အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
🫧 Chapter 93
#Original Author ၏ မှာကြားချက်
(မကြာသေးမီက အခန်းတွေရဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး စာရေးသူမှိုလေးက အနည်းငယ်ပြောပြပါရစေ။
အချို့သော စာဖတ်သူကြီးတွေအနေနဲ့ ချီယောင်ယောင်၊ ရန်စစ်မင်နဲ့ ရှုအန်းတို့က ဘယ်သူတွေလဲဆိုတာ မေ့သွားလောက်ပြီ ထင်လို့ပါ။
ချီယောင်ယောင်: တိုက်ခန်းထဲမှာ ဖဲရိုက်နေတဲ့ မိန်းကလေးပါ။ နောက်ပိုင်းမှာ ငရဲပြည်မှာ အလုပ်သင်ဝိညာဉ်တမန်တော် လုပ်နေပြီး သူမရဲ့ ကြောင်ဝိညာဉ်လေးနာမည်က 'ယို့ယို့' ပါ။
ရန်စစ်မင်: အရင်က ဝိညာဉ်သွားခေါ်တုန်းက တွေ့ခဲ့တဲ့ စာရေးဆရာပါ။ ငရဲပြည်မှာ (၇) ရက်ကြာ စာရေးခွင့်ပေးထားပြီး အခုတော့ သူ့ကို အဝါရောင်ရေပန်းလမ်းဆီ ပြန်ခေါ်လာခဲ့ပါပြီ။
ရှုအန်း: စာပေရိပ်မြုံက စာရေးဆရာ ဝိညာဉ်တစ်ကောင်ပါ။ ရန်စစ်မင်နဲ့ စကားပြောဖူးတဲ့သူပါ။
ဒီအခန်းတွေက ပေါက်ကရ ရေးနေတာမဟုတ်ဘဲ အရှေ့က ချန်ထားခဲ့တဲ့ အချက်အလက် (Plot holes) တွေကို ပြန်ဖြည့်နေတာဖြစ်သလို၊ အနာဂတ်အတွက် လမ်းစတွေ ချန်ထားခဲ့တာပါ။ ဇာတ်ကွက်တစ်ခုမှာ ပါဝင်ခဲ့တဲ့ လူ၊ အရာဝတ္ထုတွေဟာ အခုလောလောဆယ် အသုံးမဝင်သေးပေမဲ့ နောက်ပိုင်း ဇာတ်လမ်းတွေမှာ ဘယ်အချိန် ပြန်ပေါ်လာမလဲဆိုတာ မသိနိုင်လို့ပါ။
အဲဒါကြောင့် နားလည်ပေးပြီး စောင့်ဆိုင်းပေးကြတဲ့ စာဖတ်သူကြီးတွေကို ကျေးဇူးတင်ပါတယ်။
ဇာတ်လမ်းဇာတ်သွားတွေကို သေချာ ပြန်လည် စုစည်းနေပါတယ်။ အားလုံးကို ချစ်ပါတယ် ❤️)
--- ပင်မဇာတ်လမ်း ---
မကြာသေးမီက ကျန်းလင်၏ Live လွှင့်ခန်းမှာ ပုံစံအနည်း ငယ်ထူးဆန်းနေသည်။
သို့သော် ဘယ်နေရာမှာ ထူးဆန်းနေသလဲဆိုသည်ကိုမူ သူလည်း အတိအကျ မပြောနိုင်ပေ။
ခဏကြာမှ သူ သတိပြုမိလိုက်သည်မှာ လူ့လောကတွင် ကျောင်းဖွင့်ရာသီသို့ ပြန်လည်ရောက်ရှိနေခြင်း ဖြစ်သည်။
နွေရာသီကျောင်းပိတ်ရက်မှာ ကုန်ဆုံးတော့မည် မဟုတ်ပါလော။
[ဆရာ: ကျောင်းသားတို့ရေ... ကျောင်းဖွင့်တော့မယ်နော်၊ မင်းတို့ရဲ့ လူကိုယ်တိုင်၊ ကျောင်းသုံးပစ္စည်းတွေနဲ့ ကျောင်း ပိတ်ရက် အိမ်စာတွေကို အသင့်ပြင်ထားကြဦး...]
[ဟာ... ကျောင်းဖွင့်တော့မှာလား ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ]
[အပေါ်ကလူ မလန့်နဲ့၊ ကျွန်တော့်မှာလည်း လုပ်ရမယ့် အိမ်စာပုံကြီး ရှိသေးတယ်]
[ကျောင်းမပိတ်ခင်က Plan တစ်ခု ဆွဲခဲ့တယ်၊ နောက်တော့ ကျွန်တော် P တစ်ခုပဲ ပြီးခဲ့တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် Lan (懒 - ပျင်း) နေလို့လေ]
ကျောင်းဖွင့်ခါနီးပြီဖြစ်သဖြင့် ကျောင်းသားဖြစ်နေကြသော ကြည့်ရှုသူအားလုံးမှာ လန့်နေကြပြီဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် သူတို့ကို အပြစ်တင်၍ မရပေ၊ နွေရာသီကျောင်းပိတ်ရက်က အလွန်နေလို့ကောင်းလွန်းလှသည် မဟုတ်ပါလော။
ခရီးထွက်ကြသည်၊ အစားအသောက်တွေ စားကြသည်၊ ရေကူးကြသည်...
ဆရာက သတိမပေးလျှင် သူတို့၏အိမ်စာများကို အိမ်မက်ထဲတွင် အကုန်လုပ်ပြီးပြီဟု ထင်မှတ်နေကြလိမ့်မည်။
သို့သော် ကျောင်းပိတ်ရက် အိမ်စာစာအုပ်ကို ဖွင့်ကြည့်လိုက်သည့်အခါတွင်မူ...
