အခန်း (၂၅၂၁-၂၅၂၂)
Vol. 193 Ch. 2521-2522
အခန်း(၂၅၂၁)
ကျန်းချန်က လေထုထဲတွင် လူနှင့်ဓား တစ်သားတည်း တိုက်ရိုက် ပေါင်းစပ်သွားခဲ့ပြီး ကမ္ဘာကြီးကိုပင် ထွင်းဖောက်နိုင်သည့် ရွှေရောင်ဓားအလင်း အဖြစ်သို့ ပြောင်းလဲကာ ရွှယ်ကျိုးမင်ကို တိုက်ခိုက်လိုက်သည်။
နတ်ဘုရားနယ်မြေ၏ လက်ရှိအခြေအနေကို သွေးနတ်ဆိုးဂိုဏ်းကသာ နားလည်ထား၏။
နောက်ဆုံးအကြိမ်က နတ်ဘုရားနယ်မြေသို့ ချီတက် တိုက်ခိုက်မှုကို သွေးနတ်ဆိုးဂိုဏ်းက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ သွေးနတ်ဆိုးဂိုဏ်းသည် အခွင့်အရေးရသည်နှင့် နတ်ဘုရားနယ်မြေသို့ ချီတက်ရန် အင်အားကြီးမားသော ကျင့်ကြံသူများကို ကျိန်းသေပေါက် ထပ်မံ စေလွှတ်ပေလိမ့်မည်။
ဤတစ်ကြိမ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ သူ လာရောက်ရသည့် ရည်ရွယ်ချက်မှာ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်ခြင်းမှ တားဆီးရန် အတွက်ဖြစ်သည်။
သူက သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းကာ သွေးနတ်ဆိုးဂိုဏ်း အပေါ် ရည်ရွယ်၍ ပြဿနာများကို စဥ်ဆက်မပြတ် ဖန်တီးနေခြင်းသည် သွေးနတ်ဆိုးဂိုဏ်း အနေဖြင့် နတ်ဘုရားနယ်မြေသို့ စစ်ချီရန် အခွင့်အရေး မရစေလိုသောကြောင့်ပင်။
ဤကာလအတွင်း သူက သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင် နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး တစ်ဂိုဏ်းလုံးကို တုန်လှုပ်အောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း သွေးနတ်ဆိုးဂိုဏ်း၏ အင်အားကိုမူ အပြင်းအထန် ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
အကယ်၍ သူသာ ယနေ့တွင် မဟာယာနအဆင့် ကျင့်ကြံသူ ဖြစ်သည့် ရွှယ်ကျိုးမင်ကို သတ်ဖြတ်နိုင်ခဲ့လျှင် သွေးနတ်ဆိုးဂိုဏ်း၏ အင်အားကို အကြီးအကျယ် ထိခိုက်စေမည်မှာ သေချာသလောက် ဖြစ်သည်။
မည်သို့ပင် ဖြစ်စေကာမူ မဟာယာနအဆင့် ကျင့်ကြံသူများသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အလွန်တရာ ရှားပါး၏။
ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတွင် အလယ်အလတ်အဆင့်တွင်သာ ရှိသော သွေးနတ်ဆိုးဂိုဏ်းမှာပင် မဟာယာနအဆင့် ကျင့်ကြံသူ လက်တစ်ဆုပ်စာမျှသာ ရှိသည်။
နတ်ဘုရားနယ်မြေသို့ နောက်ဆုံးအကြိမ်က ချီတက်မှုတွင် သွေးနတ်ဆိုးဂိုဏ်းသည် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးကို ဆုံးရှုံးခဲ့ရပြီးပြီ ဖြစ်သည်။
အကယ်၍ သူသာ ယနေ့တွင် ဤနေရာ၌ ရွှယ်ကျိုးမင်ကို ထပ်မံ သတ်ဖြတ်လိုက်လျှင် သွေးနတ်ဆိုးဂိုဏ်းသည် နောက်ထပ် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကို ဆုံးရှုံးရပေလိမ့်မည် မဟုတ်ပါလော။
သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်းဂိုဏ်းကြီး ဆယ်ဂိုဏ်းတွင် ပါဝင်သည့်အပြင် သွေးဓားအင်မော်တယ်ဂိုဏ်း ကဲ့သို့ ရန်သူများလည်း ရှိနေသဖြင့် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကို ဂိုဏ်းအတွင်း အမြဲတစေ ရှိနေရန် လိုအပ်၏။
မဟာယာနအဆင့် ကျင့်ကြံသူ အရေအတွက် လျော့နည်းလာသည်နှင့်အမျှ သွေးနတ်ဆိုးဂိုဏ်းသည် နတ်ဘုရားနယ်မြေသို့ ချီတက်ရာတွင် မဟာယာနအဆင့် ကျင့်ကြံသူများကို အလွယ်တကူ စေလွှတ်နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် မည်မျှပင် ရင်းနှီးရပါစေ၊ ကျန်းချန်သည် ရွှယ်ကျိုးမင်ကို ယနေ့ ဤနေရာတွင် သတ်ဖြတ်ရန် ဆုံးဖြတ်ထားခဲ့ရာ ရွှယ်ကျိုးမင်ကို အလွယ်တကူ မည်ကဲ့သို့ ထွက်ပြေးခွင့် ပေးနိုင်ပါမည်နည်း။
“ဝုန်း.. ဝုန်း.. ဝုန်း..”
