← Chapters

အခန်း (၃၂၇-၃၂၈)

Vol. 33 Ch. 327-328

အခန်း (၃၂၇-၃၂၈)

Vol. 33 Ch. 327-328

အခန်း (၃၂၇) - ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်ပင်(၁)

အနက်ရောင်ဝတ် အမျိုးသားက မိစ္ဆာလေ လျှို့ဝှက်ဂူမှ ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ကူယန်နှင့် အခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူတို့အတွက်တော့ မိစ္ဆာလေ လျှို့ဝှက်ဂူဆိုသည်မှာ အလွန်တရာ ကြီးမားကျယ်ပြန့်လှသော အင်အားစုကြီးတစ်ခုပင်။

ထို့အပြင် မိစ္ဆာလေ လျှို့ဝှက်ဂူ၏ ဂုဏ်ထူးဆောင် အကြီးအကဲများဆိုသည်မှာ အနည်းဆုံး ဆန်းကြယ်သေခြင်းအဆင့်ရှိ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။

‘ဒီကိစ္စကတော့ နည်းနည်းခက်ခဲသွားပြီ'

သူတို့ ကူမိသားစုတွင် အသန်မာဆုံးသူမှာ ဆန်းကြယ်သေခြင်းအဆင့်တွင်သာ ရှိပေသည်။

ဤမျှ ကြီးကျယ်ခမ်းနားလှသော ပုဂ္ဂိုလ်ကြီးတစ်ဦးကို စော်ကားမိသွားသဖြင့် ကူယန်နှင့် အခြားသူများမှာ ခေတ္တမျှ ဘာလုပ်ရမှန်း မသိဖြစ်သွားကြသည်။

“ဒါပေမဲ့ ဒီလူကို ရှင်သတ်လိုက်တာမလား” ကူယင်းက တိုးညှင်းစွာ ရေရွတ်လိုက်သည်။ သူမ၏ လေသံထဲတွင် ဝူယွမ်နှင့် အဆက်အသွယ် ဖြတ်ချင်နေသော ဆန္ဒများက အထင်းသား ပေါ်လွင်နေပေသည်။

ဝူယွမ်က အနည်းငယ်ပြည့်ပြည့်ဖြိုးဖြိုးရှိသော ထိုအမျိုးသမီးကို အံ့သြစွာ ကြည့်လိုက်မိပြီး စကားပြောစရာပင် မရှိတော့ချေ။ သူမသည် တကယ်ကို ဦးနှောက်မရှိသူတစ်ဦးပင်။

ဝူယွမ်က ပြန်လည် မချေပရသေးမီမှာပင် -

ဖြန်း။

ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။

“တစ်ဖက်လူက ကောင်းကင်အဆောင်သခင် တစ်ယောက်ပဲ အကယ်၍ သခင်လေးဝူယွမ်သာ မရှိခဲ့ရင် ဒီည ငါတို့အားလုံး သေရတော့မှာ၊ နင်က ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုး ပြောထွက်ရတာလဲ”

ကူယန်က ကူယင်းကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်သည်။

တစ်ဖက်လူကို ကြောက်ရွံ့နေလျှင်တောင် လက်မြှောက်အရှုံးပေးကာ ဒူးထောက်၍ အသတ်ခံရမည့်အလုပ်ကို မလုပ်နိုင်ချေ။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက သူတို့ကို သတ်ရန် ကြံစည်နေပြီးဖြစ်ရာ ဆွေးနွေးစရာ မလိုတော့ပေ။ ဤကိစ္စအတွက် ဝူယွမ်ကို အပြစ်တင်၍ မရနိုင်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် ဝူယွမ်က သူတို့ကို ကယ်တင်ပေးခဲ့ခြင်းဖြစ်ရာ သူတို့အနေဖြင့် ကျေးဇူးတင်၍ပင် မဆုံးနိုင်အောင် ဖြစ်သင့်ပေသည်။

ကူယင်း၏ စကားများက တစ်ကိုယ်ကောင်းဆန်လွန်းလှပြီး မြစ်ကိုဖြတ်ကူးပြီးသည်နှင့် တံတားကို ဖျက်ဆီးပစ်လိုသည့် သဘောမျိုး သက်ရောက်နေပေသည်။

“ကူယင်းက မောက်မာတာ အကျင့်ပါနေလို့ပါ သခင်လေးဝူယွမ်ကပဲ ခွင့်လွှတ်ပေးပါရှင်၊ ဒီကိစ္စက သခင်လေးနဲ့ ဘာမှမသက်ဆိုင်ပါဘူး အကယ်၍ မိစ္ဆာလေ လျှို့ဝှက်ဂူက စုံစမ်းစစ်ဆေးမယ်ဆိုရင်တောင် ကျွန်မတို့ ကူမိသားစုဆီကို အရင်လာမှာပါ”

“ပြီးတော့ ဒါက ဝေမိသားစုနဲ့ ကျွန်မတို့ ကူမိသားစုကြားက ရန်ငြိုးဟောင်းတွေပါပဲ၊ ဒီလူက သူတို့အသုံးချတဲ့ ဓားစားခံသက်သက်ပဲ၊ လက်စားချေမယ်ဆိုရင်တောင် ဝေမိသားစုကို အရင် လက်စားချေသင့်ပါတယ်”

