အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
🫧 Chapter 99
ရက်အနည်းငယ်အကြာတွင် Hot Search ဇယား၌ သတင်း ၃ ခု တက်လာခဲ့သည်။
ပထမတစ်ခုမှာ Live လွှင့်ခန်းအတွင်း မိမိကိုယ်ကိုယ် ဝန်ခံသွားသော ရာဇဝတ်ကောင်နှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းဖြစ်၏။
ဒုတိယမှာ သူဌေးကြီးများ စုပေါင်းကာအလှူအတန်းများပြုလုပ်ခြင်း၊ ငွေကြေးနှင့် ပစ္စည်းများ လှူဒါန်းခြင်း သတင်းဖြစ်သည်ပင်။
နောက်ဆုံးတစ်ခုမှာတော့ Live ကြည့်ရှုသူများ စုပေါင်းပြု လုပ်ထားသည့် ဗီဒီယိုအတိုလေးတစ်ခု ဖြစ်၏။
ကြည့်ရှုသူများသည် အဘိုးအို၏ဗီဒီယိုများကို စုစည်းကာ တည်းဖြတ်ထားခြင်းဖြစ်သည်။
လှူဒါန်းမှုများ ပြုလုပ်နေချိန်မှစ၍၊ အပြင်ထွက်ကာ အမှိုက်ကောက်ခြင်းနှင့် နောက်ဆုံးတွင် လဲကျသွားသည့် မြင်ကွင်းများအထိ ပါဝင်နေ၏။
လဲကျသွားပြီးနောက် အဘိုးအိုသည် အခြားသူများ၏ တွဲကူမှုကို ငြင်းဆိုကာ သစ်ပင်ကို ကိုယ်တိုင် အားပြုမှီလိုက်ကာ အားစိုက်လိုက်ရသဖြင့် လက်ဖမိုးပေါ်မှ အကြောများမှာ ထောင်တက်နေသည့်မြင်ကွင်းပင်ဖြစ်သည်။
[မြေကြီးပေါ်မှာ အေးပါတယ်၊ ခဏလောက် လဲနေလိုက်မယ်] ဟု သူက ပြောခဲ့သည်။
သူ့ကို တိုက်မိသွားသော ခေါင်းစွပ်ဝတ် လူငယ်လေးကိုလည်း အပြစ်မတင်သည့်အပြင် [ဘယ်သူက လူငယ်ဘဝမှာ စိတ်မလိုက်ဖူးလို့လဲ] ဆိုကာ ပြန်လည်နှစ်သိမ့်ပေးခဲ့၏။
ဆက်လက်၍ ရဲဝန်ထမ်းက အဘိုးအိုကို တွဲကူကာ အိမ်ပြန်ပို့ပေးစဉ် ပြောကြားခဲ့သော စကားများမှာလည်း စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။
သူသည် ဘာကြောင့် စိတ်ရှည်ရတာလဲ ဆိုသည်ကိုမူ အောက်ပါအတိုင်း ဖြေကြားခဲ့သည်။
[အိမ်တိုင်းမှာ ဖတ်ရခက်တဲ့ စာအုပ်တစ်အုပ်စီ ရှိကြတာပဲ၊ မတတ်သာလို့သာ မဟုတ်ရင် ဘယ်သူက လူတကာ ချီးကျူးခံရတဲ့သူ မဖြစ်ချင်ဘဲနေမှာလဲ]
[လူဆိုတာ... မရှုပ်ထွေးသလို၊ မရိုးရှင်းလှပါဘူး]
၅ မိနစ်ခန့်သာရှိသော ထိုဗီဒီယို၏ ခေါင်းစဉ်မှာ [သင်နှင့်ကျွန်ုပ်တို့အားလုံး ဤကဲ့သို့ နွေးထွေးသောသူနှင့် ဆုံတွေ့နိုင်ပါစေ] ဟူ၍ ဖြစ်သည်။
နောက်ခံတေးဂီတမှာ "The Beauty of the World is Linked to You" ဖြစ်၏။
ထို ဗီဒီယိုထွက်လာသည်နှင့် လူအများ၏အာရုံစိုက်မှုကို ရရှိခဲ့သည်။
ထိုဗီဒီယိုကို လူငယ်များက မြင်သောအခါ [ဟေး၊ နောက်ဆုံးတော့ အတင်းအကျပ်လျော်ကြေးတောင်းတဲ့သူ မဟုတ်ဘူးပဲ၊ ဒီခေတ်မှာ လဲကျဟန်ဆောင်ပြီး ပိုက်ဆံတောင်းတဲ့သူတွေ များလွန်းလို့ ကြောက်တောင် ကြောက်နေရတာ]ဟု ပြောဆိုလိုက်ကြ၏။
Scam လုပ်သူများ ပေါများလှသော ယခုခေတ်တွင် လျော် ကြေးမတောင်းသည့်အပြင် လမ်းသွားလမ်းလာများကိုပါ ငဲ့ညှာပေးတတ်သော အဘိုးအိုကဲ့သို့လူမျိုးမှာ အလွန်ရှားပါးလှသည်။
ထို့ကြောင့် လူငယ်များမှာ Like ပေးကာ [ဒါမျိုး လူကြီးတွေကိုမှ ငါတို့က လေးစားချင်တာ] ဟု ဆိုကာ ပြန်လည်မျှဝေလိုက်ကြ၏။
အသက်ကြီးပိုင်း လူလတ်ပိုင်းများကမူ အဘိုးအိုသည် သူ့ကို တိုက်မိသော လူငယ်ကိုပြုံးရယ်ကာ ခွင့်လွှတ်ပေးခဲ့သည်ကို သတိပြုမိကြသည်။