ကျန်းချန်၏ ဓားအလင်းက သက်တန့်တစ်ခုနှယ် ဖြစ်နေခဲ့ပြီး တစ်ခဏအတွင်း အရာအားလုံးကို ကျော်ဖြတ်သွားခဲ့သည်။
“သွေးနတ်ဆိုးပုံရိပ်”
ကျန်းချန်၏ ကြောက်မက်ဖွယ် ဓားအလင်းကို ခံစားမိလျှင် ရွှယ်ကျိုးမင်သည် ထိတ်လန့်သွားခဲ့ပြီး ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
“ဝုန်း..”
သူ၏ ကြုံးဝါးသံက ကောင်းကင်နှင့်မြေကြီး ကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ယင်းနောက်တွင် ရွှယ်ကျိုးမင်၏ ခန္ဓာကိုယ်ကနေ သွေးစွမ်းအင်များသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး ပေတစ်သောင်းအမြင့် ရှိသည့် သွေးရောင်ပုံရိပ်ယောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကျန်းချန်၏ ဓားအလင်းကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
သို့သော်လည်း တိုက်ခိုက်ရေးစွမ်းရည် ခုနစ်ဆယ် ရာခိုင်နှုန်းသာ ပြန်လည် ရရှိထားသော ရွှယ်ကျိုးမင်သည် အစောပိုင်းက ကျန်းချန်နှင့် ရင်ဆိုင်မှုအပြီးတွင် ဒဏ်ရာအပြင်းအထန် ရရှိထားပြီးပြီ ဖြစ်သည်။
ထို့ကြောင့် သွေးနတ်ဆိုးပုံရိပ်ယောင်ကို ကျန်ရှိသည့် စွမ်းအားများဖြင့် ထုတ်ဖော်လိုက်သည့်တိုင် ကျန်းချန်၏ အစွမ်းကုန်အားသုံး၍ ထုတ်ဖော်လိုက်သော တိုက်ခိုက်မှုကို ခုခံရန် မဖြစ်နိုင်တော့ပေ။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ရွှယ်ကျိုးမင်၏ သွေးရောင် ပုံရိပ်ယောင်သည် ကျန်းချန်၏ ဓားချက်အောက်တွင် စက္ကူစုတ်ကဲ့သို့ ထိမိသည်နှင့် ပြိုကျသွားခဲ့သည်။
တခဏအတွင်း ဓားအလင်းသည် ရွှယ်ကျိုးမင်၏ ခန္ဓာကိုယ်ကို နှစ်ပိုင်း ဖြတ်ပစ်လိုက်သည်။
ထိုအချိန်မှာပင် ရွှယ်ကျိုးမင်၏ ခန္ဓာကိုယ်ကနေ ဒေါသတကြီး ကြုံးဝါးသံ တစ်သံသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
“ကောင်လေး မင်းငါ့ကို စောင့်နေလိုက်.. ငါ မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”
ထိုစကားသံနှင့်အတူ သွေးရောင်ပုံရိပ် တစ်ခုသည် ရွှယ်ကျိုးမင်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။
ယင်းမှာ ရွှယ်ကျိုးမင်၏ ဝိညာဥ်ပင် ဖြစ်၏။
“အိပ်မက်မက်မနေနဲ့.. မင်းမှာ အဲလို အခွင့်အရေးရှိတော့မှာမဟုတ်ဘူး.. လူသားအဖြစ် ပြောင်းလဲစေသော ဓားကွက်”
ကျန်းချန်က လျင်မြန်စွာပင် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ ဓားကွက်ကို ထုတ်ဖော်ကာ ခုတ်ပိုင်းချလိုက်သည်။
ထိုအခါ ရွှယ်ကျိုးမင်၏ ဝိညာဥ်သည် လျင်မြန်စွာပင် ဖောက်ထွင်းမြင်ရသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး အဆုံးသတ်တွင် လေထုထဲ၌ သွေးမှုန်များ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
