အခန်း (၂၅၂၇-၂၅၂၈)
Vol. 193 Ch. 2527-2528
အခန်း(၂၅၂၇)
“အုပ်စိုးသူအဆင့် ကပ်ဘေးကို စနစ်က လုံးဝ ပိတ်ဆို့လိုက်တာ နှမြောစရာပဲ”
ကျန်းချန်က အုပ်စိုးသူအဆင့်သို့ ဤကဲ့သို့သော နည်းလမ်းဖြင့် ထိုးဖောက်နိုင်ခဲ့သည်ကို မြင်လျှင် မနှမြောဘဲ မနေနိုင်ခဲ့ပေ။
အကယ်၍ သူသာ လက်ရှိအချိန်တွင် နတ်ဘုရားနယ်မြေထဲ၌ ရှိနေခဲ့လျှင် လီထျန်းယွမ်ကို ကပ်ဘေးစက်ကွင်း အတွင်း ဆွဲသွင်းကာ ကပ်ဘေး၏ စွမ်းအားကို အသုံးချ၍ ကောင်းစွာ ကိုင်တွယ်နိုင်လိမ့်မည် ဖြစ်သည်။
စင်စစ် ကျန်းချန်က သာမန်မျှသာ တွေးမိလိုက်ခြင်း ဖြစ်သည်။
ရှေးခေတ်ကာလက စစ်ပွဲတွင် နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်သည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
နတ်ဘုရားနယ်မြေ ပြန်လည် နာလန် မထူခင်က ကျရောက်လာခဲ့သော ကောင်းကင်ကပ်ဘးသည် အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာသည့် သွေးနေမင်းဘိုးဘေးကိုပင် မဖြေရှင်းနိုင်ခဲ့ပေ။
ယခု နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်သည် အတော်လေး နာလန်ထူလာပြီ ဖြစ်သော်လည်း မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်လိမ့်မည်ဟု မသေချာပေ။
သို့သော်လည်း လက်ရှိအချိန်တွင် ကျန်းချန်သည် အုပ်စိုးသူအဆင့်သို့ ထိုးဖောက်သွားပြီ ဖြစ်ရာ မဟာယာနအဆင့်ကျင့်ကြံသူကို ထိပ်တိုက် ရင်ဆိုင်နိုင်သည့် ခွန်အား ရှိနေခဲ့ချေပြီ။
ကောင်းကင်ကပ်ဘေး၏ စွမ်းအားကို အသုံးမချလျှင်ပင် လီထျန်းယွမ်ကို ကြောက်ရွံ့နေစရာ မလိုအပ်တော့ပေ။
“လီထျန်းယွမ်.. ဒီတစ်ကြိမ်က ငါ့အလှည့်ပဲ”
ကျန်းချန်က နှုတ်ခမ်းထောင့်ရှိ သွေးစများကို သုတ်ကာ အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် လူသားဧကရာဇ်ဓားထံမှ ကောင်းကင်အင်မော်တယ်များကိုပင် ပိုင်းဖြတ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ဓားအလင်းသည် လီထျန်းယွမ် ဆီသို့ သက်ရောက်သွားခဲ့၏။
“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို သတ်ဖြတ်ခြင်း”
ကျန်းချန်က အုပ်စိုးသူအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် အင်မော်တယ် ဖျက်ဆီးခြင်းဓားသိုင်းကို ထပ်မံ အသုံးပြုလိုက်သည်။
လီထျန်းယွမ်ကဲ့သို့ သန်မာသော မဟာယာနအဆင့် ကျင့်ကြံသူ ပင်လျှင် ကျန်းချန်၏ ဓားချက်ကနေ အန္တရာယ်ရှိသော အရှိန်အဝါကို ချက်ချင်းဆိုသလို ခံစားလိုက်ရသည်။
“ငရဲကိုးပါးစွမ်းအား”
လီထျန်းယွမ်ကလည်း တုံ့ဆိုင်းမနေဘဲ ကျိုလီအင်မော်တယ်ဂိုဏ်း၏ အထွတ်အထိပ် စွမ်းအား ဖြစ်သည့် ငရဲကိုးပါးစွမ်းအားကို တိုက်ရိုက်ပင် ထုတ်ဖော်ကာ ကျန်းချန်၏ ဓားချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
“ဝုန်း..”
