အခန်း (၂၅၂၃-၂၅၂၄)
Vol. 193 Ch. 2523-2524
အခန်း(၂၅၂၃)
“ဟားဟား ငါတို့ ရှိနေတာကို မင်းရိပ်မိသွားမယ်လို့ မထင်ထားခဲ့ဘူး”
ကျန်းချန်၏ စကားအဆုံးမှာပင် ကျယ်လောင်သော ရယ်မောသံတစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
မကြာမီမှာပင် ပုံရိပ် လေးခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့၏။
ထိုပုံရိပ်လေးခုမှာ အခြားသူများ မဟုတ်ဘဲ လီထျန်းယွမ်ဦးဆောင်သော ကျိုလီအင်မော်တယ်ဂိုဏ်းမှ အဖွဲ့ဝင်များပင် ဖြစ်သည်။
ကျန်းချန်က သူ့ရှေ့ရှိ လီထျန်းယွမ်တို့ကို ကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“လီထျန်းယွမ် မင်းဘာလို့ ငါ့နောက်ကို လိုက်လာတာလဲ”
“ကျန်းချန်.. ငါ မင်းကို တဲ့တိုးပဲပြောမယ်”
လီထျန်းယွမ်က အပိုစကားများ ပြောမနေတော့ဘဲ ကျန်းချန်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
“စိမ်းလန်းသောမြစ်ရဲ့ ကုန်သွယ်ရေးစျေးမှာ မင်းရခဲ့တဲ့ အင်မော်တယ် ရတနာနဲ့ မင်း လေလံဆွဲခဲ့တဲ့ အင်မော်တယ်လက်နက် အပိုင်းအစကို လွှဲပေးမယ်ဆိုရင် မင်းအသက်ကို ငါ ချမ်းသာပေးမယ်”
ကျန်းချန်၏ မျက်ဝန်းများက တစ်ခဏအတွင်း အေးစက်သွားခဲ့သည်။
“မင်းက လွှဲပေးခိုင်းတာနဲ့ ငါက လွှဲပေးရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ”
“ကျန်းချန်.. မင်းရွှယ်ကျိုးမင်ကို သတ်နိုင်တာနဲ့ပဲ ငါ့ရှေ့မှာ ရမ်းကားလို့ ရမယ်လို့ ထင်နေတာလား”
လီထျန်းယွမ်က မထီမဲ့မြင် လေသံဖြင့် ပြောလိုက်သည်။
“ငါ မင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ.. မင်းက ကိုယ့်သေလမ်းကိုယ် ရှာနေမှတော့ မင်းဆန္ဒကို ဖြည့်ဆည့်ပေးရသေးတာပေါ့”
စကားဆုံးသည်နှင့် လီထျန်းယွမ်က ကျန်းချန်ထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ထိုလက်သီးချက်သည် လေထုကို တိုက်ရိုက်ပင် ဖောက်ထွက်သွားပြီး မျက်စိတစ်မှိတ် အတွင်း ကျန်းချန် ရှေ့သို့ ရောက်ရှိလာခဲ့ကာ ကျန်းချန်ကို ရှောင်တိမ်းရန်ပင် အခွင့်အရေး လုံးဝမပေးခဲ့ပေ။
ကျန်းချန်က အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ စွမ်းအားကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး သူ၏ရှေ့တွင် အကာအကွယ် တစ်ခုကို အလျင်အမြန် စုစည်းလိုက်သည်။
သို့သော်လည်း ကျန်းချန်၏ အလျင်အမြန် စုစည်းလိုက်သော အကာအကွယ်သည် လီထျန်းယွမ်၏ လက်သီးချက်ကို ခံနိုင်ရည် မရှိခဲ့ပေ။
“ဝုန်း..”
