← Chapters

အခန်း (၃၂၃-၃၂၄)

Vol. 33 Ch. 323-324

အခန်း (၃၂၃-၃၂၄)

Vol. 33 Ch. 323-324

အခန်း (၃၂၃) - ကစဉ်ကလျားမိစ္ဆာပင်လယ်နှင့် ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီး(၁)

ကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်း၌ ရှေးဟောင်းထိပ်သီးပုဂ္ဂိုလ်များစွာ ကျဆုံးခဲ့ကြပြီး ဝိညာဉ်တံဆိပ် အမြောက်အမြားကို ချန်ရစ်ခဲ့ကြသည်။

ဝိညာဉ်တံဆိပ်များသည် ၎င်းတို့၏ သခင်ကို ကိုယ်တိုင်ရွေးချယ်တတ်ကြပြီး လုံလောက်သော ပါရမီရှင်များသာလျှင် ၎င်းတို့၏ အသိအမှတ်ပြုမှုကို ရရှိနိုင်ပေသည်။

သို့သော်လည်း ချင်းတန်၏ ထူးကဲလှသော ပါရမီကြောင့် အသိအမှတ်ပြုမှုရရှိရန်မှာ ခက်ခဲသောကိစ္စတစ်ရပ် မဟုတ်ခဲ့ချေ။ ဝိညာဉ်တံဆိပ် ခြောက်ခုအနက် သုံးခုက သူမနှင့် ပေါင်းစပ်ရန် ဆန္ဒရှိနေခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် တစ်ခုတည်းကိုသာ ရွေးချယ်နိုင်ပြီး ပိုနေလျှင်လည်း အသုံးဝင်မည် မဟုတ်ပေ။

ထို့ကြောင့် ချင်းတန်သည် ဝိညာဉ်တံဆိပ်တစ်ခုကို ယူဆောင်ကာ သူမ၏ စီနီယာအစ်ကိုချန်နှင့်အတူ အမှောင်နန်းတော်သို့ ပြန်သွားခဲ့သည်။

ဤဝိညာဉ်တံဆိပ်နှင့် ယခင်က ဝူယွမ် ပေးအပ်ထားခဲ့သော ရူန်းအမျိုးမျိုးတို့နှင့် ပေါင်းစပ်လိုက်ပါက ချင်းတန်အတွက် ဝူယွမ် စိုးရိမ်စရာ မလိုတော့ချေ။ မူလဇာတ်လမ်းထဲကထက်ပင် ပိုမိုလွယ်ကူစွာဖြင့် အမှောင်နန်းတော်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီး အမှောင်နန်းဆောင်သခင်အသစ် ဖြစ်လာလိမ့်မည်ဟု သူ ယုံကြည်ထားသည်။

ရှေးဟောင်းကျောက်တိုင် နေရာလွတ်အတွင်းသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ကျန်းယွဲ့နှင့် မုချန်ချန်တို့က ကျန်ရှိနေသော ဝိညာဉ်တံဆိပ် ငါးခုထဲမှ တစ်ခုစီကို ရရှိသွားကြသည်။

သူတို့နှစ်ဦးစလုံးသည် ဝူယွမ် ပေးအပ်ထားသော ခန္ဓာကိုယ်ကျင့်စဉ်ကျမ်းဖြင့် ကျင့်ကြံထားကြသဖြင့် ကိုယ်ခန္ဓာဖွဲ့စည်းပုံမှာ ကောင်းမွန်နေပြီးဖြစ်ရာ ဝိညာဉ်တံဆိပ်များ ရရှိသွားခြင်းမှာ အံ့သြစရာ မဟုတ်ချေ။

ကျန်ရှိနေသော ဝိညာဉ်တံဆိပ် သုံးခုကတော့ သင့်တော်သော သခင်ကို မတွေ့ရသေးချေ။ ဝူယွမ်သည် သူ၏ဘေးနားရှိ လူများစွာကို စမ်းသပ်ခိုင်းခဲ့သော်လည်း ပိုင်ယွမ်၊ ရှောင်ယန်နှင့် ရှောင်တျောင်းတို့ကဲ့သို့သော မိစ္ဆာသားရဲများအတွက်မူ ဝိညာဉ်တံဆိပ်များက မည်သည့် တုံ့ပြန်မှုမျှ မပြသခဲ့ပေ။

ဝိညာဉ်တံဆိပ်များဆိုသည်မှာ လူသားထိပ်သီးပုဂ္ဂိုလ်များ၏ ကျင့်ကြံခြင်းအနှစ်သာရများ ဖြစ်သည့်အတွက် မိစ္ဆာသားရဲများအပေါ် တုံ့ပြန်မှုမရှိခြင်းမှာ သဘာဝကျလှပေသည်။ လူသားကျင့်ကြံသူများအတွက် မိစ္ဆာသားရဲတစ်ကောင်၏ မိစ္ဆာဝိညာဉ်က အသုံးမဝင်သကဲ့သို့ပင် ဖြစ်သည်။

ယင်းဟွမ်ဟွမ်နှင့် ကျန်းယင်ယင်တို့ကဲ့သို့သော သံသရာဝင်စားသူများလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ဝိညာဉ်တံဆိပ်များတွင် ဝင်စားခြင်း၏ အဓိပ္ပာယ်များ ပါဝင်နေပြီးဖြစ်ရာ ဝင်စားခြင်းအမှတ်အသား ပိုင်ဆိုင်ထားသူများအပေါ် ဆန့်ကျင်တွန်းကန်မှုများ ရှိနေဟန်ရပြီး ၎င်းတို့ကို ရယူနိုင်ခြင်း မရှိခဲ့ချေ။

