အခန်း (၃၃၆-၃၃၇)
Vol. 31 Ch. 336-337
အခန်း ၃၃၆ - မင်းက ကိုယ်ရံတော်လုပ်ချင်တာလား
နောက်ဆုံးတွင်တော့ ကျူးယန်သည် ဆန္ဒမရှိသော်လည်း ကျောင်းဝတ်စုံကို ဝတ်ဆင်ခဲ့ရသည်။
သို့သော် ကျိယွမ်က သူမကို ကျောင်းသို့ ခေါ်သွားသောအခါ သူမက ကျောင်းဝန်းအတွင်းမှ အခြားသူများကိုမြင်ပြီးနောက် နှုတ်ခမ်းစူသွား၏။သူမက ကျိယွမ်ကို စိုက်ကြည့်ရင်း ရန်တွေ့လေသည်။
"တွေ့လား ..တခြားသူတွေ ဒါမျိုး မဝတ်ကြဘူး၊ ဒါက လုံးဝအသုံးမဝင်ဘူး"
ကျောင်းဝတ်စုံလေးနှင့် စူပုတ်နေသောကျူးယန်သည် အတော်လေး ချစ်ဖို့ကောင်းနေ၏။
ကျိယွမ်က သူမ၏ ဆံပင်ရှည်များကိုပွတ်သပ်ပေးရင်း ညင်သာစွာချော့သည်။
"တစ်ခါတလေကျရင် ဒါက အသုံးဝင်လာမှာပါ"
အမှန်တကယ်ပင် မိန်းမလှလေးတစ်ယောက်သည် ပုပုသေးသေးလေး ဖြစ်နေပါက စိတ်ဆိုးနေလျှင်ပင် အခြားသူများအဖို့ ချစ်စရာ ကောင်းနေတတ်သည်။
ကျူးယန်၏ မျက်နှာသည် ချက်ချင်း နီမြန်းသွားပြီး ကျိယွမ်အား မျက်စောင်းကြီးကြီးထိုးလိုက်၏။
"တော်ပြီ ..စာသင်ခန်းထဲသွားတော့မယ်"
သူမက အမြန်ပြေးထွက်သွားလေသည်။
ကျိယွမ်သည် သူမ၏ ကျောပြင်ကို ကြည့်ကာကျန်နေခဲ့သော်လည်း သူ၏ မျက်ဝန်းထဲမှ မြတ်နိုးမှုနှင့်အလိုလိုက်သော အရိပ်အယောင်များ ပျောက်ကွယ်မသွားခဲ့ပါ။ သူမ၏ ပုံရိပ် မျက်စိရှေ့မှ လုံးဝပျောက်ကွယ်သွားမှသာ ကျိယွမ်သည် အိမ်ပြန်ပြီးသိုင်းပညာ လေ့ကျင့်ရန် ပြင်လိုက်သည်။
ထိုစဉ် ဖုန်းမျက်နှာပြင်ပေါ်တွင် ကျူးယန်လေးမှ စာတိုတစ်စောင် ရောက်လာ၏။
"ညဘက်ကျရင်တော့ ကျောင်းဝတ်စုံ မဝတ်ဘူးနော်"
ကျိယွမ်က ဖုန်းမျက်နှာပြင်ကို ကြည့်ကာ သဘောကျစွာရယ်မောလိုက်ပြီး ချက်ချင်း စာပြန်လိုက်၏။
"ကြိုးစားပြီး Ph.D. ရအောင် လုပ်ပါဦး"
စာပို့ပြီးနောက် ကျိယွမ်က လှည့်ထွက်ရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် လက်တစ်ဖက်က သူ့လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်လိုက်သဖြင့် သူမျက်လုံးပြူးသွားလေသည်။
ကျောင်းထဲသွားပြီဟု ထင်ရသော ကျူးယန်သည် သူ၏ရှေ့တွင် မည်သို့ ရောက်လာသည်မသိဘဲ ပေါ်လာခဲ့၏။
သူမက သနားစရာ ကောင်းသော အမူအရာဖြင့် ကျိယွမ်အား တောင်းဆိုတော့သည်။
"ကျိယွမ်... ငါ ကျောင်းမသွားချင်ဘူး"
သူမသည် သူ၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားပြီး အကယ်၍ လက်လွှတ်လိုက်ပါက ကျိယွမ် ပျောက်ကွယ်သွားမည်ကို ကြောက်ရွံ့နေပုံရသည့်အတိုင်းပင်။
ယခုအချိန်တွင် ကျူးယန်သည် လုံခြုံမှု မရှိသော ကြောင်ကလေး တစ်ကောင်ကဲ့သို့ သူ့ကို ကပ်တွယ်နေသည်။
"ထင်တဲ့အတိုင်းပဲ၊ ဘယ်သူမှ ကျောင်းတက်ရတာ မကြိုက်ကြဘူးပဲ။ ကျောင်းပြီးလို့ အလုပ်လုပ်မှသာ ကျောင်းတက်ခဲ့တဲ့ နေ့ရက်တွေကို လွမ်းဆွတ်မိကြတာ"
ကျိယွမ်က ညင်သာစွာ သက်ပြင်းချလိုက်သည်။ အမှန်တကယ်တော့ သူတို့သည် ကျောင်းတက်ချိန်ကိုလွမ်းခြင်းမဟုတ်ဘဲ ကျောင်းတတ်စဥ်ကပေါင်းသင်းခဲ့သော လူအချို့ကို လွမ်းဆွတ်ခြင်းသာ ဖြစ်သည်။
သို့သော် ချီယွမ်အတွက်မူ ထိုလူများသည် ဤကမ္ဘာရှိ NPC များထက် မပိုခဲ့ပါ။
ကျူးယန်က ကျိယွမ်ကို သနားစရာ မျက်လုံးများဖြင့် ကြည့်ကာ ထပ်ပြောသည်။
"ငါ့အစား ကျောင်းတက်ဖို့ ရုပ်သေးရုပ် တစ်ရုပ် လုပ်လို့ရမလား"
"ရတာပေါ့"
ကျိယွမ်က ကျူးယန်၏ အေးစက်သော လက်ကလေးကို သူ့လက်ဖဝါးထဲတွင် နွေးထွေးစွာ ဆုပ်ကိုင်ပေးလိုက်သည်။
ယခင်က သူ ဂိမ်းများကို ကစားစဥ် မရင်းနှီးသော မြေပုံများသို့ သွားရသောအခါ သတို့သမီးလေးက သူ့ကို အဖော်ပြုပေးခဲ့သဖြင့် အထီးကျန်ခြင်းကို သိပ်မခံစားခဲ့ရပေ။
အိုးကိုးလုံးတောင်နှင့် လျူဖုန်းနယ်မြေမှ ထွက်ခွာလာခဲ့ရသော ကျူးယန်ကတော့ သူနှင့်မတူပါ ။ သူမအတွက် ရင်းနှီးသော လူဟူ၍ သူတစ်ယောက်တည်းသာ ရှိသည်။
"အရမ်းကောင်းတယ် ၊ ငါတစ်ယောက်တည်းကြီး မနေရတော့ဘူး "
ကျူးယန်က ပျော်ရွှင်စွာ ခုန်ပေါက်လိုက်ပြီး ကျိယွမ်အား ကလေးတစ်ယောက်လို ပူဆာ၏။
"မြန်မြန်... ခေါင်းလေး ငုံ့ပေးဦး၊ နမ်းပြီး ဆုချမလို့"
"ခြေဖျား ထောက်လိုက်ရင် မရဘူးလား"
ကျိယွမ်က ချစ်စနိုးပြောလိုက်သော်လည်း ခေါင်းကိုတော့ ငုံ့ပေးလိုက်သည်။
ညနေခင်း လေပြေအေးလေးကဲ့သို့ လေညင်းတစ်ချက် တိုက်ခတ်သွား၏။
ကျိယွမ်က ကျူးယန်၏ခါးလေးကို ပွေ့ချီလိုက်ပြီး လူအုပ်ထဲမှ နှစ်ယောက်သား ပျောက်ကွယ်သွားလေ၏။
ကျောင်းဂိတ်ဝတွင် အသံအချို့ ထွက်ပေါ်လာခဲ့သည်။
"ငါ မျက်စိမှားတာလား ၊ အခုလေးတင် အရမ်းချောတဲ့ စုံတွဲတစ်တွဲကို မြင်လိုက်သလိုပဲ၊ တစ်ယောက်က ကျောင်းဝတ်စုံ ဝတ်ထားတယ်"
"ငါလည်း မြင်တယ်၊ ဓာတ်ပုံရိုက်မလို့ လုပ်တုန်း ပျောက်သွားတာ"
"မင်းတို့ နှစ်ယောက် အာရုံချောက်ခြားနေတာ ဖြစ်မှာပါ"
ကျောင်းသားနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းကုတ်လိုက်ကြ၏။
ငါတို့နှစ်ယောက်လုံး မျက်မှန်တပ်ဖို့လိုနေတာလား။
................
ဟွမ်ချွမ်ကမ္ဘာရှိ ခံတပ်အတွင်း၌ ကျိယွမ်သည် သူ၏ကျောက်ခန်းကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေသည်။
ဤရက်များအတွင်း သူသည် သိုင်းပညာ သို့မဟုတ် ကျင့်ကြံခြင်းကို သူကြိုးစား လေ့ကျင့်နေခဲ့သည်။ ထို့ကြောင့် သူ့အတွက် တိုးတက်မှုမှာ ပုံမှန်ဖြစ်ပေါ်နေ၏။
လေ့ကျင့်မှုများနားချိန်တွင် သူသည် ကျူးယန် ၊ သတို့သမီးလေးတို့နှင့်အတူ တောင်တန်းများနှင့် မြစ်များကို ဖြတ်ကျော်ကာ နိုင်ငံအနှံ့ ခရီးများထွက်ခဲ့သည် ။
ရံဖန်ရံခါတွင် သူသည် တက္ကသိုလ် ကျောင်းသား တစ်ယောက်အဖြစ် ဟန်ဆောင်ကာ ကျူးယန်နှင့်အတူ အတန်းပင်တက်ခဲ့သေးသည်။
အဘယ်ကြောင့်ဆိုသော် ရုပ်သေးရုပ်ကိုသာ အတန်းတက်ခိုင်းပြီး အမှတ်ယူရန် မှာ အချိန်ပြည့် မဖြစ်နိုင်သောကြောင့် ဖြစ်၏။
နောက်ဆုံးတွင် လအနည်းငယ် ကြာပြီးနောက် ဟွမ်ချွမ်ကမ္ဘာရှိ မစ်ရှင်အသစ်က ရောက်ရှိလာခဲ့သည်။
ကျောက်အခန်းထဲတွင် ထိုင်နေရင်းမှ ကျိယွမ်သည် ရုတ်တရက် လက်သီးတစ်ချက် ထိုးလိုက်ရာ အနီရောင်နှင့် အဝါရောင် အလင်းတန်းတစ်ခု ကျောက်စားပွဲကို ထိမှန်သွားသည်။
ဤတိုက်ခိုက်မှုတွင် ကျိယွမ်သည် အမြုတေအဆင့်၏ ပုံမှန်ခွန်အားကို အသုံးပြုခဲ့သော်လည်း သူ၏တိုက်ခိုက်မှုက ကျောက်စားပွဲကို တုပ်တုပ်ပင် မလှုပ်စေခဲ့ပါ။
"ထင်တဲ့အတိုင်းပဲ၊ ငါက ဒီကျောက်စားပွဲလေးကို ဖျက်ဆီးဖို့တောင် အားနည်းလွန်းသေးတယ်"
စိတ်ပျက်လက်ပျက်ဖြင့် မှတ်ချက်ပြုကာ ကျိယွမ်သည် အခန်းထဲမှ ထွက်လာခဲ့သည်။ ခံတပ်သည် အရင်အတိုင်းရှိနေပြီး လူအချို့ ဟိုဟိုဒီဒီ လမ်းသလားနေကြ၏။
ဝါးမျှော်စင်ပေါ်မှ အမျိုးသား၊ အမျိုးသမီးအချို့ကတော့ လှပသော အဝတ်အစားများဝတ်ဆင်ထားပြီး လမ်းသွားလမ်းလာများကို စနောက်နေကြသည်။
ကျိယွမ်က သူတို့အားဖြတ်ခနဲ ကြည့်လိုက်သော်လည်း တည်ငြိမ်စွာ ရှိနေခဲ့သည်။
မလှမ်းမကမ်းတွင် အန်းချောင်သည် ခြေရာခံခွေးကို ဆွဲကာ ပျော်ရွှင်သော မျက်နှာဖြင့် ကျိယွမ်ဆီသို့လျှောက်လာ၏။
"ဒီမစ်ရှင်ကိုလည်း အတူတူ လုပ်ရမယ်လို့ မထင်ထားဘူး"
သူမက ကျိယွမ်အား လှိုက်လှဲစွာကြိုဆိုသည်။
အန်းချောင်အနေဖြင့် ယခုလို ပျော်ရွှင်နေသည်မှာ သဘာဝကျပါသည်။
အဘယ်ကြောင့်ဆိုသော် မစ်ရှင်များသည် အန္တရာယ်ရှိပြီး သေဆုံးနှုန်း မြင့်မားလှသဖြင့်သူမတို့၏ ခံတပ်၌ ကျောက်စိမ်းသွေးအဆင့်မိစ္ဆာကို အလွယ်တကူသတ်နိုင်သော ကျိယွမ်လို သိုင်းသမားရှိနေခြင်းက အားကိုးရာတစ်ခုဖြစ်နေသောကြောင့်ပင်။
"ဒီမစ်ရှင်မှာ တခြားသူတွေလည်း ပါသေးတယ်ဆို။ သူတို့ ဘယ်မှာလဲ"
ကျိယွမ်က သူမအား ခေါင်းညိတ်ပြကာ မေးလိုက်သည်။ မစ်ရှင်၏ အညွှန်းအရ ယခုတာဝန်သည် အဖွဲ့ဝင် ၂၀ ကျော်ပါဝင်သော အဖွဲ့လိုက် မစ်ရှင် ဖြစ်၏။
"သူတို့က တခြားခံတပ်တွေက ဖြစ်လိမ့်မယ်၊ မစ်ရှင်ကိုသွားမဲ့နေရာရောက်မှ တွေ့ကြမှာပါ"
အန်းချောင်က ပြန်ဖြေပြီး အနည်းငယ်စိုးရိမ်သောလေသံဖြင့် သတိပေးလိုက်သည်။
"မစ္စတာကျိ.. တခြားခံတပ်က လူတွေကို သတိထားရမယ်နော်"
မစ်ရှင် လုပ်ဆောင်ရာတွင် သူတို့သည် အတူတူပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သော်လည်း လူ၏စိတ်သည် ခန့်မှန်းရ ခက်ခဲသည် မဟုတ်ပါလား။
မစ်ရှင်ဆုလာဘ်များအပြင် အခြားပါဝင်သူများသည်လည်း ဆုလာဘ်တစ်ခု ဖြစ်လာနိုင်၏။
"ဂိမ်းထဲကို ဝင်တဲ့အခါ ငါတို့က တခြား NPC တွေနေရာကို အစားထိုးရမှာလား"
ကျိယွမ်က စဥ်းစားနေဟန်ဖြင့် မေးသည်။
ပြီးခဲ့သည့် အကြိမ်ကဆိုလျှင် သူသည် လောင်းကစားသမားဖြစ်နေသော သားသတ်သမားတစ်ဦး၏နေရာကို အစားထိုးခဲ့ရ၏။
"ပထမအကြိမ် ဝင်တဲ့အခါ အစားထိုးခံရမှာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့... မိစ္ဆာနှိမ်နင်းရေး ဌာနရဲ့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရမှာပါ"
အန်းချောင်က ရှင်းပြသည်။
"စိတ်ဝင်စားစရာပဲ၊ ဒါဆိုရင် မိစ္ဆာနှိမ်နင်းရေး ဌာနက ကမ္ဘာအနှံ့ ကျယ်ပြန့်တဲ့ တရားဝင် အဖွဲ့အစည်းပေါ့"
ကျိယွမ်က ထိုသို့ရေရွတ်လိုက်ပြီး အတွေးနက်နေ၏။
"မစ္စတာကျိ...ရှင် အဆင်သင့်ဖြစ်ပြီဆိုရင် မစ်ရှင်စလိုက်ကြမလား"
အန်းချောင်က အနည်းငယ်စိတ်လှုပ်ရှားနေပုံရသည်။သူမက မည်သည့်အကြောင်းအရာမျိုးဖြစ်နေမည်ကို အမြန်သိချင်နေဟန်တူ၏။
"ခဏစောင့်ဦး၊ ပစ္စည်းတချို့ ကောက်ဦးမယ်"
ကျိယွမ်က ထိုသို့ပြောကာ မြေပြင်မှ မြေကြီး၊ မြက်ပင်နှင့် ကျောက်ခဲများကို ကောက်ယူကာ သူ၏သွေးစွမ်းအင်ဟင်းလင်းပြင်ထဲသို့ ထည့်လိုက်သည်။
