← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉) - နတ်မျက်စိ၏ စွမ်းပကား

နတ်မျက်စိမှော်အတတ် - အထွတ်အထိပ်အဆင့် (၁၀၀၀/၁၀၀၀)

အခြေအနေပြ ကြေးမုံပြင်၏ ပြောင်းလဲမှုမှာ ခဏချင်းအတွင်း ဖြစ်ပျက်သွားသော်လည်း လော့ချန်မှာမူ သူ၏ မျက်လုံးများသည် နှစ်ပေါင်း ထောင်ချီ၊ သောင်းချီသော အသွင်ကူးပြောင်းမှုမျိုးကို ကြုံတွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ သူငယ်အိမ်အတွင်း၌ တောက်ပသော ရောင်စုံအလင်းတန်းများ ဝေ့ဝဲနေသည်။ မျက်လုံးကို မှိတ်ထားသည့်တိုင်အောင် ပူလောင်သော ဝေဒနာက စွဲကပ်နေဆဲဖြစ်ရာ အလွန်ပင် နေရထိုင်ရ ခက်ခဲလှသည်။ ၎င်းမှာ သာမန်လူသားတစ်ဦးက တောက်ပသော နေမင်းကြီးကို တည့်တည့်စိုက်ကြည့်နေရသကဲ့သို့ပင်။ အမြင်အာရုံမှာ သည်းမခံနိုင်လောက်အောင် တောက်ပသော အလင်းတန်းများကြောင့် လောင်ကျွမ်းနေသကဲ့သို့ လော့ချန် ခံစားရသည်။

တစ်ချိန်တည်းမှာပင် ချွန်ထက်လှသော ရေခဲဆူးများဖြင့် သူ၏ မျက်သူငယ်အိမ်ကို တစ်လက်မချင်း ထိုးဆွနေသကဲ့သို့လည်း ခံစားရသည်။ သွေးစအနည်းငယ်သည် သူ၏ မျက်လုံးထောင့်များမှတစ်ဆင့် ဖြည်းညှင်းစွာ စီးကျလာသည်။ ရုတ်တရက် မျက်ခွံများ ပွင့်လာသောအခါ ကြယ်တာရာများကဲ့သို့ တောက်ပလှသော မျက်ဝန်းတစ်စုံသည် သူ၏ရှေ့မှ ကျယ်ပြောလှသော ကမ္ဘာကြီးကို စိုက်ကြည့်လိုက်တော့သည်။

"ဒါ.... ချီစွမ်းအားလား...."

လော့ချန်သည် လေထုထဲ၌ ဝေ့ဝဲနေသော ပါးလွှာသည့် အရာများကို ထိတွေ့ရန် လက်လှမ်းလိုက်သော်လည်း ဘာကိုမျှ ဆုပ်ကိုင်၍ မရပေ။

“အရမ်းကို ပါးလွှာလွန်းလို့ ပုံဖော်လို့တောင် မရဘူးပဲ”

လော့ချန် တွေးတောမိသွားသည်။ သူ မြင်တွေ့လိုက်ရသော ကြည်လင်ပြီး ပေါ့ပါးသည့် အငွေ့များမှာ ချီစွမ်းအင်များ ဖြစ်ကြောင်း သူ အသေအချာ သိလိုက်ပြီ ဖြစ်သည်။

နတ်မျက်စိမှော်အတတ်၏ မူလအစွမ်းမှာ ကျင့်ကြံသူများအတွက် ချီစွမ်းအင် လှိုင်းထန်မှု ရှိသော အရာများကို ထိုးဖောက်မြင်နိုင်ရန် ဖြစ်သည်။ ထို့ကြောင့် အခြေခံအဆင့်တွင် မိမိထက် အဆင့်နိမ့်သူများ၏ စွမ်းအင်လှိုင်းကို ကြည့်ကာ အဆင့်ကို ခန့်မှန်းနိုင်ကြသည်။ ယခင်က ပါရမီရှင်အဆင့်သို့ ရောက်ရှိစဉ်က လော့ချန်သည် မြေအောက်ထဲမှ စွမ်းအင်လှိုင်းများကို မြင်တွေ့ရသဖြင့် ဝိညာဉ်ကြောဂူကို ရှာဖွေနိုင်ခဲ့သည်။

ယခုမူ ထိုထက်မက တိုးတက်လာပြီ ဖြစ်သည်။ ကျင့်ကြံသူများနှင့် ဝိညာဉ်ကြောများကဲ့သို့ ထင်ရှားသော စွမ်းအင်များသာမက သဘာဝလောကထဲတွင် ပျံ့လွင့်နေသည့် ချီစွမ်းအင် အမှုန်အမွှားလေးများကိုပင် သူ မြင်တွေ့နေရပြီ ဖြစ်သည်။

လော့ချန် ခေါင်းငုံ့ကြည့်လိုက်ရာ ထူထပ်သော သစ်ရွက်ခြောက်များကြားတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော ပိုးမွှားလေးများ လှုပ်ရှားနေသည်ကို တွေ့ရသည်။ သူ မော့ကြည့်လိုက်ပြန်သောအခါ ဆယ်မိုင်ခန့် ဝေးကွာသော နေရာမှ အရာဝတ္ထုများကိုပင် အထင်အရှား မြင်နေရပြီ ဖြစ်၏။ ဤသည်မှာ ညဉ့်နက်ပိုင်း ဖြစ်နေသေးသည်။ အကယ်၍ မြင်ကွင်းကြည်လင်သော နေ့ခင်းဘက်ဆိုလျှင် မိုင်ပေါင်း ၅၀ သို့မဟုတ် ၁၀၀ အထိပင် မြင်နိုင်ပေလိမ့်မည်။

“မိုင် ၁၀၀ တောင်လား....”

ဤကဲ့သို့သော ခန့်မှန်းချက်ကြောင့် လော့ချန် အလွန်ဝမ်းသာသွားသည်။ နောင်တွင် သူ၏ ‘မျက်စိရှင်’ ဟူသော ဘွဲ့မှာ ပို၍ပင် အမည်နာမနှင့် လိုက်ဖက်တော့မည် မဟုတ်ပါလော။

“ဟိုမှာလည်း ရှိသေးတယ်”

လော့ချန်၏ အကြည့်များမှာ အရှေ့ဘက် ခပ်လှမ်းလှမ်းဆီသို့ ရောက်သွားသည်။ ထိုနေရာတွင် အလွန်ထင်ရှားသော ချီစွမ်းအင်လှိုင်းတစ်ခုနှင့် ကောင်းကင်သို့ ထိုးတက်နေသော သတ်ဖြတ်ခြင်းအငွေ့အသက် တစ်ခု ရှိနေသည်။

"နှင်းဝံပုလွေတောင်ကြားပဲ...."