ကြောက်မက်ဖွယ်ဓားအလင်းနှင့် လီထျန်းယွမ်၏ ဆန်းကြယ်သော စွမ်းအားတို့ ထိပ်တိုက် ဆုံတွေ့ရာကနေ ချက်ချင်းဆိုသလို အဖျက်စွမ်းအင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူတို့ နှစ်ဦးကို ဗဟိုပြု၍ ပတ်ပတ်လည်ရှိ မိုင်ပေါင်းတစ်သောင်း ဧရိယာသည် တစ်ခဏအတွင်းမှာပင် ပရမ်းပတာ ဖြစ်သွားခဲ့သည်။
“ဝုန်း..”
“ဝုန်း..”
နှစ်ဦးစလုံးက ပတ်ဝန်းကျင်ရှိ အဖျက်စွမ်းအင် မုန်တိုင်းများကို ဂရုစိုက်မနေဘဲ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့ကြသည်။
ကောင်းကင်ယံ တစ်ခုလုံးတွင် သူတို့နှစ်ဦး၏ ပုံရိပ်များဖြင့် ပြည့်နှက်နေခဲ့၏။
သူတို့နှစ်ဦး ထိပ်တိုက် ရင်ဆိုင်တွေ့တိုင်းတွင် လေထုထဲ၌ မရေမတွက်နိုင်သော နေရာလွတ်စွမ်းအင်လှိုင်းလုံးများ ဖြစ်ပေါ်လာခဲ့ပြီး နေရာလွတ်များက ပြိုလဲသွားလိုက် ပြန်လည်ဖွဲ့စည်းလိုက်နှင့် အကြိမ်ကြိမ် ဖြစ်ပျက်နေခဲ့သည်။
ယင်းသို့ တိုက်ခိုက်ရင်း သူတို့နှစ်ဦး ရှိနေသော ဧရိယာသည် အရာအားလုံးကို ဝါးမျိုနိုင်သည့် အနက်ရောင် တွင်းနက်ကြီး တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့၏။
နှစ်ဦးလုံးက အနက်ရောင်တွင်းနက်ထဲသို့ ရောက်ရှိသွားကြပြီး အပြင်းအထန် ဆက်လက် တိုက်ခိုက်နေကြသည်။
တိုက်ပွဲက တဖြည်းဖြည်းပို၍ ပြင်းထန်လာခဲ့သည်။
ကျန်းချန်က သူ တတ်မြောက်ထားသည့် ပညာရပ်များကို အစွမ်းကုန် ထုတ်သုံးခဲ့သည်။
တိုက်ပွဲကြာလာသည်နှင့်အမျှ ကျန်းချန်သည် အသာစီးရလာခဲ့ပြီး အဆုံးသတ်တွင် လီထျန်းယွမ်၏ ဟာကွက်တစ်ခုကို ရှာတွေ့ကာ ဓားချက် တစ်ချက်ကို ထိုဟာကွက်ဆီသို့ ထုတ်ဖော်လိုက်၍ လီထျန်းယွမ်သည် ပေပေါင်းထောင်ချီအကွာအဝေးအထိ လွင့်စင်သွားစေခဲ့၏။
“ကောင်လေး.. မင်းက သိပ်ကို ကြောက်ဖို့ကောင်းတဲ့ မွန်းစတားတစ်ကောင်ပဲ”
လီထျန်းယွမ်က နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်ကာ ကျန်းချန်ကို စိုက်ကြည့်၍ ပြောလိုက်သည်။
“မင်းက သန်မာပေမဲ့လည်း ငါ့ကို သတ်ဖြတ်ဖို့လောက် အထိတော့ မဖြစ်နိုင်ဘူး.. ငါတို့ အေးအေးဆေးဆေးညှိနှိုင်းကြရင် မကောင်းဘူးလား”
ထိုစကားကိုကြားလျှင် ကျန်းချန်က ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် အေးစက်စက် ပြောလိုက်သည်။
“ငါနဲ့မင်းနဲ့ကြားမှာ ဘာဆွေးနွေးစရာမှ မရှိဘူး”
“မင်းသေချာရဲ့လား”
လီထျန်းယွမ်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“ကောင်လေး.. မင်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက ကျင့်ကြံသူ မဟုတ်ဘူး.. ငါသာ ဒီသတင်းကို ဖြန့်လိုက်မယ်ဆိုရင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတစ်ခုလုံးမှာ မင်းအတွက် နေစရာ နေရာတောင် ရှိတော့မှာ မဟုတ်ဘူး”
ထိုခဏဝယ် ကျန်းချန်၏ သတ်ဖြတ်လိုစိတ်သည် တစ်ရှိန်ထိုး မြင့်တက်လာခဲ့သည်။
သူက လီထျန်းယွမ်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်၏။
