အခန်း (၂၀၃-၂၀၄)
Vol. 21 Ch. 203-204
အခန်း (၂၀၃) - အမဲလိုက်ခံနေရသော သမင် သို့မဟုတ် ဖူမျိုးနွယ်စု
ခန်းမဆောင်ကြီးအတွင်း၌ ဖူကျန်း၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော ဒေါသဟုန်ကြောင့် စုဝေးနေကြသည့် ဖူမျိုးနွယ်စုဝင် ကျင့်ကြံသူများအားလုံး တုန်လှုပ်ချောက်ချားသွားကြရသည်။
အကြီးအကဲ ဖူကျင်းချိုးက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
"ခေါင်းဆောင်.... ဘာကိစ္စများကြောင့် ဒီလောက်အထိ အမျက်ရှနေရတာလဲ ခင်ဗျာ"
ဖူကျန်း၏ မျက်နှာမှာ မည်းမှောင်နေပြီး လော့ထျန်းအဖွဲ့အစည်းမှ ပေးပို့လာသောစာကို သူ့ရှေ့ရှိ စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ ဖူကျင်းချိုးသည် ထိုစာကို တစ်ချက် ဝေ့ကြည့်လိုက်ရုံနှင့်ပင် ဒေါသကြောင့် မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။
"သူ.... သူတို့က ငါတို့ ဖူမျိုးနွယ်စုကို ဘယ်လိုလူတွေလို့ မှတ်နေတာလဲ၊ ခေါင်းဆောင်ကို စီကုန်းရှို့ကျားရဲ့ အမွေအနှစ်တွေ ပြန်ပေးဖို့ တောင်းဆိုရဲတယ်ပေါ့လေ"
ထိုစကားကို ကြားသည်နှင့် ခန်းမအတွင်းရှိ အခြားကျင့်ကြံသူများလည်း အံ့အားသင့်သွားကြသည်။ ထို တန်ချန်ဇီ ဆိုသူမှာ ရူးသွပ်သွားပြီလောဟု တွေးစရာပင် ဖြစ်သည်။
အကြောင်းမူ စီကုန်းရှို့ကျား ဆိုသည်မှာ အိုမင်းရင့်ရော်နေသော အဘိုးကြီးတစ်ဦးမျှသာ ဖြစ်သည်။ ဖူကျန်း ထိုအဘိုးကြီးကို သတ်ခဲ့ရခြင်းမှာ ဖူမျိုးနွယ်စု၏ ဂုဏ်ကို မြှင့်တင်ရန်အတွက်သာ ဖြစ်ခဲ့သည်။ သေဆုံးသူတို့တွင် ပိုင်ဆိုင်ခွင့်မရှိဟူသော ကျင့်ကြံခြင်းလောက၏ နိယာမအရ သူ၏ ပစ္စည်းများမှာ သတ်နိုင်သူ၏ ဝေစုသာ ဖြစ်ပေလိမ့်မည်။ သေပြီးသားလူတစ်ယောက်အတွက် ပစ္စည်းပြန်တောင်းသည်ဟူသော ကိစ္စမျိုးမှာ မည်သည့်အခါမှ မကြားဖူးခဲ့သော ရယ်စရာကိစ္စပင် ဖြစ်တော့သည်။ ထိုသို့သော အကြောင်းများကြောင့် ဖူကျန်း ဒေါသထွက်နေခြင်းမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်လှပေသည်။
"ငါတို့ ဖူမျိုးနွယ်စုက အခြေခံတည်ဆောက်ခြင်းအဆင့် မရှိတော့ဘူး ဆိုပေမယ့်လည်း ဒီလို အဆင့်နိမ့်ဂိုဏ်းလေးက လာပြီး အမိန့်ပေးနိုင်မယ်လို့ ထင်နေတာလား"
"ပိုင်ဆိုင်မှုတွေ ပြန်ပေးရမယ်.... အဲဒါတင်မက တောင်းပန်ရဦးမယ် ဟုတ်လား"
ပို၍ ဒေါသထွက်စရာကောင်းသည်မှာ စာထဲတွင် ရေးသားထားသော အသုံးအနှုန်းများ ဖြစ်သည်။ ၎င်းမှာ အထက်စီးမှနေ၍ တရားမျှတမှုကို ကိုင်စွဲထားသူတစ်ဦးကဲ့သို့ ဖူမျိုးနွယ်စုကို နှိမ်ချဆုံးမနေခြင်းပင် ဖြစ်သည်။
"ဒါက ငါ့ကိုတင် မဟုတ်ဘူး၊ ဖူမျိုးနွယ်စု တစ်ခုလုံးရဲ့ မျက်နှာကို ချီး နဲ့သုတ်လိုက်သလို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်တာပဲ"
ဒေါသကြောင့် တုန်ရီနေသော ဖူကျင်းချိုးက ထပ်လောင်းပြောကြားပြန်သည်။
"ဒါတင် မဟုတ်သေးဘူး၊ လခြမ်းတောင်ကြားကို တိုက်ခိုက်တဲ့နေရာမှာ ပါဝင်ခဲ့တဲ့အတွက် လျော်ကြေးအနေနဲ့ စီကုန်းရှို့ကျားရဲ့ ပစ္စည်းတွေတင် မကဘဲ မှော်စာရွက် သုံးခုကိုပါ ပေးအပ်ဖို့ တောင်းဆိုထားသေးတယ် သောက်ရှက်တော်တော်မရှိတဲ့ကောင်ပဲ...."
"အမှန်ပဲ.... ဒီလောက်ကြီးကျတော့ သူတို့ လွန်လွန်းလှပြီ၊ ဖိုရှန်းဂိုဏ်းကနေ သူတို့တောင် ခွဲထွက်ပြီးပြီပဲဟာ၊ အတိတ်က အကြီးအကဲအိုကြီး သေတဲ့ ကိစ္စကို အခုထိ ဆွဲထုတ်နေတုန်းပဲလား.... မီရှုဟွာ ကျဆုံးအောင် လုပ်ခဲ့တဲ့ တကယ့်လက်သည်ကြီးတွေကျ မထိရဲကြဘူးလေ.... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေဆီမှာကျတော့ ဘာလို့ တရားမျှတမှု မတောင်းရဲရတာလဲ.... အကောင်ကြီးကျမဖမ်းရဲဘဲ တော်တော်အားယားနေကြပုံပဲ...."
