← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

🫧 Chapter 81

မူလက မုန့်ပေါ်တာဝန်ကို လုပ်ဆောင်စဉ်က ရဲယိုရှီးသည် အသစ်အဆန်းဖြစ်ပြီး စိန်ခေါ်မှုရှိသည်ဟုသာ ခံစားခဲ့ရသည်။

ထို့ကြောင့်ပင် သူသည် အခြားသူများနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် Live မှ ဆုလာဘ်လက်ထဲရောက်လာသော အခါ ရဲယိုရှီး ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။

'ဤအရာ ပေါ်လာသည့်ပုံစံမှာ သဘာဝတရား၏ နိယာမများကို ဆန့်ကျင်နေသည် မဟုတ်ပါလား'

သူ့ဦးနှောက်ထဲတွင် ဤအရာ မည်သို့ဖြစ်နိုင်သနည်းဆိုသည့် တွက်ချက်မှုပုံသေနည်းများ အလိုအလျောက် ပေါ်လာသော် လည်း နောက်ဆုံးတွင်တော့ တွက်ချက်၍ မရခဲ့ပေ။

လက်ထဲရှိ အေးစိမ့်နေသော မျက်လုံးမှာဖုန်းထဲရှိ အချက်အ လက်များအရ "တတိယမြောက်မျက်လုံး" ဟု ခေါ်သည်။

ဤပစ္စည်းတွင် အာနိသင် သုံးမျိုးရှိသည်။

၁။ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်စွမ်း

၂။ အခြေခံအကျဆုံး ကာကွယ်ရေးစွမ်းရည်

၎င်းကို ဝတ်ဆင်ထားခြင်းဖြင့် သရဲပူးခြင်းနှင့် အအေးပတ်ခြင်း (ယင်ချီဓာတ်ဝင်ခြင်း) ကို ကာကွယ်နိုင်သည်။

၃။ တုန်လှုပ်ခြောက်ခြားစေခြင်း

အသုံးပြုသည့်အခါ ပစ်မှတ်၏မျက်လုံးကို စိုက်ကြည့်ရန် လိုအပ်သည်။ အသုံးပြုပြီးနောက် ပစ်မှတ်ကို ၅ စက္ကန့်ကြာ မူးဝေသွားစေနိုင်ပြီး စက္ကန့် ၃၀ အတွင်း သင့်ကို တိုက်ခိုက်လိုစိတ်မရှိအောင် လုပ်ဆောင်နိုင်သည်။

သတ်မှတ်ချက် - ဤပစ္စည်းကို သရဲတစ္ဆေများအပေါ်တွင်သာ အသုံးပြုနိုင်ပြီး လူသားများအပေါ် အသုံးမပြုနိုင်ပါ။

...

ငယ်စဉ်ကတည်းက ရဲယိုရှီးသည် ဤကမ္ဘာကြီးကို စူးစမ်းလိုစိတ်ပြင်းပြခဲ့သည်။

သူ၏စူးစမ်းနည်းမှာ စာဖတ်ခြင်းပင်။

သူ့အမြင်အရ စာအုပ်များသည် လူသားတို့၏ အသိပညာအမွေအနှစ်များဖြစ်ပြီး ကမ္ဘာကြီးကို စူးစမ်းပြီးနောက် ရေးသားထားသည့် မှတ်တမ်းများဖြစ်သည်။

ထို့ကြောင့် စာအုပ်များသည် ကမ္ဘာကြီးကို စူးစမ်းရန် အကောင်းဆုံးကိရိယာပင်။

သူ အသက် ၈ နှစ်အရွယ်တွင် စာအုပ်မျိုးစုံ စုဆောင်းထားသည့် ကိုယ်ပိုင်စာကြည့်တိုက်လေး တစ်ခုရှိခဲ့သည်။

ထိုစဉ်က ထန်ထျန်းကျဲသည် ကစားစရာမျိုးစုံဖြင့် သူ့ကို အပြင်ထွက်ကစားရန် အမြဲလာခေါ်လေ့ရှိသည်။

နောက်ပိုင်းတွင် အသက်ကြီးလာသည်နှင့်အမျှ ရဲယိုရှီး စုဆောင်းထားသည့် စာအုပ်များမှာ ပိုများလာပြီး ယခုအခါ သီးခြားအဆောက်အအုံတစ်ခုကဲ့သို့ပင် ဖြစ်နေပြီဖြစ်သည်။

သီးခြားစာကြည့်တိုက်တစ်ခုပင်ဖြစ်နေပြီဖြစ်၏။

ဤမျက်လုံး၏အစွမ်းကို သိရှိပြီးနောက် ရဲယိုရှီးသည် စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တုန်ရင်လာခဲ့သည်။

သူ၏မျက်လုံးထဲတွင် ဤအရာသည် မိမိကိုယ်ကိုယ်ကာကွယ်သည့် ပစ္စည်းတစ်ခုသာမက ကမ္ဘာသစ်တစ်ခုကို ဖွင့်ပေးမည့် သော့ချက်တစ်ခုလည်း ဖြစ်နေသည်။

'သရဲတစ္ဆေလောကက ဘယ်လိုမျိုးလဲ'

'သရဲတွေက ပုံမှန်ဆို ဘာလုပ်လေ့ရှိလဲ

'သူတို့က ဘာလို့ လူတွေကို ခြောက်လှန့်ရတာလဲ'

