← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

🫧 Chapter 95

"မေမေ... သား ဒါစားချင်တယ်၊ ဒါပဲစားမှာနော်"

"အဲဒါက အာဟာရမရှိဘူး၊ ထမင်းပဲစားရမယ်"

"ဟေ့လူ... ထွက်လာခဲ့လေ၊ ဟော့ပေါ့သွားစားရအောင်"

"ဟိုမှာ လူတန်းကြီးက အရှည်ကြီးပဲ၊ တခြားဆိုင်ပဲ ပြောင်းရအောင်"

ထမင်းစားချိန် ရောက်လာသည်နှင့်အမျှ လမ်းမပေါ်တွင် သွားလာနေသော လူများမှာ ပို၍ များပြားလာကာ မြို့ပြကြီးမှာလည်း ပိုစည်ကားလာတော့သည်။

ဟော့ပေါ့နံ့၊ ခေါက်ဆွဲနံ့၊ ဟင်းချက်နံ့... အနံ့အမျိုးမျိုးမှာ တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် ထွက်ပေါ်လာကြသည်။

လေထုထဲတွင် ရောယှက်နေသော ထိုအနံ့များက လူတို့၏ ဗိုက်ထဲမှ အသံများကို တဂူးဂူး မြည်လာစေတော့သည်။

ဒေါင်...

အအေးသောက်ပြီးသွားသော လူများသည် ဗူးခွံများကို အမှိုက်ပုံးအတွင်းသို့ လွယ်လင့်တကူ ပစ်ထည့်လိုက်ကြသည်။

နောက်တစ်စက္ကန့်တွင် အမှိုက်ညှပ်တစ်ခုမှာ အမှိုက်ပုံးအတွင်းသို့ ဝင်ရောက်သွားပြီး ဗူးခွံအလွတ်ကို ညှပ်ကာ ဘေးနားရှိ ဂုန်နီအိတ်အတွင်းသို့ ထည့်လိုက်သည်။

ချွေ့ဟယ်သည် အနီးနားရှိ အမှိုက်ပုံးများကို လိုက်လံရှာဖွေရင်း ဗူးခွံလွတ် သို့မဟုတ် စက္ကူထူများ ပစ်မည့်သူ ရှိမလားဟု သတိထားကြည့်နေသည်။

လက်ထဲက အိတ်မှာ ပြည့်လုနီးပါး ဖြစ်နေပြီဖြစ်ရာ အိမ်ပြန်ပို့ပြီးမှ နောက်တစ်ခေါက် ပြန်ထွက်လာလျှင် ရနိုင်မည်ဖြစ် သည်။

သူသည် မတ်မတ်ရပ်ကာ ကျောပြင်ကို ဆန့်ထုတ်လိုက်ပြီး ခါးကိုလည်း အနည်းငယ် ထုလိုက်သည်။

သူ ဆက်လက် လျှောက်လှမ်းရန် ပြင်လိုက်စဉ်မှာပင် အရှေ့ဘက်ဆီမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"လုသွားပြီ"

"သူခိုး ဖမ်းကြပါဦး"

နောက်တစ်ခဏတွင် လမ်းထောင့်မှ လူတစ်ဦးသည် လေကဲ့သို့ ပြေးထွက်လာပြီး အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့ သည်။

ပတ်ဝန်းကျင်ရှိ လူများမှာ အလန့်တကြား ရှောင်တိမ်းကြသည်။

ချွေ့ဟယ်မှာ ခေါင်းမော့ကြည့်လိုက်သော်လည်း တုံ့ပြန်ရန် အချိန်မရလိုက်ပေ။

ပြင်းထန်သော လေတိုးသံတစ်ခုနှင့်အတူ အရာအားလုံးမှာ ချာချာလည်သွားတော့သည်။

သူသည် နောက်သို့အရှိန်ဖြင့် လွင့်သွားပြီးနောက် လမ်းဘေးရှိ သစ်ပင်နှင့် ကျောပြင်တိုက်မိကာ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။

ဂုန်နီအိတ်အတွင်းရှိ ဗူးခွံအလွတ်များမှာလည်း မြေကြီးပေါ်သို့ ဖိတ်စင်သွားကြသည်။

"..."

သူ မြေကြီးပေါ်တွင် လဲလျောင်းနေရင်း စက္ကန့်အနည်းငယ်မျှ ဦးနှောက်မှာ ဘာမှမတွေးနိုင်တော့ပေ။

ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ဝေဝါးနေပြီး အသံများမှာလည်း အဝေးကြီးမှ ကြားနေရသကဲ့သို့ ရှိနေသည်။

ခေါင်းထဲတွင်လည်း တဝီဝီ မြည်နေတော့သည်။

ရှေးဟောင်း တီဗီစက်အိုကြီး တစ်လုံး လိုင်းမမိဘဲ ဇာတ်ကားပြတ်တောက်သွားသကဲ့သို့ မြင်ကွင်းမှာ ဝေဝါးနေသည်။

သူ အနည်းငယ် ထိတ်လန့်သွားသော်လည်း မလောပေ။

ဤခံစားချက်မှာ သူ့အတွက် ရင်းနှီးနေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သားနှင့်ချွေးမတို့ မတော်တဆမှု ဖြစ်ပွားခဲ့သည့် သတင်းကို ကြားလိုက်ရသည့် အချိန်ကလည်း ဤကဲ့သို့ပင်။