အန်းချောင်မှာ ကြောင်တောင်တောင်ဖြစ်သွားကာ နားမလည်စွာ မေးလိုက်မိ၏။
"ဒါတွေ ဘာလို့ ကောက်နေတာလဲ"
မြေကြီး ၊ ကျောက်ခဲနှင့်မြက်ပင်များမှာ သူတို့၏မစ်ရှင်အတွက် အသုံးဝင်စရာမရှိပါ ။
အသုံးဝင်သည်ဆိုဦးတော့ ဟိုကျမှကောက်လည်း ရသည်မဟုတ်ပါလား။
"ငါ့ဇနီး လေ့လာဖို့လေ၊ သူက Ph.D. ရတော့မှာဆိုတော့ ဒီကို အဝင်အထွက် လုပ်နိုင်တဲ့ နည်းလမ်း ရှာတွေ့ကောင်း ရှာတွေ့လိမ့်မယ်"
ကျိယွမ်က မဖုံးကွယ်ဘဲ အမှန်အတိုင်း ပြောလိုက်သည်။
အန်းချောင်သည် ကျိယွမ်၏ စကားကို ကြားသောအခါ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရ၏။
လူတိုင်းက သူမတို့၏ ဟွမ်ချွမ်ကမ္ဘာဟုခေါ်သော သေခြင်းကမ္ဘာကို မိစ္ဆာလို ကြောက်နေကြသော်လည်း သူကမူ သူ၏ဇနီးကိုပါ ဤနေရာသို့ ခေါ်ချင်နေသည်။
သူ့မိန်းမကိုပါ မြန်မြန်သေစေချင်နေတာလား။
"ခွဲနေရတာ ကြာပြီဆိုတော့ အတူတူ နေချင်ရုံပါ"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောရင်း သစ်ကိုင်းများကိုပါ ကောက်ယူနေခဲ့သည်။
အန်းချောင်၏ မျက်လုံးထဲတွင် အားကျစိတ်များ ဖြတ်ပြေးသွားခဲ့၏။
သို့သော် ဟွမ်ချွမ်ကမ္ဘာသည် အလွန်ထူးဆန်းပြီး နှစ်ပေါင်းများစွာအတွင်း မည်သူမျှ အဝင်အထွက်နည်းလမ်းကို ရှာမတွေ့ခဲ့ကြပါ။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ကျိယွမ်သည် နမူနာများစွာကို စုဆောင်းပြီးသွား၏။
"ကဲ၊ မစ်ရှင်ကို သွားလို့ရပြီ"
သူတို့နှစ်ဦးသည် ခံတပ်၏ ဗဟိုရှိ စတုရန်းမီတာ ၁၀၀ ကျော် ကျယ်ဝန်းသော ကျောက်စင်မြင့်ထံ ရောက်ရှိလာကြသည်။ ထိုနေရာကို တက်လိုက်သည်နှင့် သူတို့သည် မစ်ရှင် အညွှန်းကို ရရှိပြီး နေရာရွှေ့ပြောင်းသွားမည်ဖြစ်သည်။
ကျိယွမ် ကျောက်စင်မြင့်ပေါ် သို့ တက်လိုက်သည်နှင့် ဟင်းလင်းပြင်သည် စတင် လည်ပတ်သွားခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မှိန်ပျပျ အလင်းရောင်ရှိသော ဟင်းလင်းပြင်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
ယခုရောက်နေသောနေရာသည် ကောင်းကင်ယံတွင် ရှိနေပုံရပြီး သူနှင့် အန်းချောင်သည် တိမ်တိုက်ပေါ်တွင် ရပ်နေသကဲ့သို့ ခံစားရ၏။
ထိုစဉ် ဂိမ်းအညွှန်းသည် ကျိယွမ်၏ နားထဲတွင် မြည်လာခဲ့သည်။
[ဖုန်းယွမ်နိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ က တည်ထောင်ခဲ့ပြီး သိက္ခာတရားဖြင့် ကမ္ဘာကို အုပ်ချုပ်သည်။ မြောက်ပိုင်းတွင် ဆူပူသောင်းကျန်းမှုများ ရှိနေပြီး မိစ္ဆာများ သောင်းကျန်းကာ လူသားများကို သတ်ဖြတ်စားသောက်နေကြသည်။ မြောက်ပိုင်းမှ သူဌေးကြီးများသည် ဒုက္ခရောက်နေပြီး တောင်ဘက်သို့ ပြောင်းရွှေ့နေကြသည်။ ကျန်းယန်မြို့သည် မြောက်ပိုင်းတွင် တည်ရှိပြီး မိစ္ဆာများ၏ ဝိုင်းရံမှုကို ခံနေရသည်။
ထုံမိသားစုသည် ခုနစ်ဆက်တိုင်တိုင် တစ်ဦးတည်းသော သားသမီးဖြင့် ဆက်ခံလာခဲ့သည်။ မတ်လတွင် မိစ္ဆာများက မြို့ကို အကြီးအကျယ် တိုက်ခိုက်ခဲ့သဖြင့် အသေအပျောက် များပြားခဲ့သည်။ ထုံမိသားစု၏ တစ်ဦးတည်းသော မြေးဖြစ်သူ ထုံထျန်းယူသည် မိစ္ဆာများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
မစ်ရှင် - ထုံထျန်းယူကို ရှာဖွေပါ၊ သူ၏ဖခင် ထုံယိုဝေ သေဆုံးရခြင်း အကြောင်းရင်းကို စုံစမ်းပါ။
ဆုလာဘ် - ဘိုးဘွားမျိုးရိုး ပြန်လည်ဆန်းသစ်ခြင်း ဆေးလုံး။]
"ဘိုးဘွားမျိုးရိုး ပြန်လည်ဆန်းသစ်ခြင်း ဆေးလုံးပါလား"
အန်းချောင်က မအောင့်နိုင်ဘဲ အော်ဟစ်လိုက်သည်။
ဤဆေးလုံး၏ တန်ဖိုးကို သူမ ကောင်းစွာသိပုံရ၏။
"ဒီဆေးက အဲ့လောက် အစွမ်းထက်လို့လား"
ကျိယွမ်က သူမအား မေးရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
အနီးအနားတွင် လူတစ်ဒါဇင်ခန့် ရှိနေပြီး အားလုံးသည် သွေးစစ်သည်များ ဖြစ်ကြသည်။ အများစုမှာ သွေးစွမ်းအင်အဆင့် ဖြစ်ပြီး အနည်းငယ်သာ ကျောက်စိမ်းသွေးအဆင့် ဖြစ်သည်။
ထိုစဉ် ထိပ်ပြောင်ပြောင်နှင့် လူတစ်ယောက်က စကားဆို၏။
"သွေးစစ်သည်တွေရဲ့ ခွန်အားက ဘိုးဘွားတွေရဲ့ သွေးမျိုးဆက်ပြင်းအားပေါ်မှာ မူတည်တယ်။ ဘိုးဘွားမျိုးရိုးပြန်လည်ဆန်းသစ်ခြင်း ဆေးလုံးက ငါတို့ရဲ့ သွေးမျိုးဆက် ပြင်းအားကို မြှင့်တင်ပေးနိုင်တယ်"
"မင်းရဲ့သွေးမျိုးဆက်က အားကောင်းလေလေ ဆေးက အစွမ်းပြလေလေပဲ"
ထိုထိပ်ပြောင်ကို မြင်သောအခါ အန်းချောင်၏ မျက်လုံးများတွင် သတိထားရမည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
ထိပ်ပြောင်က ဆက်ပြောသည်။
"မစ်ရှင်ပြီးသွားရင် ငါ့ကို မင်းတို့ဆေးလုံးတွေ ပြန်ရောင်းမလား ၊ ငါစျေးကောင်းပေးဝယ်မယ် "
အန်းချောင်က ချက်ချင်းခေါင်းခါ၏။
"မရောင်းဘူး ငါတို့လည်း ဒီဆေးလုံးကို လိုအပ်တယ် "
ထိပ်ပြောင်လူကြီးက ထိုကိစ္စကို ဆက်မပြောတော့ဘဲ ကျိယွမ်ကို စိတ်ဝင်တစား ကြည့်ကာ မေးလိုက်၏။
"ပြီးခဲ့တဲ့ မစ်ရှင်မှာ ချန်ဖန်း သေသွားပြီး သူ့ပစ္စည်းတွေကို ကျိယွမ်ဆိုတဲ့ လူသစ်တစ်ယောက် ယူသွားတယ်လို့ ကြားတယ်၊ အဲ့ဒါ မင်းလား"
"အင်း"
ခံတပ်များအကြားတွင် ဆက်သွယ်ရန်နည်းလမ်းများရှိသဖြင့် ခံတပ်တစ်ခု၏သတင်းများကို အခြားတစ်ခုက သိနေခြင်းမှာ မဆန်းပေ။
အကယ်၍ တစ်စုံတစ်ယောက်က လုံလောက်အောင်သန်မာသွားပါက မြူပင်လယ်ကိုဖြတ်၍ ပို၍ကြီးမားသေ ခံတပ်များဆီသို့ ကူးပြောင်းနိုင်သည်ဟု ဆိုကြ၏။
"အဲဒါဆို မင်းဆီမှာ ပါရမီရှင်မဟာမိတ်အဖွဲ့ရဲ့ တံဆိပ်တုံးရှိမှာပေါ့ ၊ တကယ်လို့ မင်းကငါ့ကိုအဲ့ဒါပေးမယ်ဆိုရင် ငါကမင်းကို မစ်ရှင်မပြီးမရှင်း ကာကွယ်ပေးမယ် ဘယ်လိုလဲ "
သူသည် ကျိယွမ်ထံမှ ပါရမီရှင်မဟာမိတ်အဖွဲ့၏ ဝင်ခွင့်တံဆိပ်ကို လိုချင်နေခြင်း ဖြစ်သည်။
သူ၏ပါရမီအရည်အသွေးက သာမန်ဖြစ်သောကြောင့် ထိုအဖွဲ့ထဲသို့ဝင်ရန်မလွယ်ကူပါ ၊ သို့သော် တံဆိပ်တုံးကိုရလိုက်လျှင်တော့ အခြေအနေကလွယ်ကူသွားပြီဖြစ်သည်။
မဟာမိတ်အဖွဲ့လို အင်အားကြီးနောက်ခံမျိုးရလျှင် သူက ပို၍အားကောင်းသော ခံတပ်သို့ ရွှေ့ပြောင်းနိုင်ပေလိမ့်မည်။
"မင်းက ငါ့ကို ကာကွယ်ပေးမလို့လား ၊ ဒါပေမဲ့ မင်းရဲ့ ခွန်အားက... အဲ့လောက် မကြီးမားပုံပဲ"
ကျိယွမ်ကလည်း ထိပ်ပြောင်အား ခြေဆုံးခေါင်းဆုံးကြည့်ကာ အသုံးမဝင်သလို ခေါင်းယမ်း၏။သူ့အတွက် ထိုကျောက်တုံးက အသုံးမဝင်သော်လည်း သူတစ်ပါးကို လွယ်လွယ်ကူကူပေးပစ်ရန်လည်း စိတ်ကူးမရှိပါ။
ထို့အပြင် သူ၏ရှေ့မှ ထိပ်ပြောင်ကိုလည်း သူမယုံကြည်ပေ။
"ငါက ကျောက်စိမ်းသွေးအဆင့် အလယ်အလတ်မှာ ရှိနေတာ၊ မင်းကို ကာကွယ်ဖို့လောက်က ပြဿနာ မရှိဘူး"
ထိပ်ပြောင်ကတော့ သူ့ကိုယ်သူ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
ထိုစဉ် ကြမ်းတမ်းသောအသံတစ်ခု ထွက်ပေါ်လာပြန်၏။
"ယန်ကွမ်း ..ငါလည်း တံဆိပ်တုံးကို လိုချင်တယ် "
စကားသံနှင့်အတူ မုတ်ဆိတ်ထူများရှိသော လူကြမ်းကြီးတစ်ယောက် သူတို့ဆီလျှောက်လာ၏။သူ၏ ခန္ဓာကိုယ်
သွေးအရှိန်အဝါများ ထွက်ပေါ်နေသည်။
သူ့အားမြင်လိုက်သောအခါ ရှိနေသူအားလုံး၏ အမူအယာများ တောင့်တင်းသွားကြသည်။
"သွေးမိစ္ဆာလက် ကျိုးယွမ်လား "
"ဟုတ်တယ် သူပဲ"
"သူက ငါတို့အဖွဲ့ထဲမှာလား "
"ငါတို့တော့ သေပြီ ၊ သူက အဖွဲ့သားတွေဆီက မကြာခဏပြန်လုတတ်တယ်လို့ ကြားတယ် "
ကျောက်စိမ်းသွေး နောက်ဆုံးအဆင့်ရှိသောကျိုးယွမ်ဆိုသူအား မြင်သည်နှင့် အခြားအဖွဲ့သားများသည် ကြောက်ရွံ့စွာဖြင့် အဝေးသို့ရွှေ့သွားကြသည်။
ထိပ်ပြောင်ယန်ကွမ်းကလည်း သတိထားသောအမူအယာဖြစ်သွားသည်။
"ကျိုးယွမ် စီးပွားရေးဆိုတာ အစီအစဥ်အတိုင်းလုပ်ရတယ် ၊ ဒီလူငယ်လေးက ငါနဲ့ရောင်းမယ် မရောင်းဘူးဆိုတာ မဆုံးဖြတ်ရသေးဘူး၊တကယ်လို့ မင်းကလည်းလိုချင်တယ်ဆိုရင် စျေးပိုပေးလိုက်လေ ၊ ငါတို့ ပြိုင်ကြတာပေါ့ "
ကျိုးယွမ်၏ မျက်လုံးများတွင် လှောင်ပြောင်ရိပ်များ ဖြတ်သန်းသွား၏။
"သူက ငါနဲ့အရောင်းအဝယ်လုပ်ဖို့ မတန်သေးပါဘူး ၊ မင်းကြောင့်သာမဟုတ်ရင် ငါသူ့ဆီက လုယူလိုက်တာ
ကြာပေါ့"
ထိုစကားများကပင် ကျိုးယွမ်၏ ဆိုးသွမ်းသောစရိုက်ကို လူတိုင်းပိုသေချာသွားကြသည်။
ဒီကောင်က တကယ်ပဲ အန္တရာယ်ပေးမဲ့ကောင်ကြီးပဲ။
သူ၏အဆငိ့ကလည်း ရှိနေသူများထဲတွင်အမြင့်ဆုံးဖြစ်နေသဖြင့် ယှဥ်ပြိုင်ရန်လည်း မဖြစ်နိုင်ပါ။
ကျိယွမ်က မုတ်ဆိတ်ထူကျိုးယွမ်အားကြည့်ကာ ရယ်မောလိုက်ပြီး သူ၏ဘေးမှ ထိပ်ပြောင်အား ပြောလိုက်၏။
"ယန်ကွမ်း ၊ မင်း ငါ့ကိုယ်ရံတော် လုပ်ချင်တယ် မဟုတ်လား ၊ အဲဒါဆို ဒီမုတ်ဆိတ်ကို အရင် မောင်းထုတ်လိုက် ၊ မင်းရဲ့ အရည်အချင်း ပြည့်မပြည့် ကြည့်ရသေးတာပေါ့"
ဂိမ်းများတွက် ဆုလာဘ်များရရန် တာဝန်များကို ပြီးအောင်လုပ်ရ၏။
သို့သော် တာဝန်များလိုလည်း မခက်ခဲဘဲ လုပ်ရလည်းလွယ်ကာ ဆုရသောအခြား နည်းလမ်းတစ်ခုလည်း ကျိယွမ်မှာ ရှိပါသည်။
၄င်းမှာ မျှော်လင့်ခြင်းလမင်းများဖြစ်၏။အစားထိုးလမင်းများဖြစ်နေ
လျှင်ပင် အသုံးဝင်ပါသေးသည်။
ထို့ကြောင့် တံဆိပ်တုံးက သူအတွက်အရေးမကြီးပါ ၊ အမြတ်ရလျှင် သူက ရောင်းမည်ဖြစ်သည်။
ကျိယွမ်၏ စကားကိုကြားသောအခါ ယန်ကွမ်း၏ အမူအယာက လေးနက်သွားပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သောအရှိန်အဝါများ ထွက်ပေါ်လာ၏။
"ကျိုးယွမ် ..ဒီကောင်လေးက အခု ငါ့ရဲ့ကာကွယ်မှုအောက်မှာ ရှိနေတာ ၊မင်း ထွက်သွားဖို့ အကြံပေးချင်တယ် ၊ မဟုတ်ရင်တော့...."
