← Chapters

အခန်း (၂၅၂၉-၂၅၃၀)

Vol. 193 Ch. 2529-2530

အခန်း (၂၅၂၉-၂၅၃၀)

Vol. 193 Ch. 2529-2530

အခန်း(၂၅၂၉)

“သခင်ကြီးက နတ်ဘုရားနယ်မြေစကြဝဠာက လူဖြစ်နေတာကိုး.. ဒါတင်မကသေးဘဲ သခင်ကြီးက ဒဏ္ဍာရီလာ အင်မော်တယ် ကျောက်တိုင်ကို ပိုင်ဆိုင်ထားပါလား”

ကျန်းချန်က အင်မော်တယ်ကျောက်တိုင်ကို အသုံးပြုပြီး ကျိုလီ အင်မော်တယ်ဂိုဏ်းမှ လီထျန်းယွမ်ကို သတ်ဖြတ်လိုက်သည်အားမြင်လျှင် ရွှယ်ချန်ကျဲသည် မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ယူခဲ့ရသည်။

အင်မော်တယ်ကျောက်တိုင်ကို ရရှိရန်အတွက် နတ်ဘုရားနယ်မြေကို ကျူးကျော်ရာတွင် သွေးနတ်ဆိုးဂိုဏ်းသည် အဓိက အင်အားစုများစွာ ထဲမှ တစ်ခု ဖြစ်ခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင်တစ်ဦး အနေဖြင့် ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်း၏ သမိုင်းကြောင်းကို သဘာဝကျစွာပင် သိရှိထားခဲ့သည်။

ကျန်းချန်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ မဟုတ်ဘဲ သိုင်းပညာ ကျင့်ကြံခြင်း ယဥ်ကျေးမှု ထွန်းကားသော စကြဝဠာကနေ လာရောက်သူ ဖြစ်ကြောင်း ရွှယ်ချန်ကျဲ သိရှိထားသော်လည်း နတ်ဘုရားနယ်မြေမှ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျန်းချန်က အင်မော်တယ် ကျောက်တိုင်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက်တွင် ရွှယ်ချန်ကျဲကို ကြည့်ကာ ပြောလိုက်သည်။

“ချန်ကျဲ.. အခု မင်းငါ့ရဲ့အထောက်အထားကို သိသွားပြီဆိုတော့ ငါ့ရဲ့နောက်ကို ဆက်လိုက်ဦးမှလား”

ရွှယ်ချန်ကျဲက ထိတ်လန့်သွားခဲ့ပြီး အလျင်အမြန်ပင် ပြောလိုက်သည်။

“သခင်ကြီးက နတ်ဘုရားနယ်မြေက ဖြစ်နေရင်တောင် ချန်ကျဲက သခင်ကြီးနောက်ကို အသက်ပေးပြီး လိုက်မှာပါ”

ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်း၏ သစ္စာဖောက်အဖြစ် သတ်မှတ်ခံရပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ထွက်ပြေးရစဥ် ကတည်းကပင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ အပေါ်တွင် သံယောဇဥ် သိပ်မရှိတော့ပေ။

သူ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ တစ်နေ့နေ့တွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ ပြန်လာပြီး သွေးနတ်ဆိုးဂိုဏ်းကို လက်စားချေရန်ပင် ဖြစ်၏။

ယခုအခါတွင် ကျန်းချန်သည် ရွှယ်ကျိုးမင်နှင့် လီထျန်းယွမ်ကဲ့သို့ မဟာယာနအဆင့် ကျင့်ကြံသူနှစ်ဦးကိုပင် ဆက်တိုက်ဆိုသလို သတ်ဖြတ်ကာ အလွန် ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားကို ပြသခဲ့သည်။

ယင်းက ရွှယ်ချန်ကျဲ အတွက် လက်စားချေနိုင်မည့် မျှော်လင့်ချက်ကို ပိုမို၍ တောက်ပစေခဲ့သည်။

သူ၏ ခွန်အားဖြင့်ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်းကို ယှဥ်ပြိုင်ရန်မှာ မဖြစ်နိုင်မှန်း ရွှယ်ချန်ကျဲ ကောင်းစွာ သိရှိထားခဲ့၏။

ထို့ကြောင့် ကျန်းချန်၏ နောက်ကို လိုက်ခြင်းက သာလျှင် သူ၏ တစ်ခုတည်းသော အခွင့်အရေး ဆိုလည်း မမှားပေ။

ကျန်းချန်၏ အထောက်အထားနှင့် ပတ်သက်၍မူ သူ့အတွက် ဘာမှ အရေးမကြီးပေ။

စင်စစ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် နတ်ဘုရားနယ်မြေစကြဝဠာတို့ အကြားရှိ ရန်ငြိုးရန်စသည် သူနှင့် မသက်ဆိုင်ချေ။

