← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇) - ငါ့ကို ဘာကြည့်နေကြတာလဲ

"ခုနက ငါ့ရဲ့ ပြသမှုက မဆိုးဘူး မဟုတ်လား"

စူးချီတစ်ယောက် ယင်မိုးကြိုးငါးသွယ်ကို လက်တွေ့ပြသပြီးနောက် ကျင့်ကြံပုံ အဆင့်ဆင့်နှင့် သဘောတရားများကို ရှင်းပြရန် ပြင်ဆင်နေစဉ်မှာပင် ခုနက ကြွားဝါခဲ့သည့် ကျောင်းအုပ်ကြီးရှန်မှာ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲသို့ ပြန်ရောက်လာသည်။

သူမ ဝင်လာသည်နှင့်တစ်ပြိုင်နက် တစ်ခန်းလုံး တိတ်ဆိတ်သွားတော့သည်။

ဝန်ထမ်းအားလုံးက ကျောင်းအုပ်ကြီးရှန်ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီးနောက် အကြည့်များကို ချက်ချင်းပင် လွှဲဖယ်လိုက်ကြသည်။ သူမကို တစ်စုံတစ်ခု ဖုံးကွယ်ထားကြသကဲ့သို့ပင် ဖြစ်နေသည်။

"ဟော ... ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေကြတာလဲ"

ရှန်ကျစ်ရှားမှာ နားမလည်နိုင်ဘဲ သူမ၏ စုစည်းထားသော ဆံပင်များကို စမ်းကြည့်မိသည်။

"ဆံပင်တွေလည်း ဖရိုဖရဲ ဖြစ်မနေပါဘူး"

သူမသည် သူမ၏ အင်္ကျီနှင့် စကတ်များကိုလည်း ထပ်မံစစ်ဆေးကြည့်ပြန်သည်။

"အင်္ကျီတွေလည်း ပေမနေသလို တွန့်လည်း မနေပါဘူး ... ထူးဆန်းလိုက်တာ"

ခဏမျှ စဉ်းစားပြီးနောက် ရှန်ကျစ်ရှားမှာ အဖြေတစ်ခုကို တွေ့သွားသည်။

"ဒါပဲ ဖြစ်ရမယ် ... သူတို့တွေ ငါ့ရဲ့ ခန့်ညားလှတဲ့ မိုးကြိုးကျင့်စဉ်ကြောင့် မှင်သက်သွားကြတာနေမှာ ... ဒါလည်း ဟုတ်တာပဲလေ ... ရဲ့ရှူးယောင်နဲ့ ယွမ်ယွမ်တို့က အဆင့်နှစ် ကျင့်ကြံသူလေးတွေဆိုတော့ ငါ့လို အဆင့်ငါးရဲ့ မိုးကြိုးကျင့်စဉ်ကို မနာလိုဖြစ်နေကြတာ သဘာဝပါပဲ"

ထိုသို့တွေးကာ ရှန်ကျစ်ရှားသည် စိတ်အေးလက်အေးပင် ထိုင်ချလိုက်ပြီး စူးချီ၏ တိုက်ရိုက်သင်ကြားမှုကို စောင့်ကြည့်နေတော့သည်။

သူမသည် ဤသင်တန်းအတွက် အမှန်တကယ်ပင် ကြိုးစားအားထုတ်ခဲ့သည်။ သူမသည် မိုးကြိုးကျင့်စဉ်ကို အကြိမ်ကြိမ် လေ့ကျင့်ရင်း အားနည်းချက်များကို ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ဤကျင့်စဉ်မှာ နှလုံးနှင့် အဆုတ် အားကောင်းပြီး အသည်းနှင့် ကျောက်ကပ် အားနည်းသူများသာ ကျင့်ကြံနိုင်သည်ဟူသော အချက်ကို (သူမ၏ အထင်ဖြင့်) ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ကြောင့်ပင် သူမသည် အသည်းနှင့် ကျောက်ကပ် အားကောင်းပြီး နှလုံးနှင့် အဆုတ် အားနည်းသူ ကျောင်းသားပေါင်း လေးသောင်းကျော်ကို စည်းရုံးနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ထိုကျောက်ကပ်အားကောင်းသူများ အစုလိုက်အပြုံလိုက် ကျောင်းထွက်သွားကြမည့် အချိန်ကိုသာ သူမ ရင်ခုန်စွာ စောင့်စားနေတော့သည်။

"နတ်မင်းကြီးတွေရယ် ... သူတို့ကို အမြန်ဆုံး ကျောင်းထွက်သွားအောင် လုပ်ပေးပါ"

သူမ ဆုတောင်းနေစဉ်မှာပင် ဆရာမယွမ်ယွမ်က သူမ၏အနားသို့ တိုးကပ်လာပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကျောင်းအုပ်ကြီးရှန် ... ခုနက ဗီဒီယိုမှတ်တမ်းကို ပြန်ကြည့်ချင်ပါသလား"

"ပြန်ကြည့်မယ် ဟုတ်လား"

