← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

🫧 Chapter 85

ကျန်းလင်သည် အိပ်မက်ပေးခြင်း အောင်မြင်သွားသည်ကို အတည်ပြုပြီးနောက် ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။

Live ထဲမှ ကြည့်ရှုသူများကမူ အငြင်းအခုန်များ ပြင်းထန်စွာ ဆက်လက် ဆွေးနွေးနေကြဆဲပင်။

ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သဖြင့် အိပ်မက်ပေးသည့် အကြောင်းအရာကို ထုတ်လွှင့်မပြသခဲ့သော်လည်း ထိုလူငယ်လေး၏ အပြောင်းအလဲကို ကြည့်ပြီးနောက်... ကြည့်ရှုသူများမှာ အခြေအနေကို ခန့်မှန်းမိသွားကြသည်။

လူငယ်လေး၏ မျက်နှာကို မြင်လိုက်ရချိန်တွင် ရင်းနှီးနေသော ကြည့်ရှုသူအချို့က မှတ်ချက်ပေးလာကြ၏။

[ငါ သူ့ကို မြင်ဖူးတယ်၊ တို့ကျောင်းက ကျောင်းသားတစ်ယောက်ပဲ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သူ့အိမ်မှာ ကိစ္စတစ်ခုဖြစ်ခဲ့တယ်လို့ ကြားတယ်၊ အဖေဖြစ်သူက သားကိုကာကွယ်ရင်း ဆုံးပါးသွားခဲ့တာတဲ့]

[အင်း... ဒါဆို ခုနက အိပ်မက်ပေးတဲ့သူက သူ့အဖေပေါ့ အခုလိုနားလည်သွားတာ ကောင်းပါတယ်]

[သေပြီးသားလူက သွားပြီဆိုတော့ အသက်ရှင်ကျန်ရစ်သူတွေက ကောင်းကောင်း ရှင်သန်ရမှာပေါ့ ဘဝဆိုတာ မလွယ်ကူလှပါဘူး၊ စိတ်မသက်မသာဖြစ်နေမယ်ဆိုရင် ပိုပြီးနာ ကျင်ရမှာပဲ]

[သူတို့ နောင်မှာ ကောင်းကောင်းမွန်မွန် နေထိုင်သွားနိုင်ဖို့ မျှော်လင့်ပါတယ် ဟူး... ရုတ်တရက် ငါ့အဖေနဲ့ အမေကို လွမ်းလာတယ်၊ အလုပ်ထွက်လုပ်ကတည်းက သူတို့နဲ့ မဆက်သွယ်ဖြစ်တာ ကြာပြီ]

[ငါလည်း အတူတူပါပဲ၊ အရင်က အိမ်မှာနေတုန်းက သူတို့ ပွစိပွစိပြောတာကို ငြီးငွေ့နေခဲ့တာ အခု တက္ကသိုလ်ရောက်တော့ အဲဒီအသံတွေကို မကြားရတော့ဘူး]

...

အိပ်မက်ပေးခြင်း ပြီးဆုံးသွားချိန်တွင် လူလတ်ပိုင်း အမျိုး သားသည်လည်း သူ့စွဲလမ်းမှုကို စွန့်လွှတ်လိုက်နိုင်ပြီ ဖြစ်သည်။

သို့သော် သူသည် ယခုအခါ ဝိညာဉ်ဘဝသို့ ရောက်နေပြီဖြစ်ရာပြန်လည်ဝင်စားရန်မှာ သိသာထင်ရှားစွာပင် မဖြစ်နိုင်တော့ပေ။

ရယူမှုရှိလျှင် ဆုံးရှုံးမှုလည်း ရှိစမြဲပင်။

မိမိဘာသာပြန်လည်ဝင်စားခွင့်ကို စွန့်လွှတ်ခဲ့သူများအတွက် ငရဲပြည်၏စစ်ဆေးမှုက ပိုမိုတင်းကျပ်လှသည်။

လောလောဆယ်တွင် သူသည် ငရဲပြည်၌သာ ခေတ္တနေထိုင် သွားရတော့မည်။

ယောင်ယောင်နန်းနန်း ဖြစ်နေသော ထိုအမျိုးသားကိုမြင်သောအခါ ကျန်းလင်က တစ္ဆေဈေးရှိ ချန်စန်းဝေ၏ စားသောက်ဆိုင်အကြောင်းကို အကြံပြုလိုက်သည်။

အရင်က သူ ထမင်းသွားစားစဉ် ချန်စန်းဝေက လူခေါ်ချင်သည့်အကြောင်း ပြောခဲ့ဖူးသည်ကို သတိရ၍ဖြစ်သည်။

ယခုအခါတွင် ပုံမှန်ဝင်ငွေရှိလာသဖြင့် ကျန်းလင်သည် ချန်စန်းဝေထံသို့ သွားရောက်စားသောက်သည့် အကြိမ်ရေပိုများလာခဲ့သည်။

ဆိုင်အားသည့် အချိန်မျိုးတွင် ချန်စန်းဝေက ဟင်းပွဲများလာချပေးရင်း စကားအနည်းငယ် ပြောလေ့ရှိကာ လူ့လောကရှိ သူ့ မျိုးဆက်သစ်လေးအကြောင်းကို ပြောပြလေ့ရှိသည်။

ယခုအခါ ချန်မိသားစုစားသောက်ဆိုင်ကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။