သွေးနတ်ဆိုးဂိုဏ်းကိုသာ ချေမှုန်းနိုင်မည် ဆိုလျှင် ကျန်းချန်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ဖျက်ဆီးပစ်လိုက်လျှင်ပင် ရွှယ်ချန်ကျဲသည် မျက်ခုံးတစ်ချက် တွန့်မည် မဟုတ်ပေ။

“စိတ်မပူပါနဲ့.. မင်း ငါ့အတွက် စိတ်ပါလက်ပါ အလုပ်လုပ်ပေးသရွေ့ ငါ မင်းကို လက်စားချေနိုင်ဖို့ အခွင့်အရေးပေးမဲ့ အပြင် သွေးနတ်ဆိုးဂိုဏ်းရဲ့ ခေါင်းဆောင်အဖြစ်ပါ တင်မြှောက်ပေးမယ်”

ကျန်းချန်က လေးနက်စွာ ပြောလိုက်သည်။

“ချန်ကျဲ နားလည်ပါပြီ သခင်ကြီး”

ရွှယ်ချန်ကျဲက တရိုတသေပင် ပြန်လည် ဖြေကြားပြီးနောက် ကျန်းချန်ကို မေးခွန်းထုတ်လိုက်သည်။

“သခင်ကြီး.. ကျွန်တော်တို့အခု စိမ်းလန်းသောမြစ်မြို့ကို ပြန်ကြမှာလား”

ယခုအခါတွင် ကျန်းချန်၏ ခွန်အားသည် ထပ်မံ၍ အဆင့်ထိုးဖောက်သွားခဲ့ပြီး မဟာယာနအဆင့် ကျင့်ကြံသူကိုပင် ထိပ်တိုက် ရင်ဆိုင်နိုင်သည့် ခွန်အားကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။

အကယ်၍ ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင်ကိုသာ အသုံးပြုမည် ဆိုလျှင် မဟာယာနအဆင့် ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိနေခဲ့ချေပြီ။

ကျန်းချန်၏ လက်ရှိခွန်အားဖြင့်သာ သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းလိုက်မည် ဆိုလျှင် သူတို့အနေဖြင့် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေတွင် ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာလျှင်ပင် သွေးနတ်ဆိုးဂိုဏ်းသည် သူတို့ကို အလွယ်တကူ ရင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။

ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။

“စိမ်းလန်းသောမြစ်မြို့ကိုပဲ အရင်ပြန်ကြတာပေါ့”

သွေးနတ်ဆိုးဂိုဏ်းသည် ဤတစ်ကြိမ်တွင် အထိနာခဲ့သော်လည်း ၎င်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်နေဆဲ ဖြစ်ရာ အင်အား အလွန်အမင်း တောင့်တင်းနေဆဲ ဖြစ်သည်။

အကယ်၍ သွေးနတ်ဆိုးဂိုဏ်းသာ သူ့ကို ရှင်းပစ်ရန်အတွက် ကြီးမားသော အဖိုးအခကို ရင်းနှီးရန် ဆုံးဖြတ်လိုက်လျှင် သူ့အနေဖြင့် အုပ်စိုးသူအဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်သည့်တိုင် ခုခံနိုင်ရန် ခဲယဥ်းပေလိမ့်မည်။

အထူးသဖြင့် သွေးနတ်ဆိုးဂိုဏ်း၏ အကြီးအကဲချုပ် ဖြစ်သော သွေးအရိပ်ဘိုးဘေးသည် နှစ်ပေါင်း မည်မျှကြာအောင် အသက်ရှင်နေခဲ့မှန်း မသိရသည့် မွန်းစတားအိုကြီး တစ်ဦး ဖြစ်ရာ ၎င်း၏ ခွန်အားသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်တွင် ရှိနေမည်မှာ သေချာသလောက်ပင်။

သွေးအရိပ်ဘိုးဘေးသည် နှစ်ပေါင်းထောင်ချီ ကြာသည်အထိ ပေါ်ထွက် မလာခဲ့သော်လည်း အမှန်တကယ် သေ မသေ ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။

အကယ်၍သာ ထိုမွန်းစတားအိုကြီး အသက်ရှင်နေသေးလျှင် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေသို့ ယခုအချိန်တွင် ပြန်သွားခြင်းသည် သူတို့အတွက် အလွန် အန္တရာယ်များသော ကိစ္စ ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် ကျန်းချန်သည် သွေးဓားအင်မော်တယ်ဂိုဏ်းမှ ကျန့်ဝူရွှယ်နှင့် အရင် ဆက်သွယ်ရန် ဆုံးဖြတ်လိုက်ပြီး သွေးအရိပ်ဘိုးဘေးနှင့် ပတ်သက်သည့် သတင်းများကို စုံစမ်းခိုင်းလိုက်သည်။