“ဘယ်သူ့ကို စော်ကားမိတယ်ဆိုတာ အရေးမကြီးပါဘူး အဓိကက ခင်ဗျားတို့ကို သတိပေးတာပါ ဘယ်သူ့ကို စော်ကားမိမှန်းတောင် မသိဘဲ ဖြစ်နေမှာစိုးလို့ပါ” ဝူယွမ်က အေးစက်စက်လေသံဖြင့် တုံ့ပြန်လိုက်သည်။

ပြောပြီးသည်နှင့် သူက လှည့်ထွက်သွားတော့သည်။

ခဏအကြာတွင် ကူယန်က ဝူယွမ်၏ တဲထဲသို့ ရောက်လာခဲ့သည်။

“သခင်လေးဝူယွမ် ခုနက ကိစ္စအတွက် တကယ်ပဲ တောင်းပန်ပါတယ်ရှင်၊ ကူယင်းက အသိဉာဏ် မရှိ...” စောစောက ကူယင်း၏ အပြုအမူအတွက် ဝူယွမ်ကို သူမက တောင်းပန်လိုနေဆဲဖြစ်သည်။

“သူက အသိဉာဏ်မရှိရင်တောင် ခင်ဗျား အသိဉာဏ်ရှိရင် လုံလောက်ပါပြီ” ဝူယွမ်က သူမ၏စကားကို ဖြတ်ပြောလိုက်ပြီး “ကျွန်တော်လုပ်ခဲ့တာတွေက သူ့ကြောင့် မဟုတ်ဘူး ။ဒါကြောင့် သူ ဘာပြောပြော အရေးမကြီးဘူး၊ ဘာလို့လဲဆိုတော့ သူ့ကို ကျွန်တော် အလေးအနက်ထား စဉ်းစားဖူးတာမှ မဟုတ်တာ၊ အကယ်၍ သူက ကျွန်တော့်ကို တကယ် ဒေါသထွက်အောင် လုပ်ခဲ့မယ်ဆိုရင်လည်း သင်ခန်းစာလေး နည်းနည်း ပေးလိုက်ရုံပေါ့၊ ကျွန်တော် သည်းခံနေစရာ မလိုပါဘူး”

“ကျွန်တော် ဝင်ပါခဲ့တာက ခင်ဗျားဆီက ဆန်းကြယ်ယွမ်ဆေးလုံး သုံးသောင်းကို ယူထားပြီး ခင်ဗျားနဲ့ပူးပေါင်းဖို့ သဘောတူထားလို့ပဲ၊ ဒါကြောင့် ကျွန်တော်တို့ ပူးပေါင်းနေချိန်အတွင်းမှာ ခင်ဗျားကို ကူညီဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်”

သူ၏ မျက်လုံးထဲတွင် ကူယင်းဆိုသည်မှာ ဦးနှောက်မရှိသူတစ်ဦးသာဖြစ်ပြီး ဒုတိယအကြိမ် ပြန်ကြည့်ရန်ပင် မထိုက်တန်ချေ။

ကူမိသားစုအဖွဲ့ကို သူ ကာကွယ်ပေးခဲ့ခြင်းမှာ သူ၏ ကိုယ်ပိုင် ရည်မှန်းချက်များအပြင် ကူယန်၏ ဆာကူရာပန်းလေးကို အခွင့်ကောင်းယူ၍ အပိုကြည့်ရှုခဲ့မိသဖြင့် ပြန်လည်ပေးဆပ်သင့်သည်ဟု ခံစားမိကာ မိမိကိုယ်ကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုတစ်ခု ပေးလို၍လည်း ဖြစ်သည်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကူယန်က များစွာ ပို၍ ထူးချွန်ထက်မြက်လှသည်။ ကျင့်ကြံခြင်းစွမ်းရည် သာမက အလှအပ၊ အမြင်ကျယ်မှုနှင့် လူမှုဆက်ဆံရေးတို့တွင်လည်း များစွာ သာလွန်ပေသည်။

ကူမိသားစုအဖွဲ့ကလည်း သူမကို များစွာ ရိုသေလေးစားကြသည်။

ဝူယွမ်ကလည်း သူမကို အသိအမှတ်ပြုသည်။ ဤမိန်းကလေး၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းက ကောင်းမွန်လှပြီး တကယ်ကို အရည်အချင်းရှိသူ တစ်ဦးပင်။

“နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးဝူယွမ်” ကူယန်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

“သခင်လေး စောစော အနားယူပါအုံးရှင့်၊ မနက်ဖြန် ကျွန်မတို့ ရွှမ်လင်းတောင်ကို ရောက်တော့မှာပါ”

... “အစ်ကိုကြီး”

မနက်ခင်း အရုဏ်တက်ချိန်တွင် ရှောင်တျောင်းသည် ဝူယွမ်၏တဲထဲသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။

“ကျွန်တော် ဒီကျွန်းပေါ်က ယေဘုယျအခြေအနေတွေကို စုံစမ်းပြီးပါပြီ၊ ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်ပင်က အလယ်ဗဟိုမှာရှိတဲ့ ရွှမ်လင်းတောင်ပေါ်မှာ ရှိတယ်...”

