← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း (၃၂၅) - မိစ္ဆာလေ လျှို့ဝှက်ဂူမှ ကောင်းကင်အဆောင်သခင်တစ်ဦးကို သတ်ဖြတ်ခြင်း(၁)

ယေဘုယျအခြေအနေများကို ဝူယွမ်အား ရှင်းပြပြီးနောက် ကူယန်က သူ့ကို မျှော်လင့်တကြီး စိုက်ကြည့်လာသည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင်လေ သခင်လေး၊ ဒီဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီးကို လုယူရမယ့်ကိစ္စက ကျွန်မအတွက် သိပ်ကိုအရေးကြီးနေလို့ပါ”

“အကယ်၍သာ ကျွန်မကိုကူညီပေးဖို့ ဆန္ဒရှိမယ်ဆိုရင် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ဆုလာဘ်အနေနဲ့ ဆန်းကြယ်ယွမ်ဆေးလုံး သုံးသောင်းကို ပေးအပ်ဖို့အသင့်ရှိပါတယ်”

“ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီးက အများအားဖြင့် အသီးအများကြီး သီးလေ့ရှိတယ်၊ အကယ်၍ ကျွန်မတို့ပူးပေါင်းလို့ တစ်လုံးထက်ပိုပြီး ရခဲ့မယ်ဆိုရင်တောင် ကျွန်မကတစ်လုံးပဲ ယူမှာပါ၊ ကျန်တာတွေအားလုံးကို သခင်လေးဝူယွမ်ကို ပေးပါ့မယ်”

“တစ်လုံးတည်းပဲ ရခဲ့မယ်ဆိုရင်တော့ သခင်လေးရဲ့ သဘောအတိုင်းပဲ ဆုံးဖြတ်နိုင်ပါတယ်၊ ဒါပေမဲ့ အဲဒီသစ်သီးအတွက် ဆန်းကြယ်ယွမ်ဆေးလုံးတွေနဲ့ လဲလှယ်ပေးဖို့ ကျွန်မဘက်က အသင့်ပါပဲ”

ယခုအချိန်တွင် သူမသည် ပြင်ပအကူအညီကို အလွန်အမင်း လိုအပ်နေသည်။ ကူမိသားစုတွင် အစွမ်းထက်သူများစွာ ရှိသော်ငြား လက်ရှိ ရွှမ်လင်းကျွန်းပေါ်၌ သူမတစ်ယောက်တည်းသာ ရှိနေပေသည်။

မကြာမီ ပေါ်ထွက်လာတော့မည့် ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီးကို ရယူနိုင်ရန် သူမ၏ ကိုယ်ပိုင်အင်အား တစ်ခုတည်းဖြင့် လုံးဝ မလုံလောက်ချေ။ ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ တက်လှမ်းလိုသော သူမ၏ ပြင်းပြသော ရည်မှန်းချက်များက မျက်ဝန်းထဲ၌ တောက်လောင်နေခဲ့သည်။

ဝူယွမ်ကဲ့သို့သော ဆန်းကြယ်ရှင်ခြင်းအဆင့် ထိပ်သီးပုဂ္ဂိုလ်တစ်ဦးသာ ပါဝင်လာမည်ဆိုပါက အခွင့်အရေးများ ပိုမိုများပြားလာမည်ဟု ခံစားမိသည်။

ဤအမျိုးသားသည် သူမကိုကူညီရန် ကောင်းကင်ဘုံက စေလွှတ်လိုက်သူတစ်ဦးအလား ထင်မှတ်ရပေသည်။

ကူယန်၏ကမ်းလှမ်းချက်က အလွန် ရက်ရောလှသည်။ နောက်ဆုံးတွင် ဝိညာဉ်သစ်သီးကို မလုယူနိုင်ခဲ့လျှင်ပင် ဆန်းကြယ်ယွမ်ဆေးလုံး သုံးသောင်းကို ရရှိမည်ဖြစ်သည်။

ဆန်းကြယ်ယွမ်ဆေးလုံးဆိုသည်မှာ ကစဉ်ကလျားမိစ္ဆာပင်လယ်တွင် အသုံးပြုသော အဆင့်မြင့် ငွေကြေးတစ်မျိုးဖြစ်ကြောင်း သတိပြုရန် လိုအပ်ပေသည်။ ၎င်းတို့သည် နိဗ္ဗာန်ဆေးလုံးများထက်ပင် ပို၍အဖိုးတန်ပြီး အသက်စွမ်းအင် အနည်းငယ် ပါဝင်နေသည်။

ကစဉ်ကလျား မိစ္ဆာပင်လယ်၏ အထွေထွေစွမ်းအားက အရှေ့ဘက်ရွှမ်ဒေသထက် များစွာ သာလွန်လှသည်။ မိသားစုငယ်လေးတစ်ခုမှ မိန်းမပျိုလေးဖြစ်သော ကူယန်သည်ပင်လျှင် တောင်ဂိုဏ်းရှိ နန်းဆောင်လေးခုမှ ခေါင်းဆောင်တပည့်ကြီးများနှင့် ရင်ပေါင်တန်းနိုင်စွမ်း ရှိနေပေသည်။

ထို့အပြင် ကစဉ်ကလျား မိစ္ဆာပင်လယ်သည် အလွန်ကျယ်ပြောလှပြီး အခွင့်အရေးများနှင့် အရင်းအမြစ်များ ပိုမို ပေါများလှသည်။ ဤနေရာတွင် နိဗ္ဗာန်ဆေးလုံးများမှာ သာမန်ဆေးလုံးများသာဖြစ်ပြီး ဆန်းကြယ်ယွမ်ဆေးလုံးများကသာ အသုံးအဝင်ဆုံး ဖြစ်သည်။

