အခန်း (၁၀၇-၁၀၈)
Vol. 10 Ch. 107-108
အပိုင်း (၁၀၇)
ထန်ထိုင်မြဲ့မင်က စကားစလိုက်သည်။ “ယွင်အောက်ထျန်း… ဒါက ငါတို့ရဲ့ တကယ့် ပထမဆုံး တွေ့ဆုံမှုလို့ ပြောရမလားပဲ။”
ယွင်ကျုံးဟဲ့က အရိုအသေပေးကာ ဖြေလိုက်၏။ “တကယ်တော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်တည်းက ဆုံဖူးပါတယ်။ အဲဒီတုန်းက ကျုပ်က သခင်မနင်ချင်းရဲ့ နောက်ကနေ လိုက်ပြီး သခင်ကြီးကို လာပြီးတော့ ဂါရဝပြုခဲ့ပါသေးတယ်။”
ထန်ထိုင်မြဲ့မင်က နင်ချင်းဘက်သို့ လှည့်ကာ လက်ဖက်ရည်ခွက်ကို မြှောက်ပြလိုက်သည်။ “မတွေ့ရတာ ကြာပြီ သခင်မနင်ချင်း...”
နင်ချင်းက တည်ငြိမ်စွာပင် ထန်ထိုင်မြဲ့မင်ကို အရိုအသေပေးလိုက်၏။
“မင်းတို့နှစ်ယောက် ထိုင်ကြပါအုံး။” ထန်ထိုင်မြဲ့မင်က နေရာချပေးသည်။
အစမှအဆုံးတိုင်အောင် သူ၏ မျက်နှာပေါ်တွင် မည်သည့် ဒေါသအရိပ်အယောင်မျှ မတွေ့ရဘဲ အလွန်အမင်း တည်ငြိမ်နေ၏။
သို့ပေမည့် ဤကဲ့သို့သော ဩဇာအာဏာရှိသူများမှာ ပို၍ တည်ငြိမ်လေလေ၊ ပို၍ ကြောက်မက်ဖွယ် ကောင်းလေလေပင် ဖြစ်သည်။
ထန်ထိုင်မြဲ့မင်က ပြောလိုက်၏။ “ဒီမှာ မိတ်ဟောင်းဆွေဟောင်း တစ်ယောက်ရှိတယ်။ မင်းတို့ တွေ့ချင်ကောင်း တွေ့ချင်လိမ့်မယ်။”
ထို့နောက် လူရိပ်တစ်ခု ဝင်ရောက်လာသည်။ ထိုသူမှာ ယွင်ကျုံးဟဲ့၏ ရန်သူဟောင်း၊ မြို့စားများ မဟာမိတ်ကုန်သည်အသင်း၏ ဥက္ကဋ္ဌ ယွင်ဝမ်ရွှယ်ပင် ဖြစ်၏။
ယွင်ဝမ်ရွှယ်က ဝင်လာသည်နှင့် လှောင်ပြောင်သရော်လိုက်သည်။ “မတွေ့ရတာ ကြာပြီ သခင်လေး ယွင်အောက်ထျန်း။ ခင်ဗျားကို တွေ့ရတဲ့ အကြိမ်တိုင်းက အမြဲတမ်း ထူးခြားနေတာပဲနော်။”
ယွင်ကျုံးဟဲ့က ပြုံးလျက် ပြန်နှုတ်ဆက်၏။ “မတွေ့ရတာ ကြာပြီ အစ်ကိုကြီး ယွင်ဝမ်ရွှယ်။”
ယွင်ဝမ်ရွှယ်၏ အကြည့်များက နင်ချင်းဆီသို့ ရောက်သွားကာ ပြုံးလျက် ပြောလိုက်သည်။ “မတွေ့ရတာ ကြာပြီနော် ကျုပ်ရဲ့ ညီမငယ်။”
နင်ချင်း၏ မျက်နှာက အေးစက်နေပြီး သူ့ကို လုံးဝ အဖက်မလုပ်ပေ။
ယွင်ဝမ်ရွှယ်က ပြုံးလျက် ဆက်ပြော၏။ “မလောပါနဲ့… လောစရာ မလိုပါဘူး။ ဒီည ကျုပ်တို့မှာ အချိန်တွေ အများကြီး ရှိသေးတာပဲ။ ကိစ္စတွေကို တစ်ခုချင်းစီ ရှင်းလင်းလို့ ရပါတယ်။ ပြီးရင် ခင်ဗျားတို့ နှစ်ယောက်ရဲ့ အရေခွံကို တစ်လက်မချင်းစီ ခွာချပစ်မယ်။ အဲဒီအခါကျမှ အစစ်အမှန် ငရဲဆိုတာ ဘာလဲဆိုတာကို ခင်ဗျားတို့ သေချာ သိသွားလိမ့်မယ်။”
ယွင်ဝမ်ရွှယ်က ဒေါသတကြီးဖြင့် မေးလိုက်သည်။ “ပထမအချက်အနေနဲ့ တောဝက်နယ်မြေက တောင်ကြားရဲတိုက်ထဲမှာ ခင်ဗျားနဲ့ နင်ချင်းတို့ ဖောက်ပြန်ခဲ့ကြတယ်။ လူတွေ ဝိုင်းဖမ်းတဲ့အချိန်မှာ ခင်ဗျားက မိန်းမတစ်ယောက်လို ဟန်ဆောင်ပြီး စောင်ပုံထဲ ပုန်းနေခဲ့လို့ လွတ်သွားခဲ့တာမလား။”
ယွင်ဝမ်ရွှယ်က ပြောလိုက်၏။ “အဲဒီတုန်းက ဖမ်းတဲ့သူတွေတောင် အရမ်းအံ့ဩသွားခဲ့ကြတာ။ စောင်ပုံထဲမှာ ရှိနေတာက ယောက်ျားကြီးပါဆိုမှ ရုတ်တရက်ကြီး ချောမောလှပတဲ့ မိန်းမလှလေးတစ်ယောက် ဖြစ်သွားခဲ့တာကိုး။”
ယွင်ကျုံးဟဲ့က ဝန်ခံလိုက်သည်။ “ဟုတ်ပါတယ်။ အဲဒီနေ့က နင်ချင်းရဲ့ စောင်ပုံထဲမှာ ပုန်းပြီး ရှုယွဲ့ယဲ့လို့ နာမည်ခံခဲ့တဲ့ မိန်းမက ကျုပ် ဟန်ဆောင်ထားတာပါ။”
ယွင်ဝမ်ရွှယ်က ဆက်မေး၏။ “နင်ချင်းက အဲဒီတုန်းက ခင်ဗျားနဲ့ ဖောက်ပြန်ခဲ့လို့ လေခွင်းမြို့နဲ့ ချိုရွှေမြို့ စစ်ပွဲ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာ လေခွင်းမြို့ဘက်ကို လုံးဝ ဘက်လိုက်ပေးခဲ့တာမလား။ ဒီလုပ်ရပ်က မြို့စားများ မဟာမိတ်အဖွဲ့ရဲ့ တရားမျှတမှုကို ဆိုးဆိုးရွားရွား စော်ကားလိုက်တာပဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။ “သခင်မ နင်ချင်းက အလွန် တရားမျှတတယ်လို့ ကျုပ် ထင်ပါတယ်။ သူ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာက ကျုပ်တို့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။”
ယွင်ဝမ်ရွှယ်က ခနဲ့တဲ့တဲ့ မေးလိုက်၏။ “ဒါဆို ခင်ဗျားက နင်ချင်းနဲ့ ဖောက်ပြန်ခဲ့တာကို ဝန်ခံတယ်ပေါ့လေ။”
ယွင်ကျုံးဟဲ့က ပြင်ဆင်ပေးလိုက်သည်။ “ပုဂ္ဂိုလ်ရေးအရ ပတ်သက်မှုရှိခဲ့တာပါ။ ဖောက်ပြန်တာ မဟုတ်ပါဘူး။”
