အခန်း (၃၂၁-၃၂၂)
Vol. 33 Ch. 321-322
အခန်း (၃၂၁) - တောင်ဂိုဏ်းပြောင်းရွှေ့ခြင်းနှင့် ရှေးဟောင်းကျောက်တိုင်နေရာလွတ် ကြီးမားကျယ်ပြန့်လာခြင်း(၁)
လေးနက်တည်ကြည်နေသော လေထုကြီးမှာ ဝူယွမ်ကို ‘မေမေ’ ဟု ခေါ်လိုက်သည့် ငှက်ကလေး၏အသံကြောင့် လုံးဝ ပျက်စီးသွားခဲ့ရသည်။
ဘာကြီးလဲဟ...
ကျီးကန်းတစ်ကောင် ဖြစ်နေတာကိုတော့ ထားအုံး၊
ဝူယွမ်ကို ‘မေမေ’ ခေါ်လိုက်ခြင်းက အလွန်တရာ ထူးဆန်းနေလေသည်။
တကယ်ဆို ‘ဖေဖေ’ ဟု ခေါ်ရမည် မဟုတ်လော။
လင်းချင်းကျူ၏ မျက်နှာလေးမှာ မည်းမှောင်သွားခဲ့၏။ လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ဝူယွမ်သည် ယောက်ျားစစ်စစ် ဖြစ်ကြောင်း သူမကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ အတည်ပြုထားခဲ့၍သာ တော်တော့သည်။
ထိုသို့မဟုတ်ပါက ယခုလောက်ဆိုလျှင် သံသယဝင်နေလောက်ပြီဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အနောက်မှ ကပ်လျက်လိုက်ပါလာသော အဘိုးအိုဖန်ထျန်းက သတိလစ်နေသော ဝူယွမ်ကိုယ်စား ဝင်ရောက်ရှင်းပြပေးလိုက်သည်။
ဤသည်မှာ ဝူယွမ် ကိုယ်တိုင် မွေးမြူထားသော မိစ္ဆာသားရဲတစ်ကောင် ဖြစ်ကြောင်း ရှင်းပြလိုက်မှသာ လူတိုင်း အထင်အမြင်များ ရှင်းလင်းသွားတော့သည်။
လင်းတုန်၊ ရှောင်တျောင်းနှင့် ရှောင်ယန်တို့ သုံးဦးလုံး ထိုရွှေရောင်ဥကြီးထဲမှ ပေါက်ဖွားလာခြင်းဖြစ်ကြောင်း ချက်ချင်း နားလည်သဘောပေါက်သွားကြသည်။
“မင်း ဒီလောက်တောင် အစွမ်းထက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“ငါတို့ကို မှတ်မိသေးရဲ့လား”
သူတို့သုံးဦးက ဝူယွင်ကို ဝိုင်းအုံကာ စေ့စေ့စပ်စပ် အကဲခတ်လိုက်ကြသည်။
“ကျီ...”
ဝူယွင်လေးက သူတို့သုံးဦးကို မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်လိုက်ရင်း လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။
နှစ်ချက်ခန့် ကြည့်ပြီးနောက် သူတို့ကို လျစ်လျူရှုကာ အလင်းများ ဖြာထွက်နေသော ကိုယ်လုံးလေးဖြင့် ဝူယွမ်၏အခြေအနေကို ဆက်လက် စစ်ဆေးနေတော့သည်။
“စိတ်မပူပါနဲ့၊ သူ ဘာမှမဖြစ်ပါဘူး”
အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီး ကျောက်တိုင်ဝိညာဉ် အဘိုးအိုဟွမ် ထွက်ပေါ်လာသည်။ လိမ္မာရေးခြားရှိလှသော သားတော်မောင် ဝူယွင်လေးက အလွန်အမင်း စိတ်လှုပ်ရှားပြီး မီးတောက်များ မတော်တဆ မှုတ်ထုတ်မိကာ သူ၏ ‘မေမေ’ မခံနိုင်ဘဲ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ဝင်ရောက် နှစ်သိမ့်ပေးလိုက်ခြင်း ဖြစ်သည်။
“တောင်ဂိုဏ်းကို အရင်ပြန်ကြတာပေါ့”
ဟွမ်က လူတိုင်းကို လှည့်ပြောလိုက်သည်။ ထို့နောက် သူက လေဟာနယ်တံခါးပေါက်တစ်ခုကို ဖွင့်လှစ်လိုက်ပြီး လူတိုင်းကို သူ၏အတွင်းပိုင်းနေရာလွတ်ထဲသို့ ဝင်ရောက်စေလိုက်သည်။
ယင်းရွှမ်ဇီနှင့် အခြားသူများလည်း မဆိုင်းမတွဘဲ မဟာရှေးဟောင်းကျောက်တိုင်၏ နေရာလွတ်ထဲသို့ ဝင်ရောက်သွားကြသည်။
ထို့နောက် လေဟာနယ်ထဲတွင် တိုက်ရိုက်ပျောက်ကွယ်သွားကာ တောင်ဂိုဏ်းဆီသို့ ဦးတည်သွားတော့သည်။
ယင်းရွှမ်ဇီ၊ အကြီးအကဲချန်၊ ရှောင်တျောင်း၊ လင်းတုန်နှင့် ရှောင်ယန်တို့အားလုံး ပြင်းထန်စွာ ဒဏ်ရာရထားကြသည်။ အဘိုးအိုဟွမ်က စိမ်းလန်းစိုပြည်သော ကမ္ဘာသစ်ပင်ကို အသုံးပြု၍ သူတို့ကို ကုသပေးလိုက်သည်။
ဤသည်မှာ သူတို့အနေဖြင့် အစွမ်းကုန် တိုက်ခိုက်နိုင်စေရန် ဝူယွမ် ကြိုတင်စီစဉ်ထားခဲ့သော အရာပင်ဖြစ်သည်။
ယခုအခါ ကမ္ဘာသစ်ပင်သည် ကမ္ဘာခြားနတ်ဆိုးများထံမှ အာဟာရဓာတ်များကို အမြောက်အမြား ရရှိထားပြီးဖြစ်ရာ ၎င်း၏ အသက်စွမ်းအင်အနှစ်သာရများက အလွန်တရာ အစွမ်းထက်လှပြီး မည်သည့်ဒဏ်ရာကိုမဆို ကုသပေးနိုင်စွမ်း ရှိနေပြီဖြစ်သည်။
မသေသေးသရွေ့ အပြည့်အဝ ပြန်လည်ကောင်းမွန်လာနိုင်ပေသည်။
ကျောက်တိုင်နေရာလွတ်အတွင်းတွင် ဝူယွမ်သည် ကမ္ဘာသစ်ပင်၏ အလယ်ဗဟိုတွင် ရှိနေပြီး အသက်စွမ်းအင်များကို စုပ်ယူနေသည်။
[စနစ်အသိပေးချက်]။ ။ဆိုင်းအင်၀င်ရန်နေရာ အသစ်သတ်မှတ်ပြီးပါပြီ၊ နောက်ထပ် ဆိုင်းအင်၀င်ရမည့်နေရာ- ရှေးဟောင်းကမ္ဘာဦးစေတီ။