ရှောင်တျောင်းက သူသိရှိထားသမျှ အရာအားလုံးကို ဝူယွမ်အား ပြောပြလိုက်သည်။

ထို့နောက် လူနှင့်မြွေပါတို့က ရှေ့ဆက် ဘာလုပ်ရမည်ကို ဆွေးနွေးတိုင်ပင်နေကြလေသည်။

အဓိကအားဖြင့် ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီးကို လာရောက်လုယူသူများအပေါ် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ရွှမ်လင်းကျွန်းပေါ်တွင် အကြီးမားဆုံးနှင့် အခမ်းနားဆုံးသော တောင်ထွတ်ကြီးဖြစ်သည့် ရွှမ်လင်းတောင်သည် ပေထောင်ချီမြင့်မား၍ မားမားမတ်မတ် ရပ်တည်နေပြီး တိမ်တိုက်များကို ဖောက်ထွင်းဝင်ရောက်နေသည်။

တောင်ခါးပန်းတွင် မြူခိုးများ ရစ်သိုင်းနေသဖြင့် အပေါ်သို့ မော့ကြည့်ရန်ပင် ခက်ခဲလှပေသည်။

ဤအချိန်တွင် ရွှမ်လင်းတောင်ခြေ၌ မရေမတွက်နိုင်သော ပုံရိပ်များက သစ်တောထဲမှ အဆက်မပြတ် ထွက်ပေါ်လာကာ ဤနေရာတွင် စုရုံးရောက်ရှိလာကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် တောင်ထိပ်ဆီသို့ လိုလားတောင့်တမှုများ ပြင်းပြစွာဖြင့် တောက်လောင်နေကြသည်။

တောင်ခြေတွင် ထိပ်သီးပုဂ္ဂိုလ်များ ပိုမိုများပြားလာသည်နှင့်အမျှ ရွှမ်လင်းတောင်ပေါ်မှ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသော သားရဲဟိန်းဟောက်သံများက မှေးမှိန်စွာ ပဲ့တင်ထပ်လာသည်။

ထိုဟိန်းဟောက်သံများထဲတွင် သတိပေးချက်များ ပါဝင်နေပြီး ရွှမ်လင်းတောင်ပေါ်ရှိ အစွမ်းထက် မိစ္ဆာသားရဲများကလည်း ဖိတ်ခေါ်မထားသော ဧည့်သည်များကို အာရုံခံမိနေပြီဖြစ်ကြောင်း ညွှန်ပြနေပေသည်။

နောက်ဆုံးတွင် ကူယန်က ကူမိသားစုအဖွဲ့ကို ဦးဆောင်ကာ ရွှမ်လင်းတောင်ခြေသို့ ရောက်ရှိလာခဲ့သည်။

ပတ်ဝန်းကျင်တွင် လူအတော်များများ ရှိနေပြီး အများစုမှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။

ရောက်ရှိလာချိန်တွင် သူတို့သည် တစ်ဦးနှင့်တစ်ဦး အချင်းချင်း သတိထားကာ အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားကြသည်။

ကူယန်က ဝူယွမ်၏ဘေးတွင် ရပ်ကာ အင်အားစု အသီးသီးအကြောင်းကို တိုးညှင်းစွာ မိတ်ဆက်ပေးလိုက်သည်။

“ဟိုက အပြာရောင်ဝတ်ထားတဲ့ လူငယ်က ကျန်းရှင်းကျွန်းရဲ့ ကျွန်းသခင်လေး လုကျန်းပဲ၊ သူက ဒီထျန်းဖုန်း ပင်လယ်နယ်မြေက လူငယ်မျိုးဆက်တွေကြားမှာ နာမည်နည်းနည်းရတယ်။ သူက တစ်ခါတုန်းက... ကျွန်မကို လိုက်ဖူးတယ်”

“ဒီလူက မျက်နှာအရေအရမ်းထူတယ် ကျွန်မက အကြိမ်ကြိမ် ငြင်းပယ်ခဲ့တာတောင် ဆက်ပြီး နှောင့်ယှက်နေခဲ့တာ၊ နောက်ပိုင်းကျတော့ ဒီကိစ္စကြောင့် သူက မကျေမနပ်ဖြစ်ပြီး ဝေမိသားစုနဲ့ ပူးပေါင်းကာ ကျွန်မတို့ ကူမိသားစုကို လျှို့ဝှက်စွာ ဒုက္ခပေးနေခဲ့တယ်”

“မကြာခင် ဖြစ်လာမယ့် ပြိုင်ပွဲမှာ သူက ဝေစုန်နဲ့ ပူးပေါင်းကောင်း ပူးပေါင်းနိုင်တယ်”

“အဲဒီတစ်ယောက်ကတော့ ဟိုင်ယွမ်ဂိုဏ်းကပဲ၊ ခေါင်းဆောင် ဟန်ထောင်က ဟိုင်ယွမ်ဂိုဏ်းရဲ့ လူငယ်မျိုးဆက်တွေထဲမှာ အထူးချွန်ဆုံးသူပဲ သူ့ရဲ့စွမ်းအားကလည်း ဆန်းကြယ်ရှင်ခြင်း အဆင့်ကို ရောက်နေလောက်ပြီ”

“ဟို မီးခိုးရောင်ဝတ်ထားတဲ့ လက်တစ်ဖက်ပြတ်နေတဲ့လူ နာမည်ကမိုကျန်း၊ မိုကျန်းက ဘယ်အင်အားစုနဲ့မှ မပူးပေါင်းထားပေမဲ့ ဒီထျန်းဖုန်း ပင်လယ်နယ်မြေမှာ အတော်လေး နာမည်ကြီးတယ် သူက ဆန်းကြယ်ရှင်ခြင်း ကနဦးအဆင့် မှာပဲ ရှိသေးပေမဲ့ ဆန်းကြယ်ရှင်ခြင်း အလယ်အလတ်အဆင့် ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ကို တစ်ခါက ဒဏ်ရာရအောင် လုပ်ခဲ့ဖူးတယ်”

