အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
🫧 Chapter 87
"..."
လေထဲတွင် ဝိညာဉ်ကြီးကစူးရှပြီး နားမခံသာသော အသံဖြင့် အော်ဟစ်လိုက်သည်။
"ဒါ နင်က ငါ့ကို အကျပ်ကိုင်တာပဲ၊ ဒါ နင်က ငါ့ကို အတင်းဖိအားပေးတာ"
၎င်းသည် ရူးသွပ်စွာ အော်ဟစ်ရင်း သူ့ကြီးမားသော လက် ကြီးကို ဝေ့ယမ်းကာ ရှေ့မှ ကျန်းလင်ကို ဖမ်းဆီး၍ ပါးစပ်ထဲသို့ ထည့်ရန် ကြိုးစားနေ၏။
ကျန်းလင်ကမူ ၎င်းကို အေးအေးဆေးဆေးကြည့်နေပြီး သူ့ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများထွက်ပေါ်လာကာ အကာ အကွယ်အဖြစ်ပြုလုပ်လိုက်သည်။
တစ္ဆေစစ်သူကြီး အဆင့်တွင် ဝိညာဉ်စွမ်းအားများကို ခန္ဓာကိုယ် မျက်နှာပြင်ပေါ်၌ သံချပ်ကာအဖြစ် ပြောင်းလဲနိုင်သည်။
တစ္ဆေစစ်သေနာပတိ အဆင့်သို့ ရောက်သောအခါတွင်မူ ဝိညာဉ်စွမ်းအားများကို ခန္ဓာကိုယ်ပြင်ပသို့ တိုက်ရိုက် လွှတ်ထုတ်နိုင်ပြီး အရှင်သခင်၏ စိတ်အလိုအတိုင်း ပုံစံအမျိုးမျိုး ပြောင်းလဲစေနိုင်သည်။
ထို့ကြောင့် ကျန်းလင် မျက်ဝန်းများ ထက်မြက်သွားသည့် အခိုက်အတန့်မှာပင် သူ့ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများမှာ ထက်မြက်သောဓားအစင်းပေါင်းများစွာအဖြစ် ပြောင်းလဲ သွားတော့သည်။
ထိုဓားများ ဝေ့ယမ်းလိုက်သည့်အခါတွင် ဝိညာဉ်ကြီး၏ လက်ကြီးမှာ အပိုင်းပိုင်းအပြတ်ပြတ် ပြတ်တောက်သွားခဲ့သောကြောင့် ဝိညာဉ်ကြီးက နာကျင်စွာအော်ဟစ်လိုက်ရင်း သူ့ကို ထိတ်လန့်တကြား စိုက်ကြည့်နေသည်။
"ဟင့်အင်း မဖြစ်နိုင်ဘူး"
'၎င်းသည် တစ္ဆေစစ်သူကြီး အဆင့်နီးပါးအထိ စွမ်းအားမြှင့်ထားသော်လည်း ဤဝိညာဥ်တမန်တော်က ဘာကြောင့် ဤမျှအထိ သန်မာနေရသနည်း'
'မဖြစ်တော့ဘူး'
' ဆက်နေလို့ မဖြစ်တော့ဘူး'
'၎င်းသည် သူ့ကို မယှဉ်နိုင်ပေ'
'ပြေးရမည်'
'ပြေးမှဖြစ်မည်'
၎င်းသည် လက်ပေါ်မှ ဒဏ်ရာကိုပင် မကြည့်အားတော့ဘဲ အကာအကွယ်အဖြစ် မြေပြင်ပေါ်ရှိ သဲကျောက်များကို ကန်ထုတ်ကာ ဖုန်မှုန့်များထလာစေပြီး အခြားတစ်ဖက်သို့ အမြန်ဆုံး ထွက်ပြေးတော့သည်။
ကျန်းလင်ကမူ ၎င်းကို ကြည့်နေရင်း လက်ထဲမှ ဝိညာဥ်ခေါ်တံပိုးကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
စနစ်၏အဆင့်မြှင့်ကတ်ဖြင့် အဆင့်မြှင့်ထားသော တံပိုး မှာ ပြင်းထန်သော ဝိညာဉ်စွမ်းအားများ ပေါင်းစပ်လိုက်သော အခါ ဆယ်ဆခန့် ကြီးထွားလာသည်။
ကျန်းလင်သည် နေရာမှာပင် ရပ်နေရင်း မြှောက်ထားသော လက်ကို ထွက်ပြေးနေသည့် ဝိညာဉ်ကြီးဆီသို့ ရိုက်ချလိုက်တော့သည်။
ဝုန်း~ ဆိုသည့် အသံကြီးနှင့်အတူ မြေပြင်မှာချိုင့်ဝင်သွားပြီး ဖုန်မှုန့်များ လွင့်စင်သွားကာ ပတ်ဝန်းကျင်ရှိ သစ်ရွက်များမှာ တုန်ခါသွားပြီး အေးစက်သော လေများမှာ ဝူးဝူးဝါးဝါး တိုက်ခတ်လာ၏။
ထိုလေသံမှာ ဤသင်္ချိုင်းမြေထဲတွင် တစ်စုံတစ်ယောက်က ရှိုက်ကြီးတငင် ငိုကြွေးနေသကဲ့သို့ပင်။
[ဟားဟားဟား မထင်ထားဘူးမလား မင်းက ကြီးသွားပေမဲ့ Host ရဲ့တံပိုးကလည်း ကြီးလို့ရတယ်]
[မတတ်နိုင်ဘူးလေ၊ Host က အဲဒီလောက်အထိ သန်မာနေတာကိုး]
[ပြေးစမ်းပါဦး! ငါ့ရဲ့ မီတာ ၄၀ ရှည်တဲ့ ဓားကြီးက အခုမှ သွေးဆာနေတာ]
Live မြင်ကွင်းမှာ အနည်းငယ် ကြောက်စရာကောင်းသော် လည်း ကြည့်ရှုသူများ၏စိတ်လှုပ်ရှားမှုကိုမူ မတားဆီးနိုင်ပေ။
စောင်လေးကိုခြုံရင်း Comment များကို တစ်ခုပြီးတစ်ခု ရေးနေကြသည်။
[မင်းတစ်ယောက်တည်း ကြီးလို့ရတယ် ထင်နေတာလား]
[ဗဟုသုတ နည်းလွန်းတာပဲ ဟားဟားဟား...]
