← Chapters

အခန်း (၁၄၈၅-၁၄၈၆)

Vol. 149 Ch. 1485-1486

အခန်း (၁၄၈၅-၁၄၈၆)

Vol. 149 Ch. 1485-1486

အခန်း (၁၄၈၅) - သရေပွဲ

ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး လူတိုင်းက စစ်မြေပြင်ရဲ့ အခြေအနေကို စူးစိုက်ကြည့်နေကြသည်။

ပြိုးပြိုးပြက်ပြက် တောက်ပနေသော အလင်းတန်းများသည် လက်ဖက်ရည်တစ်ခွက်စာခန့် ကြာမြင့်ပြီးနောက်မှသာ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားတော့သည်။

"ရှူး"

လူအများအပြားမှာ အံ့ဩတုန်လှုပ်စွာဖြင့် အသက်ရှူသံပြင်းပြင်းများ ထွက်ပေါ်လာကြသည်။

လက်တစ်ထောင်အစီရင် မှာ ကိုယ်ထည်တစ်ခြမ်းသာ ကျန်တော့သည်

နဂါးနက်အစီရင် မှာလည်း အမြီးပိုင်း တစ်ခုလုံး ပြတ်တောက်သွားခဲ့ပြီ

ဤသည်မှာ စောစောက ထိပ်တိုက်တွေ့ဆုံမှုတွင် နှစ်ဖက်စလုံးမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ ကြွေလွင့်သွားခဲ့ရပြီဆိုသည့် အဓိပ္ပာယ်ပင်။

"ဒါက... နှစ်ဖက်စလုံး အထိနာသွားတာလား "

စီနီယာအစ်မသုံးက တိုးတိုးလေး ရေရွတ်လိုက်သည်။

ယဲ့ချင်းချိုးနှင့် အခြားသူများသည်လည်း နှစ်ဖက်စလုံး၏ အခြေအနေကို အမြန်ဆုံး အာရုံစိုက်လိုက်ကြသည်။

ရှောင်ကွမ်းယင်၏ အရှိန်အဝါမှာ မူလအတိုင်း ပြန်ဖြစ်သွားခဲ့ပြီ။

လက်တစ်ထောင်အစီရင်မှာ ကိုယ်ထည်တစ်ခြမ်းသာ ကျန်တော့သော်လည်း စောစောက မိုးကောင်းကင်လွှမ်းခြုံထားသည့် မိစ္ဆာမီးတောက်များမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကာ ဗုဒ္ဓအလင်းတန်းများ ပြန်လည် ထွက်ပေါ်နေသည်။

သို့သော် ရှောင်ကွမ်းယင်သည်လည်း သိသိသာသာပင် အခြေအနေမကောင်းလှချေ။

သူသည် ဒူးတစ်ဖက် ထောက်ထားပြီး ယိုင်နဲ့နေသော ကိုယ်ထည်ကို လက်နှစ်ဖက်ဖြင့် အားပြုကာ မြေပြင်ပေါ်သို့ လဲမကျသွားအောင် အစွမ်းကုန် ကြိုးစားတောင့်ခံထားရသည်။

သူ၏ ဘေးနားရှိ ကျင့်ကြံသူများမှာ မြေပြင်ပေါ်တွင် ဟိုတစ်စ ဒီတစ်စ လဲကျနေကြသည်။

အသက်ရှူနေကြသေးသော်လည်း အားလုံးမှာ သတိလစ် မေ့မြောနေကြပြီ ဖြစ်သည်။

ကျန်ရှိနေသော ရှန်ယင်တံဆိပ် နယ်မြေသစ်ရှာဖွေရေး အဖွဲ့ဝင်များမှာလည်း အခြေအနေ သိပ်မထူးလှချေ။

အဆင့် ၅ နှင့် အဆင့် ၆ မသေမျိုး အနည်းငယ်သာ သတိကပ်နိုင်သေးပြီး ကျန်သူများမှာမူ အသက်ကင်းမဲ့သွားကြပြီ သို့မဟုတ် သတိလစ်နေကြပြီ ဖြစ်သည်။

စီနီယာအစ်မကြီးဘက်ကို ကြည့်ပြန်လျှင်လည်း သူမသည် ပြုံးလျက်၊ သပ်ရပ်စွာ ရပ်နေသည်ဟု ထင်ရသော်လည်း သူမ၏ မျက်နှာတွင် သွေးစ တစ်စက်မျှ မရှိတော့ဘဲ ဖြူလျော်နေတော့သည်။

သူမ၏ ဘေးနားရှိ တိုက်ပွဲတစ်ရာ မသေမျိုး နှင့် အခြားသူများမှာလည်း မြေပြင်ပေါ်တွင် သတိလစ်နေကြပြီ ဖြစ်သည်။

စက္ကန့်အနည်းငယ်အကြာတွင် နှစ်ဖက်စလုံး၏ အစီရင်များ စတင်ပြိုကွဲလာပြီး မသေမျိုးလှေများမှာ တစ်စစီ ကွဲထွက်သွားကြသည်။

ထိုအခြေအနေတွင် မည်သူနိုင်၊ မည်သူရှုံးသည်ကို လူတိုင်း ခန့်မှန်းနိုင်ကြပြီ ဖြစ်သည်။

"ဒါက သရေပွဲပဲ။ မယုံနိုင်စရာပဲ... ရှောင်ကွမ်းယင်ရဲ့ အစွမ်းက ဒီလောက်အထိ ပြင်းထန်လိမ့်မယ်လို့ မထင်ထားဘူး"

လင်ပုချိ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားပြီး ရုလိုင်ဘုရားကျောင်း၏ အင်အားကို အသစ်တစ်ဖန် ပြန်လည်သုံးသပ်ရမည်ဟု ခံစားလိုက်ရသည်။