ဤအချိန်တွင် အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့သော စနစ်ထံမှ အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
ဆိုင်းအင် တာဝန်အသစ်တစ်ခု ပေါ်လာခြင်းပင်။
ဝူယွမ်၏အသိစိတ်များ ဖြည်းညင်းစွာ ကြည်လင်လာပြီးနောက် သူ၏ခန္ဓာကိုယ်ထဲမှ ထပ်တူညီသော ပုံရိပ်တစ်ခု လျှောက်ထွက်လာသည်။
ဤသည်မှာ သူ၏ ချီတစ်ခုမှ လောကမူလ နတ်ဘုရားသုံးပါးပွင့်ခြင်း ကိုယ်ပွားပင်ဖြစ်သည်။
ယခုအချိန်တွင် ခန္ဓာကိုယ်အသစ်က အထွတ်အထိပ် အခြေအနေတွင် ရှိနေလေသည်။
ထျန်းယွမ်ဇီကို ရင်ဆိုင်စဉ်က ဝူယွမ်အနေဖြင့် ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်ကို အသုံးပြုရန် အစပိုင်းက ရည်ရွယ်ထားခဲ့ခြင်း မရှိပေ။
သို့သော် ယင်းဟွမ်ဟွမ်၏ ကြားဖြတ်ပါဝင်လာမှုကြောင့် လေထုအခြေအနေက ပြင်းထန်လာကာ သူ၏စိတ်အခြေအနေသည် ပြတ်သားခိုင်မာသော နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
၎င်းသည် ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်ကို ထုတ်ဖော်ရန် အကောင်းဆုံး အခြေအနေဖြစ်နေသဖြင့် အဆုံးစွန်ထိ သွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ထိုသို့မဟုတ်ပါက သူ၏ မူလအစီအစဉ်အရ ကိုယ်ပွားကို အသုံးပြုကာ လမ်းခြောက်သွယ်ဝင်စားခြင်းလက်သီးနှင့် လေ၊ မိုးကြိုး ကပ်ဘေးတို့ကို ထုတ်ဖော်၍ ထျန်းယွမ်ဇီကို ဆုတ်ခွာသွားစေရန် ဖိအားပေးမည်သာ ဖြစ်သည်။
လမ်းခြောက်သွယ် ဝင်စားခြင်းလက်သီးကို ထုတ်ဖော်ခြင်းက ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်ကဲ့သို့ ပြင်းထန်သော ဒဏ်ရာများကို ရရှိစေမည်မဟုတ်ဘဲ ကျဲ့အက္ခရာလျှို့ဝှက်ချက်ကို အသုံးပြု၍ အဆက်မပြတ် ပြန်လည်ကောင်းမွန်စေကာ ထပ်ခါတလဲလဲ အသုံးပြုနိုင်မည်ဖြစ်သည်။
ထိုနည်းလမ်းဖြင့် ထျန်းယွမ်ဇီကို ပြင်းထန်စွာ ဒဏ်ရာမပေးနိုင်လျှင်တောင် နောက်ဆုတ်သွားအောင်တော့ လုပ်နိုင်ပေလိမ့်မည်။ အခြေအနေတစ်ခုလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ဆိုနိုင်ပေသည်။
သို့သော် ဤနည်းလမ်းနှစ်ခု၏ စွမ်းအားက ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်လောက် မသန်မာသည်မှာတော့ အသေအချာပင်။
ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်ကို ယုံကြည်မှုရှိရှိ ထုတ်သုံးနိုင်ခြင်းက သဘာဝကျကျပင် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။
နောက်ဆုံးတွင် ကောင်းကင်အန်တုခြင်း နတ်ဆိုးဓားချက် ခုနစ်ချက်က သူ့ကို စိတ်မပျက်စေခဲ့ဘဲ ထျန်းယွမ်ဇီ၏ ရုပ်ခန္ဓာကို အောင်မြင်စွာ ဖျက်ဆီးပစ်နိုင်ခဲ့ကာ ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
ဝူယွင်နှင့် အဘိုးအိုဖန်ထျန်းတို့၏ ပူးပေါင်းမှုကလည်း အံ့မခန်း ရလဒ်များကို ဖြစ်ပေါ်စေခဲ့ပြီး တိယွမ်ဇီကိုပါ မူလစိတ်ဝိညာဉ်သန္ဓေသားကို ကာကွယ်ရန် ရုပ်ခန္ဓာကို စွန့်လွှတ်သွားစေခဲ့သည်။
ဤတစ်ကြိမ် ရရှိလိုက်သော အကျိုးအမြတ်များက ဝူယွမ်မျှော်မှန်းထားသည်ထက် ပိုမိုကြီးမားနေခဲ့သည်။ ထိုသို့မဟုတ်ပါက အဆိုးရွားဆုံး အခြေအနေတွင် လေဟာနယ် ဖြတ်သန်းခြင်းနည်းလမ်းကို အသုံးပြု၍ သူကိုယ်တိုင် ထွက်ပြေးရမည်သာ။
ဝူယွမ်သည် ပြင်းထန်စွာ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ပြန်လည်ကောင်းမွန်စေရန် ထားရစ်ခဲ့ပြီး ကိုယ်ပွားခန္ဓာကိုယ်ဖြင့် အပြင်ထွက်ကာ ကိစ္စရပ်များကို အရင်ဖြေရှင်းရန် ပြင်ဆင်လိုက်သည်။
ယခုအခါ ယွမ်ဂိုဏ်း ဂိုဏ်းချုပ် သုံးဦးလုံး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီဖြစ်သော်လည်း ပြိုင်ဘက်များ မသေသေးသရွေ့ အကျပ်အတည်းက ပြီးဆုံးသွားပြီဟု မဆိုနိုင်သေးချေ။
ပြိုင်ဘက်များသည် သူတို့၏ အစွမ်းထက်ဆုံးသော လက်နက်ဖြစ်သည့် ကမ္ဘာခြားနတ်ဆိုးများကို ဖုံးကွယ်ထားကြသည်။
အကယ်၍ ယွမ်ဂိုဏ်း ဂိုဏ်းချုပ် သုံးဦးသာ ပြန်လည်ကောင်းမွန်လာရန် အခွင့်အရေး ရရှိသွားပြီး ကမ္ဘာခြားနတ်ဆိုး တပ်မတော်ကြီးကို ဦးဆောင်ကာ တောင်ဂိုဏ်းကို တိုက်ရိုက် လာရောက်တိုက်ခိုက်မည်ဆိုပါက…..