Live မြင်ကွင်းထဲတွင် ခဏအကြာမှ ဖုန်မှုန့်များ ငြိမ်သက်သွား၏။
မြေပြင်ပေါ်ရှိ ကြီးမားသော ကျင်းကြီးတစ်ခုသာ ကျန်ရစ်ခဲ့ပြီး ဤနေရာတွင် တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ကြောင်း သက်သေ ပြနေသည်။
ကျန်းလင် လက်ထဲတွင်မူ နဂိုမူလ ပုံစံအတိုင်းပြန်ဖြစ်သွားသော ဝိညာဉ်ကို ဇောက်ထိုးကိုင်ထား၏။
ဝိညာဉ်ခေါ်တံပိုးနှင့် အရိုက်ခံရပြီးနောက် ထိုဝိညာဉ်မှာ မူလပုံစံသို့ ပြန်ပြောင်းသွားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ၎င်း၏ အဆင့်မှာလည်း စစ်သူကြီးအဆင့်မှ နဂို တပ်သားအဆင့်သို့ ကျဆင်းသွားပြီး ဆက်လက်၍လည်း ကျဆင်းနေဆဲပင်။
ထို့ပြင် ခဏအကြာတွင် လေလွင့်ဝိညာဉ် အဆင့်အထိ ကျသွားတော့မည်ဟု ခန့်မှန်းရသည်။
"အကျိုးဆက် လား" ကျန်းလင်က တွေးတောနေမိသည်။
ခုနက ဤဝိညာဉ်၏ စွမ်းအားက ရုတ်တရက်တိုးလာပြီး ယခုအခါ လျင်မြန်စွာ ပြန်ကျသွားခြင်းမှာ တစ်စုံတစ်ခုကို အသုံးပြုပြီးနောက် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးဖြစ်ကြောင်း သိသာလှသည်။
ဤကဲ့သို့သော အရာများကို ငရဲပြည်၏စည်းမျဉ်းအရ ဖန်တီးခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းမပြုရန် တားမြစ်ထားသည်။
ပထမအချက်မှာ ထိုအရာများကို ဖန်တီးခြင်းမှာ စနစ်တကျ မရှိသဖြင့် မိမိကိုယ်ကိုယ်ရော သူတစ်ပါးကိုပါ ဒုက္ခပေးနိုင်သည်။
ဒုတိယအချက်မှာ ထိုအရာများ ပြန့်နှံ့သွားပါက အမျိုးမျိုးသော ဆူပူသောင်းကျန်းမှုများ ဖြစ်လာနိုင်သည်။
တစ်ယောက်ယောက်က အကြောင်းမရှိဘဲ 'အသွင်ပြောင်း' နေမည်ဆိုလျှင် ဝိညာဉ်တမန်တော်များမှာ ထိုကိစ္စများကို ဖြေရှင်းရင်းနှင့်ပင် အလုပ်ရှုပ်ပြီးသေသွားနိုင်သည်။
တတိယအချက်မှာ ၎င်းတို့ သိထားသလောက် ထိုအရာများကို အသုံးပြုပြီးနောက် ဘေးထွက်ဆိုးကျိုးများ ရှိတတ် သည်။
အထက်ပါ အချက်သုံးချက်လုံးမှာ ငရဲပြည်၏ ရေရှည်တည်တံ့သော လုပ်ငန်းစဉ်များအတွက် အဆိုးဘက်က သက်ရောက်စေသော အချက်များပင် ဖြစ်သည်။
ကျန်းလင်သည် ထိုဝိညာဉ်ကို စစ်ဆေးကြည့်သော်လည်း ထူးခြားသော ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရပေ။
ထို့ကြောင့် ဝိညာဉ်ကို ဇောက်ထိုးဆွဲကာ ခါယမ်းကြည့်လိုက်သည်။
သူသည် စမ်းကြည့်ရုံသာ ဖြစ်ပြီး မျှော်လင့်ချက် အများကြီး မထားပေ။
အကယ်၍ ၎င်းသည် ဆေးလုံးတစ်လုံး ဖြစ်မည်ဆိုလျှင် အစာကြေသွားလောက်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။
အဟွတ် အဟွတ်....