ယွင်ဝမ်ရွှယ်က ဆက်ပြော၏။ “အဲဒီနေ့က ကျုပ်နဲ့ လောင်းကစားလုပ်တုန်းကလည်း ခင်ဗျားက အသံတုပညာကို သုံးပြီး အန်စာတုံးခေါက်သံကို အတုလုပ်ပြပြီး ကျုပ်ကို အောင်မြင်စွာ လှည့်စားသွားခဲ့တယ်။ ပြီးတော့ ခင်ဗျားက ပါးစပ်ပိတ်ထားပြီးတော့တောင် မိန်းကလေးတွေ၊ အမျိုးသမီးတွေ၊ နင်ချင်းရဲ့အသံ အပါအဝင် ဘယ်သူ့အသံကိုမဆို တစ်ပုံစံတည်းတူအောင် အတုခိုးနိုင်တယ်မလား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။”
“ခင်ဗျား ဝန်ခံတယ်ဆိုရင် ပြီးတာပါပဲ။”
ယွင်ဝမ်ရွှယ်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ဒါကြောင့် ဒီနေ့ စာပေစွမ်းရည်ပြိုင်ပွဲမှာ ကျင်းဝူပြန်းက ပါးစပ်ပဲ လှုပ်ပြခဲ့တာပေါ့။ တကယ် ကဗျာတွေစပ်၊ စာတွေဖွဲ့ခဲ့တာက ခင်ဗျားပဲ။ ခင်ဗျားက နင်ချင်းရဲ့ ကျောင်းသူလေးအဖြစ် ဟန်ဆောင်ပြီး ပါးစပ်ပိတ်ကာ အသံတုပညာနဲ့ ကျင်းဝူပြန်းအသံကို အတုခိုးပြီး ဒီနေ့ပွဲစဉ်တစ်ခုလုံးကို သရုပ်ဆောင်သွားခဲ့တာပဲ။”
ယွင်ကျုံးဟဲ့က အေးအေးဆေးဆေးပင် ပြန်ဖြေသည်။ “ဟုတ်ပါတယ်။ ကျုပ် မငြင်းပါဘူး။”
“ဟား ဟား ဟား... အဲဒါက ခင်ဗျား ငြင်းနေလို့လည်း အပိုပဲဆိုတာ သိနေလို့လေ။” ယွင်ဝမ်ရွှယ်က ထပ်မံရယ်မောလိုက်ပြန်၏။
အစက ယွင်ကျုံးဟဲ့ ဝန်ခံလာစေရန် ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ရမည်ဟု သူထင်ထားခဲ့သော်လည်း ယခုတော့ ခွန်အားတစ်စက်မျှပင် မစိုက်ထုတ်ရဘဲ ဤယွင်အောက်ထျန်းဆိုသည့် လူပျော့လေးက အရာအားလုံးကို အလွယ်တကူ ဝန်ခံသွားခဲ့တော့သည်။
ယွင်ဝမ်ရွှယ်က အသံကိုမြှင့်ကာ အော်ဟစ်လိုက်၏။ “ယွင်အောက်ထျန်း… ခင်ဗျားကိုယ်ခင်ဗျား တကယ်ပဲ ပါရမီရှင်တစ်ယောက်လို့ ထင်နေတာလား။ လူတိုင်းကို အရူးတွေလို့ ထင်နေတာလား။ ကျင်းဝူပြန်းဆိုတာ အသုံးမကျတဲ့ကောင်မှန်း ဘယ်သူက မသိလို့လဲ။ ခင်ဗျားက သူ့ကို ပါရမီရှင်တစ်ယောက်လို သရုပ်ဆောင်ခိုင်းတာကို ဘယ်သူကများ မသင်္ကာမဖြစ်ဘဲ နေပါ့မလဲ။
ယွင်အောက်ထျန်း… အဲနေ့တုန်းက နင်ချင်းရဲ့ စောင်ပုံထဲမှာ မိန်းမဟန်ဆောင်ပြီး တစ်ကြိမ် လွတ်သွားခဲ့တာကို ဒီနေ့လည်း အဲဒီဇာတ်ညွှန်းဟောင်းကို ထပ်သုံးရဲတယ်ပေါ့လေ။ ပထမတစ်ကြိမ်တုန်းက ခင်ဗျားရဲ့ ပြောင်မြောက်တဲ့ အသံတုပညာကို သုံးခဲ့တာကို ထားလိုက်ပါတော့။ အခု အဲဒီပညာကို တစ်ခါ သုံးပြဖူးရက်နဲ့ ဒီနေ့လည်း ထပ်သုံးပြီး လှည့်စားဖို့ ကြိုးစားနေတာကတော့ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ။
ယွင်အောက်ထျန်း… ခင်ဗျားရဲ့ အစီအစဉ်က ကြည့်ရတာ အလွန်ပြောင်မြောက်လှတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဟာကွက်တွေ အများကြီးပါပဲ။ ကိုယ့်သေတွင်း ကိုယ်တူးနေတာ သက်သက်ပဲ။
ယွင်အောက်ထျန်း… ကျင်းဝူပြန်းဆိုတာက အစအဆုံး အသုံးမကျတဲ့ကောင်ဆိုတာ သိသာနေတာကို ခင်ဗျားက သူ့ကို ပညာရှင်တစ်ယောက်လို ဖန်တီးချင်ခဲ့တယ်ပေါ့လေ။ ပြီးတော့ သခင်မလေး ထန်ထိုင်ဖူဖင်းရဲ့ လက်ထပ် စာချုပ်ကိုပါ လှည့်စားချင်ခဲ့သေးတယ်။ ဒါက လက်ထပ်ပွဲကို လိမ်လည်တာပဲ။ ခင်ဗျားက သူ့ကို မီးတွင်းထဲ တွန်းပို့နေတာပဲ။
သခင်ကြီးထန်ထိုင်က ဘယ်လောက် ဉာဏ်အမြော်အမြင် ကြီးမားသလဲ။ ခင်ဗျားလိုလူရဲ့ အဆင့်နိမ့် လှည့်ကွက်မျိုးနဲ့ ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ။ ဒါပေမယ့် ခင်ဗျားရဲ့ ဒီလို ယုတ်မာတဲ့ လုပ်ရပ်က သခင်ကြီးထန်ထိုင်နဲ့ ထန်ထိုင်မိသားစု တစ်ခုလုံးကို အကြီးအကျယ် စော်ကားလိုက်တာပဲ။
သခင်ကြီးထန်ထိုင်က ထန်ထိုင်မိသားစုရဲ့ သခင်ကြီးဖြစ်ရုံတင်မကဘူး၊ မြို့စားများ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။ တစ်နည်းအားဖြင့် ပြောရရင် ခင်ဗျားရဲ့ သခင်လည်း ဖြစ်တယ်။ ခင်ဗျားရဲ့ လုပ်ရပ်က သခင်ကို လှည့်စားတဲ့ အပြစ်ပဲ။”
ထို့နောက် ယွင်ဝမ်ရွှယ်က ထန်ထိုင်မြဲ့မင်ရှေ့တွင် ဒူးထောက်ကာ ပြောလိုက်သည်။ “သခင်ကြီးထန်ထိုင်… ယွင်အောက်ထျန်းရဲ့ ဒီလုပ်ရပ်က သခင်ကြီးရဲ့ ကြီးမားလှတဲ့ ဩဇာအာဏာကို အဆိုးရွားဆုံး စော်ကားလိုက်တာပါပဲ။ သေဒဏ်ပေးသင့်ပါတယ်။
