အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
🫧 Chapter 97
Live လွှင့်ခန်းအတွင်းရှိ မြင်ကွင်းမှာ အဘိုးအို၏ ရုပ်အလောင်းမှာ စားပွဲပေါ်တွင် မှီလျက် ကျန်ရှိနေဆဲဖြစ်သည်။
သို့သော် သူ၏ ဝိညာဉ်မှာမူ ရုပ်အလောင်းအတွင်းမှဖြည်း ဖြည်းချင်း လွင့်ထွက်လာပြီး လေထုထဲတွင် ရပ်တန့်နေ သည်။
ချွေ့ဟယ်သည် သူ၏တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာနေသော လက်များကို ကြည့်လိုက်ပြီးနောက် အခန်းငယ်လေးအတွင်း မှီနေဆဲဖြစ်သော 'မိမိကိုယ်ကိုယ်' ကို ပြန်ကြည့်လိုက်သည်။
သူ့ မျက်နှာတွင် အနည်းငယ် မှင်တက်သွားသော်လည်း များမကြာမီမှာပင် စိတ်အေးလက်အေး ဖြစ်သွားသည့် ပုံစံမျိုး ပိုပေါ်လွင်လာသည်။
ရုတ်တရက် တံခါးပွင့်လာကာ လူငယ်ရဲဝန်ထမ်း ပြေးဝင်လာပြီး ထိုနေရာတွင် မှင်တက်ကာ ရပ်နေတော့သည်။
အရာအားလုံးက ဘာကြောင့် ဒီလို ဖြစ်သွားရသလဲဆိုသည်ကို သူ နားမလည်နိုင်သကဲ့သို့ပင်။
"လိမ္မာတဲ့ ကလေးလေး... ဝမ်းမနည်းပါနဲ့"
ချွေ့ဟယ်၏မျက်နှာတွင် နွေးထွေးသော အပြုံးတစ်ခုရှိနေ သည်။
လူဆိုသည်မှာ တစ်နေ့ သေကြရမည်သာ။
အသက်ရှင်စဉ်မှာ သူ လုပ်ချင်တာတွေကို လုပ်ခဲ့ပြီးပြီ။
နောင်တအချို့ ကျန်ရှိနေနိုင်သော်လည်း ရှင်သန်ခြင်းဆိုသည်မှာ ဤသို့ပင် မဟုတ်ပါလော။
သူသည် အခန်းထောင့်ရှိ ရောင်းရန် အချိန်မရလိုက်သော ဗူးခွံအလွတ်များနှင့် စက္ကူထူများကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်သည်။
ကျန်ရှိသော ကိစ္စရပ်များကိုတော့ အသက်ရှင်ကျန်ရစ်သူများသာ ဆက်လက် လုပ်ဆောင်ကြပါစေတော့။
"သွားကြရအောင်" ကျန်းလင်သည် အဘိုးအို၏စိတ်အေးသွားမှုကို ရိပ်မိသဖြင့် လက်ဝှေ့ယမ်းကာ မရဏလမ်း ကြောင်းကို ဖွင့်လိုက်သည်။
"..."
ချွေ့ဟယ် ခေါင်းညိတ်လိုက်ပြီး မည်သို့မျှ တုံ့ဆိုင်းမနေတော့ပေ။
ပုံရိပ်နှစ်ခုသည် တစ်ဦးနောက်တစ်ဦး လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
နောက်ဆုံးတွင် မရဏလမ်းကြောင်းကြီးလည်း ပျောက်ကွယ်သွားခဲ့သည်။
[အဘိုး... ကောင်းရာမွန်ရာ ရောက်ပါစေ]
[နောင်ဘဝမှာ ဘယ်တော့မှ ဝမ်းနည်းစရာတွေ မကြုံပါစေနဲ့]
Live ကြည့်ရှုသူများသည် တစ်ရှူးများကို ဆွဲယူကာ မျက်ရည်သုတ်နေကြသည်။
ဤ Live လွှင့်ခန်းမှာ အမြဲတမ်း စိတ်မကောင်းဖြစ်စရာတွေချည်းပင်။
အချို့က အဘိုးအို၏နောက်ဆုံး စိတ်အေးလက်အေး ဖြစ်သွားသော မျက်နှာပေးကို ပြန်လည် စဉ်းစားရင်း သံသယဖြစ်လာကြသည်။
[ဘာလို့ ငါက အဘိုးအိုက သူ့ခန္ဓာကိုယ် အခြေအနေကို သိနေလို့ ဆေးရုံမသွားဘဲ ဇွတ်ငြင်းနေတာလို့ ခံစားနေရတာလဲ]
[အဲဒါ မဖြစ်နိုင်ပါဘူး၊ သူသာသိရင် ဆေးရုံကို အမြန်သွားမှာပေါ့]
[အဘိုးအို ပြောခဲ့တဲ့ စကားတွေကို မှတ်မိကြသေးလား]
အဘိုးအိုပြောခဲ့သည်မှာ သူသည် သင်္ချိုင်းထဲသို့ ခြေတစ်ဖက် ရောက်နေပြီဖြစ်ကြောင်း၊ ထိုကလေးများသာ ပိုက်ဆံလိုအပ်နေသည့် အချိန်ဖြစ်ကြောင်း ပြောခဲ့သည်။
သူက သူ့ခန္ဓာကိုယ်အကြောင်း သူသိသည်ဟု ဆိုခဲ့သည်။
'အိမ်တိုင်းမှာ ဖတ်ရခက်တဲ့ စာအုပ်တစ်အုပ်စီ ရှိကြတာပဲ၊ မတတ်သာလို့သာ မဟုတ်ရင် ဘယ်သူက လူတကာ ချီးကျူးခံရတဲ့သူ မဖြစ်ချင်ဘဲ နေမှာလဲ' လို့လည်း သူ ပြောခဲ့သေးသည်။
[ကျွန်တော် ခန့်မှန်းတာကတော့၊ အဘိုးအိုက အဲဒီ ခေါင်းစွပ်ဝတ်ထားတဲ့ လူငယ်လေးကို အပြစ်မတင်စေချင်လို့ ဖြစ်မှာပဲ...]