ကျိုးယွမ်၏ မျက်လုံးများတွင် အနည်းငယ်သတိထားသော အမူအယာများပေါ်လာပြီး နှုတ်ခမ်းကိုလျှာနှင့်သပ်လိုက်သည်။
"ဟားဟား ဟားဟား ၊ ဒါဆိုလည်း ငါထွက်သွားရတော့မှာပေါ့လေ ..."
သူက သဘောကျသလိုရယ်မောကာ ထွက်သွားလေသည်။
အန်းချောင်က ထိုမြင်ကွင်းအား မယုံနိုင်သလိုကြည့်ကာ အံ့သြနေ၏။ကျိုးယွမ်းက လွယ်လွယ်နှင့်လက်လျှော့ပေးမည်ဟု ထင်မထားခဲ့ပေ။
"သူက ဘာဖြစ်သွားတာလဲ"
"မသိဘူးလေ ..သူက အဲဒီလိုပဲ ရောဂါတစ်မျိုးမျိုးရှိတယ်လို့တော့ ပြောကြတာပဲ .."
ထိပ်ပြောင်၏ စကားကိုကြားသောအခါ
ကျိယွမ်က ကျိုးယွမ်၏ကျောပြင်အားကြည့်ကာ မှတ်ချက်ချလိုက်သည်။
"အင်း.....ကျောက်ကပ်အားနည်းနေတာ နေမှာပေါ့"
ထို့နောက် သူ၏မျက်လုံးများဖြင့် ကျိုးယွမ်အား စစ်ဆေးလိုက်မိ၏။
[ကျိုးယွမ်-ကျောက်စိမ်းသွေးအဆင့် သိုင်းပညာရှင် ၊ ဘိုးဘွားမျိုးဆက်ပြန်လည်ဆန်းသစ်ခြင်းဆေးလုံးများ အသောက်များ၍ ဘိုးဘေးများ၏ လွှမ်းမိုးမှုများခံနေရသဖြင့် စိတ်အခြေအနေအနည်းငယ်ထူးခြားသည်]
"အင်း..ကျူးမြောင်သာရှိရင် သူ့အတွက် အရူးလက်မှတ်ထုတ်ပေးလို့ရမှာ"
ကျိယွမ်၏ မှတ်ချက်ကို အန်းချောင်က နားမလည်သဖြင့် သူ့အားကြောင်တောင်တောင်နှင့် ကြည့်နေ၏။
ကျိယွမ်ကလည်း ရှင်းမပြပါ ၊ သူက ယန်ကွမ်းအား မေးလိုက်သည်။
"ဘိုးဘွားမျိုးဆက်ပြန်လည်ဆန်းသစ်ခြင်းဆေးလုံးတွေ သောက်တာများရင်
ဘိုးဘေးတွေရဲ့လွှမ်းမိုးမှု ခံရတာမျိုးရှိလား"
ယန်ကွမ်းက ခေါင်းယမ်းပြသည်။
"ယေဘုယျအားဖြင့် ပြောရရင်မရှိဘူး"
သို့သော် သူကတစ်စုံတစ်ခုအား သတိရသွားပြီး ထပ်ပြောလိုက်သည်။
"ဒါပေမဲ့ ရှားရှားပါးပါးအနေနဲ့ တစ်ခါတစ်လေဖြစ်တာမျိုးတော့ ရှိတတ်တယ်"
"အင်း.."
ကျိယွမ်က ထိုကိစ္စကို စိတ်မဝင်တော့ဘဲ အခြားတစ်မျိုးမေးလိုက်သည်။
"ဒီတစ်ခါ ဂိမ်းထဲမှာ မိစ္ဆာတွေကို သတ်ပြီး သွေးအဆီအနှစ်တွေ ယူမလို့၊ မင်း ငါ့ကို ကာကွယ်ပေးနိုင်ပါ့မလား"
"စိတ်ချ၊ ငါရှိနေရင် မင်း အများကြီး ရမှာသေချာတယ်"
ယန်ကွမ်းက ရင်ကော့ကာ ကတိပေးလိုက်၏။
သူ့အတွက် တံဆိပ်တုံးရရန်ကသာ အရေးကြီးဆုံးပင်။
"ဒါဆိုလည်း တာဝန်လုပ်ဆောင်ရမဲ့ကမ္ဘာကို သွားကြတာပေါ့ "
အခြားသူများကလည်း သဘောတူလိုက်ကြသည်။
...................
ကျန်းယန်မြို့ ။
ကျန့်ယန်မြို့လယ်တွင် တည်ရှိသော ထုံမိသားစုသည် နာမည်ကျော်ကြားသည့် မှူးမတ်မျိုးနွယ်စုတစ်ခု ဖြစ်သည်။
ကွယ်လွန်သူ သခင်ကြီးထုံသည် အတွင်းရေးမှူးရုံးတွင် တတိယအဆင့်ရှိသော အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မြင့်မားသော အဆင့်အတန်းနှင့် အာဏာရှိသော ရာထူးပိုင်ရှင်ပင်။
သို့သော်လည်း သခင်ကြီးထုံ အငြိမ်းစားယူပြီးနောက် သူ၏ နိုင်ငံရေးအရှိန်အဝါများမှာလည်း ပါးစပ်ရာဇဝင်အဖြစ်သာကျန်ရစ်ခဲ့ပြီး မြောက်ပိုင်းဒေသမှာလည်း ပရမ်းပတာ အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။
ရလဒ်အနေဖြင့် မှူးမတ်မိသားစုများနှင့် မျိုးနွယ်စုအများအပြားမှာ ဘေးကင်းသောတောင်ဘက်သို့ ပြောင်းရွှေ့အခြေချကြကုန်၏။
မဟာဗျူဟာကျသော နေရာတွင် တည်ရှိသည့် ကျန်းယန်မြို့၏ ရှေ့တွင် မြင့်မားသည့်ရှုယောင်တောင်တန်းကြီး တည်ရှိလေသည်။
ထိုတောင်သည် အန္တရာယ်များပြီး သွားလာရလည်း မလွယ်ကူသဖြင့် အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ရန် မသင့်တော်သော နေရာဖြစ်၏။
ပို၍အရေးကြီးသည်မှာ ရှုယောင်တောင်သည် မိစ္ဆာများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့ထဲတွင် သူရဲကောင်းအဆင့်မိစ္ဆာတစ်ဦးလည်း ရှိနေ၏။
ထိုသူရဲကောင်းအဆင့်မိစ္ဆာသည် ရည်မှန်းချက်ကြီးမားပြီး ရှုယောင်တောင်ရှိ မိစ္ဆာသုံးထောင်ကို စုစည်းကာ မိစ္ဆာကျေးရွာတစ်ခုကို ထူထောင်ပြီး မိစ္ဆာစစ်သည်များကို လေ့ကျင့်ပေးထားပြန်သည်။
ဤသို့ဖြင့် ကျန်းယန်၊ ဟန်းယန် နှင့် ချီရွှေ မြို့သုံးမြို့စလုံးသည် ရှုယောင်တောင်၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရပြီး မိစ္ဆာများ၏ နယ်မြေများဖြစ်လာခဲ့သည်။
တစ်နေ့တွင် ထုံမိသားစု၏ မြေးဖြစ်သူမှာ ရှုယောင်တောင်မှ မိစ္ဆာများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။
ယခုအချိန်တွင်တော့ ထုံမိသားစု အိမ်တော်အနီးရှိတည်ခိုခန်းရှေ့တွင် ကျိယွမ်သည် မိစ္ဆာနှိမ်နင်းရေးတပ်ဖွဲ့၏ ယူနီဖောင်းကို ဝတ်ဆင်ထားပြီး တဝါးဝါးသမ်းဝေနေလေသည်။
ယန်ကွမ်းကတော့ တံဆိပ်ပြားတစ်ခုကို ထုတ်ပြကာ သူရှေ့တွင် တုန်လှုပ်နေသော တည်းခိုခန်းအစေခံကို ကြည့်ပြီး အာဏာပြကာ မေးလိုက်၏။
"ထုံယိုဝေ ကိုသိတယ်မှတ်လား၊ သူ ဘယ်နှစ်မှာ သေတာလဲ"
တာဝန်ပေးအပ်ထားသော ကမ္ဘာထဲသို့ ဝင်ရောက်လာပြီးနောက် ယန်ကွမ်းသည် ထုံမိသားစုအကြောင်းကို ဒေသခံများအား မေးမြန်းခြင်းမှ စတင်ရန် ဆုံးဖြတ်ခဲ့သည်။အပြင်တွင် သေသေချာချာစုံးစမ်းပြီးနောက်မှ ထုံအိမ်တော်ထဲသို့ ဝင်ရောက်ရန် စီစဉ်ထားသည်။
တည်းခိုခန်းအစေခံမှာ ကျောကုန်းကိုင်းနေသော အဘိုးအိုတစ်ဦးဖြစ်ပြီး အရပ်ပု၏။
"အရာရှိမင်းကို တင်ပြရရင် သခင်လေး ထုံယိုဝေဟာ လွန်ခဲ့တဲ့ သုံးနှစ်က ထုံမိသားစုဝန်းထဲမှာပဲ ရုတ်တရက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်"
"သူ့ရဲ့ သေဆုံးမှုဟာ အင်မတန် ကြောက်မက်ဖွယ်ကောင်းတယ်လို့ ပြောကြပြီး သူ့ရဲ့ နှလုံးသားတစ်ခုလုံးကို ဖောက်ထုတ်ခံထားရတယ်တဲ့၊ အဲဒါဟာ မိစ္ဆာတွေကြောင့်လို့လည်း ပြောကြတယ် "
မိစ္ဆာများအကြောင်းကို ပြောလိုက်သောအခါ တည်းခိုခန်းအစေခံ၏ မျက်လုံးများထဲတွင် မိစ္ဆာများက သူ၏မိသားစုကို ဝါးမြိုသွားသကဲ့သို့ နာကျည်းမှုများဖြင့် ပြည့်နှက်နေသည်။
"နှလုံးသားကို ဖောက်ထုတ်ခံရတာလား"
ယန်ကွမ်း မျက်မှောင်ကြုတ်လိုက်သည်။
တည်းခိုခန်းအစေခံက ခေါင်းညိတ်ပြကာ ဆက်ပြောသည်။
"သနားစရာကောင်းတဲ့ သခင်ကြီးထုံနဲ့ သခင်မကြီးထုံတို့မှာ ဒီသားလေးတစ်ယောက်တည်း ရှိခဲ့တာပါ"
"သခင်လေး သေတဲ့နေ့မှာပဲ သခင်မကြီးရဲ့ ဆံပင်တွေဟာ တစ်ညတည်းနဲ့ ဖြူသွားခဲ့ပြီး ဆယ်နှစ်လောက် အိုမင်းသွားခဲ့ပါတယ်"
"ဘယ်မိစ္ဆာက လုပ်တာလဲဆိုတာကို ထုံမိသားစုက စုံစမ်းစစ်ဆေးတာမျိုး မရှိဘူးလား"
ယန်ကွမ်းက မေးလိုက်သည်။
"ထုံမိသားစုက မစုံစမ်းရဲပါဘူး၊ စုံစမ်းရင်တောင် ဘာလုပ်နိုင်မှာလဲ၊ ရှုယောင်တောင်ကို သွားပြီး အဖြေတောင်းရမှာလား"
တည်းခိုခန်းအစေခံကြီး၏ အိုမင်းသော မျက်နှာတွင် နောင်တရဟန် နာကျည်းဟန်များဖြင့် ခေါင်းခါလိုက်သည်။
ယန်ကွမ်းသည် ဆက်မမေးသေးဘဲ တစ်စုံတစ်ခုကို စဥ်းစားနေသကဲ့သို့ မျက်မှောင်ကြုတ်ထား၏။
ထိုစဉ် ကျိယွမ်က ဝင်ပြောလိုက်သည်၏
"သွားကြစို့၊ ထုံအိမ်တော်မှာ တစ်စုံတစ်ရာ သဲလွန်စ ရမလား ကြည့်ကြတာပေါ့"
ယန်ကွမ်းကလည်း ခေါင်းညိတ်ပြပြီး အဘိုးအိုအား ဆက်မမေးတော့ပေ။
ခြေရာခံခွေးကို ထိန်းထားသော အန်းချောင်သည်လည်း ထုံအိမ်တော်သို့ ဦးတည်လိုက်၏။
လက်မြန်ခြေမြန်ရှိသော သူတို့၏ အဖော်အချို့မှာတော့ ထုံအိမ်တော်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့ သုံးဦးနှင့် ခွေးတစ်ကောင် ရောက်ရှိလာသောအခါ မည်သူကမှ မဟန့်တားခဲ့ကြတော့ပေ။
၎င်းတို့အား ကြိုဆိုသူမှာလည်း ထုံအိမ်တော်မှ အိမ်ထိန်းအိုကြီး ဖြစ်သည်။
"မြေးလေးဟာ မိစ္ဆာတွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရတယ်၊ သခင်ကြီးကတော့ အရမ်းစိုးရိမ်ပြီး အိပ်ရာထဲလဲနေတာကြောင့် ဧည့်သည်တွေကို မတွေ့နိုင်ပါဘူး၊ နားလည်ပေးကြပါ"
အိမ်ထိန်းအိုကြီးက ခက်ခက်ခဲခဲ လှုပ်ရှားရင်းမှ တောင်းပန်စကားဆိုသည်။
"ထုံယိုဝေ ဘယ်မှာ နေထိုင်ခဲ့တာလဲ၊ ကျွန်တော်တို့ကို အဲဒီခေါ်သွားပါ"
ကျိယွမ်က ခေါင်ညိတ်ပြကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ဤတာဝန်တွင် ထုံထျန်းယူကို ရှာဖွေရန်နှင့် ထုံယိုဝေ သေဆုံးရခြင်း၏ အကြောင်းရင်းအမှန်ကို စုံစမ်းရန် ပါဝင်သည်။
လက်ရှိတွင် မြေးဖြစ်သူထုံထျန်းယူမှာ မိစ္ဆာများ၏ ဖမ်းဆီးခြင်းကို ခံထားရသဖြင့် သူ့ကိုရှာရန်မှာ ရှုယောင်တောင်သို့ သွားရန်သာ လိုအပ်သည်။
သို့သော် ထုံယိုဝေသေဆုံးမှု၏ နောက်ကွယ်မှ အမှန်တရားကို သိရန်မှာမူ သေသေချာချာစုံစမ်းစစ်ဆေးရန် လိုအပ်နေ၏။
အိမ်ထိန်းအိုကြီးက အနည်းငယ်ခက်ခဲသွားပုံဖြင့် ရိုသေစွာပြန်ဖြေ၏။
"အဲဒါကတော့... သခင်လေး ကွယ်လွန်ပြီးနောက်မှာ သူနေတဲ့အိမ်က မီးလောင်သွားပြီး ဘာမှ မကျန်တော့ပါဘူး"
ကျိယွမ် အနည်းငယ်မှောင်ကျုံ့သွားသည်။
"သူ့ဇနီးကကော"
ကျိယွမ်က ထပ်မေးလိုက်သည်။
"သူက သခင်လေးကို မွေးဖွားပြီးတဲ့နောက် မီးတွင်းထဲမှာပဲ ဆုံးပါးသွားခဲ့ပါတယ်"
အိမ်ထိန်းအိုကြီးက သက်ပြင်းချရင်း ဖြေ၏။
"အပြင်မှာတော့ ထုံယိုဝေကို မိစ္ဆာတွေ သတ်တာလို့ ကောလာဟလတွေ ထွက်နေတယ်၊ ဘယ်လိုမိစ္ဆာမျိုးလဲ သိကြလား"
ယန်ကွမ်းက အဓိကအချက်ကို အမှတ်တမဲ့ ဝင်ရောက်စုံစမ်းလိုက်သည်။
အိမ်ထိန်းအိုကြီးက အမြန်ခေါင်းခါလိုက်ပြီး ပြာပြာသလဲဖြေ၏။
"အဲဒါကိုတော့ ကျွန်တော် မသိပါဘူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း လူလွှတ်ပြီး စုံစမ်းခဲ့ပေမဲ့ ဘာမှ မတွေ့ခဲ့ပါဘူး၊ ဒီလိုပဲ မိစ္ဆာတွေရဲ့ လက်ချက်လို့ပဲ ပြောခဲ့ကြတာပါ"
"ခင်ဗျားတို့ သခင်လေးကို ဘယ်မှာ မြှုပ်ထားတာလဲ"
ယန်ကွမ်းက ထပ်မေးသည်။
အိမ်ထိန်းအိုကြီး၏ မျက်နှာက အနည်းငယ်ခက်ခဲသွားဟန်ပေါ်လာပြန်သည်။
ယန်ကွမ်းက အလိုမကျသလို ဖြစ်သွား၏။
"ဘာလဲ ၊ ကျွန်တော်တို့ ရုပ်အလောင်းကို စစ်ဆေးလို့ မရဘူး မဟုတ်လား"
အိမ်ထိန်းအိုကြီး၏ မျက်နှာမှာ စိတ်ရှုပ်ထွေးနေဟန် ရှိသည်။
" မဟုတ်ပါဘူး ..ခင်ဗျားတို့ မတိုင်ခင်က အရာရှိတချို့လည်း အဲဒီလိုပဲ တွေးခဲ့ကြတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ စိတ်ပျက်ရပါလိမ့်မယ်"
"သခင်လေးကို မြှုပ်နှံပြီးတဲ့နောက်မှာ သုသာန်ကလည်း မိစ္ဆာဘေးသင့်ခဲ့ပြီး သခင်လေးရဲ့ အလောင်းဟာ... အခိုးခံလိုက်ရပါတယ်"
"ဘာ"
အန်းချောင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"ဒါဟာ တကယ့်ကို ထူးဆန်းတာပဲ"
ယန်ကွမ်းသည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေ၏။
လူသတ်မှုကိုစုံစမ်းရန်လာသော်လည်း စစ်ဆေးစရာက တစ်ခုမှရှိမနေပေ ။
နေခဲ့သောအခန်းကိုမေးတော့လည်း မီးထဲပါသွား၏။လူသေအလောင်းကို စစ်မည်ဆိုတော့လည်း အလောင်းက ပျောက်သွားသည်တဲ့။
ထုံယိုဝေ၏ သေဆုံးမှုမှာ သေချာပေါက် ရိုးရှင်းမှု မရှိပေ။
သူ၏ နေအိမ်မှာ မီးလောင်ခဲ့ပြီး ရုပ်အလောင်းမှာလည်း အခိုးခံခဲ့ရသည်။
တိုက်ဆိုင်မှုတစ်ခုဆိုလျှင် လက်ခံနိုင်သော်လည်း တိုက်ဆိုင်မှုများ ဆက်တိုက်ဖြစ်နေခြင်းမှာမူ မဟုတ်တော့ပေ။အဓိပ္ပာယ်မှာ နောက်ကွယ်တွင် တစ်စုံတစ်ဦးက တစ်ခုခုကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်။
"ညီအစ်ကိုကျိ..၊ မင်း ဘယ်လိုထင်လဲ"
ယန်ကွမ်းက စဥ်းစားရခက်သွားကာ ကျိယွမ်ကို ဘယ်လိုလဲဟု ကြည့်လိုက်သည်။
ကျိယွမ်က လေးနက်စွာတွေးခေါ်နေသလို ခေါင်းညိတ်ပြ၏။ပြီးမှ လေးနက်စွာ ပြန်ဖြေသည်။
"ငါ့ရဲ့ နှစ်ပေါင်းများစွာ တီဗီကြည့်ခဲ့တဲ့ အတွေ့အကြုံအရဆိုရင် ပုံမှန်အားဖြင့် အလောင်းပျောက်နေတယ်ဆိုတာ သေချင်ယောင်ဆောင်တာကို ဆိုလိုတာပဲ"
"ဟမ်..."