ဝိညာဉ်တံဆိပ်တစ်ခု၏ အသိအမှတ်ပြုမှုကို ရရှိနိုင်သော ပါရမီရှင်များမှာ အလွန်တရာ ရှားပါးလွန်းလှသည်။ ထို့ကြောင့် ကျန်ရှိနေသော ဝိညာဉ်တံဆိပ် သုံးခုကို ဂိုဏ်း၏ အမွေအနှစ်အဖြစ် ယာယီ သိမ်းဆည်းထားလိုက်ရသည်။ နောင်တစ်ချိန် ရေစက်ပါသူများကို စောင့်ဆိုင်းရမည်သာ ဖြစ်သည်။

ရှေးဟောင်းကျောက်တိုင် နေရာလွတ်အတွင်းရှိ စီမံခန့်ခွဲမှုများကို ရွှမ်စု၊ ယင်းရွှမ်းဇီနှင့် အခြားသူများက တာဝန်ယူ ကိုင်တွယ်ကြရာ ဝူယွမ်အတွက် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိတော့ချေ။

ယခင်က ဝူယွမ် ချမှတ်ထားခဲ့သော ဂိုဏ်းစနစ်များမှာ ယင်းရွှမ်းဇီ၏ အားပေးထောက်ခံမှုကို အပြည့်အဝရရှိခဲ့သဖြင့် ပေါင်းစပ်သွားသော တောင်ဂိုဏ်းသည် ထိုစီမံခန့်ခွဲမှုစနစ်များကိုပင် ကျင့်သုံးခဲ့သည်။ အရာအားလုံးက တစ်ဖန်ပြန်လည် ထွန်းကားလာခဲ့ပြန်သည်။

ပထမဆုံးအနေဖြင့် နေရာလွတ်တစ်ခုလုံးရှိ ကောင်းကင်နှင့် မြေကြီး ယွမ်စွမ်းအင်များက အပြင်ဘက်ထက် အဆရာပေါင်းများစွာ ပိုမို ကြွယ်ဝနေသည်။ ကမ္ဘာသစ်ပင်၏ ပတ်ဝန်းကျင်တွင်မူ ဝိညာဉ်စုစည်းခြင်း အစီအရင်တစ်ခုထဲသို့ ရောက်နေသကဲ့သို့ပင်ဖြစ်ပြီး လေကို ရှူရှိုက်လိုက်ရုံမျှဖြင့် ဝိညာဉ်ဆေးပင်များကို စားသုံးနေရသကဲ့သို့ ခံစားရစေသည်။

နိဗ္ဗာန်အဆင့်အောက် တပည့်များအတွက် ဤနေရာသည် သူတို့၏ ကျင့်ကြံခြင်းအရှိန်ကို များစွာ တိုးတက်စေနိုင်သော မဟာမြင့်မြတ်ရတနာမြေပင် ဖြစ်သည်။

ဤကမ္ဘာငယ်လေးထဲသို့ ရောက်ရှိလာပြီးနောက် မဟာပြည်ထောင်စုကြီးများအားလုံး သူတို့၏ နွေဦးရာသီကို လန်းဆနတက်ကြွစွာ ကြိုဆိုနိုင်ခဲ့ကြပြီး သိုင်းပညာရပ်များကလည်း တက်ကြွသော အသက်စွမ်းအင်များနှင့်အတူ ဖူးပွင့်ဝေဆာလာခဲ့သည်။

ဝူယွမ်၏ ညွှန်ကြားချက်အရ တောင်ဂိုဏ်းနှင့် မဟာရှေးဟောင်းဂိုဏ်း နှစ်ခုလုံးက ဖန်တီးခြင်းအဆင့်အောက် သိုင်းပညာရပ်များ အမြောက်အမြားကို ထုတ်ယူကာ ပြည်သူလူထုကြားသို့ ဖြန့်ဝေပေးခဲ့သည်။

မဟာယန်ပြည်ထောင်စုတွင် ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်တစ်ခုတည်းကပင် ပြည်ထောင်စုအတွင်းရှိ မိသားစုကြီးများအကြား ပဋိပက္ခများကို ဖြစ်ပွားစေနိုင်ခဲ့သည်ကို တွေးကြည့်မိနိုင်သည်။

အထက်တန်းလွှာ ဂိုဏ်းကြီးများမှ သိုင်းပညာရပ်များကို လက်ဝါးကြီးအုပ်ထားမှုက အလွန်တရာ တင်းကျပ်လွန်းလှပေသည်။ သိုင်းပါရမီရှင်များစွာမှာ လွယ်ကူစွာပင် မျက်ကွယ်ပြုခံခဲ့ရသည်။

ယခုမူ ဝူယွမ်က လူတိုင်းအတွက် သိုင်းပညာထွန်းကားလာရန် မဟာဗျူဟာကို အခြေခံအားဖြင့် အကောင်အထည်ဖော်နေခြင်းပင်။

သို့သော် ဤသည်မှာ သိုင်းပညာရပ်များကို အလကားပေးကာ ကျင့်ကြံကြရန် တောင်းပန်နေခြင်းမျိုး မဟုတ်ဘဲ ဤလုပ်ငန်းစဉ်တစ်ခုလုံးက ပြိုင်ဆိုင်မှုအမျိုးမျိုးဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။

ထူးချွန်စွာ စွမ်းဆောင်နိုင်သူများသာလျှင် သိုင်းပညာရပ်များ ရွေးချယ်ခွင့်၊ အရင်းအမြစ် ဆုလာဘ်များနှင့် အခြားသော အကျိုးခံစားခွင့်များကို ရရှိနိုင်မည်ဖြစ်သည်။ အတိုချုပ်ပြောရလျှင် ပြိုင်ဆိုင်မှုပင်။

ဝူယွမ်အနေဖြင့် ပြင်းထန်သော ပြိုင်ဆိုင်မှုရှိသည့် ကျင့်ကြံခြင်းကမ္ဘာပတ်ဝန်းကျင်တစ်ခုကို ဖန်တီးချင်ခဲ့သည်။ သေချာသည်မှာ ဤပြိုင်ဆိုင်မှုမျိုးသည် သူ၏ယခင်ဘဝက အဆိပ်သင့်သော အတွင်းရေး ပြိုင်ဆိုင်မှုမျိုး မဟုတ်ပေ။

