အခန်း (၃၄၂-၃၄၃)
Vol. 31 Ch. 342-343
အခန်း (၃၄၂) - ဘယ်လိုနည်းဖြင့် သောကဖြေမလဲ၊ သတ်ဖြတ်ခြင်းဖြင့်သာ။
ကျိယွမ်က လက်ကိုတစ်ချက် ဝေ့ယမ်းလိုက်ရာ ကြိုးတစ်ချောင်း လွင့်ထွက်သွားပြီး အိတ်တစ်လုံးစီတွင် အမျိုးသားနှင့် အမျိုးသမီးကို သီးခြားစီ ချည်နှောင်လိုက်သည်။
ကျိယွမ်က ကြိုးစကို ဟောက်မူရှီထံ ကမ်းပေးရင်း ညွှန်ကြား၏။
"ခုချိန်ကစပြီး ဒီနှစ်ယောက်က မင်းတာဝန်ပဲ၊ ကဲ... အခု ရှန်းလုံတောင်ကို သွားကြစို့"
ရှန်းလုံတောင်သည် ရှုယောင်တောင်နှင့် မိုင်သုံးရာကျော် ကွာဝေး၏။
ထိုတောင်ပေါ်ရှိ မိစ္ဆာနှင့် သတ္တဝါဆန်းများ၏ အရေအတွက်မှာ ရှုယောင်တောင်ထက် မနည်းသည့်အပြင် ပို၍ပင်များပြားသေးသည်။
သို့သော် ရှုယောင်တောင်နှင့် မတူသည်မှာ ရှန်းလုံတောင်မှ မိစ္ဆာများသည် စနစ်တကျ ဖွဲ့စည်းထားခြင်း မရှိဘဲ ဟိုတစ်စု ၊ သည်တစ်စု ထင်သလိုနေထိုင်ကာ ပြန့်ကျဲနေခြင်းပင်။
"ကောင်းပါပြီခင်ဗျာ"
ဟောက်မူရှီက စိတ်လှုပ်ရှားစွာဖြင့် ကြိုးစကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
ထိုအချိန်တွင် အိတ်မည်းအတွင်းမှ ပါးစပ်ပိတ်ခံထားရသော အမျိုးသားနှင့် အမျိုးသမီးမှာတော့ စိတ်ထဲတွင် ဒေါသတကြီးကျိန်ဆဲနေကြ၏။
အထူးသဖြင့် ပန်းမိစ္ဆာမန်လျိုမှာ ဒေါသနှင့်အတူ ဝေခွဲမရ ဖြစ်နေသည်။
ဘယ်သူတွေ ရောက်လာတာလဲ။
ဘာလိုချင်လို့လဲ။
ဘာလို့ သူမကို ဖမ်းထားတာလဲ။
သူမ စကားပြောချင်သော်လည်း ကံဆိုးစွာဖြင့် အုအူ အိအီလေးပင် မထွက်နိုင်ပေ။
ထို့အပြင် နောက်ထပ် ကြားလိုက်ရသော ထိုနှစ်ယောက်၏ စကားဝိုင်းကြောင့် သူမ လုံးဝ တုန်လှုပ်သွားရသည်။
"တစ်ညလုံး တုတ်ကို ကိုင်ထားရတော့ လက်တွေ ညောင်းနေပြီ၊ ငါ့မိန်းမကို ခေါ်ပြီး အနှိပ်ခိုင်းချင်လိုက်တာ"
"ဆရာကျိက... တကယ်ကို အစွမ်းထက်တာပဲ ၊ မိန်းမတစ်ယောက်ရှာတာက မခက်ပါဘူး"