အမှန်ပင်။ လော့ချန် မြင်တွေ့နေရသည်မှာ ယခင်က သူ သွားရောက်ရှာဖွေခဲ့ဖူးသော နှင်းဝံပုလွေ မျိုးနွယ်စု၏ နယ်မြေ ဖြစ်သည်။ ယခင်က ထိုနေရာကို မိစ္ဆာစွမ်းအင်များ ပြည့်နှက်နေသော နေရာတစ်ခုဟုသာ သူ သတ်မှတ်ခဲ့သည်။ သို့သော် ယခုမူ ထိုနေရာ၌ ဧရာမ ချီစွမ်းအားလှိုင်းကြီးများ ကိန်းအောင်းနေသည်ကိုပါ သူ မြင်နေရပြီ ဖြစ်သည်။

"ဒုတိယအဆင့် ဝိညာဉ်ကြောတော့ မဟုတ်သေးဘူး၊ ဒါပေမဲ့ သာမန် ပထမအဆင့် ဝိညာဉ်ကြောတွေထက်တော့ အများကြီး သာတယ်၊ အဲဒီက စွမ်းအင်လှိုင်းတွေထဲမှာ ပါတဲ့ ဇီဝစွမ်းအား အရဆိုရင် မကြာခင်မှာ ဒုတိယအဆင့်ကို တက်လှမ်းတော့မယ့်ပုံပဲ”

ထို ‘မကြာခင်’ ဆိုသည်မှာ တစ်နှစ်၊ နှစ်နှစ်လည်း ဖြစ်နိုင်သလို ဆယ်စုနှစ်၊ ရာစုနှစ်လည်း ဖြစ်နိုင်ပေသည်။ လော့ချန် ထိုအချက်ကို ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်မှာ သူ၏ မျက်လုံးသည် ချီစွမ်းအင်၏ ဇီဝစွမ်းအားကိုပါ မြင်နိုင်စွမ်း ရှိလာခြင်း ဖြစ်သည်။

လောကတွင် မွေးဖွားခြင်း ရှိလျှင် သေဆုံးခြင်း ရှိစမြဲ။ ကမ္ဘာကြီးတစ်ခုလုံးပင်လျှင် နောင်နှစ်ပေါင်း ကုဋေကုဋာကြာလျှင် ပျက်စီးသွားနိုင်သည်။ သဘာဝ ဝိညာဉ်ကြောများမှာလည်း ဤနိယာမအတိုင်းပင်။ လော့ချန်သည် ယခု ဤနတ်မျက်စိတစ်စုံဖြင့် ဇီဝစွမ်းအားနှင့် သေဆုံးခြင်းအငွေ့အသက် များကို ထိုးဖောက်မြင်နိုင်စွမ်း ရှိလာပြီ ဖြစ်သည်။

လော့ချန် အလွန်ဝမ်းသာသွားသည်။ သူသည် အကြည့်များကို တစ်နေရာပြီး တစ်နေရာသို့ ရွှေ့ပြောင်းကာ သူ၏ အစွမ်းသစ်ကို စမ်းသပ်နေမိသည်။ သေဆုံးခါနီး သစ်ပင်ကြီးတစ်ပင်၊ ဇီဝစွမ်းအား ပြည့်ဝနေသော မြက်ပင်လေးတစ်ပင်၊ အဆင့်တက်ခါနီး ဆေးပင်တစ်ပင်.... အရာအားအားလုံးကို သူ ခွဲခြားမြင်နေရသည်။

ရုတ်တရက် လော့ချန်၏ အကြည့်မှာ သူ၏ ကိုယ်ပိုင် မှော်ဝတ်ရုံပေါ်သို့ ကျရောက်သွားသည်။ ၎င်းမှာ အဆင့်မြင့်ဝတ်ရုံ ဖြစ်ပြီး သန့်စင်ခြင်း၊ ဖုန်မှုန့်ကာကွယ်ခြင်းနှင့် မိုးပြာရောင်အလင်းကာရံ ဟူသော အစီအရင် သုံးခုကို ရေးထွင်းထားခြင်း ဖြစ်သည်။ မိုးပြာရောင်အလင်းကာရံမှာ ခံစစ်အစီအရင် ဖြစ်ပြီး တိုက်ခိုက်ခံရသည့်အခါ ကျင့်ကြံသူ၏ ထိန်းချုပ်မှုအောက်တွင် ကာကွယ်ရေး အလင်းကာရံကို ချက်ချင်း ဖြစ်ပေါ်စေသည်။

ထိုအစီအရင်၏ ခံစစ်အစွမ်းမှာ အလွန်အမင်း မကြီးမားလှသော်လည်း ၎င်း၏ ခိုင်မာမှုနှင့် ပျော့ပျောင်းမှုမှာ ထူးခြားလှသည်။ တုံ့ပြန်ရန် အချိန်အနည်းငယ် ရရုံနှင့် အခြားသော ခံစစ်ဝတ်ရုံများထက် ပို၍ ကာကွယ်ပေးနိုင်သည်။ ထိုအချိန်ကိုမူ လော့ချန် သူ၏ လေးရောင်ခြယ်ဆေးအိုး နှင့် လျင်မြန်သော ကိုယ်ဟန်တို့ဖြင့် ဖန်တီးယူနိုင်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လော့ချန်သည် အင်္ကျီပေါ်တွင် ဝှက်ထားသော အစီအရင် အကြောအကွက်များကို မြင်တွေ့လိုက်ရသည်။

"ဩော်.... ဒီလို ရေးထွင်းထားတာကိုး၊ အင်္ကျီသားကလည်း အတော်လေး ထူးခြားတာပဲ၊ ဒါကြောင့်လည်း အစီအရင်ရဲ့ စွမ်းအားကို ခံနိုင်ရည်ရှိတာပဲ”

မှော်ဝတ်ရုံများ၏ ဈေးနှုန်းမှာ အမြဲ မသေးလှပေ။ သီးသန့် ခံစစ်လက်နက်များကို မယှဉ်နိုင်သော်လည်း သာမန်တိုက်ခိုက်ရေး လက်နက်များနှင့် ဈေးနှုန်းတူညီတတ်သည်။ ၎င်းမှာ အပေါ်တွင် ရေးထွင်းထားသော အစီအရင်များကြောင့် တန်ဖိုးကြီးခြင်း ဖြစ်သည်။ ယခုကြည့်ရသည်မှာ ကုန်ကြမ်းပစ္စည်းများမှာလည်း တန်ဖိုးမနည်းလှပေ။

