အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
🫧 Chapter 91
ရှုအန်း တစ်ယောက် စာဖတ်ရင်း စိတ်ဝင်တစား နစ်မျောနေလေသည်။
သူသည် ရန်စစ်မင်နှင့် စကားစမြည် ပြောဖူးသော်လည်း တစ်ယောက်နှင့်တစ်ယောက်၏လက်ရာများအကြောင်းကိုမူ အသေးစိတ် မဆွေးနွေးဖြစ်ခဲ့ကြပေ။
ဤသည်မှာ ရန်စစ်မင်၏စာအရေးအသား မည်မျှကောင်း မွန်သနည်း ဆိုသည်ထက် ထိုဇာတ်လမ်းမှာ သူ့အတွက်၊ ငရဲပြည်အတွက် အလွန်ဆန်းသစ်နေသောကြောင့် ဖြစ်သည်။
စာပေရိပ်မြုံမှ စာရေးဆရာများမှာ အနည်းဆုံး ငရဲပြည်တွင် နှစ်ပေါင်းဆယ်ချီ၍ စာရေးလာခဲ့သူများ ဖြစ်ကြသည်။
သူတို့ရေးခဲ့သော ဇာတ်လမ်းများမှာ အနည်းဆုံးစာလုံးရေ သန်းချီရှိနေပြီဖြစ်ပြီး ငရဲပြည်တွင်လည်း နာမည်အတန်ငယ် ရှိကြသူများ ဖြစ်သည်။
သူတို့သည်လည်း နတ်ဘုရားနှင့် မိစ္ဆာ ဇာတ်လမ်းများကို ရေးဖူးကြသော်လည်း ရန်စစ်မင် ရေးသားထားသော ဤဇာတ်ကွက်များမှာမူ...
အချို့မှာ ရိုးအီနေသော ပုံစံမျိုးဖြစ်သော်လည်း ဖတ်လိုက်ရသည့်အခါတွင်မူ လူကို စိတ်သစ်လူသစ် ဖြစ်သွားစေသည်။
လောကသုံးပါး စစ်ပွဲ၊ နတ်ဘုရားမ၏ယဇ်ပူဇော်မှု၊ အဓိကဇာတ်ဆောင်သည် 'ရွှေလက်ချောင်း' စနစ်ကို ကိုင်ဆောင်ကာ လောကအနှံ့လှည့်လည်သွားလာခြင်း၊ နတ်ဘုရားမကို ရှာဖွေရင်း တစ်ဖက်မှလည်း ပြဿနာရပ်များကိုဖြေရှင်းခြင်း၊ ခန့်ညားထည်ဝါပြီး စိတ်လှုပ်ရှားဖွယ် မြင်ကွင်းများသာမက ရယ်မောပျော်ရွှင်စရာ ဟာသကွက်များစွာလည်း ပါဝင်နေသည်။
ထို့ပြင် ဇာတ်လမ်းအတွင်းမှဆန်းသစ်ပြီး ပျော်စရာကောင်း သော သတ်မှတ်ချက်များကြောင့်လည်း ဖြစ်နိုင်သည်။
ဥပမာအားဖြင့်...
ကျင့်ကြံခြင်းလောကတွင် တန်ခိုးစွမ်းအားများကို အသုံးချကာ လမ်းဖောက်ခြင်း၊ လယ်စိုက်ခြင်းနှင့် ထမင်းချက်ခြင်းတို့ကို အားပေးတိုက်တွန်းထားသည်။
ထိုသို့လုပ်ဆောင်ခြင်းက ကျင့်ကြံသူ၏အဆင့်ကို တိုးတက်စေသလို ထိုကမ္ဘာ၏လူနေမှုအဆင့်အတန်းကိုလည်း မြင့်မားစေသည်ဟူသော သတ်မှတ်ချက်မျိုးပင်။
နောက်ဥပမာတစ်ခုမှာ မှော်ပညာနှင့် သူရဲကောင်းများလောကတွင် 'မှော်အချက်ပြတာဝါ' များ တည်ဆောက်ပြီး မှော်ကျောက်တုံးများကို အသုံးပြုကာ သတင်းအချက် အလက်များ ပေးပို့လက်ခံနိုင်ရန် ပြုပြင်ဖန်တီးခြင်းဖြစ် သည်။
ထိုသို့လုပ်ဆောင်ခြင်းက ယခင်ကရှိခဲ့သော မှော်ချိုးငှက်များ သို့မဟုတ် မှော်စာအိတ်များထက် ပိုအဆင်ပြေ၊ မြန်ဆန်ပြီး လူတိုင်း အသုံးပြုနိုင်စေသည်။
ထိုကမ္ဘာမှ လူသားများက အဓိကဇာတ်ဆောင်ကို ဤအရာအား မည်သို့ အမည်ပေးလျှင် ကောင်းမွန်မည်နည်းဟု မေးမြန်းသည့်အခါတွင်...
