အခန်း (၁၁၃-၁၁၄)
Vol. 10 Ch. 113-114
အပိုင်း (၁၁၃)
ထန်ထိုင်မြဲ့မင်၏ ရပ်တည်ချက်က ဤမျှအထိ ရှင်းလင်းပြတ်သားနေသည်လား။ ထိုသို့ မဖြစ်သင့်ပေ။
ထန်ထိုင်မိသားစုနှင့် ကျင်းမိသားစု လက်ထပ်ပွဲ ဖြစ်မြောက်သွားလျှင်တောင်၊ ယွင်အောက်ထျန်းက ထန်ထိုင်မြဲ့မင်၏ ရောဂါကို ကုသပေးခဲ့လျှင်တောင် ဤသို့သော မြင်ကွင်းမျိုး မဖြစ်သင့်ချေ။ ဤသည်မှာ ထန်ထိုင်မိသားစု၏ အကျိုးစီးပွားနှင့် လုံးဝ ကိုက်ညီမှု မရှိပေ။
သစ်ရွက်ကြွေနယ်မြေကို အမဲသားတုံးကြီး တစ်တုံးအဖြစ်၊ ဒဏ်ရာတစ်ခုအဖြစ် ဖန်တီးကာ ကျင်းမိသားစုနှင့် မော့မိသားစုကို အရူးအမူး သတ်ပုတ်ခိုင်းပြီး ထန်ထိုင်မိသားစုက အလယ်မှနေ၍ အကျိုးအမြတ် ခံစားခြင်းကသာ သူတို့၏ အကျိုးစီးပွားနှင့် အကိုက်ညီဆုံး ဖြစ်သည်။
ထန်ထိုင်မိသားစုတွင် ဤသို့ ရှင်းလင်းပြတ်သားသော ရပ်တည်ချက်မျိုး မရှိသင့်ချေ။ ကျင်းမိသားစုကို တိုက်ရိုက်ကြီး ထောက်ခံပေးလိုက်သည်လား။
သို့ပေမည့် ယခုအခါ မဟာမိတ်အဖွဲ့ ခေါင်းဆောင် ကိုယ်တိုင် နှုတ်ဖွင့်ပြောဆိုလာပြီ ဖြစ်ရာ မော့မိသားစုအနေဖြင့် မသိချင်ယောင်ဆောင်ကာ ဆက်လက် တိတ်ဆိတ်နေ၍ မရနိုင်တော့ချေ။
မော့ချိုက မတ်တတ်ရပ်ကာ ထန်ထိုင်မြဲ့မင်ကို ဦးညွှတ်အရိုအသေပေးလိုက်၏။
ထို့နောက် သူ၏ အကြည့်များက ခန်းမတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် ကျင်းကျုံးယွဲ့၏ ယှဉ်ပြိုင်ဘက်ကင်းသော အလှတရားများ ပြည့်နှက်နေသည့် မျက်နှာလေးပေါ်သို့ ကျရောက်သွားသည်။
“လေခွင်းချိုင့်ဝှမ်းဘက်က ပြောတာ မှန်ပါတယ်။ ဒီအငှားစာချုပ်မှာ နှစ် ၅၀ လို့ တိတိကျကျ ရေးထားပါတယ်။ ပြီးတော့ နောက်ဆုံး သတ်မှတ်ရက်က ဇွန်လ ၁၇ ရက်နေ့ဆိုတာလည်း မှန်ပါတယ်။ အငှားဖြစ်နေမှတော့ သေချာပေါက် ပြန်ပေးရမှာပေါ့။” မော့ချိုက ပြောလိုက်၏။
ထိုစကားကြောင့် လူတိုင်း အံ့ဩမှင်တက်သွားကြပြန်သည်။ ‘မော့မိသားစုက ဒီလောက် လွယ်လွယ်ကူကူ လက်ခံလိုက်တာလား။’
မော့မိသားစုက အလွန် ရက်စက်ပြီး လောဘကြီးကြောင်းကို မည်သူက မသိဘဲ နေမည်နည်း။ အထူးသဖြင့် မော့ချိုပင်။
သစ်ရွက်ကြွေနယ်မြေကို သိမ်းပိုက်ထားနိုင်ရန်အတွက် ပိုင်ယင်ဆားကွင်း လူသတ်ပွဲကြီးကို ဖန်တီးကာ လူထောင်ပေါင်းများစွာကို သတ်ပစ်ခဲ့သူ ဖြစ်၏။
သေဆုံးသွားသူ အများစုမှာ ကျင်းမိသားစု၏ ဆားလုပ်သားများသာ ဖြစ်ကြသည်။ ထိုအပြစ်မဲ့ သေဆုံးသွားသူများ၏ အရိုးများပင် မဆွေးမြေ့သေးချေ။
ထိုမျှမကသေးဘဲ ထိုပိုင်ယင်ဆားကွင်း လူသတ်ပွဲကြီးကြောင့် လေခွင်းချိုင့်ဝှမ်း ကျင်းမိသားစုမှာ အလုံးစုံ ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့ရသည်။ စီးပွားရေးအရ ဆုံးရှုံးမှုချည်းသက်သက် ငွေတုံးပေါင်း သန်းနှစ်ဆယ်ကျော် ရှိခဲ့၏။
ယခင်က လူဦးရေ လေးသိန်းကျော်ရှိသော လေခွင်းချိုင့်ဝှမ်းတွင် ယခုအခါ လူဦးရေ နှစ်သိန်းခွဲပင် မပြည့်တော့ချေ။
ယခင်က စည်ကားသိုက်မြိုက်လှသော လေခွင်းမြို့ကြီးမှာ ယခုအခါ သရဲမြို့ကြီး တစ်မြို့အလား တိတ်ဆိတ်ခြောက်ကပ်နေပြီ ဖြစ်သည်။
ယခင်က အင်အားကြီးမားလှသော လေခွင်းချိုင့်ဝှမ်း စစ်တပ်ကြီးမှာလည်း ယခုအခါ စိတ်ဓာတ်များ ကျဆင်းနေပြီး သံချပ်ကာဝတ်စုံ သုံးထောင်ခန့်ကို အတင်းအဓမ္မ လုယူခံလိုက်ရသေး၏။
ယခုအချိန်အထိ လေခွင်းချိုင့်ဝှမ်းမှာ ဆန်စပါး ပြတ်လပ်နေဆဲ ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ အမှန်တကယ် ပြတ်လပ်နေခြင်း ဖြစ်၏။ ဖွက်ထားသော ဆန်စပါးများဖြစ်စေ၊ သံချပ်ကာဝတ်စုံများနှင့် လဲလှယ်ထားသော အရည်အသွေးညံ့ ဆန်စပါး တစ်သိန်းဖြစ်စေ အားလုံး ကုန်ခမ်းတော့မည်။
လေခွင်းချိုင့်ဝှမ်းက ထန်ထိုင်မိသားစုထံမှ ဆန်စပါး အကူအညီ မတောင်းခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ တောင်းခံလိုက်ပါက ယွင်ကျုံးဟဲ့၏ အသက်ကယ်ကျေးဇူးက လျော့ပါးသွားမည် ဖြစ်သောကြောင့်ပင်။
ကျေးဇူးကြွေး အားလုံးကို နေရာတစ်ခုတည်းအတွက်သာ အသုံးပြုရမည် ဖြစ်၏။ ထိုအရာက သစ်ရွက်ကြွေနယ်မြေကို ပြန်လည်ရရှိရေးပင် ဖြစ်သည်။
ထိုအရာသည် အဓိက နောက်ဆုံးပန်းတိုင် ဖြစ်၏။ ထိုပန်းတိုင်အတွက် အခြားအရာအားလုံးကို ဘေးဖယ်ထားရမည် ဖြစ်၏။
‘ဒီလောက် လောဘကြီးပြီး ကောက်ကျစ်စဉ်းလဲတဲ့ မော့ချိုက တကယ်ပဲ ပြန်ပေးဖို့ သဘောတူလိုက်တာလား။’
လူတိုင်းက နားစွင့်ကာ မော့ချို၏ နောက်ဆုံးဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြ၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ နယ်စားများမဟာမိတ်အဖွဲ့ အစည်းအဝေးဖြစ်ပြီး ပြောလိုက်သော စကားလုံးတိုင်းကို အကောင်အထည်ဖော်ရမည် ဖြစ်သောကြောင့်ပင်။
“ကျုပ်တို့ မော့မိသားစုက ဇွန်လ ၁၇ ရက်နေ့ မတိုင်ခင်မှာ သစ်ရွက်ကြွေနယ်မြေကို ပြန်လည်ပေးအပ်ဖို့ ဆန္ဒရှိပါတယ်။”
မော့ချိုက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်တို့မှာ သတ်မှတ်ချက် တစ်ခုရှိတယ်။ သတ်မှတ်ချက် တစ်ခုတည်းပါ။ သင့်တင့်မျှတတဲ့ သတ်မှတ်ချက် တစ်ခုပါပဲ။ လေခွင်းချိုင့်ဝှမ်းက အဲဒီသတ်မှတ်ချက်ကို ဖြည့်ဆည်းပေးနိုင်တာနဲ့ တပြိုင်နက် ကျုပ်တို့က သစ်ရွက်ကြွေနယ်မြေကို ချက်ချင်း ပြန်ပေးပါ့မယ်။”
……………….