[မဖြစ်နိုင်တာ...]
ကြည့်ရှုသူများမှာ မယုံကြည်နိုင်ကြသော်လည်း အဘိုးအို ပြောခဲ့သော စကားများကို ပြန်လည်ဆင်ခြင်ကြည့်သည့်အခါ ထိုအတိုင်းပင်ဖြစ်နေသည်။
ထိုအချိန်က လုယက်သွားသော လူငယ်ကို ရင်ဆိုင်စဉ်မှာပင် အဘိုးအိုက ရယ်ရယ်မောမောနှင့် နောက်ပြောင်ခဲ့သည်။
ထို့နောက်တွင်လည်း ဆေးရုံသွားရန် အပြင်းအထန် ငြင်းဆန်ခဲ့သည်။
ယခု အဘိုးအို ကွယ်လွန်သွားပြီးနောက် သူ့ ဝိညာဉ်အမူအရာကို ပြန်လည် ချိတ်ဆက်ကြည့်သည့်အခါ ကြည့်ရှုသူများမှာ မှင်တက်သွားကြသည်။
အဘိုးအိုသည် စိတ်ထားကောင်းရုံသက်သက် မဟုတ်ဘဲ အရာအားလုံးကို အရှိကိုအရှိအတိုင်း အကုန်မြင်နေသူဖြစ် သည်။
သူသည် ဖြတ်သွားဖြတ်လာ လူများ၏ အားကိုးရာမဲ့မှုကို မြင်သည်။
တုံ့ဆိုင်းနေသူများ၏ စိုးရိမ်မှုကို မြင်သည်။
ပိုအရေးကြီးသည်မှာ ထိုလုယက်ခဲ့သော လူငယ်လေး၏ လမ်းပျောက်နေမှုကိုလည်း သူ မြင်ခဲ့ခြင်းဖြစ်သည်။
အရင်က ပိုက်ဆံတွေ အားလုံးကိုလှူပြီး ကိုယ်တိုင်က မုန့်ခြောက်ပဲ စားခဲ့သလိုမျိုးပင်။
သူက သူကိုယ်တိုင် မြေကြီးထဲဝင်ခါနီးပြီဟု သတ်မှတ်ထားပြီး ဤကလေးများမှာမူ လျှောက်လှမ်းရမည့် လမ်းရှည်ကြီး ကျန်သေးသည်ဟု တွေးခဲ့ခြင်းဖြစ်သည်။
ခဏတာ စိတ်လိုက်မာန်ပါ ဖြစ်မှုက လူတိုင်းတွင်ရှိနိုင်သည်။
သို့သော် သူ၏ကြောင့် ထိုလူငယ်လေး၏နောက်ဘဝ တစ် လျှောက်လုံးတွင် ဖျက်မရသော အမာရွတ်များကျန်ရှိမသွားစေရန် သူ အလိုမရှိခဲ့ပေ။
အဘိုးအိုမှာ မဝေခွဲနိုင်သူ မဟုတ်ပေ။
သူသည် အရာရာကို အလွန်အမင်း နားလည်လွန်းနေသူသာ ဖြစ်သည်။
ဖြစ်နိုင်သည်မှာ သူ့အမြင်တွင် ယခုရှိနေသော လူလတ်ပိုင်းများ၊ လူငယ်များနှင့် ကလေးငယ်များမှာ... အားလုံးသည် 'ကလေးများ' သာ ဖြစ်နေ၍ ဖြစ်လိမ့်မည်။
လူတစ်ဦးသည် ပိုမြင့်မားသော နေရာတွင် ရပ်ကြည့်နိုင်သည့်အခါ၊ ပိုဝေးကွာသော နေရာကိုမြင်နိုင်သည့်အခါ သူတွေး တောသည့် အရာနှင့်လုပ်ဆောင်ချက်များမှာ လူအများစုအတွက် သံသယဖြစ်ဖွယ် ဖြစ်နေတတ်သည်။
အကြောင်းမှာ သူတို့ နားမလည်နိုင်သောကြောင့် ဖြစ်သည်။
[ဟုတ်တယ်၊ ဖြစ်နိုင်ရင် ဘယ်သူက လူတိုင်း ချစ်တဲ့သူ မဖြစ်ချင်ဘဲ နေမှာလဲ]
[တကယ်တော့ ကျွန်တော်လည်း ငယ်ငယ်က အမှားတွေလုပ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ အဲဒီအချိန်မှာ... ဒီလို နွေးထွေးတဲ့သူမျိုးနဲ့ မဆုံခဲ့ဖူးဘူး]
အဘိုးအို၏လုပ်ရပ်များကို ခွဲခြမ်းစိတ်ဖြာပြီးနောက် သူ့ အတွေးအမြင်ကို နားလည်သွားသည့်အခါ ကြည့်ရှုသူများမှာ နွေးထွေးမှုကိုသာ ခံစားရတော့သည်။
