← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉)

မိသားစုကလူတိုင်း မင်းကိုဝန်းရံပေးမယ်

မိသားစုခန်းမ...

မုန့်ချန်ချင်းရောက်သည့်အခါ ဂုဟုန်ယွီအဓိကထိုင်ခုံမှာထိုင်နေပြီး လက်ဖက်ရည်သောက်ကာ စာအုပ်ဖတ်နေခဲ့သည်။

"မင်းမလာသေးရင် ငါ မင်းအခန်းကိုလာပြီးစစ်ဆေးတော့မလို့...."

ဂုဟုန်ယွီ စာအုပ်ဘေးချကာ ပြောလိုက်သည်။

"အနားယူဖို့ ရှားရှားပါးပါးအချိန်ရတာလေ...."

မုန့်ချန်ချင်းလျှောက်လာပြီး သူမဘေးရှိထိုင်ခုံ၌ထိုင်လိုက်သည်။

ထို့နောက် ကိုယ့်ဘာသာလက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်၏။

"ဒါအမှန်ပဲ..."

ဂုဟုန်ယွီခေါင်းညိတ်လိုက်၏။ ထို့နောက် ကျောက်စိမ်းသေတ္တာတစ်ခုကို မုန့်ချန်ချင်းဆီ တွန်းပို့လိုက်သည်။

"အထဲမှာ အဆင့် ၂ ဝိညာဥ်ပေါင်းစပ်ဆေး ၁၀ လုံးရှိတယ်။ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အတွက်သင့်တော်တယ်...."

"ဒါတွေကိုအစက ကလန်အကြီးအကဲ ၂ ယောက်အတွက်ပြင်ဆင်ထားတာ...."

"ဒါပေမယ့်အခုတော့, မင်းဟာဖြစ်သွားပြီ...."

"ဝိညာဥ်ပေါင်းစပ်ဆေးလုံး...."

မုန့်ချန်ချင်း ကောက်ယူကြည့်လိုက်၏။

ကုန်သွယ်ရေးမိသားစု၏သားတစ်ယောက်အနေဖြင့် သူက သဘာဝအတိုင်း ဈေးကွက်ထဲရှိဆေးလုံးအချို့အကြောင်းသိ၏။

ဆေးတစ်လုံးက အဆင့်တစ်ခုထိရောက်သည့်အခါ ၎င်း၏တန်ဖိုးကအလွန်မြင့်မားလာပြီး အထူးသဖြင့် အဆင့် ၂ ဆေးလုံးတွေပင်။

အဆင့် ၂ ဆေးလုံးတွေထဲ၌ ဝိညာဥ်ပေါင်းစပ်ဆေးလုံးက ၎င်းတို့၏ထူးခြားသည့်အာနိသင်နှင့် အကြိမ်ကြိမ်သောက်သုံးနိုင်မှုကြောင့် အတော်လေးတန်ဖိုးကြီး၏။

သာမန်အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကျင့်ကြံသူတွေ ဤကဲ့သို့ဆေးလုံးမျိုး မတတ်နိုင်ပေ။

အများစုက အဆင့် ၁ ဆေးလုံးတွေသာသုံးကြရ၏။

ကလန်ကြီးတွေနှင့် ကုန်သွယ်ရေးမိသားစုတွေသာ ဤကဲ့သို့ဆေးလုံးမျိုးပိုင်ဆိုင်ဖို့ စွမ်းအားရှိ၏။

"ကလန်အကြီးအကဲတွေ မကန့်ကွက်ကြဘူးလား...."

မုန့်ချန်ချင်း ကျောက်စိမ်းသေတ္တာကိုမဖွင့်ပေ။

"ဒါကို သူတို့ကိုယ်တိုင်ပေးလိုက်တာ...."

ဂုဟုန်ယွီ အပြုံးတစ်ခုနှင့် ခေါင်းခါယမ်းလိုက်သည်။

"သူတို့ပြောတာက သူတို့ကအိုနေပြီ ပါရမီကလည်းသာမန်ပဲတဲ့။ ဒီဆေးလုံးတွေက သူတို့ကျင့်ကြံရေးကို တိုးတက်စေနိုင်ပေမယ့် သိသိသာသာတော့ဖြစ်စေမှာမဟုတ်ဘူး။ ဒါဟာ အရင်းမြစ်ကိုဖြုန်းတီးတာပဲတဲ့...."