တစ်ကိုယ်လုံးမှာ ဝေဝါးသွားပြီး ခန္ဓာကိုယ်မှ ဝိညာဉ်ထွက်သွားသကဲ့သို့ အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသလို ခံစားခဲ့ရသည်။

ထိုအချိန်မှစ၍ လွန်ခဲ့သောနှစ်အနည်းငယ်လုံးလုံး သူ မည်သို့ ရှင်သန်လာခဲ့သလဲ သူကိုယ်တိုင်ပင် မသိပေ။

' ဘာက သူ့ကို ပြန်လည် ရှင်သန်စေခဲ့သလဲ'

ချွေ့ဟယ်သည် အရှေ့ရှိ ဝေဝါးနေသော အလင်းနှင့် အမှောင်တို့ကို ကြည့်ရင်း သူ့အတွေးစများမှာ အလွန်ပင် နှေးကွေးသွားတော့သည်။

လမ်းပေါ်တွင် လူများမှာ သွားလာမြဲ သွားလာနေကြသည်။

သို့သော် အဘိုးအို၏ဘေးပတ်လည်တွင်မူ လူမရှိဘဲ ဟာလာ ဟင်းလင်း ဖြစ်နေသည်။

"ဟေ့... ကြည့်စပ်၊ လူတစ်ယောက် လဲနေတယ်"

"မကြည့်နဲ့၊ မကြည့်နဲ့၊ သွားကြစို့၊ သွားမထူနဲ့နော်"

ချစ်သူစုံတွဲတစ်တွဲမှာ အမြန်ဖြတ်ကျော်သွားတော့သည်။

"တောက် အပြင်ထွက် ထမင်းစားကာမှ လမ်းဘေးက လဲချင်ဟန်ဆောင်တဲ့သူနဲ့ လာတိုးနေရတယ်"

ပီကေ လာထွေးသော အမျိုးသားတစ်ဦးသည် မျက်မှောင် ကြုတ်ကာ ဘေးမှ ရှောင်သွားသည်။

မမြင်ဘဲ လမ်းလျှောက်မိလျှင် ဒုက္ခရောက်တော့မည်ဟု သူ တွေးနေသည်။

"ဒီအဘိုး ဘာဖြစ်သွားလဲ မသိဘူး၊ အသံလည်း မထွက်ဘူး"

"၁၂၀ ကို ဖုန်းဆက်ပေးလိုက်ပါ၊ ကျွမ်းကျင်တဲ့သူတွေ လာတာ ပိုကောင်းမယ်"

"ဟုတ်တယ်၊ သွားထူလိုက်ရင် ပိုပြီးထိခိုက်သွားနိုင်တယ်" လမ်းသွားလမ်းလာအချို့မှာ ဖုန်းဆက်ရင်း ထွက်ခွာသွားကြသည်။

"အဘိုး ဘာဖြစ်သွားလဲ မသိဘူး၊ ငါ သွားကြည့်လိုက်ရမလား နင် ဗီဒီယိုလေးရိုက်ထားပေးဦး"

"နင် တကယ် သွားမှာလား..."

လမ်းမကြီးမှာ စည်ကားမြဲ စည်ကားနေသည်။ အချို့က ရပ်ကြည့်ကြသော်လည်း အချို့ကမူ တစ်ချက်ကြည့်ပြီးနောက် ဖုန်းကိုသာ ငုံ့ကြည့်ကာ အလျင်အမြန်ဖြတ်သွားကြသည်။

[တောက် အဲဒီလုယက်တဲ့သူက မျက်စိမပါဘူးလား]

[ဘယ်သူရှိလဲဗျာ၊ ကူညီပေးကြပါဦး]

အဘိုးအို လဲကျသွားသည့် အခိုက်အတန့်တွင် Live ထဲမှ ကြည့်ရှုသူများ၏နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားကြသည်။

သစ်ပင်ခြေရင်းတွင် အထီးကျန်စွာ သတိမေ့နေသော အဘိုးအိုကိုကြည့်ရင်း၊ မြေကြီးပေါ်က ဖုန်များစွဲကပ်နေသော အဝတ်အစားနှင့် ပြန့်ကျဲနေသော ဗူးခွံများကိုမြင်ရသည့်အခါ သူတို့ စိတ်မကောင်း ဖြစ်ကြရသည်။

ဘဝမှာ ရှင်သန်ရသည်မှာ မလွယ်ကူလှပေ။

ထိုအချက်ကို သူတို့ နားလည်ကြသည်။ သို့သော် ရင်ထဲတွင်မူ မဖော်ပြနိုင်သော ဝမ်းနည်းမှုတစ်ခု ကိန်းအောင်းနေသည်။

[ကျွန်တော်သာ ဆိုရင်... ကျွန်တော် သွားထူရဲပါ့မလား မသိဘူး...]

[သူက လူကောင်းပါ၊ ကူညီပေးကြပါဦးဗျာ]

[ကြည့်ရတာ အရမ်းနာမှာပဲ o(╥﹏╥)o]

[ငိုချင်လာပြီ၊ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော့်အမေလည်း လမ်းမှာ ဒီလိုပဲ မူးလဲခဲ့ဖူးတယ်...]

