အခန်း (၁၄၈၃-၁၄၈၄)
Vol. 149 Ch. 1483-1484
အခန်း (၁၄၈၃) - လက်တစ်ဖက်ဖြင့် ကောင်းကင်ကို ဖုံးလွှမ်းခြင်း
"ဒါ... ဒါက..."
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ တုန်လှုပ်ချောက်ချားသည့် အမူအရာများ အသီးသီး ပေါ်ပေါက်လာကြသည်။
အင်အားစုအသီးသီးမှ အမာခံတပည့်များပင်လျှင် ဤ အစီရင်မသေမျိုးအတတ် ၏ ဖိအားအောက်တွင် ကြောက်ရွံ့တုန်လှုပ်သွားကြရသည်။
ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော ဗုဒ္ဓရုပ်ပွားတော် အရိပ်သဏ္ဌာန်ကြီးများသည် တစ်ခုချင်းစီမှာပင် အလွန်တရာ ကြီးမားထွားကျိုင်းလှသဖြင့် သာမန်စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲလှပေသည်။
ထိုရုပ်ပွားတော်ကြီးအားလုံးသည် တစ်ပြိုင်နက်တည်း လက်ဝါးတစ်ချက်စီ ရိုက်ချလိုက်ကြရာ၊ ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးစွမ်းအားများမှာ ဟိန်းဟောက်ထွက်ပေါ်လာပြီး တောက်ပလှသော ဗုဒ္ဓအလင်းတန်းများက လူတို့၏ မျက်စိကို ကျိန်းစပ်သွားစေသည်။
ထိုအခိုက်အတန့်တွင် စီနီယာအစ်မသုံး၊ စီနီယာအစ်ကိုလေးနှင့် အခြားသူများသည် မိမိတို့သာ ရှောင်ကွမ်းယင်နှင့် ရင်ဆိုင်ရပါက ဤတိုက်ကွက်ကို မည်သို့မျှ ခုခံနိုင်လိမ့်မည် မဟုတ်ကြောင်း ခံစားလိုက်ရသည်။
နဂါးနက်အစီရင်မှာ အပိုင်းပိုင်းအပြတ်ပြတ် အချေဖျက်ခံရမှာ အသေအချာပင်
"မကောင်းတော့ဘူး... ဒီတိုက်ကွက်က ရှောင်စရာ နေရာမရှိဘူး၊ စီနီယာအစ်မကြီး တိုက်ရိုက်ခုခံရတော့မယ်"
အမာခံတပည့်တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဗုဒ္ဓတစ်ထောင်လက်ဝါး သည် အရပ်မျက်နှာ အနှံ့အပြားမှ ဝိုင်းရံလာခြင်း ဖြစ်သဖြင့် ရှောင်တိမ်းရန် နေရာလွတ် လုံးဝမရှိဘဲ တောင့်ခံထားရန်သာ ရှိတော့သည်။
အကယ်၍ အစီရင်မသေမျိုးအတတ်ဖြင့် ပြန်လည်တိုက်ခိုက်မည် ဆိုလျှင်လည်း ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ ရိုက်ခတ်မှု များက အစီရင်ကို ပျက်စီးစေနိုင်ပေသည်။
ရှောင်ကွမ်းယင်၏ ဤတိုက်ကွက်သည် ရှဲ့အာမန်ကို နယ်မြေတစ်ခုအတွင်း ပိတ်လှောင်လိုက်ပြီး ဆုတ်လမ်းမရှိအောင် ပြုလုပ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
"ဆုတ်ကြ "
နဂါးနက်အစီရင်ရှိ မသေမျိုးလှေများစွာသည် တစ်ခဏချင်းမှာပင် နောက်သို့ ဆုတ်ခွာလိုက်ကြပြီး အကွာအဝေးတစ်ခုသို့ ဖယ်ပေးလိုက်ကြသည်။
တစ်ချိန်တည်းမှာပင်၊ စီနီယာအစ်မကြီးက ထိုတိုက်ကွက်ကို တောင့်ခံတော့မည်ဟု လူတိုင်းက ထင်မှတ်နေစဉ်မှာပင်၊ ကြီးမားလှသော နဂါးနက်အစီရင်၏ ကိုယ်ထည်မှာ တစ်ချက်မျှ ဝေဝါးသွားပြီး မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။
ပြန်လည်ပေါ်လာသည့် အချိန်တွင်မူ ၎င်းသည် လက်တစ်ထောင်အစီရင်၏ နောက်ကျောဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဗုဒ္ဓသားတော်... သတိထား "
ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်များသည် မယုံကြည်နိုင်သော အကြည့်များဖြင့် အော်ဟစ်သတိပေးလိုက်ကြသည်။
ရှောင်ကွမ်းယင်၏ ဗုဒ္ဓတစ်ထောင်လက်ဝါး သည် တစ်ခါမျှ လွဲချော်ဖူးခြင်း မရှိခဲ့သော်လည်း ယခု ရှဲ့အာမန်နှင့် ရင်ဆိုင်ရချိန်တွင်မူ အဟောသိကံ ဖြစ်သွားခဲ့ရလေပြီ။
ထို့တင်မကသေးဘဲ ရှဲ့အာမန်သည် ဆန်းကြယ်လှသော ကိုယ်ဟန်ဖြင့် ရှောင်ကွမ်းယင်၏ နောက်ကျောဆီသို့ပင် ရောက်ရှိသွားခဲ့သည်။