ခါယမ်းလိုက်သည့် အခါတွင် ထိုဝိညာဉ်က နှစ်ချက်ခန့် ချောင်းဆိုးလိုက်ရာ အရာလေးတစ်ခု တကယ်ပင် ထွက်ကျလာသည်။
ကျန်းလင်က ဝိညာဉ်စွမ်းအားဖြင့် ဖမ်းယူကာ ကြည့်လိုက်ရာ ဖန်သားပြင်လေးကဲ့သို့ တောက်ပနေသော ပုလဲလုံးလေး တစ်လုံးဖြစ်နေ၏။
ပုလဲလုံးလေး၏ မျက်နှာပြင်ပေါ်တွင် ယခုအခါ အက် ကြောင်းတစ်ခု ထင်နေပြီ ဖြစ်သည်။
သူ ကြည့်လိုက်သော်လည်း ဘာမှန်းမသိသဖြင့် ထိုဝိညာဉ်နှင့်အတူ အထက်လူကြီးထံသို့ သွားရောက်အပ်နှံရန်ပြင်လိုက်သည်။
[...]
[ဒါ ဘာကြီးလဲ အသွင်ပြောင်းဆေးလုံးလား]
[အသွင်ပြောင်းတာက ပြီးသွားပြီလား]
[ဒါက နောက်ကွယ်မှာ ပူးပေါင်းကြံစည်မှုကြီးရှိနေတာ သေချာတယ်၊ အဲဒီပုလဲလုံးရဲ့ နောက်ခံက မရိုးရှင်းဘူး]
[Host ကတော့ ရှယ်ပဲ မနက်ဖြန်ကျရင် အဲဒီသင်္ချိုင်းကုန်းပေါ်က ကျင်းကြီးက သတင်းထဲပါလာဦးမယ် ဟားဟားဟား...]
Live ထဲမှ ကြည့်ရှုသူများမှာလည်း ထိုပုလဲလုံးလေးကို ကြည့်နေကြသော်လည်း သူတို့မှာ ဘာမှန်းမသိကြပေ။
သို့သော် ဝေဖန်ပိုင်းခြားခြင်း၊ ပူးပေါင်းကြံစည်မှုများအား တွေးတောခြင်းနှင့် ဖရဲသီးစားခြင်းတို့တွင်မူ သူတို့က ဆရာကြီးများဖြစ်ကြသည်။
ခုနက ဝိညာဉ်ကြီး အသွင်ပြောင်းသွားသည့် အချိန်တွင် သူတို့ တကယ်ပင် အံ့အားသင့်ခဲ့ရသည်။
အချို့သော ကြည့်ရှုသူများမှာ Host အတွက် စိုးရိမ်နေခဲ့ကြသေးသည်။
ဝတ္ထုတွေထဲမှာ ဤကဲ့သို့ အသွင်ပြောင်းသူများမှာ နောက် ကွယ်မှ ဝှက်ဖဲတစ်ခုခုရှိတတ်ကြသည် သို့မဟုတ် ဆေးလုံးစားထားတတ်ကြသည် မဟုတ်ပါလား။
ကံကောင်းသည်မှာ Host က ခဏချင်း ဖြေရှင်းလိုက်နိုင်သဖြင့် သူတို့မှာ အကြာကြီးမစိုးရိမ်လိုက်ရပေ။
Host ဤမျှအထိ သန်မာသည်ကို မြင်ရသဖြင့် သူတို့လည်း ဝမ်းသာကြသည်။
ဝိညာဉ်တမန်တော်များ သန်မာမှသာ လူ့လောကအတွက် လုံခြုံမှုက ပိုမိုခိုင်မာလာမည် မဟုတ်ပါလော။
ထို့အပြင်... ငရဲပြည်တွင် တမန်တော်များစွာ ရှိနိုင်သော်လည်း သူတို့ သိထားသော၊ ထိတွေ့ဖူးသော ဝိညာဉ်တမန်တော်မှာ Host တစ်ဦးတည်းသာ ရှိသေးသည်။
ငရဲပြည်၏ နေ့စဉ်ဘဝ ဗဟုသုတများမှသည် ဘိုးဘေးများ ၏အမွေဆက်ခံမှုများအထိ... အရာရာတိုင်းမှာ Host ကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ကြည့်ရှုသူ အများအပြားမှာ သတိမထားမိကြသော်လည်း... Host စိတ်ကြည်လင်နေလျှင် သူတို့လည်း လိုက်၍ပျော်ရွှင်ကြသည်။
အကယ်၍ Host က စိတ်မချမ်းမသာဖြစ်နေလျှင် သို့မဟုတ် ဒဏ်ရာရသွားလျှင်လည်း သူတို့က လိုက်၍ စိုးရိမ်နေကြတတ်သည်။
ကျန်းလင် ဆိုသည့် Host မှာ သူတို့အတွက် ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်နေခဲ့ပြီ။
[တင်~ ဂုဏ်ယူပါတယ် စနစ်ပိုင်ရှင် နေ့စဉ်တာဝန်ဖြစ်တဲ့ ‘ယုံကြည်ခြင်းနှလုံးသား ၁၀၀၀’ ကို အောင်မြင်စွာ ရရှိခဲ့ပါတယ် (၁/၃)]
ခဏအကြာတွင် စနစ်မှ အချက်ပေးသံ ထွက်ပေါ်လာသည်။
ဤကြည့်ရှုသူများက ကျန်းလင်၏တည်ရှိမှုကို ယုံကြည်ပြီး သူ့ဝိညာဉ်တမန်တော်ဆိုသည့် အဆင့်အတန်းကိုလက်ခံကြခြင်းမှာ ငရဲပြည်တည်ရှိမှုကို လက်ခံလိုက်ခြင်းနှင့် အတူတူပင်။
အနည်းဆုံးတော့ ကျန်းလင်က ထိုသို့ နားလည်ထားသည်။
