အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
🫧 Chapter 83
ငရဲပြည်....
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် နေရာအနှံ့ စုံစမ်းမေးမြန်းပြီးနောက် ကျန်းလင်၏ သစ်သားအိမ်လေးရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုအမျိုးသားမှာ သန်မာထွားကြိုင်းသော ကိုယ်ခန္ဓာရှိပြီး ရိုးသားအေးဆေးသော ရုပ်ရည်ရှိ၏။
သူသည် ရှေ့ရှိ သစ်သားအိမ်လေးကို ကြည့်ကာ တံခါးခေါက်ရန် လက်လှမ်းလိုက်သော်လည်း ခဏစဉ်းစားပြီးနောက် လက်ကိုပြန်ရုပ်ကာ လက်နှစ်ဖက်ကို အင်္ကျီလက်စွပ်ထဲ ထည့်ပြီး ပိုက်ထားလိုက်သည်။
အကယ်၍ အရှင်ကျန်းဝူချန် (ပိုင်ဝူချန်အစား မျိုးရိုးနာမည်တပ်၍ ကျန်းဝူချန် ဟုခေါ်ခြင်း) အလုပ်ရှုပ်နေလျှင် သွား ရောက်နှောင့်ယှက်မိပါက မကောင်းပေ။
ထိုအမျိုးသားသည် သစ်သားအိမ်ရှေ့တွင် ခေါက်တုံ့ခေါက် ပြန် လမ်းလျှောက်ရင်း အိမ်ကလေးကို ခဏခဏလှမ်းကြည့်နေခဲ့သည်မှာ နှစ်နာရီကျော် သုံးနာရီခန့် ကြာသွားလေသည်။
သူသည် ကျောက်ခုံတစ်ခုကို ရှာဖွေထိုင်လိုက်ပြီး လယ်သမားတစ်ယောက်ကဲ့သို့ လက်ပိုက်ကာ စောင့်ဆိုင်းနေတော့သည်။
အတန်ကြာ၍ ကျန်းလင် ပြန်ရောက်လာချိန်မှသာ ထိုမြင်ကွင်းကို မြင်လိုက်ရသည်။
၎င်းတို့၏ သစ်သားအိမ်များသည် လူ့လောကနှင့်မတူဘဲ တံခါးသော့နှင့် သော့ခလောက် မလိုအပ်ပေ။
၎င်းတို့ကိုယ်ပိုင်ရှိသော ဝိညာဉ်စွမ်းအင် သည် အကောင်းဆုံးသော 'သော့နှင့် သော့ခလောက်' ပင် ဖြစ်သည်။
အကယ်၍ တံခါးဖွင့်သည့် ဝိညာဉ်စွမ်းအင်နှင့် အိမ်ရှင်၏ ဝိညာဉ်စွမ်းအင် မကိုက်ညီပါက ဖွင့်၍မရနိုင်ပေ။
ထို့ပြင် အင်အားကြီးမားသူဖြစ်ပါက တံခါးကို အတင်းအဓမ္မ ရိုက်ချိုးဖွင့်ရန် ဖြစ်နိုင်ချေရှိသော်လည်း ထိုသို့ပြုလုပ်ပါက ဤလူနေရပ်ကွက်တစ်ခုလုံးတွင် အချက်ပေးသံများ မြည်ဟီးသွားမည်ဖြစ်သည်။
ရှေးယခင်က မရဏတမန်နှစ်ဦး ရန်ဖြစ်ကြပြီး လူနေအိမ်ခြေ တော်တော်များများကို ဖျက်ဆီးပစ်ခဲ့ကြသည်ဟု ကောလ ဟာလများ ရှိခဲ့သည်။
ထိုမရဏတမန်နှစ်ဦး သတိမထားမိခင်မှာပင် ရောက်ရှိလာသော မရဏတမန်အုပ်စုကြီး၏ဝိုင်းရံခြင်းကို ခံလိုက်ရသည်။
မရဏတမန်အုပ်စုကြီးက သူတို့ကိုကြည့်နေသည့် အကြည့်များမှာ "တိုက်လေ ဆက်တိုက်ကြစမ်း" ဟု ပြောနေသကဲ့သို့ပင်။
ထိုအကြည့်များကြောင့် မရဏတမန်နှစ်ဦးမှာ ကြောက်လန့်တုန်ရင်သွားပြီး ဝိုင်းရိုက်ခံရတော့မည့်အခြေအနေသို့ဆိုက် ရောက်သွားသည်။
ထိုကိစ္စနောက်ပိုင်းတွင် လမ်းကြုံသွားသည့် ယမမင်းကြီးက ၎င်းတို့ကို ဖမ်းဆီးကာ အပင်ပန်းခံ အလုပ်ကြမ်းလုပ်ရန် ခေါ်ဆောင်သွားသည်ဟု ဆိုကြသည်။
အခုထိ အလုပ်ကြမ်းလုပ်နေရတုန်းလား၊ ၎င်းတို့နှစ်ဦး၏ ပဋိပက္ခ ပြေလည်သွားပြီလားဆိုသည်ကိုမူ မည်သူမျှ မသိကြတော့ပေ။
ကျောက်ခုံပေါ်တွင်ထိုင်နေသော အမျိုးသားမှာထိုအကြောင်း များကို သိပုံမရဘဲ သူရှာနေသည့် သစ်သားအိမ်တံခါး ပွင့်သွားသည်ကို မြင်လိုက်ရ၍ သူသည် အလျင်အမြန် ထရပ်ကာ စကားပြောရန်ပြင်လိုက်သော်လည်း အိမ်တံခါးမှာ ပြန်ပိတ်သွားလေသည်။
ထို့ကြောင့် သူသည် ခေါင်းကိုကုပ်ကာ တံခါးဝတွင် ဟိုဒီလျှောက်နေမိသည်။ နောက်ဆုံးတွင် ကျန်းလင် တံခါးဝမှ လှုပ်ရှားမှုကို သတိပြုမိသွားပြီး တံခါးကို ပြန်ဖွင့်ပေးကာမေးလိုက်၏