"ဒါနဲ့ နေပါဦး.... ငါတို့ ဖူမျိုးနွယ်စုမှာ သွေးမှော်စာရွက်တွေ တကယ်ပဲ ရှိလို့လား"
ဆူညံနေသော ခန်းမကြီးမှာ ထိုနောက်ဆုံးစကားတစ်ခွန်းကြောင့် ရုတ်တရက် တိတ်ဆိတ်ခြောက်ကပ်သွားတော့သည်။
ဖူကျန်းသည် ခန်းမအတွင်းရှိ လူများကို မျက်နှာထားတင်းတင်းဖြင့် ဝေ့ကြည့်ကာ မေးလိုက်သည်။
"မင်းတို့က ဘာကို ဆိုလိုတာလဲ"
ထိုမေးခွန်းကို ထုတ်ခဲ့သူမှာကြောက်လန့်စွာဖြင့် ခေါင်းငုံ့သွားတော့သည်။
ဖူကျန်းသည် မျိုးနွယ်စုခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်မှာ ဆယ်နှစ်ကျော်သာ ရှိသေးသော်လည်း၊ သူသည် ဖူမျိုးနွယ်စု၏ အကြပ်အတည်းများစွာကို ကျော်လွှားပေးခဲ့သူ ဖြစ်သည်။
ထျန်းလန်နတ်ဘုရားမြို့တော်အတွင်းရှိ အပြင်းအထန် တိုက်ခိုက်မှုများ၊ ထိုမြို့တော်မှ ဆုတ်ခွာလာရခြင်းနှင့် တာဟဲ စျေးမြို့တော်သို့ ပြောင်းရွှေ့အခြေချလာရခြင်းတို့မှာ သူ၏ ဦးဆောင်မှုများပင် ဖြစ်သည်။ သူ၏ သြဇာအာဏာ မှာ ဖူမျိုးနွယ်စုအတွင်း၌ အလွန်ပင် ကြီးမားလှပေသည်။
ကျင့်ကြံသူများ၏ စိုးရိမ်တကြီး တုံ့ပြန်မှုကို မြင်သောအခါ ဖူကျန်းက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။
"ငါ နောက်ဆုံးအကြိမ် ပြောမယ်၊ နောက်ထပ် ဒီလိုမျိုးတွေမမေးနဲ့"
"ငါတို့ရဲ့ အကြီးအကဲကြီး ကွယ်လွန်ခါနီးမှာ ငါ့ကို သွေးမှော်စာရွက် နည်းစနစ်တွေ လုံးဝ ပေးမထားခဲ့သလို ငါတို့ ဖူမျိုးနွယ်စုကလည်း ဒီလို မိစ္ဆာကျင့်စဥ်တွေနဲ့ ဘယ်တုန်းကမှ မပတ်သက်ခဲ့ဖူးဘူး"
အားလုံးမှာ ခေါင်းငုံ့ကာ ငြိမ်သက်သွားကြသည်။ ဖူကျန်းက သက်ပြင်းချလိုက်ပြီး သူ၏ ကုလားထိုင်တွင် ပြန်ထိုင်လိုက်ကာ စိုးရိမ်ပူပန်ဟန်ဖြင့် ပြောဆိုလေတော့သည်။
"မနေ့ညက သွေးမှော်စာရွက်ရဲ့ စွမ်းအားကို မင်းတို့ သိကြမှာပါ၊ တကယ်လို့ ငါတို့မှာသာ အဲဒီလို အရာရှိရင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မရှိဘဲနဲ့တောင် တခြားမျိုးနွယ်စုကြီးတွေနဲ့ တန်းတူ ရင်ဆိုင်နိုင်မှာပေါ့"
"ဒါပေမဲ့ အဲဒီနောက်ကွယ်က အကျိုးဆက်ကိုရော မင်းတို့ စဉ်းစားမိရဲ့လား"
"တကယ်လို့ ငါတို့မှာ အဲဒါ တကယ်ရှိနေရင် ဂိုဏ်းကြီးတွေက ငါတို့ကို အလွတ်ပေးမှာ မဟုတ်သလို အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုတွေကလည်း ငါတို့ကို တိုက်ခိုက်ဖို့အတွက် တရားဝင် အကြောင်းပြချက် ရသွားလိမ့်မယ်....”
“အခု ငါတို့အတွက် အလိုအပ်ဆုံးက အင်အား ပြန်လည်စုဆောင်းဖို့နဲ့ နောက်မျိုးဆက်တွေကို ပျိုးထောင်ဖို့ပဲ၊ နောက်နှစ်တစ်ရာအတွင်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာအောင် ကြိုးစားနိုင်မှသာ ဖူမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာက တည်မြဲမှာ ဖြစ်တယ်"
သူ၏ စကားလုံးများမှာ တည်ငြိမ်ပြီး မျိုးနွယ်စုအပေါ် ထားရှိသော စေတနာများ လွှမ်းမိုးနေသဖြင့် သံသယရှိနေသူများပင် စိတ်လှုပ်ရှားသွားကာ ခေါင်းညိတ် လက်ခံလိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ဖူကျန်းသည် မျိုးနွယ်စုအတွက် ကိုယ်ကျိုးစွန့်ကာ တိုက်ပွဲဝင်ခဲ့သူ ဖြစ်လေသည်။ သို့သော်လည်း 'သစ်ပင်က ငြိမ်ချင်သော်လည်း လေက မရပ်' ဟူသည့် စကားပုံအတိုင်းပင် ဖူမျိုးနွယ်စုမှာ အေးချမ်းစွာ မနေရပေ။
ဖူမျိုးနွယ်စုဝင်များ အပြင်သို့ ထွက်သည့်အခါတိုင်း အခြားသူများ၏ အကြည့်များမှာ ထူးဆန်းစွာ ပြောင်းလဲလာသည်ကို သတိပြုမိလာကြသည်။ ထိုအကြည့်များထဲ၌ စူးစမ်းလိုစိတ်များသာမက ကြောက်ရွံ့မှုများလည်း ပါဝင်နေသည်။