ဤသည်က မဖြစ်နိုင်စရာ အကြောင်းမရှိပေ။
အထူးသဖြင့် ဤတစ်ကြိမ်တွင် အကြီးအကျယ် ရှုံးနိမ့်သွားခဲ့သည့်အတွက် ဝူယွမ်ကို ဖျက်ဆီးလိုသော သူတို့၏ဆန္ဒက အလွန်အမင်း ပြင်းထန်နေမည်မှာ သေချာလှသည်။
ထို့ကြောင့် ဝူယွမ်သည် သူ၏ယခင်အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်ထားပြီး ယွမ်ဂိုဏ်းကို အခွင့်အရေး မပေးတော့ဘဲ တောင်ဂိုဏ်းကို အရင်ဆုံး ပြောင်းရွှေ့ရန် စီစဉ်လိုက်သည်။
ဝူယွမ်၏ မျက်ဝန်းများထဲတွင် ရှေ့ရေးအတွက် ကြိုတင်မျှော်တွေးထားသော အကွက်ချစီမံမှုများက အထင်းသား ပေါ်လွင်နေသည်။
တောင်ဂိုဏ်းကို ပြောင်းရွှေ့ခြင်းသည် ယွမ်ဂိုဏ်း၏ ခြိမ်းခြောက်မှုကြောင့် အတင်းအကျပ် ပြုလုပ်ရသော ရွေးချယ်စရာမဲ့ လုပ်ရပ်တစ်ခု သက်သက်တော့ မဟုတ်ပေ။ ဤအထဲတွင် ဝူယွမ်၏ ကိုယ်ပိုင်ရည်မှန်းချက်များလည်း ပါဝင်နေသည်။
မဟာရှေးဟောင်းကျောက်တိုင်နှင့် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ငယ်တို့ ပေါင်းစပ်သွားမှုမှ ဖြစ်ပေါ်လာသော နေရာလွတ်ကြီးသည် ကမ္ဘာသစ်ပင်၏ အဆက်မပြတ် ကြီးထွားလာမှုနှင့်အတူ အလွန်ကျယ်ပြောလွန်းသော အတိုင်းအတာတစ်ခုအထိ ကျယ်ပြန့်လာခဲ့ပြီဖြစ်ပြီး ၎င်းအတွင်းရှိ ဝိညာဉ်စွမ်းအင်များကလည်း မယုံနိုင်လောက်အောင် ကြွယ်ဝနေပြီဖြစ်သည်။
ကျင့်ကြံခြင်းအတွက် ဤမျှကောင်းမွန်လှသော မဟာမြင့်မြတ်မြေကို အဘယ်ကြောင့် အသုံးမချဘဲ နေရမည်နည်း။
မဟာပြောင်းရွှေ့မှုကြီး စတင်ရန် အချိန်တန်ချေပြီ။
တောင်ထွတ်ပေါ်တွင် ဟွမ်၊ အဘိုးအိုဖန်ထျန်းနှင့် ချီရှင်းတို့သည် ယင်းရွှမ်းဇီ၊ အကြီးအကဲချန် အစရှိသော တောင်ဂိုဏ်း၏ ထိတ်ပိုင်းခေါင်းဆောင်များနှင့် ဂိုဏ်းပြောင်းရွှေ့ရေး ကိစ္စကို ဆွေးနွေးနေကြသည်။
တောင်ဂိုဏ်းကို တောင်နယ်မြေတွင် စတင် တည်ထောင်ခဲ့ခြင်းမှာ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် တည်ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။
ယခုအခါ ထိုကျောက်တိုင်ငယ်အတွင်းသို့ ပြောင်းရွှေ့ရမည်ဖြစ်ရာ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ အတားအဆီးများ ရှိမနေတော့ချေ။
ထို့အပြင် နေမင်းကြီးတစ်ခုပမာ တောက်ပနေသော ရွှေကျီးကန်းလေးနှင့် နေရာလွတ်ကြီးကို ထောက်မထားသော ကမ္ဘာသစ်ပင်ကြီးကို မြင်တွေ့ပြီးနောက် ဤကမ္ဘာသစ်အပေါ် သူတို့၏ မျှော်လင့်ချက်များက ပိုမို ကြီးမားလာခဲ့ကြသည်။
“အဟမ်း... လူစုံနေပြီပဲ”
ဝူယွမ်က ကျောက်တိုင်နေရာလွတ်ထဲမှ ထွက်လာပြီး လူတိုင်းကို နှုတ်ဆက်လိုက်သည်။
“မင်း… မင်း ဒဏ်ရာတွေပျောက်သွားပြီလား”
ယင်းရွှမ်ဇီနှင့် အခြားသူများက မတ်တတ်ရပ်လိုက်ကြပြီး ဝူယွမ်ကို အံ့သြစွာဖြင့် ကြည့်လိုက်ကြသည်။
အချိန်တိုလေးအတွင်းမှာတင် ဝူယွမ်၏ဒဏ်ရာများ ပျောက်ကွယ်သွားပြီလော။
သူတို့ပင်လျှင် ကမ္ဘာသစ်ပင်၏ အကူအညီဖြင့် ဒဏ်ရာများကို ယခုလေးတင် တည်ငြိမ်အောင် ထိန်းထားနိုင်ရုံသာ ရှိသေးသည်။ သို့သော် ဝူယွမ်ကမူ သူ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
“ကိစ္စသေးသေးလေးပါ၊ ကျွန်တော် ဘာမှမဖြစ်ပါဘူး၊ ထျန်းယွမ်ဇီ ထပ်လာရင်တောင် သူ့ကို နောက်တစ်ကြိမ် ထပ်တိုက်နိုင်သေးတယ်”
ဝူယွမ်က ပြုံးကာပြောလိုက်ပြီး လူတိုင်းကို ထိုင်ရန် လက်ဟန်ပြလိုက်သည်။
“ဂိုဏ်းချုပ်... ကျွန်တော် အခု ဂိုဏ်းချုပ်ကို ဘာမှ ဖုံးကွယ်မထားတော့ပါဘူး၊ ကျွန်တော် ရတနာတွေ အများကြီး ရရှိခဲ့တယ်”
“မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ငယ်ရဲ့ နေရာလွတ်တစ်ခုလုံးနဲ့ အခု ခင်ဗျားတို့ မြင်တွေ့နေရတာတွေ အားလုံးက ကျွန်တော့်ရဲ့ အခြေခံအုတ်မြစ်တွေပဲ၊ ဒါတွေအားလုံးက ကျွန်တော့်ရဲ့ မဟာရှေးဟောင်းဂိုဏ်း အစိတ်အပိုင်းတွေပါ”
“တောင်ဂိုဏ်းက မဟာတောရိုင်းကျောက်တိုင်ငယ်ကနေ ဆင်းသက်လာတာဖြစ်ပြီး မဟာရှေးဟောင်းဂိုဏ်းကတော့ မဟာရှေးဟောင်းကျောက်တိုင်ကနေ ဆင်းသက်လာတာပါ၊ အမှန်တော့ နှစ်ခုစလုံးက မျိုးဆက်တစ်ခုတည်းက ဆင်းသက်လာတာပါပဲ"
“ဂိုဏ်းနှစ်ခုကို ပေါင်းစည်းစေချင်တယ်၊ ဂိုဏ်းချုပ်နေရာအတွက်ကတော့ သဘာဝကျကျပဲ ဂိုဏ်းချုပ်ကပဲ အခြေအနေအရပ်ရပ်ကို ဆက်လက် ဦးဆောင်ပေးပါ၊ ကျွန်တော့်ရဲ့ အဓိကအာရုံစိုက်မှုက ကျင့်ကြံခြင်းဘက်မှာပဲ ရှိနေဖို့ လိုအပ်လို့”
“စီနီယာဟွမ်က ကောင်းကင်နဲ့ မြေကြီး မဟာစစ်ပွဲကြီးအကြောင်းကို ဂိုဏ်းချုပ်တို့ကို ပြောပြပြီးပြီလို့ ယုံကြည်ပါတယ်၊ ကမ္ဘာခြားနတ်ဆိုးတွေက အမြစ်ပြတ် မပျက်စီးသွားသေးဘဲ မကြာခင် ပြန်လည်ရောက်ရှိလာကြတော့မယ်”
“ကျွန်တော်တို့ရဲ့ အမြင်က ရေရှည်အတွက် ဖြစ်သင့်တယ်၊ အကယ်၍ လောကကြီးတစ်ခုလုံးသာ ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ကျူးကျော်မှုကို ခံလိုက်ရရင် ဘယ်သူမှ အထိအခိုက်မရှိ ကျန်ရစ်နိုင်မှာ မဟုတ်ဘူး"
“ကျွန်တော်တို့ ကျောက်တိုင်အပြင်ဘက်မှာ နေတာနဲ့ အတွင်းဘက်မှာ နေတာ ဘာမှ သိပ်ကွာခြားသွားမှာ မဟုတ်ဘူး”
“ဒါကြောင့် နောက်တစ်ဆင့်အနေနဲ့ နောင်အနာဂတ်မှာ မလွဲမသွေကြုံတွေ့လာရမယ့် မဟာဘေးအန္တရာယ်ကြီးကို ရင်ဆိုင်နိုင်ဖို့ ဂိုဏ်းတစ်ခုလုံးရဲ့ စွမ်းအားကို မြှင့်တင်ရပါမယ်”
“ယွမ်ဂိုဏ်းက လောလောဆယ် ကျွန်တော်တို့အတွက် အကြီးမားဆုံး အတားအဆီးပဲ၊ သူတို့က ကမ္ဘာခြားနတ်ဆိုးတွေနဲ့ ပူးပေါင်းကြံစည်နေတယ်ဆိုတာကို ကျွန်တော် အတည်ပြုပြီးပြီ”
“ပြီးတော့ သူတို့က အပြင်ပန်းက မြင်ရသလောက် ရိုးရှင်းနေတာမျိုး လုံးဝမဟုတ်ဘူး၊ ကမ္ဘာခြားနတ်ဆိုးတွေရဲ့ နည်းလမ်းတွေကို လက်ရှိ ကျွန်တော်တို့ တောင်ဂိုဏ်းက ရင်ဆိုင်နိုင်စွမ်း မရှိသေးဘူး”
“ဒါကလည်း ယွမ်ဂိုဏ်းရဲ့ လက်စားချေမှုကို ရှောင်ရှားဖို့အတွက် တောင်ဂိုဏ်းကို ကျောက်တိုင်နေရာလွတ်ထဲ အမြန်ဆုံး ပြောင်းရွှေ့ချင်ရတဲ့ အကြောင်းရင်းပါပဲ”
“ယွမ်ဂိုဏ်းက လောလောဆယ်မှာ ကမ္ဘာခြားနတ်ဆိုးတွေကို ထုတ်ဖော်ပြသရဲမှာ မဟုတ်ပေမဲ့ သူတို့က စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး ကျွန်တော်တို့တောင်ဂိုဏ်းကို မတိုက်ခိုက်ဘူးလို့ ဘယ်သူမှအာမမခံနိုင်ဘူး”
အခန်း (၃၂၂) - တောင်ဂိုဏ်းပြောင်းရွှေ့ခြင်းနှင့် ရှေးဟောင်းကျောက်တိုင်နေရာလွတ် ကြီးမားကျယ်ပြန့်လာခြင်း(၂)
“ပြီးတော့ ကျောက်တိုင်နေရာလွတ်ရဲ့ ပတ်ဝန်းကျင်ကိုလည်း ဂိုဏ်းချုပ်တို့ မြင်တွေ့ပြီးပြီပဲ၊ ဒီအထဲက ကောင်းကင်နဲ့ မြေကြီး ယွမ်စွမ်းအင်တွေက အပြင်ဘက်ထက် အဆရာပေါင်းများစွာ ပိုပြီး ကြွယ်ဝတယ်၊ ဒီထဲကို ဝင်လာတာက အကျိုးကျေးဇူးတွေပဲ ရနိုင်တယ်”
“ပိုပြီး အရေးကြီးတာက ဒီတစ်ခေါက် ကမ္ဘာခြားနတ်ဆိုးနယ်မြေကို သွားတဲ့ခရီးစဉ်မှာ စီနီယာဟွမ်၊ စီနီယာဖန်ထျန်းနဲ့ ကျွန်တော်တို့က ကမ္ဘာခြားနတ်ဆိုးနယ်မြေတစ်ခုလုံးမှာရှိတဲ့ ရှေးဟောင်းရတနာတွေအားလုံးကို ရှာဖွေနိုင်ခဲ့ပြီး ရှေးဟောင်းအမွေအနှစ်တွေ အမြောက်အမြား ရရှိခဲ့တယ်”
“ရေတွက်လို့မရနိုင်တဲ့ ဝိညာဉ်သိုင်းပညာရပ်တွေ၊ ကောင်းကင်သိုင်းပညာရပ် ရှစ်ခု၊ အဲဒီအပြင် သိုင်းဧကရာဇ်ကျမ်းနဲ့ အဆောင်သခင် မသေမျိုးကျမ်းလိုမျိုး ထိပ်တန်း ကောင်းကင်သိုင်းပညာရပ်တွေတောင် ပါသေးတယ်”