ဇာတ်ဆောင်က ခဏစဉ်းစားပြီး "နာမည်ဆိုတာ သင်္ကေတတစ်ခုပါပဲ၊ 'မှော်ဖုန်း' လို့ပဲ ခေါ်လိုက်ကြတာပေါ့" ဟု ပြန်ဖြေခဲ့သည်။
၎င်းတို့အပြင် ဇာတ်ဆောင်သည် နတ်ဘုရားမ၏ခြေရာကို ရှာဖွေရင်း ကမ္ဘာများစွာသို့ သွားရောက်ခဲ့သေးသည်။
ဧရာမ သားရဲကြီးများရှိသော ရှေးဦးကျောက်ခေတ် ကမ္ဘာတစ်ခု
ထိုနေရာမှ လူသားများသည် ယဇ်ပူဇော်မှု အမျိုးမျိုးပြုလုပ်ကာ နတ်ဘုရားများ၏ကောင်းချီးကို တောင်းခံပြီး သားရဲကြီးများကို တိုက်ခိုက်ကြရသည်။
အခြားကမ္ဘာတစ်ခုတွင်မူ...
လူသားများသည် မွေးဖွားလာသည်နှင့် မိမိတို့ဖြစ်ချင်သော မျိုးနွယ်စုကိုရွေးချယ်နိုင်သည်။ နတ်ဘုရား ဖြစ်မလား၊ လူသားဖြစ်မလား၊ ဒြပ်စင်စွမ်းအားပိုင်ဆိုင်သော အယ်လ်ဖ် ဖြစ်မလား သို့မဟုတ် သန်မာသော ခန္ဓာကိုယ်ရှိသည့် အော့ခ်ဘီလူး ဖြစ်မလား စသည်ဖြင့် ဖြစ်၏။
ဤဇာတ်လမ်းများအတွင်း သူ တစ်ခါမှ မကြားဖူးသော အသုံးအနှုန်းများစွာ ပါဝင်နေသည်။ yyds, xswl, Social Bullshit Disease စသည့် စကားလုံးများပင်။
လောကသုံးပါး စစ်ပွဲမတိုင်ခင်က ဇာတ်လမ်းများကို မဖတ်ရသေးသော်လည်း ယခုရှိနေသော အပိုင်းများမှာပင် ရှုအန်း ကို အတော်လေးအံ့ဩစေခဲ့သည်။
တစ်ခုချင်းစီ ခွဲကြည့်လျှင် ရိုးအီနေသော ကမ္ဘာများဖြစ်သည့် မှော်ကမ္ဘာ၊ ရှေးဦးကမ္ဘာ၊ ကျင့်ကြံခြင်းကမ္ဘာများ ဖြစ်သော် လည်း...
ဤကဲ့သို့သော ဆန်းသစ်သည့် သတ်မှတ်ချက်များ ပေါင်းစပ်လိုက်သည့်အခါတွင်မူ သူ့ကို စွဲလန်းသွားစေတော့သည်။
...
"အချိန်စေ့ပြီ"
ရှုအန်း ဖတ်နေသည်မှာ မကြာသေးမီမှာပင် လူမိုက်ကြီးများက စာပြန်ရေးရန် လာရောက် သတိပေးကြတော့သည်။
ရှုအန်း လက်ကိုမြှောက်ကာ တားမြစ်လိုက်ပြီးနောက် စကားတစ်ခွန်း ပြောလိုက်သည်။
"ကျွန်တော့်ကို ခဏလောက် ထပ်ဖတ်ခွင့်ပေးပါ၊ ပြီးရင် ကျွန်တော် ဒီကနေ ထွက်သွားတော့မယ်"
သူ ခိုင်မာသော ဆုံးဖြတ်ချက်ချထားသည့်ပုံစံနှင့် ပြောလိုက်ခြင်း ဖြစ်သည်။
လူမိုက်ကြီးများမှာ မှင်တက်သွားကြပြီး "ဒါဆို ဝတ္ထုကကော" ဟု မေးလိုက်ကြသည်။
"ဒီနှစ်ရက်အတွင်းမှာပဲ အဆုံးသတ်ဖို့ ပြင်ဆင်လိုက်မယ်"
"..."
