အခန်း (၂၅၂၅-၂၅၂၆)
Vol. 193 Ch. 2525-2526
အခန်း(၂၅၂၅)
“လီထျန်းယွမ်က ဘယ်လိုလုပ်ပြီး နောက်ယောင်ခံ လိုက်လာနိုင်ရတာလဲ”
ကြိုးကြာငှက်၏ ကိုယ်ပေါ်တွင် ဝင့်ကြွားစွာ ရပ်နေသော လီထျန်းယွမ်ကို မြင်လျှင် ရွှယ်ချန်ကျဲ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩ ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
သိထားရမည့်အချက်မှာ သွေးနတ်ဆိုးဂိုဏ်းသည် သွေးဓားအင်မော်တယ်ဂိုဏ်းမှ ခွဲထွက်လာသော ဂိုဏ်း ဖြစ်သည်။
သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်သီး ပါရမီရှင်တစ်ဦး အနေဖြင့် ရွှယ်ချန်ကျဲသည် သွေးဓားအင်မော်တယ်ဂိုဏ်း၏ အဆောင်လက်ဖွဲ့ အကြောင်းကို ကောင်းစွာ သိရှိထားခဲ့၏။
သူသိထားသလောက်ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်းနှင့် သွေးဓားအင်မော်တယ်ဂိုဏ်းတို့၏ တိုက်ပွဲတစ်ခုတွင် သွေးဓားအင်မော်တယ်ဂိုဏ်းမှ မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးသည် သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာနအဆင့် ကျင့်ကြံသူ သုံးဦး၏ ဝိုင်းရံပိတ်ဆို့မှုကို ခံခဲ့ရသည့် အချိန်တွင် ထိုအဆောင်လက်ဖွဲ့ကို အသုံးပြု၍ ထွက်ပြေး လွတ်မြောက်သွားခဲ့ဖူး၏။
ထို့ကြောင့် ကျိုလီအင်မော်တယ်ဂိုဏ်းမှ လီထျန်းယွမ်က သူတို့၏ တည်နေရာကို ဤမျှ တိုတောင်းသောအချိန်အတွင်း ရှာဖွေနိုင်လိမ့်မည်ဟု ရွှယ်ချန်ကျဲ လုံးဝ ထင်မထားခဲ့ပေ။
ရွှယ်ချန်ကျဲ၏ စိတ်ထဲတွင် ထိတ်လန့်နေစဥ်မှာပင် လီထျန်းယွမ် စီးနှင်လာသော ကြိုးကြာငှက်သည် ရွှယ်ချန်ကျဲနှင့် ပေထောင်ချီ အကွာရှိ လေထုတွင် ပေါ်လာခဲ့သည်။
လီထျန်းယွမ်က အောက်ဘက်ရှိ ရွှယ်ချန်ကျဲကို အပေါ်စီးမှ ငုံ့ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“မင်းက သွေးနတ်ဆိုးဂိုဏ်းရဲ့ သစ္စာဖောက် ရွှယ်ချန်ကျဲ မဟုတ်လား”
ရွှယ်ချန်ကျဲက လီထျန်းယွမ်၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။
သူက လီထျန်းယွမ်ကို စိုက်ကြည့်နေခဲ့၏။
သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
“သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ အဆောင်လက်ဖွဲ့က အရမ်းကို အဆင့်မြင့်လွန်းတယ်.. ဘယ်လို သဲလွန်စမှ ကျန်ရစ်ခဲ့မှာမဟုတ်ဘူး.. မင်းငါတို့ကို ဘယ်လိုလုပ်ပြီး နောက်ယောင်ခံနိုင်ရတာလဲ”
“သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ အဆောင်လက်ဖွဲ့က တကယ်ပဲ အစွမ်းထက်ပါတယ်.. သာမန် မဟာယာနအဆင့် ကျင့်ကြံသူ ဆိုရင်တော့ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူးပေါ့”
လီထျန်းယွမ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဒါပေမဲ့ ငါလေ့ကျင့်ထားတာက နေရာလွတ် လမ်းစဥ်ပဲ.. မင်းတို့က အဆောင်လက်ဖွဲ့လေး တစ်ခုကို အားကိုးပြီး ငါ့လက်ထဲက ထွက်ပြေးချင်နေတာ စိတ်ကူးယဥ်လွန်းရာ ကျနေပြီ”