"မင်း ငါ့ကို လာရှာတာလား"
အမျိုးသားမှာ လန့်သွားပြီးနောက် အားနာစွာဖြင့် လက်ဝါးချင်း ပွတ်သပ်ရင်း
"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ ၊ အရှင်ကျန်းဝူချန်က အိပ်မက်ပေးလို့ရတယ်လို့ ကြားရလို့ ကျွန်တော့်ကို ကူညီပေးပါဦးလို့ လာတောင်းဆိုတာပါ"
ကျန်းလင်က တစ်ချက်ကြည့်ရုံဖြင့် သူ့ ဝိညာဉ်အခြေအနေကို သိမြင်လိုက်သည်။
သိသာသည်မှာ ငရဲပြည်သို့ရောက်ရှိလာသည်မှာ မကြာသေးပေ။
လွန်ခဲ့သော ရက်အနည်းငယ်ကပင် လူတစ်ယောက်သည် စွဲလမ်းမှုကြောင့် အဝါရောင်ရေပန်းလမ်းမှ ထွက်ခွာသွားသည်ဟု သတင်းကြားခဲ့ရသည်။
လူ့လောကမှ ကိစ္စများမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ သေပြီးသားလူက ဘာကြောင့် ပြန်လည်စပ်စုနေရသနည်း။
ထိုသို့ဆိုသော်ငြားလည်း၊ လူ့လောကနှင့် ငရဲပြည်သို့နှစ်ပေါင်းများစွာ ကူးချည်သန်းချည် ပြုလုပ်နေပြီး အိပ်မက်ပေးခြင်းကို အချိန်ပိုင်းအလုပ်အဖြစ် လုပ်ကိုင်ခဲ့ဖူးသော ကျန်းလင်သည် ထိုအကြောင်းရင်းကို ကောင်းကောင်းသိသည်။
ဤလူ့လောကတွင် ဝိညာဉ်များကို စွဲလမ်းစေနိုင်သော အရာများမှာ... များလည်းမများသလို၊ ရှုပ်ထွေးသည်ဟု ဆိုနိုင်သော်လည်း ရိုးရှင်းလှသည်။
၎င်းတို့ကို မမေ့မလျော့ဖြစ်အောင် ဆွဲဆောင်နိုင်သည့် အရာမှာ အနည်းငယ်သာရှိသည်။
သို့သော် ထိုအရာအနည်းငယ်ကြောင့်ပင် သူ မရဏတမန် လုပ်သက် နှစ်ပေါင်းရာချီအတွင်း လူများစွာသည် ထိုအရာများတွင် ပိတ်မိနေသည်ကို မြင်တွေ့ခဲ့ရသည်။
သူတို့သည် သံသရာမှ မလွတ်မြောက်နိုင်ဘဲ နောက်ဘဝသို့ မကူးပြောင်းနိုင်ကြပေ။
သို့သော် ကျန်းလင်မှာမူ ထိုခံစားချက်ကို ကောင်းကောင်း နားမလည်ပေ။
မိမိကိုယ်ကိုယ် ဆင်းရဲလွန်း၍ သေသွားခဲ့ခြင်းဖြစ်နိုင်သည်ဟု သိထားသော်လည်း ငွေကြေးအပေါ် သူ့တပ်မက်မှုမှာ ထိုမျှအထိ ရူးသွပ်လောက်အောင် မရှိခဲ့ပေ။
သူ့တွင်ရှိနေသော ပန်းတိုင်များနှင့် ရှေ့ဆက်ရမည့်လမ်း ကြောင်းများမှာလည်း သူ့ဘဝကို အနည်းငယ် အသက်ဝင်စေရန်နှင့် မျှော်လင့်ချက်လေးရှိစေရန်အတွက်သာ ဖြစ်သည်။
တစ်နေ့တွင် သူသည် ထိုခံစားချက်ကို နားလည်လာနိုင်သလို၊ ထာဝရ နားမလည်ဘဲလည်း နေသွားနိုင်ပေသည်။
ကျန်းလင်သည် ရှေ့မှအမျိုးသားကို ကြည့်လိုက်ပြီးနောက် Live လွှင့်သည့် ကြာချိန်ကို စစ်ဆေးလိုက်သည်။
"ကောင်းပြီ၊ သွားကြစို့"
သူသည် ယခုနောက်ပိုင်းတွင် ဤအချိန်ပိုင်းအလုပ်ကို လုပ်ခဲသော်လည်း အားလပ်ချိန်တွင်မူ ကူညီပေးလေ့ရှိသည်။
၎င်းမှာ လက်လှမ်းတမီ လုပ်ပေးနိုင်သည့် ကိစ္စသာဖြစ် သည်။
ဒုတိယအချက်မှာ Live လွှင့်ခြင်း၏ နေ့စဉ်တာဝန်များကို ပိုမိုပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်ဖြစ်သည်။
မကြာသေးမီက တာဝန်သစ်များ မရရှိသေးသဖြင့် ကျန်းလင်က မိမိတွင် တစ်ခုခု လိုအပ်ချက်ရှိနေသလားဟု တွေးတောနေမိသည်။
'ရမှတ်များလား'
'အစွမ်းလား '
'ဒါမှမဟုတ် နေ့စဉ်တာဝန်တွေ လုပ်တာ မလုံလောက်သေးလို့လား'
သူသည် အရာအားလုံးကို ပိုမိုစုဆောင်းရန်သာတတ်နိုင် သည်။
ထိုအချိန်ကျလျှင် အကြောင်းရင်းကို သိလာရလိမ့်မည်။
"ကျေးဇူးတင်ပါတယ် အရှင် ကျေးဇူးအများကြီးတင်ပါတယ်"
အမျိုးသားမှာ စိတ်လှုပ်ရှားစွာဖြင့် လက်များကိုပွတ်သပ်ရင်း တတွတ်တွတ် ကျေးဇူးတင်နေတော့သည်။
...