နေ့စဉ်ရောင်းချသည့် စွပ်ပြုတ်ကို ကန့်သတ်ထားသဖြင့် လူများက နာမည်ကျော် ချန်မိသားစုစွပ်ပြုတ်ကို မြည်းစမ်းရန်အတွက် ပိုမိုရောက်ရှိလာကြသည်။

ချန်ကျာ့မင်ဆိုသည့် ကောင်လေးမှာ ပါရမီအနည်းငယ်ရှိပြီး သူ့ဘိုးဘေးဖြစ်သူ ချန်စန်းဝေ၏သင်ကြားမှုအောက်တွင် အလွန်မြန်မြန် ဆည်းပူးနိုင်ခဲ့သည်။

သို့သော် ယခုအချိန်အထိ ချန်စန်းဝေက ဟင်း (၃) မျိုးသာ သင်ပေးထားပြီး ကျန်သည်ကို မိမိဘာသာလေ့ကျင့်ရန် ပြောထားသည်။

ဟင်းချက်ခြင်းပညာမှာ အလျင်စလို လုပ်၍မရဘဲ များများလေ့ကျင့်၊ များများလုပ်ပြီး များများခံစား သိမြင်ရမည် ဖြစ်သည်။

အကယ်၍ ထိုလူငယ်လေးကသာ စိတ်မရှည်ဖြစ်လာလျှင် ချန်စန်းဝေက အိပ်မက်ထဲတွင် 'ရိုက်နှက်' ရန် သို့မဟုတ် ခက်ခဲသော တာဝန်များပေးကာ ဟင်းပွဲရာနှင့်ချီ ခိုင်းစေရန် ဝန်လေးမည်မဟုတ်ပေ။

ချန်စန်းဝေ၏လေသံကို နားထောင်ရသလောက် သူသည် အတော်လေး ကျေနပ်နေပုံရသည်။

အနည်းဆုံးတော့ ချန်မိသားစုစွပ်ပြုတ်ပညာ အမွေကမပြတ်တောက်သွားခဲ့ပေ။

ထိုအကြောင်းပြောလျှင် ငရဲပြည်ရှိအခြားသော အဖိုးကြီး ဝိညာဉ်များအကြောင်းကိုလည်း ထည့်ပြောရပေမည်။

အများစုမှာ အိပ်မက်ပေးခြင်းဖြင့် အမွေဆက်ခံကြသူများ ဖြစ်သဖြင့် ကျန်းလင်အနေနှင့် ထိုဘိုးဘေးများ၏ အကြောင်းကို အနည်းနှင့်အများ ကြားဖူးနားဝ ရှိသည်။

ကြားရသလောက်ဆိုလျှင် ကိုယ်လုပ်တော်အဖြစ်တူညီစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ နှစ်ဦးမှာ အသက်ရှင်စဉ်ကတည်းက ပဋိပက္ခရှိခဲ့ကြသည်ဟု ဆိုသည်။

တစ်နေ့တွင် ငရဲပြည်၌ ပြန်ဆုံကြသောအခါ ထိုပဋိပက္ခက ပိုမိုကြီးထွားလာခဲ့သည်။

ယခုအခါ ၎င်းတို့သည် သူတို့၏မျိုးဆက်များကို စင်မြင့်ထက်တွင် ယှဉ်ပြိုင်ခိုင်းကာ မည်သူက ပိုထူးချွန်သလဲဟု စောင့်ကြည့်နေကြသည်။

နောက်ထပ် ဆေးပညာသင်ကြားပေးနေသည့် စုန့်မိသားစု ဘိုးဘေးတစ်ဦးမှာလည်း အမွေဆက်ခံသူကို စတင်သင်ကြားပေးကတည်းက တစ်ယောက်လုံးပြောင်းလဲသွားသည်ဟု ဆိုကြသည်။

ငရဲပြည်သို့ ပြန်ရောက်တိုင်း သူသည် ဝိညာဉ်များကို ခွဲစိတ်ရသည်ကို အလွန်စိတ်ဝင်စားလာခဲ့သည်။

ကျန်းလင်သည် ဝိညာဉ်အချို့မှာ သူတို့၏အူများကို ဆွဲကိုင်ကာ စုန့်မိသားစုဘိုးဘေး၏အိမ်ထဲမှ ပြေးထွက်လာကြသည်ကို အကြိမ်ပေါင်းများစွာမြင်တွေ့ခဲ့ရသည်။

ထိုငရဲပြည်မှ ဝိညာဉ်များနှင့် ပတ်သက်၍ ကျန်းလင်က အများကြီးဝင်မပါပေ။

အလွန်အကျွံ မဖြစ်သရွေ့ သို့မဟုတ် ပြဿနာအကြီးအ ကျယ် မတက်သရွေ့ မရဏတမန်များက ထိုကိစ္စများကိုဝင်မစွက်ဖက်ကြပေ။

လူ့လောကတွင် လူတို့၏ ဘဝရှိသကဲ့သို့ ငရဲပြည်ရှိ ဝိညာဉ်များတွင်လည်း သူတို့ ကိုယ်ပိုင်ဘဝများရှိကြသည်။