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘယ်လို သတ်မှတ်ချက်မျိုးလဲ။”
မော့ချိုက ပြန်ဖြေသည်။ “ငွေကြေးပဲ။ လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းက ကျုပ်တို့ သစ်ရွက်ကြွေနယ်မြေကို ငှားရမ်းချိန်မှာ အတော်လေး လူသူကင်းမဲ့ပြီး လယ်ယာမြေတွေကလည်း ဒီလောက် မများသေးဘူး။ ဒီနှစ် ၅၀ အတွင်းမှာ ကျုပ်တို့ မော့မိသားစုက သစ်ရွက်ကြွေနယ်မြေအတွက် လူအင်အား၊ ငွေအင်အား မရေမတွက်နိုင်အောင် ရင်းနှီးမြှုပ်နှံခဲ့တယ်။ လယ်ယာမြေတွေ ဖော်ထုတ်ခဲ့တယ်၊ ရေပေးဝေရေး စနစ်တွေ တည်ဆောက်ခဲ့တယ်။ ဒီအရာတွေက ခင်ဗျားတို့ လေခွင်းချိုင့်ဝှမ်းနဲ့ မသက်ဆိုင်ဘူး မဟုတ်လား။”
ထိုစကားများက နားထောင်ကြည့်လျှင် အတော်လေး ယုတ္တိတန်နေ၏။
မော့ချိုက ဆက်ပြောသည်။ “လေးစားအပ်တဲ့ မဟာမိတ်အဖွဲ့ ခေါင်းဆောင်၊ မြို့စားမင်းများနဲ့ လေခွင်းချိုင့်ဝှမ်းက မြို့စားကျင်း… သစ်ရွက်ကြွေနယ်မြေကို ပြန်မပေးခင်မှာ ကျုပ်တို့ မော့မိသားစုအတွက် လျော်ကြေး မပေးသင့်ဘူးလား။ ကျုပ်တို့ နှစ် ၅၀ လုံးလုံး တည်ဆောက်ခဲ့တဲ့ အသီးအပွင့်တွေကိုပါ ခင်ဗျားတို့ဆီ အလကား ပေးလိုက်ရမှာလား။”
ထန်ထိုင်မြဲ့မင်က ခေါင်းညိတ်လိုက်၏။
ထိုနေရာတွင် ရှိနေသော အခြားသော မြို့စားများကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ခင်ဗျားတို့က လျော်ကြေး ဘယ်လောက် လိုချင်တာလဲ။”
မော့ချိုက တွက်ပြသည်။ “ကျုပ်တို့ သစ်ရွက်ကြွေနယ်မြေအတွက် နှစ်စဉ် ရင်းနှီးမြှုပ်နှံခဲ့တဲ့ လူအင်အားနဲ့ ငွေအင်အားကို ငွေတုံးအဖြစ် တွက်ကြည့်မယ်ဆိုရင် တစ်နှစ်ကို ငွေတုံး တစ်သိန်းကျော်တယ်။ နှစ် ၅၀ ဆိုတော့ ငွေတုံး ငါးသန်းပေါ့။
အဲဒီငွေတုံး ငါးသန်းကို အနည်းဆုံး အတိုးနှုန်းနဲ့ နှစ် ၅၀ စာ တွက်ကြည့်ရင်တောင် အနည်းဆုံး ငွေတုံး သန်းဆယ့်ငါးသန်းလောက် ကျသင့်တယ်။ ကျုပ်က ခင်ဗျားတို့ကို လျှော့ဈေး ပေးပါ့မယ်။ လေခွင်းချိုင့်ဝှမ်းက ကျုပ်တို့ကို လျော်ကြေးအဖြစ် ငွေတုံး ဆယ်သန်း ပေးမယ်ဆိုရင် သစ်ရွက်ကြွေနယ်မြေကို ပြန်ပေးပါ့မယ်။”
ထိုစကား ထွက်ပေါ်လာသည်နှင့်တပြိုင်နက် တစ်ခန်းလုံးရှိ လူတိုင်းမှာ အံ့အားတသင့် ဖြစ်သွားကြ၏။
ငွေတုံး သန်းဆယ်သန်းဟူသော ပမာဏမှာ ရူးသွပ်ဖွယ်ရာ ကောင်းလှသည်။ ဤကဲ့သို့သော မိုးပေါ်ပျံနေသည့် ကိန်းဂဏန်းမျိုးကို တာယင်အင်ပါယာ သို့မဟုတ် တောင်ပိုင်းကျိုးအင်ပါယာကဲ့သို့သော အင်အားကြီး နိုင်ငံတော်များပင်လျှင် တစ်ကြိမ်တည်း ထုတ်ပေးရန် အလွန် ခက်ခဲပေလိမ့်မည်။
လေခွင်းချိုင့်ဝှမ်းက မည်မျှပင် ချမ်းသာကြွယ်ဝသည် ဆိုစေကာမူ ယခင် ပိုင်ယင်ဆားကွင်း ကပ်ဘေးတွင် ကျင်းကျုံးယွဲ့သည် အစွမ်းကုန် ကြိုးစားရှာဖွေခဲ့သော်လည်း ငွေတုံး ငါးသိန်းခန့်သာ ထုတ်ပေးနိုင်ခဲ့၏။
ကျန်ရှိသော ငွေတုံး တစ်သန်းကျော်မှာလည်း ယွင်ကျုံးဟဲ့က လှည့်ကွက်များသုံး၍ ရှာဖွေပေးခဲ့ရခြင်း ဖြစ်သည်။ ထိုငွေရှာသည့် နည်းလမ်းမှာလည်း တစ်ကြိမ်တစ်ခါသာ အသုံးပြု၍ ရနိုင်ပြီး ထပ်မံ လုပ်ဆောင်ရန် မဖြစ်နိုင်ချေ။
လေခွင်းချိုင့်ဝှမ်း တစ်ခုလုံးကို ဖျက်ဆီး၍ အကြိမ်ကြိမ် ရောင်းချလျှင်ပင် ငွေတုံး သန်းဆယ်သန်း ရရှိနိုင်မည် မဟုတ်ပေ။
မော့ချိုက ဆက်ပြောလိုက်သည်။ “အကယ်၍ လေခွင်းချိုင့်ဝှမ်းက ဇွန်လ ၁၇ ရက်နေ့ မတိုင်ခင်မှာ လျော်ကြေး ငွေတုံး သန်းဆယ်သန်း ထုတ်ပေးနိုင်မယ်ဆိုရင် ကျုပ်တို့ သစ်ရွက်ကြွေနယ်မြေကို ပြန်ပေးဖို့ ဆန္ဒရှိပါတယ်။”
ငွေတုံး သန်းဆယ်သန်း မဆိုထားနှင့်၊ ငွေတုံး တစ်သန်းပင်လျှင် ထုတ်ပေးနိုင်စွမ်း မရှိတော့ချေ။
ယွင်ကျုံးဟဲ့၏ အကြည့်များက ထန်ထိုင်မြဲ့မင်ဆီသို့ အလိုလို ရောက်ရှိသွား၏။ သူ၏ ဆက်လက် ပြုမူမည့် တုံ့ပြန်မှုက ထန်ထိုင်မိသားစု၏ အစစ်အမှန် ရည်ရွယ်ချက်ကို ဖော်ပြနေမှာ ဖြစ်သည်။