ကျယ်လောင်သောအသံနှင့် အတူ ကျန်းချန်သည် လွင့်ထွက်သွားခဲ့ပြီး အောက်ဘက်ရှိ တောနက်ထဲသို့ တိုက်ရိုက်ပင် ကျဆင်း သွားခဲ့ကာ မြင့်မားသော သစ်ပင်ကြီး ဆယ်ပင်ကျော်ကို တိုက်မိ၍ လဲစေပြီးနောက်မှ သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို မနည်းပင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
သူ၏ နှုတ်ခမ်းထောင့်ကနေ သွေးများ စီးကျလာခဲ့သည်။
အင်မော်တယ်ခရစ္စတယ် အပိုင်းအစကို ဝါးမျိုပြီးနောက်တွင် ကျန်းချန်၏ ခွန်အားသည် ဤအတောအတွင်း လျင်မြန်စွာ တိုးတက်လာခဲ့ပြီး အုပ်စိုးသူတစ်ပိုင်းအဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း အစောပိုင်းက ရွှယ်ကျိုးမင်နှင့် တိုက်ပွဲဖြစ်ပွားခဲ့၍ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများသည် ထက်ဝက်ကျော်ခန့် ကုန်ဆုံးနေခဲ့၏။
ယခု ရွှယ်ကျိုးမင်ထက် ပိုမို သန်မာပြီး အထွတ်အထိပ် အခြေအနေတွင် ရှိသည့် လီထျန်းယွမ်ကို ရင်ဆိုင်နေရသည်ဖြစ်ရာ မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။
“သခင်ကြီး အဆင်ပြေရဲ့လား”
ကျန်းချန်က လီထျန်းယွမ်၏ လက်သီးချက် ထိမှန်သွားသည်ကို မြင်လျှင် ရွှယ်ချန်ကျဲသည် ကျန်းချန်၏ ရှေ့ကို ဖျတ်ခနဲ ရောက်ရှိလာခဲ့သည်။
ကျန်းချန်က ရွှယ်ကျန်ချဲ၏ စကားကို ပြန်မဖြေဘဲ သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ သွေးရောင် အဆောင်လက်ဖွဲ့တစ်ခုသည် လေထဲတွင် ပေါ်လာခဲ့သည်။
ထိုအဆောင်လက်ဖွဲ့မှ သွေးဓားအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန့်ဝူရွှယ်က ကျန်းချန်ကို ပေးထားသည့် ထွက်ပြေးရာတွင် အသုံးပြုသော အဆောင်လက်ဖွဲ့ ဖြစ်သည်။
သူ၏ လက်ရှိ အခြေအနေအရ အင်မော်တယ်ကျောက်တိုင်ကို ထုတ်သုံးလျှင်ပင် လီထျန်းယွမ်ကို ယှဥ်နိုင်ရန် ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ကျန်းချန်သည် ကျန့်ဝူရွှယ် ပေးထားသည့် အဆောင်လက်ဖွဲ့ကို အသုံးချရန် တုံ့ဆိုင်းမနေတော့ဘဲ ဤနေရာမှ အရင် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
ကျန်းချန်က အဆောင်လက်ဖွဲ့ကို လှုံ့ဆော်လိုက်သည်နှင့်တစ်ပြိုင်နက် ကျန်းချန်နှင့် ရွှယ်ချန်ကျဲတို့ နှစ်ဦးစလုံးသည် လေထဲတွင် တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။
လေထဲတွင် ပျောက်ကွယ်သွားသော ကျန်းချန်တို့ နှစ်ဦးကို မြင်လျှင် လီထျန်းယွမ်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
“ဒီကောင်က သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ အဆောင်လက်ဖွဲ့ကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
လီရှောင်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
“အကြီးအကဲထျန်းယွမ်.. ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ”
“အင်မော်တယ်ရတနာနဲ့ အင်မော်တယ်လက်နက် အပိုင်းအစဆိုတာက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ ရှာဖွေရခက်တဲ့အရာတွေပဲ.. အခု ငါတို့ မျက်စိရှေ့ကို ရောက်နေပြီဆိုမှတော့ အလွယ်တကူ လက်လွှတ်ခံလိုက်လို့ ဘယ်ဖြစ်မလဲ.. သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ ထွက်ပြေးတိမ်းရှောင်တဲ့ အဆောင်လက်ဖွဲ့က ဆန်းကြယ်ပြီး တည်နေရာကို ခန့်မှန်းရခက်တယ်.. ဒီလိုအခြေအနေမျိုးနဲ့ ကြုံရင် သာမန်ကျင့်ကြံသူတွေက ဘာမှ မတတ်နိုင်ပေမဲ့ နေရာလွတ်လမ်းစဥ်ကို ကျင့်ကြံထားတဲ့ ငါ့အတွက်တော့ ဘာပြဿနာမှ မရှိဘူး”
လီထျန်းယွမ်က ဝင့်ကြွားစွာ ပြုံးလိုက်ပြီးနောက်တွင် လီရှောင်တို့ သုံးဦးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းတို့တွေ ကျိုလီအင်မော်တယ်ဂိုဏ်းကို အရင်ပြန်နှင့်ကြ.. အဲဒီကောင်နောက်ကို လိုက်ဖို့ ကိစ္စကိုတော့ ငါနဲ့ပဲ လွှဲထားလိုက်တော့”
“ဟုတ်ကဲ့ အကြီးအကဲ”
သူတို့သာ လီထျန်းယွမ်၏ နောက်ကို လိုက်သွားလျှင် လီထျန်းယွမ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားစေမည်ကို လီရှောင် သိသည်။
ထို့ကြောင့် တုံ့ဆိုင်းမနေတော့ဘဲ ကျန်နှစ်ဦးနှင့် အတူ ချက်ချင်းဆိုသလို ထွက်ခွာသွားခဲ့၏။
လီရှောင်တို့ သုံးဦး ထွက်ခွာသွားပြီးနောက်တွင် လီထျန်းယွမ်သည် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ လီထျန်းယွမ်၏ ခန္ဓာကိုယ်ကနေ စွမ်းအားများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ကြားတွင် ပြင်းထန်သော နေရာလွတ် စွမ်းအင် လှိုင်းလုံးများကို ဖြစ်ပေါ်စေခဲ့သည်။
ခဏအကြာတွင် လီထျန်းယွမ်၏ နှုတ်ကနေ အေးစက်စက်ကြုံးဝါးသံ ထွက်ပေါ်လာခဲ့သည်။
“လမ်းပြ ကြိုးကြာငှက်.. ဖွဲ့စည်းစမ်း”
“ဝုန်း..”
