← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁) - မရဏတိုက်ပွဲခေါ်သံ၏ နိဒါန်း

လဝက်ခန့် ကြာမြင့်ပြီးနောက် ခံတပ်ကြီး တစ်ခု၏ အတွင်းခန်းတွင် အရေးကြီးသော အစည်းအဝေး တစ်ခုလုပ်နေသည်။

ဖူကျန်းသည် သူ၏ လက်အောက်ငယ်သားများ တင်ပြသည့် ပြီးခဲ့သည့်လ ဝင်ငွေစာရင်းကို နားထောင်နေသည်။ တာဟဲစျေးမြို့တော်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော ရုတ်ရုတ်သဲသဲ အခြေအနေများကြောင့် ချက်ချင်း အသက်သွင်း အသုံးပြုနိုင်သည့် အဆင့်နိမ့် မှော်စာရွက် များမှာ တစ်ကိုယ်တော်ကျင့်ကြံသူများအကြား အလွန်ပင် ရေပန်းစားနေခဲ့သည်။ ရလဒ်အနေဖြင့် ပြီးခဲ့သည့်လတွင် ဝိညာဉ်ကျောက်တုံး သုံးထောင်ခန့် အသားတင်အမြတ် စုဆောင်းနိုင်ခဲ့လေသည်။

သို့သော်လည်း ဖူကျန်းမှာမူ ဤကိန်းဂဏန်းအပေါ် စိတ်တိုင်းကျခြင်း မရှိသေးပေ။ ဖူမျိုးနွယ်စုတွင် ကျင့်ကြံသူပေါင်း ငါးဆယ်ကျော်ရှိပြီး ၎င်းတို့အနက် ငါးဦးမှာ သူနှင့်တန်းတူ ချီသန့်စင် အဆင့် ၉ သို့ ရောက်ရှိထားသူများ ဖြစ်ကြသည်။ ဤမျှ များပြားသော လူအင်အားအတွက် ကျင့်ကြံမှု ကုန်ကျစရိတ်မှာ တောင်ပုံရာပုံ ရှိနေသည် မဟုတ်ပါလော။

ထို့ထက် ပို၍ စိုးရိမ်ရသည်မှာ ဤနှုန်းအတိုင်းဆိုလျှင် အခြေတည်ဆေးလုံး တစ်လုံး ဝယ်ယူနိုင်ရန် မည်မျှကြာအောင် စောင့်ရမည်နည်း။ အကယ်၍ သူသာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိပါက ဖူမျိုးနွယ်စု၏ 'အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စု' ဟူသော ဂုဏ်ပုဒ်မှာ ဆယ်စုနှစ်တစ်ခုအတွင်း မှေးမှိန်ပျောက်ကွယ်သွားပေလိမ့်မည်။

"ကံကောင်းတာက ဖိုရှန်းဂိုဏ်းရဲ့ မိစ္ဆာသားရဲ ကုန်သွယ်မှုမှာ ငါတို့ ဝေစုရခဲ့လို့ပဲဟေ့.... ဒါက မှော်စာရွက်လုပ်ဖို့ လိုအပ်တဲ့ သားရေနဲ့ မင်ကုန်ကျစရိတ်ကို အတော်လေး လျှော့ချပေးနိုင်လိမ့်မယ်"

မိစ္ဆာသားရဲများ၏ ကျောသားရေမှာ မှော်စာရွက် ပြုလုပ်ရန် အလွန်ကောင်းမွန်သော ကုန်ကြမ်းဖြစ်ပြီး၊ ၎င်းတို့၏ သွေးကို အချို့သော သတ္တုရိုင်းများနှင့် စနစ်တကျ ရောစပ်လိုက်ပါက အစွမ်းထက်လှသော အဆောင်မင်ရည်များကို ရရှိနိုင်သည်။ ဤဝင်ငွေလမ်းကြောင်း နှစ်ခုကြောင့် သူတို့မှာ နယ်မြေအပို ရရှိသည်ထက်ပင် ပိုမို အဆင်ပြေနေခြင်း ဖြစ်သည်။ ဖူကျန်းတစ်ယောက် စာရင်းစာအုပ်ကို ပိတ်လိုက်ရာ သူ၏ ညိုမှောင်နေသော မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားသည်။

"မြို့တွင်းက ငါတို့ဆိုင်လည်း အခြေအနေ ကောင်းလာတယ်လို့ ကြားတယ်၊ နေ့တိုင်း လူဒါဇင်နဲ့ချီ လာနေကြတာဆိုတော့ တာဟဲဈေးမြို့တော်က တစ်ကိုယ်တော် ကျင့်ကြံသူတွေလည်း ဖူမျိုးနွယ်စုရဲ့ မှော်စာရွက် အတတ်ပညာကို အသိအမှတ်ပြုလာကြပြီ ထင်ပါရဲ့၊ ဒါကြောင့် ငါတို့က...."

သူ စကားမဆုံးသေးမီမှာပင် မြို့တွင်းဆိုင်ကို တာဝန်ယူထားရသော တတိယမြောက်ညီဖြစ်သူ ဖူကျွယ်သည် စိုးရိမ်ထိတ်လန့်နေသော မျက်နှာထားဖြင့် ဝင်ရောက်လာသည်။

"ညီလေး.... ဘာဖြစ်လို့လဲ၊ မင်း ပုံစံက တော်တော်လေး ပျာယာခတ်နေပါလား၊ မင်းရဲ့ ပုံမှန် တည်ငြိမ်တဲ့ စရိုက်နဲ့ မတူဘူး" ဟု ဖူကျန်းက ပြုံး၍ ဆိုလိုက်သည်။

ဖူကျွယ်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

"အစ်ကိုကြီး.... အဘိုး မကွယ်လွန်ခင်တုန်းက သွေးမှော်စာရွက် ရေးဆွဲနည်းလိုမျိုး လျှို့ဝှက်ကျင့်စဥ်တွေကို ချန်ထားခဲ့တာ ရှိလားဗျ...."

"သွေးမှော်စာရွက် ဟုတ်လား"

ဖူကျန်း ခေတ္တမျှ မှင်တက်သွားရသည်။ ခန်းမအတွင်းရှိ အခြား ဖူမျိုးနွယ်စုဝင် ကျင့်ကြံသူများလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

ကျင့်ကြံခြင်းလောကတွင် သွေးမှော်စာရွက်များ အမှန်တကယ် တည်ရှိသည်မှာ မှန်သော်လည်း၊ ဖူမျိုးနွယ်စုမှာမူ ထိုကဲ့သို့သော မိစ္ဆာကျင့်စဥ်များကို တစ်ခါမျှ လေ့ကျင့်ခဲ့ခြင်း မရှိပေ။ သူ၏ အစ်ကိုကြီးမှာ အမှန်တကယ်ပင် မသိရှိကြောင်း မြင်လိုက်ရသောအခါ ဖူကျွယ်က ပူပန်စွာဖြင့် ရှင်းပြလေတော့သည်။

"မကြာသေးခင်က ကျွန်တော်တို့ဆိုင်မှာ အရောင်းအဝယ် ကောင်းနေပေမယ့် လူတွေက သွေးမှော်စာရွက်တွေအကြောင်းပဲ တကောက်ကောက် လိုက်မေးနေကြတာ.... ဒါတွေက မိစ္ဆာလမ်းစဉ်ရဲ့ အဆောင်တွေလေ၊ ဒါတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်တို့မှ လုံးဝ မသိတာ.... သိခဲ့ရင်တောင် ကျွန်တော်တို့ ဒါမျိုးတွေကို လုပ်ရဲမှာ မဟုတ်ဘူး"

ဖူကျန်း၏ မျက်ခုံးနှစ်ခုကြားတွင် အရေးအကြောင်းများ ထင်ဟပ်သွားကာ မျက်မှောင်ကြီး ကြုတ်သွားတော့သည်။

"တစ်စုံတစ်ယောက်က ဖူမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို နာမည်ဖျက်ဖို့ ကြိုးစားနေတာပဲကွ"

"မှန်တယ် အစ်ကိုကြီး" ဟု ဖူကျွယ်က ချက်ချင်း ထောက်ခံသည်။

"ကျွန်တော်လည်း အဲဒီလိုပဲ တွေးမိတယ်"

ဖူကျန်းက ပြန်မေးလိုက်သည်။

"ဒါဆို ဘယ်သူဖြစ်နိုင်မလဲ"

ခန်းမအတွင်း၌ ထင်ကြေးအမျိုးမျိုးဖြင့် ဆူညံသွားပြီး သံသယရှိဖွယ် နာမည်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

တာဟဲဈေးမြို့တော်တွင် မှော်စာရွက် ရေးဆွဲသည့် လုပ်ငန်းကို ဖူမျိုးနွယ်စု တစ်ခုတည်း လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ယခင်က မဟာမိတ်ဖြစ်ခဲ့သော ချန်မျိုးနွယ်စု သည်လည်း မှော်စာရွက် အတတ်ပညာတွင် ပါဝင်ပတ်သက်နေသည်။ သို့သော် အကြီးမားဆုံး သံသယရှိဖွယ်မှာ နတ်ဘုရားမှော်စာရွက်နန်းတော်ပင် ဖြစ်သည်။

ဖူမျိုးနွယ်စု၏ ဈေးနှုန်းချိုသာသော မှော်စာရွက်များမှာ နတ်ဘုရားမှော်စာရွက်နန်းတော်၏ အရောင်းအဝယ်ကို သိသိသာသာ ခြိမ်းခြောက်လာခဲ့သည်။ ပြင်ပဂိုဏ်းကြီးတစ်ခု၏ နောက်ခံရှိသော ထိုဆိုင်အနေဖြင့် ဒေသခံ အင်အားစုများကို တိုက်ရိုက် အရေးယူရန် ခက်ခဲသော်လည်း ကောလာဟလ ဖြန့်ခြင်းမှာမူ သူတို့အတွက် အလွန်ပင် လွယ်ကူသော ကိစ္စဖြစ်သည်။

အခြေအနေမှာ လက်လွန်သွားနိုင်ကြောင်း သိလိုက်သဖြင့် ဖူကျန်းသည် လက်ကို မြှောက်ကာ အားလုံးကို တိတ်ဆိတ်စေလိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်၏ အရှိန်အဝါကြောင့် ခန်းမကြီးမှာ ချက်ချင်းပင် ငြိမ်သက်သွားတော့သည်။

