← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း (၂၀၇) - စာစစ်ဆရာတစ်ဖြစ်လဲ အဖွဲ့ခေါင်းဆောင်ကြီး

တောင်ကြားအတွင်းသို့ မိုးသက်လေဦး တစ်ချက် ဝေ့သန်းသွားပြီးနောက် လေထုထဲ၌ လန်းဆန်းသော အေးမြရိပ်များ ကျန်ရစ်ခဲ့သည်။

လော့ချန်သည် လခြမ်းတောင်ကြားရှိ တောင်ပတ်လမ်းအတိုင်း အေးအေးလူလူ လမ်းလျှောက်နေသည်။

သူ၏ ဘေးတွင် ကူချိုင်ယီက ခြေလှမ်းမှီအောင် လိုက်ပါရင်း ကျေနပ်အားရသော မျက်နှာထားဖြင့် အစီအရင်ခံနေသည်။

"သတင်းကောင်းကတော့ နန်ကုန်းမျိုးနွယ်စု နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စ အားလုံး အဆင်ပြေသွားပြီ" ဟု သူမက ပျော်ရွင်စွာ ဆိုသည်။

"နောက်လကစပြီး သူတို့ဆီကနေ ဝိညာဉ်ကျောက်တုံး တစ်ထောင်ဖိုးရှိတဲ့ ဖူကျူးသမင်နို့တွေကို ဝယ်ယူသွားမယ်.... တခြား မိစ္ဆာသားရဲနို့အမျိုးအစားတွေ လိုသလားလို့ သူတို့ မေးသေးပေမဲ့ အခုလောလောဆယ်တော့ ကျွန်မ ငြင်းလိုက်ပါတယ်"

လော့ချန်က သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်.... အဲဒါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ၊ အခုလောလောဆယ်တော့ မီရွှီရေခဲမြို့တော်ဆိုင် အနေနဲ့ တာဟဲစျေးမြို့တော်မှာ နေရာရဖို့ နို့ချို နှစ်မျိုးဆိုရင် လုံလောက်ပါပြီ၊ ပြိုင်ဘက်အသစ်တွေ ထပ်ပေါ်မလာမချင်း ကျွန်တော်တို့ရဲ့ ထုတ်ကုန်အသစ်တွေကို တဖြည်းဖြည်းချင်းပဲ မိတ်ဆက်သွားမယ်"

"အင်း.... ကျွန်မလည်း အဲဒီလိုပဲ တွေးထားတာပါ" ဟု ကူချိုင်ယီက ထောက်ခံရင်း ခေါင်းညိတ်သည်။

"နောက်ပြီးတော့ တာကျန်းဂိုဏ်းကလည်း သန့်စင်တဲ့ ကျောက်စိမ်းအနှစ် ကုန်ကြမ်းတွေ ထောက်ပံ့ဖို့ သဘောတူညီချက်အသစ်ကို လက်မှတ်ထိုးလိုက်ပြီ.... ဈေးနှုန်းကတော့ အရင် ဖိုရှန်းဂိုဏ်းလက်ထက်က အတိုင်းပဲ သတ်မှတ်ထားပါတယ်"

ဤသည်မှာ နောက်ထပ် သတင်းကောင်းတစ်ခုပင်ဖြစ်သည်။ လတ်တလောတွင် လော့ချန်သည် ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်ရန်အတွက် ဖိုရှန်းဂိုဏ်း ဆေးဖော်ဆောင်မှ ကျန်ရစ်ခဲ့သော ကုန်ကြမ်းလက်ကျန်များကိုသာ သုံးနေရခြင်းဖြစ်သည်။

နှစ်လကြာ အပြင်းအထန် ဖော်စပ်ပြီးနောက်တွင်မူ ထိုကုန်ကြမ်းများမှာ ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

တာကျန်းဂိုဏ်းကို ယခုလို ကိုယ်တိုင်လာရောက် ဆက်သွယ်ခြင်းမှာ အမှန်ပင် ဝမ်းသာစရာ ကိစ္စဖြစ်သည်။

"ပြီးတော့လေ ရှင် ညွှန်ကြားထားတဲ့အတိုင်း မြို့တွင်းနဲ့ မြို့ပြင်က ကျွန်မတို့ဆိုင်တွေအပြင် မျိုးနွယ်စုကြီး ငါး.... အဲ.... လေးခုလုံးကိုလည်း ဆက်သွယ်ထားပြီးပါပြီ"

ယခင်က တာဟဲစျေးမြို့တော်တွင် နာမည်ကျော်ခဲ့သော အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုကြီး ငါးခုမှာ ဖူမျိုးနွယ်စု ပျက်စီးသွားပြီးနောက် လေးခုသာ ကျန်တော့သည်။ အမှန်အတိုင်းဆိုလျှင် ချန်မျိုးနွယ်စုမှာလည်း နာမည်သာရှိတော့ပြီး အခြေအနေ အလွန်ဆိုးရွားနေသည်။

တစ်ကိုယ်တော်ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ငယ်အချို့မှာ လော့ထျန်းအဖွဲ့အစည်း၏ လုပ်ရပ်ကို အတုယူရန် ကြိုးစားနေကြပြီး ချန်မျိုးနွယ်စုကို လောဘဇောဖြင့် ချောင်းမြောင်းနေကြသည်။

"မျိုးနွယ်စု တစ်ခုချင်းစီကို အကောင်းဆုံး ကျောက်စိမ်းအမြုတေဆေးလုံး အနည်းငယ်စီ အခမဲ့ လက်ဆောင်ပေးထားသလို၊ ရွှေရောင်အဖွဲ့ဝင် ဈေးနှုန်းနဲ့လည်း ကမ်းလှမ်းထားပါတယ်၊ သူတို့ စဉ်းစားနေကြတုန်းပဲ ဆိုပေမဲ့ ဆေးလုံးရဲ့ အစွမ်းကို သိသွားရင်တော့ သဘောတူကြမှာ သေချာပါတယ်" ဟူ၍ ကူချိုင်ယီက ယုံကြည်မှု အပြည့်ဖြင့် ပြောဆိုသည်။