“နဂါးနက်တက်တူးတွေနဲ့ လေးယောက်ကတော့ ထျန်းဖုန်း ပင်လယ်နယ်မြေက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နဂါးနက်ပင်လယ်ဓားပြတွေပဲ အားလုံးက နိဗ္ဗာန်အဆင့် ၉ ရဲ့ အထွတ်အထိပ်မှာ ရှိကြတယ်”

ကူယန်က ယေဘုယျအခြေအနေများကို ဝူယွမ်အား မိတ်ဆက်ပေးလိုက်သည်။ ဤလူများ၏ စွမ်းအားများက အကယ်၍ အရှေ့ဘက်ရွှမ်ဒေသတွင်သာဆိုပါက ဂိုဏ်း၏ ၀ရမ်းစာရင်းတွင် ထိပ်ဆုံးသုံးဦးစာရင်းဝင်ရန် လုံလောက်ပေသည်။

ကစဉ်ကလျားမိစ္ဆာပင်လယ်က အရှေ့ဘက်ရွှမ်ဒေသထက် များစွာ ပို၍ အစွမ်းထက်လှပေသည်။

ဤအချိန်တွင် ဝေစုန်ကလည်း ဝူယွမ်နှင့် အခြားသူများကို သတိထားမိသွားပြီး သူ၏မျက်လုံးများထဲတွင် အလွန်အမင်း မည်းမှောင်သော အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။

မနေ့ညက သူစေလွှတ်ခဲ့သော ကောင်းကင်အဆောင်သခင် ရွှီယွင်မှာ ပြန်မလာတော့ဘဲ သေဆုံးသွားလောက်ပြီ ဖြစ်သည်။

ကူယန်၏ စွမ်းအားကို သူ သိထားသည်။ ရွှီယွင်ကို သတ်နိုင်မည့် အဖြစ်နိုင်ဆုံးသူမှာ ကူမိသားစုအဖွဲ့သို့ မကြာသေးမီကမှ ပူးပေါင်းလာခဲ့သော ဝူယွမ်သာ ဖြစ်ရပေမည်။

သို့သော် ဝေစုန်က ယခုအချိန်တွင် ဆူပူအုံကြွမှုတစ်ခု ဖန်တီးရန် မဝံ့ရဲချေ။ ဤတစ်ကြိမ်တွင် ရွှီယွင်က သူ၏ အကြီးမားဆုံးသော အားကိုးရာဖြစ်သော်လည်း ရွှီယွင်ပင်လျှင် တစ်ဖက်လူ၏ လက်ထဲတွင် ကျဆုံးသွားခဲ့ပြီ မဟုတ်လော။

သူတို့ ဝေမိသားစုအဖွဲ့ တစ်ခုတည်းနှင့်ဆိုလျှင် သေချာပေါက် လုံလောက်မည် မဟုတ်ချေ။

ဝူယွမ်ကတော့ စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်သည်။ ဤဝေစုန်က သူ့အပေါ် သတ်ဖြတ်လိုစိတ်များ ရှိနေပေသည်။ နောက်ပိုင်းတွင် သူ့ကို သေချာပေါက် အသက်ရှင်ခွင့် ပေးလို့မဖြစ်ချေ။

“ဒီရွှမ်လင်းတောင်ကို အဆိပ်ငွေ့တွေ ဖုံးလွှမ်းထားတာ ဒါကြောင့် ကျွန်မတို့ မွန်းတည့်ချိန်အထိစောင့်မှ ဝင်လို့ရမယ် ရွှမ်လင်းတောင်ထဲကို ဝင်သွားတာနဲ့ ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီး လုပွဲက တရားဝင်စတင်ပြီပဲ”

ကူယန်က ခမ်းနားကြီးကျယ်လှသော တောင်ကြီးကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

ဝူယွမ် မော့ကြည့်လိုက်သော်လည်း တောင်ကြီးမှာ အဆိပ်ငွေ့များထဲတွင် လုံးလုံးလျားလျား ဖုံးကွယ်နေသဖြင့် ရှင်းလင်းစွာ မမြင်ရချေ။

သို့သော် ယခုအချိန်တွင် တောင်ပေါ်ရှိ ရှောင်တျောင်းကို သူ အာရုံခံမိနေသည်။

သူတို့ မရောက်လာမီကတည်းက ရှောင်တျောင်းသည် တောင်ပေါ်သို့ ကြိုတင် ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

ဤအဆိပ်ငွေ့များသည် ရှောင်တျောင်းအတွက် လုံးဝပြဿနာမရှိချေ။

“အစ်ကိုကြီး ကျွန်တော် ဒီရွှမ်လင်းတောင်ကို သိမ်းပိုက်ပြီးပြီ၊ ဒီတောင်ကို စောင့်ရှောက်နေတာက ခေါင်းသုံးလုံး မိစ္ဆာနဂါးပဲ၊ မဆိုးပါဘူး သူက ကျွန်တော့်စကားကို နာခံပြီးသခင်အဖြစ် အသိအမှတ်ပြုသွားပြီ”

ရှောင်တျောင်းက မူလစိတ်ဝိညာဉ်မှတစ်ဆင့် အသံလွှင့်ကာ ပြောလိုက်သည်။

အခန်း (၃၂၈) - ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်ပင်(၂)