ရှန်ကျစ်ရှားမှာ အစပိုင်းတွင် ငြင်းပယ်ရန် ပြင်သော်လည်း သူမ၏ ခန့်ညားလှသော အမူအရာများကို ပြန်လည်ခံစားကြည့်ရန်မှာလည်း မဆိုးလှဟု တွေးမိသဖြင့် ယွမ်ယွမ်၏ လက်ထဲမှ တက်ဘလက်ကို ယူကာ အရှိန်မြှင့်၍ ကြည့်လိုက်တော့သည်။

ဗီဒီယိုထဲတွင် သူမက မကောင်းဆိုးဝါး နှစ်ဆယ်ကျော်ကို မိုးကြိုးဖြင့် တစ်ချက်တည်း နှိမ်နင်းလိုက်သည်ကို တွေ့လိုက်ရသည်။

"အင်း ... ဒီပုံစံကတော့ တကယ့်ကို ခန့်ညားတာပဲ"

သူမ ကိုယ့်ကိုယ်ကိုယ် ချီးကျူးနေစဉ်မှာပင် စူးချီ၏ ရှင်းပြသံကို ကြားလိုက်ရသည်။

"ကျောင်းအုပ်ကြီးရှန်ရဲ့ အဆင့်အတန်းမျိုးရောက်အောင် ကျင့်ကြံဖို့ဆိုရင် တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ရှိပါတယ် ... မူလကျောက်ကပ်စွမ်းအင်ကို မစွန့်လွှတ်ရသေးတဲ့သူ ဖြစ်ဖို့ လိုအပ်ပါတယ်"

‘နေပါဦး။’

‘ကျောက်ကပ်စွမ်းအင် မစွန့်လွှတ်ရသေးခြင်း ဆိုတာက ဘာကို ဆိုလိုတာလဲ။ နှလုံးနဲ့ အဆုတ်က အသည်းနဲ့ ကျောက်ကပ်ကို လွှမ်းမိုးတာလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ အခုမှ ကျောက်ကပ်စွမ်းအင် ဖြစ်သွားရတာလဲ။’

‘အဲဒါက ... အပျိုစင်တွေပဲ ကျင့်လို့ရတာကို ဆိုလိုတာလား။’

ရှန်ကျစ်ရှား၏ မျက်နှာတွင် အပြုံးများ ပျောက်ကွယ်သွားပြီး ဦးနှောက်မှာလည်း ထုံထိုင်းသွားရသည်။ ထို့နောက် ကျောင်းသားများ၏ မှတ်ချက်များကို သူမ မြင်တွေ့လိုက်ရတော့သည်။

"အသက် ၂၈ နှစ်ရှိတဲ့ အပျိုစင်ကြီးပါလား"

"သူမက တကယ်ပဲ ... ရယ်ချင်လွန်းလို့ သေတော့မယ်"

"မယုံနိုင်စရာပဲ ၂၈ နှစ်အထိ အပျိုစင်ဖြစ်နေသေးတာလား"

‘ဒါက ဘာကို ဆိုလိုတာလဲ။’

ရှန်ကျစ်ရှားမှာ ရင်တုန်ပန်းတုန်ဖြင့် တံတွေးကို မြိုချလိုက်မိသည်။ ‘မိုးကြိုးကျင့်စဉ်ရဲ့ လျှို့ဝှက်ချက်က အပျိုစင်ဖြစ်ခြင်းနဲ့ ဆိုင်နေတာလား။’ ဤသို့တွေးမိသောအခါ သူမ၏ တစ်ကိုယ်လုံးမှာ ကြက်သီးများပင် ထသွားတော့သည်။

‘ငါဟာ အပျိုစင်စစ်စစ်ကြီးပါဆိုတာကို လူပေါင်း သန်းနဲ့ချီတဲ့ရှေ့မှာ သက်သေပြလိုက်မိတာပေါ့။’ သူမ၏ အသက် ၂၈ နှစ်အထိ ထိန်းသိမ်းထားခဲ့သော လျှို့ဝှက်ချက်မှာ ယခုအခါတွင်မူ အားလုံးသိသွားကြပြီ ဖြစ်သည်။

ရှက်လွန်းလို့ မြေကြီးထဲပဲ တိုးဝင်သွားချင်တော့သည်။ လွန်ခဲ့သော နှစ်ပတ်လုံးလုံး သူမသည် ဘယ်နေရာသွားသွား ရန်မိုးကြိုးများကို ထုတ်ပြခဲ့သည် မဟုတ်ပါလော။ ၎င်းမှာ သူမ၏ နဖူးပေါ်တွင် ငါဟာ အပျိုစင်ပါ ဟု စာရေးပြီး လျှောက်သွားနေခြင်းနှင့် ဘာမျှမခြားပေ။

သူမသည် ရှက်လွန်းသဖြင့် ဗီဒီယိုထဲမှ ထိုအပိုင်းကိုသာ ငေးကြည့်ရင်း ကျောက်ရုပ်ကဲ့သို့ ဖြစ်နေတော့သည်။ အတန်ကြာမှ စူးချီ၏ အသံက သူမကို သတိပြန်ဝင်လာစေသည်။