“ဝိညာဉ်ရတနာလက်နက်တွေလည်း အမြောက်အမြား ပါသလို ထူးဆန်းတဲ့ သိုင်းပညာရပ်တွေနဲ့ အတတ်ပညာတွေလည်း အများကြီးပဲ”
“ဒီအရာတွေအားလုံးကို ကျွန်တော်တို့မျိုးဆက်က လူတွေက ဆက်လက် လက်ဆင့်ကမ်းသယ်ဆောင်သွားဖို့ လိုအပ်တယ်”
“ကျွန်တော်တို့အားလုံး အတူတကွ လက်တွဲကြိုးပမ်းကြမယ်ဆိုရင် တောင်ဂိုဏ်းနဲ့ မဟာရှေးဟောင်းဂိုဏ်းက သေချာပေါက် အဆင့်မြင့်မားတဲ့ နေရာတစ်ခုကို ရောက်ရှိလာမှာဖြစ်ပြီး ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ကျူးကျော်မှုကို ခုခံကာကွယ်နိုင်မယ့် ထိပ်တန်းဂိုဏ်းကြီးတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်”
ဝူယွမ်၏ စိတ်အားထက်သန်လှသော စကားများကြောင့် လူတိုင်း၏ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ လှိုင်းထန်သွားခဲ့သည်။
ကမ္ဘာခြားနတ်ဆိုးများ၏ လျှို့ဝှက်ချက်ကို ဖယ်ထားလိုက်လျှင်ပင် ကမ္ဘာခြားနတ်ဆိုးနယ်မြေထဲမှ ဤမျှလောက်များပြားသော အစွမ်းထက် အမွေအနှစ်များကို ဝူယွမ် ရရှိလာလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။
တောက်ပနေသော ကောင်းကင်သိုင်းပညာရပ်၊ ကျမ်းစာလိပ်များ၏ အလင်းရောင်များက သူတို့၏ မျက်စိရှေ့တွင် မြင်ယောင်လာသည်။
ကောင်းကင်သိုင်းပညာရပ်များ။
တောင်ဂိုဏ်းတွင် ကောင်းကင်သိုင်းပညာရပ်ဟု သတ်မှတ်နိုင်သည့် ကြီးမြတ်သော လျှို့ဝှက်ကျမ်းစာ လေးခုသာ ရှိသည်ကို သတိပြုရမည်ဖြစ်သည်။
ထို့အပြင် မဟာရှေးဟောင်းကျမ်း တစ်ခုတည်းသာလျှင် ထိပ်တန်း ကောင်းကင်သိုင်းပညာရပ်များနှင့် နှိုင်းယှဉ်နိုင်စွမ်းရှိပြီး ကျန်ရှိသော ကျမ်းစာသုံးခုမှာ ကောင်းကင်သိုင်းပညာရပ်များ၏ အနိမ့်ဆုံးအဆင့်သို့သာ ကပ်လျက်ရောက်ရှိနေကာ ယွမ်ဂိုဏ်း၏ မဟာဧကရာဇ်ကျမ်း သုံးခုလောက် အစွမ်းမထက်ပေ။
ယခုမူ ဝူယွမ်က ကောင်းကင်သိုင်းပညာရပ် ရှစ်ခုတောင် ထုတ်ပြလိုက်ပြီဖြစ်သည်။ သိုင်းဧကရာဇ်ကျမ်းဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
သိုင်းဧကရာဇ်၏ အမည်နာမကို လူတိုင်း ကြားဖူးကြသည်။ သူ၏ အမွေအနှစ်တစ်ခုတည်းကပင် စူပါဂိုဏ်းကြီးတစ်ခုနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။
အဆောင်သခင် မသေမျိုးကျမ်းဆိုသည်မှာ အဆောင်သခင်များအတွက် ထိပ်တန်းအမွေအနှစ်တစ်ခုဖြစ်ပြီး အဆင့်တစ် အဆောင်သခင်မှသည် အဆုံးအထိ ပြီးပြည့်စုံသော ကျင့်ကြံခြင်းနည်းလမ်းများ ပါဝင်သည်။
အဆောင်သခင်တစ်ဦးသည် ဝင်စားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ပေါင်တန်းနိုင်စွမ်း ရှိပေသည်။
(ဘာသာပြန်သူအမှာစာ။ ။ဒီနားမှာ မူရင်းက အဆင့်ကို အတိအကျဖော်ပြခြင်းမရှိပဲ Symbol Master ဟုသာအသုံးပြုထားပါသည်။)
လက်ရှိ ဝူယွမ်ပင်လျှင် ထိုကျမ်းမှနေ၍ များစွာသော အကျိုးကျေးဇူးများကို ရရှိခဲ့ပြီး သူ၏ နောက်ပိုင်း ဝိညာဉ်စွမ်းအင်ကျင့်ကြံမှုအတွက် ကြီးမားသော အထောက်အကူ ဖြစ်စေလိမ့်မည်ဖြစ်သည်။
ကျောက်တိုင်နေရာလွတ်အတွင်း၌ သိုင်းပညာရပ်များ အမြောက်အမြားနှင့် ကျင့်ကြံခြင်းအရင်းအမြစ် အမြောက်အမြား ရှိနေပြီဖြစ်သည်။
ပါရမီရှင်များသာ လိုအပ်နေခြင်းဖြစ်သည်။
တောင်ဂိုဏ်းအနေဖြင့် ငြင်းပယ်ရန် မည်သည့်အကြောင်းပြချက်မျှ မရှိတော့ချေ။
ယင်းရွှမ်ဇီသည် အမြင်ကျဉ်းသူတစ်ဦးမဟုတ်ပေ။ ယခုအခါ သူ၏ အငယ်ဆုံးသမီးလေးကလည်း ဝူယွမ်အပေါ် လုံးလုံးလျားလျား ပုံအပ်ထားပြီးဖြစ်သည်။
ဝူယွမ်သည် အစောကြီးမဟုတ်လျှင်တောင် နောက်ပိုင်းတွင် သူ၏သားမက် ဖြစ်လာမည်ဖြစ်ရာ သားတစ်ဝက်ဟုပင် ဆို၍ရသည်။ တောင်ဂိုဏ်း၏ အခြေခံအုတ်မြစ်များကို နောက်ဆုံးတွင် မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်းပေးရမည်သာ ဖြစ်သည်။