ဝူယွမ်က ကမ်းလှမ်းချက်ကို ခေတ္တမျှ စဉ်းစားဟန်ပြုပြီးနောက် သဘောတူလက်ခံလိုက်သည်။

သူမ၏ သဘောထားက ရိုးသားပွင့်လင်းလှပြီး ဝူယွမ်၏အကူအညီကို အမှန်တကယ် လိုလားနေလေသည်။

သေချာသည်မှာ ဝူယွမ် သဘောတူလိုက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆန်းကြယ်ယွမ်ဆေးလုံး သုံးသောင်းကြောင့် မဟုတ်ဘဲ သူမကို လမ်းပြအဖြစ် အသုံးပြုရန်ကြောင့်ပင်။

လက်ရှိတွင် ဝူယွမ်သည် ရွှမ်လင်းကျွန်းနှင့် ထျန်းဖုန်း ပင်လယ်နယ်မြေ တစ်ခုလုံးကို ရင်းနှီးကျွမ်းဝင်မှု မရှိသေးရာ ဤကဲ့သို့သော လမ်းပြတစ်ဦးက မရှိမဖြစ်လိုအပ်လှပေသည်။

သဘောတူညီချက် ရရှိပြီးသည်နှင့် ကူယန်က စရန်အဖြစ် ဆန်းကြယ်ယွမ်ဆေးလုံး တစ်သောင်းကို ချက်ချင်း ထုတ်ပေးလိုက်ပြီး ကျန်ရှိသော နှစ်သောင်းကို ကိစ္စပြီးမြောက်ချိန်တွင် ပေးအပ်မည်ဟု ဆိုလာသည်။

ဝူယွမ်ကလည်း မဆိုင်းမတွပင် လက်ခံသိမ်းဆည်းလိုက်သည်။

“သခင်မလေး ကျွန်တော်တို့ဘက်ကို လူတစ်စုလာနေတယ်”

အစောင့်တစ်ဦးက အလျင်အမြန် ပြေးလာကာ သတင်းပို့လိုက်သည်။ သူတို့အားလုံး တဲအပြင်သို့ ထွက်ကြည့်လိုက်ကြရာ ရှေ့ဘက် တောင်ကုန်းပေါ်မှ လူအုပ်ကြီးတစ်စု သူတို့ဆီသို့ ဦးတည်လာနေသည်ကို မြင်တွေ့လိုက်ရ၏။

“ဝေမိသားစုပဲ သူတို့လည်း ဒီနေရာကိုရောက်လာတာလား”

ကူယန်က မျက်မှောင်ကြုတ်လိုက်ပြီး ရောက်လာသူများကို ချက်ချင်း မှတ်မိသွားသည်။

ဝူယွမ်၏အကြည့်များက အရှေ့သို့ ဝေ့ဝဲသွားသည်။ အုပ်စု၏ ထိပ်ဆုံးတွင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ရပ်နေလေသည်။

ထိုအမျိုးသား၏ မျက်လုံးများက ချိုင့်ဝင်နေပြီး မျက်နှာပေါ်တွင် ကြင်နာဟန်ရှိသော အပြုံးတစ်ခု ချိတ်ဆွဲထားသော်ငြား ထိုအပြုံး၏နောက်ကွယ်တွင် အေးစက်စက် အငွေ့အသက်များက ကိန်းအောင်းနေပေသည်။

“မဟာမိသားစုကြီးငါးခုထဲက တစ်ခုဖြစ်တဲ့ ဝေမိသားစုလား” ဝူယွမ်က မေးလိုက်သည်။ ထျန်းဖုန်း ပင်လယ်နယ်မြေရှိ အသန်မာဆုံးသော အင်အားစုခုနစ်ခုမှာ လျှို့ဝှက်ဂူ နှစ်ခုနှင့် မဟာမိသားစုကြီးငါးခုပင် ဖြစ်သည်။

“ဟုတ်တယ် ခေါင်းဆောင်လာသူက ဝေမိသားစုက ဝေစုန်ပဲ၊ ဝေမိသားစုရဲ့ လူငယ်မျိုးဆက်တွေထဲမှာ တော်တော်လေး နာမည်ကြီးတယ်”

“သူ့စွမ်းအားကလည်း ကျွန်မနဲ့သိပ်မကွာဘူး၊ ဆန်းကြယ်ရှင်ခြင်းအဆင့်ကို ခြေတစ်လှမ်း ချင်းနင်းဝင်ရောက်နေတဲ့သူပဲ၊ သူ ဒီနေရာကို ရောက်လာတာကို ကြည့်ရရင် သူ့ရည်မှန်းချက်ကလည်း ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီးပဲ ဖြစ်ရမယ်” ကူယန်က ခေါင်းညိတ်လိုက်ပြီး ရှင်းပြလေသည်။

ဝူယွမ်သည် သူ၏အရှိန်အဝါများကို ဖုံးကွယ်ထားပြီးပြီဖြစ်ရာ ဝေစုန်ကို များစွာ အာရုံစိုက်မနေတော့ဘဲ ဝေစုန်၏အနောက်ဘက်တွင် အနက်ရောင်ဝတ်ရုံကြီး ခြုံထားသော ပုံရိပ်တစ်ခုကိုသာ စူးစိုက်ကြည့်နေမိသည်။

“ကောင်းကင်အဆောင်သခင်ပဲ ဟင်းဟင်း” သူက ရယ်သွမ်းသွေးလိုက်မိသည်။

တစ်ဖက်လူ၏ ဖုံးကွယ်ထားသော အရှိန်အဝါကို သူက စူးရှစွာ အာရုံခံမိသွားသည်။

ထိုသူ၏ ခန္ဓာကိုယ်အတွင်း၌ အဆင့် ၉ ကောင်းကင်အဆောင်သခင်တစ်ဦးနှင့်ပင် နှိုင်းယှဉ်၍ရနိုင်လောက်အောင် အလွန်တရာ ပြင်းထန်လှသော ဝိညာဉ်စွမ်းအင် လှိုင်းဂယက်များ ရှိနေပေသည်။