"ကျောင်းအုပ်ကြီးရှန်ရဲ့ မိုးကြိုးကျင့်စဉ်ကို တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေထဲက လေးရာခိုင်နှုန်းတောင် မပြည့်တဲ့သူတွေပဲ ကျင့်လို့ရမှာပါ"

‘ဟုတ်တာပေါ့။’

‘လေးရာခိုင်နှုန်းပဲ။’

‘အပျိုစင်ဖြစ်တာက ဘာဖြစ်လဲ။ မိုးကြိုးကျင့်စဉ်ကို အပျိုစင်၊ လူပျိုစင်တွေပဲ ကျင့်လို့ရတာဆိုရင် ကျောင်းသား သုံးသိန်းထဲမှာ တစ်သောင်းကျော်ပဲ ကျင့်လို့ရမှာပေါ့။ ကျန်တဲ့ နှစ်သိန်းကျော်ကတော့ ဘာမှတတ်မှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် သူတို့အားလုံး ကျောင်းထွက်သွားကြမှာပဲ။’

‘ငါ ဧကရာဇ်ဖြစ်လာဖို့က နီးစပ်နေတုန်းပဲ။’ အနည်းငယ်တော့ ရှက်ဖို့ကောင်းသော်လည်း ဧကရာဇ်ဖြစ်လာမည့်သူအတွက် ဤမျှလောက်သော အခက်အခဲကိုတော့ ကျော်ဖြတ်ရမည် မဟုတ်ပါလော။

‘မျက်နှာပျက်သွားတဲ့ ဧကရာဇ်ကော ဧကရာဇ် မဟုတ်တော့ဘူးလား။’

"ဒါတွေအားလုံး စူးချီရဲ့ အမှားပဲ ... သူ သေချာမရှင်းပြလို့ ငါ လူတောမတိုးရဲအောင် ဖြစ်ရတာ"

သူမသည် အပြစ်တင်စရာ လူတစ်ယောက်ကို ရှာတွေ့သွားသဖြင့် စိတ်သက်သာရာ ရသွားဟန် တူသည်။ သူမကိုယ်တိုင်က သင်ခန်းစာကို ဆုံးအောင် နားမထောင်ခဲ့သည်ကိုမူ လုံးဝ မေ့လျော့နေတော့သည်။

"မကြာခင်မှာ ကျောင်းသားတွေရဲ့ မကျေနပ်တဲ့ မှတ်ချက်တွေကို မြင်ရတော့မှာပဲ ... အပျိုစင်တွေပဲ ကျင့်လို့ရတဲ့ ကျင့်စဉ်မျိုးကို စူးချီက ဘာလို့ ဖန်တီးလိုက်တာလဲ"

သူမ ပြောဆိုနေစဉ်မှာပင် ဗီဒီယိုထဲ၌ စူးချီ၏ နောက်ထပ်ရှင်းပြချက်ကို ကြားလိုက်ရပြန်သည်။

"ဒါပေမဲ့ မင်းတို့ရဲ့ မူလစွမ်းအင်ကို စွန့်လွှတ်လိုက်ပြီ ဆိုရင်လည်း ... ယင်မိုးကြိုးငါးသွယ်ကို ကျင့်ကြံလို့ ရပါတယ်"

‘ဒါက ဘာကြီးလဲ။’

‘လူပျိုစင်မဟုတ်တဲ့သူတွေလည်း ကျင့်လို့ရတယ် ဟုတ်လား။’

‘ဒါဆိုရင် လူတိုင်းက ဒီမိုးကြိုးကျင့်စဉ်ကို သင်ယူနိုင်တာပေါ့။ လူတိုင်း သင်ယူနိုင်တယ်ဆိုရင်တော့ ကျောင်းထွက်မယ့်သူ ရှိတော့မှာ မဟုတ်ဘူး။’

ရှန်ကျစ်ရှားမှာ သူမ၏ စိတ်ဓာတ်များ နောက်တစ်ကြိမ် ပြိုလဲသွားရပြန်သည်။ သူမ လူကြားထဲ ရှက်ရကျိုးပင် မနပ်တော့ပေ။ ဧကရာဇ်ဖြစ်မည့် လမ်းစမှာလည်း ပျောက်ကွယ်သွားပြန်ပြီ ဖြစ်သည်။ သူမသည် စူးချီ၏ လက်တွေ့ပြသမှုကို ကြည့်ရင်း အလွန်ပင် ဒေါသထွက်လာတော့သည်။

"သူ့ကို တကယ်ပဲ ကိုက်ပစ်ချင်တော့တာပဲ"

စူးချီကို သူမ အလွန်ပင် စိတ်ဆိုးနေမိသည်။ ဤတစ်ကြိမ်တွင်လည်း သူမ ရှုံးနိမ့်ရပြန်ပြီလား။ အကယ်၍ လူတိုင်း ကျင့်နိုင်သည်ဆိုပါက ဤကျင့်စဉ်တွင် အားနည်းချက် လုံးဝမရှိတော့ဘူးလား။