လွဲချော်သွားသော ဗုဒ္ဓတစ်ထောင်လက်ဝါးများမှာ ရှေ့သို့ ဆက်လက်ပေါက်ကွဲထွက်သွားရာ ကြောက်မက်ဖွယ် လေဖိအားလှိုင်းများမှာ မိုင်ပေါင်းသောင်းချီ အကွာအဝေးအထိ ရိုက်ခတ်သွားတော့သည်။
အင်အားစုအသီးသီးမှ အမာခံတပည့်များသည် မိမိတို့၏ အစီရင်အကာအကွယ်များကို အမြန်ဆုံး ဖြန့်ကျက်ပြီး ထိုလှိုင်းဒဏ်ကို မနည်းတောင့်ခံလိုက်ရသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် အနီးအနားတွင် ဂြိုဟ်တစ်ခု ရှိနေပြီး ထိုဂြိုဟ်၏ မျက်နှာပြင်ပေါ်သို့ လေဖိအားလှိုင်းများ ရိုက်ခတ်သွားသောအခါ ဂြိုဟ်၏ အပေါ်ယံ အစိတ်အပိုင်းကြီးတစ်ခုမှာ တစ်စုံတစ်ယောက်က ကိုက်စားလိုက်သည့် လမုန့် ကဲ့သို့ အကြီးအကျယ် ပဲ့ထွက်သွားလေသည်။
"ဒါ... ဒါက အမာခံတပည့်တွေရဲ့ စွမ်းပကားလား"
ဝမ်ရွှမ်နှင့် အခြားသူများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
သူတို့သည် ရှေ့တန်းထွက်အဖွဲ့မှ ကျင့်ကြံသူများ ဖြစ်ကြသဖြင့် အမာခံတပည့်များ၏ အစီရင်သည် လူသားအင်အားဖြင့် ယှဉ်ပြိုင်၍ မရနိုင်မှန်း သိထားသော်လည်း ဤမျှအထိ ထိတ်လန့်ဖွယ် စွမ်းအင်မျိုး ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။
ထိုကဲ့သို့သော တည်ရှိမှုမျိုးသာ နယ်မြေတစ်ခုကို ဖျက်ဆီးမည်ဆိုလျှင် ရက်ပိုင်းမျှပင် ကြာမြင့်လိမ့်မည် မဟုတ်ပေ။
ဖန့်ချန်၏ စိတ်ထဲတွင်မူ ထူးထူးခြားခြား မခံစားရသော်လည်း အနည်းငယ်တော့ သက်ပြင်းချမိသည်။
ရှေးဟောင်းမသေမျိုး များ၏ နည်းလမ်းများမှာလည်း ဤမျှသာ ဖြစ်လိမ့်မည်ဟု သူတွေးမိသည်။
စောစောက သူသည် အခြားအမာခံတပည့်များနှင့်အတူ ထိုလေဖိအားလှိုင်းဒဏ်ကို တောင့်ခံခဲ့ရသဖြင့် ၎င်း၏ ပြင်းအားကို ကိုယ်တိုင် ခံစားလိုက်ရသည်။
အကယ်၍သာ ထိုလက်ဝါးတိုက်ကွက်သည် သူ့ထံသို့ တိုက်ရိုက် ဦးတည်လာခဲ့လျှင် ယင်လောကသို့ ကူးပြောင်းခြင်း ကလွဲ၍ အသက်ရှင်လမ်း မရှိနိုင်ချေ။
ဤသည်မှာ ထိပ်တန်းအင်အားစုများကြားမှ ထိပ်တန်းအမာခံတပည့်ပင် ဖြစ်သည်။
ဒါဟာ သူ့ရဲ့ တကယ့်အစွမ်း မဟုတ်သေးဘူး၊ သူ ဖုံးကွယ်ထားတာတွေ ရှိသေးတယ်။
ဒါကြောင့် စီနီယာအစ်မကြီးကလည်း အစွမ်းကုန် မထုတ်သေးတာပဲ။
ထိုသို့တွေးနေစဉ်မှာပင်၊ လက်တစ်ထောင်အစီရင်၏ နောက်ကျောသို့ ရောက်ရှိနေသော စီနီယာအစ်မကြီးသည် ပြင်းထန်လှသော လှိုင်းတံပိုးကြီးများကို ဖန်တီးလိုက်သည်။
နဂါးနက်အစီရင်သည် ပင်လယ်ထဲသို့ ရောက်သွားသော နဂါးတစ်ကောင်ကဲ့သို့ အဟုန်အပြည့်ဖြင့် လှုပ်ရှားလိုက်ရာ၊ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများသည် လက်တစ်ထောင်အစီရင်ကို တစ်ခဏချင်း ဖုံးလွှမ်းသွားတော့သည်။
ဟင်းလင်းပြင်ထဲတွင် သမုဒ္ဒရာကြီးတစ်ခု ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သွားပြီး ထိုသမုဒ္ဒရာမှာ တားမြစ်အစီရင် တစ်ခုကဲ့သို့ လက်တစ်ထောင်အစီရင်ကို တင်းတင်းကျပ်ကျပ် ပိတ်လှောင်ထားလိုက်သည်။
၎င်း၏ မည်သည့် လှုပ်ရှားမှုမဆို အလွန်တရာ နှေးကွေးသွားရတော့သည်။
သေချာကြည့်မည်ဆိုပါက လက်တစ်ထောင်အစီရင်ပေါ်ရှိ ရှေ့တန်းထွက်အဖွဲ့ ကျင့်ကြံသူများ၏ မျက်နှာပေါ်မှ ထိတ်လန့်တကြား ဖြစ်နေသော အမူအရာများကို မြင်တွေ့နိုင်ပေသည်။
"ရှဲ့အာမန်ရဲ့ ဝိညာဉ်စွမ်းအား ထိန်းချုပ်မှုက ဒီအဆင့်အထိ ရောက်နေပြီလား..."