'လူကနေ သရဲ ဘာလို့ ဖြစ်သွားရတာလဲ'

'ယင်ဓာတ်ကရော ဘယ်လို ဖြစ်ပေါ်လာတာလဲ'

ခဏအတွင်းမှာပင် သူ၏ဦးနှောက်ထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်လာသည်။

ယခုအခါတွင် ကမ္ဘာသစ်တစ်ခုက သူ့ကို စူးစမ်းရန် စောင့်ကြိုနေပြီဖြစ်သည်။

လက်ထဲရှိ မျက်လုံးကို နည်းမျိုးစုံဖြင့် သုတေသနပြုသော် လည်း အဖြေမထွက်သည့်နောက်တွင် ရဲယိုရှီးသည် ၎င်းကို သူ့ညာဘက်မျက်လုံးထဲသို့ ထည့်သွင်း ဝတ်ဆင်ရန် ဝန်မလေးခဲ့ပေ။

သို့သော် အေးစိမ့်စိမ့် ခံစားချက်မှလွဲ၍ နာကျင်မှု လုံးဝမရှိပေ။

ညာဘက်မျက်လုံးဖြင့် မြင်လိုက်ရသည့် မြင်ကွင်းမှာ သူ့ကို ရူးသွပ်မတတ် စွဲလမ်းသွားစေသည်။

'လွင့်မျောနေသည့် မီးခိုးရောင် အငွေ့အသက်များမှာ ယင်ဓာတ်များလော'

'လမ်းပေါ်တွင် လွင့်မျောနေသည့် တပိုင်းတစ မြင်ရသော အရာများမှာ သရဲများလော'

တစ်ပတ်နီးပါးကြာအောင် ရဲယိုရှီးသည် သူ့စာကြည့်တိုက်ထဲသို့ မဝင်တော့ဘဲ နေရာအနှံ့လျှောက်သွားခဲ့သည်။

'လူစည်ကားသည့် ကုန်တိုက်များ၊ ညဈေးတန်းများ၊ ခမ်းနားသော နန်းတော်များနှင့် ရှေးကျသော ပြတိုက်များအထိ...'

'လေထုထဲ၊ သစ်တောထဲ၊ ရေအောက်ထဲ...'

နေရာမျိုးစုံကို သူသွားကာ မျက်လုံး၏စွမ်းဆောင်ရည်ကို စမ်းသပ်ခဲ့သည်။

'ဘယ်နေရာတွေမှာ ယင်ဓာတ်နှင့် သရဲများအစုလိုက်အပြုံ လိုက် ရှိသနည်း၊ ဘယ်နေရာတွေမှာတော့ မရှိသနည်း'

'ထိုသို့ စုဝေးရခြင်းမှာ ပတ်ဝန်းကျင်ကြောင့်လော သို့မဟုတ် ဤနေရာရှိ လူတွေကြောင့်လော...'

သူသည် ဤအရာများကို သုတေသန ခေါင်းစဉ်တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့သည်။

စာကြည့်တိုက်သို့ ပြန်ရောက်သောအခါ လမ်းတလျှောက် မှတ်တမ်းများကို စတင်စီစဉ်ပြီး ဆက်စပ်အချက်အလက်များကို ရှာဖွေခဲ့သည်။

စူးစမ်းလေ့လာမှုများအတွင်း ရဲယိုရှီးသည် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

မျက်လုံး၏အစွမ်းကို အသုံးပြုထားစဉ် သူသည် ထိုသရဲများကို ထိတွေ့နိုင်သည်ဟူ၍ပင်။

သရဲများနှင့် "ရင်းနှီးစွာ" ဆက်သွယ်ပြောဆိုနိုင်ခြင်းမှာ သူ၏ သုတေသနအတွက် အထောက်အကူဖြစ်စေမည်မှာ အမှန်ပင်။

သို့သော် သူသည် မိမိကိုယ်ကိုယ် အန္တရာယ်ထဲသို့ အလွယ် တကူ မတွန်းပို့ပေ၊ တစ်ခုခု မလုပ်ခင် တစ်ဖက်လူ၏ အစွမ်းကို အမြဲအကဲခတ်လေ့ရှိသည်။

...

ထန်ထျန်းကျဲထံမှ ဖုန်းလက်ခံရရှိသောအခါ ရဲယိုရှီးသည် သူ၏ပေါ့ပေါ့ပါးပါး နေတတ်သည့် အမူအရာကိုအံ့ဩမိသည်။

မြို့ပြင်နှင့် သင်္ချိုင်းကုန်းဆိုသည်မှာ ယင်ဓာတ်နှင့် သရဲများ စုဝေးရာနေရာ ဖြစ်သည်။

သူကတော့ ထိုနှစ်ခုလုံးတွင် တစ်ပြိုင်နက်တည်း ပေါက်ကရ လုပ်ဆောင်ခဲ့သည်။

ထန်ထျန်းကျဲ၏အိမ်သို့ ရောက်သောအခါ ရဲယိုရှီး တစ်ခုခု မှားနေသည်ကို သိလိုက်၏။

"တတိယမြောက်မျက်လုံး" ကို ဖွင့်ကာ ဧည့်ခန်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်သောအခါ ထန်ထျန်းကျဲ၏သရဲခေါ်နိုင်စွမ်းကို ရဲယိုရှီး အံ့ဩသွားပြန်သည်။