သူတို့သည်လည်း ဘဝကို ဆယ်စုနှစ်များစွာ ဖြတ်သန်းလာခဲ့ပြီး လူငယ်ဘဝတွင် စိတ်လိုက်မာန်ပါ ဖြစ်ခဲ့ဖူးကြ၏။
ထိုသို့ဖြစ်ပြီးနောက် လမ်းနှစ်သွယ်ရှိရာ တစ်ခုမှာ ထိုအတိုင်း ဆက်လက်ဆိုးသွမ်းသွားရန်နှင့် နောက်တစ်ခုမှာ မိမိကိုယ်ကိုယ် ပြန်လည်ပြင်ဆင်ရန်ဖြစ်သည်ပင်။
မည်သည့်လမ်းကို ရွေးချယ်ဖြစ်မလဲဆိုသည်မှာ သင်တွေ့ဆုံရမည့် လူနှင့်လည်း များစွာသက်ဆိုင်နေသည်။
သူတို့သည် ဤအမှန်တရားကို သိသော်လည်း အဘိုးအိုကဲ့သို့ အရှိကိုအရှိအတိုင်း မြင်နိုင်စွမ်းရှိသူမှာ အလွန်ပင် နည်းပါးလှ၏။
လူလတ်ပိုင်းအမျိုးသား/အမျိုးသမီးများသည် ဗီဒီယိုကို ကြည့်ပြီးနောက် တိတ်ဆိတ်စွာ Like ပေးလိုက်ကြသည်။
အသက်အရွယ်မရွေး၊ အတွေ့အကြုံမတူညီသူများမှာ ဤဗီဒီယိုကို မြင်သည့်အခါ ခံစားချက် ကိုယ်စီဖြစ်ပေါ်ကြမည်ပင်။
သာမန် အင်တာနက်အသုံးပြုသူများသာမက အစိုးရမီဒီယာများကပါ မျှဝေလာကြသည်။
လူ့အဖွဲ့အစည်းအတွင်း မကောင်းမှုများကို ဖော်ထုတ်ရမည်ဖြစ်သလို ကောင်းမွန်သော စွမ်းအင်များကိုလည်း ပြန့်ပွားအောင် လုပ်ဆောင်ရမည်ဖြစ်၏။
အရာရာကို တစ်ဖက်တည်းမှ မကြည့်သင့်သည်မှာတစ်စုံတစ် ခုအား အကောင်းလား အဆိုးလား မသိနိုင်သေးသည့်တိုင် မိမိကိုယ်ကိုယ် အရင်ကာကွယ်ပြီးမှ အခြားသူကို ကူညီသင့်ကြောင်းကိုလည်း သတိပေးထားကြသည့်ဗီဒီယိုမှာ နာမည် ကြီးလာပြီးနောက် လူအများအပြားသည် နည်းလမ်းမျိုးစုံဖြင့် အဘိုးအို၏ဇာတ်လမ်းကို ဖော်ပြလာကြသည်။
ရှန်းရွှေမြို့၊ ရန်ကျောင်မြို့နယ်
ဤမြို့နယ်မှာ စိုက်ပျိုးရေးမြေများဖြင့် ဝန်းရံထားပြီး အိမ်တိုင်းလိုလိုတွင် လယ်ကွင်းကိုယ်စီ ရှိကြသည်။
ထိုနေရာတွင် ရာသီပေါ် ဟင်းသီးဟင်းရွက်များနှင့် ကြက် သွန်မြိတ်များ စိုက်ပျိုးထားကြ၏။
နှစ်ထပ်ကျေးလက်အိမ်လေးတစ်လုံး၏ ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်များသာမက ကြက်ငယ်လေးများကိုလည်း မွေးမြူထားသည်ပင်။
ထိုအချိန်တွင် ဗိုက်ပူပူနှင့် ခေါင်းတုံးတုံးထားသော အမျိုး သားတစ်ဦးသည် အပြင်မှ ပြန်ရောက်လာပြီး ခြံဝင်းအတွင်းသို့ အရှိန်ဖြင့် ဝင်လာသည်။
ထို အိမ်ထဲတွင်လည်း သန်သန်မာမာ အမျိုးသားအချို့ စကားပြောနေကြသည်။
"ဟားဟားဟားဟား၊ ရယ်လိုက်ရတာ သေတော့မှာပဲ"
ဗိုက်ပူပူ အမျိုးသားသည် တံခါးပိတ်ပြီးသည်နှင့် မအောင့်နိုင်ဘဲ အော်ရယ်တော့သည်။
အိမ်ထဲရှိ လူများက လှည့်ကြည့်လာသောအခါ သူသည် ရေသောက်ပြီးမှ ဆက်ပြော၏။
"ဆရာကြီး၊ ခင်ဗျားတို့ မသိဘူး၊ ဒီကမ္ဘာမှာ တကယ်ကြီး အဲဒီလောက် အူကြောင်ကြောင်နိုင်တဲ့လူ ရှိတယ်ဗျ Live ထဲမှာ ကိုယ်လုပ်ထားတဲ့ ရာဇဝတ်မှုကို ထုတ်ဖော်ပြောနေတယ် ဟားဟားဟား၊ သူက ရဲတွေ သူ့ကို မဖမ်းနိုင်ဘူး ထင်နေတာလား၊ ဒါက ရုပ်ရှင်မဟုတ်ဘူးလေ၊ တကယ့်လက်တွေ့မှာ အဲလိုလုပ်တာ လူအပဲ ရှိတာပေါ့ မဟုတ်ဘူးလား"
သူ့စကားလည်း ဆုံးရော၊ အခန်းထဲရှိ လူများ၏ မျက်နှာမှာ ပျက်သွားပြီး တစ်ကိုယ်လုံး တင်းမာသွားကြ၏။
