← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 10 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 10 Ch. 105-106

အပိုင်း (၁၀၅)

ကြမ်းပြင်ပေါ်တွင် သတိမေ့လဲကျနေသော မော့ယိုကို ကြည့်ပြီးနောက် ကျင်းဝူပြန်းသည် ရှေ့သို့တိုးကာ ထန်ထိုင်ဖူဖင်းကို ဦးညွှတ်လျက် မေးလိုက်သည်။ “သခင်မလေး ထန်ထိုင်... ဒီနေ့ စာပေပြိုင်ပွဲမှာ ကျုပ် အနိုင်ရပြီ မဟုတ်လား။ ကျင်းမိသားစုနဲ့ ထန်ထိုင်မိသားစု လက်ထပ်မဟာမိတ် ဖြစ်ပြီ မဟုတ်လား။”

ထန်ထိုင်ဖူဖင်းသည် စောဏက စာပေတိုက်ပွဲ၏ အရှိန်ကြောင့် ကြောင်ငေးနေဆဲ ဖြစ်၏။

သူမအတွက်လည်း စောဏက အဖြစ်အပျက်သည် စိတ်ဝိညာဉ်ကို နှိုးဆွပေးသော ပွဲတော်တစ်ခု ဖြစ်ခဲ့၏။ ယခု သတိပြန်ဝင်လာချိန်မှာတော့ အရက်မူးကျန်သကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။

သို့ပေမည့် သူမ အသေအချာ သိနေသည်မှာ သူမအား စာပေစွမ်းရည်ဖြင့် ရိုက်ခတ်သွားသောသူသည် မျက်စိရှေ့မှ ကျင်းဝူပြန်း လုံးဝ မဟုတ်နိုင်ပေ။ ကျင်းဝူပြန်းတွင် ဤမျှလောက် အရည်အချင်း မရှိချေ။

‘ဒါပေမဲ့ သူက မေးခွန်းတွေကို ကြိုမသိနိုင်ဘဲနဲ့ ဘယ်လိုလုပ် ဖြေနိုင်တာလဲ။ ဘာကြောင့်လဲ။ ဘာကြောင့် ဒီလောက် အံ့မခန်း စွမ်းဆောင်နိုင်ရတာလဲ။ ဒါ မူမမှန်ဘူး။ လုံးဝ မူမမှန်ဘူး။’

ထန်ထိုင်ဖူဖင်း တွန့်ဆုတ်နေသည်ကို မြင်ချိန်မှာတော့ ပရိသတ်ရာချီက လက်သီးလက်မောင်းတန်းကာ အော်ဟစ်လိုက်ကြသည်။ “နိုင်တယ်။ နိုင်တယ်။ နိုင်တယ်။”

ရှိနေသူများထဲတွင်မြို့စားနယ်စားများသာမက တာရှီစာသင်ကျောင်းမှ ကျောင်းသား ရာချီလည်း ပါဝင်သည်။

သူတို့သည် စာပေတိုက်ပွဲကြောင့် သွေးဆူနေကြပြီး ကျင်းဝူပြန်း၏ ပရိသတ်များ ဖြစ်သွားကြပြီဖြစ်၏။

‘ဒီလောက်ထိ စွမ်းဆောင်ပြတာတောင် မနိုင်ဘူးဆိုရင် တရားမျှတမှုက ဘယ်မှာရှိတော့မလဲ။’

ထန်ထိုင်ဖူဖင်း အကျပ်ရိုက်နေသည်။

ကျင်းဝူပြန်းတွင် ဤမျှလောက် အရည်အချင်း မရှိကြောင်း သူမ ကောင်းကောင်း သိသည်။ သူမကိုယ်တိုင်က ပညာရှင်တစ်ဦး ဖြစ်သည့်အတွက် ဤကဗျာနှင့် စာသားများသည် သာမန်စာပေသမား ရေးနိုင်သည့် အရာများ မဟုတ်မှန်း သိရှိ၏။

ထိုလူ၏ အဆင့်အတန်းက သူမထက် အများကြီး မြင့်မားသလို နင်ချင်းထက်လည်း သာလွန်သည်။

‘ဒီလို လူမျိုးက ပိုင်ရှင်မဲ့နယ်မြေမှာ မရှိသင့်ဘူး။ နန်ကျိုးအင်ပါယာ၊ တာယင်အင်ပါယာ၊ ဒါမှမဟုတ် တရုတ်ပြည်မကြီးလို နေရာမျိုးမှာပဲ ရှိသင့်တာ။ ဆရာကြီး လီထိုက်အာ မွေးဖွားရာ နေရာမျိုးမှာပဲ ရှိသင့်တာ။

ဒီကိစ္စမှာ ပြဿနာ တစ်ခုခု ရှိနေတယ်။’

သို့ပေမည့် ပြဿနာက ဘယ်နေရာမှာလဲ ဆိုသည်ကို သူမ ရှာမတွေ့ပေ။ ကျင်းဝူပြန်း၏ ယနေ့ည ဖျော်ဖြေမှုမှာ အပြစ်အနာအဆာ ကင်းမဲ့လွန်း၏။ မသမာမှု အရိပ်အယောင် လုံးဝ ရှာမတွေ့ပေ။

သို့သော်ငြား တစ်ခုခု လွဲနေမှန်း၊ နောက်ကွယ်မှာ တစ်စုံတစ်ရာ ရှိနေမှန်း သူမ ခံစားမိသည်။ ထို့အပြင် ယွင်အောက်ထျန်း ဆိုသည့်လူ နှောင့်ယှက်နေခြင်း ဖြစ်ရမည်လို့ ထင်မိသည်။ သက်သေ မရှိပေမဲ့ သူမ၏ အာရုံခံစားမှုက ပြောနေသည်။

ထန်ထိုင်ဖူဖင်း တုံ့ဆိုင်းနေသည်ကို မြင်ချိန်မှာတော့ ကျောင်းသားများ၏ ခေါင်းထဲတွင် စကားလုံးတစ်လုံး ပေါ်လာသည်။ ‘မဲခိုးတယ်’

‘ဒီလောက်ထိ ဖြစ်နေတာတောင် ကျင်းဝူပြန်း နိုင်တယ်လို့ မကြေညာသေးဘူးလား။ နောက်ကွယ်မှာ မရိုးသားမှုတွေ၊ လျှို့ဝှက်ချက်တွေ ရှိနေတာ သေချာပြီ။ ရလဒ်ကို ကြိုတင် သတ်မှတ်ထားပြီးသားပဲ။ ထန်ထိုင်မိသားစုက မော့ယိုကို အနိုင်ပေးပြီး မော့မိသားစုနဲ့ လက်ထပ်ဖို့ စီစဉ်ပြီးသား နေမှာပေါ့။ ဒါပေမဲ့ ကျင်းဝူပြန်းက ထင်မှတ်မထားလောက်အောင် တော်လွန်းနေပြီး မော့ယိုကို အလဲထိုးလိုက်တော့ အခက်တွေ့နေတာ ဖြစ်မယ်။ ဒါ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုပဲ။ ဘာကြံစည်မှုလဲ။’

အားလုံး စိတ်ကူးယဉ်ကြည့်နေကြ၏။

‘စောဏက မော့ယိုရဲ့ ကဗျာထဲမှာ ထန်ထိုင်နန်းတော်လို့ ရေးထားတယ် မဟုတ်လား။ ထန်ထိုင်မိသားစုနဲ့ မော့မိသားစု ပေါင်းပြီး ပိုင်ရှင်မဲ့နယ်မြေက တခြားမြို့စားတွေကို ရှင်းပစ်ချင်နေတာ။ တစ်နယ်မြေလုံးကို သိမ်းပိုက်ပြီး ဘုရင်လုပ်ချင်နေတာ။ သေချာပြီ။ ဒါ သေချာပေါက်ပဲ။’

