အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
🫧 Chapter 89
"တစ်၊ နှစ်၊ သုံး၊ လေး... နှစ်၊ နှစ်၊ သုံး၊ လေး... သုံး၊ နှစ်၊ သုံး၊ လေး..."
တစ္ဆေဈေးထဲတွင် ကကွက်လေ့ကျင့်နေကြသည့် ဝိညာဉ်တစ်စုမှာ စာသားများကို အသံကုန်ဟစ်ကာ အချက်ပေးနေကြသည်။
Live လွှင့်ခန်းအတွင်းရှိကြည့်ရှုသူများမှာမူ ပါးစပ်အဟောင်း သားနှင့် ဤမြင်ကွင်းကို မယုံကြည်နိုင်စရာ အံ့ဩဖွယ်ရာအဖြစ် ကြည့်နေကြရသည်။
"..."
'ဝိညာဉ်တစ်အုပ်စုကြီး စုပေါင်းရပ်ပြီး 'ကိုယ်လက်လှုပ်ရှား အားကစား' လုပ်သလိုမျိုး 'က' နေကြသည်ကို သင် မြင်ယောင်ကြည့်နိုင်ပါသလား'
'ကနေရင်းနှင့်မှ လက်တစ်ဖက်ကို ဖြုတ်ကာ ပရိသတ်ကို ဝှေ့ယမ်းပြနေသည့် ဝိညာဉ်များကိုရော သင် စိတ်ကူးကြည့်နိုင်ပါသလား'
ဝိညာဉ်တစ်ကောင်ဆိုလျှင် ကနေရင်းနှင့်ပင် ခေါင်းက ကြမ်း ပြင်ပေါ်သို့ 'ဂူလူး' ကနဲ လိမ့်ကျသွားသေးသည်။
အခြားဝိညာဉ်တစ်ကောင်ကလည်း မမြင်ဘဲ ထိုခေါင်းကို တက်နင်းမိလေရာ...
ဝိညာဉ်ခေါင်းက "အား..." ဟု အော်လိုက်ပြီး၊ တက်နင်းမိသည့် ဝိညာဉ်မှာလည်း လန့်၍ဖင်ထိုင်လျက်လဲကျသွားကာ မျက်လုံးအိမ်ပါ ပြုတ်ထွက်သွားတော့သည်။
ဤရုတ်တရက် ဖြစ်ရပ်ကြောင့် နောက်နားက သတ္တိနည်းသော ဝိညာဉ်လေးမှာ လန့်သွားပြီး...
"အား..." ဟု အော်ကာ ဘေးနားက ကဖော်ကဖက် ဝိညာဉ်ကြီးတစ်ကောင်ကို ပြေးဖက်လိုက်သည်။
သူ ပြန်သတိဝင်လာပြီး...
ငုံ့ကြည့်လိုက်သည့်အခါ သူဖက်ထားမိသည်မှာ မျက်နှာပေး အလွန်ကြမ်းတမ်းသော လူသန်ကြီးတစ်ယောက် ဖြစ်နေ သည်ကို တွေ့လိုက်ရသဖြင့် မျက်လုံးကိုအတင်းမှိတ်ထားလိုက်တော့သည်။
သူ လန့်ဖျန့်သွားခြင်းလား သို့မဟုတ် မူးလဲချင်ယောင်ဆောင်လိုက်ခြင်းလား ဆိုသည်ကိုမူ မသိရပေ။
ဤသည်ကို ကြည့်ပြီး...
ကြည့်ရှုသူအချို့မှာ ရယ်လွန်း၍ မောကုန်ကြသလို၊ အချို့ကမူ ထူးဆန်းသော မျက်နှာပေးများဖြစ်နေကြသည်။
[ငရဲပြည်ရဲ့နေ့စဉ်ဘဝကလည်း တကယ်ကို စုံလင်လှပါလား ဟားဟားဟား...]
[လူအမျိုးအစား စုံလင်မှုကို လက်ခံတတ်အောင် သင်ယူရမယ်]
[ဆရာကြီးတို့ရေ... ငရဲပြည်ရဲ့ Q-version ကကွက်တွေကို အမြန်ဖန်တီးပေးကြပါဦး!]
[ဟာ... ကျွန်တော် ခံစားမိတယ်၊ Short video လောကမှာတော့ ဒီပုံစံတွေ ခေတ်စားလာတော့မယ် ထင်တယ်]
[....]