“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား”
“ငါက အရှိကို အရှိအတိုင်း ပြောပြတာပါ”
လီထျန်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
“အခု ငါမင်းကို ရွေးချယ်စရာ အခွင့်အရေးတစ်ခုပေးမယ်.. မင်းသာ ကျိုလီအင်မော်တယ်ဂိုဏ်းထဲ ဝင်မယ်ဆိုရင် ကျိုလီအင်မော်တယ်ဂိုဏ်းက အကြီးအကဲရာထူး ပေးမဲ့အပြင် မင်းဆီကနေ အင်မော်တယ် ရတနာကိုလည်း တောင်းဆိုတော့မှာ မဟုတ်သလို မင်းရဲ့ အထောက်အထားကိုလည်း ဖော်ထုတ်တော့မှာ မဟုတ်ဘူး”
သူ့ရှေ့မှ ကောင်လေး၏ ပါရမီသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
အကယ်၍သာ ထိုကောင်လေးကို ကျိုလီအင်မော်တယ်ဂိုဏ်းအတွက် အသုံးချနိုင်မည် ဆိုလျှင် နောင်တစ်ချိန်တွင် ထိုကောင်လေးသည် ကျိုလီအင်မော်တယ်ဂိုဏ်း၏ အနှိုင်းမဲ့ ဝှက်ဖဲတစ်ခု ဖြစ်လာမည်မှာ သေချာသလောက်ပင်။
အကယ်၍ ထိုကောင်လေးကို ကျိုလီအင်မော်တယ်ဂိုဏ်းက အသုံးမချနိုင်လျှင်ပင် လီထျန်းယွမ် အနေဖြင့် ယာယီထိန်းသိမ်းထားရန် ကြိုးစားမည် ဖြစ်သည်။
အကြောင်းရင်းမှာ ထိုလူငယ်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်သည် သူ့ထက်ပင် သာလွန်နေခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် သူလုပ်ဆောင်နိုင်သည့် အရာမှာ အချိန်ဆွဲရန် ဖြစ်ပြီး ကျိုလီအင်မော်တယ်ဂိုဏ်းမှ သူ့ကို အကူအညီပေးရန် စေလွှတ်မည့် မဟာယာနအဆင့် ကျင့်ကြံသူကို စောင့်ဆိုင်းရန်သာ ရှိတော့သည်။
“ပထမတစ်ချက်က မင်းတို့ ကျိုလီအင်မော်တယ်ဂိုဏ်းကို ဝင်ဖို့ ငါစိတ်မဝင်စားဘူး.. ဒုတိယအချက်က ငါမင်းကို မယုံဘူး.. တတိယအချက်ကတော့ သေပြီးသားလူတွေပဲ ငါ့ရဲ့ လျှို့ဝှက်ချက်ကို လုံလုံခြုံခြုံ ထိန်းသိမ်းပေးနိုင်မယ်လို့ ငါယုံကြည်ထားတယ်”
ကျန်းချန်က လီထျန်းယွမ်ကို ခက်ထန်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဒါကြောင့် မင်း ငါ့လက်ထဲမှာ သေသွားတာက ငါ့အတွက် အကောင်းဆုံး ရွေးချယ်မှုပဲ”
လီထျန်းယွမ်က မထီမဲ့မြင် ပြုံးလိုက်သည်။
“ကောင်လေး.. ငါ့ကို သတ်နိုင်လောက်တဲ့အထိ မင်းမှာ အရည်အချင်းရှိတယ်လို့ ထင်နေလား”
“ကျုပ် ခင်ဗျားကို သတ်နိုင်လား မသတ်နိုင်ဘူးလား ဆိုတာ စမ်းကြည့်ရင် သိရမှာပေါ့.. အပြာရောင်ဧကရာဇ်ဓားကွက်”
ကျန်းချန်က အေးစက်စက် ကြုံဝါးပြီးသည်နှင့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ နောက်ဆုံးဓားကွက် ဖြစ်သည့် အပြာရောင်ဧကရာဇ်ဓားကွက်ကို ထုတ်ဖော်လိုက်သည်။
ကောင်းကင်ကိုပင် ဖောက်ထွင်းနိုင်လောက်သည့် ဓားအရှိန်အဝါ တစ်ခုသည် ရှေးဟောင်း ရွှေရောင်ဓား တစ်ဖြစ်လဲ လူသားဧကရာဇ်ဓား ထံကနေ ထွက်ပေါ်လာခဲ့သည်။
လောကရှိ အရာအားလုံးသည် အလွန်တရာ တောက်ပသော ဓားအလင်းအောက်တွင် ဖုန်းကွယ်နိုင်ခြင်း မရှိပုံရ၏။
ဓားအလင်းက ကောင်းကင်ယံကို ထိုးတက်သွားပြီးနောက်တွင် အလင်းတံခါးကို ဖြစ်ပေါ်စေခဲ့ပြီး ထိုအလင်းတံခါးကနေ ဘုံကိုးပါးမှ ဆင်းသက်လာသော ပြိုင်ဘက်ကင်း ဓားနတ်ဘုရားကဲ့သို့ ပုံရိပ်တစ်ခုသည် အပြင်သို့ ထွက်လာခဲ့သည်။