နင်ချင်းကလည်း ယွင်အောက်ထျန်း သခင်ကြီးကို လုပ်ကြံချင်နေမှန်း သိရက်နဲ့ မတားဆီးတဲ့အပြင် သူနဲ့တောင် ပူးပေါင်းခဲ့ပါသေးတယ်။ ဒါက ပြည့်တန်ဆာတွေလို အကျင့်ယုတ်တဲ့လုပ်ရပ်မို့ အတူတူ သေဒဏ်ပေးသင့်ပါတယ်။”
ထန်ထိုင်မြဲ့မင်က ယွင်ကျုံးဟဲ့ကို စိုက်ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်၏။ “ယွင်အောက်ထျန်း… သူပြောတဲ့ အပြစ်တွေအားလုံးကို မင်း ဝန်ခံလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ကျုပ် ဝန်ခံပါတယ်။”
ထန်ထိုင်မြဲ့မင်က ခေါင်းညိတ်လိုက်၏။ “ဒါဆိုလည်း ကောင်းပြီ။ ကောင်းတယ်။”
ထို့နောက် သူက မိမိဖာသာ လက်ဖက်ရည်တစ်ခွက် ငှဲ့ကာ ဖြည်းညင်းစွာ သောက်လိုက်ပြီး ပြောသည်။ “မင်းရဲ့ အရည်အချင်းက တကယ်ကို အံ့မခန်းပဲ။ ဥပဒေမဲ့ နယ်မြေမှာ ဒီလို အရည်အချင်းရှိတဲ့သူမျိုး ရှိနေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ အဲဒီကဗျာတွေ၊ အဲဒီစာတွေက အရမ်းကို အံ့ဩဖို့ ကောင်းလွန်းတယ်။”
ယွင်ကျုံးဟဲ့က အရိုအသေပေးလိုက်၏။ “မြှောက်စားလွန်းပါပြီ။”
ထန်ထိုင်မြဲ့မင်က ဆက်ပြောလိုက်သည်။ “ဒါပေမယ့် အဲဒီလို ဖြစ်နေလို့ပဲ ဟာကွက် ဖြစ်သွားတာလေ။ ကျင်းဝူပြန်းမှာ ဒီလောက် အရည်အချင်းရှိတယ်ဆိုတာကို ငါက ဘယ်လိုလုပ် ယုံနိုင်မှာလဲ။ နှစ်ရာချီမှ တစ်ခါပေါ်ခဲတဲ့ အဲဒီနာမည်ကြီး ကဗျာတွေကို သူက ဘယ်လိုလုပ် ရေးဖွဲ့နိုင်မှာလဲ။”
ယွင်ကျုံးဟဲ့က ဆက်လက်၍ တိတ်ဆိတ်နေ၏။
ထန်ထိုင်မြဲ့မင်က ဆက်ပြောသည်။ “မင်းရဲ့ ဉာဏ်ပညာနဲ့ဆိုရင် ဒီဟာကွက်ကို ကြိုမြင်သင့်တယ်။ ပြီးတော့ ယွင်ဝမ်ရွှယ်က နင်ချင်းကို စောင့်ကြည့်ပြီး ငါ့ကို လာတိုင်မယ်ဆိုတာကိုလည်း မင်း တွက်ဆထားနိုင်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းက သူ့ရှေ့မှာ အသံတုပညာကို သုံးပြခဲ့ဖူးတာကိုး။”
ယွင်ကျုံးဟဲ့က ဝန်ခံလိုက်၏။ “ဟုတ်ပါတယ်။”
ထန်ထိုင်မြဲ့မင်က မေးလိုက်သည်။ “ဒါဆို ဘာဖြစ်လို့ ဒီလို လုပ်ခဲ့သေးတာလဲ။”
ယွင်ကျုံးဟဲ့က သက်ပြင်းချကာ ဖြေ၏။ “ပြောရမယ်ဆိုရင်တော့ ဇာတ်လမ်းရှည်သွားလိမ့်မယ်။”
ထန်ထိုင်မြဲ့မင်က လက်ကာပြလိုက်သည်။ “ဇာတ်လမ်းရှည်မယ်ဆိုရင်လည်း လောလောဆယ် မပြောနဲအုံး။ မင်းလို ပါရမီရှင်တစ်ယောက်ကို သတ်ပစ်လိုက်ရရင် သိပ်နှမြောစရာ ကောင်းနေလိမ့်မယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ယွင်ဝမ်ရွှယ်က စူးရှသောအသံဖြင့် အော်ဟစ်လိုက်၏။ “သခင်ကြီးထန်ထိုင်… ယွင်အောက်ထျန်းကို အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်ပါဘူး။ သူက သခင်ကြီးကို စော်ကားခဲ့တယ်၊ လှည့်စားခဲ့တယ်၊ ထန်ထိုင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ခြေမွှပစ်ခဲ့တာပါ။”
ထန်ထိုင်မြဲ့မင်က ပြောလိုက်သည်။ “ယွင်ဝမ်ရွှယ်ပြောတာ မှန်တယ်။ မင်းက ငါ့ကို လှည့်စားခဲ့တယ်၊ စော်ကားခဲ့တယ်။ ပြီးတော့ ကျင်းမိသားစုအတွက် လက်ထပ်ပွဲကိုလည်း လိမ်လည်ခဲ့တယ်။ မင်းအပြစ်က သိပ်ကြီးမားလွန်းလို့ အကြိမ်တစ်ထောင်လောက် ခုတ်ထစ်သတ်ပစ်သင့်တယ်။ ဒါပေမယ့် မင်းကို အသက်ရှင်ခွင့် တစ်လမ်းတော့ ငါ ပေးမယ်။ ဘယ်လိုလဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သခင်ကြီးထန်ထိုင်… မိန့်ကြားပါ။”
ထန်ထိုင်မြဲ့မင်က ပြောလိုက်သည်။ “ငါ့ရဲ့ ထန်ထိုင်မိသားစုနဲ့ ကျင်းမိသားစုရဲ့ လက်ထပ်ပွဲကတော့ ဆက်သွားမယ်။ ဒါပေမယ့် ကျင်းဝူပြန်းနဲ့ လက်ထပ်ရမယ့်သူက ထန်ထိုင်ဖူဖင်း မဟုတ်ဘဲ ထန်ထိုင်ဝူယန် ဖြစ်လိမ့်မယ်။”
‘ထန်ထိုင်ဝူယန် - သရဲတစ်ကောင်လို ရုပ်ဆိုးပြီး ငတုံးငအ အမျိုးသမီးလား။’
ကျင်းဝူပြန်းအတွက် သုံးစက္ကန့်ခန့် ဝမ်းနည်းစွာ ဆုတောင်းပေးလိုက်မိ၏။ သို့ပေမည့် လက်ထပ်ပွဲ ဖြစ်မြောက်သွားဖို့ ပို၍ အရေးကြီးသည် မဟုတ်ပါလား။
ထန်ထိုင်မြဲ့မင်က ဆက်ပြောသည်။ “မင်းလို အရည်အချင်းရှိတဲ့သူက ငါ့အတွက် အသုံးဝင်သင့်တယ်။ ယွင်အောက်ထျန်း… မင်း အသက်ရှင်ချင်တယ်ဆိုရင် အရမ်းလွယ်ပါတယ်။ ကျင်းမိသားစုကို စွန့်ခွာပြီး ငါ့ရဲ့ ထန်ထိုင်မိသားစုကို သစ္စာခံလိုက်။