လူလတ်ပိုင်း အမျိုးသား၏ကိစ္စကို ဖြေရှင်းပေးပြီးနောက် ကျန်းလင်က Live ထဲမှ ကြည့်ရှုသူများကို ဝိညာဉ်များ ပြန်လည်ဝင်စားခြင်းနှင့် ပတ်သက်၍ ဗဟုသုတ ဝေမျှပေးလိုက်သည်။

"ဝိညာဉ်ဖြစ်သွားပြီးနောက်မှာ ပြန်လည်ဝင်စားချင်တယ်ဆိုရင် ကြီးမားတဲ့ ဆုတောင်းမေတ္တာ သို့မဟုတ် ကုသိုလ်ကောင်းမှုတစ်ခုခုရှိထားဖို့ လိုအပ်ပါတယ် ဒါမှမဟုတ်ရင် သင် အသက်ရှင်စဉ်ကနဲ့ ဝိညာဉ်ဘဝမှာပြုလုပ်ခဲ့တဲ့ အပြုအမူတွေအပေါ် မူတည်ပြီး ငရဲပြည်အတွက် ဘယ် လောက်အထိ အကျိုးပြုနိုင်သလဲဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်၊ အဲဒီအကျိုးပြုမှုတွေ ပြီးမြောက်မှသာ ပြန်လည်ဝင်စားခွင့် ရမှာဖြစ်ပါတယ်"

"အချို့က ဆယ်စုနှစ်အနည်းငယ်ဆိုရင် ပြန်လည်ဝင်စားနိုင်ပေမဲ့ အချို့ကတော့ ရာနှင့်ချီ၊ ထောင်နှင့်ချီတဲ့ နှစ်တွေအထိ စောင့်ဆိုင်းရတတ်ပါတယ်"

ယမမင်းကြီး၏ စကားအရဆိုလျှင် ထိုဝိညာဉ်များကို ငရဲပြည်မှာ ဒီအတိုင်းထားခြင်းက နေရာလွတ်ဖြုန်းတီးရာ ရောက်သဖြင့် အခမဲ့လုပ်အားပေးအဖြစ် ပြောင်းလဲလိုက်ခြင်းက ပိုကောင်းသည်ဟု ဆိုသည်။

ငရဲပြည်တွင် လုပ်အားလိုအပ်သော နေရာများမှာ မနည်းလှပေ။

ဥပမာအားဖြင့် လမ်းတံတားနှင့် အဆောက်အဦးများ တည် ဆောက်ခြင်း၊ ကင်းစောင့်ခြင်း၊ ကင်းလှည့်ခြင်း စသည်ဖြင့် ငရဲခန်းများတွင်လည်း လူအင်အားလိုအပ်သည်။

အနည်းဆုံးတော့ ကျန်းလင် သိထားသလောက် မရဏတမန် အများအပြားမှာ အကျိုးပြုမှုများ များများပြုလုပ်ပြီး ပြန်လည်ဝင်စားခွင့် ရရန် ရည်ရွယ်ထားကြသည်။

အကောင်းဆုံးကတော့ ဘဝကောင်းကောင်းတစ်ခုမှာ ပြန်လည်ဝင်စားပြီး ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းချင်ကြခြင်းဖြစ်သည်။

၎င်းတို့အတွက်မူ... လူ့လောကရှိ အရာရာတိုင်းမှာ လွမ်းဆွတ်ဖွယ်ရာများ၊ ထပ်မံကြိုးစား ခံစားကြည့်ချင်စရာများစွာ ရှိနေသေးသည်။

အခြားသော မရဏတမန် အချို့မှာမူ လူ့လောကနှင့် ငရဲပြည်ကို အကြိမ်ပေါင်းများစွာ ကူးချည်သန်းချည်လုပ်ပြီးနောက် တွင်မူ ထိုစိတ်ကူးကိုလက်လွှတ်လိုက်ကြသည်။

၎င်းတို့သည် ငရဲပြည်ရှိ ဘဝကို ကျင့်သားရသွားပြီး ပြန်လည်ဝင်စားခွင့်ကို စွန့်လွှတ်လိုက်ကြခြင်းဖြစ်သည်။

၎င်းတို့သည် ယခုခေတ် လူ့လောကကို ကိုယ်တိုင် ခံစားကြည့်ချင်ကြသော်လည်း တစ်ဖက်တွင်လည်း လူ့လောကအပေါ် စိတ်ပျက်ခဲ့ဖူးခြင်း သို့မဟုတ် နာကျင်ခဲ့ဖူးခြင်းများ ရှိနေတတ်သည်။

သို့သော် လူ့လောကက တစ်ဆင့်ပြီးတစ်ဆင့် ယခုအခြေ အနေသို့ ရောက်ရှိလာပုံနှင့် အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကိုမူ အနည်းငယ်တော့ သိချင်စိတ်ရှိနေကြဆဲပင်။

"ပြန်လည်ဝင်စားခွင့်ဆိုတာ အလွယ်တကူရနိုင်သလို ထင်ရပေမဲ့၊ လူတိုင်းလိုလိုကတော့ ပြန်လည်ဝင်စားနိုင်ကြပါတယ် ဒါပေမဲ့ တစ်ခါဆုံးရှုံးသွားပြီးလို့ ပြန်လိုချင်တယ်ဆိုရင်တော့ အလွန်ကို ခက်ခဲသွားပါပြီ"