[ဒါက ဘယ်နေရာလဲ]
[Live က ပွင့်နေတာလား၊ ပိတ်နေတာလား]
Live မြင်ကွင်းထဲတွင် အလင်းရောင် တစ်စက်မျှ မရှိပေ။
ယခုမှ စတင်ဝင်ရောက်လာသော ကြည့်ရှုသူ များမှာ Live မလွှင့်ရသေးဟု ထင်မှတ်နေကြသည်။
စောစောကတည်းက ရောက်ရှိနေပြီး မှန်ဘီလူးဖြင့် သေချာကြည့်နေသူများက ဝင်ပြောလိုက်ကြသည်။
[အသစ်ရောက်လာတဲ့သူတွေ မစိုးရိမ်နဲ့၊ Live လွှင့်နေပြီ]
[သေချာကြည့်၊ ကုတင်ပေါ်မှာ လူတစ်ယောက် လှဲနေတယ်]
[လူ...ကုတင်...ဘယ်မှာလဲ]
[ငါ ကန်းနေတာလား၊ ဘာမှမမြင်ရပါလား]
Live ထဲတွင် မှောင်အတိကျနေပြီး ကြည့်ရှုသူများမှာ မျက် လုံးပြူးကာ အကြာကြီးကြည့်ပြီးမှ အခန်း၏ပုံရိပ်လွှာကို မြင်ကြရသည်။
ထို့နောက် အခန်းထဲမှ ကုတင်ပုံရိပ်ကို ရှာတွေ့သွားကြသည်။
[ဘာတွေဖြစ်နေတာလဲ (Hidden Object Game) ဆော့ရင်တောင် ဒီလောက် မျက်စိမညောင်းဘူး]
[Host က အိပ်မက်ပေးဖို့ လာတာတဲ့]
[အပေါ်ကလူ၊ ဒါက အိပ်မက်ထဲမှာလား၊ အိပ်မက်အပြင်မှာလား]
...
ဒေါက် ဒေါက်...
အိပ်ခန်းတံခါးကို လာခေါက်သံ ကြားလိုက်ရသည်။
ကျန်းလင်သည်လည်း comment များကို သတိပြုမိသဖြင့် လက်ကိုဆန့်ကာ Live ၏ အလင်းအမှောင် အချိုးအဆကို ချိန်ညှိပေးလိုက်သည်။
ချက်ချင်းပင် အိပ်ခန်းတစ်ခုလုံး၏ပုံရိပ်မှာ ထင်ထင်ရှားရှား ပေါ်ထွက်လာ၏။
ကုတင်ပေါ်တွင် အရပ်ရှည်ရှည်ပိန်ပိန်ပါးပါး လူရိပ်တစ်ခု လဲလျောင်းနေသည်မှာ အမှန်ပင်။
ရုပ်ရည်မှာ နုနယ်သေးပြီး အသက် (၁၇)၊ (၁၈) ခန့်သာ ရှိဦးမည်။
မျက်လုံးအောက်တွင် အညိုရောင်ကွင်းကြီးနှစ်ခုရှိနေပြီး မေးစေ့တွင် မုတ်ဆိတ်မွေးစလေးများရှိနေကာ ဆံပင်များမှာလည်း ငှက်သိုက်ကဲ့သို့ ရှုပ်ပွနေသည်။
အိပ်ခန်းတစ်ခုလုံးသည်လည်း ထိုလူငယ်ကဲ့သို့ပင် စိတ်ဓာတ်ကျဆင်းနေသည့် ပုံရိပ်ကိုဖော်ပြနေသည်။
ထို့နောက် တံခါးအပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာသည်"ချန်ချန်ရေ... ထမင်းစားရအောင်လေ"
ထိုအသံမှာ တစ်ခုခုကို နှောင့်ယှက်မိမှာ စိုးရိမ်နေသကဲ့သို့ အလွန်ညင်သာလွန်းလှသည်။
အချိန်အတော်ကြာသည်အထိ တုံ့ပြန်မှုမရရှိသဖြင့် တံခါးအပြင်ဘက်မှ သက်ပြင်းချသံတစ်ခုကြားလိုက်ရသည်။
ကုတင်ပေါ်တွင် လူငယ်သည် မျက်လုံးပြူးကာ အခန်းမျက် နှာကျက်ကို စိုက်ကြည့်နေပြီး စကားတစ်လုံးမျှ မပြောပေ။
အသက်ရှင်နေထိုင်ခြင်းသည် သူ့အတွက် အဓိပ္ပာယ်မဲ့သွားပုံရသည်။
မိမိဘာကြောင့် အသက်ရှင်နေရသလဲဆိုသည်ကိုပင် သူ မသိတော့ပေ။
'သူတစ်ပါးကို ဒုက္ခပေးဖို့ အသက်ရှင်နေတာလား'
'မိသားစုကို နာကျင်စေဖို့ အသက်ရှင်နေတာလား'
'သူလိုလူက ဘာကြောင့် အသက်ရှင်နေရသေးတာလဲ'
'လေထုကို ဖြုန်းတီးနေတာ မဟုတ်ဘူးလား'
' အစားအစာတွေကို ဖြုန်းတီးနေတာ မဟုတ်ဘူးလား'
[သူ ဘာဖြစ်နေတာလဲ]
[မင်းတို့ သတိထားမိလားမသိဘူး၊ သူ့လက်ကောက်ဝတ်မှာ အမာရွတ်တွေ ရှိနေတယ်]
[ကြည့်ပါဦး၊ ကြည့်ပါဦး]
Live အလင်းရောင် လင်းလာပြီးနောက် အနုစိတ်ကြည့်တတ်သော ကြည့်ရှုသူများက လူငယ်၏လက်ကောက်ဝတ်တွင် အနက် မညီသော ဒဏ်ရာရာများကို တွေ့ရှိသွားကြသည်။
၎င်းမှာ တစ်ခုခုဖြင့် လှီးဖြတ်ထားသည့် ပုံစံမျိုးဖြစ်သည်။
၎င်းက ကြည့်ရှုသူများကို အကြောင်းအရာများစွာ တွေးတောစေခဲ့သည်။
[တကယ်တော့ ငါလည်း အရင်က တစ်ချိန်တုန်းက ဒီလိုပါပဲ။ အခန်းထဲမှာပဲ အောင်းနေချင်တယ်၊ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး၊ ဘာမှလည်း မကြားချင်ဘူး]
[ကိုယ့်ကိုကိုယ် နာကျင်အောင် လုပ်တာလား ]
[ငါ ဆယ်ကျော်သက်တုန်းကလည်း အဖေ၊ အမေနဲ့ ရန်ဖြစ်တိုင်း ငါ ဘာလို့ အသက်ရှင်နေရသလဲဆိုတာကို နားမလည်နိုင်ခဲ့ဘူး.]