ငါ့သမီး ထန်ထိုင်ဖူဖင်းကို မင်းနဲ့ ပေးစားမယ်။ မင်းတို့နှစ်ယောက်က အရည်အချင်းရော၊ ရုပ်ရည်ပါ လိုက်ဖက်ညီတော့ နာမည်ကောင်းတစ်ခု ဖြစ်လာမှာ သေချာတယ်။”
ထိုစကားကြောင့် နင်ချင်း၏ ကိုယ်လုံးလေး တုန်ယင်သွား၏။
ယွင်ဝမ်ရွှယ်၏ မျက်နှာလည်း ပျက်ယွင်းသွားကာ တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ “သခင်ကြီးထန်ထိုင်… လုံးဝ မဖြစ်ပါဘူး။ ယွင်အောက်ထျန်းလို လူမျိုးကို လုံးဝ အသက်ရှင်ခွင့် ပေးလို့မရပါဘူး။ သခင်ကြီးအတွက် အန္တရာယ်ကြီး ဖြစ်လာပါလိမ့်မယ်။
အကယ်၍ သခင်ကြီးက သူ့ကို သားမက်အဖြစ် လက်ခံလိုက်ရင် သခင်ကြီးရဲ့ အင်ပါယာကြီးကို ဖျက်ဆီးပစ်လိမ့်မယ်။ ဒီလူက သရဲတစ်ကောင်လို ကောက်ကျစ်စဉ်းလဲလွန်းတယ်။ အာဏာကို လုယူဖို့ သေချာပေါက် ကြိုးစားလိမ့်မယ်။”
ထိုစကားများက ထန်ထိုင်မြဲ့မင်၏ ရင်တွင်းသို့ တိုက်ရိုက် ရိုက်ခတ်သွား၏။ သို့ပေမည့် ထန်ထိုင်မြဲ့မင်ကမူ သူ အသက်ရှင်နေသရွေ့ ထိန်းချုပ်ထားနိုင်မည်ဟု ယုံကြည်နေသည်။ အကယ်၍ သူ သေဆုံးသွားခဲ့လျှင်တော့ နောင်လာနောက်သားများအတွက် အန္တရာယ်မဖြစ်စေရန် ယွင်အောက်ထျန်းကိုပါ တစ်ပါတည်း သတ်ပစ်လိုက်မည်ဟု တွေးထား၏။
“ယွင်အောက်ထျန်း… ငါက မင်းအတွက် ကြီးကျယ်ခမ်းနားတဲ့ လမ်းစတစ်ခု ဖွင့်ပေးထားတာပဲ။”
ထန်ထိုင်မြဲ့မင်က ဆက်ပြောသည်။ “ငါ့သမီး ထန်ထိုင်ဖူဖင်းက အရည်အချင်းရော၊ ရုပ်ရည်ပိုင်းမှာပါ မင်းနဲ့ ထိုက်တန်ပါတယ်။”
ထိုအချိန်တွင် ယွင်ကျုံးဟဲ့က ဘေးခန်းမှ အသက်ရှူသံများ ပြင်းထန်လာသည်ကို သတိထားမိလိုက်၏။ ဘေးခန်းထဲတွင် လူတစ်ယောက် ရှိနေ၏။
ထိုသူမှာ မိန်းကလေးတစ်ဦး ဖြစ်ပြီး သူသာ ခန့်မှန်းရမည်ဆိုလျှင် ထန်ထိုင်ဖူဖင်း ဖြစ်ရန် သေချာသလောက် ရှိပေသည်။
ထန်ထိုင်ဖူဖင်းက တကယ်ကို ကောင်းမွန်လှ၏။ အလွန်အမင်း လှပသူမဟုတ်သည့်တိုင် အလယ်အလတ်အထက် အလှအပမျိုး ရှိ၏။
ကျင်းကျုံးယွဲ့ကဲ့သို့ ယှဉ်ပြိုင်ဘက်ကင်းသော အလှတရားမျိုးနှင့် နှိုင်းယှဉ်၍ မရသော်လည်း သူမကို လက်ထပ်ချင်နေသည့် အမျိုးသားများက မြစ်ကူးငါးများပမာ များပြားလှပေသည်။
ထန်ထိုင်မြဲ့မင်က ဖြည်းညင်းစွာ ပြောလိုက်၏။ “ယွင်အောက်ထျန်း… မင်း အသက်ရှင်ချင်ရင် ဒူးထောက်ပြီး တောင်းရမ်းလို့ ရပြီ။”
သို့ပေမည့် ယွင်ကျုံးဟဲ့က ဒူးမထောက်ချေ။
ယွင်ဝမ်ရွှယ်ကသာ ဒူးထောက်ချလိုက်ပြီး အဆက်မပြတ် ဦးညွှတ်ကာ အော်ဟစ်နေတော့၏။ “သခင်ကြီး… သေချာ စဉ်းစားတော်မူပါ။ သေချာ စဉ်းစားတော်မူပါ။”
ယွင်ကျုံးဟဲ့က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။ “တောင်းပန်ပါတယ်။ သခင်ကြီးထန်ထိုင်… ကျုပ် သခင်ကြီးရဲ့ သမီးကို လက်မထပ်နိုင်ပါဘူး။”
ထိုစကား ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ပူအိုက်နေသော လေထုက ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရ၏။
လူသတ်ငွေ့... အေးစက်လှသော လူသတ်ငွေ့ပင်။
ထိုလူသတ်ငွေ့က ထန်ထိုင်မြဲ့မင်ထံမှသာမက ဘေးခန်းရှိ ထန်ထိုင်ဖူဖင်းထံမှပါ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “သခင်ကြီးထန်ထိုင်… ကျုပ် လက်ထပ်မယ့် မိန်းမက တစ်ယောက်တည်းပဲ ရှိတယ်။ အဲဒါက ကျင်းကျုံးယွဲ့ပဲ။ ကျုပ် သူ့ကို လုံးဝ… လုံးဝ သစ္စာမဖောက်နိုင်ဘူး။ လေခွင်းချိုင့်ဝှမ်းကြီး ပျက်စီးသွားရင်တောင်၊ သူ သေသွားရင်တောင် ကျုပ် သူ့ကို သစ္စာမဖောက်ဘူး။”
ထိုစကားကြောင့် ဘေးနားရှိ နင်ချင်း၏ ကိုယ်လုံးလေး တုန်ယင်သွားကာ လှပသော မျက်နှာလေးမှာလည်း သွေးဆုတ်ဖြူရော်သွားတော့သည်။
‘ယွင်ကျုံးဟဲ့… ရှင်က လူယုတ်မာပဲ။ ဒီရက်ပိုင်းတွေမှာ နေ့တိုင်း ကျွန်မကို စော်ကားခဲ့တယ်။ ချစ်ကြည်နူးခဲ့ကြတယ်။ အခုကျတော့ ကျင်းကျုံးယွဲ့ တစ်ယောက်တည်းကိုပဲ ချစ်တယ်လို့ ပါးစပ်ကနေ အကြိမ်ကြိမ် ပြောထွက်ရက်တယ်ပေါ့လေ။ ရှင်က ကျွန်မ နင်ချင်းကို ဘာမှတ်နေတာလဲ။’
အပိုင်း (၁၀၈)
ထိုစကားကို ကြားချိန်မှာတော့ ထန်ထိုင်မြဲ့မင်၏ မျက်နှာက အနည်းငယ် ရှုံ့မဲ့သွားကာ မေးလိုက်၏။ “ဘာဖြစ်လို့လဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျုပ်က အရူးတစ်ယောက်မို့လို့ပဲ။ အကျိုးအမြတ်ကို ဂရုမစိုက်ဘဲ သံယောဇဉ်ကိုပဲ အလေးထားတဲ့ အရူးတစ်ယောက်မို့လို့ပါ။”