လူမိုက်ကြီးများမှာ တိတ်ဆိတ်သွားကြ၏။
ဇာတ်လမ်းတောင်းဆိုရေးအဖွဲ့ ရှိနေခြင်းမှာ စာဖတ်သူများကို ကူညီရန်နှင့် စာရေးဆရာကို ပုံမှန်ရေးနိုင်အောင် တိုက်တွန်းရန်ဖြစ်သည်။
အကယ်၍ စာရေးဆရာက ဇာတ်လမ်းအဆုံးသတ်ရန်ဆုံး ဖြတ်လိုက်လျှင် သူတို့အနေနှင့် ထိုဆန္ဒကိုလေးစားရုံသာ ရှိတော့သည်။
ဟုတ်ပါသည်၊ ဇာတ်လမ်းကို အဆုံးသတ်ရန်ဆုံးဖြတ်လိုက်လျှင်ပင် ဇာတ်လမ်းပေါက်ကရဖြစ်ပြီး အဆုံးမသတ်စေရန် သူတို့က သေချာကြပ်မတ်ပေးကြမည်ဖြစ်သည်။
"မင်း ထွက်သွားပြီးရင် ဘာရေးမယ်ဆိုတာ ဆုံးဖြတ်ပြီးပြီလား"
"ဟင့်အင်း"
ရှုအန်း ခေါင်းခါလိုက်ပြီး စာမူပုံကြီးထဲမှ ခေါင်းမော့ကာ ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။
"ကျွန်တော် လူ့လောကကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီ"
ငရဲပြည်၏ကောင်းကင်မှာ အမြဲတမ်းအုံ့မှိုင်းနေတတ်သည်။
တစ်ခါတစ်ရံတွင် သူသည် လူ့လောက၏နေရောင်ခြည်၊ ခန္ဓာကိုယ်ပေါ် ကျရောက်လာသည့်အခါ ခံစားရသော နွေးထွေးသည့် ခံစားချက်ကို လွမ်းဆွတ်မိတတ်သည်။
သို့သော် နေရောင်ခြည်အောက်တွင် ရေချိုးရန်မှာ သူ့အတွက် မဖြစ်နိုင်တော့ပေ။
ရန်စစ်မင်၏ လက်ရာက ရှုအန်းကိုလွန်ခဲ့သော နှစ်အနည်း ငယ်ကမှ ငရဲပြည်သို့ ရောက်လာသော ဝိညာဉ်တစ်ကောင်အကြောင်း သတိရစေသည်။
ထိုစာရေးဆရာသည် ငရဲပြည်တွင် စာရေးသည်မှာ တစ်နှစ်ပင် မပြည့်သေးသော်လည်း လက်ရာများမှာ အလွန်ပေါက်ခဲ့သည်။
ထိုဇာတ်လမ်းကို ရှုအန်းလည်း ဖတ်ဖူးပြီး မြို့ပြနောက်ခံနှင့် ကိုယ့်ကိုယ်ကိုယ် ကြွားဝါကာ ရန်သူများကို ပညာပေးသည့် ဇာတ်လမ်းမျိုးဖြစ်သည်။
ထိုစဉ်က သူသည် နည်းစနစ် များကို တစ်ချက်ကြည့်ရုံနှင့် သိသော်လည်း တစ်ထိုင်တည်းနှင့် အပြီးဖတ်ချင်စိတ်ဖြစ်ပေါ်စေသည်မှာမူ အမှန်ပင်။
ထိုစဉ်က သူ သိပ်ဂရုမစိုက်ခဲ့ဘဲ ထိုစာရေးဆရာ၏ထူးခြားချက်ဟုသာ ထင်ခဲ့သည်။
အမှန်စင်စစ် ဇာတ်လမ်းဆိုသည်မှာ လူတစ်ဦးချင်းစီ၏ စိတ်ကူးစိတ်သန်းနှင့် များစွာ သက်ဆိုင်နေသည် မဟုတ်ပါလော။
သို့သော် ယခုကြည့်ရသည်မှာ...
ရှုအန်းသည် လက်ထဲက ထူထဲသော စာမူပုံကြီးကို ကြည့်လိုက်သည်။
"လူ့လောကရဲ့ ပြောင်းလဲမှုတွေက ငါထင်ထားတာထက် အများကြီး ပိုမြန်နေတာပဲ..."