လျှို့ဝှက်ချက်ကို ရှာတွေ့သွားသကဲ့သို့ ကျောင်းသားများ တစ်ကိုယ်လုံး တုန်ယင်လာကြပြီး မတ်တတ်ရပ်ကာ အော်ဟစ်လိုက်ကြသည်။ “ကျင်းဝူပြန်း နိုင်ရမယ်။ ကျင်းဝူပြန်း နိုင်ရမယ်။”

လူရာချီ၏ အော်ဟစ်သံက ပိုမိုကျယ်လောင်လာပြီး ခေါင်မိုးပွင့်ထွက်သွားမတတ် ဖြစ်လာ၏။

ထန်ထိုင်ဖူဖင်းက ‘ဒါ မသမာမှုပါ၊ ကျင်းဝူပြန်းမှာ ဒီလောက် အရည်အချင်း မရှိပါဘူး’ ဟု ပြောချင်သော်လည်း ပြော၍ မရတော့ချေ။

ကျင်းဝူပြန်းက စဉ်းစားချိန်တောင် မယူဘဲ ကဗျာတွေ စပ်ပြသွားသည်ကို လူတိုင်းက မျက်စိဖြင့် တပ်အပ်မြင်နေရ၏။

ဤမျှလောက် ခမ်းနားသည့် ဖျော်ဖြေမှုကို မသမာမှုလို့ ပြောရင် ယုံကြမည်လား။ လူအားလုံးကို မျက်ကန်းတွေဟု သတ်မှတ်ရာ ကျမနေဘူးလား။

အဓိကအချက်က ယွင်အောက်ထျန်းကို မြေအောက်ခန်းထဲ၌ ပိတ်လှောင်ထားခြင်းကို သူမ သိနေသည်။ သူ မရှိဘဲ မည်ကဲ့သို့ မသမာမှု လုပ်နိုင်မည်နည်း။

“ကျင်းဝူပြန်း နိုင်ရမယ်။ ကျင်းဝူပြန်း နိုင်ရမယ်။”

ထန်ထိုင်ဖူဖင်း ဘာမှ မလုပ်သေးသည်ကို မြင်ချိန်မှာတော့ ကျောင်းသားများ ပို၍ ဆူပူလာကြသည်။ အကြည့်များက ပိုမို စူးရှလာသည်။ မကြာခင် မဲခိုးတယ် ဆိုပြီး အော်တော့မည့် အခြေအနေပင်။

ယနေ့၌ ကျင်းဝူပြန်း အနိုင်ရရှိသည်ဟု မကြေညာရင် ထန်ထိုင်မိသားစု နာမည်ပျက်တော့မည် ဖြစ်ကြောင်းကို ထန်ထိုင်ဖူဖင်း သိလိုက်သည်။

မဟုတ်ပါက ဤကျောင်းသားတွေ ပြန်သွားလျှင် ထန်ထိုင်မိသားစုအကြောင်း အပုပ်ချကြတော့မည်။

ထန်ထိုင်မိသားစုက တာရှီစာသင်ကျောင်း၊ တာရှီသိုင်းကျောင်းများ တည်ထောင်ထားခြင်းမှာ လူတော်များကို စုစည်းရန် ဖြစ်သည် မဟုတ်ပါလား။

တခြားမြို့စားများက နာမည်ဂုဏ်သတင်း မလိုချင်ခြင်းမျိုး ရှိနိုင်မည် ဖြစ်သော်လည်း ထန်ထိုင်မိသားစု ကတော့ လိုချင်သည်။

.................

ထိုအချိန်တွင် ထန်ထိုင်မြဲ့မင်သည် အပေါ်ထပ်တွင် ရပ်လျက် လက်သီးဆုပ်လောက်ရှိသော ညမီးလင်းကျောက်ကို ကစားနေရင်း ပြုံးလိုက်၏။

ကစားစရာတစ်ခုကို အစွဲအလမ်း မကြီးရဘူးဆိုသည်မှာ သူ လက်ခံထားသည့် ဝါဒဖြစ်သည်။ ထို့ကြောင့် မည်မျှတန်ဖိုးရှိသည့် ပစ္စည်းဖြစ်ပါစေ သူ အရမ်း မစွဲလမ်းမိအောင် နေသည်။

သို့သော်ငြား ဤညမီးလင်းကျောက်လုံးကြီးကတော့ ရှားပါးပစ္စည်း ဖြစ်သောကြောင့် တစ်ယောက်တည်း ရှိချိန်တွင် ထုတ်ယူ ကစားလေ့ရှိ၏။

သာမန် ညမီးလင်းကျောက်တွေက အလိုအလျောက် အလင်းမထွက်ဘဲ အလင်းရောင် တစ်ခုခုနှင့် ထိုးထားမှ ခဏတာ ပြန်လည် လင်းလက်တတ်သည်။

သူ့လက်ထဲက ကျောက်မှာတော့ အမှောင်ထဲမှာ သူ့အလိုလို အလင်းထုတ်ပေးနိုင်သည်။ ဖျော့တော့တော့ အလင်း မဟုတ်ဘဲ တောက်ပသော ဖော့စဖရပ် အလင်းရောင်မျိုး ဖြစ်သည်။

ခေတ်သစ်လူသားများ အနေနှင့့် ကိုယ်တိုင် အလင်းထုတ်လွှတ်သည့် ဓာတ်သတ္တိကြွ ပစ္စည်းများဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး အရာတွေဆိုတာ သိကြပေလိမ့်မည်။ သို့သော်ငြား ဤကမ္ဘာမှာတော့ ဤအရာသည် ရှားပါးရတနာ ဖြစ်၏။

ထို့ကြောင့် ထန်ထိုင်မြဲ့မင်ဟာ အမှောင်ခန်းထဲမှာ တစ်ယောက်တည်း ဤကျောက်ကို ကိုင်တွယ်ရခြင်းအား နှစ်သက်သည်။

ဤကျောက်ကို ယွင်ဝမ်ရွှယ် (လောင်းကစားဘုရင်) က ပေးခဲ့ခြင်း ဖြစ်သည်။ ယွင်ဝမ်ရွှယ်သည် မြို့စား မျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်၏။

ယွင်မိသားစုသည် တစ်ချိန်က အင်အားကြီးမားခဲ့သောကြောင့် နင်ချင်းက ယွင်ဝမ်လီနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

ယွင်ဝမ်လီ သေဆုံးပြီးနောက် ယွင်မိသားစုတွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ကျဆုံးခဲ့ရ၏။

ယွင်မိသားစု ကျဆုံးခန်းတွင် ထန်ထိုင်မြဲ့မင်သည် နောက်ကွယ်မှ လက်မည်းကြီး ဖြစ်ခဲ့သည်။

ယွင်ဝမ်ရွှယ်ကို သူ အသုံးမပြုချင်သော်လည်း ၎င်းသည် မိသားစုနှင့် ပြတ်စဲထားသူဖြစ်ပြီး အကျိုးစီးပွား ကိုသာ ကြည့်တတ်သည့် အကောင်းစား ခွေးတစ်ကောင် ဖြစ်သောကြောင့် မွေးထားလိုက်ခြင်း ဖြစ်၏။

ထို့ကြောင့် ယွင်ဝမ်ရွှယ်သည် မြို့စားများ ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ ဖြစ်လာရခြင်းမှာ ထန်ထိုင် မိသားစု၏ ပံ့ပိုးမှုကြောင့်ပင်။

စကားလမ်းကြောင်း လွဲသွားပြီ ဖြစ်သည်။ အောက်ထပ်မှ ကျောင်းသားများ၏ အော်ဟစ်သံကို ကြားရချိန် မှာတော့ ထန်ထိုင်မြဲ့မင် တိတ်တဆိတ် သဘောကျမိသည်။