"ဒီကိစ္စကို သေချာ ကိုင်တွယ်ရမယ်၊ ပထမဆုံးအနေနဲ့ ဖူမျိုးနွယ်စုမှာ သွေးမှော်စာရွက် အတတ်ပညာနဲ့ ပတ်သက်ပြီး လုံးဝ မသိရှိကြောင်း လူသိရှင်ကြား ကြေညာလိုက်ပါ၊ ဒုတိယအချက်အနေနဲ့ ငါတို့ မျိုးနွယ်စုဝင်တွေ အပြင်သွားတဲ့အခါ အထူးသတိထားကြဖို့ ညွှန်ကြားလိုက်ပါ၊ နောက်ဆုံးအနေနဲ့ စားသောက်ဆိုင်မှာ ငါ့အတွက် စားပွဲတစ်လုံး ပြင်ဆင်ပြီး ချန်မျိုးနွယ်စုခေါင်းဆောင်နဲ့ နတ်ဘုရားမှော်စာရွက်နန်းတော်က ကြီးကြပ်ရေးမှူးချွီ တို့ကို ဖိတ်လိုက်ပါ၊ သူတို့နဲ့ ငါ အရင် ဆွေးနွေးကြည့်မယ်"

ဤဆုံးဖြတ်ချက် သုံးခုကို ချလိုက်ပြီးနောက် ဖူမျိုးနွယ်စု ကျင့်ကြံသူများမှာ ခေါင်းညိတ် ထောက်ခံကြလေတော့သည်။ အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်တိုင်းတွင် သူတို့၏ ခေါင်းဆောင်မှာ မှန်ကန်သော ဆုံးဖြတ်ချက်ကို အမြဲ ချမှတ်နိုင်ခဲ့သူ မဟုတ်ပါလော။

အဘိုးကြီးဖူ ကွယ်လွန်သွားချိန်ကလည်း မျိုးနွယ်စုခေါင်းဆောင် ဖူကျန်းသည် ပြင်းထန်သော ကန့်ကွက်မှုများကို အန်တုကာ၊ ပြိုင်ဆိုင်မှု ပြင်းထန်လှသော ထျန်းလန်နတ်ဘုရားမြို့တော်မှ ဤတာဟဲဈေးမြို့တော်သို့ မျိုးနွယ်စုတစ်ခုလုံးကို ရွှေ့ပြောင်းလာခဲ့သူ ဖြစ်သည်။ ဤနေရာမှာ ဝေးလံခေါင်သီသော်လည်း သယံဇာတ ပေါများပြီး အလားအလာ ကောင်းမွန်လှသည်။ နောက်ထပ် ဆယ်စုနှစ် အနည်းငယ်သာ အချိန်ရပါက ဖူမျိုးနွယ်စုသည် စစ်မှန်သော အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စု ဂုဏ်ပုဒ်ကို ပြန်လည် ရယူနိုင်မည်မှာ မလွဲဧကန်ပင်ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် တာဟဲ စျေးမြို့တော်တစ်ခုလုံး၌ ကောလာဟလတစ်ခုမှာ တောမီးကဲ့သို့ ပျံ့နှံ့နေခဲ့သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုကြီးငါးခုအနက် မူလကပင် ရှိနေခဲ့သော တွမ် နှင့် လီ မျိုးနွယ်စုတို့အပြင်၊ အသစ်ရောက်ရှိလာသော မျိုးနွယ်စု သုံးခုတွင်လည်း ကိုယ်ပိုင် အစွမ်းအစများ ရှိကြသည်။ သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးမျှ မရှိဘဲနှင့် ချန်မျိုးနွယ်စုနှင့် ဖူမျိုးနွယ်စုတို့မှာ အဘယ်ကြောင့် ဤမျှ အရှိန်အဝါ ကြီးမားနေရသနည်း ဆိုသည့် လျှို့ဝှက်ချက်ကို လူတိုင်းသိချင်နေကြပေသည်။

ချန်မျိုးနွယ်စုတွင်မူ သွေးမျိုးဆက် လက်ဆင့်ကမ်း ရတနာများ ရှိကြသည်။ သူတို့၏ ပါရမီရှင် ချန်ဟောက်ရန်သည် ချင်းကျန်းလမ်းမကြီး တိုက်ပွဲတွင် သေဆုံးသွားခဲ့သော်လည်း ထိုရတနာများကို သူတို့ ပြန်လည် ရယူနိုင်ခဲ့သဖြင့် သူတို့တွင် အဆင့်အတန်းကို ကာကွယ်ရန် လုံလောက်သော တိုက်ခိုက်ရေး စွမ်းအား ရှိနေသေးသည်။ သို့သော် ထျန်းလန်မြို့တော်မှ လာသော ဖူမျိုးနွယ်စုမှာမူ မှော်စာရွက် အတတ်ပညာအပြင် အခြား မည်သည့်အရာက သူတို့အား ကျန်မျိုးနွယ်စု လေးခုနှင့် တန်းတူ ဖြစ်စေသနည်း။

မှော်စာရွက် ကုန်သွယ်မှုဆိုသည်မှာ အချိန်ကုန်၊ လူပင်ပန်းပြီး အမြတ်နည်းလှသော လုပ်ငန်း ဖြစ်သည်။ ၎င်းသည် နေ့စဉ် ကုန်ကျစရိတ်အတွက် လုံလောက်သော်လည်း လွှမ်းမိုးမှုရှိသော အဆင့်အတန်းတစ်ခုကို ထိန်းသိမ်းရန်မှာမူ အလွန်ပင် ခက်ခဲလှသည်။

တဖြည်းဖြည်းနှင့် မည်သူက အစပြုလိုက်သည် မသိ။ အတွင်းသိများသာ သိကြသည့် လျှို့ဝှက်ချက် ဟူသည့် တုန်လှုပ်ဖွယ် သတင်းတစ်ခုကို လူတချို့က ထုတ်ဖော်လိုက်လေသည်။ ထိုအတွင်းလူသာ သိသည် ဆိုသည့် လျှို့ဝှက်ချက်သည် အပြင်၌ တစတစ ပျံ့နှံ့နေတော့သည်။

ထိုကောလဟာလမှာ ဖူမျိုးနွယ်စုသည် သူတို့၏ အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စု ဂုဏ်ပုဒ်ကို ထိန်းသိမ်းနိုင်ရန် ယုံကြည်ချက် ရှိနေခြင်းမှာ သူတို့ လက်ဆင့်ကမ်း ရထားသော အဆောင်ရတနာများကြောင့်သာ မဟုတ်ဘဲ 'သွေးမှော်စာရွက် ရေးဆွဲခြင်း' ဟူသော လျှို့ဝှက်မိစ္ဆာကျင့်စဥ်ကို တတ်မြောက်ထားသောကြောင့် ဖြစ်သည်ဟူ၍ပင်။

အခြားမှော်စာရွက်များနှင့် မတူသည်မှာ၊ သွေးမှော်စာရွက်များသည် အသုံးပြုမှု အကန့်အသတ် မရှိဘဲ ကြောက်မက်ဖွယ်ကောင်းလှသည်။ လူ့အရေခွံကို အဆောင်စက္ကူအဖြစ် သုံးကာ ကျင့်ကြံသူ၏ အမြူတေ သွေးများကို မှင်အဖြစ် အသုံးပြု၍ ရေးဆွဲရသော ထိုမိစ္ဆာလက်နက်များသည် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် စွမ်းအားကို ချက်ချင်းပင် ထုတ်ဖော်ပေးနိုင်သည်။

အကယ်၍ ချီသန့်စင် အဆင့် ၉ ရှိသူ၏ အရေခွံနှင့် သွေးကို သုံး၍ ရေးဆွဲထားပါက၊ ၎င်း၏ စွမ်းအားမှာ ချီသန့်စင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူ၏ အစွမ်းကုန် တိုက်ကွက်တစ်ခုနှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်။ ထို့ထက် ပို၍ အရေးကြီးသည်မှာ ၎င်းတို့ကို အမြောက်အမြား လွယ်လင့်တကူ ထုတ်လုပ်နိုင်ခြင်းပင် ဖြစ်ပေသည်။

ဤသတင်း ပျံ့သွားသည်နှင့် တာဟဲဈေးမြို့တော်ရှိ တစ်ကိုယ်တော် ကျင့်ကြံသူ အမြောက်အမြား တုန်လှုပ်ကုန်ကြသည်။ ဖူမျိုးနွယ်စုက သူတို့ကို ဖမ်းဆီးကာ အရေခွံနွှာ၍ သွေးဖောက်ပြီး သွေးမှော်စာရွက်များ လုပ်နေမည်ကို စိုးရိမ်ကြသလို တစ်ဖက်တွင်လည်း မိမိတို့ကိုယ်မိမိ ကာကွယ်ရန်အတွက် ထိုမှော်စာရွက်တစ်ခုကို အသည်းအသန် ရယူလိုကြသည်။

မြို့တွင်းရှိ ဖူမျိုးနွယ်စု၏ ဆိုင်များတွင် စုံစမ်းဝယ်ယူလိုသူများဖြင့် ပြည့်နှက်သွားတော့သည်။

ဖူမျိုးနွယ်စု ကျင့်ကြံသူများက ၎င်းတို့တွင် ထိုကဲ့သို့သော ကျင့်စဥ် မရှိကြောင်းနှင့် ရောင်းချခြင်းလည်း မရှိကြောင်း ထပ်ခါတလဲလဲ ငြင်းဆိုနေကြသော်လည်း ကျင့်ကြံသူများကမူ သံသယ မကင်းကြပေ။ အထူးသဖြင့် တာဟဲဈေးမြို့တော်တွင် ကျင့်ကြံသူများ မကြာခဏ ပျောက်ဆုံးတတ်ပြီး အလောင်းပင် ရှာမတွေ့တတ်ခြင်းက ဤကောလာဟလကို ပို၍ ခိုင်မာစေခဲ့သည်။

ဖူမျိုးနွယ်စုအနေဖြင့် အချိန်တန်လျှင် အခြေအမြစ်မရှိသော ဤသတင်းမှာ ပျောက်ကွယ်သွားလိမ့်မည်ဟုသာ ယူဆကာ လျစ်လျူရှုထားလိုက်ကြသည်။ အကြောင်းမှာ မည်သူကမျှ ထိုသွေးမှော်စာရွက်ကို အမှန်တကယ် မြင်ဖူးကြသည် မဟုတ်သောကြောင့်ပင်။

မည်သူမှ မမြင်ဖူးဘူးဆိုသည့် စကားသည် မှန်သင့်သလောက်မှန်ပေသည်။ သိုရာတွင် ထိုအဆောင်မျိုးကို မြင်ဖူးသည့်သူ အမှန်တကယ်ရှိပေသည်။

....