ဈေးထဲတွင် ခေတ္တမျှ လှည့်ပတ်ကြည့်ရှုပြီးနောက် ကျန်းလင်သည် Live ကို ပိတ်လိုက်ပြီး ကျင့်ကြံခြင်းဆီသို့ ပြန်သွားခဲ့သည်။
ယခုမူ သူသည် ဝိညာဉ်ဘုရင် အဆင့်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည်ဟု မရေမရာ ခံစားနေရသည်။
သူ့အတွက်မူ ယခုအချိန်တွင် ကျင့်ကြံခြင်းမှာ လက်ထဲတွင် ယင်စွမ်းအားလုံး မည်မျှရှိသနည်း ဆိုသည့်အပေါ်တွင်သာ မူတည်နေ၏။
ယင်စွမ်းအားလုံးများများရှိလျှင် အဆင့်တက်ရန်မှာ အချိန် ပိုင်းကိစ္စသာ ဖြစ်သည်။
စာပေရိပ်မြုံ...
ဝိညာဉ်ဈေးနောက်ဘက်ရှိ လူနေရပ်ကွက်တွင်...
တံခါးမှာ ပိတ်ထားဆဲဖြစ်သော်လည်း အတွင်းထဲမှ ပစ္စည်းများ ရိုက်ခတ်သံများနှင့် "ကြိုးစားကြဟေ့" ဟူသော အား ပေးစကားသံများကို ခဏခဏကြားနေရသည်။
အပြင်ဘက်မှ ကြည့်လျှင် အင်တိုက်အားတိုက်နှင့် အလွန်အပြုသဘောဆောင်သော နေရာတစ်ခုဟု ထင်ရသော် လည်း...
စာပေတိုက်အတွင်းသို့ ဝင်လိုက်သည်နှင့် စိတ်ဓာတ်ကျဆင်းနေသော အငွေ့အသက်များကို တွေ့ရမည်ဖြစ်သည်။
စိတ်ဓာတ်တက်ကြွနေသူများမှာ လက်နက်ကိုင် လူမိုက်ကြီးများသာလျှင်ဖြစ်သည်။
စာရေးဆရာများမှာမူ စားပွဲပေါ်တွင် မှောက်လျက်၊ ပါးချိုင့်များ ချောင်ကျကာ မျက်ကွင်းများ ညိုနေကြပြီ ဖြစ်သည်။
လက်တစ်ဖက်ကလည်း အားအင်ကုန်ခမ်းစွာနှင့် ကလောင်ကို ကိုင်ထားကြ၏။
နောက်ဆုံးထွက်သက်ကို ရှူနေရသလိုမျိုး ဖြစ်နေသော်လည်း ထူးခြားသည်မှာ သူတို့လက်များမှာ မရပ်တန့်ရဲကြခြင်း ဖြစ်သည်။
စာလုံးတစ်လုံးချင်းစီကို စက္ကူဖြူပေါ်တွင် ဖြည်းဖြည်းချင်း ရေးချနေကြရသည်။
' သူတို့ မနားချင်ကြဘူးလား'
'မဟုတ်ပါ'
'သူတို့ ကလောင် မရပ်ရဲကြခြင်း ဖြစ်သည်'
ရန်စစ်မင်သည်လည်း ထိုအထဲတွင် ပါဝင်သည်။
အစကအသားဖြူဖြူ ဖိုသီဖတ်သီနှင့် ရှိခဲ့သော သူသည် ယခုအခါ စိတ်ရောကိုယ်ပါ ပိန်ချုံးနေပြီဖြစ်သည်။
အစောပိုင်းက လူမိုက်ကြီးများက "စာကို အချိန်မီပြီးရင် နောက်တစ်နပ်မှာ အမယ်သစ်တွေ ထပ်တိုးပေးမယ်" ဟု ပြောသဖြင့် သူ အလွန်မျှော်လင့်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် သူ တစ်ခုခုလွဲနေသည်ကို သတိ ထားမိလာသည်။
အကြိမ်ကြိမ် အခန်းထဲသို့ ထမ်းပို့ခံရပြီးနောက်မှ ရန်စစ်မင် သိလိုက်ရသည်မှာ ဤနေရာတွင် (၃) ရက်မှ (၁) နပ်သာ ကျွေးခြင်းဖြစ်သည်။
ဆိုလိုသည်မှာ 'အမယ်သစ်' ဆိုသည်မှာလည်း (၃) ရက်မှ တစ်ခါသာ ရခြင်းပင်...