“ကောင်လေး ငါတို့မတွေ့ရတာကြာပြီ.. မင်းရဲ့ ပြဿနာရှာတဲ့ အရည်အချင်းက ပိုပြီးတော့ ထူးချွန်လာတဲ့ပုံပဲ”
အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်က ကျန်းချန်၏ အရှေ့ရှိ လီထျန်းယွမ်ကို ငုံ့ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ဒါပေမဲ့ စိတ်မပူပါနဲ့.. မင်းရဲ့လက်ရှိခွန်အားနဲ့ ငါ့ကို ဆင့်ခေါ်တာက ဒီကောင့်ကို အနိုင်ယူဖို့အတွက် လုံလောက်တာထက်တောင် ပိုပါသေးတယ်”
စကားဆုံးသည်နှင့် အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်၏ လက်ထဲတွင် မည်သည့် အချိန်ကတည်းက ရောက်ရှိနေမှန်း မသိရသည့် အပြာရောင်ဓားရှည်တစ်လက် ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်သည် လက်ထဲမှ ဓားရှည်ဖြင့် လီထျန်းယွမ်ကို ခုတ်ချလိုက်၏။
ထိုဓားချက်မှာ အလွန်တရာပင် သာမန် ဆန်လွန်းသော်လည်း လီထျန်းယွမ်သည် ကြက်သီးမွေးညင်းများ ထသွားခဲ့ပြီး တစ်ခဏအတွင်း ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
“အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ပါလား”
ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော ကျိုလီအင်မော်တယ်ဂိုဏ်း၏ မဟာယာနအဆင့် အကြီးအကဲတစ်ဦး အနေဖြင့် လီထျန်းယွမ်၏ ဗဟုသုတသည် သာမန်ထက် ထူးခြားသည်။
ကျန်းချန် ထုတ်ဖော်လိုက်သော ပညာရပ်သည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ဒဏ္ဍာရီလာ အင်မော်တယ် ပုံပြင်များထဲရှိ ပညာရပ်နှင့် အလွန်တရာ တူညီနေသည်ကို တစ်ချက် ကြည့်ရုံဖြင့်ပင် သူသိခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ အင်မော်တယ်လမ်းစဥ် ပြတ်တောက်မသွားသေးသော ခေတ်ကာလတွင် အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်သည် ပြိုင်ဘက်ကင်းအင်မော်တယ် နည်းစနစ်တစ်ခု ဖြစ်ခဲ့သည်။
အင်မော်တယ် ဆက်သွယ်ခြင်းပညာရပ် ဆိုသည်မှာ ၎င်း၏ အမည်အတိုင်းပင် အင်မော်တယ်များကို ဆက်သွယ်နိုင်ပြီး အင်မော်တယ်များကို ဖိတ်ခေါ်နိုင်သည့် အနှိုင်းမဲ့ မှော်အတတ်တစ်မျိုး ဖြစ်၏။
ဤကဲ့သို့သော အင်မော်တယ် နည်းစနစ်မျိုးကို အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်လမ်းစဥ် မပြတ်တောက်မီကပင်လျှင် အင်မော်တယ်များကို မွေးထုတ်ဖူးသည့် ပြိုင်ဘက်ကင်းဂိုဏ်း တချို့သာ ထုတ်ဖော်နိုင်သည်။
ကျန်းချန်သည် ဒဏ္ဍာရီလာ အင်မော်တယ်နည်းစနစ်ကို အမှန်တကယ် ထုတ်ဖော်နိုင်လိမ့်မည်ဟု လီထျန်းယွမ် မထင်ထားခဲ့ပေ။
အင်မော်တယ်များကို ဆက်သွယ်နိုင်သော ပညာရပ်သည် စစ်မှန်သော အင်မော်တယ်များကို ဖိတ်ခေါ်ခြင်း ဖြစ်ရာ မဟာယာနအဆင့် ကျင့်ကြံသူများပင်လျှင် ခုခံရန် ခဲယဥ်း၏။