ကြည့်ရှုသူအများအပြားမှာ မျက်ရည်ဝဲနေကာ တွေးနေကြသည်။

သူတို့သာ ထိုနေရာတွင် လဲနေရလျှင် မည်သို့ ခံစားရမလဲ သူတို့ မသိပေ။

'ထိတ်လန့်မှုလား'

' အားကိုးရာမဲ့မှုလား'

တွေးရုံနှင့်တင် သူတို့ ရင်မဆိုင်ရဲကြပေ။

အကြောင်းမှာ လူတိုင်းသည် တစ်နေ့တွင် အိုမင်းကြမည် မဟုတ်ပါလော။

[ငါ အိုသွားတဲ့အခါ ခန္ဓာကိုယ်က အားနည်းလာရင် ဒီလိုပဲ ဖြစ်မှာလား]

[အိုလာရင် တကယ်ကို အားကိုးရာမဲ့တာပဲ၊ အရင်က ကိုယ် တိုင်လုပ်နိုင်တာတွေကို သူများအားကိုးရတော့မယ်]

အမှန်စင်စစ် အဘိုးအို၏အနီးနားတွင် ရဲဝန်ထမ်းများ အမြဲ ရှိနေခဲ့သည်။

သို့သော် သူတို့သည် ကံကြမ္မာကိုဝင်ရောက်မနှောင့်ယှက်ရန် ဂရုစိုက်နေကြခြင်း ဖြစ်သည်။

လုယက်သူပြေးထွက်လာသည့် အခိုက်အတန့်တွင် ရဲဝန် ထမ်းနှစ်ဦးလုံး၏အာရုံမှာ လုယက်သူထံ ရောက်ရှိသွားသည်။

တစ်ဦးမှာ ချက်ချင်း လိုက်ဖမ်းတော့သည်။

ကျန်ရှိသော ရဲဝန်ထမ်းက ပြန်လှည့်ကြည့်သည့်အခါ အဘိုးအိုကို မတွေ့ရတော့ပေ။

ဟိုဟိုဒီဒီ ကြည့်လိုက်မှ လူအုပ်စုဝိုင်းနေသည်ကို တွေ့လိုက်ရသည်။

'သွားသင့်သလား'

'အဘိုးအို၏သေတမ်းကံကို ထိခိုက်သွားမလား'

သူ စဉ်းစားနေစဉ်မှာပင် ခြေထောက်များက ထိုနေရာသို့ အလိုအလျောက် ပြေးသွားတော့သည်။

ဤအခိုက်အတန့်တွင် သူ နားလည်သွားသည်မှာ

ကံကြမ္မာဆိုတာ ဘာလဲ...

သူ မြင်နေရပြီဖြစ်ရာ လျစ်လျူမရှုနိုင်ပေ။

သေခြင်းတရားကို မတားဆီးနိုင်လျှင်တောင် သူ အစွမ်းကုန် ကြိုးစားကြည့်ရမည်။

မျက်စိရှေ့တွင် အသက်တစ်ချောင်း ဆုံးပါးသွားသည်ကို သူ ကြည့်မနေနိုင်ပေ။

လူသားဆိုသည်မှာ သူ့ဘာသာသူ အပြောင်းအလဲလုပ်နိုင် သည် မဟုတ်ပါလော။

သူ ရောက်သွားသည့်အချိန်တွင် ကလေးငယ်တစ်ဦးမှာ အဘိုးအိုဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"အဘိုး... နေကောင်းရဲ့လားဟင်"

ဘောင်းဘီတို ဝတ်ထားသော ကလေးငယ်လေးမှာ ထိုင်ချလိုက်ကာ လက်ချောင်းလေးကို ပါးစပ်ထဲထည့်ကာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"သား ကူညီပေးရမလား အဘိုးကို ထူပေးရမလားဟင်"

"သားကို ဟိုမှာပဲ နေပါဆို"

ကလေး၏မိခင်မှာ ရောက်လာပြီး မြင်ကွင်းကို မြင်လိုက်ရသည့်အခါ မျက်နှာပျက်သွားသည်။

"ဒါက လူကြီးတွေ ကိစ္စလေ၊ ကလေးက ဘာလိုက်လုပ်နေတာလဲ" ပြောရင်းနှင့် ကလေးကို ဆွဲထူရန် ပြင်သည်။

"ဒါပေမဲ့ မေမေနဲ့ ဆရာမက ပြောဖူးတယ်လေ၊ သူတစ်ပါးကို ကူညီရမယ်၊ လူကြီးတွေကိုရိုသေရမယ်ဆိုတာ" ကလေးငယ်က ခေါင်းလေးစောင်းကာ နားမလည်သလို မေးလိုက်သည်။

"မေမေက လူကြီးပဲလေ၊ မေမေက အဘိုးကို ကူညီပေးလို့ မရဘူးလား"

"... မေမေ အရင်ဆုံး ဆေးရုံကို ဖုန်းဆက်ပေးမယ်လေ၊ ဟုတ်ပြီလား"

"ဟုတ်"

ကလေးငယ်လေးမှာ လိမ္မာစွာ ခေါင်းညိတ်ပြီးနောက် ပြန်ထိုင်လိုက်သည်။ "အဘိုး... အဆင်ပြေရဲ့လားဟင်"

ချွေ့ဟယ်မှာ အတန်ငယ်သက်သာလာပြီဖြစ်ရာ အရာအား လုံးကို ပြန်လည် မြင်တွေ့နိုင်ပြီဖြစ်သည်။

နားထဲက မြည်သံများလည်း လျော့သွားပြီ။ ကလေးငယ်၏ စကားကို ကြားသောအခါ သူ ပြုံးလိုက်ပြီး ပါးစပ်ကို အားယူကာ ဖွင့်လိုက်သည်။

"..."