"ဒါပေမယ့် မင်းက အခု မုန့်မိသားစုရဲ့အနာဂတ်ဖြစ်လာပြီးဆိုတော့ သဘာဝအတိုင်း အရင်းမြစ်အားလုံး မင်းဆီပဲသုံးသင့်တယ်..."

"ကောင်းပါပြီ..."

မုန့်ချန်ချင်းအများကြီးမပြောပေ။ သူက စိတ်ထဲမှာသာ မှတ်ထားလိုက်၏။

ဤဝိညာဥ်ပေါင်းစပ်ခြင်းဆေး ၁၀ လုံးက မိသားစုအုတ်မြစ်၏ ၇ပုံ၁ပုံဖြစ်သည်။

အဆုံးမှာတော့ ဝိညာဥ်ပေါင်းစပ်ခြင်းဆေးလုံးက အတော်အဖိုးတန်၏။

သူ၏လက်ရှိအမြစ်ရိုးအဆင့်နှင့် ဤဆေး ၁၀လုံးက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၇ ရောက်ဖို့ လုံလောက်သင့်၏။

အမြစ်ရိုးအဆင့်မြင့်လေလေ စုပ်ယူနှုန်းကမြန်လေလေဖြစ်ပြီး အလေအလွင့်အများကြီးရှိမည်မဟုတ်ပေ။

အတိတ်၌ ဆေးလုံး ၄၀ တောင် လုံလောက်မည်မဟုတ်ပေ။

အရှိန်ကနှေးလွန်းပြီး စုပ်ယူနှုန်းကလည်းနှေး၏။

"မင်းဂိုဏ်းကိုပြန်ဖို့ မလောသေးဘူးမလား။ ငါ တစ်ယောက်ယောက်လွတ်ပြီး အရင်းအမြစ်တွေဝယ်ခိုင်းလိုက်တယ်။ နောက်ရက်အနည်းငယ်ကျရင်ရလိမ့်မယ်..."

"အဆုံးမှာတော့ မင်းပြန်လာတာရုတ်တရက်ဆန်လွန်းတယ်လေ။ ပစ္စည်းတွေက မပြင်ဆင်ရသေးဘူး...."

ဂုဟုန်ယွီပြောလိုက်သည်။

"ကျွန်တော် ၅ ရက် ၆ ရက်လောက်ပဲနေနိုင်မှာ...."

မုန့်ချန်ချင်း ပြန်ပြောလိုက်သည်။

"အလျှင်လိုလှကြီလား..."

ဂုဟုန်ယွီ အံံ့အားသင့်သွား၏။

"ဟုတ်တယ်...."

ထိုအခါ မုန့်ချန်ချင်း သူမကို လျို့ဝှက်နယ်မြေအကြောင်းပြောပြလိုက်သည်။

"ငါသိပြီ...."

ဂုဟုန်ယွီနားလည်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒီအတိုင်းဆို, မင်းမြန်မြန်ပြန်သင့်တယ်။ လျို့ဝှက်နယ်မြေဆိုတာ ကောင်းချီးနယ်မြေတစ်ခုလိုပဲ။ အခွင့်အလမ်းတွေ၊ရတနာတွေနဲ့ပြည့်နေတာ...."

"အဲ့ကရတဲ့ဘယ်အရာမဆို မင်းခွန်အားကို မြှင့်တင်ပေးနိုင်တယ်...."

ဂုဟုန်ယွီတုံ့ပြန်မှုကို မြင်သည့်အခါ မုန့်ချန်ချင်း သူ၏အစောပိုင်းခန့်မှန်းချက်ကို ပိုသေချာသွားခဲ့သည်။

အခြားလူတွေအတွက် လျို့ဝှက်နယ်မြေအကြောင်းကြားလျှင် အကြီးအကျယ်စိတ်လှုပ်ရှားသွားမည်ဖြစ်သည်။

သို့ပေမယ့် ဒေါ်လေးကတော့ အတော်လေးတည်ငြိမ်ပြီး အေးဆေးဖြစ်နေခဲ့သည်။

လျို့ဝှက်နယ်မြေများစွာမြင်ဖူးသည့်လူမှသာ ဤကဲ့သို့ဖြစ်နိုင်၏။

"ကောင်းပြီလေ, ငါမြန်မြန်ပြင်ဆင်လိုက်မယ်။ ငါးရက်နေရင် အရာအားလုံးအဆင့်သင့်ဖြစ်စေရမယ်..."