“အို... တိုက်ဆိုင်လိုက်တာ၊ သခင်မလေးကူယန်ကို ဒီနေရာမှာတွေ့ရမယ်လို့ မထင်ထားဘူး” ဝေစုန်က အနားသို့ ရောက်လာပြီး ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။

ကူယန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး အေးစက်စက်လေသံဖြင့်သာ တုံ့ပြန်လိုက်သည်။ “ရှင်တို့ ဝေမိသားစုက သတင်းအတော်လေး မြန်တာပဲ”

“ဟဲဟဲ အတူတူပါပဲ၊ သခင်မလေးကူယန်လည်း ဒီတစ်ခေါက်တော့ အပြိုင်အဆိုင် လုပ်ရမယ့်ပုံပဲ၊ ကျွန်းပေါ်မှာ မိစ္ဆာသားရဲတွေ အများကြီးရှိတယ်၊ ဒီညတော့ သခင်မလေးကူယန် သတိထားသင့်တယ်” ဝေစုန်က ဟန်ဆောင်ပြုံးလိုက်ရင်း ကူမိသားစုအဖွဲ့ကို ဝေ့ကြည့်လိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် အန္တရာယ်ငွေ့များသန်းနေသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ထိုသို့ပြောပြီးနောက် သူက အသံကျယ်ကြီးဖြင့် ရယ်မောကာ ဝေမိသားစုဝင်များကို ဦဆောင်၍ ထွက်ခွာသွားတော့သည်။

“သခင်မလေး အဲဒီကောင်ပြောသွားတာ ဘာအဓိပ္ပာယ်လဲ” ဘေးတွင်ရပ်နေသော ကူယာက ဝေမိသားစု ထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်ရင်း မေးလိုက်သည်။

“ဒီညသတိထားရမယ်၊ ဝေမိသားစုနဲ့ ငါတို့ ကူမိသားစုက အမြဲတမ်း ရန်သူတွေပဲ၊ ပြီးတော့ ဒီဝေစုန်က ရင်ဆိုင်ဖို့ သိပ်လွယ်တဲ့သူမဟုတ်ဘူး” ကူယန်က သက်ပြင်းချရင်း ဆိုလိုက်သည်။

ကူမိသားစုအဖွဲ့ကလည်း ခရီးဆက်လာခဲ့ကြသည်။ သီးသန့် ရထားလုံးတစ်စီးပေါ်တွင် လိုက်ပါလာသော ဝူယွမ်သည် ရှေ့ဆက်ဖြစ်လာမည့် ကိစ္စများကို တွေးတောနေပြီး၊ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ငယ်ထဲရှိ ရှောင်တျောင်းနှင့် လှမ်း၍ ဆက်သွယ်လိုက်သည်။

ညနေစောင်းချိန်တွင် ကူမိသားစုအဖွဲ့သည် စခန်းချရန် နေရာတစ်ခုကို ရှာဖွေတွေ့ရှိသွားပြီး ကာကွယ်ရေးအစီအရင်များကို ပြင်ဆင်လိုက်ကြသည်။

နေ့ခင်းက ဝေစုန်၏ ခြိမ်းခြောက်မှုကို ဖယ်ထားလိုက်လျှင်ပင် ဤရွှမ်လင်းကျွန်းပေါ်တွင် မိစ္ဆာသားရဲအများအပြား ရှိနေပြီး အန္တရာယ်များဖြင့် ပြည့်နှက်နေသည်မှာ အမှန်ပင်ဖြစ်သည်။

ညဉ့်နက်လာသည်နှင့်အမျှ ပင်လယ်လေပြင်းများ တိုက်ခတ်လာကာ ဤဒေသ၏ ထူးခြားသော ပင်လယ်ရေရနံ့များကို သယ်ဆောင်လာခဲ့သည်။ ဝူယွမ် နှုတ်ခမ်း သပ်လိုက်သည်။

ပင်လယ်လေ၏အရသာက အနည်းငယ် ငန်ကျိကျိ ရှိလေ၏။

မှေးမှိန်သောလရောင်က စခန်းတစ်ခုလုံးကို လွှမ်းခြုံထားခဲ့သည်။ ကူမိသားစုမှ အစောင့်ဒါဇင်ပေါင်းများစွာက ပတ်ဝန်းကျင်ရှိ သစ်တောကို နိုးကြားစွာ စောင့်ကြည့်နေကြကာ စခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး မီးပုံမှ ထွက်ပေါ်လာသော သစ်ကိုင်းကျိုးသံ တဖြောက်ဖြောက်မှလွဲ၍ အခြားအသံ မကြားရချေ။

“ဝေါင်းးး”

ရုတ်တရက် သားရဲဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး အမှောင်ထုထဲမှ မျက်လုံးနီနီကြီးများက ကူမိသားစုစခန်းဆီသို့ ချဉ်းကပ်လာကြသည်။

“သားရဲတွေလာပြီ” အပြင်စည်းမှ အစောင့်များက အော်ဟစ်သတိပေးလိုက်သည်။

စခန်းထဲရှိ လူအားလုံး အလျင်အမြန် ထွက်လာကြပြီး ဝူယွမ်မှာတော့ ကူယန်ရှိရာသို့ ထွက်လာခဲ့လိုက်သည်။

သူ တည်ငြိမ်စွာ လမ်းလျှောက်ထွက်လာချိန်တွင် ကူယန်သည် အစောင့်များနှင့်အတူ သားရဲများ၏ တိုက်ခိုက်မှုကို ခုခံရန် အသင့်ပြင်နေသည်ကို မြင်တွေ့လိုက်ရသည်။

“ဒါက ကျောက်တောင်မိစ္ဆာဦးချိုသားရဲတွေပဲ၊ အားလုံး သတိထားကြ၊ နောက်ဆုတ်ပြီး ခုခံကြ” ကူယန်က အစောင့်များနှင့်အတူ ရပ်နေရင်း အော်ဟစ်အမိန့်ပေးလိုက်သည်။