ကျန်းလင် အေးဆေးစွာ ပြောလိုက်သည်။

"အထူးသဖြင့် ပြန်လည်ဝင်စားခွင့်ကို မိမိဘာသာ စွန့်လွှတ်ခဲ့သူတွေအတွက်ဆိုရင် နောက်တစ်ကြိမ် ပြန်လည်ဝင်စားဖို့က ပိုပြီးခက်ခဲပါလိမ့်မယ်"

ဒါကြောင့် ပြန်လည်ဝင်စားခွင့်ကို တန်ဖိုးထားကြပါ။

[ဒါတွေရဲ့ နောက်ကွယ်မှာ ဒီလောက်အထိ အကြောင်းအရာတွေ ရှိနေတာလား]

[ဟုတ်သားပဲ၊ ဝိညာဉ်တွေကသာ ပြန်မဝင်စားနိုင်ဘူးဆိုရင် ငရဲပြည်မှာ လူတွေ ကျပ်ညပ်နေမှာပေါ့။ အခု လူ့လောကမှာလည်း လူဦးရေက အရမ်းများနေတာပဲ]

[ဟာ အနှစ်တစ်ထောင်လောက် အလုပ်အကျွေးပြုရမယ့် သူတွေဆိုရင်တော့ ဘဝကိုတောင် သံသယဝင်သွားလောက်တယ်]

[အဲဒီလိုဆိုရင်တော့ ဝိညာဉ်ပဲ လုပ်နေတာက ပိုကောင်းမလား ပြန်လည်ဝင်စားဖို့အတွက် ဒီလောက်အထိ အကြာကြီး ကြိုးစားချင်တဲ့သူ တကယ်ရှိလို့လား]

ကျန်းလင် စကားကို နားထောင်ပြီးနောက် ကြည့်ရှုသူများမှာ သူတို့လက်ထဲမှ စားစရာများကိုပင် မေ့သွားကြသည်။

ဗဟုသုတအသစ်တွေ ထပ်ရပြန်ပြီဟု ခံစားလိုက်ရကာ ငရဲပြည်မှ ဝိညာဉ်များပြန်လည်ဝင်စားခြင်းနှင့် ပတ်သက်၍ သူတို့ကြားဖူးနားဝရှိသော ဝတ္ထုများ၊ အင်တာနက်ပေါ်မှ အကြောင်းအရာများနှင့် မတူညီလှသဖြင့် Live ထဲတွင် ဝိုင်းဝန်း ဆွေးနွေးနေကြတော့သည်။

[အကျိုးပြုမှုဆိုတာ အလုပ်လုပ်ပေးရတာလားလို့ ခန့်မှန်းမိတယ်]

[ဝိညာဉ်ဈေးမှာ ဆိုင်ဖွင့်တာလည်း ဖြစ်နိုင်တယ် ဟားဟား၊ ဝိညာဉ်တွေရဲ့ ပုံမှန်ဘဝကို ထိန်းသိမ်းပေးတာဆိုတော့ အကျိုးပြုမှုထဲ ပါလောက်မှာပေါ့]

[ပိုက်ဆံအများကြီး ရှာနိုင်ရင် အကျိုးပြုမှုနဲ့ လဲလို့ရမလား အဲဒီလိုဆိုရင်တော့ ငါ ခုပဲ စက္ကူပိုက်ဆံတွေ သွားရှို့တော့မယ်]

[လူပီသအောင်သာ အေးအေးဆေးဆေးနေကြပါဦး၊ ဘယ်အချိန်မှာ လူဖြစ်ခွင့်ဆုံးရှုံးသွားမလဲ မသိနိုင်ဘူး]

အံ့အားသင့်နေကြစဉ်မှာပင် ကြည့်ရှုသူများက သတိပြုမိသွားကြသည်မှာ... ဝိညာဉ်တစ်ဦးအတွက် ပြန်လည်ဝင်စားရန်ဆိုသည်မှာ မလွယ်ကူသော ကိစ္စဖြစ်ကြောင်းပင်။

သူတို့အတွက် အလွန်ရိုးရှင်းလှသော ပြန်လည်ဝင်စားခြင်းမှာ ဝိညာဉ်များစွာအတွက်မူ အားကျစရာ ကိစ္စတစ်ခုဖြစ်နေပေလိမ့်မည်။

၎င်းတို့အတွက်မူ... ပြန်လည်ဝင်စားဖို့ဆိုတာ မလွယ်ကူသလို၊ ဒီဘဝမှာ ပြန်လည်ဝင်စားနိုင်ပါဦးမလား ဆိုတာကလည်း မသေချာလှပေ။

'မရဏလောကမှအံ့ဖွယ်နေ့ရက်များ Live' က နာမည်ကြီးလာသည်နှင့်အမျှ လူစိတ်ဝင်စားအောင် လုပ်တတ်သူများစွာကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။

ထိုသူတို့က ဤနေရာတွင် တစ်ခုခု လုပ်ရတော့မည်ကို သိလိုက်ကြ၏။

တစ်ဖက်တွင် ဖုန်းဖြင့် Live ကို ဖွင့်ထားရင်း၊ နောက်တစ်ဖက်တွင် ကွန်ပျူတာကို ဖွင့်ကာ ဆိုရှယ်မီဒီယာများပေါ်တွင် ကျန်းလင်ပြောသွားသည့် အကြောင်းအရာများကို စုစည်းကာ ရေးသားကြတော့သည်။

