← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 10 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 10 Ch. 109-110

အပိုင်း (၁၀၉)

ယွင်ကျုံးဟဲ့၏ စွပ်စွဲချက်ကို ကြားလိုက်ရချိန်မှာတော့ ယွင်ဝမ်ရွှယ်က စူးရှသောအသံဖြင့် ပြန်လည် ချေပလိုက်၏။ “တကယ်ကို ရယ်စရာကောင်းတာပဲ။ ရတနာ လက်ဆောင်ပေးတာကလည်း အပြစ်ဖြစ်တာလား။ ခင်ဗျားက ဒီပုလဲမှာ အဆိပ်ရှိတယ်လို့ ပြောနေတာကိုး။ ကောင်းပြီလေ ကျုပ် သက်သေပြမယ်။”

ထိုသို့ပြောပြီးနောက် ယွင်ဝမ်ရွှယ်က ရှေ့သို့ တိုးသွားကာ ပုလဲကြီးကို ယူ၍ ပါးစပ်ဖြင့် ကိုက်ကာ လျှာဖြင့် လျက်ပြလိုက်သည်။ “အကယ်၍ အဆိပ်ရှိတယ်ဆိုရင် ကျုပ်က ဒီလိုမျိုး အကောင်းပကတိအတိုင်း ခုန်ပေါက်နေနိုင်ပါ့မလား။”

ယွင်ဝမ်ရွှယ်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ “သခင်ကြီးထန်ထိုင်က လက်ထဲမှာ ကိုင်ပြီး ဆော့ကစားရုံပဲ ရှိတာ။ ကျုပ်က ဒီလို ကိုက်ပြ၊ လျက်ပြတာတောင် မသေဘူးဆိုရင် ခင်ဗျားက ဒီပုလဲမှာ အဆိပ်ရှိတယ်လို့ ပြောနေတာ တကယ်ကို ရယ်စရာကောင်းလွန်းတယ်။”

ထိုစကားကြောင့် လူတိုင်း၏ အကြည့်များက ယွင်ကျုံးဟဲ့ဆီသို့ ရောက်သွားကြသည်။

ဟုတ်ပေသည်။ ယွင်ဝမ်ရွှယ်၏ လုပ်ရပ်က ပုလဲတွင် အဆိပ်မရှိကြောင်း အပြည့်အဝ သက်သေပြနေသည်။ ယွင်ကျုံးဟဲ့က သေခါနီးအချိန်တွင် လူကို အကြောင်းမဲ့ သက်သက် စွပ်စွဲနေခြင်းသာ ဖြစ်ရမည်။

ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “သခင်ကြီးထန်ထိုင်… သခင်ကြီး မသိတာတစ်ခု ရှိတယ်။ ဒီပုလဲက ထွက်လာတဲ့ အလင်းရောင်မှာ အဆိပ်ရှိတာ။ ပြီးတော့ အချိန်ကြာလာမှ တဖြည်းဖြည်းနဲ့ အဆိပ်သင့်ပြီး သေဆုံးသွားတာမျိုးပါ။”

“ဟား ဟား ဟား...” ယွင်ဝမ်ရွှယ်က ပို၍ ကျယ်လောင်စွာ ရယ်မောလိုက်ပြန်သည်။

ဤစကားက ပို၍ပင် ယုတ္တိမတန်တော့ချေ။ ယွင်ဝမ်ရွှယ်သာမက နင်ချင်းနှင့် ထန်ထိုင်ဖူဖင်းတို့ကပါ အလွန် ရယ်စရာကောင်းသည်ဟု ထင်နေကြ၏။

ဤလောကတွင် မည်သို့သော ယုတ္တိမျိုးနည်း။ တိုက်ရိုက် စားသောက်လျှင် မသေဘဲ ထွက်လာသော အလင်းရောင်ကသာ အဆိပ်ဖြစ်စေသည်တဲ့လား။ ယွင်ကျုံးဟဲ့က အသက်ရှင်ချင်လွန်း၍ ရူးသွားပြီ ဖြစ်ရမည်။

ယွင်ဝမ်ရွှယ်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ “သခင်ကြီးထန်ထိုင်… ယွင်အောက်ထျန်းက လုံးဝ ရူးသွားပါပြီ။ ဒီလောက် ယုတ္တိမတန်တဲ့ စကားတွေကိုတောင် ပြောထွက်နေပြီပဲ။ ဒီလို အရူးမျိုးကို မီးဖိုထဲ ပစ်ထည့်ပြီး အရှင်လတ်လတ် မီးရှို့သတ်လိုက်ပါတော့။”

ထန်ထိုင်မြဲ့မင်က ပြော၏။ “ယွင်အောက်ထျန်း… မင်း အခုချိန်မှာ လူတိုင်း ယုံကြည်နိုင်လောက်တဲ့ အကြောင်းပြချက်တစ်ခု ပေးနိုင်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် ဘယ်သူမှ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး။”

ထန်ထိုင်ဖူဖင်းကလည်း ထပ်လောင်းပြောလိုက်သည်။ “ရှင်က ဒီပုလဲရဲ့ အလင်းရောင်မှာ အဆိပ်ရှိတယ်လို့ ပြောနေတာဆိုတော့ အဲဒါကို သက်သေပြနိုင်မှ ရလိမ့်မယ်။ မဟုတ်ရင် ဒီနေ့ ရှင် သေချာပေါက် သေရလိမ့်မယ်။ နင်ချင်းလည်း ရှင်နဲ့အတူ ပါသွားလိမ့်မယ်။ ကျင်းမိသားစုလည်း ရှင်နဲ့အတူ ဒုက္ခရောက်လိမ့်မယ်။”

မှန်ပေသည်။ ဤပုလဲထဲတွင် ရေဒီယိုသတ္တိကြွ ဒြပ်စင်များ ပါဝင်နေပြီး ၎င်း၏ သေစေနိုင်လောက်သော အန္တရာယ်မှာ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်ပင် ဖြစ်၏။

သို့ပေမည့် ၎င်းကို မည်သို့ သက်သေပြရမည်နည်း။ ဤလောကတွင် ဓာတ်ရောင်ခြည်တိုင်းတာသည့် ကိရိယာ မရှိသည့်အပြင် ဓာတ်ရောင်ခြည်ဆိုသည်မှာ ဘာဖြစ်မှန်း မည်သူမှ နားမလည်ကြချေ။

သို့သော်ငြား ယခုအချိန်တွင် ယွင်ကျုံးဟဲ့က ဤပုလဲတွင် အဆိပ်ရှိကြောင်း သက်သေမပြနိုင်ပါက သူ သေချာပေါက် သေရတော့မည် ဖြစ်သည်။

ယွင်ကျုံးဟဲ့က ရယ်မောလိုက်၏။ “ဒီပုလဲရဲ့ အလင်းရောင်မှာ အဆိပ်ရှိတယ်ဆိုတာကို သက်သေပြဖို့ အရမ်းလွယ်ပါတယ်။ ကြွက်ကလေး တစ်ကောင် ရှာလာခဲ့။ မဟုတ်ဘူး… ကြွက်ကလေး သုံးကောင်ကနေ ငါးကောင်လောက် ရှာလာခဲ့။