လုံလောက်သော ကျင့်ကြံခြင်းအရင်းအမြစ်များ၊ အဆင့်မြင့် သိုင်းပညာရပ်များနှင့် ဝိညာဉ်ရတနာများကို သူ ပံ့ပိုးပေးသွားမည်ဖြစ်သည်။

ကြိုးစားအားထုတ်မှု ရှိသရွေ့၊ ပါရမီရှိသရွေ့နှင့် ရုန်းကန်လိုစိတ် ရှိသရွေ့ ဆုလာဘ်များကို ရရှိမည်ဖြစ်သည်။ ထိုသို့မှသာ သူဖန်တီးထားသော လှပသည့် ကမ္ဘာကြီးနှင့် ထိုက်တန်ပေလိမ့်မည်။

နေရာလွတ်တစ်ခုလုံးရှိ လူတိုင်းသည် ကမ္ဘာသစ်ပင်အောက်တွင် ကျင့်ကြံနေကြသည်။ ကောင်းကင်နှင့် မြေကြီး ယွမ်စွမ်းအင်များ၏ ကြွယ်ဝမှုက နေ့စဉ်နေ့တိုင်း သန့်စင်ယွမ်ဆေးလုံးများကို စားသုံးနေရသည်နှင့် နှိုင်းယှဉ်နိုင်ပေသည်။

နိဗ္ဗာန်အဆင့်အောက် သိုင်းပညာရှင်များအတွက် ဤသည်မှာ လုံလောက်နေလေပြီ။

နိဗ္ဗာန်အဆင့်အထက် ကျင့်ကြံသူများအတွက်မူ ဝူယွမ်နှင့် သူ၏အဖွဲ့ ယွမ်ဂိုဏ်းထံမှ လုယက်လာခဲ့သော အရင်းအမြစ်များက ကျောက်တိုင်နေရာလွတ်အတွင်းရှိ ဆေးမြစ်ခုနစ်သွယ်ကို ထပ်မံဖြည့်တင်းပေးနိုင်ခဲ့သည်။

တောင်ဂိုဏ်း၏ ဆေးမြစ်လေးသွယ်နှင့် ယခင်က ဝူယွမ် ရှေးဟောင်းစစ်မြေပြင်မှ စုဆောင်းရရှိခဲ့သော ဆေးမြစ်လေးသွယ်တို့ပါ ပေါင်းစပ်လိုက်လျှင် စုစုပေါင်း ဆေးမြစ်ဆယ့်ငါးသွယ် ရှိနေပြီဖြစ်သည်။

ထို့အပြင် ယွမ်ဂိုဏ်း၏ လုပ်ငန်းများမှ လုယက်လာသော နိဗ္ဗာန်ပုံဆောင်ခဲ သတ္တုတွင်း အမြောက်အမြားနှင့် တောင်ဂိုဏ်း၏ စုဆောင်းထားသော အရင်းအမြစ်များက ဤဆေးမြစ်ဆယ့်ငါးသွယ်ကို ဆက်လက် တည်တံ့စေရန် လုံလောက်ပြီး နိဗ္ဗာန်အဆင့် တပည့်တစ်သိန်းကို ငါးနှစ်တိုင်တိုင် ထောက်ပံ့ပေးနိုင်ပေသည်။

ပဉ္စမအဆင့် နိဗ္ဗာန်အောက်ရှိ သာမန်တပည့်များအတွက် ဆေးမြစ်များသည် အဖိုးတန်ဆုံးသော အရင်းအမြစ်ပင်ဖြစ်သည်။

ဆေးမြစ်များအပြင် နိဗ္ဗာန်ဆေးလုံးများနှင့် ဝိညာဉ်ဆေးပင် အမျိုးမျိုးလည်း ရှိသေးသည်။ ထို့အပြင် ကမ္ဘာသစ်ပင်က ကမ္ဘာကြီးတစ်ခုလုံး၌ သီးပွင့်ပေးနိုင်သော မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးများလည်း ရှိနေ၏။

ထိုဝိညာဉ်သစ်သီးများသည် နိဗ္ဗာန်အဆင့် ၅ နှင့် ဆန်းကြယ်ရှင်ခြင်းအဆင့်ကြားရှိ တပည့်များအတွက် အကောင်းဆုံးသော ကျင့်ကြံခြင်း အရင်းအမြစ်များ ဖြစ်သည်။

အဆောင်သခင်ကျင့်ကြံခြင်းဘက်တွင်မူ ကောင်းကင်အဆောင် ဝိညာဉ်သစ်ပင် ရှိနေသည်။ ကမ္ဘာသစ်ပင်သည် ကောင်းကင်အဆောင် ဝိညာဉ်သစ်ပင်နှင့် ပေါင်းစပ်သွားပြီးနောက် အဆင့်အမျိုးမျိုးရှိသော ကောင်းကင်အဆောင် ဝိညာဉ်သစ်ရွက်များပါ သီးပွင့်လာခဲ့လေသည်။

သဘာဝရူန်းများ၏ စွမ်းအားကို သစ်ရွက်များပေါ်တွင် စုစည်းပေးနိုင်ပြီး ၎င်းသည် မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးများ သီးပွင့်လာအောင်လုပ်ရခြင်းထက် ပိုမိုလွယ်ကူလှသည်။

ကောင်းကင်အဆောင် ဝိညာဉ်သစ်ရွက်များကို အဆောင်သခင်တစ်ဦး၏ နဖူးပေါ်တွင် တင်၍ ကျင့်ကြံနိုင်သလို လက်ဖက်ရည်အဖြစ် ကျိုချက်သောက်သုံးခြင်း သို့မဟုတ် တိုက်ရိုက် စားသုံးခြင်းဖြင့်လည်း အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။