ထိုစကားကိုကြားလျှင် ရွှယ်ချန်ကျဲသည် လီထျန်းယွမ် သူတို့နောက်သို့ လိုက်လာနိုင်ရသည့် အကြောင်းရင်းကို နားလည်သွားခဲ့သည်။
“ရွှယ်ချန်ကျဲ.. ငါတို့ ကျိုလီအင်မော်တယ်ဂိုဏ်းနဲ့ မင်းနဲ့ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိဘူး.. မင်းဒီကနေ ထွက်သွားသရွေ့ ငါမင်းကို အခက်တွေ့အောင် မလုပ်ဘူး”
လီထျန်းယွမ်က ရွှယ်ချန်ကျဲကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
“ဒီလိုမှ မဟုတ်ရင်တော့ ငါမင်းကိုဖမ်းပြီး သွေးနတ်ဆိုးဂိုဏ်းရဲ့ လက်ထဲ အပ်လိုက်ဖို့တော့ ရှိတော့တယ်.. သွေးနတ်ဆိုးဂိုဏ်းကိုသာ မင်းကို အပ်လိုက်ရင် သွေးနတ်ဆိုးဂိုဏ်းက အတော်လေး ပျော်ရွှင်သွားမှာပဲ”
သွေးနတ်ဆိုးဂိုဏ်းနှင့်ကျိုလီအင်မော်တယ်ဂိုဏ်းတို့သည် ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် ပါဝင်ကြပြီး အလွန်တရာ ရင်းနှီးကြသည်။
လွန်ခဲ့သော နှစ်များအတွင်း သွေးနတ်ဆိုးဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်သည် အလွန်တရာပင် မြန်ဆန်ခဲ့ပြီး ကျိုလီ အင်မော်တယ်ဂိုဏ်း၏ အဆင့်အတန်းကိုပင် တဖြည်းဖြည်း ခြိမ်းခြောက်လာခဲ့သည်။
ထို့ကြောင့် သွေးနတ်ဆိုးဂိုဏ်း၏ သစ္စာဖောက် ရွှယ်ချန်ကျဲက ရုတ်တရက် ပြန်ရောက်လာပြီး သွေးနတ်ဆိုးဂိုဏ်းအား အကြီးအကျယ် ထိခိုက်စေသည်ကို ကျိုလီအင်မော်တယ်ဂိုဏ်းသည် သဘာဝကျစွာပင် ဝမ်းသာနေခဲ့သည်။
ထိုအကြောင်းအရင်းကြောင့်ပင် လီထျန်းယွမ်သည် ရွှယ်ချန်ကျဲကို မတိုက်ခိုက်လိုခြင်း ဖြစ်၏။
သူ၏ အလုပ်ကို ရွှယ်ချန်ကျဲ မဖျက်ဆီးသရွေ့ လီထျန်းယွမ်သည် ရွှယ်ချန်ကျဲကို လွှတ်ပေးထားပြီး သွေးနတ်ဆိုးဂိုဏ်းအား ဆက်လက် နှောင့်ယှက်ခွင့်ပေးရန် ဝန်လေးနေမည် မဟုတ်ပေ။
ရွှယ်ချန်ကျဲက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“မင်းအနေနဲ့ ငါ့သခင်ကြီးရဲ့ ဆံခြည်တစ်မျှင်ကို ထိချင်တယ်ဆိုရင် ငါ့ရဲ့အလောင်းကို အရင် ကျော်သွားရလိမ့်မယ်”
မဟာယာနအဆင့် ကျင့်ကြံသူ လီထျန်းယွမ်ကို ရင်ဆိုင်နေရသော်လည်း ရွှယ်ချန်ကျဲသည် နောက်မတွန့်ခဲ့ပေ။
သူ၏ အသက်က ကျန်းချန်၏ လက်ထဲတွင် ရှိနေကြောင်း ရွှယ်ချန်ကျဲ ကောင်းစွာ သိရှိထားခဲ့၏။
အကယ်၍ ကျန်းချန်သာ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူသည်လည်း အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
ထို့အပြင် သူတို့ အတူတကွ ရှိနေခဲ့သည့် အချိန်ကာလတစ်လျှောက်တွင် ရွှယ်ချန်ကျဲသည် ကျန်းချန်ကို သူ၏ သခင် အဖြစ် စိတ်ထဲကနေ တဖြည်းဖြည်း အသိအမှတ် ပြုလာခဲ့ရာ ဤအချိန်တွင် ကျန်းချန်ကို မည်ကဲ့သို့ စွန့်ပစ်နိုင်ပါမည်နည်း။
ဤကာလအတွင်း ကျန်းချန်သည် သူ့ကို ဦးဆောင်ကာ သွေးနတ်ဆိုးဂိုဏ်းမှ ကပ်ဘေးအဆင့် ပါရမီရှင်များ အပြင် လက်ယာကိုယ်ရံတော် ရွှယ်ကျိုးမင်ကိုပင် သတ်ဖြတ်ခဲ့သည်။