အင်အားစုအသီးသီးမှ လူများမှာလည်း ထိုနည်းတူပင်။

ရှောင်ကွမ်းယင်၏ စွမ်းဆောင်ရည်အပေါ် အလွန်မြင့်မားသော အမှတ်ပေးမှုများ ပေးလိုက်ကြသည်။

ကျွယ်မင်နန်းတော်က ဒီရူးသွပ်တဲ့ မိန်းမကြီးနဲ့ သရေကျအောင် တိုက်နိုင်တဲ့သူဟာ လောကကိုးခုမှာ ဘယ်နှယောက်များ ရှိလို့လဲ

"စောစောက တိုက်ကွက်ရဲ့ ပြင်းအားဟာ အဆင့် ၈ အထွတ်အထိပ် လောက် ရှိမယ် ထင်တယ်"

ရှန်းယွဲ့ကွမ်းက အံ့ဩတုန်လှုပ်စွာ ဆိုသည်။

ကျင့်ကြံမှုလမ်းစဉ်အသီးသီးမှ အဆင့် ၉ ပုဂ္ဂိုလ်ကြီးများကို ဖယ်လိုက်လျှင် စောစောက တိုက်ပွဲသည် လောကကိုးခု၏ အမြင့်ဆုံးအဆင့် တိုက်ပွဲပင် ဖြစ်ပေလိမ့်မည်။

"ငါတို့ရဲ့ အကြီးအကဲကြီး ဒီတစ်ခေါက်တော့ အခက်တွေ့သွားပြီပဲ"

စီနီယာအစ်မသုံးက ရုတ်တရက် ခပ်ဖွဖွလေး ရယ်မောလိုက်ပြီး သူမ၏ မျက်နှာတွင် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသည့် အမူအရာ ပေါ်လာသည်။

"နောက်ဆိုရင် သူမ ဆက်ပြီး တိုက်ပွဲဝင်နိုင်တော့မှာ မဟုတ်ဘူး။ ဒါဆို ငါ့ရဲ့ ပြသကွက် ရောက်ပြီပေါ့။ ငါကပဲ ကျွယ်မင်နန်းတော်ကို ဦးဆောင်ပြီး တာ့လေယင်းကို သိမ်းပိုက်ပေးမယ်။ ဂုဏ်ထူးမှတ်ကတော့ ငါနဲ့ သူမ တစ်ယောက်တစ်ဝက် ခွဲယူကြတာပေါ့... ဟုတ်တယ်မလား "

အနားရှိ ကျင့်ကြံသူများက တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေကြသည်။

"ဟုတ်... ဟုတ်ပါတယ်"

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားသည်။

နာရီဝက်ခန့်အကြာတွင်မှ စီနီယာအစ်မကြီးက ရှောင်ကွမ်းယင်ကို ပြုံးစစဖြင့် ကြည့်ကာ ပြောလိုက်သည်။

"နင် ရှုံးသွားပြီ"

"တကယ်လို့ ကျုပ်ရှုံးတာမှန်ရင်၊ ခင်ဗျားက ဘာလို့ နာရီဝက်လောက် စောင့်ပြီးမှ ဒီစကားကို ပြောတာလဲ "

ရှောင်ကွမ်းယင်က ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။

သူသည် ယိုင်နဲ့စွာဖြင့် ထရပ်လိုက်ပြီး မျက်နှာတွင် တောက်ပသော အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။

"ဒီတစ်ခေါက်တော့ ကျုပ်တို့ သရေပဲ။ ခင်ဗျားရော ကျုပ်ရော ဆက်ပြီး တိုက်နိုင်တော့မှာ မဟုတ်ဘူး"

"နင်က ကိုယ့်ကိုယ်ကိုယ် သိပ်ယုံကြည်မှု ရှိနေတာလား ဒီနေ့ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ် အားလုံး ဒီမှာ ရှိနေတယ်"

စီနီယာအစ်မကြီးက ပြုံး၍ ဆိုသည်

"နင်တို့ ရုလိုင်ဘုရားကျောင်းက ငါတို့ကို ဘာနဲ့ ယှဉ်တိုက်မှာလဲ"

"အဲ့ဒါကတော့ တိုက်ကြည့်မှ သိမှာပေါ့။ ရှဲ့မိတ်ဆွေလို အစွမ်းထက်တဲ့သူတောင်မှ အခု ကျုပ်နဲ့ သရေပဲ ကျခဲ့တာ မဟုတ်လား"

ရှောင်ကွမ်းယင်က ခပ်အေးအေး ပြုံးလိုက်ပြီးနောက် စကားရှည်မနေတော့ဘဲ လူများကို ခေါ်ဆောင်ကာ ရုလိုင်ဘုရားကျောင်း၏ အမာခံတပ်သားများ ရှိရာသို့ ပြန်လည် ပျံသန်းသွားတော့သည်။

စီနီယာအစ်မကြီးမှာ စက္ကန့်အနည်းငယ်မျှ စဉ်းစားနေပြီးနောက် အစီရင်စွမ်းအားကို အတင်းအကျပ် လှုံ့ဆော်ကာ နဂါးနက်အစီရင်အဖြစ် တစ်ဖန် ပြန်လည်ပြောင်းလဲပြီး ဂိုဏ်းတူများရှိရာသို့ ပျံသန်းခဲ့သည်။

ထို့နောက် သူမ ပတ်ပတ်လည်ရှိ မသေမျိုးလှေများမှာ တစ်ဖန် ပြန်လည်ကွဲထွက်သွားကြပြန်သည်။

သိသိသာသာပင် အစီရင်ကို ဆက်လက်ထိန်းထားရန် စွမ်းအား မရှိတော့ချေ။

အမာခံတပည့်များမှာ ချက်ချင်းပင် သူမအနားသို့ ပျံသန်းလာကြသည်။

"နယ်မြေသစ်ရှာဖွေရေး အဖွဲ့တွေရဲ့ အခြေအနေကို သွားကြည့်ကြစမ်း။ သေတဲ့သူကို အလောင်းသိမ်း၊ ရှင်တဲ့သူကို ဆေးကုပေးကြ"