အဓိက အချက်အနေနှင့် မိမိဘာသာ ပြန်လည်ဝင်စားခွင့်ကို စွန့်လွှတ်ခဲ့သူများအတွက် နောက်တစ်ကြိမ် ပြန်လည်ဝင်စားရန် ပိုမိုခက်ခဲပါလိမ့်မည်။

'ဒါကြောင့် ပြန်လည်ဝင်စားခွင့်ကို အလဟဿ မဖြုန်းတီးပါနဲ့ မင်းတို့ ပိုင်ဆိုင်ထားတဲ့အရာဟာ အခြားသော 'လူ' များစွာအတွက် တောင်းတသော်လည်း မရနိုင်တဲ့ အရာဖြစ်နေတတ်လို့ပါ'

ထိုပို့စ်ကို တင်လိုက်သည်နှင့် လူအများအပြားချက်ချင်း ရောက်ရှိလာကြသည်။ ယခုအခါတွင် 'မရဏလောကမှအံ့ဖွယ်နေ့ရက်များ Live' ဆိုသည့် စာသားပါရုံနှင့်ပင် လူကြည့်များလှသည်။

အချို့က ဖတ်ပြီး ကျော်သွားကြသော်လည်း၊ အချို့ကမူ 'မယုံကြည်ရင်တောင် မစော်ကားနဲ့' ဆိုသည့် စိတ်ဖြင့် သတိထားမိသွားကြသည်။

မည်သူမျှ မနက်ဖြန်နှင့် မတော်တဆမှု၊ မည်သည့်အရာက အရင်ရောက်လာမည်ကို တပ်အပ်မသိနိုင်ကြပေ။

🫧 Chapter 86

[တင်~ ဂုဏ်ယူပါတယ် စနစ်ပိုင်ရှင် နေ့စဉ်တာဝန်ဖြစ်တဲ့ ‘ငရဲပြည်ယဉ်ကျေးမှုပြန့်ပွားရေး (ဝိညာဉ်များ ပြန်လည်ဝင်စားခြင်း)’ ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ် ရမှတ် +၂၀၀ (၁/၃)]

[တင်~ ဂုဏ်ယူပါတယ် စနစ်ပိုင်ရှင် နှစ်နာရီကြာ Live လွှင့်ခြင်း တာဝန်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ရမှတ် +၂၀၀ (၂/၃)]

ကျန်းလင်သည် သူ စုဆောင်းမိထားသော ရမှတ်များကို ကြည့်ရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို အာရုံရလိုက်သဖြင့် သူ၏ အလုပ်မှတ်တမ်းစာအုပ်လေးကို ထုတ်ယူလိုက်သည်။

သူ မှတ်တမ်းကို တစ်ချက်ကြည့်လိုက်စဉ်မှာပင်...

စက္ကန့်ပိုင်းအတွင်းမှာပင် စာအုပ်ပေါ်ရှိ အချက်အလက်များက နှစ်ချက်ခန့် လက်သွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။

ကျန်းလင် မျက်မှောင်ကြုတ်သွားကာ တွေးလိုက်၏။

ဤကဲ့သို့ အခြေအနေမျိုးက ကြုံခဲလှသည်။

ထို့ကြောင့် သူသည် ခုနကမြင်လိုက်ရသော အချက်အလက်များအတိုင်း လူ့လောကသို့ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

သူသည် လက်ကိုဝေ့ယမ်းကာ ငရဲပြည်လမ်းကြောင်းကို ဖွင့်လိုက်ပြီးအတွင်းသို့ လျှောက်လှမ်းဝင်သွားတော့သည်။

Live ထဲမှ ကြည့်ရှုသူများမှာမူ အလုပ်မှတ်တမ်းစာအုပ်ထဲမှ အချက်အလက်များကို မမြင်ရသဖြင့် ဘာဖြစ်သွားသည်ကို မသိကြပေ။

သူတို့သည် Live ကို စောင့်ကြည့်ရင်း ဖရဲသီးများကိုသာ ထိုင်စားနေကြသည်။

နွေရာသီမှာ စားရသည့် ဖရဲသီးက အေးမြလန်းဆန်းလှပေသည်။

[အလုပ်တစ်ခု ထပ်ရောက်လာပြန်ပြီ ထင်တယ်]

[အလုပ်စပြီဟေ့ သွားကြစို့]

[Host ရဲ့ မျက်နှာအမူအရာက တစ်မျိုးပဲ၊ တကယ်တမ်း ဘာဖြစ်တာလဲ]

[ငါသာ VIP ဖွင့်လိုက်ရင် အလုပ်မှတ်တမ်းထဲက အချက်အ လက်တွေကို ကြည့်ခွင့်ရမလား]

...