ကျင့်ကြံသူအလောင်းအချို့မှာ သက်သေဖျောက်ရန်အတွက် အရှင်လတ်လတ် အရေခွံနွှာခံရပြီး မီးရှို့သတ်ခံရသည်ဟူသော ကောလာဟလများမှာလည်း ဖူမျိုးနွယ်စုကို ပစ်မှတ်ထားနေကြသည်။ ထိုသို့သော စွပ်စွဲချက်များကို ကြားရသောအခါ ဖူမျိုးနွယ်စုဝင်များမှာ ဒေါသထွက်ကြသော်လည်း မည်သူကမျှ သူတို့၏ စကားကို မယုံကြပေ။
"သက်သေဖျောက်ချင်ရင် ခန္ဓာကိုယ်တစ်ခုလုံးကိုပဲ မီးရှို့လိုက်မှာပေါ့၊ ဘာလို့ အရေခွံပဲ ခွာနေမှာလဲ"
ထိုသို့ဖြေရှင်းချက်ပေးသော်လည်း လူအများက ထိုကောလာဟလကိုသာ အဟုတ်မှတ်နေကြသည်။ ထိုထက် ပိုဆိုးသည်မှာ ဖူမျိုးနွယ်စုဝင် ကျင့်ကြံသူတစ်ဦးသည် လောဘဇောတိုက်ကာ သာမန်မှော်စာရွက်ကို သားရဲသွေးနှင့် တို့ကာ သွေးမှော်စာရွက်ဟု ဈေးကြီးပေး၍ ရောင်းချခဲ့မိခြင်း ဖြစ်သည်။
ဝယ်သူက အလိမ်ခံရမှန်း သိသောအခါ မြို့တွင်းရှိ ဖူမျိုးနွယ်စု၏ ဆိုင်သို့ လာရောက်ကာ အကြီးအကျယ် ပြဿနာရှာလေတော့သည်။ ခန်းမဆောင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။ ဆိုင်ကို တာဝန်ယူထားရသော ဖူကျွယ်မှာ ဒေါသကြောင့် သွေးပင် အန်ချင်သွားတော့သည်။
“တောက်.... ဒီလို အထိမခံတဲ့ အချိန်မျိုးမှာ ဘယ်ကောင်ကများ ဒီလောက်အထိ မိုက်မဲပြီး လောဘတက်နေရတာလဲ”
ထိုကိစ္စကို ပြေလည်စေရန်အတွက် ဝိညာဉ်ကျောက်တုံးများ ပြန်ပေးရုံတင်မကဘဲ အဆင့်မြင့် မှော်စာရွက်များစွာနှင့်ပါ လျော်ကြေးပေးခဲ့ရသဖြင့် ဖူမျိုးနွယ်စု၏ ဂုဏ်သိက္ခာမှာ အကြီးအကျယ် ထိခိုက်သွားခဲ့ရသည်။ ဤသို့သော အခြေအနေမျိုးတွင် လော့ထျန်းအဖွဲ့အစည်း၏ ဒုတိယမြောက် သတိပေးစာ ရောက်ရှိလာတော့သည်။
သို့သော် ၎င်းမှာ လာရောက်ပေးပို့ခြင်း မဟုတ်ဘဲ မြို့တစ်ခုလုံး ပျံ့နှံ့အောင် ဖြန့်ဝေခြင်း ဖြစ်သည်။ ပိတ်ထားသော အဆုံးအဖြတ်စင်မြင့် ရှေ့ရှိ ကျောက်စာတိုင်တွင် လော့ထျန်းအဖွဲ့ချုပ်က ဖူမျိုးနွယ်စုထံ ဤသို့ ရေးသားထားသည်။
[ ဝေးလံသောအရပ်မှ လာသော ကျင့်ကြံသူများပီပီ ကျွန်ုပ်တို့သည် အပြန်အလှန် အကျိုးပြုကာ မဟာတာအိုကို အတူရှာဖွေလိုကြသော်လည်း သင်တို့ ဖူမျိုးနွယ်စုမှာမူ မောက်မာရိုင်းစိုင်းစွာဖြင့် သွေးချောင်းစီးစေခဲ့ပြီး လူအများ၏ ဒေါသကို ကောင်းကင်အထိ ရောက်စေခဲ့သည် ]
[ ကျွန်ုပ်တို့ လော့ထျန်းအဖွဲ့အစည်းသည် ဖိုရှန်းဂိုဏ်း၏ အမွေကို ဆက်ခံသူများ ဖြစ်သည်နှင့်အညီ စံနမူနာကောင်း ပြသရန် တာဝန်ရှိသော်လည်း ကျွန်ုပ်တို့၏ လေးစားအပ်သော အကြီးအကဲ စီကုန်းရှို့ကျားမှာမူ ယုတ်မာလှသော ဖူကျန်း၏ လက်ချက်ဖြင့် မတရား လုပ်ကြံခံခဲ့ရသည်။ ထိုကြောင့် သတ်မှတ်ထားသော အချိန်အတွင်း စီကုန်းရှို့ကျား၏ ပစ္စည်းများကို ပြန်လည်ပေးအပ်ရန် တောင်းဆိုသည်။ အကယ်၍ ငြင်းဆန်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သင်တို့ကိုယ်တိုင် တာဝန်ယူရလိမ့်မည် ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့က သတိမပေးခဲ့ဟု မဆိုရန် ကြိုတင် အသိပေးအပ်ပါသည် ]
ဤစာကို ဖတ်ကြားလိုက်ရချိန်တွင် ဖူကျန်း၏ ဒေါသမှာ မုန်တိုင်းကဲ့သို့ ပေါက်ကွဲထွက်သွားပြီး ဟိန်းဟောက်သံများမှာ ခန်းမကြီးအတွင်း ပဲ့တင်ထပ်သွားတော့သည်။ တပည့်များနှင့် အကြီးအကဲများမှာလည်း မကျေမနပ်ဖြစ်ကာ ဒေါသမျက်နှာများဖြင့် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
"မောက်မာရိုင်းစိုင်းတယ် ဆိုပဲ.... လူထုဒေါသ ဟုတ်လား" ဟု တစ်ဦးက လှောင်ပြောင်လိုက်သည်။