အမာခံတပည့်များက သူတို့၏ လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်ကြပြီးနောက် စီနီယာအစ်မကြီး၏ ရှေ့သို့ ရောက်လာကြသည်။

သူတို့၏ အမူအရာမှာ လေးနက်တည်ကြည်နေသည်။

"စီနီယာအစ်မကြီး၊ ဒဏ်ရာက မသေးဘူးမလား "

စီနီယာအစ်မသုံးက ပြုံးစစဖြင့် မေးလိုက်သည်။

စီနီယာအစ်မကြီးက သူမကို တစ်ချက် ကြည့်လိုက်သည်။

ရုတ်တရက် သူမ၏ မျက်နှာမှာ နီမြန်းသွားပြီး သွေးစအချို့မှာ ပါးစပ်ထောင့်မှ စိမ့်ထွက်လာသော်လည်း သူမက အတင်းအကျပ် ပြန်လည် မျိုချလိုက်သည်။

ပြီးနောက် ပါးစပ်မှ သွေးစများကို သုတ်လိုက်ပြီး ပြုံး၍ ဆိုသည်။

"ရှောင်ကွမ်းယင် ဆိုတဲ့ ကတုံးလေးက တကယ်ကို အစွမ်းရှိတာပဲ။ စောစောက နည်းလမ်းမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး၊ တော်တော်လေးကို အစွမ်းထက်တယ်။ နင်တို့ နောက်ပိုင်းမှာ သတိထားကြဖို့ လိုလိမ့်မယ်။ သူ့အပြင် တခြားသူတွေလည်း ဒီလိုနည်းလမ်းမျိုး သုံးနိုင်မလားဆိုတာ ငါ သံသယရှိတယ်"

လူတိုင်းမှာ အနည်းငယ် ထိတ်လန့်သွားကြသည်။

စောစောက ရှောင်ကွမ်းယင်၏ နည်းလမ်း မည်မျှ ပြင်းထန်သည်ကို သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။

အကယ်၍ ရုလိုင်ဘုရားကျောင်းဘက်မှာ ဒီလိုလူမျိုးတွေ ထပ်ရှိနေဦးမည်ဆိုလျှင် ကျွယ်မင်နန်းတော်အနေဖြင့် အလွန်ခက်ခဲသော တိုက်ပွဲကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။

"နင် ခန့်မှန်းတာ မှန်ခဲ့ရင်တောင်မှ ဒီလိုနည်းလမ်းမျိုး သုံးနိုင်တဲ့သူဟာ အများကြီး ရှိမှာ မဟုတ်ပါဘူး။ ငါတို့ဘက်မှာ ဒီနေ့ ဒုတိယစီနီယာအစ်ကို တစ်ယောက်ပဲ မလာတာ၊ ကျန်တဲ့သူတွေ အကုန်ရောက်နေတာပဲ။ ရုလိုင်ဘုရားကျောင်းက ငါတို့နဲ့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး"

စီနီယာအစ်မသုံးက ယုံကြည်ချက်အပြည့်ဖြင့် ရယ်မောကာ ဆိုသည်။

"ဒါဆိုရင်လည်း ပြီးတာပါပဲ"

စီနီယာအစ်မကြီးက တစ်ချက် နှာခေါင်းရှုံ့လိုက်ပြီး

"အရင်က သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်းပဲ လုပ်ကြ။ နောက်ပိုင်းကတော့ နင်တို့အလှည့်ပဲ၊ ငါ ဒဏ်ရာကုသရမယ်"

"ဟုတ်ကဲ့ပါ "

နောက်ဆက်တွဲ တိုက်ပွဲများသည် ရုလိုင်ဘုရားကျောင်း၏ စွမ်းအားကို အထင်အရှား ပြသနေသည်။

စိတ်ဝိညာဥ်နယ်မြေ ရဲ့ ထိပ်တန်းအင်အားစုပီပီ တကယ့်ကို အစွမ်းထက်လှပေသည်။

ယုံကြည်ချက်အပြည့်ရှိနေသော ကျွယ်မင်နန်းတော်၏ စီနီယာအစ်မသုံးမှာ ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့် အနည်းငယ်ကို အနိုင်ယူပြီးနောက်တွင် စွမ်းအားကုန်ခမ်းကာ ရှုံးနိမ့်သွားခဲ့သည်။

သူမသည် အစီရင်မသေမျိုးအတတ်ကို အသုံးပြုနိုင်သည်ဆိုသော်လည်း တစ်ခါသုံးတိုင်း အစီရင်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။

လုံလောက်သော မသေမျိုးစွမ်းအား မရှိဘဲနှင့် အကြိမ်ပေါင်းများစွာ အသုံးမပြုနိုင်ချေ။

စီနီယာအစ်မသုံး ရှုံးနိမ့်ပြီး မကြာမီမှာပင် စီနီယာအစ်ကိုလေးလည်း ရှုံးနိမ့်ခဲ့သည်။

ထို့နောက် စီနီယာအစ်ကိုငါး။

သူသည် အစီရင်မသေမျိုးအတတ် အသုံးပြုနိုင်သော ရုလိုင်ဘုရားကျောင်းမှ အမာခံတပည့်တစ်ဦးနှင့် ရင်ဆိုင်ခဲ့ရပြီး ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့သော်လည်း သူကိုယ်တိုင်မှာ စွမ်းအားကုန်ခမ်းသွားသဖြင့် ဆက်လက် တိုက်ပွဲမဝင်နိုင်တော့ချေ။

ယင်းနောက် စီနီယာအစ်ကိုခြောက်နှင့် ခုနစ်တို့မှာလည်း ဆက်တိုက်ဆိုသလို ရှုံးနိမ့်ခဲ့ကြသည်။