'ဟာ ကျောင်းမပိတ်ခင်ကအတိုင်း တစ်လုံးမှ မရေးရသေးဘဲ အတူတူပါပဲလား'
နှစ်လစာ အိမ်စာတွေကို နောက်ဆုံးရက်အနည်းငယ်အတွင်း အတင်းအကျပ် ဖိလုပ်ရတော့မည်... ထိုသို့တွေးလိုက်သည်နှင့် ကျောင်းသားများမှာ ကလောင်ပင် မကိုင်ရဲအောင် လန့်နေကြသည်။
အချို့ဆိုလျှင် အိမ်မက်ဆိုးများပင် မက်နေကြပြီ။ ကျောင်းဖွင့်သည့်နေ့တွင် အိမ်စာများ ယူမလာမိသည့် အိမ်မက်မျိုး၊ သို့မဟုတ် ကျောင်းဖွင့်စာမေးပွဲတွင် မေးခွန်းများ မဖြေနိုင်သည့် အိမ်မက်မျိုးပင်။
အိမ်မက်နိုးလာသည့်အခါ ငိုချင်စိတ်ပင် ပေါက်သွားကြသည်။
[ဟီးးး Host ရေ... ကျွန်တော့်ဆရာရဲ့ ဝိညာဉ်ကို နှစ်ရက်လောက် ခေါ်ထားပေးလို့ရမလား ကျွန်တော် အိမ်စာတွေ အကုန်ပြီးမှ ဆရာ့ကိုပြန်လွှတ်ပေးပါ... ပြန်မလွှတ်ပေးလည်း ရပါတယ်၊ ကျွန်တော့် မုန့်ဖိုးတွေ အကုန်ပေးပါ့မယ်]
[အပေါ်ကလူ... မင်း ငါ့ကိုရယ်လွန်းလို့ အသက်ထွက်အောင် လုပ်ပြီး ငါ့ရဲ့အကြွေး (Alipay/Kpay) တွေကို ဆက်ခံချင်နေတာလား]
[တကယ့် လူတော်လေးပဲ!]
[ကျွန်တော်က ဆရာပါ၊ အပေါ်က လူတော်လေးရဲ့ကျောင်းနာမည်၊ အတန်းနဲ့ နာမည်လေး ပြောပြပေးပါဦး]
[ဟားဟားဟား... တကယ်ကို ရယ်ရတယ်]
ကျန်းလင်သည် Live မှ မှတ်ချက်များကိုကြည့်ပြီး အနည်း ငယ်ရယ်ချင်သွားသဖြင့် ခေါင်းခါလိုက်မိသည်။
သူ အရင်က ဝိညာဉ်သွားခေါ်သည့်အခါတွင်လည်း ကလေးငယ်အချို့ အိမ်စာများအတင်းလုပ်နေသည့် မြင်ကွင်းမျိုးကို တွေ့ခဲ့ဖူးသည်။
ဘေးနားက မိဘများကပါ ရင်တထိတ်ထိတ်နှင့် ကလေးအတွက် 'တစ်ချက်နှိပ်ရုံနှင့် အကုန်ပြီးစီးခြင်း'မျိုးကို လုပ်ပေးချင်နေကြသည်။
ထိုခံစားချက်မှာ ဝိညာဉ်တမန်တော်များ အလုပ်အပ်ရမည့်အချိန် နီးကပ်လာသော်လည်း တာဝန်များမပြီးသေးသည့် ခံစားချက်နှင့် ဆင်တူလှသည်။
သူ၏ အလုပ်မှတ်တမ်းစာအုပ်တွင် သတင်းအချက်အလက်အသစ် ပေါ်လာသည်ကို တွေ့လိုက်ရသဖြင့် ကျန်းလင်သည် ထရပ်ကာ ငရဲပြည်လမ်းကြောင်းကို ဖွင့်လိုက်သည်။
"သွားကြစို့၊ နောက်ထပ် ဝိညာဉ်တစ်ကောင်ကို သွားခေါ်ရမယ်"
[Host အလုပ်ပြန်စပြီ]
[ကျွန်တော် အရင်ဆုံး အိမ်စာစာအုပ် ဖွင့်ထားလိုက်ဦးမယ်...]
[Party တက်နေတဲ့ ကျွန်တော်ကတော့ Live ထဲမှာ ကျွန်တော့်မျက်နှာပါမလာဖို့ ဆုတောင်းရင်း ဖုန်းကိုလှမ်းကြည့်နေမိတယ်]
ကြည့်ရှုသူများမှာ အမျိုးမျိုးပြောဆိုနေကြသည်။ ယခုအခါ သူတို့ Live ကြည့်ခြင်းမှာ ဗဟုသုတရရန် သို့မဟုတ် စပ်စုရန်သာမကဘဲ...
နောက်ထပ် အကြောင်းရင်းတစ်ခုမှာ မိမိကိုယ်တိုင် Live ထဲတွင် ပါသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ထိုသို့ဖြစ်လျှင်တော့ လုံးဝ မကောင်းလှပေ။
[ကျွန်တော် VIP Member ဝင်မယ်၊ Live လွှင့်ခန်းထဲမှာ ကျွန်တော့်ကို မပြအောင်လုပ်လို့ရမလား]
[ရပါတယ်၊ အဲဒီအချိန်ကျရင် ကျွန်တော် ခင်ဗျားတို့မျက်နှာကို Edit လုပ်ပြီး ဖျက်ပေးမယ်]
...