“မဟာယာနအဆင့် ကျင့်ကြံသူကို သတ်ရတာ တကယ်ကို မလွယ်ဘူးပဲ”
ရွှယ်ကျိုးမင်၏ ဝိညာဥ်ကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် စိတ်နှလုံးထဲတွင် သက်ပြင်းတစ်ချက် ချလိုက်သည်။
အကယ်၍ ရွှယ်ကျိုးမင်သာ ကပ်ဘေးဆေးလုံး အတွက် တိုက်ပွဲဝင်စဥ်က ဒဏ်ရာ အပြင်းအထန် မရရှိထားခဲ့လျှင် သို့မဟုတ် အချိန်တိုအတွင်း အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိခဲ့လျှင် သူ့အနေဖြင့် ရွှယ်ကျိုးမင်ကို သတ်ဖြတ်ရန်မှာ အမှန်တကယ် လွယ်ကူလိမ့်မည် မဟုတ်ပေ။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီးနောက်တွင် ရွှယ်ချန်ကျဲနှင့် ရွှယ်ဝူရှတို့ တိုက်ခိုက်နေသည့် နေရာသို့ လှမ်းကြည့်လိုက်သည်။
ထိုနှစ်ဦးသည် တစ်ခေတ်ထဲတွင် ပေါ်ထွန်းခဲ့သည့် သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင်များ ဖြစ်ကြပြီး သူတို့၏ ပါရမီနှင့်ခွန်အားမှာ အတူတူလောက်ပင် ဖြစ်သည်။
ရွှယ်ဝူရှက သွေးနတ်ဆိုးဂိုဏ်း၏ ပံ့ပိုးမှုဖြင့် စဥ်ဆက်မပြတ် ကျင့်ကြံလာခဲ့သလို ရွှယ်ချန်ကျဲသည်လည်း ဤနှစ်များအတွင်း ကြယ်တာရာကောင်းကင်ယံ ထဲတွင် လှည့်လည်ရင်း အရင်းအမြစ်များကို လုယူကာ စုဆောင်းခဲ့သဖြင့် သူ၏ ကျင့်ကြံခြင်း အဆင့်သည် ရွှယ်ဝူရှနှင့်ယှဥ်လျှင် လုံးဝ နိမ့်ကျမနေခဲ့ပေ။
အထူးသဖြင့် မကြာသေးခင်က မိုးမခသွေးနတ်ဆိုး သစ်သီးကို ရရှိပြီးနောက်တွင် ရွှယ်ချန်ကျဲသည် မဟာယာနတစ်ပိုင်း အဆင့်ကို ရောက်ရှိရန် အနည်းငယ်မျှသာ လိုအပ်တော့၏။
ထို့ကြောင့် သွေးနတ်ဆိုးဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်ဟု လူသိများသည့် ရွှယ်ဝူရှသည် ရွှယ်ချန်ကျဲကို အသာစီးရယူနိုင်ခြင်း မရှိခဲ့ပေ။
အထူးသဖြင့် ရွှယ်ကျိုးမင်က ကျန်းချန်၏ လက်ချက်ဖြင့် ကျဆုံးသွားသည်ကို မြင်လိုက်ရပြီးနောက်တွင် ရွှယ်ဝူရှသည် ထိတ်လန့်သွားခဲ့ပြီး ထိုထိတ်လန့်မှုကြောင့် ရွှယ်ချန်ကျဲ၏ ဖိနှိပ်မှုကို ပို၍ ခံခဲ့ရသည်။
“ရွှယ်ချန်ကျဲ. ဒါက မင်းငါ့ကို အတင်းအကျပ် ဖိအားပေးလို့ပဲ.. ငါ ဒီနေ့ သေရမယ် ဆိုရင်တောင် မင်းလို သွေးနတ်ဆိုးဂိုဏ်းရဲ့ သစ္စာဖောက်ကို အဖော်အဖြစ် သေရွာဆီ အပါခေါ်သွားမယ်”
စကားဆုံးသည်နှင့် ရွှယ်ဝူရှ၏ လက်ဖဝါးထဲတွင် သွေးရောင်တောက်ပနေသော ကျောက်စိမ်းပြား တစ်ခု ပေါ်လာခဲ့သည်။
ရွှယ်ဝူရှက တုံ့ဆိုင်းမနေဘဲ သွေးရောင် ကျောက်စိမ်းပြားကို တိုက်ရိုက်ပင် ခြေမွလိုက်၏။
“ဝုန်း..”