ကြမ်းပြင်ပေါ်တွင် ဝပ်နေသော သရဲအချို့၊ မျက်နှာကျက်တွင် တွဲလောင်းခိုကာ တစ်ဦးနှင့်တစ်ဦး မျက်နှာပြောင်တိုက်နေသော သရဲအချို့နှင့် ဧည့်ခန်းစားပွဲကို စင်မြင့်တစ်ခုလို သဘောထားကာ သရဲနှစ်ကောင်က အပေါ်မှာ ကခုန်နေကြသည်။

ဒုတိယထပ်သို့ တက်သည့် လှေကားလက်ရန်းတွင်လည်း သရဲ လေးငါးကောင်မှာ တွဲလောင်းခိုနေကြပြီး လက်ရန်းကို လျှောစီးသလိုမျိုး အောက်သို့ လျှောဆင်းနေကြသည်။

ထိုအထဲမှ တစ်ကောင်မှာ အောက်သို့ လျှောဆင်းလာရင်း ရဲယိုရှီး၏ ရှေ့တည့်တည့်သို့ ခုန်ချလိုက်သည်။

ထိုအခါ သူက လက်ဖြင့် ဝှေ့ယမ်းကာ ပုတ်ထုတ်လိုက်ရာ အေးစိမ့်သော ခံစားချက်ကို ရလိုက်သည်။

အပုတ်ခံလိုက်ရသည့် သရဲမှာ အံ့ဩတကြီးဖြင့် သူ့မျက်နှာကို ပြန်ကိုင်ကြည့်နေကာ ပူစပ်ပူလောင်တောင် ဖြစ်သွားသကဲ့သို့ပင်ဖြစ်၏။

ထို့နောက်၎င်းသည် ဤလူသား၏လက်မှ ကျောက်စိမ်းဖြူ လက်စွပ်ကို မြင်လိုက်ရသောအခါမှ အံ့ဩသွား၏။

ကြမ်းပြင်ပေါ်က သရဲများကိုဂရုမစိုက်ဘဲ ရဲယိုရှီး အကြည့်မှာ ထန်ထျန်းကျဲဆီသို့ ရောက်သွားသည်။

သူ့ရှေ့တွင် တီဗီပွင့်နေပြီး ကြော်ငြာသံများထွက်ပေါ်နေ သည်။

ဆိုဖာပေါ်တွင်...

သရဲတစ်အုပ်မှာ ထန်ထျန်းကျဲဘေးတွင် "အဖော်ပြု" ပေးနေကြသည်။

အချို့က တီဗီကိုအာရုံစိုက်ကြည့်နေပြီး အချို့ကတော့ ထန်ထျန်းကျဲကို စပ်စုသည့် မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။

အကယ်၍သာ ထိတွေ့လို့ရလျှင် သူတို့သည် ဤလူသားကို တို့ကြည့်၊ ဆိတ်ကြည့်လုပ်ကြဦးမည်ဖြစ်သည်။

ရဲယိုရှီး ကြည့်နေစဉ်မှာပင် သရဲတစ်ကောင်မှာ ထန်ထျန်းကျဲ၏နှာခေါင်းပေါက်ကို မော့ကြည့်နေသည်။

"...... ဟတ်ချိုး"

ထန်ထျန်းကျဲမှာ ဘာမှမသိဘဲ နှာချလိုက်ရင်း နှာခေါင်းကို ပွတ်လိုက်သည်။

နှာခေါင်းပေါက်ကို ကြည့်နေသည့် သရဲမှာ လန့်ပြီး ဖယ်သွားသော်လည်း ထန်ထျန်းကျဲကိုပြန်ပြီး မှုတ်ထုတ်ဖို့ ကြိုးစားနေသည်။

'ဖူ...ဖူ..ဖူး..'

ထန်ထျန်းကျဲမှာ ဘာမှမသိဘဲ ရဲယိုရှီးကို နားမလည်စွာ မေးလိုက်သည်။

"ရဲယိုရှီး... မင်း ဘာကြည့်နေတာလဲ"

ရဲယိုရှီး: "ငါ သရဲ ကြည့်နေတာ"

ပြောရင်းနှင့် သူ၏ညာဘက်မျက်လုံးကို ညွှန်ပြလိုက်သည်။

"ငါလည်း အဲဒီ Live ကနေ အနီရောင်စာအိတ် ရထားတယ်၊ သရဲတွေကို မြင်ရတယ်"

ထန်ထျန်းကျဲ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မှ သူငယ် ချင်း၏မျက်ဝန်းမှာ အနီရောင်ဖြစ်နေသည်ကို သတိပြုမိသွားသည်။

"မျက်ကပ်မှန် မဟုတ်ဘူးလား"

"မဟုတ်ဘူး"

" လခွမ်း "

ထန်ထျန်းကျဲ ချက်ချင်းခုန်ထလိုက်သော်လည်း အေးစိမ့်သော လေများကြောင့် စောင်ထဲသို့ ပြန်ဝင်သွားရပြန်သည်။

သရဲရှိနိုင်တယ်လို့ ခန့်မှန်းတာနဲ့ တကယ်ရှိတာကို သိလိုက်ရတာက တစ်ခြားစီပင်။

သူက အသံတိုးတိုးဖြင့် မေးသည်။

"သူတို့... ဘယ်မှာလဲ"