“စိတ်မပူပါနဲ့ ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ” ဝူယွမ်က အရှေ့သို့ တစ်လှမ်းတိုးလာကာ တည်ငြိမ်စွာ ပြောလိုက်သည်။

ကူယန်က သူ့ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်မိ၏။ သူတို့ပတ်လည်တွင် မိစ္ဆာသားရဲ ရာဂဏန်း၊ ထောင်ဂဏန်းမက ဝိုင်းရံနေပြီး အမှောင်ထဲတွင် ပုန်းခိုနေသော ပုံရိပ်များကိုလည်း သူမ မြင်တွေ့ထားပြီးဖြစ်သည်။

သို့သော် ဝူယွမ်က အမှောင်ထုထဲသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

သူ လျှောက်သွားသည်နှင့် တစ်ပြိုင်နက် ပြေးဝင်လာသော ကျောက်တောင်မိစ္ဆာဦးချိုသားရဲကြီးများမှာ အစွမ်းထက် အင်အားတစ်ရပ်ကြောင့် အနောက်သို့ လွင့်စင်သွားကြတော့သည်။

“ရှောင်တျောင်း ထွက်လာခဲ့တော့”

မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ငယ်ပေါ်တွင် အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီး အလွန်တရာ ရုပ်ရည်ချောမောလှသော ရှောင်တျောင်းက အတွင်းမှ ထွက်ပေါ်လာသည်။

“အစ်ကိုကြီး” ရှောင်တျောင်း ထွက်လာသည်နှင့် ပတ်ဝန်းကျင် အခြေအနေကို ချက်ချင်း အာရုံခံမိသွားသည်။

“ဒီမိစ္ဆာသားရဲတွေကို မင်းရှင်းလင်းလိုက် ငါက အဲဒီကောင်းကင်အဆောင်သခင်ကို သွားဖမ်းလိုက်မယ်” ဝူယွမ်က ညွှန်ကြားလိုက်လေသည်။

“အသေးအဖွဲကိစ္စလေးပါ” ရှောင်တျောင်းက ရယ်မောလိုက်သည်။

ထို့နောက် ချက်ချင်းပင် ခရမ်းရောင် အလင်းတံဆိပ်များ ပစ်လွှတ်လိုက်လေ၏။ ဤမိစ္ဆာသားရဲများကို တစ်စုံတစ်ဦးက ထိန်းချုပ်ထားခြင်း ဖြစ်သည်။

သားရဲများ၏ ခန္ဓာကိုယ်အတွင်း၌ တစ်ဖက်လူချန်ရစ်ခဲ့သော ဝိညာဉ်အမှတ်အသားများကို ဖျက်ဆီးပစ်လိုက်ရုံဖြင့် ကောင်းကင်မြွေပါ၏အရှိန်အဝါအောက်တွင် ဤမိစ္ဆာသားရဲများကို အလွယ်တကူ ခြောက်လှန့်ဖယ်ရှားနိုင်ပေသည်။

ဝူယွမ်၏ ပုံရိပ်က မှောင်မည်းနေသော သစ်တောထဲသို့ ဝင်ရောက်သွားပြီး သူ၏ကျဉ်းမြောင်းနေသော မျက်လုံးများက ပတ်ဝန်းကျင်ကို အဆက်မပြတ် အကဲခတ်နေသည်။

ဤထူထပ်သော သစ်တောထဲတွင် အရှိန်အဝါများစွာ ပုန်းခိုနေသည်ကို သူအာရုံခံမိနေကာ သူ၏အာရုံထဲတွင် အရာအားလုံးက ရှင်းလင်းထင်ရှားနေပေသည်။

နဂါးချည်မျှင်သလင်းအပ်များ လွင့်ပျံထွက်သွားကာ ရွှေရောင်အလင်းတန်းဖျော့ဖျော့လေးများက သစ်တောအတွင်း ဖြတ်သန်းသွားပြီး အချိန်တိုအတွင်းမှာပင် ထိုပုံရိပ်များအားလုံး လဲကျသွားတော့သည်။

“လူသားရုပ်သေးရုပ်တွေပဲ ဒီနည်းလမ်းက တကယ်ကိုရက်စက်လွန်းတယ်”

ဝူယွမ်က ထိုလူများကို စစ်ဆေးကြည့်လိုက်ရာ သူတို့အားလုံးမှာ ဝိညာဉ်စွမ်းအင်ဖြင့် ထိန်းချုပ်ခံထားရကြောင်း တွေ့ရှိလိုက်ရသည်။

သက်ရှိလူသားများကို ရုပ်သေးရုပ်အဖြစ် တိုက်ရိုက်သန့်စင်သည့် ဤနည်းလမ်းသည် သွေးဝိညာဉ်ရုပ်သေးရုပ်များထက်ပင် များစွာ ပို၍ ရက်စက်ကြမ်းကြုတ်လှပေသည်။

ဝူယွမ်သည် ဤဝိညာဉ်စွမ်းအင် အရှိန်အဝါကို ခြေရာခံလိုက်ပြီး အမှောင်ထဲတွင်ပုန်းခိုနေသော ကောင်းကင်အဆောင်သခင်ကို အလျင်အမြန် ရှာတွေ့သွားခဲ့သည်။

သူက ထူထပ်သော သစ်တောထဲမှ ထွက်လာပြီး ကျောက်တုံးကြီးတစ်ခုပေါ်သို့ ဆင်းသက်လိုက်လေသည်။

အခန်း (၃၂၆) - မိစ္ဆာလေ လျှို့ဝှက်ဂူမှ ကောင်းကင်အဆောင်သခင်တစ်ဦးကို သတ်ဖြတ်ခြင်း(၂)