ပါရမီရှင်များ ရွေးချယ်မှု၊ ပုဂ္ဂိုလ်ရေးဆက်ဆံရေးများ သို့မဟုတ် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုစသည့် မည်သည့်ဘက်မှ စဉ်းစားသည်ဖြစ်စေ ဝူယွမ်က အသင့်တော်ဆုံးသူပင် ဖြစ်သည်။
အရာအားလုံး အတည်ပြုဆုံးဖြတ်ပြီးနောက် ကျောက်တိုင်အတွင်းမှ ဝိညာဉ်သုံးခုဖြစ်သော ဟွမ်၊ ကျောက်တိုင်ငယ်ဝိညာဉ်နှင့် ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံတို့က တောင်ဂိုဏ်းကို ပြောင်းရွှေ့ရာတွင် ယင်းရွှမ်ဇီကို ကူညီရန် ထွက်ခွာသွားကြသည်။
တောင်ဂိုဏ်းကို ပြောင်းရွှေ့ခြင်းသည် အပြီးအပိုင် နေရာပြောင်းရွှေ့ခြင်း ဖြစ်သည်။ ဟွမ်သည် အစွမ်းထက်သော နည်းလမ်းများကို အသုံးပြု၍ တောင်ပိုင်းနယ်မြေ တစ်ခုလုံးကို ကျောက်တိုင်နေရာလွတ်အတွင်းသို့ သယ်ဆောင်သွားမည် ဖြစ်သည်။
ပထမဆုံးအနေဖြင့် ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံက စတင်လှုပ်ရှားလာသည်။ ၎င်းက အစီအရင်မြေပုံကြီးကို ဖြန့်ကျက်ကာ တောင်ပိုင်းနယ်မြေ တစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းလိုက်ပြီး လေဟာနယ် တစ်ခုလုံးကို ဖြတ်တောက်ကာ ချိတ်ပိတ်လိုက်သည်။
ကျယ်ပြောလှသော တောင်ပိုင်းနယ်မြေကြီးသည် မြေပြင်မှ ခွဲထွက်သွားကာ ရှေးဟောင်းစစ်မြေပြင်ကဲ့သို့ သီးခြားလေဟာနယ်တစ်ခု ဖြစ်သွားတော့သည်။
ထို့နောက် ကမ္ဘာသစ်ပင်ကြီးက သစ်ကိုင်းများ ဆန့်ထွက်လာကာ တောင်နယ်မြေ တစ်ခုလုံး၏ လေဟာနယ် အစွန်းများကို ရစ်ပတ်လိုက်သည်။
၎င်း၏ သစ်ကိုင်းကြီးများက လေဟာနယ်တစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားကာ အတားအဆီးတစ်ခုကို ဖန်တီးလိုက်ပြီး ကျောက်တိုင်နေရာလွတ်နှင့် ချိတ်ဆက်ကာ ပေါင်းစပ်မှုကို အဆုံးသတ်လိုက်သည်။
ဤသည်မှာ အလွန်တရာ ကြီးမားလှသော စီမံကိန်းကြီးတစ်ခုဖြစ်ပြီး ပြီးစီးရန် ဆယ်ရက်တိုင်တိုင် ကြာမြင့်ခဲ့သည်။
တောင်ပိုင်းနယ်မြေသည် မဟာယန်ပြည်ထောင်စုထက်ပင် ပို၍ ကျယ်ပြောလှသည်။ ၎င်း၏ ပေါင်းစပ်မှုက ကျောက်တိုင်နေရာလွတ် တစ်ခုလုံး၏ အရွယ်အစားကို တိုက်ရိုက် နှစ်ဆတိုးသွားစေခဲ့သည်။
သို့သော် ယခုအခါ ကမ္ဘာခြားနတ်ဆိုးစွမ်းအင် ဘက်ထရီအိုး အမြောက်အမြားကို ပိုင်ဆိုင်ထားပြီဖြစ်သော ကမ္ဘာသစ်ပင်အတွက်မူ ဤမျှလောက် နယ်မြေပမာဏက ၎င်း၏အကန့်အသတ်သို့ မရောက်ရှိသေးချေ။
ထို့ကြောင့် ပြောင်းရွှေ့ရေးလုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်ရဦးမည်ဖြစ်သည်။ ယွမ်ဂိုဏ်းက အပြစ်မဲ့သူများအား အရေးယူမည်ကို ရှောင်ရှားရန် တောင်ဂိုဏ်းနှင့် ဆက်နွယ်နေသူများ အားလုံးနှင့် တောင်ဂိုဏ်း တပည့်များ၏ မိသားစုများကိုပါ ကျောက်တိုင်နေရာလွတ်အတွင်းသို့ ပြောင်းရွှေ့ပေးရမည် ဖြစ်သည်။
တောင်ဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များအားလုံး အလျင်အမြန် လှုပ်ရှားလာကြသည်။ ယင်းရွှမ်းဇီက တစ်ဖက်တွင် ယွမ်ဂိုဏ်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် လူများကို စေလွှတ်ထားပြီး အခြားတစ်ဖက်တွင်မူ လူများကို အဆက်မပြတ် စုဆောင်းနေသည်။
ကံကောင်းထောက်မစွာဖြင့် တောင်ဂိုဏ်းသည် တစ်နှစ်ပတ်လုံး တရားမျှတမှုလမ်းစဉ်ကိုသာ အမြဲတမ်း လိုက်နာကျင့်သုံးခဲ့ပြီး နယ်မြေများကို အလွန်အကျွံ ချဲ့ထွင်ခဲ့ခြင်း မရှိချေ။
တပည့်အရေအတွက်မှာလည်း စူပါဂိုဏ်းကြီး ရှစ်ခုထဲတွင် အနည်းဆုံးဖြစ်ရာ ပြောင်းရွှေ့ရမည့်ဖိအားက များစွာ သက်သာလှပေသည်။