အကယ်၍ သွေးအရိပ်ဘိုးဘေးသာ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့လျှင် သူတို့သည် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေသို့ တိုက်ရိုက် သွားရောက်ပြီး သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းကာ သွေးနတ်ဆိုးဂိုဏ်းကို အပြီးတိုင် ချေမှုန်းနိုင်ပြီ ဖြစ်၏။

သွေးအရိပ်ဘိုးဘေး အသက်ရှင်နေသေးလျှင်မူ သူတို့အနေဖြင့် ရေရှည်စီမံကိန်း ချမှတ်ရပေလိမ့်မည် မဟုတ်ပါလော။

စိမ်းလန်းသောမြစ် မြို့ရှိ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ အစည်းအဝေး ခန်းမထဲတွင် မကြာသေးမီက အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခံရသော ရှဖေး အပါအဝင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ အကြီးအကဲ ဆယ်ဦးထက် မနည်း စုဝေးနေခဲ့ကြသည်။

ခန်းမထဲရှိ ထူးခြားသော အရှိန်အဝါရှိပြီး ခန့်ညားထည်ဝါသော အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင် လျှိုချင်းယွီ ဖြစ်သည်။

“အားလုံးပဲ ငါတို့ သော့ရထားတဲ့ သတင်းကို တိမ်တိုက်နက်ကုန်သွယ်ရေးအဖွဲ့က လူတွေ သိသွားကြပြီ.. မကြာသေးခင်ကပဲ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့က ငါ့ဆီ လူလွှတ်ပြီး အကြောင်းကြားခဲ့တယ်.. အကယ်လို့ ငါတို့ စိမ်းလန်းသောမြစ်ကုန်သွယ်ရေးအဖွဲ့က ဒီကိစ္စကို တစ်ဖွဲ့တည်း မောင်ပိုင်စီးဖို့ ကြိုးစားမယ်ဆိုရင် သူတို့က ဒီသတင်းကို အားလုံးသိအောင် ကြေညာပစ်မယ်လို့ အကြောင်းကြားခဲ့တယ်.. ဒီကိစ္စနဲ့ပတ်သက်ပြီး အားလုံးရဲ့ သဘောထားအမြင်ကို သိချင်ပါတယ်”

လျှိုချင်းယွီက ခန်းမအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ စကား စတင်ပြောလိုက်သည်။

“ခေါင်းဆောင်.. တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ကို ဒီသတင်းထုတ်ပြန်ခွင့် ပြုလို့မဖြစ်ဘူး.. တကယ်လို့ ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီးဆယ်ဂိုဏ်းသာ ပါဝင်လာမယ် ဆိုရင်စိမ်းလန်းသောမြစ်ဂိုဏ်းရဲ့ အင်အားနဲ့တောင် အကျိုးအမြတ်ရရှိဖို့ မလွယ်မှာ ကျွန်တော် စိုးရိမ်မိတယ်”

အကြီးအကဲတစ်ဦးက လျှိုချင်းယွီ၏ စကားကို ကြားပြီးနောက်တွင် အလျင်အမြန်ပင် ပြောလိုက်သည်။

“ဟုတ်တယ် ခေါင်းဆောင်.. ဒီသတင်းက ပျံ့လို့ လုံးဝမဖြစ်ဘူး.. အခုချိန်မှာတော့ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ကို အကျိုးအမြတ်တချို့ ပေးပြီး သတင်းကို လုံခြုံအောင် ထိန်းချုပ်ထားဖို့ပဲ ရှိတော့တယ်”

ထိုအဆိုပြုချက်ကို စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့မှ အကြီးအကဲ အများအပြားက သဘောတူခဲ့ကြသည်။

“ဒီကိစ္စကို ငါ စိမ်းလန်းသောမြစ်ဂိုဏ်းရဲ့ အကြီးအကဲဆီ တင်ပြပြီးပါပြီ.. ဂိုဏ်းရဲ့ သဘာထားကလည်း တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ကို တည်ငြိမ်အောင် ထိန်းထားဖို့နဲ့ သတင်းမပေါက်ကြားအောင် တားဆီးဖို့ပါပဲ”

လျှိုချင်းယွီက လေးနက်စွာ ပြောလိုက်သည်။

“ဒါ့အပြင် ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းရဲ့ အာရုံစိုက်မှုကို မခံရစေဖို့အတွက် စိမ်းလန်းသောမြစ်ဂိုဏ်းက တိမ်တိုက်နက်ဂိုဏ်းနဲ့ သဘောတူညီချက် တစ်ခုလည်း ရယူရမယ်.. အဲဒီသဘောတူညီချက်က မဟာယာနအဆင့် ကျင့်ကြံသူတွေကို နှစ်ဖက်စလုံးက စေလွှတ်ခွင့် မပြုဖို့ပဲ”