တီဗီထဲတွင် အမြဲတမ်း ထိုသို့ပင် ပြသလေ့ရှိသည်။
ရန်သူကို ချောက်ထဲသို့ တွန်းချခြင်း သို့မဟုတ် နှလုံးကို ဓားဖြင့်ထိုးခြင်းများ ပြုလုပ်သော်လည်း... တကယ်တမ်း၌ ရန်သူမှာ ရှင်သန်နေဆဲဖြစ်ပြီး အရေးကြီးသောအခန်းကြမှ ဘွားခနဲပေါ်လာမည့် ဇာတ်လမ်းမျိုးလည်း ရှိ၏။
ထို့ကြောင့် ကျိယွမ်သည် အန္တရာယ်ရှိသောလူတစ်ဦးကို သတ်သည့်အခါ ၎င်းတို့ သေဆုံးသွားသည်ကို မျက်မြင်ကိုယ်တွေ့ အတည်ပြုနိုင်ရန် အရိုးများကိုပါ မှုန့်မှုန့်ညက်ညက် ဖြစ်အောင် ပြုလုပ်လေ့ရှိသည်။
"ဒါပေမဲ့ အခုက ဂိမ်းရဲ့ သတ်မှတ်ချက်အရ သူသေသွားပြီလို့ ဆိုထားတော့ သူသေပြီလို့ပဲ ယူဆကြတာပေါ့"
"အမ်"
ကျိယွမ်သည် ဂိမ်းဖန်တီးသူများနှင့် ဇာတ်လမ်းအကြောင်း အငြင်းအခုန် မလုပ်လိုပေ။
ထို့ကြောင့် သူ၏ အဖိုးတန်စုံထောက်အတွေ့အကြုံအရ ကောက်ချက်ချထားသော ပထမမှတ်ချက်အား ပြန်ဖြုတ်လိုက်၏။
ယန်ကွမ်းမှာ ဘာပြောရမှန်းမသိဖြစ်သွားသော်လည်း ကျိယွမ်၏သုံးသပ်ချက်ကို ပြုံးကာ သဘောတူလိုက်သည်။
သူက အိမ်ထိန်းအိုကြီးကို ဆက်လက်မေးမြန်း၏။
" ကျန်းယန်မြို့ထဲမှာ ထုံယုံဝေနဲ့ ရန်သူတွေ ရှိလား"
"သခင်လေးက သဘောကောင်းတယ်၊ ဘယ်သူ့အပေါ်မှာမှ ရန်ငြိုးမထားဘူး၊ အပြင်ကိုလည်း တစ်ခါတစ်လေမှ ထွက်လေ့ရှိတယ်၊ ရန်သူလည်း မရှိပါဘူး"
အိမ်ထိန်းအိုကြီးက အတည်ပြုသည်။
အင်း၊ သဘောကောင်းပြီး အိမ်ထဲမှာပဲ အနေများတဲ့ လူတစ်ယောက်ပေါ့။
တကယ်ပါပဲ... ရန်သူမရှိနိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဒီမှာက အွန်လိုင်းမှာအငြင်းပွားဖို့ အင်တာနက်မှ မရှိတာ။အင်တာနက်မရှိမှတော့ ရန်သူနည်းတာက သဘာဝကျပါတယ်။
ကျိယွမ်က တွေးကာခေါင်းညိတ်၏ ။
"ထုံယိုဝေနဲ့ မင်းတို့ သခင်ကြီးတို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုလဲ"
ကျိယွမ်က ရုတ်တရက် ဖမ်းမေးလိုက်သည်။
"သခင်ကြီးနဲ့ သခင်မကြီးတို့က သခင်လေးကို အရမ်းချစ်ကြတာပါ၊ သူ ဖျားနာပြီး သတိမေ့နေတုန်းကဆို သခင်မကြီးကိုယ်တိုင် ဝမ်ရှန်းဘုရားကျောင်းကို သွားပြီး အစွမ်းထက်တဲ့ ရေစင်ကို သွားတောင်းခဲ့တာ၊ လှေကားထစ် ခုနစ်ရာ့ခြောက်ဆယ့်နှစ်ထစ်ကို တစ်လှမ်းချင်း တက်သွားပြီး နောက်ဆုံးမှာ သခင်လေးကို ကုသပေးဖို့ အရှင်မြတ်ကို တောင်းပန်းနိုင်ခဲ့တာပါ"
"ဒီအကြောင်းက မြောက်ပိုင်းတစ်ခွင်မှာ လူသိများပါတယ်"
"ကျန်းယန်မြို့မှာ ဘယ်သူ့ကိုပဲမေးမေး ကျွန်တော်တို့သခင်ကြီးနဲ့ သခင်မကြီးဟာ သခင်လေးကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ အားလုံးသိကြတယ်"
" သူတို့ဟာ သခင်လေးအတွက်ဆိုရင် ကောင်းကင်က နေမင်းကိုတောင် ဆွဲချပေးချင်ကြတာပါ"
အိမ်ထိန်းအိုကြီးက ဝမ်းနည်းသော အမူအရာဖြင့် သေချာရှင်းပြသည်။
"အခုဆို သခင်လေး ကွယ်လွန်ပြီးကတည်းက သခင်ကြီးနဲ့ သခင်မကြီးရဲ့ ကျန်းမာရေးဟာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာခဲ့ပါတယ်"
"သခင်လေးသာ မရှိရင် သူတို့ ရှင်သန်နိုင်မှာ မဟုတ်ဘူး... ဟူး"
"ဒီတစ်ခါ မြေးသခင်လေး ပြန်မလာရင် ထုံမိသားစုရဲ့ မျိုးဆက်ဟာ... ပြတ်တောက်သွားပါလိမ့်မယ်"
"အရာရှိမင်းတို့ရယ်၊ သခင်လေးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာပေးကြပါလို့ ကျွန်အိုကြီးက တောင်းဆိုပါတယ်"
အိမ်ထိန်းအိုကြီးသည် သခင်ကြီးအပေါ် ကိုယ်ချင်းစာနေပုံရပြီး သူ၏မျက်လုံးများတွင် မျက်ရည်များပင် ဝိုင်းနေသည်။
ဤအချိန်တွင် ယန်ကွမ်းက အသံလှိုင်းဖြင့် ပို့လိုက်၏။
"အိမ်ထိန်းကြီး ပြောတာ ယုံကြည်လို့ ရပါ့မလား"
"အင်း... ပြောတဲ့စကားတွေကတော့ အမှန်တွေပါ၊ ဒါပေမဲ့ တစ်ခုခုကို ချန်လှပ်ထားသလား ဆိုတာကတော့ တစ်ပိုင်းပေါ့"
ကျိယွမ်က သူခံစားမိသည့်အတိုင်း ဖြေလိုက်သည်။
အိမ်ထိန်းအိုကြီး စကားပြောနေစဉ် သူ၏နှာခေါင်းမှာ ရှည်မလာခဲ့ပေ၊ ဆိုလိုသည်မှာ သူ လိမ်ပြောနေခြင်း မဟုတ်ပါ။
သို့သော် လိမ်မပြောဘူး ဆိုသည်မှာ အကုန်အစင်ဖွင့်ပြောခြင်းဟု မဆိုလိုပေ။အကြောင်းအရာအချို့ကို ချန်ထားနိုင်၏။
"ဒါဆို အခု ငါတို့ ဘာဆက်လုပ်ကြမလဲ"
ယန်ကွမ်းက လမ်းပျောက်နေပုံရသည်။
"သူတို့ရဲ့ သခင်ကြီးကို သွားတွေ့ကြတာပေါ့"
ကျိယွမ်ကတော့ ပေါ့ပေါ့ပါးပါးပင်။
ဘာပဲဖြစ်ဖြစ် အိမ်စေတစ်ဦးထက် ထုံမိသားစု၏ အကြီးအကဲဖြစ်သည့်သခင်ကြီးက အသိဆုံး ဖြစ်ပေလိမ့်မည်။
ကျိယွမ်က သူ့အားတစ်ယောက်ယောက်က လိမ်ပြောနေသည်ကို သိနိုင်စွမ်းရှိသောကြောင့် သခင်ကြီးက သူ့ကို လှည့်ဖြားမည်ကို မကြောက်ပေ။
လူတိုင်းက ထုံယိုဝေကို မိစ္ဆာတွေ သတ်တာလို့ ပြောနေကြပေမဲ့... သခင်ကြီးကိုယ်တိုင် နောက်ကွယ်က ရှိနေတာလည်း ဖြစ်နိုင်တာပဲ။
တီဗွီဇာတ်လမ်းများအရ လုသတ်မှုတစ်ခုတွင် အရာအားလုံးက ဖြစ်နိုင်ခြေ ရှိသည်သာ။
တရားခံမပေါ်မချင်း အားလုံးက တရားခံဖြစ်နိုင်သည်ဟု ထိုဇာတ်လမ်းများက သေချာလမ်းညွှန်ထားသည် မဟုတ်ပါလား ။
ထို့ကြောင့် စုံထောက်ကြီးကျိယွမ်အား တော်ရုံနှင့်တော့ လမ်းလွှဲရန်မဖြစ်နိုင်ပေ။
အကုန်လုံးက တရားခံပဲ ၊ ငါ့ကို ပေါ့သေးသေးမမှတ်နဲ့။
သို့သော် သူတို့သည် အိမ်ထိန်းအိုကြီး နောက်မှလိုက်၍ သခင်ကြီး၏ အဆောင်သို့ သွားရန် ပြင်ဆင်နေစဉ် ကြမ်းတမ်းစွာ ငေါက်ငမ်းနေသော အသံတစ်ခုကို ကြားလိုက်ရ၏။
"ဒီကောင်လေး၊ မင်းက ငါ့ကိစ္စထဲကို ဘယ်လိုတောင် ဝင်ပါရဲတာလဲ"
"ငါတို့ မိစ္ဆာနှိမ်နင်းရေးတပ်ဖွဲ့က ထုံမိသားစုကို စုံစမ်းဖို့ လာတာကွ"
"ခရိုင်အုပ်ချုပ်ရေးမှူးဆိုရင်တောင် ငါ့ကို တွေ့ချင်ရင် သူ့ဘာသာသူ ကိုယ်တိုင်လာပြီး ဖိတ်ရတယ်"
ထိုသို့ပြောပြီးနောက် အသံပိုင်ရှင်က ပိတ်ကန်လိုက်ရာ ငယ်ရွယ်နုနယ်ပုံရသော ရဲမက်လေးမှာ လွင့်ထွက်သွားခဲ့သည်။
ရဲမက်လေးမှာ မြေပြင်ပေါ်တွင် ဝမ်းဗိုက်ကို ပိုက်ကာ နာကျင်စွာ လဲလျောင်းနေသော်လည်း ပြန်လည်ပြောဆိုရန် မဝံ့ရဲပေ။
"ဒီကလေးက အရမ်းငယ်ပုံရတယ်၊ ၁၄ နှစ်ထက် မပိုလောက်ဘူး၊ သူ့ကို ဒီလောက်ပြင်းပြင်းထန်ထန် ရိုက်တာဟာ တကယ့်ကို ယုတ်မာလွန်းတယ်"
အန်းချောင်က မနေနိုင်စွာ ပြောလိုက်မိသည်။
ယန်ကွမ်းသည်လည်း မျက်မှောင်ကြုတ်ကာ ကလေးငယ်နှင့်တူသော ရဲမက်လေးကို ထူပေးရန် အမြန်ပြေးသွားလိုက်သည်။
သူသည် လောဘကြီးတတ်သော်လည်း နွေးထွေးသော နှလုံးသားရှိသူ ဖြစ်နေဆဲပင်။
ကလေးအား ထူပေးပြီးနောက် ယန်ကွမ်းက ကန်လိုက်သောသူကို မဖော်ရွေသော အကြည့်ဖြင့် ကြည့်လိုက်၏။
"ငါတို့ တာဝန်ထမ်းဆောင်နေကြတာ မှန်ပေမဲ့ ဒီလူတွေဟာလည်း သက်ရှိလူသားတွေပဲ ၊ ဒါမျိုးမလုပ်သင့်ဘူး "
ကန်လိုက်သောသူသည် ယန်ကွမ်းကို မြင်သောအခါ သူ၏ စွမ်းအားကို သိနေသဖြင့် ကြောက်ရွံ့သွားပြီး ချက်ချင်းပင် ခေါင်းငုံ့ကာ ပြောလိုက်သည်။
"အဲဒါ ကျွန်တော့်အမှားပါ"
ဟွမ်ရွှမ်ကမ္ဘာတွင် အင်အားသည်သာ အရာအားလုံး ဖြစ်၏။
သူသည် ယန်ကွမ်းကို မပြစ်မှားရဲသဖြင့် သူ၏အမှားကို ဝန်ခံရန် ဝန်မလေးပေ။
ထိုအချိန်တွင် မလှမ်းမကမ်း၌ရပ်နေသော ကျိယွမ်သည် ယန်ကွမ်း၏ ခေါင်းပေါ်သို့ နေရောင်ခြည်များ ကျရောက်နေသည်ကို ကြည့်ကာ မပြောဘဲ မနေနိုင်ဖြစ်သွားသည်။
"သူ့ရဲ့ထိပ်က တော်တော်ပြောင်တာပဲ ၊ နေထိုးထားတော့ လက်နေရော "
------------
အပိုင်း ၃၃၇ - တစ်မြို့လုံးသေဘေးကြုံနေတော့ မလာဘူး ၊ ထုံကျန်းယူ သေတော့မယ်ဆိုမှ လာတယ်ပေါ့ ....