ဤအခိုက်အတန့်တွင် လီထျန်းယွမ်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲတော့ဘဲ သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ နေရာလွတ်စွမ်းအားများက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။
ထို့နောက်တွင်မူ လီထျန်းယွမ်သည် နေရာလွတ်အက်ကြောင်းကို ဖွင့်၍ နေရာလွတ်အက်ကြောင်းထဲသို့ ဝင်ရောက်သွားခဲ့၏။
သို့သော်လည်း လီထျန်းယွမ်က နေရာလွတ်အက်ကြောင်းထဲသို့ ဝင်ရောက်သွားသည့် တစ်ခဏမှာပင် လေထု အထက်ရှိ ဓားအလင်းသည် အရာအားလုံးကို ကျော်ဖြတ်သွားခဲ့ပြီး လီထျန်းယွမ် ဝင်ရောက်သွားသည့် နေရာလွတ်အက်ကြောင်းကို ချက်ချင်းဆိုသလို ပိုင်းဖြတ်ပစ်လိုက်သည်။
အခန်း(၂၅၂၇)ပြီး၏။
အခန်း(၂၅၂၈)
ဓားအလင်းက လီထျန်းယွမ် ဝင်ရောက်သွားသော နေရာလွတ်အက်ကြောင်းကို တို့ဟူးကဲ့သို့ ပိုင်းဖြတ်လိုက်ရာ နေရာလွတ်အက်ကြောင်း ထဲသို့ တိုးဝင်သွားသော လီထျန်းယွမ်သည် ချက်ချင်းဆိုသလိုပင် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
သူ၏ အသွင်အပြင်က ဖရိုဖရဲဖြစ်နေခဲ့ပြီး နှုတ်ခမ်းထောင့်ကနေလည်း သွေးများ အဆက်မပြတ် စီးကျနေခဲ့သည်။
ကိုယ်ပေါ်ရှိ အဝတ်အစားများသည်ပင် ကောင်းမွန်သောအခြေအနေတွင် ရှိမနေတော့ပေ။
ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့ပြီး သွေးလူသားသဖွယ် ဖြစ်နေခဲ့၏။
လီထျန်းယွမ်က ဖြူဖျော့သောမျက်နှာဖြင့် လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသော အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်ကို ကြည့်ကာ ထိတ်လန့် တုန်လှုပ်နေခဲ့သည်။
အင်မော်တယ် ဆက်သွယ်ခြင်းပညာရပ်သည် အမှန်တကယ်ပင် နာမည်နှင့် လိုက်ဖက်သည်ဟု ဆိုရပေမည်။
ကံကောင်းထောက်မစွာဖြင့် သူက အချိန်မီလေး နေရာလွတ်အက်ကြောင်း ထဲသို့ ဝင်ရောက်သွားနိုင်ခဲ့၍ နေရာလွတ်အက်ကြောင်း၏ စွမ်းအား အကူအညီဖြင့် ဓားချက်၏ စွမ်းအားအချို့ကို တားဆီးနိုင်ခဲ့သည်။
သို့မဟုတ်လျှင် အစောပိုင်းက ဓားချက်အောက်တွင် သူ၏ ခန္ဓာကိုယ်ရော စိတ်ဝိညာဥ်ပါမကျန် ချေမှုန်းခံလိုက်ရပြီ ဖြစ်၏။
သူ ကံကောင်းသွားသောအချက်မှာ ကျန်းချန်၏ အင်မော်တယ် ဆက်သွယ်ခြင်းပညာရပ်သည် အင်မော်တယ်ကို ဖိတ်ခေါ်၍ တိုက်ကွက် တစ်ကွက်သာ ထုတ်ဖော်စေနိုင်ခြင်း ဖြစ်သည်။
အကယ်၍သာ အင်မော်တယ်၏ ကိုယ်ပွားကို အမှန်တကယ် ဖိတ်ခေါ်နိုင်ခဲ့လျှင် ယနေ့တွင် သူအနေဖြင့် အမှန်တကယ် မလွဲမသွေ သေဆုံးရပေလိမ့်မည်။
သို့သော်လည်း သူ၏ လက်ရှိ အခြေအနေသည် စိုးရိမ်ရဆဲ အခြေအနေတွင် ရှိနေဆဲပင်။
အစောပိုင်းက ဓားချက်ကို ခုခံရန် အတွက် လီထျန်းယွမ်သည် သူ၏ သက်စောင့်စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ခဲ့ရာ သူ၏ သက်စောင့်စွမ်းအားများသည် ကုန်ခမ်းသွားခဲ့ချေပြီ။
ထို့ကြောင့် သူ၏ လက်ရှိ အခြေအနေဖြင့် တစ်ဖက်မှ လူငယ်ကို ယှဥ်ပြိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