လက်ထဲမှ ဝိညာဉ်နှင့် ပုလဲလုံးကို သိမ်းဆည်းလိုက်ပြီးမှ ကျန်းလင်သည် အောက်ဘက်ရှိမြေပုံနောက်တွင် ပုန်းအောင်း နေသော လူတစ်ယောက်နှင့် ကြောင်တစ်ကောင်ဆီသို့ လှမ်းကြည့်လိုက်၏။
ထိုအခါ ချီယောင်ယောင်က ထရပ်ကာ သူ့ကို လက်ဝေ့ယမ်းပြလိုက်သည် "နေကောင်းရဲ့လား စီနီယာကြီး"
အတန်ကြာ အလုပ်သင် ဆင်းပြီးနောက်တွင် သူမသည် ကျန်းလင်ကို 'Host' ဟု မခေါ်တော့ဘဲ 'စီနီယာ' ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။
သူမ စိတ်ထဲတွင် ကျန်းလင်သည် လူကြီးသူမကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သည်။
Host ဆိုသည့် ခေါ်ဆိုမှုထက် ဤခေါ်ဆိုမှုက သူမ၏လေး စားမှုကိုပိုမိုဖော်ပြနိုင်သည်ဟု သူမ ထင်မြင်သည်။
ကျန်းလင်ကမူ ထိုခေါ်ဆိုမှုများကို အများကြီးဂရုမစိုက်ပေ။
သူက ခေါင်းငြိမ့်ပြလိုက်ပြီး "မင်း အခုတလော ဒီနားမှာ ကင်းလှည့်နေတာလား" ဟု မေးလိုက်သည်။
တမန်တော် ဖြစ်ချင်လျှင် အနည်းဆုံး နှစ်တစ်ရာခန့် အလုပ် သင်ဆင်းရမည်ဖြစ်သည်။
ချီယောင်ယောင်မှာ ထူးခြားသော စွမ်းဆောင်ရည် မပြနိုင်ပါက လောလောဆယ်တွင် ကင်းလှည့်သည့် အလုပ်ကြမ်းများကိုသာ လုပ်ကိုင်ရဦးမည်ဖြစ်သည်။
"ဟုတ်ကဲ့ ကင်းလှည့်တာ ပြီးတော့မှာပါ"
"ကင်းလှည့်တဲ့ ကိစ္စကသေးရင် သေးသလောက်၊ ကြီးရင် ကြီးသလောက် ရှိတတ်တယ်၊ ကိုယ့်ဘာသာကိုယ် သတိထားဦး" ကျန်းလင်က အေးဆေးစွာ ပြောလိုက်သည်။
ကင်းလှည့်ခြင်းမှာ ကံအပေါ် အများကြီး မူတည်သည်။
ကံကောင်းလျှင် ဆယ်စုနှစ်ပေါင်းများစွာအထိ ဘာကိစ္စကြီးကြီးမားမားမှ မကြုံရတတ်ပေ။
အကယ်၍ ကံမကောင်းလျှင်မူ သုံးရက်တစ်ကြိမ်လောက် ဝိညာဉ်ကြီးများ သို့မဟုတ် ကိစ္စရပ်များနှင့် ကြုံတွေ့ရတတ်သည်။
ထိုအခြေနေများကြုံရပါက အလုပ်သင်ကာလ မကုန်ဆုံးခင်မှာပင် အသက်ပျောက်သွားနိုင်ခြေရှိသည်။
သို့သော် ကျန်းလင်က အများကြီး မပြောတော့ပေ။
ခုနက အခြေအနေကို ကြည့်ရသလောက် ဤမိန်းကလေးမှာ ပါးနပ်သူတစ်ဦး ဖြစ်ကြောင်းသိသာလှသည်။
သူ အများကြီး ပြောနေစရာမလိုပေ။
စကားအနည်းငယ် ပြောပြီးနောက် ကျန်းလင်သည် ငရဲပြည်သို့ ပြန်သွားခဲ့သည်။
သူသည် သင်္ချိုင်းမြေတစ်ခုလုံးကိုကြည့်လိုက်ရာ မြေပြင်ပေါ်တွင် သေဆုံးနေသူကိုလည်းတွေ့ရှိခဲ့သည်။
ထိုသူ့ခန္ဓာကိုယ်တွင် သူ ဖမ်းဆီးထားသော ဝိညာဉ်၏အငွေ့ အသက်များ ကျန်ရှိနေသဖြင့် ပြဿနာရှာသူမှာ ထိုဝိညာဉ် ဖြစ်ကြောင်း သေချာလှသည်။
သူ ထွက်လာသည်မှ ကိစ္စပြီးသွားသည်အထိ မိနစ်အနည်း ငယ်သာ ကြာမြင့်ခဲ့သည်။
ခုနက တိုက်ပွဲမှာလည်း ခဏချင်းမှာပင် ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ကျန်းလင် ထွက်သွားပြီးနောက်မှ ချီယောင်ယောင်သည် သက်ပြင်းတစ်ချက်ချနိုင်တော့သည်။
တော်သေးသည်မှာ အခြေအနေမဟန်မှန်း သိလိုက်သည်နှင့် သူမ ချက်ချင်းပုန်းလိုက်၍ ဖြစ်သည်။
မဟုတ်ပါက သူမ၏ အသက်လေး ပျောက်သွားလောက်ပြီပင်။
သူမသည် မိမိ၏တာဝန်ကို ကောင်းစွာနားလည်ထားသည်။
ကင်းလှည့်ရန်နှင့် ကင်းလှည့်နေစဉ်အတွင်း ထူးခြားမှုရှိပါက အထက်သို့ တင်ပြရန်သာဖြစ်သည်။