[ဒါပေမဲ့ တဖြည်းဖြည်း ကြီးပြင်းလာပြီး အတွေ့အကြုံတွေ များလာတော့မှ အချို့ကိစ္စတွေကို မြင်လာရတယ် ၊မိဘတွေကလည်း သင်ယူနေရဆဲ လူသားတွေပါပဲ၊ သူတို့က ငါတို့ထက် နှစ်အနည်းငယ် ပိုရှင်သန်ခဲ့ရရုံပါပဲ]
ဆယ်ကျော်သက်အရွယ်ကို ဖြတ်ကျော်ခဲ့ပြီး အရာရာကို နားလည်လာကြသည့် ကြည့်ရှုသူများက မှတ်ချက်ပေးရင်း ဝေမျှနေကြသည်။
ငယ်စဉ်က မိဘများသည် ကောင်းကင်ကြီးဟု ထင်မှတ်ခဲ့ကြသည်။
မိဘနှင့် ရန်ဖြစ်လျှင် ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ခံစားရတတ်သည်။
ကြီးပြင်းလာပြီး မိမိဘာသာ အိမ်ထောင်စုတစ်ခုကိုထိန်း ကျောင်းလာရချိန်မှသာ ယခင်က သတိမထားမိခဲ့သည့် အရာများကို မြင်တွေ့လာရပြီး အရင်မမြင်ခဲ့ဖူးသည်များကို မြင်လာရသည်။
'တကယ်တော့ မိဘတွေဟာလည်း အရာရာကို တတ်နိုင်တဲ့ နတ်ဘုရားတွေ မဟုတ်ကြပါဘူး'
ကြည့်ရှုသူများ စိတ်လှုပ်ရှားစွာ ပြောဆိုနေကြစဉ်မှာပင် Host ရုတ်တရက် လှုပ်ရှားလိုက်သည်ကို မြင်လိုက်ကြရသည်။
ကျန်းလင်သည် ကုတင်ပေါ်မှလူမှာ ချက်ချင်း အိပ်ပျော်မည့်ပုံမပေါ်သဖြင့် ရှေ့သို့တက်ကာ လူငယ်၏ အပေါ်တည့်တည့်တွင် ရပ်လိုက်သည်။
သူ၏လက်ထဲတွင် ဝိညာဉ်ခေါ်တံပိုးပေါ်လာကာ ဝိညာဉ် စွမ်းအင်များသည် တံပိုး၏ပတ်ပတ်လည်တွင် စုစည်းလာပြီး ဝူးခနဲမြည်သံများ ထွက်ပေါ်လာ၏။
ဝိညာဉ်ခေါ်တံပိုးကို ဝေ့ယမ်းလိုက်သည်နှင့် ကုတင်ပေါ်မှ လူငယ်မှာ မျက်ခွံများလေးလံလာပြီး အိပ်မက်ကမ္ဘာထဲသို့ တဖြည်းဖြည်း ဝင်ရောက်သွားတော့သည်။
အနက်ရောင် မြူခိုးတစ်စုသည်လည်း တံပိုးမှထွက်ခွာကာ လူငယ်၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေတော့သည်။
🫧 Chapter 84
အိပ်မက်ထဲတွင်
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဘာမျှမရှိသော ဟာလာဟင်းလင်း ပြင်ကြီးဖြစ်နေ၏။
လူငယ်လေးသည် မြေပြင်ပေါ်တွင် ထိုင်နေပြီး ပတ်ဝန်းကျင် အခြေအနေကို သတိမမူမိပေ။
စိတ်ထဲမှ အတွေးပေါင်းစုံကသာ အတိုင်းအဆမရှိ ကျယ်လောင်လာ၏။
'သူ သေလို့မဖြစ်ဘူး၊ အမေ စိတ်ဆင်းရဲရလိမ့်မယ်'
'ဒါပေမဲ့ သူ အသက်ရှင်နေရင်လည်း မိသားစုကို နာကျင်စေမိလိမ့်မယ်'
' သူ ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ...'