ဤကဲ့သို့ စိတ်လှုပ်ရှားစရာဇာတ်လမ်းမျိုးကို လူတစ်ယောက်ကရေးနိုင်ခြင်းမှာ ထူးခြားချက်ဟု ဆိုနိုင်သော်လည်း၊ ယခုကြည့်ရသည်မှာ လူ့လောက၏ဇာတ်လမ်းများသည် အခြားသော ခေတ်ရေစီးကြောင်းသစ်တစ်ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
သူတို့မှာ... ခေတ်နောက်ကျကျန်နေခဲ့ပြီ ဖြစ်ကောင်းဖြစ်လိမ့်မည်။
အကယ်၍ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကောင်းများ ရေးချင်သည်ဆိုလျှင် အသစ်အသစ်သောအရာများကို ပိုထိတွေ့ရမည်ဖြစ်သည်။
ဇာတ်လမ်းရေးသားခြင်းနှင့် ပတ်သက်လျှင် ရွှီအာစန်းတွင် မိမိကိုယ်ပိုင် ရည်မှန်းချက်ရှိသည်။
တကယ်သာ မမြတ်နိုးဘူးဆိုလျှင် ငရဲပြည်တွင် နှစ်ပေါင်းတစ်ရာကျော်အောင် စာရေးနေမည် မဟုတ်ပေ။
ဤနေရာမှ ထွက်ခွာရန်မှာ သူ အခုလေးတင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
နှစ်စဉ် ဝါခေါင်လ (August/8 လပိုင်း) သရဲပွဲတော် တွင် ငရဲတံခါးပွင့်သဖြင့် လူ့လောကသို့ သွားနိုင်သော်လည်း တစ်ရက်သာရရှိသည်။
လူ့လောက၏ ယခုလက်ရှိ ပြောင်းလဲမှုများကို အသေးစိတ် သိရှိရန်မှာ တစ်ရက်နှစ်ရက်နှင့် မလုံလောက်သည်မှာ ထင် ရှားလှသည်။
"..."
ထိုစကားကို ကြားသောအခါ လူမိုက်ကြီးများသည်လည်း ဘာမှ ထပ်မပြောတော့ဘဲ စာပေတိုက်အတွင်းသို့ ပြန်ဝင်သွားကြသည်။
လက်ရှိတွင် လူ့လောကသို့ သွားနိုင်သော နည်းလမ်း (၂) မျိုးရှိသည်။
တစ်မျိုးမှာ ပြန်လည်ဝင်စားခြင်းဖြစ်ပြီး၊ အခြားတစ်မျိုးမှာ လူ့လောကသို့ ကူးချည်သန်းချည်လုပ်နိုင်သော ငရဲပြည် မှ ရာထူးတစ်ခုခုကို ရယူခြင်းဖြစ်သည်။
ပြန်လည်ဝင်စားမည်ဆိုလျှင် လက်ရှိရှိနေသော အရာအားလုံးကို မေ့သွားမည်ဖြစ်သည်။
ထို့ကြောင့် ငရဲပြည်တွင် အလုပ်ရှာရန်သာရှိတော့သည်။
သို့သော် လူ့လောကနှင့် ပတ်သက်သော အလုပ်အကိုင်ရရန်မှာ လွယ်ကူလှသည် မဟုတ်ပေ။
လူ့လောကနှင့် ပတ်သက်သော မည်သည့်အလုပ်မဆို ကဏ္ဍစုံမှ စမ်းသပ်စစ်ဆေးမှုများကို ဖြတ်သန်းရမည်ဖြစ်သည်။
ရှုအန်း တစ်ခါသွားလျှင် ဘယ်တော့ပြန်လာနိုင်မည်ကို မသိရသလို၊ ပြန်လာနိုင်ပါ့မလား ဆိုသည်မှာလည်း မေးခွန်းတစ်ခုပင်။
စာပေတိုက်၏တံခါးဝတွင် ရှုအန်းသည် လက်ထဲက စာမူကို စိတ်ဝင်တစား ဆက်လက်ဖတ်ရှုနေလေသည်။
ဝိညာဉ်တိုင်းမှာ မတူညီကြဘဲ မိမိတို့မြတ်နိုးရာမှာလည်း ကွဲပြားကြသည်။
အချို့သော ဝိညာဉ်များသည် ဘဝတစ်သက်တာလုံး ပျော်ရွှင်မှုကို ခံစားရန် ကြိုးစားကြပြီး၊ အချို့သော ဝိညာဉ်များသည်မူ ဘဝတစ်သက်တာလုံး မိမိတို့မြတ်နိုးရာကိုသာ စွဲစွဲမြဲမြဲ လုပ်ဆောင်သွားကြလေသည်။
...
နှစ်ရက်အကြာတွင်...