"အဘိုး ဘာပြောတာလဲဟင်" ကလေးငယ်က နားကို အနားကပ်လိုက်မှ ကြားလိုက်ရသည်။

"အဘိုးက ပင်ပန်းလို့ ဒီမှာ ခဏလဲနေတာပါ၊ ဘာမှမဖြစ်ပါဘူး... ဟုတ်ပြီလား"

ချွေ့ဟယ်က လက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ ပြလိုက်သည်။

"မေမေ့စကား နားထောင်နော်၊ အဘိုး နားပြီးရင် ထတော့မှာပါ"

ကလေးငယ်က မျက်မှောင်လေးကြုတ်ကာ စဉ်းစားလိုက်ပြီး "မေမေနဲ့ ဆရာမက ပြောတယ်၊ မြေကြီးပေါ်မှာ လဲရင် ညစ် ပတ်တယ်တဲ့။"

သို့သော် လူကြီးစကားကိုလည်း နားထောင်ရမည် မဟုတ်ပါလော။

ထို့ကြောင့် မေမေဖြစ်သူဘက် လှည့်ကာ ပြောလိုက်သည်။

"မေမေ... အဘိုးက ပင်ပန်းလို့ ခဏလဲနေတာတဲ့၊ သားတို့ အဘိုးကို ရေသောက်ဖို့ ဝယ်ပေးရအောင်လေ ရာသီဥတုက အရမ်းပူတာပဲ"

"... အင်း၊ ခဏနေရင် သွားဝယ်ပေးမယ်နော်"

ကလေးငယ်၏စကားကို ကြားရသောအခါ ထိုမိခင်မှာ ရင်ထဲတွင် ရှက်စိတ် အနည်းငယ်ဖြစ်သွားမိသည်။

အကယ်၍ သူမ တစ်ယောက်တည်းဆိုလျှင် ဝေခွဲမရ ဖြစ်နေဦးမည်...

သူမ အရှေ့သို့ တိုးသွားပြီး "အဘိုး... ကျွန်မ ထူပေးရမလား" ဟု မေးလိုက်သည်။

ပတ်ဝန်းကျင်တွင် လူများစွာရှိနေပြီဖြစ်ရာ ဘာမှမဖြစ်နိုင်တော့ဟု သူမ ယူဆသည်။

အချို့ကလည်း သက်သေအဖြစ် ဗီဒီယိုရိုက်ရင်း အကူအညီ လိုမလားဟု လာမေးကြသည်။

ချွေ့ဟယ်က ပြုံးကာ ပြောလိုက်သည်။

"သမီးတို့ မလာကြပါနဲ့ဦး"

"မြေကြီးပေါ်မှာ အေးပါတယ်၊ ခဏလောက် လဲနေတာ ပိုကောင်းပါတယ်။"

သူသည် လက်ကို ဝှေ့ယမ်းကာ သူတို့ကိုငြင်းပယ်လိုက်သည်။

ထို့နောက် သူကိုယ်တိုင်ပင် ဘေးနားက သစ်ပင်ကိုအားပြုကာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

သူ၏ လက်ဖမိုးပေါ်တွင် အကြောများမှာ ထောင်ထနေကာအကြိမ်အနည်းငယ် အားစိုက်ပြီးနောက် သူသည် သစ်ပင်ကို မှီကာ ထိုင်လိုက်နိုင်သည်။

"ကြည့်ပါဦး... ဘာမှ မဖြစ်ပါဘူး မဟုတ်လား"

"ဒီအဘိုးကြီးရဲ့ခန္ဓာကိုယ် အခြေအနေကို ကိုယ့်ဘာသာ သိပါတယ်"

🫧 Chapter 96

[အား... အား... ဒီကောင်လေးက တကယ့်ကို ကောင်းကင်တ မန်တော်လေးပဲ]

[ကလေးတွေက တစ်ခါတလေ လူကြီးတွေထက် ပိုပြီးသတ္တိ ရှိကြတယ်၊ ပိုပြီးဖြောင့်မတ်ကြတယ်]

[လူကြီးတွေက ကလေးတွေကို ရိုးသားဖြောင့်မတ်ဖို့ သင်ပေးပေမဲ့၊ ကိုယ်တိုင် အတွေ့အကြုံတွေ များလာတဲ့အခါမှာတော့ 'ယုံကြည်ဖို့' ခက်ခဲသွားကြတယ်လေ]

[ကျေးဇူးတင်ပါတယ် ကလေးလေးရယ်... မင်းကူညီလိုက်တာ အဘိုးအိုတစ်ယောက်တည်းကို မဟုတ်ဘူး၊ ငါတို့ရဲ့ နှလုံးသားတွေကိုပါ ကူညီလိုက်တာပါ]

Live လွှင့်ခန်းအတွင်းရှိ ကြည့်ရှုသူများမှာ နှာခေါင်းရှုံ့ကာ မျက်ရည်ဝဲနေကြသည်။

ဤလောကတွင် ဆိုးသွမ်းသော ကလေးများရှိသကဲ့သို့၊ အလွန်ဖြူစင်သော ကလေးငယ်များလည်း ရှိနေပါသေးသည်။

ထိုကဲ့သို့သော ကလေးငယ်လေးများ ရှိနေခြင်းကပင်...