လီထျန်းယွမ်၏ အေးစက်စက် ကြုံးဝါးသံ အဆုံးမှာပင် နေရာလွတ် စွမ်းအားများသည် လီထျန်းယွမ်၏ ရှေ့တွင် စုဝေးလာခဲ့ပြီး မီတာတစ်ရာခန့် ရှိသည့် ကြိုးကြာငှက်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လီထျန်းယွမ်၏ ပုံရိပ်က ဖျတ်ခနဲ လက်သွားခဲ့ပြီး ကြိုးကြာငှက်၏ ကျောပေါ်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့၏။
ထို့နောက်တွင် ကြိုးကြာငှက်သည် တောင်ပံများကို ခတ်လိုက်ပြီး လီထျန်းယွမ်ကို ကျောပေါ်တွင် သယ်ဆောင်ကာ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
လီထျန်းယွမ်က လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ ကျန်းချန်ကို လိုက်လံ သတ်ဖြတ်ရန် ပြင်ဆင်နေစဥ်မှာပင် ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေရှိ သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် သွေးနတ်ဘုရားသည် အေးစက်စက် အငွေ့အသက်များ ပြည့်နှက်နေသော ခန်းမထဲရှိ ပလ္လင်ပေါ်တွင် ထိုင်နေခဲ့သည်။
ခန်းမအတွင်းရှိ သွေးနတ်ဆိုးဂိုဏ်းမှ အကြီးအကဲ ဆယ်ဦးကျော် တို့သည် ပေါက်ကွဲလုနီးပါး ဖြစ်နေသော သွေးနတ်ဘုရား၏ အရှိန်အဝါကြောင့် စကားတစ်ခွန်းမျှပင် မပြောရဲကြပေ။
မကြာသေးမီက သွေးနတ်ဆိုးဂိုဏ်း၏ လက်ယာ ကိုယ်ရံတော် ရွှယ်ကျိုးမင်နှင့် သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင် လေးဦးထဲတွင် နံပါတ်တစ် နေရာတွင်ရှိသော ရွှယ်ဝူရှ တို့၏ ဂိုဏ်းအတွင်း ထားရှိထားသော ဝိညာဥ်ကမ္မည်းတိုင်သည် ကြေမွသွားခဲ့သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ရွှယ်ကျိုးမင်နှင့် ရွှယ်ဝူရှတို့သည် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေတွင် ကျဆုံးသွားခဲ့ပြီ ဖြစ်၏။
မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ကပ်ဘေးအဆင့် ပါရမီရှင် တစ်ဦး တစ်ချိန်တည်း ကျဆုံးသွားခြင်းသည် သွေးနတ်ဆိုးဂိုဏ်း အတွက် မကြုံစဖူး ပြင်းထန်သော ထိခိုက်မှု တစ်ခု ဖြစ်ပြီး သွေးနတ်ဆိုးဂိုဏ်း၏ အင်အားကို အကြီးအကျယ် ထိခိုက်စေရန် လုံလောက်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် သွေးနတ်ဘုရားသည် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
“ရွှယ်ချန်ကျဲ ဆိုတဲ့ကောင်က ဘာကောင်မို့လို့လဲ.. ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်းဝင် ငါ့ရဲ့သွေးနတ်ဆိုးဂိုဏ်းက သစ္စာဖောက် တစ်ယောက်ကိုတောာင် မနှိမ်နင်းနိုင်ဘူး ဆိုတာ ငါလုံးဝ မယုံကြည်နိုင်ဘူး”
အချိန်မည်မျှ ကြာသွားမှန်းပင် မသိရပေ။
ခန်းမအတွင်း၌ သွေးနတ်ဘုရား၏ ဒေါသတကြီး ကြုံးဝါးသံက ပဲ့တင်ထပ်သွားခဲ့သည်။
“လက်ယာကိုယ်ရံတော်နဲ့ ရွှယ်ဝူရှ တို့က ရွှယ်ချန်ကျဲ တို့ရဲ့လက်ချက်နဲ့ အသတ်ခံလိုက်ရတယ်လို့ ဂိုဏ်းချုပ် ဆိုလိုတာလား.. ဒါမဖြစ်နိုင်ဘူးထင်တယ်”
မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ရွှယ်ကျိုးမင်သည် သွေးနတ်ဆိုးဂိုဏ်း၏ လက်ယာကိုယ်ရံတော် ဖြစ်ပြီး သွေးနတ်ဆိုးဂိုဏ်း၏ မဟာယာနအဆင့် ကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ဦးလည်းဖြစ်သည်။