ရုတ်တရက် ရှန်ကျစ်ရှားသည် သူမကိုယ်တိုင် မိုးကြိုးကျင့်စဉ်ကို သင်ယူစဉ်က အတွေ့အကြုံကို သတိရသွားသည်။ ရွှေရောင်အလင်း ထွက်ပေါ်ရန် ခုနစ်ရက်နှင့် မိုးကြိုးကျင့်စဉ် တတ်မြောက်ရန် ခုနစ်ရက်၊ စုစုပေါင်း ၁၄ ရက် ကြာခဲ့သည်။

‘ဟုတ်ပြီ။’

‘အခွင့်အရေး ရှိသေးတာပဲ။’

‘မိုးကြိုးငါးသွယ် တရားကျင့်စဉ်က သင်ယူရတာ နည်းနည်းတော့ ခက်ခဲတယ် မဟုတ်လား။ ငါ့လို အဆင့်ငါး ကျင့်ကြံသူတောင် တစ်ပတ်လောက် ကြာတာဆိုရင် သာမန်လူတွေအတွက် တစ်ပတ်အတွင်းမှာ ဘာမှတတ်မှာ မဟုတ်ဘူး။’

‘အကယ်၍ တစ်ပတ်အတွင်းမှာ ဘာမှမတတ်တဲ့အခါ ကျောင်းသားတွေက ငွေပြန်တောင်းကြမှာပဲ။ ငါကလည်း ခုနစ်ရက်အတွင်း ငွေပြန်အမ်းပေးမယ်ဆိုတဲ့ စည်းကမ်းကို သတ်မှတ်ထားတာပဲလေ။ ငါသာ လူထုအမြင်ကို အနည်းငယ် လှုံ့ဆော်ပေးလိုက်ရင် ကျောင်းသားတွေ အစုလိုက်အပြုံလိုက် ငွေပြန်တောင်းပြီး ကျောင်းထွက်သွားကြမှာ သေချာတယ်။ ငါသာ ဧကရာဇ်ဖြစ်လာရင်တော့ ဘယ်သူကမှ ငါ့ကို ဘာမှပြောရဲမှာ မဟုတ်တော့ဘူး။’

ကျောင်းအုပ်ကြီးရှန်က သူမ၏ အစီအစဉ်အသစ်အတွက် ဝမ်းသာနေစဉ်မှာပင် စူးချီသည် သူ၏ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။ သူသည် သင်ယူမှုမြှင့်တင်ပေးသည့် ကတ်တစ်ခုကို လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ ကျောင်းသားများ ပိုမိုလျင်မြန်စွာ တတ်မြောက်စေရန်နှင့် သူကိုယ်တိုင်လည်း ဆရာကောင်းရမှတ်များ ပိုမိုရရှိစေရန် ဖြစ်သည်။ ထို့အပြင် သူ၏ ကိုယ်ပိုင်သင်ကြားရေးစနစ်နှင့် စနစ်မှပစ္စည်းများ ချိတ်ဆက်၍ ရ၊ မရကိုလည်း စမ်းသပ်လိုခြင်း ဖြစ်သည်။

စူးချီအနေဖြင့် ဤသို့လုပ်ဆောင်ရခြင်းမှာ ကျောင်းအုပ်ကြီးရှန်ကြောင့် ဖြစ်သည်။ အသက် ၂၈ နှစ်နှင့် အဆင့်ငါး ရှိသော ပါရမီရှင် ရှန်ကျစ်ရှားပင်လျှင် ဤကျင့်စဉ်ကို တတ်မြောက်ရန် နှစ်ပတ်ခန့် ကြာသည်ဆိုပါက သာမန်လူများအတွက် ပို၍ပင် ခက်ခဲမည်ဟု သူ ယူဆလိုက်မိခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ကျောင်းသားများ ခုနစ်ရက်အတွင်း အခြေခံတတ်မြောက်စေရန်အတွက် ဤကတ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူ၏ ဆရာကောင်းရမှတ် ခုနစ်သောင်းကိုးထောင်ကျော်ကို အသုံးပြု၍ ကျင့်စဉ်လျင်မြန်စွာ အောင်မြင်စေသောကတ်ကို လဲလှယ်လိုက်သည်။

"ကျင့်စဉ်လျင်မြန်စွာ အောင်မြင်စေသောကတ်ကို လဲလှယ်အောင်မြင်ပါသည်"

"လက်ရှိတွင် သင်တန်းနှစ်ခု ပြိုင်တူလွင့်နေပါသည်၊ မည်သည့်သင်တန်းကို အသုံးပြုမည်နည်း"

စူးချီက နယူးဗွိုင်းယေ့ဂျ်၏ သင်တန်းစနစ်ကို ရွေးချယ်လိုက်သည်။

"ချိတ်ဆက်မှု အောင်မြင်ပါသည်"