သို့သော် ဤအဆင့်သို့ ရောက်သောအခါ ရုလိုင်ဘုရားကျောင်းဘက်မှ အကြိမ် ၂၀ ကျော် ရှုံးနိမ့်ထားပြီးဖြစ်ကာ အမာခံတပည့် ၇၀ ကျော်သာ တိုက်ပွဲဝင်ရန် ကျန်တော့သည်။

"ရုလိုင်ဘုရားကျောင်းက အဲ့ဒီ အမာခံတပည့်တွေကို အရင်ဆုံး အသေခံခိုင်းပြီးမှ နောက်ပိုင်းကျမှ အားစိုက်ပြီး ကျွယ်မင်နန်းတော်ကို အပြတ်ရှင်းဖို့ ကြံနေတာလား "

ယဲ့ချင်းချိုး၏ မျက်မှောင်မှာ အနည်းငယ် ကြုတ်သွားသည်။

ဘေးနားရှိ အမာခံတပည့်တစ်ဦးက တိုးတိုးလေး ဆိုသည်။

"ဒါက ခက်ခဲလိမ့်မယ်။ ကျွယ်မင်နန်းတော်ရဲ့ နောက်ပိုင်း အမာခံတပည့်တွေက ရှေ့ကလူတွေလောက် အစွမ်းမထက်ဘူးဆိုပေမဲ့ ရုလိုင်ဘုရားကျောင်းဘက်မှာလည်း အတူတူပဲ။ သူတို့မှာ ဝှက်ဖဲတွေ ကျန်နေဦးမယ်ဆိုရင်တောင်မှ ကျွယ်မင်နန်းတော်က လူအင်အားနဲ့ ဖိတိုက်သွားလိမ့်မယ်"

"ဟုတ်တယ်၊ ကျွယ်မင်နန်းတော်ဘက်မှာ အခု တိုက်ပွဲဝင်နိုင်တဲ့ အမာခံတပည့် ၉၀ ကျော် ကျန်သေးတယ်၊ လူအင်အားအရ အသာစီး ရနေပြီ"

လူတိုင်းက ခေါင်းငြိမ့်ကြသည်။

သာမန်အမာခံတပည့်များမှာ အဆင့်ချင်း မတိမ်းမယိမ်း ဖြစ်ကြသဖြင့် ဤတစ်ပွဲနိုင်လျှင် နောက်တစ်ပွဲ ရှုံးတတ်ကြသည်။

ထိုသို့ အပြန်အလှန် ဖြစ်နေသည့်တိုင်အောင် လူအင်အား အသာစီးရနေသော ကျွယ်မင်နန်းတော်ကို ရုလိုင်ဘုရားကျောင်းက ပြန်လည် အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင်။

"ဒါလည်း မသေချာဘူး၊ တကယ်လို့ တစ်စုံတစ်ယောက်က ရှောင်ကွမ်းယင် စောစောက သုံးခဲ့တဲ့ မသေမျိုးအတတ်မျိုးကို သုံးနိုင်မယ်ဆိုရင်..."

ယဲ့ချင်းချိုး၏ အမူအရာမှာ လေးနက်သွားသည်

"ကျွယ်မင်နန်းတော်အနေနဲ့ တာ့လေယင်းကို အလွယ်တကူ သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး"

"စီနီယာအစ်ကိုရှစ် အလှည့်ရောက်ပြီ။ သူ့ရဲ့ ပြိုင်ဘက်က သာမန်ပဲဆိုတော့ ဒီပွဲကတော့ နိုင်မှာ သေချာတယ်။ ဒါပေမဲ့..."

စီနီယာအစ်မကြီး၏ မျက်နှာမှာ သွေးရောင် ပြန်တက်လာကာ ဒဏ်ရာများ သိသိသာသာ သက်သာလာဟန် ရှိသည်၊ သူမက တိုးတိုးလေး ဆိုသည်။

"တကယ်လို့ ရုလိုင်ဘုရားကျောင်းမှာ မိစ္ဆာဝင်နိုင်တဲ့ ကတုံး နောက်တစ်ယောက် ရှိနေဦးမယ်ဆိုရင် လက်ရှိ အခြေအနေကို ပြောင်းလဲသွားစေလိမ့်မယ်"

အမာခံတပည့်များမှာ စိုးရိမ်ပူပန်သွားကြသော်လည်း စီနီယာအစ်မသုံးကမူ အရေးမစိုက်သလို ရယ်မောလိုက်သည်။

"နောက်တစ်ယောက် ရှိနေဦးမယ်ဆိုရင်တောင် သူက ၁၀ ပွဲဆက်တိုက် နိုင်ပါ့မလား သူ့မှာ အဲ့ဒီလောက် သုံးဖို့ မသေမျိုးစွမ်းအားတွေ အများကြီး ရှိမှာ မဟုတ်ဘူး"

ဒါဟာ အခွင့်အရေးကောင်းပဲ။

ဖန့်ချန် စိတ်ထဲမှ ရေရွတ်လိုက်သည်။

တစ်ဖက်လူက မိစ္ဆာဝင်ခြင်း နည်းလမ်းကို အသုံးပြုနိုင်လျှင် ထိုသူသည် အတိတ်ဘဝမှတ်ဉာဏ်များ နိုးထလာသူ ဖြစ်ရန် ၇၀၊ ၈၀ ရာခိုင်နှုန်း သေချာနေပြီ ဖြစ်သည်။

ထိုသူများကို စာရင်းမှတ်ထားပြီး နောက်မှ အခွင့်အရေးရှာကာ ကိုင်တွယ်ရပေမည်။

လူတိုင်း စကားပြောနေကြစဉ်မှာပင် လီရှမ်းဇီ သည် အစီရင်မသေမျိုးအတတ်ကို အသုံးပြုကာ ဓားတစ်ချက်ဖြင့် ပြိုင်ဘက်ကို အနိုင်ယူလိုက်သည်။

ထို့နောက် သူသည် နောက်ထပ် တစ်ပွဲကိုလည်း အနိုင်ရခဲ့ပြန်သည်။

သို့သော် တတိယမြောက် တိုက်ပွဲတွင်မူ စွမ်းအားကုန်ခမ်းသွားသဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။