"သူတို့က ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ မှတ်နေလို့ ဒီလောက် စွပ်စွဲရဲတာလဲ"
ခန်းမအတွင်း၌ မကျေမနပ် ဖြစ်နေသော အသံများမှာ လှိုင်းတံပိုးကဲ့သို့ ထွက်ပေါ်လာသည်။
"ဖူမျိုးနွယ်စုရဲ့ ခေါင်းဆောင်က ဘယ်တုန်းကများ ယုတ်မာတဲ့လူ ဖြစ်သွားရတာလဲ" ဟု မျိုးနွယ်စုထဲမှ လူငယ်တစ်ဦးက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
ပိုမိုများပြားသော ကန့်ကွက်သံများမှာ လှိုင်းကဲ့သို့ မြင့်တက်လာသည်။
"သတိမပေးခဲ့ဘူးလို့ မပြောနဲ့ ဟုတ်လား"
ခန်းမအတွင်း၌ အေးစက်သော ရယ်သံတစ်သံ ပဲ့တင်ထပ်သွားသည်။
"ဟက်.... သူတို့ပြောတဲ့ အကျိုးဆက် ဆိုတာ ဘာလဲဆိုတာ ငါ တစ်ချက်လောက် ကြည့်ချင်သေးတယ်"
အခြားအကြီးအကဲ တစ်ဦးက ခေါင်းခါရင်း ဆိုသည်။
"ကဲပါ.... သူတို့ကို လျစ်လျူရှုလိုက်ပါ၊ ငါတို့က တစ်ခုခု လိုက်လျော ပေးလိုက်ရင် ငါတို့ အပြစ်လုပ်ထားတယ်ဆိုတာကို ဝန်ခံသလို ဖြစ်သွားလိမ့်မယ်"
တံခါးအနီးတွင် ရပ်နေသော ကျင့်ကြံသူတစ်ဦးက နှာခေါင်းရှုံ့လိုက်သည်။
"ဒီ တန်ချန်ဇီ ဆိုတဲ့လူက သူကိုယ်သူ တရားမျှတမှုရဲ့ ချိန်ခွင်ကြီးလို့ ထင်နေပုံပဲ၊ သူ့ဘဝမှာရော လူတစ်ယောက်မှ မသတ်ဖူးဘူးလား"
ထိုကဲ့သို့ တင်းမာမှုများ မြင့်တက်နေစဉ် ဖူမျိုးနွယ်စု ကျင့်ကြံသူတစ်ဦးက လေးနက်စွာ ဆိုလိုက်သည်။
"သူတို့ လာချင်ရင် လာခဲ့လေ၊ တိုက်ပွဲဖြစ်မယ်ဆိုရင်လည်း ငါတို့ အသင့်ပဲ၊ တခြားမျိုးနွယ်စု တွေလည်း ငြိမ်နေမှာ မဟုတ်ဘူး၊ 'ယုန်သေရင် မြေခွေး ငိုတတ်တယ်' ဆိုသလိုပဲ ငါတို့ ခံရတာကို သူတို့ထိုင် ကြည့်နေမှာ မဟုတ်ဘူး"
ဤသို့ဖြင့် ဖူမျိုးနွယ်စုကြီးသည် လော့ထျန်းအဖွဲ့အစည်းကဲ့သို့ မကြာခင်ကမှ ထောင်ထားသော အဖွဲ့အစည်းငယ်တစ်ခု၏ စိန်ခေါ်မှုအား တစ်ယောက်တစ်ပေါက်ဖြင့် မခံရပ်နိုင်ပဲ မကျေမနပ် ဖြစ်နေကြတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၂၀၄) - သံမဏိခံတပ် နှင့် လက်သီးတစ်ချက်
လော့ထျန်းအဖွဲ့အစည်း၏ ပြင်းထန်သော စွပ်စွဲချက်များအပေါ် ဖူမျိုးနွယ်စုဘက်မှ မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်ခဲ့ပေ။ ထိုသို့ အရေးမစိုက်ဟန်ဖြင့် အန်တုနေမှုကပင် တစ်ကိုယ်တော်ကျင့်ကြံသူများအကြား ဖူမျိုးနွယ်စု၏ ဂုဏ်သိက္ခာကို တစ်မျိုးတစ်ဖုံ ပြန်လည်မြင့်တက်လာစေခဲ့သည်။
ယခုအခါတွင်မူ အကျပ်ရိုက်သွားသည်မှာ လော့ထျန်းအဖွဲ့အစည်းသာ ဖြစ်တော့သည်။
"သတိပေးစာထဲက ပစ္စည်းတွေပြန်ပေးဖို့ သတ်မှတ်ရက် ကျော်သွားပြီ မဟုတ်လား"
"သတိမပေးဘူးလို့မပြောနဲ့ ဆိုပြီး ကြုံးဝါးခဲ့တာရော ဘယ်ရောက်သွားပြီလဲ"
"ဖူ ခေါင်းဆောင်က ဒီလောက်တောင် လျစ်လျူရှုထားတာကို.... လော့ထျန်း တို့က တကယ်ပဲ ဘာမှမလုပ်တော့ဘူးလား"
တစ်ကိုယ်တော်ကျင့်ကြံသူများသာမက တာဟဲ စျေးမြို့တော်အတွင်းရှိ အင်အားစုကြီးငယ် အသွယ်သွယ်ကလည်း ဤပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ထိုစဉ်အတွင်း လော့ထျန်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှာမူ ဓားနန်းဆောင်ရှိ အဆောက်အအုံတစ်ခု၏ အပြင်ဘက်တွင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။
ဖြတ်သွားဖြတ်လာပြုကြသော ကျောက်စိမ်းအိုးနယ်မြေ၏ အပြင်စည်းတပည့်များမှာ သူ့အား ဇဝေဇဝါဖြင့် ကြည့်သွားကြသည်။ သူသည် ဤနေရာ၌ တစ်မနက်လုံး ရပ်နေခဲ့ခြင်း ဖြစ်သည်။