စနစ်၏ အရှိန်မြှင့်တင်မှုကြောင့် ကျောင်းသားများ၏ ကျင့်ကြံမှုမှာ ပိုမိုလျင်မြန်လာတော့မည် ဖြစ်သည်။ စူးချီသည် နောင်တွင် ပိုမိုစွမ်းအားကြီးသော နတ်ဘုရားကျင့်စဉ်များကိုပါ လဲလှယ်နိုင်ရန်အတွက် မျှော်လင့်ချက်များ ပြည့်နှက်နေတော့သည်။ အရှိန်မြှင့်တင်မှု တစ်ပတ်အတွင်းတွင် မည်မျှလောက်သော ကျောင်းသားများ မိုးကြိုးကျင့်စဉ်ကို တတ်မြောက်သွားကြမည်နည်းဆိုသည်ကို သူ သိလိုလှပေတော့သည်။

အခန်း (၇၈) - သင်ယူရန် အနည်းငယ် ခက်ခဲနေခြင်း

တိုက်ရိုက်ထုတ်လွှင့်နေသည့် သင်တန်းတွင် ဆရာစူးချီသည် ယင်မိုးကြိုးများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် တရားဝင် သင်ကြားမှုကို စတင်လိုက်သည်။

"ဒီကျင့်စဉ်ရဲ့ အနှစ်သာရကတော့ သွေးနဲ့စွမ်းအင်တွေကို လှုံ့ဆော်ပြီး ဝိညာဉ်အာရုံကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်"

ဆရာစူးချီသည် ခန္ဓာကိုယ်အတွင်း ရွှေရောင်အလင်း ဖြစ်ပေါ်လာပုံနှင့် ကျင့်ကြံမှုစနစ်အတွင်း ၎င်း၏ အရေးပါပုံတို့ကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

"ခန္ဓာကိုယ်အပြင်ဘက်က ရွှေရောင်အလင်းဟာ စိတ်ကို တည်ငြိမ်စေပြီး ဆုံးဖြတ်ချက်ကို ခိုင်မာစေနိုင်သလို မကောင်းဆိုးဝါးတွေကိုလည်း နှိမ်နင်းနိုင်စွမ်း ရှိပါတယ်"

"တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားတဲ့ ရွှေရောင်အလင်းဟာ မိုးကြိုးငါးသွယ် တရားကျင့်စဉ်ရဲ့ အခြေခံအဆင့်ကို ရောက်ရှိသွားပြီဆိုတဲ့ အမှတ်အသားလည်း ဖြစ်ပါတယ်"

"သွေးနဲ့စွမ်းအင် လည်ပတ်မှုပုံစံကို မှတ်တမ်းတင်ထားကြပါ၊ နောက်မှာ ရွှေရောင်အလင်းကို ဘယ်လိုထုတ်ရမလဲဆိုတာ ဆက်ပြီး ရှင်းပြပေးပါ့မယ်"

မူရင်းပုံပြင်များထဲတွင် ရွှေရောင်အလင်းဆိုသည်မှာ မွေးရာပါ စွမ်းအင်များကို အသုံးပြု၍ စိတ်ဝိညာဉ်ကို မြင့်မားစေခြင်း ဖြစ်သည်။ ၎င်းသည် စိတ်ဓာတ်ကို ကြံ့ခိုင်စေကာ မကောင်းဆိုးဝါးများကို ဟန့်တားနိုင်သည့်အပြင် မိုးကြိုးကျင့်စဉ်အတွက် အခြေခံအုတ်မြစ်လည်း ဖြစ်သည်။ ဆရာစူးချီ၏ ကျင့်စဉ်မှာမူ စနစ်၏ အကူအညီဖြင့် ဤကမ္ဘာ၏ နိယာမများနှင့် ကိုက်ညီအောင် ပြုပြင်ထားခြင်း ဖြစ်သော်လည်း မူလစွမ်းရည်များမှာမူ လျော့နည်းသွားခြင်း မရှိပေ။

ဤရှင်းပြချက်ကြောင့် ကျောင်းသားများအကြားတွင် ဆွေးနွေးမှုများ ဖြစ်ပေါ်လာတော့သည်။

"ဝိညာဉ်အာရုံ ဟုတ်လား၊ သူ အခုပဲ ဝိညာဉ်အာရုံလို့ ပြောလိုက်တာလား"

"ဒါက အဆင့်ငါးရောက်မှ ဖြစ်နိုင်တာ မဟုတ်ဘူးလား"

"အဆင့်ငါးမှာ ဝိညာဉ်အာရုံ ပေါ်လာပြီး အဆင့်ခြောက်မှာ စိတ်ဝိညာဉ် ဖြစ်တည်တာလေ၊ သွေးနဲ့စွမ်းအင်ကို သုံးပြီး ဝိညာဉ်အာရုံကို ကြိုတင်နှိုးဆွလို့ ရတာလား"

"ငါတော့ နားမလည်တော့ဘူး၊ ဒါပေမဲ့ တကယ့်ကို အံ့သြဖို့ကောင်းတာပဲ"

မှတ်ချက်များကို ကြည့်ရင်း ဆရာစူးချီက ဆက်လက်ရှင်းပြသည်။

"အခုလောလောဆယ် နားမလည်ရင်လည်း ကိစ္စမရှိပါဘူး၊ ငါပြောတာကိုပဲ မှတ်ထားလိုက်ပါ"

"နောက်ထပ် ရွှေရောင်အလင်းကို ဘယ်လိုထုတ်မလဲဆိုတာ ဆက်ပြောမယ်"