ရှုအန်းသည် ဇာတ်လမ်းအပြည့်အစုံကို လူမိုက်ကြီးများထံ အပ်နှံလိုက်ပြီး ပစ္စည်းများကိုသိမ်းဆည်းကာ စာပေရိပ်မြုံမှ ထွက်ခွာခဲ့သည်။
ထွက်ခွာသွားချိန်တွင် အခြားသော လုပ်ဖော်ကိုင်ဖက်များက သူ့အစီအစဉ်ကို သိရှိသွားသည့်အခါ အံ့ဩသလို အားလည်းကျနေကြသည်။
အားကျသည်မှာ သူသည် ဇာတ်လမ်းအတင်း တောင်းဆိုခြင်းမှကင်းဝေးသွားသောကြောင့် ဖြစ်သည်။
အံ့ဩသည်မှာမူ သူသည် ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို ရဲရဲဝံ့ဝံ့ချနိုင်ခြင်းကြောင့်ဖြစ်သည်။
သူတို့မှာမူ ထိုကဲ့သို့သော သတ္တိမျိုးမရှိကြပေ။
အစောပိုင်းက ရှုအန်းသည် ရန်စစ်မင်ကို အားကျခဲ့ခြင်းမှာ သူသည် ဤနေရာတွင် နေမည်လား သို့မဟုတ် ပြန်လည်ဝင်စားမည်လား ဆိုသည်ကို အလွယ်တကူ ရွေးချယ်နိုင်သောကြောင့် ဖြစ်သည်။
သူတို့မှာမူ မည်သည့်ရွေးချယ်မှုကိုမဆို ပြုလုပ်ရန် အလွန်ခက်ခဲလှသည်။
အချိန်နှင့် အားအင်များစွာ အသုံးပြုခဲ့သော်လည်း ရလဒ်မှာ သူတို့ဖြစ်ချင်သလို ဖြစ်မလာနိုင်သည့် အခြေအနေမျိုးလည်း ရှိနိုင်သောကြောင့်ဖြစ်သည်။
"ဂရုစိုက်သွားပါ"
"ကြိုးစားပါဦး"
"ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်လမ်းတွေနဲ့ ပြန်လာနိုင်ပါစေလို့ မျှော်လင့်ပါတယ်"
လူမိုက်ကြီးများနှင့် စာပေရိပ်မြုံမှ စာရေးဆရာများသည် ရွှီအာစန်း ထွက်ခွာသွားသည်ကိုကြည့်ရင်း ရိုးရိုးသားသား ဆုတောင်းပေးနေကြသည်။
ယခုတစ်ခါ ခွဲခွာသွားလျှင် မည်သည့်နှစ်တွင် ပြန်ဆုံမည်ကို မသိနိုင်တော့ပေ။
ရှုအန်းသည် စာပေရိပ်မြုံမှ ထွက်ခွာသွားပြီး မကြာမီမှာပင် ဝိညာဉ်တစ်ကောင်က သတင်းကြားပြီး သူ့ကို လာရှာလေသည်။
ထိုဝိညာဉ်သည် လူ့လောကသို့ သွားနိုင်သော လမ်းစရှိသည်ဟု ဆိုကာ လိပ်စာတစ်ခုပေးခဲ့သည်။
ငရဲပြည်တွင် နှစ်ပေါင်းများစွာအတွင်း လူ့လောကသို့ သွားချင်သော ဝိညာဉ်များစွာရှိခဲ့သဖြင့် ဝိညာဉ်အချို့မှာ တိတ်တ ဆိတ် နည်းလမ်းရှာဖွေနေကြခြင်းမှာ သဘာဝပင်။
ရှုအန်းသည်လည်း အလားတူ သတင်းမျိုးကို ကြားဖူးသော် လည်း ထိုဝိညာဉ်များနောက်ဆုံးတွင် အောင်မြင်သွားသလား ဆိုသည်ကိုမူ မသိရပေ။
စပ်စုချင်စိတ်နှင့်အတူ သူသည် ထိုလိပ်စာအတိုင်း လူနေရပ်ကွက်၏ထောင့်တစ်နေရာသို့ ရောက်လာခဲ့သည်။
ထိုအိမ်ပေါ်တွင် နှစ်ကြောင်းစပ်ကဗျာများ ကပ်မထားသလို မီးအိမ်များလည်း ချိတ်မထားပေ။
အပြင်ပန်းကြည့်လျှင် ဘေးနားက အိမ်များနှင့် မခြားနားလှပေ။
သူသည် ထိုဝိညာဉ် ပြောပြထားသည့်အတိုင်း တံခါးကို နှစ်ချက်ခေါက်၊ ခေတ္တနား၊ နောက်ထပ် နှစ်ချက်ခေါက်၊ ခေတ္တနား လိုက်သည်။
ဤသို့ (၃) ကြိမ် ပြုလုပ်ပြီးနောက်တွင် လက်ကို ရုပ်လိုက်ပြီး အတွင်းမှ တံခါးဖွင့်ပေးမည့်သူကို စောင့်နေလိုက်သည်။