“အင်း ကောင်းတယ်၊ နောက်ကျရင် ဝေမိသားစုအဖွဲ့ ဝင်လာတဲ့အခါ အားလုံးကို သတ်ပစ်လိုက်၊ ကျန်တဲ့သူတွေကိုတော့ ခြောက်လှန့်ပြီး မောင်းထုတ်လိုက်ရုံပဲ” ဝူယွမ်က မူလစိတ်ဝိညာဉ်မှတစ်ဆင့် ပြန်ပြောလိုက်သည်။

အဆိပ်ငွေ့များကို ရင်ဆိုင်ရချိန်တွင် လူတိုင်းက စောင့်ဆိုင်းရုံသာ တတ်နိုင်ကြသည်။ အချိန်က မွန်းတည့်ချိန်သို့ ချဉ်းကပ်လာသည်နှင့်အမျှ ပူပြင်းလှသော နေမင်းကြီးကလည်း အထွတ်အထိပ်သို့ တက်လှမ်းလာခဲ့၏။

ပြင်းထန်လှသော နေရောင်ခြည်များက ရွှမ်လင်းတောင်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး ချက်ချင်းပင် ပျံ့နှံ့နေသော အဆိပ်ငွေ့များက အလျင်အမြန် စတင် ကွယ်ပျောက်လာတော့သည်။

တောင်ထွတ်တစ်ခုလုံးရှိ အဆိပ်ငွေ့များ လုံးဝ ကွယ်ပျောက်သွားသည့် အခိုက်အတန့်မှာပင် တိတ်ဆိတ်နေသော တောင်ခြေသည် ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။ လေခွင်းသံများက ချက်ချင်း ပဲ့တင်ထပ်သွားပြီး ပုံရိပ်များစွာက ကျိုင်းကောင်များအလား ကြီးမားကျယ်ပြန့်လှသော ရွှမ်လင်းတောင်ထဲသို့ အလုအယက် ပြေးဝင်သွားကြ၏။

“ရွှမ်လင်းတောင်ထဲမှာ မိစ္ဆာသားရဲတွေ အများကြီးရှိတယ်၊ ကျွန်မတို့ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ ဆန်းကြယ်ရှင်ခြင်း အစောပိုင်းအဆင့် ကို ရောက်နေတဲ့ မိစ္ဆာသားရဲ အနည်းဆုံး ရှစ်ကောင်ရှိတယ်။ ပြီးတော့ တောင်ထိပ်မှာလည်း ဆန်းကြယ်ရှင်ခြင်း အလယ်အလတ်အဆင့်ကို ရောက်နေတဲ့ ခေါင်းသုံးလုံး မိစ္ဆာနဂါး တစ်ကောင်က အစောင့်အရှောက်အဖြစ် ရှိနေသေးတယ်”

ကူယန်က လေးနက်သော အမူအရာဖြင့် ပြောလိုက်ပြီး သူမ၏ အကြည့်များက ရွှမ်လင်းတောင်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ စူးစိုက်ကျရောက်နေသည်။

“နိဗ္ဗာန်အဆင့် ၈ နဲ့အထက်မှာ ရှိတဲ့သူတွေ ကျွန်မနောက်ကနေ တောင်ပေါ်ကို လိုက်ခဲ့ ကျန်တဲ့သူတွေ ဒီမှာပဲ စောင့်နေကြ”

ဤအချိန်တွင် အခြားသူများအားလုံး တောင်ပေါ်သို့ ဝင်ရောက်သွားကြပြီဖြစ်သည်။

“ဒီလောက်မြန်မြန် သွားဖို့ မလိုပါဘူး၊ အစွမ်းထက်တဲ့ မိစ္ဆာသားရဲတွေ အများကြီး စောင့်ကြပ်နေမှတော့ အကယ်၍ ကျွန်တော်တို့က အရင်ဆုံး အပေါ်ကို တက်သွားမယ်ဆိုရင် အဲဒီ မိစ္ဆာသားရဲတွေနဲ့ အရင်ဆုံး ရင်ဆိုင်ရမှာပဲ။ အခြားသူတွေကို ခဏလောက် အရင်တိုက်ခိုက်ပါစေဦး”

ဝူယွမ်က ကူယန်နှင့် အခြားသူများကို အကြံပေးလိုက်ပြီး အရှိန်လျှော့ရန် ပြောလိုက်သည်။

“ဒါပေမဲ့... အကယ်၍ ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီးကို အရင်ရောက်သွားတဲ့သူတွေ လုယူသွားရင် ဘယ်လိုလုပ်မလဲ” ကူယန်က ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။

“အင်း ခင်ဗျားပြောတာလည်း ဟုတ်ပါတယ် ဒါဆို ကျွန်တော် အရင်တက်သွားလိုက်မယ်၊ ခင်ဗျားတို့ အရှိန်က သိပ်နှေးလွန်းတယ်၊ ဒါကြောင့် ခင်ဗျားတို့က အနောက်ကနေပဲ ပံ့ပိုးပေးပါ”

ဝူယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ထပ်ပြောလာသည်။ “ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးသာ ရှိရင် ခင်ဗျားအတွက် တစ်လုံးရအောင် သေချာပေါက် ကူညီပေးပါ့မယ်”