"ဖန်ကျားချန် မင်း ဒီကောင်စုတ်လေး ဘာတွေလုပ်နေတာလဲ"
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ဖန်ကျားချန် တုန်ရင်သွားသည်။
တစ်စုံတစ်ယောက်က သူ့ကို ဆူပူကြိမ်းမောင်းလိုက်၍ မဟုတ်ဘဲ ထိုအသံသည် သူ့အတွက် အလွန်ရင်းနှီးနေသောကြောင့် ဖြစ်၏။
ထိုအသံသည် လွန်ခဲ့သော ရက်များစွာက သူ အကြိမ်ကြိမ် ပြန်လည်သတိရနေခဲ့သော အသံပင်။
"အဖေ"
ဖန်ကျားချန်သည် နောက်သို့ ဖြတ်ခနဲ လှည့်ကြည့်လိုက်သည်။
ရင်းနှီးလှသော ထိုပုံရိပ်ကို မြင်လိုက်ရချိန်တွင် မျက်ရည်များက အလိုအလျောက် ဝေ့တက်လာချေပြီ။
"အဖေ... တကယ်ပဲ အဖေလား"
သူ့အသံတွေ တုန်ရင်နေပြီး ခန်းခြောက်သွားပြီဟု ထင်ထားသော မျက်ရည်များက တောက်တောက် တောက်တောက် ကျလာတော့သည်။
သူသည် မိမိကိုယ်ကိုယ် အလွန်ပင် ဆိုးသွမ်းလွန်းလှသဖြင့် အဖေက သူ့ကို ထပ်မတွေ့ချင်တော့တာလားဟု တွေးခဲ့ဖူးသည်။
သို့မဟုတ်ပါက အဖေ ထွက်ခွာသွားပြီးကတည်းက ဘာကြောင့် တစ်ကြိမ်တစ်ခါမျှ အိပ်မက်ထဲ ထည့်မမက်ရသနည်း။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ် အဖေ သား အဲဒီနေ့က အဖေနဲ့ စကားများခဲ့တာ မမှားသင့်ဘူး..."
"သားက လူညံ့ပါ၊ အဖေ ပြောတာမှန်ပါတယ်၊ သားလိုလူက ဘယ်လိုမှ ထူးချွန်လာမှာ မဟုတ်ဘူး၊ သားက အသုံးမကျတဲ့ အကောင်ပါ"
"အဖေနဲ့ စကားမများခဲ့သင့်ဘူး၊ တောင်းပန်ပါတယ် အဖေ... တောင်းပန်ပါတယ်..."
ဖန်ကျားချန်သည် အနားသို့ တိုးသွားချင်သော်လည်း မဝံ့မရဲ ဖြစ်နေ၏။
သူသည် ရပ်နေသည့် နေရာမှာပင် မိမိ၏ဆံပင်များကို ဆွဲဖွပြီး လွန်ခဲ့သောရက်များအတွင်း ခံစားခဲ့ရသည့် နောင်တအားလုံးကို ဖွင့်ထုတ်လိုက်တော့သည်။
အကယ်၍သာ သူ စကားနားထောင်ပြီး ရည်းစားမထားခဲ့လျှင် အဖေ စိတ်ဆိုးမည် မဟုတ်ပေ။
စကားများကြမည် မဟုတ်သလို၊ နောက်ပိုင်းတွင် အဖေက သူ့ကို ကာကွယ်ရင်းကားတိုက်ခံရပြီး သေဆုံးရသည့်အထိ ဖြစ်လာမည် မဟုတ်ပေ။
လွန်ခဲ့သော ရက်များအတွင်း သူသည် အကြိမ်ကြိမ်နောင်တ ရနေခဲ့သော်လည်း ထိုနောင်တသည် အဖေ့ဆီသို့ ဘယ်တော့မှ ရောက်ရှိနိုင်တော့မည် မဟုတ်ကြောင်း သူ သိနေခဲ့သည်။
သူသည် အမှားလုပ်ထားသော သုံးနှစ်သားအရွယ် ကလေးငယ်တစ်ဦးကဲ့သို့ ရပ်နေရင်း ငိုကြွေးနေတော့သည်။
ကြောက်လန့်တုန်ရင်နေပြီး လုံခြုံမှုမရှိသလို ခံစားနေရ၏။
ရှေ့ရှိ ရင်းနှီးလှသော ခံ့ညားသည့် ပုံရိပ်သည် သူ့အတွက် ကောင်းကင်ကြီးပင် ဖြစ်သည်။
ထိုပုံရိပ်ရှိနေ၍သာ သူသည် ဘာကိုမျှ ဂရုမစိုက်ဘဲ ထင်ရာစိုင်းခဲ့ခြင်းဖြစ်သည်။
သို့သော် မကြာသေးမီက ထိုကောင်းကင်ကြီးကို သူကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့မိလေပြီ။
"အဖေ... တောင်းပန်ပါတယ်... အဖေ ပြန်လာလို့ရမလား..."