ရဲယိုရှီးက စားပွဲကို ညွှန်ပြလိုက်သည်။

"ဟိုမှာ နှစ်ကောင် ကနေတယ်"

"လှေကားနားမှာလည်း လေးငါးကောင်ဆော့နေတယ်"

ထန်ထျန်းကျဲ စိတ်သက်သာရာ မရခင်မှာပင် ရဲယိုရှီးက သူ့ကိုကြည့်ကာ ပြောလိုက်သည်။

"မင်းဘေးနားမှာ အများဆုံးပဲ၊ နှစ်ကောင်ဆိုရင် မင်းခေါင်းပေါ်မှာ တွဲလောင်းခိုပြီး မင်းကို ကြည့်ပြီး သွားရည်တွေ ယိုနေတယ်"

"အားးးးးး"

ထန်ထျန်းကျဲ တစ်ကိုယ်လုံး ကြက်သီးများထသွားပြီး ဦးရေပြားပင် ထုံသွားတော့သည်။

ထို့နောက်ခေါင်းကို စောင်ထဲ ဝှက်လိုက်ရင်း ဆိုဖာပေါ်မှ ဆင်းကာ တံခါးဝဘက်သို့ ပြေးလာခဲ့သည်။

"မဟုတ်ဘူးလေ... ဘာလို့ ငါ့ဘေးမှာပဲ ကပ်နေကြတာလဲ"

"ငါ သူတို့သင်္ချိုင်းကိုလည်း မတူးပါဘူး"

ရဲယိုရှီး: "ဖြစ်နိုင်တာကတော့ မင်းနဲ့အတူ ကချင်လို့ နေမှာပေါ့၊ လူစည်ကားတာကို သဘောကျလို့ ဖြစ်လိမ့်မယ်"

"မင်းက သင်္ချိုင်းကုန်းမှာတောင် သွားကရဲတာဆိုတော့ သူတို့က မင်းကို သဘောကျနေတာလည်း ဖြစ်နိုင်တယ်"

ထန်ထျန်းကျဲ တစ်ကိုယ်လုံးကို ပွတ်သပ်ရင်း "ဒီလိုမျိုး သဘောကျတာကို ငါ အလိုမရှိပါဘူး"

"ဒါဆိုရင် သရဲမလေးတွေဆိုရင်ရော"

"...... ထားလိုက်ပါတော့၊ လူသားတွေကပဲ ပိုကောင်းပါတယ်"

ရဲယိုရှီးက သူ့ကို တစ်ချက်ကြည့်ကာတွေးလိုက်သည်။ ကယ်လို့တော့ ရဦးမည့်ပုံပင်။

"နောက်ဆို သင်္ချိုင်းကုန်းမှာ သွားကဦးမလား"

"မကတော့ဘူး၊ မကတော့ဘူး သေတောင် မသွားတော့ဘူး"

ထန်ထျန်းကျဲမှာ ခေါင်းကို သွင်သွင်ခါယမ်းနေ၏။

'ထိုအရာသည် သိပ်ကို ကြောက်စရာကောင်းလွန်းသည်'

ထို့နောက်သူသည် ရဲယိုရှီး နောက်ကွယ်တွင် ပုန်းနေရင်း ဧည့်ခန်းကို စိုးရိမ်တကြီး ကြည့်နေသည်။

မမြင်ရသော်လည်း အနေရခက်သည့် ခံစားချက်ကိုတော့ ခံစားနေရသည်။

"ရဲယိုရှီး... မင်းမှာ နည်းလမ်းတစ်ခုခု ရှိတယ် မဟုတ်လား"

ရဲယိုရှီး၏တည်ငြိမ်နေသော အမူအရာမှာ တစ်ခုခုကို သိနေသည့်ပုံပင်

"နည်းလမ်းတော့ ရှိတယ်၊ မင်း သူတို့ကို သူတို့နေရာကို ပြန်ခေါ်သွားပြီး တစ်ခေါက် ထပ်ကပေးလိုက်"

"ကပေးရမယ်... ဘယ်မှာလဲ"

"သင်္ချိုင်းကုန်းမှာ”

🫧 Chapter 82

“……”

ထန်ထျန်းကျဲသည် သူ့သူငယ်ချင်းကို အတည်ပေါက်လားဆိုသည့်မျက်နှာပေးဖြင့် ကြည့်လိုက်သည်။

'သူ တကယ်ပြောနေတာလား'

ထို့နောက် သူငယ်ချင်းဖြစ်သူ၏ မျက်နှာထက်မှ ‘အတည် ပေါက်’ ဖြစ်နေသော အရိပ်အယောင်ကို ဖတ်လိုက်ရသည်။

“သူတို့ မင်းနောက်ကို လိုက်နေတာက ပျော်စရာကောင်းတယ်လို့ ထင်လို့ပဲ”

ရဲယိုရှီးကထပ် ပြောလိုက်သည်။

“မင်း သူတို့ကို တစ်ခေါက်လောက် ထပ်ခေါ်ဆော့လိုက်ဦး၊ ပြီးတော့မှ တစ်ခါတည်း ပြန်ပို့ပေးလိုက်”