အဲဒီကြွက်ကလေးတွေကို ပုလဲနဲ့အတူ လှောင်အိမ်တစ်ခုထဲ ထည့်ထားလိုက်။ နာရီအနည်းငယ် ကြာတဲ့အခါ အဲဒီကြွက်ကလေးတွေ အကုန်သေသွားရင် ဒီပုလဲရဲ့ အလင်းရောင်မှာ အဆိပ်ရှိတယ်ဆိုတာ သက်သေပြပြီးသား ဖြစ်သွားလိမ့်မယ်။ အကယ်၍ မသေဘူးဆိုရင်တော့ ကျုပ်က အလကား လျှောက်ပြောနေတာ ဖြစ်တဲ့အတွက် သေဒဏ်ပေးလိုက်ပါ။”

ဤပုလဲ၏ ဓာတ်ရောင်ခြည် ပမာဏနှင့်ဆိုလျှင် လူတစ်ယောက်ကို အချိန်တိုအတွင်း သေစေရန်မှာ မလွယ်ကူပေ။ သို့ပေမည့် ကြွက်ကလေးတစ်ကောင်ကို ဓာတ်ရောင်ခြည်သင့်စေ၍ သတ်ရန်မှာမူ အလွန် လွယ်ကူလှ၏။

ယွင်ဝမ်ရွှယ်က ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ “ဒီကြွက်ကလေးတွေကို ခင်ဗျား အကွက်မဆင်ထားဘူးလို့ ဘယ်သူက သိနိုင်မှာလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေ၏။ “ဖြစ်စဉ်တစ်ခုလုံးကို သခင်ကြီးထန်ထိုင် ကိုယ်တိုင် ဒါမှမဟုတ် သခင်မလေး ထန်ထိုင်ဖူဖင်းက လုပ်ပါ။ ကျုပ် လက်ဖျားနဲ့တောင် မထိပါဘူး။”

ထန်ထိုင်မြဲ့မင်က အမိန့်ပေးလိုက်သည်။ “ထန်ထိုင်ဖန်… လှောင်အိမ်တစ်ခုနဲ့ ကြွက်ကလေး နည်းနည်း သွားရှာလာခဲ့။”

“ကောင်းပါပြီ။”

အချိန်အနည်းငယ်အကြာတွင် ထိပ်တန်းသိုင်းပညာရှင် ထန်ထိုင်ဖန်က လှောင်အိမ်တစ်ခုနှင့် ကြွက်ကလေး ငါးကောင်ကို ရှာဖွေယူဆောင်လာ၏။

ယွင်ကျုံးဟဲ့က အကြံပြုလိုက်သည်။ “တရားမျှတမှု ရှိအောင် ပုလဲကို အိတ်တစ်လုံးနဲ့ ထုပ်ထားလိုက်ပါ။ ကြွက်ကလေးတွေ ကိုက်စားမှာ စိုးလို့ပါ။”

ထန်ထိုင်မြဲ့မင်က မေးလိုက်၏။ “အိတ်နဲ့ ထုပ်ထားလိုက်ရင် အလင်းရောင် ထွက်မလာတော့ဘူးလေ။ အဆင်ပြေလို့လား။”

ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “အလင်းရောင် အများစုကို ဖုံးကွယ်ထားရင်တောင် အဆိပ်ပြင်း ရှိနေသေးတယ်ဆိုတာကို ပိုပြီး သက်သေပြနိုင်တာပေါ့။”

ထန်ထိုင်မြဲ့မင်က အကြံပေးချက်အတိုင်း လုပ်ဆောင်လိုက်၏။ ပုလဲကို အဝတ်အိတ်တစ်လုံးဖြင့် ထုပ်ကာ လှောင်အိမ်ထဲတွင် ကြွက်ကလေး ငါးကောင်နှင့်အတူ ထည့်ထားလိုက်၏။

ထို့နောက်မှာတော့ စောင့်ဆိုင်းခြင်းသာ ကျန်တော့၏။ ကံကြမ္မာ၏ အဆုံးအဖြတ်ကို စောင့်ဆိုင်းခြင်းပင်။

ကြွက်ကလေး ငါးကောင်ကတော့ ကျိကျိမြည်ကာ ဟိုဟိုဒီဒီ ခုန်ပေါက် ပြေးလွှားနေကြဆဲဖြစ်၏။

ယွင်ဝမ်ရွှယ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကြည့်စမ်း ကြည့်စမ်း… ဒီကြွက်ကလေးတွေ ဘာမှမဖြစ်ပါလား။ သခင်ကြီးထန်ထိုင်… ဒီယွင်အောက်ထျန်းက အလကား လျှောက်ပြောနေတာပါ။ သခင်ကြီးကို လှည့်စားတဲ့ အပြစ်ကို ထပ်ကျူးလွန်နေတာပါပဲ။”

လူတိုင်းက စကားမဆိုဘဲ ကြွက်ကလေးများကိုသာ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။

တကယ်ကို ထူးဆန်းလှပေသည်။ ထိုကြွက်ကလေးများမှာ အားအင်ကုန်ခမ်းသွားခြင်း မရှိသည့်အပြင် ပို၍ပင် တက်ကြွလာကြ၏။ ပိုမို လှုပ်ရှားလာကာ ပို၍ ကျယ်လောင်စွာ အော်ဟစ်လာကြသည်။

“ဟား ဟား ဟား...”

ယွင်ဝမ်ရွှယ်က မောက်မာသည့် လေသံဖြင့် ပြောလိုက်သည်။ “အားလုံး မြင်ကြတယ်မလား။ မြင်ကြတယ်မလား။ လက်တွေ့လုပ်ရပ်က စကားလုံးတွေထက် ပိုအသံကျယ်ပါတယ်။ ယွင်အောက်ထျန်း ပြောတဲ့ ပုလဲမှာ အဆိပ်ရှိတယ်ဆိုတာ၊ အလင်းရောင်က လူကို သေစေနိုင်တယ်ဆိုတာ လုံးဝ မဟုတ်မမှန်ပါဘူး။ ယုတ္တိမတန်တဲ့ စကားတွေပါ။

ဒီလို လူတွေကို လှည့်စားနေတဲ့ ကောင်ယုတ်မာကို ငရဲပြည် အထပ်တစ်ဆယ့်ရှစ်ကို ပို့ပြီး ဘယ်တော့မှ လူပြန်မဝင်စားနိုင်အောင် လုပ်ပစ်သင့်ပါတယ်။ သခင်ကြီးထန်ထိုင်… မီးဖိုထဲက မီးတွေ ငြိမ်းတော့မယ်။”

ထန်ထိုင်မြဲ့မင်က အမိန့်ပေးလိုက်၏။ “ဒါဆိုရင်လည်း ထင်းထပ်ထည့်ပြီး မီးပိုတောက်အောင် လုပ်လိုက်။”

လှောင်အိမ်ထဲရှိ ကြွက်ကလေးများ ခုန်ပေါက်နေသည်ကို ကြည့်ပြီးနောက် ယွင်ဝမ်ရွှယ် လုံးဝ စိတ်အေးသွားတော့သည်။

ပုလဲ၏ အလင်းရောင်တွင် အဆိပ်ရှိသည်ဆိုသည်ကို မည်သူက ယုံကြည်မည်နည်း။ သရဲတောင် ယုံမည်မဟုတ်ပေ။ နတ်ဘုရားပုံပြင်များထဲတွင်ပင် ဤသို့ ရေးဖွဲ့ဝံ့မည် မဟုတ်ချေ။