"ဒီကောင်လေး ခေါင်းမော့ပြီး ကြည့်စမ်း"
မလှမ်းမကမ်းတွင် ရပ်နေသော လူလတ်ပိုင်း အမျိုးသားသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ မျက်ဝန်းများမှာလည်း နီရဲနေ၏။
"သေချာကြည့်စမ်း၊ ငါက မင်းရဲ့အဖေကွ အဖေက သားကို ကာကွယ်ပေးတာ သဘာဝတရားပဲ"
"ငါ့သားက အသုံးမကျတဲ့လူ မဟုတ်ဘူး အဲဒီကောင်မလေးတွေမှာသာ ကံမရှိတာ"
ထိုနေ့မနက်က သူ ဖုန်းတစ်လုံး လက်ခံရရှိခဲ့သည်။ တစ်ဖက်လူက သူ့သားရည်းစား၏အမေဖြစ်ကြောင်း၊ သူ့သားကို သူမသမီးအား ထပ်မနှောင့်ယှက်ရန် ပြောပေးဖို့ဖြစ်ပြီး သူမတို့က နောင်တွင် နိုင်ငံခြားသို့သွားကြမည်ဟု ဆိုသည်။
ထိုမာနကြီးလှသော လေသံမှာ သူ့သားက သူမသမီးနှင့် မထိုက်တန်ကြောင်း တိုက်ရိုက်ပြောနေသကဲ့သို့ပင်။
၎င်းသည် ကလေးများကို ငယ်ငယ်ရွယ်ရွယ်နှင့် ရည်းစားမထားစေချင်သော်လည်း သူ့သား ကောင်း၊ မကောင်းကို သူစိမ်းတစ်ယောက်က မည်သို့ဝေဖန်ခွင့်ရှိမည်နည်း။
"မင်းအဖေ ငါက အဲဒီတုန်းက သူမကို ပြောလိုက်တယ်၊ ငါ့သားက အတန်းထဲမှာ အဆင့် (၁၀) အတွင်းဝင်တယ်၊ ရုပ်ရည်ကလည်း မဆိုးဘူး၊ ဘာလို့ ငါ့သားက မင်းသမီးကို လိုက်နှောင့်ယှက်ရမှာလဲ ဆိုပြီးတော့ပေါ့"
"မင်းက တော်လွန်းလို့ မင်းသမီးကများ ငါ့သားကို ကြိုတင်ပြီး လက်ဦးမှုယူထားချင်တာ မဟုတ်ဘူးလားလို့တောင် ပြန်ပြောလိုက်သေးတယ်"
လူလတ်ပိုင်းအမျိုးသားသည် လက်သီးကို တင်းတင်းဆုပ်ကာ ပုံမှန်အချိန်တွင် ထုတ်မပြောဖြစ်သော စကားများကို တစ်ခါတည်း အကုန်ပြောချလိုက်သည်။
နောက်ပိုင်းတွင် သူ ပြန်စဉ်းစားမိသည်မှာ ယခုရလဒ်သည် သူတို့ သားအဖကြားက ဆက်ဆံရေးပုံစံကြောင့်လည်း ပါဝင်နေခြင်းဖြစ်သည်။
အကယ်၍သာ သူတို့နှစ်ဦးစလုံး ကောင်းကောင်းမွန်မွန် စကားပြောနိုင်ခဲ့ကြလျှင် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာမည် မဟုတ်ပေ။
အဝါရောင်ရေပန်းလမ်းပေါ် လျှောက်လှမ်းနေစဉ် သူ စဉ်းစားနေမိသည်မှာ သူ ဤအတိုင်း ထွက်မသွားနိုင်သေးကြောင်းပင်။
သို့မဟုတ်ပါက ထိုကောင်လေးသည် တစ်သက်လုံး မိမိကိုယ်ကိုယ် အပြစ်တင်နေပါတော့မည်။
သူ သေသွားခဲ့ပြီဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်သူများမှာမူ ကောင်းကောင်းမွန်မွန် ဆက်လက် ရှင်သန်နေထိုင်ကြရပေမည်။
"..."
ဖန်ကျားချန်သည် ခေါင်းကိုဖြည်းညှင်းစွာ မော့လိုက်ပြီး အဖေ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
အသက် (၁၀) နှစ်နောက်ပိုင်း အဖေက သူ့ကို ချီးကျူးစကား ပြောသည်မှာ ယခု ပထမဆုံးအကြိမ်ပင်။
အလယ်တန်း ရောက်သည့်အခါတွင် သားအဖနှစ်ဦးကြား ဆက်ဆံရေးက ပိုနည်းပါးလာခဲ့သည်။
တစ်ခါတစ်ရံ စကားတစ်ခွန်း၊ နှစ်ခွန်း ပြောမိရုံနှင့်ပင် စကားများကြရသည်။
အဖေက သူ့ကို နားမလည်ဘဲ အထင်သေးနေသည်ဟု သူ အမြဲထင်ခဲ့သဖြင့် အဖေ့ကို အမြဲတမ်း ဆန့်ကျင်ခဲ့ခြင်းဖြစ် သည်။
သူသည် ပါးစပ်ကို ဟလိုက်သော်လည်း ဘာပြောရမည်မှန်း မသိပေ။
'တကယ်တော့ အဖေ့ရဲ့ စိတ်ထဲမှာ အမြဲတမ်း ဒီလိုပဲ တွေးနေခဲ့တာလား'
"သား... သား..."
"ဘာ သား၊ သားလဲ... ငါ့ကို သေချာကြိုးစားပြစမ်း၊ မင်းရဲ့ နာမည်နဲ့ ထိုက်တန်အောင်နေစမ်း"
လူလတ်ပိုင်း အမျိုးသား၏နှုတ်ခမ်းထောင့်များ လှုပ်ရှားသွားပြီး "ငါတို့ ဖန်းမိသားစုရဲ့ သားတွေထဲမှာ အသုံးမကျတဲ့ကောင် မရှိစေရဘူး" ဟု ပြောလိုက်သည်။
ထိုအခါမှသာ ဖန်ကျားချန်၏ အသက်ရှူသံများ မြန်လာပြီး "ဟုတ်ကဲ့" ဟု ဖြေလိုက်သည်။
'သူသည် အသုံးမကျသူ ဖြစ်လာမည်မဟုတ်ပေ'
'ဖန်းမိသားစုတွင် အသုံးမကျသူ မရှိစေရ'
"မင်းအမေ ငါ့ဂူရှေ့မှာ လာငိုနေတာကို ငါ ထပ်မကြားချင်တော့ဘူး မဟုတ်ရင် မင်းတင်ပါးကိုရိုက်ခွဲပစ်မယ်! ကြားလား"
"ကြားပါတယ်"
"ကောင်းပြီ... ကောင်းပြီ..."