'လူသားမျိုးနွယ်ရဲ့ မျိုးဆက်သစ်လေးတွေက ချစ်ဖို့ကောင်းလိုက်တာ' ဟူ၍ ခံစားရစေသည်။

ထို့အတူပင် ဤကမ္ဘာပေါ်တွင် လူဆိုးများရှိသော်လည်း ကြင်နာတတ်သူများစွာလည်း ရှိနေပါသေးသည်။

ထိုကြင်နာတတ်သူများ ရှိနေခြင်းကပင် ကျွန်ုပ်တို့ကို ယနေ့တိုင် စေတနာစိတ် မပျောက်ပျက်အောင် ဆွဲထားနိုင်ခြင်း ဖြစ်သည်။

သင်က ကလေးတွေကို ဘာပေးကမ်းမလဲ၊ ကလေးတွေက အဲဒါကိုပဲ လက်ခံရရှိမှာပါ။

သူတို့က အလွန်ဖြူစင်တဲ့ သတ္တဝါလေးတွေ မဟုတ်ပါလော။

သူတို့သည် လူအများစု၏ မျှော်လင့်ချက်လည်း ဖြစ်သည်။

[ကျွန်တော် ထင်တာကတော့၊ အဘိုးအိုက အကုန်လုံးကို ရိပ်မိပုံပဲ၊ သူများကို ဒုက္ခမပေးချင်လို့ ဖြစ်မှာ]

[အဘိုးက ဝေဝါးနေသလို ထင်ရပေမဲ့ တကယ်တော့ အရာအားလုံးကို အရှိကိုအရှိအတိုင်း မြင်နေသူပါ ဒီလူတွေ ဘာကို ကြောက်နေကြလဲ၊ ဘာကို ဝေခွဲမရဖြစ်နေကြလဲဆိုတာ သူသိတယ်]

[ဒီကောင်းကင်တမန်တော်လေးက အဘိုးကို စိတ်သက်သာရာ ရစေခဲ့မယ်လို့ မျှော်လင့်မိပါတယ်...]

Live မြင်ကွင်းအတွင်း... ကလေးငယ်လေးသည် သစ်ပင်ကို မှီထားသော အဘိုးအိုကို ကြည့်လိုက်ပြီးနောက် ပြန့်ကျဲနေသော ဗူးခွံများကို လိုက်လံ ကောက်ပေးနေသည်။

"တစ်လုံး၊ နှစ်လုံး၊ သုံးလုံး..."

ထိုအချိန်မှာပင် ကျန်ရှိနေခဲ့သော ရဲဝန်ထမ်းသည် လူအုပ်ကြားမှ တိုးထွက်လာကာ အဘိုးအိုရှေ့သို့ ရောက်ရှိလာကာ သူသည် မောဟိုက်နေသော အသံဖြင့် မေးလိုက်သည်။

"အဘိုး... အဆင်ပြေရဲ့လား"

ပြေးရလို့ မောသည်ထက် စိုးရိမ်စိတ်ကြောင့် မောနေခြင်း ဖြစ်သည်။

လမ်းပေါ်တွင် လူများလွန်းသဖြင့် အခြားသူများကို မတိုက်မိအောင် သတိထားနေရသောကြောင့် အရှိန်မှာ နှေးသွားခဲ့ရသည်။

ချွေ့ဟယ်က သူ့ ဗိုက်ကို ပုတ်ပြရင်း "ငါ အဆင်ပြေပါတယ်၊ မလောပါနဲ့ ငါ့တူရာ" ဟု ပြန်ပြောသည်။

ရဲဝန်ထမ်းက အဘိုးအိုကို တစ်ပတ်ပတ်ကြည့်ရာ ဒဏ်ရာမတွေ့ရသဖြင့် သက်ပြင်းချနိုင်တော့သည်။

"အဘိုး... ဆေးရုံသွားပြရအောင်လေ"

"ဘာလို့ ဆေးရုံသွားမှာလဲ၊ မသွားပါဘူး၊ ငါ့ခန္ဓာကိုယ်အကြောင်း ငါသိပါတယ်"

မကြာမီမှာပင် လိုက်ဖမ်းသွားသော ရဲဝန်ထမ်းသည် လုယက်သူကို ဖမ်းဆီးကာ ပြန်ရောက်လာသည်။

၎င်းမှာ ဟူဒီအင်္ကျီ ဝတ်ထားသော လူငယ်လေးတစ်ဦးဖြစ် သည်။

မျက်ခုံးများမှာ မည်းနက်ပြီး မျက်လုံးမှာ အပေါ်သို့ တက်နေကာ မျက်နှာမှာထောင့်စောင်းကျနေသဖြင့် ဆိုးသွမ်းသော ပုံစံပေါက်နေသည်။

ရဲဝန်ထမ်းက သူ့ကို ချုပ်ကိုင်ထားရင်း "အဘိုးကို တောင်းပန်လိုက်စမ်း" ဟု အမိန့်ပေးလိုက်သည်။

ခေါင်းစွပ်ဝတ်ထားသူမှာ အဘိုးအိုကို လှည့်ပင်မကြည့်ဘဲ မြေကြီးကိုသာ ငုံ့ကြည့်ကာ နှုတ်ခမ်းစေ့ထားသည်။

ချွေ့ဟယ်ကမူ သူ့ကို သေချာကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ဘယ်က လေပြင်းတွေ ဒီလောက်တိုက်နေတာလဲလို့... တကယ်တော့ ကျန်းမာသန်စွမ်းတဲ့ လူငယ်လေးကိုး"

"ဘာမှ မဖြစ်ပါဘူး၊ ကိစ္စမရှိပါဘူး၊ လူငယ်ဆိုတာ စိတ်လိုက် မာန်ပါ ဖြစ်တတ်တာပဲလေ၊ ငါကိုယ်တိုင်လည်း အခန့်မသင့်လို့ လဲသွားတာပါ"