ဤအထိဆိုလျှင် ကျွယ်မင်နန်းတော်၏ အစွမ်းအထက်ဆုံး အမာခံတပည့်များ အားလုံး တိုက်ပွဲဝင်ပြီးသွားပြီ ဖြစ်ကာ၊ နောက်ပိုင်းတွင်မူ သာမန်အမာခံတပည့်ချင်း ယှဉ်ပြိုင်ရမည့် တိုက်ပွဲများသာ ကျန်ရှိတော့ပေသည်။

အခန်း (၁၄၈၆) - တူညီသော အစမှတ်

အမာခံတပည့်များအကြား အစီရင်ဖြင့် အတတ်ပညာပြိုင်ဆိုင်ကြသည်ကို ကြည့်ရှုနေရသော သာမန်နယ်မြေသစ်ရှာဖွေရေးအဖွဲ့မှ ကျင့်ကြံသူများမှာ စိတ်ညို့ခံထားရသကဲ့သို့ စွဲလန်းနစ်ဝင်နေကြတော့သည်။

သူတို့၏ စိတ်ထဲတွင် ကြောက်ရွံ့ရိုသေမှုများ အလိုအလျောက် ဖြစ်ပေါ်လာရသည်။

ထိုကြောက်ရွံ့မှုမှာ အစီရင်အပေါ်၌လည်းကောင်း၊ အစီရင်ကို စိတ်တိုင်းကျ မောင်းနှင်နေကြသော အမာခံတပည့်များအပေါ်၌လည်းကောင်း ဖြစ်တည်နေခြင်းပင်။

"ငါ တစ်နေ့ကျရင် အမာခံတပည့် ဖြစ်အောင်ကို လုပ်ရမယ် "

ကျင့်ကြံသူ အမြောက်အမြားမှာ မိမိကိုယ်ကို တိတ်တဆိတ် အားပေးစကား ဆိုနေမိကြသည်။

အမာခံတပည့် ဖြစ်လာပြီဆိုလျှင် လူ့လောကကိုးခု၏ အထက်တန်းလွှာ လူဂုဏ်ထံများ ဖြစ်လာပေလိမ့်မည်။

"သိပ်ကို အစွမ်းထက်တာပဲ... နှမြောစရာကောင်းတာက ငါတို့ တိုက်ပွဲဝင်ခွင့် မရတာပဲ။ မဟုတ်ရင် တကယ့် အသက်နဲ့ရင်းတဲ့ တိုက်ပွဲဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ခံစားကြည့်လို့ ရမှာ"

လင်းယွမ်က သက်ပြင်းချရင်း ဆိုသည်။

ယွီဝူရှီးနှင့် မုံ့ချင်းလင်တို့ကမူ မျက်စောင်းခဲလိုက်ကြသည်။

သူတို့ကတော့ ထိုကဲ့သို့ အတွေ့အကြုံမျိုးကို အနီးကပ် မခံစားချင်ကြချေ။

အကယ်၍ ကျွယ်မင်နန်းတော်က ရုလိုင်ဘုရားကျောင်းကို အလွယ်တကူ ဖိနှိပ်ခြေမှုန်းနိုင်ခဲ့လျှင် ဘာအန္တရာယ်မှ မရှိဘဲ တာ့လေယင်းကို နှစ်ပေါင်း (၃၀) ကြာ စူးစမ်းခွင့်ရရှိမည် ဖြစ်ရာ၊ ထိုကဲ့သို့ အလကားရသည့် အရသာမျိုးကိုသာ သူတို့က ပိုမိုနှစ်သက်ကြသည်။

"ဟုတ်တယ်... နည်းနည်းတော့ နှမြောဖို့ ကောင်းသား"

နန်မင်ရှောက်ကျဲကလည်း ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။

ယွီထျန်းကောမှာမူ စကားတစ်ခွန်းမှ မဆိုသော်လည်း သူ၏ မျက်ဝန်းအစုံတွင် နှမြောတသဖြစ်ဟန် အနည်းငယ်ကို မြင်တွေ့နိုင်ပေသည်။

လက်ရှိ အခြေအနေအရဆိုလျှင် အစီအစဉ်၏ နောက်ဆုံးမှ ထွက်ရမည့် ဖန့်ချန်အတွက် တိုက်ပွဲဝင်ရန် အခွင့်အရေး လုံးဝရှိတော့မည် မဟုတ်ပေ။

မနီးမဝေးတွင်ရှိသော အကြီးအကဲ ချင်မှာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားပြီး ခေါင်းကို ခါယမ်းကာ လင်းတုန်းကို ကြည့်၍ ပြောလိုက်သည်။

"ငါတို့ ငယ်ငယ်တုန်းကလည်း သူတို့လိုပါပဲ... တကယ်တော့ အခုအချိန်ဟာ သူတို့အတွက် အသက်သာဆုံး အချိန်ဆိုတာ သူတို့ မသိကြသေးဘူး"

"နွားပေါက်လေးတွေဆိုတော့ ကျားကို မကြောက်ကြသေးတာလေ၊ နောင်ကျရင် သူတို့ သိလာပါလိမ့်မယ်"

လင်းတုန်းက ပြုံး၍ ဆိုသည်။

သူ၏ စိတ်ထဲတွင်လည်း သက်ပြင်းချမိသည်။

ဒီတစ်ခေါက် ဂုဏ်ထူးမှတ် အခွင့်အရေးကိုတော့ အလကား ရလိုက်သလိုပင်။

နံပါတ် (၄၃၂) အဝေးသင်ကြယ်စုမှ သူငယ်ချင်းဟောင်းများမှာ ယနေ့အဖြစ်အပျက်ကို ပြန်တွေးမိတိုင်း သူ့ကို ကျေးဇူးတင်နေကြတော့မည် မဟုတ်ပါလား။