ဂုဟုန်ယွီပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဒေါ်လေး...."

"၂ နှစ်လောက်အိမ်ကထွက်သွားတော့ ကိစ္စတွေက အတော်လေးသူစိမ်းဆန်လာတယ်...."

ဂုဟုန်ယွီမျက်လုံးလှန်လိုက်သည်။

"အမြဲကျေးဇူးတင်စကားပဲပြောနေတယ်။ ငါတို့ကမိသားစုတွေလေ ကျေးဇူးတင်ဖို့မလိုပါဘူး။ အခု မင်းက မုန့်မိသားစုရဲ့ကျောရိုးဖြစ်ပြီး အနာဂတ်မှာ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ရောက်နိုင်ချေများတယ်..."

"ဒါကြောင့် မိသားစုအရင်းအမြစ်အားလုံးက သဘာဝအတိုင်း မင်းအတွက်ပဲ...."

ထိုအရာကိုကြားသည့်အခါ မုန့်ချန်ချင်းမနေနိုင်ပဲ သူ့နဖူးကိုအသာအယာပွတ်သပ်လိုက်သည်။

ထိုအရာက တကယ်ကို ယုတ္တိရှိ၏။

သို့ပေမယ့် ၎င်းက သူ၏စရိုက်လည်းဖြစ်၏။

ကျေးဇူးရှိလျှင်ပြန်ဆပ်ပြီး ရန်ငြိုးရှိလျှင် တုံ့ပြန်ရမည်ဖြစ်သည်။

"ဒီကိစ္စကိုဒီမှာပဲထားလိုက်တော့။ မင်း ဒီ ၂ရက်အတွင်း ကောင်းကောင်းအနားယူပါ။ ငါမင်းအတွက် ကိစ္စအချို့ကို ဂရုစိုက်ပေးထားမယ်..."

ပြောပြီးနောက် ဂုဟုန်ယွီထရပ်ပြီး ထွက်ခွာသွားခဲ့သည်။

မုန့်ချန်ချင်းတစ်ယောက်သာ မိသားစုခန်းမ၌ ကျန်ခဲ့သည်။

"ဒါ မိသားစုနောက်ခံရှိရတဲ့အကျိုးကျေးဇူးတွေပဲ..."

"အနည်းဆုံးတော့ ကျင့်ကြံရေးအရင်းအမြစ်အတွက် ပူပန်စရာမလိုဘူး...."

လူတစ်ယောက်သာ လုံလောက်အောင်ထူးချွန်လျှင် အရာရာက သူ့ဆီ ရောက်လာမည်ဖြစ်သည်။

ထိုကြောင့် တစ်ကိုယ်တော်ကျင့်ကြံသူတွေထဲ၌ သန်မာသူတွေ ထွက်ပေါ်လာဖို့ အလွန်မတန်ခက်ခဲတာဖြစ်သည်။

မွေးရာပါပါရမီအပြင် အရင်းမြစ်တွေရှာဖို့ အချိန်များစွာသုံးနေရသောကြောင့်ပင်။

သို့ပေမယ့် သူလိုလူတစ်ယောက်က တစ်နေ့လုံး အခန်းထဲမှာ တိတ်တဆိတ်လေ့ကျင့်နေလို့ရပြီး လိုအပ်သည့်အရာအားလုံး ရနေမည်ဖြစ်သည်။

"ကျင့်ကြံမယ်..."