လူ့လောက၊ မြို့ပြင်တစ်နေရာ

မဲမှောင်နေသော တိမ်တိုက်များက လမင်းကြီး၏တစ်ဝက်ကျော်ကို ဖုံးအုပ်ထားသဖြင့် အောက်ဘက်ရှိ မြင်ကွင်းများမှာ ဝေဝါးနေပြီး သဲသဲကွဲကွဲမမြင်ရပေ။

သစ်ရွက်များ လှုပ်ခတ်သံနှင့်အတူ မြေသားပုံများမှာလည်း ထူးဆန်းစွာဖောင်းကြွနေသဖြင့် အတော်ပင် ကြောက်မက်ဖွယ်ကောင်းနေ၏။

ရုတ်တရက် သင်္ချိုင်းကုန်းအနီးတွင် အပြာရောင်အလင်းတန်း လေးတစ်ခု ပေါ်လာသည်။

"ဘုရင်ကြီးက ခိုင်းလို့... တောင်ပေါ်မှာ ကင်းလှည့်တယ်... ငါ့သင်္ချိုင်းကုန်းမှာလည်း တစ်ပတ်ပတ်မယ် ဒန်ဒန့်ဒန်"

သေးငယ်သော ပုံရိပ်လေးတစ်ခု လမ်းပေါ်တွင်လျှောက်လာနေကာ သူမသည် ပခုံးပေါ်တွင် လက်မီးအိမ်လေးတစ်ခုကို ထမ်းထားပြီး 'ဆရာကြီး' တစ်ယောက်ကဲ့သို့ ဟန်ပါပါ လျှောက်လှမ်းနေ၏။

"ငါ့မီးအိမ်ကို ထမ်းမယ်... ငါ့ကြောင်လေးကို ခေါ်မယ်...ဒန်ဒန်"

ချီယောင်ယောင်သည် ကင်းလှည့်ရင်းနှင့် တိုးတိုးလေး သီချင်းညည်းနေ၏။

သူမသည် တရားဝင် ဝိညာဉ်တမန်တော်မဖြစ်သေးသဖြင့် လောလောဆယ်တွင် ကင်းလှည့်ရန်နှင့် ကင်းလှည့်မှတ်တမ်း တင်သွင်းရန်သာ တာဝန်ရှိသည်။

သူမ၏ ဘယ်ဘက်ပခုံးပေါ်တွင် ကြောင်တစ်ကောင် ရှိနေပြီး ညာဘက်ပခုံးတွင် မီးအိမ်လေးကိုထမ်းထားရင်း ပျင်းရိဖွယ်ကောင်းသော ဤကင်းလှည့်ခြင်းလုပ်ငန်းတွင် ပျော်ရွှင်စရာ ရှာဖွေနေခြင်းဖြစ်သည်။

ရုတ်တရက် ချီယောင်ယောင် ရှေ့တွင် မြေပုံတစ်ခုပေါ်လာကာ သူမသည် လက်ကိုဆန့်လိုက်ပြီး လက်သီးနှင့် တစ်ချက် ထိုးလိုက်၏။

'အား...'

ထိုအခါ မြေပုံထဲမှ နာကျင်စွာ အော်ဟစ်သံထွက်ပေါ်လာပြီးနောက် ပျောက်ကွယ်သွားတော့သည်။ ချီယောင်ယောင်ကမူ ဂရုမစိုက်ဘဲ ဆက်လက်ကင်းလှည့်နေ၏။

ကင်းလှည့်သည့် အချိန်တွင် ဤကဲ့သို့ နှောင့်ယှက်တတ်သည့် ဝိညာဉ်လေးများမှာ ခဏခဏပေါ်လာတတ်သည်။

သို့သော် ကံကောင်းသည်မှာ ဤသို့သော ဝိညာဉ်လေးများမှာ များသောအားဖြင့် အလွန်အားနည်းလှသဖြင့် သူမ၏ စွမ်းအားနှင့်ပင် လုံလောက်စွာ ကိုင်တွယ်နိုင်သည်။

'လက်သီးတစ်ချက်လျှင် ဝိညာဉ်တစ်ကောင်နှုန်းပင်'

သူမ၏ ပခုံးပေါ်ရှိ ကြောင်ဝိညာဉ်လေးမှာမူ ပျင်းရိစွာဖြင့် သမ်းဝေလိုက်ပြီး အကြောဆန့်နေ၏။

ဤသင်္ချိုင်းမြေ တစ်ဝက်ကျော်ခန့် ကင်းလှည့်ပြီးချိန်တွင် ကြောင်လေး၏နားရွက်များ ရုတ်တရက် လှုပ်ရှားသွားပြီး အခြားတစ်ဖက်ရှိ တောအုပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

ချီယောင်ယောင်သည်လည်း ချက်ချင်းရပ်တန့်လိုက်ပြီး မီးအိမ်ကို မှိတ်ကာ မြေပုံတစ်ခု၏ နောက်တွင် ပုန်းလိုက်သည်။

ကြောင်လေး 'ယို့ယို့' ၏နားက အလွန်ပါးလှသည်။

လူတစ်ယောက်နှင့် ကြောင်တစ်ကောင်တွင် တစ်ယောက်က ဝိညာဉ်များကို ထိုးကြိတ်ရန် တာဝန်ယူပြီး ကျန်တစ်ယောက်က ကင်းထောက်ရန် တာဝန်ယူထားသဖြင့် အပေးအယူ အလွန်တည့်လှသည်။

ချီယောင်ယောင် ပုန်းအောင်းပြီး မကြာမီမှာပင် ရှေ့ရှိတော အုပ်ထဲမှ ပုံရိပ်နှစ်ခု ထွက်လာသည်။

"ဘာလို့ ဒီကိုလာရတာလဲ နင် ဘာပြောချင်လို့လဲ"

နောက်မှ လိုက်လာသော ပုံရိပ်မှာ သူ့ လက်မောင်းကိုပွတ်သပ်ရင်းပတ်ဝန်းကျင်ကို ကြည့်ကာ ကြောက်ရွံ့နေပုံရသည်။