အဘိုးအို၏လုပ်ရပ်မှာ ဘေးလူအမြင်တွင် အူကြောင်ကြောင်နိုင်သည်ဟု ထင်ရသော်လည်း ကာယကံရှင်အတွက်မူ အလွန်ပင် နွေးထွေးစေခဲ့မည်မှာ အမှန်ပင်။
[ကျွန်တော်လည်း တစ်ချိန်က လူကောင်းလုပ်ချင်ခဲ့ပါတယ်၊ ဒါပေမဲ့ ဘယ်သူမှ ကျွန်တော့်ကို အခွင့်အရေးမပေးခဲ့ဘူး]
ထိုအချိန်မှာပင် Live လွှင့်ခန်းအတွင်း ရုတ်တရက် မှတ်ချက် တစ်ခု ပေါ်လာသည်။
အစပိုင်းတွင် လူတိုင်းသတိမထားမိကြသော်လည်း မကြာမီမှာပင် အခြားသူများမှာ စာရိုက်ခြင်းကို ရပ်တန့်လိုက်ကြသည်။
[ကျွန်တော် လုယက်ဖူးတယ်၊ လူသတ်ဖူးတယ်၊ အခုလည်း အဲဒီလူတွေအတွက် လူဆိုးအလုပ်တွေ လုပ်ပေးနေတုန်းပဲ]
[သူတို့က လူတွေ အများကြီးကို ဒုက္ခပေးခဲ့တယ်၊ ကျွန်တော်လည်း လူတွေအများကြီးကို ဒုက္ခပေးခဲ့တယ်]
[လာဖမ်းကြပါ၊ ကျွန်တော် ဒီမှာ ခင်ဗျားတို့ကိုစောင့်နေမယ်]
[... ခင်ဗျားတို့မှာ လူကောင်းလုပ်ဖို့ အခွင့်အရေးရှိနေသေးရင်၊ ငရဲဘက်ကို ပြန်လှည့်မကြည့်ပါနဲ့တော့]
ဤစာကို ရေးပြီးနောက် အမည်ပြောင် 'နက်ရှိုင်းသော ချောက်ကမ်းပါး' ဟူသော ကြည့်ရှုသူမှာ တိတ်ဆိတ်သွားတော့သည်။
သို့သော် ကျန်ရှိသော ကြည့်ရှုသူများမှာမူ တုန်လှုပ်သွားကြသည်။
[ဘာကြီးလဲ ဘာတွေ ဖြစ်ကုန်တာလဲ]
[ရာဇဝတ်ကောင်က ကိုယ့်ကိုကိုယ်ဝန်ခံနေတာလား ဒါမှမဟုတ် အာရုံစိုက်ခံချင်လို့ လျှောက်ပြောနေတာလား]
[ရဲတပ်ဖွဲ့: ငရဲက ပြန်လှည့်လာရင် ကမ်းခြေမရှိတော့ဘူး၊ ဒါပေမဲ့ မင်းသာ ပြန်လှည့်လာမယ်ဆိုရင် ငါတို့ အမြဲရှိနေမှာပါ]
[ရဲတပ်ဖွဲ့: ငါတို့ မင်းကို ရှာတွေ့အောင် ရှာမှာပါ]
ဖုန်းမျက်နှာပြင်ပေါ်က မြင်ကွင်းများကိုကြည့်ရင်း ကြည့်ရှုသူများမှာ ရင်ခုန်စိတ်လှုပ်ရှားလာကြသည်။
တစ်ယောက်ချင်းစီမှာ မတ်မတ်ထိုင်ကာ မျက်လုံးအပြူးသားနှင့် ကြည့်နေကြတော့သည်။
' ဒါက ဘယ်လို တိုးတက်မှုမျိုးလဲ'
Live ကြည့်ရင်းနှင့် စုံထောက်ဇာတ်လမ်း ကြည့်နေရသလိုမျိုးလား
'ထိုလူက တကယ်ပဲ လူဆိုးလား'
'ဒါဆို သူက ဘာလို့ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်တာလဲ'
' တကယ်ပဲ လူတွေကို ဒုက္ခပေးခဲ့တယ်ဆိုရင် သူ အခု ဘယ်မှာ ပုန်းနေတာလဲ'
'သူ ဘယ်လို သဲလွန်စတွေ ချန်ထားခဲ့မလဲ'
နည်းပညာကျွမ်းကျင်သူ အချို့မှာမူ ကြည့်ရင်းနှင့် လက်ယားလာကြသည်။
Keyboard ကို နှိပ်ချင်စိတ်များ တားမရ ဆီးမရ ဖြစ်လာသည်။
' တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် လိုက်လံ စုံစမ်းထောက် လှမ်းကြမလား'
'ရှေးဘိုးဘေးတွေကို စုံစမ်းတာဖြစ်စေ၊ မုန့်ပို အတွက် လူရှာပေးတာဖြစ်စေ' ဤ Live လွှင့်ခန်းထဲတွင် နည်းပညာရှင်များမှာ ဘယ်တော့မှ မရှားပါပေ။
ရှန်းရွှေမြို့၊ ရန်ကျောင်မြို့နယ်...