ယခင်က တစ်နေ့ (၃) နပ် စားခဲ့သူအတွက် ယခု (၃) ရက် (၁) နပ်ဆိုသည်မှာ စိတ်ကူးကြည့်၍ပင် မရနိုင်သော ဒုက္ခပင်။
သို့သော် ဤသည်မှာ အခက်ခဲဆုံးမဟုတ်သေးပေ။
စာရေးသူတစ်ယောက်အတွက် အဆိုးရွားဆုံးမှာ 'ဇာတ်လမ်းထပ်ခြင်း' ပင်။
ရေးမထွက်သည့်အခါ သို့မဟုတ် ရေရောပြီး ရေးမိသည့်အခါတိုင်း လူမိုက်ကြီးများ၏တုတ်နှင့် သတိပေးမှုကို ခံရ တတ်သည်။
'ပရော်ဖက်ရှင်နယ် ဇာတ်လမ်းတောင်းဆိုရေးအဖွဲ့' ဖြစ်သဖြင့် သူတို့ကို လိမ်၍မရမှန်း ရန်စစ်မင် သိသွားခဲ့သည်။
"ရှောင်ထျန်းကျင်သည် နတ်ဘုရားမကို ရှာဖွေရန် လောကအနှံ့ လှည့်လည်ခဲ့သည်။ စည်ကားသော နေရာဖြစ်စေ၊ ခြောက်ကပ်သော နေရာဖြစ်စေ လူသားတို့မှာ ရှင်သန်ရန် ရုန်းကန်နေကြရဆဲပင်..."
ရန်စစ်မင်သည် ရေးနေရင်းနှင့် တံခါးဘက်မှ လှုပ်ရှားမှုကို အမြဲစောင့်ကြည့်နေမိသည်။
ယနေ့သည် (၇) ရက်မြောက်နေ့ ဖြစ်သည်။
"ဝိညာဉ်တမန်တော်ကြီး ဘယ်တော့လာမှာလဲ ငါ့ကို လာခေါ်ဖို့ မေ့သွားပြီလား"
သူ့မှာ မျှော်လင့်နေစဉ်မှာပင် 'ကလောက်' ကနဲ တံခါးပွင့်သံ ကြားလိုက်ရသည်။
"ဝိညာဉ်တမန်တော်ကြီး"
ရန်စစ်မင် မျက်လုံးများတောက်ပသွားပြီး တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
ထို့နောက် သူသည် ကလောင်ကိုပစ်ချကာ တံခါးဆီသို့ ပြေးသွားရန် ပြင်လိုက်သော်လည်း...
နောက်တစ်စက္ကန့်တွင် သူ့ လှုပ်ရှားမှုများ တန့်သွားခဲ့သည်။
တံခါးဝတွင် လူမိုက်ကြီးနှစ်ယောက်က ထွက်ပြေးရန်ကြိုး စားသော စာရေးဆရာတစ်ယောက်ကို ဆွဲခေါ်လာကြပြီး သူ့ နေရာတွင် အတင်းပြန်ထိုင်ခိုင်းကာ ခြေထောက်ကိုကြိုးနှင့် ချည်နှောင်လိုက်သည်အား တွေ့လိုက်ရသောကြောင့်ဖြစ် သည်။
"..."