ယဲ့ချင်းချိုးက မအောင့်နိုင်ဘဲ ရေရွတ်လိုက်သည်
"ဒီ ရေစက်တစ်စက်ချင်းစီဟာ အလေးချိန် ပေါင်ပေါင်းသောင်းချီ လေးလံနေမှာ သေချာတယ်"
ထိုက်ယီမသေမျိုးဂိုဏ်းမှ ရှန်းယွဲ့ကွမ်း၊ ကြယ်တစ်သောင်းနန်းတော်မှ လင်ပုချိ နှင့် ဝိညာဉ်နတ်ဘုရားဂိုဏ်း ၊ ဝိညာဥ်သုတ်သင်ခြင်းဌာန တို့မှ အမာခံတပည့်များ၏ မျက်နှာတွင်လည်း လေးနက်တည်ကြည်သော အမူအရာများ ပေါ်လာကြသည်။
ရိုးရှင်းမှုထဲတွင် အစွမ်းအထက်ဆုံး လျှို့ဝှက်ချက် ရှိနေသည်။
ထိုတိုက်ကွက်သည် ဗုဒ္ဓရုပ်ပွားတော် အရိပ်များကဲ့သို့ ကြောက်စရာမကောင်းလှသော်လည်း၊ လက်တစ်ထောင်အစီရင်၏ လက်ရှိအခြေအနေမှာမူ အလွန်ပင် ဆိုးရွားနေပြီ ဖြစ်သည်။
၎င်းသည် ရွှံ့နွံထဲသို့ ကျဆင်းသွားသော လူတစ်ယောက်ကဲ့သို့ဖြစ်ကာ ပြင်ပအင်အား အကူအညီမပါဘဲ လွတ်မြောက်ရန် အလွန်ခက်ခဲလှပေသည်။
အဆုံးတွင်မူ သူတို့သည် ထိုရေဓာတ်စွမ်းအားများကြားတွင် အမှုန့်အဖြစ် ကြိတ်ချေခံရကာ လောကထဲမှ မည်သည့်အမှတ်အသားမျှ မကျန်ဘဲ ပျောက်ကွယ်သွားရပေလိမ့်မည်။
ရှောင်ကွမ်းယင်သည် ထပ်ခါထပ်ခါ တက်လာသော လှိုင်းလုံးများကြားမှ စီနီယာအစ်မကြီးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
လူတိုင်းက ရှောင်ကွမ်းယင် ရှုံးနိမ့်တော့မည်ဟု ထင်နေကြစဉ်မှာပင် သူသည် သစ်သားခေါက်တုံး တစ်ခုကို ထုတ်ယူကာ ခပ်ဖွည်းဖွည်း တစ်ချက် ခေါက်လိုက်သည်။
တစ်ခဏချင်းမှာပင်၊ တာ့လေယင်းဆီမှ တောက်ပသော ဗုဒ္ဓအလင်းတန်းများသည် ရူးသွပ်နေသည့်အလား လှိုင်းတံပိုးများကို ထိုးဖောက်ကာ လက်တစ်ထောင်အစီရင်ဆီသို့ တိုးဝင်လာကြသည်။
လက်တစ်ထောင်အစီရင် ကိုယ်တိုင်ကလည်း ထိုသစ်သားခေါက်တုံးသံကြောင့် မျက်စိဖွင့်၍ မရနိုင်လောက်အောင် တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။
"ဒါ... ဒါက ဝိညာဉ်ကူးသစ်သားခေါက်တုံး လား ဝိညာဉ်ရတနာ အဆင့် ၈၇ မှာ ရှိတဲ့ ရတနာလား "
"ဒီလို ရတနာမျိုးက တကယ်ပဲ ရှောင်ကွမ်းယင် လက်ထဲမှာ ရှိနေတာလား "
"အရင်က သံသယဖြစ်ခဲ့တာတွေက အခြေအမြစ် မရှိတာ မဟုတ်ဘူးပဲ"
ရှောင်ကွမ်းယင်သည် သစ်သားခေါက်တုံးကို နောက်ထပ် တစ်ချက် ထပ်မံခေါက်လိုက်ပြန်သည်။
လက်တစ်ထောင်အစီရင်သည် ထိုရတနာ၏ စွမ်းအားဖြည့်တင်းမှုကို ရရှိသွားကာ လှိုင်းတံပိုးများကို နောက်ဆုံးတွင် ဆုတ်ဖြဲနိုင်ခဲ့ပြီး မရေမတွက်နိုင်သော လက်မောင်းကြီးများက တူညီသော လက်ကွက် များကို ဖော်ဆောင်လိုက်ကြသည်။
"ဟီနာယာန မိစ္ဆာသတ်တံဆိပ် "
ထိုအခိုက်အတန့်တွင် အမာခံတပည့်များ၏ မျက်လုံးထဲ၌ လေးနက်မှုများ ပိုမိုတိုးပွားလာသည်။
ယဲ့ချင်းချိုး၊ ရှန်းယွဲ့ကွမ်း၊ လင်ပုချိ တို့သည် ရုလိုင်ဘုရားကျောင်း၏ ထိုတံဆိပ်တော်အကြောင်းကို ကောင်းစွာ သိထားကြသည်။
ဤအတတ်သည် ရုလိုင်ဘုရားကျောင်း၏ လျှို့ဝှက်ချက်ဖြစ်ပြီး လူအနည်းငယ်သာ ဆက်ခံခွင့်ရသည်ကိုလည်း သိကြသည်။
ထိုတံဆိပ်ကို အသုံးပြုရန်မှာ ရှေးဟောင်းမသေမျိုးများပင် အလွန်ပင်ပန်းလှပြီး ရှေးဟောင်းမသေမျိုးအောက်ရှိ ကျင့်ကြံသူများမှာမူ လုံးဝ အသုံးမပြုနိုင်ချေ။
မည်သည့် မသေမျိုးအတတ်မဆို အစီရင်အဖြစ် အသုံးပြုလျှင် စွမ်းအားမှာ ဆထက်တိုးလာသလို၊ အသုံးပြုရန် ခက်ခဲမှုမှာလည်း ဆထက်တိုးလာမြဲ ဖြစ်သည်။
"ရှောင်ကွမ်းယင်က ဒီအဆင့်အထိ ရောက်နေလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး။ အစီရင်ကို သုံးပြီး ဟီနာယာန မိစ္ဆာသတ်တံဆိပ် ကို အသုံးပြုနိုင်တယ်ဆိုရင် သူ့ရဲ့ အစွမ်းက လောကကိုးခု ရဲ့ ထိပ်တန်းအဆင့်မှာ ရှိနေပြီပဲ"
ဟု ရှန်းယွဲ့ကွမ်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
အနီးအနားရှိ ထိုက်ယီမသေမျိုးဂိုဏ်းမှ အမာခံတပည့်များကလည်း မသိစိတ်မှ ခေါင်းငြိမ့်လိုက်ကြသည်။