ထိုသို့ပြောပြီးနောက် သူက တောင်ထိပ်ဆီသို့ ပျံသန်းသွားတော့သည်။

ရှောင်တျောင်း၏ ဝိညာဉ်စွမ်းအင်လမ်းညွှန်မှုဖြင့် ဝူယွမ်သည် တောင်ထိပ်သို့ ချောချောမွေ့မွေ့ ရောက်ရှိသွားခဲ့၏။ အောက်ဘက်ရှိ မှေးမှိန်သော အဆိပ်ငွေ့များနှင့် မတူဘဲ တောင်ထိပ်မှာမူ စိမ်းလန်းစိုပြည်ပြီး သက်ဝင်လှုပ်ရှားနေပေသည်။

ထိုစိမ်းလန်းသော နေရာလေးတွင် အလွန်တရာ ကြီးမားကျယ်ပြန့်လှသော ရေကန်ကြီးတစ်ခု ရှိနေပြီး ခန့်မှန်းခြေအားဖြင့် ပေတစ်ထောင်ခန့် ကျယ်ဝန်းကာ ရေပြင်ပေါ်တွင် လှိုင်းပုတ်သံလေးများ ထွက်ပေါ်နေသည်။

လေညင်းလေးများ တိုက်ခတ်လာသောကြောင့် တိတ်ဆိတ်နေသော ရေကန်ပေါ်တွင် လှိုင်းဂယက်လေးများ ထွက်ပေါ်နေလေ၏။

“အစ်ကိုကြီး”

ရေကန်ပေါ်ရှိ ရှောင်တျောင်းက ဝူယွမ် ချဉ်းကပ်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ အော်ခေါ်လိုက်သည်။

ယခုအခါ သူက အခြေအနေတစ်ခုလုံးကို ကြီးကြပ်နေပြီး တောင်ပေါ်သို့ အလုအယက် ပြေးတက်လာသူများကို တားဆီးရန် တောင်ပေါ်ရှိ ဆန်းကြယ်ရှင်ခြင်း အစောပိုင်းအဆင့် မိစ္ဆာသားရဲ ရှစ်ကောင်ကို ညွှန်ကြားနေခြင်း ဖြစ်သည်။

“ဒီလူတွေက တော်တော်လေး ဒုက္ခပေးတာပဲ၊ ဒီကောင် ရှစ်ကောင်က သူတို့ကို မတားဆီးနိုင်တော့တဲ့ပုံပဲ” ရှောင်တျောင်းက ရယ်မောလိုက်သည်။

“သခင်၊ သူတို့ကို ကျွန်တော် မောင်းထုတ်ပေးရမလား”

ရုတ်တရက် ရေကန်ထဲမှ ဧရာမနဂါးခေါင်းကြီးတစ်ခု ထွက်ပေါ်လာပြီး သတိကြီးကြီးဖြင့် မေးလိုက်သည်။

“အဲဒီလောက်ကြောက်မနေပါနဲ့ ထွက်လာပြီးပြောစမ်း၊ ငါ့ အစ်ကိုကြီးကို လာနှုတ်ဆက်လိုက်”

ရှောင်တျောင်းက ရေကန်ထဲရှိ သတ္တဝါကို ပြောလိုက်သည်။

“အစ်ကိုကြီးရဲ့ အစ်ကိုကြီးလား”

မိစ္ဆာနဂါး၏ အတွေးများ ခဏတာ အေးခဲသွားပြီးနောက် ရေကန်ထဲမှ အလျင်အမြန် ထွက်လာခဲ့သည်။

၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ရေပြင်ကို ဖြတ်သန်းထွက်ပေါ်လာပြီး ၎င်း၏ ကြီးမားသော ခေါင်းကြီး၏ ဘယ်နှင့်ညာတွင် နောက်ထပ် ခေါင်းကြီးသုံးလုံး ရှိနေသေးသည်။

အရိပ်မည်းကြီးတစ်ခုက အနီးတစ်ဝိုက်ရှိ ‌မီတာတစ်ရာခန့် အကွာအဝေးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။ ၎င်းက အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော်လည်း အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသော အရှိန်အဝါများက လေထုထဲသို့ ပျံ့နှံ့နေဆဲပင်။

ဝူယွမ်က ဤခေါင်းသုံးလုံး ဧရာမမိစ္ဆာသားရဲကြီးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ၎င်းသည် ရွှမ်လင်းတောင်၏ အရှင်သခင်ဖြစ်သော ခေါင်းသုံးလုံး မိစ္ဆာနဂါးပင်။

“ကြည့်ရတာ ဟိုတုန်းက ယွမ်ချန်းထက် နည်းနည်း ပိုအစွမ်းထက်တဲ့ပုံပဲ” ဝူယွမ်က ခပ်ပေါ့ပေါ့ပင် မှတ်ချက်ချလိုက်သည်။

“ရှောင်ဆန်း လူသားအသွင် ပြောင်းပြီးမှပြောစမ်း” ရှောင်တျောင်းက ဆူပူလိုက်သည်။

ဤကောင်ကြီးက ဤမျှ ကြီးမားလှသော ခန္ဓာကိုယ်ကြီးဖြင့် ထွက်ပေါ်လာရာ သူနှင့် အစ်ကိုကြီးတို့ ရပ်စရာနေရာပင် မရှိတော့ချေ။