‘ယွင်အောက်ထျန်း၊ နင်ချင်း… ခင်ဗျားတို့ နှစ်ယောက် ပြာကျဖို့သာ စောင့်နေကြတော့။ ယွင်အောက်ထျန်း… အရင်က ခင်ဗျားရဲ့လက်ထဲမှာ ကျုပ် နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ရတယ်။ ဒီနေ့တော့ ခင်ဗျားရဲ့ သေနေ့ပဲ။’

သို့သော်ငြား ထို့နောက်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့၏။ လှောင်အိမ်ထဲရှိ ကြွက်ကလေးများက ပို၍ စိုးရိမ်ပူပန်လာကာ အလွန်အမင်း လှုပ်ရှားလာကြသည်။

ထိုလှုပ်ရှားမှုက သာမန် တက်ကြွမှုမျိုး မဟုတ်တော့ဘဲ တစ်စုံတစ်ခုကို ရူးသွပ်နေသည့်အလား လုံးဝ ဂနာမငြိမ်ဖြစ်လာကာ လှောင်အိမ်ထဲမှ ထွက်ပြေးရန် အသည်းအသန် ကြိုးစားနေကြ၏။

သို့ပေမည့် မကြာမီမှာပင် ၎င်းတို့၏ အသက်စွမ်းအင်များ တဖြည်းဖြည်း လျော့နည်းသွားသကဲ့သို့ အားအင် ကုန်ခမ်းလာကြ၏။ ထို့နောက် ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေကြတော့သည်။

လူတိုင်းက ရှင်းလင်းစွာ မြင်တွေ့နေရ၏။ ကြွက်ကလေးများ၏ မျက်လုံးများတွင် သွေးကြောများ ပေါက်လာကာ ပါးစပ်ထောင့်များမှ သွေးများ စိမ့်ထွက်လာကြသည်။

မြင်ကွင်းက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။ ဖြစ်စဉ်တစ်ခုလုံးက နတ်ဆိုးတစ်ကောင်၏ လက်က ၎င်းတို့၏ အသက်များကို ရက်ရက်စက်စက် နှုတ်ယူသွားသကဲ့သို့ပင် ဖြစ်၏။

ထို့နောက် ကြွက်ကလေး ငါးကောင်စလုံး တစ်ကောင်ပြီး တစ်ကောင် သေဆုံးသွားကြတော့၏။ အကောင်တိုင်း၏ သေဆုံးပုံမှာ အလွန် ဆိုးရွားလှ၏။ နှာခေါင်းမှ သွေးများ ထွက်ကျကာ ပါးစပ်မှလည်း သွေးများ စီးကျနေကြသည်။

တစ်ခန်းလုံးရှိ လူအားလုံး အံ့ဩမှင်တက်သွားကြ၏။ ဤအရာအားလုံးကို သူတို့ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။

‘ဒီပုလဲမှာ တကယ်ပဲ အဆိပ်ရှိနေတာလား။ ပြီးတော့ အဝေးကနေ လူကို သတ်နိုင်တာလား။ တကယ်ပဲ အလင်းရောင်မှာ အဆိပ်ရှိနေတာလား။ ဒါက တကယ်ကို မယုံနိုင်စရာပဲ။’

ထိုအချိန်တွင် ယွင်ဝမ်ရွှယ်၏ တစ်ကိုယ်လုံး တောင့်တင်းသွားကာ ကြမ်းပြင်ပေါ်သို့ ခွေကျလုမတတ် ဖြစ်သွားပြီး တဆတ်ဆတ် တုန်ယင်နေတော့သည်။

ယွင်ကျုံးဟဲ့က အေးစက်စွာ ပြုံးကာ ပြောလိုက်၏။ “သခင်ကြီး ယွင်ဝမ်ရွှယ်… ဒီမီးဖိုတွေက ခင်ဗျားအတွက် ပြင်ဆင်ထားရတော့မယ် ထင်တယ်။ ခင်ဗျားဘာသာ ခုန်ဆင်းမလား၊ ကျုပ်တို့ကပဲ ပစ်ထည့်ပေးရမလား။”

ထိုအခိုက်အတန့်တွင်ပင် ထန်ထိုင်မြဲ့မင်၏ နှာခေါင်းထဲမှ သွေးများ ထပ်မံ ပန်းထွက်လာပြန်၏။ ထို့နောက် သူ၏ကိုယ်လုံး ယိမ်းယိုင်သွားကာ လဲကျသွားတော့သည်။

“အဖေ… အဖေ…” ထန်ထိုင်ဖူဖင်းက အလန့်တကြား အော်ဟစ်ကာ ရှေ့သို့ ပြေးသွားပြီး ဖခင်ဖြစ်သူ ထန်ထိုင်မြဲ့မင်ကို ဖေးမလိုက်၏။

ထို့နောက် ကျယ်လောင်စွာ အော်ဟစ်အကူအညီတောင်းလိုက်သည်။ “ယွင်အောက်ထျန်း… ရှင်က ဆေးပညာ တော်တယ်ဆို။ ကျွန်မ အဖေ့ကို မြန်မြန် ကယ်ပါအုံး။ မြန်မြန် ကယ်ပေးပါအုံး။”

“သူ့ကို ဖမ်းထားလိုက်…” ထန်ထိုင်မြဲ့မင်က ယွင်ဝမ်ရွှယ်ကို လက်ညှိုးထိုးပြကာ အမိန့်ပေးလိုက်၏။

ချက်ချင်းပဲ သိုင်းသမား အချို့က ဝံပုလွေများအလား အပြေးအလွှား သွားရောက်ကာ ယွင်ဝမ်ရွှယ်ကို ဖမ်းဆီးလိုက်ကြသည်။

“မတရားဘူး… သခင်ကြီး ကျုပ်ကို မတရားစွပ်စွဲတာပါ။” ယွင်ဝမ်ရွှယ်က အသေအလဲ အော်ဟစ်နေတော့၏။

“သူ့ကို စစ်ဆေးမေးမြန်းလိုက်။” ထန်ထိုင်မြဲ့မင်က သက်ပြင်းချကာ အမိန့်ပေးလိုက်ပြီးနောက် သမီးဖြစ်သူ ထန်ထိုင်ဖူဖင်း၏ ဖေးမမှုဖြင့် လှဲလျောင်းလိုက်သည်။

ထိုအချိန်တွင် သူ၏ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ အဆက်မပြတ် ထွက်ကျနေပြီး မျက်လုံးများက သွေးရောင်လွှမ်းနေကာ တစ်ကိုယ်လုံးရှိ အရေပြားနေရာ အနှံ့အပြားမှလည်း သွေးများ စိမ့်ထွက်နေတော့၏။

ဤကဲ့သို့ ရုတ်တရက်ကြီး ရောဂါဖောက်လာရခြင်းမှာ သူ၏ ခန္ဓာကိုယ်ထဲတွင် ဓာတ်ရောင်ခြည်သင့်မှု ဒဏ်ရာများ အတော်လေး စုပုံနေပြီ ဖြစ်သောကြောင့်ပင်။

ထို့အပြင် ဤဧည့်ခန်းဆောင်ထဲတွင် မီးဖိုကြီးများကို အချိန်ပြည့် မီးထိုးထားသောကြောင့် အပူချိန်က အလွန် မြင့်မားနေ၏။

ထန်ထိုင်မြဲ့မင်က အဆင့်မြင့်သိုင်းပညာရှင် တစ်ယောက်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ချွေးတစ်ပေါက်မှ မထွက်စေရန် အချိန်ပြည့် အတွင်းအားများကို လည်ပတ်ထားရသေးသည်။