ရန်စစ်မင် တစ်ကိုယ်လုံး တုန်တက်သွား၏။
ဤမြင်ကွင်းမှာ သွေးထွက်သံယို မဖြစ်သော်လည်း 'မျှော်လင့် ချက်မဲ့ခြင်း' ၏ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
သူသည် လူမိုက်ကြီးများ သတိမပေးခင်မှာပင် မိမိဘာသာ မိမိနေရာတွင် ပြန်ထိုင်လိုက်ပြီး ပစ်ချခဲ့သော ကလောင်ကို ကောက်ကိုင်လိုက်သည်။
သူ့ရင်ထဲတွင်တော့ မျက်ရည်များ မြစ်တစ်စင်းလို စီးကျနေပြီ ဖြစ်သည်။
"တမန်တော်ကြီး ဘယ်တော့ လာမှာလဲ တကယ်ပဲ မေ့သွားတာလား"
အမှန်က ကျန်းလင်မှာ မေ့မသွားပါ။
သူသည် အလုပ်ကိစ္စများကို အပြီးသတ်ပြီး ကျင့်ကြံခြင်းကို ခေတ္တနားကာ ထွက်လာခဲ့ခြင်းဖြစ်သည်။
ရန်န်စစ်မင် အနေနှင့်လည်း စာရေးရန် အချိန်ပိုရသွားသည် မဟုတ်ပါလော။
အချိန်တန်ပြီဟု ယူဆသောအခါ ကျန်းလင်သည် Live ကို ပြန်ဖွင့်လိုက်ပြီး ဝိညာဉ်ဈေးနောက်ဘက်ရှိ လူနေရပ်ကွက်သို့ ထွက်လာခဲ့သည်။
စာပေတိုက် ရှေ့တွင် ကပ်ထားသော နှစ်ကြောင်းစပ်ကဗျာမှာ ပိုမိုသစ်လွင်နေသည်။
အထက်စာသား: ဓားကိုကိုင်ကာ စစ်မြေပြင်သို့ တက်၍ တိုက်ခိုက်မည်။ (စာထပ်ရေးရန် တောင်းဆိုနေပုံ)
အောက်စာသား: စိတ်ကူးစိတ်သန်းများဖြင့် မင်း ကြိုက်သလောက် ချီတက်ပါ။
ခေါင်းစဉ်: လူထုဆန္ဒနှင့်အညီ
Live လွှင့်ခန်းအတွင်းရှိ ကြည့်ရှုသူများမှာ ဤစာသားကို မြင်သည်နှင့် ရယ်မောကြတော့သည်။
[ဟားဟား... ဒီစာသားတွေက ဇာတ်လမ်းတောင်းဆိုတဲ့အဖွဲ့၊ စာဖတ်သူနဲ့ စာရေးဆရာကို ပြောနေတာပဲ]
[တကယ်ကို 'လူထုဆန္ဒနှင့်အညီ' ပါပဲ ]
ကံကောင်းစွာပင် ကျန်းလင် စာပေတိုက်၏တံခါးကို အချိန်မှီ ဖြည်းညင်းစွာ တွန်းဖွင့်လိုက်လေသည်။
🫧 Chapter 90
[စာရေးဆရာကြီး အခု ဘယ်လိုနေမလဲ မသိဘူးနော်]
[မင်းတို့ခန့်မှန်းရသလောက်ဆိုရင် ဒီရက်ပိုင်းအတွင်း သူ ဘယ်လောက်များ ရေးပြီးလောက်ပြီလဲ စာလုံးရေ သောင်းဂဏန်းလောက်တော့ ရှိနေပြီထင်တယ်]
ရန်စစ်မင်၏ စာဖတ်သူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် Live လွှင့်ခန်းထဲသို့ ရောက်လာကြသည်။
ရန်စစ်မင်သည် Live လွှင့်ခန်းတွင် စတင်ပေါ်လာသည့်နေ့ကတည်းက စာပေဝါသနာရှင်အများအပြားသည် သူ့ဝတ္ထုကို လိုက်လံရှာဖွေခဲ့ကြသည်။
ထို့ကြောင့် အရင်သိပ်မပေါက်ခဲ့သော သူ့စာအုပ်မှာ ရုတ်တ ရက်ဆိုသလို နာမည်ကြီးလာခဲ့သည်။
ဤသည်မှာ သူ၏ စာရေးဆရာအိပ်မက်ကို တစ်ဖက်တစ်လမ်းမှ အကောင်အထည်ဖော်ပေးလိုက်ခြင်းပင်။
ဝက်ဘ်ဆိုက်ပေါ်ရှိ အခန်းများကို ဖတ်ပြီးနောက်တွင် စာရေးဆရာသည် ယနေ့ Live တွင် ပေါ်လာမည်ဟု ကြားသိရသဖြင့် စာဖတ်သူအများအပြားမှာ ဇာတ်လမ်းတောင်းဆိုရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။
အခြားသော အင်တာနက်အသုံးပြုသူများမှာလည်း စပ်စုရန်အတွက် လိုက်ပါလာကြသည်။
Live မြင်ကွင်းအတွင်း...
ကျန်းလင်သည် စာတိုက်၏တံခါးဝသို့ ရောက်ရှိလာပြီး တံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
'ကလောက်' ကနဲ အသံလေးနှင့်အတူ လူမိုက်ကြီးများက လှမ်းကြည့်လာကြသည်။
စာရေးဆရာများမှာမူ ခေါင်းပင်မဖော်ဘဲ စာကိုသာ ဆက်ရေးနေကြ၏။
ဤတစ်ကြိမ်တွင် ရန်စစ်မင်သည် ကလောင်ကို မရပ်နားခဲ့ပေ။
မျှော်လင့်ချက်များစွာပေးပြီးမှ အကြိမ်ကြိမ် စိတ်ပျက်ခဲ့ရသဖြင့် သူသည် ဝမ်းနည်းစွာနှင့်ပင် စဉ်းစားနေမိသည် 'တမန်တော်ကြီးက ငါ့ကို မေ့သွားပြီ ထင်ပါရဲ့... ငါ ဒီနေရာကနေ ဘယ်တော့မှ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး...'