"ငါ အခု ဖုံးကွယ်ထားတဲ့ အစီအရင်တွေကိုပါ ဖောက်ထွင်းမြင်နိုင်နေပြီလား"

ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် မျက်လုံးထဲမှ နာကျင်မှု တစ်ချက် ပြန်လည် ထွက်ပေါ်လာသည်။ လော့ချန် မျက်လုံးကို အမြန်မှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ နတ်မျက်စိမှော်အတတ်ကို ပိတ်လိုက်တော့သည်။ မျက်လုံးပြန်ဖွင့်လိုက်သောအခါ လောကကြီးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

လော့ချန် ပြန်လျှောက်လာရင်း သူရှာဖွေတွေ့ရှိခဲ့သည်များကို ပြန်လည်သုံးသပ်နေသည်။

အထွတ်အထိပ်အဆင့် နတ်မျက်စိမှော်အတတ်၏ တိုးတက်မှုမှာ အလွန်ကြီးမားလှသည်။ သူသည် ချီစွမ်းအား အပြောင်းအလဲများကို ပိုမို သိရှိနိုင်စွမ်းရှိလာသလို လေထုထဲ၌ လွင့်မျောနေသော ချီစွမ်းအားတန်းများကိုပင် မြင်နေရပြီဖြစ်သည်။

ထို့အပြင် သူ၏ အမြင်အာရုံမှာလည်း အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ကျယ်ပြန့်လာသည်။ ညဘက်တွင် ၁၀ မိုင်အထိ မြင်နိုင်ပြီး နေ့ဘက်တွင် မိုင် ၁၀၀ အထိ မြင်နိုင်သည်။ ၎င်းမှာ ပုံရိပ်ယောင်မြင်ခြင်းမျိုး မဟုတ်ဘဲ အနားတွင် ရှိနေသကဲ့သို့ အသေးစိတ်ကို မြင်တွေ့နိုင်ခြင်း ဖြစ်သည်။

ထို့အပြင် အရာဝတ္ထုများ၏ ဇီဝစွမ်းအားနှင့် သေဆုံးခြင်းအငွေ့အသက်များကိုပါ မြင်နိုင်သည်။ နောက်ဆုံးအနေဖြင့် အစီအရင်များကိုပါ ထိုးဖောက်မြင်နိုင်စွမ်း ရှိလာခြင်း ဖြစ်သည်။ သာမန်အားဖြင့် အစီအရင်များကို လက်နက်များပေါ်တွင် ထွင်းထုထားပါက ချီစွမ်းအား ထည့်သွင်းမထားသရွေ့ ခွဲခြားရန် မဖြစ်နိုင်သလို၊ အသက်သွင်းထားလျှင်လည်း အလင်းရောင်များကြောင့် အစီအရင်၏ အသေးစိတ်ကို မြင်ရန် မဖြစ်နိုင်ပေ။ ဤသည်မှာ မှော်လက်နက်ပညာရှင်များ၏ နည်းပညာကို ခိုးယူခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ သို့သော် လော့ချန်အတွက်မူ ထိုလျှို့ဝှက်ချက်များမှာ မရှိတော့ပေ။

"ထူးခြားတဲ့ စွမ်းဆောင်ရည် လေးမျိုးပဲ၊ ဒါဟာ ငါ့အတွက်တော့ တကယ့်ကို ကြီးမားတဲ့ ပြောင်းလဲမှုပဲ"

သူသည် ဤအစွမ်းကို အသုံးချနိုင်မည့် နည်းလမ်းများစွာကို ချက်ချင်း စဉ်းစားမိသည်။ ကျင့်ကြံခြင်းတွင် မိမိ၏ ခန္ဓာကိုယ်ကို ပိုမို နားလည်နိုင်မည် ဖြစ်သလို၊ ဆေးဖော်စပ်ခြင်းတွင်လည်း ဆေးအိုးအတွင်းရှိ ဆေးဖက်ဝင် ဂုဏ်သတ္တိများ ပေါင်းစပ်ပုံကို အတိအကျ မြင်နေရတော့မည် ဖြစ်သည်။ အကယ်၍ အစီအရင်ပညာကို လေ့လာလျှင်လည်း အနည်းငယ် အားထုတ်ရုံဖြင့် များစွာ တိုးတက်ပေလိမ့်မည်။ ထိုမျှသာမက မှော်စာရွက် ရေးဆွဲခြင်း သို့မဟုတ် ဆေးကုသခြင်း များတွင်လည်း အထောက်အကူ များစွာ ရရှိမည်မှာ သေချာသည်။

မျက်ဝန်းကောင်းတစ်စုံ ရှိခြင်းမှာ ဘဝ၏ ကဏ္ဍပေါင်းစုံကို လွှမ်းမိုးနိုင်သည်။ တိုက်ခိုက်ရေး၌ နာမည်ကျော်သော ဓားကျင့်ကြံသူများပင်လျှင် သူတို့၏ အမြင်အာရုံကို မြှင့်တင်ရန် နည်းလမ်းမျိုးစုံ ရှာဖွေကြသည်။ ထို့ကြောင့်ပင် ကျောက်စိမ်းအိုးဓားဂိုဏ်းက သူတို့၏ တပည့်များအတွက် မျက်လုံးစွမ်းအား မြှင့်တင်ပေးနိုင်သော ဆေးရည်များကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့တော့ အရင်နားလိုက်ဦးမယ်၊ မနက်ဖြန်ကျမှ ဒီမျက်လုံးနဲ့ ကျင့်သားရအောင် လုပ်ရမယ်”

လော့ချန် စိတ်ကို ပြန်တည်ငြိမ်အောင် ထိန်းလိုက်သည်။ ဝိညာဉ်ကြောဂူသို့ ပြန်ရောက်သောအခါ သူ၏ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်နေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၁၀) - မမျှော်လင့်ထားသော တိုက်ပွဲကြီး

လခြမ်းတောင်ကြား ဟူသော အမည်မှာ ယခုအခါ သိပ်မလိုက်ဖက်တော့ပေ။ တောင်ကြားမှာ တည်ရှိနေဆဲ ဖြစ်သော်လည်း အပြင်ဘက်ပိုင်းရှိ တိုးချဲ့ထားသော နယ်မြေမှာ တောင်ကြားအတွင်းပိုင်းထက် အဆပေါင်းများစွာ ကျယ်ဝန်းနေပြီ ဖြစ်သည်။ ထိုနေရာများအားလုံးမှာ သစ်ပင်ပန်းမန်များ၊ ရေတံခွန်များဖြင့် သာယာလှပြီး ဓာတ်ကြီးငါးပါးနှင့် ကိုက်ညီအောင် စီမံထားသည်။