"ဘာဖြစ်တာလဲ၊ ဖန့်ကျီ၊ သေသေချာချာ ပြောစမ်း"
ဟု ဆရာကြီးဖြစ်သူက ချက်ချင်း ထရပ်ကာ တည်ကြည်သော မျက်နှာပေးဖြင့် မေးလိုက်မည်ပင်။
ဖန့်ကျီက ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းပြသည်။ "ဆရာကြီး၊ စိတ်မပူပါနဲ့၊ ကျွန်တော်တို့နဲ့ မဆိုင်ဘူး၊ အဲဒီလူအက အဖမ်းခံလိုက်ရပြီ"
"မင်း ဘယ်ကကြားတာလဲ"ဟု မေးလိုက်ရာ
"လမ်းပေါ်က လူတွေ အကုန်လုံး အဲဒါအကြောင်းပဲ ပြောနေကြတာ" ဟု ပြန်ဖြေလိုက်၏။
ထိုစကားကြားမှ အခန်းထဲရှိ လူများမှာ သက်ပြင်းချနိုင်တော့သည်။
"သူများတွေ ဘယ်လိုပဲဖြစ်ဖြစ်၊ ငါတို့ ကိုယ့်ကိုယ်ကိုယ် သတိထားကြရမယ်"ဟု ပြောရင်း ဆရာကြီးက ရယ်နေဆဲဖြစ်သော ဖန့်ကျီကို စိုက်ကြည့်ကာ "တည်တည်ငြိမ်ငြိမ် နေစမ်း"ဟု ဆူလိုက်၏။
"ဟုတ်"
ထိုအချိန်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။
"လူငယ်လေးတို့၊ ဒီည ကြက်သားဟင်း ချက်စားကြမလား"ဟု ဒေသန္တရစကားဖြင့် ဒေါ်ကြီးတစ်ဦးက မေးလိုက်၏။
" ဒီည ကြက်သားစားရမှာလား"ဟု ဖန့်ကျီ၏ မျက်လုံးများ တောက်ပသွားကာတံခါးဆီသို့ သွားလိုက်သည်။
ထိုအခါ ဆရာကြီးသည်လည်း လိုက်သွားခဲ့လိုက်သည်။
"ဒေါ်ကြီး၊ ဒေါ်ကြီး စိတ်ကြိုက်သာ လုပ်ပါဗျာ"
သို့သော်သူတို့သည်စကားပြောရင်း တံခါးကို ဖွင့်လိုက်ရာ အဒေါ်ကြီးကို မတွေ့ရဘဲ မည်းနက်သော သေနတ်ပြောင်းများကိုသာ တွေ့လိုက်ရသည်။
သေနတ်ပြောင်း နှစ်ခုမှာ သူတို့၏နဖူးပေါ်တွင် အေးစက်စွာ ထိကပ်နေ၏။
အပြင်မှ လူများ ဖြည်းဖြည်းချင်း ဝင်လာသည်နှင့်အမျှ သူတို့နှစ်ဦးမှာ နောက်သို့ ဆုတ်ပေးလိုက်ရတော့သည်။
ဖန့်ကျီမှာလည်း မှင်တက်နေ၏။
"ဘာတွေဖြစ်ကုန်တာလဲ၊ ငါ သတင်းပေါက်ကြားအောင် မလုပ်ခဲ့ပါဘူးနော်"
ဘေးမှ ဆရာကြီးမှာလည်း နောက်ဆုတ်ရင်း အိမ်ထဲရှိ လူများကို အချက်ပြရန်ကြိုးစားလိုက်သည်။
သို့သော် အခန်းတွင်း၌ ရဲများက ကျန်လူများကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိလိုက်ရမှ ခုခံရန် ကြိုးစားနေသော ဆရာကြီးမှာလည်း စိတ်လျှော့လိုက်ရတော့သည်။
ကားပေါ်သို့ အဖမ်းခံရသည့်တိုင်အောင် သူတို့ ဘယ်လိုကြောင့် ဖမ်းခံရမှန်း နားမလည်နိုင်ကြသေးပေ။
အချို့သော ဦးနှောက်ပြေးသူများကတော့ ဖန့်ကျီ ခုနကပြောပြသော လူအကြောင်းကို ဆက်စပ်မိသွားသည်။
သို့သော် လော့ဂျစ်အရ မကိုက်ညီပေ။
ပထမအချက်မှာ သူတို့ထဲမှ မည်သူမျှ ရိုးသားဖြူစင်ခြင်းမရှိကြပေ။
မည်သူမျှ ကိုယ့်ကိုယ်ကိုယ် ဝန်ခံလောက်အောင် မ,အပေ။
ဒုတိယအချက်မှာ ဝန်ခံသူမှာ အဖမ်းခံရပြီးသား ဖြစ်နေသည်ပင်။
သို့သော် ထိုသတင်းက သူတို့ကို အာရုံလွှဲရန် ကြိုတင်လွှတ် လိုက်သော သတင်းမှားများ ဖြစ်နေမလားဟု တွေးတောမိလိုက်ကြ၏။
ထိုစဉ် အဖမ်းခံရသော အုပ်စုထဲမှ အင်္ကျီအနက်ဝတ် အမျိုး သားတစ်ဦးသည် ခေါင်းငုံ့ထားလိုက်ကာတွေးတောမိနေ၏။
သူ့မျက်လုံးထဲတွင် စိုးရိမ်စိတ်မရှိဘဲ ကျေနပ်နေခြင်းနှင့် တင်းတိမ်ရောင့်ရဲခြင်းကိုသာ တွေ့ရသည်။
"ဂုဏ်ယူပါတယ်၊ ငါ့ကို ရှာတွေ့သွားပြီ"
မရဏလောကတွင်....