လခြမ်းတောင်ကြား၏ တောင်စောင်းရှိ ကျောက်အိမ်တန်းများကြား၊ တိုက်ပွဲခန်းမဆောင်၏ လျှို့ဝှက်ခန်းမတစ်ခုအတွင်း....။

လော့ချန်သည် ဝမ်ယွမ်၏ လက်ထဲတွင် ရှိနေသော သွေးနံ့များ လှိုင်နေသည့် မှော်စာရွက်ကို ကြည့်ကာ အံ့အားသင့်နေမိသည်။

"ဒါ....ဒါက သွေးမှော်စာရွက်လား" ဟု လော့ချန် မေးလိုက်သည်။

ဝမ်ယွမ်က ခေတ္တမျှ ငြိမ်သွားပြီးမှ "အတိအကျ ပြောရရင်တော့ ဒါက သွေးမှော်စာရွက် မဟုတ်ဘူး" ဟု ရှင်းပြသည်။

"ဒါက ခန္ဓာကိုယ်ကျင့်ကြံသူ တစ်ယောက်က သူတို့ရဲ့ သွေးချီကို အကြမ်းထည် အသုံးချထားတာပဲ၊ ဒီလူ့အရေခွံထဲကို ငါ့ရဲ့ များပြားလှတဲ့ သွေးချီတွေကို ဆယ်ရက်ဆက်တိုက် ထည့်သွင်းထားရတာ"

"ဒါက ဘယ်လောက်တောင် အစွမ်းထက်လဲ အစ်ကိုဝမ်" ဟု လော့ချန်က စိတ်ဝင်တစား မေးလိုက်သည်။

ဝမ်ယွမ်က ခပ်တိုးတိုး ရယ်လိုက်ပြီး ဆိုသည်။

"မဆိုးဘူးလို့ ပြောရမယ်၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ကွက်ကို မမီပေမယ့် မီတာတစ်ရာ ပတ်လည်အတွင်းမှာဆိုရင် စွမ်းအားတစ်ဝက်လောက်ကို ထုတ်ဖော်နိုင်လိမ့်မယ်"

ထိုစကားကို ကြားသောအခါ လော့ချန်သည် သတိမထားလိုက်မိပဲ သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။ ဤသည်မှာပင် အလွန်တရာ အစွမ်းထက်နေပြီ မဟုတ်ပါလော။

ဝမ်ယွမ်သည် ခန္ဓာကိုယ်ကျင့်ကြံခြင်း၏ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ညီမျှနေပြီဖြစ်သည်။ သူ၏ တိုက်ခိုက်ရေး နည်းစနစ်များမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို မယှဉ်နိုင်သေးသော်လည်း ချီသန့်စင်သူ မည်သူ့ကိုမဆို ခြေမှုန်းရန် လုံလောက်လှသည်။

မီတာတစ်ရာအတွင်း တိုက်ခိုက်နိုင်စွမ်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက် ခြိမ်းခြောက်မှု မဟုတ်သော်လည်း ချီသန့်စင်သူများ၏ ပုံမှန် တိုက်ခိုက်နိုင်စွမ်းမှာလည်း မီတာတစ်ရာ၊ နှစ်ရာခန့်သာ ရှိသည် မဟုတ်ပါလော။

ထို့ထက် ကျော်လွန်ပါက ဝိညာဉ်အာရုံ မရှိသဖြင့် သူတို့သည် မှော်လက်နက်များကို စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်း မရှိကြတော့ပေ။ ဆွဲငင်အတတ်ကို အထွတ်အထိပ်အဆင့်အထိ တတ်မြောက်ထားသော လော့ချန် တစ်ဦးတည်းသာလျှင် ထူးခြားချက်အဖြစ် တည်ရှိနေခြင်း ဖြစ်သည်။

"ကောင်းလိုက်တာ၊ ဒါဆိုရင် ကျွန်တော် ဒါကို ကောင်းကောင်း အသုံးချလို့ ရပြီ" ဟု ဆိုကာ လော့ချန် ထိုအတုအယောင် သွေးမှော်စာရွက်ကို လှမ်းယူလိုက်သည်။ သို့သော် ဝမ်ယွမ်က အလွယ်တကူ လွှတ်မပေးသေးဘဲ တင်းတင်းဆုပ်ကိုင်ထားဆဲပင် ဖြစ်သည်။

ထို့နောက် ဝမ်ယွမ်က လော့ချန်အား ဇဝေဇဝါဖြင့် ကြည့်ကာ မေးသည်။

"နေစမ်းပါဦး....မင်းက ဘာလို့ ဖူမျိုးနွယ်စုကို ဒီလောက်အထိ ပစ်မှတ်ထားနေရတာလဲ"

"မှားနေပြီ.... ကျွန်တော်က ဖူမျိုးနွယ်စု တစ်ခုတည်းတင် မဟုတ်ဘူး၊ မျိုးနွယ်စုကြီး ငါးခုလုံးနဲ့ မြောင်ဝမ်ကိုပါ ပစ်မှတ်ထားတာ.... ကျွန်တော်တို့ ဒီချုပ်နှောင်မှုတွေကြားကနေ လွတ်မြောက်ဖို့ လိုတယ်" ဟု လော့ချန်က စိတ်ရှည်လက်ရှည် ရှင်းပြသည်။

"လွတ်မြောက်ဖို့.... ဟုတ်လား"

"သူတို့က လော့ထျန်းအဖွဲ့ချုပ်ကို ပိတ်လှောင်ထားတဲ့ ကျော့ကွင်းတစ်ခုလိုပဲ.... အဲဒါကို လွတ်အောင်ရုန်းနိုင်မှသာ ဒီအဖွဲ့အစည်းက ကျွန်တော်တို့ရဲ့ ကျင့်ကြံမှုကို အထောက်အကူပြုမယ့် တကယ့် အင်အားစုတစ်ခု ဖြစ်လာလိမ့်မယ်”

ထိုအခါမှ ဝမ်ယွမ်က အဆောင်ကို ဆုပ်ကိုင်ထားသော သူ့လက်ကို လွှတ်ပေးလိုက်သည်။ လော့ချန်က မှော်စာရွက်ကို ယူလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ဆိုသည်။

"စစ်ပွဲကို တစ်ခါမှ မကြုံဖူးတဲ့ အသစ်ထွက်ပေါ်လာတဲ့ အဖွဲ့အစည်းတစ်ခုကို လူတွေက အမြဲတမ်း လျစ်လျူရှုပြီး နှိမ်ထားတတ်ကြတယ်၊ သူတို့က ကျွန်တော်တို့ကို တန်းတူလို့ ဘယ်တော့မှ မသတ်မှတ်ဘူး၊ တကယ်လို့ ကျွန်တော်တို့အဖွဲ့က မြောင်ဝမ်အတွက် ငွေရှာပေးတဲ့ အသုံးချခံတစ်ခုအဖြစ်နဲ့ပဲ တစ်သက်လုံး နေသွားနိုင်မယ်ဆိုရင်တော့ ထား.... ဒါပေမဲ့ အစ်ကိုဝမ် သိတဲ့အတိုင်းပဲ၊ ကျွန်တော်လည်း မသေမျိုးလမ်းစဥ်ကို ရှာဖွေကျင့်ကြံနေတဲ့သူပဲလေ.... တခြားလူတစ်ယောက်ရဲ့ အရိပ်အောက်မှာ ဘယ်လိုလုပ် တစ်သက်လုံး နေနိုင်ပါ့မလဲ...."

ဝမ်ယွမ်က လော့ချန်၏ မျက်နှာထက်မှ ယုံကြည်ချက်အပြည့်ရှိသော အမူအရာကို ကြည့်ကာ ခေတ္တမျှ စဉ်းစားနေပြီးမှ ခေါင်းညိတ်လိုက်သည်။

"ငါ နားလည်ပြီ၊ လော့ထျန်းအဖွဲ့ချုပ်အတွက် စစ်ပွဲ တစ်ခုဖန်တီးဖို့ လိုအပ်နေတာကိုး"

လော့ချန် ပြုံးလိုက်သည်။

"မှန်တယ်.... သိပ်ပြီး အကြီးကြီးမဖြစ်မယ့် ပဋိပက္ခတစ်ခုလောက်ပေါ့၊ အဲဒီအတွက် ဖူမျိုးနွယ်စုက အသင့်တော်ဆုံး ပစ်မှတ်ပဲ"

"ဒါဆိုရင်လည်း လုပ်လိုက်ပေါ့.... ငါ မင်းကို အပြည့်အဝ ထောက်ခံတယ်.... ဖူမျိုးနွယ်စုကတော့.... အင်းလေ သူတို့ကိုယ်သူတို့ အားနည်းနေတာကိုပဲ အပြစ်တင်ရတော့မှာပဲ"

မှန်ပေသည်။ ကျင့်ကြံခြင်းလောကတွင် အားနည်းသူမှာ အားကြီးသူ၏ အစာသာ ဖြစ်သည်။ ဤအချက်ကို ဝမ်ယွမ်သည် လော့ချန်ထက်ပင် ပို၍ နားလည်ထားသူ ဖြစ်ပေသည်။

လော့ချန်သည် မှော်စာရွက်ကို သူ၏ လက်ချောင်းများကြားတွင် ညှပ်လိုက်ပြီး သူ၏ မျက်လုံးများထဲ၌ နာကျည်းနေဆဲဖြစ်သော အကြည့်များ ဖြတ်ပြေးသွားသည်။

"ဒါတင်ဘယ်ကမလဲ.... လခြမ်းတောင်ကြား ဝိုင်းခံရတုန်းက ဖူကျန်းလည်း ပါခဲ့တာကို ကျွန်တော် မမေ့သေးဘူး....အဲဒီအကြွေးကို အခု ပြန်ဆပ်ရမယ်"

....