ထိုစဉ် တံခါးဝဆီမှ အလွန်ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ငါ လူလာခေါ်တာ"
ထိုအခါရန်စစ်မင်၏ ကလောင်ကိုင်ထားသော လက်မှာ တုန်ယင်သွားသည်။
စက္ကူဖြူပေါ်ရှိ 'လမ်းစဉ်' ဟူသော စာလုံး၏နောက်ဆုံးစုတ်ချက်မှာလည်း အဝေးကြီးသို့ စောင်းထွက်သွားတော့ သည်။
ဤအခိုက်အတန့်ကို သူ စိတ်ကူးထဲတွင် အကြိမ်ပေါင်းများစွာ ပုံဖော်ခဲ့ဖူးသည်။
တမန်တော်ကြီး ရောက်လာလျှင် သူ ဘာလုပ်မည်ဟုလည်း စိတ်ထဲတွင် အစမ်းလေ့ကျင့်ထားခဲ့သည်။
သူသည် လက်ထဲက ကလောင်ကိုလွှင့်ပစ်မည်၊ ထိုင်နေသော ခုံကို ကန်ထုတ်မည်၊ ထို့နောက် ဘေးနားက လူမိုက်ကြီးများကို နှာခေါင်းရှုံ့ပြရင်း "ဒီကလူ ထွက်သွားပြီဟေ့" ဟု အော်ပြောမည်ဟု ကြံစည်ထားခဲ့သည်။
သို့သော် အမှန်တကယ် ထိုအချိန်သို့ ရောက်လာသောအခါ ရန်စစ်မင်းသည် ထိုအကြံအစည်များထဲမှ တစ်ခုကိုမျှ မလုပ်နိုင်ခဲ့ပေ။
သူသည် ခုံပေါ်တွင် ထိုင်လျက်သားဖြင့်ပင် တုန်တုန်ယင်ယင်နှင့် အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။
"ဝိညာဉ်တမန်တော်ကြီး... ကြွပါ ခင်ဗျာ"
"သူ ဒီမှာ ရှိပါတယ်၊ ဒါတွေက သူ ဒီရက်ပိုင်းအတွင်း ရေးထားတဲ့ မူကြမ်းတွေပါ"
လူမိုက်ကြီးများသည် ဝိုင်းလာကြပြီး စက္ကူဖြူများပေါ်တွင် ရေးထားသော မူကြမ်းပုံကြီးကို ရိုရိုသေသေ ကမ်းပေးကြသည်။
"သိပ်တော့ မရေးနိုင်သေးပါဘူး၊ စာလုံးရေ နှစ်သိန်း၊ သုံးသိန်းလောက်ပဲ ရှိပါသေးတယ်"
ခေါင်းဆောင်ဖြစ်သူ လူမိုက်ကြီးက အားနာသလိုပြောရှာ သည်။
တမန်တော်ကြီးက စာရေးဆရာကို သူတို့လက်ထဲ အပ်ထားသော်လည်း သူတို့မှာ ဤမျှလောက်သာ တိုက်တွန်းနိုင်ခဲ့သဖြင့် နောက်နောင်တွင် ပိုကြိုးစားရမည်ဟု တွေးတောနေကြသည်။
လူမိုက်ကြီးများ လက်ထဲမှ စာမူပုံကြီးကို မြင်လိုက်ရသော အခါ ကြည့်ရှုသူများမှာ မှင်တက်သွားကြတော့သည်။
' လက်ရေးနှင့် (၇) ရက်အတွင်း စာလုံးရေ နှစ်သိန်း၊ သုံးသိန်း ဟာ...'