သို့ပေမည့် ထန်ထိုင်မြဲ့မင်၏ အစစ်အမှန် ရည်ရွယ်ချက်အပေါ် ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့က ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်၏။
ထန်ထိုင်မိသားစု၏ အကျိုးစီးပွားဘက်မှ ကြည့်လျှင် သူသည် သစ်ရွက်ကြွေနယ်မြေကို လေခွင်းချိုင့်ဝှမ်းထံ ပြန်လည်ပေးအပ်ရေးအပေါ် လုံးဝ သဘောတူမည် မဟုတ်ချေ။
ရှီးယွီမြို့ မော့မိသားစုနှင့် လေခွင်းချိုင့်ဝှမ်း ကျင်းမိသားစုတို့မှာ ပိုင်ရှင်မဲ့ နယ်မြေ၏ ထိပ်သီး မြို့စား ခြောက်ဦးစာရင်းဝင်များ ဖြစ်ကြ၏။ ထိုမိသားစု နှစ်စု သတ်ပုတ်နေကြမှသာ ထန်ထိုင်မိသားစုအတွက် အကျိုးအမြတ် အများဆုံး ဖြစ်ပေမည်။
ထို့အပြင် သစ်ရွက်ကြွေနယ်မြေကို ကျင်းမိသားစုထံ ပြန်လည်ပေးအပ်လိုက်ပါက ယွင်ကျုံးဟဲ့၏ အကူအညီဖြင့် လေခွင်းချိုင့်ဝှမ်းသည် အဆင့်ငါးနေရာတွင် မဟုတ်တော့ဘဲ အဆင့်သုံးနေရာအထိ ရောက်ရှိသွားပေလိမ့်မည်။
သို့ပေမည့် လက်ထပ်ပွဲ ကိစ္စနှင့် ယွင်ကျုံးဟဲ့၏ အသက်ကယ်ကျေးဇူးတို့ကြောင့် သူသည် အမည်ခံအားဖြင့် လေခွင်းချိုင့်ဝှမ်းဘက်မှ ရပ်တည်ကာ သစ်ရွက်ကြွေနယ်မြေ ပြန်လည်ရရှိရေးကို ထောက်ခံပေးရမည့် အခြေအနေသို့ ဆိုက်ရောက်နေ၏။
မည်သို့ပင်ဆိုစေ သူသည် နယ်စားများမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး တစ်ခုလုံးသော ပိုင်ရှင်မဲ့ နယ်မြေကို စည်းလုံးကာ ဘုရင်တစ်ပါး၏ အာဏာစက်ကို တည်ဆောက်လိုသူ ဖြစ်သည်။ လူအများကို ကိုယ်ကျင့်တရားဖြင့် သိမ်းသွင်းရန် လိုအပ်လှ၏။
ဟန်ဆောင်မှု သက်သက် ဖြစ်နေလျှင်တောင်မှ လုပ်ပြရမည်သာ ဖြစ်သည်။ ဂုဏ်သိက္ခာ ဆိုသည်မှာ ထန်ထိုင်မိသားစုအတွက် အလွန် အရေးပါလှပေသည်။
ယွင်ကျုံးဟဲ့၏ အကြည့်များကို ခံစားမိလိုက်သကဲ့သို့ ထန်ထိုင်မြဲ့မင်က မျက်မှောင်ကြုတ်ကာ စကားစလိုက်၏။ “ငွေတုံး သန်းဆယ်သန်း… ဒီကိန်းဂဏန်းက သိပ်ကို ယုတ္တိမတန်လွန်းဘူး။ လေခွင်းချိုင့်ဝှမ်းက မထုတ်ပေးနိုင်တာတင် မဟုတ်ဘူး၊ ပိုင်ရှင်မဲ့ နယ်မြေထဲမှာ ဘယ်မြို့စားကမှ ထုတ်ပေးနိုင်မှာ မဟုတ်ဘူး။ ပိုင်ရှင်မဲ့ နယ်မြေထဲက မြို့စားအားလုံး ပေါင်းရင်တောင် ထုတ်ပေးနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဆယ်ရက်ကျော်လေးအတွင်းမှာ ပေးရမယ်ဆိုတော့ ကလေးကစားသလို ဖြစ်မနေဘူးလား။”
ထိုစကား ထွက်ပေါ်လာသည်နှင့်တပြိုင်နက် နံပါတ်တစ် မြို့စားကြီး ထန်ထိုင်မြဲ့မင်၏ ကြီးကျယ်ခမ်းနားပြီး တရားမျှတသော ပုံရိပ်ကြီးမှာ ချက်ချင်းပဲ ပေါ်လွင်သွားတော့သည်။
သို့ပေမည့် ယွင်ကျုံးဟဲ့ကမူ စိတ်ထဲမှ အေးစက်စွာ လှောင်ပြောင်လိုက်သည်။ သူ၏ ခန့်မှန်းချက်နှင့် တစ်ထပ်တည်း ကျနေ၏။
ဤသခင်ကြီး ထန်ထိုင်မြဲ့မင်သည် မော့မိသားစုကို သစ်ရွက်ကြွေနယ်မြေ ပြန်ပေးရန် လုံးဝ ဆန္ဒမရှိချေ။ ထိုသူနှစ်ဦးသည် ကြိုတင်၍ လျှို့ဝှက်ပူးပေါင်းထားကြပြီး လူအများရှေ့တွင် ဇာတ်လမ်းတစ်ပုဒ်ကို ပုံဖော် ကပြနေကြခြင်းသာ ဖြစ်သည်။
ယွင်ကျုံးဟဲ့၏ အသက်ကယ်ကျေးဇူးကြောင့်သာ ထန်ထိုင်မြဲ့မင်က ကျင့်ဝတ်အရ လေခွင်းချိုင့်ဝှမ်း ကျင်းမိသားစုဘက်မှ ရပ်တည်နေရခြင်း ဖြစ်၏။
ထန်ထိုင်မြဲ့မင်၏ အပြစ်တင်စကားကို ကြားချိန်မှာတော့ မော့ချိုက ချက်ချင်း မတ်တတ်ရပ်ကာ ထန်ထိုင်မြဲ့မင်ကို ဦးညွှတ်လျက် ပြောလိုက်သည်။ “သခင်ကြီးထန်ထိုင်… ကျုပ် မှားသွားပါတယ်။”
ထို့နောက် သူ၏ အကြည့်များက ခန်းမတစ်ခုလုံးကို ထပ်မံ ဝေ့ဝဲကြည့်ရှုလိုက်ပြီး ဆက်ပြော၏။ “လျော်ကြေးငွေကို ငွေတုံး ငါးသန်းအထိ လျှော့ပေးဖို့ ကျုပ် ဆန္ဒရှိပါတယ်။ ပြီးတော့ တစ်နှစ်အတွင်း ခွဲပေးဖို့လည်း သဘောတူပါတယ်။
အဲဒီငွေ အပြည့်အဝ ရတာနဲ့ တပြိုင်နက် ကျုပ်တို့ မော့မိသားစုက သစ်ရွက်ကြွေနယ်မြေကို လေခွင်းချိုင့်ဝှမ်း ကျင်းမိသားစုဆီ ချက်ချင်း ပြန်ပေးပါ့မယ်။ တစ်ရက်လေးတောင် အချိန်ဆွဲမှာ မဟုတ်ပါဘူး။ ဒီလိုဆိုရင် နှစ်ဦးနှစ်ဖက် အဆင်ပြေတယ် မဟုတ်လား။”
