အမှားတစ်ခု လုပ်မိပါက
ဖုံးဖိရန်မှာ ခဲယဉ်းလှသည်။”
မော့ယိုက သက်ပြင်းချ၍ ရွတ်ဆိုလိုက်၏။
“အသက်ကြီးလျှင် ဘိုးဘွား၊
စာမေးပွဲဖြေလျှင် ကျောင်းသား၊
ဘိုးဘွားကျောင်းသားမှာတော့
အိုသည်အထိ စာမေးပွဲဖြေနေရသည်။”
ကျင်းဝူပြန်းက နူးညံ့စွာ ရွတ်ဆိုသည်။
“တစ်ယောက်ဆိုလျှင် ကြီးမြတ်၊
နှစ်ယောက်ဆိုလျှင် ကောင်းကင်။
သိုသော်ငြား …
ကောင်းကင်ထက် ကြီးမားသောအရာရှိသည်။
ထိုအရာက
လူ့မေတ္တာတည်း။”
အစအဆုံး မော့ယို မေးသမျှကို ကျင်းဝူပြန်းက ချက်ချင်း တုံ့ပြန်သည်။ အချိန်ဆွဲခြင်းမရှိ၊ စဉ်းစားချိန်ပင် မယူဘဲ ပါးစပ်ဟသည်နှင့် အဖြေက အဆင်သင့် ထွက်ကျလာ၏။
စာကြောင်းတိုင်းသည် အလွန် လိုက်ဖက်ညီပြီး အဓိပ္ပာယ် လေးနက်သည်။ လောကသဘာဝကို ထိုးထွင်းမြင်သကဲ့သို့ ရှိနေသည်။
ဤသို့ နှုတ်ဖြင့် ဓားချင်းခုတ်သကဲ့သို့ တိုက်ခိုက်နေကြသည်မှာ နားထောင်ကောင်းလွန်းလှ၏။
မော့ယို၏ မျက်နှာ ပိုမို၍ ဖြူဖပ်ဖြူရော် ဖြစ်လာပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ ကျင်းဝူပြန်းနှင့် ထန်ထိုင်ဖူဖင်းတို့ ပူးပေါင်းပြီး မသမာမှု လုပ်ထားသည်ဟု သူ အခိုင်အမာ ယုံကြည်ထားသော်လည်း ယခု သူကိုယ်တိုင် စစ်ဆေးသည့်အခါ ကျင်းဝူပြန်း၏ တုံ့ပြန်မှုများမှာ ပြီးပြည့်စုံနေပြန်သည်။
‘ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျင်းဝူပြန်းဆိုတဲ့ အရူးက တကယ်ပဲ ပါရမီရှင် ဖြစ်နေတာလား။’
မော့ယိုသည် စကားရည်လုပွဲများတွင် တစ်ခါမှ မရှုံးဖူးသော်လည်း ယနေ့တွင် အကြီးအကျယ် အရှက်ကွဲရပြီ ဖြစ်၏။ သူ့ခေါင်းထဲရှိ စာသားများလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေ၏။
ထိုအချိန်တွင် အပြင်မှ လေတစ်ချက် တိုက်ခတ်လာသည်။ ခန်းမထဲရှိ လူတိုင်းက မော့ယိုကို သရော်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
မော့ယို ဝမ်းနည်းစွာ ရွတ်ဆိုလိုက်၏။
“လေပြည်လေညင်းတို့ ပြည့်နှက်နေသော်လည်း ကျုပ်အတွက် နေရာမရှိပါတကား။”
ထိုအချိန် အပြင်ဘက်တွင် ညရောက်နေပြီဖြစ်ပြီး လခြမ်းကွေးလေးမှာ မမြင်ရလောက်အောင် မှေးမှိန်နေသည်။
ကျင်းဝူပြန်းက ချက်ချင်း တုံ့ပြန်လိုက်၏။
“လမင်းသည် မည်သည့်အချိန်မှ လူတို့ကို ပြန်လည် အလင်းပေးမည်နည်း။”
နောက်ထပ် ကောင်းမွန်လှသည့် စာသားတစ်ခွန်းပင်။
မော့ယို ခေါင်းပေါက်မတတ် စဉ်းစားသော်လည်း မထွက်တော့ပေ။ သူသည် မာနကြီးသူ တစ်ယောက် ဖြစ်သည်။
သူ့အကြည့်က ခန်းမထောင့်ရှိ ရေတံခွန်ငယ်လေးဆီ ရောက်သွားသည်။ ရေတံခွန်မှ ရေစီးသံ သဲ့သဲ့ ကြားနေရသည်။ လေတိုက်လိုက်သောကြောင့် ရေကန်ငယ်လေးတွင် လှိုင်းဂယက်များ ထသွား၏။
မော့ယို အကြံရသွားပြီး အော်ပြောလိုက်၏။
“ရေပြင်မှာ အပူမရှိ၊ လေနှင်ရာကြောင့် လှိုင်းထရသည်။”
ခန်းမထဲတွင် ပန်းချီကားချပ်ကြီး တစ်ခုရှိပြီး ထိုအထဲတွင် ပိုင်ကျင်းတောင်ကြီးပုံ ပါရှိသည်။ ပိုင်ရှင်မဲ့ နယ်မြေ၏ အမြင့်ဆုံး တောင်ကြီးဖြစ်ပြီး ထိပ်ပိုင်းတွင် နှင်းဖုံးနေသော်လည်း အောက်ပိုင်းတွင် စိမ်းလန်း စိုပြေနေသည်။