ကျန်းလင်သည် သရဲဈေးထဲတွင် တစ်ပတ်ပတ်လာခဲ့သည်။
ထိုနေရာ ထမင်းဆိုင်ရှိ ဝိညာဉ်အစေခံများမှာ အကြောင်းအ ရာတစ်ခုတည်းကိုသာ ပြောနေကြ၏။
၎င်းမှာ ယမမင်းကြီး ပြန်ရောက်လာခြင်းဖြစ်သည်ပင်။
သူသည်အလုပ်သင် ဝိညာဉ်အစေခံများကို စတင်တာဝန်ချတော့မည်လား ဆိုသည်ကို ခန့်မှန်းနေကြသည်။
အလုပ်များသော ဝန်ထမ်းများကတော့ လူသစ်အချို့ ရလိုကြသည်။
သို့သော်အချို့ကတော့ လူသစ်တွေကို သင်ပေးရမှာ ပျင်းသဖြင့် မိမိတို့ဆီ တာဝန်မကျလာရန် ဆုတောင်းနေကြ၏။
သို့သော် နောက်ဆုံး ရလဒ်မှာ အထက်က မည်သို့ တာဝန်ချမည်ဆိုသည်အပေါ်တွင်သာ မူတည်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ ကျန်းလင်ကတော့ သိပ်မတွေးလှပေ။
ထိုအစားသူသည် ကျင့်စဉ်ခန်းမသို့သာ ဦးတည်လိုက်၏။
မကြာသေးမီက သူသည် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားနေရသည်။
ထိုခံစားချက်မှာ သူ့ကိုယ်တွင်းရှိ တစ်စုံတစ်ခုမှာ အထွတ်အ ထိပ်သို့ ရောက်ရှိနေပြီး အဟန့်အတားများကို မကြာခင်ဖြတ်ကျော်တော့မည့်အတိုင်းပင် ခံစားနေရခြင်းဖြစ်ပေသည်။
🫧 Chapter 100
ကျန်းလင်သည် မကြာသေးမီကပင် ထူးဆန်းသော ခံစားချက်တစ်ခုကို အမြဲခံစားနေရသည်။
ကျင့်ကြံရေးခန်းမထဲသို့ သူဝင်ရောက်ပြီး မကြာမီမှာပင် ထိုခံစားချက်မှာ အတည်ပြုပြီးသား ဖြစ်သွားခဲ့၏။
ထို့ကြောင့် သူသည်သူ့ထံရှိ အမှတ်အားလုံးကို 'ယင်စွမ်းအင်လုံး' များအဖြစ် ပြောင်းလဲကာ တစ်လုံးပြီးတစ်လုံး စားသုံးလိုက်သည်။
လက်ထဲရှိ ယင်စွမ်းအင်လုံးများ တစ်ဝက်ခန့်ကုန်သွားသည့်အခါ ကျန်းလင် ခန္ဓာကိုယ်ပတ်လည်တွင် သရဲဝိညာဉ်စွမ်းအင်အလွှာများ ထွက်ပေါ်လာတော့သည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာလည်း မြစ်ရေပြင်ကဲ့သို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး တစ်ရဟော တိုးဝှေ့ရိုက်ခတ်နေ၏။
သူသည် ယင်စွမ်းအင်လုံးအားလုံးကို တစ်ကျိုက်တည်း အကုန်စားပစ်လိုက်ပြီး အာရုံစူးစိုက်ကာ အဆင့်တက်ရန် ကြိုးစားတော့သည်။
၎င်းမှာ သူအချိန်အတော်ကြာ စုဆောင်းထားခဲ့သော ဝိညာဉ်စွမ်းအင်အားလုံးကို ဤအခိုက်အတန့်တွင် အသုံးပြုလိုက်ခြင်းဖြစ်သည်။
'ဝိညာဉ်ဘုရင်' အဆင့် အတားအဆီးကို ဖြတ်ကျော်ရန် အချိန်အတော်ကြာလိမ့်မည်ဟု သူထင်ထားသော်လည်း အရာအားလုံးသည်ပုံမှန်အတိုင်း အလိုလိုပင်ဖြစ်ပေါ်လာခဲ့သည်။
ယင်စွမ်းအင်လုံးများအားလုံးသည် ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်အတွင်း စီးဝင်သွားပြီးနောက်၊ ထိုအတားအဆီးမှာ အလိုအလျောက် ပွင့်ထွက်သွားလေတော့ သည်။
ထို့နောက် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် ပိုမိုကြီးမားသော ခွက်တစ်ခုအတွင်းသို့ ချက်ချင်းစီးဝင်သွားကြသည်။