ခေါင်းသုံးလုံးမိစ္ဆာနဂါးက အလျင်အမြန် သေးငယ်သွားသည်။ အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီးနောက် လူထွားကြီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ရင်ဘတ်ပေါ်တွင် နီရဲရဲ အကြေးခွံများ ဖုံးလွှမ်းနေပြီး ခေါင်းပေါ်တွင် နားရွက်နှစ်စုံ အပိုပါနေသေးသည်။

“လာပြီး အစ်ကိုကြီးကို နှုတ်ဆက်လိုက်”

“အစ်... အစ်ကိုကြီး”

ခေါင်းသုံးလုံးမိစ္ဆာနဂါးက အော်ခေါ်လိုက်သည်။

၎င်းက ဝူယွမ်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သော်လည်း သူ့သခင်၏ အစ်ကိုကြီးထံမှ မည်သည့် စွမ်းအားကိုမျှ အာရုံမခံမိချေ။

“ရှောင်ဆန်းတဲ့လား၊ မင်းနာမည်က သိပ်ပြီးခံ့ညားမှုမရှိဘူး” ဝူယွမ်က ညည်းတွားလိုက်သည်။

“ငါ နောက်ထပ် မိစ္ဆာရုပ်သေး နည်းနည်းလောက် လွှတ်ပေးလိုက်မယ်၊ ရှောင်ဆန်းကို အဲဒါတွေကို ဦးဆောင်ပြီး အောက်ကို ဆင်းခိုင်းလိုက်၊ သူတို့က ဒီလူတွေကို ခြောက်လှန့်ဖို့ လုံလောက်လောက်ပါတယ်၊ ငါတို့က ဝေမိသားစုဝင်တွေကိုပဲ သတ်ဖို့လိုတယ် ကျန်တဲ့သူတွေကိုတော့ သေလောက်တဲ့အထိ လုပ်စရာမလိုဘူး”

ဝူယွမ်က ပြောလိုက်ပြီး ချက်ချင်းပင် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ငယ် နေရာလွတ်ထဲမှ မိစ္ဆာရုပ်သေးရုပ်ငါးခုကို ခေါ်ထုတ်လိုက်သည်။

ဤမိစ္ဆာရုပ်သေးရုပ်များ၏ စွမ်းအားများမှာ အားလုံး ဆန်းကြယ်ရှင်ခြင်း အစောပိုင်းတွင် ရှိကြသဖြင့် လုံလောက်ပေသည်။

မိစ္ဆာရုပ်သေးရုပ်များကို ရှောင်ဆန်းထံ လွှဲပြောင်းပေးပြီးနောက် ၎င်းက သူတို့ကို ဦးဆောင်ကာ တောင်အောက်သို့ ဆင်းသွားတော့သည်။

ဝူယွမ်နှင့် ရှောင်တျောင်းတို့သာ တောင်ထိပ်တွင် ကျန်ရစ်ခဲ့ကြသည်။

“ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်ပင်က ဘယ်မှာလဲ”

“ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်ပင်က ရေကန်အောက်ခြေမှာ ရှိတယ်၊ သူက နေနဲ့ လ ပေါင်းဆုံတဲ့ အချိန်ရောက်မှသာ ရေကန်မျက်နှာပြင်ပေါ်ကို ထွက်လာပြီး သူတို့ရဲ့ စွမ်းအားတွေကို စုပ်ယူတာ၊ အချိန်ကတော့ နီးလာပြီထင်တယ်” ရှောင်တျောင်းက ဖြည်းညင်းစွာ ဝင်သွားနေသော နေမင်းကြီးကို ကြည့်ရင်း ပြောလိုက်သည်။

ဤသစ်ပင်သည် ယခင်က မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကဲ့သို့ အသိဉာဏ် တစ်စုံတစ်ရာ ရှိနေပြီဖြစ်ရာ သူတို့ပေါ်ထွက်လာသည့် နည်းလမ်းများက အတော်လေး ထူးခြားလှပေသည်။

“ဝုန်း”

တောင်ပေါ်မှ သားရဲဟိန်းဟောက်သံများ တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်လာသည်။

ခေါင်းသုံးလုံးမိစ္ဆာနဂါး၏ ဦးဆောင်မှုအောက်တွင် တောင်ထိပ်သို့ အလုအယက် ပြေးတက်လာသူများအားလုံး ထိတ်လန့်ကြောက်ရွံ့သွားကြပြီး အသက်လု၍ ထွက်ပြေးကြတော့သည်။

မည်သည့်လမ်းကြောင်းက ပြေးသည်ဖြစ်စေ အစွမ်းထက်သော မိစ္ဆာသားရဲများက သူတို့၏ လမ်းကို ပိတ်ဆို့ထားကြသည်။

“ဒီလောက် အစွမ်းထက်တဲ့ မိစ္ဆာသားရဲတွေက ဘယ်လိုလုပ် ရုတ်တရက် ထွက်လာရတာလဲ၊ ခေါင်းသုံးလုံးမိစ္ဆာနဂါးကတောင် အောက်ဆင်းလာပြီး တိုက်ရိုက် လာသတ်နေတယ်၊ ကျစ်”

“ရွှမ်လင်းတောင်ပေါ်မှာ မိစ္ဆာသားရဲတွေ ဒီလောက်များနေမှတော့ ဆန်းကြယ်ရှင်ခြင်း အထွတ်အထိပ်အဆင့် ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ရောက်မလာသရွေ့ အားလုံးသေရမှာပဲ”

“ပြေးကြ”