"ဟေ့ လူငယ်လေး၊ မင်း ဘာလို့ မိစ္ဆာနှိမ်နင်းရေးဌာနကို လိုက်ရှာနေရတာလဲ"
ထိပ်ပြောင်ယန်ကွမ်းက လူငယ်ရဲမက်လေးကို ထုပေးရင်း ကြင်နာစွာမေးလိုက်၏။
"ခရိုင်ဝန်မင်းက အရေးကြီးကိစ္စတွေ ဆွေးနွေးဖို့ တောင်ပိုင်းက အရာရှိမင်းတွေနဲ့ တွေ့ချင်နေလို့ပါခင်ဗျာ"
လူငယ်ရဲမက်လေးက ရိုသေစွာ ချက်ချင်း ပြန်ဖြေသည်။
"ငါတို့ သခင်ကြီးထုံနဲ့ အရင်တွေ့ပြီးမှ ခရိုင်ဝန်မင်းနဲ့ သွားတွေ့မယ်"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ဆုံးဖြတ်ပေးလိုက်၏။
ထုံယူဝေ သေဆုံးရခြင်း၏ အကြောင်းရင်းကို စုံစမ်းရန်နှင့် ထုံကျန်းယူကို ရှာဖွေရန်အတွက် ခရိုင်ဝန်မင်းထံမှ အချက်အလက်အချို့ ရယူရန်လည်း လိုအပ်မည်ဖြစ်သည်။
လူငယ်ရဲမက်လေး ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်းပြန်ပြော၏။
"ကျွန်တော် ဒီမှာပဲ စောင့်နေပါ့မယ် အရာရှိမင်းတို့"
သူ၏တာဝန်အတိုင်း မိစ္ဆာနှိမ်နင်းရေးဌာနမှလူများကို ခရိုင်ဝန်မင်းဆီ ခေါ်သွားနိုင်ပြီ ဖြစ်သဖြင့် လူငယ်ရဲမက်လေးမှာ အလွန် စိတ်လှုပ်ရှားနေသည် ။
ခရိုင်ဝန်မင်းပြောသကဲ့သို့ပင် မိစဆာနှိမ်နင်းရေးဌာနသည် ဖုန်းယွမ်တိုင်းပြည်တွင် အင်အားအကြီးဆုံးဖြစ်ပြီး မိစဆများကို နှိမ်နင်းရာတွင်လည်း အလွန်ကျွမ်းကျင်သူများ ဖြစ်ကြသောဟူသည်။
၎င်းတို့သည် ကျန်းယန်မြို့အား မိစ္ဆာများ၏ ဝိုင်းရံပိတ်ဆို့မှုကို ဖြိုခွဲပေးနိုင်ပေလိမ့်မည်။
ကျန်းယန်မြို့သည် အပြင်လောကနှင့် ပြတ်တောက်နေသည်မှာ သုံးနှစ်ရှိလေပြီ။
ကျန်းယန်မြို့သူမြို့သားများသည် မိစ္ဆာများ၏ ဒုက္ခကို ကြာရှည်စွာ ခံစားနေရပြီး ကယ်သူမဲ့ဘဝဖြင့်မျှော်လင့်ချက်မဲ့နေကြရ၏။
အိမ်တော်ထိန်း၏ ဦးဆောင်မှုဖြင့် လူစုသည် ထုံအိမ်တော်၏ အထဲပိုင်းသို့ ရောက်လာခဲ့သည်။
အတွင်းပိုင်းသို့ ရောက်လေလေ၊ သန်မာထွားကြိုင်းပြီး သွေးဆူဝေသည့် အရှိန်အဝါရှိသော ကင်းလှည့်နေသည့် ကိုယ်ရံတော်များကို ပိုမို တွေ့ရှိရလေလေ ဖြစ်သည်။
၎င်းတို့သည် ပျော့ပျောင်းသော သံချပ်ကာများကို ဝတ်ဆင်ထားပြီး၊ ခါးတွင် ကောင်းမွန်သော ဓားများကို ဆွဲထားကာ အရည်အသွေးမြင့် ပစ္စည်းကိရိယာများကို ကိုင်ဆောင်ထားကြ၏။
"ခင်ဗျားတို့ မိသားစုရဲ့ လုံခြုံရေးက တော်တော်လေး တင်းကျပ်တာပဲ။ ဘယ်လိုလုပ်ပြီး မိစ္ဆာတစ်ကောင်က ခိုးဝင်လာပြီး ဘယ်သူမှမသိဘဲ ထုံယူဝေကို သတ်သွားနိုင်ရတာလဲ"
ယန်ကွမ်းက အစောင့်များကို လေ့လာ င်းမှ မေးလိုက်သည်။
သူတို့အထဲဝင်လာသည့် ခဏတာအတွင်းမှာတင် ကင်းလှည့်နေသည့် ကိုယ်ပိုင်ကိုယ်ရံတော် ငါးဆယ်ထက်မနည်းကို သူ မြင်တွေ့ခဲ့ရ၏။
လုံခြုံရေးက တင်းကျပ်လွန်းသဖြင့် အိမ်တော်တစ်ခုထက်စာလျှင် ထုံအိမ်တော်မှာ လေ့ကျင့်ရေးကွင်းပါရှိသည့် ခံတပ်ကြီးတစ်ခုနှင့် ပိုတူနေသလိုပင်။
အိမ်တော်ထိန်းကြီးက ခေါင်းငုံ့ပြီး ဖြေလိုက်သည်။
"ကျွန်တော်လည်း မသိပါဘူး အရာရှိမင်း။ ကျွန်တော်တို့ ထုံအိမ်တော်ထဲက လူကပဲ ပြန်လုပ်ကြံတာဆိုတဲ့ ကောလာဟလတွေတော့ ရှိပါတယ်။ သခင်လေးယူဝေ သေဆုံးပြီးနောက်မှာ သခင်ကြီးက တော်တော်လေးအမျက်ထွက်ပြီး အစေခံတွေကို ရှင်းလင်းခဲ့ပါတယ်။ သံသယရှိသူအားလုံးကိုဆို တစ်ခါတည်းရိုက်သတ်ခဲ့တာပါ"
ထိုအရာကို ကြားသောအခါ ကျိယွမ်က အလိုမကျဖြစ်သွားသည်။
"ဒီဂိမ်းက အရမ်းလိုအပ်နေသေးတာပဲ။ အဲ့ဒီ ရိုက်သတ်ခံရတဲ့သူတွေရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းဖို့အတွက် မစ်ရှင်တစ်ခု ပေးသင့်တာကို၊ အဲ့ဒါဆိုရင် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းသွားမယ်"
သူက မှတ်ချက်မပေးဘဲ မနေနိုင်ပေ။
အန်းချောင်ကလည်း ချက်ချင်းဝင်ပြော၏။
"အေးလေ..သခင်ရဲ့ အသက်က အစေခံတွေရဲ့ အသက်ထက် ပိုတန်ဖိုးရှိလို့လား"
သူမကလည်း ထိုလုပ်ရပ်ကို သဘောမကျမှန်း သိသာလှသည်။
ယန်ကွမ်းကတော့ သိပ်မထူးဆန်းသလို ရယ်မောလိုက်ကာ မှတ်ချက်ချလိုက်၏။
"လူတိုင်း ဘာလို့ သူဌေးကြီးတွေ ဖြစ်ချင်ကြလဲဆိုတာ မဆန်းပါဘူး။ သူတို့မှာ စစ်သည်တွေ၊ စားနပ်ရိက္ခာတွေနဲ့ မြေကွက်တွေ အလျှံပယ်ရှိကြတာပဲ။ ထုံမိသားစုဆိုကြည့်ပါလား တကယ့်ကို နန်းတော်အသေးစားလေးလိုပဲ"
သူတို့၏ စကားဝိုင်းကို အသံလှိုင်းဖြင့် ပို့နေခြင်းဖြစ်သဖြင့် အိမ်တော်ထိန်းကတော့ မကြားရပါ။
သို့မဟုတ်ပါက သူတို့ကို ထုံမိသားစုကို နှိမ်နင်းရန် လွှတ်လိုက်သည့် အစိုးရအရာရှိများဟုပင် ထင်မှတ်ကာ ပုန်ကန်မှုဖြင့် စွပ်စွဲနိုင်၏။
ထိုသို့ဆိုပါက တိုက်ပွဲမဖြစ်ဘဲ ထုံအိမ်တော်ကနေ ထွက်သွားနိုင်မည်မဟုတ်တော့ပေ။
ဒေသခံ အိမ်တော်ကြီးပီသစွာပင် ထုံအိမ်တော်၌ မိသားစုစစ်သည်တစ်ထောင်နီးပါးနှင့် သံချပ်ကာဝတ်စစ်သည် တစ်ရာကျော် ရှိ၏။
ထိုအင်အားကို လျှော့တွက်၍ မရပါ။
၁၅ မိနစ်ခန့်ကြာပြီးနောက် အိမ်တော်အတွင်း လှည့်ပတ်သွားလာပြီးမှ နောက်ဆုံးတွင် သခင်ကြီးထုံ၏ နေအိမ်သို့ ရောက်ရှိခဲ့ကြသည်။
သူတို့ရောက်သွားချိန်တွင် ရင်ပြင်အပြင်ဘက်၌ အစေခံမိန်းကလေးတော်တော်များများမှာ စိတ်မကောင်းသော မျက်နှာများဖြင့် ရပ်နေကြသည်ကို တွေ့လိုက်၏။
သူတို့မှာ မိစ္ဆာများ ဖမ်းဆီးသွားခြင်းခံရသည့် သခင်လေးအတွက် စိုးရိမ်နေပုံရသည် ။
သူတို့ကိုမြင်သောအခါ အိမ်တော်ထိန်းကြီးကလည်း ပို၍ဝမ်းနည်းသွားပုံရပြီး ကောက်ကာငင်ကာ ထအော်၏။
"ကျွန်တော်တို့ ဘိုးဘွားတွေက ထုံမိသားစုကို မျိုးဆက်အလိုက် အလုပ်အကျွေးပြုခဲ့တာပါ။ တကယ်လို့ သခင်လေး ပြန်မလာဘူးဆိုရင် ထုံမိသားစုလည်း ပြိုကွဲသွားပါလိမ့်မယ်။ အဲ့ဒီကျရင် ကျွန်တော်တို့ ဘယ်သွားကြမလဲ"
သူက ပြောရင်းမှ ပို၍ဝမ်းနည်းလာကာ ရှိုက်ကြီးတငင် အော်ဟစ်ငိုယိုလေသည်။
သူ၏ ဝမ်းနည်းမှုမှာ ဟန်ဆောင်ထားခြင်းတော့ ဟုတ်ပုံမရပေ။
အမှန်တကယ်ပင် ထုံမိသားစုကဲ့သို့သော အိမ်တော်ကြီးတစ်ခုတွင် အစေခံလုပ်ရခြင်းမှာ လယ်သမားလုပ်ရသည်ထက် အများကြီး သာလွန်ကောင်းမွန်ပြီး ဂုဏ်ရှိသော အလုပ်လည်း ဖြစ်သည်။
"အင်း...အိမ်ထိန်းကြီး ..ခင်ဗျားတို့ သခင်ကြီးကို သွားတွေ့ကြရအောင်"
ကျိယွမ်က ဖြောင်းဖြသလို ပြောလိုက်မှ အိမ်ထိန်းကြီးက သူတို့ကို အားနာသလိုကြည့်ကာ ဆက်သွားတော့သည်။
"တွေးမိပြီး ဝမ်းနည်းလွန်းလို့ပါ အရာရှိတို့ရယ် "
ခဏအကြာတွင် သူတို့သည် ရှေးဟောင်းခေတ်ပုံစံ အိမ်တော်တစ်လုံးထဲသို့ ဝင်သွားကြ၏။
ကျိယွမ်နှင့် အခြားသူများသည် အတွင်းသို့ရောက်သောအခါ ကုတင်ပေါ်တွင် လဲလျောင်းနေသည့် သခင်ကြီးထုံကို မြင်လိုက်ရသည်။
သခင်ကြီးထုံမှာ အသက် ၆၀ ကျော်ရှိပြီဖြစ်ပြီး နွမ်းနယ်နေကာ အသက်ရှူနှုန်းမှာ အားနည်းနေသည် ။
ဆံပင်ဖြူဖြူနှင့် အမျိုးသမီးတစ်ဦးမှာ လည်း ကုတင်ဘေးတွင် ထိုင်နေပြီး မျက်ရည်များ ကျနေ၏။
ထိုအမျိုးသမီးမှာ အသက် ၄၀ ကျော်သာ ရှိသေးသဖြင့် အသားအရေ ကောင်းမွန်သော်လည်း ဆံပင်များမှာ တော့ သိသိသာသာဖြူဖွေးနေခဲ့သည်။
သူမသည် သူမ၏သားဖြစ်သူ ထုံယူဝေအတွက် ဆေးတောင်းရန် ဝမ်ရှန်းကျောင်းတော်သို့ လှေကားထစ်များစွာကို ခက်ခဲစွာဖြင့်တစ်လှမ်းချင်း တက်သွားခဲ့သည့်ဆိုသော အမျိုးသမီးပင်ဖြစ်ပေခြိမ့်မည်။
သူတို့ကို မြင်သောအခါ သခင်ကြီးထုံက မှုန်ဝါးနေသော မျက်လုံးများကို ပို၍ကျယ်အောင် ဖွင့်လိုက်သည်။
"အရာရှိမင်းတို့၊ ကျွန်တော့်မြေးကို ပြန်ခေါ်လာပေးကြပါ။ ပြန်ခေါ်လာပေးနိုင်ရင် ကြီးမားတဲ့ ဆုလာဘ်တွေ ပေးပါ့မယ်"
သခင်ကြီးထုံက လက်ကို ဝှေ့ယမ်းလိုက်သည်။
အိမ်တော်ထိန်းက ထပ်မံညွှန်ကြားလိုက်ရာ ခဏအကြာတွင် သန်မာသော သံချပ်ကာဝတ်စစ်သည် အချို့က သေတ္တာတစ်လုံးကို အခန်းထဲသို့ သယ်ဆောင်လာကြသည်။
သေတ္တာကို ဖွင့်လိုက်သောအခါ ငွေတုံးပုံကြီးများနှင့်အတူ ရတနာအချို့ကို အားလုံး တွေ့လိုက်ရ၏ ။
အန်းချောင်မှာ ဤအရာကို မြင်သောအခါ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာသည်။
အကယ်၍ သူမသာ ဤကမ္ဘာထဲကို မရောက်ခဲ့ဖူးလျှင် ယခုလိုမျိုး စည်းစိမ်ချမ်းသာများကို တွေ့သောအခါ အလွန်မက်မောမိမှာ ဖြစ်သော်လည်း ယခုအခါမှာတော့ သူမ စိတ်မလှုပ်ရှားတော့ပါ။
သို့သော်လည်း ထိုစည်းစိမ်နှင့် ကိုယ်ပိုင်စစ်သည်များက ထုံမိသားစု၏ အင်အားကို သက်သေပြနေသည်ကိုတော့ မငြင်းနိုင်ပေ။
နားမလည်နိုင်စရာမှာ ဤကဲ့သို့သော အင်အားရှိပါလျက်နှင့် သားကြီးဖြစ်သူ၏ ထူးဆန်းသောသေဆုံးမှုနှင့် မြေးဖြစ်သူ ပြန်ပေးဆွဲခံရမှုကို ဘာမှမတတ်နိုင်ဖြစ်နေသည်မှာ ရင်နာစရာပင်။
ယန်ကွမ်းက ရတနာများထံမှ အကြည့်လွှဲကာ သခင်ကြီးထုံကို ကြည့်ပြီး
တိုးညင်းစွာ မေးလိုက်သည်။
"သခင်ကြီးထုံ၊ ကျွန်တော်တို့ ထုံကျန်းယူကို သေချာပေါက် ရှာပေးပါ့မယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ သိချင်တာက... ထုံယူဝေ သေဆုံးရတဲ့ အကြောင်းရင်းပါပဲ"
သူက တိုးတိုးလေး မေးလိုက်သော်လည်း ဆံပင်ဖြူအမျိုးသမီး၏ လက်များ တုန်ရင်သွား၏။
သူမက ကံဆိုးရှာသော သားဖြစ်သူ၏အမည်ကို ကြားလိုက်ရချိန်တွင် မျက်ရည်များမှာ မိုးပေါက်များကဲ့သို့ ကျဆင်းလာခဲ့သည် ။