အချိန်သည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။

နယ်မြေလုပွဲမှာ အဆုံးသတ်ပိုင်းသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ပြီ။

ကျွယ်မင်နန်းတော်ဘက်မှ လက်ရှိ တိုက်ပွဲဝင်နေသော အမာခံတပည့်မှာ (၇၂) ယောက်မြောက် ဖြစ်သည်။

ရုလိုင်ဘုရားကျောင်းဘက်မှာမူ လူကုန်သလောက် ဖြစ်နေပြီး ရင်ဆိုင်ရန် (၁၀) ယောက်ကျော်သာ ကျန်တော့သည်။

"မိတ်ဆွေက ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး၊ အခုတင် အရှုံးပေးလိုက်တာ ပိုကောင်းပါလိမ့်မယ်။ ခင်ဗျားတို့ ရုလိုင်ဘုရားကျောင်း ဒီနေ့ နိုင်ဖို့ အခွင့်အရေး မရှိတော့ဘူး၊ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် မလုပ်ပါနဲ့တော့"

ကျိရှန့်သည် နဂါးနက်အစီရင်၏ ဗဟိုတွင် ရပ်လျက် ပြိုင်ဘက်ကို ပြုံးစစဖြင့် ကြည့်ကာ ဆိုလိုက်သည်။

သူ၏ ပြိုင်ဘက်မှာ မျက်နှာသေနှင့် အဘိုးကြီး ဘုန်းကြီးတစ်ပါး ဖြစ်သည်။

ယခုကဲ့သို့ အဆုံးသတ်ပိုင်းမှ ထွက်လာရခြင်းမှာ အမာခံတပည့်များထဲတွင် အစွမ်းအညံ့ဆုံး အုပ်စုထဲမှ ဖြစ်နေခြင်းကြောင့်ပင်။

ဘုန်းကြီးအိုကြီးမှာ ကျိရှန့်၏ စကားကို မကြားသည့်အလား တည်ငြိမ်နေပြီး မျက်တောင်ကို အနည်းငယ် ပင့်လိုက်ကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ငါ ငရဲကို မဆင်းရင်..."

"ဘယ်သူ ဆင်းမလဲ"

ခဏချင်းမှာပင် လက်တစ်ထောင်အစီရင်ထံမှ မိစ္ဆာမီးတောက်များ ဟုန်းဟုန်းတောက် လောင်မြွက်လာပြီး အရှိန်အဝါမှာ အဆပေါင်းများစွာ မြင့်တက်လာတော့သည်။

ကျိရှန့်မှာ အံ့ဩတုန်လှုပ်ဖို့ပင် အချိန်မရလိုက်ဘဲ ပြိုင်ဘက်က သူ၏ အနားသို့ ကပ်လာခဲ့ပြီ ဖြစ်သည်။

နှစ်ဖက်စလုံးက လက်နက်များ၊ လက်သီးချင်းတိုက်ခိုက်မှုများ၊ အစီရင်အတတ်များ အစွမ်းကုန် ထုတ်သုံးကြသော်လည်း (၁၀) ကွက်ကျော်အကြာတွင် ကျိရှန့်၏ အစီရင်မှာ အပြင်းအထန် ဒဏ်ရာရရှိကာ တစ်စစီ ပြိုကွဲသွားခဲ့ရတော့သည်။

"အာမိတာဘ"

တစ်ဖက်လူက ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ဘဲ ကျွယ်မင်နန်းတော်၏ ကျန်ရှိနေသော အမာခံတပည့်များကို လှမ်းကြည့်လိုက်သည်။

ထိုအချိန်မှသာ လူတိုင်းက သတိပြန်ဝင်လာကြပြီး ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာကြသည်။

ရှောင်ကွမ်းယင်က ဝှက်ဖဲကို တကယ် ချန်ထားခဲ့သည်သာမက အလွန်နောက်ကျသော နေရာတွင် ထည့်သွင်းထားခဲ့ခြင်းပင်။

"ဒါက ဘာမသေမျိုးအတတ်လဲ "

"ရုလိုင်ဘုရားကျောင်းမှာ ဒီလိုနည်းလမ်းရှိတယ်လို့ မကြားဖူးပါဘူး"

"ဒါမှမဟုတ် အသစ်တီထွင်ထားတဲ့ အတတ်လား"

"ဖြစ်နိုင်တယ်"

အင်အားစုအသီးသီးမှ အမာခံတပည့်များက တိတ်တဆိတ် တွေးတောနေကြသည်။

ဘုန်းကြီးအိုကြီးမှာ မူလပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့ပြီ။

စောစောက မိုးကောင်းကင်ကို လွှမ်းခြုံထားသော မိစ္ဆာအရှိန်အဝါများမှာ လှည့်စားမှုတစ်ခုအလား လုံးဝ ပျောက်ကွယ်သွားသည်။

ကျိရှန့်မှာ မျက်နှာအမည်းရောင် သန်းသွားကာ ဘုန်းကြီးအိုကြီးကို ကြည့်လိုက်မိသည်။

သူ စထွက်လာချင်းမှာပင် ဤကဲ့သို့ ပြိုင်ဘက်မျိုးနှင့် တိုးရလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် အရှက်ရနေမိသည်။

သူသည် အဖွဲ့ကြီးထဲသို့ ပြန်လာကာ နောက်ထပ် ထွက်ရမည့် အမာခံတပည့်ကို အသေအချာ မှာကြားလိုက်သည်။

သို့သော် ထိုအမာခံတပည့်မှာ ဘုန်းကြီးအိုကြီးနှင့် ယှဉ်ပြိုင်ရာတွင် (၅) ကွက်ပင် မပြည့်သေးမီ ဘုန်းကြီးအိုကြီးက ထိုနည်းလမ်းကိုပင် ထပ်မံအသုံးပြုကာ အလွယ်တကူ အနိုင်ယူလိုက်ပြန်သည်။

အမာခံတပည့် နှစ်ဦး ဆက်တိုက် ရှုံးနိမ့်သွားခြင်းကြောင့် ဤနယ်မြေလုပွဲ၏ ဦးတည်ချက်မှာ တစ်ဖက်သို့ ပြန်လည် စောင်းသွားပြန်သည်။

"ဒါက အစီရင်မသေမျိုးအတတ်တော့ မဟုတ်လောက်ဘူး..."