ထိုစကားကြောင့် ထန်ထိုင်မြဲ့မင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း နောက်ဆုံးတွင် မည်သည့်စကားမှ ထပ်မဆိုတော့ချေ။
ဤအချိန်တွင် ခန်းမတွင်းရှိ လူတိုင်းက နံပါတ်တစ် မြို့စားကြီး ထန်ထိုင်မြဲ့မင်သည် ကျင်းမိသားစုကို သစ်ရွက်ကြွေနယ်မြေ ပြန်ပေးစေရန် လုံးဝ ဆန္ဒမရှိကြောင်း ရိပ်မိသွားကြပြီ ဖြစ်၏။
စောစောက အဖြစ်အပျက်များအားလုံးမှာ ဟန်ဆောင်နေခြင်း သက်သက်သာ ဖြစ်သည်။ ထိုနေရာတွင် ရှိနေသူအားလုံးမှာ မြို့စားများချည်း ဖြစ်ရာ အလွန် ပါးနပ်သူများသာ ဖြစ်ကြသည်။
ငွေတုံး သန်းဆယ်သန်း မထုတ်ပေးနိုင်လျှင်၊ ငွေတုံး ငါးသန်းကော ထုတ်ပေးနိုင်မည်လား။ လုံးဝ မထုတ်ပေးနိုင်ချေ။ တစ်နှစ် အချိန်ပေးလျှင်တောင်မှ ထုတ်ပေးနိုင်စွမ်း မရှိပေ။
ထို့အပြင် လေခွင်းချိုင့်ဝှမ်းသည် နောက်ထပ် တစ်နှစ်ခန့် တောင့်ခံထားနိုင်စွမ်း လုံးဝ မရှိတော့ချေ။ ငွေကြေး မရှိလျှင် ရသော်လည်း ဆန်စပါး မရှိလျှင်မူ လုံးဝ မဖြစ်နိုင်ပေ။
အကယ်၍ လေခွင်းချိုင့်ဝှမ်းက ဤသတ်မှတ်ချက်ကို သဘောတူလိုက်ပါက နောက်ဆက်တွဲ ဘာဆက်ဖြစ်လာမည်နည်း။
ထန်ထိုင်မိသားစုက ကျင်းမိသားစုအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းကြောင်း တရားဝင် ကြေညာထားခဲ့သော်လည်း လေခွင်းချိုင့်ဝှမ်းကို ဆန်စပါး ရောင်းချမည့်သူ ရှိလာဦးမည် မဟုတ်ချေ။ လေခွင်းချိုင့်ဝှမ်း၏ ဆန်စပါးပြတ်လပ်မှု ကပ်ဘေးမှာ ဆက်လက် တည်ရှိနေဦးမည်သာ ဖြစ်သည်။
ထန်ထိုင်မိသားစုက ထန်ထိုင်မိသားစု၏ ကရုဏာတရားကို ပြသသည့်အနေဖြင့် လေခွင်းချိုင့်ဝှမ်းအတွက် ဆန်စပါး အနည်းငယ်ကို ဟန်ဆောင်ပန်ဆောင် ထောက်ပံ့ပေးလာမည်မှာ သေချာလှ၏။
သို့ပေမည့် ထိုဆန်စပါး ပမာဏမှာ လေခွင်းချိုင့်ဝှမ်းအတွက် လုံးဝ လုံလောက်မည် မဟုတ်ချေ။ ဤသို့ ဆန်စပါး ပြတ်လပ်နေပါက နှစ်ဝက်ပင် မပြည့်မီ လေခွင်းချိုင့်ဝှမ်း တစ်ခုလုံး အလုံးစုံ ပျက်စီးသွားပေလိမ့်မည်။
ထိုအချိန်သို့ ရောက်လျှင် သစ်ရွက်ကြွေနယ်မြေ ပြန်လည်ပေးအပ်ရေး ဆိုသည်မှာလည်း အလကား စကားသာ ဖြစ်သွားပေတော့မည်။ သို့ပေမည့် လေခွင်းချိုင့်ဝှမ်း ကျင်းမိသားစု တစ်ခုလုံး ပျက်သုဉ်းသွားခြင်းကလည်း ထန်ထိုင်မိသားစု၏ အကျိုးစီးပွားနှင့် မကိုက်ညီချေ။
ကျင်းကျုံးယွဲ့ကို သတ်ပစ်ကာ ကျင်းဝူပြန်းကို ရုပ်သေးရုပ် မြို့စားအဖြစ် တင်မြှောက်ခြင်းကသာ ထန်ထိုင်မြဲ့မင်၏ အကျိုးစီးပွားနှင့် အကိုက်ညီဆုံး ဖြစ်၏။
ယခုအချိန်တွင် ကျင်းဝူပြန်းသည် ထန်ထိုင်မိသားစု၏ သားမက် ဖြစ်နေပြီ ဖြစ်သည်။ ကျင်းဝူပြန်းမှာ ဉာဏ်ရည် မမီသူ တစ်ဦးဖြစ်ရာ အနာဂတ်တွင် ကျင်းဝူပြန်းနှင့် ထန်ထိုင်ဝူယန်တို့၏ သားက အချိန်တိုအတွင်း မြို့စားရာထူးကို ဆက်ခံခွင့် ရရှိသွားမှာဖြစ်သည်။
ထိုသို့ဆိုလျှင် ကျင်းဝူပြန်းနှင့် ထန်ထိုင်ဝူယန်တို့မှာ သားသမီး မရနိုင်ဘူးလား။ လုံးဝ မဟုတ်ချေ။ ကလေးတစ်ယောက် သေချာပေါက် ရှိလာမည် ဖြစ်သည်။ ထိုကလေးမှာ ကျင်းဝူပြန်း၏ ကလေး မဟုတ်လျှင်တောင်၊ ထန်ထိုင်ဝူယန်၏ ကလေး မဟုတ်လျှင်တောင် ရှိလာမည်သာ ဖြစ်၏။
ဤသည်ကပင် ထန်ထိုင်မိသားစု၏ နောက်ဆုံးပန်းတိုင် ဖြစ်ပြီး လေခွင်းချိုင့်ဝှမ်း တစ်ခုလုံးကို အပြီးတိုင် ဝါးမျိုပစ်ရန်ပင် ဖြစ်သည်။
ထို့ကြောင့် လေခွင်းချိုင့်ဝှမ်းအနေဖြင့် သစ်ရွက်ကြွေနယ်မြေကို ပြန်လည် မရရှိသရွေ့ ကပ်ဘေးမှာ ပြီးဆုံးသွားမည် မဟုတ်ဘဲ ပို၍သာ ဆိုးရွားလာမည် ဖြစ်၏။
ကျင်းမိသားစုက ထန်ထိုင်မိသားစုနှင့် အောင်မြင်စွာ လက်ထပ်ပွဲ ပြုလုပ်နိုင်ခဲ့လျှင်တောင်၊ ယွင်ကျုံးဟဲ့က ထန်ထိုင်မြဲ့မင်အပေါ် အသက်ကယ်ကျေးဇူး ရှိခဲ့လျှင်တောင် အခြေအနေက အတူတူပင် ဖြစ်၏။ သို့ပေမည့် ယွင်ကျုံးဟဲ့ လိုအပ်နေသည်မှာ ထန်ထိုင်မိသားစု၏ အမည်ခံ ထောက်ခံမှု သက်သက်သာ ဖြစ်သည်။
..........................