ကျောက်တိုင်နေရာလွတ်အတွင်း ဝူယွမ် ဖန်တီးပေးထားသော ကျင့်ကြံခြင်း ပတ်ဝန်းကျင်သည် ယခုအခါ ကောင်းကင်အဆောင်သခင်များနှင့် နိဗ္ဗာန်အဆင့် ထိပ်သီးပုဂ္ဂိုလ်များကို အမြောက်အမြား မွေးထုတ်ပေးနိုင်ပြီဟု ဆိုနိုင်ပေသည်။

ဆန်းကြယ်ရှင်ခြင်းအဆင့် ကျင့်ကြံသူများ အမြောက်အမြား အသုံးပြုနိုင်မည့် အရင်းအမြစ်များကိုသာ ရှာတွေ့ပါက တပည့်များ၏ ပျမ်းမျှအမြင့်ဆုံးအဆင့်ကို ဆန်းကြယ်ရှင်ခြင်းအဆင့်အထိ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

ဤသည်မှာ ဝူယွမ်၏ နောက်ထပ်ရည်မှန်းချက်များထဲမှ တစ်ခုပင် ဖြစ်သည်။

ဝူယွမ် သိထားသော ဇာတ်လမ်းအရ ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်ပင်သည် ကစဉ်ကလျားမိစ္ဆာပင်လယ်တွင် ပေါ်ထွက်လာမည်ဖြစ်သည်။

သူသည် အချိန်မီ ရောက်ရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် ကစဉ်ကလျားမိစ္ဆာပင်လယ်သို့ အလျင်အမြန် သွားရောက်နေလေသည်။

တစ်ချိန်တည်းမှာပင် သူ ဆိုင်းအင်ပြုလုပ်ရမည့် ရှေးဟောင်းကမ္ဘာဦးစေတီနှင့် ယန်မြို့ရှိ ဝိညာဉ်သခင်မျှော်စင်မှ သူရရှိခဲ့သော ဘိုးဘေးအဆောင် နှစ်ခုအကြောင်း အချက်အလက်များ….

အထူးသဖြင့် မိုးကြိုးဘိုးဘေးအဆောင်ဆီသို့ လမ်းညွှန်ပြသနေသော မြေပုံကလည်း ကစဉ်ကလျားမိစ္ဆာပင်လယ်ဆီသို့ ဦးတည်နေပေသည်။

ဝူယွမ်သည် မဟာရှေးဟောင်းကျောက်တိုင်ကို ယူဆောင်ကာ ကစဉ်ကလျားမိစ္ဆာပင်လယ်သို့ လေဟာနယ်မှတစ်ဆင့် ဖြတ်သန်းသွားလာခဲ့သည်။

အရှေ့ဘက်ရွှမ်ဒေသနှင့် ကစဉ်ကလျားမိစ္ဆာပင်လယ်တို့မှာ အလွန်တရာ ဝေးကွာလှသည်။ ဟွမ်သည် လေဟာနယ်ရူန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်၍သာ ခရီးဝေး လေဟာနယ်ဖြတ်သန်းခြင်းကို ပြုလုပ်နိုင်ခြင်း ဖြစ်သည်။

ထိုသို့မဟုတ်ပါက ခရီးသွားရုံသက်သက်ဖြင့် ဝူယွမ်၏ လက်ရှိဆန်းကြယ်ရှင်ခြင်းအဆင့် အစောပိုင်း စွမ်းအားဖြင့်ပင် နှစ်ဝက်ခန့် ကြာမြင့်မည်ဖြစ်သည်။ ယခုမူ မျက်တောင်တစ်ခတ်အတွင်းသာ ဖြစ်သည်။

သို့သော် မဟာရှေးဟောင်းကျောက်တိုင်၏ လေဟာနယ်ဖြတ်သန်းခြင်းက တိကျသော နေရာချထားမှုမျိုး မရှိပဲ ယေဘုယျ ဦးတည်ချက်ကိုသာ သွားနိုင်ပေသည်။

ဝူယွမ် ဆင်းသက်လာချိန်တွင် ကျွန်းတစ်ကျွန်းပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားခဲ့သည်။

ထျန်းဖုန်း ပင်လယ်နယ်မြေ။ ရွှမ်လင်းကျွန်းတွင်….

လူတစ်စုက အနားယူနေကြသည်။ ဤအချိန်တွင် ခရမ်းရောင်‌ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားသော လှပသည့် မိန်းမပျိုလေးတစ်ဦးက အဖွဲ့နှင့် မလှမ်းမကမ်းရှိ သစ်တောထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့သည်။

သူမက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လျှို့ဝှက်ကိစ္စတစ်ခုကို ပြုလုပ်နေဟန်ရှိသည်။

သူမ သက်သောင့်သက်သာ ဖြစ်သွားချိန်မှာပင် ကောင်းကင်ယံမှ အရိပ်မည်းကြီးတစ်ခုက သူမအပေါ်သို့ကျဆင်းလာခဲ့သည်။

မိန်းကလေးက မော့ကြည့်လိုက်ရာ ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦး ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်ကို မြင်လိုက်ရသည်။

“အားးး”

မိန်းကလေးမှာ တိုက်ရိုက်ဖိချခံလိုက်ရသဖြင့် အအော်ဟစ်လိုက်တော့၏။

“အာ၊ တောင်းပန်ပါတယ်၊ ငါ့အင်အားကိုမထိန်းနိုင်လိုက်ဘူး” ဝူယွမ်က အလျင်အမြန် ထရပ်လိုက်ပြီး နေရခက်စွာဖြင့် ပြောလိုက်သည်။

သူသည် မဟာရှေးဟောင်းကျောက်တိုင်ဖြင့် ဤနေရာသို့ လေဟာနယ်ဖြတ်သန်းလာခဲ့ပြီး လေဟာနယ်လှိုင်းဂယက်များ၏ တွန်းထုတ်မှုကို ခံလိုက်ရခြင်းဖြစ်သည်။