ကျန်းချန်နှင့် မတွေ့ဆုံမီက ဆိုလျှင် ဤအရာများသည် ရွှယ်ချန်ကျဲ အနေဖြင့် စိတ်ကူးပင် မယဥ်နိုင်ခဲ့သည့် အရာများ ဖြစ်၏။
ကျန်းချန်နှင့် တွေ့ဆုံပြီးနောက်တွင် ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်းကို အကြီးအကျယ် ထိုးနှက်နိုင်ခဲ့၏။
အကယ်၍ သူသာ ကျန်းချန်ကို ဆုံးရှုံးလိုက်ရမည် ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်း၏ လိုက်လံသတ်ဖြတ်မှုအောက်တွင် အသက်ရှင်နိုင်မည် မဟုတ်သလို သွေးနတ်ဆိုးဂိုဏ်းကိုလည်း အကြီးအကျယ် ထိုးနှက်ရန် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် သူက အစွမ်းကုန်ကြိုးစားပြီး ကျန်းချန် အတွက် အချိန်အနည်းငယ် ဆွဲပေးထားရန် ဆုံးဖြတ်ခဲ့၏။
“တော်တော် ခေါင်းမာတဲ့ကောင်ပဲ”
လီထျန်းယွမ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
မဟာယာနအဆင့် ကျင့်ကြံသူ၏ ကြီးမားသော ခွန်အားသည် ထိုက်စန်းတောင်က အပေါ်စီးကနေ ဖိချလိုက်သကဲ့သို့ အောက်ဘက်ရှိ ရွှယ်ချန်ကျဲဆီ ကျရောက်လာခဲ့သည်။
“လီထျန်းယွမ်.. ဒီနေ့ ငါ ရွှယ်ချန်ကျဲက မင်းရဲ့ မဟာယာနအဆင့် ကျင့်ကြံသူ ခွန်အားကို စမ်းသပ်ကြည့်ရတာပေါ့”
ရွှယ်ချန်ကျဲက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဆက်တိုက်ဆိုသလို မြင့်တက်လာခဲ့ပြီး ပေထောင်ချီအမြင့် ရှိသည့် သွေးရောင်ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် သူက လက်ထဲမှ သွေးရောင်ဓားရှည်ဖြင့် လီထျန်းယွမ်ကို ပိုင်းချလိုက်၏။
“သွေးငရဲဓားသိုင်း”
ထိုဓားချက်သည် လေထုကိုပင် ပေါက်ကွဲသွားစေခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကို ဆန်းကြယ်သော သွေးငရဲဘုံ အဖြစ် ပြောင်းလဲသွားစေခဲ့သည်။
ထိုသွေးငရဲဘုံတွင် လောကရှိ အရာအားလုံးကို ဘာမှ မကျန်ရှိတော့သည်အထိ ချေမှုန်းပစ်ရန် လုံလောက်သော ကြောက်မက်ဖွယ် ဓားအရှိန်အဝါများ ပြည့်နှက်နေခဲ့၏။
“သွေးနတ်ဆိုးဂိုဏ်းရဲ့ တစ်ချိန်က နာမည်ကျော်ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်”
“မင်းက မဟာယာန တစ်ပိုင်းအဆင့်ကိုတောင် ရောက်လုနီးနေပြီပဲ.. မင်းကိုသာ အချိန်နည်းနည်းလောက် ထပ်ပေးလိုက်မယ်ဆိုရင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ စတုတ္ထမြောက် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ဖြစ်လာမှာ အသေအချာပဲ.. နှမြောဖို့ကောင်းတာက လက်ရှိအချိန်မှာ မင်းက ငါ့ရှေ့မှာ ပုရွက်ဆိတ် တစ်ကောင်နဲ့ ဘာမှ မခြားတာပဲ”
လီထျန်းယွမ်က အပေါ်စီးကနေ မထီမဲ့မြင် ကြည့်ကာ ရေရွတ်လိုက်သည်။
သူက ရွှယ်ချန်ကျဲ၏ ဓားချက်ကို သာမန်လောက်သာ သဘောထားခဲ့၏။
သူက လက်ချောင်းကို အသာအယာ ဆန့်ထုတ်လိုက်ရာ ကြောက်မက်ဖွယ် ဓားအလင်းတစ်ခုသည် သူ၏ လက်ချောင်းကနေ ထွက်ပေါ်လာခဲ့ပြီး သွေးငရဲဘုံကို နှစ်ပိုင်းဖြတ်ပစ်ကာ ရွှယ်ချန်ကျဲ၏ လက်ထဲရှိ သွေးရောင်ဓားရှည်ကို ထိမှန်သွားခဲ့သည်။
“ထန်း..”