ထိုအချိန်တွင် ကျန်းလင်၏ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များ သည် ဟိန်းဟောက်ပေါက်ကွဲထွက်လာပြီး အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်လာ၏။
ထိုစွမ်းအင်မှာ အလွန်ပြင်းထန်လှသဖြင့် အခြေခံကျင့်ကြံရေးခန်းမ၏ မျက်နှာကြက်ကို အက်ကွဲကြောင်းတစ်ခု ဖြစ်သွားစေခဲ့ကာ ထိုအက်ကွဲကြောင်းမှာ ပင့်ကူအိမ်သဖွယ် လျင်မြန်စွာ ပျံ့နှံ့သွား၏။
ကံကောင်းသည်မှာ ထိုသို့ပေါက်ကွဲထွက်လာသော ဝိညာဉ်စွမ်းအင်များသည် ခဏတာသာ တည်မြဲပြီးနောက် ကျန်းလင်၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။
ထို့နောက် အရှိန်အဝါအားလုံးသည် သူ့ခန္ဓာကိုယ်အတွင်း၌ ပြန်လည်ငြိမ်သက်သွားတော့သည်။
ကြည့်လိုက်လျှင် ကျင့်ကြံခြင်း မပြုလုပ်ဖူးသော သာမန်ဝိညာဉ်တစ်ခုကဲ့သို့ပင်။
"ဒါ ဝိညာဉ်ဘုရင်အဆင့်လား..."
ကျန်းလင်သည် ခန္ဓာကိုယ်အတွင်းရှိ အင်အားကို ခံစားရင်း လက်ကို လေထဲတွင် ဖြည်းညှင်းစွာ ဆုပ်ကြည့်လိုက်သည်။
ဘုန်း... ဘုန်း.... ဘုန်း.....
လေထုထဲတွင် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ ယခင်ကထက် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် ပိုမိုကျယ်ပြော ခိုင်မာလာ၏။
ထိုစဥ် ကျန်းလင်သည် ရုတ်တရက်... လက်တစ်ဖက်ဖြင့် မိုးတိမ်ကိုဖြစ်စေ၊ မိုးရေကိုဖြစ်စေ ဖန်တီးနိုင်သည့် အစွမ်း ထက်သည့် ခံစားချက်မျိုး ရရှိလာသည်။
အလွန်ထူးဆန်းလှပေသည်။
၎င်းခံစားချက်မှာ တစ်ခဏချင်းမှာပင် အခြားအမြင့်နေရာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ပင်။
တစ်ချိန်တည်းမှာပင်၊ သူ့ ဦးနှောက်ထဲ၌ မှတ်ဉာဏ်အပိုင်း အစများ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
ဖုန်တက်နေသော ရှေးဟောင်းအမှတ်တရသေတ္တာကြီး ပွင့်သွားသကဲ့သို့ပင်ဖြစ်၏။
သဘာဝဘေးအန္တရာယ်များ ဆက်တိုက်ကျရောက်နေပြီး၊ လူများမှာ ဝတ်စရာမရှိ၊ စားစရာမရှိ ဖြစ်နေကြသည်။
နိုင်ငံအသီးသီးသည် အရင်းအမြစ်များကို လုယူရန် စစ်မီးများတောက်လောင်နေကြ၏။
နေရာတိုင်းတွင် လူသေလောင်းများ၊ ငိုကြွေးသံများ၊ ရိုက်နှက်ဆဲဆိုသံများဖြင့် ပြည့်နှက်နေကာ ထိုပုံရိပ်များထဲတွင် ကျန်းလင်သည် ရင်းနှီးနေသော ကလေးငယ်တစ်ဦးကို မြင်လိုက်ရသည်။
ထိုကလေး၏မျက်နှာမှာ ယခုသူ့မျက်နှာနှင့် အတော်လေး ဆင်တူနေသည်။
ကျန်းလင် တစ်ခုခုကို ရိပ်မိသွားပြီး "ဒါ ငါမသေခင်က မှတ်ဉာဏ်တွေလား"
ထို့ကြောင့် သူသည် ထိုပုံရိပ်များကို တတိယလူအမြင်ဖြင့် ကြည့်နေမိကာ ပုံပြင်တစ်ပုဒ်ကို ကြည့်နေရသလို၊ သို့မဟုတ် အိပ်မက်တစ်ခု မက်နေရသကဲ့သို့လည်း ခံစားနေရ၏။
...