ဤနေရာမှာ စည်ကားသော နေရာတစ်ခု မဟုတ်ပေ။
လမ်းဘေးဝဲယာရှိ ဆိုင်ခန်းများမှာ နှစ်ပေါင်းများစွာ ဖွင့်လှစ်ထားပုံရပြီး ဆေးသားများကွာကျကာ ဟောင်းနွမ်းနေသည်။
လမ်းပေါ်က လူများသည်လည်း အစားအသောက် အိတ်ခွံများကို မြေကြီးပေါ်သို့ လွယ်လင့်တကူ ပစ်ချတတ်ကြသည်။
စိတ်ကြည်လျှင်တော့ ခြေလှမ်းအနည်းငယ် ပိုလျှောက်ကာ အမှိုက်ပုံးထဲ ထည့်ကောင်းထည့်ကြလိမ့်မည်။
ဆံပင်ညှပ်ဆိုင်အတွင်း ဆံပင်ညှပ်ဆရာသည် ဧည့်သည်နှင့် စကားစမြည်ပြောရင်း အလုပ်ရှုပ်နေသည်။
မာကျောက်ဝိုင်းမှ ဆူညံသံများမှာလည်း ရပ်တန့်ခြင်း မရှိပေ။
လမ်းဘေးတွင် အမျိုးသားတစ်ဦးသည် လှေကားထစ်ပေါ်တွင် ထိုင်နေပြီး လက်တစ်ဖက်က စီးကရက်ကိုကိုင်ကာ ဖုန်းကို မျက်မှောင်ကြုတ်၍ ကြည့်နေသည်။
ခဏအကြာတွင် သူသည် မျက်နှာကို လက်ဖြင့်သုတ်ကာ ထရပ်လိုက်သည်။
ထို့နောက်စီးကရက်ကို ငြှိမ်းသတ်လိုက်ပြီး အခြားတစ်ဖက်သို့ လျှောက်သွားတော့သည်။
ပိတ်ထားသော ဆိုင်ခန်းတစ်ခုကို ဖြတ်သွားစဉ်တွင် သူသည် ဖုန်းကို ထိုနေရာတွင် ထားခဲ့ကာ ဆက်လက်လျှောက်လှမ်းသွားသည်။
ဤနေရာတွင် လူနည်းပါးပြီး လူတိုင်းမှာ ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြသဖြင့် သူ့ လုပ်ရပ်ကို မည်သူမျှ သတိမထားမိကြပေ။
ယခုတစ်ခေါက် အပြင်ထွက်လာခြင်းမှာ ပစ္စည်းအချို့ ဝယ်ရန်နှင့် အခြေအနေကို လေ့လာရန်သာဖြစ်သည်။
Live လွှင့်ခန်းအတွင်း စာပို့လိုက်ခြင်းမှာလည်း ခဏတာ စိတ်ကူးပေါက်၍ လုပ်ဆောင်လိုက်ခြင်းသာ။
'မရဏလောကမှ အံ့ဖွယ်နေ့ရက်များ' Live လွှင့်ခန်းအကြောင်း သူ အနည်းငယ်ကြားဖူးသည်။
အကယ်၍ ငရဲဆိုတာ ရှိရင်တော့... သူသည် ထိုနေ့ရောက် လာမည့်အချိန်ကိုသာ စောင့်မျှော်နေပါတော့မည်။
အဘိုးအို ပြောခဲ့သလိုမျိုးပင်။
'အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် ဘယ်သူက လူကောင်းမဖြစ်ချင်ဘဲ နေမှာလဲ'
သို့သော် သိသာထင်ရှားသည်မှာ ဤလောကတွင် လူဆိုးများမှာ နေရာအနှံ့ ရှိနေခြင်းပင်။
သူ နွေးထွေးမှု လိုအပ်နေချိန်တွင်၊ သူ လူကောင်းလုပ်ချင်နေသေးသည့် အချိန်တွင် မည်သူမျှ သူ့ကို အခွင့်အရေး မပေးခဲ့ကြပေ။
မည်သူမျှ သူ့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ကြပေ။
အမှောင်ထုကို သူ မတွန်းလှန်နိုင်သည့်အခါ ချောက်ကမ်းပါးအတွင်းသို့သာ သူ လျှောက်ဝင်သွားခဲ့သည်။
'အကယ်၍... အကယ်၍ သူ ငယ်စဉ်ကသာ ထိုအဘိုးအိုကဲ့သို့သော လူမျိုးနှင့် တွေ့ဆုံခဲ့မည်ဆိုလျှင် အရာအားလုံးက ပြောင်းလဲသွားနိုင်မလား'
'ထိုလူတွေက သူ့ကို ရှာတွေ့ကြမလား'
'ငရဲက အချိန်မတိုင်ခင် ရောက်လာဦးမှာလား'
ထိုအမျိုးသားသည် တွေးတောကာ ရှေ့သို့ဆက်လက် လျှောက်လှမ်းသွားပြီး လမ်းထောင့်တွင်ကွေ့ကာ မှောင်မည်းနေသော လမ်းကြားလေးအတွင်းသို့ ဝင်ရောက်သွားတော့ သည်။