ယခင်က ယွင်ကျုံးဟဲ့က ပုလဲကြီး၏ အလင်းရောင်တွင် အဆိပ်ရှိသည်ဟု ပြောလိုက်စဉ်တည်းက သူ၏ စိတ်ထဲတွင် တစ်ချက် တုန်လှုပ်သွားခဲ့ပြီး ဖြစ်၏။

ရိုးရိုးသားသား ပြောရလျှင် ထိုအချိန်က အခန်းတွင်းရှိ လူတိုင်းက ယွင်ကျုံးဟဲ့၏ စကားကို ယုတ္တိမတန်ဟု ထင်ခဲ့ကြသော်လည်း ထန်ထိုင်မြဲ့မင် တစ်ယောက်တည်းကသာ ယွင်ကျုံးဟဲ့၏ စကားမှာ အမှန်ဖြစ်မည်ဟု အလိုလို ခံစားမိနေခဲ့သည်။

ယခု ကြွက်ကလေး ငါးကောင်စလုံး သေဆုံးသွားချိန်မှာတော့ ယွင်ကျုံးဟဲ့၏ စကား မှန်ကန်ကြောင်း အပြည့်အဝ သက်သေပြလိုက်နိုင်ပြီ ဖြစ်၏။

ထိုအခိုက်အတန့်တွင် ထန်ထိုင်မြဲ့မင်၏ စိတ်နှလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားတော့၏။ ယခင်က သူ ထိန်းချုပ်ထားသော အတွင်းအားများ ရုတ်တရက် ကမောက်ကမဖြစ်သွားကာ ကလီစာများနှင့် သွေးကြောများအားလုံး ကြီးမားသော ထိခိုက်မှုဒဏ်ကို ခံလိုက်ရလေသည်။

ထို့ကြောင့်ပင် ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရောဂါလက္ခဏာများ ရုတ်တရက် ပေါ်ထွက်လာကာ ပြင်းထန်သော ထိခိုက်မှုများကို သိသာစွာ မြင်တွေ့လာရခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျင်းကျုံးယွဲ့ဆီ မြန်မြန်သွားပြီး ကျုပ်ရဲ့ ဆေးသေတ္တာကို သွားယူခဲ့ပေး။”

အချိန်အနည်းငယ်အကြာတွင် ဆေးသေတ္တာ ရောက်ရှိလာ၏။

ဓာတ်ရောင်ခြည်သင့်ခြင်းကို ဘယ်လို ကုသရမည်နည်း။ ပိုတက်စီယမ် အိုင်အိုဒိုက်ဖြင့် ကုသရမည် ဖြစ်သည်။

ဤဆေးက ဓာတ်ရောင်ခြည်သင့်ခြင်းအတွက် တစ်ခုတည်းသော ဖြေဆေးနီးပါး ဖြစ်လို့နေ၏။ ကံကောင်း ထောက်မစွာဖြင့် ဤဆေးကို ဖော်စပ်ရန် မခက်ခဲပေ။

ပင်လယ်ရေမှော်နှင့် ကျောက်ကျောတို့တွင် အိုင်အိုဒင်းဓာတ် အလွန် ကြွယ်ဝစွာ ပါဝင်သောကြောင့် ရှုပ်ထွေးမှုမရှိသော ဓာတုတုံ့ပြန်မှု အနည်းငယ် ပြုလုပ်လိုက်ရုံဖြင့် ပိုတက်စီယမ် အိုင်အိုဒိုက်ကို ရရှိနိုင်၏။

သို့ပေမည့် ပိုတက်စီယမ် အိုင်အိုဒိုက်က ချက်ချင်း လက်ငင်း အကျိုးသက်ရောက်မှု မရှိဘဲ တဖြည်းဖြည်းချင်းသာ အာနိသင်ပြနိုင်စွမ်း ရှိသည်။ ထိုသို့ဆိုလျှင် ချက်ချင်း အကျိုးသက်ရောက်မှု ရှိစေမည့် ဆေးက ဘာဖြစ်မည်နည်း။

ပင်နီဆီလင်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်လုံးသွေးကြောပေါက်ခြင်း၊ သွားများယိုင်နဲ့ကာ သွေးထွက်ခြင်း၊ ပါးစပ်မှ သွေးအန်ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ အရေပြားအောက် သွေးခြည်ဥခြင်း စသည့် အခြေအနေ အများစုမှာ ရောင်ရမ်းမှုများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သောကြောင့်ပင်။

ဓာတ်ရောင်ခြည်သင့်ခြင်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး လည်ပင်းကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို အလွန် မြင့်မားစေသည်။

သို့ပေမည့် ဤမျှလောက် ပမာဏရှိသော ဓာတ်ရောင်ခြည်သင့်မှုမျိုးက ကူးစက်ခံရချိန်မှစ၍ သေဆုံးချိန်အထိ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သော ရှည်လျားသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်၏။

ယွင်ကျုံးဟဲ့က ညွှန်ကြားလိုက်သည်။ “အခု သခင်ကြီးထန်ထိုင်ရဲ့ ခန္ဓာကိုယ်ကို ထပ်ခါတလဲလဲ ဆေးကြောပေးဖို့ လိုတယ်။ ပြီးရင် နွားနို့ အများကြီး တိုက်ပေးရမယ်။ တချို့ဆေးတွေက ဖော်စပ်ဖို့ အချိန်လိုသလို ပစ္စည်းတွေလည်း အများကြီး လိုအပ်တယ်။”

ထန်ထိုင်ဖူဖင်းက ချက်ချင်း ပြောလိုက်၏။ “ပြဿနာ မရှိပါဘူး။ လိုတာသာ ပြောပါ။ ရှင် ဘာလိုလို ကမ္ဘာ့အဆုံးအထိ သွားရှာရမယ်ဆိုရင်တောင် ရှာပေးပါ့မယ်။”

ထို့နောက်ရက်များတွင် ယွင်ကျုံးဟဲ့က ဆေးဖော်စပ်ခြင်းကိုသာ အချိန်ပြည့် လုပ်ဆောင်နေတော့သည်။

ထန်ထိုင်မြဲ့မင်၏ ရောဂါလက္ခဏာများမှာမူ ပို၍ပင် သိသာလာသည်။ ဓာတ်ရောင်ခြည် အရင်းအမြစ်နှင့် ဝေးကွာသွားပြီ ဖြစ်သော်လည်း ယခင်က ဖိနှိပ်ထားခဲ့သော ဓာတ်ရောင်ခြည်သင့်မှု ဒဏ်ရာများက ယခုမှ တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာခြင်း ဖြစ်၏။

တစ်ကိုယ်လုံးတွင် သွေးစိမ့်ထွက်သော နေရာများ ပိုများလာကာ ရောင်ရမ်းမှုများလည်း ပို၍ ဆိုးရွားလာတော့သည်။

ဟုတ်ပေသည်။ ရက်စက်သော စကားတစ်ခွန်းလောက်တော့ ပြောရမည်ဆိုလျှင် ယွင်ကျုံးဟဲ့သည် ထန်ထိုင်မြဲ့မင်၏ ရောဂါလက္ခဏာများ သိသာထင်ရှားစွာ ဆိုးရွားလာမည့် အချိန်ကို တမင် စောင့်ဆိုင်းနေခြင်း ဖြစ်၏။

ထိုသို့ အခြေအနေ ဆိုးရွားနေချိန်မှသာ သူ၏ ကယ်တင်မှုက ပို၍ ကျေးဇူးကြီးမားကာ အမှတ်ရစရာ ဖြစ်လာမည် မဟုတ်ပါလား။

......................