“သွားမလား၊ မသွားဘူးလား”

“……”

ထန်ထျန်းကျဲ ခေါင်းခါလိုက်ကာ ငိုချင်လာသည်။

သူ နေလာခဲ့သည့် နှစ်များတစ်လျှောက် အသက် ၁၀ နှစ်အရွယ်တုန်းက ရေတွင်းဟောင်းထဲ တစ်ခါပုန်းမိ၍ အဖေဖြစ်သူ၏ ဖမ်းမိခြင်းကို ခံရကာ သုံးရက်တိုင်တိုင် အကန်ခံခဲ့ရဖူးသည်။

ထိုစဉ်က အမှားသိပြီလား၊ နောက်နောင် လုပ်ဦးမလားဟု အမေးခံရစဉ်ကသာ သူ တစ်ခါ ကြောက် ခဲ့ဖူးခြင်းဖြစ်သည်။

နောက်ပိုင်း အရွယ်ရောက်လာသောအခါ သူ့ကို ထိန်းမည့်သူ မရှိတော့ပေ။

သို့သော် သူငယ်ချင်းဖြစ်သူ၏ ခိုင်မာသော အကြည့်ကို ကြည့်ပြီး ‘သေတောင် မသွားတော့ဘူး’ ဟု ပြောထားသည့် ထန်ထျန်းကျဲမှာ တစ်ဖန်ပြန်၍ ကြောက်သွားပြန်သည်။

“…… သွားမယ်”

ထို့နောက် ရဲယိုရှီး၏ညွှန်ကြားချက်အရ ထန်ထျန်းကျဲသည် သူ၏ တောက်ပြောင်သော အနီရောင်ပြိုင်ကားကို စွန့်ခွာကာ ဘတ်စ်ကားတစ်စီး သွားငှားခဲ့သည်။

ရုတ်တရက် ရဲယိုရှီးက မေးလိုက်သည်။

“ဘတ်စ်ကား မောင်းတတ်လား”

“နည်းနည်းပါးပါး မောင်းတတ်ပါတယ်”

“ဒါဆို မင်းပဲ မောင်း”

“....”

ထန်ထျန်းကျဲ ကြောင်သွားသည်။

“ငါလား”

သူသည် ကားပေါ်ရှိ ဒရိုင်ဘာကို ကြည့်လိုက်သည်။

“ဒါဆို သူကရော”

'အဆင်သင့်ရှိနေသည့် ဒရိုင်ဘာကို အသုံးမပြုဘဲ ဘာကြောင့် သူ့ကို ခိုင်းရတာလဲ'

“…… ငါ ဘာလို့ သူ့အလုပ်ကို လုရမှာလဲ”

သူ တော်တော်ကြာအောင် စဉ်းစားပြီးမှ သူတစ်ပါးအတွက် စာနာထောက်ထားသည့် စကားတစ်ခွန်းကို ညှစ်ထုတ်ပြောလိုက်ခြင်းဖြစ်သည်။

ရဲယိုရှီးကတော့ သူ့ကိုသာ စိုက်ကြည့်နေတော့သည်။

နောက်ဆုံးတွင် ထန်ထျန်းကျဲ မခံနိုင်တော့ဘဲ ဒရိုင်ဘာကို လွှတ်လိုက်ကာ သူကိုယ်တိုင် ကားမောင်းသူနေရာသို့ တက်ထိုင်လိုက်ရတော့သည်။

...

မကြာမီ ညက မှောင်လာခဲ့၏။

မြို့တွင်းရှိ နီယွန်မီးများ လင်းထိန်လာပြီး တစ်မြို့လုံးစည် ကားလာသည်။

တစ်နေကုန် အလုပ်လုပ်ထားသူများမှာလည်း ဤအချိန်တွင် အပန်းဖြေရန် ထွက်လာကြသည်။

ဘားများထဲတွင် နားကွဲမတတ် ကျယ်လောင်သော တေးသီ ချင်းသံများ မြည်ဟည်းနေပြီး ကခုန်သည့်နေရာတွင် လူများမှာ သူတို့၏ ခန္ဓာကိုယ်များကို စိတ်လွတ်ကိုယ်လွတ် လှုပ်ခါနေကြသည်။

မူလက ထန်ထျန်းကျဲသည်လည်း ထိုလူစုထဲမှ တစ်ဦးဖြစ် သည်။

သို့သော် ယခုတော့ သူသည် ဘတ်စ်ကား၏ မောင်းနှင်သူနေရာတွင် ထိုင်နေရသည်။

ပူအိုက်သော ရာသီဥတု ဖြစ်သော်လည်း သူ့ ကိုယ်ပေါ်တွင် အနွေးထည်အထူကြီးကို ဝတ်ဆင်ထားသည်။

ကခုန်ရာတွင် အသုံးပြုမည့် စပီကာနှင့် စက်ပစ္စည်းများကိုလည်း အစောကတည်းက တင်ထားပြီးဖြစ်သည်။

ရဲယိုရှီးသည် ကားဘေးတွင် ရပ်နေရင်း အိမ်ထဲမှ သရဲများမှာ ထန်ထျန်းကျဲနောက်သို့ လိုက်ကာ အိမ်ထဲမှထွက်လာကြသည်ကို ကြည့်နေသည်။