မကြာမီမှာပင် မီးခိုးရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသော သက်ကြီးရွယ်အိုတစ်ဦးက တံခါးဖွင့်ပေးသည်။
သူ့မှာ ဤနေရာ၏အိမ်ထိန်း ဖြစ်ပုံရသည်။
"အတွင်းကို ကြွပါ"
ထိုသူက ဘာမှမမေးဘဲ ရှုအန်းဝင်လာသည်နှင့် တံခါးကို ပြန်ပိတ်ကာ အတွင်းသို့ လမ်းပြခေါ်ဆောင်သွားသည်။
ရှုအန်းသည် မည်သည့်စကားမှမပြောဘဲ ပတ်ဝန်းကျင်ကို အကဲခတ်နေလိုက်သည်။
တံခါးမှ ဝင်လာသည်နှင့် ကျောက်စရစ်ခဲ လမ်းကလေးတစ်ခု ရှိ၏။
ပတ်ဝန်းကျင်ရှိ မြေကွက်လပ်မှာ အလွန်သန့်ရှင်းနေပြီး နံရံနားတွင်မူ သစ်ရွက်များ အကုန်ကြွေနေသော ခြောက်သွေ့နေသည့် သစ်ပင်တစ်ပင်ရှိနေကာ ကြည့်လိုက်ရုံနှင့် ဘာမှ ထူးခြားချက် မရှိလှပေ။
မကြာမီမှာပင် ထိုသူသည် ရှုအန်းကို အခန်းတစ်ခုရှေ့သို့ ခေါ်ဆောင်လာပြီးနောက် ဆက်မသွားတော့ပေ။
ရှုအန်း သည် ဘေးနားက အိမ်ထိန်းကို တစ်ချက်ကြည့်လိုက်ပြီး အရှေ့က တံခါးကိုကြည့်လိုက်သည်။
ထို့နောက် သူ တံခါးခေါက်ရန် ပြင်လိုက်စဉ်မှာပင် အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာ၏။
"ရောက်လာပြီလား ဝင်ခဲ့ပါ"
🫧 Chapter 92
ကျွီ~
ရှုအန်း ဝင်လိုက်သည်နှင့် နောက်ကွယ်မှ တံခါးကြီးမှာ အလိုအလျောက် ပိတ်သွားတော့သည်။
သူသည် အရှေ့ရှိ အခန်းကို ကြည့်ရင်း အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။
ဤအခန်းမှာ ရှေးဟောင်းစတိုင် အပြင်အဆင်မျိုး ဖြစ်ပြီး နံရံတွင် စာချွန်လွှာနှင့် ပန်းချီကားများ ချိတ်ဆွဲထားကာ စာရေးစားပွဲပေါ်ရှိ အမွှေးတိုင်အိုးမှ အမွှေးနံ့သာများမှာ တလိမ့်လိမ့် တက်နေသည်။
မည်သည့် အမွှေးနံ့သာမှန်း မသိသော်လည်း အလွန်ပင် မွှေးပျံ့လှကာ အပြင်ဘက်ရှိ ဟောင်းနွမ်းခြောက်သွေ့သော ခြံဝင်းနှင့် လုံးဝဆန့်ကျင်ဘက်ပင်။
စာရေးစားပွဲရှေ့တွင် အနီရောင် ဝိညာဉ်မျက်နှာဖုံးကို တပ်ဆင်ထားပြီး အနက်ရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသူတစ်ဦးသည် လက်နှစ်ဖက်ကို အရှေ့တွင် ယှက်ကာထိုင်နေသည်။
"ကျွန်တော့်အိမ်ကို ကြိုဆိုပါတယ်၊ ကျွန်တော့်ကို 'ဝိညာဉ်ဆိုင်ရှင်' လို့ပဲ ခေါ်နိုင်ပါတယ်"
ထိုအသံအရ ၎င်းသည် အမျိုးသားတစ်ဦးဖြစ်ပုံရသည်။
ရှုအန်းက "ခင်ဗျားဆီမှာ လူ့လောကကို သွားလို့ရတဲ့ လမ်းစရှိတယ်လို့ ကြားတယ်" ဟု မေးလိုက်သည်။
"သေချာတာပေါ့"
ထိုဝိညာဉ်ဆိုင်ရှင်သည် သူ့ကဲ့သို့သော ဝိညာဉ်များစွာကို ဧည့်ခံဖူးပုံရသည်။
"ဘယ်တော့ သွားချင်တာလဲ ဘယ်လောက်ကြာကြာ နေမှာလဲ"
ရှုအန်းက မျက်မှောင်ကြုတ်လိုက်ပြီး "ကျွန်တော် လူ့လောကကို ဘာသွားလုပ်မှာလဲဆိုတာ ခင်ဗျား မမေးဘူးလား" ဟု ပြန်မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝိညာဉ်ဆိုင်ရှင်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး...