လူလတ်ပိုင်း အမျိုးသားသည် "ကောင်းပြီ" ဟု သုံးကြိမ်တိုင်တိုင် ပြောလိုက်ပြီး ရိုးသားသော မျက်နှာပေါ်တွင် ကျေနပ်သည့် အပြုံးတစ်ခုပေါ်လာသည်။
ထို့နောက်သူသည် ကြမ်းတမ်းသော လက်ကြီးဖြင့် သားဖြစ်သူ၏ခေါင်းကို ပွတ်သပ်ပေးလိုက်၏။
လွန်ခဲ့သော နှစ်အနည်းငယ်က သားအဖ ဆက်ဆံရေး မတင်း မာခင် အချိန်တုန်းကကဲ့သို့ပင်...
"ဒါမှ ငါ့သား..."
...
မှောင်မည်းနေသော အခန်းထဲတွင်
လူငယ်လေးသည် အိပ်မက်မှ နိုးလာသည်။
မျက်လုံးဖွင့်ပြီးချင်း ပထမဆုံးလုပ်မိသည်မှာ ဘေးဘယ်ညာကို ကြည့်လိုက်ခြင်းပင်။
ထို့နောက် သူသည် ဟာတာတာနှင့် ကျန်ရစ်ခဲ့ရသောအခန်းကိုကြည့်ကာစဉ်းစားနေမိသည်
"အိပ်မက်လား"
သူသည် မျက်နှာကို လက်နှင့်ပွတ်လိုက်ရာ လက်ပေါ်တွင် မျက်ရည်များ စိုရွှဲနေ၏။
ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ကုတင်ပေါ်မှ ဆင်းကာ အိပ်ခန်းတံခါးကို မိမိဘာသာ ဖွင့်လိုက်သောအခါ စူးရှသော အလင်းရောင်က မျက်နှာပေါ်သို့ ကျရောက်လာသဖြင့် သူသည် လက်နှင့် အလိုအလျောက်ကာလိုက်ရင်း မျက်စိမှိတ်ကာ ခြေရင်းကို ကြည့်လိုက်သည်။
တံခါးဝတွင် ခုံတစ်လုံးချထားပြီး ခုံပေါ်တွင် ထမင်းဟင်းတစ်ပွဲကို ပလတ်စတစ်ဖြင့် အုပ်ထားသည်ကို တွေ့ရသည်။
အပေါ်ရှိ ရေငွေ့များကို ကြည့်ရသော် ထိုထမင်းဟင်းမှာ ပူနေဆဲဖြစ်ကြောင်း သိသာလှသည်။
ခဏအကြာတွင် သူသည် အခန်းထဲမှ ထွက်လာပြီး ဧည့်ခန်းထဲတွင် ရင်းနှီးလှသော ပုံရိပ်ကိုတွေ့လိုက်ရသည်။
"အမေ"
အချိန်အတော်ကြာ စကားမပြောဖြစ်သဖြင့် သူ့အသံမှာ အနည်းငယ် အက်ကွဲနေ၏။
ဧည့်ခန်းထဲမှ အမျိုးသမီးမှာ တုန်ရင်သွားပြီး မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လာသည်။
အမျိုးသမီး၏မျက်နှာကို သေချာမြင်လိုက်ရချိန်တွင် ဖန်းကျားချန်လည်း မှင်တက်သွားမိသည်။
အမျိုးသမီးသည် ဘဝတစ်ဝက်ကျော်အောင် အလုပ်ကြိုးစားခဲ့သဖြင့် အသားအရေက ကြမ်းတမ်းနေပြီး လွန်ခဲ့သော ရက်များအတွင်း ကိစ္စများစွာ ကြုံတွေ့ခဲ့ရသဖြင့် မျက်နှာက ပို၍ ညှိုးငယ်နေကာ ဆံပင်ဖြူများလည်း သိသိသာသာ များလာခဲ့သည်။
သားဖြစ်သူကို မြင်လိုက်ရသောအခါ အမျိုးသမီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး "ချန်ချန် ထွက်လာပြီလား ဗိုက်ဆာနေပြီလား အမေ သွားနွှေးပေးမယ်" ဟု ဆိုကာ ထရပ်ရန် ပြင်လိုက်သည်။
"အမေ..."
ဖန်းကျားချန်က သူမကို လှမ်းတားလိုက်ပြီး အသံများ တုန်ရီနေကာ "တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် အဖေ အိပ်မက်ပေးခဲ့သည့် ရည်ရွယ် ချက်ကို သူ ရုတ်တရက် နားလည်သွားခဲ့သည်။
လူသုံးယောက်ရှိသည့် ဤမိသားစုတွင် အိမ်၏အဓိကမဏ္ဍိုင်ကြီး တစ်ခု မရှိတော့ပေ။
အကယ်၍ သူပါ ထပ်မံလဲပြိုသွားပါက ဤအိမ်ထောင်စုသည် တကယ်ပင် ပျက်စီးသွားတော့မည်။
အရင်က အဖေသည် ဤကောင်းကင်ကြီးကို မိုးပေးထားခဲ့သော်လည်း နောင်တွင်မူ သူ့ အလှည့်ဖြစ်လာချေပြီ။
ယခု သူ အရှိဆုံး တောင်းပန်သင့်သည့် လူမှာ...
သူ့ကို ဆယ်စုနှစ်တစ်ခုကျော် ပြုစုပျိုးထောင်လာခဲ့သော ရှေ့မှ လူသားပင်။
"သား... အမေ... ဒါက..."