[ငါ့မျက်လုံးကိုတောင် ငါမယုံနိုင်တော့ဘူး ဒါ စာရေးဆရာတွေ တကယ်လုပ်နိုင်တဲ့ အရာလား]
[အတင်းအကျပ် တိုက်တွန်းမှုကသာ ထိရောက်မယ်ဆိုရင်မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာ သက်သေပဲ]
စာဖတ်သူများမှာ စိတ်လှုပ်ရှားသွားကြသော်လည်း လူ့လော ကရှိ စာရေးဆရာများမှာမူ မနေနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက်ထွက်၍ ရှင်းပြကြတော့သည်။
ယခုမှ ထွက်မရှင်းလျှင် နောက်ပိုင်း သူတို့၏စာအုပ်အောက်တွင် ဇာတ်လမ်းတောင်းဆိုရေးအဖွဲ့များ ရောက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
[ကျွန်တော်က စာရေးဆရာ တစ်ယောက်ပါ၊ အခုမြင်နေရတဲ့ စာမူပုံကြီးကို ကြည့်ပြီး အထင်မမှားကြပါနဲ့၊ သာမန်လူတစ်ယောက် ဒီလောက်အများကြီး မရေးနိုင်ပါဘူး]
[ဇောက်ထိုးမိုးမျှော် ရေးမယ်ဆိုရင်တော့ ဖြစ်နိုင်ကောင်း ဖြစ်နိုင်လိမ့်မယ်၊ ဒါပေမဲ့ အရည်အသွေးကို ထိန်းမယ်ဆိုရင်တော့ ဒီလောက်အများကြီးရေးရတာ အသက်ထွက်သွားနိုင်ပါတယ်]
[ဟုတ်တယ်... ဟုတ်တယ်]
[ဟားဟားဟား... စာရေးဆရာကြီးတွေ လန့်နေကြပြီ၊ မြန်မြန် စာအုပ်နာမည်တွေ ပြောပြကြစမ်းပါ၊ ကျွန်တော်တို့ သွားကြည့်ရအောင်]
...
Live မြင်ကွင်းအတွင်း... ကျန်းလင်သည် ထိုစာမူများကို သိမ်းဆည်းလိုက်ပြီး ရန်စစ်မင်ကို လှမ်းကြည့်လိုက်သည်။
ရန်စစ်မင်သည် လက်ထဲက ကလောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး တုန်တုန်ယင်ယင်နှင့် လှည့်ကြည့်လာပြီးနောက် 'ပလွပ်' ကနဲ ဒူးထောက်ကျသွားကာ မျက်ရည်၊ နှာရည်များဖြင့် ငိုရှာတော့သည်။
"ဝိ... ဝိညာဉ်တမန်တော်ကြီး နောက်ဆုံးတော့ ရောက်လာပြီပေါ့နော် အားးးးး"
ရန်စစ်မင်သည် ငိုယိုအော်ဟစ်ရင်း လက်ထဲက ကလောင်ကို ကိုင်ကာ တံခါးဝသို့တွားသွားလာလေသည်။
သူသည် ယနေ့တွင် ဤတံခါးကြီးမှ ထွက်သွားရမည်ဖြစ်ပြီး ဘယ်တော့မှ ပြန်မလာတော့ပေ။
ယနေ့အတွက် ဝတ္ထုမပြီးမှာကိုလည်း ပူစရာမလိုတော့သလို၊ လူမိုက်ကြီးများ၏တုတ်နှင့် အရိုက်ခံရမှာကိုလည်း စိုးရိမ်စရာမလိုတော့ပေ။
အဆိုးဆုံးမှာ ဤတံခါးမှ ထွက်သွားပြီးမှ အခန်းထဲသို့ပြန်ထမ်းပို့ခံရမည့် ဘေးမှလည်း ကင်းဝေးသွားပြီဖြစ်သည်။
ရန်စစ်မင်သည် ကျန်းလင် ရှေ့မှောက်သို့ ရောက်လာပြီး မော့ကြည့်လိုက်သည်။
"ဝိညာဉ်တမန်တော်ကြီး... ကျွန်တော့်ကို ခေါ်သွားပါတော့"
"ဒီမှာ တစ်စက္ကန့်တောင် မနေချင်တော့ဘူး... ကျွန်တော် သဘောပေါက်သွားပါပြီ၊ ကောင်းကောင်းမွန်မွန်ပြန်လည်ဝင်စားဖို့ ကြိုးစားတာကမှ ကျွန်တော့်လို ဝိညာဉ်မျိုးလုပ်သင့်တဲ့ အလုပ်ပါပဲ ဟီးးး ဟီးးး..."