အစောပိုင်းက စကားပြောခဲ့သော အကြီးအကဲသည် ထိုစကားကိုကြားလျှင် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ခေါင်းဆောင်.. တိမ်တိုက်နက်ကုန်သွယ်ရေးအဖွဲ့က အမြဲတစေ ဆန်းကြယ်ပြီး ခန့်မှန်းရခက်ခဲတယ်.. ကျွန်တော်တို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့အနေနဲ့ ပိုပြီး ပြင်ဆင်ထားဖို့ လိုအပ်မယ် ထင်တယ်”

လျှိုချင်းယွီက ခေါင်းညိတ်လိုက်သည်။

“ဒီတစ်ကြိမ် မင်းတို့ကို အစည်းအဝေး ခေါ်လိုက်တာကလည်း ဒီကိစ္စအတွက်ပဲ...ငါတို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ ခွန်အားက အကန့်အသတ် ရှိတဲ့ အတွက် တိမ်တိုက်နက်ကုန်သွယ်ရေးအဖွဲ့ကို ရင်ဆိုင်ဖို့ ပြင်ပ အကူအညီတချို့ ရှာဖို့ လိုအပ်တယ်.. မင်းတို့မှာ အကြံပြုစရာ ယုံကြည်ရတဲ့သူ ရှိလား”

လျှိုချင်းယွီ၏ စကားကို ကြားလျှင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့မှ အကြီးအကဲများ တိတ်ဆိတ်သွားကြသည်။

ဤတစ်ကြိမ် လှုပ်ရှားမှုသည် အလွန်တရာပင် အရေးကြီးပြီး သူတို့ ရှာဖွေရမည့် အကူအညီသည် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်မှ အဆင်ပြေပေလိမ့်မည်။

ထိုကဲ့သို့သော ကျင့်ကြံသူမျိုးကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း အောက်ရှိ ပထမတန်းစား အင်အားစုများတွင်ပင် ရှာဖွေရန် မလွယ်ကူပေ။

“ခေါင်းဆောင်.. ကျွန်တော့်မှာ အကြံပြုချင်တဲ့သူ တစ်ယောက်တော့ ရှိတယ်”

ထိုအချိန်တွင် အစည်းအဝေး တစ်လျှောက်လုံး စကားမပြောဘဲ နေလာခဲ့သော ရှဖေးက ရုတ်တရက် ဝင်ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် လျှိုချင်းယွီသည် ရှဖေးကို ကြည့်ကာ အနည်းငယ် တွေးတောဟန် ပြုပြီးမှ မေးလိုက်သည်။

“မင်း အကြံပြုချင်တဲ့သူက ဒီတစ်ခေါက်ခရီးစဥ်မှာ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ ပြန်လာနိုင်အောင် မင်းကို အကူအညီပေးခဲ့တဲ့ လူငယ်လေးလား”

“ဟုတ်ပါတယ် ခေါင်း‌ဆောင်”

ရှဖေးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်က ပါရမီ အလွန်တရာ ထူးချွန်ပြီး သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သာမန် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူထက် လုံးဝ မနိမ့်ဘူး.. ဒါ့အပြင် ကျွန်တော် သူနဲ့အတူ ရှိခဲ့တဲ့ အချိန်အတွင်း အကဲဖြတ်မှု အရ သူက ယုံကြည်ထိုက်တဲ့သူ ဖြစ်မယ်လို့ ကျွန်တော် ယူဆတယ်”

လျှိုချင်းယွီ၏ မျက်လုံးများတင် အလင်းတန်းများ တောက်ပသွားခဲ့သည်။

ပြီးခဲ့သည့်အကြိမ်က ကျန်းချန် အကြောင်းကို ရှဖေး ပြောခဲ့ကတည်းကပင် လျှိုချင်းယွီသည် ကျန်းချန်ကို အထူး ဂရုပြုကာ စောင့်ကြည့်ခဲ့သည်။

ထိုလူငယ်သည် ကျိုလီအင်မော်တယ်ဂိုဏ်းမှ လီရှောင်ထက်ပင် မနိမ့်ကျသည့် ပါရမီရှင်တစ်ဦး ဖြစ်မှန်း သူသိထားရာ အမှန်တကယ်ပင် အလွန်တရာ ကောင်းမွန်သော ကိုယ်စားလှယ်တစ်ဦး ဖြစ်၏။

“အဲဒီကောင်လေးက တကယ်ကို ကောင်းမွန်တဲ့ ‌ရွေးချယ်မှုပါပဲ”

လျှိုချင်းယွီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ ငါသိသလောက်တော့ အဲဒီကောင်လေးက ကပ်ဘေးဆေးလုံး တိုက်ပွဲမှာ ပါဝင်ဖို့အတွက် စိမ်းလန်းသောမြစ်မြို့ကနေ ထွက်သွားပြီ မဟုတ်လား”