သူတို့၏ လောကကိုးခု ထိပ်တန်းအဆင့် စံနှုန်းမှာ အလွန်မြင့်မားလှပြီး များသောအားဖြင့် အဆင့် ၈ မသေမျိုး ထဲမှ ထူးချွန်သူများကိုသာ ခေါ်ဆိုခြင်း ဖြစ်သည်။
အကယ်၍ သူတို့သာ အစီရင်ကို အသုံးပြုပြီး မသေမျိုးအတတ်ကို အသုံးပြုမည်ဆိုလျှင်ပင် အဆင့် ၇ ရှေးဟောင်းမသေမျိုး အဆင့်လောက်သာ ရှိနိုင်ပြီး ရှောင်ကွမ်းယင်၏ အဆင့်သို့ ရောက်ရန် အလွန်ဝေးကွာလှသေးသည်။
"စီနီယာအစ်မကြီး နည်းနည်း အန္တရာယ်ရှိသွားပြီ။ တစ်ဦးချင်း တိုက်ခိုက်ရင် သူမရဲ့ ကျင့်ကြံမှုနဲ့ ရှောင်ကွမ်းယင်ကို အလွယ်တကူ နှိမ်နင်းနိုင်ပေမဲ့၊ အခုက အားလုံးမှာ အစီရင်တွေ ရှိနေကြတော့ အင်အားချင်းက မသိမသာ နီးစပ်သွားပြီ။ ဒီလို အခြေအနေမှာ ရှောင်ကွမ်းယင်က ဟီနာယာန မိစ္ဆာသတ်တံဆိပ် ကို ထုတ်သုံးလိုက်ပြီဆိုရင် စီနီယာအစ်မကြီးကို တကယ် ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မယ်"
ဟု နန်မင်ရုယွဲ့က လွန်စွာ စိုးရိမ်သော အမူအရာဖြင့် ဆိုသည်။
လီရှမ်းဇီသည်လည်း မိမိနှင့် ထိုထိပ်တန်းပညာရှင်များကြားမှ ကွာဟချက်ကို ယခုမှ သဘောပေါက်သွားတော့သည်။
သူသည် ပထမဆုံး အစီရင်အတတ်ကို ယခုမှ စတင်နားလည်ကာစ ဖြစ်သဖြင့် ရှောင်ကွမ်းယင်နှင့် စီနီယာအစ်မကြီးတို့ကဲ့သို့ တည်ရှိမှုများနှင့်မှာ ချောက်ကမ္ဘာကြီးခြားသလို ကွာခြားနေပေသည်။
"စီနီယာအစ်မကြီး... ဒီတိုက်ပွဲကို အဆုံးသတ်သင့်ပြီ"
တိုက်ပွဲတစ်ရာ မသေမျိုး က ရှောင်ကွမ်းယင်၏ ရက်စက်လှသော အရှိန်အဝါကို မြင်သောအခါ မနေနိုင်ဘဲ သတိပေးလိုက်သည်။
"မလောပါနဲ့ဦး၊ သူ့မှာ ဝှက်ဖဲတွေ ကျန်သေးတယ်လို့ ငါ ခံစားရတယ်။ သူ့ရဲ့ ဝှက်ဖဲတွေ အကုန်ထွက်လာမှ ပြောကြတာပေါ့"
စီနီယာအစ်မကြီးက ရှောင်ကွမ်းယင်ကို စိုက်ကြည့်ရင်း
"ဝိညာဉ်ကူးသစ်သားခေါက်တုံးရယ်၊ ဟီနာယာန မိစ္ဆာသတ်တံဆိပ်ရယ် ဆိုတာက သူ့ရဲ့ အစွမ်းအကုန် မဟုတ်သေးဘူး"
"ဒါတောင် သူ့ရဲ့ အစွမ်းကုန် မဟုတ်သေးဘူးလား "
ရှန်ယင်တံဆိပ် နယ်မြေသစ်ရှာဖွေရေး အဖွဲ့ဝင်များမှာ ထိတ်လန့်တကြား ဖြစ်သွားကြပြီး မယုံကြည်နိုင် ဖြစ်နေကြသည်။
ရှောင်ကွမ်းယင်၏ ထိုမျှ အစွမ်းထက်မှုသည် လောကကိုးခု ၏ ထိပ်တန်းအဆင့် ဖြစ်နေပြီဖြစ်ကာ အဆင့် ၉ မသေမျိုး ထွက်မလာသရွေ့ အနိုင်ရဖို့ပင် မသေချာလှချေ။
မိစ္ဆာသတ်တံဆိပ် အောင်မြင်သွားပြီ
တစ်ခဏချင်းမှာပင် ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံးသည် ဗုဒ္ဓတံဆိပ်တော်များဖြင့် ပြည့်နှက်သွားကာ ဟင်းလင်းပြင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။
ထိုမုန်တိုင်း၏ စွမ်းအားသည် ဗုဒ္ဓတစ်ထောင်လက်ဝါး ထက် များစွာ ပိုမိုပြင်းထန်လှပြီး နဂါးနက်အစီရင်ဆီသို့ တဟုန်ထိုး လွှမ်းမိုးတိုက်ခိုက်သွားတော့သည်။
"ကတုံးလေး... ဒါက အဝေးကြီး လိုသေးတယ်"
ဒီတစ်ကြိမ်တွင် စီနီယာအစ်မကြီးက အားရပါးရ ရယ်မောလိုက်ပြီး ရှောင်တိမ်းခြင်း မပြုတော့ပေ။
သူမသည် မိမိ၏ နူးညံ့လှသော လက်ကလေးကို မြှောက်ကာ လက်တစ်ထောင်အစီရင်ဆီသို့ ခပ်ဖွဖွလေး တစ်ချက် ညွှန်လိုက်သည်။
"မဟာအသိ၊ မဟာအလင်း၊ ကျွယ်မင် ကောင်းကင်ဖုံးကျမ်း "
ဟင်းလင်းပြင်ထဲတွင် မည်းနက်သော လက်ကြီးတစ်ဖက်က ခပ်ဖွဖွလေး ပွတ်ဆွဲလိုက်သကဲ့သို့ ဖြစ်သွားပြီး၊ မရေမတွက်နိုင်သော မိစ္ဆာသတ်တံဆိပ်များမှာ လောကပေါ်မှ အစွန်းအထူးများကဲ့သို့ သန့်စင်အောင် ပွတ်တိုက်ဖယ်ရှားခံလိုက်ရသည်။
ဟင်းလင်းပြင်ကြီးမှာ ပြန်လည်၍ ငြိမ်သက်သွားတော့သည်။
"လက်တစ်ဖက်တည်းနဲ့... ကောင်းကင်ကို ဖုံးလွှမ်းနိုင်တယ် "
စီနီယာအစ်မသုံးက တိုးတိုးလေး ရေရွတ်မိသည်
"သူမက... ဒီအဆင့်အထိတောင် ရောက်နေပြီလား..."