ရှေ့မှ ပုံရိပ်က ရပ်လိုက်သော်လည်း လှည့်မကြည့်ဘဲ အေး စက်စက်အသံဖြင့် ပြောလိုက်သည် "အဲဒီ ထီလက်မှတ်က ငါဝယ်ထားတာ"

နောက်မှလူက ထူးဆန်းစွာကြည့်ပြီး "နင် ဒါကိုပြောဖို့အတွက်နဲ့ ဒီအထိ လာတာလား အဲဒီတုန်းက နင်ကိုယ်တိုင်ပဲ ငါနဲ့ လဲချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"

"ဒါပေမဲ့ အဲဒါ ငါ့ပိုက်ဆံနဲ့ ဝယ်ထားတာလေ"

"နင်လည်း... နင်ကိုယ်တိုင် လဲခဲ့တာပဲ၊ အခု ဆုပေါက်တော့မှ ပြန်လဲချင်နေတာလား... ကဲပါ ကဲပါ၊ နင် ငါ့အတွက် ဝယ်ပေးခဲ့တယ်လို့ပဲ သဘောထားလိုက်မယ်၊ ငါ နင်ကို တစ်ဆယ်ရာခိုင်နှုန်း (၁၀%) ပေးမယ် ဟုတ်ပြီလား"

"..."

"ပြီးရင် သွားကြစို့၊ ဒီနေရာက ကြောက်စရာကြီး"

ရှေ့မှလူမှ ဘာမှ ပြန်မပြောပေ။

နောက်မှလူ လှည့်ထွက်သွားသည့် အခိုက်အတန့်မှာပင် ရှေ့မှလူက ရုတ်တရက် လှည့်လာပြီး သူ့လက်ထဲတွင် ချွန်ထက် သော အလင်းတန်းတစ်ခုလက်ခနဲ ဖြစ်သွားသည်။

စွပ်...

မာကျောသော အရာတစ်ခုက အသားထဲသို့ တိုးဝင်သွားသည့် အသံထွက်ပေါ်လာ၏။

ရှေ့မှလူသည် ခေါင်းမော့လိုက်ရာ လရောင်အောက်တွင် သူ့ ရူးသွပ်နေသော မျက်နှာကို မြင်လိုက်ရသည်။

"အကုန်လုံးက ငါ့ဟာပဲ"

သွေးများက သူ့ မျက်နှာပေါ်သို့ စင်ဟပ်သွားကာ သူသည် နှုတ်ခမ်းထောင့်များကိုမြှင့်လိုက်ပြီး လက်ထဲမှ ဓားကို တရစပ် လွှဲလိုက်တော့သည်။

"အကုန်လုံး ငါ့ဟာတွေ၊ အကုန်လုံး ငါ့ဟာတွေပဲ"

"နင်..."

စကားပင်မဆုံး‌သေး ဓားဖြင့် အထိုးခံရသော ပုံရိပ်မှာ မကြာမီမှာပင် ငြိမ်ကျသွားတော့သည်။

ထိုသူသည် မျက်လုံးများပြူးကျယ်ကာ မကျေမနပ်ဖြင့် သေဆုံးသွားခဲ့ရသည်။

ထိုစဥ်ဓားကို ကိုင်ထားသော လူ၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင် အရိပ်တစ်ခုထွက်ပေါ်လာပြီး မြေပြင်ပေါ်ရှိ သေဆုံးသွားသူ၏ ဝိညာဉ်ကို ချက်ချင်းဝါးမြိုလိုက်သည်။

၎င်းက သူ့နှုတ်ခမ်းကို ကျေနပ်စွာ လျက်လိုက်ပြီး 'တကယ်ပဲ ဒီလိုစားရတာက ပိုပြီး အရသာရှိတာပဲ~' ဟု ဆိုလိုက်သည်။

ဂျောက်

ဓားက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ရပ်နေဆဲဖြစ်သော ထိုလူသည် မိမိလက်ကို ကြည့်လိုက်ပြီး မြေပြင်ပေါ်မှ သွေးအိုင်ထဲတွင် လဲနေသူကို ထပ်မံကြည့်လိုက်သည်။

သူ့ မျက်နှာမှာ ဇဝေဇဝါဖြစ်ရာမှ ထိတ်လန့်သွားပြီး နောက် ဆုံးတွင် ကြောက်လန့်တကြားဖြစ်သွားတော့သည်။

"ငါ မဟုတ်ဘူး... ငါ မဟုတ်ဘူး..."

ထို့နောက်သူသည် မိမိ၏ ဆံပင်များကို ဆွဲဖွကာ ထိုနေရာမှ အမြန်ဆုံး ထွက်ပြေးသွားတော့သည်။

"ငါ မဟုတ်ပါဘူး အား"

ထိုလူ ထွက်သွားသည်ကို မြင်သောအခါ လေထဲမှ အနက်ရောင်အရိပ်က သူ့ ရှည်လျားသော လက်ချောင်းများကို ဆန့်ထုတ်ကာ မြို့ထဲဘက်သို့ လှမ်းကြည့်လိုက်တော့သည်။

'နောက်ထပ် ဘယ်လို အရသာမျိုးကို စားရမလဲ...'