ကျန်သည့်ကိစ္စများကိုမူ သူမ စွမ်းအားနှင့်အညီသာလုပ် ဆောင်ရန် ဆုံးဖြတ်ထားသည်။
အစွမ်းထက်ချင်ယောင်ဆောင်ခြင်းမှာ ကောင်းသော ကိစ္စမဟုတ်ပေ။
သူမသည် ပခုံးပေါ်မှ ကြောင်လေးကို ပုတ်ပေးလိုက်သည်။
"ကျေးဇူးပါပဲ ယို့ယို့၊ နောက်တစ်ခါ ဝိညာဉ်ဈေးရောက်ရင် ငါ ငါးခြောက်လေး ဝယ်ကျွေးမယ်"
"မြောင်"
🫧 Chapter 88
"ကဲ... တို့တွေလည်း ဆက်ပြီးကြိုးစားကြရအောင်" ဟု ချီယောင်ယောင်က ပြောလိုက်၏။
စီနီယာကြီးက ထိုမျှအထိသန်မာနေသည်ဖြစ်ရာ သူမသည်လည်း ထိုဦးတည်ချက်အတိုင်း ရှေ့ဆက်သွားရန်လိုအပ်သည် မဟုတ်ပါလော။
ဖျောက်...
သူမက လက်ဖျောက်တစ်ချက် တီးလိုက်ရာ မီးအိမ်လေးက ပြန်လည်လင်းထိန်လာကာ လူတစ်ယောက်နှင့် ကြောင်တစ်ကောင်သည် ကင်းလှည့်ခြင်းကို ဆက်လက်လုပ်ဆောင်ကြပြန်သည်။
ကျန်းလင် ထွက်ခွာသွားပြီး မကြာမီမှာပင်...
ရဲကားအစီးပေါင်းများစွာသည် အနီးနားရှိ ကားလမ်းပေါ်တွင် ဆိုက်ရောက်လာကြသည်။
မကြာခင်မှာပင် သေဆုံးသူ၏အနီးသို့ ရောက်ရှိသွားကြ၏။
ထွက်ပြေးသွားသူကိုလည်း လိုက်လံဖမ်းဆီးရန် လူလွှတ်ထားပြီးဖြစ်သည်။
တရားခံသည် 'ဝိညာဉ်ပူးကပ်ခံရခြင်း' ကြောင့်လား သို့မဟုတ် အခြားအကြောင်းကြောင့်လား ဆိုသည်ကိုမူ စုံစမ်းစစ်ဆေးပြီးမှသာ အတည်ပြုနိုင်မည် ဖြစ်သည်။
...
ငရဲပြည်
ကျန်းလင်သည် Live ကို ပိတ်လိုက်ပြီး ထိုဝိညာဉ်နှင့် ပုလဲလုံးလေးကို သူ့ အထက်လူကြီးဖြစ်သော အသင်းခေါင်းဆောင် ထံသို့သွားရောက်အပ်နှံလိုက်သည်။
သူ သိရှိထားသော ဖြစ်စဉ်အသေးစိတ်ကိုလည်း စက္ကူပေါ်တွင် မှတ်တမ်းတင်ကာ အတူတူပေးအပ်လိုက်၏။
ငရဲပြည်တွင် ဝိညာဉ်တမန်တော်များစွာ ရှိသဖြင့် ယမမင်းကြီးသည် ၎င်းတို့ကို တိုက်ရိုက်အုပ်ချုပ်လေ့မရှိပေ။
ထို့အစား ရာထူးအဆင့်ဆင့်ကို ခွဲခြားသတ်မှတ်ထားသည်။
ကျန်းလင်တို့ကဲ့သို့ လူ့လောကသို့ သွားရောက်ကာ ဝိညာဉ်များကို ခေါ်ဆောင်ရသည့်၊ အသေးစားကိစ္စရပ်များကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းရှိသည့် တမန်တော်များကိုမူ ပုံမှန်အားဖြင့် အနီးကပ် ကြီးကြပ်နေစရာမလိုပေ။
ထို့ကြောင့် 'အသင်းခေါင်းဆောင်' ရာထူးတစ်ခုကိုသာ သတ်မှတ်ထားခြင်းဖြစ်သည်။
အသင်းခေါင်းဆောင်ရာထူးကိုလည်း အဖြူရောင်ဝိညာဉ်တမန်တော်များကပင် တာဝန်ယူရသည်။
ကျန်းလင် သိထားသလောက် အဖြူရောင်ဝတ်စုံဝတ် အသင်းခေါင်းဆောင် အနည်းဆုံးလေးငါးဦးခန့် ရှိပြီး တစ်ဦးချင်းစီ၏လက်အောက်တွင် မရဏတမန်အရေအတွက် အနည်းနှင့်အများ ရှိကြသည်။
ကျန်းလင်၏အထက်လူကြီးဖြစ်သော ဤအသင်းခေါင်း ဆောင်မှာ အသက်ရှင်စဉ်က 'မင်းသား' တစ်ဦး ဖြစ်ခဲ့ဖူးသည်ဟုဆိုကြသည်။
ဆင်းရဲသားများကို ဆန်ပြုတ်တိုက်ကျွေးခြင်းနှင့် ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်ခဲ့သူဖြစ်ပြီး တမန်တော်ဖြစ်လာပြီးနောက်တွင်လည်း အလွန်ကြိုးစားအားထုတ်သူ ဖြစ်သည်။
သူ၏စွမ်းအားရော၊ ဝါရင့်မှုပါ ဤအသင်းခေါင်းဆောင် ရာထူးနှင့် ထိုက်တန်လှပေသည်။
ကျန်းလင် ရောက်သွားချိန်တွင် ထိုခေါင်းဆောင်မှာ စားပွဲတွင် ခေါင်းငိုက်စိုက်ချကာ စာရွက်စာတမ်း အမျိုးမျိုးကိုကိုင် တွယ်ဖြေရှင်းနေသည်။