အခန်း (၁၄၈၄) - မိုးကောင်းကင်ကို လွှမ်းခြုံသော မိစ္ဆာအရှိန်အဝါ
ဟင်းလင်းပြင် တစ်ခွင်လုံးတွင် သေမင်းတမျှ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ရှောင်ကွမ်းယင် ကိုယ်တိုင်ပင်လျှင် စောစောက မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် တုန်လှုပ်ချောက်ချားသွားရသည်။
"ကျွယ်မင် ကောင်းကင်ဖုံးကျမ်း ဆိုတာ ကျွယ်မင်နန်းတော်မှာဆိုရင် ရုလိုင်ဘုရားကျောင်းက ဟီနာယာန မိစ္ဆာသတ်တံဆိပ်ထက်တောင် အဆင့်အတန်း ပိုမြင့်သေးတယ်..."
ယဲ့ချင်းချိုးက တိုးတိုးလေး ရေရွတ်လိုက်သည်
"ဒီရူးသွပ်တဲ့ မိန်းမဟာ ကျွယ်မင်နန်းတော်က ထိပ်တန်းပုဂ္ဂိုလ်ကြီးရဲ့ တကယ့်အမွေအနှစ်ကို အစစ်အမှန် ရရှိထားတာပဲ"
"အာမန်မမက ကျွယ်မင် ကောင်းကင်ဖုံးကျမ်းကိုတောင် အသုံးပြုနိုင်တယ်ဆိုမှတော့၊ မသေမျိုးလှေအစီရင်ချင်း တိုက်ပွဲမှာ ဘယ်သူကများ သူမရဲ့ ပြိုင်ဘက် ဖြစ်နိုင်တော့မှာလဲ"
ရှန်းယွဲ့ကွမ်းသည် ထိတ်လန့်တကြား အမူအရာဖြင့် သူ၏ ဘေးနားရှိ ဂိုဏ်းတူ ညီအစ်ကိုများကို ကြည့်ကာ ကံကောင်းသွားသလို ပြောလိုက်သည်။
"တော်သေးတာပေါ့၊ ငါတို့ နောက်ဆုံးမှာ ဒီတိုက်ပွဲထဲ ဝင်မပါမိလို့။ မဟုတ်ရင် ငါတို့လည်း လောကထဲကနေ အစအနမကျန် ပွတ်တိုက်ဖယ်ရှားခံလိုက်ရမှာ အသေအချာပဲ"
လူတိုင်း စိတ်လှုပ်ရှား တုန်ရင်နေကြသည်။
အမာခံတပည့်ချင်း တိုက်ခိုက်ကြရာတွင် အသက်အန္တရာယ်အထိ ရက်ရက်စက်စက် မလုပ်ကြဟု ဆိုသော်လည်း၊ အရှင်လတ်လတ် အဖမ်းခံရမှာကတော့ မလွဲဧကန်ပင် ဖြစ်သည်။
ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်များ၏ မျက်နှာမှာမူ ဖြူလျော်နေကြပြီ ဖြစ်သည်။
မိမိတို့ ဂိုဏ်း၏ ဗုဒ္ဓသားတော် ထုတ်သုံးသမျှ နည်းလမ်းတိုင်းကို တစ်ဖက်လူက အလွယ်တကူ ချေဖျက်နိုင်နေသည် မဟုတ်ပါလား။
ဒါဆိုရင် ဒီတိုက်ပွဲက ဆက်တိုက်ဖို့ လိုသေးလို့လား ဆက်တိုက်လို့ရော ရပါဦးမလား။
"ငါတို့ ဘုရားကျောင်းရဲ့ တာ့လေယင်းဟာ ဒီနေ့တကယ်ပဲ ကျွယ်မင်နန်းတော်ရဲ့ လက်ထဲကို ပါသွားတော့မှာလား "
ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့် အတော်များများမှာ မကျေမနပ်ဖြစ်လျက် စိတ်ထဲတွင် အတွေးပေါင်းစုံ ဝေခွဲမရ ဖြစ်နေကြသည်။
"တကယ်ကို အစွမ်းထက်တဲ့ အမျိုးသမီးပဲ..."