ဖန့်ချန်က ထိုဘုန်းကြီးအိုကြီးကို အကဲခတ်နေရင်း ရုလိုင်ဘုရားကျောင်းဘက်မှ အခြားအမာခံတပည့်များ၏ မျက်နှာထားကို လှမ်းကြည့်လိုက်သည်။

သူတို့၏ မျက်နှာတွင်လည်း အံ့ဩတုန်လှုပ်မှုများ ရှိနေသည်ကို ထောက်လျှင် ထိုဘုန်းကြီးအိုကြီး၌ ဤကဲ့သို့ အစွမ်းမျိုး ရှိသည်ကို သူတို့ကိုယ်တိုင်လည်း သိထားဟန် မရှိပေ။

အစီရင်မသေမျိုးအတတ်က မသေမျိုးစွမ်းအားအမြောက်အမြား ကုန်ဆုံးစေတယ်။

ဒါပေမဲ့ ဒီဘုန်းကြီးအိုကြီးရဲ့ ကုန်ဆုံးမှုက သာမန်အတတ်တွေလောက် မများဘူး။

ဟိုဘက်က နည်းလမ်းတွေက ထူးခြားနေတာလား

ဒါမှမဟုတ်... ငါမမြင်ရတဲ့ တခြားတစ်နေရာမှာ ကုန်ဆုံးနေတာလား

ဘုန်းကြီးအိုကြီးသည် နိုင်တိုင်း နိုင်တိုင်း ထိုအတတ်ကို ရုပ်သိမ်းလိုက်သည်ကို ဖန့်ချန် သတိပြုမိသဖြင့် ဤအတတ်မှာ တစ်ခုခုကို အထိအခိုက် ရှိစေမည်ဟု သူ အတတ်ပြောနိုင်သည်။

သို့သော် ထိုကုန်ဆုံးမှုမှာ မသေမျိုးစွမ်းအားတော့ မဟုတ်လောက်ချေ။

ဘုန်းကြီးအိုကြီးမှာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

နောက်ဆက်တွဲ တိုက်ပွဲများတွင် ကျွယ်မင်နန်းတော်မှ မည်သည့်အမာခံတပည့်မျှ သူ၏လက်ထဲတွင် (၁၀) ကွက်ထက် ပိုမခံနိုင်ကြပေ။

ရှောင်ကွမ်းယင်၏ မျက်နှာတွင် အပြုံးများ ပိုမိုပေါ်ပေါက်လာကာ စီနီယာအစ်မကြီးနှင့် အကြည့်ချင်း ဆုံလိုက်ကြရာ သူ၏ ပါးစပ်ထောင့်မှာ အနည်းငယ် မြင့်တက်သွားသည်။

"ကျွယ်မင်နန်းတော်တော့ ဒီတစ်ခါ အမြတ်လိုလို့ အရင်းရှုံး တဲ့ အဖြစ်မျိုး ရောက်တော့မယ်"

ယဲ့ချင်းချိုးက သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဆိုလိုက်သည်။

"သူတို့ အခု အမာခံတပည့် အရေအတွက်က တူညီလုနီးပါး ဖြစ်သွားပြီ။ အကယ်၍ ဒီဘုန်းကြီးအိုကြီးကသာ အကြာကြီး တောင့်ခံနိုင်မယ်ဆိုရင် ကျန်တဲ့ အမာခံတပည့်အားလုံးကို သူတစ်ယောက်တည်းနဲ့တင် အပြတ်ရှင်းသွားနိုင်တယ်"

"ထူးဆန်းလိုက်တာ၊ အကယ်၍ ဒါက အစီရင်မသေမျိုးအတတ်ဆိုရင် ဒီလောက်အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး"

"မသေမျိုးစွမ်းအား ကုန်ဆုံးတာလည်း သိပ်မရှိဘူး"

"ရုလိုင်ဘုရားကျောင်းမှာ ဒီလိုအတတ်မျိုးရှိနေရင် နောင်ကျရင် စိတ်ဝိညာဥ်နယ်မြေ မှာ သူတို့ရဲ့ အဆင့်အတန်းက အခြားသူတွေထက် အသာစီး ရသွားတော့မှာ မဟုတ်လား "

အသွေးသားနန်းတော်မှ အမာခံတပည့်များက တီးတိုး ဝေဖန်နေကြသည်။

ယဲ့ချင်းချိုးသည် ထိုစကားကို ကြားသောအခါ ဝမ်းသာနေသော အမူအရာမှာ ပျောက်ကွယ်သွားပြီး လေးနက်တည်ကြည်သွားတော့သည်။

နောက်ထပ် တိုက်ပွဲအချို့ အပြီးတွင်

"အရေအတွက် တူသွားပြီ ကျွယ်မင်နန်းတော်မှာ တိုက်ပွဲဝင်ဖို့ (၁၃) ယောက်ပဲ ကျန်တော့တယ်၊ ရုလိုင်ဘုရားကျောင်းဘက်မှာလည်း (၁၃) ယောက်ပဲ "

"တကယ်လို့ ငါတို့သာ ရုလိုင်ဘုရားကျောင်းကို နည်းနည်းလောက် ကူညီပေးခဲ့ရင် ကျွယ်မင်နန်းတော် ရှုံးတာ ကြာလှပြီ"

"နှမြောစရာပဲ၊ အဲ့ဒီ ရှောင်ကွမ်းယင်က ကပ်စေးနှဲလွန်းတယ်၊ အစီရင်ဗဟိုချက် တစ်ခုပဲ ပေးချင်တာကိုး"

စီနီယာအစ်မသုံးနှင့် အခြားသူများ၏ မျက်နှာမှာ အတော်လေး ပျက်ယွင်းသွားခဲ့ပြီ။

ကျန်ရှိနေသော အမာခံတပည့်များမှာလည်း တစ်ယောက်ထက်တစ်ယောက် လေးနက်တည်ကြည်နေကြသည်။

မူလက သူတို့အလှည့် ရောက်လာလိမ့်မည် မဟုတ်ဟု ထင်ထားခဲ့သော်လည်း ရုလိုင်ဘုရားကျောင်းက သူတို့အတွက် ဝှက်ဖဲကြီးတစ်ခု ချန်ထားခဲ့သည် မဟုတ်ပါလား။

"အခုတော့... နည်းနည်း အခက်တွေ့ပြီပဲ..."