အပိုင်း (၁၁၀)

ဓာတ်ရောင်ခြည်သင့်ခြင်းက လူ့ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို ဖျက်ဆီးပစ်ရာတွင် ကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်သည်။ ဤအချိန်မျိုးတွင် ရောင်ရမ်းမှုများက ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားပါက ပို၍ပို၍ ဆိုးရွားလာတော့မည် ဖြစ်၏။

ထို့ကြောင့် ထန်ထိုင်မြဲ့မင်၏ ရောဂါလက္ခဏာများက တစ်နေ့တခြား ပိုမို များပြားလာတော့သည်။ သွေးအန်ခြင်းများ ပိုမို ဆိုးရွားလာ၏။ တစ်ကိုယ်လုံးရှိ အရေပြားများမှ သွေးထွက်ကာ အနာများ ဖြစ်ပေါ်လာသည်မှာလည်း ပို၍ များပြားလာသည်။

သွားများက ပို၍ ယိုင်နဲ့လာပြီး ခံတွင်းတစ်ခုလုံးတွင်လည်း အနာများ ပြည့်နှက်နေတော့၏။ အဖျားများက ပို၍ ပြင်းထန်လာကာ အသက်ရှူလမ်းကြောင်းစနစ်သို့ပါ ကူးစက်သွားသောကြောင့် ချောင်းဆိုးခြင်းလည်း ပိုမို ဆိုးရွားလာသည်။ ချောင်းဆိုးလိုက်တိုင်း သွေးစများ ပါလာတတ်၏။

ကြည့်ရသည်မှာ လူဆိုသည်မှာ အမှန်တကယ်ပင် စိတ်ပိုင်းဆိုင်ရာ သတ္တဝါများ ဖြစ်ကြပေသည်။ ယခင်က ထန်ထိုင်မြဲ့မင်တွင် ရောဂါလက္ခဏာများ ရှိနေခဲ့သော်လည်း သူကိုယ်တိုင်က အတင်းအဓမ္မ ဖိနှိပ်ထားနိုင်ခဲ့သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့က ဖွင့်ချလိုက်ပြီးနောက်တွင်မူ သူသည် သေမင်း၏ ခြိမ်းခြောက်မှုကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရတော့သည်။ ထိုအချိန်မှစ၍ ရောဂါဆိုသည်မှာ တောင်ကြီးပြိုကျလာသကဲ့သို့ ဖိစီးနှိပ်စက်လာ တော့သည်ကို သူ ကိုယ်တိုင် ခံစားလိုက်ရတော့၏။

ထန်ထိုင်ဖူဖင်းက နေ့စဉ်ရက်ဆက်ဆိုသလို လာရောက်၍ အလောတကြီး မေးမြန်းတတ်သည်။ “ယွင်အောက်ထျန်း… ရှင့်ရဲ့ ဆေးက ရပြီလား။”

ယွင်ကျုံးဟဲ့ကမူ အလွန် ကြိုးစားပမ်းစား လုပ်ဆောင်နေသည့်ပုံစံ ဖမ်းထား၏။ တစ်နေ့လျှင် နာရီနှစ်ဆယ်ခန့် အိပ်ရေးမဝဘဲ ဆေးဖော်စပ်နေသည့်ဟန် ဆောင်နေတော့သည်။

ထိုအတောအတွင်း ထန်ထိုင်မြဲ့မင်က အမိန့်တစ်ရပ် ထုတ်ပြန်လိုက်၏။ “သခင်လေးကို ချက်ချင်း ပြန်ခေါ်လာခဲ့။”

သခင်လေးဆိုသည်မှာ မည်သူနည်း။ ဥပဒေမဲ့ နယ်မြေ၏ နံပါတ်တစ် ပါရမီရှင် ထန်ထိုင်ကျင့်ပင် ဖြစ်၏။ တစ်နည်းအားဖြင့် ဆိုရလျှင် ထိုသူသည် ကျင်းကျုံးယွဲ့၏ စေ့စပ်ထားသူ ဖြစ်လာလုနီးပါး ဖြစ်ခဲ့ဖူးသူ ဖြစ်သည်။

သူ ဘယ်ရောက်နေသနည်း။ ပိုင်ယွင်မြို့… ဟုတ်ပေသည်။ ထိုပိုင်ယွင်မြို့သို့ ရောက်နေခြင်း ဖြစ်၏။

ကျင်းကျုံးယွဲ့၏ အံ့မခန်း သိုင်းပညာများမှာလည်း ထိုပိုင်ယွင်မြို့မှ သင်ယူလာခဲ့ခြင်း မဟုတ်ပါလား။ ထျန်းကျန်းမြစ်တောင်ဘက်ရှိ သိုင်းပညာရှင် အားလုံးနီးပါးက ပိုင်ယွင်မြို့မှ ဆင်းသက်လာကြသည်ဟု ထင်ရလောက်အောင်ပင်။ ထိုနေရာက တကယ်ကို အံ့မခန်း ကောင်းမွန်လှပေသည်။

လွန်ခဲ့သောရက်များက ပိုင်ယွင်မြို့စားကတော်၏ မွေးနေ့ပွဲသို့ သခင်လေး ထန်ထိုင်ကျင့် ကိုယ်တိုင် သွားရောက် ဂါရဝပြုခဲ့ခြင်း ဖြစ်၏။

အမှန်တော့ ကျင်းကျုံးယွဲ့နှင့် မော့ချိုတို့လည်း သွားရောက်သင့်သော်လည်း ၎င်းတို့၏ မိသားစု နှစ်စုမှာ ရှင်သန်ရေးနှင့် သေဆုံးရေး လွန်ဆွဲနေရသော အချိန်ဖြစ်နေသောကြောင့် မသွားဖြစ်ခဲ့ကြချေ။

ခုနစ်ရက်၊ ခုနစ်ည တိတိ ကြာပြီးနောက် ထန်ထိုင်မြဲ့မင်၏ ရောင်ရမ်းမှုများက အထွတ်အထိပ်သို့ ရောက်ရှိသွား၏။ ချောင်းတစ်ချက် ဆိုးလိုက်တိုင်း သွေးများ အန်ထွက်လာတော့သည်။ မျက်လုံးနှစ်လုံးစလုံး လုံးဝ နီရဲနေကာ အဖျားကလည်း ၄၁ ဒီဂရီထက်ပင် ကျော်လွန်နေပြီ ဖြစ်၏။

ထိုအချိန်တွင် ရောဂါအခြေအနေမှာ အလွန်အမင်း ဆိုးရွားနေပြီ ဖြစ်ကြောင်း သိသာလှသည်။

ထန်ထိုင်မိသားစုကမူ သူ၏ ရောဂါအခြေအနေကို လျှို့ဝှက်ထားဆဲဖြစ်ပြီး နာမည်ကြီး သမားတော် အမြောက်အများကို ပင့်ဖိတ်ထားကြ၏။

ထိုသမားတော်များ အသုံးပြုသော တိုင်းရင်းဆေးများက အနည်းငယ်တော့ အာနိသင်ရှိသော်လည်း ကန့်သတ်ချက် ရှိနေသည်။