လီထျန်းယွမ်က သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး သူ၏ နေရာလွတ်စွမ်းအားများကို အသုံးပြုကာ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့ရာတွင် ကျန်းချန်သည် လီထျန်းယွမ်ကို ထွက်ပြေးရန် အခွင့်အရေး မည်ကဲ့သို့ ပေးနိုင်ပါမည်နည်း။
လီထျန်းယွမ် စတင် လှုပ်ရှားလိုက်သည့် တစ်ခဏမှာပင် ကျန်းချန်သည် လီထျန်းယွမ် ဆီသို့ ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။
ကျန်းချန်၏ ဓားချက်ကိုမြင်လျှင် လီထျန်းယွမ်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက အံကို ခပ်တင်းတင်း ကြိတ်လိုက်ပြီး သူ၏ သွေးအဆီအနှစ်ကို လောင်ကျွမ်းစေကာ လျှို့ဝှက်နည်းစနစ်ကို တိုက်ရိုက်ပင် လှုံ့ဆော်လိုက်တော့သည်။
“အနှိုင်းမဲ့ နေရာလွတ် အကာအကွယ်”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ နေရာလွတ်စွမ်းအားများသည် အနှိုင်းမဲ့အကာအကွယ် တစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး လီထျန်းယွမ်ကို လောကကြီးနှင့် သီးခြားစီ ခွဲထုတ်လိုက်၏။
ထို့ကြောင့် ကျန်းချန်၏ ဓားချက်သည် လီထျန်းယွမ် ရှိနေသာ နေရာကို ဖြတ်သန်းသွားသော်လည်း လီထျန်းယွမ်ကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
သူ၏ ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ကျန်းချန်၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
လီထျန်းယွမ်သည် နေရာလွတ်စွမ်းအားကို ကျွမ်းကျင်သော မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး နေရာလွတ်စွမ်းအား အသုံးပြုမှုတွင် အလွန်တရာ မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ကောင်လေး.. မင်းမှာ ထူးခြားတဲ့ အရည်အချင်း ရှိပေမဲ့ ငါ လီထျန်းယွမ်က မင်းသတ်ချင်တိုင်း သတ်လို့ရတဲ့လူ မဟုတ်ဘူး”
လီထျန်းယွမ်က လေးနက်စွာ ပြောလိုက်သည်။
“အခုအချိန်မှာ မင်းက သွေးနတ်ဆိုးဂိုဏ်းနဲ့ ကမ္ဘာမကြေ ရန်သူတွေ ဖြစ်နေခဲ့ပြီ.. ငါတို့ ကျိုလီအင်မော်တယ်ဂိုဏ်းနဲ့ပါ ထပ်ပြီးရန်သူ ဖြစ်သွားမယ်ဆိုရင် ဒါက ဥာဏ်ရှိတဲ့ ရွေးချယ်မှု မဟုတ်ဘူး.. ငါ့ကို ထွက်သွားခွင့်ပေးပါ.. မင်းရဲ့ အထောက်အထားကို လျှို့ဝှက်ထားပေးမယ်လို့ ငါ ကတိပေးပါတယ်”
“သေပြီးသား လူတွေကပဲ ငါ့ရဲ့လျှို့ဝှက်ချက်ကို လုံလုံခြုံခြုံ ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်.. လီထျန်းယွမ်.. မင်း ဒီနေ့ ဘယ်လိုပဲ ရုန်းကန်ပါစေ.. မင်းအတွက် သေရမဲ့ကံကြမ္မာ ပါလာခဲ့ပြီ”
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏ လက်ထဲရှိ လူသားဧကရာဇ်ဓားကို သိမ်းဆည်းကာ အင်မော်တယ်ကျောက်တိုင်ကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။
ထို့နောက်တွင် သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ သူ၏ ခန္ဓာကိုယ် အတွင်းမှ အုပ်စိုးသူစွမ်းအားများကို အစွမ်းကုန် လှုံ့ဆော်၍ အင်မော်တယ်ကျောက်တိုင် ထဲသို့ အရူးအမူး ထည့်သွင်းလိုက်သည်။
“ဝုန်း..”