ကျောက်စိမ်းသေတ္တာကိုကောက်ယူပြီး မုန့်ချန်ချင်း မတ်တပ်ရပ်ကာ ခန်းမထဲမှ ထွက်ခွာသွားခဲ့သည်။

ရက်များစွာကျင့်ကြံရေးကိုရပ်တန့်နေရာ ခုချိန်က တိုးမြှင့်ဖို့ အချိန်ပင်။

နောက်တစ်လဆို ဂိုဏ်းလျို့ဝှက်နယ်မြေက ဖွင့်တော့မည်ဖြစ်သည်။

ထို့ကြောင့် သူ့ကျင့်ကြံရေးနယ်ပယ် နောက်ထပ်အနည်းငယ်တိုးမြှင့်နိုင်မလား ကြည့်ရမည်ဖြစ်သည်။

ထိုက်ရွမ်အသက်သွေးကြော ၇ခုထဲ၌ ပါရမီရှင်တွေစုဝေးနေပြီး ပြင်းထန်သည့်ပြိုင်ဆိုင်မှုတွေရှိမှာ အသေအချာပင်။

သူက သူ့ကိုယ်သူလျှော့မတွက်သလို အခြားသူတွေကိုလည်း လျှော့တွက်မည်မဟုတ်ပေ။

အထူးသဖြင့် အတွင်းစည်းရှိ ထိုစစ်မှန်သည့်ပါရမီရှင်တွေပင်။

သူသာ သူတို့နှင့်မိတ်ဆွေမဖွဲ့နိုင်လျှင် သူ့ဓားအပေါ်မှာပဲ မှီခိုရမည်ဖြစ်သည်။

သူ၏ဆွေကြီးမျိုးကြီးဂုဏ်ဒြပ်နှင့် ပြိုင်ဘက်ကင်းဆွဲဆောင်မှုကို အသုံးပြုလို့ရမည်မဟုတ်ပေ။

တိမ်ရေမြို့၌ မုန့်မိသားစုလှုံ့ဆော်မှုတွေကြောင့်....

သူတို့၏သခင်လေးမုန့်ချန်ချင်း အပ်စိုက်ဖွင့်ခြင်းနယ်ပယ်ကိုချိုးဖြတ်ကာ ထိုက်ရွမ်ဂိုဏ်းအတွင်းစည်းဖြစ်သွားပြီဆိုတာ လုံးဝပျံ့နှံ့သွားခဲ့ပြီး အခြားကုန်သည်အင်အားစုတွေကို တုန်လှုပ်သွားစေခဲ့သည်။

အဆုံးမှာတော့ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်က သိသာသည့်တစ်စုံတစ်ခုကို ညွှန်ပြနေ၏။

အထူးသဖြင့် ဤလောက်ငယ်ရွယ်သည့် လူတစ်ယောက်ပင်။

ခဏချင်းမှာပဲ မုန့်မိသားစု၏အဆင့်အတန်းက ကောင်းကင်ပေါ်ထိုးတက်သွားပြီး တိမ်ရေမြို့ကုန်သည်အင်အားစုတွေကို ဦးဆောင်လုနီးပါးဖြစ်သွားသည်။

ထို့ပြင် အဝေးရောက်နေသည့် မုန့်မိသားစုအဖွဲ့ဝင်တွေလည်း ခေါင်းမော့နိုင်ခဲ့၏။

အခန်း (၃၀)

သိုလှောင်လက်စွပ်နှင့်ချိပ်ပိတ်ထားသည့်သေတ္တာရရှိခြင်း၊ ဂိုဏ်း၏အကူအညီတောင်းခံမှု

အချိန်တွေအလျှင်အမြန်ကုန်ဆုံးသွားခဲ့သည်။

၅ ရက်ကြာပြီးနောက်....

တိမ်ရေမြို့အပြင်ဘက်....

ဂုဟုန်ယွီ မုန့်ချန်ချင်းကို မြက်ခင်းထူသည့် ဆင်ခြေလျှောတစ်ခုထိ လိုက်ပို့ခဲ့သည်။

တကယ်တော့ မုန့်မိသားစုမှအခြားလူတွေလည်း လိုက်လာချင်ကြ၏။

သို့ပေမယ့် ဂုဟုန်ယွီတားဆီးခဲ့သည်။

"ဒေါ်လေး ဒီအထိပဲလိုက်ပို့တော့....."

မုန့်ချန်ချင်း မြင်းဇက်ကြိုးကိုင်ထားပြီး အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

"ကောင်းပြီ...."