စီနီယာ အမာခံတပည့်များ၏ နောက်တွင် ရပ်နေသော ဟွမ်ချင်းကျွဲ၏ မျက်နှာတွင် အံ့ဩချီးကျူးသည့် အမူအရာ ပေါ်ပေါက်လာသည်။
ကျွယ်မင်နန်းတော်သည် လောက၏ ထိပ်တန်းအင်အားစု ဖြစ်သည်နှင့်အညီ၊ အနည်းဆုံး ဝိညာဥ်သုတ်သင်ခြင်းဌာန ထဲတွင်မူ ရှဲ့အာမန်ကဲ့သို့ အဆင့်အတန်းမျိုးရှိသူကို သူ ရှာမတွေ့နိုင်ချေ။
ဖန့်မိတ်ဆွေ က ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဖြစ်လာတာဟာ ငါ့ရဲ့ ရှဲ့ကျစ် ကို ပြန်လည်တည်ထောင်ဖို့အတွက် အထောက်အကူ ဖြစ်စေမှာပါ။
ဒါပေမဲ့... အမာခံတပည့်နေရာ မပြုတ်သွားအောင်တော့ အသေအချာ စီစဉ်ရဦးမယ်။
ဟွမ်ချင်းကျွဲသည် လှုပ်ရှားနေသော အတွေးများကို ဖိနှိပ်ကာ ဖန့်ချန်ရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်သဲ့သဲ့လေး ဖြတ်ပြေးသွားသည်။
ဒါကိုပဲ သူစိမ်းပြင်ပမှာ မိတ်ဆွေဟောင်းနဲ့ ပြန်ဆုံရခြင်းဟု ခေါ်ပေမည်။
ဝိညာဥ်သုတ်သင်ခြင်းဌာနက ဖန့်မိတ်ဆွေ ကို ထုတ်ပစ်ခဲ့သော်လည်း၊ ဖန့်မိတ်ဆွေ က ကျွယ်မင်နန်းတော်၏ အမာခံတပည့်အဖြစ် အသွင်ပြောင်း ပေါ်ထွက်လာခြင်းမှာ ကံကြမ္မာ၏ ဆုံစည်းမှုတစ်ရပ်ပင် မဟုတ်ပါလား။
"စီနီယာအစ်မကြီးကတော့ စီနီယာအစ်မကြီးပါပဲ"
ကျိကန်းသည် မအောင့်နိုင်ဘဲ ချီးကျူးစကား ဆိုလိုက်သည်။
သူကဲ့သို့သော အဆင့် ၆ မသေမျိုး ပင်လျှင် စောစောက တိုက်ကွက်ကြောင့် တုန်လှုပ်ခြောက်ခြားသွားရသည်။
ဒီလို ထူးခြားဆန်းကြယ်တဲ့ အစွမ်းကတောင် အဆင့် ၉ နဲ့ အဝေးကြီး လိုသေးတာပဲ။
ဒါဆို အဆင့် ၉ နယ်ပယ်ဆိုတာ ဘယ်လိုတောင် ခမ်းနားထည်ဝါလိုက်မလဲ
ဒါတောင်မှ လူ့လောကကိုးခု ဟာ အစောပိုင်းတုန်းက ကြာနီနတ်မိမယ် ရဲ့ အမျိုးတွေကြောင့် သုံးလောကလုံး အသိမ်းခံခဲ့ရသေးတာ...
ဖန့်ချန်၏ စိတ်ထဲတွင် သက်ပြင်းချမိရင်း ထိုစဉ်က တိုက်ပွဲများသည် မည်မျှအထိ ပြင်းထန်မလဲဆိုသည်ကို ခန့်မှန်းကြည့်နေမိသည်။
ထိုမျှလောက် အင်အားကြီးမားခြင်း မရှိလျှင် လောကကိုးခုကို ရေနွေးပူထဲက ဖားကဲ့သို့ တဖြည်းဖြည်းချင်း ဝါးမြိုနိုင်လိမ့်မည် မဟုတ်ပေ။
ဒီလို အကွက်ချစီစဉ်မှုတွေရဲ့ ရှေ့မှာ ငါ့ရဲ့ ကျင့်ကြံမှုဟာ ပုရွက်ဆိတ်ငယ်လေးလိုပဲ ရှိပါသေးတယ်။
ဘာအရေးပါတဲ့ အပြောင်းအလဲမှ မလုပ်နိုင်သေးဘူး။
ငါတင်မကဘူး၊ ဝမ်ချုံစန်းလည်း အတူတူပဲ။
တော်သေးတာကတော့ အဘိုးတို့လို လူကြီးတွေက ဖိအားတွေကို တောင့်ခံထားပေးလို့သာ နောက်လူတွေအတွက် ကြံစည်ဖို့ အချိန်နဲ့ နေရာလွတ် လုံလုံလောက်လောက် ရနေတာ။
ဖန့်ချန်သည် ထိုက်ရွှီမသေမျိုး ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုပုဂ္ဂိုလ်ကြီးမှာ လူအပေါင်းထက် လွှမ်းမိုးနေသော စီနီယာအစ်မကြီး၏ အသွင်အပြင်ကို မျက်တောင်မခတ်တမ်း ကြည့်နေပြီး မျက်ဝန်းထဲတွင် ပြုံးရွှင်မှုများ ပြည့်နှက်နေသည်။
ထိုစဉ်က သူ၏ ပုံစံမှာ ဝမ်ချုံစန်း ပြုံးလိုက်သည့် ပုံစံနှင့် မခြားနားလှပေ။
ဝမ်ကြီး နဲ့ စီနီယာအစ်မကြီးကြားမှာလည်း အတင်းအဖျင်း တွေ အများကြီး ရှိဦးမှာပဲ။
ဖန့်ချန်က စီနီယာအစ်မကြီးဘက်သို့ ပြန်ကြည့်လိုက်သည်။
"ရှောင်ကွမ်းယင်... ဝိညာဉ်ကူးသစ်သားခေါက်တုံးလည်း သုံးပြီးပြီ၊ ဟီနာယာန မိစ္ဆာသတ်တံဆိပ်လည်း သုံးပြီးပြီ။ ဒါဟာ နင့်ရဲ့ အစွမ်းကုန်ပဲဆိုရင်တော့ ငါ့ရှေ့မှာ ဒူးထောက်ပြီး ငါ့အတွက် တရားတော်တွေ ရွတ်ဖတ်ပေးဖို့သာ ပြင်ထားတော့"
စီနီယာအစ်မကြီးက ပြုံး၍ ဆိုသော်လည်း ရှောင်ကွမ်းယင်ကို ကြည့်သော အကြည့်မှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။
"အာမိတာဘ "
ရှောင်ကွမ်းယင်က လက်အုပ်ချီကာ ဘုရားအမည်ကို ရွတ်ဆိုလိုက်သည်။
"ကျုပ်ကတော့ ဒီနည်းလမ်းနှစ်ခုနဲ့တင် ရှဲ့မိတ်ဆွေ ကို အနိုင်မရရင်တောင်မှ အကြိတ်အနယ် ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ"
သူက ခဏရပ်လိုက်ပြီး
"အခုကြည့်ရတာတော့ ကျုပ်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့သလို၊ ရှဲ့မိတ်ဆွေ ကိုလည်း အထင်သေးမိသွားခဲ့တာပဲ"
"ဒီလို စကားတွေ ပြောနေတာက အရှုံးပေးမလို့လား တကယ်လို့ နင်အရှုံးပေးလိုက်ရင် ကျန်တဲ့ တိုက်ပွဲတွေကို ဆက်တိုက်ရဦးမှာလား "
စီနီယာအစ်မကြီးက ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်တစ်သိုက်ကို ညွှန်ပြကာ
"ငါတစ်ယောက်တည်းနဲ့တင် သူတို့အားလုံးကို အပြတ်အသတ် ချေမှုန်းပစ်နိုင်တယ်ဆိုတာ နင်ယုံသလား "
"မိန်းမသားဖြစ်ပြီး ရိုင်းစိုင်းလှချည်လား..."
ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်များသည် စိတ်ထဲမှ ဒေါသကို မနည်းထိန်းချုပ်နေကြရသည်။
"ယုံပါတယ်"
ရှောင်ကွမ်းယင်က ခပ်ဖွဖွလေး ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါပေမဲ့ ကျုပ်မှာ နောက်ထပ် တိုက်ကွက်တစ်ခု ကျန်ပါသေးတယ်။ တကယ်လို့ ဒီတိုက်ကွက်ကိုပါ ရှဲ့မိတ်ဆွေ က အလွယ်တကူ ခုခံနိုင်မယ်ဆိုရင်တော့ ဒီတစ်ခေါက် နယ်မြေလုပွဲမှာ ကိုပ်တို့ ရုလိုင်ဘုရားကျောင်းက အရှုံးပေးပါ့မယ်"
နောက်ထပ် တိုက်ကွက်တစ်ခု ကျန်သေးတယ်
လူတိုင်းမှာ အံ့ဩသွားကြသလို၊ စိတ်လည်း ဝင်စားသွားကြသည်။
ရှဲ့အာမန်၏ ကျွယ်မင် ကောင်းကင်ဖုံးကျမ်း ကို မြင်ပြီးသည့်တိုင်အောင် ထိုရုလိုင်ဗုဒ္ဓသားတော်၌ မည်သို့သော ဝှက်ဖဲများ ကျန်နေသေးသနည်း။
တိုက်ပွဲတစ်ရာ မသေမျိုး နှင့် အခြားသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
စီနီယာအစ်မကြီး ခန့်မှန်းထားသည့်အတိုင်းပင်။
ဤရှောင်ကွမ်းယင်၌ ဝှက်ဖဲ ကျန်နေသေးသည်ပဲ
"နင် ကြွားနေတာတွေကို နားထောင်ဖို့ ငါ့မှာ အချိန်မရှိဘူး။ သုံးမှာဖြင့်လည်း မြန်မြန်သုံးစမ်းပါ"
စီနီယာအစ်မကြီးက ရယ်မောကာ ဆိုသည်။
"ဗုဒ္ဓမြတ်စွာ မိန့်ကြားခဲ့ဖူးတယ်... ငါ ငရဲကို မဆင်းရင် ဘယ်သူဆင်းမလဲ "
ရှောင်ကွမ်းယင်က မျက်လွှာချလိုက်သည်။
သူ၏ အသံမှာ အေးစက်တည်ငြိမ်နေပြီး မည်သည့် စိတ်ခံစားချက်ကိုမျှ ခံစား၍ မရပေ။
တစ်ခဏချင်းမှာပင် လက်တစ်ထောင်အစီရင်ပေါ်ရှိ ဗုဒ္ဓအလင်းတန်းများ အားလုံး ပျောက်ကွယ်သွားပြီး၊ ၎င်း၏ နေရာတွင် မိုးကောင်းကင်ကို လွှမ်းခြုံထားသော မိစ္ဆာအရှိန်အဝါ များ အစားထိုး ဝင်ရောက်လာတော့သည်။
မူလက သန့်ရှင်းစင်ကြယ်လှသော လက်တစ်ထောင် ဗုဒ္ဓမှာ အဝီစိငရဲသို့ ကျဆင်းသွားသည့်အလား တစ်ကိုယ်လုံးတွင် ဆွေးမြည့်နေသော အငွေ့အသက်များ ပေါ်ပေါက်လာသည်။
လက်တစ်ထောင်အစီရင်ပေါ်ရှိ ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင်လည်း မှောင်မည်းသော မြူခိုးများ ဖုံးလွှမ်းသွားပြီး၊ မျက်ဝန်းများသည် မွဲခြောက်ကာ ဝိညာဉ်ကင်းမဲ့သွားကြသည်။
ရှောင်ကွမ်းယင်၏ နယ်မြေသစ်ရှာဖွေရေး အဖွဲ့ဝင်များ အားလုံးမှာလည်း ထိုပုံစံအတိုင်းပင် ဖြစ်သွားကြပြီး လမ်းလျှောက်နေသော အလောင်းကောင်များ ကဲ့သို့ ဖြစ်သွားကြတော့သည်။
ထိုမြင်ကွင်းကို ကြည့်ပြီး ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်များမှာ မှင်သက်သွားကြသည်။
ယဲ့ချင်းချိုးတို့လည်း မှင်သက်သွားကြသည်။
ရှန်းယွဲ့ကွမ်းတို့လည်း မှင်သက်သွားကြသည်။
"ရှောင်ကွမ်းယင် ရူးသွားပြီလား ဗုဒ္ဓဘာသာ ကျင့်ကြံသူတစ်ယောက်က ဒီလိုမျိုး မိစ္ဆာလမ်း ထဲကို ကျဆင်းသွားရတယ်လို့ "
လင်ပုချိ က အံ့ဩတုန်လှုပ်စွာဖြင့် အသံထွက်လာသည်။
ဖန့်ချန်၏ အနားတွင်လည်း အသက်ရှူသံပြင်းပြင်းများ ထွက်ပေါ်လာသည်။
"ဒါ မိစ္ဆာဝင်သွားတာပဲ "
လင်းယွမ်တို့က တိုးတိုးလေး ပြောဆိုနေကြသည်။
မိစ္ဆာဝင်တာလား
လင်းယွမ်တို့ ပြောသော မိစ္ဆာဝင်ခြင်း သည် သူသိထားသော အဓိပ္ပာယ်မဟုတ်မှန်း ဖန့်ချန် သိသည်။