တာဝန်ခံမြောင် အလုပ်များနေ၍လော သို့မဟုတ် သူ့အား အပြစ်ပေးနေခြင်းလော မသဲကွဲပေ။ အချိန်အတော်ကြာပြီးနောက်တွင် အဆောက်အအုံအတွင်းမှ အေးစက်စက်စကားသံတစ်သံ ထွက်ပေါ်လာသည်။
"မင်းကို သတိပေးလိုက်မယ်၊ ဒါ နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေ၊ နောက်တစ်ခါ ထပ်မလုပ်နဲ့"
"ဒီနေ့ကစပြီး ဆေးဖော်စပ်တဲ့နေရာမှာပဲ အာရုံစိုက်စမ်း၊ သောက်ပြဿနာတွေ လိုက်မရှာနဲ့တော့"
ထိုအခါ လော့ချန် အသာအယာ ပြုံးလိုက်ပြီး "နားလည်ပါပြီ" ဟု ရိုသေစွာ ဖြေကြားကာ ဓားနန်းဆောင်မှ လှည့်ထွက်ခဲ့တော့သည်။
အပြင်သို့ ရောက်သည်နှင့် သူ သက်ပြင်းတစ်ချက်ကို အားပါးတရ ချလိုက်မိသည်။ ဖူမျိုးနွယ်စုဆိုသည်မှာ အဓိက ပြဿနာမဟုတ်ပေ၊ အဓိက သော့ချက်မှာ မြောင်ဝမ်သာ ဖြစ်သည်။
လော့ချန်တွင် ခိုင်လုံသော အကြောင်းပြချက် ရှိသည်။ ဖိုရှန်းဂိုဏ်း ပျက်စီးသွားပြီးနောက် သူတို့၏ ဆေးလုံးအရောင်းလမ်းကြောင်းများမှာ ပြိုလဲလုနီးပါး ဖြစ်နေပြီး မြောင်ဝမ်၏ နာမည်ကိုလည်း ပြောင်ပြောင်တင်းတင်း သုံးစွဲ၍ မရသေးပေ။
ထို့ကြောင့် သူတို့ ဖော်စပ်ထားသော ကျောက်စိမ်းအမြုတေဆေးလုံးများကို ရောင်းချရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ရာ၊ လော့ထျန်းအဖွဲ့အစည်းအနေဖြင့် မည်သူမျှ လျစ်လျူရှု၍မရသော အာဏာတစ်ခုကို အလျင်အမြန် တည်ဆောက်ရန် လိုအပ်နေခြင်း ဖြစ်သည်။
ဤအကြောင်းပြချက်မှာ ကျိုးကြောင်းဆီလျော်လှသော်လည်း အပြည့်အဝတော့ မခိုင်လုံသေးပေ။ သို့သော်လည်း လော့ချန်သည် လွန်ခဲ့သောလအတွင်း ဖော်စပ်ခဲ့သည့် မြောက်မြားလှသော ဆေးလုံးများနှင့် မီရှုဟွာအတွက် ကြိုတင်ပြင်ဆင်ထားသော ဆေးလုံးများကို မြောင်ဝမ်အား ဆက်သလိုက်သောအခါတွင်မူ မြောင်ဝမ် သူ၏ ရဲတင်းသော လုပ်ရပ်ကို နောက်ဆုံး၌ ခွင့်ပြုလိုက်ရလေတော့သည်။
"စီးပွားရေးအကျိုးအမြတ်ထက် လူ့စိတ်ကို လှုပ်ရှားစေတာ ဘာမှမရှိဘူးပဲ" ဟု ပြောရင်း လော့ချန် ခပ်တိုးတိုး ရယ်မောရင်း မြို့တွင်းပိုင်းမှ အေးအေးလူလူ ထွက်လာခဲ့သည်။
ပထမအကြိမ် အောင်မြင်သွားပြီဆိုလျှင် နောက်နောင်တွင် အကြိမ်ကြိမ် ခွင့်ပြုချက်ရရန်မှာ မခက်ခဲတော့ပေ။ အကျိုးစီးပွားချင်း ဆက်နွှယ်မှုကြောင့် မြောင်ဝမ်နှင့် သူ၏ ပတ်သက်မှုမှာ ပိုမိုခိုင်မာလာမည်ဖြစ်ပြီး သူ၏ အခန်းကဏ္ဍမှာလည်း ပို၍ အရေးပါလာပေလိမ့်မည်။
လော့ထျန်းအဖွဲ့အစည်းသာ အင်အားကြီးမားလာပါက မြောင်ဝမ်ပင်လျှင် သူ၏ စကားကို လျစ်လျူရှုနိုင်မည် မဟုတ်တော့ပေ။
လော့ချန် လုပ်ဆောင်ရမည့်အရာမှာ မီရှုဟွာ၏ နည်းလမ်းအတိုင်းပင် ဖြစ်သည်။ မိမိကိုယ်မိမိ မြောင်ဝမ်နှင့် တန်းတူနီးပါး အဆင့်တစ်ခုသို့ မြှင့်တင်ရမည်။ ထို့နောက်တွင်မူ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းကာ မိမိ၏ ကံကြမ္မာကို မိမိဘာသာ အပြည့်အဝ ထိန်းချုပ်နိုင်ရန် ကြိုးစားရပေလိမ့်မည်။ ထို့ကြောင့် ဤတိုက်ပွဲသည် မဖြစ်မနေ အနိုင်ရရမည်။ ထိုမျှသာမက ပြတ်ပြတ်သားသား အောင်ပွဲဖြစ်ရမည်။
လော့ချန်၏ စိတ်ဆန္ဒမှာ မတုန်မလှုပ် ခိုင်မာနေတော့သည်။
ဖူမျိုးနွယ်စုမှာ ငှက်ကုလားအုတ်ကဲ့သို့ ခေါင်းကို သဲထဲတွင် ဝှက်ကာ လျစ်လျူရှုနေဆဲ ဖြစ်သော်လည်း လော့ထျန်းအဖွဲ့အစည်း၏ တိုက်ပွဲခန်းမဆောင်မှာမူ ကြောက်မက်ဖွယ်ကောင်းသော စစ်ယန္တရားကြီးတစ်ခုအလား စတင်လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။
ဤသို့နှင့် တောင်နှင့်သမုဒ္ဒရာ ပြက္ခဒိန် ၃၄၀၈ ခုနှစ်၊ ကိုးလပိုင်း ကိုးရက်နေ့ မွန်းတည့်အချိန်တွင် ဝမ်ယွမ် ဦးဆောင်သော တိုက်ပွဲခန်းမဆောင်မှ တပ်ဖွဲ့ကြီးသည် ဖူမျိုးနွယ်စုခံတပ်ဆီသို့ ချီတက်လာတော့သည်။