အခန်း(၂၅၂၉)ပြီး၏။

အခန်း(၂၅၃၀)

ကပ်ဘေးဆေးလုံးဆိုသည်မှာ ဒဏ္ဍာရီလာ အမြင့်မြတ်ဆုံးဆေးလုံး ဖြစ်သည်။

လေအေးအင်မော်တယ်ဂိုဏ်းသည် လေလံပွဲတွင် ကပ်ဘေးဆေးလုံးကို မိုးထိအောင်မြင့်မားသည့် စျေးနှုန်းဖြင့် လေလံအောင်သွားခဲ့သော်လည်း ထိုဆေးလုံး အတွက် တိုက်ပွဲမှာ ပြီးဆုံးရန် လိုအပ်နေသေးကြောင်း လျှိုချင်းယွီ ကောင်းစွာ သိရှိထားခဲ့သည်။

ထိုနေ့က လေအေးအင်မော်တယ်ဂိုဏ်းသည် ကပ်ဘေးဆေးလုံးနှင့် အတူ စိမ်းလန်းသောမြစ်မြို့ကနေ ထွက်ခွာသွားပြီးနောက်တွင် သွေးနတ်ဆိုးဂိုဏ်းနှင့် ကျိုလီအင်မော်တယ်ဂိုဏ်း တို့သည် နောက်ယောင်ခံ လိုက်သွားခဲ့ကြ၏။

ကျန်းချန်ဟု ခေါ်သော ထိုကောင်လေးသည်လည်း ကပ်ဘေးဆေးလုံးလုပွဲ ထဲတွင် ပါဝင်နိုင်ခြေ အလွန်များနေခဲ့သည်။

ထိုကောင်လေးသည် ထူးခြားသော ပါရမီရှင် ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် သွေးနတ်ဆိုးဂိုဏ်းနှင့် ကျိုလီအင်မော်တယ်ဂိုဏ်း နှစ်ဖက်စလုံးတွင် မဟာယာနအဆင့် ကျင့်ကြံသူများ ကိုယ်တိုင် ပါဝင် လှုပ်ရှားခဲ့ကြခြင်း ဖြစ်သည်။

လေအေးအင်မော်တယ်ဂိုဏ်း ပင်လျှင် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦး၏ အကူအညီကို ယူခဲ့ရ၏။

အကယ်၍ ကျန်းချန် ဆိုသောလူငယ်သာ ကပ်ဘေးဆေးလုံး တိုက်ပွဲတွင် ပါဝင်ခဲ့လျှင် သေဘေးနှင့် ရင်ဆိုင်ရမည်မှာ သေချာသလောက်ပင်။

“ဟုတ်တယ် ခေါင်းဆောင်.. လေအေးအင်မော်တယ်ဂိုဏ်း ထွက်ခွာသွားတဲ့ သတင်းကို ကျွန်တော့်ဆီက ရရချင်းပဲ စိမ်းလန်းသောမြစ်မြို့ကနေ သူ ထွက်သွားခဲ့တာပါ”

ရှဖေးက ခေါင်းညိတ်၍ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် လျှိုချင်းယွီသည် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုကို လှမ်းကြည့်လိုက်သည်။

“အကြီးအကဲဝူ.. လေအေးအင်မော်တယ်ဂိုဏ်းရဲ့ လှုပ်ရှားမှုကို အနီးကပ် လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားတဲ့ အခြေအနေကို ပြောပြပါဦး”

“အခြေအနေက နည်းနည်းတော့ မထင်မှတ်ထားစရာ ဖြစ်နေတယ်”

မီးခိုရောင်ဝတ်စုံဝတ် အဘိုးအိုက လေးနက်စွာ ပြောလိုက်သည်။

“လေအေးအင်မော်တယ်ဂိုဏ်းက ကျိုလီအင်မော်တယ်ဂိုဏ်းနဲ့ ပူးပေါင်းသွားခဲ့တယ်.. လီထျန်းယွမ်နဲ့ ရေခဲမြစ်မိစ္ဆာကြီး တို့က အတူတကွ ပူးပေါင်းပြီး ရွှယ်ကျိုးမင်ကို အနိုင်ယူလိုက်ကြတယ်.. အ ခုလေအေးအင်မော်တယ်ဂိုဏ်းက ကပ်ဘေးဆေးလုံးနဲ့အတူ ထွက်သွားခဲ့ပြီ...အကြီးအကဲရှ ပြောတဲ့ ကျန်းချန် ဆိုတဲ့ တစ်ယောက်ကတော့ ပေါ်မလာခဲ့ဘူး”

“ကပ်ဘေးဆေးလုံးကို ရရှိဖို့အတွက် လေအေးအင်မော်တယ်ဂိုဏ်းက တကယ့်ကို အစွမ်းကုန် ပြင်ဆင်ခဲ့တာပဲ”