ချွေ့ဟယ်က ရယ်မောရင်း "ငါသာ နောက်ထပ် အသက် ၂၀ လောက် ငယ်ဦးမယ်ဆိုရင် လမ်းလျှောက်တာ လေတိုက်သလို မြန်ဦးမှာ ဟားဟား"

"ကျွန်တော်နဲ့ လိုက်ခဲ့ပါ"

ရဲဝန်ထမ်းက အဘိုးအိုက ထိုသို့ပြောသဖြင့် ဘာမှဆက်မပြောတော့ဘဲ ထိုလူငယ်ကို ခေါ်ဆောင်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

ခေါင်းစွပ်ဝတ်ထားသူမှာ အတန်ငယ် တုံ့ဆိုင်းသွားပြီး အဘိုးအိုကို တစ်ချက်ကြည့်လိုက်ကာ ပါးစပ်က တစ်ခုခုပြောရန် ပြင်သော်လည်း ဘာမှ ထွက်မလာပေ။

လက်ကို တင်းတင်းဆုပ်ကာ ရဲဝန်ထမ်းနောက်သို့ လိုက်ပါသွားတော့သည်။

အဘိုးအို ဘာမှမဖြစ်သည်ကို မြင်ရသဖြင့် ဝိုင်းကြည့်နေသူများမှာ တဖြည်းဖြည်း လူစုခွဲသွားကြသည်။

ထိုမိခင်နှင့်သား၊ နောက်ပြီး ရဲဝန်ထမ်းတစ်ဦးသာ ကျန်ရှိတော့သည်။

"တစ်ဆယ်၊ တစ်ဆယ့်တစ်..."

ကလေးငယ်လေးသည် ဗူးခွံများကို ကောက်ရင်း ဂဏန်းရေတွက်ခြင်းကို လေ့ကျင့်နေသည်။

ဗူးအားလုံးကို ဂုန်နီအိတ်ထဲ ထည့်ပြီးနောက် အိတ်ကို သစ်ပင်ခြေရင်းသို့ ဆွဲပို့ပေးလိုက်ကာ အမေဖြစ်သူကို ဆွဲ၍အအေးတစ်ဗူးသွားဝယ်ပြီး အဘိုးအိုထံသို့ သေသေချာချာ ကမ်းပေးလိုက်သည်။

"အဘိုး... ကောင်းကောင်းနားနေနော်၊ သားနဲ့ မေမေ ထမင်းသွားစားတော့မယ်"

"အေးပါ၊ အေးပါ... ကျေးဇူးတင်ပါတယ် ကလေးလေးရယ်" ချွေ့ဟယ်က ကလေးငယ်ကိုကြည့်ကာ ပြုံးလျက်ခေါင်း ညိတ်ပြလိုက်သည်။

သူ့သားနှင့် ချွေးမတို့ ဆုံးပါးသွားသည့် သတင်းကို ကြားရပြီးနောက် ဘာက သူ့ကို ပြန်လည်ရှင်သန်စေခဲ့သလဲ။

ဘာက သူ့ကို အခုလို ပြောင်းလဲစေခဲ့တာလဲ။

'ဖြစ်နိုင်သည်မှာ... ဤကလေးငယ်များ၏ ကြည်လင်သော မျက်ဝန်းများလား'

' သို့မဟုတ် ပညာသင်လိုစိတ် ပြင်းပြနေသော မျက်နှာလေးများလား'

'သို့မဟုတ် ဤကမ္ဘာကြီးအပေါ် မျှော်လင့်ချက်အပြည့်နှင့် စပ်စုလိုသော အကြည့်များက သူ့ကို စိတ်လှုပ်ရှားစေခဲ့တာလား'

သူတို့က ဤကမ္ဘာကြီးကို သေသေချာချာ မမြင်ရသေးပေ။

အကယ်၍ သူ့မြေးလေးသာ အသက်ရှင်နေဦးမည်ဆိုလျှင် ယခုအချိန်တွင် ကျောင်းတက်ရမည့် အရွယ်ရောက်နေလောက်ပြီ...

...

မကြာမီ ၁၂၀ လူနာတင်ကား ရောက်ရှိလာသော်လည်း ချွေ့ဟယ်က လက်ယမ်းကာ ငြင်းဆိုလိုက်သည်။

သူ ပြောနေကျစကားအတိုင်းပင် "ငါ့ခန္ဓာကိုယ်အကြောင်း ငါသိပါတယ်" ဟူ၍ပင်ပြောလိုက်၏။

ရဲဝန်ထမ်းမှာ မတတ်သာတော့သဖြင့် အဘိုးအိုကို အိမ်ပြန်ပို့ပေးရန် ကမ်းလှမ်းလိုက်သည်။

ထိုအခါ ချွေ့ဟယ်က ပြုံးလိုက်ပြီး ရဲဝန်ထမ်း၏ဇွဲကို မြင်သဖြင့် မငြင်းတော့ပေ။

ဤရဲဝန်ထမ်းမှာ အသက် ၂၀ ကျော် ၃၀ အရွယ်သာ ရှိဦးမည်။

မျက်နှာမှာ နုပျိုနေပြီး မုတ်ဆိတ်မွေး စိမ်းစိမ်းလေးများ ရှိနေ၏။

သူသည် လက်တစ်ဖက်က အဘိုးအို၏ ဂုန်နီအိတ်ကို ကိုင်ကာ ကျန်လက်တစ်ဖက်က အဘိုးအိုကို တွဲထားပေးကာ နှစ်ဦးသား ဖြည်းဖြည်းချင်း ချွေးဟယ်၏အိမ်ဆီသို့ လျှောက်လှမ်းလာခဲ့ကြသည်။