နဂါးရတနာ မှောင်ခိုဈေးကွက် တစ်နေရာတွင်ဖြစ်သည်။

ဤနေရာသို့ လော့ချန် ဒုတိယအကြိမ် ရောက်ရှိလာခြင်း ဖြစ်လေသည်။ သူသည် ကျင့်ကြံအဆင့်ကို ဖုံးကွယ်ကာ ရုပ်ဖျက်ထားပြီးနောက် ဝင်ခွင့်အဆောင်အယောင်ဖြစ်သော ပန်းဖန်လုံးကိုပြကာ အတွင်းသို့ ဝင်ရောက်ခဲ့သည်။ ရင်းနှီးနေသော ထျန်းရှင်းကျီ နှင့် ရင်းနှီးနေသော လေလံတင်ပွဲများကိုမကြာမီ ပြန်တွေ့ရပေတော့မည်။

ယခင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း သေဆုံးသွားခဲ့ကြသော ကျင့်ကြံသူများ၏ မှော်လက်နက် အမြောက်အမြားကို ဤနေရာ၌ တွေ့မြင်နေရပြီး၊ ၎င်းတို့ကို ပြန်လည် ရောင်းချခြင်းဖြင့် ကောင်းမွန်သော ဈေးနှုန်းများ ရရှိနေကြသည်။

လော့ချန်သည် မုရုံယွမ် ဟူသော အမည်ဝှက်ဖြင့် တန်ဖိုးရှိသော ပစ္စည်းအချို့ကို ဝယ်ယူခဲ့သည်။

ထိုအထဲတွင် ရွှေကျောက်စိမ်းအရည် ဟုခေါ်သော ဝိညာဉ်ဆေးရည်လည်း ပါဝင်သည်။ ဝမ်ယွမ်သည် ရေနဂါးဆောင်မှ ခေါင်းဆောင်အဖြစ် တာဟဲဈေးမြို့တော်သို့ နယ်မြေချဲ့ထွင်စဉ်က လော့ချန်အတွက် ဤဆေးရည်တစ်ပုလင်း ယူလာပေးခဲ့ဖူးသည်။

ထိုစဉ်က လော့ချန်သည် ဤဆေးရည်၏ အစွမ်းထက်ပုံကို သေချာ မသိရှိခဲ့ပေ။ နောက်ပိုင်းတွင် ဝမ်ယွမ်ထံမှတစ်ဆင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း အဆင့်များနှင့် လေ့ကျင့်ပုံများကို သိရှိလာသောအခါမှသာ ဤဆေးရည်၏ အဖိုးတန်ပုံကို နားလည်သွားခဲ့ခြင်း ဖြစ်သည်။ ဤဆေးရည်သည် ခန္ဓာကိုယ်ကို ဝရဇိန်အဆင့်သို့ တက်လှမ်းရန် ထောက်ပံ့ပေးရုံတင်မကဘဲ၊ အရိုးများကိုလည်း ကျောက်စိမ်းကဲ့သို့ ဖြည်းဖြည်းချင်း သန့်စင်ပေးနိုင်သည်။

ထို့ကြောင့် လော့ချန်သည် ခန္ဓာကိုယ်ကျင့်ကြံခြင်းကို ကိုယ်တိုင် မကျင့်ကြံသော်လည်း၊ ဤကဲ့သို့သော ဆေးရည်မျိုးကို တွေ့သည့်အခါတိုင်း အမြဲ ဝယ်ယူတတ်သည်။ ၎င်းမှာ အလွန်ဈေးကြီးပြီး တစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး နှစ်ရာမှ သုံးရာအထိ ပေးရသော်လည်း ထိုက်တန်လှသည်။ ရုပ်ခန္ဓာ ပိုမို ကြံ့ခိုင်လေလေ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရာတွင် အောင်မြင်မှုနှုန်း ပိုများလေလေ မဟုတ်ပါလော။

ပထမအဆင့် လေလံပွဲ ပြီးဆုံးသွားသောအခါ တစ်ကိုယ်တော် ကျင့်ကြံသူများအတွက် ကိုယ်ပိုင် လေလံပွဲများ စတင်တော့သည်။ လော့ချန်သည် အဆုံးအထိ စောင့်မနေတော့ဘဲ ရှေ့သို့ လှမ်းတက်လိုက်သည်။

"ကျွန်တော် ပထမအဆင့် မှော်စာရွက်တစ်ခုကို လေလံတင်ချင်ပါတယ်.... အဖွင့်ဈေးက ဝိညာဉ်ကျောက်တုံး တစ်ထောင်ပါ" ဟု ဆိုလိုက်သော သူ၏ ခြောက်ကပ်လှသော အသံမှာ ခန်းမကြီးအတွင်း ဟိန်းထွက်သွားသည်။

သူ၏ စကားဆုံးသည်နှင့် ခန်းမကြီးအတွင်း၌ လှောင်ရယ်သံများ ဆူညံသွားတော့သည်။

"ပထမအဆင့် အဆောင်တစ်ခုကို တစ်ထောင် ဟုတ်လား.... ဒီကောင်တော့ ရူးသွားပြီ ထင်တယ်"

"အေးကွ....တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ဈေးကြီးတဲ့ အဆောင်မျိုး မကြားဖူးဘူး.... တစ်ထောင်မပြောနဲ့ တစ်ရာဆိုရင်တောင် ငါ ပြန်စဉ်းစားရဦးမယ်"

"နေဦး.... ဒါက ဘာအဆောင်မို့လို့လဲ၊ အမြန် ထုတ်ပြစမ်းပါဦးကွ"

ဆူညံလှသော ပြောဆိုသံများကြား၌ သွေးကဲ့သို့ ရဲရဲနီနေသော မှော်စာရွက်တစ်ခုသည် လေထဲသို့ မြောက်တက်လာသည်။ ထိုအဆောင်မှ ထွက်ပေါ်လာသော အစွမ်းထက်လှသည့် သက်ရှိတစ်ခုကဲ့သို့ ချီနှင့် ကြီးမားလှသော ဖိအားကြောင့် မျက်စိမှိတ်ကာ ကျင့်ကြံနေသော ထျန်းရှင်းကျီပင်လျှင် မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ရသည်။

"ဟင်...."

သို့သော် သေချာစွာ စစ်ဆေးကြည့်ပြီးနောက် သူ စိတ်ပျက်ဟန်ဖြင့် ခေါင်းကို ပြန်ခါယမ်းလိုက်သည်။ သူ၏ တုံ့ပြန်မှုကို မည်သူမျှ သတိမထားမိဘဲ အားလုံး၏ အာရုံမှာ မှော်စာရွက်ပေါ်သို့သာ ရောက်ရှိနေကြသည်။

လော့ချန်ကမူ ထျန်းရှင်းကျီကို သေချာစွာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ထိုသူ မျက်စိ ပြန်မှိတ်သွားသည်ကို မြင်သောအခါမှသာ သူ သက်ပြင်းတစ်ချက်ကို ခိုး၍ ချလိုက်မိသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဤကဲ့သို့သော အကြမ်းထည် လှည့်ကွက်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို လှည့်စား၍ မရနိုင်ပေ။ ဤသည်မှာလည်း ကောင်းသော အချက်ပင် ဖြစ်သည်။ အနည်းဆုံးတော့ ထိုသူက ဤအဆောင်ကို လေလံဆွဲရန် စိတ်ဝင်စားမည် မဟုတ်တော့ပေ။

ပြဿနာ မရှိပေ။ အကြောင်းမှာ လော့ချန်သည် မှောင်ခိုဈေးကွက်မှတစ်ဆင့် သွေးမှော်စာရွက် တည်ရှိကြောင်း သတင်းကို ဖြန့်ပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။

"ဒါက ဘာအဆောင်လဲ.... ဘာလို့ ဒီလောက်တောင် သွေးနံ့တွေ ထွက်နေရတာလဲ"

"ဘယ်လောက်တောင် အစွမ်းထက်သလဲကွ"

"ငါက အဆင့် ၉ မှာ ရှိနေတာတောင် ဒီအဆောင်ကနေ ခြိမ်းခြောက်မှုကို ခံစားနေရတယ်၊ ဒါကိုသာ အသက်သွင်းလိုက်ရင် ငါတောင် သတိထားရလိမ့်မယ်"

ထိုသို့ပွက်လောရိုက်နေသော ဆူညံသံများကြားတွင် လော့ချန် တည်ငြိမ်စွာ ဆိုလိုက်သည်။

"ဒါက တခြားမဟုတ်ဖူးလေ....ဖူမျိုးနွယ်စုရဲ့ အမည်မဖော်လိုတဲ့ ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူတစ်ဦး ရေးဆွဲထားတဲ့ ပထမအဆင့် သွေးမှော်စာရွက်ပဲ"

လူအုပ်ကြီးမှာ မှင်တက်သွားရသည်။ ဖူမျိုးနွယ်စုမှ အမည်မဖော်လိုသော ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ ဆိုပါလား။ ဖူမျိုးနွယ်စုတွင် ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ ငါးဦးသာ ရှိသည် မဟုတ်ပါလော။ တစ်ဦးချင်းစီတွင် နာမည်နှင့် ဂုဏ်သတင်း ရှိကြသည်။ မှော်စာရွက် မကျွမ်းကျင်သူ နှစ်ဦးကို ဖယ်ထုတ်လိုက်လျှင် သံသယရှိဖွယ် သုံးဦးသာ ကျန်တော့သည်။

"ဒီအဆောင်ကို အဆင့် ၉ ကျင့်ကြံသူတစ်ဦးရဲ့ ကျောအရေခွံတစ်ခုလုံးကို ငါးကြိမ်တိုင်တိုင် သန့်စင်ပြီး ရေးဆွဲထားတာ၊ ဒါ့အပြင် သူတို့ရဲ့ ကိုယ်ပိုင် အမြူတေ သွေးဆယ်စက်နဲ့ ထျန်းလန်မြို့တော်က လာတဲ့ ကြံ့ချိုမှုန့် အမြောက်အမြားကို ရောစပ်ပြီး မှင်အဖြစ် သုံးထားတာ....ကဲပါ အသေးစိတ်တော့ မပြောတော့ဘူး၊ ခင်ဗျားတို့ကိုယ်တိုင်ပဲ သုံးကြည့်လိုက်ပါ.... ဒါကို အသက်သွင်းလိုက်ရင် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ အစွမ်းကုန် တိုက်ကွက်နဲ့ ညီမျှတဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မယ်.... အဖွင့်ဈေး ဝိညာဉ်ကျောက်တုံး တစ်ထောင်ပါ.... စပြီး လေလံဆွဲနိုင်ပါပြီ"

သူ၏ စကားဆုံးသည်နှင့် အလုအယက်လေလံဆွဲသံများ ပွက်လောရိုက်သွားတော့သည်။

"တစ်ထောင်"

"တစ်ထောင့်ငါးရာ"

"တစ်ထောင့်ရှစ်ရာ"

"နှစ်ထောင်"

နောက်ဆုံးတွင် ဝတ်ရုံနက်ဝတ် ကျင့်ကြံသူတစ်ဦးက ဝိညာဉ်ကျောက်တုံး နှစ်ထောင်သုံးရာဖြင့် ဆွဲယူသွားတော့သည်။ ပထမအဆင့် အဆောင်တစ်ခုအတွက် နှစ်ထောင်ကျော် ဆိုသည်မှာ ကောင်းကင်အမြင့်သို့ ရောက်နေသော ဈေးနှုန်းပင် ဖြစ်သည်။

လော့ချန် အလွန်ပင် ကျေနပ်သွားခဲ့သည်။ သူသည် တတိယအဆင့် လွတ်လပ်စွာ ကုန်သွယ်မှုကို မစောင့်တော့ဘဲ ချက်ချင်းပင် ထွက်ခွာခဲ့တော့သည်။ ခန်းမအတွင်း၌ ထျန်းရှင်းကျီသည် မျက်လုံးကို ဖွင့်ကာ ထွက်ခွာသွားသော လော့ချန်၏ ကျောပြင်ကို ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်နေမိသည်။

....