အောက်ဘက်တွင် လူတစ်စု ရှိနေသည်ကို မတော်တဆ မြင်လိုက်ရသဖြင့် အပြစ်မဲ့သူများကို မထိခိုက်စေရန် မဟာရှေးဟောင်းကျောက်တိုင်ကို အလျင်အမြန်သိမ်းဆည်းလိုက်ပြီး သူကိုယ်တိုင်မှာမူ လှိုင်းဂယက်များ၏ ရိုက်ခတ်မှုကြောင့် မြေပြင်ဆီသို့ ပြုတ်ကျလာခြင်း ဖြစ်သည်။

အခန်း (၃၂၄) - ကစဉ်ကလျားမိစ္ဆာပင်လယ်နှင့် ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီး(၂)

ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးအချိန်တွင် ဝူယွမ်က သူ၏စွမ်းအားများကို ရပ်တန့်နိုင်ခဲ့သည်။ ထိုသို့မဟုတ်ပါက အောက်ဘက်ရှိမိန်းကလေးမှာ အသားပြားတစ်ခုအဖြစ် ကြေမွသွားပေလိမ့်မည်။

သို့သော် ပြုတ်ကျလာသောအရှိန်ကြောင့် မိန်းကလေးမှာ အနည်းငယ်ဒဏ်ရာရသွားသေးသည်။ ဝူယွမ်က တစ်ဖက်လူကို အလျင်အမြန် ထူပေးလိုက်၏။

သို့သော် တစ်ဖက်လူမှာ အလွန်နေရခက်သော အခြေအနေမျိုး ဖြစ်နေခဲ့သည်။ ဝူယွမ်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရင်း ရုတ်တရက် ရှက်ရွံ့သွားကာ ခေါင်းကို အလျင်အမြန် လွှဲဖယ်လိုက်သည်။

ဖြန်း။

ခရမ်းရောင်ဝတ်စုံ၀တ် မိန်းကလေးမှာ ရှက်ရွံ့မှု၊ ဒေါသနှင့် နာကျင်မှုတို့ ပြင်းထန်စွာ ရောယှက်သွားပြီး ဝူယွမ်ကို ဒေါသတကြီးဖြင့် ပါးရိုက်ကာ တွန်းထုတ်လိုက်လေသည်။

ဝူယွမ်က ပြန်လည်ခုခံခြင်း မပြုဘဲ သူမ၏ အင်အားကို မကာကွယ်လိုက်ပဲ မီတာအနည်းငယ်ခန့် နောက်ဆုတ်သွားခဲ့သည်။

“ဟွမ် ခင်ဗျား တကယ်ပဲ ဘယ်ဆင်းရမလဲဆိုတာကို သေချာမကြည့်ဘူးလား” ဝူယွမ်က သူ၏ရင်ဘတ်ပေါ်ရှိ သေးငယ်သော မဟာရှေးဟောင်းကျောက်တိုင်လေးကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အဘိုးအိုဟွမ်၏ နောက်ပြောင်မှုဟု သူ ထင်မိလေသည်။

“မင်း ဘာတွေပြောနေတာလဲ” ဟွမ်က ပြန်ပြောလာသည်။ ကျောက်တိုင်ဝိညာဉ်တစ်ခုအနေဖြင့် လူသားတို့၏ ရှက်ရွံ့မှုဆိုသည်ကို သူက ဘယ်လိုလုပ် သိနိုင်မည်နည်း။

“သခင်မလေး”

“သခင်မလေး”

ဤအချိန်တွင် လူတစ်စုက ဓားများဝှေ့ယမ်းကာ ပြေးလာကြပြီး ဝူယွမ်ကို ဝိုင်းရံလိုက်ကြသည်။ အမျိုးသမီးအချို့က ခရမ်းရောင်ဝတ်စုံ၀တ် မိန်းကလေး၏ အခြေအနေကို စစ်ဆေးရန် ချဉ်းကပ်လာကြ၏။

“မင်းက ဘယ်သူမို့လို့ ငါတို့သခင်မလေးကို ချောင်းကြည့်ရဲတာလဲ” ခေါင်းဆောင်ဖြစ်သူက ဝူယွမ်ကို ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။

“အားလုံးပဲ နားလည်မှုလွဲနေတာပါဗျာ နားလည်မှုလွဲနေတာပါ၊ ကျွန်တော် ချောင်းကြည့်တာ မဟုတ်ပါဘူး” ဝူယွမ်က လက်အုပ်ချီကာ ရှင်းပြလိုက်သည်။

“ဒါဆို မင်းက ပေါ်တင်ကြီးကြည့်တာပေါ့လေ” လူထွားကြီးတစ်ဦးက ပြန်လည်ချေပလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် မနာလိုမှုအရိပ်အယောင်များ စွန်းထင်းနေခဲ့သည်။

“ကျွန်တော် မတော်တဆမြင်သွားတာပါ တမင်သက်သက်လုပ်တာ မဟုတ်ပါဘူး ခင်ဗျားတို့ သခင်မလေးက ဒီလိုနေရာမျိုးမှာ ကိစ္စရှင်းနေလိမ့်မယ်လို့ ကျွန်တော်လည်း မထင်ထားဘူးလေ”

ဝူယွမ်မှာ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ တိုက်ဆိုင်မှုတစ်ခု ဖြစ်သော်ငြား သူ မြင်လိုက်ရသည်ကတော့ အမှန်ပင်ဖြစ်ရာ သူ၏ဘက်ကလည်း အနည်းငယ် မှားယွင်းနေပေသည်။

“ပြောစမ်း မင်းဒီနေရာကို ဘယ်တုန်းက ရောက်လာတာလဲ” တစ်စုံတစ်ဦးက ဓားဖြင့်ချိန်ကာ မေးလိုက်သည်။