ရန်စစ်မင် နှာရည်တရှုံ့ရှုံ့နှင့် အလွန်ပင် ဝမ်းနည်းပက်လက် ငိုနေရှာသည်။
နောက်ဆုံးတော့ ဤနေရာမှ ထွက်ခွာခွင့်ရခဲ့ပြီ။
တကယ်တမ်း ထွက်ခွာရမည့် အချိန်တွင်မူ သူသည် လူမိုက်ကြီးများကို နှာခေါင်းရှုံ့ပြဖို့နေနေသာသာ ဘာကိုမှ မတွေးနိုင်တော့ပေ။
သူ့စိတ်ထဲတွင် အခြေခံအကျဆုံးသော ရှင်သန်လိုစိတ် တစ်ခုသာ ကျန်တော့သည်
'ဤနေရာမှ အမြန်ဆုံးထွက်ခွာရန်'
ရန်စစ်မင်၏သနားစဖွယ် ပုံစံကို ကြည့်ပြီး ကျန်းလင်သည် လှည့်ထွက်သွားလိုက်သည်။
"သွားကြစို့"
"ဟုတ်... ဟုတ်ကဲ့ပါ"
ရန်စစမင်သည် ချက်ချင်းထရပ်ပြီး တမန်တော်ကြီးနောက် သို့အမှီလိုက်သွားသည်။
ဤအခိုက်အတန့်မှာ သူ ဘဝသစ် ရလိုက်သလိုပင်။
သူသည် လက်ထဲက ကလောင်ကိုလွှင့်ပစ်လိုက်ကာ နောက် ဘဝကျလျှင် စာဆိုသည်ကို ဘယ်တော့မှ မရေးတော့ဟု ဆုံးဖြတ်လိုက်လေသည်။
[ဟားဟားဟား... တကယ်ကို လက်တွေ့ကျလွန်းတယ်]
[ကျွန်တော်သာ ဆိုရင်လည်း အခုချိန်ဆဲတောင် ဆဲနေမိမလား မသိဘူး]
[လက်နဲ့ (၇) ရက်အတွင်း ဒီလောက်အများကြီး ရေးနိုင်တာကိုက တကယ်ကို လေးစားဖို့ကောင်းပါတယ်]
Live လွှင့်ခန်းအတွင်းရှိ ကြည့်ရှုသူများမှာလည်း အမျိုးမျိုး ဝေဖန်နေကြသည်။
ရန်စစ်မင်ကို ပို့ဆောင်ပေးပြီးနောက် ကျန်းလင်သည် စက္ကူမူကြမ်းပုံကြီးကို ကြည့်ရင်း အကြံတစ်ခု ရသွားသည်။
ဤအရာမှာလည်း ငရဲပြည်နှင့် သက်ဆိုင်သောအရာ မဟုတ်ပါလော။
ကျန်းလင်သည် သူ့ သစ်သားအိမ်လေးသို့ ပြန်လာပြီး စာမူအချို့ကို ကြမ်းပြင်ပေါ်တွင် ဖြန့်ခင်းလိုက်ကာ Live ကင်မရာကို ထိုစာမူများဆီသို့ ချိန်လိုက်သည်။
ထို့နောက်"မင်းတို့ ကြည့်ချင်နေတဲ့ ဝတ္ထုရဲ့ နောက်ဆက်တွဲတွေပဲ" ဟု သူက တစ်ခွန်းပြောလိုက်သည်။
ဤသို့လုပ်ခြင်းဖြင့် သူသည် နေ့စဉ် Live လွှင့်ရမည့် တာဝန်ကိုလည်း ကျေပွန်စေပြီး သူကိုယ်တိုင်လည်း ကျင့်ကြံခြင်း အခန်းထဲသို့ဝင်ကာ ကျင့်ကြံနိုင်မည် ဖြစ်သည်။
သို့သော် မကြာမီမှာပင် ဤသို့ စာမူပြရုံဖြင့် (မိနစ် ၃၀) သာ Live လွှင့်၍ ရကြောင်း ကျန်းလင် သတိပြုမိလိုက်သည်။
(၃၀) မိနစ် ကျော်သွားလျှင် နေ့စဉ်တာဝန်အတွက် သတ်မှတ်ထားသော အချိန်မှာ ဆက်မတိုးတော့ပေ။
သို့သော်လည်း လုံးဝ မရသည်ထက်စာလျှင် (၃၀) မိနစ်ရသည်ကပင် တော်သေးသည်ဟု သူတွေးလိုက်သည်။
[ကျေးဇူးတင်ပါတယ် Host ရေ]
[ငါ တကယ်ကို မိုက်သွားပြီ! ငါ အခု ငရဲပြည်က ဝတ္ထုကို ဖတ်နေရတာပဲ]
[ဒီဝတ္ထုကတော့ ပေါက်ပြီ မပေါက်ရင် ငါ မစင်စားပြမယ်]
[ဟာ... အပေါ်ကလူ ပြောတာနဲ့တင် ငါ ဒီဝတ္ထုကို မရှာတော့ဘူး မင်းကို အောင်မြင်အောင် ကူညီပေးလိုက်မယ်]
[ငါ့ကိုပါထည့်တွက်ထား...]