ကျင်းဝူပြန်းက ပန်းချီကားကို လက်ညှိုးထိုးကာ ပြုံးလျက် ပြောလိုက်၏။
“တောင်တန်းကြီးက မအိုမင်းနိုင်၊ နှင်းကျလို့သာ ခေါင်းဖြူရသည်။”
ဤစာသားက ပို၍ပင် ကောင်းမွန်နေသေး၏။ အံ့မခန်း ပါရမီပင် ဖြစ်သည်။
မော့ယို တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာပြီး ခေါင်းများ မူးဝေလာသည်။ လူအများ၏ ကဲ့ရဲ့သရော်သော အကြည့်များကို မြင်ရချိန်မှာတော့ ခြေထောက်များ ယိုင်နဲ့လာ၏။
‘ကျုပ်... ကျုပ်မှာ အကောင်းစား စာသားတွေ ကျန်ပါသေးတယ်။’
သူက ရေကန်ငယ်လေးကို ကြည့်လိုက်ရာ ရေကြည်လင်နေသော်လည်း အတွင်း၌ ငါးတစ်ကောင်မှ မရှိသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ရွတ်ဆိုလိုက်သည်။
“ရေက ကြည်လွန်းတော့ ငါးမနေ။”
ကျင်းဝူပြန်းက မော့ယိုကို လက်ညှိုးထိုးကာ အားရပါးရ ရယ်မောလျက် ပြန်ပြောလိုက်၏။
“လူက အရှက်မဲ့လွန်းတော့ ပြိုင်ဘက်ကင်း။”
“ဟေး... ဟေး... ဟေး... ကောင်းလိုက်တဲ့ ကဗျာ..” ပရိသတ်များ အောင့်အီးမထားနိုင်တော့ဘဲ လက်ခုပ်တီးကာ အော်ဟစ်အားပေးလိုက်ကြသည်။
ဤနောက်ဆုံး စာသားက ခန်းမတစ်ခုလုံးကို ပေါက်ကွဲသွားစေ၏။
သခင်လေး မော့ယို ဆက်လက် တောင့်မခံနိုင်တော့ပေ။
သူက ကျင်းဝူပြန်းကို လက်ညှိုးထိုးကာ တုန်ယင်စွာ ပြောလိုက်သည်။ “ခင်ဗျား.. ခင်ဗျား..”
သူ၏ခြေလက်များ အေးစက်လာပြီး မျက်လုံးများ ပြာဝေလာသည်။ ခေါင်းမူးသွားပြီးနောက် ကြမ်းပြင်ပေါ်သို့ ပစ်လဲကျကာ သတိမေ့မြောသွားတော့၏။
.................
ခန်းမတစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထို့နောက် မိုးခြိမ်းသံကဲ့သို့သော လက်ခုပ်သံများ ထွက်ပေါ်လာသည်။ ယနေ့ စာပေတိုက်ပွဲသည် အလွန် ကြည့်ကောင်းပြီး စိတ်ကျေနပ်စရာ ကောင်းလှ၏။
ပိုင်ရှင်မဲ့နယ်မြေသည် ယဉ်ကျေးမှု ခေါင်းပါးသော အရိုင်းနယ်မြေဟု ဆိုကြသော်လည်း ယနေ့ စာပေတိုက်ပွဲ သည် ရာစုနှစ်တစ်ခုအတွင်း မကြုံစဖူး ထူးခြားသည်။
မျက်မြင်သက်သေ အားလုံးသည် နွေရာသီတွင် ရေခဲရေသောက်လိုက်ရသလို၊ ဆောင်းရာသီတွင် သေရည်ပြင်း သောက်လိုက်ရသလို တရှိန်းရှိန်းနှင့် ခံစားလိုက်ကြရ၏။
စာပေ၏ စွမ်းအားက ဤမျှ ကြီးမားလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ စာပေတိုက်ပွဲသည် သိုင်းပညာ ပြိုင်ပွဲကဲ့သို့ပင် လူတစ်ယောက်ကို မြေကြီးပေါ် လဲကျသွားအောင် စွမ်းဆောင်နိုင်သည်ကို တွေ့လိုက်ရသည်။
မော့ယိုသည် ပညာရှင်တစ်ယောက် ဖြစ်သည်။ တာရှီစာသင်ကျောင်း၏ နံပါတ်တစ် ပါရမီရှင်ဆိုသည်မှာ နာမည်ခံသက်သက် မဟုတ်ပေ။
သို့ပေမည့် သူတော်လွန်းသောကြောင့်ပင် ကျင်းဝူပြန်း၏ အောင်ပွဲက ပိုမို ကြီးကျယ်ခမ်းနားသွားစေသည်။
ယနေ့ပွဲသည် ပိုင်ရှင်မဲ့နယ်မြေ၏ စာပေသမိုင်းတွင် အထွတ်အထိပ် တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။
.................