လူ့လောက
Live မြင်ကွင်းအတွင်း အဆောက်အအုံတစ်ခု၏ရှေ့သို့ ရောက်ရှိလာသည်။
အဆောက်အအုံ၏အပေါ်ဘက်တွင် ကြီးမားသော အသည်းပုံ အမှတ်အသားတစ်ခု ရှိနေကာကျယ်ဝန်းသောခန်းမဆောင်အတွင်းမှ စကားပြောသံများကို ရှင်းလင်းစွာ ကြားနေရ၏။
"အဘိုး... ဒီပိုက်ဆံကို အဘိုးကိုယ်တိုင်သုံးဖို့ သိမ်းထားလိုက်ပါ၊ လူနေမှုဘဝလေး ပိုကောင်းအောင်နေပါဦး"
"ငါ့ဘဝက အဆင်ပြေပါတယ် သမီးလေးရယ်၊ စိတ်မပူပါနဲ့"
ပြောရင်းနှင့် ထိုအဘိုးအိုသည် လက်ထဲက အဝတ်ထုပ်ကို ဖြေလိုက်ပြီး အတွင်းမှ သေသေချာချာ ခေါက်ထားသော ငွေစက္ကူများကို ထုတ်ယူလိုက်သည်။
ထို့နောက် ထိုမိန်းကလေးရှေ့တွင် ဂရုတစိုက် ချထားပေး လိုက်သည်။
"ဟိုကလေးတွေကမှ ပိုက်ဆံပိုလိုအပ်တာပါ၊ ငါ့လို အရိုးစုကြီးကတော့ တစ်ကိုယ်လုံး မြေကြီးထဲဝင်ခါနီးနေပါပြီ"
"..."
ထိုမိန်းကလေးသည် အဘိုးအို၏ဝတ်ဆင်ထားပုံကို ကြည့်လိုက်သည်။
အလွန်ချမ်းသာကြွယ်ဝသည့် ပုံစံမျိုးမဟုတ်ပေ။ သူမ တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ဘေးနားက လုပ်ဖော်ကိုင်ဖက်က သူမကို လှမ်းဆွဲလိုက်သည်။
ထိုလုပ်ဖော်ကိုင်ဖက်သည် အဘိုးအိုအတွက် စာရွက်စာတမ်းများ ပြုလုပ်ပေးရင်း ပြုံးကာပြောလိုက်သည်။
"အဘိုး... ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော် ပြောပြခဲ့တဲ့ ကလေးလေးလေ၊ အခုတော့ ကျောင်းပြန်တက်နိုင်ပြီနော်"
အဘိုးအို၏မှုန်ဝါးနေသော မျက်ဝန်းများမှာ တောက်ပသွားပြီး ပါးစပ်ဟကာ မညီမညာဖြစ်နေသော သွားများပေါ်သည်အထိ ပြုံးလိုက်သည်။
"ကျောင်းတက်နိုင်ရင် တော်တာပေါ့ ပညာများများသင်တာ ကောင်းတယ်"
"အဲဒီကလေးက ကျေးဇူးတင်လွှာလေးတောင် ရေးပေးထားသေးတယ်၊ အဘိုးကို ဖတ်ပြရမလား"
"ကောင်းတာပေါ့ ဖတ်ပြပါဦး"
အဘိုးအိုမှာ ခေါင်းညိတ်လိုက်ပြီး ပြန်ရန် မလောတော့ဘဲ ဘေးနားက ခုံတွင် ထိုင်လိုက်သည်။
လုပ်ဖော်ကိုင်ဖက် ဖြစ်သူက အသံကို ရှင်းလိုက်ပြီး အံဆွဲထဲမှ လက်လုပ် စာအိတ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုအပြာရောင် စာအိတ်လေးပေါ်တွင် အနီရောင် အသည်းပုံ စက္ကူဖြတ်ညှပ်လေး ကပ်ထားသည်။
"လေးစားအပ်ပါသော ဦးဦး၊ ဒေါ်ဒေါ်၊ အဘိုးအဘွားနဲ့ ကိုကိုမမတို့ခင်ဗျာ မင်္ဂလာပါ"
"ကျွန်တော့်အိမ်က တောင်ပေါ်မှာ ရှိတာပါ၊ လမ်းပန်းဆက် သွယ်ရေးလည်း မကောင်းသလို စိုက်ပျိုးရေး ထွက်ကုန်တွေလည်း သိပ်မရှိပါဘူး..."
"ပစ္စည်းဝယ်ချင်ရင် တစ်နာရီကျော်လောက် လမ်းလျှောက်ပြီးမှ ဆိုင်ကို ရောက်ပါတယ်၊ ကျောင်းတက်ဖို့ မြို့ပေါ်သွားမယ်ဆိုရင် နှစ်နာရီ၊ သုံးနာရီလောက် လမ်းလျှောက်ရပါတယ်၊ အိမ်မှာ မောင်နှမ သုံးယောက်ရှိလို့ ဘဝက အတော်လေး ခက်ခဲပါတယ်..."
"အခုလို လှူဒါန်းပေးကြတဲ့အတွက် ကျွန်တော့်မှာ ပညာသင်ခွင့် အခွင့်အရေးတစ်ဖန်ပြန်ရခဲ့ပါပြီ၊ ကျေးဇူးအများကြီး တင်ပါတယ်"
"ကျွန်တော် စာကိုကြိုးကြိုးစားစား သင်ပါ့မယ်၊ မိသားစုကို တောင်ပေါ်ကနေ ခေါ်ထုတ်နိုင်အောင်ကြိုးစားပြီး လူ့အဖွဲ့ အစည်းအတွက် အသုံးဝင်တဲ့သူတစ်ယောက် ဖြစ်အောင် လုပ်ပါ့မယ်..."