စားပွဲ၏ဘေးတစ်ဖက်တစ်ချက်တွင်လည်း စာရွက်စာတမ်းပုံကြီးများက တောင်ပုံရာပုံ ရှိနေ၏။
လှုပ်ရှားသံကြားသောအခါ အသင်းခေါင်းဆောင်က ဘာကိစ္စလဲဟု မေးလိုက်သည်။
ကျန်းလင် အကြောင်းအရာကို ရှင်းပြလိုက်သောအခါ ခေါင်းဆောင်က သူအပ်နှံသည့် ပစ္စည်းများကို ဝိညာဉ်စွမ်းအားဖြင့် ဖမ်းယူကာ စားပွဲ၏အခြားတစ်ဖက်သို့ ရွှေ့လိုက်သည်။
"ဒီကိစ္စကို ငါကြားပြီးပြီ၊ အခုတလော ဒီလိုမျိုး ဖြစ်ရပ်တွေ ခဏခဏဖြစ်နေတယ်၊ မင်းတို့လည်း သတိထားကြဦး"
ထိုသို့ပြောရင်း သူ ခေါင်းမော့လာရာ မျက်လုံးအောက်တွင် သိသာထင်ရှားလှသော ကွင်းမည်းကြီးနှစ်ခုကို ကျန်းလင် တွေ့လိုက်ရ၏။
သူသည် ကျန်းလင်ကိုကြည့်ကာ မျက်လုံးမှေးလိုက်ပြီး ပါးစပ်ဟလိုက်သော်လည်း ဘာမှတော့ မပြောခဲ့ပေ။
ထို့နောက် စာရွက်စာတမ်းများထဲသို့ ပြန်လည် နစ်မြုပ်သွားပြန်သည်။
ကျန်းလင်သည် ခေါင်းဆောင် ဘာကိုကြည့်နေသည်ကို မသိသလို ထပ်လည်းမမေးတော့ပေ။
အပြင်သို့ ထွက်လာသောအခါ တံခါးစောင့်နေသည့် တမန် တော်က သူ့ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
ထိုသူ့ မျက်လုံးအောက်တွင်လည်း ကွင်းမည်းကြီးများရှိနေ၏။
ခေါင်းဆောင်၏ ဤကဲ့သို့အလုပ်များနေသော ပုံစံမှာ တစ်ရက်နှစ်ရက်တည်း မဟုတ်ကြောင်း သိသာလှသည်။
ကျန်းလင် သိထားသလောက် ဤအသင်းခေါင်းဆောင်များ၏အလုပ်လုပ်ပုံကို နှစ်မျိုးခွဲခြားနိုင်သည်။
တစ်မျိုးမှာ လက်တွေ့လှုပ်ရှားသူများဖြစ်ပြီး ရှေ့တန်းအထိ သွားရောက်ကာ ကိစ္စရပ်များကို ဖြေရှင်းတတ်ကြသည်။
နောက်တစ်မျိုးမှာ နောက်ကွယ်မှစီမံသူများဖြစ်ပြီး တစ်နေရာတည်းတွင် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာအထိ စာရွက်စာတမ်းများကို ကိုင်တွယ်ဖြေရှင်းတတ်ကြသည်။
ကျန်းလင်၏ အသင်းခေါင်းဆောင်မှာမူ ဒုတိယအမျိုးအစား ဖြစ်ပုံရသည်။
ကျန်းလင် ထွက်ခွာသွားစဉ်မှာပင် အခြားသော လုပ်ဖော်ကိုင် ဖက်တစ်ဦးက စာရွက်စာတမ်းများနှင့် ပစ္စည်းများကို ကိုင်ဆောင်ကာ အခန်းထဲသို့ ဝင်သွားပြန်သည်။
ယခင်က မရဏတမန်များ စကားလက်ဆုံကျစဉ် သူတို့၏ အသင်းခေါင်းဆောင်အကြောင်း ပြောဖူးကြသည်။
အသက်ရှင်စဉ်ကလည်း ကုသိုလ်ကောင်းမှုလုပ်ရင်း အလုပ် များခဲ့ပြီး ငရဲပြည်ရောက်တော့လည်း အလုပ်များနှင့် လုံးပန်းနေရဆဲပင်။
၎င်းတို့အမြင်တွင်မူ ဤကဲ့သို့သော သူတော်ကောင်းမျိုးမှာ ဘဝကောင်းကောင်းတွင် ပြန်လည်ဝင်စားသင့်သည် သို့မဟုတ် ရာထူးကြီးကြီးတစ်ခုခုကို ရယူသင့်သည်ဟု ထင်ကြသည်။
'လူ့ဘဝတွင် တစ်သက်လုံး အလုပ်ရှုပ်ခဲ့ပြီးမှ ငရဲပြည်ရောက်လျှင်တော့ ကောင်းကောင်းအနားယူသင့်သည် မဟုတ်ပါလား'
သို့သော် ဤခေါင်းဆောင်ကမူ ငရဲပြည်ရောက်သည်အထိ မိမိကိုယ်ကိုယ် ဤမျှအထိ အလုပ်များအောင် ထားနေဆဲပင်။
သို့သော်လည်း တမန်တော်များမှာစပ်စုရုံသာရှိပြီး ခေါင်း ဆောင်ကို ဘာကြောင့်လဲဟု သွားမမေးရဲကြပေ။
ဆန့်ကျင်ဘက်အနေနှင့် သူတို့စိတ်ထဲတွင် ခေါင်းဆောင်ကို လေးစားမိကြသည်။
သူတို့ကိုယ်တိုင်မူ ဤအဆင့်အထိ မလုပ်နိုင်မှန်း သိကြသဖြင့် အခြေခံတမန်တော်ဘဝမှာသာ ရှိနေကြခြင်းဖြစ် သည်။
...