သွေးရောင်ဓားရှည်နှင့် ဓားအလင်းတို့ ထိတွေ့မိရာကနေ သတ္တုချင်း ထိရိုက်သံ တစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် ရွှယ်ချန်ကျဲ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်သွားခဲ့ပြီး သွေးရောင်ဓားရှည်သည်လည်း လက်ထဲမှ လွင့်ထွက်သွားခဲ့သည်။
ထို့နောက်တွင် ပေထောင်ချီ အမြင့်ရှိသော သွေးပုံရိပ်သည် ရုတ်တရက် ပြိုလဲသွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်ပြန် လွင့်စင်သွားခဲ့သည်။
“ဖူး..”
ရွှယ်ချန်ကျဲက ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး အရှိန်အဝါသည်လည်း တစ်ခဏ အတွင်းမှာပင် အလွန်တရာ အားနည်းသွားခဲ့သည်။
သူက လေထုထဲမှ လီထျန်းယွမ်ကို မော့ကြည့်လိုက်သည်။
သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရလျှင်ပင် တစ်ကွက်နှစ်ကွက် ယှဥ်ပြိုင်နိုင်လိမ့်မည် ဖြစ်သော်လည်း မဟာယာနအဆင့် ကျင့်ကြံသူ၏ ရှေ့တွင်မူ မည်သို့မျှ ခုခံနိုင်စွမ်း မရှိခဲ့ပေ။
“ရွှယ်ချန်ကျဲ ငါမင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ.. မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”
လီထျန်းယွမ်က ရွှယ်ချန်ကျဲကို အေးစက်စက် ငုံ့ကြည့်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ရွှယ်ချန်ကျဲ ရှိနေသည့် နေရာကို နေရာလွတ် စွမ်းအားများဖြင့် ချုပ်နှောင်လိုက်သည်။
သို့သော်လည်း ထိုအချိန်မှာပင် နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ရာကောင်းသော ဓားအရှိန်အဝါ တစ်ခု ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။
မကြာမီမှာပင် အလွန်တရာ တောက်ပသော ဓားအလင်းတစ်ခုသည် အောက်ဘက်ရှိ ချိုင့်ဝှမ်းကနေ ကောင်းကင်ယံသို့ ထိုးတက်လာခဲ့ပြီး ရွှယ်ချန်ကျဲကို ချုပ်နှောင်ထားသည့် လီထျန်းယွမ်၏ နေရာလွတ်စွမ်းအားကို တစ်ခဏအတွင်း ချေမှုန်းပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အေးစက်စက် အသံတစ်သံသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ပဲ့တင်ထပ်သွားခဲ့၏။
“လီထျန်းယွမ်.. ရွှယ်ချန်ကျဲက ငါကျန်းချန်ရဲ့လူပဲ.. ငါကျန်းချန်ရဲ့ လူကို မင်းသတ်ချင်တိုင်း သတ်လို့မရဘူး”
လီထျန်းယွမ်က မျက်ဝန်းများက အနည်းငယ် မှေးကျဥ်းသွားခဲ့ပြီး အသံလာရာ ဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအခါ ရှေးဟောင်းရွှေရောင်ဓားကို ကိုင်ဆောင်ထားသည့် ပုံရိပ် တစ်ခုသည် အောက်ဘက်ရှိ ချိုင့်ဝှမ်းကနေ လေထုထဲသို့ ခုန်တက်လာသည်ကို တွေ့လိုက်ရ၏။
“ကောင်လေး.. အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် သုံးယောက်နဲ့ ယှဥ်ရင်တောင် မင်းရဲ့ပါရမီက သာနေသေးတယ်.. မင်း ငါ့လက်ထဲမှာ ကျဆုံးသွားရမှာ တကယ်ကို နှမြောစရာပဲ”
လီထျန်းယွမ်က သူ၏ ရှေ့တွင် ပေါ်လာသော ကျန်းချန်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“မင်းရဲ့ ကိုယ်ပေါ်က အင်မော်တယ် ရတနာနှစ်ခုကိုသာ လွှဲပေးလိုက်ပါ.. ငါမင်းကို လွှတ်ပေးဖို့ စဥ်းစားပေးမယ်”
ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။
“လီထျန်းယွမ်.. မင်း အင်မော်တယ်ရတနာကို လိုချင်တယ်ဆိုရင် ငါ့လက်ထဲက ဓားက သဘောတူ မတူ ဆိုတာ အရင် မေးကြည့်ရလိမ့်မယ်”
အခန်း(၂၅၂၅)ပြီး၏။
အခန်း(၂၅၂၆)
“သေစမ်း”
ကျန်းချန်က လျင်မြန်စွာ စတင် လှုပ်ရှားလိုက်သည်။
သူ၏ တိုက်ပွဲဝင်လိုစိတ်က မိုးထိအောင် မြင့်မားနေခဲ့သည်။
သူ၏ လက်ထဲရှိ ရှေးဟောင်းရွှေရောင်ဓား(ဝါ)လူသားဧကရာဇ်ဓားထံမှ အလင်းတန်းများ ပိုမို တောက်ပလာခဲ့သည်။
ကျန်းချန်က ဓားကွက်များကို ဆက်တိုက်ဆိုသလို ထုတ်ဖော်ကာ လီထျန်းယွမ်ကို တိုက်ခိုက်လိုက်၏။
လီထျန်းယွမ်က သူ၏ ဘယ်ဘက်လက်ကို နောက်ပစ်ကာ ညာလက် တစ်ဖက်တည်းဖြင့်ပင် ကျန်းချန်၏ တိုက်ခိုက်မှုကို အေးအေးလူလူ ရင်ဆိုင်ခဲ့သည်။
“ကောင်လေး.. ဒီခွန်အားလောက်နဲ့တော့ ငါ့ကို ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး”
လီထျန်းယွမ်က မထီမဲ့မြင် ပြုံးလိုက်ပြီး ကျန်းချန်ထံ လက်သီး တစ်လုံး ပစ်သွင်းလိုက်သည်။
ထိုခဏတွင် ဟင်းလင်းပြင်က ပြိုလဲသွားခဲ့ပြီး လောကတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ပျက်စီးကာ နေနှင့်လတို့သည်ပင် ဗြောင်းဆန်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာကောင်းသော နေရာလွတ်စွမ်းအားများ ပြည့်နှက်သွားခဲ့ပြီး ကျန်းချန်သည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ပတ်ဝန်းကျင်ရှိ နေရာလွတ်က ဖယ်ထုတ်ပစ်တော့မည့် အလား ခံစားလိုက်ရသည်။
ယင်းအခိုက်အတန့်တွင် လေပြေလေညှင်းနှင့် ရေစက်ကလေးတိုင်းသည် သူ၏ ရန်သူများ ဖြစ်နေသကဲ့သို့ပင်။
ဤအချိန်တွင် ကျန်းချန်သည် လီထျန်းယွမ်ကို လောက၏ တစ်ပါးတည်းသော အရှင်သခင် ကဲ့သို့ မခံစားဘဲ မနေနိုင်ခဲ့ပေ။
“တကယ်ကို ကြောက်ဖို့ကောင်းတဲ့ လက်သီးချက်ပါလား”
လီထျန်းယွမ်၏ လက်သီးချက်မှ စွမ်းအားကို ခံစားမိလျှင် ကျန်းချန်၏ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
မဟာယာနအဆင့် ကျင့်ကြံသူဆိုသည်မှာ အင်မော်တယ်အဆင့်သို့ ခြေတစ်ဖက် လှမ်းထားပြီးသူများ ဖြစ်ရာ ခွန်အားအဆင့်အတန်းသည် ကောင်းကင်နှင့်မြေကြီး ကဲ့သို့ပင် ဖြစ်နေခဲ့ချေပြီ။
ထို့အပြင် လီထျန်းယွမ်သည် နေရာလွတ်စွမ်းအားကို ကျွမ်းကျင်သော မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်၍ သူ၏ သာမန် လက်သီးချက်သည်ပင် လောကကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိနေခဲ့သည်။
“နတ်ခန္ဓာပုံရိပ် လူသားဧကရာဇ်ဓား”
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ နတ်ခန္ဓာပုံရိပ်နှင့် ရှေးဟောင်းရွှေရောင်ဓားကို ပေါင်းစပ်ကာ အနှိုင်းမဲ့ ဓားချက်ကို ထုတ်ဖော်၍ လီထျန်းယွမ်ကို တိုက်ခိုက်လိုက်သည်။
လီထျန်းယွမ်က ကျန်းချန်၏ ဓားချက်ကို ရှောင်တိမ်းခြင်း မပြုခဲ့ပေ။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ထိုက်စန်းတောင်ကဲ့သို့ မလှုပ်မယှက် တည်ငြိမ်စွာ ရှိနေခဲ့ပြီး ကျန်းချန်၏ ဓားချက်ကို လက်သီးချက်ဖြင့် တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