သူတို့သည် စည်ကားသော လမ်းမကြီးနှင့် တဖြည်းဖြည်း ဝေးကွာလာခဲ့ကာ ပတ်ဝန်းကျင်ရှိ မီးရောင်များမှာ မှိန်ဖျော့လာပြီး အဆောက်အအုံများမှာလည်း ဆေးသားများ ကွာကျနေသည်ကို ရှင်းလင်းစွာ မြင်နေရသည်။

"အဘိုး... ဘာလို့ ဒီလောက်တောင် စိတ်ရှည်ရတာလဲ" လူငယ်ရဲဝန်ထမ်းက မနေနိုင်ဘဲ မေးလိုက်သည်။

အဘိုးအိုက အနည်းငယ် ဇွတ်တရွတ်နိုင်သော်လည်း သူ့ကို ပေးစွမ်းသည့် ခံစားချက်မှာ အလွန်ကောင်းမွန်လှသည်။

တိုက်မိသည့်အချိန်မှာရော၊ ပတ်ဝန်းကျင်က လူတွေ ဝေခွဲမရ ဖြစ်နေချိန်မှာရော သူက အလွန် စိတ်အေးအေးထားနိုင်သည်။

"မကောင်းပါဘူးကွယ်... တကယ်တော့ ငါလည်း ဒေါသထွက်တယ်၊ လောတယ်..."

ချွေ့ဟယ်က ပြုံးလိုက်ရင်း "ဒါပေမဲ့ မင်းတို့လို ကလေးတွေကို ကြည့်လိုက်ရင် ငါ့ထက်တောင် ပိုပြီးလောနေကြတယ်၊ ပိုပြီး လမ်းပျောက်နေကြသလိုပဲ"

"လမ်းဘေးက လူတွေမှာ စိတ်မချမ်းသာလို့ အလျင်အမြန် ဖြတ်သွားသူတွေ ရှိသလို၊ စိုးရိမ်စိတ်ကြောင့် တုံ့ဆိုင်းနေသူတွေလည်း ရှိကြတယ်"

" လူတိုင်းရဲ့ ပုခုံးပေါ်မှာ တောင်ကြီးတစ်လုံးစီ ရှိနေကြပြီး ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာပါ"

"ခုနက ခေါင်းစွပ်ဝတ်ထားတဲ့ လူငယ်လေးတောင်မှ ငိုချင်နေတာတောင် ဇွတ်တရွတ်နိုင်တဲ့ ပုံစံမျိုး လုပ်နေရှာတာ"

"အိမ်တိုင်းမှာ ဖတ်ရခက်တဲ့ စာအုပ်တစ်အုပ်စီ ရှိကြတာပဲလေ၊ တကယ်လို့ မတတ်သာလို့သာ မဟုတ်ရင် ဘယ်သူက လူတကာ ချီးကျူးခံရတဲ့သူ မဖြစ်ချင်ဘဲ နေမှာလဲ"

လူငယ်ရဲဝန်ထမ်းသည် လမ်းကိုကြည့်ရင်း အဘိုးအိုကို တစ်ချက် လှည့်ကြည့်လိုက်မိသည်။

"အိမ်မှာ လူကြီးတစ်ယောက်ရှိတာ ရတနာတစ်ခုရှိတာနဲ့ တူတယ်" ဆိုသည့်စကားမှာ မမှားပေ။

နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့သော ဤလူကြီးများ၏ အတွေ့အကြုံနှင့် အမြင်မှာ သာမန်လူတွေထက် အများကြီး ပိုမိုနက်ရှိုင်းလှသည်။

"အဘိုးက တကယ်ကို အရာရာကို နားလည်တာပဲ"

ထိုစကားကို ကြားသောအခါ ချွေ့ဟယ်က ခေါင်းခါလိုက်သည်။

အကယ်၍ သူသာ တစ်ကိုယ်တည်း မဟုတ်ခဲ့လျှင် ဤကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သူ့သားသမီးတွေသာ ရှိနေဦးမည်ဆိုလျှင် သူ့မှာလည်း စိုးရိမ်စရာတွေ ရှိနေဦးမှာပါ။

အချို့သော ကိစ္စတွေကြောင့် သူကိုယ်တိုင်လည်း အရင်က လုံးဝမလုပ်ခဲ့ဖူးတဲ့ အရာတွေကို လုပ်မိကောင်း လုပ်မိနိုင်ပါတယ်။

"လူဆိုတာ... မရိုးရှင်းသလို၊ မရှုပ်ထွေးလှပါဘူး"

ချွေ့ဟယ်က သက်ပြင်းချလျှက်ပြောလိုက်၏။

"..."