🫧 Chapter 98
Live လွှင့်ခန်းအတွင်း ကြည့်ရှုသူများ အပြင်းအထန်ဆွေး နွေးငြင်းခုံပြီး ခန့်မှန်းနေကြစဉ်မှာပင် ရဲတပ်ဖွဲ့ဘက်မှ ချက်ချင်း စုံစမ်းစစ်ဆေးမှုများ စတင်လိုက်ပြီဖြစ်သည်။
သူတို့၏အလိုလိုသိစိတ်က ဤကိစ္စသည် မရိုးရှင်းနိုင်ကြောင်း ပြောနေသည်။
တစ်ချိန်တည်းမှာပင် Live ကြည့်နေသော ပရိသတ်အချို့သည်လည်း လှုပ်ရှားလာကြ၏။
အထူးသဖြင့် ပိုက်ဆံချမ်းသာသူများ ဖြစ်သည်။
နိုင်ငံ့အသည်းကျော်လေး လင်းရော့ယီသည်လည်း ခုတင်ပေါ်တွင် ထိုင်လိုက်ပြီး သူမ၏ စုဗူးလေးကို မည်သို့ အသုံးချရမည်နည်းဟု စတင်စီမံကိန်းဆွဲတော့သည်။
သူမ မိသားစုသည် အမြဲတမ်း အလှူအတန်း လုပ်လေ့ရှိပြီး သူမကိုယ်တိုင်လည်း ကုမ္ပဏီအမည်ဖြင့် လှူဒါန်းဖူးသည်။
သို့သော် ယခုအခါတွင်မူ သူမ လုပ်ဆောင်နေသည်မှာ နည်းပါးလွန်းနေသေးသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
အမှန်အတိုင်းပြောရလျှင် သူမသည် ဤအဘိုးအိုကို အလွန်လေးစားမိ၏။
သူမကိုယ်တိုင်လည်း အသက်သိပ်မရှည်နိုင်တော့ကြောင်း သိထားသူဖြစ်သော်လည်း အဘိုးအိုကဲ့သို့ ဤမျှအထိ စိတ် ဓာတ်မွေးနိုင်မည် မဟုတ်ကြောင်းဝန်ခံရမည်။
'သူမ အတွေ့အကြုံ နည်းသေး၍လား'
'သို့မဟုတ် အခြားအကြောင်းရင်းများကြောင့်လား'
လင်းရော့ယီတွေးတောကာ ပြန်လည်ဆင်ခြင်နေမိသည်။
မည်သို့ပင်ဖြစ်စေ၊ ဤအချိန်မှစ၍ ဆင်းရဲနွမ်းပါးပြီး ကျောင်းမတက်နိုင်သော ကလေးငယ်များကို ပိုမိုအာရုံစိုက်ရန် သူမ ဆုံးဖြတ်လိုက်သည်။
သူမသည် ကျန်းမာရေးအခြေအနေကြောင့် အသက်တိုနိုင်သော်လည်း အနည်းဆုံးတော့ သူမ လုပ်ချင်ရာကို လုပ်နိုင်ရန် ပိုက်ဆံရှိသေးသည်။
ထိုကလေးငယ်များမှာမူ ကမ္ဘာကြီးကို မြင်တွေ့နိုင်ရန် အခွင့် အရေးတစ်ခုသာ လိုအပ်နေခြင်းဖြစ်သည်။
...
အခြားတစ်ဖက်တွင်၊ ဥရောပစတိုင် ဗီလာကြီးတစ်ခုအတွင်း...
ကျန်းချန်သည် ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်နေပြီး ရှေ့တွင် ဖုန်းတစ်လုံးနှင့် ရှေးဟောင်းကြေးပြားအချို့ကို ချထားသည်။
ထို့နောက် သူက မေးစေ့ကို လက်ဖြင့်ထောက်ကာ ရေရွတ်လိုက်သည်။
"ငါပြောသားပဲ... ဘာလို့ ဒီရက်ပိုင်း မျက်ခုံးတွေလှုပ်နေတာလဲလို့ အခုမှပဲ အဖြေပေါ်တော့တယ်"
'ဝေးလံခေါင်သီတဲ့ ဒေသက ဆင်းရဲတဲ့ကလေးတွေလား...'
'စာအုပ်တွေနဲ့ အဝတ်အစားတွေဝယ်ပြီး ပို့ခိုင်းလိုက်ရမလား အဲဒါက ပိုပြီးလက်တွေ့ကျမယ်'
စဉ်းစားပြီးနောက် သူသည် ဖုန်းကိုယူကာ သူ့ဖခင်၏လက် ထောက်ထံ စာတစ်စောင် ပို့လိုက်သည်။
ဖုန်းအခြားတစ်ဖက်မှ လက်ထောက်သည် စာရသည်နှင့် အရေးကြီးကိစ္စဖြစ်မည်အထင်နှင့် ချက်ချင်း ဖွင့်ဖတ်ကြည့်လိုက်၏။