ရှေ့တန်းတွင် အကြီးအကဲနှစ်ဦးဖြစ်သော တွမ်ဖုန်းနှင့် စီမာရှန့်တို့က ချီသန့်စင် အလယ်အလတ်အဆင့်နှင့် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဆယ်ဦးစီကို အသီးသီး ကွပ်ကဲလာကြသည်။ ထို့ပြင် ကုသိုလ်ခန်းမဆောင်မှ စီမာဝမ်ကျဲနှင့် ရွှေခန်းမဆောင်မှ အကြီးအကဲ ကျန်းဝမ်တို့ပါ ပူးပေါင်းလာသဖြင့် အဆင့် ၉ ရှိ ကျင့်ကြံသူ ငါးဦးအထိ ပါဝင်လာခဲ့သည်။
ထို့ပြင် တစ်လကြာ အနားယူခဲ့သော ချင်လျန်ချန်းသည်လည်း လော့ချန်နှင့် ဝမ်ယွမ်တို့၏ ဘေးတွင် ပထမဆုံးအကြိမ် ပြန်လည် ပေါ်ထွက်လာခဲ့သည်။ ဤမျှ မြောက်မြားလှသော အင်အားများကို ပြောင်ပြောင်တင်းတင်း ထုတ်ပြလိုက်ခြင်းမှာ တာဟဲ စျေးမြို့တော်အတွင်းရှိ တစ်ကိုယ်တော်ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားလိုက်သကဲ့သို့ ဖြစ်သွားသည်။
တိုက်ပွဲခန်းမဆောင် တပ်ဖွဲ့ကြီး ဖူမျိုးနွယ်စုခံတပ်ဆီသို့ ချီတက်သွားချိန်တွင် ကျင့်ကြံသူ ထောင်ပေါင်းများစွာမှာလည်း ဝိညာဉ်အလင်းတန်းများ ကိုယ်စီဖြင့် အဝေးမှ လိုက်ပါလာကြရာ၊ ကောင်းကင်ယံမှ ကြည့်ပါက တလိမ့်လိမ့် တက်လာသော လှိုင်းလုံးကြီးတစ်ခုနှင့်ပင် တူလှတော့သည်။
လော့ချန် ခံတပ်ကြီး၏ ရှေ့သို့ အေးအေးလူလူ ရောက်ရှိလာချိန်တွင် ဖူမျိုးနွယ်စု ကျင့်ကြံသူများမှာလည်း တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် စောင့်ကြိုနေကြပြီ ဖြစ်သည်။
"တန်ချန်ဇီ"
မိုးကြိုးပဲ့တင်ထပ်သကဲ့သို့ ဟိန်းဟောက်သံတစ်သံ ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။
ဖူကျန်းသည် ဧရာမ ရွှေစစ်တူကြီးကို ကိုင်စွဲကာ ခံတပ်၏ ကင်းမျှော်စင်ပေါ်မှ ပျံတက်လာသည်။ သူ၏ စူးရှသော မျက်လုံးများမှာ ဒေါသကြောင့် တောက်လောင်နေပြီး စစ်တပ်၏ ရှေ့ဆုံးတွင် ရှိနေသော လူငယ်လေးကို စိုက်ကြည့်နေတော့သည်။
"မျိုးနွယ်စုခေါင်းဆောင်ဖူ.... နေကောင်းပါရဲ့လားဗျာ"
လော့ချန်က သူ၏ ကျောက်စိမ်းယပ်တောင်ကို အသာအယာ ခတ်ရင်း နှုတ်ဆက်လိုက်သည်။
ဖူကျန်းသည် လော့ချန်ကို ကြည့်ကာ ရင်ထဲမှ တဟုန်းဟုန်းတောက်လောင်နေသော ဒေါသမီးကို အစွမ်းကုန် ထိန်းထားရသည်။ လော့ထျန်းအဖွဲ့အစည်း၏ တကယ့်အင်အားမှာ ဤမျှ မများပြားမှန်း သူ ကောင်းကောင်းသိသည်။ ခံတပ်အပြင်ဘက်ရှိ ထောင်နှင့်ချီသော လူများမှာ ပွဲကြည့်ပရိသတ်များသာ ဖြစ်ကြသည်။
သို့သော် ပွဲကြည့်သူဆိုသည်မှာ အခြေအနေမဟန်လျှင် အခွင့်အရေးသမားများ ဖြစ်သွားတတ်ကြသည်။
အကယ်၍ ဖူမျိုးနွယ်စုဘက်မှ အားနည်းချက် အနည်းငယ်မျှ ပြလိုက်သည်နှင့်၊ ပြိုလဲနေသော တံတိုင်းကို အားလုံး ဝိုင်းတွန်းကြသလို လောဘဇောတိုက်ကာ ဝိုင်းဝန်း တိုက်ခိုက်ကြပေလိမ့်မည်။
ဤအခိုက်အတန့်တွင်မှ သူ ဝေဝေဝါးဝါး သိမြင်လိုက်ရသည်မှာ သွေးမှော်စာရွက် ကောလာဟလများမှာ ချန်မျိုးနွယ်စု သို့မဟုတ် အခြားနေရာတစ်ခုခုမှ လာခြင်းမဟုတ်ဘဲ၊ သူ၏ ရှေ့တွင်ရှိနေသော ဤလူငယ် လက်ချက်သာ ဖြစ်ပေလိမ့်မည်။
ဖူကျန်းသည် ယနေ့ တိုက်ပွဲကို ဖြစ်နိုင်လျှင် ရှောင်လွှဲလိုသည်။ သူ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လေသံကို လျှော့ကာ ဆိုလိုက်သည်။
"ငါတို့အားလုံးက တာဟဲ စျေးမြို့တော်မှာ တာအိုလမ်းစဥ်ကို ရှာဖွေကျင့်ကြံနေကြတာပဲ၊ ဒီလောက်အထိ ကြီးကြီးမားမား ပဋိပက္ခဖြစ်ဖို့ထိ လိုလို့လားကွာ"
"ဩော်...."