ဂုဟုန်ယွီခေါင်းညိတ်လိုက်သည်။

သူတို့အောက်မြက်ခင်းပြင်ဆင်ခြေလျှောက အတော်မြင့်ပြီး မြင်ကွင်းကောင်း၏။

အဝေးမှ တောင်တန်းတွေနှင့် စီးဆင်းနေသည့်မြင်ချောင်းကိုတောင် မြင်နိုင်တာဖြစ်သည်။

"ဒါက သိုလှောင်လက်စွပ်, မင်းအတွက်ပြင်ဆင်ထားတဲ့အရာအားလုံး အထဲမှာရှိတယ်...."

ဂုဟုန်ယွီ သူမလက်မှလက်စွပ်တစ်ကွင်းဖြုတ်ပြီး ပေးလိုက်သည်။

"သိုလှောင်လက်စွပ်...."

မုန့်ချန်ချင်းမျက်လုံးတွေ အရောင်လက်သွား၏။

ဤပစ္စည်းက အတော်လေးရှား၏။

အထဲ၌လေဟာနယ်အသေးစားတစ်ခုပါဝင်ပြီး ပစ္စည်းတွေသိုလှောင်လို့ရတာပဲဖြစ်သည်။

ယေဘူယျအားဖြင့် သိုလှောင်လက်စွပ်ကိုအသုံးပြုဖို့ စစ်မှန်ချီလိုအပ်ပြီး ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်မှသာ အသုံးပြုနိုင်သည်ဟု ဆိုလို၏။

သို့ပေမယ့် သူ ထိုအရာကိုအပြင်စည်းအကြီးအကဲစွန်ဟိုင်ရှန်းဆီမှာမြင်ကတည်းက သူ့အမြင်တွေပြောင်းလဲသွားခဲ့သည်။

အဆုံးမှာတော့ စွန်ဟိုင်ရှန်က အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်မှာသာရှိသေးပေမယ့် ထိုအရာကို အသုံးပြုနိုင်၏။

"ဒီသိုလှောင်လက်စွပ်က အတော်လေးထူးခြားတယ်။ အထဲမှာအရင်ပိုင်ရှင်ရဲ့စစ်မှန်ချီရှိနေတာ့ မင်းပင်လယ်ခွဲခြမ်းခြင်းအဆင့်မရောက်သေးရင်တောင် အသုံးပြုလို့ရတယ်...."

ဂုဟုန်ယွီ မုန့်ချန်ချင်း၏အံ့အားသင့်မှုကိုမြင်ပုံရပြီး ရှင်းပြလိုက်သည်။

"ကျွန်တော်သိပြီ...."

မုန့်ချန်ချင်း ရုတ်တရက် နားလည်သွားခဲ့သည်။

စွန်ဟိုင်ရှန်အသုံးပြုနိုင်တာ မအံ့သြတော့ပေ။

ဤသိုလှောင်လက်စွပ်နှင့် အနာဂတ်သွားလာရာ၌ ပိုပြီး သက်တောင့်သက်သာရှိတော့မည်ဖြစ်သည်။

အဖိုးတန်ရတနာပဲဖြစ်ဖြစ်၊ အမျိုးမျိုးသောပစ္စည်းတွေပဲဖြစ်ဖြစ် အာလုံးကိုအထဲ၌သိုလှောင်ထားနိုင်ပြီး အချိန်မရွေးနေရာမရွေး ထုတ်သုံးလို့ရတာပဲဖြစ်သည်။

သို့ပေမယ့် သူသိသလောက်ဆိုလျှင် မိသားစု၌ ဤကဲ့သို့ပစ္စည်းမရှိပေ။

၎င်းက ဒေါ်လေး၏ကိုယ်ပိုင်ပစ္စည်းဖြစ်နိုင်၏။

သူမက သူမပစ္စည်းကို တိုက်ရိုက်ပဲ သူ့အားပေးလိုက်သည်။

လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး မုန့်ချန်ချင်းနားလည်လိုက်သည်။

ကျင့်ကြံရေးလောကက လှည့်ဖျားမှုတွေနှင့်ပြည့်နှက်နေပြီး ဤကဲ့သို့စစ်မှန်သည့်ရိုးသားမှုမျိုးက အတော်ရှား၏။

"ဒါ့ပြင် မင်းကို နောက်ထပ်ပစ္စည်းကောင်းတစ်ခုလည်းပေးအုန်းမယ်...."