"ဒီတစ်ခေါက် ရှန်းလုံတောင်က မိစ္ဆာထောင်ချီကို ရှင်းလင်းပြီးရင်၊ မသတ်ခင် ငါ့ကိုနှိပ်ပေးခိုင်းဖို့ ချောချောလှလှ မိစ္ဆာမလေးနှစ်ယောက်လောက် ချန်ထားရမယ်"
"ဆရာကျိ... တကယ့်ကို အံ့သြစရာပါပဲ"
ဟောက်မူရှီမှာ ကြက်တူရွေးတစ်ကောင်လိုပင် ချီးမွမ်းစကားများကို ထပ်ခါတလဲလဲ ပြောနေတော့သည်။
အိတ်မည်းဖြင့် ဖုံးအုပ်ခံထားရသော ပန်းမိစ္ဆာမန်လျိုမှာ ကျိယွမ်၏ စကားများကို ကြားရသောအခါ အလိုလိုပင် အထင်သေးသွားမိလေ၏။
ဒီလူကတော့ တကယ့်ကို လေကြီးတဲ့လူပဲ။
ရှန်းလုံတောင်က မိစ္ဆာအားလုံးကို ရှင်းပစ်မယ်တဲ့။
နင်က အဲ့လောက်တောင် ဟုတ်နေရင် ကောင်းကင်က ကြယ်တွေကိုပါ သွားခူးလိုက်ပါတော့လား။
သို့သော် သူမက ထိုသို့တွေး၍မဆုံးခင်မှာပင် ထိုလေကြီးသမား၏ အသံကို ထပ်ကြားရပြန်သည်။
"မူရှီ၊ ပိုက်ဆံရှာဖို့ ကောင်းတဲ့ အကြံဉာဏ်လေးဘာလေးများ ရှိလား"
"ဟို... ဆရာကျိက ပိုက်ဆံလိုနေလို့လား"
"အေး၊ နည်းနည်းလိုတယ်"
"မခက်ခဲပါဘူး ၊ ဆရာကျိသာ ကျန်းယန်မြို့ကို ပြန်သွားရင်၊ မြို့စားမင်းက မြို့သူမြို့သားတွေဆီကနေ ဆရာ့အတွက် ငွေတွေ အလုံအလောက် စုပေးမှာ အသေအချာပါပဲ"
ကျန်းယန်မြို့သူမြို့သားများအတွက် ကျိယွမ်က ရှုယောင်တောင်မှ မိစ္ဆာများကို သတ်ဖြတ်ပေးခဲ့ခြင်းမှာ အသက်သခင် ကျေးဇူးရှင်ကြီးပင် မဟုတ်ပါလား။
ယခုအချိန်တွင် ကျိယွမ်ကသာ အလံထောင်ပြီး ပုန်ကန်မည်ဆိုလျှင်ပင်...
မြို့စားမင်းနှင့် မြို့စောင့်တပ်မှူးတို့က မနှိမ်နင်းသည့်အပြင် လက်နှစ်ဖက်လုံး မြှောက်၍ ထောက်ခံကြပေလိမ့်မည်။
သူ၏ကျေးဇူးနှင့် ယှဉ်လျှင် ငွေအနည်းငယ်မှာ ဘာပြောပလောက်ပေ။
"အဲငွေလောက်နဲ့ မရဘူး၊ ငါက ဂျူပီတာ (ကြာသပတေးဂြိုဟ်) လိုမျိုး ဂြိုဟ်တစ်လုံးကို ဝယ်ချင်နေတာ"
"ဗျာ..."