ထန်ထိုင်မြဲ့မင်က မေးလိုက်၏။ “အရူး… သေရမှာကို မကြောက်တဲ့ အရူးပေါ့လေ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။ “ဟုတ်တယ်။ သိပ်တော့ မကြောက်ဘူး။”
ထန်ထိုင်မြဲ့မင်က ဆို၏။ “ကောင်းပြီလေ။ မင်းလို အရူးတစ်ယောက်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။ ဟောဒီက မီးဖိုကြီး နှစ်ခုကို မြင်လား။ အဲဒါ မင်းတို့အတွက် ပြင်ဆင်ထားတာပဲ။”
ထို့နောက် ထန်ထိုင်မြဲ့မင်က နေရာမှ ထရပ်လိုက်ရာ အနည်းငယ် မူးဝေသွားသလို ခံစားလိုက်ရ၏။ သူက အသက်ပြင်းပြင်း တစ်ချက်ရှူကာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီးနောက် ဆက်ပြောသည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းက အရည်အချင်းရှိတဲ့ ပါရမီရှင်တစ်ယောက်ပါ။ မင်းသေတာကို ငါ ကိုယ်တိုင် မျက်စိနဲ့ မမြင်ချင်ဘူး။ ယွင်ဝမ်ရွှယ်… ဒီအထဲက ကိစ္စတွေကို မင်းကိုပဲ လွှဲခဲ့မယ်။”
ထို့နောက် ထန်ထိုင်မြဲ့မင်က အခန်းထဲမှ ထွက်ခွာသွားတော့၏။
ယွင်ဝမ်ရွှယ်က အလွန်အမင်း ဝမ်းသာအားရဖြစ်သွားကာ သူ၏အကြည့်များက ကြောက်မက်ဖွယ် ကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်လာသည်။
‘ဒီအချိန်ကို စောင့်နေရတာ ကြာလှပြီ။ ယွင်အောက်ထျန်း… ခင်ဗျားကတော့ ကျုပ်လက်ထဲမှာ သေရတော့မှာပဲ။’
ထို့နောက် သူ၏ လောဘတကြီး အကြည့်များက နင်ချင်းဆီသို့ ရောက်သွား၏။ တကယ်ကို နှမြောစရာ ကောင်းလှသည်။
ယခုအချိန်က ထန်ထိုင်မိသားစု၏ ပိုင်နက်ထဲတွင် ဖြစ်နေ၍သာ။ အကယ်၍ အခြားနေရာတစ်ခုခုတွင်သာ ဆိုပါက နင်ချင်းကို အသက်ရှင်လျက်နှင့် သေချင်စိတ်ပေါက်လာအောင် ညှဉ်းပန်းနှိပ်စက်ပစ်မည်မှာ သေချာသည်။ သူ ဤမိန်းမကို တပ်မက်နေခဲ့သည်မှာ ကြာပြီ မဟုတ်ပါလား။
သို့ပေမည့် ယွင်ကျုံးဟဲ့က ဤမျှအထိ မိုက်မဲလိမ့်မည်ဟု ယွင်ဝမ်ရွှယ် လုံးဝ မထင်ထားခဲ့ပေ။ အသက်ရှင်ခွင့် ရနိုင်ပါလျက်၊ ထန်ထိုင်မိသားစု၏ သားမက်အဖြစ် ခံယူကာ အဆင့်အတန်း မြင့်မားနိုင်ခွင့် ရှိပါလျက်နှင့် ကိုယ့်သေတွင်း ကိုယ်တူးသွားခဲ့သည်။
ယွင်ဝမ်ရွှယ်က ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။ “လာကြစမ်း… ယွင်အောက်ထျန်းနဲ့ နင်ချင်း၊ ဒီနှစ်ယောက်ကို မီးဖိုထဲ ပစ်ထည့်ပြီး အရှင်လတ်လတ် မီးရှို့သတ်လိုက်ကြ။”
ချက်ချင်းပဲ သိုင်းသမား အချို့က ရှေ့တိုးလာကာ ယွင်ကျုံးဟဲ့နှင့် နင်ချင်းတို့ကို ဖမ်းဆွဲပြီး မီးဖိုထဲသို့ ပစ်ထည့်ရန် ပြင်လိုက်ကြသည်။
“နေအုံး…”
ထန်ထိုင်ဖူဖင်းက အခန်းတွင်းမှ ထွက်လာ၏။
သူမက နင်ချင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “သူ့ကို လွှတ်ပေးလိုက်။”
ယွင်ဝမ်ရွှယ်က အံ့ဩတကြီး ပြောလိုက်၏။ “သခင်မလေးထန်ထိုင်… နင်ချင်းက ကြံရာပါပါ။ သူက ယွင်အောက်ထျန်းနဲ့ ပူးပေါင်းပြီး လက်ထပ်ပွဲကို လိမ်လည်ဖို့ ကြိုးစားခဲ့တာပါ။”
ထန်ထိုင်ဖူဖင်းက တင်းမာစွာ ပြောသည်။ “ကျွန်မ ဒုတိယအကြိမ် ထပ်မပြောချင်ဘူး။ နင်ချင်းကို လွှတ်ပေးပြီး ယွင်အောက်ထျန်းကိုပဲ မီးရှို့သတ်လိုက်။”
ချက်ချင်းပဲ သိုင်းသမား နှစ်ဦးက နင်ချင်းကို လွှတ်ပေးလိုက်ကြ၏။
နင်ချင်းက ထန်ထိုင်ဖူဖင်းရှေ့သို့ သွားကာ အရိုအသေပေးလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဖူဖင်း... ပြီးတော့ တောင်းပန်ပါတယ်လို့လည်း ပြောချင်တယ်။ ကျွန်မက ယွင်အောက်ထျန်းရဲ့ အသုံးချတာကို ခံခဲ့ရတာ မဟုတ်ပါဘူး။ ကျွန်မ သဘောဆန္ဒအလျောက် လုပ်ခဲ့တာပါ။”
ထန်ထိုင်ဖူဖင်းက တုန်လှုပ်စွာ မေးလိုက်၏။ “ဘာဖြစ်လို့လဲ။ ကျွန်မတို့က အကောင်းဆုံး သူငယ်ချင်းတွေလေ။ ရှင်က ဘာလို့ ကျွန်မကို ကြံစည်ရတာလဲ။”
နင်ချင်းက ပြန်ဖြေလိုက်သည်။ “အဲဒါကိုတော့ လောကမှာ အချစ်ဆိုတာ ဘာလဲလို့ပဲ မေးရတော့မှာပေါ့။ ကျွန်မက သူ့ရဲ့ အချစ်အဆိပ်သင့်သွားခဲ့ပြီလေ။ သူ စကားနည်းနည်းလေးနဲ့ မြှူဆွယ်လိုက်တာနဲ့တင် ကျွန်မ ရူးသွပ်သွားခဲ့ရတာပါ။”