အပိုင်း (၁၁၄)
သခင်လေး မော့ချိုက မေးလိုက်၏။ “မြို့စားကျင်း… ဒီအစီအစဉ်ကို လက်ခံနိုင်လား။ အကယ်၍ လက်မခံနိုင်ဘူးဆိုရင်တော့ ကျုပ်တို့လည်း တခြား နည်းလမ်း မရှိတော့ဘူး။ နှစ် ၅၀ လုံးလုံး တည်ဆောက်ခဲ့တဲ့ အသီးအပွင့်တွေကို ခင်ဗျားတို့ဆီ အလကားတော့ မပေးလိုက်နိုင်ဘူး။ လောကမှာ ဒီလို တရားမျှတမှုမျိုး မရှိပါဘူး။ ခင်ဗျားတို့ ဘယ်လိုထင်လဲ။”
“မှန်တယ်။”
“မှန်တယ်။”
“မှန်တယ်။”
ထန်ထိုင်မြဲ့မင်၏ လျှို့ဝှက်ရပ်တည်ချက်ကို ရိပ်မိသွားကြသော မြို့စားများက မော့ချိုဘက်သို့ ချက်ချင်း ပါသွားကြတော့သည်။
ဒုတိယ မြို့စားကြီးဖြစ်သော နင်မိသားစု တစ်ခုတည်းကသာ အသံတိတ်နေသည်။ သီအိုရီအရဆိုလျှင် နင်မိသားစုသည် ဒုတိယ အင်အားအကြီးဆုံး မြို့စားဖြစ်ရာ ကိုယ်ပိုင်အင်အားစု တစ်ခု တည်ဆောက်ရန် ကျင်းမိသားစုကို ဆွဲဆောင်သင့်သည် မဟုတ်ပါလား။
သို့ပေမည့် လုံးဝ ထိုသို့ မဟုတ်ချေ။ ယခုအချိန်တွင် နင်မိသားစုသည် မိမိတို့၏ အင်အားကို ဖုံးကွယ်ကာ အချိန်ကောင်းကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။
မော့ချိုက ဆက်ပြော၏။ “မြို့စားကျင်း… ဒါက ကျုပ်တို့ရဲ့ နောက်ဆုံး ရာဇသံပဲ။ လျော်ကြေး ငွေတုံး ငါးသန်း ပေးမယ်ဆိုရင် သစ်ရွက်ကြွေနယ်မြေကို ချက်ချင်း ပြန်ပေးမယ်။ မဟုတ်ရင်တော့ ဒီနေ့ ထပ်ဆွေးနွေးစရာ အကြောင်း မရှိတော့ဘူး။”
ကျင်းကျုံးယွဲ့က တုံ့ပြန်လိုက်သည်။ “လုံးဝ သဘောမတူနိုင်ဘူး။ ဒီနှစ် ၅၀ အတွင်းမှာ ရှင်တို့ သစ်ရွက်ကြွေနယ်မြေအတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့တယ်ဆိုတာ မှန်ပေမဲ့ ရှင်တို့ ရရှိခဲ့တဲ့ အကျိုးအမြတ်က ပိုပြီး ကြီးမားပါတယ်။”
မော့ချိုက ချေပ၏။ “ဒါက ကျုပ်တို့ ရသင့်ရထိုက်တဲ့ အရာပဲ။ ငှားရမ်းခြင်းဆိုတဲ့ အဓိပ္ပာယ်ကို သေချာ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်။ ငှားရမ်းတယ်ဆိုတာ ဒီနှစ် ၅၀ အတွင်းမှာ သစ်ရွက်ကြွေနယ်မြေက ကျုပ်တို့ မော့မိသားစု ပိုင်ဆိုင်တယ်လို့ ဆိုလိုတာ။ ဒီနှစ် ၅၀ အတွင်း ကျုပ်တို့ မော့မိသားစုက ခင်ဗျားတို့ရဲ့ အလုပ်သမားတွေ လုပ်ပေးနေတာ မဟုတ်ဘူး။”
ချက်ချင်းပဲ နှစ်ဖက်ဆွေးနွေးမှုက အကျပ်အတည်းအတွင်းသို့ ရောက်ရှိသွားတော့၏။ တိတိကျကျ ဆိုရလျှင် ထန်ထိုင်မြဲ့မင်၏ ကြိုးကိုင်မှုအောက်တွင် ဆွေးနွေးပွဲ တစ်ခုလုံးက ကြိုတင် တွက်ဆထားသည့်အတိုင်း အကျပ်အတည်းသို့ ဆိုက်ရောက်သွားခြင်း ဖြစ်သည်။
သို့ပေမည့် ထန်ထိုင်မိသားစုဘက်မှမူ အစွမ်းကုန် ကြိုးစားပေးခဲ့ပြီဟု အကြောင်းပြနိုင်ပေသည်။ ကျင်းမိသားစုဘက်မှ ရပ်တည်ပြောဆိုပေးခဲ့ပြီး ယွင်အောက်ထျန်း၏ အသက်ကယ်ကျေးဇူးကိုလည်း ဆပ်ပြီးပြီ ဖြစ်သကဲ့သို့ ဆွေမျိုးတော်စပ်သူ တစ်ဦး၏ တာဝန်ကိုလည်း ကျေပွန်ခဲ့ပြီဟု ဆိုနိုင်ပြီ ဖြစ်၏။
ယွင်ကျုံးဟဲ့က ရုတ်တရက် ဝင်ပြောလိုက်သည်။ “ကျုပ်မှာ တခြား အစီအစဉ်တစ်ခု ရှိတယ်။ သခင်လေး မော့ချို စိတ်ဝင်စားမလား မသိဘူး။”
မော့ချိုက ငြင်းလိုက်၏။ “စိတ်မဝင်စားဘူး။ ကျုပ်ပြောခဲ့တဲ့ အစီအစဉ်ကလွဲလို့ ခင်ဗျားတို့ရဲ့ ဘယ်အစီအစဉ်ကိုမှ စိတ်မဝင်စားဘူး။”
ယွင်ကျုံးဟဲ့က အဆိုပြုလိုက်သည်။ “သိုင်းပြိုင်ပြီး အရှုံးအနိုင် ဆုံးဖြတ်မယ်၊ သိုင်းပြိုင်ပြီး သစ်ရွက်ကြွေနယ်မြေရဲ့ ပိုင်ဆိုင်မှုကို ဆုံးဖြတ်မယ်ဆိုရင် ဘယ်လိုလဲ။ ခင်ဗျားနဲ့ မြို့စားကျင်းတို့ သိုင်းပြိုင်ကြမယ်။ ပိုင်ရှင်မဲ့ နယ်မြေက မြို့စားတွေ အကုန်လုံးက ဒီပွဲကို သက်သေလုပ်ကြမယ်။
အကယ်၍ မြို့စားကျင်းက နိုင်ရင် ခင်ဗျားတို့ သစ်ရွက်ကြွေနယ်မြေကို ပြန်ပေးရမယ်။ သခင်လေး မော့ချိုက နိုင်ရင်တော့ သစ်ရွက်ကြွေနယ်မြေက မော့မိသားစု အပိုင်ဖြစ်သွားမယ်လေ။ ဘယ်လိုလဲ။”
ကျင်းကျုံးယွဲ့က ချက်ချင်း တုံ့ပြန်လိုက်၏။ “ကျွန်မ သဘောတူတယ်။”
မော့ချိုက အေးစက်စွာ ပြုံးလိုက်သည်။ “လုံးဝ သဘောမတူဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သခင်လေး မော့ချို… ခင်ဗျားတို့ နှစ်ယောက်စလုံးက ပိုင်ယွင်မြို့စားရဲ့ တပည့်တွေလေ။ ပြီးတော့ ခင်ဗျားက စီနီယာ အစ်ကိုတောင် ဖြစ်သေးတယ်။ ခင်ဗျား ကြောက်နေတာလား။”