ဤနေရာကား လော့ထျန်းအဖွဲ့အစည်း၏ ဌာနချုပ်ပင် ဖြစ်သည်။

ဘယ်အချိန်ကစမှန်း မသိသော်လည်း လော့ထျန်းအဖွဲ့အစည်းမှ ကျင့်ကြံသူများမှာ သူတို့ခေါင်းဆောင်၏ ထူးဆန်းသော အလေ့အထတစ်ခုကို သတိထားမိလာကြပေသည်။ သူသည် အားလပ်သည့် အချိန်တိုင်း တောင်ထိပ်ပေါ်၌ အကြောင်းပြချက်မရှိဘဲ ထိုင်နေလေ့ရှိသည်။ တိုက်ခတ်နေသော လေပြင်းများကို အံတုလျက် သူ၏ ထက်ရှသော မျက်ဝန်းများဖြင့် ကျယ်ပြောလှသော မိုးကုတ်စက်ဝိုင်းကို ဝေ့ဝဲကြည့်ရှုနေတတ်ရာ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ပင် ရှိတော့သည်။

ပထမတွင် ထူးဆန်းသည်ဟု ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူတို့မှာ နေရခက်လာကြသည်။ အဖွဲ့ခေါင်းဆောင်က အပေါ်မှ ကြည့်နေသဖြင့် သူတို့မှာ အလုပ်များကို ပို၍ပင် အလေးအနက်ထား လုပ်ဆောင်လာကြတော့သည်။

လော့ချန်ကမူ သူ၏ မျက်လုံးကို လေ့ကျင့်နေခြင်းမှာ လက်အောက်ငယ်သားများအတွက် စောင့်ကြည့်ခြင်း ခံနေရသလို ဖြစ်နေသည်ကို သတိမမူမိပေ။ သူသည် မိုင်ပေါင်းတစ်ရာအထိ ဖောက်ထွင်းမြင်နိုင်သော နတ်မျက်စိ၏ ပျော်ရွှင်မှုတွင်သာ အပြည့်အဝ နစ်မြောနေခဲ့ပေသည်။

"ဒီမျက်လုံးတွေက တကယ်ကို အံ့သြဖို့ကောင်းတာပဲ၊ မိုင် ၁၀၀ အကွာက အရာတွေကို မြင်နိုင်ရုံတင်မကဘူး၊ တိုက်ပွဲထဲမှာဆိုရင်လည်း ရန်သူရဲ့ လှုပ်ရှားမှုတွေကို ပိုပြီး အသေးစိတ် မြင်နိုင်မှာပဲ”

“ငါ့မှာ အထွတ်အထိပ်အဆင့် ရောက်နေတဲ့ ပထမအဆင့် မှော်အတတ်တွေ အများကြီး ရှိပေမဲ့ မီးလုံးမှော်အတတ်က အပြင်းထန်ဆုံးပဲ၊ ဆွဲငင်ခြင်းမှော်အတတ်က အသုံးအဝင်ဆုံးဖြစ်ပြီး လေဟုန်စီးမှော်အတတ် ကတော့ အလျင်မြန်ဆုံးပဲ၊ ဒါပေမဲ့ အခုတော့ ဒီနတ်မျက်စိက အရေးအကြီးဆုံး ဖြစ်လာပြီ”

အထွတ်အထိပ်ရောက် နတ်မျက်စိ၏ အကျိုးကျေးဇူးမှာ အမှန်တကယ်ပင် ကြီးမားလှပေသည်။ ကာလတိုတွင် ရန်သူကို ကြိုတင်သိရှိနိုင်ပြီး ကာလရှည်တွင်မူ ကျင့်ကြံခြင်းအတွက် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လော့ချန်သည် နည်းလမ်းမျိုးစုံဖြင့် စမ်းသပ်ခဲ့ပြီးနောက် ၎င်း၏ တန်ဖိုးကို အတည်ပြုနိုင်ခဲ့သည်။ စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားသောအခါ သူသည် မီးလုံးမှော်အတတ်ကို အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

ဤမျက်လုံးများဖြင့်ဆိုလျှင် တိုးတက်မှုနှုန်းမှာ အဆပေါင်းများစွာ ပိုမြန်လာမည်မှာ သေချာပေသည်။ မကြာမီမှာပင် သူသည် မီးလုံးမှော်အတတ်ကို အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ပြီး ပိုမိုအားကောင်းသော နေမီးလျှံအတတ် အဖြစ် ပေါင်းစပ်နိုင်ပေလိမ့်မည်။ ထိုအခါမှသာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်သော ဝှက်ဖဲတစ်ခုကို သူ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

လော့ချန် တောင်ပေါ်မှ ဆင်းရန် ပြင်လိုက်စဉ် သူ၏ မျက်ခွံများ တလှုပ်လှုပ် ဖြစ်လာလေသည်။ အဝေးဆီမှ အလင်းတန်းတစ်ခုသည် ဓားတစ်စင်းကဲ့သို့ ကောင်းကင်ကို ခွဲကာ ပျံသန်းလာနေသည်။ မိုင်တစ်ရာ အကွာအဝေးအတွင်းသို့ ရောက်ရှိလာသောအခါ ထိုသူ၏ မျက်နှာကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

"သူ ဘာလို့ ဒီကို ကိုယ်တိုင်လာတာလဲ"

လော့ချန် မျက်မှောင်ကြုတ်လိုက်ကာ တောင်ကြားထဲသို့ အသာအယာ ဆင်းသွားလိုက်သည်။

ခဏအကြာတွင် ဆေးဖော်ဆောင်အတွင်း၌....။

မြောင်ဝမ်သည် လေပြင်းများနှယ် ဆေးဖော်ဆောင်အတွင်းသို့ ဝင်လာပြီး ထက်ရှသော မျက်လုံးများဖြင့် လော့ချန်ကို ထူးဆန်းစွာ စိုက်ကြည့်လိုက်သည်။

"ငါ အရင်က သတိမထားမိခဲ့ဘူး၊ ငါ့ညီငယ်က တော်တော်လေးကို မျက်စိရှင်တာပဲ"

"ဟင်.... ဘာဖြစ်လို့လဲခင်ဗျ၊ တစ်ခုခု ဖြစ်လို့လားခင်ဗျာ" ဟု လော့ချန် ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ငါနဲ့ လိုက်ခဲ့၊ အကြီးအကဲက မင်းကို ကိစ္စတစ်ခုအတွက် အလိုရှိနေတယ်"