"ရွှေရောင်အလင်းဆိုတာ ဝိညာဉ်အာရုံရဲ့ ပြင်ပထုတ်လွှင့်မှု တစ်ခုပါပဲ၊ ရွှေရောင်အလင်း ထွက်ပေါ်လာတယ်ဆိုတာ ဝိညာဉ်အာရုံ ပြန့်ကားလာတာ ဖြစ်ပါတယ်"

"ဒါကို လုပ်ဖို့ဆိုရင် အဆောင်မန္တန်တွေ ရေးဆွဲသလိုမျိုး မန္တန်တွေကို ရွတ်ဆိုဖို့ လိုအပ်ပါတယ်"

ဆရာစူးချီသည် ပြောပြောဆိုဆိုဖြင့် မျက်နှာပြင်ပေါ်တွင် သီးသန့်မန္တန်များကို ဖော်ပြလိုက်သည်။

"ဒီမန္တန်ကို အားလုံး အလွတ်မှတ်ထားကြပါ၊ ဒါက ရွှေရောင်အလင်း မန္တန်ပဲ ဖြစ်ပါတယ်"

"ကောင်းကင်နှင့် မြေကြီး၏ နက်နဲသော ဂမ္ဘီရတံခါး၊ ခပ်သိမ်းသော စွမ်းအင်တို့၏ မြစ်ဖျားခံရာ၊ ကုဋေကုဋာသော ကမ္ဘာတို့တွင် ကျင့်ကြံအားထုတ်၍ ငါ၏ တန်ခိုးစွမ်းအားကို သက်သေပြအံ့၊ ငါ၏ကိုယ်၌ ရွှေရောင်အလင်းရှိစေကာ ကာကွယ်စောင့်ရှောက်စေသတည်း"

အချိန်အနည်းငယ်အတွင်းမှာပင် ဆရာစူးချီသည် အဓိကအချက်များကို ရှင်းပြပြီးစီးသွားခဲ့သည်။ သင်တန်းအပြီးတွင် စူးချီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ အားလုံးကို အလေးအနက် သတိပေးလိုက်သည်။

"တစ်ခုတော့ ပြောချင်ပါတယ်၊ မိုးကြိုးငါးသွယ် တရားကျင့်စဉ်ကို သင်ယူနေသူတွေအနေနဲ့ နယူးဗွိုင်းယေ့ဂျ်ရဲ့ ကိုယ်ပိုင်စနစ်ကို အသုံးပြုပြီး လေ့လာကြဖို့ မျှော်လင့်ပါတယ်"

"ဒီနေရာမှာ လေ့လာတာက ပိုပြီးတော့ ထိရောက်မှု ရှိပါလိမ့်မယ်"

စနစ်၏ တည်ရှိမှုနှင့် သင်ယူမှုမြှင့်တင်ပေးသည့် ကတ်အကြောင်းကို သူ ရှင်းပြ၍ မရသဖြင့် ဤကဲ့သို့သာ သတိပေးနိုင်ခြင်း ဖြစ်သည်။ ကျောင်းသားများအနေဖြင့် သူ၏စကားကို နားထောင်ကြလိမ့်မည်ဟုသာ သူ မျှော်လင့်ရတော့သည်။ သို့သော် ဆရာများ၏ စကားကို ကျောင်းသားတိုင်း နားမထောင်တတ်ကြသကဲ့သို့ စူးချီ၏ စကားကိုလည်း လူအများက အလေးမထားခဲ့ကြပေ။ ဆရာစူးချီက သူ၏ ကိုယ်ပိုင်စနစ်ကို ကြော်ငြာနေသည်ဟုသာ သူတို့ ထင်မြင်နေကြသည်။

သင်တန်းပြီးဆုံးသွားသောအခါ လူတိုင်းမှာ ဇဝေဇဝါ ဖြစ်နေကြရသည်။ ပုံမှန်အားဖြင့် အဆင့်ငါးသို့ ရောက်ရှိခြင်းကို ဝိညာဉ်ပြုစုပျိုးထောင်ခြင်း အဆင့်ဟု ခေါ်ဆိုကြသည်။ ထိုအဆင့်တွင် ဝိညာဉ်အာရုံကို ကိုယ်တိုင်ဖြစ်ပေါ်စေရန် ကြိုးစားကြရခြင်း ဖြစ်သည်။ ထို့နောက်တွင်မှ ဝိညာဉ်အာရုံမှာ တဖြည်းဖြည်း အားကောင်းလာပြီး အဆင့်ခြောက်တွင် ခန္ဓာကိုယ်ပြင်ပသို့ ထွက်ခွာနိုင်သည့် အခြေအနေသို့ ရောက်ရှိခြင်း ဖြစ်သည်။