မော့ချိုက ပြန်လည်ချေပသည်။ “ကျုပ်ရဲ့ သိုင်းပညာက မြို့စားကျင်းထက် မနိမ့်ကျဘူးလို့ ယုံကြည်တယ်။ ဒါပေမဲ့ ဒီလုပ်ရပ်က သိပ်ကို ယုတ္တိမတန်လွန်းဘူး။ လေးနက်မှုလည်း မရှိဘူး။ မိသားစု တစ်ခုရဲ့ အသက်ရှင်ရေး၊ သေဆုံးရေး ကိစ္စကြီးကို သိုင်းပြိုင်ပွဲ တစ်ခုနဲ့ ဘယ်လိုလုပ် ဆုံးဖြတ်လို့ ရမှာလဲ။ ကျုပ်တို့က ပိုင်ရှင်မဲ့ နယ်မြေက မြို့စားတွေပါ။ လူရိုင်းလူစုတွေ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ထန်ထိုင်မြဲ့မင်ဘက်သို့ လှည့်ကာ မေးလိုက်၏။ “သခင်ကြီးထန်ထိုင်… ပိုင်ရှင်မဲ့ နယ်မြေရဲ့ သမိုင်းမှာ ဒီလို အစဉ်အလာမျိုး ရှိခဲ့ဖူးပါသလား။ နယ်မြေတစ်ခုရဲ့ ပိုင်ဆိုင်မှုကို သိုင်းပြိုင်ပြီး ဆုံးဖြတ်တာမျိုးပေါ့။”
ထန်ထိုင်မြဲ့မင်က ဖြေသည်။ “အဲဒီလို အစဉ်အလာမျိုး ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးက သဘောတူဖို့တော့ လိုအပ်တယ်။ အကယ်၍ တစ်ဖက်ဖက်က သဘောမတူဘူးဆိုရင် သိုင်းပြိုင်ပြီး နယ်မြေပိုင်ဆိုင်မှု ဆုံးဖြတ်တာကို လုပ်လို့ မရဘူး။”
မော့ချိုက ပြောလိုက်၏။ “သခင်လေး ယွင်အောက်ထျန်း… ခင်ဗျား ဒီလောက် တွေးမနေပါနဲ့တော့။ ကျုပ်က လုံးဝ သဘောတူမှာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က သက်ပြင်းတစ်ချက် ချလိုက်သည်။
ယွင်ကျုံးဟဲ့က ထိုင်ခုံမှ ထကာ ခန်းမအလယ်တွင် လမ်းလျှောက်ရင်း ပြုံးလျက် ဆက်ပြော၏။ “ဒီမှာ ရှိနေတဲ့ မြို့စားမင်းများအားလုံး ယွင်အောက်ထျန်းက အရူးတစ်ယောက်ဆိုတာ ကြားဖူးကြမှာပါ။ ဒါကြောင့် ကျုပ်မှာ ရူးသွပ်တဲ့ အကြံအစည် တစ်ခု အမြဲရှိနေခဲ့တယ်။
အဲဒါက မြို့စားကျင်းကို ဇနီးအဖြစ် လက်ထပ်ဖို့ပဲ။ ဒါကြောင့်လည်း သူမအတွက် သစ်ရွက်ကြွေနယ်မြေကို လက်ဖွဲ့ပစ္စည်းအဖြစ် ပြန်လည်ရယူပေးဖို့ ကျုပ် အမြဲ ကြိုးစားနေခဲ့တာ။”
ထိုစကား ထွက်ပေါ်လာချိန်မှာတော့ တစ်ခန်းလုံး ဆူညံသွားတော့၏။
တကယ်ကို သူ မပြောလျှင် မည်သူမှ သိမည် မဟုတ်ချေ။ အသက်အရွယ်ရနေပြီဖြစ်သော သူတောင်းစား တစ်ယောက်က ဤမျှ ကြီးမားသည့် ရည်မှန်းချက်မျိုး ရှိနေမည်ဟု မည်သူက ထင်မည်နည်း။ တကယ့်ကို အရူးတစ်ယောက်ပင် ဖြစ်သည်။
ကျင်းကျုံးယွဲ့သည် ထန်ထိုင်ကျင့်၏ လက်ထပ်ခွင့် တောင်းခြင်းကိုပင် ငြင်းပယ်ခဲ့သူ ဖြစ်သည်။ ဤမျှ အိုမင်းရုပ်ဆိုးသော သူတောင်းစား တစ်ယောက်ကိုဆိုလျှင် ပို၍ပင် အလှမ်းဝေးလှပေသည်။ ဖားပြုတ်က ဟင်္သာကို မှန်းနေခြင်းဆိုသည့် စကားက သူနှင့် အလိုက်ဖက်ဆုံးပင် ဖြစ်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်ရဲ့ သိုင်းပညာအကြောင်း လူတိုင်း ကြားဖူးကြရဲ့လား။”
သေချာပေါက် ကြားဖူးကြသည်သာ ဖြစ်၏။ ထို့အပြင် အလွန် ရှင်းလင်းစွာ သိထားကြသည်။
ယွင်အောက်ထျန်း၏ သိုင်းပညာဆိုသည်မှာ ကြက်ကလေး တစ်ကောင်ကိုပင် မဖမ်းနိုင်သူဟု ဆိုလျှင်ပင် လွန်လွန်းနေသေး၏။ ပိုးကောင်လေး တစ်ကောင်ကိုပင် မသတ်နိုင်သူဟု ဆိုရမှာဖြစ်သည်။ ငန်းတစ်ကောင်ကပင် ယွင်ကျုံးဟဲ့ကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိ၏။
ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးတွင် ယွင်အောက်ထျန်းကို အနိုင်ယူနိုင်သော အသက်ရှစ်နှစ်အရွယ် ကလေးပေါင်း တစ်သောင်းထက်မနည်း ရှိမည်မှာ သေချာလှသည်။
သိုင်းပညာ အနည်းငယ် လေ့ကျင့်ထားသော ရှစ်နှစ်အရွယ် ကလေးတစ်ယောက်က လက်တစ်ဖက်တည်းဖြင့် ယွင်အောက်ထျန်းကို အကြိမ်ဆယ်ခါမက အနိုင်ယူနိုင်၏။
သူ၏ ခွန်အားကို အသုံးမကျသော ကြက်တစ်ကောင်နှင့် နှိုင်းယှဉ်လျှင်ပင် အလွန် လွန်ကဲနေသေးသည်။ ယွင်ကျုံးဟဲ့၏ သိုင်းပညာနှင့် ပတ်သက်၍ ထန်ထိုင်မြဲ့မင်ဖြစ်စေ၊ မော့ချိုဖြစ်စေ အလွန် နားလည်ထားကြ၏။ ဤမျှ အသုံးမကျပြီး အားနည်းလှသော အမျိုးသားမျိုးကို တစ်ခါမှပင် မမြင်ဖူးခဲ့ကြချေ။