မျိုးနွယ်စုကျင့်ကြံသူများမှာ တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် မတူပေ။ သူတို့၏ ဖွဲ့စည်းပုံမှာ ဂိုဏ်းငယ်လေးများနှင့် ဆင်တူပြီး အဆင့်မြင့်ကျင့်ကြံသူများက ကျင့်ကြံခြင်းနှင့် အရေးကြီးသော ဆုံးဖြတ်ချက်များကိုသာ အာရုံစိုက်ကြသည်။

အလယ်အဆင့်နှင့် သက်ကြီးကျင့်ကြံသူများမှာမူ စီမံခန့်ခွဲရေးနှင့် ထောက်ပံ့ရေးကိစ္စများကို တာဝန်ယူကြသည်။ ထူးခြားသည်မှာ အဆင့်နိမ့်သော လူငယ်ကျင့်ကြံသူများမှာ အကောင်းဆုံးသော ပြုစုစောင့်ရှောက်မှုနှင့် အထောက်အပံ့ကောင်းများကို ရရှိကြခြင်း ဖြစ်သည်။ သူတို့မှာ အလုပ်ကြမ်းလုပ်ရန် မလိုဘဲ ကျင့်ကြံခြင်းကိုသာ အပြည့်အဝ အာရုံစိုက်နိုင်သည်။

ဤမျိုးဆက်သစ်များအတွက် မျိုးနွယ်စုများက ဂိုဏ်းစနစ်အတိုင်း ဝိညာဉ်ကျောက်တုံးနှင့် ဆေးလုံးများကို ပုံမှန် ခွဲတမ်းချပေးလေ့ရှိသည်။ ထို့ပြင် အခြားမျိုးနွယ်စုများနှင့်လည်း လက်ရည်စမ်းပွဲများ ပြုလုပ်ပေးကာ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးလေ့ရှိသည်။

ထို့ကြောင့်ပင် တစ်ကိုယ်တော်ကျင့်ကြံသူများမှာ မျိုးနွယ်စုနှင့် ဂိုဏ်းသားများကို အမြဲ အားကျနေရခြင်း ဖြစ်သည်။ အားအနည်းဆုံး အချိန်တွင်ပင် သူတို့၌ မဖြစ်မနေ လိုအပ်သော ပံ့ပိုးမှုအတွက် ပူပန်စရာ မရှိပေ။ ယခု လော့ထျန်းအဖွဲ့အစည်းသည် ထိုဈေးကွက်ကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

လော့ချန်သည် ကျောက်စိမ်းအမြုတေဆေးလုံးကို မျိုးနွယ်စုကြီးအားလုံး၏ စံပြဆေးလုံး ဖြစ်လာစေရန် ရည်ရွယ်ထားသည်။

လော့ချန် ဤသို့ ဆုံးဖြတ်ရခြင်းမှာ ဝိညာဉ်ဆေးနန်းဆောင်မှ ဆေးလုံးဈေးနှုန်းများမှာ အလွန်မြင့်မားနေသောကြောင့် ဖြစ်သည်။ ချီစွမ်းအင်ဖြည့်ဆေးတစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး တစ်ရာခန့် ပေးရရာ အဆင့်နိမ့်ကျင့်ကြံသူများအတွက် အလှမ်းဝေးလှသည်။

အကယ်၍ လော့ချန်တို့ဘက်မှ ဈေးနှုန်းကိုသာ အနည်းငယ် လျှော့ချပေးနိုင်ပါက ဤအဆင့်နိမ့်ဈေးကွက်ကို အပြတ်အသတ် စိုးမိုးနိုင်မည် ဖြစ်သည်။ ထိုအခါ လော့ထျန်းအဖွဲ့အစည်းအနေဖြင့် ရောင်းအားအတွက် စိတ်ပူနေရန် မလိုတော့ဘဲ ထုတ်သမျှ ဆေးလုံးအားလုံးမှာ မျိုးနွယ်စုကြီးများနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများအကြား ချက်ချင်း ကုန်စင်သွားပေလိမ့်မည်။

အမှန်စင်စစ် ဤသည်မှာ မီရှုဟွာ၏ မဟာဗျူဟာလည်း ဖြစ်ခဲ့သည်။ သို့သော် သူသည် အမြတ်အစွန်းကို မစွန့်လွှတ်နိုင်ခဲ့သလို အခြေခံတည်ဆောက်ခြင်းအဆင့် မျိုးနွယ်စုများနှင့်လည်း ရင်းနှီးအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။ ထိုစဉ်က မျိုးနွယ်စုကြီး ငါးခုဖြင့် ဖွဲ့စည်းထားသော ရွှမ်ယီအဖွဲ့အစည်း နှင့် ဖိုရှန်းဂိုဏ်းမှာလည်း တင်းမာမှုများ ရှိနေခဲ့သည်။

လော့ချန်မှာမူ ထိုအမှားမျိုးကို မလုပ်ပေ။ ထို့ပြင် လော့ထျန်းအဖွဲ့အစည်းနှင့် ထိုမျိုးနွယ်စုများ၏ ဆက်ဆံရေးမှာလည်း အတော်အတန် ပြေလည်နေဆဲ ဖြစ်သည်။

ကူချိုင်ယီက သူမ၏ အလုပ်များကို အစီအရင်ခံနေရင်း နှစ်ဦးသား တောင်ကြားအတွင်း အေးအေးလူလူ လမ်းလျှောက်နေကြသည်။ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်း၌ "မင်္ဂလာပါ ခေါင်းဆောင် "၊ "ခေါင်းဆောင်ကို ဂါရဝပြုပါတယ် " ဟူသော နှုတ်ခွန်းဆက်သံများ ပျံ့လွင့်နေသည်။

ကျင့်ကြံသူများ၏ အကြည့်မှာလည်း ယခင်ကကဲ့သို့ အမှုမဲ့အမှတ်မဲ့ မဟုတ်တော့ဘဲ လေးစားကြောက်ရွံ့မှုများ ရောယှက်နေတော့သည်။

မည်သို့ပင်ဖြစ်စေ လော့ချန်သည် လော့ထျန်းအဖွဲ့အစည်းကို ဦးဆောင်ကာ ဖူမျိုးနွယ်စုကို ချေမှုန်းပြခဲ့သူ မဟုတ်ပါလော။ ထို့အပြင် နောက်ဆုံးတိုက်ပွဲ၌ လူပေါင်းထောင်ချီ၏ ရှေ့မှောက်တွင် မှော်စာရွက် ရတနာကို ကိုင်စွဲထားသော ဖူကျန်းကို ကိုယ်တိုင် နှိမ်နင်းပြခဲ့သူလည်း ဖြစ်သည်။

သူ၏ နည်းလမ်းများက လူအများကို ကျိုးနွံစေပြီး သူ၏ အစွမ်းက လူအများကို ထိတ်လန့်စေခဲ့ပြီ ဖြစ်သည်။

“အဟွတ်.... အဟွတ်....”