အကြီးအကဲ ဆိုပါလား....။

လော့ချန်သည် လေခွင်းအတတ်ကို အသက်သွင်းကာ မြောင်ဝမ်၏ နောက်မှ လိုက်ပါလာရင်း စိတ်ထဲတွင် လေးလံနေသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သော မြောင်ဝမ်တောင်မှ အကြီးအကဲဟု ရိုသေစွာ ခေါ်ရသူဆိုလျှင် ဤတာဟဲ စျေးမြို့တော်၌ တစ်ဦးတည်းသာ ရှိသည်။

ရွှေအမြုတေအဆင့်ရှိသူ ဖန်ရင်ရှုံ....။

‘ငါ့ဆီမှာ သူ လိုချင်လောက်တဲ့ ဘာများ ရှိနေလို့လဲ၊ မြောင်ဝမ် ပြောတဲ့ ညီငယ်ဆိုတာ သေချာပေါက် ကျောက်စိမ်းအိုးဓားဂိုဏ်းက ဆက်ခံသူ လော့ထျန်းဟုန်ပဲ ဖြစ်ရမယ်၊ ငါသူနဲ့ တစ်ကြိမ်ပဲ ဆုံဖူးတာ၊ အဲ့ဒါက ဦးလေးချင်ရဲ့ လက်ပြတ်ကို ပြန်ဆက်ပေးတုန်းကပဲ၊ မျက်စိရှင်တယ် ဟုတ်လား.... အဲဒီတုန်းက ငါ့ဆီမှာ တစ်ခုခု ထူးခြားတာကို သူ သတိထားမိသွားတာလား’

လော့ချန်၏ စိတ်ထဲဝယ် မသေချာမှုများဖြင့် ပြည့်နှက်နေမိသည်။ ထိုစဉ်က အခြေအနေကို ပြန်စဉ်းစားကြည့်လျှင် လော့ထျန်းဟုန်သည် ချီသန့်စင်အဆင့် ကျင့်ကြံသူများကို လုံးဝ အရေးမလုပ်ခဲ့ပေ။ အလွန်လှပသော မုရုံချင်းလျန်ကိုပင် အကြည့်တစ်ချက် မပေးခဲ့ပေ။ သို့သော် လော့ချန်၏ ဘေးမှ ဖြတ်သွားချိန်တွင်မှ ခေတ္တမျှ ရပ်တန့်ခဲ့ပြီး “တော်တော်လေး အောင်မြင်ပါတယ်” ဟု ပြောခဲ့ဖူးသည်။

ထိုစဉ်က လော့ချန်သည် မြောင်ဝမ်နှင့် ပတ်သက်မှု ရှိသဖြင့် ယဉ်ကျေးပျူငှာစွာ ပြောသွားခြင်းဟု ထင်ခဲ့သော်လည်း ယခု ပြန်စဉ်းစားကြည့်လျှင် သူ တစ်ခုခု လွဲချော်ခဲ့ပုံရသည်။

ဘာဖြစ်မည်နည်း။ ရွှေအမြုတေအဆင့်ရှိသူ တစ်ဦးက စိတ်ဝင်တစား ရှိလောက်မည့်အရာမှာ ဘာဖြစ်မည်နည်းဟု လော့ချန် အပြင်းအထန် စဉ်းစားနေမိသည်။ သူ စဉ်းစားလေလေ သူ၏ စိတ်မှာ ပို၍ လေးလံလာလေလေ ဖြစ်တော့သည်။

မြောင်ဝမ်ကမူ ဘာမှ ရှင်းမပြဘဲ ရှေ့မှသာ ခပ်မြန်မြန် ပျံသန်းနေသည်။ ထိုလူ၏ နောက်ကျောကို ကြည့်ရင်း လော့ချန်၏ စိတ်ထဲ၌ မဆီမဆိုင်သော အတွေးတစ်ခု ပေါ်လာသည်။

“မြောင်ဝမ်ရဲ့ ကျင့်ကြံမှု အဆင့်က ထင်သလောက် မမြင့်ဘူးထင်တယ်”

လော့ချန် မှတ်မိသလောက်ဆိုလျှင် ယခင်က မီရှုဟွာသည် သူ၏ ပျံသန်းနှုန်းကို သည်းမခံနိုင်သဖြင့် ဝိညာဉ်အလင်းဖြင့် ပတ်ကာ ခေါ်ဆောင်သွားခဲ့ဖူးသည်။ သို့သော် မြောင်ဝမ်မှာမူ လော့ချန်၏ အမြန်နှုန်းကို သတိထားမိသော်လည်း ထိုသို့ မလုပ်ဆောင်ပေ။

“အင်း.... ဒါကလည်း ဟုတ်ပါတယ်လေ၊ မီရှုဟွာက အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်ပိုင်း ဖြစ်ပေမဲ့ မြောင်ဝမ်ကတော့ အစောပိုင်း အဆင့်ပဲ ရှိသေးတာကိုး” ဟု သုံးသပ်လိုက်မိသည်။

ထိုသို့သော အတွေးစုံဖြင့် သူတို့နှစ်ဦးမှာ မြို့အတွင်းပိုင်းသို့ ဝင်ရောက်လာပြီးနောက် ကျောက်စိမ်းအိုးဓားနန်းဆောင်သို့ ရောက်ရှိလာသည်။

....

ဤသည်မှာ လော့ချန်အနေဖြင့် ဓားနန်းဆောင်အတွင်းသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း ဖြစ်ပေသည်။ ၎င်းမှာ သာမန် အဆောက်အဦးများကဲ့သို့ မဟုတ်ဘဲ ထက်ရှသော ဓားတစ်လက်ကဲ့သို့ မြင့်မားလှသော အဆောက်အဦးကြီး ဖြစ်၏။

ကျယ်ပြောပြီး တိတ်ဆိတ်လှသော ခန်းမကြီးအတွင်း ရပ်နေရင်း လော့ချန် ခေါင်းငုံ့ထားသည်။ သူ ဟိုဟိုဒီဒီ မကြည့်ဝံ့ပေ။ သူ၏ ခန္ဓာကိုယ်မှာ ထက်ရှသော ဓားများဖြင့် အချိန်မရွေး ထိုးနှက်ခံရတော့မည့်နှယ် အေးစက်တုန်လှုပ်နေမိသည်။