“သေချာပြောကြပါ လက်နက်တွေမလိုပါဘူး ကျွန်တော်တို့ အားလုံးက ယဉ်ကျေးတဲ့လူတွေပါ”

ဝူယွမ်က လေးနက်စွာပြောလိုက်သည်။ သူသည် ဤလူစုနှင့် ဝေးဝေးနေရန် တမင်တကာ ရှောင်ရှားခဲ့ခြင်း ဖြစ်သည်။

သူတို့၏ သခင်မလေးက နေရာတကာတွင် ကိစ္စရှင်းတတ်လောက်အောင် အရိုင်းဆန်လိမ့်မည်ဟု သူက မည်သို့ သိနိုင်မည်နည်း၊ ထို့အပြင် သူကလည်း အချိန်ကိုက်ကြီး ကျလာခဲ့ရသည် မဟုတ်လော။

“သူ့ကို အရင် ဖမ်းထားလိုက်” ထိုစကားနှင့်အတူ လူနှစ်ဦးက ရှေ့ထွက်လာပြီး ဝူယွမ်ကို ဖမ်းဆီးရန် ပြင်ဆင်လိုက်ကြသည်။

“မင်းတို့ကိုယ်မင်းတို့ အထင်ကြီးလွန်းနေပြီမဟုတ်ဘူးလား”

ဝူယွမ်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏ ဆန်းကြယ်ရှင်ခြင်းအဆင့် အစောပိုင်း စွမ်းအားများကို ထုတ်ဖော်လိုက်သည်။

ပြင်းထန်လွန်းသော ယွမ်စွမ်းအင်လှိုင်းဂယက်များနှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကြောင့် သူ့ကို ဝိုင်းရံထားသော လူစုမှာ သူတို့၏လှုပ်ရှားမှုများကို ချက်ချင်း ရပ်တန့်လိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်လာခဲ့သည်။

“ဆန်း... ဆန်းကြယ်ရှင်ခြင်းအဆင့်”

သူတို့အဖွဲ့ထဲတွင် အသန်မာဆုံးသူမှာ နိဗ္ဗာန်အဆင့် ၈ တွင်သာ ရှိသည်။ ဝူယွမ်၏ စွမ်းအားကို ရင်ဆိုင်လိုက်ရချိန်တွင် သူတို့အားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

“ရပ်လိုက်ကြစမ်း”

ဤအချိန်တွင် ဝူယွမ်ဖိချမိခဲ့သော မိန်းကလေးက လျှောက်လာခဲ့သည်။ သူမသည် ယခုအခါ အဖြူရောင်ဂါဝန်ပါးပါးလေးကို ဝတ်ဆင်ထားပြီး သူမ၏ဖရဲစေ့ပုံစံ မျက်နှာသွယ်သွယ်လေးမှာတော့ ရှက်သွေးဖြာနေဆဲပင်။

သူမနှင့်အတူ အခြား အမျိုးသမီးနှစ်ဦးလည်း လိုက်ပါလာခဲ့သည်။ တစ်ဦးမှာ အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး တောင့်တင်းသော ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားကာ သခင်မလေးတစ်ဦးနှင့် တူပေသည်။

အခြားတစ်ဦးမှာမူ ရိုးရှင်းစွာဝတ်ဆင်ထားပြီး သူတို့နှင့် ခြေတစ်လှမ်းအကွာမှ လိုက်ပါလာကာ အစေခံတစ်ဦးနှင့် တူပေသည်။

“သခင်မလေး” လူတိုင်းက လမ်းဖယ်ပေးလိုက်ကြပြီး အဖြူရောင်ဝတ်စုံ၀တ် မိန်းကလေးအပေါ် အလွန် ရိုသေလေးစားမှု ပြသနေကြသည်။

“သခင်လေး နာမည်ဘယ်လိုခေါ်လဲ၊ ရှင် ဒီနေရာကို ဘယ်လိုများ ရုတ်တရက်ရောက်လာတာလဲ” အဖြူရောင်ဝတ်စုံ၀တ် မိန်းကလေးက အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

သူမ၏လေသံထဲတွင် မည်သည့် ခံစားချက်မျှမပါဝင်ဘဲ စောစောက အဖြစ်အပျက်ကို မည်သူမျှ မမြင်လိုက်သည့်အလား၊ မည်သည့်အရာမျှ မဖြစ်ပွားခဲ့သကဲ့သို့ ဟန်ဆောင်နေသည်။

“အာ... ကျွန်တော့်နာမည်က ဝူယွမ်ပါ ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ ဒီနေရာကို မတော်တဆ ပြုတ်ကျလာတာ၊ အကြောင်းရင်းကိုတော့ ရှင်းပြဖို့အဆင်မပြေလို့ပါ”

ဝူယွမ်က ယခင်အဖြစ်အပျက်ကို ဆက်လက်တွေးတောမနေတော့ဘဲ သူ သိချင်သည်ကိုသာ မေးလိုက်သည်။ “သခင်မလေးကို မေးပါရစေ ဒီနေရာက ဘယ်နေရာလဲ”

“အစ်မကူယန် ဒီကောင်က အစ်မလျှို့၀ှက်နေရာကို မြင်သွားတာလေ၊ ဒီအတိုင်း လွှတ်ထားလိုက်တော့မလို့လား” အနီရောင်ဝတ် မိန်းကလေးက တမင်တကာ ဝင်ပြောလိုက်သည်။

သူမ၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားပြီး ဆက်ပြောလာသည်။ “သူက ဆန်းကြယ်ရှင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေရင်တောင် ကျွန်မတို့ကူမိသားစုက သူ့ကို ကြောက်စရာမလိုပါဘူး”