ထို့‌နောက် ခေါင်းမော့ကာ သူ့ရှေ့ရှိ တောင်ကုန်းငယ်လေးဆီသို့ ကြည့်လိုက်ရာ တောင်ထိပ်ပေါ်တွင် အနက်ရောင်ဝတ်စုံကို၀တ်ဆင်ထားသော ပုံရိပ်တစ်ခုက တိတ်တဆိတ်ထိုင်နေပြီး အလွန်နက်ရှိုင်းလှသော မျက်လုံးအစုံက သူ့အား အေးစက်စွာဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

တစ်ဖက်လူကလည်း သူ့ကို ရှာတွေ့သွားပုံရသည်။ ဤအချိန်တွင် ထိုသူ၏ ပတ်လည်ရှိ လူသားရုပ်သေးရုပ် ဒါဇင်ပေါင်းများစွာနှင့် သားရဲရုပ်သေးရုပ်များသည် ဝူယွမ်ဆီသို့ အလုအယက် ပြေးဝင်လာကြသည်။ ဤရုပ်သေးရုပ်များ၏ စွမ်းအားများမှာ နိဗ္ဗာန်အဆင့် ၇ ဝန်းကျင်တွင်သာ ရှိကြသည်။

မိုးကြိုးဝိညာဉ်ကောင်းကင်ဓားက ဝူယွမ်၏လက်ထဲတွင် ပေါ်လာကာ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် ထက်ရှလွန်းသော ဓားအလင်းတန်းများ ပစ်လွှတ်ထွက်ပေါ်သွားပြီး ထိုရုပ်သေးရုပ်များမှာ ဓားအလင်းတန်းများအောက်တွင် ဖရဲသီး၊ သခွားသီးများ အခုတ်ခံရသကဲ့သို့ ပိုင်းဖြတ်ခံလိုက်ရတော့သည်။

“မင်းဆီမှာ တစ်ခုခုတော့ ရှိပုံရတယ်၊ ဝင်စွက်ဖက်ချင်မှတော့ မင်းကို အသက်ရှင်ခွင့်ပေးလို့မဖြစ်တော့ဘူး”

အနက်ရောင်ဝတ် အမျိုးသားက ဝူယွမ်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ လက်ခနဲဖြစ်သွားသည်။

ထို့နောက် သူ့ဘက်မှ မည်သည့်လှုပ်ရှားမှုမျှမပြဘဲ ကောင်းကင်ယံ၌ စူးရှသော လေခွင်းသံများ ရုတ်တရက် ထွက်ပေါ်လာကာ ကြီးမားကျယ်ပြန့်လွန်းသော စွမ်းအားတစ်ရပ်က ဝူယွမ်ဆီသို့ လှိုင်းထန်စွာ ရိုက်ခတ်လာတော့သည်။

ဝူယွမ်၏ မျက်လုံးထဲတွင် တစ်ဖက်လူ ပစ်လွှတ်လိုက်သော ဝိညာဉ်စွမ်းအင်ဓားကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရသည်။

သို့သော် ဝူယွမ်က နေရာတွင်ပင် မတ်တတ်ရပ်နေဆဲဖြစ်သည်။ သူ၏ နီ၀မ်နယ်ပယ်ထဲမှ ဝါးမျိုခြင်းစွမ်းအားများ ထွက်ပေါ်လာကာ ဝိညာဉ်စွမ်းအင်ဓားကို ရစ်ပတ်ပြီး တိုက်ရိုက်ဝါးမျိုပစ်လိုက်သည်။

“ဝါးမျိုခြင်း စွမ်းအားလား၊ ဒါ ဝါးမျိုခြင်းဘိုးဘေးအဆောင်များ ဖြစ်နေမလား” အနက်ရောင်ဝတ် အမျိုးသားက အံ့သြတကြီး ရေရွတ်လိုက်ပြီးနောက် သူ၏မျက်လုံးများ အရောင်လက်သွားခဲ့သည်။

ချက်ချင်းပင် သူ၏လက်နှစ်ဖက်ဖြင့် လက်ကွက်များကို ပြင်းထန်စွာ ဖွဲ့စည်းလိုက်ရာ ကြီးမားလွန်းသော ဝိညာဉ်စွမ်းအင်များ လှိုင်းထန်စွာ ထွက်ပေါ်လာပြီး သူ့အရှေ့ရှိ လေဟာနယ်ထဲတွင် ပေတစ်ရာခန့် ကြီးမားသော ထူးဆန်းသည့် မျက်လုံးကြီးတစ်လုံး ပုံပေါ်လာတော့သည်။

“ဝိညာဉ်နုတ်မျက်လုံး၊ ဝိညာဉ်ကိုနုတ်ယူစမ်း”

မျက်လုံးကြီးက ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်နှင့် ထူးဆန်းသော အလင်းတန်းတစ်ခု ချက်ချင်း ထွက်ခွာသွားပြီး ဝူယွမ်ကို တိုက်ရိုက် လွှမ်းခြုံသွားတော့သည်။

ထိုအလင်းတန်း၏ လွှမ်းမိုးမှုအောက်တွင် ဝူယွမ်သည် သူ၏အသိစိတ်များ စတင် ဝေဝါးလာသည်ကို ခံစားလိုက်ရသည်။

“ဒီမျက်လုံးကြီးက တော်တော်လေး ကြည့်ရဆိုးတာပဲ”

ဝူယွမ်၏ နီ၀မ်နယ်ပယ်ထဲရှိ ကစဉ်ကလျားသန္ဓေသားက အနည်းငယ် တုန်ခါသွားပြီးနောက် သူ၏အသိစိတ်များ ချက်ချင်း ပြန်လည်ကြည်လင်လာကာ အဆိုးမြင် စိတ်ခံစားချက်များအားလုံးကို ဖယ်ရှားပစ်လိုက်သည်။

တစ်ဖက်လူ၏ ဝိညာဉ်နုတ်မျက်လုံးသည် လူသားရုပ်သေးရုပ်များကို ထိန်းချုပ်ရာတွင် အသုံးပြုသော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပုံရပြီး လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။