လျှိုချင်းယွီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

လေအေးအင်မော်တယ်ဂိုဏ်းသည် ရေခဲမြစ်မိစ္ဆာကြီး၏ အကူအညီကို ရရှိထားလျှင်ပင် ကပ်ဘေးဆေးလုံးနှင့် အတူ ဂိုဏ်းသို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိရန်မှာ ခက်ခဲလိမ့်မည်ဟု သူ မူလက ထင်ထားခဲ့သည်။

မထင်မှတ်ဘဲ လေအေးအင်မော်တယ်ဂိုဏ်းသည် မည်သည့်နည်းလမ်းကို အသုံးပြုလိုက်မှန်းပင် မသိလိုက်ပေ။

ကျိုလီအင်မော်တယ်ဂိုဏ်းသည် ဆေးလုံးလုပွဲကနေ နှုတ်ထွက်သွားရုံသာမက သွေးနတ်ဆိုးဂိုဏ်းကို အနိုင်ယူရန်ပါ သူတို့ကို အကူအညီပေးခဲ့၏။

လျှိုချင်းယွီက ခေါင်းကို ခါရမ်းလိုက်ပြီး ရှဖေးကို ကြည့်လိုက်သည်။

“အကြီးအကဲရှ အခု အဲဒီကောင်လေးကို ဆက်သွယ်လို့ရမလား”

ကပ်ဘေးဆေးလုံးသည် လေလံတင်ရောင်းချပြီးသား ဖြစ်၍ အဆုံးသတ်တွင် မည်သည့် လက်ထဲကို ရောက်ရှိသွားသည် ဖြစ်စေ သူတို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့နှင့် မသက်ဆိုင်တော့ပေ။

ယခုအချိန်တွင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ အတွက် အရေးကြီးဆုံးမှာ နောက်ထပ် ကိစ္စတစ်ခု ဆောင်ရွက်ရန်အတွက် အကူအညီကို ရှာဖွေရန်သာ ဖြစ်၏။

“ဆက်သွယ်လို့မရဘူး ခေါင်းဆောင်”

ရှဖေးက ခေါင်းခါရမ်း၍ ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်တို့ စိမ်းလန်းသောမြစ်အဖွဲ့ရဲ့ အင်အားနဲ့သာဆိုရင် မိတ်ဆွေလေးကျန်းချန်သာ စိမ်းလန်းသောမြစ် ကောင်းကင် နယ်မြေမှာ ရှိနေသရွေ့ ရှာဖို့ မခက်ခဲပါဘူး”

“ရှာဖို့မလိုတော့ဘူး.. အခုလေးတင်ပဲ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ ဌာနခွဲတစ်ခုက ကျန်းချန်တို့ နှစ်ယောက်ကို ခြေရာခံမိခဲ့တယ်.. သူတို့က စိမ်းလန်းသောမြစ် မြို့ကို ပြန်လာနေခဲ့ပြီ”

ထိုအချိန်တွင် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက ရုတ်တရက်ဝင်ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် လျှိုချင်းယွီသည် ရှဖေးကို တိုက်ရိုက်ပင် လှမ်းကြည့်ကာ ပြောလိုက်၏။

“အကြီးအကဲရှ.. ငါတို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ထဲမှာ အဲဒီကောင်လေးနဲ့ အခင်အမင် ရှိတာ မင်းတစ်ယောက်ပဲရှိတယ်.. ဒါကြောင့် သူ့ကို သွားရောက် ဆွေးနွေးဖို့ မင်းကိုပဲ တာဝန်ပေးလိုက်တော့မယ်”

“ကောင်းပါပြီ ခေါင်းဆောင်”

ရှဖေးက ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် ပြန်လည် ဖြေကြားလိုက်သည်။

“ခေါင်းဆောင်.. အဲဒီကောင်လေးရဲ့ပါရမီနဲ့ ခွန်အားက အရမ်းကိုထူးခြားတယ် ဆိုပေမဲ့ သူ့ရဲ့ အထောက်အထားက ဆန်းကြယ်လွန်းပြီး ဘယ်နေရာက လာမှန်း မသိရဘူး.. သူ့ကို ဒီလိုမျိုး အကူအညီတောင်းတာက စွန့်စားလွန်းရာ ကျမနေဘူးလား”

ထိုအချိန်အတွင် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“ငါ သူ့ကို ရွေးချယ်လိုက်တာကလည်း သူ့ရဲ့ ဆန်းကြယ်တဲ့ နောက်ခံကြောင့်ပဲ”

လျှိုချင်းယွီက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီကိစ္စကို ငါဆုံးဖြတ်ပြီးပြီ.. ထပ်ပြောဖို့ မလိုတော့ဘူး”