လီထျန်းယွမ်၏ လက်သီးစွမ်းအားအောက်တွင် ကျန်းချန်၏ အနှိုင်းမဲ့ ဓားအလင်းသည် ပြိုလဲသွားခဲ့ပြီး လက်သီးစွမ်းအားသည် ကျန်းချန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် သက်ရောက်လာခဲ့သည်။
လီထျန်းယွမ်၏ လက်သီးချက်အောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ် အားလုံးသည် စက္ကူစုတ် ကဲ့သို့ ချက်ချင်းဆိုသလို ကြေမွသွားခဲ့ပြီး ကျန်းချန်၏ ကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန်ပင် ကျရောက်သွားခဲ့ကာ အဝေးသို့ လွင့်ထွက်သွားစေခဲ့သည်။
ကျန်းချန်၏ ခန္ဓာကိုယ်က လေထဲကနေ ပြုတ်ကျသွားခဲ့ပြီး အောက်ဘက်ရှိ တောင်တန်းအချို့ကို တိုက်မိကာ ထိုတောင်တန်းများကို ပြိုကျသွားစေခဲ့၏။
သူက သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို မနည်း ပြန်လည် ထိန်းချုပ်လိုက်ရသော်လည်း နှုတ်ခမ်းထောင့်ကနေ သွေးများ အဆက်မပြတ် စီးကျလာခဲ့သည်။
“ကောင်လေး...မင်းရဲ့ပါရမီက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် သုံးယောက်ထက် သာတယ်ဆိုတာ ငါဝန်ခံပါတယ်.. အဆင့်တက်ကာစ မဟာယာနအဆင့် ကျင့်ကြံသူတချို့တောင် မင်းကို အနိုင်ရချင်မှ အနိုင်ရလိမ့်မယ်.. နှမြောဖို့ကောင်းတာက မင်း ဒီနေ့ ရင်ဆိုင်ရတဲ့သူက ငါ ဖြစ်နေတာပဲ”
အေးစက်စက် စကားသံ အဆုံးသတ်သည်နှင့် လီထျန်းယွမ်သည် ခြေတစ်လှမ်း လှမ်းလိုက်ရာ ကျန်းချန်၏ ဦးခေါင်းအထက်သို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့ပြီး နောက်ထပ်လက်သီးချက် တစ်ချက်ကို ထပ်မံထုတ်ဖော်၍ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ထိုလက်သီးချက် ထွက်ပေါ်လာသည်နှင့် အမျှ ကောင်းကင်နှင့်မြေကြီး၏ ကြောက်မက်ဖွယ် အရှိန်အဝါများသည် ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားခဲ့သည်။
ယင်းနောက်တွင်မူ လက်သီးချက်သည် ထိုက်စန်းတောင် ကဲ့သို့ ကျန်းချန်ထံ ကျရောက်လာခဲ့၏။
“သခင်ကြီး”
ထိုမြင်ကွင်းကို မြင်လျှင် ရွှယ်ချန်ကျဲသည် မျက်နှာအလွန်အမင်း ပျက်ယွင်းသွားခဲ့သည်။
သို့သော် သူက အစောပိုင်းတွင် လီထျန်းယွမ်၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့ရာ ယခုအခါတွင် ခွန်အားလုံးဝ မရှိတော့၍ ကျန်းချန်ကို မည်ကဲ့သို့ ကယ်တင်နိုင်ပါမည်နည်း။
သူက ကျန်းချန် ဆီသို့ ဦးတည်နေသည့် လီထျန်းယွမ်၏ လက်သီးချက်ကို ငေးကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
“ဒီလူက တကယ်ကို သန်မာလွန်းတာပဲ”
လီထျန်းယွမ်၏ တိုက်ကွက်ကို ကြည့်ရင်း ကျန်းချန်၏ အမူအရာသည် တစ်ခဏအတွင်း အလွန်တရာ လေးနက်သွားခဲ့သည်။
ရွှယ်ကျိုးမင်နှင့် လီထျန်းယွမ် တို့သည် မဟာယာနအဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း သူ၏ ရှေ့မှ လီထျန်းယွမ်သည် သူသတ်ဖြတ်ခဲ့သော ရွှယ်ကျိုးမင်ထက် ပိုမို အားကောင်း၏။
ဤအချိန်တွင် ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ မဟာယာနအဆင့် ကျင့်ကြံသူများကို အထင်သေးခဲ့မိမှန်း သူ့ကိုယ်သူ နားလည်သဘောပေါက်သွားခဲ့သည်။