သို့ပေမည့် ပါးစပ်ထဲတွင် ငန်ကျိကျိ အရသာ ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ သွားများ ယိုင်နဲ့လာကာ သွေးစများ ထွက်လာသောကြောင့်ပင်။ သူ ကမန်းကတန်း သွေးတိတ်အောင် လုပ်လိုက်ရ၏။

ပြတင်းပေါက်မှ လေတစ်ချက် ဝင်လာချိန်တွင် သူ့ဆံပင်အချို့ ကျွတ်ထွက်သွားသည်။ ထန်ထိုင်မြဲ့မင် လက်ဖြင့် လှမ်းဖမ်းလိုက်၏။

‘ဟူး.... အသက်ကြီးလာပြီပဲ။ ဒီရက်ပိုင်း သွားနဲ့လာပြီး သွေးထွက်တာ ခဏခဏ ဖြစ်နေတယ်။ ဆံပင်တွေလည်း အများကြီး ကျွတ်နေတယ်။’

အောက်မှ အော်ဟစ်သံများ ပိုကျယ်လာပြီး သမီးဖြစ်သူက ရလဒ်မကြေညာသေးသောကြောင့် ထန်ထိုင်မြဲ့မင် တိုးတိုးလေး ချောင်းဟန့်လိုက်သည်။

ထိုစဉ် အခန်းပြင်မှ အသံတစ်သံ ကြားလိုက်ရ၏။ “သခင်ကြီး... ယွင်ဝမ်ရွှယ် ရောက်နေပါတယ်။ အရေးကြီး လျှို့ဝှက်ကိစ္စ တင်ပြစရာ ရှိလို့ပါတဲ့။”

.................

ထန်ထိုင်မြဲ့မင်၏ ချောင်းဟန့်သံမှာ တိုးသော်လည်း ထန်ထိုင်ဖူဖင်း ကြားလိုက်ရသည်။ သူမ မတ်တတ်ရပ်လိုက်သည်။

ချက်ချင်းပဲ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး အားလုံးက သူမကို ကြည့်နေကြ၏။

ထန်ထိုင်ဖူဖင်းက ကျင်းဝူပြန်းကို ကြည့်ပြီး ဖြည်းညင်းစွာ ကြေညာလိုက်သည်။ “ဒီနေ့ စာပေပြိုင်ပွဲမှာ ကျင်းဝူပြန်း အနိုင်ရရှိကြောင်း ကြေညာပါတယ်။”

ထိုစကား ထွက်လာသည်နှင့် ကျောင်းသားအားလုံး မိုးခြိမ်းသံပမာ အော်ဟစ်လိုက်ကြသည်။ သူတို့ ကိုယ်တိုင် နိုင်လိုက်သကဲ့သို့ ပျော်ရွှင်နေကြ၏။ “နိုင်ပြီ။ နိုင်ပြီဟေ့။”

ကျင်းဝူပြန်း သက်ပြင်းချလိုက်ပြီး မျက်ရည်များပင် ဝဲလာ၏။ တကယ့်ကို မလွယ်ကူခဲ့ပေ။

နာရီပေါင်း များစွာကြာအောင် သူ့တစ်ကိုယ်လုံးရှိ အာရုံကြောများ တင်းမာနေခဲ့ရသည်။ ယခု အရမ်း ပင်ပန်းနေသည်ဟု ခံစားနေရပြီး ကြမ်းပြင်ပေါ်သာ လှဲချလိုက်ချင်တော့သည်။

‘အစ်မကျင်း... ကျုပ် လုပ်နိုင်ခဲ့ပြီ။ အောက်ထျန်း... ငါ လုပ်နိုင်ခဲ့ပြီကွ။’

သို့သော်ငြား သူ မည်ကဲ့သို့ လုပ်ခဲ့သနည်း။ ဘာမှမတတ်သည့် ကျင်းဝူပြန်းက မေးခွန်းလည်း ကြိုမသိဘဲ ဤစာပေတိုက်ပွဲကို ဘယ်လို ကျော်ဖြတ်ခဲ့သနည်း။ ဆန်းကြယ်လွန်းလှသည် မဟုတ်ပါလား။

အဖြေက ရှင်းရှင်းလေးဖြစ်သည်။ ပူးတွဲသရုပ်ဆောင်ခြင်းသာဖြစ်၏။

သူ ဤနည်းပညာကို လနှင့်ချီပြီး လေ့ကျင့်ခဲ့ရခြင်းပင်။

ပူးတွဲသရုပ်ဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ လူတစ်ယောက်က အနောက်မှာ ပုန်းနေပြီး အသံမျိုးစုံ လုပ်ပေးမည်။ အရှေ့ကလူက ထိုအသံအတိုင်း ပါးစပ်လှုပ်ရှားမှုနှင့် အခြားလှုပ်ရှားမှုတွေကို လိုက်လုပ်ပေးရမှာ ဖြစ်သည်။

ထိုအရာက အလွန်ခက်ခဲသော အနုပညာဖြစ်၏။ အချိန်ကိုက် လွဲ၍ မရချေ။။ ပါးစပ်လှုပ်ရှားမှု လွဲပါက အကုန်လုံး ပျက်စီးသွားပေလိမ့်မည်။

သို့သော်ငြား ကျင်းဝူပြန်းက ပါရမီရှိ၏။ သူက အနည်းငယ် ရူးကြောင်ကြောင်း ဖြစ်နေသော်လည်း တစ်နေ့ကို ၁၀ နာရီကျော် လပေါင်းများစွာ လေ့ကျင့်လိုက်ချိန်မှာတော့ အပြစ်အနာအဆာ မရှိသလောက် ဖြစ်သွားခဲ့၏။

ထို့ကြောင့် စောစောက သူ သင်္ချာတွက်တာပဲ ဖြစ်ဖြစ်၊ ကဗျာစပ်တာပဲ ဖြစ်ဖြစ်၊ စကားရည်လုတာပဲ ဖြစ်ဖြစ်

အားလုံးက အသံထွက်နေခြင်း မဟုတ်ဘဲ ပါးစပ်လှုပ်ပြနေခြင်း သက်သက်သာ ဖြစ်သည်။

ထိုသို့ဆိုလျှင် တကယ့်အသံထွက်ပြီး ကဗျာစပ်နေသည်မှာ မည်သူနည်း။ သေချာပေါက် ယွင်ကျုံးဟဲ့သာ ဖြစ်၏။

သူက ကျင်းဝူပြန်း အသံကို တုပပြီး စကားပြောနည်းနဲ့ ဤဖျော်ဖြေပွဲကြီးကို ဖန်တီးခဲ့ခြင်းပင်။

အမှတ် (၂၄) စိတ်ဝေဒနာရှင် (အသံမိစ္ဆာ) စွမ်းရည် ရရှိထားသည့် သူက ပါးစပ်ပိတ်ထားပြီး မည်သူ့အသံကိုမဆို တုပနိုင်၏။ ကျင်းဝူပြန်း၏ အသံလည်း အပါအဝင် ဖြစ်သည်။

တချို့က မေးကောင်းမေးပေလိမ့်မယ်။ အမှတ် (၂၄) လူနာ၏ စွမ်းရည်က အဘယ်ကြောင့် ရရှိနေသေးသနည်း။ ခြောက်လလောက် ရှိပြီ မဟုတ်ပါလား။

အကြောင်းရင်းမှာ မလိုချင်သည့် စွမ်းရည် ရလာလျှင် တစ်လပြည့်မှ ပြန်လဲလို့ ရ၏။ သို့သော်ငြား ပြန်မလဲချင်လျှင်တော့ ထိုစွမ်းရည်ကို ဆက်သုံးနေ၍ ရ၏။