“ကွဲအက်စမ်း”

ဝူယွမ်၏ မူလစိတ်ဝိညာဉ်စွမ်းအားများ လှိုင်းထန်လာပြီး စိတ်ဝိညာဉ်ဓားချီတစ်ခုအဖြစ် တိုက်ရိုက်စုစည်းကာ မျက်လုံးကြီးဆီသို့ ပစ်လွှတ်လိုက်‌လေသည်။

ဘန်းးး။

မူလစိတ်ဝိညာဉ်ဓားချီအောက်တွင် မျက်လုံးကြီးမှာ တိုက်ရိုက်ပေါက်ကွဲထွက်သွားကာ ဝိညာဉ်စွမ်းအင်များ ပြန့်ကျဲထွက်သွားတော့သည်။

“မင်း...” အနက်ရောင်ဝတ် အမျိုးသားမှာ ပို၍ပင် အံ့အားသင့်သွားခဲ့ရသည်။ ဝူယွမ်၏ မူလစိတ်ဝိညာဉ်တိုက်ခိုက်မှုက ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ဤအနက်ရောင်ဝတ်အမျိုးသား၏ စွမ်းအားသည် ယွမ်ချန်းနှင့်ပင် နှိုင်းယှဉ်၍ရနိုင်ပေသည်။ ထို့အပြင် ကောင်းကင်အဆောင်သခင်တစ်ဦး၏ နည်းလမ်းများက ပို၍ပင်ထူးဆန်းလှပေသည်။

သို့သော် လက်ရှိ ဝူယွမ်ကို ရင်ဆိုင်ရချိန်တွင်တော့ သူသည် လူပျက်တစ်ဦးမျှသာ ဖြစ်နေပေသည်။

လက်ရှိတွင် ဝူယွမ်၏ဝိညာဉ်စွမ်းအင်သည် ကောင်းကင်အဆောင်သခင် အဆင့် ၉ တွင်သာ ရှိနေသော်လည်း ၎င်းမှာ သူ၏ အစစ်အမှန်စွမ်းအား မဟုတ်ချေ။

သူသည် ကောင်းကင်အဆောင်သခင်နယ်ပယ်မှ နောက်တစ်ဆင့်သို့ ထိုးဖောက်တက်လှမ်းနိုင်သည်မှာ ကြာပြီဖြစ်သည်။

အဆင့် ထိုးဖောက်မတက်လှမ်းရသေးခြင်း၏ အကြောင်းရင်းမှာ လေ၊ မိုးကြိုး ကပ်ဘေးကို အကျပ်အတည်းအချိန်တွင် အသုံးပြုရန် ဝှက်ဖဲတစ်ခုအဖြစ် သိမ်းဆည်းထားလို၍သာ ဖြစ်သည်။

ကစဉ်ကလျားနတ်ဘုရားကြိတ်ဆုံ နည်းစနစ်နှင့် ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်တို့ကို ကျင့်ကြံပြီးနောက်တွင် သူ၏ ဝိညာဉ်စွမ်းအင် ကျင့်ကြံမှုအဆင့်ကို ဤလောက၏ နယ်ပယ်သတ်မှတ်ချက်များဖြင့် တိုင်းတာ၍ မရနိုင်တော့ချေ။

သိုင်းပညာလမ်းစဥ်တွင် အထွတ်အထိပ်သို့ရောက်ရှိရန် ပြင်းပြသော သူ၏ရည်မှန်းချက်များက ခြေလှမ်းတိုင်းတွင် အထင်းသား ပေါ်လွင်နေပေသည်။

သူ၏ ဝိညာဉ်စွမ်းအင်ပြင်းအားနှင့် မူလစိတ်ဝိညာဉ်တိုက်ခိုက်မှု စွမ်းအားတို့သည် သာမန် ကောင်းကင်အဆောင်သခင်များထက် များစွာ သာလွန်လှသည်။

ထို့အပြင် ထိပ်တန်း ကောင်းကင်သိုင်းပညာရပ်များနှင့် နှိုင်းယှဉ်နိုင်သော ဝိညာဉ်စွမ်းအင် ရတနာဖြစ်သည့် အဆောင်ဂိုဏ်း မသေမျိုးကျမ်းကို ရရှိပြီးနောက် ဝူယွမ်၏ ဝိညာဉ်စွမ်းအင် အသုံးပြုမှုနည်းလမ်းများက ပိုမို အဆင့်မြင့်မားလာခဲ့ပြီဖြစ်သည်။

အနက်ရောင်ဝတ် အမျိုးသား၏ ဝိညာဉ်စွမ်းအင်တိုက်ခိုက်မှုများသည် သူ၏မျက်လုံးထဲတွင် အရိုင်းဆန်ပြီး ရိုးရှင်းလွန်းလှသည်ဟု ပြော၍ရပေသည်။

ဤအချိန်တွင် အနက်ရောင်ဝတ်အမျိုးသား၏ မျက်နှာအမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး မျက်လုံးများ အေးစက်သွားသည်။

သူက ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ ထူးခြားစွာ ကြီးမားကျယ်ပြန့်လာသော ဝိညာဉ်စွမ်းအင်များက တစ်ဖန်လှိုင်းထန်စွာ ထွက်ပေါ်လာပြန်သည်။

ဝိညာဉ်စွမ်းအင်များက စုစည်းသွားကာ သူ၏အနောက်ဘက်တွင် ဝိညာဉ်စွမ်းအင်လှံတံကြီးတစ်ခုအဖြစ် ပုံပေါ်လာပြီး ဝူယွမ်ဆီသို့ပစ်လွှတ်လိုက်သည်။

ဝူယွမ်ကလည်း ဝိညာဉ်စွမ်းအင်ဖြင့်ပင် တုံ့ပြန်လိုက်သည်။ သိမ်မွေ့လွန်းသော စိတ်ဝိညာဉ်ဓားချီတစ်ခုက တစ်ဖက်လူ၏ တိုက်ကွက်ကို အလွယ်တကူ တွန်းလှန်နိုင်ပေသည်။