"မေးတာ မမေးတာက ဘာထူးမှာလဲ"
"လူ့လောကကို သွားတယ်ဆိုတာ ဒီကိစ္စတွေပဲ မဟုတ်လား၊ ကတုံ့ကပြန် လုပ်ဖို့လား ကျေးဇူးဆပ်ဖို့လား ပိုက်ဆံအတွက်လား ဒါမှမဟုတ် မိန်းမအတွက်လား"
"ဘယ်သူ့မှာမဆို စွဲလန်းမှု တစ်ခုစီ ရှိကြတာပဲ မဟုတ်လား"
"..."
ရှုအန်းမှာ ပြန်မချေပနိုင်ဘဲ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
"အကယ်၍ ကျွန်တော် လူ့လောကမှာ အချိန်အတန်ကြာနေချင်တယ်ဆိုရင် ဘယ်လို ပေးဆပ်မှုမျိုးလုပ်ရမလဲ?"
ဝိညာဉ်ဆိုင်ရှင်က လက်ကို ဝှေ့ယမ်းလိုက်ရာ စာရေးစားပွဲပေါ်မှ စက္ကူဖြူတစ်ရွက်သည် လွင့်တက်လာပြီး ရှုအန်း၏ ရှေ့မှောက်တွင် ဝဲပျံနေတော့သည်။
"ဒီစာချုပ်မှာ လက်မှတ်ထိုးရုံပါပဲ"
ဤစာချုပ်ပေါ်ရှိ စည်းကမ်းချက်များမှာ များပြားလှသည်မဟုတ်သဖြင့် ရှုအန်း တစ်ချက် ကြည့်လိုက်သည်။
အကြမ်းဖျင်းအားဖြင့်... လူ့လောကတွင် (၆) လကြာ နေထိုင်လိုပါက ဝိညာဉ်ဆိုင်ရှင်အတွက် (၃) နှစ်ကြာ အလုပ်လုပ်ပေးရမည်။
အကယ်၍ (၁) နှစ်ကြာ နေထိုင်လိုပါက (၁၀) နှစ်ကြာ အလုပ်လုပ်ပေးရမည်။
အလုပ်လုပ်ပေးနေစဉ် ကာလအတွင်း သစ္စာမဖောက်ရသလို၊ မရိုးသားသော စိတ်ထားမျိုးလည်း မထားရှိရပေ။
စာချုပ်အောက်ခြေတွင် လက်မှတ်ထိုးခြင်းသည် အထက်ပါ စည်းကမ်းချက်များကို သဘောတူလက်ခံခြင်းဖြစ်သည်ဟု ဆိုထားသည်။
"လူ့လောကမှာ ခြောက်လနေဖို့အတွက် သုံးနှစ်ပဲ အလုပ်လုပ်ပေးရမှာလား"
ရှုအန်း မျက်မှောင်ကြုတ်မိသွား၏။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မတန်တဆဖြစ်နေ သည်မဟုတ်ဘဲ အလွန်အမင်းတန်လွန်းနေသောကြောင့် ဖြစ်သည်။
သူ့တွင် ကုသိုလ်ကံလည်း မရှိသလို၊ အစွမ်းထက်သော ခွန်အားလည်း မရှိပေ။
စာရေးခြင်းမှရရှိသော ဝင်ငွေအနည်းငယ်သာ ရှိသည်။
အကယ်၍ ငရဲပြည်၏ ပုံမှန်လမ်းကြောင်းအတိုင်း သွားမည်ဆိုလျှင် အနည်းဆုံး နှစ်ပေါင်းဆယ်ချီ ကြာမြင့်နိုင်သလို အောင်မြင်မည်လားဆိုသည်မှာလည်း မသေချာပေ။
ယခုကဲ့သို့ အလွန်တန်နေခြင်းက ဤအလုပ်မှာ ဘာလုပ်ရမည်နည်းဟု သူ့ကို သံသယဝင်စေတော့သည်။
"စိတ်ချပါ၊ အလုပ်က ခင်ဗျားလုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိမှာပါ"
ဝိညာဉ်ဆိုင်ရှင်က သူ ဘာတွေးနေသည်ကို သိနေသကဲ့သို့ ဦးအောင် ပြောလိုက်သည်။
"ဘယ်လိုလဲ လူ့လောကကို သွားမှာလား"
"..."