မြောက်ဘက်လမ်း၊ တတိယမြောက် လမ်းကြားတစ်ခုတွင် ဖြစ်သည်။

အိမ်ခေါင်မိုးများအောက်တွင် ပုံရိပ်နှစ်ခုမှာ သစ်ပင်ခြောက်များကဲ့သို့ ငြိမ်သက်စွာ ရပ်နေကြသည်။

"အစ်ကိုဝမ်.... အစ်ကို့ရဲ့ ချီဖုံးကွယ်မှော်အတတ်က ပိုပြီးတော့ တိုးတက်လာပြီပဲ.... ကျွန်တော်ရဲ့ အဆင့်ကိုတောင် မီတော့မယ်"

"ဟားဟား.... အဲဒီလောက်လည်း မဟုတ်ပါဘူး"

"မလျှိုချင်စမ်းပါနဲ့ဗျာ.... ကျွန်တော်အဆင့်ကို မမီသေးဘူး ဆိုရင်တောင် ချီသန့်စင်အဆင့် ကျင့်ကြံသူတွေကိုတော့ အလွယ်တကူ လှည့်စားနိုင်နေပြီပဲ"

"အေးပါ ငါဝန်ခံပါတယ်....ငါ့ရဲ့ ချီငါးပါး စုစည်းခြင်း နဲ့ဆိုရင် ငါ အစွမ်းကုန် ထုတ်မသုံးသရွေ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေတောင် ငါ့ကို သတိထားမိမှာ မဟုတ်ဘူးထင်တယ်"

ချီငါးပါး စုစည်းခြင်း ဆိုသည်မှာ ဝမ်ယွမ် ငယ်စဉ်က သင်ယူခဲ့သော သိုင်းပညာတစ်ခု ဖြစ်သည်။ ဤကျင့်စဥ်သည် သိုင်းပညာရှင်တစ်ဦး၏ များပြားလှသော သွေးချီများကို ဖိနှိပ်ပေးနိုင်ကြောင်း သူ လော့ချန်ကို ပြောပြခဲ့ဖူးသည်။

ချီငါးပါး ဆိုသည်မှာ နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်တို့မှ စွမ်းအင်များကို ဆိုလိုခြင်းဖြစ်ပြီး အဆင့်တစ်ခုသို့ ရောက်ရှိသော သိုင်းပညာရှင်များသာ ကျင့်ကြံနိုင်သည်။ ၎င်းကို ချီဖုံးကွယ်မှော်အတတ်နှင့် ပေါင်းစပ်လိုက်သောအခါ ဝမ်ယွမ်သည် သူ၏ သွေးချီများကို ဖုံးကွယ်ရာတွင် ပိုမို ကျွမ်းကျင်လာခဲ့သည်။

သူတို့နှစ်ဦး အသံလွှင့်ကာ စကားပြောနေကြရင်း အချိန်မှာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်။ ရုတ်တရက် ဝမ်ယွမ်၏ အကြည့်တို့သည် မြောက်ဘက်အရပ်ရှိ ခုနစ်စင်ကြယ်တောင်ကုန်း ဆီသို့ ရောက်ရှိသွားသည်။ လော့ချန် ချက်ချင်း သတိပြုမိလိုက်ပြီး "ခုနစ်စင်ကြယ်တောင်ကုန်းလား" ဟု မေးလိုက်သည်။

"ဟုတ်တယ်၊ ဒါပေမဲ့ မင်း ခန့်မှန်းတာ မှားသွားပုံရတယ်"

"လုံးဝကြီးတော့ မမှားပါဘူး.... အဲဒီတောင်ကုန်းက မှောင်ခိုဈေးကွက်က ထွက်လာတဲ့ ကျင့်ကြံသူတွေကို ချုံခိုတိုက်ဖို့ အကောင်းဆုံးနေရာ မဟုတ်လား"

အကြံကြီးလှသော လော့ချန်မှာ ခပ်ပါးပါး ပြုံးလိုက်ပြီး လေထဲသို့ ပျံတက်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်၌ ပြင်းထန်သော လေလှိုင်းများမှာ သိန်းငှက်တစ်ကောင် အတောင်ပံဖြန့်လိုက်သကဲ့သို့ တဟုန်းဟုန်း မြည်ဟည်းသွားတော့သည်။ ဝမ်ယွမ်သည်လည်း တစ်လှမ်းတည်းနှင့်ပင် မီတာဆယ်ဂဏန်းခန့်ကို ချက်ချင်း ဖြတ်ကျော်ကာ လိုက်ပါသွားလေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၀၂) - နောက်ကွယ်က လက်မဲကြီး

လော့ချန် ခန့်မှန်းခဲ့သည်မှာ လုံးဝ မမှားခဲ့ပေ။

သူ နဂါးရတနာ မှောင်ခိုဈေးကွက်သို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ်ကပင် ဈေးကွက်ပိုင်ရှင်သည် ဝမ်မျိုးနွယ် တံခါးစောင့်တစ်ဦးမှ တစ်ဆင့် လော့ချန်ကို မျက်နှာသာပေးလိုသဖြင့် အဖိုးတန်သော အကြံပြုချက်အချို့ ပေးခဲ့ဖူးသည်။ ၎င်းမှာ မှောင်ခိုဈေးပိတ်ပြီးနောက် ချုံခိုတိုက်ခိုက်သူများ အများဆုံး စုဝေးတတ်သည့် နေရာများ ဖြစ်ကြသော မြောက်လမ်းမမှ လမ်းကြားသုံးခု၊ ခုနစ်စင်ကြယ်တောင်ကုန်း၊ ကိုးသင်္ချိုင်းနှင့် မြို့တွင်းသို့ ပြန်သည့် လမ်းမကြီးတို့ ဖြစ်သည်။

လော့ချန် ကိုယ်တိုင်လည်း မြောက်ဘက်လမ်း၌ ချုံခိုတိုက်ခိုက်မှုတစ်ခုကို မျက်မြင်ကြုံခဲ့ဖူးရာ၊ ဤနေရာများကို သူ အလွတ်ရနေခဲ့သည်။ ထို့ကြောင့် သူသည် ဤတောင်ကုန်းကို အကွက်ကျကျ ရွေးချယ်ခဲ့ခြင်း ဖြစ်သလို အခြားနေရာများအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။

လော့ချန်နှင့် ဝမ်ယွမ်တို့ ရောက်ရှိသွားချိန်တွင် ဝတ်ရုံနက်ဝတ် ကျင့်ကြံသူတစ်ဦးကို မျက်နှာဖုံးစွပ် ကျင့်ကြံသူ သုံးဦးက ဝိုင်းဝန်း တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ ဟိန်းဟောက်သံများ၊ တိုက်ခိုက်သံများနှင့်အတူ ဝိညာဉ်အလင်းတန်းများမှာ မှောင်မိုက်သော ညယံ၌ တဖျတ်ဖျတ် လက်နေတော့သည်။

"ဝတ်ရုံနက်၊ အသံကို ဖျက်ထားတယ်.... ဟုတ်ပြီ၊ သူပဲ"

"ငါ့ရဲ့ သွေးအာရုံခံစားမှုအရလည်း သူပဲဆိုတာ သေချာတယ်" ဟု ဝမ်ယွမ်က ထပ်လောင်း အတည်ပြုပေးလိုက်သည်။

လော့ချန်သည် တိုက်ပွဲကို ခေတ္တမျှ စောင့်ကြည့်နေပြီးမှ မျက်မှောင်ကြုတ်ကာ ဆိုသည်။

"လျိုချန်းက ကျိုးယွမ်လီနဲ့ မပူးပေါင်းဘူးလား.... သူ့အစွမ်းက အဆင့် ၉ တောင် မရှိဘူး.... အဆင့် ၈ ကျင့်ကြံသူ သုံးယောက် ဝိုင်းတိုက်တာတောင် ဒီလူ့ဆီက ဝှက်ဖဲအကောင်းစား ထွက်လာအောင် မဖိအားပေးနိုင်သေးဘူးပဲ"

ထို့နောက် သူ ဝမ်ယွမ်ဘက်သို့ လှည့်ကာ "အစ်ကိုဝမ်.... အစ်ကိုပဲ တစ်ချက်လောက် ကူညီပေးပါဦး" ဟု ဆိုလိုက်သည်။

ထိုသို့ပြောလိုက်သည်နှင့် ရုတ်တရက်ဆိုသလို ညလေကြမ်းမှာ ဝမ်ယွမ်၏ အကြမ်းထည် လျှော်တေဝတ်ရုံကို တဖျပ်ဖျပ် လွင့်စင်သွားစေသည်။ ခဏချင်းမှာပင် ဝမ်ယွမ်၏ ကျယ်ပြန့်သော လက်ဖဝါးအတွင်း၌ လေးလံလှသော မဟူရာသံချောင်းကြီးတစ်ချောင်း ပေါ်ထွက်လာတော့သည်။

သူ လော့ချန်ကို ခေါင်းတစ်ချက် ငြိမ့်ပြကာ ရှေ့သို့ လျှပ်စီးကဲ့သို့ ပြေးဝင်သွားလေသည်။

"ဒီတောင်ကုန်းက ငါပိုင်တာ၊ ဒီသစ်ပင်ကိုလည်း ငါစိုက်ခဲ့တာ၊ အဲ့တော့ ဖြတ်သွားချင်ရင် လမ်းခွန်ပေးမလား၊ အသက်ပေးမလား ရွေးစမ်း" ဟု ဆိုလိုက်သော သူ၏ အသံမှာ တောဟိန်းသံကဲ့သို့ ဟိန်းထွက်သွားသည်။

ထို့နောက် ကမ္ဘာမြေကို တုန်ဟိန်းသွားစေနိုင်လောက်သော သံချောင်းအရိပ်ကြီးတစ်ခုမှာ ကောင်းကင်ယံမှ ဝှေ့ယမ်းကာ ကျဆင်းလာတော့သည်။

လော့ချန်၏ နှုတ်ခမ်းမှာ သူကိုယ်တိုင်ပင် သတိမထားမိပဲ ပြုံးမိသွားလေသည်။

“အစ်ကိုဝမ်ကတော့ နောက်ပြောင်တတ်သားပဲ....”