"အို....လော့ချန်ရယ်.... နေရောကောင်းရဲ့လား" ဟု ကူချိုင်ယီက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ လော့ချန်က လက်ကာပြလိုက်ပြီး လေကောင်းလေသန့်ကို အားပါးတရ ရှူသွင်းလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ နောက်ရက်အနည်းငယ်ဆိုရင် လုံးဝ ပြန်ကောင်းသွားမှာပါ"

သူ ဟန်ဆောင်နေခြင်း မဟုတ်ပေ။ ကျင့်ကြံသူများအတွက် အဆိုးရွားဆုံးဒဏ်ရာမှာ ဝိညာဉ်ပိုင်းဆိုင်ရာ ဖြစ်ပြီး၊ ဒုတိယမှာ ဒန်တျန် ၊ တတိယမှာ ဝိညာဉ်ကြောများ ဖြစ်သည်။ ကိုယ်တွင်းအင်္ဂါ ထိခိုက်မှုမှာ ပြင်းထန်သော ဒဏ်ရာဖြစ်သော်လည်း ဝိညာဉ်ကြောများလောက် အန္တရာယ်မရှိပေ။

ကျင့်ကြံသူများသည် ကြံ့ခိုင်သော ရုပ်ခန္ဓာကြောင့် ကိုယ်တွင်းအင်္ဂါ ဒဏ်ရာများမှာ အချိန်တန်လျှင် အလိုလို ပြန်လည် ကျန်းမာလာလေ့ရှိသည်။ ထို့ကြောင့် ကိုယ်တွင်းအင်္ဂါ ကုသရန်အတွက် သီးသန့်ဆေးလုံးမှာလည်း ရှားပါးလှသည်။

သို့သော် လော့ချန်သည် အလုံးစုံပြန်ကောင်းရန် မလောပေ။ သူသည် အဆုတ် ဒဏ်ရာရနေခြင်းကို အခွင့်ကောင်းယူကာ ကုသခြင်း မှော်အတတ်ကို ပါရမီရှင်အဆင့် ရောက်အောင် ကျင့်ရန် ဆုံးဖြတ်ထားသည်။ ရောက်ရန်လည်း အမှတ်အနည်းငယ်သာ လိုတော့သည်။

ပါရမီရှင်အဆင့် ကုသခြင်းမှော်အတတ်မှာ အဘွားဝမ်နှင့် လော့ထျန်းဟုန် တို့ကဲ့သို့ တစ်ပိုင်းတစ်စ ကုသပေးသူများထက် မည်မျှ သာလွန်မည်ကို သိလိုစိတ် ပြင်းပြနေမိသည်။

ရေကန်ငယ်လေးတစ်ခုအနီး ရောက်သောအခါ လော့ချန် ခြေလှမ်းများကို ရပ်လိုက်သည်။

“တခြား အလုပ်တွေကို သွားလုပ်တော့နော်၊ ကျွန်တော့်ကို အဖော်ပြုနေဖို့ မလိုပါဘူး"

"ကောင်းပါပြီရှင့်.... ကိုယ့်ကိုယ်ကိုယ်လဲ ဂရုစိုက်ပါဦး၊ ညနေကျရင် အဘွားယွမ်ကို ဝက်အဆုတ်စွပ်ပြုတ် လုပ်ခိုင်းထားလိုက်ပါ့မယ်"

ထို့နောက် ကူချိုင်ယီ ထွက်သွားလေသည်။ လော့ချန်သည် ရေကန်အနားသို့ တိတ်ဆိတ်စွာ ချဉ်းကပ်သွားသည်။ ထိုစဉ်....

"ဟေး...."

"အား...."

စူးရှလှသော ကလေးသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာရာ လော့ချန်ပင် လန့်သွားမိသည်။

ချွီလင်ကျွင်းသည် ကျောက်တုံးပုံများပေါ်မှ ခုန်ဆင်းလာကာ စာအုပ်တစ်အုပ်ကို ကိုင်ရင်း လော့ချန်ကို ရိုသေစွာ ဂါရဝပြုလိုက်သည်။

"ခေါင်းဆောင်ကို ဂါရဝပြုပါတယ် ခင်ဗျာ"

လော့ချန်က လက်ပြလိုက်ပြီး ထိုစာအုပ်ကို ယူကြည့်လိုက်သည်။ စာမျက်နှာများကို လှန်ကြည့်ရင်း မေးလိုက်သည်။

"မင်းနဲ့ မတွေ့တာတောင် ကြာပြီပဲ၊ ကိုင်း ပြောစမ်း.... ဘယ်လောက်အထိ မှတ်မိသွားပြီလဲ"

ထိုအခါ ချွီလင်ကျွင်းက စိတ်လှုပ်ရှားစွာဖြင့် "ကျွန်တော် တော်တော်များများ မှတ်မိနေပါပြီ ခင်ဗျာ" ဟု ချစ်စဖွယ် ဖြေကြားသည်။

"မရဘူး....တော်တော်များများ ဆိုတာနဲ့ မလုံလောက်ဘူးကွ၊ နေ့စဉ် ကျင့်ကြံတဲ့နေရာမှာ ခပ်နီးနီးပဲ ဆိုပြီး ကျေနပ်နေရင် အရေးကြီးတဲ့ အချိန်ရောက်တဲ့အခါ အဲဒီအကွာအဝေးလေးကပဲ အသက်ကို ဆုံးဖြတ်သွားနိုင်တယ်"