အစပိုင်းတွင် ကျန်းချန်၏ CEO ဖခင်ကြီးသည် သူ့သား လမ်းပေါ်ထွက်ပြီး ဗေဒင်ဟောနေသည်ကိုကြားသည့်အခါ လက်ထောက်က နောက်နေသည်ဟု ထင်ခဲ့သည်။
သို့သော် အတည်ပြုပြီးသည့်အခါတွင်မူ ဒေါသထွက်လွန်း၍ မူးလဲမတတ် ဖြစ်သွားခဲ့သည်။
သားဖြစ်သူမှာ ပညာမသင်ဘဲ လျှောက်လုပ်နေသည်ဟု ထင်ကာ လမ်းပေါ်မှ အိမ်သို့ ဆွဲခေါ်ရန်ပင်ပြင်ဆင်ခဲ့သည်။
နောက်ဆုံးတွင် ကျန်းချန်က မတတ်သာတော့သဖြင့် သူ့ဖခင်အတွက် ဗေဒင်တစ်ခါဟောပေးလိုက်သည်။
ကုမ္ပဏီ၏မကြာသေးမီက ဆုံးဖြတ်ချက်တစ်ခုတွင် အမှားအယွင်းရှိနေကြောင်း ဟောလိုက်ခြင်းဖြစ်သည်။
သို့သော် နောက်တစ်နေ့တွင် ကျန်းချန် ပြောသည့်အတိုင်း အမှန်တကယ် ဖြစ်လာတော့သည်။
ထို့ကြောင့် သူ့သားကို ကြည့်ရင်း ကျန်းရှန်၏ဖခင်ကြီးမှာ ဘဝကို သံသယဖြစ်လာရသည်။
' ဗေဒင်ဆိုတာ တကယ်ရှိတာလား'
' ငါ့သားက ဗေဒင်ဟောတတ်တာလား'
ဒုတိယအကြိမ် သားဖြစ်သူထံ သွားရှာသည့်အခါတွင်မူ လုပ်ငန်းနယ်ပယ်မှ နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးနှင့် ဆုံခဲ့သည်။
ထိုအချိန်တွင် ထိုပုဂ္ဂိုလ်ကြီးမှာ လမ်းဘေးတွင် ထိုင်ခုံပုလေးနှင့် ထိုင်နေသော လူတစ်ဦးကိုအလွန်ပင် ရိုသေလေးစားစွာ စကားပြောနေခြင်း ဖြစ်သည်။
ကျန်းရှန်၏ဖခင်ကြီး ချောင်းကြည့်လိုက်သည့်အခါ... အို...ထိုထိုင်ခုံပုလေးပေါ်တွင် ထိုင်နေသူမှာ သူ့သား ကျန်းရှန့် ဖြစ်နေသည် မဟုတ်ပါလော။
သူ့မှာ ဗေဒင်နားမလည်သော်လည်း တစ်ခုတော့ နားလည်သွားသည်။
'သူ့သားက အခု တော်တော်,တော်နေပြီ'
'မခေတဲ့ လူတစ်ယောက် ဖြစ်နေပြီ'
ထို့ကြောင့် ဖခင်ကြီးမှာ ဟီးဟီးရယ်ရင်း သားဖြစ်သူရှေ့သို့ သွားကာ ထမင်းတူတူစားရန် စောင့်နေတော့သည်။
ထိုအချိန်မှစ၍ လက်ထောက်မှာ အမိန့်ရရှိထားသည်။
နောင်တွင် ကျန်းရှန့် ဘာပြောပြော၊ ဘာလုပ်လုပ် ချက်ချင်း လုပ်ပေးရန်နှင့် ကုန်ကျစရိတ်များကို အရင်သုံးပြီးမှ အကြောင်းကြားရန်ဖြစ်သည်။
'သူ့သားက အခု ဗေဒင်ဟောရင် ပိုက်ဆံသိပ်မယူတော့ဘူး'
' ကိစ္စမရှိဘူး'
'သူ့အဖေမှာ ပိုက်ဆံရှိတယ်'
ထို့ကြောင့် ကျန်းရှန့်ထံမှ စာရသည်နှင့် လက်ထောက်သည် ထိုညမှာပင် သူ့ အဆက်အသွယ်များကို အသုံးပြုကာ ဝေးလံသော တောင်ပေါ်ဒေသရှိ ကလေးများအတွက် လိုအပ်သော စာအုပ်များ၊ အဝတ်အစားများနှင့် လူသုံးကုန်ပစ္စည်းများကို စတင်စုဆောင်းတော့သည်။
ယခုမှာ ညသန်းခေါင် ဖြစ်နေသော်လည်း စိုးစဉ်းမျှ မငြိုငြင်ပေ။
'ဟာသပဲ'
ဤလူငယ်လေးသည် သူ့အထက်လူကြီး၏ သားဖြစ်ရုံသာမက နက်နဲသော ပညာရပ်များကို ကျွမ်းကျင်သည့် ဆရာကြီးတစ်ဦး မဟုတ်ပါလော။
နယ်ပယ်အသီးသီးမှ လူကြီးပိုင်းများပင် ဆုံတွေ့ခွင့်ရရန် မလွယ်ကူသည့် ပုဂ္ဂိုလ်မျိုး ဖြစ်သည်လေ။
...
ဧရာမ စာကြည့်တိုက်ကြီးတစ်ခုအတွင်း...