ကျိကန်းက မျက်မှောင်ကြုတ်လိုက်သည်။

လင်းယွမ်တို့မှာလည်း အလိုက်မသိသည့် လူများမဟုတ်ကြပေ။

ထိုမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ကျွယ်မင်နန်းတော် အမြန်ဆုံး အနိုင်ရသွားစေရန်သာ သူတို့ ဆန္ဒရှိကြတော့သည်။

"ဒီဘုန်းကြီးအိုကြီးက ဘယ်လိုလုပ် ဒီလောက်အထိ တောင့်ခံနိုင်ရတာလဲ "

လင်းတုန်းက လက်သီးကို တင်းတင်းဆုပ်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

"အကြာကြီးတော့ မတောင့်ခံနိုင်ပါဘူး။ သူ ဆယ်ပွဲကျော် ဆက်တိုက် တိုက်ထားပြီးပြီဆိုတော့ အားကုန်လုနီးပါး ဖြစ်နေပြီ။ သူ လုပ်နိုင်ခဲ့တာက ကျွယ်မင်နန်းတော်နဲ့ ရုလိုင်ဘုရားကျောင်းကို တူညီတဲ့ အစမှတ် မှာ ပြန်ရပ်ခိုင်းလိုက်နိုင်တာပဲ ရှိတာပါ"

ဖန့်ချန်က ဆိုသည်။

လူတိုင်း စဉ်းစားကြည့်သောအခါ ထိုအတိုင်းပင် ဖြစ်ပေလိမ့်မည်။

အကယ်၍ ဘုန်းကြီးအိုကြီးက တကယ်ပင် အားမကုန်နိုင်လျှင် ထူးဆန်းလွန်းလှပေလိမ့်မည်။

တကယ်ပင် နောက်တစ်ပွဲ တိုက်ခိုက်မှုတွင် ကျွယ်မင်နန်းတော်မှ အမာခံတပည့်က ဘုန်းကြီးအိုကြီးကို ထိပ်တိုက် အနိုင်ယူလိုက်နိုင်သည်။

ဤတစ်ကြိမ်တွင် ဘုန်းကြီးအိုကြီးမှာ ထိုထူးခြားသော အတတ်ကို အသုံးမပြုတော့ဘဲ ရှုံးနိမ့်သွားသည်နှင့် ချက်ချင်းပင် ရုလိုင်ဘုရားကျောင်းဘက်သို့ ပြန်လည် ပျံသန်းသွားတော့သည်။

သူ၏ ရုပ်သွင်မှာ မျက်စိရှေ့တင် သိသိသာသာ အိုမင်းရင့်ရော်သွားခဲ့သည်။

"ဒါကြောင့်ကိုး... သက်တမ်းကို အထိအခိုက်ခံပြီးတော့ကို အနိုင်ရဖို့ ကြိုးစားခဲ့တာပေါ့"

စီနီယာအစ်မကြီးက အေးစက်စွာ ရယ်မောလိုက်သည်။

ဤသို့ တိုက်ခိုက်ခြင်းမှာ တကယ့်ကို အရင်းအနှီး ကြီးလှပေသည်။

ယခုအခါ နှစ်ဖက်စလုံးမှာ တူညီသော အစမှတ်တွင် ရှိနေကြပြီ ဖြစ်ရာ၊ နောက်ဆက်တွဲ တိုက်ပွဲများတွင် မည်သူက ပိုမိုကောင်းမွန်စွာ စွမ်းဆောင်နိုင်သလဲဆိုသည့် အပေါ်တွင်သာ အောင်နိုင်မှုက မူတည်ပေတော့မည်။

သို့သော် ပြင်ပလူများ၏ အမြင်တွင်မူ ရှောင်ကွမ်းယင်သည် ကျွယ်မင်နန်းတော်၏ အစွမ်းထက်လှသော လူစာရင်းကို ရင်ဆိုင်ရင်း အင်အားကွာဟချက်ကို အတင်းအကျပ် ဆွဲညှိနိုင်ခဲ့သည် ဖြစ်ရာ၊ ရုလိုင်ဘုရားကျောင်းကပင် တစ်ပန်းသာနေသည်ဟု ထင်ရပေသည်။

"ဘယ်သူက ပြောတာလဲ... ရှဲ့အာမန် ဦးဆောင်တဲ့ ကျွယ်မင်နန်းတော်ဆိုရင် သေချာပေါက် နိုင်မယ်ဆိုတာ ငါကြည့်ရသလောက်တော့ ဒါတွေက သတင်းအမှားတွေပဲ၊ လောကရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေထဲမှာ ဘယ်သူကများ ရိုးရိုးလေးနဲ့ အနိုင်ပေးမှာမို့လို့လဲ"

လင်ပုချိ၏ ပါးစပ်ထောင့်မှာ အနည်းငယ် ကွေးညွှတ်သွားသည်။

ထိုနယ်မြေလုပွဲမှာ တစ်ဖြည်းဖြည်း ပိုမို စိတ်လှုပ်ရှားဖို့ ကောင်းလာသည်ဟု သူ ခံစားနေရတော့သည်။

All Chapters