ဤကမ္ဘာရှိ ကျင့်ကြံသူများသည် ဤစနစ်ကိုသာ ယဉ်ပါးနေကြသူများ ဖြစ်သည်။ ဝိညာဉ်အာရုံ ပေါ်ထွက်လာခြင်းနှင့် စိတ်ဝိညာဉ် ဖြစ်တည်ခြင်းတို့ကြားတွင် အဆင့်တစ်ခုသာ ခြားသဖြင့် လူအများက ဝိညာဉ်အာရုံကို ခန္ဓာကိုယ်ဆင့်ကဲဖြစ်စဉ်၏ ရလဒ်တစ်ခုအဖြစ်သာ ယူဆထားကြသည်။ ဝိညာဉ်အာရုံကို သီးသန့်လေ့လာခြင်း သို့မဟုတ် သွေးနှင့်စွမ်းအင် အကြောမှတ်များကို အသုံးပြု၍ နှိုးဆွနိုင်လိမ့်မည်ဟု မည်သူမျှ မတွေးခဲ့ဖူးပေ။

ဆရာစူးချီသည် ပညာရေးနယ်ပယ်တွင် တကယ့်ကို တော်လှန်ပြောင်းလဲမှုများ ပြုလုပ်နိုင်သည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေတော့သည်။ သို့သော် ဤအံ့အားသင့်မှုများပြီးနောက် ကျောင်းသားများအကြားတွင် တုံ့ပြန်မှု နှစ်မျိုး ကွဲပြားသွားခဲ့သည်။

တစ်ဖက်တွင်မူ သင်ယူမှုမြှင့်တင်ပေးသည့် ကတ်နှင့် ချိတ်ဆက်ထားသော နယူးဗွိုင်းယေ့ဂျ်၏ ကိုယ်ပိုင်စနစ်မှ သင်ယူနေကြသည့် အဆုတ်ဒဏ်ရာရ စစ်သည်နှစ်သိန်းမှာမူ တစ်စုံတစ်ခုကို တစ်ပြိုင်တည်း ရရှိသွားကြသကဲ့သို့ ခံစားလိုက်ရသည်။ ထိုစနစ်ရှိ မှတ်ချက်များမှာ အလွန်ပင် ကောင်းမွန်နေသည်။

"ကျွန်တော်တော့ တစ်ခုခုကို သဘောပေါက်သွားသလိုပဲ"

"နည်းနည်းတော့ ခက်ပေမဲ့ ခံစားချက်တစ်ခုတော့ ရလာပြီ"

"ငါတော့ နားလည်သွားပြီ"

"ဆရာစူးက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ၊ ဒီလိုနည်းနဲ့လည်း ကျင့်လို့ရတာကိုး"

အခြားတစ်ဖက်တွင်မူ ကူးစ်ဆက်သွယ်ရေးစနစ်မှ သင်ယူနေကြသည့် ဟောင်းကျောင်းသား တစ်သိန်းနှင့် အသင်းဝင်မဟုတ်သော ကြည့်ရှုသူ တစ်သန်းခန့်မှာမူ လုံးဝ ဇဝေဇဝါ ဖြစ်နေကြရသည်။

သွေးနဲ့စွမ်းအင်အကြောင်းကိုတောင် သေချာမတတ်သေးဘူး၊ အခု စွမ်းအားစနစ်အသစ်တစ်ခု ထပ်ပေါ်လာပြန်ပြီလား ဟု သူတို့ ညည်းတွားနေကြသည်။

လူသားတို့၏ တိုးတက်မှုတွင် အတွေ့အကြုံနှင့် အသိပညာမှာ အလွန်အရေးကြီးသည်။ နယူတန်က သူ၏ အောင်မြင်မှုမှာ လူစွမ်းကောင်းများ၏ ပုခုံးပေါ်တွင် ရပ်နေသောကြောင့် ဖြစ်သည်ဟု ဆိုခဲ့ဖူးသည်။ ဤကမ္ဘာတွင်လည်း ကိုယ်ခံပညာ အသစ်ဖန်တီးမှုများ၏ ၉၉ ရာခိုင်နှုန်းမှာ သွေးနှင့်စွမ်းအင်အပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။

သို့သော် ဆရာစူးချီ၏ နည်းလမ်းမှာမူ ရှိနှင့်ပြီးသား အတွေ့အကြုံများ၏ ပြင်ပတွင် ရှိနေသည်။ စနစ်၏ အကူအညီမပါဘဲ မည်သူမျှ လွယ်လွယ်ကူကူ သင်ယူနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူအများမှာ နားမလည်နိုင်ဘဲ ဖြစ်နေကြရသည်။

"နားမလည်ဘူး၊ အရမ်းခက်တာပဲ"

"မိန်းကလေးတွေနဲ့ စကားများရတာထက်တောင် ပိုပြီး ခက်နေသေးတယ်"

"ဒါကို သင်ဖို့က တကယ်ကို မလွယ်ဘူး"

ကူးစ်ဆက်သွယ်ရေးစနစ်မှ မှတ်ချက်များမှာ သင်တန်းပြီးနောက် လုံးဝ ဇဝေဇဝါ ဖြစ်နေကြကြောင်းနှင့် ဤကျင့်စဉ်မှာ သင်ယူရန် အလွန်ခက်ခဲသဖြင့် သူတို့ သင်ယူနိုင်မည် မဟုတ်ကြောင်းများသာ ဖြစ်နေသည်။