သမားတော် ရာကျော်မှာလည်း မည်သို့မှ မတတ်နိုင်ကြတော့သောကြောင့် နောက်ဆုံး မျှော်လင့်ချက်အားလုံးက ယွင်ကျုံးဟဲ့အပေါ်သို့သာ ကျရောက်လာတော့၏။

ဤပုလဲ၏ ထူးဆန်းသော အဆိပ်ကို ယွင်အောက်ထျန်းကသာ ရှာဖွေတွေ့ရှိခဲ့ခြင်း မဟုတ်ပါက မည်သူကမှ သူ့အပေါ် မျှော်လင့်ချက် ထားဝံ့မည် မဟုတ်ချေ။ နာမည်ကြီး သမားတော် ရာကျော်ကတောင် မကုသနိုင်သည်ကို ယွင်အောက်ထျန်းက ဘာအကြောင်းကြောင့် ကုသနိုင်ရမည်နည်း။

ယွင်ကျုံးဟဲ့တွင် ကျင်းဝူပြန်းကို ကုသပေးခဲ့ဖူးသော အောင်မြင်သည့် အတွေ့အကြုံ တစ်ခုရှိခဲ့သော်လည်း ထိုစဉ်က ကျင်းဝူပြန်း၏ ရောဂါလက္ခဏာများက သခင်ကြီး ထန်ထိုင်မြဲ့မင်နှင့် မည်သို့မှ နှိုင်းယှဉ်၍ မရနိုင်ချေ။

ထန်ထိုင်မြဲ့မင် ခံစားနေရသည်မှာ ပုလဲ၏ အလင်းရောင်ကြောင့် အဆိပ်သင့်ခြင်း ဖြစ်၏။ ကြားရုံနှင့်ပင် အလွန် ဆန်းကြယ်ကာ ထူးခြားလွန်းလှသည်။

ယခုအချိန်အတောအတွင်း ယွင်ကျုံးဟဲ့က နေ့စဉ်ရက်ဆက် ဆေးဖော်စပ်ရန်သာ အလုပ်ရှုပ်နေပြီး ကုသမှု လုံးဝ မစတင်သေးချေ။ ထို့ကြောင့် ယွင်ကျုံးဟဲ့ကိုယ်တိုင်ပင် ဤရောဂါကို မကုသနိုင်ဘဲ လက်လျှော့ထားရပြီဟု လူတိုင်းက ထင်မှတ်လာကြ၏။

ထို့ကြောင့် လူယုံ သမားတော်အချို့က အကြံပြုလာကြသည်။ ဤပုလဲကို တောင်ပိုင်းကျိုးအင်ပါယာမှ လူလွှတ်၍ လက်ဆောင်ပေးခဲ့ခြင်းဖြစ်ရာ တောင်ပိုင်းကျိုးအင်ပါယာတွင် ကုသနည်း ရှိနိုင်မည်ဟု ပြောကြသည်။

ထို့ကြောင့် တောင်ပိုင်းကျိုးအင်ပါယာ၏ ဟေးပင်းထိုင် ထောက်လှမ်းရေးအဖွဲ့ထံသို့ လျှို့ဝှက်စာပို့ကာ အကူအညီတောင်းခံသင့်ကြောင်း အကြံပြုကြ၏။

သို့ပေမည့် ထိုအကြံပြုချက်ကို ထန်ထိုင်ဖူဖင်းက ပယ်ချလိုက်၏။ ယခုအချိန်တွင် အင်ပါယာကြီး နှစ်ခုနှင့် ပူးပေါင်းသူ မည်သူမဆို ဥပဒေမဲ့ နယ်မြေ၏ ဘုံရန်သူ ဖြစ်လာမည် မဟုတ်ပါလား။

ထို့ကြောင့် သူမက ယွင်အောက်ထျန်းအပေါ်၌သာ မျှော်လင့်ချက် ဆက်လက်ထားရှိရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ယွင်အောက်ထျန်း၏ နှောင့်နှေးကြန့်ကြာမှုများကြောင့် ထိုမျှော်လင့်ချက်မှာ တစ်နေ့တခြား ပို၍ မှေးမှိန်လာတော့၏။ သူမကိုယ်တိုင်ပင် ယွင်ကျုံးဟဲ့လည်း ကုသနိုင်မည် မဟုတ်ဟု ထင်မြင်လာမိသည်။

နောက်ဆုံးတော့ တစ်နေ့တွင် ထန်ထိုင်ဖူဖင်းက သည်းမခံနိုင်တော့ဘဲ မေးလိုက်၏။ “ယွင်အောက်ထျန်း… ရှင် တကယ် ကုနိုင်မှာလား၊ မကုနိုင်ဘူးလား။ မကုနိုင်ဘူးဆိုရင်လည်း ကျွန်မ တခြားနည်းလမ်း ရှာရမယ်။ အချိန်ဆွဲမနေပါနဲ့။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ကုနိုင်တာပေါ့။ သေချာပေါက် ကုနိုင်ပါတယ်။”

ထန်ထိုင်ဖူဖင်းက ဆက်မေး၏။ “ဒါဆို ရှင် ဘာလိုချင်လို့ ကျွန်မ အဖေ့ကို မကုသေးတာလဲ။ ဘာသတ်မှတ်ချက်တွေ ရှိနေတာလဲ ပြောပါ။”

‘ဘာသတ်မှတ်ချက်တွေ ရှိနေတာလဲ ဟုတ်လား။ ကျုပ် လိုချင်တဲ့ သတ်မှတ်ချက်တွေကို ခင်ဗျားက မသိလို့လား။’

အစတည်းက ယွင်ကျုံးဟဲ့သည် ရည်ရွယ်ချက် တစ်ခုတည်းအတွက်သာ အလုပ်လုပ်နေခဲ့ခြင်း ဖြစ်သည်။

ကျင်းမိသားစုကို သစ်ရွက်ကြွေနယ်မြေ ပြန်လည်ရရှိအောင် ကူညီပေးရန်ပင် ဖြစ်၏။

ထိုရည်ရွယ်ချက်အတွက် သူက အဆင့်လေးဆင့်ပါဝင်သော အစီအစဉ်တစ်ခုကို ဆွဲခဲ့ပြီး ယခုအခါ သုံးဆင့် ပြီးမြောက်သွားပြီ ဖြစ်သည်။

နောက်ဆုံး ဤတစ်ဆင့်သာ ကျန်တော့၏။ သစ်ရွက်ကြွေနယ်မြေကို ပြန်လည်ရရှိသည်နှင့်တပြိုင်နက် ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ကို လက်ထပ်ခွင့် တောင်းတော့မည် ဖြစ်၏။

ထိုနောက်ဆုံးပန်းတိုင်အတွက် ယွင်ကျုံးဟဲ့မှာ အချိန်နှင့် ခွန်အားမည်မျှ ရင်းနှီးခဲ့ရသနည်း။

သစ်ရွက်ကြွေနယ်မြေကို ပြန်လည်ရရှိရန်အတွက် နယ်စားများမဟာမိတ်အဖွဲ့၏ ထောက်ခံမှု လိုအပ်ပြီး မဟာမိတ်အဖွဲ့ခေါင်းဆောင် ထန်ထိုင်မိသားစု၏ ထောက်ခံမှုက မရှိမဖြစ် လိုအပ်လှပေသည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့က ထန်ထိုင်မြဲ့မင်၏ ရောဂါလက္ခဏာများ အထင်ရှားဆုံးနှင့် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။