"နောက်ဆုံးအနေနဲ့ မကြာခင်မှာ အိမ်ကပြောင်းဖူးတွေ မှည့်တော့မှာပါ၊ အခွင့်အရေးရရင် ဦးဦးဒေါ်ဒေါ်တို့ကိုလည်း မြည်းစမ်းကြည့်စေချင်ပါတယ်"
"... ကျွန်တော် ဖတ်လို့ ပြီးပါပြီ အဘိုး"
စာဖတ်ပြီးသွားသည့်အခါ ခန်းမဆောင်အတွင်း တိတ်ဆိတ်သွားတော့သည်။
အဘိုးအို ခေါင်းညိတ်လိုက်ပြီး "လိမ္မာတဲ့ကလေးလေးပဲ" ဟု ပြောရှာသည်။
ထို့နောက် ဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း ပြောကာ ထရပ်ပြီး အပြင်သို့ထွက်ခွာသွားတော့သည်။
ထိုအဘိုးအို လှည့်ထွက်သွားသည့် အခိုက်အတန့်တွင် သူသည် မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်ရှာသည်။
အဘိုးအို ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ထိုမိန်းက လေး၏သံသယကို လုပ်ဖော်ကိုင်ဖက်က ရှင်းပြလိုက်သည်။
"သမီး အခုမှရောက်လာတာဆိုတော့ မသိသေးဘူး ဖြစ်လိမ့်မယ်၊ အဲဒီအဘိုးက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး အချိန် မှန်မှန် လာနေတာ"
"အစတုန်းကတော့ ကျွန်တော်တို့လည်း တားပါသေးတယ်၊ ဒါပေမဲ့ မရဘူး"
သူက သက်ပြင်းချလိုက်ပြီး လက်ထဲက ငွေစက္ကူများကို ကြည့်လိုက်သည်။
"ကျွန်တော်တို့ လုပ်ပေးနိုင်တာကတော့ အဘိုးရဲ့ စေတနာတွေ အလဟဿမဖြစ်အောင် လုပ်ပေးဖို့ပါပဲ"
သူ့မှာ အလုပ်အကိုင် အတည်တကျရှိသော်လည်း အိမ်တွင် ဇနီးနှင့် သားသမီးရှိသဖြင့် နှစ်စဉ်လှူဒါန်းသည့် ပမာဏမှာ ထိုအဘိုးအိုလောက်ပင် ရှိချင်မှ ရှိလိမ့်မည်။
"အဘိုး ဝတ်ထားတာ ကြည့်ရတာ... သိပ်ပြီး အဆင်ပြေတဲ့ ပုံစံမျိုး မဟုတ်ဘူးနော်"
မိန်းကလေးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အဘိုးအိမ်က တကယ်တော့ ချမ်းသာလို့များလား"
"လုံးဝ ဆန့်ကျင်ဘက်ပဲ"
လုပ်ဖော်ကိုင်ဖက်က ခေါင်းခါလိုက်သည်။ အဘိုးအို အကြိမ်အနည်းငယ် ရောက်လာပြီးနောက် သူတို့ စုံစမ်းကြည့်ခဲ့ဖူးသည်။
ရပ်ကွက်လူကြီးများပြောပြချက်အရ အဘိုးအို၏ဇနီးမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။
သားသမီးများမှာလည်း မတော်တဆမှုတစ်ခုအတွင်း ဆုံးပါးသွားခဲ့ကြသည်။
"ကြားရသလောက်တော့ မတော်တဆမှုဖြစ်တုန်းက သူ့ချွေးမမှာ ကိုယ်ဝန်ရှိနေတာတဲ့..."
သား၊ ချွေးမနဲ့ မြေး... အသက်သုံးချောင်းလုံး တစ်ခါတည်း ဆုံးပါးသွားခဲ့ရသည်။
ထိုအခါ အစကပင် မချမ်းသာသော မိသားစုလေးမှာ ပိုခက်ခဲသွားခဲ့ရသည်။
"ဒါဆို အခု သူတစ်ယောက်တည်း ကျန်ခဲ့တာပေါ့"
မိန်းကလေး၏မျက်ဝန်းတွင် စာနာသနားသော ခံစားချက်များ ထွက်ပေါ်လာ၏
"အခု အဘိုးမှာ အလုပ်အကိုင်လည်း ရှိမှာမဟုတ်ဘူး၊ ဘာလို့ ဒီလိုမျိုး လုပ်နေရတာလဲ"
"မသိဘူးလေ"
လုပ်ဖော်ကိုင်ဖက်က ခေါင်းခါလိုက်သည်။
"သူက သူ့ရဲ့ မြေးလေးအပေါ် ထားခဲ့တဲ့ မျှော်လင့်ချက်တွေကို ဒီကလေးတွေအပေါ်မှာ ပုံဖော်နေတာဖြစ်နိုင်တာပဲ"
"အဘိုးရှေ့မှာတော့ အဲဒီလိုမျက်နှာပေးမျိုးမပြနဲ့ဦး၊ သူတို့က ကိုယ့်အားကိုယ်ကိုးချင်တဲ့ စိတ်ဓာတ်အရမ်းပြင်းထန်ကြတယ်"
"ဟုတ်ကဲ့" မိန်းကလေးက ခေါင်းညိတ်လိုက်ပြီး ဘေးနားက ငွေကြေးပုံကို ကြည့်လိုက်သည်။
သူသည် ငွေပုံကြီးကိုကြည့်ရင်း ထိုငွေများသည်များပြားလှသည် မဟုတ်သော်လည်း အလွန်ပင်လေးလံလှသည်ဟု ခံစားလိုက်ရသည်။
...