အကယ်၍ ထိုနေ့ကသာ ရွှယ်ကျိုးမင်သည် အထွတ်အထိပ် အခြေအနေတွင် ရှိနေခဲ့လျှင် သူ့အနေဖြင့် ရွှယ်ကျိုးမင်ကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
အခြေအနေက ဤအထိ ရောက်ရှိနေပြီ ဖြစ်ရာ ကျန်းချန်အနေဖြင့် အင်မော်တယ် ကျောက်တိုင်ကို ထုတ်သုံးပြီး သူသေကိုယ်သေ တိုက်ခိုက်ရန်မှ လွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
သို့သော်လည်း ကျန်းချန်က အင်မော်တယ် ကျောက်တိုင်ကို ထုတ်ယူတော့မည့် ဆဲဆဲမှာပင် စနစ်၏ သတိပေးချက်သည် သူ၏ စိတ်ထဲတွင် ရုတ်တရည် မြည်ဟည်းလာခဲ့သည်။
“ဒင်.. သင့်ရဲ့ခန္ဓာကိုယ်ထဲမှာ အုပ်စိုးသူစွမ်းအားက ပြီးပြည့်စုံတဲ့ အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ.. သင့်အနေဖြင့် အုပ်စိုးသူအဆင့်ကို ထိုးဖောက်ဖို့ ဆန္ဒရှိပါသလား”
သူ၏ စိတ်ထဲမှ စနစ်၏ သတိပေးချက်ကို ကြားလိုက်ရလျှင် ကျန်းချန်သည် ဝမ်းသာသွားခဲ့သည်။
ဤကာလအတွင်း သူက အရူးအမူး ကျင့်ကြံခဲ့ပြီး အင်မော်တယ်ခရစ္စတယ် အပိုင်းအစနှစ်ခု၏ မြှင့်တင်ပေးမှုကြောင့် အုပ်စိုးသူအဆင့် စွမ်းအားသည် ပြီးပြည့်စုံသော အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။
သို့သော်လည်း ထိုခြေတစ်လှမ်းသည် အချိန်အတော်လေး ကြန့်ကြာနေခဲ့ပြီး ယခုလို သေရေးရှင်ရေး အချိန်တွင်မှ ပြီးပြည့်စုံသောအဆင့်ကို ရောက်ရှိသွားခဲ့၏။
“အဆင့်ထိုးဖောက်မယ်”
ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ အုပ်စိုးသူအဆင့်ကို ထိုးဖောက်ရန် ပြတ်ပြတ်သားသားပင် ရွေးချယ်လိုက်သည်။
“ဒင်.. သင် ယခုရောက်ရှိနေသော စကြဝဠာသည် သင်ကျင့်ကြံထားသော သိုင်းပညာ ကျင့်ကြံခြင်းစနစ်နှင့် ကွဲပြားသောကြောင့် ဤစကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် လက်ခံလိမ့်မည် မဟုတ်၍ စနစ်က သင့်အတွက် ကပ်ဘေးကို အလိုအလျောက် ပိတ်ဆို့ပေးသွားပါမည်”
“ဒင်.. သင်က အုပ်စိုးသူအဆင့်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပါပြီ”
ကျန်းချန်က အဆင့်တက်ရန် ရွေးချယ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ စိတ်ထဲတွင် နောက်ထပ် စနစ်၏ သတိပေးချက် နှစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်စက္ကန့်မှာပင် ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများသည် စတင် ပြောင်းလဲလာခဲ့ပြီး အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားခဲ့ကာ ယခင်ထက် အဆပေါင်းများစွာ ပိုမို အားကောင်းလာခဲ့သည်။
“လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်”
အုပ်စိုးသူအဆင့်သို့ ထိုးဖောက်ပြီးသည်နှင့် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်သည်။
ဤဓားချက်သည် သာမန်ဟုသာ ထင်ရသော ဓားချက်တစ်ချက် ဖြစ်သော်လည်း သူ့ထံသို့ သက်ရောက်လာသည့် စွမ်းအားများကို အစအနပင် မကျန်ရှိသည်အထိ ဖျက်ဆီးပစ်လိုက်သည်။