"ကျွန်မရဲ့ သားသနားစရာလေး... ဆယ်လလွယ် ဆယ့်နှစ်လမွေးထားရတာ... သူ့ကို မကာကွယ်ပေးနိုင်ခဲ့တာ ကျွန်မအပြစ်ပါပဲ"
သခင်ကြီးထုံ၏ ရီဝေသောမျက်လုံးများတွင်လည်း ဝမ်းနည်းရိပ်များ ယှက်သန်းသွားသည်။
"ယူဝေက... ပန်းမိစ္ဆာမန်လျို သတ်တာ ခံလိုက်ရတာ ဖြစ်ဖို့များတယ်"
သခင်ကြီးထုံ၏ မျက်လုံးထဲတွင် နာကျည်းမှုများဖြင့် ပြောလိုက်၏။
ယန်ကွမ်း၏ မျက်လုံးများ တောက်ပသွားသည် ။
အမှန်ပင် အရေးကြီးသော သတင်းအချက်အလက်တစ်ခုကို သိလိုက်ရပြီ မဟုတ်ပါလား။
ကျိယွမ်ကတော့ ဘေးတွင် တိတ်ဆိတ် ရပ်နေ၏။သို့သော် သူက ပြုံးစစ ဖြစ်နေသည်။
သူ၏နှာခေါင်းမှာ ရှည်မလာသဖြင့် သခင်ကြီးထုံ အမှန်အတိုင်း ပြောနေခြင်းဖြစ်ကြောင်းကို သိနိုင်ပါသည် ။ ထုံယူဝေသည် အမှန်တကယ်ပင် ပန်းမိစ္ဆာမန်လျို၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းပင်။
"ကျွန်တော့်မြေးလေးကိုလည်း အဲ့ဒီမိစဆာမန်လျိုကပဲ ဖမ်းသွားတာပါ"
သခင်ကြီးထုံက နာကျည်းစွာ ဆက်ပြောသည် ။
ယခုအခါတွင်လည်း သူ၏နှာခေါင်း က ရှည်မလာသဖြင့် ဒါကည်း အမှန်တရား ဖြစ်နေပြန်သည်။
ဒီ မစ်ရှင်က... ထင်ထားတာထက် ပိုလွယ်နေတာလား ။
NPC တစ်ယောက်ကို မေးလိုက်ရုံနဲ့ အဖြေက ချက်ချင်းထွက်လာတယ်။
"ထုံမိသားစုနဲ့ ပန်းမိစ္ဆာမန်လျိုကြားမှာ ဘာရန်ငြိုးရှိခဲ့လို့လဲ"
ယန်ကွမ်းက ဆက်မေးလိုက်သည်။
အမှန်တရားကို စုံစမ်းရာတွင် လူသတ်သမား၏ ရည်ရွယ်ချက်ကို နားလည်ရန်လည်း လိုအပ်သည် မဟုတ်ပါလား။
သခင်ကြီးထုံ၏ မျက်နှာ အနည်းငယ် ပျက်သွားသည် ။
အနည်းငယ် အငိုရပ်နေသည့် သခင်မကြီးထုံကလည်း ထပ်ပြီး ငိုပြန်၏။
သခင်ကြီးထုံက အက်ကွဲကာ နာကျင်မှုများဖြင့် ပြည့်နှက်နေသော အသံဖြင့် ဖြေလိုက်သည်။
"ကျွန်တော် ယူဝေကို တစ်သက်လုံး အလိုလိုက်ခဲ့တာ။ သူ ဘာပဲလိုချင်လိုချင် သူ စိတ်မပျက်အောင် အကုန်ပေးခဲ့တာ။ သူ ကချေသည်ကို လိုချင်တော့လည်း ကျွန်တော် ရှာပေးခဲ့တယ်။"
"သူ သွေးအဆီအနှစ် လိုချင်တော့လည်း ရှူယောင်တောင်ကို လူတွေလွှတ်ပြီး ရှာပေးခဲ့တယ်။"
"ဒါပေမဲ့ သူက တစ်နေ့မှာ မိစ္ဆာမတစ်ကောင်ကို အိမ်ထဲခေါ်သွင်းပြီး လက်ထပ်ချင်တယ်ဆိုလာတယ် ၊ အဲဒါက ပထမဆုံးအကြိမ်အဖြစ် ကျွန်တော် သူ့ကို စိတ်ဆိုးခဲ့တဲ့နေ့ပဲ ။ ကျွန်တော်တို့ လူသားတွေနဲ့ မိစ္ဆာတွေဆိုတာ ရန်သူတွေပဲလေ။ မိစ္ဆာတစ်ကောင်ကို မိသားစုထဲ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ"
"အဲ့ဒါဆို ဒီပန်းမိစ္ဆမန်လျိုဆိုတာ ထုံယူဝေ ချစ်ခဲ့တဲ့သူပေါ့"
အန်းချောင်က ဝင်မေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ၏ ခေါင်းထဲတွင်လည်း အတွေးများစွာ ဝင်လာ၏။
ယ
သူမ ကြည့်ခဲ့ဖူးသော ဒရာမာကားများအရ ထုံမိသားစုက သမီးရည်းစားနှစ်ယောက်ကို ခွဲလိုက်သဖြင့် ပန်းမိစ္ဆာမက ရန်ငြိုးဖွဲ့သွားခြင်း ဖြစ်နိုင်သည်။
ထိုအချိန်တွင် ယူဝေကလည်း သူမအပေါ် စိတ်ပြောင်းသွားသဖြင့် နာကျည်းကာ သူ၏နှလုံးကိုပင် ဖောက်ထုတ်သတ်ပစ်ပြီး သူ့သားကို ပြန်ပေးဆွဲသွားခြင်း ဖြစ်နိုင်၏။
အရာအားလုံးက ရုတ်တရက် ရှင်းလင်းသွားပြီး လွယ်ကူသယောင် ရှိနေသည်။
"ဟုတ်ပါတယ်။ အဲ့ဒီတုန်းက ကျွန်မတို့ သူ့ကို အိမ်ထဲ ပေးမဝင်ခဲ့ဘူး။ ယူဝေက အဲ့ဒါကို စိတ်ဆိုးခဲ့ပေမယ့် နောက်ပိုင်းတော့... သူ ကျွန်မတို့ရဲ့ စိုးရိမ်မှုကို နားလည်သွားပါတယ်။ သူနဲ့ သခင်မလေးယွမ်တို့က တစ်ဦးကိုတစ်ဦး လေးစားကြပါတယ်။ သခင်မယွမ် ဆုံးသွားပြီးတဲ့နောက်မှာလည်း သူ နောက်ထပ် အိမ်ထောင်မပြုတော့ပါဘူး"
သခင်မကြီးထုံက ငိုနေသည့်ကြားမှ အတိတ်ကို ပြန်ပြောင်းပြောပြသည်။
"မန်လျိုက ယူဝေ့ရဲ့ နှလုံးအစား ကျွန်မရဲ့ နှလုံးကိုပဲ ယူသွားခဲ့ရင် ကောင်းမှာပဲ။ ကျွန်မရဲ့ သနားစရာသားလေး"
သခင်မကြီးထုံမှာ အတိတ်ကိုပြန်တွေးမိကာ အလွန်စိတ်လှုပ်ရှားလာပြီး ထပ်မံ၍ အသည်းအသန်ငိုကြွေးပြန်၏။
ထိုအရာအားလုံးကို နားထောင်နေချိန်တွက် ကျိယွမ်၏ နှာခေါင်းက ရှည်မလာခဲ့ပါ။
ဆိုလိုသည်မှာ သခင်ကြီးထုံနှင့် သခင်မကြီးထုံတို့သည် အမှန်အတိုင်း ပြောနေကြခြင်း ဖြစ်သည်။
ထုံယူဝေသည် အမှန်တကယ်ပင် ပန်းမိစ္ဆာမန်လျို လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းပင်။
"အဟွတ် အဟွတ်..."
ထိုအချိန်တွင် သခင်ကြီးထုံက ချောင်းဆိုးလိုက်ရာ ပါးစပ်ထောင့်တွင် သွေးအချို့ ထွက်လာသည်။
သခင်မကြီးထုံက သူ့ဘေးသို့ အမြန်သွားကာ ပြုစုပေးလိုက်၏။
ယန်ကွမ်းနှင့် အခြားသူများမှာ ဆက်နေရန် မသင့်တော့ကြောင်း နားလည်လိုက်ကြသည်။
"သခင်ကြီးထုံ၊ ကျန်းမာရေး ဂရုစိုက်ပါ။ ကျွန်တော်တို့ ထုံကျန်းယူကို ရှာပေးပါ့မယ်"
ယန်ကွမ်းက ထိုသို့ပြောပြီးနောက် ကျိယွမ်တို့နှင့်အတူ ပြန်ထွက်လာခဲ့ကြသည် ။
"မင်းတို့ ဘယ်လိုထင်လဲ"
ယန်ကွမ်းက အသံလှိုင်းဖြင့် မေးလိုက်၏။
"သူတို့ ပြောတာ အမှန်ဆိုရင် ထုံယူဝေ သေတာက ရိုးရှင်းပါတယ်။ ကျွန်မတို့ ပန်းမိစ္ဆာ မန်လျိုကို ရှာတွေ့လိုက်ရင် အမှန်တရားက ပေါ်လာမှာပါ"
အန်းချောင်က အနည်းငယ် ပေါ့ပါးသွားသလို ပြန်ဖြေ၏။ အမှူက ခက်ခဲသလိုထင်ခဲ့ရသော်လည်း သခင်ကြီးထုံနှင့်တွေ့ပြီးနောက် တော်တော်လေးရှင်းလင်းသွားခဲ့သည်။
"ကောင်းပြီ၊ အဲ့ဒါဆို ခရိုင်ဝန်မင်းနဲ့ သွားတွေ့ကြရအောင်။ ဒီ မစ်ရှင်က ထုံယူဝေ သေတဲ့အကြောင်း စုံစမ်းတာထက် ထုံထျန်းယူကို ရှာဖို့က ပိုပြီးစိန်ခေါ်မှု ရှိပုံရတယ်။ ရှူယောင်တောင်မှာ မိစ္ဆာစစ်သည် သုံးထောင်တောင် ရှိတာဆိုတော့ တိုက်ပွဲက ပြင်းထန်ဦးမှာပဲ"
ယန်ကွမ်းက တိုက်ခိုက်လိုစိတ် ပြင်းပြစွာဖြင့် ပြောလိုက်သည်။
ထို့နောက် နေရောင်အောက်တွင် သူ၏ထိပ်ပြောင်ကြီး တလက်လက်ဖြင့် ဦးဆောင်ကာ ထွက်သွားတော့သည်။
.............
မြို့ရိုးဟောင်းကြီးပေါ်တွင် သွေးမည်းကွက်များ ကျန်ရှိနေပြီး၊ ကျိုးပဲ့နေသော အုတ်တံတိုင်းများပေါ်တွင်လည်း ဓားခုတ်ရာများစွာ ရှိနေ၏။
သံချပ်ကာ ဝတ်ဆင်ထားသည့် ခရိုင်စစ်ကဲမှာ ထွားကြိုင်းသော လူတစ်ဦးဖြစ်ပြီး မျက်လုံးများမှာ နက်ရှိုင်းကာ ကြောက်မက်ဖွယ်ကောင်းသော အကြည့်များ ရှိသည်။
သို့သော်လည်း ယခုအချိန်တွင် သူ၏ မျက်နှာမှာ တည်တင်းနေ၏။
"ဟင်း.. ကျန်းယန်မြို့က ဝိုင်းရံခံထားရတာ သုံးနှစ်ရှိပြီ၊ နန်းတော်ကို အကြိမ်ကြိမ် အကူအညီတောင်းပေမယ့် ဘယ်သူမှ တုံ့ပြန်တာ မရှိဘူး။ အခု ထုံမိသားစုရဲ့ မျိုးဆက်တစ်ယောက် ပျောက်သွားတော့မှ မိစ္ဆာနှိမ်နင်းရေးဌာနကို စုံစမ်းဖို့ လွှတ်လိုက်တယ်ပေါ့"
" တစ်မြို့လုံးက လူတွေရဲ့ အသက်က ထုံထျန်းယူ တစ်ယောက်ထက် ပိုတန်ဖိုးမရှိဘူးလား"
ခရိုင်စစ်ကဲမှာ အလွန် မကျေမနပ်ဖြစ်နေပြီး မိသားစုကြီးများကို အထင်အမြင်သေးနေသည်။
သူသည် တစ်ချိန်က မိစ္ဆာများကို တော်လှန်ခဲ့သည့် ဒုက္ခသည်များ၏ ခေါင်းဆောင် ဖြစ်ခဲ့သည်။
သို့သော်လည်း နောက်ဆုံးတွင် အင်အားမမျှသဖြင့် ကျရှုံးခဲ့ကာ ကျန်းယန်မြို့သို့ ဆုတ်ခွာခဲ့ပြီး ခရိုင်စစ်ကဲ ဖြစ်လာကာ မြို့၏ စစ်ရေးကိစ္စများကို တာဝန်ယူနေရ၏။
ခရိုင်ဝန်မင်းမှာတော့ အမြဲတမ်း ပြုံးရွှင်နေတတ်သည့် လူပုလေးတစ်ယောက် ဖြစ်သည် ။
"အိုလီ၊ မင်းရဲ့ မကျေနပ်ချက်တွေကို ခဏဘေးဖယ်ထားပါ၊ အထူးကိုယ်စားလှယ်တွေ ရောက်လာရင် အဲ့ဒီလိုမျိုး မျက်နှာမပြပါနဲ့"
"ဟင်း"
ခရိုင်စစ်ကဲအိုလီက နှာခေါင်းရှုံ့လိုက်သော်လည်း ခေါင်းညိတ်၏။
"ကျွန်တော် နားလည်ပါတယ်။ဒါပေမဲ့ မြို့ထဲက လူတွေကတော့ နားလည်မှာ မဟုတ်ဘူး ၊ သူတို့က ဒီလိုအခြေအနေကြီးအောက််မှာ ဆက်ပြီး မစောင့်နိုင်တော့ဘူး"
သူက ထိုသို့ပြောရင်း စိတ်မောစွာ သက်ပြင်းချလိုက်သည်။
သူ၏ လူငယ်ဘဝကတည်းကပင် ရွာထဲမှ လူငယ်တစ်ရာကို ဦးဆောင်ပြီးမိစ္ဆာများကို တိုက်ခိုက်ကာ အောင်ပွဲများစွာ ရခဲ့ဖူးသည် ။
ထိုအချိန်က အစိုးရက သူ့ကို ရာထူးပေးရန် လာကမ်းလှမ်းသော်လည်း သူက အောင်ပွဲများစွာရထားသဖြင့် မာန်တက်ကာ အစိုးရကို ဂရုမစိုက်ခဲ့ပေ။
အစိုးရက သူ့ကို စည်းရုံး၍မရမှန်း သိသောအခါ နတ်ဆိုးများနှင့် ပေါင်းပြီး သူ၏တပ်ကို သတ်ဖြတ်ခဲ့ကြ၏။
သူ၏ရွာကို ပြန်ရန် မျက်နှာမရှိတော့ပါ။
မဟုတ်ပါက ရွာက အဘွားအိုတွေနဲ့ ကလေးတွေက သူတို့ရဲ့ သားတွေ၊ လင်သားတွေအကြောင်း မေးလာလျှင် သူ မည်သို့ပြန်ဖြေရမည်နည်း ။ သူမဖြေရဲပါ ။
သူ၏ နှလုံးသားထဲမှာ ရှူယောင်တောင်အပေါ် နာကျည်းမှုများ ပြည့်နေ၏။
အဘယ့်ကြောင့်ဆိုသော ရှူယောင်တောင်၏ စစ်သေနာပတိဆိုသူမှာ တစ်ချိန်က သူ့ကို လာရောက်စည်းရုံးခဲ့သော အစိုးရလူ ဖြစ်နေခဲ့သောကြောင့်ပင်။
"ဟူး.... ကျန်းယန်မြို့ ဘယ်လောက်ကြာကြာ ထပ်ခံနိုင်မလဲ မသိတော့ဘူး"
ခရိုင်ဝန်မင်းကလည်း ခါးကိုင်းရင်းမှ ခါးသီးစွာ သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင် သူတို့သည် ခြေသံများ ကြားလိုက်ရ၏။
ခရိုင်ဝန်မင်းက သူ၏ခါးကို ချက်ချင်း ပြန်ဆန့်လိုက်ပြီး အင်အားအပြည့်ဖြင့် ဝင်ပေါက်ဆီသို့ အမြန်သွားကာ ကြိုဆိုလိုက်သည် ။
ခရိုင်စစ်ကဲကလည်း အမြန်လိုက်သွား၏။
"ကိုယ်စားလှယ်မင်းတို့ ခရီးပန်းလာကြပြီ။ ကျွန်တော် စားသောက်ပွဲ ပြင်ဆင်ထားပါတယ်၊ သုံးဆောင်ကြပါဦး"