ထန်ထိုင်ဖူဖင်းက ဒေါသတကြီး ပြောလိုက်၏။ “ရှင်က သူ့အပေါ် စိတ်ဝင်စားသွားတာနဲ့ ကျွန်မကို ဒုက္ခပေးခဲ့တာလား။”
နင်ချင်းက ငြင်းလိုက်သည်။ “ကျွန်မ ရှင့်ကို ဒုက္ခပေးခဲ့လို့လား။ ကျွန်မ မပေးခဲ့ပါဘူး။ ကျင်းဝူပြန်းက မဆိုးပါဘူးလို့ ကျွန်မ ထင်ပါတယ်။ သူ့ကို လက်ထပ်တာက မော့ယိုကို လက်ထပ်တာထက် ပိုပျော်ရွှင်ရမှာပါ။ ရှင် ယုံချင်မှ ယုံလိမ့်မယ်။ ဒါပေမဲ့ ကိုယ်တွေ့ကြုံဖူးတဲ့ သူတစ်ယောက်အနေနဲ့ ရှင့်ကို ပြောပြချင်တာက ကျွန်မ ပြောတဲ့ စကားတွေက အမှန်တွေပါ။”
ထန်ထိုင်ဖူဖင်းက ခနဲ့တဲ့တဲ့ ပြုံးလိုက်၏။ “ရှင်ကိုယ်တိုင်တောင် မပျော်ရွှင်ရတဲ့သူက ကျွန်မကို ဘယ်လို ပျော်ရွှင်အောင် နေရမလဲဆိုတာ လာပြောပြနေတာလား။”
နင်ချင်းက ဖြေလိုက်သည်။ “ကျွန်မ ချစ်မိသွားတဲ့ ဒီယောက်ျားက အရှက်မရှိတဲ့ လူယုတ်မာလေ။ ကျွန်မကတော့ သေချာပေါက် မပျော်ရွှင်နိုင်ဘူးပေါ့။ ဒါပေမဲ့ အဲဒီလို ဖြစ်နေလို့ပဲ ဘယ်လိုဆိုရင် ပျော်ရွှင်နိုင်မလဲဆိုတာကို သိနေတာပေါ့။ ဘယ်လိုယောက်ျားမျိုးက ရှင့်ကို ပျော်ရွှင်မှု ပေးနိုင်မလဲဆိုတာကို သိနေတာပေါ့။ ယွင်အောက်ထျန်းလို လူယုတ်မာမျိုးက ရှင့်ကို ဘယ်တော့မှ ပျော်ရွှင်မှု ပေးနိုင်မှာ မဟုတ်ဘူး။ အဆုံးအစမရှိတဲ့ နာကျင်မှုတွေကိုပဲ ပေးနိုင်လိမ့်မယ်။”
ထန်ထိုင်ဖူဖင်းမှာ ချက်ချင်းပဲ စကားပြောမထွက်တော့ချေ။
ထို့နောက် သူမက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။ “နင်ချင်း… အရင်က ကျွန်မ ရှင့်ကို အစ်မအရင်း တစ်ယောက်လို သဘောထားခဲ့တာ။ သွားတော့… နောက်နောင် ကျွန်မတို့ ထပ်မတွေ့ကြေးပဲ။”
နင်ချင်းက ခေါင်းခါလိုက်သည်။ “ကျွန်မ မသွားဘူး။ သူ သေရတော့မှာဆိုရင် ကျွန်မလည်း သူနဲ့အတူ လိုက်သေမယ်။ ကျွန်မကိုလည်း မီးဖိုထဲ ပစ်ထည့်ပေးပါ။ ကျွန်မရဲ့ အဖြစ်ဆိုးလှတဲ့ ဘဝကြီးကို အဆုံးသတ်လိုက်တော့မယ်။”
ထိုအခါ ယွင်ကျုံးဟဲ့က တုန်လှုပ်စွာ အော်ဟစ်လိုက်၏။ “နင်ချင်း… မလုပ်ပါနဲ့။ ကျုပ်တို့ အရင်က သဘောတူထားပြီးသားလေ။ ဒီလို မလုပ်ပါနဲ့။”
နင်ချင်းက ဝမ်းနည်းစွာ ပြုံးလိုက်သည်။ “ကျွန်မက ရှင့်အတွက် အချစ်ကို ကိုးကွယ်ပြီး သေပေးမှာ မဟုတ်ဘူး။ ကျွန်မကိုယ်ကျွန်မ အသက်ရှင်ရတာ ငြီးငွေ့နေလို့ပါ။ ဒီလောက် အဖြစ်ဆိုးလှတဲ့ ဘဝကြီးမှာ အသက်ရှင်နေရတာ တကယ်ကို လုံလောက်နေပါပြီ။ ဆက်ပြီး အသက်မရှင်ချင်တော့ဘူး။”
ယွင်ဝမ်ရွှယ်က ဝင်ပြောလိုက်၏။ “အဲဒါဆိုလည်း ကောင်းတာပေါ့။ အတူတူ ပြာကျသွားကြပြီး ခင်ဗျားတို့ နှစ်ယောက်ရဲ့ အရုပ်ဆိုးလှတဲ့ ဘဝတွေကို အဆုံးသတ်လိုက်ကြတာပေါ့။ လာကြစမ်း… ဒီနှစ်ယောက်ကို မီးဖိုထဲ ပစ်ထည့်ပြီး အရှင်လတ်လတ် မီးရှို့သတ်လိုက်စမ်း။”
ချက်ချင်းပဲ နင်ချင်းနှင့် ယွင်ကျုံးဟဲ့တို့ နှစ်ဦးသား တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များထဲသို့ ပစ်ချခံရတော့မည် ဖြစ်လေသည်။
ထိုအချိန်၌ ယွင်ကျုံးဟဲ့က ရုတ်တရက် အသံပြုလိုက်၏။ “သခင်ကြီးထန်ထိုင်… ကျုပ် မသေခင်မှာ ပြောသင့်၊ မပြောသင့် မသိတဲ့ စကားတစ်ခွန်းလောက်တော့ ပြောချင်ပါတယ်။”
ထန်ထိုင်မြဲ့မင်က အေးစက်စွာ ပြုံးလိုက်သည်။ “ဒါဆိုရင်လည်း မပြောနဲ့တော့လေ။”
“ကောင်းပါပြီ…” ယွင်ကျုံးဟဲ့က ပြုံးလျက် နှုတ်ဆိတ်သွား၏။
ထိုအခိုက်အတန့်တွင်ပင် ထန်ထိုင်မြဲ့မင်၏ နှာခေါင်းထဲမှ သွေးများ ရုတ်တရက် ပန်းထွက်လာကာ လူတစ်ကိုယ်လုံး ယိုင်လဲကျသွားမတတ် ဖြစ်သွားတော့သည်။
ထန်ထိုင်ဖူဖင်းက အပြေးအလွှား သွားရောက် ဖေးမလိုက်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သခင်ကြီးထန်ထိုင်… သခင်ကြီးက အကြောင်းရင်း မရှိဘဲ သွားဖုံးတွေကနေ သွေးထွက်တာ၊ မျက်လုံးတွေ သွေးကြောပေါက်တာ၊ ခဏခဏ ခေါင်းမူးတာ၊ အရေပြားအောက်မှာ သွေးခြည်ဥတာတွေ ဖြစ်နေတယ်မလား။ သခင်ကြီးက ဘယ်သူ့ကိုမှ မပြောပြခဲ့သလို သမားတော်တွေ အကုန်လုံးကလည်း ဘာရောဂါမှန်း ရှာမတွေ့ခဲ့ကြဘူးလေ။”
ထန်ထိုင်မြဲ့မင်က တုန်လှုပ်စွာ မေးလိုက်၏။ “မင်း… ဘယ်လိုလုပ် သိတာလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။ “သခင်ကြီး အဆိပ်သင့်နေတာပါ။ အဲဒီအဆိပ်က ဒီလောကမှာ အဆန်းကြယ်ဆုံးနဲ့ ယုတ္တိအကင်းမဲ့ဆုံး အဆိပ်တစ်မျိုးပဲ။”