[ကျွန်တော့် မိဘတွေ ပြောပြတာကတော့ ကျွန်တော်တို့ မိသားစုကလည်း ကျေးလက်ကနေလာတာတဲ့]
[ကျောင်းတက်ဖို့ နှစ်နာရီ၊ သုံးနာရီ လမ်းလျှောက်ရတယ်ဆိုတာ အမှန်လား ဆိုင်ကရော အဲဒီလောက် ဝေးတာလား နေ့စဉ်ဘဝ ဘယ်လို နေထိုင်ကြလဲ]
[ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာတော့ တကယ်ကို အဲဒီလိုပါပဲ၊ လူဦးရေများပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့်ပါ]
[ကျွန်တော် အခု အသက် ၃၂ နှစ်ရှိပြီ၊ အရင်က ကျောင်းတက်တုန်းက မိုးမလင်းခင်ကတည်းက ထရတယ်၊ ထမင်း ချိုင့်ကို လက်နဲ့ဆွဲပြီး ကျောင်းသွားခဲ့ရတာ]
Live လွှင့်ခန်းအတွင်းရှိ မြို့ပေါ်တွင် ကြီးပြင်းလာသော ကြည့်ရှုသူများမှာ နားမလည်နိုင်ဖြစ်နေကြသည်။
လူကြီးများပြောပြသည်ကို ကြားဖူးသော်လည်း ကိုယ်တိုင် မကြုံဖူးကြပေ။
အသက်အရွယ်ရလာသော လူလတ်ပိုင်းများကမူ အတိတ်ကို ပြန်လည် သတိရကာ သက်ပြင်းချနေကြသည်။
ယခုအခါ လူနေမှုဘဝများ တဖြည်းဖြည်း ကောင်းမွန်လာပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးများလည်း ကောင်းမွန်လာသည်။
ကျောင်းအများစုတွင်လည်း အဆောက်အအုံနှင့် စနစ်များ ပြည့်စုံလာသဖြင့် ပညာသင်ကြားရန် ပတ်ဝန်းကျင်မှာ အရင်ကထက် အများကြီးပိုကောင်းလာခဲ့သည်။
ထမင်းချိုင့်ဆွဲပြီး ဆောင်းတွင်းကြီး လက်နှိပ်ဓာတ်မီးနှင့် ကျောင်းသွားရသည့် မြင်ကွင်းမျိုးမှာ အလွန် ရှားပါးသွားခဲ့ပြီ ဖြစ်သည်။
[အမှန်အတိုင်းပြောရရင် ကျွန်တော် စပ်စုချင်တာက ဒီအဘိုးကလှူဒါန်းဖို့ ပိုက်ဆံကို ဘယ်ကနေရတာလဲ]
[...]
🫧 Chapter 94
[အမှန်အတိုင်း ပြောရရင် ကျွန်တော် စပ်စုချင်တာက ဒီအဘိုးက လှူဒါန်းဖို့ ပိုက်ဆံကို ဘယ်ကနေ ရတာလဲ]
[ဒီအရွယ်နဲ့ဆို အလုပ်ရှာဖို့ တကယ် မလွယ်တော့ဘူး]
[ပင်စင်လစာ ဘာညာ ဖြစ်မှာပေါ့]
[...]
Live မြင်ကွင်းအတွင်း ထိုအဘိုးအိုသည် အသည်းပုံအမှတ် အသားရှိသော အဆောက်အအုံအတွင်းမှ ထွက်လာခဲ့သည်။
သူ့ဆံပင်အများစုမှာ ဖြူဖွေးနေပြီး ခန္ဓာကိုယ်မှာ အနည်းငယ် ကိုင်းနေသည်။
အကြိမ်ကြိမ် လျှော်ဖွတ်ထားသော လက်တိုအင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး ဘောင်းဘီပေါ်တွင် အဖာရာလေး နှစ်ခုပင် ရှိနေသည်။
အဘိုးအို၏ မျိုးရိုးမှာ 'ချွေ့' ဖြစ်ပြီး အမည်မှာ 'ဟယ်' ဖြစ်သည်။
၎င်းသည် 'မိသားစု ငြိမ်းချမ်းသာယာပြီး အရာရာ အဆင်ပြေစေရန်' ဟူသော အဓိပ္ပာယ်ကို ဆောင်သည်။
သူသည် ဘေးနားရှိ ပန်းခုံဆီသို့ လျှောက်သွားပြီး ထိုနေရာတွင် ကြိုတင်ချထားသော ဂုန်နီအိတ်နှင့် အမှိုက်ညှပ်ကို ယူကာ စည်ကားသော လမ်းမကြီးဆီသို့ ဦးတည်သွားတော့ သည်။
လမ်းမပေါ်တွင် လူများမှာ ဟိုဟိုဒီဒီ သွားလာနေကြသည်။
အလုပ်ကိစ္စဖြင့် အလောတကြီးသွားနေကြသော ဝန်ထမ်းများ၊ ပျော်ရွှင်စွာ ဆော့ကစားနေကြသော ကလေးငယ်များ။
ကျောင်းမဖွင့်သေးသော လူငယ်အချို့မှာလည်း အအေးသောက်ရင်း စကားပြောနေကြ၏။
ထိုစဥ် အအေးဗူးခွံအလွတ်များမှာ အမှိုက်ပုံးအတွင်းသို့ အခါအားလျော်စွာ ပစ်ထည့်ခြင်းခံနေရသည်။
လူငယ်တစ်ဦးသည် ရေသန့်ဗူးကို ဘတ်စကတ်ဘော ပစ်ထည့်သလိုမျိုး အမှိုက်ပုံးထဲသို့ ပစ်ထည့်ရန် ကြိုးစားလိုက်သည်။
လက်ကိုမြှောက်၊ ခြေဖျားထောက်ပြီး ပစ်လိုက်ရာ
ဒေါင်.. ဒေါင်..