အချက်အလက်များ စုဆောင်းနေသော ရဲယိုရှီး၏ဖုန်းသည် ရုတ်တရက်မြည်လာ၍ကြည့်လိုက်ရာ ဖုန်းဝင်လာဖုန်းထဲတွင် ထန်ထျန်းကျဲဖြစ်နေပြီး ထိုသကောင့်သားကက စိတ်လှုပ်ရှားစွာ ပြောနေသည်မှာ
"ဟေးး... ... မင်း Live ကြည့်လိုက်သေးလား Live ထဲမှာ ရာဇဝတ်ကောင်က ဝန်ခံသွားတယ်ကွ"
ရဲယိုရှီးသည် ရှေ့မှအချက်အလက်များကို လှန်ကြည့်ရင်း "အင်း" ဟုသာ ပြန်ပြောလိုက်သည်။
"ဒီနေ့ Live ကြည့်ပြီးမှ ငါ ကိုယ့်ကိုယ်ကိုယ် တော်တော် အတ္တကြီးတယ်လို့ ခံစားရတယ်၊ ငါတို့လည်း အလှူအတန်းလေး ဘာလေး လုပ်သင့်သလားလို့"
ပြီးခဲ့သည့်တစ်ခေါက်က သင်္ချိုင်းကုန်းမှာ ကပြေခုန်ခဲ့ပြီး သရဲတွေ ဝိုင်းတာခံရပြီးကတည်းက ထန်ထျန်းကျဲမှာ တော်တော်လေး ငြိမ်သွားခဲ့သည်။
ယခု အဘိုးအို၏ကိစ္စကို မြင်ရသည့်အခါ သူသည် ကောင်းမှုကုသိုလ် လုပ်လိုစိတ်များ တဖွဖွဖြစ်နေတော့သည်။
ထိုစကားကို ကြားသောအခါ ရဲယိုရှီး၏လက်များ တုံ့ဆိုင်းသွား၏။
သူသည် ထန်ထျန်းကျဲ၏ စိတ်နေစိတ်ထားကိုခန့်မှန်းမိသည်။
"မင်း တကယ်လုပ်ချင်တယ်ဆိုရင် ကလေးတစ်ယောက်ချင်းစီကို တိုက်ရိုက်ထောက်ပံ့ပေးတဲ့ ပုံစံမျိုးကို စမ်းကြည့်သင့်တယ် အဲဒါက မင်းအတွက် ပိုပြီးအကျိုးရှိလိမ့်မယ်"
မိမိထောက်ပံ့ပေးသော ကလေး၏ပြောင်းလဲမှုနှင့် ကြီးပြင်းလာမှုကို မျက်မြင်တွေ့ရခြင်းက ဤလူအတွက် ပိုတက်ကြွမှု ဖြစ်စေလိမ့်မည်။
"အဲလိုမျိုး တစ်ဦးချင်း ထောက်ပံ့တာမျိုးလည်း ရှိလား"
ထန်ထျန်းကျဲမှာ အံ့အားသင့်သွားပြီး စိတ်ဝင်စားသွားသည်။ "မွေးမြူရေး ပုံစံမျိုးလား စမ်းကြည့်ချင်တယ်"
ရဲ့ယိုရှီး : "ကောင်းပြီ၊ မနက်ဖြန် ငါ မင်းနဲ့အတူ လူရွေးပေးမယ်"
...
"အားးးးးးးးး..."
အိပ်ခန်းထဲမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ကျောင်းဖွင့်ရန် တစ်ရက်သာလိုတော့သဖြင့် ကျန်းဇီဟန် မှာ ရူးတော့မည့်အတိုင်း ခံစားနေရသည်။
သူသည် စာရေးစားပွဲရှေ့တွင် ထိုင်နေပြီး ရှေ့တွင် မပြီးသေးသော အိမ်စာပုံကြီး ရှိနေ၏။
နွေရာသီကျောင်းပိတ်ရက် လေ့ကျင့်ခန်းစာအုပ်များ၊ မေးခွန်းဟောင်းများ၊ စာဖတ်စွမ်းရည် လေ့ကျင့်ခန်းများ၊ မိတ္တူကူးရေးရမည့် စာများ...
"သေတော့မှာပဲ သေတော့မှာပဲ"
သူသည် လက်တစ်ဖက်တည်းနှင့် ဘောပင်နှစ်ချောင်းကို ကိုင်ကာ စာအုပ်ပေါ်တွင် အသည်းအသန် ကူးရေးနေ၏။
Live ကို ကြည့်ပြီးနောက် စာကို ကောင်းကောင်းသင်ယူတော့မည်ဟု ဆုံးဖြတ်ခဲ့သော်လည်း...
'တကယ်ကြီး မပြီးနိုင်တော့ဘူးဗျာ'
'ဘာလို့ နွေရာသီ ပိတ်ရက်မှာ အိမ်စာတွေ ဒီလောက် များရတာလဲ'
'ဘာလို့ အမှတ်နည်းတဲ့သူတွေကို အိမ်စာတွေ ပိုပေးရတာလဲ'
'လူသားတိုင်း တန်းတူညီမျှရှိရမယ်ဆိုတဲ့ စကားက ဘယ်ရောက်သွားတာလဲ'
တံခါးအပြင်ဘက်တွင် ကျန်းဇီဟန်၏မိဘများမှာ စိုးရိမ်တ ကြီး ဖြစ်နေကြကာသူတို့ကိုယ်တိုင် ဝင်ကူရေးပေးချင်စိတ်ပင် ပေါက်နေကြသည်။
ပြောသင့်တာတွေ အကုန်ပြောပြီးပြီ၊ စောစောလုပ်ပါဆိုတာကို အခုမှ လာကပ်လုပ်နေသည်။
သူတို့သည် တံခါးဝတွင်သာ ရပ်နေကြပြီး အထဲဝင်သွားလျှင် သားဖြစ်သူကို ရိုက်မိမည်စိုးသောကြောင့်သာ အောင့်ထားရခြင်းပင်။
"..."