ထို့နောက် လော့ချန် အသာအယာ ပြုံးလိုက်ပြီး ဆေးဖက်ဝင်အပင်များ သရုပ်ဖော်ကျမ်းကို ပိတ်လိုက်သည်။ သူသည် ချွီလင်ကျွင်း ထိုင်နေခဲ့သော ကျောက်တုံးပေါ်တွင် ထိုင်လိုက်ကာ ဝတ်ရုံစကို အသာမပြီး ခြေထောက်ကို ချိတ်လိုက်သည်။

"ကောင်းပြီ.... ငါ မေးမယ်.... မင်း ဖြေ၊ ငါ သဘောကျရင် မင်းအတွက် ဆုလာဘ်လေးတစ်ခု ပေးမယ်နော်"

ဆုလာဘ်ဆိုသည့် အသံကြောင့် ချွီလင်ကျွင်း၏ မျက်လုံးများ ဝင်းလက်သွားပြီး လော့ချန်၏ ရှေ့တွင် မတ်မတ်ရပ်လိုက်တော့သည်။

"ကိုင်း စမေးပြီကွာ....ဂျင်ဆင်း ဆိုတာ ဆေးဖော်စပ်တဲ့နေရာမှာရော၊ ကိုယ်တိုင်ကျင့်ကြံတဲ့နေရာမှာပါ အသုံးအများဆုံး အပင်တစ်မျိုးပဲ၊ အဲဒါ အမျိုးအစား ဘယ်နှမျိုးရှိလဲ ဆိုတာ မင်း သိလား"

ထိုအခါ ချွီလင်ကျွင်းက ချက်ချင်းပင် ဖြေကြားသည်။

"တောရိုင်းဂျင်ဆင်းက တောနက်ထဲမှာ ပေါက်တယ်၊ စိုက်ပျိုးဂျင်ဆင်းကိုတော့ တောင်ဂျင်ဆင်းလို့ ခေါ်ပါတယ်၊ ကျောက်ဂျင်ဆင်းကိုတော့ ကမ်းပါးယံဂူတွေမှာ တွေ့ရပြီး၊ သွေးဂျင်ဆင်းကတော့ သက်ရှိတွေရဲ့ သွေးကို စုပ်ယူပြီး ဖြစ်ပေါ်လာတာပါ၊ ပြီးတော့ နှင်းတောင်တွေပေါ်မှာ ပေါက်တဲ့ နှင်းဂျင်ဆင်း ရှိတယ်လို့လည်း ကြားဖူးပါတယ်ခင်ဗျာ...."

ကလေးငယ်သည် ဖြေဆိုပြီးနောက် လော့ချန်၏ ချီးမွမ်းသံကို မျှော်လင့်တကြီး စောင့်နေသည်။

ထိုအခါ လော့ချန်က သဘောကျပြီး ရယ်မောလိုက်သည်။

"ဒါဆို အသုံးအများဆုံး တောင်ဂျင်ဆင်းကို ဘယ်လို ခွဲခြားမလဲ.... သက်တမ်း၊ အာနိသင်နဲ့ အရည်အသွေးကို ဘယ်လို တိုင်းတာမလဲ"

ချွီလင်ကျွင်းက နှုတ်ခမ်းကို စေ့လိုက်ပြီး တည်ငြိမ်စွာ ဖြေဆိုပြန်သည်။

"အချက်ငါးချက်နဲ့ ခွဲခြားရပါမယ်.... အမြစ်မွှေး၊ ပင်စည်ခြေ၊ အရေခွံ၊ အစင်းကြောင်းနဲ့ ကိုယ်ထည်.... ဒါတွေက ဂျင်ဆင်းရဲ့ ပုံသဏ္ဌာန် ငါးမျိုးပါပဲခင်ဗျာ"

"အမြစ်မွှေးဆိုတာ ဘာလဲ ဖြေ"

"ဒီလိုပါခင်ဗျ.... ရှည်လျားပြီး သေးသွယ်တဲ့ အမြစ်မွှေးတွေက ရင့်ကျက်ပြီး ကြံ့ခိုင်ရမယ်၊ တကယ်လို့ ပုလဲလို အဖုလေးတွေ ပါလာရင် အဲဒါက တစ်နှစ်သား ဂျင်ဆင်းပါ.... ဒါတွေအပြင် ကြည့်ခြင်း၊ နမ်းခြင်းနဲ့ မြည်းစမ်းခြင်း ဆိုတဲ့ နည်းလမ်းသုံးမျိုးလည်း ရှိပါသေးတယ်၊ ကြည့်ခြင်းက ပုံသဏ္ဌာန် ငါးမျိုးအတွက် ဖြစ်ပြီး၊ နမ်းခြင်းက အာနိသင်ကို သိဖို့ပါ၊ နှစ်တစ်ထောင်ဂျင်ဆင်းဆိုရင် ညစ်ပတ်တဲ့ ပတ်ဝန်းကျင်မှာ ပေါက်ရင်တောင် သန့်စင်တဲ့ ရနံ့လေး ထွက်နေတတ်ပါတယ်"

"ဒါဆို အပြာရောင် ရှောက်ချိုမြက်နဲ့ တောက်ပကြယ်မြက်ကို ဘယ်လို ခွဲမလဲ"

"အဲဒီနှစ်ခုက ပုံသဏ္ဌာန်နဲ့ ရနံ့ ဆင်တူပါတယ်၊ ဒါပေမဲ့ အပြာရောင် ရှောက်ချိုမြက်က မြည်းကြည့်ရင် ချဉ်ဖြုံ့ဖြုံ့နဲ့ အချိုအရသာ ရောနေတတ်ပါတယ်"

"ဒါပေမဲ့ တောက်ပကြယ်မြက်က အဆိပ်ပြင်းပြီး စားလို့မရဘူးလေ၊ ဘယ်လိုလုပ် မြည်းစမ်းပြီး ခွဲခြားမှာလဲ"

"အဲဒီလို အချိန်မျိုးမှာ သန့်စင်အလင်းရွက်ကို အဆိပ်ဖြေဆေးအဖြစ် သုံးရပါမယ်၊ အဲဒါရှိရင် တောက်ပကြယ်မြက်ရဲ့ အဆိပ်က ပြယ်သွားပြီး အများကြီး စားရင်တောင် ချီစွမ်းအားကို တိုးတက်စေနိုင်ပါတယ်"