ဤစကားများကြောင့် ပတ်ဝန်းကျင်ရှိလူတိုင်းမှာ နေရခက်သွားကြသည်။

“ကူယင်း ပေါက်ကရတွ လျှောက်မပြောနဲ့ အဲဒီလိုကိစ္စမျိုးမရှိဘူး၊ နင့်ဟာနင့် တစ်ခြားသွားတော့” ကူယန် အမည်ရသော မိန်းကလေးက ကူယင်းကို စိုက်ကြည့်ကာ ရှက်ရွံ့ဒေါသထွက်စွာဖြင့် ကြိမ်းမောင်းလိုက်သည်။

ပထမအချက်မှာ သူမကို မြင်သွားသည်ဖြစ်စေ၊ မမြင်သွားသည်ဖြစ်စေ ဤကိစ္စကို ထပ်မံထုတ်ဖော်ပြောဆိုရန် မသင့်တော်ပေ။

ဒုတိယအချက်မှာ တစ်ဖက်လူ၏ ဆန်းကြယ်ရှင်ခြင်းအဆင့် စွမ်းအားအရ အလေးအနက်ထားဆက်ဆံရန် လိုအပ်ပြီး မိသားစုအတွက် ရန်သူအသစ်ကို ပေါ့ပေါ့ဆဆ မဖန်တီးသင့်ပေ။

ထို့အပြင် ဝူယွမ် ကောင်းကင်မှ ဆင်းသက်လာသည်ကို သူမကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး သူမကို တမင်တကာ ရန်စစော်ကားခဲ့ခြင်းမျိုး မဟုတ်ချေ။

အဝတ်အစားလဲရန် ရထားလုံးဆီသို့ ပြန်သွားသည့် အချိန်ကတည်းက ဤရုပ်ရည်ချောမောသော သခင်လေးကို သူမ၏ရင်ထဲတွင် ခွင့်လွှတ်ပေးခဲ့ပြီးပြီဖြစ်ကာ ပြဿနာကို ဆက်လက်ကြီးထွားစေရန် ရည်ရွယ်ထားခြင်း မရှိပေ။

“ဟွန့်၊ ဒါဆိုရင်တောင် သူ့ကို အလကားပေးမကြည့်သင့်ဘူး” ကူယင်းက ပွစိပွစိပြောဆိုနေသော်လည်း နောက်ဆုတ်သွားခဲ့သည်။

ဤအချိန်တွင် ကူယန်လည်း အနည်းငယ် နေရခက်သွားပြီး လက်အောက်ငယ်သားများစွာရှေ့တွင် စကားပြောရန် အဆင်မပြေဖြစ်သွားသည်။

သူမက လက်ဟန်ပြလိုက်ပြီး ဖိတ်ခေါ်လိုက်သည်။ “အားလုံးပဲ နောက်ဆုတ်လို့ရပြီ၊ သခင်လေး ဒီဘက်ကိုကြွပါ”

သူမက ဝူယွမ်ကို ကြီးမားသော တဲကြီးတစ်ခုထဲသို့ ခေါ်ဆောင်သွားပြီးနောက် ဘေးရှိအစေခံမလေးက ဝူယွမ်အတွက် လက်ဖက်ရည် ငဲ့ပေးလိုက်သည်။

“ဒီနေရာက ရွှမ်လင်းကျွန်းပါ သခင်လေးက ဘယ်နေရာကို ပြုတ်ကျလာမှန်းတောင် မသိဘူးလား” ကူယန်က ယခင်စကားစကို ပြန်ဆက်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ရွှမ်လင်းကျွန်းလား”

ဝူယွမ်က ရွှမ်လင်းကျွန်း ပတ်ဝန်းကျင်အခြေအနေအား သူတို့ကို မေးမြန်းလိုက်သည်။

ဤနေရာကို ထျန်းဖုန်း ပင်လယ်နယ်မြေဟု ခေါ်ဆိုပြီး ကစဉ်ကလျားမိစ္ဆာပင်လယ်၏ အနောက်မြောက်ဘက်တွင်တည်ရှိကာ ကစဉ်ကလျားမိစ္ဆာပင်လယ်၏ အဓိက ပင်လယ်နယ်မြေကြီးများထဲမှ တစ်ခုဖြစ်သည်။

ကစဉ်ကလျားမိစ္ဆာပင်လယ်၏ စုစုပေါင်းစွမ်းအားသည် အရှေ့ဘက်ရွှမ်ဒေသထက်ပင် ပိုမိုအစွမ်းထက်လှသည်။

ဤထျန်းဖုန်း ပင်လယ်နယ်မြေ တစ်ခုတည်းတွင်ပင် အရှေ့ဘက်ရွှမ်ဒေသ၏ စူပါဂိုဏ်းကြီးရှစ်ခုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အင်အားစုနှစ်ခု ရှိနေပေသည်။

၎င်းတို့ကို လျှို့ဝှက်ဂူ နှစ်ခုဖြစ်သော မိစ္ဆာလေလျှို့ဝှက်ဂူနှင့် ချန်ခွန်းလျှို့ဝှက်ဂူဟု ခေါ်ဆိုကြသည်။

ဤအဓိက အင်အားစုကြီး နှစ်ခုသည် ထျန်းဖုန်း ပင်လယ်နယ်မြေတွင် အသန်မာဆုံးဖြစ်ရုံသာမက ကစဉ်ကလျားမိစ္ဆာပင်လယ်တစ်ခုလုံးတွင်လည်း ကျော်ကြားမှုတစ်ခုကို သိမ်းပိုက်ထားနိုင်လေသည်။

ထိုလျှို့ဝှက်ဂူနှစ်ခု၏အောက်တွင် မဟာမိသားစုကြီး ငါးခု ရှိသည်။ သူတို့အားလုံးတွင် ဆန်းကြယ်သေခြင်းအဆင့် ကျင့်ကြံသူများက အစောင့်အရှောက်အဖြစ် ရှိနေကြသည်။