သူတို့ ယခု ရရှိထားသော သော့သည် ကြီးမားသော ကံကြမ္မာတစ်ခု ဖြစ်သည်။

ယခုအခါတွင် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ ပါဝင်ပတ်သက်လာပြီ ဖြစ်ရာ ထိုကံကြမ္မာကို လုယူခွင့် လုံးဝ ပေး၍ မဖြစ်ပေ။

တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့သည် လျှို့ဝှက်ဆန်းကြယ်ပြီး သူတို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ အခြေအနေကို ကောင်းစွာ သိရှိထားသော်လည်း သူတို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ကမူ တိမ်တိုက်နက်ကုန်သွယ်ရေး အဖွဲ့ အကြောင်း များစွာ မသိရှိထားပေ။

ဤလှုပ်ရှားမှုတွင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ အနေဖြင့် သူတို့၏ လူများကိုသာ စေလွှတ်မည် ဆိုလျှင် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့၏ ထိန်းချုပ်မှုကို ခံရနိုင်ခြေ အလွန်များ၏။

အကယ်၍ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့က နားမလည်သည့် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးသာ ဤကိစ္စတွင် ပါဝင်လာမည် ဆိုလျှင် ယင်းသည် သူတို့ အတွက် အကျိုးရှိလာလိမ့်မည် မဟုတ်ပါလား။

ထိုအကြောင်းကြောင့်ပင် လျှိုချင်းယွီသည် ကျန်းချန်ကို တုံ့ဆိုင်းမနေဘဲ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

ထိုကောင်လေးသည် ကျိုလီအင်မော်တယ်ဂိုဏ်းမှ လီရှောင်ထက်ပင် မနိမ့်ကျသည့် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ဖြစ်ရာ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့နှင့် ရင်ဆိုင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်မှာ သေချာသလောက်ပင်။

--------------------

စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့မှ အကြီးအကဲ ရှဖေး နေထိုင်သော ခြံဝန်းထဲရှိ အခန်းတစ်ခုတွင် လူနှစ်ဦးသည် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

၎င်းတို့မှာ စိမ်းလန်းသောမြစ် မြို့သို့ ယခုလေးတင် ပြန်ရောက်လာသော ကျန်းချန်နှင့် ရှဖေးတို့ပင် ဖြစ်သည်။

“ကြီးကြပ်ရေးမှုးရှ.. စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ အကြီးအကဲအဖြစ် ရာထူးတိုးသွားတာ ဂုဏ်ပြုပါတယ်.. ကျွန်တော့်ကို အလောတကြီး ရှာ‌ဖွေနေတာ ဘာကိစ္စရှိလို့လဲ ဆိုတာ သိပါရစေ”

ကျန်းချန်က သူ၏ ရှေ့မှ ရှဖေးကို သံသသမျက်ဝန်းများဖြင့် ကြည့်ကာ မေးလိုက်သည်။

ဤတစ်ကြိမ် စိမ်းလန်းသောမြစ်မြို့သို့ ပြန်လာသောအခါတွင် ကျန်းချန်သည် ရှဖေးကို အနှောင့်အယှက်ပေးရန် အစီအစဥ်မရှိခဲ့ပေ။

သို့သော်လည်း ရှဖေးသည် သူ့ကို အလောတကြီး လူလွှတ် ရှာဖွေခိုင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“မိတ်ဆွေလေးကျန်းချန်.. ငါဒီတစ်ခေါက် မင်းကို လာရှာတာက စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ ကိုယ်စား ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမလို့ပါ”

ရှ‌ဖေးက အပိုစကားများ ပြောမနေတော့ဘဲ သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပင် ပြောလိုက်သည်။

ကျန်းချန်က အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် မေးလိုက်သည်။

“ဘယ်လို ပူးပေါင်းဆောင်ရွက်မှုလဲ အကြီးအကဲရှ”

“ဒီကိစ္စက ပြောပြရရင် နည်းနည်းတော့ ရှည်မယ်”

ရှဖေးက ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။

မကြာသေးမီက စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် တိုက်ဆိုင်မှုတစ်ခုကြောင့် သော့တစ်ခုကို ရရှိခဲ့သည်။

ထိုသော့သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နောက်ဆုံးအင်မော်တယ် ကျင့်ကြံသူ ဖြစ်သည့် ထျန်းယွိနှင့် ဆက်စပ်နေခဲ့ပြီး ထျန်းယွိ ချန်ထားရစ်ခဲ့သည့် အင်မော်တယ်အမွေအနှစ်ကို ဖွင့်လှစ်ပေးနိုင်သည်။

မူလက စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် ထိုကိစ္စကို အလွန်တရာပင် လျှို့ဝှက်ထားခဲ့သည်။