ရုတ်တရက် ၎င်းက တစ်စုံတစ်ခုကို အာရုံရလိုက်သကဲ့သို့ မျက်နှာပျက်သွားပြီး နောက်ဘက်ရှိ မြေပုံတစ်ခုဆီသို့ ပုန်းရှောင်ရန် သွားလိုက်သည်။

သို့သော် မြေပုံနောက်သို့ ပုန်းလိုက်ပြီးနောက် တစ်ခုခု မှားနေသည်ကို ခံစားလိုက်ရသည်။

၎င်းက ခေါင်းလှည့်ကြည့်လိုက်ရာ မြေပုံနောက်တွင်ပင် ထိုင်နေသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။

'မြောင်'

မိန်းကလေး၏ပခုံးပေါ်မှ ကြောင်ဝိညာဉ်လေးက လက်သည်းများကို ဆန့်ထုတ်ကာ ခုန်အုပ်လိုက်ပြီး ၎င်း မျက်လုံးကို ကုတ်ဆွဲလိုက်တော့သည်။

"ဒီကောင်မလေး"

အနက်ရောင်အရိပ်က ဒေါသတကြီးဖြင့် ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ထက်တွင် ငရဲပြည်လမ်းကြောင်းပေါ်လာပြီး အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ထို့ကြောင့် ၎င်းသည် ချက်ချင်း အခြားတစ်ဖက်သို့ထွက် ပြေးတော့သည်။

ထွက်ပြေးနေစဉ်မှာပင် ၎င်းဘေးနားတွင် အဖြူရောင် ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။

ကျန်းလင်ရောက်လာသည့် အချိန်တွင် ဘာဖြစ်သွားသည်ကို အတိအကျ မသိသေးပေ။

သို့သော် ထိုဝိညာဉ် ထွက်ပြေးနေသည်ကို မြင်သောအခါ အလိုအလျောက်ပင် လိုက်ဖမ်းတော့သည်။

သူသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရုံဖြင့် နောက်တစ်ခဏတွင် ထိုအနက်ရောင်အရိပ်၏ဘေးနားသို့ ရောက်ရှိသွားသည်။

ပြီးနောက် သူ့လက်ထဲတွင် ဝိညာဉ်ခေါ်တံပိုးက ပေါ်လာပြီး ဝိညာဉ်စွမ်းအားများကို စုစည်းကာ ရိုက်ချလိုက်တော့သည်။

"ဟင့်အင်း"

ဘုန်း

အနက်ရောင်အရိပ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ထွက်ပြေး၍ မရတော့မှန်း သိလိုက်ရသောအခါ ၎င်းသည် အရှုံးပေးမည့်အစား ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။

၎င်းက ထရပ်လိုက် ပြီး ကျန်းလင်ကို ရင်ဆိုင်လိုက်၏။

"ဒါ မင်းက ငါ့ကို အတင်းဖိအားပေးတာပဲ"

၎င်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ပတ်ဝန်းကျင်ရှိ အေးစက်သော စွမ်းအားများ က စုစည်းလာတော့သည်။

၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် ကြီးထွားလာပြီး နောက်ဆုံးတွင် အမြင့် ၁၀ မီတာ၊ အနံ ၃ မီတာရှိသော ဝိညာဉ်ကြီးတစ်ခု ဖြစ်သွားကာ အရှိန်အဝါမှာလည်း ခုနကထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လာ၏။

၎င်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများမှာ တစ်ခါမှ မကြုံဖူးအောင် ပြည့်လျှံနေသဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှုများ တိုးလာတော့သည်။

[ဝါး ဒီဝိညာဉ်က အသွင်ပြောင်းလို့ ရတာလား]

[ဖိအားပေး တော့ ဘာဖြစ်လဲ]

[မပြေးရင်တောင် တော်သေးတယ်၊ အခုလို ပြေးမှတော့ အပြစ်ရှိတာ ပေါ်လွင်သွားပြီပေါ့]

Live ထဲတွင် ကျန်းလင်နှင့်အတူ လူ့လောကသို့ ရောက်လာသော ကြည့်ရှုသူများမှာ ဖရဲသီးကို တစ်ဝက်ကိုက်ရင်း ကီးဘုတ်ပေါ်တွင် လက်ချောင်းများက တရစပ် လှုပ်ရှားနေကြသည်။

[Host ရေ ကြိုးစားပါ! အဲဒီကောင်ကို ရိုက်လွှတ်လိုက်]

[ဒါနဲ့ အဲဒီကောင်က ဘာလို့ ထွက်ပြေးတာလဲ]

[အရိုက်ခံရပြီးရင် သိသွားမှာ မဟုတ်ဘူးလား]

လေထဲတွင် ရှိနေသော ကျန်းလင်က မျက်ခုံးပင့်ကာတွေးလိုက်၏။

ဤဝိညာဉ်သည် ခုနက တစ္ဆေတပ်သား အဆင့်လောက်သာ ရှိသော်လည်း ယခုအခါတွင်မူ တစ္ဆေစစ်သူကြီး အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေသည်။

အကယ်၍ သူသာ အနည်းငယ် အားနည်းပြီး အရင်အဆင့်မှာပဲ ရှိနေသေးလျှင် ဤအရှိန်အဝါကြောင့် အမှန်တကယ်ပင် ထိတ်လန့်သွားနိုင်ပေသည်။

All Chapters