လူတိုင်းက ကျိန်ဆဲရင်း တောင်အောက်သို့ ဆင်းပြေးကြတော့သည်။

ဤအခြေအနေမျိုးတွင် သူတို့သည် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးအကြောင်းကို သေချာပေါက် စဉ်းစား၍ မရနိုင်တော့ချေ။ သူတို့၏ အသက်ကို ကယ်တင်နိုင်ခြင်းကပင် လုံလောက်နေပြီဖြစ်သည်။

အခြားသူများ ထွက်ပြေးလွတ်မြောက်နိုင်သော်လည်း ဝေစုန်နှင့် သူ၏အဖွဲ့မှာမူ ထိုမျှ ကံမကောင်းလှချေ။ ရှောင်တျောင်း၏ အမိန့်ပေးမှုအောက်တွင် ခေါင်းသုံးလုံးမိစ္ဆာနဂါးက မိစ္ဆာသားရဲ အမြောက်အမြားကို ဦးဆောင်ကာ သူတို့ကို ဝိုင်းရံ၍ သတ်ဖြတ်နေတော့သည်။

တောင်ထိပ်တွင် နေနှင့်လ ပေါင်းဆုံသည့်အချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရွှမ်လင်းတောင်ပေါ်ရှိ ကောင်းကင်နှင့် မြေကြီး ယွမ်စွမ်းအင်များ ရုတ်တရက် ပြင်းထန်စွာ လှိုင်းထန်လာသည်။ မြေကြီးက အနည်းငယ် တုန်ခါသွားပြီး တိတ်ဆိတ်နေသော ရေကန်ပေါ်တွင် လှိုင်းဂယက်များ ပျံ့နှံ့သွားသည်။

ရေကန်အလယ်ရှိ ကျွန်းငယ်လေးထံမှ အလင်းတန်းများ အဆက်မပြတ် ဖြာထွက်လာတော့သည်။

ရေကန်အလယ်ရှိ ကျွန်းလေး၏ တုန်ခါမှုက ပိုမိုပြင်းထန်လာပြီး မြေကြီးထဲမှ ဖြာထွက်လာသော အလင်းရောင်များကလည်း ပိုမိုအားကောင်းလာသည်။

နောက်ဆုံးတွင် ကျွန်းပေါ်၌ အက်ကွဲကြောင်းများ ရုတ်တရက်ပျံ့နှံ့သွားပြီးနောက် ကျောက်စိမ်းရောင် အပြည့်ရှိသော သစ်ပင်ကြီးတစ်ပင်က မြေကြီးအောက်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာတော့သည်။

ကျောက်စိမ်းရောင် သစ်ပင်ကြီးသည် မွေးကင်းစ ကလေးငယ်တစ်ဦးအလား မြေကြီးအောက်မှ ကြီးထွားလာကာ ၎င်း၏ သစ်ကိုင်းများနှင့် သစ်ရွက်များ ပြန့်ကားထွက်လာသည်။

အသက်စွမ်းအင်များ ပြည့်နှက်နေသော အစိမ်းရောင် အလင်းလှိုင်းလေးများလည်း ဖြာထွက်လာသည်။

ထိုအလင်းလှိုင်းလေးများသည် သစ်ပင်စည်ပေါ်တွင် အံ့မခန်းမြန်ဆန်သော အရှိန်အဟုန်ဖြင့် စုစည်းသွားကြ၏။ ၎င်းတို့အနက် အလင်းစက်ခြောက်ခုက အတောက်ပဆုံးဖြစ်သည်။

ထိုအလင်းရောင်များမှာ ပိုမိုအားကောင်းလာခဲ့ပြီး နောက်ဆုံးတွင် ဒြပ်ရှိအရာဝတ္ထုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထိုအလင်းစက် ခြောက်ခုသည် လေဟာနယ်ထဲမှနေ၍ ကျောက်စိမ်းရောင် သစ်သီးခြောက်လုံးအဖြစ်သို့ တိုက်ရိုက် စုစည်းသွားတော့သည်။

သစ်သီးများက သစ်ကိုင်းများနှင့် သစ်ရွက်များအောက်တွင် တွဲလွဲခိုနေပြီး အလင်းလှိုင်းလေးများဖြင့် ဝန်းရံထားသည်။

တက်ကြွလွနါးသော အသက်စွမ်းအင်များကြောင့် လေထုထဲရှိ ကောင်းကင်နှင့်မြေကြီး ယွမ်စွမ်းအင်များပင် သက်ဝင်လှုပ်ရှားနေသည့်အလား ထင်မှတ်ရပေသည်။

“ဒါတွေက ဆန်းကြယ်ရှင်ခြင်းဝိညာဉ်သစ်သီးတွေပဲ” ဝူယွမ်က သစ်ပင်ပေါ်တွင် စုစည်းလာသော သစ်သီးများကို ကြည့်ရင်း ပြောလိုက်သည်။ အလွန်တရာ မှော်ဆန်လှသည်ဟု သူ ခံစားလိုက်ရသည်။

၎င်းတို့သည် သစ်ပင်ပေါ်တွင် အမြဲတမ်းရှိနေခြင်းမဟုတ်ဘဲ ၎င်း၏ အတွင်းပိုင်း စွမ်းအင်များမှတစ်ဆင့် စုစည်းဖန်တီးထားခြင်း ဖြစ်သည်။

ဤသည်က မသေမျိုးအနှစ်သာရရှေးဟောင်းသစ်ပင်ထက်ပင် ပို၍ မိမိုက်နေသေးသည်။

All Chapters