ထိုသို့ဖြင့် လော့ချန် မေးခွန်းများကို တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်သည်။

အစပိုင်းတွင် ချွီလင်ကျွင်းက မြန်မြန်ဆန်ဆန်နှင့် မှန်ကန်စွာ ဖြေဆိုနိုင်သော်လည်း၊ ဆင်တူသော ဆေးပင်များကို ခွဲခြားခိုင်းသည့်အခါတွင်မူ လော့ချန် သူ၏ သိုလှောင်အိတ်ထဲမှ ဆေးပင်နမူနာများကို ထုတ်ပြလိုက်သည့်တိုင်အောင် သူ အချိန်အတော်ကြာ စဉ်းစားပြီးမှ ခက်ခက်ခဲခဲ ဖြေဆိုနိုင်တော့လေသည်။

ဤသို့ဖြင့် အချိန်တို့ တရွေ့ရွေ့ ကုန်ဆုံးသွားလေရာ ညနေစောင်းသို့ ရောက်ရှိလာသည်။ နောက်ဆုံးတွင် ချွီလင်ကျွင်းမှာ ချွေးရွှန်းရွှန်းစိုလျက် မတ်တပ်ရပ်နေစဉ် လော့ချန်က နေရာမှထကာ စစ်ဆေးမှုကို အဆုံးသတ်လိုက်တော့သည်။

"ခေါင်းဆောင်.... ကျွန်တော် အောင်ပြီလားဟင်"

"အင်း.... မဆိုးပါဘူး၊ မင်းက အကုန်လုံးကို ကျွမ်းကျင်ပိုင်နိုင်ပြီလို့ မဆိုနိုင်သေးပေမဲ့ အကုန်လုံးနီးပါးကိုတော့ အလွတ်ရနေပြီပဲ"

ချွီလင်ကျွင်းက နဖူးမှချွေးကို သုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် မော့ကြည့်ကာ မေးလိုက်သည်။

"ဒါဆို.... ကျွန်တော်အတွက် ဆုလာဘ်က ဘာဖြစ်မလဲ"

လော့ချန်က ပြုံးရင်း ခေါင်းခါလိုက်ပြီး သိုလှောင်အိတ်ထဲမှ ကျမ်းစာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်သည်။ ကလေးငယ်က ငုံ့ကြည့်လိုက်သည်။

"ဟင်.... ဆေးဖက်ဝင်အပင်များ သရုပ်ဖော်ကျမ်း နောက်တစ်အုပ်လား" ဟု ဆိုလိုက်ပြီး စာအုပ်ကို ဖွင့်ကြည့်လိုက်ရာ သူ အံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၀၈) - လော့ချန်၏ အတောမသတ်နိုင်သော ပညာလောဘ

"ခေါင်းဆောင်.... ဒါက ခေါင်းဆောင်ကိုယ်တိုင် ကိုယ်တိုင် မှတ်ချက်ရေးထားတာတွေလားဟင်"

"ဟုတ်တယ်"

ထို့နောက် လော့ချန်က တည်ငြိမ်လေးနက်စွာ ဆက်ရှင်းပြသည်။

"အလွတ်ကျက်တာက ပထမအဆင့်ပဲ ရှိသေးတယ်၊ ဆေးပင်တိုင်းမှာ အသုံးချပုံတွေ အများကြီး ရှိတယ်၊ သူတို့ကို ဘယ်လို ပေါင်းစပ်မလဲ၊ ပမာဏ ဘယ်လောက် သုံးရမလဲ၊ ဘယ်အရာတွေနဲ့ တွဲမသုံးရဘူးလဲ ဆိုတာတွေကိုတော့ စာအုပ်ထဲမှာ တွေ့မှာမဟုတ်ဘူး၊ ဒါကြောင့် နောက်တစ်ဆင့်အနေနဲ့ ဆေးပင်တစ်ပင်ချင်းစီရဲ့ ဂုဏ်သတ္တိကို မင်း တကယ် နားလည်အောင် လုပ်ရမယ်"

"ဒါပေမဲ့ စာအုပ်ဆိုတာ စာရွက်ပေါ်က စာတွေပဲလေ.... ဒါကြောင့် မင်းကို ဆေးဝါးဆောင်ကနေ ဆေးပင်အချို့ယူပြီး လက်တွေ့စမ်းသပ်မှုတွေ လုပ်ဖို့ ငါ ခွင့်ပြုမယ်"

လက်တွေ့စမ်းသပ်ခွင့် ရမည်ဟု ကြားလိုက်ရသည့်အခါ ချွီလင်ကျွင်းမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။

“ဒါ တကယ် အံ့သြဖို့ ကောင်းတာပဲ”

"ဒါ့အပြင်.... မင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် မှော်စာရွက် တစ်ခုလည်း ငါပေးမယ်"

"ဒါပေမဲ့ ကျွန်တော်မှ ကျင့်ကြံမှု မစရသေးတာ၊ ချီစွမ်းအားလည်း မရှိဘူးလေ”

"မပူပါနဲ့၊ ငါ့မှာ နည်းလမ်းရှိပါတယ်"

လော့ချန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး လက်ချောင်းကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ချွီလင်ကျွင်းမှာ နာကျင်သွားပြီး သူ၏ လက်ထိပ်လေး ရှသွားသည်ကို သိလိုက်ရသည်။ လော့ချန်က ဆက်ပြောသည်။

"မင်းရဲ့ သွေးကို ဒီမှော်စာရွက်ပေါ် ချလိုက်ကွ"

ကလေးငယ်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ သွေးတစ်စက်ကို ဝါဖျော့ဖျော့ မှော်စာရွက်ပေါ်သို့ ညှစ်ချလိုက်သည်။ လော့ချန်က လက်ကွက်ဖော်ကာ ချီစွမ်းအားတန်းများကို ပို့လွှတ်လိုက်ရာ ထိုသွေးစက်မှာ မှော်စာရွက်အတွင်းသို့ လုံးဝ ပျော်ဝင်သွားတော့သည်။

"ကဲ.... အဆင်ပြေပြီ၊ တကယ်လို့ မင်း အန္တရာယ်နဲ့ ကြုံလာရင် ဒီမှော်စာရွက်က မင်းအသက်ကို ကယ်လိမ့်မယ်"