သူတို့သည် တစ်ကောင်ပြီးတစ်ကောင် ကားပေါ်သို့ တက်သွားကြသည်။

"ကောင်းလိုက်တာ ပြန်ထွက်ရဦးမယ်"

"ဟယ်... အရင်တစ်ခေါက်က ကားမဟုတ်တော့ပါလား"

"ဟိုမှာ သေတ္တာအကြီးကြီးကို မြင်တယ်၊ အဲဒါရှိရင် ကလို့ရပြီ"

"သွားကြမယ်ဟေ့ ဆော့ကြမယ်"

သရဲရိပ်များသည် အကြီးအသေး၊ ပိန်ပိန်ဝဝမျိုးစုံဖြင့် ပျော်ရွှင်စွာ ကားပေါ်သို့ ခုန်တက်သွားကြသည်။

"ငါ ဒီကားကို မကြိုက်ဘူး"

ပိန်ပိန်ပါးပါး သရဲရိပ်တစ်ခုက နှုတ်ခမ်းမဲ့ကာ အုပ်စုထဲမှ ခွဲထွက်သွားသည်။

ထိုသရဲမှာ ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးချိန်မှာပင် ရဲယိုရှီး၏ မေ့မြောအောင်လုပ်ခြင်းကို ခံလိုက်ရပြီး ကားပေါ်သို့ ထမ်းတင်ခြင်း ခံလိုက်ရသည်။

“ထွက်ပြီ”

ကလစ်...

ကားတံခါး ပိတ်သွားကာမောင်းထွက်လာခဲ့၏။

ထန်ထျန်းကျဲသည် ကားမောင်းနေရင်း တစ်ချက်တစ်ချက် ရှေ့မှ နောက်ကြည့်မှန်ကို ကြည့်လိုက်ကာ သူ စိုးရိမ်တကြီး မေးလိုက်၏။

“သူ၊ သူတို့ ဘာလုပ်နေကြတာလဲ”

ကားပေါ်ရှိ ထိုင်ခုံများမှာ တစ်ခါတစ်ရံ တကျီကျီမြည်နေပြီး ပြတင်းပေါက်များမှာလည်း အလိုအလျောက် ပွင့်လိုက် ပိတ်လိုက် ဖြစ်နေသည်။

သန်းခေါင်ယံအချိန်ဖြစ်၍ ကြည့်ရသည်မှာ အလွန်ခြောက်ခြားစရာကောင်းလှသည်။

ရဲယိုရှီးသည် လက်ပိုက်ကာ ထိုင်ခုံတွင် ထိုင်နေရင်း “မင်း ကားကိုပဲ သေချာမောင်းစမ်းပါ၊ ဟိုကြည့်ဒီကြည့် မလုပ်နဲ့”

ညာဘက်မျက်လုံးအတွင်းရှိ မီးလျှံမှာ အမြဲလည်ပတ်နေပြီး တက်ကြွနေသော သရဲတစ္ဆေများကို ထင်ဟပ်နေစေသည်။

ထိုသရဲများ ကားပေါ်တက်လာကတည်းက အလွန်စိတ်လှုပ်ရှားနေကြသဖြင့် ခုန်ပေါက်နေကြသဖြင့် အကြိမ်အတော်များများမှာ ကားအမိုးနှင့်ပင် တိုက်မိကြသည်။

“……”

ထန်ထျန်းကျဲ နောက်သို့ ထပ်မကြည့်ရဲတော့ဘဲ ရှေ့လမ်းကိုသာ အာရုံစိုက်ကာ အရင်ကသွားခဲ့သည့် လမ်းကို ပြန်စဉ်းစားပြီး မောင်းနေသည်။

တော်တော်ကြာအောင် မောင်းပြီးနောက် ထန်ထျန်းကျဲသည် ရှေ့မှ မီးရောင်များကို မြင်လိုက်ရသည်။

အနီးကပ်ကြည့်လိုက်သောအခါ ၎င်းသည်လည်း ဘတ်စ်ကားတစ်စီး ဖြစ်နေပြီး အပေါ်တွင် ခရီးသည်များ အလွန်များနေပုံရသည်။

ကားနှစ်စီး ဘေးချင်းယှဉ်ဖြတ်သွားချိန်တွင် တစ်ဖက်ကားမှ ဒရိုင်ဘာက သူ့ကို ပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။

“လမ်းမှာ သတိထားဦးနော်”

ထန်ထျန်းကျဲက အလိုအလျောက် ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ စည်းကမ်းရှိရှိ မောင်းပါ့မယ်ဗျာ”

ထိုဘတ်စ်ကား ဝေးသွားသောအခါမှ သူက ထူးဆန်းစွာ ပြောသည်။

“ဒီသန်းခေါင်ယံကြီးမှာ အဖွဲ့လိုက် ခရီးထွက်နေကြတာလား"

စကားဆုံးသည်နှင့် နောက်ဘက်မှ ရဲယိုရှီး၏အသံထွက်ပေါ်လာ၏

“အဲဒါ လူမောင်းတဲ့ကား မဟုတ်ဘူး”

" .... ”

ထန်ထျန်းကျဲမှာ ဘရိတ်ကို ဝုန်းကနဲ နင်းလိုက်ကာ သူ့ မျက်နှာမှာ ဖြူလျော့သွားပြီး နှလုံးပင် အပြင်သို့ ထွက်ကျမတတ် ခုန်လာသည်။