လူငယ်ရဲဝန်ထမ်းက ထိုစကားကို ပြန်လည် စဉ်းစားနေသော် လည်း နားလည်သလိုလိုနှင့် ရှိနေသည်။

အဘိုးအို၏အိမ်မှာ လမ်းကြားလေးတစ်ခုအတွင်း ရှိနေကာလမ်းတွင် အလင်းရောင် မှိန်နေသဖြင့် ချွေ့ဟယ်က အိတ်ထဲမှ ဓာတ်မီးကို ထုတ်ကာ မြေကြီးကိုထိုးပြလိုက်သည်။

သူတို့သည် ကျောက်ပြားလမ်းကို ဖြတ်ကျော်ကာ လမ်းကွေ့များစွာကို ကျော်ဖြတ်ပြီးနောက် လျှိုမြောင်လေးတစ်ခုအတွင်းရှိ အိမ်လေးဆီသို့ရောက်ရှိလာခဲ့သည်။

ခြံဝင်းအတွင်း၌ မြေကြီးအချို့ရှိပြီး ဟင်းသီးဟင်းရွက် ပျိုးပင်အချို့ စိုက်ထားသည်။

လူငယ်ရဲဝန်ထမ်းသည် လေတိုးလျှင်ပင်လွင့်သွားနိုင်လောက် သည့် အိမ်အိုလေးကိုကြည့်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။

အဘိုးအို တံခါးဖွင့်ပြီးနောက် သူသည် ဂုန်နီအိတ်ကို မြေကြီးပေါ် ချလိုက်ပြီး အဘိုးအိုကို ခုတင်ပေါ်တွင် ထိုင်နိုင်အောင် တွဲပေးလိုက်သည်။

အိမ်လေးမှာ အလွန် ရိုးရှင်းပြီး အခြေခံပရိဘောဂအချို့သာ ရှိသည်။

ကြမ်းပြင်ပေါ်တွင်လည်း မြေခဲများ ရှိနေသည်။

အိမ်ထောင့်တစ်နေရာတွင် ဗူးခွံအလွတ်များနှင့် စက္ကူထူများစွာ စုပုံထားသည်။

သူသည် တံခါးဝရှိ ဂုန်နီအိတ်ကို ထိုနေရာသို့ သယ်သွားပေးပြီး တံမြက်စည်းဖြင့် ကြမ်းပြင်ကို လှည်းပေးလိုက်သည်။

ထိုအခါသူသည် အဘိုးအိုအတွက် တစ်ခုခု ချက်ပြုတ်ပေးရမလားဟု မေးရန်ပြင်လိုက်သည်။

ထို့နောက်အဘိုးအိုကို ကြည့်ရင်း သူသည် သူ့အိမ်က လူကြီးများကို သတိရမိသွားသည်။

သူတို့နှင့် အတူရှိရန် အချိန်မပေးနိုင်သဖြင့် သူ့ဘေးနားက လူကြီးများကို ပိုကောင်းကောင်းဆက်ဆံချင်နေခြင်းဖြစ် သည်။

လူငယ်ရဲဝန်ထမ်း လှည့်ကြည့်လိုက်သည့်အခါ အဘိုးအိုသည် ခုတင်ဘေးက စားပွဲပေါ်တွင် မှီကာ ငြိမ်သက်စွာအိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။

နေခင်းဘက် တစ်နေကုန် ပင်ပန်းထားသဖြင့် အဘိုးအို၏ အင်အားနှင့်ဆိုလျှင် ပင်ပန်းနေလောက်ပြီ ဖြစ်သည်။

သူသည် သူငယ်ချင်းတစ်ဦးကို ဟင်းသီးဟင်းရွက်အချို့ ယူလာခိုင်းပြီး သူ ချက်ပြုတ်ပြီးမှ အဘိုးအိုကို နှိုး၍ ကျွေးမည်ဟု စဉ်းစားလိုက်သည်။

တစ်ခါတည်း အများကြီး ချက်ထားလျှင် နောက်ပိုင်းတွင် ပြန်နွှေးစားရန် အဆင်ပြေလိမ့်မည်။

ခေတ္တမျှကြာပြီး‌နောက် သူသည် အပြင်သို့ ဖြည်းဖြည်းချင်း ထွက်လာပြီး သူငယ်ချင်းဖြစ်သူထံ ဖုန်းဆက်လိုက်သည်။

"ဟေ့... ဟေးကျီ၊ ငါ အခု အဘိုးအိုအိမ်မှာ၊ မင်းတို့ လာတဲ့အခါ အသားနဲ့ ဟင်းသီးဟင်းရွက်အချို့ ဝယ်လာခဲ့ပေးဦး..."

"ဆန်တစ်အိတ်နဲ့ ဆီတစ်ပုံးပါ ဝယ်ခဲ့လိုက်၊ ငါ့အကောင့်ထဲကပဲ နှုတ်လိုက်ပါ"

ခုနက သူ မီးဖိုချောင်ကို ကြည့်လိုက်သည့်အခါ ဆန်နှင့် ဆီများ ကုန်လုနီးပါး ဖြစ်နေသည်ကို မြင်ခဲ့ရသည်။

"..."

ဖုန်းထဲတွင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံမှာ အနည်းငယ် တုန်ယင်နေလျက်...

"ချင်းကျီ... အဘိုးအို... ခုနလေးတင် ဆုံးသွားပြီ"ဟုပြောလိုက်၏။

ချင်းကျီဆိုသည်မှာ ထိုလူငယ်ရဲဝန်ထမ်း၏အမည်ပြောင် ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ တံခါးဝတွင် ရပ်နေသောချင်းကျီမှာ မှင်တက်သွားပြီး အိမ်ထဲသို့ အမြန်ပြေးဝင်သွားသည်။

ထို့နောက် ထိုနေရာတွင် မှီလျက်အိပ်ပျော်နေသော အဘိုးအိုကိုငေးကြည့်နေမိသည်။

အဘိုးအို ငြိမ်သက်စွာ မှီနေသည်မှာ အိပ်ပျော်နေသည့်အတိုင်းပင်ရှိနေတော့သည်…

All Chapters