ပြီးနောက် လော့ချန် လက်ယမ်းပြကာ "သွား.... သွားဆော့တော့၊ ဒီနေ့တော့ ထပ်စာမကျက်နဲ့တော့" ဟု ဆိုလိုက်သည်။

ကလေးငယ်သည် သူ၏ လက်ချောင်းလေးကို ခဲလျက် ပျော်ရွှင်စွာ ပြေးထွက်သွားတော့သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း လော့ချန်၏ မျက်နှာထက်ဝယ် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။ ထိုစဉ် ဝမ်ယွမ် သူ၏ ဘေးသို့ ရောက်ရှိလာသည်။

"မင်း အဲဒီကလေးကို တော်တော် အရေးပေးနေပါလား"

"ကလေးက မဆိုးပါဘူး"

"ဒါပေမဲ့ သူက ဝိညာဉ်အမြစ်လေးခုနဲ့လေ.... မဟာတာအိုလမ်းစဉ်မှာတော့ သူက မျှော်လင့်ချက် မရှိပါဘူး"

"ကျွန်တော်ရဲ့ ဝိညာဉ်အမြစ်ကရော ဘယ်လောက်များ သာလို့လဲဗျာ"

"ဒါပေမဲ့...."

ထိုအခါလော့ချန်က ပျင်းရိပျင်းတွဲဖြင့် ပြန်ပြောလိုက်သည်။

"ပါရမီ ညံ့တာက လုံးဝ အသုံးမကျတာ မဟုတ်ပါဘူး၊ အနည်းဆုံးတော့ သူ မဟာတာအိုကို မလှမ်းနိုင်မှန်း သိသွားတဲ့အခါ၊ သူ စိတ်အေးလက်အေးနဲ့ တခြား အသုံးဝင်မယ့် ကျင့်စဥ်တစ်ခုခုကိုပဲ အာရုံစိုက် ကျင့်ကြံသွားနိုင်တာပေါ့"

ဝမ်ယွမ်မှာ ခဏမျှ မှင်တက်သွားသည်။ သူ၏ အကြည့်မှာ လော့ချန်လက်ထဲရှိ ကလေးငယ် လေ့လာခဲ့သည် စာအုပ်ပေါ်သို့ ကျရောက်သွားပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

"ကဲ ပြောဗျာ.... အစ်ကိုဝမ် ဘာကိစ္စရှိလို့ လာတာလဲ"

"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ မင်းလည်း ဒဏ်ရာ ပျောက်သလောက် ရှိနေပြီဆိုတော့ လော့ထျန်းအဖွဲ့အစည်းရဲ့ အလုပ်တွေကို မင်းလက်ထဲ ပြန်အပ်မလို့လေ" ဟု ဆိုကာ ဝမ်ယွမ် ခပ်ချဉ်ချဉ် ရယ်လိုက်သည်။

"ဒီရက်ပိုင်းလေးအတွင်းမှာတင် ဘယ်လောက်တောင် အလုပ်တွေ ပုံနေလဲ မင်း သိမှာ မဟုတ်ဘူး"

"ဟမ်.... ဘာတွေ ကျန်သေးလို့လဲ.... ကုသိုလ်ခန်းမဆောင်နဲ့ ပတ်သက်တာတွေ အကုန် ကျွန်တော် ကိုင်တွယ်ပြီးပြီလေဗျာ.... နောက်ဆက်တွဲနဲ့ ဆုလာဘ်ကိစ္စတွေကို ဒေါ်လေး မုရုံချင်းလျန် လုပ်နေတာပဲကို"

ထိုအခါ ဝမ်ယွမ်က ဖြေသည်။

"ဖူမျိုးနွယ်စုဆီက ရလာတဲ့ ပစ္စည်းတွေထဲမှာ မှော်စာရွက် ရေးနည်း စာအုပ်တွေ ပါလာတယ်၊ အခု လူတွေက မှော်စာရွက်တွေ လုပ်ပြီး ရောင်းမယ့် ခန်းမဆောင်တစ်ခု ဖွင့်သင့်သလားလို့ ဆွေးနွေးနေကြတယ်"

လော့ချန် ထိုကိစ္စကို ချက်ချင်းပင် ငြင်းပယ်လိုက်သည်။ ဝမ်ယွမ်လည်း ထိုကိစ္စကို အကောင်းမြင်မနေသဖြင့် ထပ်မပြောတော့ပေ။

"ဒါပေမဲ့.... မှော်စာရွက်နဲ့ ပတ်သက်တဲ့ စာအုပ်အားလုံးကိုတော့ ကျွန်တော်ဆီ ပို့ပေးလိုက်ပါ"

ဝမ်ယွမ်က ခေါင်းညိတ်သော်လည်း ချက်ချင်းပင် မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။

"နေစမ်းပါဦး....မင်း.... မှော်စာရွက် ရေးနည်းအတတ်ကိုပါ ပူးတွဲ လေ့လာမလို့တော့ မဟုတ်ဘူးမလား"

"ဘာဖြစ်လို့လဲဗျ” ဟု လော့ချန်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေသည်။

"ကျွန်တော်မှာ အခြေခံမရှိသေးပေမဲ့ အင်းကွက် ထုတ်တဲ့နေရာမှာတော့ တော်တော် ကျွမ်းကျင်တာပဲလေ"

"အင်းကွက် ထုတ်တတ်တာနဲ့ မှော်စာရွက် ရေးနိုင်တာ မတူဘူးလေကွာ" ဟု ဝမ်ယွမ်က သက်ပြင်းချကာ သတိပေးသည်။

"ဒါ့အပြင် ဆေးဖော်တာနဲ့တင် မင်းအချိန်တွေ အကုန်ကုန်နေတာ.... အာရုံတွေ ထပ်များလိုက်ရင် ကျင့်ကြံမှု နှေးသွားလိမ့်မယ်"

"မပူပါနဲ့ဗျာ.... ကျွန်တော် အကျိုးအပြစ်ကို တွက်ဆပြီးမှ လုပ်မှာပါ"

လော့ချန်အား တားမရမှန်း သိသဖြင့် ဝမ်ယွမ် ထိုကိစ္စကို ရပ်လိုက်သည်။ နောက်ဆုံးတွင် ဤပစ္စည်းများမှာ လော့ချန် စိတ်ကြိုက် စီမံပိုင်ခွင့်ရှိသော ပစ္စည်းများ ဖြစ်သည်။

ဝမ်ယွမ်မှာ အလုပ်မြန်သူဖြစ်ရာ မကြာမီမှာပင် လက်အောက်ငယ်သားများက ပစ္စည်းအားလုံးကို လော့ချန်ထံ လာပို့ကြသည်။

လော့ချန် တစ်ဦးတည်းရှိစဉ် သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်ရာ....