ရေသန့်ဗူးမှာ အမှိုက်ပုံးအနားသတ်နှင့် ထိမိပြီး မြေကြီးပေါ်သို့ ပြန်လည်ကျလာတော့သည်။
လူငယ်က နှုတ်ခမ်းမဲ့လိုက်ပြီး ဘေးနားက သူငယ်ချင်းများကမူ ဝိုင်းရယ်ကြတော့သည်။
"သွားကြစို့၊ သွားကြစို့"
ထိုလူငယ်က ဗူးကိုပြန်ကောက်ရမလားဟု ဝေခွဲမရဖြစ်နေစဉ်မှာပင် အဘိုးအိုတစ်ဦး အနားသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ဒီဗူးကို မင်းတို့ လိုချင်သေးလား"
လူငယ်က အဘိုးအိုဘေးနားရှိ ဂုန်နီအိတ်ကို ကြည့်လိုက်ပြီး "မလိုတော့ဘူး၊ အဘိုးပဲ ယူသွားလိုက်ပါ" ဟု ပြန်ဖြေသည်။
ထို့နောက် ထိုလူငယ်အုပ်စုမှာ ဆူညံစွာဖြင့် ထွက်ခွာသွားကြတော့သည်။
ချွေ့ဟယ်သည် ဗူးကို အိတ်ထဲသို့ ထည့်လိုက်ပြီး အမှိုက်ပုံးအတွင်းမှ အမှိုက်များကို ညှပ်ဖြင့် ထပ်မံရှာဖွေကြည့်သည်။
အမှိုက်ပုံးအတွင်းရှိ အမှိုက်များအပြင်သို့ ဖိတ်စင်မသွားစေရန် သူ သေချာ ဂရုစိုက်သည်။
သူ့ဝတ်စုံမှာ ဟောင်းနွမ်းနေသော်လည်း သူ့ကိုယ် သူ သန့်ရှင်းအောင်ထားရှိသဖြင့် လမ်းသွားလမ်းလာများကို ညစ်ပတ်သွားစေမည်ကို မစိုးရိမ်ရပေ။
သို့သော် အမှိုက်ရှာဖွေရင်း အနံ့အသက်အချို့ စွဲကပ်နိုင်သဖြင့် လမ်းသွားလမ်းလာများနှင့် အတန်ငယ်ခွာ၍ သွားလာတတ်သည်။
သူသည် သူတစ်ပါး အနှောင့်အယှက်ဖြစ်မည်ကို သူ မလို လားပေ။
မကြာမီမှာပင် သူ့အိတ်မှာ တစ်ဝက်ခန့် ပြည့်သွားသည်။
လူနေအိမ်ရာ တစ်ခု၏တံခါးဝသို့ ဖြတ်သွားစဉ်တွင် ကလေးငယ်တစ်ဦး ထွက်လာသည်။
လက်ထဲတွင် စာအုပ်ပုံကြီး တစ်ပုံကို ပိုက်ထားပြီး ဟိုဟိုဒီဒီ ကြည့်နေသည်။
ရုတ်တရက် ထိုကလေးငယ်၏အကြည့်မှာ ဂုန်နီအိတ်ကို ကိုင်ထားသော အဘိုးအိုဆီသို့ ရောက်ရှိသွားပြီး မျက်ဝန်းများ တောက်ပလာသည်။
သူသည် အဘိုးအိုအနားသို့ သွားကာ စာအုပ်များကို မြေကြီးပေါ် ချလိုက်ပြီး ပြတ်သားစွာပြောလိုက်သည်။
"အဘိုး... ဒါတွေ ယူသွားပြီး ရောင်းလိုက်ပါ၊ သား မသုံးတော့တဲ့ အရာတွေပါ"
ပြောပြီးနောက် ဘေးဘယ်ညာကို ကြည့်လိုက်ပြီး အဘိုးအို ပြန်မပြောနိုင်ခင်မှာပင် အိမ်ရာအတွင်းသို့ ပြန်ပြေးဝင်သွားတော့သည်။
ချွေ့ဟယ်သည် ပြေးဝင်သွားသော ကလေးငယ်၏ကျောပြင်ကို ကြည့်ပြီးနောက် မြေကြီးပေါ်က စာအုပ်ပုံကို ကြည့်ကာ ပြုံးလိုက်မိသည်။
သူ အမှိုက်ကောက်နေစဉ်အတွင်း ကလေးငယ်အချို့က အအေးဗူးများကို သူ့ထံ လာပေးတတ်ကြသည်။
ဤကလေးများမှာ အလွန်ချစ်စရာကောင်းလှသည်။
သူသည် ထိုင်ချလိုက်ပြီး စာအုပ်ပုံကို အိတ်ထဲသို့ထည့်ရန် ပြင်လိုက်စဉ်မှာပင် သူ့ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။
သူသည် စာအုပ်ပုံကို အနီးကပ်သေချာကြည့်လိုက်ရာ အားလုံးမှာ အသစ်နီးပါး ရှိနေသေးသည်။
သူ တစ်အုပ်ကို လှန်ကြည့်လိုက်သည့်အခါ "နွေရာသီကျောင်းပိတ်ရက် အိမ်စာ" ဟူသော စာအုပ်ကို တွေ့လိုက်ရသည်။
သူ မှင်တက်သွားပြီး ထပ်ကြည့်လိုက်ရာ... စတုတ္ထတန်း ဒုတိယနှစ်ဝက်...