သို့သော်လည်း တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့က ထိုကိစ္စကို သိရှိသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဤသို့ဖြင့် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့က သတင်းဖြန့်ကျက်ခြင်းကို တားဆီးရန်အတွက် အကျိုးအမြတ် ခွဲဝေပေးခဲ့ရသည်။

ထို့အပြင် အများ၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် နှစ်ဖက်စလုံး၏ နောက်ကွယ်ရှိ စိမ်းလန်းသောမြစ်ဂိုဏ်းနှင့်တိမ်တိုက်နက်ဂိုဏ်း တို့သည် မဟာယာန အဆင့် ကျင့်ကြံသူများကို ပါဝင်လှုပ်ရှားခွင့် မပြုရန် သဘောတူခဲ့ကြသည်။

စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် တိမ်တိုက်နက်ကုန်သွယ်ရေးအဖွဲ့ကို မယှဥ်နိုင်မည်အား စိုးရိမ်သောကြောင့် ကျန်းချန်နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဥ်ခဲ့ခြင်းဖြစ်၏။

ရှဖေး၏ ရှင်းပြချက်ကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။

“အကြီးအကဲရှက ကျွန်တော့်ကို စိမ်းလန်းသောမြစ်ကုန်သွယ်ရေးအဖွဲ့နဲ့ အတူ အင်မော်တယ် အမွေအနှစ်ကို သွားရောက် ရှာဖွေစေချင်တာလား”

“ဟုတ်ပါတယ် မိတ်ဆွေလေးကျန်းချန်”

ရှဖေးက ခေါင်းညိတ်၍ ပြုံးကာ ပြောလိုက်သည်။

“ငါက မိတ်ဆွေလေးကျန်းချန်ကို အရမ်းယုံကြည်တာကြောင့် ခေါင်းဆောင်ဆီမှာ အကြံပြုခဲ့တာပါ”

“အကြီးအကဲရှရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်”

ကျန်းချန်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ရှဖေးကို လေးနက်သော အမူအအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး အင်မော်တယ် အမွေအနှစ်ကို ရှာဖွေဖို့အတွက် အကူအညီပေးနိုင်ပါတယ်.. ဒါပေမဲ့ တောင်းဆိုစရာ တစ်ခုတော့ ရှိတယ်”

ရှဖေးက ပြုံး၍ ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.တောင်းဆိုချင်တဲ့ အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်”

“ကျွန်တော် တောင်းဆိုချင်တာက အင်မော်တယ် အမွေအနှစ်ကို ရှာတွေ့ရင် ကျွန်တော့်ကို ပစ္စည်းတစ်ခု အရင်ဆုံး ရွေးချယ်ခွင့် ပေးရမယ်ဆိုတဲ့ အချက်ပဲ”

ထိုစကားကိုပြောနေစဥ် ကျန်းချန်၏ မျက်ဝန်းများတွင် ထက်ရှသော အလင်းတန်းများ လင်းလက်သွားခဲ့သည်။

ပြီးခဲ့သည့်အကြိမ်က ကုန်သွယ်ရေးစျေးတွင် သူရရှိခဲ့သည့် အင်မော်တယ် ခရစ္စတယ် အပိုင်းအစသည် ထျန်းယွိနှင့် ပတ်သက် ဆက်နွှယ်နေပုံရသည်။

ယခု စိမ်းလန်းသောမြစ် ကုန်သွယ်ရေး အဖွဲ့က သွားရောက်ရှာဖွေမည့်အရာမှာ ထျန်းယွိ၏ အမွေအနှစ်နေရာ ဖြစ်၍ ထိုနေရာတွင် အင်မော်တယ် ခရစ္စတယ် အပိုင်းအစများ ရှိနေနိုင်သည် မဟုတ်ပါလော။

ထိုအကြောင်းကြောင့်ပင် ကျန်းချန်သည် ပစ္စည်းတစ်ခု အရင် ရွေးချယ်ခွင့်ရရန် အဆိုပြုခဲ့ခြင်း ဖြစ်၏။

အကယ်၍ ထျန်းယွိ ချန်ခဲ့သော အမွေအနှစ်များထဲတွင် အင်‌မော်တယ် ခရစ္စတယ် အပိုင်းအစများ ရှိနေလျှင် သူ့အနေဖြင့် ထိုအပိုင်းအစများကို ရယူနိုင်မည် ဖြစ်သည်။

အင်မော်တယ် ခရစ္စတယ်အပိုင်းအစများ မရှိလျှင်ပင် အင်မော်တယ် အမွေအနှစ် ထဲမှ ပစ္စည်းတစ်ခုကို ဦးစားပေးရွေးချယ်ခွင့် ရခြင်းသည် သူ့အတွက် မည်သို့မျှ အရှုံးမရှိနိုင်ပေ။

အခန်း(၂၅၃၀)ပြီး၏။

All Chapters