ခရိုင်ဝန်မင်းက နွေးထွေးစွာ ကြိုဆိုလိုက်သည်။
အပြင်ဘက်တွင် လူငယ်ရဲမက်လေးနှင့်အတူ ကျိယွမ်တို့ ရောက်လာကြ၏။
တစ်ချိန်လုံး ပျင်းရိနေသောကျိယွမ်၏ မျက်လုံးများ တောက်ပသွားသည်။
"စားသောက်ပွဲလား၊ မဆိုးဘူး။ ဂိမ်းက အခုမှစတာ ၊ အခုလို စောစောစားရတာ ကောင်းတာပေါ့"
ပြီးခဲ့သည့်အကြိမ်က ဂိမ်းထဲတွင် စားသောက်ပွဲ မစားလိုက်ရမီ ဂိမ်းပြီးသွားခဲ့သဖြင့် သူငတ်ခဲ့ရသည်ကို မမေ့သေးပါ။
ယခု ခရိုင်ဝန်မင်း၏ စားသောက်ပွဲက သူ့ကို သတိပေးလိုက်သလို ဖြစ်သွား၏။
စားသောက်ပြီးမှ မိစ္ဆာသွားသတ်ရင် အကောင်းဆုံးပဲ။
"ကြွပါ ကိုယ်စားလှယ်မင်းတို့၊ အထဲကို ကြွပါ"
ခရိုင်ဝန်မင်းက အမြန်ဖိတ်ခေါ်လိုက်သည် ။
ခရိုင်စစ်ကဲကတော့ ယခုထိ တိတ်ဆိတ်နေကာ မိစ္ဆနှိမ်နင်းရေးဌာန အဖွဲ့ဝင်သုံးဦးကို အကဲခတ်နေ၏။
၎င်းတို့၏ အစွမ်းထက်မှုကို သူ ခံစားမိသည်။
နှုတ်ဆက်စကား အနည်းငယ် ပြောပြီးနောက် သူတို့ အထဲသို့ ဝင်ခဲ့ကြ၏။
အတွင်းတွင် ဟင်းလျာ တစ်ဒါဇင်ခန့်ဖြင့် ပြင်ဆင်ထားသည့် စားပွဲတစ်ခု ရှိနေသည် ။
ကျိယွမ်နှင့် အခြားသူများက နေရာအသီးသီးတွင် ထိုင်လိုက်ကြရာ ဟင်းနံ့များမှာ သူတို့၏ နှာခေါင်းဝတွင် မွှေးပျံ့လာ၏။
"ငါက စားသောက်ပွဲဆိုရင် အရမ်းကြိုက်တာ"
ကျိယွမ်က ထိုသို့ဝန်ခံကာ နေရာတွင်ထိုင်ပြီးသည်နှင့် သူ၏အလွန်ချောမောသောရုပ်ရည်လေးကိုမှ အားမနာစွာ ဟန်မဆောင်တမ်း ချက်ချင်းစားသောက်တော့သည် ။
ဗိုက်ပြည့်နေမှ မိစ္ဆာတွေကိုသတ်ဖို့ အားရှိတာ ။
ဟင်းလျာတစ်ဒါဇင်ထဲတွင် အများစုမှာ ဟင်းသီးဟင်းရွက်များဖြစ်ပြီး အသားဟင်းမှာ လေးမျိုးသာ ပါ၏။
ကျိယွမ်က ခရီးရောက်မဆိုက် မိတ်ဆက်စကားလေးတစ်လုံးပင် မပြောရသေးဘဲ ပါးဖြဲနားဖြဲ မြိန်ရည်ယှက်ရည် စားနေသော်လည်း အန်းချောင်နှင့် ယန်ကွမ်းတို့ကတော့ တူကို မကိုင်ကြသေးပါ။
သူတို့နှစ်ဦးမှာ စားပွဲပေါ်မှ ရှေးခေတ်ဟင်းလျာများကို သိပ် စိတ်မဝင်စားကြပေ။
ထို့အပြင် ဟင်းလျာများမှာလည်း ရိုးရှင်းလွန်းနေပြီး အများစုက ရေလုံပြုတ်သာသာ အဆင့်သာရှိ၏။
သူတို့ မစားသည်ကို မြင်တော့ ခရိုင်ဝန်မင်းက အားနာစွာတောင်းပန်၏။
"ကျန်းယန်မြို့က ဝိုင်းရံခံထားရတာ သုံးနှစ်ရှိပြီဆိုတော့ ပစ္စည်းတွေ ရှားပါးနေပါတယ်။ ကောင်းကောင်းမွန်မွန် မကျွေးနိုင်တာ ခွင့်လွှတ်ပေးကြပါ ကိုယ်စားလှယ်မင်းတို့"
"ကျွန်တော် အခုလေးတင် စားထားလို့၊ မဆာသေးလို့ပါ"
ယန်ကွမ်းက အလိုက်သင့်ပြန်ဖြေပြီးနောက် မကောင်းတက်သဖြင့် မုန်လာဥတစ်ဖတ်ကို ယူစားလိုက်သည်။
သို့သော်လည်း မုန်လာဥမှာ ဆားမပါဘဲ ပေါ့ပျက်ပျက် ဖြစ်နေသဖြင့် မနည်းမျိုချလိုက်ရ၏။
"ခင်ဗျားတို့ ဒီထဲမှာ ဆား သိပ်မထည့်ထားဘူးပဲ"
ယန်ကွမ်းက မှတ်ချက်ပေးလိုက်သည် ။
ခရိုင်ဝန်မင်းက အနေခက်စွာ ပြုံးပြီး ရှင်းပြသည်။
"ကျန်းယန်မြို့က ဝိုင်းရံခံထားရပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတော့ ဆားက အရမ်းရှားနေလို့ပါ"
"အဲ့ဒီလောက်တောင် ခက်ခဲနေတာလား"
ယန်ကွမ်း အံ့ဩသွားသည် ။
ရုတ်တရက် လမ်းမှာ သူ မြင်ခဲ့ရသည်များကို သတိရသွား၏။
မြို့ထဲတွင် လူငယ်လူရွယ်များကို မတွေ့ရဘဲ အဘိုးအဘွားများ၊ အမျိုးသမီးများနှင့် ကလေးများကိုသာ တွေ့ခဲ့ရသည် ။
ယုတ်ဆွအဆုံး ရဲမက်တွေတောင် ကလေးတွေ ဖြစ်နေ၏။
ခရိုင်ဝန်မင်း ပြန်မဖြေမီ ခရိုင်စစ်ကဲက ဝင်ပြောလိုက်သည်။
"ကိုယ်စားလှယ်မင်းတို့ မသိတာပါ။ သူဌေးကြီးမိသားစုတွေ တောင်ပိုင်းကို ပြောင်းသွားကြကတည်းက မြောက်ပိုင်းမှာ ကျန်ခဲ့တဲ့ ကျွန်တော်တို့က နတ်ဆိုးတွေရဲ့ အစာအုပ်စုတွေ ဖြစ်လာခဲ့တာပါ။ မြို့ထဲမှာ အစားအစာနဲ့ ဆားက အတော်လေး ရှားပါးနေပါတယ်။"
" ကျွန်တော်တို့မှာ အပြင်ကို လူလွှတ်ပြီး ဆားနဲ့ အစားအစာ သွားဝယ်ခိုင်းရတာ ကိုတောင် အသက်ကို ရင်းနေရတာပါ။ အုပ်စု ဆယ်စုလွှတ်ရင် သုံးစုလောက်ပဲ ပြန်လာနိုင်ပါတယ်"
ခရိုင်စစ်ကဲ၏ မျက်လုံးများတွင် အားကိုးရာမဲ့မှုများ ပြည့်နှက်နေ၏။
ဆယ်စုလွှတ်လျှင် သုံးစုသာ ဆားနှင့် အစားအစာများ သယ်ဆောင်ပြီး ပြန်လာနိုင်သည်မှာ အလွန်ဝမ်နည်းဖွယ်ကောင်းလှ၏။
ကျန်တဲ့သူများကတော့ အသတ်ခံရတာ သို့ မဟုတ် ပျောက်ဆုံးသွားကြခြင်းဖြစ်သည်။
သူ၏ စကားကိုကြားလျှင် ယန်ကွမ်း၏ မျက်လုံးထဲတွင် ဒေါသများ ပြည့်လာ၏။
"ဒီမိစ္ဆာတွေကို အမြစ်ပြတ် သုတ်သင်ပစ်ရမယ်"
သူက ပြတ်သားစွာ ပြောလိုက်သည်။
ထိုအခါ ခရိုင်ဝန်မင်းက အချိန်ကိုက်ဝင်မေး၏။
"ကိုယ်စားလှယ်မင်းတို့၊ နန်းတော်ကနေ မြောက်ပိုင်းကို ပြန်သိမ်းဖို့ ဘယ်တော့လောက် စစ်ကူလွှတ်မလဲဆိုတာများ သိပါသလား"
သူက မျှော်လင့်တကြီး မေးလိုက်ခြင်းပင်။
ခရိုင်စစ်ကဲကလည်း ယန်ကွမ်း၏ အဖြေကို ငံ့လင့် နေသည်။
ထိုသို့ အကြည့်ခံရသောအခါ ယန်ကွမ်း အနည်းငယ် အနေခက်သွားပြီး သူ၏ထိပ်ပြောင်ကြီးကို ပွတ်ကာပြန်ဖြေ၏။
"အဲ့ဒါတော့ ကျွန်တော်လည်း မသိဘူးဗျ"
သူကမိစ္ဆာနှိမ်နင်းရေးဌာနမှာ ရှိနေသော်လည်း အမြဲတမ်းအဖွဲ့ဝင် မဟုတ်သဖြင့် ဖုန်းယွမ်အစိုးရ၏ စစ်ရေးစီမံကိန်းများကို မသိပါ။။
သူ၏ အားတက်ဖွယ်စကားကို ကြားလိုက်ရချိန်တွင် ခရိုင်ဝန်မင်း၏ ခါးမှာ ပြန်ကိုင်းသွားပြီး အားအင်များ ဆုတ်ယုတ်သွားသည် ။
မိစ္ဆာနှိမ်နင်းရေးဌာနဆိုသည်မှာ ဧကရာဇ်နှင့် နီးစပ်သူများဖြစ်၍ နန်းတော်သတင်းကို အသိဆုံး ဖြစ်၏။
ယခု သူတို့ကပင် မသိဘူးဟု ပြောနေသည်ဆိုလျှင် နန်းတော်မှာ မြောက်ပိုင်းကို ပြန်သိမ်းဖို့ အစီအစဉ် လုံးဝမရှိတာမျိုး ဖြစ်နိုင်သည် ။
ခရိုင်ဝန်မင်း၏ နောက်ဆုံးမျှော်လင့်ချက်မှာ ပျက်သုဉ်းသွားခဲ့ရလေပြီ။
သူက ခါးသီးစွာ ပြုံးလိုက်သည်။
တောင်ပိုင်းကို အလုံးအရင်း ပြောင်းရွှေ့နေကြချိန်တွင် မြောက်ပိုင်းကို ပြန်တိုက်ဖို့ဆိုတာ အိပ်မက်တစ်ခုလို ဖြစ်နေ၏။
"နန်းတော်ကနေ တခြား အမိန့်တော်တွေရော မရှိဘူးလား"
ခရိုင်ဝန်မင်းက ထပ်မေးမိသည်။
"မရှိပါဘူး"
ယန်ကွမ်းက မုန်လာဥကို ဆက်စားနေရင်းမှ ပြန်ဖြေ၏။
အမှန်တရားမှာ သူသည် တခြားဟင်းသီးဟင်းရွက်များကို အမျိုးအမည်မသိသဖြင့် စားမိပြီး နေမကောင်းဖြစ်မှာ ကြောက်နေသောကြောင့် သိသောဟင်းတစ်မျိုးတည်းကိုသာ ဖိစားနေခြင်းပင်။
သူ၏အဖြေကို ကြားလိုက်ရသော ခရိုင်ဝန်မင်းမှာတော့ စကားပင် မပြောနိုင် ဖြစ်သွားရှာသည်။
နန်းတော်က ကျန်းယန်မြို့ကို မေ့သွားပြီ လား။
သူက အလျှော့မပေးဘဲ ထပ်မေးမိပြန်၏။
"ကိုယ်စားလှယ်မင်းတို့ ဒီတစ်ခါ ကျန်းယန်ကို ဘာကိစ္စနဲ့ လာတာလဲ၊ ပြီးတော့ ဘယ်တော့ ပြန်ကြမှာလဲ"
"ထုံထျန်းယူကို တွေ့တာနဲ့ ကျွန်တော်တို့ ပြန်ကြမှာပါ"
ယန်ကွမ်းကလည်း စားပွဲပေါ်မှဟင်းများကို အမျိုးအမည်ခွဲရန်ကြိုးစားနေရင်းမှ အမှန်အတိုင်း ပြန်ဖြေသည် ။
ခရိုင်ဝန်မင်း၏ မျက်နှာ အနည်းငယ် ပျက်သွား၏။
ခရိုင်စစ်ကဲက မချိတင်ကဲဖြစ်သွားပြီး လက်ထဲမှတူကို စားပွဲအားပြင်းပြင်း ချလိုက်ပြီး ရေရွတ်သည်။
"နန်းတော်က ထုံမိသားစုကိုတော့ တော်တော်လေး ဂရုစိုက်တာပဲ"
" မြို့ထဲက လူတွေအတွက်တော့ နန်းတော်က ဂရုမစိုက်တော့ဘူးပေါ့"
စစ်ကဲ၏ အပြုအမူက ရိုင်းပြသွားသဖြင့် ခရိုင်ဝန်မင်းက အမြန်ထပြီး ပြာပြာသလဲတောင်းပန်လေသည်။
"စိတ်မရှိပါနဲ့ ကိုယ်စားလှယ်မင်းတို့၊ ကျွန်တော်တို့ စကားပြောမှားသွားရင် တောင်းပန်ပါတယ်"
"ရပါတယ်"
ယန်ကွမ်းက တိုးတိုးလေး ပြန်ဖြေလိုက်ပြီး ထိုကိစ္စကို စိတ်ထဲမထားပါ။
မစ်ရှင်ပေါင်းများစွာ လုပ်ခဲ့ပြီးသဖြင့် ဤကမ္ဘာထဲက လူများသည်လည်း တကယ့်လူသားများကဲ့သို့ ခံစားချက်ရှိကြောင်း သူ နားလည်၏။
ထို့အပြင် ဖုန်းယွမ်ပြည်သူများ ဒုက္ခရောက်နေသည်ကို မြင်ရသဖြင့် သူလည်း စိတ်မကောင်း ဖြစ်မိသည်။
ထိုအချိန်တွင် ခရိုင်ဝန်မင်းက တောင်းပန်သလို မေးလိုက်သည်။
"ကိုယ်စားလှယ်မင်းတို့ ပြန်တဲ့အခါ ကလေးအချို့ကို တစ်ခါတည်း ခေါ်သွားပေးလို့ ရမလား"
ယခုအချိန်တွင် ကျန်းယန်မြို့တွင် မျှော်လင့်ချက် မရှိတော့ပါ။
မြို့မှ အုပ်စုလိုက် ထွက်ပြေးရန်ကလည်း မဖြစ်နိုင်ပါ။
မိစ္ဆာနှိမ်နင်းရေးဌာနကဲ့သို့သော အထူးအဖွဲ့ဝင်များသာ ဘေးကင်းစွာ ထွက်သွားနိုင်မည်ဖြစ်သည်။
ခရိုင်ဝန်မင်းက ဤမိစ္ဆာနှိမ်နင်းရေးဌာန အဖွဲ့ဝင် ၂၀ ခန့်မှ မြို့၏အနာဂတ်မျှော်လင့်ချက် မျိုးစေ့လေးများကို ခေါ်သွားပေးစေချင်နေမိသည်။
လူတစ်ဒါဇင်လောက်ပဲ ကယ်နိုင်ရင်တောင်မှ တစ်ယောက်ဆိုရင်လည်း တစ်သက်စာ ကယ်တင်ရာ ရောက်သည် မဟုတ်ပါလား။
ကျန်းယန်မြို့၏ လူငယ်လူရွယ်များမှာ အများအပြား သေဆုံးခဲ့ကြရပြီ ဖြစ်သည်။
မြို့ရိုးပေါ် ရှိ စစ်သည်များ၏ သုံးပုံတစ်ပုံသာ လူငယ်များ ဖြစ်ပြီး ကျန်သော သုံးပုံနှစ်ပုံမှာ အဘိုးကြီးများနှင့် ကလေးများ ဖြစ်နေ၏။
သူ၏ကို စကားကြားသောအခါ ယန်ကွမ်းက အားနာစွာဖြင့် ခေါင်းယမ်းပြသည်။
"ကျွန်တော်တို့ အဲ့ဒီလို လုပ်ပေးလို့ မရပါဘူး၊ တောင်းပန်ပါတယ်"
သူတို့၏ မစ်ရှင်ပြီးဆုံးသည်နှင့် ဤကမ္ဘာမှ ချက်ချင်း ထွက်ခွာရမည် ဖြစ်သဖြင့် မည်သူ့ကိုမှ ခေါ်သွား၍ မရပါ။
ခရိုင်ဝန်မင်းမှာ ဆွံ့အသွားပြီး သူ၏ မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွားသည် ။