'ဝေါ့... အဲဒါက သရဲတွေ အပြည့်ပါတဲ့ ကားကြီးလား သရဲကားလား'

ဘရိတ်အုပ်လိုက်သဖြင့် ကားပေါ်တွင် ကခုန်နေသော သရဲများမှာ ရှေ့သို့ အရှိန်ဖြင့် လွင့်စင်လာကြကာ ထန်ထျန်းကျဲနှင့် ရှေ့မှန်ကြီးတို့မှာ သရဲများနှင့် ‘အနီးကပ် ထိတွေ့မှု’ ဖြစ်သွားကြတော့သည်။

ရဲယိုရှီး : “…ခွီး ခွီး…”

ထိုလမ်းတလျှောက်လုံးတွင် ထန်ထျန်းကျဲသည် ဘေးကို လုံးဝမကြည့်တော့ပေ။

ရှေ့လမ်းကိုသာ စိုက်ကြည့်နေပြီး နောက်ထပ် စကားတစ်ခွန်းမှ မပြောရဲတော့ပေ။

ည ၁၂ နာရီတွင်

ဘတ်စ်ကားသည် ယခင်က မြို့ပြင်နေရာတွင် ရပ်တန့်သွားသည်။

သချိုင်း၌ ကားမီးရောင်အောက်တွင် မြေပုံကလေးအချို့ကို ဝိုးတဝါး မြင်နေရသည်။

ထန်ထျန်းကျဲ တုန်တုန်ရင်ရင်ဖြင့် စပီကာကို ဖွင့်လိုက်သော အခါ ချက်ချင်းပင် ကျယ်လောင်ပြီး စည်းချက်ညီသော တေးသီချင်းသံမှာ ဤမြို့ပြင်ကွင်းပြင်ကြီးတွင် ပျံ့လွင့်သွားတော့သည်။

"အိုလေ ကကြမယ်ဟေ့"

"ကကြမယ်၊ ကကြမယ်"

‘မင်းပျော်နေရင် လက်ခုပ်တီး မင်းပျော်နေရင် ခြေထောက်ဆောင့်’

သရဲအုပ်စုမှာ ကားထဲမှ ခုန်ထွက်သွားကြပြီး ကားမီးရောင်အောက်တွင် ပျော်ပျော်ပါးပါးကခုန်ကြတော့သည်။

ထန်ထျန်းကျဲသည် ပတ်ဝန်းကျင်ရှိ လေထုမှာ အနည်းငယ် ပူနွေးလာသလို ခံစားရသော်လည်း အေးစိမ့်စိမ့်တော့ ဖြစ်နေဆဲပင်။

သူက ရဲယိုရှီးကို ဘာဖြစ်တာလဲဟု မေးလိုက်သည်။

ရဲယိုရှီးက သူ့ကို အရက်ပုလင်းတစ်ပုလင်း ကမ်းပေးလိုက်ပြီး “သူတို့က မင်းကို အတူတူ လာကစေချင်နေကြတာ”

“...”

ထန်ထျန်းကျဲ ပါးစပ်အဟောင်းသားဖြင့် မိမိကိုယ်ကိုယ် ပြန်ညွှန်ပြကာ မယုံနိုင်အောင် ဖြစ်နေသည်။

“ငါက သရဲတွေနဲ့ အတူတူ ကရမယ်ပေါ့”

'သူ အခု သရဲရှိမှန်း အသေအချာ သိသွားပြီဖြစ်ရာ ဘယ်လိုလုပ်ပြီး ဆက်ကနိုင်တော့မှာလဲ'

ရဲယိုရှီး “ဒါမှမဟုတ်ရင် သူတို့ မင်းနောက်ကို ပြန်လိုက်လာစေချင်လို့လား”

“……”

ထန်ထျန်းကျဲ သွားကြိတ်ကာ အရက်ပုလင်းကို လှမ်းယူပြီး တစ်ဂုံတည်းနှင့် ကုန်အောင်မော့ချလိုက်သည်။

'သူ့အဖေ သုံးရက်တိုင်တိုင် ရိုက်တုန်းကတောင် ဒီလောက် မကြောက်ခဲ့ဖူးဘူး'

'နောင်ကို ဒီလို အူကြောင်ကြောင်ကိစ္စတွေ လုံးဝ မလုပ်တော့ဘူး'

'နှလုံးရောဂါတောင် ရတော့မယ်'

အရက်တစ်ပုလင်း ကုန်သွားပြီးနောက် ထန်ထျန်းကျဲသည် နောက်ထပ် နှစ်ပုလင်း ဆက်တိုက် ထပ်သောက်လိုက်သည်။

အရက်များ ဗိုက်ထဲရောက်သွားမှ အာရုံကြောများ အနည်း ငယ် လျော့ရဲလာကာသူ၏ ပါးပြင်နှစ်ဖက်မှာ နီရဲလာသည်။

“ ဂေ့....”