သို့သော် သူ၏ နောက်ပြောင်မှုမှာ အခြားသူများအတွက်မူ သေမင်းတမန် ခြိမ်းခြောက်မှုကြီး ဖြစ်နေသည်။ ထိုအရှိန်အဝါကြီးမားလှသော သံချောင်းကြီးကို မြင်လိုက်ရသောအခါ မျက်နှာဖုံးစွပ်ထားသူ လျိုချန်းမှာ မျက်နှာ ဖြူလျော်သွားတော့သည်။

"နောက်ဆုတ်ကြဟေ့"

ထို့နောက် တွန့်ဆုတ်မနေဘဲ လော့ထျန်းအဖွဲ့ချုပ်မှ တိုက်ပွဲခန်းမဆောင် ကျင့်ကြံသူ သုံးဦးမှာ ချက်ချင်းပင် လူစုခွဲကာ နောက်သို့ ဆုတ်သွားကြသဖြင့်၊ ဝတ်ရုံနက်ဝတ် ကျင့်ကြံသူမှာ ဝမ်ယွမ်၏ တိုက်ကွက်နှင့် တိုက်ရိုက် ရင်ဆိုင်ရန်သာ ကျန်တော့သည်။

ထိုကျင့်ကြံသူသည် ထိတ်လန့်သွားကာ မှော်လက်နက်တစ်ခုဖြစ်သော ပိုးလက်ကိုင်ပုဝါကို ချက်ချင်း ထုတ်ယူလိုက်သည်။

"ဩော်.... ဒါလား တာဟဲကျင့်ကြံသူတွေဆိုတာ....နင်တို့ ယုတ်မာလှချည်လား" ဟု ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ယခင်က ဖျက်ထားသော အသံပျောက်ကွယ်သွားပြီး ကြည်လင်ပြတ်သားသော မိန်းမပျိုလေးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

မဟူရာသံချောင်းကြီးအောက်သို့ ကျဆင်းလာချိန်တွင်မူ ပိုးလက်ကိုင်ပုဝါလေးတစသည် သံချောင်းတံကို ညင်သာစွာ ရစ်ပတ်သွားပြီး တိုက်ကွက်၏ ပြင်းအားအားလုံးကို စုပ်ယူကာ ပျောက်ကွယ်သွားစေသည်။

ပြင်းထန်သော လေအဟုန်ကြောင့် ဝတ်ရုံနက်မှာ လွင့်စင်သွားရာ၊ လှပကျော့ရှင်းသော ခန္ဓာကိုယ် အချိုးအစားနှင့် မိန်းမပျိုတစ်ဦး ပေါ်ထွက်လာတော့သည်။

"ဟင်.... "

ဝမ်ယွမ်သည် မိန်းမပျိုဖြစ်နေ၍ အံ့သြခြင်းမဟုတ်ဘဲ၊ သူမ၏ ထူးခြားလှသော တိုက်ခိုက်ရေး ပညာကြောင့် အံ့အားသင့်သွားခြင်း ဖြစ်သည်။ ဤသံနက်ချောင်းမှာ သူ အကြိုက်ဆုံးသော ဝိညာဉ်ဓား မဟုတ်သော်လည်း၊ သူသည် လက်နက်ပေါင်းစုံကို ကျွမ်းကျင်စွာကိုင်တတ်လေ့ရှိသော သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။

ဝမ်ယွမ်၏ တိုက်ကွက်မှာ ပြင်းထန်လှပြီး သူမ၏ လက်ထဲရှိ သွေးမှော်စာရွက်ကို အတင်းအကျပ် ထုတ်သုံးစေရန် ရည်ရွယ်ထားခြင်း ဖြစ်သော်လည်း သူမက နူးညံ့မှုဖြင့် မာကျောမှုကို အနိုင်ယူခြင်း ဟူသော နည်းစနစ်ဖြင့် အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့သည်။

သို့သော် သူမ၏ ခုခံမှုမှာ ဤမျှနှင့်သာ ကုန်ဆုံးသွားရမည် ဖြစ်သည်။ ဝမ်ယွမ်သည် တုတ်တံ၏ အစွန်းဘက်သို့ လက်ကို ရွှေ့၍ ညင်သာစွာ တောက်လိုက်ရာ၊ သံတုတ်ချောင်းကြီးမှာ လေထဲ၌ မြွေတစ်ကောင်ကဲ့သို့ လိမ်တွန့်ကာ အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းသွားတော့သည်။

"တောင်စဉ်ရေမက နှောက်ယှက်ခြင်း အတတ် ထုတ်စမ်း"

တခဏချင်းမှာပင် သံချောင်းတုတ်ရှည်ကြီးမှာ ရာနှင့်ချီသော သံတုတ်ရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံကာ ရှေ့သို့ ထိုးစစ်ဆင်တော့သည်။ တုတ်ရိပ်တစ်ခုချင်းစီတွင် အဆင့် ၉ ကျင့်ကြံသူတစ်ဦး၏ စွမ်းအားများ ကိန်းအောင်းနေသည်။

မိန်းမပျို၏ မျက်နှာထားမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ ပိုးလက်ကိုင်ပုဝါမှာ သူမ၏ ဘေးနားသို့ ပျံဝဲလာပြီး ကာကွယ်ရေး အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။ ထို့ပြင် သူမ၏ လက်ထဲရှိ ကျောက်စိမ်းဓားရှည်မှာလည်း နှင်းပွင့်များစွာကို ထုတ်လွှတ်လိုက်ရာ၊ နှင်းပွင့်တိုင်းသည် သံတုတ်ရိပ်တစ်ခုစီနှင့် အချိန်ကိုက် ထိတွေ့သွားတော့သည်။

ဒိုင်း.... ဒိုင်း.... ဒိုင်း....

နှင်းပွင့်များမှာ ကွဲကြေသွားပြီး စွမ်းအင်လှိုင်းများမှာ ဟိုမှသည်မှ ထွက်ပေါ်လာသည်။

မိန်းမပျိုမှာ အားအင်ကုန်ခမ်းလုနီးပါး ဖြစ်နေသော်လည်း နှင်းပွင့်တိုင်း ကွဲကြေသွားသည့်အခါ တုတ်ရိပ်တစ်ခုစီလည်း ပျောက်ကွယ်သွားသဖြင့် သူမသည် တိုက်ကွက်အားလုံးကို ခုခံနိုင်ခဲ့လေသည်။

ဝမ်ယွမ်၏ မျက်လုံးများမှာ တောက်ပသွားသည်။ သူ ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်သို့ ရောက်ပြီးကတည်းက နည်းစနစ်သစ်များစွာ မရရှိခဲ့သော်လည်း၊ ယခင်က တတ်မြောက်ထားသော ကျင့်စဥ်များမှာ အဆမတန် အစွမ်းထက်လာခဲ့သည်။ ဤမိန်းမပျိုမှာ ထိုတိုက်ကွက်အားလုံးကို အတိအကျ ခုခံနိုင်နေခြင်းမှာ ချီးကျူးစရာပင်ဖြစ်လေသည်။

“အင်း....နှမြောစရာပဲ....”

ဝမ်ယွမ် စိတ်ထဲမှ ကျိတ်သက်ပြင်းချလိုက်ပြီး၊ လေဟာနယ်အတွင်းသို့ လက်ကို ဆန့်ထုတ်ကာ သံတုတ်ရှည်ကြီးကို လှမ်းဖမ်းလိုက်သည်။

"ပေါင်းစည်းစေ...."

နောက်တစ်စက္ကန့်မှာပင် ကွဲကြေသွားသော တုတ်ရိပ်အားလုံးသည် အချိန်နောက်ပြန်ဆုတ်သွားသကဲ့သို့ တစ်နေရာတည်းတွင် ပြန်လည် စုစည်းလာတော့သည်။ သူ၏ စွမ်းအင်ထိန်းချုပ်မှုအောက်တွင် တုတ်ရိပ်များ ပေါင်းစပ်သွားလေရာ ပေပေါင်း ရာနှင့်ချီ၍ မြင့်မားလှသော ဧရာမ သံတုတ်တံကြီးတစ်ခုမှာ ခုနစ်စင်ကြယ်တောင်ကုန်းပေါ်၌ မားမားမတ်မတ် ပေါ်ထွက်လာတော့သည်။

ဝတ်ရုံနက် မိန်းမပျိုသည် ထိုမြင်ကွင်းကို ကြည့်ကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားပြီး၊ သေခြင်းတရား၏ အရိပ်ကို အထင်အသား ခံစားလိုက်ရသည်။

"ဒါက ဘယ်လိုကျင့်စဥ်အတတ်ပါလိမ့်...."

သို့သော် သူမတွင် ကြာကြာ စဉ်းစားနေရန် အချိန်မရှိတော့ပေ။ သူမ၏ လက်ထဲ၌ သွေးမှော်စာရွက်တစ်ခု ချက်ချင်း ပေါ်လာသည်။

"ဒါ ရှင် ကျွန်မကို အတင်းအကျပ် လုပ်လို့ ထုတ်သုံးရတာပဲ"

သူမသည် ချီစွမ်းအားအားလုံးကို ထိုမှော်စာရွက်ထဲသို့ လောင်းထည့်လိုက်ရာ၊ လေမတိုက်ဘဲနှင့် အဆောင်မှာ အလိုအလျောက် မီးတောက်လာသည်။ သွေးကဲ့သို့ ရဲရဲနီသော အလင်းတန်းများမှာ ဆန်းကြယ်လှသလို၊ သစ်ခွနံ့နှင့် ကတိုးနံ့များ ရောယှက်နေသော ရနံ့တစ်ခုမှာ ပျံ့လွင့်လာသည်။

မိန်းမပျိုမှာ ထိုရနံ့ကြောင့် ခေတ္တမျှ မိန်းမောသွားသော်လည်း၊ သတိပြန်ဝင်လာချိန်တွင် ဧရာမ သွေးနီရောင် လက်ဝါးကြီးတစ်ခုမှာ ထိုတုတ်တံကြီးဆီသို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားတော့သည်။

ဗုန်း....