ရွှယ်ချန်ကျဲ တို့တွင် မည်မျှပင် ပါရမီရှိပါစေ၊ မဟာယာနအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည့် အရည်အချင်း ရှိရန်မှာ မဖြစ်နိုင်ပေ။
“မယုံကြည်နိုင်စရာဆိုပေမဲ့ အဲဒါက တကယ့်အမှန်တရားပဲ”
သွေးနတ်ဘုရား၏ မျက်နှာအမူအရာက အလွန်တရာပင် သုန်မှုန်နေခဲ့သည်။
ရွှယ်ချန်ကျဲတို့ နှစ်ဦးက ရွှယ်ယန်မြို့တွင် သောင်းကျန်းပြီးနောက်တွင် သူတို့ သွေးနတ်ဆိုးဂိုဏ်းသည် မြွေကို တွင်းထဲမှ မျှားထုတ်နိုင်မည့် အစီအစဥ် တစ်ခုကို ဆွဲခဲ့သည်။
ဤတစ်ကြိမ် စိမ်းလန်းသောမြစ် ကုန်သည်အဖွဲ့တွင် ကပ်ဘေးဆေးလုံး ပေါ်လာသည့် အတွက် သူက ရွှယ်ဝူရှကို စေလွှတ်ခဲ့သည်။
ထိုသို့ စေလွှတ်ရသည့် ရည်ရွယ်ချက်မှာ ကပ်ဘေးဆေးလုံးအတွက် ယှဥ်ပြိုင်ရန် အပြင် ထိုနှစ်ဦး ပေါ်ထွက်လာစေရန် အတွက် ဖြစ်သည်။
မည်သည့် အမှားအယွင်းမှ မရှိစေရန် အတွက် မဟာယာန အဆင့် ကျင့်ကြံသူ ဖြစ်သည့် ရွှယ်ကျိုးမင်ကိုပင် တိတ်တဆိတ် လိုက်ပါစေခဲ့၏။
သို့သော်လည်း သွေးနတ်ဘုရားသည် ရွှယ်ဝူရှအပြင် ရွှယ်ကျိုးမင်ပါ သတ်ဖြတ်ခံလိုက်ရမည်ဟု လုံးဝ ထင်မထားခဲ့ပေ။
အကယ်၍ ရွှယ်ဝူရှသာ သူ၏ ကိုယ်ပွားကို ထုတ်မသုံးခဲ့ဘဲ အရာအားလုံးကို သူ၏ မျက်စိဖြင့် တပ်အပ် မြင်တွေ့ခွင့် မရခဲ့လျှင် သွေးနတ်ဘုရားသည် ရွှယ်ကျိုးမင်က ရွှယ်ချန်ကျဲ တို့၏ လက်ထဲတွင် ကျဆုံးသွားလိမ့်မည်ဟု ယုံကြည်မည် မဟုတ်ပေ။
အခန်း(၂၅၂၃)ပြီး၏။
အခန်း(၂၅၂၄)
“ရွှယ်ချန်ကျဲက သိပ်လူပါးဝလွန်းနေပြီ.. အခုဆိုရင် ငါတို့သွေးနတ်ဆိုးဂိုဏ်းက ဆက်တိုက် အကြီးအကျယ် ထိုးနှက်ခံနေရပြီ.. သူ့ကို အလျင်အမြန် သုတ်သင်ဖို့က လွဲပြီး ငါ့မှာရွေးချယ်စရာလမရှိတော့ဘူး.. သူ အပြင်ထွက်လာအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ”
သွေးနတ်ဘုရားက ခန်းမအတွင်းရှိ လူများကို ဝေ့ကြည့်လိုက်သည်။
သူ၏ အေးစက်စက် အသံသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
သွေးနတ်ဘုရား၏ စကားကို ကြားလျှင် သွေးနတ်ဆိုးဂိုဏ်းမှ အကြီးအကဲများသည် တစ်ဦးကို တစ်ဦး ကြည့်မိလိုက်ကြသည်။
ခဏအကြာတွင် သွေးရောင်ဝတ်ရုံဝတ် အဘိုးအို တစ်ဦးသည် ခန်းမအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
သူက မချိပြုံး ပြုံး၍ ပြောလိုက်သည်။
“ဂိုဏ်းချုပ်.. လက်ယာကိုယ်ရံတော် ရွှယ်ကျိုးမင်က တကယ်ပဲ သူတို့ရဲ့လက်ထဲမှာ ကျဆုံးသွားခဲ့တယ် ဆိုရင် သူတို့ကို သုတ်သင်ဖို့က မလွယ်လောက်ဘူး ထင်တယ်”
ရွှယ်ချန်ကျဲတို့ နှစ်ယောက်သည် လက်ယာကိုယ်ရံတော် ရွှယ်ကျိုးမင်ကို သတ်ဖြတ်နိုင်သည် ဆိုလျှင် မဟာယာနအဆင့်ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ်ခွန်အား ရှိနေကြောင်း သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။
ဆိုရလျှင် သွေးနတ်ဆိုးဂိုဏ်း အနေဖြင့် နောက်ထပ် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးကို ထပ်မံ စေလွှတ်လျှင်ပင် ထိုနှစ်ယောက်ကို ကိုင်တွယ်နိုင်မည်ဟု တပ်အပ် မပြောနိုင်ပေ။