သူ အသက် ၁၀ နှစ်အရွယ်တွင် ရွာ၌ အလွန်အမင်းခြောက် သွေ့ကာ ကောက်ပဲသီးနှံများ ပျက်စီးကုန်သည်။
လူများမှာ ငတ်မွတ်၍လည်းကောင်း၊ ရောဂါကြောင့်လည်း ကောင်းသေဆုံးကုန်ကြသည်။
သူ့အမေသည်လည်း ထိုရောဂါဘေးတွင် ကွယ်လွန်သွားခဲ့သည်။
သူ့အမေ မသေခင်က စကားများစွာ ပြောသွားခဲ့သော်လည်း အများဆုံးပြောသွားသည်မှာ " အသက်ရှင်အောင် နေပါ" ဟူ၍ပင်။
မိခင်ဖြစ်သူသေဆုံးပြီးနောက် သူ အကြီးအကျယ် ငိုကြွေးခဲ့ကာ မိခင်ဖြစ်သူ၏ရုပ်အလောင်းကို သူတစ်ဦးတည်း မြှုပ်နှံခဲ့သည်။
နောက်ပိုင်းတွင် ရွာထဲ၌ ကျန်ရှိနေသောသူများ စုပေါင်းကာ မြို့တော်သို့ သွားရန်ဆုံးဖြတ်ခဲ့ကြသည်။
သူတို့သည် ဧကရာဇ်မင်းမြတ် စံမြန်းရာနေရာတွင် သူတို့အတွက် စားစရာတစ်နပ်စာတော့ ရှိလိမ့်မည်ဟု မျှော်လင့်ခဲ့ကြကာ ကျန်းလင်သည်လည်း ထိုလူအုပ်ကြီးထဲ၌ ပါဝင်ခဲ့၏။
မြို့တော်သို့ သွားရာလမ်းတွင် ရွာသားများမှာ စည်းလုံးကြသော်လည်း လူများမှာ ဆက်တိုက်သေဆုံးနေကြဆဲဖြစ် သည်။
ကံကောင်းသည့်အခါ စားစရာအနည်းငယ်နှင့် မိုးခိုရန် နေရာကောင်း ရတတ်သော်လည်း၊ ကံမကောင်းသည့်အခါ အခြားသော ဒုက္ခသည်များ၏လုယက်ခြင်းကို ခံရတတ်သည်။
လမ်းတစ်လျှောက်တွင် သူသည် လူအုပ်ကြားထဲ၌ တိတ်တ ဆိတ် ကပ်ပါလာခဲ့သည်။
အနားယူသည့်အခါတိုင်း ထင်းကောက်ခြင်း၊ ရေရှာခြင်းနှင့် စားစရာရှာဖွေခြင်း စသည့် အလုပ်များကို တက်ကြွစွာ ကူညီလုပ်ပေးခဲ့သည်။
ထိုသို့ဖြင့် အခက်အခဲပေါင်းစုံကြားမှ လပေါင်းများစွာအကြာတွင် သူတို့သည် မြို့တော်တံခါးဝသို့ ရောက်ရှိလာကြသည်။
သူတို့သည် စောစောရောက်လာသူများဖြစ်သဖြင့် ကံကောင်း ထောက်မစွာ မြို့ထဲသို့ဝင်ခွင့်ရခဲ့သည်။ သူတို့ ဝင်ပြီးနောက် မကြာမီမှာပင် ဒုက္ခသည်များအပေါ် စစ်ဆေးမှုမှာ ပိုမိုတင်းကြပ်လာခဲ့သည်။
ရောဂါဘေးနှင့် ရိုင်းစိုင်းခြင်း စသည့်အကြောင်းပြချက်များဖြင့် ဒုက္ခသည် အမြောက်အမြားကို မြို့တံခါးအပြင်ဘက်တွင် တားဆီးထားလိုက်ကြသည်။
မြို့ထဲသို့ ရောက်သွားသော ကျန်းလင်တို့အဖွဲ့သည်လည်း ပြဿနာတစ်ခုကို သတိပြုမိကြသည်။ မြို့တော်အတွင်း၌ လည်း ရိက္ခာများမှာပေါများခြင်းမရှိပေ။
ဤနေရာမှ မြို့ခံလူထုမှာ တစ်ခုခုကို ကြုံတွေ့ခဲ့ဖူး၍လားမသိ၊ ဒုက္ခသည်များအပေါ် ဆက်ဆံပုံမှာ လိုလိုလားလား မရှိလှပေ။
မြို့တော်အတွင်း နေ့စဉ် ဆန်ပြုတ်များ ဝေငှပေးသော်လည်း ပမာဏမှာ အကန့်အသတ်ရှိပြီး ဆန်ပြုတ်များမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုကျဲလာခဲ့သည်။
မြို့ထဲရောက်ပြီး မကြာမီမှာပင် ရွာသားများမှာ အသက်ရှင်ရပ်တည်ရေးအတွက် အသီးသီးလမ်းခွဲသွားကြသည်။
အင်အားရှိသူများ သို့မဟုတ် ပညာတတ်သူများတစ်ချို့သည် သူဌေးအိမ်များတွင် အလုပ်သွားရှာကြသည်။
၎င်းသည်လုပ်ခနည်းသော်လည်း အနည်းဆုံးတော့ ထမင်းတစ်နပ်စားရကာ မိုးခိုစရာ အမိုးအကာတစ်ခုရရှိကြသည် ပင်။
ကံကောင်း၍ အိမ်ရှင်၏မျက်စိကျခြင်းခံရလျှင် အချိန်တိုအတွင်း ငတ်မွတ်ခြင်းနှင့် ချမ်းအေးခြင်းအတွက် စိုးရိမ်စရာ မလိုတော့ပေ။
သူတို့၏လူနေမှုဘဝမှာ သိသိသာသာ မြင့်တက်သွားနိုင် သည်။
"..."