နောက်ကျောဘက်မှ စိုက်ကြည့်နေသော အကြည့်များကို ခံစားမိသည့်အခါ ကျန်းဇီဟန် ငိုချင်လာသည်။
သို့သော် ငိုလိုက်လျှင် မျက်လုံးဝေဝါးပြီး စာလုံးအကွက်တွေကို မမြင်ရဘဲ ဖြစ်သွားမည်ကို ကြောက်သဖြင့် အောင့်ထားရပြန်သည်။
ညသန်းခေါင်ကျော်သည့်အခါ နောက်တစ်နေ့ ရုံးတက်ရမည်ဖြစ်သဖြင့် ကျန်းဇီဟန်၏မိဘများမှာ အနားယူရန် သွားကြတော့သည်။
ထိုအချိန်တွင် နောက်ကျောမှ အကြည့်များ မရှိတော့သည့်အခါ သူ အနည်းငယ် ပေါ့ပါးသွားသော်လည်း အိမ်စာပုံကြီးမှာမူ တောင်ကြီးတစ်လုံးလို ရှိနေဆဲဖြစ်သည်။
"ဒီလောက်အကြာကြီး ဆော့မနေခဲ့သင့်ဘူး..."
ကျောင်းမပိတ်ခင်ကတော့ အိမ်စာတွေကို အစီအစဉ်တကျ ဇယားဆွဲခဲ့သော်လည်း နောက်ဆုံးတွင် ဘာမှ မပြီးမြောက်ခဲ့ပေ။
မနက် ၂ နာရီ၊ ၃ နာရီ ဝန်းကျင်တွင် ကျန်းဇီဟန် ငိုက်လာသည်။
သူက ဆော့ရတာ ဝါသနာပါသော်လည်း ညမအိပ်ဘဲ နေလေ့မရှိသူဖြစ်သည်။
ခေါင်းမှာ တဖြည်းဖြည်း ငိုက်ကျလာပြီး မျက်တောင်များမှာလည်း စေးကပ်လာ၏။
သူသည် အိမ်စာပုံကြီးကို ကြည့်ရင်း ပေါင်ကို နှစ်ချက်လောက် ဆိတ်ကြည့်သေးသည်။
သို့သော်နောက်ဆုံးတွင် မျက်လုံးများ မှိတ်ကျသွားတော့ သည်။
'ဒီကလေးလေး... အိမ်စာ အမြန်မလုပ်ဘဲ ဘာလို့ အိပ်နေတာလဲ၊ မအိပ်နဲ့ ခုချက်ချင်းထ'
နောက်တစ်စက္ကန့်တွင် ကျန်းဇီဟန် ဗြုန်းခနဲ မျက်လုံးပွင့်လာပြီး ဘေးဘယ်ညာကို အလန့်တကြား ကြည့်လိုက်သည်။
သယပါးကို ပြန်စမ်းကြည့်သည့်အခါတွင်လည်း အိပ်မက်ထဲတွင် တစ်စုံတစ်ယောက်က ပါးရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
"အိမ်စာ... အိမ်စာ... အိမ်စာ..."
သူသည် လက်ထဲမှ မချရသေးသော ဘောပင်ကိုပြန်ကိုင်ကာ အိမ်စာထဲသို့ ပြန်လည် နစ်မြုပ်သွားတော့သည်။
တစ်ချက်... တစ်ချက်...
မနက် ၄ နာရီ ဝန်းကျင်တွင် အိပ်ငိုက်စိတ်က ပြန်လည် ရောက်ရှိလာပြန်သည်။
ဖြောင်း..
ဖြောင်း ဖြောင်း...
ပြန်လည် နိုးလာသော ကျန်းဇီဟန်မှာ မှင်တက်ကာ မျက်လုံး ပြူးနေမိသည်။
'ဘာတွေ ဖြစ်နေတာလဲ'
'သူက အိပ်မက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အိမ်စာလုပ်ဖို့ နှိုးနေတာလား'
'ဘာလို့ အိပ်ပျော်သွားတိုင်း အဆူခံရလို့ နိုးလာတာ ဒါမှမဟုတ် အရိုက်ခံရလို့ နိုးလာတာ ဖြစ်နေရတာလဲ'
ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူ မတ်မတ်ထိုင်လိုက်ကာ အိပ်ချင်စိတ်များ လုံးဝ ပျောက်ကွယ်သွားတော့ သည်။
"ဟာ ဒါ... ဒါ Live လွှင့်တဲ့သူ (Host) က လုပ်လိုက်တာ မဟုတ်ပါဘူးနော်"
သူ အရင်က Live ထဲမှာ ဆရာမကို သရဲခေါ်ပြီးအဖမ်းခိုင်းဖို့ စနောက်ဖူးသည်ကို သတိရသွားသည်။
'ဒါဆို... Host က သူ့ကို စာလုပ်ဖို့ စောင့်ကြည့်ဖို့ တစ်ခုခုကို လွှတ်လိုက်တာလား'
'ဒါမှမဟုတ် သူ့ရဲ့အတွေးတွေက အမှောင်ထဲက သရဲတစ်ကောင်ကောင်ကို ဆွဲဆောင်မိသွားတာလား'
မည်သို့ပင်ဖြစ်စေ၊ ကြက်သီးထစရာ ကောင်းလှသည်။
ထိုသို့တွေးနေရင်းပင် ကျန်းဇီဟန်သည် အခန်းပတ်ပတ်လည်ကို ကြည့်ကာ တစ်ကိုယ်လုံး တုန်သွားကာကြောက်ကြောက် လန့်လန့်နှင့် အိမ်စာများကို ဆက်လက် ရေးတော့သည်။
'သူ မှားပါတယ် '
'နောက်ကို ဒီလိုတွေ လျှောက်မပြောတော့ပါဘူး'
'နောင်ကို အိမ်စာတွေကို ကောင်းကောင်းလုပ်ပါ့မယ်၊ ကလိမ်ကကျစ် မလုပ်တော့ပါဘူး…’