ထိုအချိန်မှသာ သူက ဝင်ရောက်ကုသပေးကာ တစ်ချက်တည်းဖြင့် ချက်ချင်း ပျောက်ကင်းသွားစေမည့် အံ့မခန်း အစွမ်းကို ပြသနိုင်မည် မဟုတ်ပါလား။

ထိုသို့ဆိုလျှင် ထန်ထိုင်မိသားစုက သူ့အပေါ် တင်ရှိမည့် ကျေးဇူးကြွေးမှာ အလွန် ကြီးမားသွားမည် ဖြစ်သည်။

သူက ထန်ထိုင်မိသားစုအပေါ် အသက်ကယ်ကျေးဇူး ရှိသွားပြီဆိုလျှင် ယခင် စာပေပြိုင်ပွဲမှာ လိမ်လည်ခဲ့ခြင်း၊ ထန်ထိုင်မြဲ့မင်ကို လှည့်စားခဲ့ခြင်း အရာ အားလုံးကို အပြစ်မယူတော့ဘဲ ခွင့်လွှတ်ပေးရတော့မည် မဟုတ်ပါလား။

ထို့အပြင် ထန်ထိုင်မြဲ့မင် ဆိုသည်မှာ မည်သူနည်း။ ဥပဒေမဲ့ နယ်မြေ၏ နံပါတ်တစ် မြို့စားကြီး ဖြစ်ပြီး ထန်ထိုင်မိသားစု၏ အဓိက မှီခိုအားထားရာ တိုင်တစ်တိုင် ဖြစ်သည်။

‘ကျုပ်က ထန်ထိုင်မြဲ့မင်ကို ကယ်တင်ပေးခဲ့တယ်ဆိုရင် ခင်ဗျားတို့က ကျေးဇူးဆပ်သင့်တယ်မလား။ သစ်ရွက်ကြွေနယ်မြေ ပြန်လည်ရရှိရေးအတွက် ကျုပ်ကို မထောက်ခံသင့်ဘူးလား။’

သို့ပေမည့် တချို့ကိစ္စများမှာ လုပ်လို့သာရပြီး ထုတ်ပြော၍ မရနိုင်ချေ။

ထို့ကြောင့် ယွင်ကျုံးဟဲ့က ဒေါသထွက်ဟန်ဆောင်ကာ ဆိုလိုက်၏။ “ဘာတွေ လာပြောနေတာလဲ။ ဘာတွေ လာပြောနေတာလဲ။ သခင်ကြီးထန်ထိုင်က မဟာမိတ်အဖွဲ့ ခေါင်းဆောင်၊ ကျုပ်ရဲ့ သခင်တစ်ဝက်လည်း ဖြစ်တယ်။ သူ့ကို ဆေးကုပေးတာ ဘာသတ်မှတ်ချက် လိုသေးလို့လဲ။ သတ်မှတ်ချက် တစ်ဝက်တောင် မရှိဘူး။”

ထန်ထိုင်ဖူဖင်းက ယွင်ကျုံးဟဲ့ကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးနောက် မေးလိုက်သည်။ “ဒါဆို ရှင် ဘယ်တော့ ဆေးဖော်လို့ ပြီးမှာလဲ။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “သဘက်ခါဆိုရင် ရလောက်ပါပြီ။”

“ကောင်းပြီ… ကျွန်မ စောင့်ကြည့်နေမယ်။” ထန်ထိုင်ဖူဖင်းက ပြောလိုက်သည်။

နှစ်ရက်ကြာပြီးနောက် ယွင်ကျုံးဟဲ့က ထန်ထိုင်မြဲ့မင်၏ ကုတင်ဘေးသို့ ရောက်ရှိလာ၏။

ယခုအချိန်တွင် ထန်ထိုင်မြဲ့မင်၏ ရောဂါလက္ခဏာများမှာ အလွန် ဆိုးရွားပြင်းထန်နေပြီ ဖြစ်သည်။

တစ်ကိုယ်လုံး အနှံ့အပြားတွင် အနာများ ပေါက်နေပြီး ပါးစပ်ထောင့်များနှင့် ခံတွင်းထဲတွင်လည်း အနာများ ပြည့်နှက်နေ၏။

မျက်လုံးများက နီရဲဖောင်းအစ်နေကာ သွေးရောင်လွှမ်းနေသည်။ နှာခေါင်းထဲမှ သွေးများ အဆက်မပြတ် စိမ့်ထွက်နေ၏။ ချောင်းများလည်း အဆက်မပြတ် ဆိုးနေပြီး တစ်ချက်ဆိုးလိုက်တိုင်း သွေးများ အန်ထွက်လာတော့သည်။

ဓာတ်ရောင်ခြည်က သူ၏ ကိုယ်ခံအားစနစ်ကို ကြီးမားစွာ ထိခိုက်စေခဲ့သော်လည်း ယခင်က ရောဂါ လက္ခဏာများက သိသာထင်ရှားခြင်း မရှိခဲ့ပေ။

ယခု ရောင်ရမ်းမှုများ ပေါက်ကွဲထွက်လာချိန်မှာတော့တွင်မူ သူ၏ ကိုယ်ခံအားက လုံးဝ မခုခံနိုင်တော့ချေ။ ထို့ကြောင့် တစ်ကိုယ်လုံးမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ဖြစ်လာတော့၏။ ယခုအချိန်တွင် အဖျားက အနည်းဆုံး ၄၂ ဒီဂရီခန့် ရှိနေမည် ဖြစ်သည်။

ထန်ထိုင်မြဲ့မင်၏ သိုင်းပညာ အလွန် မြင့်မား၍သာ ယခုအချိန်အထိ သတိလည်နေသေးခြင်း ဖြစ်၏။ အခြားသူတစ်ယောက်သာ ဆိုပါက သေလုမျောပါး ဖြစ်နေပြီး နောက်ဆုံးထွက်သက်ကို စောင့်နေရပြီဟု လူတိုင်းက ထင်မှတ်ကြမည်မှာ သေချာလှသည်။ တချို့သမားတော်များက နောက်ဆုံးခရီးအတွက် ပြင်ဆင်ထားရန်ပင် အကြံပြုကြပေလိမ့်မည်။

ယွင်ကျုံးဟဲ့ပင်လျှင် ထန်ထိုင်မြဲ့မင်၏ သိုင်းပညာ မြင့်မားလှမှုကို ကြိတ်၍ ချီးကျူးမိတော့၏။ ရောဂါ လက္ခဏာများ ဤမျှ ဆိုးရွားနေသည့်တိုင် သတိမလစ်သေးသည့်အပြင် မျက်လုံးများကလည်း စူးရှနေဆဲပင် ဖြစ်သည်။

ချောင်းဆိုးချင်လာလျှင်တောင် အတင်းအဓမ္မ အောင့်ထားပြီး တစ်ချက်လောက်သာ ဆိုးကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်လေ့ရှိ၏။

ဓာတ်ရောင်ခြည်က သူ၏ ကိုယ်ခံအားစနစ်ကို ဖျက်ဆီးပစ်လိုက်သောကြောင့် ဘက်တီးရီးယား အမြောက်အများက အဆုတ်ထဲသို့ ဝင်ရောက်လာကြပြီ ဖြစ်သည်။

ရောဂါလက္ခဏာများက ဤမျှ ကြောက်မက်ဖွယ်ကောင်းနေသောကြောင့် ထန်ထိုင်ဖူဖင်း၏ မျက်လုံးများပင် နီရဲနေတော့၏။