အမျိုးသမီး၏ မျက်ရည်များက ချက်ချင်းကျလာတော့ သည်။
"ဒါ... ဒါက တောင်းပန်စရာ ဘာရှိလို့လဲ၊ တို့တွေက မိသားစုဝင်တွေပဲဟာ..."
သူမသည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ လက်များကို ခါးစည်းပေါ်တွင် သုတ်လိုက်ရင်း "အမေ သွားပြင်ပေးမယ်" ဟု ဆိုလိုက်သည်။
ဖန်းကျားချန်က ပြုံးလိုက်ရင်း "အမေ... ထမင်းဟင်းတွေ မအေးသေးပါဘူး၊ သားဘာသာ လုပ်လိုက်ပါ့မယ်" ဟု ပြောကာ အိပ်ခန်းတံခါးဝသို့ သွားပြီး ထမင်းဟင်းများကို ထမင်းစားပွဲပေါ်သို့ တင်ကာစားလိုက်၏။
သူသည် မကြာသေးမီက အစားကောင်းကောင်း မစားထားသဖြင့် ဤထမင်းဟင်းများမှာ အစာကြေလွယ်စေရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
စားသောက်နေစဉ်အတွင်း အမျိုးသမီးသည် သူ့ကို စိုးရိမ်တ ကြီးနှင့် အသာအယာကြည့်နေပြီး တစ်ဖက်တွင်လည်း ဝမ်းသာပီတိဖြစ်နေ၏။
ထမင်းစားပြီးနောက် သူသည် ပန်းကန်များကို မိမိဘာသာ ဆေးကြောလိုက်သည်။
အမျိုးသမီးသည်လည်း ဘေးနားမှ ကြည့်နေခဲ့သည်။
"အမေ... သားရဲ့ နာမည်က ဘယ်လိုဖြစ်ပြီး ရလာတာလဲ?" ပန်းကန်ဆေးပြီးနောက် ဖန်းကျားချန်က မေးလိုက်သည်။
"ဘာလို့ ရုတ်တရက်ကြီး ဒါကို မေးတာလဲ"
အမျိုးသမီးသည် စိတ်လှုပ်ရှားစွာဖြင့် လက်များကို ခါးစည်းပေါ်တွင် သုတ်လိုက်ပြီး "မင်းလည်း သိသားပဲ၊ အမေနဲ့ မင်းအဖေက ပညာတတ်တွေမှ မဟုတ်တာ အဲဒီတုန်းက မင်းအဖေက အဘိဓာန်ကို တစ်လကျော်လောက် ရှာဖွေပြီးမှ နောက်ဆုံးမှာ 'ကျားချန်' ဆိုတဲ့ ဒီစာလုံးနှစ်လုံးကို ရွေးခဲ့တာ"
"သူက ပြောတယ်၊ ငါ့သားက 'ကျား (嘉 - ကောင်းမြတ်ခြင်း)' ဆိုတဲ့ စာလုံးနဲ့ ထိုက်တန်တယ်၊ ပြီးတော့ နံနက်ခင်း (晨 - ကျားချန်၏ 'ချန်' စာလုံးမှာ နံနက်ခင်းကို ဆိုလိုသည်) တိုင်းလိုပဲ နေ့သစ်တွေကို ယူဆောင်လာပေးရမယ်တဲ့ ဒါကြောင့် နာမည်ကို ကျားချန်လို့ ပေးခဲ့တာ"
ကျားချန်... ကျားချန်...
'ကျား' ဆိုသည့် စာလုံးသည် ကောင်းမြတ်ခြင်း၊ ချီးကျူးထိုက်ခြင်းဟု အဓိပ္ပာယ်ရ၏။
ဖန်းကျားချန်က တိုးတိုးလေး ရေရွတ်လိုက်သည် "သားက နေ့သစ်တွေကို ယူဆောင်လာပေးရမယ်..."
'သူသည် သူတို့၏ မျှော်လင့်ချက် ဖြစ်နေသည်လား'
'သို့မဟုတ် သူသည် သူတို့၏ အရာအားလုံး ဖြစ်နေသည်လား'
'သူသည် ဤနာမည်နှင့် ထိုက်တန်အောင်၊ မိဘများ၏ မျှော် လင့်ချက်နှင့် ထိုက်တန်အောင် နေနိုင်ပါ့မလား'
'မဟုတ်ဘူး၊ နေနိုင်ပါ့မလား မဟုတ်ဘူး
သူတို့အတွက်တော့ သူ့ရဲ့ တည်ရှိနေမှုကတင် မျှော်လင့်ချက်တစ်ခု ဖြစ်နေခဲ့တာပါ'
'ဘဝအတွက်၊ အနာဂတ်အတွက် မျှော်လင့်ချက်'
'သေချာကြည့်စမ်း၊ ငါက မင်းရဲ့ အဖေကွ အဖေက သားကို ကာကွယ်ပေးတာ သဘာဝတရားပဲ'
'ငါ့ကို သေချာ ကြိုးစားပြစမ်း၊ မင်းရဲ့ နာမည်နဲ့ ထိုက်တန်အောင် နေစမ်း'
ဖန်ကျားချန်သည် မိမိ၏လက်ကို ကြည့်ရင်း အဖေ့ရဲ့စကား လုံးတွေကို ပြန်လည်အမှတ်ရနေမိနေစေကာ မျက်ရည်များက အမြင်အာရုံကို ဝေဝါးစေပြန်သည်။
'ဒါကြောင့် သူ အသက်ရှင်နေရတာဟာ အဓိပ္ပာယ်ရှိပါတယ်... ဘယ်သူ့ကိုမှ နာကျင်စေဖို့ မဟုတ်ဘူး... '
'ဟုတ်တယ်မလား'