မြောင်ဝမ်နှင့် လော့ထျန်းဟုန်တို့မှာလည်း ဘေးတစ်ဖက်စီတွင် ရိုသေစွာ ရပ်နေကြသည်။ သူတို့၏ ရိုသေမှုမှာ အကြောင်းမဲ့တော့ မဟုတ်ပေ။ အပေါ်ဆုံးနေရာတွင် လိုက်ကာများ၏ အနောက်၌ ထိုင်နေသော်လည်း ကြီးမားလှသော ဖိအားများကို ပေးစွမ်းနိုင်သည့် အမျိုးသားတစ်ဦး ရှိနေသောကြောင့်ပင်။ သူသည် စကားတစ်ခွန်းမှ မပြောဘဲ လော့ချန်ကိုသာ စိုက်ကြည့်နေ၏။

ရုတ်တရက် သူသည် လက်ညှိုးနှင့် လက်ခလယ်ကို စုစည်းကာ ဓားသဏ္ဌာန် ပြုလုပ်၍ လော့ချန်ကို ညွှန်လိုက်သည်။ လော့ချန်၏ နှလုံးခုန်သံမှာ အဆမတန် မြန်လာပြီး အလွန်ထက်ရှသော အရာတစ်ခုက သူ့အား ထိုးစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

‘မဟုတ်မှလွဲရော.... အကြီးအကဲရာ၊ ကျွန်တော်က သာမန် ကျင့်ကြံသူလေး တစ်ယောက်ပါ ကျွန်တော်ဆီက ဘာလိုချင်လို့လဲဗျာ’

သူ စိုးရိမ်စိတ်ဗရပွဖြင့် တွေးနေမိသည်။ နောက်တစ်ခဏတွင် လော့ချန်သည် သူ၏ ကိုယ်ထဲမှ တစ်စုံတစ်ခုကို အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာမှာ သေလုမတတ် ဖြူလျော့သွားတော့သည်။

"အဟွတ်.... အဟွတ်"

သူ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ နက်ရှိုင်းပြီး သြဇာညောင်းလှသော အသံတစ်သံ သူ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

"ဒီ ဝိညာဉ်မျိုးစေ့ နောက်ကို လိုက်သွားပြီး အမှောင်ထဲမှာ ပုန်းနေတဲ့ ကြွက်ကို ငါ့အတွက် ရှာပေးစမ်း၊ သွားတော့"

"အမိန့်အတိုင်းပါ အကြီးအကဲ”

“အမိန့်အတိုင်းပါ အကြီးအကဲ”

....

ပြင်းထန်သော လေပြင်းများကြားဝယ် လော့ချန် ခေါင်းငုံ့ကာ တဟွတ်ဟွတ် ချောင်းဆိုးနေသည်။ ဘေးမှ မြောင်ဝမ်က သူ့အား မျက်မှောင်ကြုတ် ကြည့်ကာ မေးလိုက်သည်။

"မင်း ဘယ်တုန်းက ဒဏ်ရာရသွားတာလဲ"

လော့ချန် အားယူကာ ပြုံး၍ ဖြေလိုက်သည်။

"လွန်ခဲ့တဲ့ ဆယ်ရက်က မှော်စာရွက် ရတနာကြောင့် ဒဏ်ရာရခဲ့တာပါ"

"မှော်စာရွက် ရတနာ ဟုတ်လား"

မြောင်ဝမ် နှာခေါင်းတစ်ချက် ရှုံ့ကာ “သောက်ပြဿနာတွေ မရှာပါနဲ့လို့ ငါ ပြောထားသားပဲ၊ မင်းက တကယ်ပဲ အားမတန်ဘဲ မာန်လျှော့ရမှန်း မသိဘူး” ဟု ဆူပူလိုက်သည်။

ထိုခြောက်ကပ်ကပ်အသံကြီးကို နားကြားမြင်းကပ်လှသော်လည်း လော့ချန် နှုတ်ခမ်းကို တစ်ချက်တွန့်လိုက်ရုံမှတပါး ဘာမှ ပြန်မပြောတော့ပေ။ သူသာ ပြဿနာမရှာခဲ့လျှင် လော့ထျန်းအဖွဲ့အစည်းမှာ ယခုကဲ့သို့ အောင်မြင်လာပါမည်လော ဟုသာ ပြန်မေးလိုက်ချင်သည်။

ယခုဆိုလျှင် လီမျိုးနွယ်စုနှင့်လည်း ဆေးလုံးရောင်းချရန် သဘောတူညီမှု ရခဲ့ပြီ ဖြစ်သည်။ သူတို့သည် လစဉ် ကျောက်စိမ်းအမြုတေဆေးလုံးများကို ဝယ်ယူရန် ကတိပေးထားပြီး၊ ဝိညာဉ်ကျောက်တုံး ၅၀၀ ကိုပင် စရန်ငွေအဖြစ် ပို့ထားပြီးပြီ ဖြစ်သည်။ ဤအရောင်းအဝယ်သာ အောင်မြင်လျှင် သူတို့သည် လစဉ် ဝိညာဉ်ကျောက် ၁၀၀၀ ကျော် ဝင်ငွေရရှိမည် ဖြစ်ရာ၊ အချိန်ကြာလာသည်နှင့်အမျှ ကြီးမားသော ပမာဏ ဖြစ်လာပေလိမ့်မည်။

ရှေ့မှ ပျံသန်းနေသော လော့ထျန်းဟုန်ကို ကြည့်ရင်း လော့ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုသူ၏ ခေါင်းပေါ်တွင် ဝိညာဉ်စုစည်းမီးအိမ်၏ စိမ်းဖန့်ဖန့် အလင်းရောင်က လွင့်မျောနေသည်။ လော့ချန် မနေနိုင်ဘဲ မေးလိုက်သည်။

"ခုနက အကြီးအကဲဖန်က ကျွန်တော့်ဆီက ဘာကို ဆွဲထုတ်လိုက်တာလဲဟင်"

"ဟဲဟဲ...."

မြောင်ဝမ်က လှောင်ပြုံးပြုံးကာ သူ့အား တစ်ချက်ကြည့်လိုက်သည်။

"မီရှုဟွာက မင်းဆီမှာ ဘာတွေ ချန်ထားခဲ့လဲဆိုတာ မင်း မသိဘူးလား"

လော့ချန် တုန်လှုပ်သွားသည်။

‘တခြားနည်းလမ်းတွေ ရှိသေးတာလား....’