ရှုအန်း ချက်ချင်း သဘောမတူသေးပေ။
အရာရာလွယ်ကူလွန်းနေခြင်းက သူ့ကိုစိတ်မချဖြစ်စေသည်။
ဤနေရာမှ လူ့လောကသို့ သွားခြင်းမှာ ပုံမှန်လမ်းကြောင်း မဟုတ်ပေ။
အကယ်၍ လမ်းခုလတ်တွင် တစ်ခုခုဖြစ်ပွားခဲ့လျှင် သို့မဟုတ် အလုပ်လုပ်နေစဉ်အတွင်း အဖမ်းခံရလျှင်...
ရှုအန်း ဤစွန့်စားမှုကို လုပ်သင့်သလား မသေချာသေးပေ။
"ကျွန်တော့်ကို ပြန်ပြီး စဉ်းစားခွင့်ပေးပါဦး"
"သဘောအတိုင်းပါပဲ"
ဝိညာဉ်ဆိုင်ရှင်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ပြန်လည်ပို့ဆောင်သည့် အမူအရာပြုလုပ်လိုက်သည်။
ထိုစကားဆုံးသည်နှင့် အခန်းတံခါးမှာ 'ကျွီ' ကနဲ အလိုအ လျောက် ပွင့်သွားတော့သည်။
ထိုအခါ ရှုအန်းသည် ဤအခန်းကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီး တွေးတောရင်းနှင့် အပြင်သို့ လှမ်းထွက်ခဲ့သည်။
သို့သော် လှမ်းထွက်ပြီး ခြေလှမ်းအနည်းငယ်အတွင်းမှာပင် သူ့ ဂုတ်ပိုးဆီမှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
ထို့နောက် အိတ်တစ်ခုဖြင့် ခေါင်းမှစွပ်ချခြင်း ခံလိုက်ရပြီး အရာအားလုံး မှောင်အတိကျသွားတော့သည်။
သူ မူးဝေနေစဉ်အတွင်း ရှုအန်းသည် သူ့လက်ကို တစ်စုံတစ် ယောက်ကဆွဲယူကာ တစ်ခုခုပေါ်တွင် နှိပ်ခိုင်းနေသည်ကို ခံစားလိုက်ရသည်။
ဝိညာဉ်ဆိုင်ရှင်၏အေးစက်သော အသံမှာ ထွက်ပေါ်လာတော့သည်။
"ငါ့အိမ်ထဲကို ဝင်လာပြီးမှ လွယ်လွယ်နဲ့ ပြန်ထွက်သွားလို့ရမယ် ထင်နေတာလား ဟက်~"
"ခေါ်သွားလိုက်"
ထို့နောက် ရှုအန်းသည် တစ်စုံတစ်ရာသော နေရာသို့ ဆွဲခေါ်ခြင်း ခံလိုက်ရပြီး သူ့ အသိစိတ်များမှာ မှောင်မိုက်ခြင်းအတွင်းသို့ နစ်မြုပ်သွားတော့သည်။
'ဒီဝိညာဉ်တွေက... ယမမင်းရဲ့ ခြေတော်ရင်းမှာတောင် အတင်းအဓမ္မ စီးပွားရှာရဲကြတယ်ပေါ့...'
ကျွီ..
တံခါးကြီးမှာ ပြန်လည် ပိတ်သွားတော့သည်။
အိမ်အပြင်ဘက်တွင်မူ...
ခြောက်သွေ့ဟောင်းနွမ်းနေသော ခြံဝင်းအတွင်း သက်ကြီးရွယ်အိုတစ်ဦးသည် တံခါးဝတွင် တိတ်ဆိတ်စွာစောင့်ကြပ်နေဆဲ ဖြစ်ကာ အရာအားလုံးမှာ လှိုင်းလေကင်းမဲ့ပြီး အေးဆေးငြိမ်သက်နေလေသည်။
...
Original Author ၏မှာကြားချက်
(အရသာရှိတဲ့မှိုလေး - ဒီအခန်းက တိုတောင်းပြီး ဇာတ်ရှိန်အားနည်းနေမှန်း သိပါတယ်၊ မဆဲကြဖို့ တောင်းပန်ပါတယ်နော် နောက်ပိုင်း ဘာရေးရမလဲဆိုတာ မှိုလေးကို အချိန်ပေးပြီး စဉ်းစားခွင့်ပြုပါဦး [😭])