ထို့အပြင် လက်ရှိအချိန်တွင် သွေးနတ်ဆိုးဂိုဏ်းသည် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးကို စေလွှတ်ရန်ပင် ခက်ခဲနေခဲ့၏။
မူလက သွေးနတ်ဆိုးဂိုဏ်းတွင် မဟာယာနအဆင့် ကျင့်ကြံသူ ငါးဦး ရှိခဲ့သည်။
ထိုအထဲမှ တစ်ဦးမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်က နတ်ဘုရားနယ်မြေသို့ စစ်ချီသွားခဲ့သော်လည်း ပြန်လာနိုင်ခြင်း မရှိတော့ပေ။
ကျန်ရှိသော မဟာယာနအဆင့် ကျင့်ကြံသူလေးဦးတွင် လက်ဝဲကိုယ်ရံတော် ရွှယ်ရန်ဟဲသည် တားမြစ်နည်းစနစ်ကို အသုံးပြုမိခဲ့သဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး တံခါးပိတ်၍ ကျင့်ကြံနေခဲ့သည်။
လက်ယာကိုယ်ရံတော် ရွှယ်ကျိုးမင်ကမူ စိမ်းလန်းသောမြစ်ကောင်းကင်နယ်မြေတွင် ကျဆုံးသွားခဲ့သည်။
နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသည့် သွေးအရိပ်ဘိုးဘေးကို ထည့်မတွက်လျှင် သွေးနတ်ဆိုးဂိုဏ်း၏ မဟာယာနအဆင့်ကျင့်ကြံသူ ငါးဦး ထဲတွင် ဂိုဏ်းချုပ်ဖြစ်သည့် သွေးနတ်ဘုရား တစ်ပါးသာ ကျန်ရှိတော့၏။
ဤသည်မှာ သွေးနတ်ဆိုးဂိုဏ်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်သီးအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း စာရင်းဝင် ဖြစ်လာပြီးကတည်းကပင် ပထမဆုံးအကြိမ် ကြုံတွေ့ရသည့် အားအနည်းဆုံး အခြေအနေဟုပင် ဆိုနိုင်သည်။
“မင်းတို့ အကုန်လုံး ဆွံ့အနေကြတာလား”
သွေးနတ်ဘုရားက ဒေါသတကြီး ပြောလိုက်သည်။
“မင်းတို့ ဘာမှ ပြောစရာမရှိဘူးဆိုရင် ငါကိုယ်တိုင် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေဆီ သွားရတော့မှာပဲ”
ရွှယ်ချန်ကျဲ ပြန်ရောက်လာပြီးကတည်းကပင် သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်း ပါရမီရှင် လေးဦးထဲတွင် သုံးဦး ကျဆုံးခဲ့ရပြီး လက်ဝဲကိုယ်ရံတော်က ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကာ လက်ယာ ကိုယ်ရံတော်ကမူ အသတ်ခံခဲ့ရသည်။
အကယ်၍သာ ရွှယ်ချန်ကျဲတို့ နှစ်ဦးကို လျှို့ဝှက် လှုပ်ရှားခွင့် ဆက်လက် ပေးထားမည်ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်း အတွက် ငြိမ်းချမ်းမှု ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သွေးနတ်ဘုရားသည် မည်မျှပင် ရင်းနှီးရပါစေ၊ ထိုနှစ်ဦးကို သူကိုယ်တိုင် သွားရောက် သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်၏။
“ဂိုဏ်းချုပ် အဲလိုတော့ မလုပ်ပါနဲ့”
သွေးနတ်ဘုရားက ရွှယ်ချန်ကျဲ တို့ကို ကိုင်တွယ်ရန် အတွက် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေသို့ ကိုယ်တိုင်သွားရန် ရည်ရွယ်နေသည်ကို မြင်လျှင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးသည် အလျင်အမြန်ပင် တားမြစ်လိုက်၏။
“ရွှယ်ချန်ကျဲတို့က လက်ယာကိုယ်ရံတော်ကို သတ်ပြီးသွားပြီဆိုတော့ စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေမှာ ဆက်ရှိချင်မှ ရှိမှာပါ.. ဘယ်လိုပဲဖြစ်ဖြစ် ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေကို သူတို့ သိပ်မကြာခင် ပြန်လာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”