တစ်လတစ်ခါ စွမ်းရည်မဲနှိုက်ရသည် ဆိုခြင်းမှာ ယွင်ကျုံးဟဲ့ စိတ်ကြိုက် လဲလှယ်လို့ မရအောင် တားဆီးထားခြင်းသာဖြစ်၏။ ထို့ကြောင့် အသုံးဝင်သည့် စွမ်းရည်ရရင် မလဲဘဲ ဆက်သုံး၍ ရသည်။

သို့သော်ငြား ယွင်ကျုံးဟဲ့ကို မြေအောက်ခန်းထဲမှာ ပိတ်ထားသည် မဟုတ်ပါလား။ ထိုလူက ယွင်ကျုံးဟဲ့ အစစ် မဟုတ်ဘဲ သူတောင်းစား သူလျှို ဟွာမန်လု သာဖြစ်၏။

ဤနေရာမှာ ယုတ္တိဗေဒ တစ်ခု ရှိနေသည်။ တခြားသူက ယွင်ကျုံးဟဲ့အဖြစ် ဟန်ဆောင်ဖို့ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့က အရမ်းချောပြီး သူ၏ရုပ်ရည်ကို တုပ၍ မရသောကြောင့်ပင်။

သို့သော်ငြား ယွင်အောက်ထျန်း အဖြစ် ဟန်ဆောင်ရန်အတွက်မူ ဖြစ်နိုင်၏။ အဘယ်ကြောင့်ဆိုသော် ယွင်အောက်ထျန်း ဆိုသည်မှာ သက်လတ်ပိုင်း သူတောင်းစားအဘိုးကြီး ပုံစံ ဖန်တီးထားသည့် အတု ဖြစ်နေ၏။

ညစ်ပတ်ပေရေနေတဲ့ မျက်နှာ၊ ဖွာလန်ကြဲနေတဲ့ ဆံပင်၊ အက်ကွဲကွဲ အသံ... ထိုအရာများက သူ၏ အမှတ်အသားများ ဖြစ်သောကြောင့် ဟန်ဆောင်ဖို့ အလွယ်ကူဆုံး ဖြစ်သည်။

အဓိကအချက်မှာ ထန်ထိုင်မြဲ့မင်က ယွင်အောက်ထျန်းကို တစ်ခါမှ မတွေ့ဖူးချေ။ ထို့အပြင် ယွင်ကျုံးဟဲ့က ဤနေ့အတွက် လပေါင်းများစွာ ကြိုတင် ပြင်ဆင်ခဲ့ခြင်းလည်း ဖြစ်၏။

သူ လူရွေးသည်မှာ တော်တော်ကြာ၏။ နောက်ဆုံး၌ ဟွာမန်လုကို ရွေးလိုက်ခြင်းဖြစ်သည်။

ဟွာမန်လုက ကျင်းမိသားစု၏ သူလျှိုအနေနှင့် ယွင်ကျုံးဟဲ့ကို စောင့်ကြည့်ခဲ့ဖူးပြီး ယွင်ကျုံးဟဲ့ကို ရိပ်မိလုနီးပါး ဖြစ်ခဲ့ဖူးသည်အထိ တော်လွန်းသူလည်း ဖြစ်၏။

ထင်ထားသည့်အတိုင်း ဟွာမန်လု၏ သရုပ်ဆောင်ချက်က အပြစ်ပြောစရာ မရှိချေ။

.................

စောဏက အသံတုပပြီး ဖျော်ဖြေသွားသည်မှာ ယွင်ကျုံးဟဲ့ ဖြစ်ကြောင်း သိရှိရပြီဖြစ်၏။ ထိုသို့ဆိုလျှင် ခန်းမထဲရှိ မည်သူက ယွင်ကျုံးဟဲ့ ဖြစ်သနည်း။

နင်ချင်း၏ ဘေးနားမှာ ထိုင်နေသည့် ကျောင်းသူလေးသာ ဖြစ်၏။ ယွင်ကျုံးဟဲ့က မိန်းမလျာအသွင်ပြောင်းပြီး ရောက်နေခြင်းဖြစ်သည်။

ဤတစ်ကြိမ်၌ အရင်ကလို အရမ်း မလှပအောင်၊ သံသယ ဝင်စရာ မရှိအောင် ဖန်တီးထား၏။

ထို့ကြောင့်လည်း ယွင်ကျုံးဟဲ့က နင်ချင်းဆီ အရင်သွားပြီး အကူအညီ တောင်းခဲ့ခြင်းဖြစ်၏။ နင်ချင်းကို ထပ်ပြီး ဒုက္ခပေးခဲ့ခြင်းပင်။

ထန်ထိုင်ဖူဖင်းက ကျောင်းဆရာမ၊ မော့ယိုက ကျောင်းသားဟောင်း ဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ လာခြင်းမှာ မဆန်းပေ။

နင်ချင်းက နာမည်ကျော် ပါရမီရှင် အမျိုးသမီး ဖြစ်သည့်အပြင် ထန်ထိုင်ဖူဖင်း၏ သူငယ်ချင်း ဖြစ်နေသောကြောင့် ဤပွဲကို လာသည်က ပုံမှန်ဖြစ်သည်။

ဆရာများက အတွေ့အကြုံရရန် တပည့်များ ခေါ်လာလေ့ရှိသောကြောင့် နင်ချင်းက ကျောင်းသူလေး တစ်ယောက် ခေါ်လာသည်မှာ သဘာဝကျကျ မည်သူမှ သံသယ မဝင်ချေ။

တကယ်တမ်း၌ သူက နင်ချင်း ဘေးနားကပ်ပြီး ထန်ထိုင်မိသားစု အိမ်တော်ထဲမှာ နေနေတာ ကြာပြီဖြစ်၏။

ယခု ဆူညံမှုတွေ ပြီးဆုံးသွားပြီဖြစ်သည်။

ကျောင်းသူလေး အသွင်ပြောင်းထားသည့် ယွင်ကျုံးဟဲ့မှာ ရေချိုးခန်းထဲ၌ နင်ချင်း၊ ထန်ထိုင်ဖူဖင်း တို့နှင့်အတူ ရေချိုးနေလေတော့သည်။

ထန်ထိုင်ဖူဖင်းက အဝတ်အစားများ ချွတ်လိုက်ပြီး ဖြူဝင်းသော ခန္ဓာကိုယ်ကို ထုတ်ဖော်ကာ ရေကန်ကြီးထဲသို့ ဆင်းလိုက်၏။

ထို့နောက် သူမက ယွင်ကျုံးဟဲ့ကို လက်လှမ်းပြကာ ပြောလိုက်သည်။ “ရှောင်ကျယ်... ဆင်းလာလေ။ ဘာရှက်နေတာလဲ။ လာ... ကျွန်မကို ဂျေးတွန်းပေးပါအုံး။”

.................

လျှို့ဝှက်ခန်း အတွင်း၌ ယွင်ဝမ်ရွှယ်က ရက်စက်သော လေသံဖြင့် တီးတိုးပြောလိုက်၏။ “သခင်ကြီး... ယွင်အောက်ထျန်းရဲ့ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်ဖို့ ကျုပ် ရောက်လာတာပါ။”

ထို့နောက် ထန်ထိုင်မြဲ့မင် နားနားကပ်၍ ပြောလိုက်သည်။ “မြေအောက်ခန်းထဲက ယွင်အောက်ထျန်းက အတုပါ။ ယွင်အောက်ထျန်း အစစ်က နင်ချင်း ဘေးနားက ကျောင်းသူလေးပါပဲ။ ဒီည ဖြစ်ပျက်သမျှ အားလုံးကို သူက အသံတုပပြီး လုပ်သွားတာပါ။ ကျင်းဝူပြန်းက ပါးစပ်လှုပ်ပြရုံပဲ ရှိတာပါ။

ကျင်းမိသားစုက သခင်ကြီးကို စော်ကားလိုက်တာပါ။ သူတို့နဲ့ လက်ထပ်မဟာမိတ် ပြုတာကို ချက်ချင်း ဖျက်သိမ်းသင့်ပါတယ်။

သခင်ကြီး... ယွင်အောက်ထျန်းက သခင်ကြီးကို အရုပ်လို ကစားသွားတာပါ။ သခင်ကြီးရဲ့ ဂုဏ်သိက္ခာကို နင်းချေသွားတာပါ။ ပြီးတော့ သခင်မလေး ထန်ထိုင်ဖူဖင်းကို လိမ်ညာပြီး လက်ထပ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ကို အဆိုးရွားဆုံး နည်းလမ်းနဲ့ သတ်ပစ်သင့်ပါတယ်။”

.................