“ဟား.... တကယ်ပွတာဘဲ”

သူ စိတ်ထဲမှ ကျိတ်ပျော်သွားသည်။

မှော်စာရွက် ရေးသည့် စုတ်တံ ခုနစ်ချောင်း ပါလာပြီး အကောင်းဆုံးတစ်ခုမှာ 'ရွှေဝါ ဝါး' ဟု အမည်ရသော ပထမအဆင့် ထိပ်တန်းစုတ်တံ ဖြစ်သည်။ ထို့အပြင် အဆင့်အတန်းမြင့် မှော်စာရွက် မင်ရည် ၁၀ အိုးနှင့် အရည်အသွေးမြင့် သားရေပြား ၁၀၀ ကျော်လည်း ပါဝင်သည်။

ဤသည်မှာ အစိတ်အပိုင်း အချို့သာ ဖြစ်ပြီး အများစုမှာ ကုသိုလ်ခန်းမဆောင်တွင် သိမ်းဆည်းထားဆဲ ဖြစ်သည်။

ပစ္စည်းများကို ကျော်လိုက်ပြီး လော့ချန်သည် စာအုပ်များနှင့် ဝါးလိပ်များကို အာရုံစိုက်လိုက်သည်။

[ မှော်စာရွက် ရေးဆွဲခြင်း အနုပညာ နိဒါန်း ]

[ ပထမအဆင့် မှော်စာရွက်များ စုစည်းမှု ]

[ မှော်စာရွက် လမ်းစဉ်၏ အခြေခံများ ]

[ မီးလုံးမှော်စာရွက် ရေးဆွဲခြင်း၏ အဓိကအချက်များ ]

[ မှော်စာရွက်အတွက် အကြီးစား အင်းကွက်များကို မည်သို့ ချုံ့မည်နည်း ]

ထိုစာအုပ်များကို ကြည့်ရင်း လော့ချန် ခေါင်းခါလိုက်မိသည်။

"မှော်စာရွက် ပညာမှာ အောင်မြင်မှု အနည်းငယ်ရဖို့တောင် ငါ့ဘဝရဲ့ အချိန်အများကြီး ပေးရလိမ့်မယ်၊ စနစ်ရဲ့ အကူအညီ ရှိရင်တောင် နှစ်နဲ့ချီပြီး ကြာဦးမှာပဲ"

လော့ချန် သူ၏ ကန့်သတ်ချက်ကို သိသည်။ စနစ်သည် အရာရာကို လုပ်နိုင်သည် မဟုတ်ပေ။

ဆေးဖော်စပ်ခြင်း အတတ်ပညာနှင့် ပတ်သက်လျှင် သူသည် မူလခန္ဓာကိုယ်ပိုင်ရှင်ထံမှ ဆယ်စုနှစ်တစ်ခုစာ အခြေခံဗဟုသုတများကို ဆက်ခံခဲ့ပြီး မှော်အာဟာရဆေးလုံးကိုပင် တစ်နှစ်ကျော်ကြာအောင် ဖော်စပ်ခဲ့ရသည်။

ထို့နောက် အံ့ဖွယ်တစ်သောင်းဆေးလုံးကို နောက်ထပ် တစ်နှစ်၊ ထို့နောက်မှ ကျောက်စိမ်းအမြုတေဆေးလုံးကို မမောမပန်း ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ထိုသို့သော အခြေခံကြောင့်သာ သွေးအဆီအနှစ်ဆေးလုံးကို သူ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ မှော်စာရွက် အတတ်ပညာထဲသို့ပါ အာရုံခွဲလိုက်ပါက ဤဘဝတွင် မသေမျိုးဖြစ်ရန်မှာ မျှော်လင့်ချက် မရှိတော့ပေ။

သူ ဤပစ္စည်းများကို စုဆောင်းရခြင်းမှာ မှော်စာရွက် ရေးဆွဲသူ ဖြစ်လာရန် မဟုတ်ဘဲ၊ ထိုအတတ်ပညာကို လေ့လာခြင်းဖြင့် သူ၏ မှော်အတတ် ထုတ်ဖော်မှု စွမ်းရည်ကို မြှင့်တင်ရန်သာ ဖြစ်သည်။ မှော်စာရွက် ရေးဆွဲခြင်းဆိုသည်မှာ မှော်အတတ်၊ အင်းကွက်များကို စက္ကူပေါ်တွင် ရေးထွင်းခြင်းပင် ဖြစ်သည်။

ထိုသို့လုပ်ရန်အတွက် မှော်စာရွက်ဆရာသည် မှော်အတတ်တစ်ခုကို အပြည့်အဝ နားလည်ထားရမည် ဖြစ်သလို ချီစွမ်းအားကိုလည်း တိကျစွာ ထိန်းချုပ်နိုင်ရမည်။ ဤအခြေခံများသည် လော့ချန်၏ မှော်အတတ် ထုတ်ဖော်မှုအတွက် အသိအမြင်သစ်များ ပေးနိုင်မည် ဖြစ်သည်။

ဖူကျန်းနှင့် တိုက်ခိုက်စဉ်က အထွတ်အထိပ်အဆင့် မီးလုံးမှော်အတတ်ကို လော့ချန် သုံးခဲ့သည်။ အခြားသူများက နေမီးလျှံအတတ် ဟု ထင်ခဲ့ကြသော်လည်း အမှန်စင်စစ် ၎င်းမှာ မီးလုံးမှော်အတတ်သာ ဖြစ်သည်။