သူသည် သန့်စင်ခြင်းမှော်အတတ်ကို သုံး၍ မီရှုဟွာ ချန်ထားခဲ့သော ဝိညာဉ်စွမ်းအင်ကို ဖယ်ရှားပြီးပြီ မဟုတ်ပါလော။ အေးစက်စက် ခံစားချက်တစ်ခု လော့ချန်၏ စိတ်ထဲတွင် စိမ့်ဝင်လာသည်။

“ဒါက ဝိညာဉ်မျိုးစေ့ပဲ၊ ကျင့်ကြံသူက သူ့ရဲ့ ဝိညာဉ်အာရုံ တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ပြီး ချန်ထားခဲ့တာလို့လည်း ပြောလို့ရတယ်၊ မီရှုဟွာ သေသွားပေမဲ့ ဒီဝိညာဉ်အာရုံက မင်းကို အမှီပြုပြီး အသက်ဆက်နေတာပေါ့”

"လူတိုင်း သိကြတဲ့အတိုင်း အရာရာမှာ ဝိညာဉ်ရှိတယ်၊ လူတွေမှာလည်း ဝိညာဉ်ရှိပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တဲ့အခါ အဲဒီဝိညာဉ်နဲ့ စွမ်းအင် ပေါင်းစည်းသွားပြီး အပြင်ကို ပို့လွှတ်နိုင်တဲ့ ဝိညာဉ်အာရုံ ဖြစ်လာတယ်၊ ဒါကြောင့် ဝိညာဉ်အာရုံထဲမှာ ကျင့်ကြံသူရဲ့ ဝိညာဉ်အနှစ်သာရ ပါနေတာပေါ့"

“အကြီးအကဲဖန်က သူ၏ အစွမ်းနဲ့ မီရှုဟွာရဲ့ မူလဝိညာဉ်အနှစ်သာရကို ရှာဖွေပြီး ဒီ ဝိညာဉ်စုဆောင်းမီးအိမ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဝိညာဉ်မျိုးစေ့ ဖြစ်လာတာပဲ”

ထိုစကားများကို ကြားရသောအခါ လော့ချန် အလွန်တုန်လှုပ်သွားသည်။ မီရှုဟွာက သူ့အပေါ်တွင် ဝိညာဉ်စွမ်းအင်တစ်ခုတည်း ချန်ထားခဲ့သည်ဟု သူ ထင်ခဲ့မိသည်။ သူသည် ထိုအရာကို ဖယ်ရှားနိုင်လျှင် လွတ်မြောက်ပြီဟု တွေးခဲ့သော်လည်း ထိုမြေခွေးအိုကြီးက သူ့အပေါ်တွင် နည်းလမ်းတစ်ခုထက်မက သုံးထားခဲ့သည်။ မိမိ၏ ဝိညာဉ်အာရုံကို ဖြတ်တောက်ပြီး ချန်ထားရဲသည်အထိ ရက်စက်လှပေသည်။

အကယ်၍ သူသာ ထိုစဉ်က ထွက်ပြေးခဲ့လျှင်လည်း မီရှုဟွာ သူ့ကို ချက်ချင်း ခြေရာခံနိုင်ပေလိမ့်မည်။ ထိုအခါ သူ၏ ဘဝမှာ ဆေးဖော်ခန်းလေးထဲတွင် တစ်သက်လုံး ပိတ်မိ၍ ဆေးလုံးဖော်စပ်ရမည့် ဘဝဖြင့်သာ အဆုံးသတ်သွားပေလိမ့်မည်။

“ငါ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေကို လျှော့တွက်နေမိတုန်းပဲ”

လော့ချန် စိတ်မသက်မသာ ဖြစ်သွားလေသည်။

‘အခြေခံတည်ဆောက်ခြင်းအဆင့်ဆိုတာ ကျင့်ကြံခြင်းရဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်တာပဲ၊ တစ်ခါ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သွားပြီဆိုရင် ဘက်ပေါင်းစုံကနေ အကြီးအကျယ် ပြောင်းလဲသွားတာ၊ တိုက်ခိုက်ရေးစွမ်းရည်လောက်တင် မဟုတ်ဘူး၊ နောင်မှာ ပိုပြီး သတိထားရမယ်”

တွေးရင်းဖြင့် လော့ချန် အသက် ပြင်းပြင်းရှူလိုက်သည်။ ဤသည်မှာ သူ့အား ပို၍ သန်မာစေမည့် သင်ခန်းစာတစ်ခုသာ ဖြစ်ပေသည်။

လော့ချန် မြောင်ဝမ်ကို ကြည့်လိုက်ရာ သူ၏ မျက်နှာထားမှာလည်း မကောင်းလှပေ။ မြောင်ဝမ်၏ ယနေ့ အပြုအမူနှင့် လေသံကို ကြည့်ခြင်းအားဖြင့် မြောင်ဝမ်လည်း အခြေအနေ မကောင်းမှန်း သူ ရိပ်မိလိုက်ပေသည်။

အကြောင်းမှာ မီရှုဟွာ ချန်ထားသော လှည့်ကွက်မှာ လော့ချန်ထံ၌ ရှိနေသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် မြောင်ဝမ်မှာမူ လော့ချန်နှင့် အကြိမ်ကြိမ် ဆုံဖူးသော်လည်း ၎င်းကို သတိမပြုမိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လော့ထျန်းဟုန်မှာမူ လော့ချန်နှင့် တစ်ကြိမ်သာ ဆုံဖူးသော်လည်း တစ်ခုခု မှားနေသည်ကို ချက်ချင်း သိခဲ့သည်။ ထို့ကြောင့်ပင် ဖန်ရင်ရှုံ ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် လော့ထျန်းဟုန်က သတင်းပို့ခဲ့ခြင်း ဖြစ်သည်။ လော့ထျန်းဟုန် ဆုလာဘ်ရနိုင်သော်လည်း မြောင်ဝမ်မှာမူ သေချာပေါက် အဆူခံရပေလိမ့်မည်။

မိမိလည်း အခြေအနေမကောင်း၊ သူလည်း အခြေအနေမကောင်းဟု တွေးမိသောအခါ လော့ချန်၏ စိတ်ထဲတွင် အနည်းငယ်မျှ ကျေနပ်သွားသည်။ သို့သော် အပြင်ပန်းတွင်မူ သူ ရိုသေစွာဖြင့် ဆိုလိုက်သည်။

“ဒါဆို အခု ကျွန်တော်တို့က ဒီဝိညာဉ်မျိုးစေ့နဲ့ ဘာလုပ်မှာလဲ၊ မီရှုဟွာကို ရှာမှာလား၊ သူက သေသွားပြီ မဟုတ်ဘူးလား”