ကျောက်စိမ်းပြား ကြေမွသွားသည်နှင့် တစ်ပြိုင်နက် ကမ္ဘာကြီးကိုပင် လွှမ်းခြုံနိုင်လောက်သည့် သွေးရောင်အလင်းသည် ကျောက်စိမ်းပြားထဲကနေ ထွက်ပေါ်လာခဲ့ပြီး လေထုထဲတွင် သရဖူဆောင်ထားသည့် သွေးပုံရိပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဂိုဏ်းချုပ်.. သစ္စာဖောက် ရွှယ်ချန်ကျဲကို ရှာတွေ့ခဲ့ပါပြီ.. ဂိုဏ်းချုပ် ကျွန်တော့်ကို အကူအညီပေးဖို့ မျှော်လင့်ပါတယ်”
ရွှယ်ဝူရှက ကောင်းကင်ယံမှ သွေးပုံရိပ်ကို ကြည့်ကာ ရိုသေလေးစားစွာ ပြောလိုက်သည်။
“သွေးနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် သွေးနတ်ဘုရားပါလား”
လေထုထဲတွင် စုစည်းလာသည့် သွေးပုံရိပ်ကို မြင်လျှင် ရွှယ်ချန်ကျဲ၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
မထင်မှတ်ဘဲ ရွှယ်ဝူရှထံတွင် သွေးနတ်ဆိုး ဂိုဏ်းချုပ် ပေးအပ်ထားသည့် ဝှက်ဖဲတစ်ခု ရှိနေခဲ့သည်။
“ရွှယ်ချန်ကျဲ.. နောက်ဆုံးတော့လည်း မင်းလို သွေးနတ်ဆိုးဂိုဏ်းရဲ့ သစ္စာဖောက်ကို ဖမ်းမိပြီပေါ့.. သွားသေလိုက်တော့”
သွေးရောင်ပုံရိပ်က ရွှယ်ချန်ကျဲကို အေးစက်စက် ငုံ့ကြည့်လိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ သတ်ဖြတ်လိုသော အရှိန်အဝါများသည် ချက်ချင်းဆိုသလိုပင် ပျံ့နှံ့သွားခဲ့သည်။
ထို့နောက် သူက သွေးရောင်လက်ဖဝါးကို အသာအယာ ဆန့်ထုတ်လိုက်ပြီး ရွှယ်ချန်ကျဲ ရှိနေသည့် ပတ်ဝန်းကျင်ကို လုံးဝချုပ်နှောင်လိုက်သည်။
“ဟမ့်သွေးနတ်ဆိုးဂိုဏ်းချုပ်.. မင်းရဲ့ ကိုယ်ပွားလောက်ကို ကြောက်နေမယ်များ ထင်နေလား.. ငါကျန်းချန်ရဲ့ လူကို ထိချင်ရင် ငါသဘောတူ မတူ အရင် မေးရလိမ့်မယ်”
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲမှာဓားသည် ရွှေရောင်အလင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ ကျောဘက်ရှိ နတ်ခန္ဓာပုံရိပ် ထဲသို့ ပေါင်းစပ်သွားခဲ့ကာ နတ်ခန္ဓာပုံရိပ်၏ အရှိန်အဝါကို ထပ်မံ၍ မြှင့်တင်ပေးလိုက်သည်။
“အရာအားလုံး ဖျက်ဆီးပစ်စမ်း”
ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ရာ သူ၏ ကျောဘက်ရှိ ရွှေရောင်ဓားကြီးသည် ကြောက်မက်ဖွယ်အင်အားများကို သယ်ဆောင်ကာ သွေးရောင်ပုံရိပ် ဆီသို့ ဦးတည်လာခဲ့သည်။
အခန်း(၂၅၂၁)ပြီး၏။
အခန်း(၂၅၂၂)
“ဝုန်း..”