သူသည် လျှာလေးလျက်ဖြင့် မီးရောင်အောက်မှ ကွင်းပြင်ဆီသို့ ယိုင်တိုင်တိုင် လျှောက်သွားသည်။

“က... ကရုံပဲ မဟုတ်လား၊ သွား... သွားမှာပေါ့”

“သရဲလေးတို့ရေ မင်းတို့ အဖေကြီး လာပြီဟေ့”

ထန်ထျန်းကျဲသည် မီးရောင်အလယ်တည့်တည့်တွင် ရပ်လိုက်ပြီး အနွေးထည်ကို ချွတ်ကာ ဝှေ့ယမ်းလိုက်သည်။

“လာလေ ကကြမယ်ဟေ့”

"ဝါးးးးး"

"မိုက်တယ် ဆက်ကစမ်း"

သရဲအုပ်စုမှာ ချက်ချင်းစိတ်လှုပ်ရှားသွားကြကာ သီချင်းသံနှင့်အတူ ရူးသွပ်စွာ ကခုန်ကြတော့သည်။

ထိုအခါ ရဲယိုရှီးသည် ကားဘေးတွင် ရပ်နေရင်း မသိမသာ ဖုန်းကို ထုတ်လိုက်ကာ ဗီဒီယို ရိုက်ကူးသည့် ခလုတ်ကို နှိပ်လိုက်သည်။

'အကယ်၍ ဤတစ်ခေါက်ပြီးနောက် ထန်ထျန်းကျဲက စကားပြန်ဖျက်ပြီး အရင်လို ဆက်ပြီး ပေါက်ကရလုပ်နေဦးမည်ဆိုလျှင်……'

'ဖုန်းမျက်နှာပြင်ပေါ်တွင် ထန်ထျန်းကျဲမှာ ခါးကို လှုပ်ခါနေရင်း အဝတ်အစားများကို ချွတ်ကာ ဝှေ့ယမ်းနေ၏'

ပါးပြင်နှစ်ဖက်မှာ နီရဲနေပြီး ခေါင်းကို ခါယမ်းကာ ပါးစပ်မှလည်း အော်ဟစ်နေသည်။

“ဝူးးးး ဟေး ခုန်ကြစမ်း”

...

နောက်တစ်နေ့

ထန်ထျန်းကျဲ ကုတင်ပေါ်တွင် ဟောက်ပြီး အိပ်ပျော်နေသည့်အချိန်တွင် ရဲယိုရှီးသည် အစားအစာအပြည့်ပါသော အိတ်တစ်အိတ်ကိုယူကာ မနေ့က ကွင်းပြင်သို့ ရောက်လာခဲ့သည်။

ကခုန်ရုံသက်သက်ဖြင့် ထိုသရဲများကို လုံးဝ စိတ်ကျေနပ်အောင် လုပ်နိုင်မည် မဟုတ်ပေ။

သူ ထန်ထျန်းကျဲကို ထိုသို့ လုပ်ခိုင်းခြင်းမှာ တစ်ဖက်က သရဲများကို ပြန်ခေါ်သွားရန်ဖြစ်ပြီး နောက်တစ်ဖက်ကတော့ ထန်ထျန်းကျဲကို သင်ခန်းစာပေးချင်သောကြောင့် ဖြစ်သည်။

ဒီထက်ပိုပြီး သူပေါက်ကရ လုပ်နေဦးမည်ဆိုလျှင် အသက် ပါပေးရလိမ့်မည်။

အရင်က ‘တတိယမြောက်မျက်လုံး’ ကို အသုံးပြု၍ နေရာအနှံ့ စမ်းသပ်စူးစမ်းစဉ်က ရဲယိုရှီး ရှာဖွေတွေ့ရှိခဲ့သည်မှာ နေ့စဉ်ဘဝထဲတွင် အချို့သော ပစ္စည်းများမှာ သရဲတစ္ဆေများ အလွယ်တကူ မချဉ်းကပ်ရဲသည့် အရာများ ရှိနေတတ်သည်။

ဥပမာအားဖြင့်၊ တစ်သက်လုံး ရဲအရာရှိ လုပ်လာသူတစ်ဦး ကိုယ်နှင့်မကွာ ဆောင်ထားသည့် သော့ချိတ်၊ ဆယ်စုနှစ်ပေါင်းများစွာ ဆရာလုပ်လာပြီး ဖြောင့်မတ်မှန်ကန်သော စိတ်ဓာတ်ရှိသူ အမြဲသုံးသည့် စုတ်တံကိ့သို့သော ပစ္စည်းများသည် အမျိုးမျိုး ရှိကြပြီး တွေ့ရခဲသည်။

ရဲယိုရှီးသည် သုတေသနပြုရန်အတွက် အချို့ကို ရွေးချယ် စုဆောင်းထားသည်။

ထို့နောက် သူသည် ကွင်းပြင်တွင် ရပ်နေရင်း သူသည် မနေ့ညက သရဲများကို အရင်ဆုံး ‘နားချ’ လိုက်သည်။

သူတို့ လက်ခံသွားပြီးနောက်မှ သူသည် အိတ်ထဲမှ အစား အစာဘူးကို ထုတ်လိုက်သည်။

ထို့နောက် မှတ်တမ်းစာအုပ်နှင့် ဘောပင်တစ်ချောင်းကို ထုတ်ယူကာ မေးလိုက်၏။

“စားချင်လား”

“ဒါဆို လာ... တန်းစီပြီး ကိုယ့်နာမည်က ဘယ်သူ၊ အသက်ဘယ်လောက်၊ ဘယ်ကလာတာလဲဆိုတာ ပြောပြကြဦး……”

All Chapters