အပိုင်း (၁၀၆)

ကြီးမားကျယ်ဝန်းလှသော ရေချိုးကန်ကြီးထဲတွင် မုဆိုးမနင်ချင်းကမူ လွတ်လွတ်လပ်လပ်ပင် ရေကန်ထဲ၌ ပျင်းရိပျင်းတွဲ ကူးခတ်နေ၏။

ထန်ထိုင်ဖူဖင်းက ချွဲနွဲ့သောအသံဖြင့် ပြောလိုက်သည်။ “ရှောင်ကျယ်… ဘာရပ်လုပ်နေတာလဲ။ အားလုံးက မိန်းမချည်းပဲကို ဘာရှက်စရာရှိလို့လဲ။”

ယွင်ကျုံးဟဲ့က နှုတ်ခမ်းကိုကိုက်လိုက်ကာ မျက်နှာကို နီမြန်းသွားစေပြီး မိန်းကလေးတစ်ယောက်၏ ရှက်သွေးဖြာမှုကို ပီပြင်စွာ သရုပ်ဆောင်လိုက်၏။

သူက ပါးလွှာသောဝတ်ရုံကို ဝတ်ဆင်ထားလျက် ရေကန်ထဲဆင်းကာ ထန်ထိုင်ဖူဖင်း၏ အနောက်သို့ သွားလိုက်သည်။

ထန်ထိုင်ဖူဖင်းက ဆပ်ပြာခဲကို ကမ်းပေးကာ ပြောလိုက်၏။ “ကျွန်မကို ဆပ်ပြာတိုက်ပေးပါအုံး။”

ယွင်ကျုံးဟဲ့က လှမ်းယူလိုက်ပြီး သူမ၏ ဖြူနုနေသော ကျောပြင်ပေါ်သို့ ဆပ်ပြာတိုက်ပေးလိုက်သည်။

ထန်ထိုင်ဖူဖင်းက ဆက်ပြော၏။ “လာ… ရှင့်ကို ကျွန်မ ဆပ်ပြာ ပြန်တိုက်ပေးမယ်။ မိန်းမအချင်းချင်းတွေပဲ ဘာကြောက်နေတာလဲ။ အဝတ်အစားကြီးနဲ့ ရေချိုးတဲ့သူ ဘယ်မှာရှိလို့လဲ။”

ထို့နောက် ယွင်ကျုံးဟဲ့က ထန်ထိုင်ဖူဖင်း၏ ကိုယ်လုံးလေးပေါ်သို့ တိတ်ဆိတ်စွာ ဆပ်ပြာတိုက်ပေးနေပြီး တဘက်ဖြင့် ပွတ်တိုက်ပေးနေသည်။

ထန်ထိုင်ဖူဖင်း၏ အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာကာ မျက်နှာလေးလည်း နီမြန်းလာသည်။ အချိန်အတန်ကြာပြီးနောက် သူမက သက်ပြင်းတစ်ချက်ချလိုက်၏။

“ဒီညဖြစ်ပျက်ခဲ့တာတွေအားလုံးကို ကျွန်မ တစ်သက်လုံး မှတ်မိနေတော့မှာပဲ။ ဒီလောကကြီးမှာ ဒီလောက် အရည်အချင်း ရှိတဲ့သူမျိုး ရှိနေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့ သူက လူယုတ်မာ၊ စိတ်မမှန်တဲ့သူတစ်ယောက် ဖြစ်နေတယ်။ ရှောင်ကျယ်… ရှင်ဘယ်လိုထင်လဲ။”

ယွင်ကျုံးဟဲ့က မိန်းကလေးအသံဖြင့် ပြန်မေးလိုက်သည်။ “သခင်မလေးထန်ထိုင်… ဘယ်သူ့ကို ပြောနေတာလဲ။ ကျွန်မ နားမလည်ဘူး။”

ထန်ထိုင်ဖူဖင်းက ယွင်ကျုံးဟဲ့၏ မိန်းမလှလေးတစ်ဦးအသွင် မျက်နှာကို စိုက်ကြည့်ရင်း ပြောလိုက်၏။ “ရှောင်ကျယ်… ရှင်က တကယ်လှတာပဲ။ အစ်မနင်ချင်းက ရှင့်ကို သဘောကျနေတာ မဆန်းပါဘူး။”

ထို့နောက် သူမက မျက်လုံးများကို မှိတ်ကာ သက်ပြင်းချလိုက်ပြန်သည်။ “သွားကြတော့… ရှင်တို့နှစ်ယောက် ထွက်သွားကြတော့။”

နင်ချင်းက စကားတစ်ခွန်းမှ မပြောဘဲ ရေကန်ထဲမှ ထလိုက်သည်။ ထို့နောက် သန့်ရှင်းသော ဝတ်ရုံကို လဲလှယ်ဝတ်ဆင်ကာ ယွင်ကျုံးဟဲ့ကို ခေါ်၍ ချက်ချင်း ထွက်ခွာသွား၏။

ထန်ထိုင်ဖူဖင်းကမူ မိမိဘာသာ ရေရွတ်နေတော့သည်။ “သွားကြတော့… ခပ်ဝေးဝေးကိုသာ ထွက်သွားကြတော့။”

......................

အကျွမ်းတဝင်ရှိလှသော ဧည့်ခန်းဆောင်ငယ်လေးထဲတွင် ဖြစ်၏။

“သခင်ကြီး… ယွင်အောက်ထျန်းကို ခေါ်လာပါပြီ။”

လွန်ခဲ့သောရက်များတည်းက မြေအောက်အကျဉ်းထောင်ထဲတွင် ဖမ်းဆီးခံထားရသော ယွင်အောက်ထျန်းကို ထန်ထိုင်မြဲ့မင်ရှေ့သို့ ခေါ်ဆောင်လာကြသည်။

ထန်ထိုင်မြဲ့မင်က မေးလိုက်၏။ “မင်းက ယွင်အောက်ထျန်း အစစ်မဟုတ်ဘူး မို့လား။”

သူ၏အသံက အလွန်တည်ငြိမ်နေပြီး မည်သည့် ခြိမ်းခြောက်မှုမှ မပါဝင်ပေ။ သို့ပေမည့် ထိုအသံကပင် လူကို အဆုံးအစမဲ့သော ကြောက်ရွံ့မှုများ ခံစားလာရစေသည်။

ဟွာမန်လုက ချက်ချင်း ဒူးထောက်ကာ ဦးညွှတ်လိုက်၏။ “ဟုတ်… ဟုတ်ပါတယ်။ ကျုပ်က ယွင်အောက်ထျန်း အစစ် မဟုတ်ပါဘူး။ ကျုပ်က လေခွင်းမြို့ ကျင်ယီဝေက သူလျှိုတစ်ယောက်ပါ။ သူတောင်းစား ဟန်ဆောင်တဲ့ နေရာမှာ အကျွမ်းကျင်ဆုံးပါ။”

ထန်ထိုင်မြဲ့မင်က ဆက်မေးသည်။ “ဒါဆို ယွင်အောက်ထျန်း အစစ်က ဘယ်မှာလဲ။”