အတွင်းတွင် တပိုင်းတစသာ လုပ်ထားပြီး ကွက်လပ်များစွာ ကျန်ရှိနေသေးသည်။
"ဒါကို ဘာလို့ အမှိုက်ထဲ ထည့်လိုက်ရတာလဲ၊ ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ"
ချွေ့ဟယ်မှာ စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လှည့်ကြည့်သော် လည်း ထိုကလေးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
အတွင်းတွင် ထိုကလေး၏အခြားသော အိမ်စာများ ပါဝင်နေဦးမလား သူ မသိပေ။
ထို့ကြောင့် ဤစာအုပ်ပုံကို ဂုန်နီအိတ်ထဲသို့ မထည့်ရဲတော့ပေ။
အကယ်၍ အသုံးလိုသေးလျှင် ၎င်းကို အမှိုက်ဟု သတ်မှတ် ၍ မရပေ၊ ပညာသင်ကြားရာတွင် အသုံးပြုရမည့် အရာများ မဟုတ်ပါလော။
ထိုသို့တွေးတောရင်း ချွေ့ဟယ်သည် စာအုပ်ပုံကြီးကိုအား စိုက်၍ ပိုက်ကာ လုံခြုံရေးဂိတ်ဆီသို့ လျှောက်သွားတော့ သည်။
လုံခြုံရေးဝန်ထမ်းမှာ ထိုအဘိုးအိုကို အစောကတည်းက မြင်နေခြင်း ဖြစ်သည်။
အဘိုးအို လာသည်ကို မြင်သည့်အခါ သူသည် အိမ်အတွင်း၌ မလိုတော့သော စက္ကူများရှိမလားဟု အလိုအလျောက် လှည့်ကြည့်လိုက်သည်။
စက္ကူထူများ မတွေ့သော်လည်း သောက်လက်စ ရေသန့်ဗူးတစ်ဝက်ကို တွေ့လိုက်ရသည်။
သူသည် ရေကို တစ်ကျိုက်တည်းနှင့် ကုန်အောင်သောက်လိုက်ပြီးနောက် ဗူးခွံကို ကမ်းပေးလိုက်သည်။
"အဘိုး... ကျွန်တော့်မှာ ဒါပဲ ရှိတယ်၊ ယူသွားလိုက်ပါ"
ချွေ့ဟယ်က ပြုံးလိုက်ပြီး လက်ထဲက စာအုပ်ပုံကိုပြတင်း ပေါက်တွင် တင်လိုက်ကာ "မလောပါနဲ့ဦး၊ ငါက အမှိုက်လာတောင်းတာ မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။
သူသည် စာအုပ်ပုံကိုပုတ်ပြရင်း "ကလေးတစ်ယောက်က အိမ်စာတွေကို မှားပစ်မိသွားလို့လေ၊ ခဏနေရင် ပြန်လာရှာလိမ့်မယ်၊ မင်းဆီမှာ ခဏလောက်အပ်ထားလို့ ရမလား" ဟု မေးလိုက်သည်။
မကြာခင် ကျောင်းဖွင့်တော့မည်ဖြစ်ရာ ရှာမတွေ့လျှင် ကလေးမှာ စိုးရိမ်နေလိမ့်မည် မဟုတ်ပါလော။
"ဪ... ရပါတယ်"
လုံခြုံရေးဝန်ထမ်းမှာ အလိုအလျောက် ခေါင်းညိတ်လိုက်သော်လည်း အခြေအနေကို နားလည်သွားသည့်အခါ သူ့ မျက်နှာပေးမှာ ထူးဆန်းသွားတော့သည်။
သို့သော် ဘာမှမပြောဘဲ စာအုပ်ပုံကို အတွင်းသို့ သိမ်းဆည်းပေးလိုက်သည်။
[လူအချင်းချင်း လိမ်စရာမလိုဘူး၊ ကျွန်တော် အရင်ဆုံး လုံခြုံရေးဦးလေးအစား ရယ်လိုက်ပြီ ဟားဟားဟား...]
[မူလတန်းကျောင်းသား: ကျွန်တော် အိမ်စာတွေကိုတော် တော်ခက်ခက်ခဲခဲ စွန့်ပစ်ခဲ့ရတာပါ၊ o(╥﹏╥)o]
[ဒီကလေးက အတွေ့အကြုံနည်းသေးတယ်၊ အရင်ကဆို ကျွန်တော်ကတော့ အိမ်က ခွေးကိုပဲ ကျွေးလိုက်တာ]
[....]
Live ထဲတွင် လုံခြုံရေးဝန်ထမ်း၏မျက်နှာပေးကို မြင်ရသည့်အခါ ကြည့်ရှုသူများမှာလည်း ရယ်မောနေကြသည်။
အိမ်စာများ မပြီးသေးသော ကျောင်းသားအချို့မှာမူ ခေါင်းမော့ကာ ပတ်ဝန်းကျင်ကိုလှည့်ကြည့်ပြီး အိမ်စာများကို မည်သို့ စွန့်ပစ်နိုင်မလားဟုကြံစည်နေကြသည်။
အိမ်တွင် အိမ်မွေးတိရစ္ဆာန်ရှိသူများက တိရစ္ဆာန်များကို ကြည့်ကြသည်။
မရှိသူများကမူ ယနေ့ လေပြင်းတိုက်မလား၊ အိမ်စာများ လေထဲ လွင့်သွားနိုင်မလားဟု စဉ်းစားကြသည်။
သို့သော် ပထမဆုံး စိတ်လှုပ်ရှားမှု ပြီးသွားသည့်အခါ သူတို့ အနည်းငယ် ငြိမ်ကျသွားကြသည်။
အချို့က ကားစီးပြီး ဖုန်းကစားရင်း ကျောင်းမတက်ချင်ဟု အော်ဟစ်နေကြသည်။
အချို့ကမူ တောတောင်လျှိုမြောင်များကို ဖြတ်ကျော်ကာ မှောင်မှောင်မည်းမည်းတွင် ကျောင်းသွားနေရပြီး ရေနံဆီမီးခွက်လေးနှင့် အိမ်စာလုပ်နေကြရသည်။..