သခင်လေး ထန်ထိုင်ကျင့်မှာလည်း အိမ်တွင် ဦးဆောင်မည့်သူ မရှိဖြစ်မည်ကို စိုးရိမ်သောကြောင့် အမြန်ဆုံး အပြေးအလွှား ပြန်လာနေပြီ ဖြစ်သည်။

ဆိုးဆိုးရွားရွား ပြောရလျှင် ထန်ထိုင်ဖူဖင်း၏ စိတ်ထဲတွင် နာရေးကိစ္စအတွက်ပင် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဖခင်ဖြစ်သူ၏ အခြေအနေမှာ အလွန်အမင်း ဆိုးရွားနေသောကြောင့် အခြားသူ တစ်ယောက်သာဆိုလျှင် အကြိမ်ပေါင်းများစွာ သေဆုံးပြီးနေလောက်ပြီ ဖြစ်သည်။

သမားတော် အများအပြားမှာလည်း လုံးဝ လက်မြှောက်ထားကြပြီး ဆေးပင် မပေးရဲကြတော့ချေ။

ထန်ထိုင်ဖူဖင်းက တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ရှင် ကျွန်မအဖေ့ကို ကုသပေးနိုင်ရင် ရှင်ဟာ ကျွန်မတို့ ထန်ထိုင်မိသားစုရဲ့ ကျေးဇူးရှင်ပါပဲ။”

ဘေးနားရှိ သက်ကြီးသမားတော် တစ်ဦးက ထန်ထိုင်မိသားစု၏ အမှုထမ်းတစ်ဦးဖြစ်ပြီး ထန်ထိုင်ရှုဟု အမည်ရသည်။

“သခင်လေး ယွင်အောက်ထျန်း… သခင်ကြီး ပုလဲရဲ့ အလင်းရောင်ကြောင့် အဆိပ်သင့်တယ်ဆိုတာကို ခင်ဗျားက ရှာဖွေတွေ့ရှိခဲ့တာဆိုတော့ ခင်ဗျားအပေါ် မျှော်လင့်ချက်ထားသင့်ပါတယ်။ ဒါပေမဲ့ အခု သခင်ကြီးရဲ့ ရောဂါက တစ်နေ့တခြား ပိုဆိုးလာပြီး ကုလို့မရတဲ့ အခြေအနေကို ရောက်နေပါပြီ။ ဒါပေမဲ့ စိတ်ချလက်ချ ကုသပေးပါ။ အကယ်၍ တစ်ခုခု မှားယွင်းသွားရင်တောင် ကျုပ်တို့ ကြိုတင် တွက်ဆထားပြီးသားမို့ ခင်ဗျားကို အပြစ်တင်မှာ မဟုတ်ပါဘူး။”

တကယ့်ကို သစ္စာရှိသော အမှုထမ်းဖြစ်ပြီး စကားကို အလွန် ပွင့်လင်းစွာ ပြောဆိုလာ၏။

“ကျုပ်တို့ သခင်ကြီးက အသက်မရှင်နိုင်တော့ဘူးလို့ ထင်ရပါတယ်။ ဒါကြောင့် ကုသလို့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ခင်ဗျားကို အပြစ်မယူပါဘူး။ ဒါပေမဲ့ ကုသလို့ ရသွားမယ်ဆိုရင်တော့ ဒါက တကယ့်ကို အံ့မခန်း အံ့ဖွယ်ဖြစ်ရပ်ကြီး ဖြစ်လာပြီး ကြီးမားလှတဲ့ ကျေးဇူးကြွေး ဖြစ်လာမှာ သေချာပါတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် အစွမ်းကုန် ကြိုးစားပါ့မယ်။”

ထို့နောက် သူက ပင်နီဆီလင် တစ်ပုလင်းကို ထုတ်ယူကာ ပန်းကန်လုံးထဲသို့ လေးပုံတစ်ပုံခန့် ထည့်ပြီး ရေဖျော်ကာ သူကိုယ်တိုင် အရင်သောက်ပြလိုက်၏။ “ဒါက ကျုပ် ဖော်စပ်ထားတဲ့ ဆေးပါ။ အဆိပ်မရှိဘူးဆိုတာ ပြဖို့ ကျုပ် ကိုယ်တိုင် အရင်သောက်ပြတာပါ။”

အမှန်တော့ ထိုးဆေးအဖြစ် အသုံးပြုသော ပင်နီဆီလင်ကို သောက်သုံးရန် မသင့်တော်ပေ။ ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သော်လည်း ယခုအချိန်တွင် အဆိပ်မရှိကြောင်း သက်သေပြရန် အခြားနည်းလမ်း မရှိချေ။ ထန်ထိုင်မြဲ့မင်က အရေးကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။

“အခု သခင်ကြီးထန်ထိုင်ရဲ့ ကိုယ်ထဲကို ဒီဆေး ထိုးထည့်ပေးပါတော့မယ်။” ယွင်ကျုံးဟဲ့က ဆိုလိုက်၏။

ထန်ထိုင်ဖူဖင်းက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ “ကောင်းပြီ။”

ပင်နီဆီလင် ထိုးပေးပြီးနောက် ယွင်ကျုံးဟဲ့က ပိုတက်စီယမ် အိုင်အိုဒိုက်ကို ထုတ်ယူကာ သူကိုယ်တိုင် အရင် သောက်ပြလိုက်ပြန်၏။

ထို့နောက် ထန်ထိုင်ဖူဖင်းကို ကမ်းပေးကာ ပြောလိုက်သည်။ “ဒါက သောက်ဆေးပါ။ တစ်နေ့ တစ်ကြိမ် သောက်ရပါမယ်။”

ထန်ထိုင်ဖူဖင်းက ဖခင်ဖြစ်သူကို တိုက်ကျွေးလိုက်၏။

“ဒီနေ့အတွက် ကုသမှု ပြီးပါပြီ။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

အခန်းတွင်းရှိ သမားတော် အားလုံးနှင့် ထန်ထိုင်ဖူဖင်းပါ အံ့ဩမှင်တက်သွားကြ၏။

‘ဒီလောက် မြန်မြန် ကုသမှု ပြီးသွားပြီလား။ ဒါက အရင်က တစ်ခါမှ မကြားဖူးတဲ့ ပုလဲအလင်းရောင် အဆိပ်လေ။ ဒီလောက် ဆိုးရွားပြင်းထန်နေပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာတောင်မှလား။ တကယ့်ဆို နတ်ဆေးတွေ သုံးပြီး နေ့ရောညပါ ရက်ပေါင်းများစွာ ဆက်တိုက် ကုသပေးရမှာ မဟုတ်ဘူးလား။ အခုတော့ အချိန်ခဏလေးအတွင်းမှာ ကုသမှု ပြီးသွားပြီတဲ့လား။’

ချက်ချင်းပဲ ထန်ထိုင်ဖူဖင်းမှာ ဤကုသမှုအပေါ် မည်သည့် မျှော်လင့်ချက်မှ မထားဝံ့တော့ချေ။

ထန်ထိုင်ဖူဖင်းက အမိန့်ပေးလိုက်၏။ “လာကြစမ်း… သခင်လေး ယွင်အောက်ထျန်းကို အနားယူဖို့ အိမ်တော်ကို ပြန်ပို့ပေးလိုက်ကြ။”

ထို့နောက်မှာတော့ တိတ်ဆိတ်စွာ စောင့်ဆိုင်းခြင်းသာ ကျန်ပေတော့မည်။

...............

All Chapters