ကျန်းလင်တွင် အင်အားလည်းမရှိ၊ ပညာလည်းမရှိသလို၊ ဆွေမျိုးသားချင်းလည်း မရှိပေ။
ရွာသားအချို့က သူ့ကို ကူညီချင်ကြသော်လည်း ခဏတာသာ ကူညီနိုင်ကြပေသည်။
ထို့ကြောင့် ကြာလာသောအခါ အလုပ်မရှိသော ဒုက္ခသည်များစွာမှာ ပိန်ချောင်လာပြီး အရိုးပေါ် အရေတင် ဖြစ်လာကြသည်။
လူသားချင်း ပြန်စားကြသည်ဟူသော ကောလဟာလများပင် ထွက်ပေါ်လာ၏။
ထိုအချိန်တွင် ကျန်းလင်သည် သူတောင်းစား အဖိုးကြီးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
အဖိုးကြီးမှာ ဒုက္ခသည်မဟုတ်ဘဲ ဤမြို့တော်တွင် သူတောင်းစားအဖြစ် ဘဝတစ်ဝက်စာ ကျင်လည်ခဲ့သူဖြစ်သည်။
သူက ကျန်းလင်အား မည်သို့တောင်းရမည်၊ လူ့မျက်နှာကို မည်သို့ကြည့်ရမည်နှင့် မည်သည့်နေရာတွင် အစားအစာ ရနိုင်သည်တို့ကို သင်ကြားပေးခဲ့သည်။
ဤမြို့တော်ကြီးတွင် ငတ်ပြတ်နေသူများရှိသလို၊ အသားငါးများ စားသောက်နေသူများလည်း ရှိ၏။
စေတနာရှိ၍ ဆန်ပြုတ်ကျွေးသူများရှိသလို၊ အမြင်မကြည်ရုံဖြင့် အားနည်းသူများကို ရိုက်နှက်ကန်ကျောက်သူများလည်း ရှိသည်။
သို့သော် အပြင်ဘက်မှ စစ်မီးများနှင့် ယှဉ်လျှင် ဤကိစ္စရပ်များသည် အထက်မှ လူကြီးလူကောင်းများအတွက် ကိစ္စအသေးအမွှားများသာ ဖြစ်ပေလိမ့်မည်။
နှစ်အနည်းငယ်အကြာတွင် နိုင်ငံအသီးသီး၏ စစ်ပွဲများမှာ ပိုမိုပြင်းထန်လာကာ စစ်သည်များ၊ ရိက္ခာများမှာ နေရာတိုင်းတွင် စုဆောင်းခံနေရသည်။
ထိုစဉ်က ခြောက်နိုင်ငံ စစ်ပွဲဖြစ်ပွားနေချိန်ဖြစ်သည်။
ထိုအချိန်တွင် ကျန်းလင်တို့ရှိရာ 'ချီ' နိုင်ငံ၏ အင်အားနှင့် နယ်မြေမှာ တဖြည်းဖြည်းလျော့နည်းလာခဲ့သည်။
လက်ရှိဧကရာဇ်မှာ ပျော့ညံ့ကြောင်း၊ မည်သူကမှ ဧကရာဇ်လုပ်ရန်ပိုသင့်တော်ကြောင်းစသည့် ကောလာဟလများကလည်း လူထုကြားတွင်ပျံ့နှံ့နေသည်။
ထိုစကားများကို ကျန်းလင်နှင့် အဖိုးကြီးမှာ နားထောင်ရုံသာ တတ်နိုင်ပြီး၊ သူတို့ နေ့စဉ်စဉ်းစားနေရသည်မှာ... မည်သို့ ဗိုက်ဝအောင် စားရမည်နည်း ဆိုသည်သာလျှင်ဖြစ်၏။
ထိုအချိန်တွင် ကျန်းလင်၏အရပ်မှာ အတော်လေး ရှည်လာပြီဖြစ်သည်။
သို့သော် အာဟာရမပြည့်ဝမှုကြောင့် ရွယ်တူကလေးများနှင့် ယှဉ်လျှင် အတော်လေးသေးငယ်နေသေးသည်။
ထိုနှစ်မှာပင် သူ့ဘဝအတွက် အလွန်အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပေါ်ခဲ့သည်။
၎င်းသည် သူ့ဘဝ၏အလှည့်အပြောင်းတစ်ခုလည်း ဖြစ်ခဲ့သည်။
"မအေ**... မင်းလို သူတောင်းစားညစ်ပတ်က ငါ့ရှေ့မှာ လာပတ်သက်ရဲတယ်ပေါ့"
"မင်းတို့လို အမှိုက်တွေ ရိက္ခာတွေကိုဖြုန်းတီးနေလို့သာ ငါ့ခမည်းတော်ရဲ့အပြစ်တင်တာကို ခံနေရတာ"
"ရိက္ခာဖြုန်းတဲ့ ခွေးကောင် ဘာလို့ အသက်ရှင်နေသေးတာလဲ"