Live လွှင့်ခန်းအတွင်းရှိ ကြည့်ရှုသူအချို့မှာ ဝတ္ထုကို ဖတ်နေကြပြီး အချို့မှာလည်း စကားစမြည်ပြောနေကြသည်။
ဤ Live လွှင့်ခန်းထဲတွင် စကားမပြောဘဲ နေလျှင်ပင် စိတ်ဝင်စားစရာများကို တွေ့မြင်နေရဆဲ ဖြစ်သည်။
မှတ်ချက်ပေးသူ တစ်ယောက်ချင်းစီမှာလည်း တကယ့်ပါရမီရှင်များပင်။
...
စာပေရိပ်မြုံ
ရန်စစ်မင် ထွက်သွားပြီးနောက် လူမိုက်ကြီးများသည် ထိုစာမူ၏မိတ္တူများကိုကိုင်ကာ နှမြောတသ ဖြစ်နေကြသည်။
"အေးဗျာ... သူ ဒီမှာ ဆက်ရှိနေရင် ဘယ်လောက်ကောင်းမလဲ၊ နောက်ထပ် ထူးထူးဆန်းဆန်းဇာတ်လမ်းတွေ ဖတ်ရဦးမှာ"
"မတတ်နိုင်ဘူးလေ၊ သူက ဝိညာဉ်တမန်တော်ကြီး ခေါ်လာတဲ့သူဆိုတော့ ငါတို့လည်း အတင်းထားလို့မရဘူးပေါ့"
လူမိုက်ကြီးများ နှမြောတသဖြစ်နေကြသည်မှာကောင်းမွန် သော ဇာတ်လမ်းတစ်ပုဒ်ကိုရခဲ့သော်လည်း အဆုံးအထိမဖတ်လိုက်ရသဖြင့် ဝမ်းနည်းနေကြခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ရှုအန်းသည် စာလုံးရေ (၆၀၀၀) ရေးပြီးနောက် ကလောင်ကိုရပ်နားလိုက်သည်။
လူမိုက်ကြီးများ၏စကားကို ကြားသောအခါ သူ လမ်း လျှောက်သွားပြီး ကြည့်လိုက်သည်။
"ကျွန်တော့်ကို ပေးကြည့်ပါဦး"
လူမိုက်ကြီးများသည် ပုံမှန်အချိန်တွင် ဇာတ်လမ်းအတင်း တောင်းဆိုတတ်သော်လည်း ဇာတ်လမ်းကောင်းများ ရေးနိုင်သော စာရေးဆရာများကိုမူ စိတ်ထဲမှ လေးစားကြသည်။
ယခုလည်း ရှုအန်းသည် အနားယူချိန်ဖြစ်နေသဖြင့် သူတို့မှာ ဘာမှမပြောဘဲ ရန်စစ်မင် ရေးခဲ့သော စာမူမိတ္တူကိုပေး လိုက်ကြသည်။
ငရဲပြည်တွင် ဝတ္ထုဖတ်လိုသော ဝိညာဉ်များစွာရှိသဖြင့် စာရေးဆရာများရေးပြီးတိုင်း သူတို့သည် မိတ္တူကူးကာ အရန်သင့် သိမ်းဆည်းထားလေ့ရှိသည်။
ထို့ကြောင့် ရန်စစ်မင်၏ စာမူမိတ္တူများလည်း သူတို့ထံတွင် ကျန်ရှိနေခြင်းဖြစ်သည်။
ရှုအန်းသည်လည်း စာမူကို ယူလိုက်ပြီး အဝေးသို့ မသွားဘဲ တံခါးဝတွင်ပင် ထိုင်ဖတ်နေတော့သည်။
လူမိုက်ကြီးများက တအံ့တဩပြောနေကြသဖြင့် သူလည်း ရန်စစ်မင်၏လက်ရာကို ပထမဆုံးအကြိမ် စိတ်ဝင်တစား ဖတ်ကြည့်ခြင်းဖြစ်သည်။
သို့သော် ဖတ်ရင်း ဖတ်ရင်းနှင့် ရှုအန်း၏မျက်ဝန်းများမှာ ပြောင်းလဲသွားတော့သည်။