များပြားလှသော ပြည်ထောင်စုများအနက် ပြည်ထောင်စုနှစ်ဆယ့်သုံးခုကသာ တောင်ဂိုဏ်း၏ အမှတ်အသားဖြင့် ရှိနေသည်။
တောင်ဂိုဏ်းမှ အကြီးအကဲများက ဤလူများကို သတ်မှတ်ထားသော နေရာတစ်ခုသို့ စုစည်းရန် ကူညီပေးနေကြသည်။
ထို့နောက် ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ အစွမ်းထက်သော နည်းလမ်းများကို အသုံးပြု၍ လူများရော မြေနေရာများကိုပါ ကျောက်တိုင်နေရာလွတ်အတွင်းသို့ ပြောင်းရွှေ့လိုက်ကြသည်။
ဤမျှ ကြီးမားကျယ်ပြန့်လှသော စီမံကိန်းကြီးက သဘာဝကျကျပင် အခြားသော စူပါဂိုဏ်းကြီးများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော် သူတို့က လူစေလွှတ်၍ စုံစမ်းစစ်ဆေးချိန်တွင် တောင်ဂိုဏ်း၏ နယ်မြေများမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ပြိုကျပျက်စီးနေသော လေဟာနယ် အပိုင်းအစများ၊ အနက်ရောင် လေဟာနယ်အက်ကွဲကြောင်းကြီးများသာ ကျန်ရစ်ခဲ့တော့သည်။
ဖရိုဖရဲဖြစ်နေသော လေဟာနယ်ထဲတွင် မည်သည့်အရာကိုမျှ မတွေ့ရှိရချေ။
တောင်ဂိုဏ်းသည် ၎င်း၏လက်အောက်ခံ ပြည်ထောင်စုများစွာနှင့်အတူ မြေပြင်ပေါ်မှ လုံးဝ ပျောက်ကွယ်သွားသည့်အလား ထင်မှတ်ရပေသည်။
ဤအချိန်တွင် မဟာရှေးဟောင်းကျောက်တိုင်၏ အတွင်းပိုင်းမှာ နောက်ဆုံးတွင် ခိုင်မာလာခဲ့ပြီး ကမ္ဘာငယ်လေးတစ်ခုအဖြစ် ပုံပေါ်လာခဲ့ပြီဖြစ်သည်။
ဖာထေးပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ပြည်ထောင်စု နှစ်ဆယ်နီးပါးနှင့် ညီမျှသော ဧရိယာတစ်ခု ဖြစ်လာခဲ့သည်။
မဟာယန်ပြည်ထောင်စုကိုလည်း ၎င်းအတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။
ကမ္ဘာသစ်ပင်က အလယ်ဗဟိုတွင် ရှိနေပြီး ကောင်းကင်ကို ထောက်မထားသော တိုင်လုံးကြီးပမာ ကမ္ဘာကြီးတစ်ခုလုံးကို ထောက်ပံ့ပေးထားသည်။
တောင်ဂိုဏ်းနှင့် မဟာရှေးဟောင်းဂိုဏ်းတို့သည် ကမ္ဘာသစ်ပင်၏ ဘယ်နှင့်ညာတွင် အသီးသီး တည်ရှိနေကြသည်။ ရွှေကျီးကန်းလေးက ဤကမ္ဘာကြီးကို နေ့စဉ် လှည့်လည်ကာ အလင်းရောင်နှင့် နွေးထွေးမှုများကို ဖြန့်ဝေပေးနေသည်။
ပြည်ထောင်စု အသီးသီးကလည်း ယခင်အတိုင်း ဆက်လက်လည်ပတ်နေကြသည်။ အမှန်တကယ်တော့ အဆင့်မြင့် အရာရှိအချို့မှလွဲ၍ အောက်ခြေမှ သာမန် ပြည်သူလူထုကမူ သူတို့ ကမ္ဘာသစ်တစ်ခုသို့ ပြောင်းရွှေ့ရောက်ရှိလာမှန်းပင် မသိကြချေ။
လေဟာနယ်ကိုထိန်းချုပ်ကာ မြေနေရာတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သည့် ဤမျှ ကြီးကျယ်ခမ်းနားလှသော စွမ်းဆောင်ရည်မျိုးကို ကမ္ဘာသစ်ပင်ကသာ ပြုလုပ်နိုင်စွမ်း ရှိပေသည်။
လူဦးရေနှင့် နယ်မြေများကို ပြောင်းရွှေ့နေသည့် ဤကာလအတွင်း ဝူယွမ်သည် ဝူတောင်နှင့် အခြားသော တောင်ဂိုဏ်းမှ အကြီးအကဲများနှင့်အတူ ယွမ်ဂိုဏ်းအပေါ်သို့ အာရုံစိုက်ထားလိုက်သည်။
မည်သို့ပင်ဆိုစေ တောင်ဂိုဏ်းတစ်ခုလုံးကို မဟာရှေးဟောင်းကျောက်တိုင်ထဲသို့ ပြောင်းရွှေ့ပြီးသွားပါက ဝူယွမ်အနေဖြင့် မည်သည့် စိုးရိမ်ပူပန်မှု၊ တွန့်ဆုတ်မှုမျှ ရှိနေတော့မည် မဟုတ်ချေ။
မဟာရှေးဟောင်းကျောက်တိုင်ထဲတွင် ပြီးပြည့်စုံသော လေဟာနယ်ရူန်းများ ရှိနေပြီဖြစ်ရာ အချိန်မရွေး လေဟာနယ် ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။ ထျန်းယွမ်ဇီက အစွမ်းကုန် တိုက်ခိုက်လာလျှင်တောင် သူ ကြောက်ရွံ့နေမည် မဟုတ်ပေ။
ကမ္ဘာခြားနတ်ဆိုးဧကရာဇ် ကိုယ်တိုင် ထွက်မလာသရွေ့ သူတို့ ထွက်ပြေးလွတ်မြောက်မည့်လမ်းကို မည်သည့်အရာကမျှ တားဆီးနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ဝူယွမ်သည် ယွမ်ဂိုဏ်း၏ အပြင်ဘက်ပိုင်ဆိုင်မှုများကို လွတ်လပ်စွာ လုယက်သိမ်းပိုက်နိုင်ပေသည်။