၎င်းတို့မှာ ဝေမိသားစု၊ ကူမိသားစု၊ စုမိသားစု၊ ကျူမိသားစုနှင့် ရှန်ထူမိသားစု တို့ဖြစ်ကြသည်။ ကူယန်နှင့် အခြားသူများသည် ကူမိသားစုမှ ဖြစ်ကြသည်။

‘ထင်တဲ့အတိုင်းပဲ၊ ထူးဆန်းတဲ့ အလှည့်အပြောင်းတွေရှိပေမဲ့ နောက်ဆုံးတော့လည်း ငါ ဒီလူတွေနဲ့ပဲ လာဆုံရတာပါလား' ဝူယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

အချင်းချင်း သိကျွမ်းသွားကြပြီးနောက် ဝူယွမ်က သူသည် အန္တရာယ်မှလွတ်မြောက်ရန် ပင်လယ်ပြင်သို့ ထွက်လာခဲ့ကြောင်း၊ ကစဉ်ကလျားမိစ္ဆာပင်လယ်သို့ မျောပါလာပြီး ပင်လယ်မုန်တိုင်းကြောင့် လေဟာနယ်လှိုင်းဂယက်များထဲသို့ မျောပါသွားကာ ဤနေရာသို့ ပြုတ်ကျလာခြင်းဖြစ်ကြောင်း ဖွင့်ဟပြောပြလိုက်သည်။

ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပြောဆိုပြီးနောက် ကူယန်က သူ့ကိုယုံကြည်ခြင်းရှိမရှိ သေချာမသိသော်လည်း ဘေးရှိ ကူယာအမည်ရသော အစေခံမလေးကမူ ယုံကြည်သွားခဲ့သည်။

“ဒါဆို သခင်လေးဝူယွမ် နောက်ထပ် ဘာအစီအစဉ်တွေရှိသေးလဲ” ကူယန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“သေချာတော့ မစဉ်းစားရသေးဘူး လောလောဆယ်တော့ ထျန်းဖုန်းပင်လယ်နယ်မြေတစ်ဝိုက်မှာ လှည့်ပတ်ကြည့်ရင်း တစ်လှမ်းချင်းစီသွားရမှာပေါ့” ဝူယွမ်က ခေါင်းယမ်းလိုက်သည်။

“သခင်လေးဝူယွမ် ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီးကို စိတ်ဝင်စားမှုရှိလား သိချင်ပါတယ်” ကူယန်က ရုတ်တရက် မေးလာလေ၏။

“အို... ဒီမှာ ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီး ရှိနေတာလား” ဝူယွမ်က ပြန်မေးလိုက်သည်။

“ဒီတစ်ခေါက် ကျွန်မတို့က အစတုန်းက ကုန်ပစ္စည်းတွေ ပို့ဆောင်နေတာပါ၊ ဒါပေမဲ့ လမ်းတစ်ဝက်မှာ ရွှမ်လင်းကျွန်းတစ်မှာ ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီး ပေါ်ထွက်လာတယ်ဆိုတဲ့ သတင်းကို ရခဲ့လို့ ခရီးစဉ်ကို ပြောင်းလဲပြီး အဲဒါကိုရယူနိုင်ဖို့ လာခဲ့တာပါ”

“ဒီသတင်းကို လူအများကြီးက သိထားကြပြီးပြီ၊ ထိပ်သီးပုဂ္ဂိုလ် တော်တော်များများလည်း ရွှမ်လင်းကျွန်းကို ရောက်နေကြပါပြီ”

“ဒါပေမဲ့ ကျွန်မတို့ အဖွဲ့ရဲ့ စွမ်းအားနဲ့ဆိုရင် ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီးကို ရယူနိုင်ဖို့က နည်းနည်းခက်ခဲလိမ့်မယ်”

“ကျွန်မက သခင်လေးဝူယွမ်နဲ့ ပူးပေါင်းချင်ပါတယ်”

သူမက ဝူယွမ်ကို မျှော်လင့်ချက်တစ်စုံတစ်ရာဖြင့် မော့ကြည့်လိုက်သည်။ ကောင်းကင်ပေါ်မှ ရုတ်တရက် ပြုတ်ကျလာသော ဤအမျိုးသားသည် သူမ၏ ကယ်တင်ရှင်နှင့် အကူအညီပေးမည့်သူ တစ်ဦးအလား ထင်မှတ်ရပေ၏။

ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီးသည် ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ တက်လှမ်းရန် ကူညီပေးနိုင်သော အံ့သြဖွယ် ကောင်းကင်နှင့်မြေကြီး ရတနာသစ်သီးတစ်လုံး ဖြစ်သည်။

၎င်းက သူမအတွက် အလွန်အရေးကြီးလှပေသည်။

သူမသည် လက်ရှိတွင် နိဗ္ဗာန်အဆင့် ၉ တွင် ရှိနေပြီး ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ခြေတစ်လှမ်း ချင်းနင်းဝင်ရောက်နေပြီဖြစ်သည်။ ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီးသာ ရှိပါက အောင်မြင်စွာ တက်လှမ်းနိုင်ပေမည်။

ဝူယွမ်လည်း သဘာဝကျကျပင် စိတ်ဝင်စားသွားခဲ့သည်။ ဤတစ်ကြိမ် သူ၏ရည်မှန်းချက်များထဲမှ တစ်ခုမှာ ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီး ဖြစ်၏။

တိတိကျကျပြောရလျှင် ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်ပင် ပင်ဖြစ်သည်။ ထိုသစ်ပင်ကိုသာ ရရှိပါက ဆန်းကြယ်ရှင်ခြင်းအဆင့် ကျင့်ကြံသူများကို အမြောက်အမြား မွေးထုတ်ပေးနိုင်မည် မဟုတ်လော။

သူ၏ မျက်ဝန်းများထဲတွင် ကိုယ်ပိုင်ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ပြင်းပြသောဆန္ဒများက တောက်လောင်လာခဲ့တော့သည်။

All Chapters