ယွင်ဝမ်ရွှယ်က စူးရှသောအသံဖြင့် အော်ဟစ်လိုက်၏။ “ယွင်အောက်ထျန်း… ခင်ဗျားက သေခါနီးအချိန် ရောက်နေတာတောင် လျှောက်ပြောနေတုန်းပဲလား။”
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “သခင်ကြီးထန်ထိုင်… ကျုပ်ရဲ့ ယောက္ခမ သခင်ကြီးကျင်းအဲ့က… ဪ တောင်းပန်ပါတယ်။ ကျင်းကျုံးယွဲ့က ကျုပ်ကို လက်မထပ်ရသေးဘူး ဆိုပေမဲ့ ကျုပ်က နေ့ရောညပါ လွမ်းဆွတ်နေမိလို့ ယောင်ပြီး ထွက်သွားတာပါ။ တောင်းပန်ပါတယ်။”
သူက စကားဆက်လိုက်၏။ “သခင်ကြီးကျင်းအဲ့က ဘာလို့ အရေးကြီးတဲ့အချိန်ကျမှ ရုတ်တရက်ကြီး လေဖြတ်ပြီး သတိလစ်သွားရတာလဲ။ တစ်ယောက်ယောက်ကများ လုပ်ကြံတာလားလို့ ကျုပ် သံသယရှိမိတယ်။ တရားခံက အင်ပါယာကြီး နှစ်ခုထဲက တစ်ခုခု ဖြစ်နိုင်ခြေ အများကြီးရှိတယ်။
လူတိုင်းသိတဲ့အတိုင်း တောင်ပိုင်းကျိုးအင်ပါယာနဲ့ တာယင်အင်ပါယာက ကျုပ်တို့အပေါ် လောဘကြီး နေကြတာလေ။ သူတို့က သခင်ကြီးကျင်းအဲ့ကို လုပ်ကြံသလို သခင်ကြီးကိုလည်း လုပ်ကြံချင်နေမှာပဲ။
သခင်ကြီးထန်ထိုင်… သခင်ကြီးကို ဘယ်သူက အဆိပ်ခတ်တာလဲ၊ ဘာအဆိပ်ခတ်တာလဲဆိုတာ သခင်ကြီး သိလား။ သခင်ကြီးကို အဆိပ်ခတ်ပြီး လုပ်ကြံချင်တဲ့သူက အဝေးကြီးမှာ မဟုတ်ဘူး။ မျက်စိရှေ့မှာတင် ရှိနေတာ။ အဲဒီလူက ယွင်ဝမ်ရွှယ်ပဲ။”
ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ နယ်စားများ မဟာမိတ်ကုန်သည်အသင်း ခေါင်းဆောင်ထံသို့ လက်ညှိုးထိုးပြလိုက်၏။
ယွင်ဝမ်ရွှယ်၏ တစ်ကိုယ်လုံး တုန်ယင်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ယွင်အောက်ထျန်း… ခင်ဗျားက ကျုပ်ကို အကြောင်းမဲ့ သက်သက် စွပ်စွဲနေတာပဲ။ စွပ်စွဲနေတာပဲ။”
ထို့နောက် ယွင်ဝမ်ရွှယ်က ထန်ထိုင်မြဲ့မင်ရှေ့တွင် ဒူးထောက်ကာ ပြောလိုက်၏။ “သခင်ကြီး… ဒီယွင်အောက်ထျန်း ဆိုတဲ့လူက သိပ်ကို ကောက်ကျစ်စဉ်းလဲလွန်းတယ်။ သူသေရတော့မယ်ဆိုတာ သိလို့ လျှောက်ပြီး ဆွဲထည့်နေတာပါ။ ဒီလိုလူမျိုးကို လောကမှာရှိသမျှ ညှဉ်းပန်းနှိပ်စက်နည်းတွေ အကုန်သုံးပြီး အကြိမ်တစ်ထောင်လောက် ခုတ်ထစ်သတ်ပစ်သင့်ပါတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို သခင်ကြီးထန်ထိုင်က ဘာလို့ ရုတ်တရက်ကြီး နှာခေါင်းသွေးယိုတာ၊ သွားတွေကျွတ်တာ၊ ဆံပင်တွေ ကျွတ်တာ ဖြစ်ရတာလဲ။”
ယွင်ဝမ်ရွှယ်က ပြန်လည်ချေပလိုက်၏။ “ခင်ဗျားပဲ… ခင်ဗျား လုပ်ကြံပြီး ကျုပ်ကို အပြစ်ပုံချနေတာ သေချာတယ်။ ဒီရက်ပိုင်း ခင်ဗျားက နင်ချင်းရဲ့ ကျောင်းသူလေးဟန်ဆောင်ပြီး ထန်ထိုင်မြို့စားအိမ်တော်မှာပဲ နေနေတာလေ။
ခင်ဗျားက ကာလသားရောဂါလို ကုမရတဲ့ရောဂါကိုတောင် ကုနိုင်တဲ့ ဆေးပညာရှင်ဆိုတော့ အဆိပ်ခတ်တဲ့ နေရာမှာလည်း အရမ်း ကျွမ်းကျင်မှာပဲ။ ခင်ဗျားက သခင်ကြီးကို ဘယ်သူမှမသိအောင် အဆိပ်ခတ်ခဲ့တာ သေချာတယ်။”
ထို့နောက် ယွင်ဝမ်ရွှယ်က ထန်ထိုင်မြဲ့မင်ရှေ့တွင် ဒူးထောက်လျက် အသနားခံလိုက်သည်။ “သခင်ကြီး… သူ့ကို နှိပ်စက်လိုက်ပါ။ သံပူနဲ့သာ ထိုးကြည့်လိုက်စမ်းပါ။ ယွင်အောက်ထျန်း ဝန်မခံဘဲ နေနိုင်မလား ကြည့်ရသေးတာပေါ့။ ပြီးတော့ သူက မိန်းမဆိုရင် အရမ်းသနားတတ်တာဆိုတော့ နင်ချင်းကိုသာ ပြင်းပြင်းထန်ထန် နှိပ်စက်လိုက်ရင် သူ ပိုပြီး ဝန်ခံလာပါလိမ့်မယ်။”
သူက အသံကိုမြှင့်ကာ ဆက်ပြော၏။ “သခင်ကြီး… ကျုပ် ယွင်ဝမ်ရွှယ်မှာ ဘာစွမ်းရည်တွေ ရှိလို့လဲ။ လောင်းကစား အတတ်ပညာလောက်ပဲ တတ်တာပါ။ ယွင်အောက်ထျန်းကို ကြည့်ပါအုံး။ သူက သူများလက်ရေးကို တစ်ပုံစံတည်း တူအောင် တုပနိုင်တယ်။
ပြီးတော့ သံသေတ္တာထဲက စာချုပ်နှစ်စောင်ကိုတောင် ပြာကျသွားအောင် လုပ်နိုင်တဲ့ ထူးဆန်းတဲ့ပညာတွေ ရှိတယ်။ ဒီလောက်စွမ်းတဲ့သူက သခင်ကြီးကို လုပ်ကြံပြီး အဆိပ်ခတ်ချင်တယ်ဆိုရင် လွယ်လွယ်လေးပေါ့။ ဘယ်သူမှတောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး။”
ထိုစကားကြောင့် ထန်ထိုင်မြဲ့မင်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွား၏။