လော့ချန်၏ မေးခွန်းကို မြောင်ဝမ်က စိတ်ရှည်စွာဖြင့် ဖြေကြားပေးသည်။ သူ၏ လေသံမှာ မကောင်းလှသော်လည်း အနည်းဆုံးတော့ လော့ချန်၏ သံသယကို ဖြေရှင်းပေးခဲ့၏။ သို့သော် ထိုအဖြေက လော့ချန်အား အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။

"မီရှုဟွာက အဲဒီလောက် အလွယ်တကူ သေသွားမယ်လို့ မင်း တကယ် ထင်နေတာလား"

"အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ငါးယောက် ဝိုင်းတိုက်တာ ခံရတာပဲ ဆိုပြီး လျှော့မတွက်နဲ့၊ အဲဒီငါးယောက်လုံးက အစောပိုင်းအဆင့်တွေပဲ ရှိသေးတာ.... ဝမ်ဟိုင်ချောင်၊ နန်ကုန်းကျင်းနဲ့ လီရီရှန်းတို့ဆိုရင် မှော်ရတနာတောင် မရှိကြဘူး၊ မီရှုဟွာမှာ ကောင်းကင်လမင်းခရမ်းရွှေဘီး အပြင် ခံစစ်မှော်ရတနာဖြစ်တဲ့ စစ်တုရင်နယ်ရုပ် နဲ့ ဖိနှိပ်နိုင်တဲ့ မိစ္ဆာချုပ်နန်းဆောင်ဆိုတဲ့ မှော်ရတနာတွေလည်း ရှိသေးတယ်"

"သူသာ အသေခံ တိုက်ခဲ့ရင် အဲဒီထဲက အနည်းဆုံး ထက်ဝက်လောက် သေမှာပဲ၊ ကျန်တဲ့လူတွေလည်း အပြင်းအထန် ဒဏ်ရာရမှာပဲ၊ ဒါပေမဲ့ နောက်ဆုံးမှာ ဘာဖြစ်သွားလဲ.... တွမ်ချန်ခွန်းနဲ့ လီရီရှန်းတို့ ဒဏ်ရာအနည်းငယ် ရတာကလွဲရင် ကျန်တဲ့လူတွေ ဘာမှ မဖြစ်ကြဘူး၊ မီရှုဟွာက.... သူ့မျိုးနွယ်စု နယ်မြေထဲမှာတင် သေသွားခဲ့တယ်"

ထိုသို့ပြောရင်း မြောင်ဝမ် အသက်ပြင်းပြင်းရှူကာ ရက်စက်သော အပြုံးကို ပြုံးလိုက်သည်။

"အမှောင်ထဲမှာ ပုန်းနေတဲ့ ကြွက်က.... နောက်ဆုံးတော့ မောဟဇောကို မထိန်းနိုင်ခဲ့ဘူး၊ မကြာခင်မှာပဲ.... ငါတို့ သူ့ကို ဆွဲထုတ်နိုင်တော့မယ်”

လော့ချန်သည် မီရှုဟွာ၏ ပိုင်ဆိုင်မှုများကို ကြားရသောအခါ မှင်တက်သွားမိပေသည်။ ရတနာ သုံးခု။ ၎င်းမှာ ရွှေအမြုတေအဆင့်ရှိသူ အချို့ထက်ပင် ချမ်းသာနေခြင်း ဖြစ်ပေသည်။ မီရှုဟွာသည် ထိုရတနာအားလုံးကို တစ်ပြိုင်နက် မသုံးနိုင်လျှင်ပင် ထိုမျှအထိ စုဆောင်းထားနိုင်ခြင်းမှာ အံ့သြဖွယ်ပင် ဖြစ်သည်။

ဖန်ရင်ရှုံနှင့် မြောင်ဝမ်တို့ ပြောနေသော ‘ကြွက်’ ဆိုသူကို လော့ချန် သဘောပေါက်သွားသည်။ မိမိသည် ရွှေအမြုတေ အဆင့်ရှိသူများအကြားမှ ပဋိပက္ခတစ်ခုအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်လေသလော။

အချိန်တို့သည် မြစ်ရေကဲ့သို့ စီးဆင်းနေပြီး၊ နေမင်းသည်လည်း အဆုံးမရှိသော သံသရာအတိုင်း ထွက်ပေါ်လာလိုက်၊ ဝင်သွားလိုက် ရှိနေပေသည်။ နေဝင်ချိန် ရောက်သောအခါ မြစ်မကြီး၏ ရေပြင်ပေါ်တွင် ရွှေရောင်အလင်းတန်းများ ဖြာကျနေလေသည်။ ရှေ့မှပျံသန်းနေသော လော့ထျန်းဟုန် ရုတ်တရက် ရပ်တန့်လိုက်လေသည်။

သူ၏ မျက်နှာမှာ တည်ကြည်လေးနက်နေပြီး ဝိညာဉ်စုစည်းမီးအိမ်ကို ကိုင်ထားပေသည်။ သူသည် ထက်မြက်သော မျက်ဝန်းများဖြင့် မြစ်ရေအနက်ပိုင်းသို့ စိုက်ကြည့်လိုက်လေသည်။ ယခုအခါ သူတို့သုံးဦးမှာ တာဟဲ စျေးမြို့တော်နှင့် အလွန်ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။ မြစ်မကြီးမှာ ပင်လယ်အလား ကျယ်ပြောလှပေသည်။

ထိုစဉ် မြစ်လယ်ခေါင်မှနေ၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများ ထွက်ပေါ်လာပြီး ၎င်း၏ အရှိန်အဝါမှာ တိုင်းတာ၍ မရနိုင်လောက်အောင် ကြီးမားလှပေသည်။ ၎င်း၏ ရန်လိုမှုမှာ ထင်ရှားလှပြီး လော့ထျန်းဟုန်ကို တည့်တည့် ပစ်မှတ်ထားလိုက်တော့သည်။ ထိုအခြေအနေကို ရင်ဆိုင်ရင်း လော့ထျန်းဟုန်မှာမူ မတွန့်ဆုတ်ဘဲ အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်လေသည်။

“ပုန်းမနေစမ်းနဲ့.... ဓားထုတ်လိုက်စမ်း”

နောက်တစ်ခဏတွင် တာဟဲ စျေးမြို့တော်၏ အနက်ရှိုင်းဆုံးနေရာမှ ရွှေရောင်အလင်းတန်းတစ်ခုသည် ကြယ်တံခွန်အလား ထိုးထွက်လာတော့ပေသည်။ ထို့နောက်တွင်မူ ဓားချီများမှာ တားဆီး၍မရသော ဒီရေလှိုင်းကြီးအလား ပြင်းထန်စွာ လိမ့်တက်လာတော့ပေသည်။

All Chapters