ဆယ်မိုင်ပတ်လည်အထိ တုန်ဟိန်းသွားစေသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားသည်။ တောက်ပလှသော အလင်းတန်းမှာ ညဥ့်ကောင်းကင်ယံကို လင်းထိန်သွားစေရာ၊ မိုင်တစ်ရာ အကွာအဝေးမှပင် မြင်တွေ့နိုင်လေသည်။ ပေါက်ကွဲမှုကြီးအတွင်းမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

"သောက်ကျိုးနည်းပြီဟေ့....ဖူမျိုးနွယ်စုရဲ့ သွေးမှော်စာရွက်ပဲကွ...."

ထိုအော်သံကြီးအဆုံး အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် တာဟဲဈေးမြို့တော်၏ နာမည်ကျော် ချုံခိုတိုက်ခိုက်ရာ နေရာဖြစ်သော ခုနစ်စင်ကြယ်တောင်ကုန်းမှာ မြေပြန့်အတိ ဖြစ်သွားခဲ့ရလေပြီ။

ပေပေါင်း ရာနှင့်ချီ ကျယ်ဝန်းလှသော ဧရာမ ကျင်းကြီးတစ်ခုမှာ မိန်းမပျို၏ ရှေ့တွင် ပေါ်ထွက်လာသည်။ ကျင်းထဲ၌မူ ကြေမွပျက်စီးနေသော အလောင်းတစ်ခု ငြိမ်သက်စွာ လဲလျောင်းနေသည်။

ဟူး.... ဟူး.... ဟူး....

သူမ အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ရင်း ကျေနပ်စွာ ရယ်မောလိုက်သည်။

"ယုတ်မာတဲ့ ချုံခိုအလစ်သုတ်သမားတွေ.... သေတာတောင် နည်းသေးတယ် ဟားဟား...."

သို့သော် သူမ လတ်တလောမှ ရရှိထားသော သွေးမှော်စာရွက်ကို သုံးလိုက်ရသဖြင့် နှမြောမိသွားသည်။ ၎င်း၏ စွမ်းအားမှာ ပြည့်စုံခြင်းအဆင့် တိုက်ကွက်ထက်ပင် ပိုမို အားကောင်းနေပြီး၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် တိုက်ကွက်ကဲ့သို့ပင် ခံစားခဲ့ရသည်။သူမ တွေးရင်းကျေနပ်နေစဉ်မှာပင် မျက်နှာပျက်သွားပြန်သည်။

"ဘာပြောပြော သောက်ရမ်းလွန်လွန်းတယ်၊ တာဟဲဈေးမြို့တော်က ချုံခိုသမားတွေရဲ့ ကျက်စားရာ အသိုက်အမြုံတောင် ဖြစ်နေပြီလား" ဟု တိုးတိုးလေး ကျိန်ဆဲရင်း ဤနေရာ၌ ဆက်မနေရဲတော့ဘဲ၊ နောက်ဆုံး အားအင်ကို သုံးကာ မှော်လက်နက်ကို စီးနင်း၍ အမြန်ဆုံး ထွက်ခွာသွားလေတော့သည်။

မလှမ်းမကမ်းရှိ မြို့ပြင်အရပ်မှ ကျင့်ကြံသူ အမြောက်အမြားမှာလည်း ထိုနေရာသို့ စူးစမ်းစိတ်များဖြင့် ပြေးဝင်လာကြပြီ ဖြစ်သည်။

သစ်ပင်ကြီးတစ်ပင်အောက်တွင် လော့ချန် တံတွေးကို ခပ်ပြင်းပြင်း မြိုချလိုက်မိသည်။

"ဒါ....ဒါကို အစ်ကိုဝမ်က မီတာတစ်ရာပဲ သက်ရောက်မှုရှိတယ်လို့ ပြောတာလား"

ထိုပေါက်ကွဲမှု၏ ပြင်းအားနှင့် သက်ရောက်မှုမှာ မီတာတစ်ရာထက် များစွာ ကျော်လွန်နေသည် မဟုတ်ပါလော။ ဝမ်ယွမ်သည် ဖုန်များကို ခါထုတ်ရင်း လျှောက်လာကာ ဆိုသည်။

"ဒီမိန်းမပျိုလေးက တိုက်ပွဲအတွေ့အကြုံ တော်တော်ရှိတယ်ကွ၊ အာရုံခံစားမှုလည်း ထက်မြက်တယ်.... အရင်ပြထားတဲ့ သွေးမှော်စာရွက်အတုဆိုရင် သူ့ကို လှည့်စားနိုင်မှာ မဟုတ်ဘူး အဲဒါကြောင့် ငါလိုသလို ထပ်ဖြည့်လိုက်တာ"

“ဒါကြောင့်ကိုး” ဟု ဆိုလိုက်ပြီး လော့ချန် ချက်ချင်း နားလည်သွားသည်။ သို့သော် ထိုသွေးမှော်စာရွက် အတု၏ စွမ်းအားကို သူ အလွန်ပင် မက်မောမိသွားသည်။

အကယ်၍ အမြောက်အမြား ထုတ်လုပ်နိုင်ပါက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက်ပင် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာနိုင်ပေသည် ။

သူ၏ အကြည့်ကို မြင်သောအခါ ဝမ်ယွမ်တစ်ယောက် လော့ချန်စိတ်ကို ကြိုသိနှင့်လေပြီ ဖြစ်သည်။

"ဟေး....ဟေး လျှောက်တွေးမနေနဲ့ကွ.... ငါ ဒါတွေကို အများကြီး မလုပ်ပေးနိုင်ဘူး၊ ကျင့်ကြံတာ အများကြီး အနှောင့်အယှက် ဖြစ်တယ်" ဟု ဆိုလိုက်သည်။

လော့ချန်က ရှက်ရမ်းရမ်းကာ ရယ်လိုက်သည်။ ဝမ်ယွမ်သည် ဤအဆောင်တစ်ခုကို လုပ်ရန် ဆယ်ရက်ခန့် အချိန်ပေးခဲ့ရပြီး သူ၏ သွေးချီများစွာ ကုန်ဆုံးခဲ့ရသည်။ ထို့ကြောင့် ကိုယ်ပိုင်အစွမ်း တိုးတက်ဖို့ကသာ ပို၍ အရေးကြီးကြောင်း သူ နားလည်ပေးလိုက်သည်။

သူတို့နှစ်ဦးသည် အဝေးမှ ခုနစ်စင်ကြယ်တောင်ကုန်းကို ကြည့်လိုက်ကြရာ၊ ယခုအခါ ၎င်းမှာ တောင်ကုန်း မဟုတ်တော့ဘဲ ခုနစ်စင်ကြယ် ချိုင့်ဝှမ်းကြီး ဖြစ်သွားခဲ့လေပြီ။ အလင်းတန်းများစွာမှာ ထိုနေရာ၌ ပျံဝဲနေကြပြီး အချို့မှာမူ မိန်းမပျို နောက်သို့ လိုက်လံ စုံစမ်းနေကြသည်။

"အစ်ကိုဝမ်.... အစ်ကို ခုနက အော်လိုက်တဲ့ စကားက တကယ့်ကို အကွက်အဆန်းပဲနော်"

"ဟ....အဲဒီလိုမှ မအော်ရင် ဖူမျိုးနွယ်စုကို ဘယ်လိုလုပ် နာမည်ဆိုးထွက်အောင် လုပ်မလဲ"

ထို့နောက် ဉာဏ်များလှသော သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြလေတော့သည်။

နောက်တစ်နေ့တွင် ထိုတိုက်ပွဲသတင်းမှာ တာဟဲစျေးမြို့တော်တစ်ခုလုံးသို့ တောမီးအလား ပျံ့နှံ့သွားတော့သည်။ ဖူမျိုးနွယ်စု၏ သွေးမှော်စာရွက်သည် ယခုအခါ နာမည်ကျော်သွားခဲ့ရပြီ ဖြစ်သည်။ ကျင့်ကြံသူ အမြောက်အမြားမှာ ထိုအဆောင်ကို ရယူရန် စိတ်အားထက်သန်နေကြသည်။

တစ်ဖက်တွင်လည်း ဖူမျိုးနွယ်စုကို ပြစ်တင်ရှုတ်ချသူများလည်း ရှိနေသည်။ သူတို့၏ ကျင့်ကြံသူများကို ဖမ်းဆီး အရေခွံနွှာခြင်းမှာ မိစ္ဆာလမ်းစဉ်နှင့် မခြားဘဲ၊ ဤသို့သော လုပ်ရပ်မျိုးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုတစ်ခုနှင့် မထိုက်တန်ဟု ဆိုကြကာ ဝိုင်းဝန်း နှိမ်နင်းရန်ပင် တိုက်တွန်းနေကြသည်။ ဖူမျိုးနွယ်စုမှာ တစ်ခဏချင်းမှာပင် မုန်တိုင်းဗဟိုချက်သို့ ရောက်ရှိသွားတော့သည်။

….