လမ်းမပေါ်တွင် အဖိုးတန်စွာတန်ဆာဆင်ထားသော မြင်းရ ထားတစ်စီးမှာ ဘေးဘက်တွင်ရပ်ထားကာ အဝတ်အစား ခန့်ညားထည်ဝါသော အမျိုးသားတစ်ဦးမှာ မျက်နှာပျက်ယွင်းကာ ရက်စက်သောမျက်လုံးများဖြင့် ရှိနေ၏။
သူသည် ဆဲဆိုရင်း ခြေရင်းမှ သူတောင်းစားအိုကြီးကို စိတ် ကြိုက်ကန်ကျောက်နေသည်မှာ နန်းတော်ထဲတွင် သူခံခဲ့ရသမျှ ဒေါသအာဃာတများကို ဤနေရာတွင် ပုံချနေသကဲ့သို့ပင်ဖြစ်၏။
'သူကဲ့သို့ မင်းသားတစ်ပါးက အသားငါးကောင်းကောင်း စားတာ ဘာဖြစ်သလဲ'
'ဇိမ်ခံတာ ဘာဖြစ်သလဲ'
'ဤသူတောင်းစားများမှာ ဘာမှမဟုတ်ဘဲနှင့် အသက်ရှင်နေကြပြီး ရိက္ခာများကို ဖြုန်းတီးနေကြသည်'
"ဘာကြည့်တာလဲ မင်းတို့တွေကလည်း ပုံမှန်ဆိုအကာအ ကွယ်တွေ ယူထားပြီးတော့၊ အခု ရိက္ခာလေး နည်းနည်းထုတ် ပေးပါဆိုတော့ မထုတ်နိုင်ကြဘူး၊ မင်းတို့ကို ကျွေးထားတာ ဘာအသုံးကျလဲ"
လမ်းပေါ်ရှိ လူများမှာ ထိုစကားကြောင့် ပုခုံးများ တွန့်သွားကြပြီး စိတ်ထဲမှ ကျိန်ဆဲရင်း အလျင်အမြန်ထွက်ခွာသွားကြတော့သည်။
သူတို့လည်း မကျေနပ်သော်လည်း၊ မသက်ဆိုင်သော သူတောင်းစားတစ်ယောက်အတွက်နှင့် နဝမမင်းသားကို သွားရောက်ရန်စရန် မလိုအပ်ပေ။
မဟုတ်လျှင် နောက်ထပ် ဒုက္ခရောက်မည့်သူမှာ သူတို့သာ ဖြစ်ပေလိမ့်မည်။
ကျန်းလင် သတင်းကြား၍ အပြေးအလွှား ရောက်လာသော အခါ အဖိုးကြီးသည်လည်း သူ့ကို မြင်သွားသည်။
"..."
သို့သော် အဖိုးကြီးသည် စကားမပြောဘဲ မသိမသာ ခေါင်းခါပြကာ သူ့ကို အမြန်ထွက်သွားရန် အရိပ်အယောင်ပြလိုက်သည်။
ထို့ကြောင့်ကျန်းလင်သည် ချက်ချင်းလှည့်ထွက်ပြီး ပုန်းအောင်းစရာ နေရာတစ်ခု ရှာလိုက်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အဖိုးကြီးသည် သူ့ကို ခေါ်ဆောင်ကာ အစားအစာရှာဖွေခြင်းနှင့် သူတောင်းစားလုပ်ခြင်းတို့ကို သင်ကြားပေးခဲ့ပြီး အရာများစွာကို သင်ပေးခဲ့သည်။
သူတို့သည် ဤကဲ့သို့ ကျိုးကြောင်းဆီလျော်မှုမရှိသော လူမျိုးများနှင့်လည်း ကြုံတွေ့ခဲ့ဖူး၏။
အဖိုးကြီးက အမြဲပြောလေ့ရှိသည်မှာ၊ ထိုကဲ့သို့လူမျိုးများနှင့် တွေ့လျှင် မတုံ့ပြန်ပါနှင့်၊ စိတ်လိုက်မာန်ပါ မလုပ်ပါနှင့် ဟုဖြစ်သည်။
ဆဲဆိုခံရခြင်း သို့မဟုတ် အကန်ခံရခြင်းမှာ မသေနိုင်သော် လည်း၊ စိတ်လိုက်မာန်ပါ တုံ့ပြန်မိပါက ခေါင်းပြတ်သွားနိုင်သည့် ကိစ္စဖြစ်ပေသည်။
ဤမြို့တော်ကြီးတွင် မင်းစိုးရာဇာများ နှင့် သူဌေးသူကြွယ်များ ပေါများလှသည်။
သူတို့သည် ထိုသူများကို မယှဉ်နိုင်သလို၊ ရန်လည်း မစသင့်ပေ။
အသက်ရှင်နေဖို့သာ အဓိကဖြစ်သည်။
ထို့ကြောင့် သူသည် အဖိုးကြီးစကားကို နားထောင်ခဲ့သည်။
အဖိုးကြီးက သူ့နောက်လိုက်ခဲ့လျှင်၊ သူ့စကားကို နားထောင်လျှင် အသက်ရှင်နိုင်လိမ့်မည်ဟု ပြောခဲ့ဖူးသည်။
ထို့ကြောင့်ကျန်းလင်သည် ထိုအတိုင်း လုပ်ဆောင်ခဲ့ပြီး ယခုအချိန်အထိ အသက်ရှင်နေခဲ့ခြင်းဖြစ်သည်။