ဟွာမန်လုက တုန်လှုပ်စွာ ဖြေလိုက်၏။ “ကျုပ်… ကျုပ် မသိပါဘူး။”

ထိုစဉ် ယွင်ဝမ်ရွှယ်က ဝင်ပြောလိုက်သည်။ “သခင်ကြီးထန်ထိုင်… ယွင်အောက်ထျန်း အစစ်က နင်ချင်း ဘေးနားက မိန်းကလေးဖြစ်ဖို့ သေချာပါတယ်။ သူတို့ကို ဖမ်းလာပြီး ညှဉ်းပန်းနှိပ်စက်လိုက်ရုံပါပဲ။ ဒါမှမဟုတ် အဝတ်အစားတွေ ချွတ်ပြီး စစ်ဆေးလိုက်ရင် အမှန်တရား ပေါ်လာပါလိမ့်မယ်။”

ထန်ထိုင်မြဲ့မင်က အေးစက်စွာ ပြောလိုက်၏။ “ဒီတလော ငါက သိပ်ကို ကြင်နာတတ်တဲ့ပုံ ပေါက်နေလို့လား။ တစ်ယောက်ယောက်ကများ ငါ့ကို ဒီလို လှည့်စား စော်ကားရဲတယ်ပေါ့လေ။”

ထို့နောက် သူက အမိန့်ပေးလိုက်သည်။ “အစောင့်တွေ… နင်ချင်းနဲ့ သူ့ဘေးနားက မိန်းကလေးကို သွားဖမ်းစမ်း။”

သူက ဆက်ပြောလိုက်၏။ “နောက်ပြီး လူတစ်ယောက်ကို အရှင်လတ်လတ် ထည့်ဖုတ်လို့ရတဲ့ မီးဖိုကြီး နှစ်ခုကိုပါ သယ်လာခဲ့။”

အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးက အရိုအသေပေးလိုက်၏။ “ကောင်းပါပြီ။”

ထို့နောက် သူက သိုင်းသမား ဒါဇင်ပေါင်းများစွာကို ခေါ်ဆောင်ကာ ဒေါသတကြီး ထွက်ခွာသွားတော့သည်။

........................

ထန်ထိုင်မျိုးနွယ်စု၏ ခြံဝင်းတစ်ခုအတွင်း...

ထိုနေရာတွင် နင်ချင်း တည်းခိုနေခြင်း ဖြစ်၏။ ထိုအချိန်တွင် ယွင်ကျုံးဟဲ့က လှပသော ကျောင်းသူလေးအသွင် ယူထားဆဲဖြစ်သည်။

နင်ချင်းက ယွင်ကျုံးဟဲ့ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေမိသည်။ ယနေ့ည ဖျော်ဖြေခဲ့သူမှာ ယွင်ကျုံးဟဲ့ဖြစ်မှန်း သူမ သိထားသည့်တိုင် သူမကိုယ်တိုင်ပင် ထိုဖျော်ဖြေမှုအောက်တွင် ရစ်မူးနစ်မျောနေခဲ့ရသည် မဟုတ်ပါလား။

နင်ချင်းက အေးစက်စက် ပြုံးလိုက်၏။ “အခု ရှင်ကျေနပ်ပြီလား။ မဖြစ်နိုင်တဲ့ တာဝန်တစ်ခုကို ရှင် ထပ်ပြီး အောင်မြင်သွားပြန်ပြီပဲ။ ကျွန်မလို အသုံးမကျတဲ့ မိန်းမကို ဘေးဖယ်ထားလို့ ရပြီပေါ့။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မဟုတ်သေးဘူး။ ဒီတာဝန်က ပြီးပြည့်စုံတဲ့ အဆုံးသတ်ကို မရောက်သေးဘူး။ နောက်ဆုံး ကြီးကျယ်ခမ်းနားတဲ့ ဇာတ်ရှိန်မြင့်ခန်းတစ်ခု ကျန်နေသေးတယ်။”

နင်ချင်းက မေးလိုက်၏။ “စောဏဟာက အမြင့်ဆုံးဇာတ်ရှိန် မဟုတ်သေးဘူးလား။”

ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။ အခုမှ တကယ့်အမြင့်ဆုံးဇာတ်ရှိန် လာမှာ။ အဲဒီအခါကျမှ အစီအစဉ်တစ်ခုလုံးက ပြီးပြည့်စုံသွားလိမ့်မယ်။”

နင်ချင်း၏ အသံက တုန်ယင်သွား၏။ “ဘာအဓိပ္ပာယ်လဲ။”

ယွင်ကျုံးဟဲ့က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။ “ကျုပ်အစီအစဉ်က အကောင်အထည် မဖော်ရသေးခင်အချိန်အထိ အပြစ်အနာအဆာကင်းတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ဆောင်လိုက်တာနဲ့ ဟာကွက်တွေ ရှိလာတော့တာပဲ။”

ပညာမတတ်သော ကျင်းဝူပြန်း၏ စွမ်းဆောင်ရည်က အလွန်အမင်း ထူးကဲလွန်းနေခဲ့သည်။ ပွဲလာပရိသတ်များကို လှည့်စားနိုင်ခဲ့လျှင်တောင် ထန်ထိုင်မြဲ့မင်ကိုမူ မည်သို့မှ လှည့်စားနိုင်မည် မဟုတ်ပေ။

ယွင်ကျုံးဟဲ့က သက်ပြင်းချလိုက်၏။ “ချင်းအာ… ကျုပ်တို့ အဖော်ခံလိုက်ရပြီ။”

နင်ချင်းက တုန်လှုပ်စွာ ပြောလိုက်သည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ စောစောက ထန်ထိုင်ဖူဖင်းက ပုံမှန်အတိုင်းပဲလေ။”

ယွင်ကျုံးဟဲ့က ရယ်မောလိုက်၏။ “အဲဒါ ပုံမှန်တဲ့လား။ သူက ဖွင့်မပြောရုံတမယ်ပဲ ရှိတော့တာ။ ကျုပ်တို့ကို ခပ်ဝေးဝေး ထွက်သွားဖို့တောင် ပြောခဲ့သေးတယ်လေ။”

နင်ချင်းက ဆက်မေးလိုက်သည်။ “ဒါဆို သူက ဘာလို့ ရှင့်ကို ဆပ်ပြာတိုက်ခိုင်းပြီး ကျောပွတ်ခိုင်းသေးတာလဲ။”

ထိုသို့မေးပြီးသည်နှင့် နင်ချင်း၏ ကိုယ်လုံးလေး တုန်ယင်သွားကာ ပြောလိုက်၏။ “ကျွန်မ နားလည်ပြီ။”

ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “ကျုပ် ခန့်မှန်းတာ မမှားဘူးဆိုရင် ယွင်ဝမ်ရွှယ်က ကျုပ်ကို သွားတိုင်လိုက်လောက်ပြီ။”

သူက စကားကို ဆက်ပြောလိုက်၏။ “ယွင်ဝမ်ရွှယ်က ကျုပ်တို့အပေါ် ရန်ငြိုးအကြီးဆုံးပဲ။ ကျုပ်ရဲ့ အသံတု လုပ်တဲ့ပညာကို သူ အသိဆုံးဖြစ်သလို ကျုပ် မိန်းမဟန်ဆောင်တာကိုလည်း သူ အသိဆုံးပဲ။ ပြီးတော့ သူက ခင်ဗျားအပေါ်ကိုလည်း ရမ္မက်ဆန္ဒတွေ ရှိနေတော့ အမြဲတမ်း စောင့်ကြည့်နေမှာ သေချာတယ်။