အသင်းခေါင်းဆောင်ထံမှ ထွက်လာပြီးနောက် ကျန်းလင်သည် ဝိညာဉ်ဈေးနှင့် တာဝန်ပေးအပ်ရေး စင်တာဘက်သို့ တစ်ပတ်ပတ်ကြည့်လိုက်သည်။
ထိုသို့သွားသည်မှာ ဤကဲ့သို့သော ရုတ်တရက်ဖြစ်ရပ်မျိုးနှင့် ပတ်သက်သည့် သတင်းများ ရှိ၊ မရှိ နားစွင့်ရန်ဖြစ်သည်။
ဝိညာဉ်ဈေးသို့ သွားစဉ်တွင် နေ့စဉ် Live တာဝန်ကိုလည်း လုပ်ဆောင်ရန်အတွက် Live ကို ပြန်ဖွင့်လိုက်သည်။
[Host ခုနက ဘယ်သွားနေတာလဲ]
[ဒါနဲ့ အဲဒီ ပုလဲလုံးက ဘာဖြစ်တာလဲဆိုတာ သိရပြီလား]
[ငါ့ရဲ့ သိချင်စိတ်ကတော့ သတ်တော့မယ်]
[သိချင်စိတ် +၁]
Live ပွင့်လာသည်နှင့် ကြည့်ရှုသူများ ချက်ချင်းရောက်လာကြသည်။
Live ပိတ်ထားစဉ်အတွင်း သူတို့မှာလည်း ထိုပုလဲလုံး၏ အကြောင်းကို အမျိုးမျိုးခန့်မှန်းနေခဲ့ကြခြင်း ဖြစ်သည်။
[ခန့်မှန်းရသလောက်ဆိုရင် နောက်ကွယ်မှာ ဗီလိန်တစ်ယောက်က အဲဒီလို အရာတွေကို ထုတ်လုပ်ပြီး ရောင်းစားနေတာ ဖြစ်ရမယ်]
[ဒါမှမဟုတ် အဲဒီဝိညာဉ်ကတစ်နေရာမှာ ပြုတ်ကျပြီး ရတနာတစ်ခုခု တွေ့ခဲ့တာမျိုးဖြစ်နိုင်တယ်]
[အပေါ်ကလူ ပြောတာက... လက်စွပ်ထဲမှာ အဖိုးကြီးတစ်ယောက်ရှိနေတဲ့ ရွှေလက်ချောင်းစနစ်မျိုးကို ပြောတာလား]
[ညီအစ်ကိုတို့ရေ... ကလောင်ကိုယူပြီး ဆက်ပြီး ဇာတ်လမ်းထွင်ကြပါဦး]
ကြည့်ရှုသူများ၏မှတ်ချက်များကို ကျန်းလင်က တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှတော့ မပြောခဲ့ပေ။
အကြောင်းမှာ ဤကိစ္စကို ရှင်းရှင်းလင်းလင်း မသိရသေးသဖြင့် ပြောစရာ မရှိ၍ဖြစ်သည်။
အသင်းခေါင်းဆောင်ထံ သွားစဉ် Live ပိတ်ထားရခြင်းမှာလည်း ထိုနေရာတွင် အရေးကြီး မှတ်တမ်းများစွာ ရှိနေပြီး အခြားသော မရဏတမန်များလည်း ကိစ္စအဝဝလာရောက် တင်ပြနေကြသောကြောင့် ဖြစ်သည်။
မည်သည့်အရာကို ထုတ်လွှင့်ပြသသင့်ပြီး မည်သည့်အရာကို မပြသသင့်ဘူးဆိုသည်ကိုမူ ကျန်းလင် ကောင်းစွာနားလည်ထားသည်။
ဝိညာဉ်ဈေးထဲတွင် တစ်ပတ်ပတ်ကြည့်သော်လည်း ဝိညာဉ်များ၏ စွမ်းအားက ရုတ်တရက် တိုးလာပြီး ပြန်ကျသွားသည့် သတင်းမျိုးကိုမူ မကြားရပေ။
ထိုထူးခြားသော ပစ္စည်းမှာ မပြန့်နှံ့သေးခြင်းလား သို့မဟုတ် လူတိုင်းက သတိမထားမိကြသေးခြင်းလား ဆိုသည်ကို မသိရပေ။
ထိုအစား အခြားသော သတင်းများကိုသာ ကြားခဲ့ရသည်။
ဥပမာအားဖြင့် ဆေးပညာရှင်စုန့်မိသားစုဘိုးဘေးက ဝိညာဉ်များကို ခွဲစိတ်ရန် ထပ်မံရှာဖွေနေသည် သို့မဟုတ် မည်သူက ဆိုင်အသစ်ဖွင့်တော့မည် သို့မဟုတ် ဝိညာဉ်အသစ်လေးတစ်ဦးက ဝိညာဉ်ဟောင်းတစ်ဦးကို သွားရောက်ငြင်းခုံရာမှ အရိုက်ခံရပြီး ပြန်လာရသည် စသည့် သတင်းပေါင်းစုံပင် ဖြစ်သည်။