ယွင်ဝမ်ရွှယ်၏ စကားများက အလွန် ရက်စက်လှပြီး ထန်ထိုင်မြဲ့မင်၏ ရင်တွင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ယွင်ကျုံးဟဲ့သည် အလွန် ဉာဏ်များပြီး ကောက်ကျစ်စဉ်းလဲသူ ဖြစ်ရာ အဆိပ်ခတ်ခြင်းကဲ့သို့သော ကိစ္စမျိုးဆိုလျှင် လူတိုင်းက သူ့ကိုသာ ပြေးမြင်မိကြမည်မှာ သဘာဝပင် ဖြစ်၏။
ထိုအခြေအနေကို မြင်ချိန်မှာတော့ ယွင်ဝမ်ရွှယ်က ပို၍ မောက်မာစွာ ပြောဆိုလိုက်သည်။ “ယွင်အောက်ထျန်း… ခင်ဗျားက ကျုပ် သခင်ကြီးထန်ထိုင်ကို အဆိပ်ခတ်တယ်လို့ ထပ်တလဲလဲ ပြောနေတာ သက်သေပြစမ်းပါ။ သက်သေပြစမ်း။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားက သခင်ကြီးထန်ထိုင်ကို အရင်က တစ်ခါမှ မမြင်ဖူးလောက်အောင် ထူးခြားလှတဲ့ ပုလဲတောက်တောက်ကြီး တစ်လုံး လက်ဆောင်ပေးခဲ့တယ်မလား။”
ယွင်ဝမ်ရွှယ်က ပြန်ဖြေလိုက်သည်။ “ပေးတော့ကော ဘာဖြစ်လဲ။ ဒီကိစ္စကို လူတော်တော်များများ သိကြပါတယ်။ ဒီလို လောကရဲ့ အဖိုးတန်ရတနာမျိုးက အရည်အချင်း ရှိတဲ့သူနဲ့ပဲ ထိုက်တန်တာလေ။ တစ်ခုလုံး ဥပဒေမဲ့ နယ်မြေမှာ ဩဇာအာဏာရော၊ ကိုယ်ကျင့်တရားပိုင်းမှာပါ သခင်ကြီးထန်ထိုင်ကို ကျော်လွန်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ။ ဒါကြောင့် ဒီလို အဖိုးတန်ရတနာမျိုးကို သခင်ကြီးကိုပဲ လက်ဆောင်ပေးရမှာပေါ့။”
ယွင်ကျုံးဟဲ့က အေးစက်စွာ ဆိုလိုက်၏။ “အဲဒီ ပုလဲတောက်တောက်ကြီးက အဆိပ်ပြင်းပဲ။”
“ဟား ဟား ဟား...”
ယွင်ဝမ်ရွှယ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ရယ်စရာကောင်းလိုက်တာ။ လောကမှာ ဒီလောက် ရယ်စရာကောင်းတဲ့စကား မရှိတော့ဘူး။ ခေတ်အဆက်ဆက် ဘုရင်ဘယ်နှစ်ပါးလောက်က ပုလဲတောက်တောက်ကြီးတွေကို နှစ်သက်ခဲ့ကြလဲ။ အဲဒီထဲက ဘယ်သူများ အဆိပ်သင့်သေသွားလို့လဲ။
ပြီးတော့ ဒီအရာက စားလို့သောက်လို့ရတာလည်း မဟုတ်ဘူး။ လက်ထဲမှာ ကိုင်ပြီး ကစားရုံနဲ့ လူကို သေစေနိုင်တယ်တဲ့လား။ ခင်ဗျားက သေခါနီးအချိန်ရောက်နေလို့ ရူးနှမ်းပြီး လျှောက်ပြောနေတာပဲ။”
ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်၏။ “သခင်ကြီးထန်ထိုင်… အဲဒီ ပုလဲတောက်တောက်ကြီးကို ကျုပ်ကို တစ်ချက်လောက် ပြလို့ရမလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သခင်မလေး ထန်ထိုင်ဖူဖင်းက အဲဒီပုလဲရဲ့ ထူးခြားချက်တွေကို ပြောပြတည်းက အဆိပ်ပြင်းပါနေတယ်ဆိုတာ ကျုပ် ခန့်မှန်းမိပြီးသားပါ။”
ထန်ထိုင်မြဲ့မင်က ခေါင်းညိတ်ကာ လက်ကာပြလိုက်သည်။ “သွားယူလာခဲ့။”
“ကောင်းပါပြီ။” ထန်ထိုင်ဖန်က ချက်ချင်း ထွက်သွား၏။
အချိန်အနည်းငယ်ကြာပြီးနောက် သူက သေတ္တာတစ်လုံးကို သတိကြီးစွာဖြင့် ကိုင်ဆောင်ကာ ဝင်လာသည်။
သေတ္တာကို ဖွင့်လိုက်ချိန်မှာတော့ ယွင်ကျုံးဟဲ့၏ မျက်လုံးများပင် ပြာသွားမတတ် လင်းလက်နေသည့် လက်သီးဆုပ်ခန့်ရှိသော ပုလဲကြီးတစ်လုံးကို မြင်လိုက်ရပြီး မီးစုန်းရောင်အလင်းများ ထွက်ပေါ်နေ၏။
အစိမ်းရောင် မီးစုန်းအလင်းများ ဖြစ်ကာ အလင်းရောင်ကို စုပ်ယူထားရန် မလိုဘဲ မိမိဘာသာ အလင်းရောင် ထုတ်လွှတ်နေခြင်း ဖြစ်သည်။
ဤအရာက ပုလဲတောက်တောက်ကြီး လုံးဝ မဟုတ်ပေ။ ၎င်းသည် ရေဒီယိုသတ္တိကြွ ဒြပ်စင်များ ပါဝင်နေသော အရာတစ်ခုသာ ဖြစ်၏။
ဤပစ္စည်းမျိုး ဘယ်ကများ ရလာပါသနည်း။ ယွင်ဝမ်ရွှယ်တွင် ဤသို့သော ပစ္စည်းမျိုး ရှိလိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ချေ။
ယွင်ကျုံးဟဲ့က မြွေပွေးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။
သို့ပေမည့် ထိုအရာက တကယ်ကို လှပလွန်းလှသည်။ ရှားပါးရတနာတစ်ခုအဖြစ် လူများက သတ်မှတ်ကြသည်မှာ အံ့ဩစရာ မဟုတ်ပေ။
“ယွင်ဝမ်ရွှယ်… ခင်ဗျားမှာ နောက်ထပ် ရာထူးတစ်ခု ရှိနေသေးတယ်မလား။”
ယွင်ကျုံးဟဲ့က အေးစက်သောအသံဖြင့် မေးလိုက်သည်။ “ခင်ဗျားက တောင်ပိုင်းကျိုးအင်ပါယာ ဒါမှမဟုတ် တာယင်အင်ပါယာက သူလျှိုမလား။ ဒီပုလဲတောက်တောက်ကြီးက သူတို့က ခင်ဗျားကို ပေးလိုက်တာ။ ပြီးတော့ သခင်ကြီးထန်ထိုင်ကို လက်ဆောင်ပေးခိုင်းပြီး သတ်ပစ်ဖို့ ရည်ရွယ်ထားတာမလား။”
........................