အရင်က ခင်ဗျားရဲ့ စောင်ပုံထဲမှာ ကျုပ် မိန်းမဟန်ဆောင်ဖူးတဲ့အတွက် အခု ကျောင်းသူလေးအဖြစ် ဟန်ဆောင်ထားတဲ့ ကျုပ်ကို သူ စောစောတည်းက သတိထားမိနေလောက်ပြီ။”

နင်ချင်းက မေးလိုက်၏။ “ဒါဆို ဘာလို့ အစောကြီးတည်းက သွားမတိုင်တာလဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “သူက ကျုပ် ထန်ထိုင်မြဲ့မင်ကို အစအဆုံး လှည့်စားပြီး နံပါတ်တစ် မြို့စားကြီးကို ဒေါသထွက်လာအောင် စောင့်နေတာလေ။ အဲဒီအခါကျမှ ထန်ထိုင်မြဲ့မင်ရဲ့ လက်ကိုငှားပြီး ကျုပ်ကို သတ်ပစ်ချင်လို့ပေါ့။”

စဉ်းစားကြည့်ရုံဖြင့် သိနိုင်သည်။ ထန်ထိုင်မြဲ့မင်သာ မိမိကိုယ်တိုင် လှည့်စားခံလိုက်ရမှန်း သိသွားပါက မည်မျှအထိ ဒေါသထွက်မည်နည်း။

သူက နံပါတ်တစ် မြို့စားကြီးဖြစ်ကာ ဥပဒေမဲ့ နယ်မြေ၏ အရှင်သခင်လည်း ဖြစ်၏။ ယွင်ကျုံးဟဲ့ ကဲ့သို့ သူတောင်းစားတစ်ယောက်က သူ့ကို ကစားသွားသည်မှာ မည်မျှ ကြီးမားသော အရှက်ကွဲမှု ဖြစ်မည်နည်း။

နင်ချင်းက စိုးရိမ်တကြီး ပြောလိုက်၏။ “ဒါဆို ရှင် အသက်အန္တရာယ် ရှိနေပြီပေါ့။ မြန်မြန် ထွက်သွားတော့လေ။ အခုချက်ချင်း သွားတော့။”

ယွင်ကျုံးဟဲ့က အေးစက်စွာ ပြုံးလိုက်သည်။ “သွားမယ်… ကျုပ်က ဘာကိစ္စ ထွက်သွားရမှာလဲ။ မင်္ဂလာကိစ္စ အစီအစဉ်အတွက် ပြီးပြည့်စုံတဲ့ အဆုံးသတ်တစ်ခု ဖန်တီးပေးရအုံးမယ်လေ။ ယွင်ဝမ်ရွှယ်က ကျုပ်ကို သတ်ချင်နေတာဆိုတော့ တိုက်ဆိုင်လိုက်တာ။ ဒီည ကျုပ်ကလည်း သူ့ကို သတ်မှာပဲ။”

သူက ဆက်ပြောလိုက်၏။ “ချင်းအာ… မကြာခင် ကျုပ်တို့ကို လာဖမ်းကြလိမ့်မယ်။ လုံးဝ မကြောက်နဲ့နော်။ ကျုပ်တို့ ဘာမှဖြစ်မှာ မဟုတ်ဘူး။ အရာအားလုံးက အစီအစဉ်ထဲမှာ ရှိပြီးသားမို့လို့ပါ။”

နင်ချင်းက ခနဲ့တဲ့တဲ့ ပြုံးလိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် ရှင် အသုံးချတာ ခံရပြီးရင် ရက်ရက်စက်စက် စွန့်ပစ်ခံရအုံးမှာပဲလေ။ ကျွန်မက ဘာကို စိုးရိမ်နေရအုံးမှာလဲ။ အလွန်ဆုံးရှိ သေရုံပဲပေါ့။”

ထိုအချိန်၌ အပြင်ဘက်မှ လျင်မြန်သော ခြေသံများ ထွက်ပေါ်လာ၏။ တံခါးက ဝုန်းခနဲ ပွင့်သွားကာ ထန်ထိုင် မျိုးနွယ်စုမှ သိုင်းပညာရှင် ဆယ်ယောက်ကျော် ဝင်ရောက်လာသည်။

ဦးဆောင်လာသူမှာ အရပ်နှစ်မီတာခန့် မြင့်မားကာ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ရှိပြီး ကြည့်လိုက်သည်နှင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးဖြစ်မှန်း သိသာလှ၏။

ထိုအဆင့်မြင့်သိုင်းပညာရှင်၏ အကြည့်များက ယွင်ကျုံးဟဲ့အပေါ် ကျရောက်လာကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကျုပ်နာမည်က ထန်ထိုင်ဖန်ပဲ။ ခင်ဗျားက ယောက်ျားတစ်ယောက် ဖြစ်နေတယ်ဆိုတာ တကယ်ကို မယုံနိုင်စရာပဲ။ ကောလာဟလတွေထဲကလို မိန်းမလား၊ ယောက်ျားလား ခွဲခြားလို့မရဘူးဆိုတာ တကယ်ပဲကိုး။”

ယွင်ကျုံးဟဲ့က ပြုံးလိုက်၏။ “ရယ်စရာဖြစ်သွားပြီ ထင်ပါတယ်။”

ဤတစ်ကြိမ်တွင်မူ သူက အသံကို ဖုံးကွယ်မထားတော့ပေ။

ထန်ထိုင်ဖန်၏ မျက်လုံးများက ပြူးကျယ်သွား၏။ “တကယ် ယောက်ျားတစ်ယောက်ပဲ။ ဒီလောကကြီးမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးပဲ။”

သူက ဆက်ပြောလိုက်သည်။ “ယွင်အောက်ထျန်း… ခင်ဗျားရဲ့ အကြံအစည်တွေ အကုန်ပေါ်သွားပြီ။ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။”

ထို့နောက် နင်ချင်းဘက်သို့ လှည့်ကာ ပြောလိုက်၏။ “နင်ချင်း… ခင်ဗျားက ယွင်အောက်ထျန်းနဲ့ပေါင်းပြီး သခင်ကြီးကို လှည့်စားချင်တယ်ပေါ့လေ။ ဒီညတော့ အတူတူ သွားသေကြပေတော့။”

သူက အမိန့်ပေးလိုက်သည်။ “စစ်သည်တွေ… ဒီနှစ်ယောက်ကို ဖမ်းပြီး ခေါ်သွားကြ။”

ထို့နောက် ထန်ထိုင်မျိုးနွယ်စုမှ သိုင်းသမားများက ယွင်ကျုံးဟဲ့နှင့် နင်ချင်းတို့ကို ဖမ်းဆီးကာ ထန်ထိုင်မြဲ့မင်၏ အဆောက်အအုံဆီသို့ ခေါ်ဆောင်သွားကြတော့သည်။

....................