လေထုက ပေါက်ကွဲသွားခဲ့ပြီး ကမ္ဘာတစ်ခုလုံး အရောင်အသွေး ပြောင်းလဲသွားခဲ့သည်။
နေနှင့်လ တည်ရှိရာ ကောင်းကင်ယံကြီးသည်ပင် ကျန်းချန်၏ ဓားချက်ကြောင့် နှစ်ခြမ်းကွဲသွားသယောင် ထင်ရ၏။
ဤဓားချက်၏ စွမ်းအားမှာ အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းပြီး သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် ကိုယ်ပွား ဖြစ်နေစေကာမူ ခုခံနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားအလင်းသည် ရွှယ်ချန်ကျဲကို ချုပ်နှောင်ထားသော စွမ်းအားကို ချေမှုန်းပစ်လိုက်ပြီး သွေးနတ်ဆိုးဂိုဏ်းချုပ်၏ ကိုယ်ပွားပုံရိပ်ကို ဖျက်ဆီးပစ်လိုက်သည်။
ဓားချက် တစ်ချက်တည်းဖြင့် သွေးနတ်ဆိုးဂိုဏ်းချုပ်၏ ကိုယ်ပွားကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်၏ အေးစက်စက် အကြည့်သည် ရွှယ်ဝူရှ၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“ဒီတစ်ခေါက် မင်းအလှည့်ပဲ”
“မင်း.. မင်းငါ့ကို သတ်လို့မဖြစ်ဘူး.. ငါက သွေးနတ်ဆိုးဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်တဲ့အပြင် ဂိုဏ်းချုပ် အရိုက်အရာကို ဆက်ခံမဲ့သူပဲ.. ငါ့ကို သတ်ရင် သွေးနတ်ဆိုးဂိုဏ်းက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”
ကျန်းချန်၏ အေးစက်စက် အကြည့်ကို ခံစားမိလျှင် ရွှယ်ဝူရှသည် အထိတ်တလန့်ဖြင့် အော်ဟစ်လိုက်သည်။
ဤလူငယ်၏ ခွန်အားသည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။
လက်ယာကိုယ်ရံတော် ရွှယ်ကျိုးမင်နှင့် ဂိုဏ်းချုပ်၏ ကိုယ်ပွားသည်ပင် ထိုလူငယ်၏ တိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်သွားခဲ့ရသည်။
ထို့ကြောင့် သူ၏ လက်ရှိ အခြေအနေအရ ထိုလူငယ်၏ရှေ့တွင် လုံးဝ ခုခံနိုင်စွမ်း မရှိသည်ကို ကောင်းစွာ သိနေခဲ့သည်။
“ငါက မင်းတို့ သွေးနတ်ဆိုးဂိုဏ်းက လူတွေကို အမြစ်ပြတ်သုတ်သင်ဖို့ ရည်ရွယ်ထားတဲ့ အတွက် စိတ်မကောင်းပါဘူး”
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး လူသားဧကရာဇ်ဓားဖြင့် ရွှယ်ဝူရှကို တိုက်ခိုက်လိုက်သည်။
“မသတ်ပါနဲ့”
ရွှယ်ဝူရှက မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် အလွန်အမင်းထိတ်လန့်သွားခဲ့ပြီး အလျင်အမြန် ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ရွှယ်ဝူရှ၏ ကျင့်ကြံခြင်း အဆင့်သည် ကပ်ဘေး အထွတ်အထိပ်အဆင့်တွင်သာ ရှိသေးသည့် အပြင် လက်ရှိအချိန်၌ အထွတ်အထိပ် အခြေအနေတွင်လည်း ရှိမနေတော့ပေ။
သို့ဖြစ်ရာ အုပ်စိုးသူအဆင့်နှင့် အလွန်အမင်း နီးစပ်နေသော ကျန်းချန်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါအံ့နည်း။
ကျန်းချန်က အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ လူသားအဖြစ် ပြောင်းလဲစေသော ဓားကွက်ကို အသုံးပြုကာ ရွှယ်ဝူရှကို ခုတ်ပိုင်းချလိုက်သည်။
“ဝုန်း..”