ယွင်ကျုံးဟဲ့က အဆိုပြုလိုက်၏။ “ဒီလိုဆိုရင် ဘယ်လိုလဲ။ ကျုပ်တို့ သိုင်းပြိုင်ပြီး အရှုံးအနိုင် ဆုံးဖြတ်ကြမယ်။ နိုင်တဲ့သူက သစ်ရွက်ကြွေနယ်မြေကို ရမယ်။ မော့မိသားစုဘက်က သခင်လေး မော့ချိုက ထွက်ပြိုင်ပြီး လေခွင်းချိုင့်ဝှမ်းဘက်ကတော့ ကျုပ် ကိုယ်တိုင် ထွက်ပြိုင်မယ်။”
ထိုစကား ထွက်ပေါ်လာသည်နှင့်တပြိုင်နက် တစ်ခန်းလုံး ရူးသွပ်သွားတော့၏။ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ အံ့ဩမှင်တက်သွားကြသည်။
ဤလောကကြီးမှာ အလွန် ရူးသွပ်ဖွယ်ရာ ကောင်းလွန်းလှပေသည်။ ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
ယွင်အောက်ထျန်းက မော့ချိုနှင့် သိုင်းပြိုင်မည်တဲ့လား။ ဤကိစ္စကို ဖော်ပြရန် မည်သည့် နာမဝိသေသနကိုမှ ရှာတွေ့နိုင်စွမ်း မရှိတော့ချေ။ ပုရွက်ဆိတ်က ဆင်ကို ရန်စသည်ဟူ၍လား။ ကြက်ဥဖြင့် ကျောက်တုံးကို ပေါက်သည်ဟူ၍လား။ မဟုတ်ပေ။ ဤစကားလုံးများကပင် ဖော်ပြရန် မလုံလောက်သေးချေ။
အချုပ်အားဖြင့် ပြောရလျှင် ဤသည်မှာ ထိုနေရာတွင် ရှိနေသော မြို့စားများ တစ်သက်လုံး ကြားဖူးသမျှထဲတွင် အယုတ္တိအကင်းမဲ့ဆုံး ကိစ္စပင် ဖြစ်၏။
အကယ်၍ ယွင်အောက်ထျန်းက အိပ်မက်ထဲတွင် ဤသို့ ပြောဆိုနေခြင်းဆိုလျှင် နားလည်ပေး၍ ရနိုင်သော်လည်း ယခု သူ အိပ်မက် မက်နေခြင်း မဟုတ်ပေ။ ဤလူက တကယ့်ကို အရူးတစ်ယောက်ပင်။ အစမှအဆုံး လုံးဝ ရူးသွပ်နေသူ ဖြစ်သည်။
မည်သည့်အရာက သူ့ကို မော့ချိုအား စိန်ခေါ်ရန် ဤမျှ သတ္တိတွေ ပေးလိုက်သနည်း။ စာချုပ်နှစ်စောင်ကို အလိုအလျောက် မီးလောင်ပြာကျစေခဲ့သော ထိုလှည့်ကွက်ငယ်လေးကြောင့်လား။
ထိုကိစ္စမှာ မဖွင့်ချမီက အလွန် လျှို့ဝှက်ဆန်းကြယ်သည်ဟု ထင်ရသော်လည်း ဖွင့်ချလိုက်ချိန်မှာတော့ အလွန် ရိုးရှင်းလှ၏။ သင်္ချိုင်းကုန်းထဲမှ အဖြူရောင် အမှုန့်အချို့ကို ခြစ်ယူလိုက်ရုံဖြင့် ဤသို့ ပြုလုပ်နိုင်ကြောင်း ထန်ထိုင်မိသားစုမှ လူများကပင် သတင်းဖြန့်ထားပြီး ဖြစ်သည်။
ယွင်အောက်ထျန်းက ရှစ်နှစ်အရွယ် ကလေးတစ်ယောက်ကိုပင် မယှဉ်နိုင်ချေ။ မော့ချို၏ သိုင်းပညာမှာမူ မည်မျှ မြင့်မားသနည်း။ ထိုနေ့က သူ တစ်ယောက်တည်းဖြင့် ကျင်းကျုံးယွဲ့နှင့် မြို့စားမော့ရယ်တို့ နှစ်ဦး၏ ဓားကို ကာကွယ်နိုင်ခဲ့သည် မဟုတ်ပါလား။
ထိုအချိန်ကပင် လူတိုင်း အံ့ဩမှင်တက်သွားခဲ့ရသည်။ မော့ချို၏ သိုင်းပညာ မြင့်မားမှန်း သိကြသော်လည်း ဤမျှအထိ မြင့်မားလိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ကြချေ။
ကျင်းကျုံးယွဲ့နှင့် မော့ချို သိုင်းပြိုင်မည်ဆိုလျှင်ပင် အင်အား မျှတသည်ဟု ဆိုနိုင်သေး၏။ ယွင်ကျုံးဟဲ့ ကိုယ်တိုင် သွားရောက် ယှဉ်ပြိုင်မည် ဆိုသည်မှာ ပိုးဖလံ မျိုးမီးဝင်တိုးခြင်း သက်သက်သာ ဖြစ်ပေသည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘယ်လိုလဲ သခင်လေး မော့ချို… မရဲဘူးလား။”
မော့ချိုက ယွင်ကျုံးဟဲ့ကို လုံးဝ မယုံကြည်နိုင်သော အကြည့်ဖြင့် စိုက်ကြည့်ကာ အက်ကွဲသောအသံဖြင့် ပြန်မေးလိုက်သည်။ “ခင်ဗျား… ခင်ဗျား တကယ် ပြောနေတာလား။”
ယွင်ကျုံးဟဲ့က တည်ငြိမ်စွာ ဖြေ၏။ “သေချာပေါက် တကယ်ပြောနေတာပေါ့။ ပြီးတော့ လူတိုင်းရှေ့မှာ သေရေးရှင်ရေး စာချုပ်ကို လက်မှတ်ထိုးလို့ ရတယ်။ စိတ်ချပါ၊ ဒီတစ်ခါ စာချုပ်ကို ဒီမှာရှိတဲ့ မြို့စားမင်းတွေ အကုန်လုံးက သက်သေလုပ်ပေးမှာဆိုတော့ ပြာကျသွားစရာ အကြောင်း မရှိပါဘူး။
သခင်လေး မော့ချို… ဇွန်လ ၁၃ ရက်နေ့မှာ ကျုပ်တို့ နှစ်ယောက် သေရေးရှင်ရေး သိုင်းပြိုင်ကြမယ်။ ခင်ဗျား နိုင်ရင် သစ်ရွက်ကြွေနယ်မြေက မော့မိသားစု အပိုင်ဖြစ်သွားမယ်။ အကယ်၍ ကျုပ် နိုင်ခဲ့ရင်တော့ မော့မိသားစုက သစ်ရွက်ကြွေနယ်မြေကို ကျင်းမိသားစုဆီ စည်းကမ်းချက်မရှိ ပြန်ပေးရမယ်။ ခင်ဗျားသာ ဆန္ဒရှိရင် အခုချက်ချင်း လူတိုင်းရှေ့မှာ ဒီစာချုပ်ကို လက်မှတ်ထိုးလို့ ရတယ်။”
တစ်ခန်းလုံးရှိ လူတိုင်းမှာ အသက်ရှူမှားသွားကြ၏။
‘ယွင်အောက်ထျန်းဆိုတဲ့ အရူးက တကယ်ကြီး လုပ်တော့မှာလား။ ကောင်းကင်ဘုံ… မော့မိသားစုကတော့ မိုးပေါ်က ကျလာသော အခွင့်အရေးကြီးကို ကောက်ရလိုက်တာပဲ။’