ရုတ်တရက် သူတို့သည် အင်တာနက်ပေါ်တွင် ယခင်က တွေ့ခဲ့ဖူးသော ဓာတ်ပုံတစ်ပုံကိုသတိရမိသွားကြသည်။
ဓာတ်ပုံထဲမှ မိန်းကလေးတွင် တောက်ပပြီး ကြည်လင်သော မျက်ဝန်းကြီးများ ရှိသည်။
ထိုမျက်ဝန်းများအတွင်း ပညာဗဟုသုတအပေါ် တောင့်တမှုများ အပြည့်ရှိနေ၏။
ကြည့်ရှုသူအချို့သည် လက်ထဲက ဖုန်းနှင့် ကွန်ပျူတာကို ကြည့်လိုက်ပြီး စာရေးစားပွဲဘေးက ၁၀ ယွမ်တန် နို့လက် ဖက်ရည်ကို ကြည့်လိုက်ကြသည်။
ထို့နောက် အိမ်စာများကို ဖျက်ဆီးမည့် လက်များကို ပြန်လည် ရုပ်သိမ်းလိုက်ကြသည်။
သူတို့သည် ထိုကဲ့သို့ ခက်ခဲသော ဘဝမျိုးကိုမကြုံဖူးသော် လည်း... ၎င်းမှာ အလွန်ပင် ပင်ပန်းလိမ့်မည်ဟု ခံစားမိကြသည်။
[ကျွန်တော် အရင်ဆုံး အိမ်စာသွားရေးလိုက်ဦးမယ်]
[ကျွန်တော် ခွေးပါးစပ်ထဲကနေ အိမ်စာတွေကိုပြန်လုခဲ့တယ်၊ အမေ မြင်သွားလို့...]
[ဒါနဲ့ မဝတ်တော့တဲ့ အဝတ်အစားတွေကို ဘယ်မှာ သွားလှူလို့ ရမလဲဗျ]
[ကျွန်တော်တို့ ရပ်ကွက်ထဲမှာတော့ အဝတ်ဟောင်း သိမ်းတဲ့ပုံး ရှိတယ်၊ နောက်တစ်ခေါက် သွားကြည့်လိုက်မယ်]
[...]
ကျန်းလင်သည် အဘိုးအိုနောက်မှ လိုက်ပါရင်း Live မှ မှတ်ချက်များကို ကြည့်လိုက်သည်။
ထိုအခါမှ သူတို့ ဘာကြောင့် ရယ်မောနေကြသလဲ၊ ဘာကြောင့် သက်ပြင်းချနေကြသလဲ ဆိုသည်ကို သူ သိရှိသွားသည်။
မှတ်ချက်များမှတစ်ဆင့် သူတို့၏စိတ်ခံစားချက် ပြောင်းလဲမှုများကို မြင်တွေ့နိုင်သည်မှာ အမှန်ပင်။
တစ်နည်းအားဖြင့် ဤကြည့်ရှုသူများမှာ အလွန်ပင် ရိုးသားပြီး နားလည်ရ လွယ်ကူလှသည်။
လမ်းမပေါ်တွင်
စာအုပ်များကို လုံခြုံရေးဝန်ထမ်းထံ အပ်နှံပြီးနောက် ချွေ့ဟယ်သည် ဂုန်နီအိတ်ကို ကိုင်ကာ ဆက်လက် လှောက်လှမ်းလာခဲ့သည်။
သူသည် လမ်းကြိုလမ်းကြားများအတွင်းသို့ ဖြတ်သန်းသွား လာကာ မြေကြီးပေါ်တွင် အမှိုက်တွေ့လျှင် ညှပ်ဖြင့်ကောက် ယူကာ အမှိုက်ပုံးထဲသို့ ထည့်ပေးတတ်သည်။
တစ်ခါတစ်ရံတွင် စိတ်မရှည်သော လူများ သို့မဟုတ် စိတ်တိုတတ်သော လူများနှင့်တွေ့လျှင်လည်း သူ ဂရုမစိုက်ပေ။
လူတိုင်းတွင် စိတ်မချမ်းသာသော အချိန်များရှိနိုင်သဖြင့် တစ်ခဏတာ ဒေါသကို ပြန်လည်တုံ့ပြန်နေရန် မလိုအပ်ဟု သူ ယူဆသည်။
ထို့ပြင် သူ့ကဲ့သို့သော အဘိုးအိုတစ်ဦးမှာ အငြင်းပွားရန် ခွန်အားလည်း မရှိတော့ပေ။
လမ်းလျှောက်ရသည်မှာ ပင်ပန်းလာလျှင် နေရာတစ်ခုတွင် ခဏထိုင်နားတတ်သည်။
ဗိုက်ဆာလာလျှင် သူကိုယ်တိုင် ချုပ်ထားသော လွယ်အိတ်ကြီးအတွင်းမှ မုန့်နှင့်ရေကို ထုတ်ယူကာ ဖြည်းဖြည်းချင်း စားတတ်သည်။
မုန့်သည် တံတွေးနှင့် ထိတွေ့သွားသည့်အခါ ချိုမြိန်သော အရသာကို ပေးစွမ်းပြီး အလွန်မွှေးပျံ့လှသည်။
သူသည် အစောကတည်းက စားထားသဖြင့် အစားအ သောက်ဆိုင်များမှအနံ့များ မွှေးပျံ့လာချိန်တွင် သူ ဗိုက်မဆာတော့ပေ။
ထိုအချိန်တွင် လူသွားလူလာ များပြားလာသလို ဗူးခွံအလွတ်များလည်း ပိုများပြားလာသည်။
လက်ထဲတွင် ပြည့်လုနီးပါးဖြစ်နေသော အိတ်ကို ကြည့်ရင်း ချွေ့ဟယ်သည် ပါးစပ်ကလေးစေ့ကာပြုံးလိုက်မိရာ မျက် ဝန်းထောင့်တွင် အရေးအကြောင်းများပေါ်လာတော့သည်။
ယနေ့ ရရှိမှုမှာ အတော်လေးကောင်းမွန်သဖြင့် နောက်ထပ် အိတ်တစ်လုံး ထပ်ထုတ်၍ရနိုင်ဦးမည် ဖြစ်သည်။