သူတို့သည် စစ်မှန်သော မိစ္ဆာ ဆိုသည်မှာ ဘယ်လိုပုံစံလဲဆိုသည်ကို မသိကြသလို၊ မိမိတို့ကိုယ်တိုင်ပင်လျှင် မိစ္ဆာခေါင်းဆောင်ကြီးများ ပြန်လည်ဝင်စားလာသူများ ဖြစ်နိုင်ခြေရှိသည်ကိုလည်း မသိကြချေ။
သို့သော် သူ၏အမြင်အရမူ ရှောင်ကွမ်းယင်၏ ယခုနည်းလမ်းသည် ဟိုဘက်လောက နှင့် အကြီးအကျယ် ပတ်သက်နေနိုင်ခြေ ရှိသည်။
ချက်ချင်းပင် ဖန့်ချန်၏ ဝိညာဉ်သည် ကိုယ်ပြင်ပသို့ ထွက်ခွာလိုက်ရာ ၊ ကြာနီနတ်မိမယ်၏ မျက်ဝန်းထဲမှ အံ့ဩတုန်လှုပ်မှုကို မြင်လိုက်ရသလို၊ ကျိထျန်းကျွင်း၏ မျက်ဝန်းထဲမှ ဝမ်းသာအားရ ဖြစ်နေမှုကိုလည်း မြင်လိုက်ရသည်။
ဟုတ်ပြီ... ရှောင်ကွမ်းယင်က တကယ်ပဲ ဟိုဘက်က လာတာပဲ။
ဒါ့အပြင် သူက အတိတ်ဘဝမှတ်ဉာဏ်တွေကိုလည်း ပြန်ရထားပြီ။
အခု သူသုံးနေတဲ့ နည်းလမ်းတွေက လူ့လောကကိုးခုရဲ့ ပညာရပ်တွေ မဟုတ်တော့ဘူး...
စီနီယာအစ်မကြီး၏ မျက်ဝန်းထဲတွင် လေးနက်တည်ကြည်သော အမူအရာ ပေါ်လာသည်။
ရှောင်ကွမ်းယင်၏ အရှိန်အဝါသည် ယခုအခါ အဆပေါင်းများစွာ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
စောစောက သူမသည် ထိုတိုက်ပွဲအတွက် ကိုးဆယ်ကိုးရာခိုင်နှုန်း အနိုင်ရမည်ဟု ယုံကြည်မှု ရှိခဲ့သော်လည်း၊ ယခုမူ... ငါးဆယ်ရာခိုင်နှုန်းပင် မသေချာတော့ပေ။
"ဟားဟားဟားဟား"
ရှောင်ကွမ်းယင်က ကောင်းကင်ကို မော့ကြည့်ကာ အားရပါးရ ရယ်မောလိုက်သည်။
သူ၏ ရယ်သံမှာ ကျေနပ်အားရမှုများဖြင့် ပြည့်နှက်နေသည်။
နောက်တစ်ခဏတွင် လက်တစ်ထောင်အစီရင်သည် ရေတွက်၍မရနိုင်သော မိစ္ဆာမီးတောက် များကို သယ်ဆောင်ကာ စီနီယာအစ်မကြီးဆီသို့ အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
"နင့်ရဲ့ အစွမ်းက ဘယ်လောက်ရှိလဲဆိုတာ ငါ တစ်ချက်လောက် တိုင်းကြည့်ရသေးတာပေါ့"
စီနီယာအစ်မကြီးက အေးစက်စွာ ရယ်မောလိုက်သည်။
နဂါးနက်အစီရင်ကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ၊ သူမ၏ အရှိန်အဝါမှာလည်း ရုတ်ခြည်းပင် အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။
မိစ္ဆာအလင်းနှင့် နတ်ဘုရားအလင်းတို့ ထိပ်တိုက်တွေ့ကြပြီ။
ဒီတစ်ကြိမ် ပေါက်ကွဲထွက်လာသော နောက်ဆက်တွဲ ရိုက်ခတ်မှုများက အနီးအနားရှိ မသေမျိုးလှေအစီရင် အမြောက်အမြားကို လွင့်ထွက်သွားစေသည်။
ပါးနပ်သူများသည် လှည့်ပြန်ကာ အဝေးသို့ အမြန်ဆုံး ထွက်ပြေးကြပြီး အချို့မှာမူ ကိုယ်ယောင်ဖျောက်အတတ်များဖြင့်ပါ လွတ်အောင် ပြေးကြသည်။
ဖန့်ချန်သည်လည်း အဖွဲ့ကြီးနှင့်အတူ အဝေးဆုံးသို့ ချက်ချင်းပင် ဆုတ်ခွာလိုက်သည်။
မျက်စိတစ်ဆုံးတွင်မူ ဗုဒ္ဓအလင်းတန်းများ တောက်ပနေသော တာ့လေယင်းကို မြင်နေရဆဲ ဖြစ်သည်။
သို့သော် တာ့လေယင်းသည် ယခုအခါ နောက်ခံဇာတ်ရံတစ်ခုသာ ဖြစ်သွားခဲ့လေပြီ။
ရှဲ့အာမန်နှင့် ရှောင်ကွမ်းယင်တို့ တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော အလင်းတန်းများသည် တာ့လေယင်း၏ အရှိန်အဝါကို လွှမ်းမိုးသွားပြီး၊ လူတိုင်း၏ ရှေ့မှောက်တွင် နေမင်းကြီး ပေါက်ကွဲသွားသည့်အလား အလွန်တရာ ပြိုးပြိုးပြက်ပြက် တောက်ပနေတော့သည်။
စီနီယာအစ်မကြီး ဒီတစ်ခေါက်တော့... အခြေအနေ သိပ်မကောင်းနိုင်တော့ဘူး...
ဖန့်ချန်၏ မျက်နှာမှာ လွန်စွာ လေးနက်တည်ကြည်နေတော့သည်။