လော့ထျန်းအဖွဲ့ချုပ်အတွင်း၌….။

လော့ချန်သည် ဆေးဖော်စပ်ခြင်း ပြီးဆုံးပြီးနောက် ကျင့်ကြံသူများ၏ ပြောဆိုသံများကို နားထောင်ရင်း ကျေနပ်နေမိသည်။ အားလုံးမှာ သူ စီစဉ်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့လေပြီ။

ယခုမူ နောက်ထပ် ခြေလှမ်းတစ်ခုကို စတင်ရန် အချိန်ကျပြီ ဖြစ်သည်။

"စီမာရှန့် ကို ခေါ်လိုက်ပါ "

မကြာမီ စီမာရှန့် ရောက်ရှိလာသည်။ လော့ချန်သည် ဤတည်ငြိမ်သော လူငယ်ကို ကြည့်ကာ အံ့အားသင့်မိသည်။ မြောက်ဘက်လမ်း တိုက်ပွဲတွင် ဤလူသည် သူ၏ ညီငယ်၊ ညီမငယ်များအတွက် အသက်နှင့်လဲ၍ ခုခံခဲ့သူ မဟုတ်ပါလော။ ကံကောင်းစွာဖြင့် သူတို့ မောင်နှမ သုံးဦးလုံး အသက်ရှင်ခဲ့ပြီး ယခုအခါ လော့ထျန်းအဖွဲ့ချုပ်တွင် နေရာကောင်းများ ရရှိထားကြသည်။

"အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်တော့်ကို ဘာခိုင်းစရာ ရှိလို့လဲခင်ဗျာ" ဟု စီမာရှန့်က မေးလိုက်သည်။

လော့ချန်က ပြုံးကာ ဆိုသည်။

"မင်းကို ဖူမျိုးနွယ်စုဆီ တစ်ခေါက် သွားစေချင်တယ်၊ ပြီးတော့ ဒီစာကို သူတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင် ဖူကျန်းဆီ ပေးလိုက်ပါ"

စီမာရှန့်သည် စာကို ရိုသေစွာ ယူလိုက်ပြီး ကျန်ရှိသော အမိန့်များကို စောင့်ဆိုင်းနေသော်လည်း၊ လော့ချန်က ဘာမှ ထပ်မပြောဘဲ တာဟဲစျေးမြို့တော်၏ အပြင်ဘက် အခြေအနေများကိုသာ မေးမြန်းနေတော့သည်။

"ကျွန်တော်တို့ မောင်နှမတွေက သိပ်ပြီး ခရီးမထွက်ဖူးပါဘူး၊ နှင်းကြာပန်း ဈေးမြို့တော်၊ ထိုက်ရှန်းဈေးမြို့တော်နဲ့ ထျန်းယဲ့ဈေးမြို့တော်လောက်ပဲ ရောက်ဖူးတာ"

"ထျန်းလန် နတ်ဘုရားမြို့တော်ကိုရော မရောက်ဖူးဘူးလား"

"မရောက်ဖူးပါဘူး၊ အဲဒါက သိပ်ဝေးလွန်းတယ်ဗျ.... အဲဒီမြို့ကြီးကို ဂိုဏ်းကြီး ခုနစ်ခုက စုပေါင်း တည်ထောင်ထားတာလို့ပဲ သိရတယ်.... အဲဒီမှာ တစ်ကိုယ်တော် ကျင့်ကြံသူ သိန်းနဲ့ချီပြီး သာမန်လူတွေ သန်းနဲ့ချီ နေထိုင်ကြတယ်လို့ ကြားဖူးပါတယ်"

"ဟုတ်လား.... အဲဒီလောက် ကြီးမားတဲ့ မြို့တွေက ဒီနယ်မြေမှာ အများကြီး ရှိတာလား...."

"မရှိပါဘူးခင်ဗျာ.... အဲဒီလို မြို့ကြီးတွေ ဖြစ်လာဖို့က တတိယအဆင့် ဝိညာဉ်ကြော ရှိမှ ဖြစ်မှာပါ အဲဒီမှာ ရွှေအမြုတေအဆင့် ပုဂ္ဂိုလ်ကြီးတွေတောင် ကျင့်ကြံနိုင်ပါတယ်"

ထို့နောက် စီမာရှန့်က ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ "ဟိုအရင်တုန်းက တာဟဲစျေးမြို့တော်မှာလည်း အဲဒီလိုမျိုး နတ်ဘုရားမြို့တော် တည်ဆောက်ဖို့ အစီအစဉ် ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်" ဟု ဆိုလိုက်သည်။

"ဟေ....တာဟဲ စျေးမြို့တော်မှာ ဟုတ်လား"

လော့ချန် အံ့အားသင့်သွားသည်။

"ဒီနေရာမှာ ပထမအဆင့် ဝိညာဉ်ကြောပဲ ရှိတာလေ၊ နတ်ဘုရားမြို့တော်တစ်ခု ဖြစ်ဖို့ အရည်အချင်း ပြည့်ပါ့မလား"

စီမာရှန့်က ခေါင်းခါပြကာ ဆိုသည်။

"ဒါကိုတော့ ကျွန်တော်လည်း အသေအချာတော့ မသိပါဘူးခင်ဗျာ.... ဒါပေမဲ့ ကျောက်စိမ်းအိုးဓားဂိုဏ်းက အဲဒီလို အစီအစဉ်ရှိတယ် လို့တော့ ကြားရပါတယ်၊ ဝိညာဉ်ကြောဆိုတာလည်း အမြဲတမ်း တစ်သမတ်တည်း ရှိနေတာ မဟုတ်ပါဘူး၊ ဂိုဏ်းကြီးတွေမှာ ဝိညာဉ်ကြောကို အဆင့်မြှင့်နိုင်တဲ့ လျှို့ဝှက်ကျင့်စဥ်တွေ ရှိနိုင်တာပဲလေ"

ထိုစကားကို ကြားသောအခါ လော့ချန် လေးလေးနက်နက် တွေးမိသွားတော့သည်။ မှန်ပေသည်။ ကျင့်ကြံခြင်းလောကတွင် မည်သည့်အရာမှ တသမတ်တည်း မရှိပေ။ ယခင်က လခြမ်းတောင်ကြားရှိ သာမန်မြေရိုင်းများပင်လျှင် ယခုအခါ ဝိညာဉ်လယ်ကွင်းများ ဖြစ်လာခဲ့သည် မဟုတ်ပါလော။ ယခင်က ရွှေအမြုတေအဆင့် ပုဂ္ဂိုလ်ကြီးက အဆုံးအဖြတ်စင်မြင့်ကို ပိတ်လိုက်ခြင်းမှာလည်း ဝိညာဉ်ကြော အဆင့်မြှင့်တင်ခြင်းနှင့် ဆက်စပ်နေနိုင်ကြောင်း လော့ချန် တွေးမိသွားသည်။ သို့သော် လော့ချန်သည် ထိုအကြောင်းများကို ခေတ္တဘေးဖယ်ထားကာ အနီးနားရှိ ဈေးမြို့တော်များမှ နာမည်ကျော် ကျင့်ကြံသူများအကြောင်းကို မေးမြန်းလိုက်ပြန်သည်။

"ဒါနဲ့ ....အဲဒီမှာ နာမည်ကြီးပြီး အစွမ်းထက်တဲ့ ချီသန့်စင်အဆင့် ကျင့်ကြံသူတွေ ရှိလား.."

"ဟုတ်ကဲ့....အများကြီး ရှိပါတယ်.... ရန်ပိုင်၊ လျိုဟန်၊ ဟောက်ရွှမ်း.... အစရှိသဖြင့်ပေါ့၊ နှင်းကြာပန်း ဈေးမြို့တော်လို နေရာမျိုးမှာတောင် လျန်ယွဲ့နတ်သမီး လိုမျိုး နာမည်ကျော်တဲ့သူတွေ ရှိပါတယ်.... ဩော်.... နန်ကုန်းချင် ဆိုရင်လည်း အခု တာဟဲဈေးမြို့တော်မှာ အတော်လေး နာမည်ကြီးနေပြီလေဗျာ"

စီမာရှန့်က နာမည်များကို တစ်ခုပြီးတစ်ခု ပြောပြနေသလို သူတို့နှင့် ပတ်သက်သော ပုံပြင်များကိုလည်း ပြောပြခဲ့သည်။ လော့ချန် စိတ်ဝင်တစား နားထောင်နေရင်း လျန်ယွဲ့နတ်သမီးအကြောင်း ရောက်သောအခါ သူ ရင်းနှီးစွာသိနေသလို ခံစားလိုက်ရသည်။

စီမာရှန့် ထွက်သွားပြီးနောက်မှ သူ ရုတ်တရက် သတိရသွားသည်။

လျန်ယွဲ့နတ်သမီးသည် ပိုးလက်ကိုင်ပုဝါနှင့် နှင်းပွင့်ဓားလက်နက် ကိုင်ဆောင့်လေ့ရှိသည် ဆိုသော အချက်ကြောင့် ဖြစ်လေသည်။ မနေ့ည ဝမ်ယွမ်နှင့် ရင်ဆိုင်ခဲ့သည့် ဝတ်ရုံနက် မိန်းမပျိုမှာ တခြားသူမဟုတ်ဘဲ သူမပင် ဖြစ်ပေလိမ့်မည်။ နေရာအနှံ့တွင် နာမည်ကြီးနေသော ကျင့်ကြံသူတိုင်း ရှိလိမ့်မည်ဖြစ်ပြီး အစွမ်းထက်မြက်ကြသည်မှာလည်း အမှန်ပင်ဖြစ်ပေမည်။

အကြောင်းမူ ဝမ်ယွမ်သည်ပင်လျှင် သူမကို သွေးမှော်စာရွက် ထုတ်သုံးစေရန် အစွမ်းကုန် ကြိုးစားခဲ့ရသည် မဟုတ်ပါလော။ သို့သော် နှင်းကြာပန်းဈေးမြို့တော်မှ ကျင့်ကြံသူတစ်ဦးသည် တာဟဲဈေးမြို့တော်မြို့တော်အထိ အဘယ်ကြောင့် လာရသနည်း။

‘မဟုတ်မှလွဲ.... နန်ကုန်းမျိုးနွယ်စုလိုမျိုး ဒီကို ပြောင်းရွှေ့လာဖို့ အစီအစဉ် ရှိနေတာလား’ ဟု တွေးမိရင်း လော့ချန် ခန်းမှန်းရခက်နေလေတော့သည်။

လော့ချန် ထိုအကြောင်းများကို စဉ်းစားနေစဉ်မှာပင် ဖူမျိုးနွယ်စု ခံတပ်အတွင်း၌မူ မုန်တိုင်းဝင်မွှေနေသကဲ့သို့ ဖြစ်နေလေတော့သည်။

ဖြောင်း....

“ဘယ်လို အောက်တန်းစားကောင်တွေက ငါတို့ကို လိုက်အရှက်ခွဲနေတာလဲ.... တောက်....”

အော်ဟစ်ဆဲဆိုရင်း ဝုန်းဒိုင်းကျဲနေသောသူမှာ ဖူကျန်း ဖြစ်သည်။ စန္ဒကူးသားစားပွဲကြီးမှာ ဖူကျန်း၏ လက်ဝါးချက်ကြောင့် အမှုန့်အတိ ဖြစ်သွားတော့သည်။ ဖူကျန်းသည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး အသက်ကို ပြင်းပြင်းရှူနေ ရလေတော့သည်။

All Chapters