ဂုဟုန်ယွီ သူမနောက်မှ သေတ္တာတစ်ခုထုတ်ယူလိုက်သည်။

သေတ္တာပေါ်၌ ချိပ်ပိတ်အမှတ်အသားတစ်ခုရှိပြီး အတော်လေးအဖိုးတန်ပုံရ၏။

"ဒါက ဘာလဲ...."

မုန့်ချန်ချင်း သိချင်စွာဖြင့် မေးလိုက်သည်။

"ရတနာတစ်ခု, ဒါပေမယ့် အခုဖွင့်လို့မရဘူး။ မင်း ပင်လယ်ခွဲခြမ်းခြင်းအဆင့်ရောက်တဲ့အခါမှဖွင့်လို့ရမှာ...."

ဂုဟုန်ယွီပြောလိုက်သည်။

"ပြီးတော့ အထဲကအရာကို အခြားသူတွေနဲ့မမျှဝေနဲ့....."

သူမအသံက လေးနက်နေခဲ့သည်။

"လေးနက်လှကြီလား။ နားလည်ပါပြီ..."

မုန့်ချန်ချင်း အများကြီးမတွေးပေ။

ဒေါ်လေးဖြစ်သူက တစ်ခါတစ်ရံ ရွှတ်နှောက်နှောက်ပြောတတ်သော်လည်း သူမလေးနက်လာလျှင် ထိုအရာက အစစ်အမှန်ဖြစ်၏။

သူက သူ့လက်ချောင်းထိပ်ကိုဖောက်ပြီး သိုလှောင်လက်စွပ်ပေါ်သို့သွေးတစ်စက်ချလိုက်သည့်အခါ ချက်ချင်းပဲ ထူးဆန်းသည့်အချိတ်အဆက်တစ်ခုခံစားမိလာ၏။

၎င်းက သူ့အသိစိတ် သိုလှောင်လက်စွပ်နှင့် ချိတ်ဆက်သွားသလိုပင်။

အတွေးတစ်ခုနှင့် သူက သိုလှောင်လက်စွပ်ထဲရှိပစ္စည်းတွေကိုမြင်နိုင်ပြီး အလွယ်တကူ ထုတ်ယူလို့ရတာပဲဖြစ်သည်။

"ကျွန်တော်အခုသွားတော့မယ်, ဒေါ်လေး..."

မုန့်ချန်ချင်းပြောလိုက်သည်။

သူက ချိပ်ပိတ်ထားသည့်သေတ္တာကိုသိုလှောင်လက်စွပ်ထဲထည့်ပြီး ဂုဟုန်ယွီကိုကြည့်လိုက်သည်။

"မြန်မြန်သွားတော့, မင်းပြန်လာရင် ငါ့ဈာပနစီစဥ်နေရလောက်ပြီ..."

ဂုဟုန်ယီ လက်ပိုက်ထားပြီး အသံက အတော်လေးမကျေမနပ်ဖြစ်နေခဲ့သည်။

ထိုအရာကိုကြားသည့်အခါ မုန့်ချန်ချင်း ရယ်လိုက်၏။

ဒေါ်လေးဖြစ်သူ ထေ့ငေါ့နေတာ သူသိ၏။

သူထွက်သွားလျှင် ဘယ်ချိန်မှပြန်လာနိုင်မလဲ ဘယ်သူမှမသိပေ။

အဆုံးမှာတော့ ကျင့်ကြံခြင်းဟူသည် အချိန်အကတ်အသတ်မရှိပေ။

ထိုအရာကိုတွေးမိပြီး ရှေ့ခြေတစ်လှမ်းတိုးကာ ဂုဟုန်ယွီကို ဖက်လိုက်သည်။

ဂုဟုန်ယွီခန္ဓာကိုယ် အနည်းငယ်တောင့်တင်းသွားသော်လည်း အလျှင်အမြန်ပဲ ပုံမှန်ပြန်ဖြစ်သွား၏။

သူမလည်း မုန့်ချန်ချင်းကို ပြန်ဖက်ထားလိုက်သည်။

လေပြေလေညင်းတွေတိုက်ခတ်နေပြီး မြက်ပင်တွေ တဖျတ်ဖျတ်ယိမ်းထိုးနေကာ နွေးထွေးသည့်နေရာခြည်က ဖျာကျနေခဲ့သည်။

လူ ၂ ယောက်ပွေ့ဖက်နေသည့်မြင်ကွင်းက အတော်လေးလှပလှ၏။

"ဒေါ်လေးအတိတ်ကဘာလဲကျွန်တော်မသိပေမယ့် ဒေါ်လေးကျွန်တော့်ကိုပြောပြလာတဲ့အထိ ကျွန်တော်ကြီးပြင်လာမှာပါ...."