ထန်ထိုင်မြဲ့မင်၏ အဆောက်အအုံငယ်လေးထဲတွင် ဖြစ်၏။

ဧည့်ခန်းဆောင်အတွင်း၌ ရေရဟတ်ငယ်လေးနှင့် ရေကန်ငယ်လေး တစ်ခုရှိနေဆဲပင်။ ထန်ထိုင်မြဲ့မင်ကလည်း ရေခပ်ကာ လက်ဖက်ရည် ကျိုနေဆဲဖြစ်သည်။

သို့ပေမည့် ယခုအချိန်တွင်မူ လေထုက အလွန်ပူပြင်းနေ၏။ အဘယ်ကြောင့်ဆိုသော် လူတစ်ကိုယ်လုံး ဝင်ဆံ့နိုင်သော မီးဖိုကြီးနှစ်ခု ရောက်ရှိနေသောကြောင့် ဖြစ်၏။

ထိုမီးဖိုမျိုးမှာ သံရည်ကျိုရာတွင် အသုံးပြုသော မီးဖိုများဖြစ်၏။ ထို့ကြောင့် အခန်းတွင်းရှိ အပူချိန်မှာ အံ့မခန်း မြင့်တက်နေတော့သည်။

ထို့သို့ ပူပြင်းနေသည့်တိုင် ထန်ထိုင်မြဲ့မင်၏ မျက်နှာပေါ်တွင်မူ ချွေးတစ်ပေါက်မှ ထွက်မနေပေ။ သူ၏ အတွင်းအား မည်မျှမြင့်မားကြောင်း သိသာလှ၏။

သူ၏ရှေ့တွင် လူတစ်ယောက် ဒူးထောက်နေသည်။ ထိုသူမှာ ယွင်အောက်ထျန်း အယောင်ဆောင်ထားသော သူတောင်းစား ဟွာမန်လုပင်။

ထန်ထိုင်မြဲ့မင်က ပြောလိုက်သည်။ “လေခွင်းမြို့က တကယ်ကို အရည်အချင်းရှိတဲ့သူတွေ ပေါများတာပဲ။ ယွင်အောက်ထျန်း တစ်ယောက်ပေါ်လာတာနဲ့တင် အတော်လေး အံ့ဩဖို့ကောင်းနေပြီ။ မင်းလိုလူမျိုးပါ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။”

သူက ဆက်မေးလိုက်၏။ “မင်းနာမည် ဘယ်လိုခေါ်လဲ။”

ထိုအချိန်တွင် သူတောင်းစား ဟွာမန်လုထံ၌ ယခင်က ယွင်အောက်ထျန်းအဖြစ် ဟန်ဆောင်စဉ်က ရှိခဲ့သော မာနထောင်လွှားမှုမျိုး လုံးဝမရှိတော့ပေ။

သူက အလွန် သိမ်ငယ်စွာဖြင့် ဒူးထောက်လျက် ဖားယားကာ ဖြေလိုက်၏။ “သခင်ကြီးထန်ထိုင်… ကျုပ်ရဲ့ နာမည်က ဟွာမန်လုလို့ ခေါ်ပါတယ်။”

ထန်ထိုင်မြဲ့မင်က ရေရွတ်လိုက်သည်။ “ဟွာမန်လု… နားထောင်လို့ သိပ်ကောင်းတဲ့ နာမည်လေးပဲ။ မင်းက တကယ် တော်ပါတယ်။ မင်း ယွင်အောက်ထျန်းအဖြစ် ဟန်ဆောင်ထားတာကို ငါ လုံးဝ ရိပ်မမိခဲ့ဘူး။”

ဟွာမန်လုက ပြောလိုက်၏။ “သခင်ကြီးက ယွင်အောက်ထျန်းကို တစ်ခါမှ မမြင်ဖူးလို့ မရိပ်မိတာပါ။”

ထန်ထိုင်မြဲ့မင်က ငြင်းလိုက်သည်။ “မဟုတ်ဘူး။ မင်းရဲ့ သရုပ်ဆောင်မှုက သိပ်ကို ပြောင်မြောက်လွန်းလို့ပါ။ မင်းနဲ့ ငါ ပထမဆုံး စတွေ့တဲ့အချိန်တည်းက မင်းက ငါ့ကို မီးစုန်းဓာတ် အလိုလိုလောင်ကျွမ်းတာကို ပြခဲ့တယ်။ ပြီးတော့ သံကို ရွှံ့လိုလှီးဖြတ်နိုင်တဲ့ ဓားမြှောင်ကိုလည်း ပြခဲ့တယ်။

ပြီးတော့ နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူနဲ့လည်း ငါ့ကို လှည့်စားဖို့ ကြိုးစားခဲ့သေးတယ်။ မင်းရဲ့ လုပ်ရပ်တွေအားလုံးက အပြစ်ပြောစရာမရှိအောင် ပြောင်မြောက်လွန်းတယ်။ အဲဒီလို ပြောင်မြောက်လွန်းတဲ့ အရည်အချင်းတွေကြောင့်ပဲ မင်းကို ယွင်အောက်ထျန်းလို့ ငါ ထင်ခဲ့တာ။”

ဟွာမန်လုက ဖြေလိုက်၏။ “ရှက်စရာကောင်းပါတယ်။ ထိုကိစ္စတွေအားလုံးက သခင်လေး ယွင်အောက်ထျန်းရဲ့ အစီအစဉ်တွေချည်းပါပဲ။ ကျုပ်က ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်ခဲ့ရုံပါ။ ကျုပ်က အရည်အချင်း မရှိတဲ့သူ တစ်ယောက်ပါ။ ကျုပ် အကျွမ်းကျင်ဆုံးက သရုပ်ဆောင်တာ တစ်ခုပဲ ရှိတာပါ။”

ထန်ထိုင်မြဲ့မင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ “ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်တာ ဟုတ်လား။”

ဟွာမန်လုက အတည်ပြုလိုက်၏။ “ဟုတ်ပါတယ်။ လအတော်ကြာအောင် လေ့ကျင့်ခဲ့ရတာပါ။”

ထန်ထိုင်မြဲ့မင်က ပြောလိုက်သည်။ “ဒါဆိုရင် ဒီ ယွင်အောက်ထျန်းဆိုတဲ့သူက တကယ့်ကို နတ်ဆိုးတစ်ကောင်လို ဉာဏ်များတဲ့သူပဲ ဖြစ်ရမယ်။”

ဟွာမန်လုက ပြန်ဖြေ၏။ “ကျုပ်က တစ်သက်လုံး ဘယ်သူ့ကိုမှ မလေးစားခဲ့ဖူးပါဘူး။ ဒါပေမဲ့ သခင်လေး ယွင်အောက်ထျန်းကိုတော့ မြေကြီးပေါ် ဝပ်တွားချင်တဲ့အထိ လေးစားရတာပါ။”

ထန်ထိုင်မြဲ့မင်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “မကြာခင် မင်းလေးစားရတဲ့ ယွင်အောက်ထျန်းကို ဒီကို ခေါ်လာတော့မှာပါ။”

.............

အချိန်အနည်းငယ် ကြာပြီးနောက် ယွင်ကျုံးဟဲ့နှင့် နင်ချင်းတို့ကို ဧည့်ခန်းဆောင်ငယ်လေးထဲသို့ ဖမ်းဆီး ခေါ်ဆောင်လာကြ၏။ ထန်ထိုင်မြဲ့မင်က ယွင်ကျုံးဟဲ့ကို တစ်ချက် ကြည့်လိုက်သောအခါ သူ၏အကြည့်များပင် အနည်းငယ် တုန်လှုပ်သွားရသည်။

နင်ချင်းဘေးမှ ဤကျောင်းသူလေးကို အမှန်တော့ သူ သတိထားမိခဲ့ဖူးသည်။ သို့ပေမည့် ယခု သူမသည် ယွင်ကျုံးဟဲ့ဖြစ်မှန်း သေချာသွားသောအခါ ကြည့်ရသည့် ခံစားချက်က လုံးဝ ကွဲပြားသွား၏။

ဤလောကတွင် ယောက်ျား မိန်းမ ခွဲခြား၍မရနိုင်လောက်အောင် စွမ်းဆောင်နိုင်သူ ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ လက်ရှိ ကျောင်းသူလေး၏ ရုပ်ရည်မှာ အလွန်အမင်း လှပနေခြင်း မဟုတ်သည့်တိုင် မည်သည့် အပြစ်အနာအဆာမှ ရှာမတွေ့နိုင်ချေ။

အမူအရာ၊ ကိုယ်ဟန်အသွင်အပြင်၊ အသားအရည်… အရာအားလုံးက မိန်းကလေးတစ်ဦးနှင့် ရာနှုန်းပြည့် တူညီနေ၏။ ဤယွင်ကျုံးဟဲ့မှာ အတိအကျ ဆိုရလျှင် မည်သို့သော လူစားမျိုးနည်း။

...............

All Chapters