“ဟုတ်တယ် ဂိုဏ်းချုပ်.. လက်ရှိ သွေးနတ်ဆိုးဂိုဏ်းမှာ မဟာယာနအဆင့် ကျင့်ကြံသူ ဆိုလို့ ဂိုဏ်းချုပ် တစ်ဦးပဲ ရှိတော့တယ်.. တကယ်လို့ သွေးနတ်ဆိုးဂိုဏ်းကနေ ဂိုဏ်းချုပ် ထွက်ခွာသွားတဲ့အချိန်မှာ ရွှယ်ချန်ကျဲ တို့က သွေးနတ်ဆိုးဂိုဏ်းကို လာရောက် တိုက်ခိုက်မယ်ဆိုရင် အကျိုးဆက်က တွေးကြည့်လို့တောင် ရမှာမဟုတ်ဘူး.. ဒါ့အပြင် ကျွန်တော်တို့ သွေးနတ်ဆိုးဂိုဏ်းကို အမြဲတစေ စောင့်ကြည့်နေတဲ့ သွေးဓားအင်မော်တယ်ဂိုဏ်းလည်း ရှိသေးတယ်”
သွေးနတ်ဆိုးဂိုဏ်းမှ အကြီးအကဲ တစ်ဦးကလည်း အလျင်အမြန်ပင် ဝင်ရောက် ဖျောင်းဖျလိုက်သည်။
“ဒီအတိုင်းဆိုရင် သစ္စာဖောက်တစ်ယောက်ကို အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ ထိပ်သီး ဆယ်ဂိုဏ်းစာရင်းဝင် ဖြစ်တဲ့ ငါ့ရဲ့ သွေးနတ်ဆိုးဂိုဏ်းက ဒီအတိုင်း လွှတ်ပေးထားရတော့မှာလား”
အကြီးအကဲနှစ်ဦး၏ စကားကိုကြားလျှင် သွေးနတ်ဘုရား၏ မျက်နှာသည် အလွန်တရာပင် ခက်ထန်သွားခဲ့သည်။
ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် တစ်ဂိုဏ်း အပါအဝင် ဖြစ်သော သွေးနတ်ဆိုးဂိုဏ်းသည် သစ္စာဖောက် တစ်ဦးကြောင့် ယခုကဲ့သို့ အခြေအနေသို့ ဆိုက်ရောက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“ဂိုဏ်းချုပ်.. ရွှယ်ချန်ကျဲတို့ နှစ်ယောက်က လက်ယာကိုယ်ရံတော်ကိုတောင် သတ်နိုင်တယ် ဆိုတော့ သူတို့မှာ မဟာယာနအဆင့် ကျင့်ကြံသူထက် မနိမ့်တဲ့ ခွန်အားရှိတာ အသေအချာပဲ.. သွေးနတ်ဆိုးဂိုဏ်းရဲ့ လက်ရှိ အခြေအနေအရတော့ သူတို့ကို ရင်ဆိုင်ဖို့အတွက် မဟာယာနအဆင့်ကျင့်ကြံသူကို စေလွှတ်ဖို့ တကယ်ပဲ ခက်ခဲပါတယ်.. ဒါပေမဲ့ ဂိုဏ်းချုပ်ကိုယ်တိုင် ကိုယ်တွယ်လို့ မရတာက တခြားသူတွေ ကိုင်တွယ်လို့ မရဘူးလို့ မဆိုလိုဘူးလေ”
သွေးရောင်ဝတ်စုံဝတ် အဘိုးအိုက လေးနက်သော အမူအရာဖြင့် သွေးနတ်ဘုရားကို ပြောလိုက်သည်။
“မင်းက ဒီနှစ်ယောက်ကို ကိုင်တွယ်ဖို့အတွက် စိမ်းလန်းသောမြစ်ဂိုဏ်းကို အရေးယူခိုင်းဖို့ ဆိုလိုချင်တာလား”
သွေးနတ်ဘုရား၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“စိမ်းလန်းသောမြစ်ဂိုဏ်းမှာ မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးပဲ ရှိတယ်.. အဲဒီသူက စိမ်းလန်းသောမြစ်ဂိုဏ်းရဲ့ဂိုဏ်းချုပ် ကိုယ်တိုင်ပဲ သူ့ရဲ့စိတ်ဓာတ်အရဆိုရင် ငါတို့ကို ကူညီချင်မှ ကူညီလိမ့်မယ်”
သွေးနတ်ဘုရား၏ စကားကိုကြားလျှင် သွေးရောင်ဝတ်ရုံဝတ် အဘိုးအိုက လေးနက်စွာ ပြောလိုက်သည်။
“ကျွန်တော်တို့ကို စိမ်းလန်းသောမြစ်ဂိုဏ်းက အကူအညီပေးဖို့ဆန္ဒ မရှိနိုင်ပေမဲ့ ကျွန်တော်တို့သာ ကြီးမားတဲ့ အဖိုးအခပေးမယ်ဆိုရင် အဲဒီအလုပ်ကို လုပ်မဲ့ ဂိုဏ်းတော့ ရှိပါတယ်.. အဲဒီဂိုဏ်းက တိမ်တိုက်နက်ဂိုဏ်းပဲ”
ထိုစကားကိုကြားလျှင် သွေးနတ်ဘုရား၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