မုန့်ချန်ချင်း ညင်သာစွာပြောလိုက်သည်။

"ကမ္ဘာကြီးကအကျယ်ကြီးပါ၊ နဂါးဟိန်းသံကို အတူတူနားထောင်ကြတာပေါ့...."

မုန့်ချန်ချင်း ဂုဟုန်ယွီနားနားကပ်ကာ တီးတိုးပြောလိုက်သည်။

ထို့နောက် ပွေ့ဖက်ထားတာကိုလွတ်ပြီး မြင်းပေါ်တက်ကာ အဝေးသို့ဒုန်းစိုင်းထွက်ခွာသွားခဲ့သည်။

ဂုဟုန်ယွီတစ်ယောက်သာ နေရာမှာ ရပ်ပြီးကျန်ခဲ့၏။

ခဏကြာတော့ သူမအသိပြန်ဝင်လာပြီး အကူအညီမဲ့ပေမယ့်ကျေနပ်သည့်အပြုံးတစ်ခု သူမ၏အသက်ရှူမှားလောက်သည့်မျက်နှာပေါ်မှာ ပေါ်လာခဲ့သည်။

"ဒီကောင်လေးကတော့ ပိုပိုရဲတင်းလာပြီ...."

ဂုဟုန်ယီ အနည်းငယ်ခေါင်းခါယမ်းလိုက်ပေမယ့် သူမအကြည့်တွေက ထွက်ခွာသွားသည့်မုန့်ချန်ချင်းအပေါ်၌သာစွဲမြဲစွာရှိနေခဲ့သည်။

"အမ, ကျွန်မတို့ နဂါးဟိန်းသံအတူတူနားထောင်နိုင်မယ်လို့ နင်ထင်လား...."

လေပြေလေညင်းတစ်ခု သူမဆံပင်တွေကြား နောက်တစ်ကြိမ်တိုက်ခတ်သွားရာ သူမနှလုံးသားကဲ့သို့ နောက်ထပ်မတည်ငြိမ်နိုင်တော့ပေ။

......

ရက်ပေါင်းများစွာကြာပြီးနောက်....

ကျွယ်ဖုန်းတောင်တန်း....

၎င်းက မုန့်ချန်ချင်း ဂိုဏ်းပြန်ရာလမ်း၌ရှိနေခဲ့သည်။

တကယ်တော့ မုန့်ချန်ချင်း မိသားစု၌ နောက်ထပ် ၁၀ ရက်လောက်နေလို့ရသေး၏။

သို့ပေမယ့် သူက အချိန်အတင်းကြီးကပ်မသွားချင်ပေ။

မမျှော်လင့်ထားသည့်တစ်စုံတစ်ခုဖြစ်ပြီး နှောင့်နှေးသွားလျှင် ဆုံးရှုံးမှုုကြီးမားနိုင်၏။

ညအချိန်ရောက်လာသည့်အခါ....

မုန့်ချန်ချင်း ရှေးဟောင်းသစ်ပင်တစ်ပင်အောက်၌ ခြေချိတ်ထိုင်နေခဲ့သည်။

ရှေ့၌မီးပုံတစ်ခုရှိနေခဲ့ကာ သူ့မျက်နှာ၌အရိပ်တွေထင်ဟပ်နေခဲ့၏။

သူ၏ဝိညာဥ်မြင်းကလည်း မနီးမဝေး၌အိပ်စက်အနားယူနေခဲ့သည်။

နောက်တစ်ခဏ၌ မုန့်ချန်ချင်းမျက်လုံးတွေ ရုတ်ချည်းပွင့်လာပြီး ခန္ဓာကိုယ်တွင်းမှ အားကောင်းသည့်အော်ရာတစ်ခု လိမ့်တက်လာခဲ့သည်။

သူက မမျှော်လင့်စွာပဲ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၅ ကို ရောက်ရှိသွားခဲ့သည်။

"ငါ အဆင့်ချိုးဖျက်သွားပြီ...."