ကျန်းလင်သည် ထိုသတင်းများကို ခဏကြာ နားစွင့်နေခဲ့သည်။
ဤသတင်းများမှာ သာမန်ဟု ထင်ရသော်လည်း ငရဲပြည်၏ စစ်မှန်သော နေ့စဉ်ဘဝများပင်။
ဤကဲ့သို့သော နေ့စဉ်ဘဝများကို Live ထဲမှ ကြည့်ရှုသူများက အလွန်စိတ်ဝင်စားနေကြသည်ကို ကျန်းလင် တွေ့လိုက်ရ၏။
သူတို့မှာ အားရပါးရ နားထောင်နေကြသည်။
၎င်းတို့အတွက်မူ... ငရဲပြည်၏ဘဝမှာ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသည်။
ဝိညာဉ်များ၏လူသားများနှင့် မတူညီသော နေ့စဉ်ဘဝများကို ကြည့်ရှုရခြင်းမှာ စူးစမ်းရှာဖွေမှုတစ်ခုနှင့် ပျော်ရွှင်မှုတစ်ခု ဖြစ်နေပေလိမ့်မည်။
ကြည့်ရှုသူများမှာ ပုလဲလုံးအကြောင်း အတန်ကြာဆွေးနွေးပြီးနောက် အဖြေမထွက်သဖြင့် အချို့က Group တစ်ခုဖွဲ့ကာ နောက်မှ ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြသည်။
ထို့နောက် ကျန်းလင်နှင့်အတူ လိုက်ပါကြည့်ရှုရင်း ငရဲပြည် ၏အတင်းအဖျင်းများနှင့် နေ့စဉ်ဘဝများကို ကြည့်ရှုနေကြတော့သည်။
Host က ဝိညာဉ်ဈေးသို့ လာခဲလှသကဲ့သို့ လာလျှင်လည်း အကြာကြီး မနေတတ်ပေ။
ထို့ကြောင့် သူတို့မှာ လိုက်ကြည့်၍ မရိုးနိုင်ကြပေ။
ဝိညာဉ်များ၏ဘဝကို သုတေသနပြုနေသော အဖွဲ့အစည်းအချို့မှာမူ မှတ်စုစာအုပ်များကို ကိုင်ကာ မှတ်တမ်းတင်နေကြပြီ ဖြစ်သည်။
သို့သော် ကြည့်ရင်းကြည့်ရင်းနှင့်ပင် ပြုံးမိကြကာ ရံဖန်ရံခါ အော်ဟစ် ရယ်မောမိကြ၏။
[ဟားဟားဟား... ဟိုဘက်က ဝိညာဉ်နှစ်ကောင်ကတော့ ရှယ်ပဲ၊ သူတို့ရဲ့ ဘယ်ဘက်လက်ကို ဖြုတ်ပြီး လက်နက်အဖြစ် သုံးပြီး ရန်ဖြစ်နေကြတာ]
[ဝိညာဉ်တွေလည်း ဘောလုံးကန်ကြတာလား... ဟာ သူတို့က ကိုယ့်ခေါင်းကိုယ် ဖြုတ်ပြီး ကန်နေကြတာလား]
[ဒါနဲ့... ဟိုဘက်မှာ ကဖို့ လေ့ကျင့်နေကြတာလား]
[ဖြစ်နိုင်တယ်၊ ဆိုင်အသစ် ဖွင့်တော့မှာဆိုတော့ အဲဒါအတွက် လေ့ကျင့်နေတာ ဖြစ်မယ်]
[ငါတော့... ပထမဆုံးအကြိမ် ဒီလောက်အထိ ထူးဆန်းတဲ့ အကကို မြင်ဖူးတာပဲ]
သူတို့ အံ့ဩသည်မှာလည်း မဆန်းပေ။
အဘယ်ကြောင့်နည်းဟု ဆိုလျှင် လမ်းဘေးတွင် ဝိညာဉ်တစ်စုမှာ ပုံစံများယူကာ ညီညီညာညာ 'က' နေကြသည်။
ပုံစံမှာ လူ့လောကနှင့် ဆင်တူသော်လည်း ကြည့်ရှုသူများအတွက်မူ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းနေတော့သည်။