ခရိုင်စစ်ကဲကတော့ တူကို ပြန်ကိုင်ပြီး
ဂရုမစိုက်တော့သလို တုန့်ပြန်၏။
"ကိုယ်စားလှယ်မင်းတို့မှာ အရေးကြီးတဲ့ စစ်ရေးတာဝန်ကြီးတွေ ရှိတာပဲ၊ ကျွန်တော်တို့က ဘယ်လိုလုပ် အနှောင့်အယှက် ပေးလို့ ဖြစ်မလဲ"
သူ၏ အသံက လှောင်ပြောင်သည့်အရိပ်အယောင်များ သိသာစွာပါဝင်နေသည်။
သူသည် နန်းတော်အပေါ် အလွန်နာကျည်းနေလေပြီ။
ယန်ကွမ်းမှာ ပိုပြီး အနေခက်လာသဖြင့် ဘာပြောရမှန်း မသိတော့ပါ။
စားပွဲဝိုင်း၏ လေထုမှာ အလွန် အေးစက်သွားခဲ့သည်။
စကားမပြောကြတော့ဘဲ တိတ်တဆိတ် သာ ဆက်စားနေကြ၏။
ခရိုင်ဝန်မင်းမှာလည်း ခါးကိုင်းပြီး တိတ်နေသည်။
ခဏအကြာတွင် ကျိယွမ်က တူကို ချလိုက်ပြီး ပါးစပ်သုတ်၏။
"ကဲ၊ စားလို့ ပြီးပြီ။မိစ္ဆာတွေကိူ သွားသတ်ဖို့ အချိန်တန်ပြီ"
ကျိယွမ်က လက်ခုပ်တီးပြီး ထလိုက်သည်။
စားသောက်ပြီးလျှင် မိစ္ဆာသွားသတ်ရမည် ဖြစ်သည်။ မဟုတ်လျှင် ဤထမင်းဝိုင်းက အလကား ဖြစ်သွားမည် မဟုတ်ပါလား။
"ကိုယ်စားလှယ်မင်းက...မိစ္ဆာသွားသတ်မလို့လား"
တိတိဆိတ်နေသော ခရိုင်ဝန်မင်း အံ့ဩသွားပြီး ကျိယွမ်အား အလန့်တကြားမော့ကြည့်၏။
နတ်ဆိုးနှိမ်နင်းရေးဌာနက ထုံကျန်းယူကို ကယ်ဖို့ လာတာ မဟုတ်ဘူးလား ။
ဘာလို့ မိစ္ဆာသွားသတ်မှာလဲ ။
"ဟုတ်တယ်၊ ရှူယောင်တောင်က မိစ္ဆာတွေကို ကျွန်တော် စိတ်ဝင်စားနေတာ ကြာပြီ၊ အဲ့ဒါကြောင့် အချို့ကို သွားအမဲလိုက်မလို့။"
"ဒါနဲ့၊ ရှူယောင်တောင်ရဲ့ မြေပုံရှိလား၊ ပြီးတော့ သူတို့ရဲ့ တပ်ဖြန့်ပုံနဲ့ အင်အားကိုရော ပြောပြလို့ ရမလား"
ကျိယွမ်က အချက်အလက် တောင်းလိုက်သည်။
"မိစ္ဆာနှိမ်နင်းရေးဌာနက ရှူယောင်တောင်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာလား"
ခရိုင်ဝန်မင်း၏ မျက်လုံးများ တောက်ပလာ၏။
"မဟုတ်ပါဘူး၊ ကျွန်တော့်ဘာသာ မိစ္ဆာတချို့ကို သွားအမဲလိုက်ချင်ရုံတင်ပါ"
ကျိယွမ်က အေးအေးဆေးဆေး ပြောလိုက်သည်။
ယန်ကွမ်းက အလိုက်သင့်ဝင်ပြော၏။
"ညီအစ်ကိုကျိက မိစ္ဆာသွေးအဆီအနှစ်တွေကို ထုတ်ယူပြီး သူ့အစွမ်းကို မြှင့်တင်ချင်လို့ပါ"
ထိုစကားကို ကြားလျှင် ခရိုင်ဝန်မင်း၏ မျှော်လင့်ချက်က ထပ်ပြီး ပျက်သွားပြန်သည်။
မိစ္ဆာသွေးအား ထုတ်ရန်အတွက်ပဲဆိုလျှင် နတ်ဆိုးအများကြီးကို သတ်မှာမဟုတ်ပေ။
နန်းတော်က ကျန်းယန်မြို့ကို ကယ်တင်ရန် အစီအစဉ် မရှိတာ သေချာသွားလေပြီ။
သို့သော်လည်း ကိုယ်စားလှယ်များက မိစ္ဆာသွားသတ်မည်ဆိုသည်မှာလည်း အလကားတော့မဖြစ်ပါ။ တစ်ကောင်လျော့လျှင်တောင် ကျန်းယန်မြို့အတွက် တစ်ကောင်စာ အကျိုးရှိ၏။
ခရိုင်ဝန်မင်းက ကူညီရန် ဆုံးဖြတ်လိုက်သည် ။
"ရှူယောင်တောင် မြေပုံကို ယူခဲ့စမ်း"
ခဏအကြာတွင် လူငယ်ရဲမက်လေးက မြေပုံကို ကျိယွမ်ထံသို့ ယူဆောင်လာသည် ။
ကျိယွမ်က မြေပုံကို ယူပြီး ပြုံးပြ၏။
"ကျေးဇူးပဲ။ ဆုလာဘ်အနေနဲ့ မိစ္ဆာတွေသတ်ပြီးရင် အလောင်းတွေကို ခင်ဗျားတို့ စားဖို့ ပေးခဲ့မယ်။ မိစ္ဆာအလောင်းတွေ သယ်ဖို့ လူတချို့ကို ကျွန်တော်နဲ့ ထည့်ပေးချင်လား"
"ဟုတ်ကဲ့ပါ၊ ဟောက်မူရှီ... မင်း ရှူယောင်တောင်ကို သွားချင်နေတာ မဟုတ်လား။ အခု အခွင့်အရေးရပြီ၊ လူတချို့ခေါ်ပြီး ကိုယ်စားလှယ်မင်းတို့နောက်ကို လိုက်သွားလိုက်"
ခရိုင်စစ်ကဲက ညွှန်ကြားလိုက်သည်။
ဟောက်မူရှီဟု အမည်ရသည့် လူငယ်ရဲမက်လေးမှာ အလွန် ဝမ်းသာသွားပြီး
ခါးညွှတ်၏။
"ကျေးဇူးတင်ပါတယ် အရာရှိမင်းတို့"
ထိုဟောက်မူရှီမှာ ထုံအိမ်တော်မှာ တွေ့ခဲ့သည့် အကန်ခံရသောလူငယ်လေးပင် ဖြစ်သည် ။
သူ့အသက်မှာ ၁၂ နှစ် သို့မဟုတ် ၁၃ နှစ်ခန့်သာ ရှိသေးသဖြင့် ကလေးရဲမက်လေးဟုပင် ခေါ်နိုင်၏။
"မင်းနာမည်က ဟောက်မူရှီလား"
ကျိယွမ်က စူးစမ်းလိုသော အကြည့်ဖြင့် မေးလိုက်သည်။
ဟောက်မူရှီက နားမလည်သလို မရဲတရဲကြည့်ကာ ရိုသေစွာဖြေ၏။
"အရာရှိမင်းက ကျွန်တော့်အကြောင်း ကြားဖူးလို့လား"
"ငါ ဒီနာမည်နဲ့ တခြား ဟောက်မူရှီတစ်ယောက်အကြောင်း ကြားဖူးတယ်၊ သူကတော့ စစ်သေနာပတိကြီး တစ်ယောက်ပဲ"
ကျိယွမ်က နင်းထောင်နဲ့အတူ ကျောင်းသားအယောင်ဆောင်တုန်းက သင်ခဲ့ရသည့် သမိုင်းကြောင်းကို သတိရလိုက်သည်။
သမိုင်းတွင် ဟောက်မူရှီဆိုသည့် နာမည်ကြီး စစ်သူကြီးတစ်ဦး အမှန်တကယ် ရှိခဲ့၏။
ထိုစစ်သူကြီးသည် ငယ်စဉ်က အိမ်မက်ထဲတွင် နတ်ဘုရားတစ်ပါးထံမှ သိုင်းပညာနှင့် စစ်ရေးဗျူဟာများကို သင်ယူခဲ့ရသည့် ထူးခြားသော အတွေ့အကြုံ ရှိသည် ။
ဟောက်မူရှီသည် ဒုက္ခသည်များ၏ ခေါင်းဆောင် ဖြစ်လာခဲ့ပြီး စစ်သည်ပေါင်း တစ်သိန်းကျော်ကို ကွပ်ကဲကာ မငြိမ်မသက်မှုတွေကို အဆုံးသတ်နိုင်ခဲ့သူ ဖြစ်သည် ။
သို့သော်လည်း ကျိယွမ်က ထိုကိစ္စကို သိပ်ပြီး ထွေထွေထူးထူး မစဉ်းစားတော့ပေ။
ဂိမ်းထဲမှဇာတ်ကောင်များက အပြင်ကမ္ဘာမှလူပုဂ္ဂိုလ်များကို နမူနာယူပြီး ဇာတ်ကောင်ဖန်တီးတတ်ခြင်းက သဘာဝပင်။
အရင်ဂိမ်းတုန်းက လော့ပုဖန်ကလည်း ဒီလိုမျိုးပဲ ၊ မထူးဆန်းပါဘူး။
"လူစုလိုက်တော့၊ သွားကြမယ်၊ မိစ္ဆာအမဲလိုက်ဖို့ အချိန်တန်ပြီ"
ကျိယွမ်အတွက်တော့ ကောင်းကောင်း စားသောက်ပြီးပြီမို့ မျှော်လင့်ခြင်းလမင်းများကို သွားသတ်ရန် အသင့်ဖြစ်နေလေပြီ။
"နားလည်ပါပြီ"
ဟောက်မူရှီက ရင်ကိုဆန့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သို့သော် ကျိယွမ်က သွားမလိုပြင်ပြီးမှ ပြန်လှည့်၏။
"ပန်းမိစ္ဆာမန်လျို အခု ဘယ်မှာရှိလဲဆိုတာ ခရိုင်ဝန်မင်း သိလား"
"ဒီမိစ္ဆာအကြောင်း ကျွန်တော် ကြားဖူးပါတယ်။ ထုံအိမ်တော်ရဲ့ကိစ္စက ဒီပန်းမိစ္ဆာကြောင့်လို့ ကောလာဟလတွေတောင် ရှိပါတယ်။ သူက ရှူယောင်တောင်မှာ ရှိနေပေမဲ့ သူ့ရဲ့ တည်နေရာ အတိအကျကိုတော့ ကျွန်တော် မသိဘူး"
"တကယ်လို့ ကိုယ်စားလှယ်မင်းတို့ အရေးတကြီးရှာချင်တယ်ဆိုရင် ဝမ်ရှန်းကျောင်းတော်က ကျောင်းထိုင်ဆရာတော်ဆီ သွားမေးကြည့်ပါ။ ဒီမိစ္ဆာက မိစ္ဆာအဖြစ် မပြောင်းလဲခင်က ဝမ်ရှန်းကျောင်းတော်မှာ နေခဲ့တာဖြစ်လို့ ဆရာတော်နဲ့ ရင်းနှီးပါတယ်။ ဆရာတော်က သူ့နေရာကို သိနိုင်တယ်"
"ဝမ်ရှန်းကျောင်းတော်လား"
ကျိယွမ်က မြေပုံကို ဖွင့်ကြည့်လိုက်ရာ ဝမ်ရှန်းကျောင်းတော်ကို ချက်ချင်း တွေ့၏။
သူ၏ မျက်ခုံးများတွန့်ချိုးသွားသည်။
"ဝမ်ရှန်းကျောင်းတော်က ရှူယောင်တောင်ပေါ်မှာ ရှိတာပဲ။ ဘာလို့ နတ်ဆိုးတွေက ဒီကျောင်းတော်ကို ဘာမှမလုပ်ဘဲ ထားရတာလဲ"
" ဘာလို့လဲဆိုတော့ ရှူယောင်တောင်ရဲ့ စစ်သေနာပတိက ဝမ်ရှန်းကျောင်းတော် ဆရာတော်ရဲ့ တပည့်ဖြစ်နေလို့ပေါ့"
ခရိုင်စစ်ကဲက နာကျည်းစွာ ပြောလိုက်သည် ။
"ဒီဂိမ်းရဲ့ စတိုရီလိုင်းက တော်တော် ရှုပ်ထွေးတာပဲ။ ဝမ်ရှန်းကျောင်းတော် ဆရာတော်ကလည်း အဓိက ဇာတ်ကောင် ဖြစ်ပုံရတယ်"
ကျိယွမ်က မှတ်ချက်ပေးလိုက်သည်။
သူ့၏ ဂိမ်းကစားလာသောအတွေ့အကြုံအရ ထိုဆရာတော်က အရေးကြီးမှန်း သူအလိုလို သိနေ၏။
ယန်ကွမ်းကလည်း ကျိယွမ်၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။
ခရိုင်ဝန်မင်းနှင့် ခရိုင်စစ်ကဲတို့ကတော့ ကျိယွမ်ပြောသည်ကို နားမလည်သဖြင့် ကြောင်ကြည့်နေကြသည်။
"သွားကြရအောင်။ ဝမ်ရှန်းကျောင်းတော်ကို အရင်သွားမယ်၊ ပြီးမှ မိစ္ဆာသွားသတ်မယ်"
ကျိယွမ်က ပြောကာ ထွက်လာခဲ့သည်။
ယန်ကွမ်းနှင့် အန်းချောင်တို့ကလည်း နောက်ကနေ လိုက်လာကြ၏။
အခန်းထဲတွင် ခရိုင်ဝန်မင်းနှင့် ခရိုင်စစ်ကဲတို့သာ ကျန်ရစ်ခဲ့သည်။
"ဒါတွေကို သိမ်းလိုက်တော့၊ ပြီးရင် ဒီအသားဟင်းတွေကို မြို့ရိုးပေါ်က စစ်သည်တွေကို သွားကျွေးလိုက်။ သူတို့ အသားမစားရတာ ကြာလှပြီ"
ခရိုင်ဝန်မင်းက ညွှန်ကြားလိုက်သည် ။
ဝန်ခံရလျှင် သူကိုယ်တိုင်းလည်း ယခုလိုကောင်းမွန်သော ဟင်းလျာများ ကို မစားရတာ ကြာပြီ ဖြစ်သည်။
"မိစ္ဆာနှိမ်နင်းရေးဌာနက လူတွေက... ထုံမိသားစုကို ခေါ်သွားဖို့ လာတာ ဖြစ်ရမယ်။ ကျွန်တော်တို့... ထုံမိသားစုရဲ့ ရိက္ခာတွေနဲ့ တိရစ္ဆာန်တွေကို သိမ်းထားလို့ ရမလား"
ခရိုင်စစ်ကဲက တက်ကြွစွာမေးလိုက်သည် ။
သို့သော်လည်း ထုံမိသားစုသာ အမှန်တကယ်ထွက်သွားပါက ကျန်းယန်မြို့၏ အင်အားက ပိုလျော့သွားမည်ကတော့ အသေအချာပင်။
"ဟူး"
ခရိုင်ဝန်မင်းက သက်ပြင်းချလိုက်၏။
"အိမ်တော်မိသားစု ဖြစ်ရတာ တကယ် ကောင်းတာပဲ"
သူသည် မြို့ကို ကာကွယ်ရန်အတွက် ထုံမိသားစုဆီ အကူအညီ ခဏခဏ တောင်းဖူးသော်လည်း သခင်ကြီးထုံက စိတ်မဝင်စားခဲ့ပါ။
ခရိုင်ဝန်မင်းအနေနှင့်လည်း ထုံမိသားစုကို ဘာမှ မလုပ်နိုင်ခဲ့ပေ။
ပထမအချက်က ထုံမိသားစုမှာ ကိုယ်ပိုင်စစ်သည် တစ်ထောင်ရှိပြီး ခံတပ်နှင့်ခိုင်မာစွာနေထိုင်ခြင်းဖြစ်သောကြောင့် ကျန်းယန်မြို့ထက်ပင် အင်အားကြီးနေ၏။
ဒုတိယအချက်က သခင်ကြီးထုံက ရာထူးရှိသလို မိဘကို လုပ်ကျွေးတဲ့ နေရာမှာလည်း နာမည်ကြီးသဖြင့် ဂုဏ်ထူးဆောင်ဘွဲ့ ရထားသူ ဖြစ်သည် ။ခရိုင်ဝန်၏ ရာထူးလောက်ဖြင့် သူ့အား စော်ကား၍ မရပါ။
တတိယအချက်က သူသည် နန်းတော်နှင့်လည်း အဆက်အသွယ် ရှိ၏။
ထိုအချက်တွေကြောင့် ခရိုင်ဝန်မင်းမှာ ထုံမိသားစုကို မထိရဲခဲ့ပေ။
"အင်း....ဒါပေမဲ့လည်း အခုတော့ အခြေအနေတွေက ပြောင်းလဲကုန်ပြီပဲ"