သို့သော် လော့ချန် မကျေနပ်သေးပေ။

"အချိန်ကန့်သတ်ချက်ကြောင့် မီးလုံးတွေကို လုံလောက်အောင် မပေါင်းစပ်နိုင်ခဲ့ဘူး၊ အဆင့် ၉ ကျင့်ကြံသူကို သတ်နိုင်ပေမဲ့ တကယ့် ဒုတိယအဆင့် မှော်အတတ် စွမ်းအားကိုတော့ မမီသေးဘူး"

ဒုတိယအဆင့် မှော်အတတ်များသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကိုပါ ခြိမ်းခြောက်နိုင်သည်။

"အခု ငါ အဆင့် ၉ ကို ရောက်ပြီဆိုတော့ စွမ်းအားတွေ တိုးလာပြီ၊ အကယ်လို့ မီးလုံးမှော်အတတ်ကို ထပ်ပြီး အဆင့်မြှင့်နိုင်ရင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကိုပါ တကယ် ခြိမ်းခြောက်နိုင်မှာပဲ"

ဤသည်မှာ လော့ချန်၏ တကယ့် ရည်မှန်းချက် ဖြစ်သည်။ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ ဖိနှိပ်မှုကို မခံလိုတော့ပေ။

....

ညဉ့်နက်ပိုင်း၊ ချန်ယင်တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာတွင်ဖြစ်သည်။

ဝံပုလွေ မိစ္ဆာများ၏ ဟိန်းသံနှင့် ပိုးမွှားသံများ ပတ်ဝန်းကျင်တစ်ခွင် ပျံ့လွင့်နေသည်။ လော့ချန်သည် သူ၏ နတ်မျက်စိမှော်အတတ်ကို အသက်သွင်းကာ မီးလုံးမှော်အတတ်ကြောင့် ဖြစ်ပေါ်လာသော ၁၀ ပေခန့် နက်သည့် ကျင်းကြီးကို ကြည့်ရင်း လေ့လာနေသည်။ ၎င်းမှာ မီးလုံးငယ်များကို ပေါင်းစပ်ထားသည့် ရလဒ်ဖြစ်ပြီး ဖျက်ဆီးအားမှာ ယခင်ထက် များစွာ တိုးတက်လာသည်။

"ငါ့ရဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေက အများကြီးပဲ၊ အဆင့်တူတွေကြားမှာ ငါက ထိပ်ဆုံးမှာ ရှိနိုင်တယ်"

လော့ချန် သူ၏ စွမ်းအားကို ကောင်းကောင်းကြီး နားလည်သည်။ သူသည် မီးလုံးမှော်အတတ်၏ အခြေခံ သဘောတရားများကို ပြန်လည် ဆန်းစစ်နေသည်။

“သွားစမ်း”

လော့ချန် လက်ကွက်ကို တစ်ဆင့်ချင်း ဖော်ဆောင်လိုက်သည်။ အမှန်စင်စစ် သူ ချက်ချင်း ထုတ်ဖော်နိုင်သော်လည်း ယခုအခါတွင်မူ ချီစွမ်းအား စီးဆင်းပုံ၊ စုစည်းပုံနှင့် ပုံဖော်ပုံတို့ကို နတ်မျက်စိဖြင့် သေချာစွာ စောင့်ကြည့်နေခြင်း ဖြစ်သည်။ ထို့နောက် မီးလုံး၏ ရွေ့လျားမှုနှင့် ပေါက်ကွဲမှု ဖြစ်စဉ်ကိုလည်း လေ့လာလိုက်သည်။

ဗုန်း....

ကျင်းတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်သည်။

"မှော်အတတ်တွေက လက်ကွက်နဲ့ ဂါထာတွေကို အထောက်အကူပြုပြီး ချီစွမ်းအားကို အသုံးပြု ဖြစ်ပေါ်လာတာပဲ၊ စနစ်ရဲ့ အကူအညီနဲ့ ငါက လက်ကွက်မလိုဘဲ ချက်ချင်း ထုတ်နိုင်ပေမဲ့ အရင်က ဘာလို့လဲ ဆိုတာကို ငါ သေချာ မသိခဲ့ဘူး"

လော့ချန်သည် စွမ်းအားကို ချက်ချင်း မလွှတ်ထုတ်ဘဲ အချိန်ဆိုင်းထားခြင်း သို့မဟုတ် ပိုမြန်အောင် လုပ်ခြင်းတို့ကို စမ်းသပ်နေသည်။ သူသည် နေမီးလျှံ အတတ်သို့ ချက်ချင်း မသွားဘဲ မီးလုံးမှော်အတတ်၏ အခြေခံအကျဆုံး အစိတ်အပိုင်းများကို အရင် ဖြိုခွဲလေ့လာနေခြင်း ဖြစ်သည်။ အခြေခံကို မသိဘဲ အဆင့်မြင့် ကျင့်စဥ်ကို မရနိုင်ဟု သူ ယုံကြည်သည်။

မိုးလင်းခါနီးအချိန်တွင် လော့ချန် သူ၏ လေ့ကျင့်မှုကို ရပ်လိုက်သည်။ သူသည် ပေါင်းစပ်ချိန် ကြာမြင့်နေသည့် ကိစ္စကို လုံးဝ မဖြေရှင်းနိုင်သေးသော်လည်း မီးလုံးမှော်အတတ်နှင့် ပတ်သက်၍ အသိအမြင်သစ်များစွာ ရရှိခဲ့သည်။

"ထူးဆန်းတယ်.... ဘာလို့ ငါ့မျက်လုံးတွေ ဒီလောက် နာနေရတာလဲ" ဟု တွေးရင်း လော့ချန် သူ၏ မျက်လုံးများကို ပွတ်လိုက်မိသည်။

"မနေ့ညက နတ်မျက်စိကို အသုံးများသွားလို့လား.... နတ်မျက်စိက...."

လော့ချန် ခဏမျှ မှင်တက်သွားပြီး မျက်လုံးကို တင်းတင်းပိတ်လိုက်သည်။ ထိုမှောင်မိုက်နေသော အာရုံထဲတွင် တောက်ပသော အရောင်အဝါများ ဝေ့ဝဲနေသည်ကို သူ မြင်လိုက်ရသည်။ သူသိလိုက်သည်မှာ နတ်မျက်စိမှော်အတတ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

All Chapters