ကြောက်မက်ဖွယ် ဓားအလင်းသည် တစ်ခဏအတွင်းမှာပင် အရာအားလုံးကို ကျော်ဖြတ်သွားခဲ့ပြီး ရွှယ်ဝူရှ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့သည်။
နောက်ထပ် တစ်စက္ကန့်တွင် ရွှယ်ဝူရှ၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် ရုတ်တရက် ပြိုလဲသွားခဲ့ပြီး ကပ်ဘေးအဆင့်ကနေ လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်သို့ ချက်ချင်းဆိုသလို ကျဆင်းသွားခဲ့သည်။
ကျန်းချန်က ဓားချက် တစ်ချက်တည်းဖြင့်ပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အဆင့်ကြီး တစ်ဆင့်လုံး ဖြတ်တောက်လိုက်သည်အား မြင်လျှင် ရွှယ်ဝူရှ အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
သို့သော်လည်း ဤအချိန်တွင် ထိုအကြောင်းကို စဥ်းစားနေရန် အချိန်မရှိပေ။
ထို့ကြောင့် သူက ခန္ဓာကိုယ် အတွင်းမှ စွမ်းအားများကို အစွမ်းကုန် မြှင့်တင်ကာ အားကုန်ထုတ်၍ ဆက်လက် ထွက်ပြေးခဲ့သည်။
သို့သော်လည်း မိုင်တစ်ထောင်ပင် မရောက်သေးမီ နောက်ထပ် ရွှေရောင်ဓားအလင်း တစ်ခုသည် လေထုကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့ပြန်သည်။
ထိုဓားအလင်းအောက်တွင် ရွှယ်ဝူရှသည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ပါ မကျန် အမှုန့်ဖြစ်သွားခဲ့သည်။
“သခင်ကြီးရဲ့ ခွန်အားက အရင်ထက် အဆများစွာ တိုးတက်လာတာပဲ”
သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ရွှယ်ချန်ကျဲသည် ခပ်တိုးတိုးရေရွတ်လိုက်သည်။
ယခင်ကတည်းကပင် ကျန်းချန်၏ ခွန်အားသည် အတော်လေး ကြောက်စရာ ကောင်းသော်လည်း ဤမျှအထိ ကြောက်မက်စရာကောင်းသော အဆင့်တွင် မရှိခဲ့ပေ။
ယနေ့တွင်မူ ကျန်းချန်အတွက် ကပ်ဘေး အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် ပါရမီရှင် ရွှယ်ဝူရှကို သတ်ဖြတ်ရခြင်းသည် ကြက်တစ်ကောင်ကို သတ်ရသကဲ့သို့ပင် လွယ်ကူနေခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် ကိုယ်ပွားနှင့် လက်ယာကိုယ်ရံတော် ရွှယ်ကျိုးမင် တို့သည်ပင် ကျန်းချန်၏ လျှပ်စီးကဲ့သို့ မြန်ဆန်သော တိုက်ခိုက်မှုအောက်တွင် ချေမှုန်းခြင်း ခံလိုက်ရ၏။
သိထားရမည့်အချက်မှာ သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် သွေးနတ်ဘုရားသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်သီးဆယ်ဦးထဲတွင် တစ်ဦး အပါအဝင် ဖြစ်ပြီး ခွန်အား အလွန်အမင်း နက်ရှိုင်းခြင်းပင်။
ဤသည်က ကိုယ်ပွားမျှသာ ဖြစ်စေကာမူ မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ အများစုထက် ခွန်အားပို၍ ကြီးမားသည်။
သွေးနတ်ဆိုးဂိုဏ်း၏ လက်ယာကိုယ်ရံတော် ရွှယ်ကျိုးမင်ကမူ မဟာယာနအဆင့် ကျင့်ကြံသူစစ်စစ် ဖြစ်၏။
အထွတ်အထိပ် အခြေအနေတွင် မရှိသည့်တိုင် သာမန် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများ ယှဥ်နိုင်သည့်သူမျိုး မဟုတ်ပေ။
ကျန်းချန်က ရွှယ်ကျိုးမင်နှင့် သွေးနတ်ဘုရား၏ ကိုယ်ပွားကို သတ်ဖြတ်နိုင်ခဲ့ခြင်းသည် ကျန်းချန်၏ ခွန်အားက မဟာယာနအဆင့် ကျင့်ကြံသူထက်ပင် မနိမ့်ကျကြောင်း သက်သေပြနေခဲ့သည်။