မုန့်ချန်ချင်း အသက်ရှူသွင်းလိုက်၏။

ဝိညာဥ်ပေါင်းစပ်ဆေးလုံး၏အာနိသင်က တကယ်ကိုအံမခန်းပင်။

ဆေး ၂ လုံးထဲနှင့် သူ့ကို နယ်ပယ်သေးတစ်ခု ချိုးဖျက်နိုင်စေခဲ့၏။

သို့ပေမယ့် သူ့တွက်ချက်မှုအရ ဝိညာဥ်ပေါင်းစပ်ဆေး ၁၀ လုံးက သူ့အား အဆင့် ၈တောင် ရောက်စေမည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် နယ်ပယ်မြင့်လာလေလေ ပိုများသည့်အရင်းမြစ်တွေကို လိုအပ်လာသောကြောင့်ဖြစ်သည်။

သို့ပေမယ့် ထိုအရာက ကိစ္စမရှိပေ။ သိုလှောင်လက်စွပ်ထဲ၌ ဝိညာဥ်ပေါင်းစပ်ဆေးလုံးတွေရှိနေဆဲဖြစ်ပြီး ဒေါ်လေးက အတော်လေးပြင်ဆင်ပေးလိုက်၏။

မုန့်ချန်ချင်းအမြင်၌ ဒေါ်လေးက သူ့အား မိသားစုကြွယ်ဝမှုတစ်ဝက်လောက်ကိုပေးလိုက်တာဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်ဖို့က လိုအပ်တာထက်တောင် ပိုနေသေး၏။

ဘုန်း!

မုန့်ချန်ချင်း ဆက်လက်ကျင့်ကြံတော့မည့်အချိန်မှာပဲ မီးကျည်တစ်ခု အဝေးရှိညကောင်းကင်ယံမှာလင်းလက်သွား၏။

ထို့နောက် "ထိုက်ရွမ်"ဆိုသည့် စကားလုံးအဖြစ်ဖွဲ့စည်းသွားခဲ့သည်။

"ဘာလဲဟ...."

မုန့်ချန်ချင်း ရုတ်တရက် ထရပ်လိုက်၏။

အရေးပေါ်အချက်ပြမီး...

ဤအရာက ဂိုဏ်းမှ အထူးပြုလုပ်ထားသည့် အရေးပေါ်အချက်ပြမီး ဖြစ်၏။

"ထိုက်ရွမ်ဂိုဏ်းတပည့်တစ်ယောက် အန္တရာယ်ကြုံနေတာလား...."

မုန့်ချန်ချင်း မျက်မှောင်ကြုတ်သွား၏။

၎င်းက အခြားနေရာမှာဆိုလျှင် သူနားလည်ပေးလို့ရ၏။

သို့ပေမယ့် ယခုက ကျွယ်ဖုန်းတောင်တန်းဖြစ်ရာ ဂိုဏ်းနယ်မြေနှင့်အတော်လေးနီးကပ်၏။

မည်သူက ထိုက်ရွမ်ဂိုဏ်းတပည့်ကို ဤကဲ့သို့နေရာ၌ တိုက်ခိုက်ရဲသနည်း။

သေချင်နေကြသည်လား။

ခေါင်းအနည်းငယ်ခါယမ်းလိုက်ပြီး မုန့်ချန်ချင်း အများကြီးမတွေးတော့ပေ။ သူက အိပ်နေသည့်ဝိညာဥ်မြင်းကိုနိုးကာ အချက်ပြမီးရှိရာနေရာသို့ အပြေးသွားလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် အရင်သွားကြည့်ရမည်ဖြစ်သည်။

သူ့လုပ်နိုင်စွမ်းအတွင်းရှိလျှင် သေချာပေါက် လက်တစ်ဖက်ငှားရမည်ဖြစ်သည်။

အဆုံးမှာတော့ သူတို့က တစ်ဂိုဏ်းတည်းသာတွေဖြစ်၏။

သို့ပေမယ့် သူ့လုပ်နိုင်စွမ်းကိုကျော်နေလျှင်တော့ နောက်ဆုတ်ဖို့ပဲရွေးချယ်ရမည်ဖြစ်သည်။

All Chapters