ထိုခဏဝယ် အင်မော်တယ်ကျောက်တိုင် ထံကနေ တောက်ပသော အလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာခဲ့၏။
ထို့နောက်တွင်မူ အင်မော်တယ်ကျောက်တိုင်သည် ကောင်းကင်နှင့် မြေကြီးကိုပင် လွှမ်းမိုးချုပ်ကိုင်နိုင်လောက်သည့် နတ်ဘုရားကျောက်တိုင်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လေထုထဲတွင် နတ်အလင်းရောင်များဖြင့် ခန့်ညားထည်ဝါနေသော ကျောက်တိုင်ကြီးကို ကြည့်ကာ လီထျန်းယွမ်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩ ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“အင်.. အင်မော်တယ်ကျောက်တိုင်ပါလား.. ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင်က ဒီကောင့်ရဲ့ လက်ထဲမှာ ရှိနေတယ်လား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် တစ်ဂိုဏ်းအပါအဝင် ဖြစ်သည့် ကျိုလီအင်မော်တယ်ဂိုဏ်း၏ အကြီးအကဲအဆင့် ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် လီထျန်းယွမ်သည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များစွာကို သဘာဝကျစွာပင် သိရှိထားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာသည် အင်မော်တယ်ကျောက်တိုင် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ဒဏ္ဍာရီများအရ အင်မော်တယ် ကျောက်တိုင်တွင် အင်မော်တယ် ဖြစ်လာနိုင်သည့် လျှို့ဝှက်ချက်များ ပါဝင်သည်ဟု ဆိုထားသည်။
ထို့ကြောင့်ပင် အင်မော်တယ်ကျောက်တိုင် အတွက် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ပြိုင်ဘက်ကင်း ဂိုဏ်းကြီးများအကြားတွင် ကြီးကျယ်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။
သို့သော်လည်း ပြင်းထန်သော တိုက်ပွဲများ အပြီးတွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်သီး ဂိုဏ်းကြီးအားလုံးသည် အဆုံးသတ်တွင် အင်မော်တယ်ကျောက်တိုင်ကို မပိုင်ဆိုင်နိုင်ခဲ့ကြပေ။
ထိုအစား အင်မော်တယ်ကျောက်တိုင်သည် နတ်ဘုရားနယ်မြေဟု ခေါ်သည့် သိုင်းပညာယဥ်ကျေးမှု ထွန်းကားသော စကြဝဠာတစ်ခု ဆီသို့ ရောက်ရှိသွားခဲ့သည်။
ထို့ကြောင့် အင်မော်တယ်ကျောက်တိုင်ကို ပြန်လည် ရရှိရန်အတွက် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာသည် စကြဝဠာအဆင့် စစ်ပွဲတစ်ခုကို ပူးပေါင်းဆင်နွှဲကာ နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့ကြသည်။
ထိုတိုက်ပွဲတွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေ၏ အပြင်းအထန် ပြန်လည်ခုခံမှုကို ကြုံတွေ့ခဲ့ရပြီး အဆုံးသတ်တွင် နတ်ဘုရားနယ်မြေဘက်မှ ရှုံးနိမ့်ကာ နတ်ဘုရားနယ်မြေ၏ ပင်မနယ်မြေသည်ပင် ပျက်စီးသွားခဲ့သည်။
ထို့အတူ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာသည်လည်း ပြင်းထန်သော ထိုးနှက်ချက်ကို မကြုံစဖူး ခံစားခဲ့ရ၏။
အဆုံးသတ်တွင် အကြောင်းပြချက် အချို့ကြောင့် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာသည် နတ်ဘုရားနယ်မြေကနေ ဆုတ်ခွာခဲ့ရပြီး ပြန်လည် နာလန်ထူရန် ကြိုးစားခဲ့ရသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်မူ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသည် ထိုအချိန်က ရရှိခဲ့သော ဒဏ်ရာများကနေ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင် အတွက် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် ယခုအချိန်ထိ လုံးဝ မေ့လျော့ခြင်း မရှိခဲ့ကြပေ။
ဆိုရလျှင် ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် နောက်တစ်ကြိမ် ကျင်းပပြုလုပ်မည့် အစည်းအဝေးတွင် နတ်ဘုရားနယ်မြေကို နောက်ထပ် တစ်ဖန် ကျူးကျော်ရန်နှင့် ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင်ကို ရှာဖွေရန် ထပ်မံဆွေးနွေးကြလိမ့်မည် ဖြစ်၏။