တိမ်တိုက်နက်ဂိုဏ်းသည် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ၏ အနီး ပတ်ဝန်းကျင်တွင် ရှိသည့် တိမ်တိုက်နက် နယ်မြေမှ ဖြစ်ပြီး ထိုနယ်မြေကို အုပ်ချုပ်သည့် ထိပ်သီးအင်အားစုလည်း ဖြစ်သည်။
တိမ်တိုက်နက်ဂိုဏ်း၏ လက်အောက်ရှိ တိမ်တိုက်နက်ကုန်သွယ်ရေးအဖွဲ့သည် စိမ်းလန်းသောမြစ်ဂိုဏ်းလက်အောက်ရှိ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့နှင့် အမြဲတစေ ရန်ဘက် ဖြစ်ခဲ့သည်။
တိမ်တိုက်နက်ဂိုဏ်းသည် ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော အင်အားစု ဖြစ်၏။
ထိုဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်သီးအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်းတွင် မပါဝင်သော်လည်း ခွန်အားကမူ ထိပ်သီး ဂိုဏ်းအချို့ထက်ပင် မနိမ့်ကျပေ။
မည်သို့ပင်ဖြစ်စေ တိမ်တိုက်နက်ဂိုဏ်း၏ လက်အောက်ရှိ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့သည် မည်သည့် စီးပွားရေးကိုမဆို လက်ခံရဲသည်။
ထိုက်တန်သည့် အဖိုးအခကို ပေးနိုင်သရွေ့ ၎င်းတို့က နတ်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်စေ၊ မဟာယာနအဆင့် ကျင့်ကြံသူဖြစ်စေ၊ ဖြေရှင်းပေးမည်သာ။
တစ်ခါက တိမ်တိုက်နက်ဂိုဏ်းသည် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးထက်မကကို သတ်ဖြတ်ခဲ့ဖူးသည်။
သူတို့ သွေးနတ်ဆိုးဂိုဏ်း၏ လက်ရှိ အခြေအနေအရ တိမ်တိုက်နက်ဂိုဏ်းကို အကူအညီ တောင်းခြင်းသည် ကောင်းမွန်သော ရွေးချယ်မှုပင် မဟုတ်ပါလော။
သွေးနတ်ဘုရား၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး သွေးရောင်ဝတ်ရုံဝတ် အဘိုးအိုကို ကြည့်ကာ ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
“ကောင်းပြီ မင်းအခုချက်ချင်းပဲ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့က လူတွေနဲ့ ဆက်သွယ်ဖို့ နည်းလမ်း ရှာပါ.. ရွှယ်ချန်ကျဲတို့ နှစ်ယောက်ကို ရှင်းလင်းပေးနိုင်တယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးကိုမဆို ဆွေးနွေးနိုင်တယ်လို့ ပြောလိုက်”
သွေးနတ်ဆိုးဂိုဏ်းက ကျန်းချန်တို့ နှစ်ဦးကို ရှင်းပစ်ရန် ဆွေးနွေးနေသည့် တစ်ချိန်တည်းမှာပင် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ၏ လူသူမရှိသော တောင်တန်း တစ်ခုတွင် ကျန်းချန်နှင့်ရွှယ်ချန်ကျဲ တို့သည် ချိုင့်ဝှမ်းတစ်ခု အတွင်း၌ တိတ်တဆိတ် ပုန်းအောင်းနေကြသည်။
“ကျန့်ဝူရွှယ်က ငါတို့ကို အဆောင်လက်ဖွဲ့ ပေးထားလို့ တော်သေးတယ်.. မဟုတ်ရင် ငါတို့ ဒီနေ့ ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်တယ်.. ဒါပေမဲ့ လီထျန်းယွမ် ငါတို့ကို ရှာတွေ့သွားမှာ ငါစိုးရိမ်မိတယ်”
ကျန်းချန်က ခေါင်းခါရမ်းရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ရွှယ်ချန်ကျဲက ပြုံး၍ ပြောလိုက်သည်။