သူ၏တိုက်ခိုက်မှု အရာမထင်သည်ကို မြင်လိုက်ရသောအခါ တစ်ဖက်လူက အစွမ်းထက်လှသော ဝိညာဉ်စွမ်းအင် လေဆင်နှာမောင်းကြီးတစ်ခုကို ချက်ချင်း ဖန်တီးလိုက်သည်။

ထိုဝိညာဉ်စွမ်းအင် မုန်တိုင်းအောက်တွင် လေဟာနယ်ပင် အနည်းငယ် ပုံပျက်သွားခဲ့ရသည်။ သူသည် ဝူယွမ်၏မူလစိတ်ဝိညာဉ်ကို ပြန့်ကျဲသွားစေရန်နှင့် ဝူယွမ်ကို နောက်ဆုတ်သွားစေရန် ကြိုးစားနေခြင်း ဖြစ်သည်။

ဝိညာဉ်စွမ်းအင်မုန်တိုင်းကို ပစ်လွှတ်ပြီးနောက် အနက်ရောင်ဝတ် အမျိုးသားက ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။

သို့သော် ဝူယွမ်က တစ်ဖက်လူ၏ ဝိညာဉ်စွမ်းအင်မုန်တိုင်းကို လုံးဝ လျစ်လျူရှုထားလိုက်သည်။

သူ၏ ရှေ့တွင် တြိဂံပုံစံ ဝိညာဉ်စွမ်းအင်ဒိုင်းတစ်ခု ပုံပေါ်လာပြီး တစ်ဖက်လူ၏ ဝိညာဉ်စွမ်းအင် မုန်တိုင်းကို လမ်းကြောင်းလွှဲပေးလိုက်သည်။ အလယ်ဗဟိုတွင် ရပ်နေသော သူကတော့ ဆံချည်တစ်မျှင်ပင် မလွင့်သွားခဲ့ချေ။

“လာပြီးမှတော့ မထူးပါဘူး၊ မပြန်ပါနဲ့တော့၊ ဒီမှာပဲ ထာ၀ရအိပ်‌ဆက်လိုက်‌တော့”

ဝူယွမ်၏အကြည့်များ ကျဆင်းသွားသည်နှင့်အမျှ နဂါးချည်မျှင်သလင်းအပ် နှစ်ချောင်းကလည်း တိုး၀င်သွားသည်။

ယခုအခါ သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် သန့်စင်ထားသော နဂါးချည်မျှင်သလင်းအပ်များသည် အလွန်တရာ ပြင်းထန်လွန်းသော ဝိညာဉ်ထိုးဖောက်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီဖြစ်သည်။

အနက်ရောင်ဝတ်အမျိုးသားက ခုခံရန် ကြိုးစားသော်လည်း လုံးဝမစွမ်းဆောင်နိုင်ခဲ့ချေ။

နဂါးချည်မျှင်သလင်းအပ် နှစ်ချောင်းက သူ၏ပေါင်နှစ်ဖက်ကို အောင်မြင်စွာ ဖောက်ထွင်းဝင်ရောက်သွားပြီး အတွင်း၌ ရူးသွပ်စွာ လှည့်ပတ်မွှေနှောက်နေတော့သည်။

“အား”

အနက်ရောင်ဝတ် အမျိုးသားက အော်ဟစ်လိုက်ပြီး ခြေထောက်များကို ဆုပ်ကိုင်ကာ လဲကျသွားတော့သည်။

“မသတ်... မသတ်ပါနဲ့၊ ငါ့ဆရာက မိစ္ဆာလေ လျှို့ဝှက်ဂူရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲတစ်ယောက်ပဲ၊ မင်းသာ ငါ့ကို ထိခိုက်အောင်လုပ်ရဲရင် မင်းရဲ့ အဆုံးသတ်က သေချာပေါက် အလွန်အမင်း ဆိုးရွားလိမ့်မယ်” သူက ဝူယွမ်ကို ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့်ကြည့်ရင်း ခြိမ်းခြောက်လိုက်သေးသည်။

အနက်ရောင်ဝတ်အမျိုးသားက စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ဝူယွမ်ကို စူးရဲစွာ စိုက်ကြည့်ကာ အန္တရာယ်ငွေ့များ သန်းနေသော အပြုံးဖြင့် ပြောလာသည်။

“မင်းက ပါးနပ်တဲ့သူပဲ၊ မိစ္ဆာလေ လျှို့ဝှက်ဂူကို စော်ကားမိရင် ဘယ်လောက်ကြီးမားတဲ့ ဘေးဒုက္ခဆိုးကြီး ဖြစ်လာမလဲဆိုတာ မင်းသိမှာပါ၊ မင်းဆီမှာ ဝါးမျိုခြင်းဘိုးဘေးအဆောင် ရှိတယ်မလား၊ အကယ်၍သာ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ငါတို့ မိစ္ဆာလေ လျှို့ဝှက်ဂူဆီ လွှဲပြောင်းပေးမယ်ဆိုရင်၊ အဲဒါက ကြီးမားတဲ့ အကျိုးဆောင်မှုတစ်ခု ဖြစ်လာမှာပဲ၊ ပြီးတော့ ငါတို့ မိစ္ဆာလေ လျှို့ဝှက်ဂူကလည်း နောင်တစ်ချိန်မှာ မင်းကို မျက်နှာသာပေးဆက်ဆံမှာ သေချာတယ်”

“မင်းက ငတုံးလား” ဝူယွမ်က ခေါင်းယမ်းလိုက်သည်။

‘အဲဒီလိုမျိုးအဲဒီလိုမျိုး အသက်ချမ်းသာပေးဖို့ ဘယ်သူက တောင်းဆိုဖူးလို့လဲ’ ဝူယွမ် စိတ်ထဲမှ တွေးလိုက်မိသည်။