ဘေးတစ်နေရာတွင် ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် ကျောင်းအုပ်ကြီးရှန်သည် ထိုမှတ်ချက်များကို ကြည့်လိုက်သောအခါ သူမ၏ မျက်ဝန်းများမှာ တောက်ပသွားတော့သည်။

"လာပြီ လာပြီ၊ ငါထင်တဲ့အတိုင်းပဲ"

"ဒီလောက် ခက်ခဲနက်နဲတဲ့ ကျင့်စဉ်မျိုးကို ကျောင်းသားတွေက တစ်ပတ်၊ နှစ်ပတ်နဲ့ ဘယ်တတ်နိုင်ပါ့မလဲ"

"အဲဒီအချိန်ကျရင် ကျောင်းအုပ်ကြီးရှန်က သင်လို့မရရင် ငွေပြန်ထုတ်လို့ရတယ်လို့ အနည်းငယ် လမ်းဖွင့်ပေးလိုက်ရင်"

"ငါ့အတွက် ရမှတ်တွေ အလုံးအရင်းနဲ့ ဝင်လာတော့မှာပဲ"

တစ်ချိန်တည်းမှာပင် မိသားစုကြီးများ၏ အမြင်မှာလည်း ကျောင်းအုပ်ကြီးရှန်နှင့် ထပ်တူကျနေသည်။ ဆရာစူးချီသည် ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း ဝိညာဉ်အာရုံကို အသုံးပြုသည့် နည်းလမ်းမှာ သင်ယူရန် အလွန်ပင် ခက်ခဲလှသည်ဟု သူတို့ ယူဆလိုက်ကြသည်။

ရှောင်မိသားစုက "ဒီကျင့်စဉ်က ကောင်းပေမဲ့ လူတိုင်းဆီ ပြန့်နှံ့ဖို့ကတော့ ခက်လိမ့်မယ်" ဟု မှတ်ချက်ပြုကြသလို ချူမိသားစုကလည်း "သင်ယူဖို့ ခက်ခဲတာက ဒီကျင့်စဉ်ရဲ့ အားနည်းချက်ပဲ၊ လူအများကြီး သင်ယူနိုင်မှာ မဟုတ်ဘူး" ဟု ယူဆကြသည်။

ထိုအချိန်တွင် ထန်မိသားစု၏ အကြီးအကဲ ထန်ဟောက်မှာမူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

"ဆရာစူးချီက ဒီလောက်အထိ ပါရမီရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

သူ၏ စကားထဲတွင် ချီးမွမ်းသံနှင့်အတူ စိုးရိမ်မှုများလည်း ပါဝင်နေသည်။ မိုးကြိုးငါးသွယ် တရားကျင့်စဉ်၏ စွမ်းအားကို မြင်လိုက်ရစဉ်က သူသည် မူပိုင်ခွင့်များဖြင့်သာ တားဆီးရန် စဉ်းစားခဲ့သည်။ သို့သော် စူးချီက ဝိညာဉ်အာရုံကို အသုံးပြု၍ မိုးကြိုးထုတ်သည့် နည်းလမ်းကို ရှင်းပြလိုက်သောအခါ သူ အလွန်ပင် ထိတ်လန့်သွားခဲ့ရသည်။

ပါရမီရှင်တစ်ဦး၏ ရှေ့မှောက်တွင် မူပိုင်ခွင့်ဆိုသည်မှာ ရယ်စရာတစ်ခုသာ ဖြစ်သည်။ သို့သော် ဆရာစူးချီ သင်ပြနေသည်ကို ကြည့်ရင်း ထန်ဟောက်သည် မျှော်လင့်ချက် အလင်းရောင်တစ်ခုကို မြင်တွေ့လိုက်ရသည်။

ဤကျင့်စဉ်မှာ သင်ယူရန် အလွန်ခက်ခဲလှသည်။ လူအများ တတ်မြောက်ရန်အတွက် အချိန်အတန်ကြာ ပေးရပေလိမ့်မည်။ ထိုအချိန်အတောအတွင်းမှာပင် ထန်မိသားစုအတွက် အခွင့်အရေး ရှိနေသေးသည်။

"ကောင်းကင်ဘုံက ထန်မိသားစုကို မဖျက်ဆီးသေးပါဘူး၊ ဒီအခက်အခဲက ငါတို့အတွက် မျှော်လင့်ချက် အလင်းရောင်တစ်ခုပါပဲ"

"မင်းတို့တွေ သွားပြီး ပြင်ဆင်ကြတော့၊ ဒီကျင့်စဉ် မပြန့်နှံ့အောင် နည်းမျိုးစုံနဲ့ တားဆီးကြစမ်း"

"သူက မူပိုင်ခွင့်ကို ကျော်လွှဲနိုင်ခဲ့ရင်တောင် ငါတို့က မူပိုင်ခွင့် အငြင်းပွားမှုတွေ ရှိတယ်လို့ အကြောင်းပြပြီး ဒီသင်တန်းတွေကို ခေတ္တပိတ်ထားအောင် လုပ်လို့ရတာပဲ"

All Chapters