“သခင်ကြီး အဲဒီလောက်ထိလည်း မစိုးရိမ်ပါနဲ့.. သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ အဆောင်လက်ဖွဲ့က အနှိုင်းမဲ့ ဓားကျင့်ကြံသူ တစ်ယောက် တီထွင်ထားတဲ့ ထိပ်တန်း အဆောင်လက်ဖွဲ့ပဲ.. ဒီအဆောင်လက်ဖွဲ့ရဲ့ လျှို့ဝှက်ချက်ကို မဟာယာနအဆင့် ကျင့်ကြံသူတောင်မှ ထွင်းဖောက်မြင်နိုင်မှာ မဟုတ်ဘူး”
“ဘာပဲဖြစ်ဖြစ် ငါတို့တွေ သတိထားရလိမ့်မယ်”
ကျန်းချန်က ရွှယ်ချန်ကျဲကို လေးနက်စွာ ပြောလိုက်သည်။
“ချန်ကျဲ ငါ့ကို စောင့်ရှောက်ထားပေး.. ငါ ဒီနေရာမှာ တစ်ခဏလောက် ကျင့်ကြံလိုက်ဦးမယ်”
မည်သို့ပင် ဖြစ်စေကာမူ ကျန်းချန်သည် သူ၏ ခွန်အားကို ပြန်လည်ရရှိရန် အတွက် အလျင်အမြန် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။
သူသာ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီး သူ၏ လက်ရှိခွန်အားဖြင့် အင်မော်တယ်ကျောက်တိုင်၏ စွမ်းရည်ကို ပေါင်းစပ်လိုက်လျှင် လီထျန်းယွမ်ကို အနိုင်မရလျှင်ပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိမည် ဖြစ်၏။
ထို့အပြင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အုပ်စိုးသူအဆင့် စွမ်းအားက ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိရန် အကန့်အသတ်မရှိ နီးစပ်နေပြီ ဖြစ်မှန်း ခံစားမိနေခဲ့သည်။
အုပ်စိုးသူစွမ်းအား ပြီးပြည့်စုံသွားသည်နှင့်တစ်ပြိုင်နက် သူက အုပ်စိုးသူအဆင့်သို့ ထိုးဖောက်နိုင်ပေလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် လီထျန်းယွမ် ကဲ့သို့ မဟာယာနအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်ရလျှင်ပင် သူ့အနေဖြင့် အနည်းငယ်မျှ ကြောက်ရွံ့နေမည် မဟုတ်တော့ပေ။
“ဒင်.. သင်က အင်မော်တယ်ခရစ္စတယ် အပိုင်းအစရဲ့ စွမ်းအားကို စုပ်ယူပြီး အုပ်စိုးသူစွမ်းအား အတွေ့အကြုံရမှတ် ဆယ်မှတ်ကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် ကျင့်ကြံပြီး အုပ်စိုးသူစွမ်းအား အတွေ့အကြုံရမှတ် ဆယ်မှတ်ကို အဆ ၁၀၀ ရရှိပါတယ်”
“...........”
သိပ်မကြာခင်မှာပင် သူနှင့် ရင်းနှီးပြီးသား စနစ်၏ အသိပေးချက်များသည် သူ၏ စိတ်ထဲတွင် ဆက်တိုက်ဆိုသလို မြည်ဟည်းလာခဲ့သည်။
ကျန်းချန် ကျင့်ကြံနေစဥ် အတွင်း ရွှယ်ချန်ကျဲသည် ကျန်းချန်နှင့် ပေတစ်ထောင်ခန့် အကွာတွင် တင်ပျဥ်ခွေ၍ ထိုင်ကာ ကျန်းချန်ကို စောင့်ရှောက်ပေးနေခဲ့သည်။
သို့သော်လည်း ရွှယ်ချန်ကျဲ တင်ပျဥ်ခွေထိုင်ပြီး မကြာမီမှာပင် အဝေးရှိ ကောင်းကင်ယံကနေ ပြင်းထန်သော နေရာလွတ်စွမ်းအင် လှိုင်းလုံးများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။
ရွှယ်ချန်ကျဲက ထိတ်လန့်သွားခဲ့ပြီး ကောင်းကင်ယံသို့ ရုတ်တရက် မော့ကြည့်လိုက်သည်။
မကြာမီမှာပင် ပြင်းထန်သော နေရာလွတ်စွမ်းအင် လှိုင်းလုံးများကို ထုတ်လွှတ်နေသည့် ကြိုးကြာငှက် တစ်ကောင်သည် အဝေးရှိကောင်းကင်ယံကနေ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။
ကြိုးကြာငှက်၏ ကိုယ်ပေါ်တွင် ရွှယ်ချန်ကျဲနှင့် အလွန်တရာ ရင်းနှီးသော ပုံရိပ်တစ်ခု ရှိနေခဲ့သည်။
ထိုပုံရိပ်မှာ ကျိုလီအင်မော်တယ်ဂိုဏ်းမှ လီထျန်းယွမ်ပင်ဖြစ်သည်။
အခန်း(၂၅၂၄)ပြီး၏။