အပိုစကားများ ထပ်ပြောမနေတော့ဘဲ ဝူယွမ်က ဓားတစ်ချက်တည်းဖြင့် သူ၏အသက်ကို တိုက်ရိုက် အဆုံးသတ်ပေးလိုက်သည်။

ထို့နောက် သူ၏ မူလစိတ်ဝိညာဉ်ကို သိမ်းဆည်းလိုက်ပြီး အလောင်းကိုထမ်းကာ စခန်းဆီသို့ ပြန်လာခဲ့သည်။

ထိုအချိန်တွင် စခန်း၏အခြေအနေမှာ အများစုက ပြန်လည်ကောင်းမွန်နေပြီဖြစ်သည်။ ဝူယွမ်နှင့် ရှောင်တျောင်းတို့၏ ဝင်ရောက် စွက်ဖက်မှုကြောင့် သူတို့သည် သားရဲလှိုင်း၏ ရိုက်ခတ်မှုကို ကြီးကြီးမားမား မခံခဲ့ရချေ။

“ရှောင်တျောင်း မင်း အမှောင်ထဲမှာ အရင်ပုန်းနေပြီး ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီး ရှိမယ့်နေရာကို ကင်းထောက်ထားလိုက်”

ဝူယွမ်က အမှောင်ထုထဲရှိ ရှောင်တျောင်းထံသို့ မူလစိတ်ဝိညာဉ်မှတစ်ဆင့် သတင်းစကား ပါးလိုက်ပြီး ကျွန်းပေါ်တွင် ပုန်းကွယ်ကာ လှုပ်ရှားနေရန် ညွှန်ကြားလိုက်သည်။

စခန်းသို့ ရောက်ရှိလာချိန်တွင် ထိတ်လန့်တုန်လှုပ်နေကြသော ကူမိသားစုဝင်များအားလုံးက အနက်ရောင်ဝတ် အမျိုးသားတစ်ဦးကို ထမ်းလာသော ဝူယွမ်ကို စူးစမ်းလိုစိတ်များဖြင့် ဝိုင်းကြည့်နေကြသည်။

“ဒီတိုက်ခိုက်မှုက အဲဒီ ဝေစုန် စီစဉ်ထားတာ ဖြစ်နိုင်တယ်၊ ဒီကောင်က နေ့ခင်းတုန်းက သူ့ဘေးမှာပါလာတဲ့ ကောင်းကင်အဆောင်သခင်ပဲ၊ ခင်ဗျားတို့ကို တိုက်ခိုက်ဖို့ပြင်နေတဲ့ မိစ္ဆာသားရဲတွေနဲ့ လူတွေအားလုံးကို ဒီကောင်က ထိန်းချုပ်ထားတာ”

ဝူယွမ်က အနက်ရောင်ဝတ် အမျိုးသားကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ရင်း ပြောလိုက်သည်။

သူက ကူယန်နှင့် အခြားသူများကို ဤလျှို့ဝှက်ချက်အား တိုက်ရိုက်ဖွင့်ချလိုက်ခြင်း ဖြစ်သည်။

“ကောင်းကင်အဆောင်သခင်လား”

ကူယန်နှင့် အခြားသူများမှာ လန့်ဖျပ်သွားကြသည်။ အကယ်၍ ဝူယွမ်သာမပြောပြခဲ့လျှင် ဝေစုန်က ဤမျှလောက် အစွမ်းထက်သော အကူအညီကို ခေါ်လာလိမ့်မည်ဟု သူတို့ ယုံကြည်နိုင်မည် မဟုတ်ချေ။

‘ဒါပေမဲ့ သူက ကောင်းကင်အဆောင်သခင် တစ်ယောက်လေ ဘယ်လိုလုပ် ကြက်ပေါက်လေးတစ်ကောင်လိုမျိုး ခင်ဗျား ထမ်းလာတာကို ခံလိုက်ရတာလဲ'

“သခင်လေး အပြင်ကို ခဏလေးထွက်သွားရုံနဲ့ ကောင်းကင်အဆောင်သခင် တစ်ယောက်ကို ရှင်းပစ်နိုင်ခဲ့တာလား” အတွေးများကို ရှင်းလင်းပြီးနောက် ကူယန်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရင်း အနည်းငယ် မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

ကောင်းကင်အဆောင်သခင်ဆိုသည်မှာ ဆန်းကြယ်ရှင်ခြင်းအဆင့်နှင့် ရင်ပေါင်တန်းနိုင်သော ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဝူယွမ်က အပြင်ပန်းကြည့်လျှင် ဆန်းကြယ်ရှင်ခြင်းအဆင့် (အစောပိုင်း) တွင်သာ ရှိနေသည် မဟုတ်လော။

“ဒီကောင်မသေခင် ပြောသွားတာကတော့ သူ့ဆရာက မိစ္ဆာလေ လျှို့ဝှက်ဂူရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲတစ်ယောက်တဲ့၊ သူက ဝေစုန်ဖိတ်ခေါ်ထားတဲ့ အကူအညီဖြစ်ရမယ်၊ ခင်ဗျားတို့ အားလုံး သတိထားသင့်တယ်” ဝူယွမ်က ပြောလိုက်သည်။

သူကိုယ်တိုင်ကတော့ မည်သည့် မိစ္ဆာလေ လျှို့ဝှက်ဂူကိုမျှ ကြောက်ရွံ့နေခြင်း မရှိချေ။

အဆိုးဆုံးအခြေအနေတွင် မနိုင်လျှင် ထွက်ပြေးရုံသာ ရှိသည်။ သူသည် ယွမ်ဂိုဏ်းကိုပင် ဖျက်ဆီးခဲ့ပြီးပြီဖြစ်ရာ လျှို့ဝှက်ဂူတစ်ခုလောက်ကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။

All Chapters