လော့ချန် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး "ဘယ်တုန်းကကစပြီး ခင်ဗျားက ဒီလောက် ငြိမ်းချမ်းရေး မြတ်နိုးသွားတာလဲဗျာ" ဟု ခနဲ့လိုက်သည်။
ထိုသို့ အရွဲ့တိုက်လိုက်သော လေသံကြောင့် ဖူကျန်းသည် အံတင်းတင်းကြိတ်ကာ ဒေါသကို ထပ်မံ မြိုသိပ်လိုက်ရပြန်သည်။
"အဲလိုမျိုး အထင်အမြင်တွေမလွဲပါနဲ့ကွာ....တခြားသူ တစ်ယောက်အပေါ် ကြင်နာတာက ကိုယ့်ကိုယ်ကိုယ် ကြင်နာတာနဲ့တူတူပါပဲ.... မင်းလိုချင်တာက စီကုန်းရှို့ကျားရဲ့ ပစ္စည်းတွေ မဟုတ်လား၊ အဲဒါတွေကို ငါ အခုပဲ ပြန်ပေးမယ် ရပြီလား"
ဖူကျန်းသည် ပြောပြောဆိုဆိုနှင့်ပင် လိပ်ခွံတစ်ခုနှင့် ကျိုးပဲ့နေသော ဓားရှည်တစ်ချောင်းကို လော့ချန်ဆီသို့ လွင့်ပျံ စေလိုက်သည်။ သူသည် ထိုပစ္စည်းများကို ချီစွမ်းအားဖြင့် ထိန်းချုပ်ပေးပို့နေရင်း လော့ချန်ကို စိုက်ကြည့်ကာ ဆိုသည်။
“ငါတို့ငြိမ်းချမ်းရေးယူကြရအောင်ကွာ....ဒါတွေကို ယူပြီး ထွက်သွားလိုက်ပါ.... နောက်တစ်နေ့ကျရင် တို့ကျင့်ကြံဖော်ညီကိုနှယောက် ခေါင်းလောင်းရွှေအိုးရိပ်မြုံမှာ အေးဆေးစကားပြောကြတာပေါ့.... ငါ မင်းကို ဧည့်ခံပါ့မယ်ကွာ"
သို့သော် လော့ချန်သည် ထိုအရာများကို အမှိုက်ကဲ့သို့ သဘောထားဘိသကဲ့သို့ တစ်ချက်မျှပင် လှည့်မကြည့်ပေ။ သူ လက်ချောင်း သုံးချောင်းကိုသာ ထောင်ပြလိုက်သည်။
“ကောင်းပြီ.. ခင်ဗျားတို့ ဖူမျိုးနွယ်စုရဲ့ သွေးမှော်စာရွက် သုံးခုကိုပါ တောင်းပန်တဲ့အနေနဲ့ ပေးအပ်လိုက်ပါ၊ ဒါဆိုရင် ကျွန်တော် အခုပဲ ပြန်လှည့်ထွက်သွားမယ်"
ထိုစကားကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူထုကြီးမှာ လုံးဝ တိတ်ဆိတ်သွားတော့သည်။ အားလုံးမှာ အသက်ရှူရန်ပင် မေ့လျော့ကာ ဖူကျန်း၏ တုံ့ပြန်မှုကိုသာ စောင့်ကြည့်နေကြသည်။
ထိုအခိုက်အတန့်တွင် ဖူကျန်းသည် တစ်ကိုယ်လုံး အေးစိမ့်သွားကာ ကြောက်စိတ်ဝင်သွားမိသည်။
"ဘာတွေလာပြောနေတာလဲကွာ၊ ငါတို့ ဖူမျိုးနွယ်စုမှာ သွေးမှော်စာရွက်တွေလည်း မရှိဘူး၊ ဖန်တီးလည်း မဖန်တီးဘူး"
"ကြည့်ရတာ.... ခင်ဗျားရဲ့ စေတနာက ငြိမ်းချမ်းရေးအတွက် မလုံလောက်သေးဘူးပဲ"
"မင်း....မင်း....လော့ချန်”
ဗုန်း.... ဗုန်း....
လေထဲရှိ လိပ်ခွံနှင့် ဓားစုတ်မှာ ရုတ်တရက် ပေါက်ကွဲထွက်လာသော ချီစွမ်းအားကြောင့် အမှုန့်အတိ ဖြစ်သွားတော့သည်။
ဖူကျန်းသည် အသက် ပြင်းပြင်းရှူရင်း ကျင့်ကြံသူများ၏ အလယ်တွင် နတ်မင်းတစ်ပါးကဲ့သို့ ခန့်ညားစွာ ရပ်နေသော လော့ချန်ကို စိုက်ကြည့်ကာ ဆိုသည်။
"အေး.... မင်းက ငါတို့ကို အမြစ်ပြတ်အောင်အထိ တကယ်ပဲ လုပ်ချင်နေတယ်ပေါ့လေ"
ဖျတ်....
ကျောက်စိမ်းယပ်တောင်မှာ တစ်ခဏချင်းအတွင်း ပိတ်သွားတော့သည်။
လော့ချန် မျက်မှောင်ကြုတ်၍ အေးစက်စွာ ပြောလိုက်သည်။
"လခြမ်းတောင်ကြားမှာ တွေ့ခဲ့တဲ့ အချိန်ကတည်းက ခင်ဗျားရဲ့ ခန့်ညားတဲ့ ပုံရိပ်ကို ကျွန်တော် နေ့ရောညပါ မမေ့နိုင်ခဲ့ဘူးဗျ၊ ဒါကြောင့် ဒီနေ့ ကျွန်တော် လာခဲ့တာပဲ....တကယ်လို့ ဒီပွဲမှာ ခင်ဗျားတို့ ပျက်စီးသွားခဲ့ရင်လည်း.... ဒါက ကိုယ့်အကုသိုလ်က ပြန်လာတဲ့ ကံကြမ္မာပဲလို့သာ မှတ်လိုက်ပါတော့"
ထိုအခါ ဖူကျန်းသည် နောက်သို့ တစ်လှမ်းဆုတ်ကာ ကျယ်လောင်စွာ ဟားတိုက် ရယ်မောလိုက်သည်။
"ဟားဟား.... ဒါဆိုလည်း လာခဲ့လေ၊ ငါ့ရဲ့ ဖူမျိုးနွယ်စု ခံတပ်ကြီးကို မင်းတို့ တကယ်ပဲ ဖောက်ထွင်းနိုင်မလားဆိုတာ ငါ ကြည့်ချင်သေးတယ်”
ထိုသို့ ပြောရင်း သူသည် ကင်းမျှော်စင်အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားသည်။ နောက်တစ်စက္ကန့် အကြာတွင် ပေပေါင်း ရာနှင့်ချီ ကျယ်ဝန်းသော ခံတပ်ကြီးတစ်ခုလုံးမှ တောက်ပသော အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
ကြီးကျယ်ခမ်းနားလှသော ခံတပါအစီအရင်ကြီးတစ်ခု ချက်ချင်းပင် ပေါ်ထွက်လာခဲ့သည်။
ထို့တင်မကသေးပေ။ ခံတပ်တံတိုင်း၏ အုတ်ချပ်တိုင်းတွင် စွမ်းအားများ ကိန်းဝပ်နေပြီး အုတ်ချပ်တစ်ရာလျှင် တစ်ချပ်နှုန်းဖြင့် မှော်စာရွက်များမှာ တဖျတ်ဖျတ် လက်နေတော့သည်။
သေချာကြည့်ပါက ၎င်းတို့အားလုံးမှာ ပထမအဆင့် မြေစောင့်နတ်အဆောင်များ ဖြစ်ကြသည်။
ခံတပ်ကြီးကို အခြေခံ၍ သံမဏိခံတပ် အစီအရင်မှာ အသက်ဝင်လာပြီး သောင်းနှင့်ချီသော မြေစောင့်နတ်အဆောင်များနှင့် ပေါင်းစပ်သွားရာ၊ ဖောက်ထွင်း၍မရသော ကာကွယ်ရေး အလွှာကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