ဝူယွမ်၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွား၍လားတော့ မသိ၊ မူလစိတ်ဝိညာဉ်သန္ဓေသားသာ ကျန်ရှိတော့သော ထျန်းယွမ်ဇီနှင့် တိယွမ်ဇီတို့သည် ယွမ်ဂိုဏ်း၏ တောင်တံခါးကို ပိတ်ဆို့ကာ အတွင်း၌သာ ပုန်းအောင်းနေကြသည်။
ဝူယွမ်နှင့် ဝူတောင်တို့က ယွမ်ဂိုဏ်း၏ အပြင်ဘက် ပိုင်ဆိုင်မှုများဖြစ်သော နိဗ္ဗာန်ဆေးလုံး သတ္တုကြောများ၊ လေလံရုံများ၊ အဆင့်မြင့်ပြည်ထောင်စုများ အစရှိသည်တို့ကို သွားရောက် လုယက်သိမ်းပိုက်ကြသည်။
ယွမ်ဂိုဏ်း၏ အပြင်ဘက်မှ ယူဆောင်၍ရနိုင်သမျှသော အရင်းအမြစ်အားလုံးကို လုယက်သိမ်းပိုက်ခဲ့ကြသည်။ ဤသည်မှာ အလွန်တရာ ကြွယ်ဝချမ်းသာလွန်းသော အရင်းအမြစ်များပင် ဖြစ်သည်။
အရှေ့ဘက်ရွှမ်ဒေသ၏ နံပါတ်တစ် ဂိုဏ်းကြီးဖြစ်သည့်အားလျော်စွာ ယွမ်ဂိုဏ်း စုဆောင်းထားသော ကြွယ်ဝချမ်းသာမှုများသည် တောင်ဂိုဏ်းပေါင်းများစွာကို ပေါင်းလိုက်လျှင်ပင် မှီနိုင်မည် မဟုတ်ချေ။
ထောင်ပေါင်းများစွာသော ပြည်ထောင်စုများအနက် သုံးပုံတစ်ပုံခန့်က ယွမ်ဂိုဏ်းနှင့် ပူးပေါင်းထားကြခြင်း ဖြစ်သည်။
ဤလုပ်ငန်းစဉ်များ ပြီးစီးသွားပြီးနောက် ဝူယွမ်နှင့် အခြားသူများက အရှေ့ဘက်ရွှမ်ဒေသမှ ထွက်ခွာခဲ့ကြသည်။
သူက ချင်းတန်ကို အမှောင်နန်းတော်သို့ ပြန်ပို့ပေးရန်အတွက် မြောက်ဘက်ရွှမ်ဒေသသို့ မဟာရှေးဟောင်းကျောက်တိုင်ကို အရင်ဆုံး ယူဆောင်သွားခဲ့သည်။
သူ၏ အဖိုးတန်တပည့်လေး ပျောက်ဆုံးသွားချိန်တွင် အမှောင်နန်းတော်၏ နန်းဆောင်သခင် ပိုရွှမ်ကိုယ်တိုင် ဝူယွမ်ထံသို့ လာရောက်ရှာဖွေခဲ့ပြီး ချင်းတန်ကို ပြန်လည်လိုက်ပါစေကာ အမှောင်နန်းတော်ကို ဆက်ခံစေလိုခဲ့သည်။
သူမသည် တိုက်ကြီးတစ်ခုလုံးအနှံ့ အပူတပြင်း ရှာဖွေခဲ့ရသော တပည့်ကောင်းတစ်ဦးပင် မဟုတ်ပါလား။
ဝူယွမ်က ချင်းတန်နှင့် နှစ်ယောက်တည်းရှိနေချိန်တွင် သူမ၏သဘောထားကို မေးမြန်းခဲ့သည်။
ချင်းတန်က ဝူယွမ် ထျန်းယွမ်ဇီကို ရင်ဆိုင်ရချိန်တွင် သူမ မည်မျှအားနည်းခဲ့ကြောင်း ပြန်လည်တွေးတောမိပြီး နောက်ဆုံးတွင် ကိုကိုဝူယွမ်၏ နွေးထွေးသောရင်ခွင်ထဲမှ ခေတ္တခဏ ထွက်ခွာကာ အမှောင်နန်းတော်သို့ ပြန်သွားပြီး ပိုမိုသန်မာလာစေရန် ဆက်လက်ကြိုးစားဖို့ ရွေးချယ်လိုက်သည်။
သူမသည် ကိုကိုဝူယွမ်၏ရင်ခွင်ထဲတွင် ဘာမှမလုပ်နိုင်ဘဲ ထိုင်နေရုံသာတတ်နိုင်သော အမည်မသိ မိန်းမတစ်ယောက် မဖြစ်ချင်ဘဲ ကိုကိုဝူယွမ်၏အနောက်မှနေ၍ ခိုင်မာစွာ ထောက်ပံ့ကူညီပေးနိုင်သော အမျိုးသမီးတစ်ဦးသာ ဖြစ်ချင်ခဲ့သည်။
သူမ၏ မျက်ဝန်းများထဲတွင် ကိုယ့်ဘုရင်ကို ကာကွယ်ပေးနိုင်သော အမှောင်ဧကရီတစ်ပါး ဖြစ်လာရန် ဆန္ဒများ တောက်လောင်နေတော့သည်။
ချင်းတန်သည် သေချာပေါက် စိတ်ဓာတ်ခိုင်မာသော မိန်းကလေးတစ်ဦးပင်။
အထူးသဖြင့် လင်းချင်းကျူနှင့် ယင်းဟွမ်ဟွမ်တို့ကဲ့သို့ ထူးချွန်ထက်မြက်သော အမျိုးသမီးများ၏ လှုံ့ဆော်မှုကြောင့် ပိုမိုသန်မာလာလိုသော သူမ၏ဆန္ဒများက ပိုမိုပြတ်သားခိုင်မာလာခဲ့သည်။
ထိုသို့မဟုတ်ပါက ကိုကိုဝူယွမ်၏ဘေးနားရှိ အမျိုးသမီးများက ထူးချွန်လွန်းနေသဖြင့် သူမကိုယ်သူမ အသုံးမကျသူဟု ခံစားရစေမည် မဟုတ်လော။
မထွက်ခွာမီ ဝူယွမ်က ချင်းတန်ကို ဝိညာဉ်တံဆိပ်တစ်ခု ပေးအပ်ခဲ့သည်။
ဝူယွမ်သည် ကမ္ဘာခြားနတ်ဆိုးနယ်မြေတွင် သိုင်းပညာရပ်များ အမျိုးမျိုးနှင့် ဝိညာဉ်ရတနာများအပြင် ဝိညာဉ်တံဆိပ် ခြောက်ခုကိုလည်း ရရှိခဲ့သေး၏။