“ဒီကောင့်ရဲ့ ခွန်အားက ဘယ်လိုလုပ်ပြီး ရုတ်တရက် ဒီလောက်အထိ တိုးတက်လာရတာလဲ”
ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲကို ခံစားမိလျှင် လီထျန်းယွမ်၏ အေးစက်စက် မျက်ဝန်းများ၌ အဆုံးသတ်တွင် အံ့အားသင့်သော အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတွင် နှစ်ပေါင်းသောင်းချီကျင့်ကြံလာခဲ့သည့် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် လီထျန်းယွမ်၏ ကျင့်ကြံခြင်းအဆင့်သည် မဟာယာန အစောပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ထို့အပြင် သူက အလွန်တရာ ရှားပါးသော နေရာလွတ်စွမ်းအား ဝိညာဥ် အရင်းအမြစ်ကို ပိုင်ဆိုင်ထား၍ မဟာယာန အစောပိုင်းအဆင့်တွင် ပြိုင်ဘက်ကင်းသလောက်ပင် ဖြစ်၏။
သို့သော်လည်း အစောပိုင်းက သူ၏ လက်သီးချက်ကြောင့် နာလန် မထူနိုင်အောင် အရိုက်ခံထားရသည့် ကျန်းချန်သည် ရုတ်တရက် သူ့ကို ပြန်လည် ယှဥ်ပြိုင်နိုင်စွမ်း ရှိလာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
လီထျန်းယွမ်သည် မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရ၏။
သူက ကျန်းချန်ကို စိုက်ကြည့်ကာ မယုံကြည်နိုင်သောအမူအရာဖြင့် ရေရွတ်လိုက်သည်။
“မင်း.. မင်း အဆင့်ထိုးဖောက်သွားပြီလား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လီထျန်းယွမ်သည် သူ၏ ရှေ့မှ လူငယ်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ အင်မော်တယ်ကျင့်ကြံသူ မဟုတ်ဘဲ သိုင်းပညာယဥ်ကျေးမှု ထွန်းကားသော စကြဝဠာမှ လာသူဖြစ်ကြောင်း သိထားပြီးသား ဖြစ်သည်။
သိုင်းပညာ ယဥ်ကျေးမှုဖြစ်စေ၊ အင်မော်တယ် ကျင့်ကြံခြင်းယဥ်ကျေးမှုဖြစ်စေ အားလုံးသည် ကောင်းကင်ဘုံကို ဆန့်ကျင်သည့် လမ်းစဥ်များသာ ဖြစ်၍ အနည်းငယ်မျှသာ ကွဲပြား၏။
သူတို့အားလုံးတွင် တူညီသော ပန်းတိုင်တစ်ခုသာ ရှိပြီး ယင်းမှာ အနှောင်အဖွဲ့များကို ဖြတ်ကျော်၍ ထာဝရအသက်ကို ရရှိကာ အင်မော်တယ် ဖြစ်လာရန်ပင်။
ကောင်းကင်ဘုံကို ဆန့်ကျင်နေသည့် လမ်းစဥ် မှန်သမျှတွင် ကျင့်ကြံခြင်းအဆင့် ပိုမို မြင့်မားလေ၊ ကောင်းကင်ကပ်ဘေးသည် ပိုမိုပြင်းထန်လေ ဖြစ်၏။
ကျန်းချန်၏ မူလခွန်အားသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူနှင့် ယှဥ်နိုင်နေပြီ ဖြစ်သည်။
အကယ်၍ သူက အဆင့်ထိုးဖောက်မည် ဆိုလျှင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူက မဟာယာနအဆင့်သို့ ထိုးဖောက်ခြင်းနှင့် တူညီနေပြီ ဖြစ်ရာ မဟာယာနအဆင့် ကပ်ဘေးကို ခံယူရပေလိမ့်မည်။
ယင်းအပြင် ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ ကျင့်ကြံသူ မဟုတ်သဖြင့် ဤစကြဝဠာအတွင်း အဆင့် ထိုးဖောက်လိုလျှင် ပိုမို ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးကို ရင်ဆိုင်ရလိမ့်မည် ဖြစ်၏။
သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် မည်သည့်ကပ်ဘေးကိုမှ မခံရဘဲ တိုက်ရိုက်ပင် အဆင့် ထိုးဖောက်သွားခဲ့သည်။
ယင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။
အခန်း(၂၅၂၆)ပြီး၏။