ထိုအခိုက်အတန့်တွင် ဖူမျိုးနွယ်စုခံတပ်ကြီးမှာ မည်သူမျှ မကျော်ဖြတ်နိုင်သော ကျောက်တိုင်ကြီးတစ်ခုအလား မြင်သူတိုင်းကို ထိတ်လန့်သွားစေတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တိုက်ပွဲကြားမှ အမြတ်ထွက်လိုထွက်ငြား အခွင့်အရေးကို ချောင်းနေကြသည့် တစ်ကိုယ်တော်ကျင့်ကြံသူများမှာ အသက်ရှူမှားကုန်ကြသည်။ ဤသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုဟောင်းတစ်ခု၏ အခြေခံပေလားဟု တွေးမိသွားကြသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲကြီး မရှိတော့သော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကာကွယ်ရေး စနစ်များ ရှိနေသေးသည်မှာ အံ့မခန်းပင်။
ဖူမျိုးနွယ်စုသည် တွမ်၊ လီ၊ နန်ကုန်းမျိုးနွယ်စု များနှင့်အတူ မျိုးနွယ်စုကြီး ငါးခုတွင် အဘယ်ကြောင့် ပါဝင်ခွင့်ရခဲ့သည်ကို ယခုမှ မျက်မြင်ထင်ရှား သိသာတော့သည်။ အကြောင်းမူ ဤမျှ ခိုင်မာလှသော ကာကွယ်ရေးကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ကိုယ်တိုင်မလာဘဲ မည်သူက ဖောက်နိုင်ပါမည်နည်း။
အားလုံးသည် အကြည့်မှာ လော့ထျန်းအဖွဲ့အစည်းမှ ကျင့်ကြံသူများဆီသို့ ရောက်သွားပြီးနောက် သူတို့၏ ခေါင်းဆောင် တန်ချန်ဇီ ဆီသို့ စုပြုံရောက်ရှိသွားကြသည်။ သို့သော် ထိုဖိအားများအောက်တွင် လော့ချန်၏ မျက်နှာမှာ လုံးဝ တည်ငြိမ်နေဆဲ ဖြစ်သည်။
သူသည် ဂရုမစိုက်လေဟန် အသာအယာ လှည့်ကြည့်လိုက်ပြီး ဝမ်ယွမ်ကို တစ်ချက် လှည့်ကြည့်လိုက်သည်။ ဝမ်ယွမ်က အနည်းငယ် ပြုံးပြကာ ရှေ့သို့ လှမ်းတက်လိုက်သည်။
ခဏချင်းမှာပင် သူသည် ခံတပ်နှင့် ပေ သုံးရာခန့်အကွာသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ဖူကျန်းက ဤမြင်ကွင်းကို ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ဖူမျိုးနွယ်စု၏ သံမဏိခံတပ် အစီအရင်ကို သာမန် ချီသန့်စင် ကျင့်ကြံသူတစ်ယောက်က မည်သို့ ဖောက်နိုင်ပါမည်နည်း။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ကိုယ်တိုင် လာတိုက်လျှင်ပင် အချိန်တစ်ခုမျှ ခုခံနိုင်မည်ဟု သူ ယုံကြည်ချက် အပြည့်ရှိသည်။
"အဟက်....ဝမ်ယွမ် ဟုတ်လား၊ နာမည်ကြီးပြီး အဖြစ်မရှိတဲ့ လူတစ်ယောက်ပါပဲ"
ထိုသို့ သူ နှိမ်ချပြောဆိုနေစဉ်မှာပင် ဝမ်ယွမ်သည် သူ၏ ညာလက်ကို ဖြည်းညှင်းစွာ မြှောက်ကာ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ လေးတစ်စင်းကဲ့သို့ နောက်သို့ ကိုင်းညွတ်သွားသည်။ သူ၏ များပြားလှသော သွေးချီများမှာ ပြင်ပသို့ မထွက်ဘဲ ထိုလက်သီးတစ်ချက်အတွင်း၌သာ သိသိသာသာ စုစည်းသွားတော့သည်။
နောက်ဆုံးတွင် လူပေါင်း ထောင်နှင့်ချီသော မျက်လုံးများအောက်၌ သူ လက်သီးကို ပစ်လွှတ်လိုက်လေတော့သည်။ သူ၏ အစွမ်းသတ္တိအားလုံးမှာ ထိုလက်သီးချက် တစ်ချက်အတွင်း၌ ပေါက်ကွဲထွက်သွားသည်။
ဗုန်း....
လောကကြီးတစ်ခုလုံး ကွဲအက်သွားသကဲ့သို့ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထိုမိုးကြိုးသံကြီးနှင့်အတူ မည်သူမျှ မဖောက်နိုင်ဟု ယူဆထားကြသော ခံတပ်ကြီး၏ တစ်နေရာမှာ ထိမှန်ခံလိုက်ရပြီး ပေသုံးဆယ်ခန့် ကျယ်ဝန်းသော အပေါက်ကြီးတစ်ခုအဖြစ် ကြေမွပျက်စီးသွားတော့သည်။
ထိုသို့ ပျက်စီးသွားသည်နှင့်အတူ သံမဏိခံတပ် အစီအရင် ကြီးမှာလည်း စူးရှသော အသံဖြင့် အော်ဟစ်ကာ အလင်းတန်းများ မှိန်ဖျော့၍ ပျောက်ကွယ်သွားလေတော့သည်။
ကင်းမျှော်စင်ပေါ်မှ လှောင်ပြောင်နေသည့် ဖူကျန်းမှာမူ ကျောက်ရုပ်ကြီးတစ်ခုကဲ့သို့ တောင့်တင်းသွားတော့သည်။ သူ၏ ဦးနှောက်အတွင်း၌ အတွေးတစ်ခုသာ ပဲ့တင်ထပ်နေတော့သည်။
“မဖြစ်နိုင်တာ....ဒါဘယ်လိုမှမဖြစ်နိုင်ဘူး....”
သို့သော် သူ၏ ရင်ထဲမှ အော်ဟစ်သံကို မည်သူမျှ မကြားနိုင်ကြပေ။ တံတိုင်းအောက်တွင်မူ ဝမ်ယွမ်သည် ကိုယ်ဟန်ကို ပြန်လည် တည့်မတ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည်။
သူ ဖူကျန်းကို တစ်ချက်ကြည့်ကာ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
ထိုအခိုက်အတန့်မှာပင် ကောင်းကင်ယံသို့ တုန်ဟိန်းသွားစေသော အသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။
"တိုက်ကြစမ်းဟေ့....”