လီထျန်းယွမ်သည် ဒဏ္ဍာရီလာ အင်မော်တယ် ကျောက်တိုင်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ပေါ်ထွက်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
သူ့ရှေ့မှ လူငယ်သည် သိုင်းပညာယဥ်ကျေးမှု ထွန်းကားသော စကြဝဠာမှ လာခြင်း ဖြစ်သည်ကို တွေးမိလိုက်လျှင် လီထျန်းယွမ်သည် အဆုံးသတ်တွင် ထိုလူငယ်၏ အထောက်အထားကို ခန့်မှန်းနိုင်ခဲ့သည်။
ဤအတိုင်းဆိုလျှင် သူ့ရှေ့မှ လူငယ်သည် နတ်ဘုရားနယ်မြေမှ လာသူ ဖြစ်နိုင်ခြေ အလွန်များ၏။
သို့သော်လည်း စကြာဝဠာအဆင့် စစ်ပွဲတွင် နတ်ဘုရားနယ်မြေ၏ ပင်မနယ်မြေသည် ကြေမွသွားခဲ့ပြီး နတ်ဘုရားနယ်မြေသည် ပျက်စီးနေသော စကြဝဠာ အဖြစ် ပြောင်းလဲသွားခဲ့ရာ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် မွန်းစတား တစ်ကောင်ကို မည်ကဲ့သို့ မွေးဖွားနိုင်ပါမည်နည်း။
[ဒီကောင်လေး ဒီအဆင့်အထိ အစွမ်းထက်လာတာ သူ့လက်ထဲမှာ ရှိတဲ့ အင်မော်တယ်ကျောက်တိုင်ကြောင့်များလား]
"ကောင်လေး.. မင်းက နတ်ဘုရားနယ်မြေ စကြဝဠာက ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. မင်းက အင်မော်တယ်ကျောက်တိုင်နဲ့အတူ ငါတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲကို ဝင်လာရဲတယ် ဆိုတော့ တော်တော်လေး သတ္တိကောင်းတာပဲ”
လီထျန်းယွမ်က ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ငါ ထွက်ပြေးမှ ဖြစ်မယ်”
သူ့အနေဖြင့် အသက်ရှင်လျက် ထွက်သွားပြီး ဤသတင်းကို ကျိုလီအင်မော်တယ်ဂိုဏ်းထံ သတင်းပို့ရပေလိမ့်မည်။
ထိုစကြဝဠာအဆင့် တိုက်ပွဲတွင် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာနှင့် နတ်ဘုရားနယ်မြေ စကြဝဠာတို့သည် မပြေလည်နိုင်သော ရန်သူများ အဖြစ် ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သည်။
သို့ဖြစ်ရာ နတ်ဘုရားနယ်မြေမှ ဤကဲ့သို့ မွန်းစတားဆန်သော ပါရမီရှင်တစ်ဦး သူတို့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာထဲသို့ ရောနှော ဝင်ရောက်လာခြင်းသည် သေချာပေါက် ကောင်းမွန်သော ရည်ရွယ်ချက် ရှိမည်မဟုတ်ပေ။
အကယ်၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသာ ထိုလူငယ်၏ အကြောင်းကို သိမထားခဲ့လျှင် ယင်းအတွက် ပြင်းထန်သော အဖိုးအခကို ပေးဆပ်ရပေလိမ့်မည် မဟုတ်ပါလော။
“ငါက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကို လာရဲရုံတင်မကဘူး.. အတိတ်တုန်းက မင်းတို့တွေ နတ်ဘုရားနယ်မြေအပေါ်မှာ လုပ်ခဲ့တာတွေ အတွက် ၁၀ဆ ဒါမှမဟုတ် အဆ ၁၀၀ ပြန်ပြီး လက်စားချေမယ်”
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် အင်မော်တယ် ကျောက်တိုင်ကို တိုက်ရိုက်ပင် ထိန်းချုပ်လိုက်ကာ အောက်ဘက်ရှိ လီထျန်းယွမ်ကို ဖိနှိပ်လိုက်သည်။
ကြောက်မက်ဖွယ် စွမ်းအားများကို သယ်ဆောင်လာသော အင်မော်တယ်ကျောက်တိုင်သည် လီထျန်းယွမ်၏ ပတ်ဝန်းကျင်ရှိ နေရာလွတ်စွမ်းအားများကို အလွယ်တကူပင် ချေမှုန်းပစ်လိုက်ပြီး လီထျန်းယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
“မသတ်ပါနဲ့”
လီထျန်းယွမ်က အထိတ်တလန့် အော်ဟစ်လိုက်သည်။
သူ၏ အော်ဟစ်သံတွင် မကျေနပ်မှု၊ စိတ်ပျက်အားငယ်မှုနှင့် ထိတ်လန့်မှုများ ရောထွေးနေခဲ့သည်။
သူ့အနေဖြင့် မည်မျှပင် ရုန်းကန်နေပါစေ၊ အသုံးမဝင်တော့ပေ။
အရာအားလုံးကို ချေမှုန်းနိုင်စွမ်းရှိသော အင်မော်တယ်ကျောက်တိုင်သည် လီထျန်းယွမ်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်တို့ကို တစ်ခဏအတွင်းမှာပင် ဘာမှမကျန်ရှိသည် အထိ ချေမှုန်းပစ်လိုက်သည်။
အခန်း(၂၅၂၈)ပြီး၏။