ဤသိုင်းပြိုင်ပွဲတွင် မော့ချိုအနေဖြင့် မျက်လုံးမှိတ်ထားပြီး လက်ခြေများကို ချည်နှောင်ထားလျှင်ပင် အလွယ်တကူ အနိုင်ရရှိမည်မှာ သေချာလှ၏။ ယွင်အောက်ထျန်းက သစ်ရွက်ကြွေနယ်မြေ၏ အမြဲတမ်း ပိုင်ဆိုင်ခွင့်ကို လက်နှစ်ဖက်ဖြင့် ဆက်သနေခြင်းသာ ဖြစ်သည်။
လောကတွင် ဤထက် လွယ်ကူသောကိစ္စ ရှိနိုင်ပါအုံးမည်လား။ ကျင်းကျုံးယွဲ့ပါ ရူးသွားပြီလား။ ယွင်အောက်ထျန်းကို ဤမျှ ရမ်းကားခွင့် ပေးထားရသည်လား။
ထိုနေရာတွင် ရှိနေသော မြို့စားများက ထိုကဲ့သို့ တွေးနေကြသော်လည်း မော့ချိုကမူ ထိုစကားကို ကြားလိုက်ရသည်နှင့် ငြင်းပယ်လိုက်ရန်သာ စိတ်ထဲ၌ အလိုလို ခံစားမိနေ၏။
အခြားသူများက ယွင်ကျုံးဟဲ့ကို နားမလည်ကြသော်လည်း သူက နားလည်ထားသည်။ ယခင်တစ်ကြိမ်က မော့မိသားစုသည် ယွင်ကျုံးဟဲ့၏ အဆိပ်ပြင်းသော အကြံအစည်တွင် ကျော့ကွင်းမိခဲ့ပြီး ကျင်းမိသားစု၏ အပြစ်များကို ဆေးကြောပေးလိုက်ရုံသာမက ပိတ်ဆို့အရေးယူမှုများကိုပါ ရုပ်သိမ်းပေးလိုက်ရကာ လူရယ်စရာပင် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
သေချာပေါက် မော့ချိုက သူ ရှုံးနိမ့်မည်ဟု မထင်ချေ။ လက်တစ်ချောင်းတည်းဖြင့်ပင် ယွင်အောက်ထျန်းကို အသေသက်ပစ်နိုင်စွမ်း ရှိ၏။ သို့ပေမည့် သူက ယွင်အောက်ထျန်း၏ လျှို့ဝှက်အကြံအစည်များကိုသာ စိုးရိမ်နေမိခြင်း ဖြစ်သည်။
သို့ပေမည့် ဤသွေးဆောင်မှုက အလွန် ကြီးမားလွန်းလှပေသည်။ ယွင်ကျုံးဟဲ့ကို အနိုင်ယူလိုက်ရုံဖြင့် သစ်ရွက်ကြွေနယ်မြေကို အမြဲတမ်း သိမ်းပိုက်ခွင့် ရရှိမှာ ဖြစ်၏။ အားစိုက်ထုတ်စရာပင် လုံးဝ မလိုချေ။
အဓိက အကျဆုံးမှာ သူသည် မနေ့ညက ထန်ထိုင်မြဲ့မင်နှင့် လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့သည်ကို သတိရသွားခြင်း ဖြစ်သည်။ ထန်ထိုင်မြဲ့မင်က ပိုင်ရှင်မဲ့ နယ်မြေ၏ နှစ်စဉ် ဝင်ငွေ တစ်ဝက်ကို သိပ်ဂရုမစိုက်ကြောင်းနှင့် သုံးပုံတစ်ပုံသို့ပင် လျှော့ချပေးရန် ဆန္ဒရှိကြောင်း ပြောခဲ့၏။
သူ မော့ချိုကို လုပ်ခိုင်းသည့် ကိစ္စမှာ တစ်ခုတည်းသာ ရှိသည်။ ထိုအရာက ယွင်ကျုံးဟဲ့ကို သတ်ပစ်ရန်ပင် ဖြစ်၏။
မှန်ပေသည်။ ဤသည်မှာ လျှို့ဝှက်ဆွေးနွေးစဉ်က ထန်ထိုင်မြဲ့မင်၏ မူရင်းစကားပင် ဖြစ်သည်။
ဤစကားကို မော့ချိုမှလွဲ၍ မည်သူမှ မကြားခဲ့ဖူးသလို မည်သည့် သက်သေအထောက်အထားမှလည်း မရှိချေ။ သို့ပေမည့် ပြောခဲ့သည်မှာ အမှန်ပင် ဖြစ်၏။
ထိုအချိန်က မော့ချိုပင် အံ့ဩသွားခဲ့ရသည်။ ယွင်ကျုံးဟဲ့က ယခုလေးတင်မှ သခင်ကြီးထန်ထိုင်ကို ဆေးကုသ ကယ်တင်ပေးခဲ့ခြင်း မဟုတ်ပါလား။ ကျေးဇူးမဆပ်သည့်အပြင် သတ်ပင် သတ်ချင်နေသေးသည်လား။
သို့ပေမည့် ဤကိစ္စအတွက် မော့ချို နားလည်ပေးနိုင်၏။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့က အလွန် ထူးဆန်းလွန်းပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဉာဏ်များလွန်းသောကြောင့် ဖြစ်သည်။
ထန်ထိုင်မြဲ့မင်က ယွင်ကျုံးဟဲ့ကို သိမ်းသွင်းရန် ကြိုးစားခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသောကြောင့် ဤကဲ့သို့သော လူမျိုးကို သတ်ပစ်ရန်သာ ရှိတော့၏။ ထို့အပြင် ထန်ထိုင်မိသားစု ကိုယ်တိုင် သတ်ပစ်၍ မဖြစ်ရာ မော့ချိုက အကောင်းဆုံး ကိုယ်စားလှယ် ဖြစ်လာခဲ့ခြင်းပင်။
မော့ချိုက ထန်ထိုင်မြဲ့မင်ကို ကြည့်ကာ ဦးညွှတ်လျက် မေးလိုက်၏။ “မဟာမိတ်အဖွဲ့ ခေါင်းဆောင်… သခင်ကြီးရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။”
ထန်ထိုင်မြဲ့မင်က အကြည့်လွှဲကာ ပြောလိုက်သည်။ “ယုတ္တိမတန်ဘူး… တကယ်ကို ယုတ္တိမတန်တဲ့ ကိစ္စပဲ။”
သို့ပေမည့် မော့ချိုက နားလည်လိုက်၏။ ထန်ထိုင်မြဲ့မင် သဘောတူလိုက်ပြီ ဖြစ်ကြောင်း၊ ထို့အပြင် သူ့ကိုလည်း အမြန်ဆုံး သဘောတူရန် တိုက်တွန်းနေကြောင်းနှင့် ဤအခွင့်အရေးကို အသုံးချကာ ယွင်ကျုံးဟဲ့ကို တရားဝင် သတ်ပစ်ပြီး ပြဿနာ အားလုံးကို ရှင်းလင်းပစ်ရန် ဖြစ်ကြောင်းတို့ကိုပင်။
.....................