“သခင်ကြီး.. ဒီနေ့ သခင်ကြီးက ရွှယ်ဝူရှနဲ့ ရွှယ်ကျိုးမင် တို့ကို သတ်ဖြတ်လိုက်တဲ့ အတွက် သွေးနတ်ဆိုးဂိုဏ်းက ဒေါသထွက်နေမှာ အသေအချာပဲ.. သခင်ကြီးက သန်မာတယ် ဆိုပေမဲ့လည်း သွေးနတ်ဆိုးဂိုဏ်း တစ်ဂိုဏ်းလုံးကို တိုက်ရိုက်ယှဥ်ပြိုင်ဖို့ ခက်ခဲလိမ့်မယ်.. လောလောဆယ်တော့ ကျွန်တော်တို့ ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေဆီ ပြန်မသွားသေးတာ ပိုကောင်းမယ် ထင်တယ်”
ရွှယ်ချန်ကျဲက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို တရိုတသေဖြင့် အကြံပြုလိုက်သည်။
ကျန်းချန်က အနည်းငယ် တွေးတောလိုက်ပြီး ရွှယ်ချန်ကျဲကို မေးလိုက်သည်။
“ဒါနဲ့ ချန်ကျဲ.. သွေးနတ်ဆိုးဂိုဏ်းမှာ မဟာယာနအဆင့်ကျင့်ကြံသူ ငါးယောက်ရှိတယ်လို့ မင်းပြောခဲ့ဖူးတာ ငါမှတ်မိတယ်”
“ဟုတ်တယ် သခင်ကြီး.. သွေးနတ်ဆိုးဂိုဏ်းမှာ မဟာယာနအဆင့် ကျင့်ကြံသူငါးယောက်ရှိတယ်.. အဲဒီထဲက တစ်ယောက်က ကြယ်တာရာစစ်သင်္ဘောနဲ့ အတူ အဖွဲ့ခေါင်းဆောင်အဖြစ်နဲ့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာထဲကနေ ထွက်ခွာသွားခဲ့တာ အခုထိ ပြန်မရောက်သေးဘူး.. ဒီနေ့ သခင်ကြီးက လက်ယာကိုယ်ရံတော် ရွှယ်ကျိုးမင်ကို သတ်လိုက်ပြီဆိုတော့ သွေးနတ်ဆိုးဂိုဏ်းမှာ မဟာယာနအဆင့် ကျင့်ကြံသူ သုံးယောက်ပဲ ကျန်ရှိတော့တယ်.. အဲဒီသုံးယောက်က လက်ဝဲကိုယ်ရံတော်ရွှယ်ရန်ဟဲ၊ ဂိုဏ်းချုပ်သွေးနတ်ဘုရားနဲ့ အကြီးအကဲချုပ် သွေးအရိပ်ဘိုးဘေး တို့ပဲ.. ဒါပေမဲ့ သွေးအရိပ်ဘိုးဘေးက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက် ကတည်း ပေါ်ထွက်မလာတော့တာကြောင့် သူသေသလား ရှင်သလားဆိုတာ ဘယ်သူမှ မသိတော့ဘူး”
ရွှယ်ချန်ကျဲက တစ်ယောက်ချင်းစီကို မိတ်ဆက်ပေးလိုက်သည်။
ကျန်ရှိနေသော မဟာယာနအဆင့် ကျင့်ကြံသူသုံးဦး ထဲတွင် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသည့် သွေးအရိပ်ဘိုးဘေးကို ဖယ်ထုတ်လိုက်လျှင် သွေးနတ်ဆိုးဂိုဏ်းတွင် မဟာယာနအဆင့် ကျင့်ကြံသူနှစ်ဦးသာ ကျန်ရှိတော့၏။
သို့သော်လည်း သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် သွေးနတ်ဘုရားသည် သာမန် မဟာယာနအဆင့် ကျင့်ကြံသူများထက် များစွာ ပို၍ သန်မာဖွယ် ရှိသည်။
အကယ်၍ သွေးနတ်ဆိုးဂိုဏ်းသာ သူ့ကို အင်အားအကုန်အစင် သုံးပြီး ယှဥ်ပြိုင်မည်ဆိုလျှင် သူ့အနေဖြင့် သွေးနတ်ဆိုးဂိုဏ်းနှင့် တိုက်ရိုက် ယှဥ်ပြိုင်ရန် အမှန်တကယ် ခက်ခဲပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သွေးနတ်ဆိုးဂိုဏ်းသည် ယခုတစ်ကြိမ်တွင် အကြီးအကျယ် ထိခိုက်သွားပြီ ဖြစ်ရာ အချိန်တိုအတွင်း နတ်ဘုရားနယ်မြေကို ကျူးကျော်ရန် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးကို စေလွှတ်ရန် ခက်ခဲသွားချေပြီ။
ထို့ကြောင့် လက်ရှိအချိန်တွင် သူ့အနေဖြင့် သွေးနတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ရန် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေသို့ အလျင်စလို သွားရန် မလိုအပ်တော့ပေ။
စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေတွင် ရှိနေလျှင်ပင် သွေးဓားအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန့်ဝူရွှယ်နှင့် ဆက်သွယ်နိုင်ပြီး သွေးနတ်ဆိုးဂိုဏ်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်မည် မဟုတ်ပါလား။
ယင်းကြောင့် သူတို့က နောက်ထပ်အစီအစဥ်များ မလုပ်ဆောင်မီ စိမ်းလန်းသောမြစ်ကောင်းကင်နယ်မြေတွင် ခဏမျှနေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ စဥ်းစားမိပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ရွှယ်ချန်ကျဲကို ပြောလိုက်၏။
“သွားကြစို့.. ငါတို့ စိမ်းလန်းသောမြစ်မြို့ကို အရင်ပြန်သွားကြမယ်”
စိမ်းလန်းသောမြစ် ကုန်သည်အဖွဲ့၏ ဌာနချုပ် တည်ရှိရာနေရာ ဖြစ်သည့် စိမ်းလန်းသောမြစ်မြို့သည် နေထိုင်ရန်အတွက် အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်သည်။
အထူသဖြင့် ကုန်သွယ်ရေးစျေးတွင် မထင်မှတ်ထားသည့် ရတနာများ မကြာခဏ ပေါ်ပေါက်လာလေ့ ရှိ၏။
ပြီးခဲ့သည့် အကြိမ်က သူသည် ကုန်သွယ်ရေးစျေးတွင် အင်မော်တယ် ခရစ္စတယ် အပိုင်းအစတစ်ခုကို တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ခွန်အားကို ရရှိခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ကုန်သွယ်ရေးစျေးတွင် အင်မော်တယ် ခရစ္စတယ် အပိုင်းအစ တစ်ခု သို့မဟုတ် နှစ်ခု ထပ်မံ ရရှိနိုင်မည် ဆိုလျှင် သူ့အနေဖြင့် အုပ်စိုးသူ အဆင့်ကို ကျော်လွန်ပြီး ဒဏ္ဍာရီလာအင်မော်တယ် အဆင့်သို့ မရောက်နိုင်သေးလျှင်ပင် အနည်းဆုံး အုပ်စိုးသူ အဆင့်၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတစ်ခုလုံးတွင် မည်သူမှ သူ့ကို ယှဥ်နိုင်တော့မည် မဟုတ်ပေ။
ထိုသို့တွေးမိသည်နှင့် ကျန်းချန်သည် ရွှယ်ချန်ကျဲနှင့် အတူ စိမ်းလန်းသောမြစ်မြို့ ဆီသို့ ဦးတည်ရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုခဏမှာပင် ကျန်းချန်သည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်၏။
သူ၏ ခြေလှမ်းသည် လေထဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
“သခင်ကြီး ဘာဖြစ်လို့လဲ”
ကျန်းချန်၏ ထူးခြားသော အမူအရာကို သတိပြုမိလျှင် ရွှယ်ချန်ကျဲ၏ မျက်နှာတွင် သံသယ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က မျက်ဝန်းများကို အနည်းငယ် မှေးကျဥ်းလိုက်ပြီး ရွှယ်ချန်ကျဲကို ပြောလိုက်သည်။
“ချန်ကျဲ.. တစ်ယောက်ယောက်က ငါတို့ကို အလွယ်တကူ ထွက်သွားခွင့်ပေးမဲ့ပုံ မပေါ်ဘူး”
ထိုစကားကိုကြားလျှင် ရွှယ်ချန်ကျဲသည် ရုတ်တရက် မျက်နှာပျက်သွားခဲ့သည်။
ဤစိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေတွင် သွေးနတ်ဆိုးဂိုဏ်းမှ လူများအပြင် သူတို့ကို တိုက်ခိုက်နိုင်ဖွယ် အရှိဆုံးသူမှာ ကျိုလီအင်မော်တယ်ဂိုဏ်းမှ လူများသာ ဖြစ်သည်။
သို့ဆိုလျှင် ကျိုလီအင်မော်တယ်ဂိုဏ်းမှ လူများသည် ဤနေရာသို့ ရောက်ရှိနေပါသလော။
ရွှယ်ကျန်ချဲ၏ စိတ်ထဲတွင် စိုးရိမ် ပူပန်မှုများ ရှိနေစဥ်မှာပင် ကျန်းချန်သည် ခေါင်းကို မော့လိုက်ပြီး ပေထောင်ပေါင်းများစွာ အကွာအဝေးကို လှမ်းကြည့်လိုက်သည်။
သူ၏ ခံ့ညားသော အသံသည် လေထု တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“လီထျန်းယွမ်.. မင်းရောက်နေမှတော့ ဘာလို့ အမှောင်ထဲမှာ ပုန်းလျှိုးကွယ်လျှိုး လုပ်နေသေးတာလဲ.. အပြင်ကို ထွက်လာခဲ့ပါ”
အခန်း(၂၅၂၂)ပြီး၏။