ယခုအခါမှာတော့ ဟောက်မူရှီ မချီးမွမ်းတော့ပါ။ဆွံ့အ သွားလေ၏။
သူသည် ကျိယွမ်၏ အတွေးကို လိုက်မမှီနိုင်သေးသည်မှာ အမှန်ပင်။
ဤကမ္ဘာ၏ ရှေးဟောင်းခေတ်တွင်ရှိသော်လည်း ဂြိုဟ်များ၏ သဘောတရားမှာ ရှိနှင့်ပြီးသား ဖြစ်သည်။
သာမန်လူများပင်လျှင် သူတို့သည် ဂြိုဟ်တစ်ခု၏ မျက်နှာပြင်ပေါ်တွင် နေထိုင်နေကြသည်ကို သိရှိကြ၏။
ထို့ကြောင့် ကျိယွမ်က ဂြိုဟ်တစ်လုံး ဝယ်ချင်သည်ဟု ပြောသောအခါ ဟောက်မူရှီမှာ စကားလုံးများ ပျောက်ဆုံးသွားရသည်။
အိတ်မည်းထဲမှ ပန်းမိစ္ဆာမန်လျိုမှာ ပို၍ပင် လှောင်ပြောင်ချင်စိတ် ပေါက်လာတော့သည်။
"နှမြောစရာပဲ၊ တကယ်လို့ ဒီကမ္ဘာမှာ ဝယ်မယ့်သူရှိရင် ငါ အဲ့ဒါကို ရောင်းပြီး ပိုက်ဆံအများကြီး ရှာလို့ရမှာ"
ထိုစကားကို ကြားသောအခါ ပန်းမိစ္ဆာမန်လျိုမှာ ကျိယွမ်ကို မောက်မာပြီး အသိပညာ နည်းပါးသူဟု သဘောပေါက်သွား၏။
သို့သော် ထိုငတုံး၏ စွမ်းအားမှာ အလွန်ပင် ကြီးမားလှသည်ကိုတော့ သူမဝန်ခံရပေမည်။ သူမကို ချည်နှောင်ထားရုံသာမက စကားပင် မပြောနိုင်အောင် လုပ်ထား၏။
သူမသည် ထွက်ပြေး၍လည်းမရသလို ပြန်လည် ချေပ၍လည်းမရဘဲ အကျဉ်းသားတစ်ဦး၏ ကံကြမ္မာကို ရင်နာစွာလက်ခံနေရသည်။
သူမ၏ စိတ်ထဲတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေ၏။
ဤသားလူနှစ်ယောက်က သူမကို ဖမ်းဆီးထားခြင်းမှာ အကြောင်းရင်းတစ်ခုခု ရှိရမည်။
ငွေကြေးအတွက်လား၊ ကာမရာဂအတွက်လား၊ သို့တည်းမဟုတ် ထုံကျန်းယူနှင့် ပတ်သက်နေသလား။
သူတို့က သူမကို စစ်ဆေးမေးမြန်းကြမည်ဟု ထင်ခဲ့သော်လည်း ထိုနှစ်ယောက်မှာ သူမနှင့် ထုံကျန်းယူကို လုံးဝ မေ့လျော့နေပုံရသည်။
သူတို့က သူတို့ဘာသာ စကားတပြောပြောနှင့် ခရီးဆက်နေကြ၏။
လမ်း၌ အစေခံကောင်လေးက ထုံကျန်းယူကို တစ်ကြိမ် အစာကျွေးခဲ့ခြင်းသာ မရှိလျှင်၊ သူတို့နှစ်ဦးကို လုံးဝ မေ့သွားပြီဟုပင် သူမ ထင်မိပေလိမ့်မည်။
ထိူ့အတူ သူမ အော်ဟစ်ပြောချင်နေမိသည်။
"ငါက မိစ္ဆာဖြစ်ပေမဲ့ ငါလည်း အစာစားဖို့ လိုတယ်"
ကံဆိုးစွာဖြင့် သူမ ဘာမှမပြောနိုင်သလို၊ ဟောက်မူရှီကလည်း သူမကို အစာမကျွေးခဲ့ပါ။
ယခုအချိန်တွင် သူမ မျှော်လင့်နေသည်မှာ ရှန်းလုံတောင်သို့ အမြန်ရောက်ရှိရန်နှင့် ဤမောက်မာသော လူသားနှစ်ယောက် အခြားမိစ္ဆာများလက်တွင် အမြန်သေဆုံးသွားရန်သာ ဖြစ်သည်။
သို့မှသာ သူမ လွတ်မြောက်နိုင်ပြီး
ဝမ်းသာအားရ ဖြစ်နိုင်ပေလိမ့်မည်။
...........
ကျိယွမ်သည် ရှုယောင်တောင်မှ ရှန်းလုံတောင်သို့ သွားနေစဉ်မှာပင် ကျန်းယန်မြို့မှ မိစ္ဆာနှိမ်နင်းရေး အဖွဲ့ဝင်များကလည်း ရှုယောင်တောင်သို့ ခရီးနှင်လာကြ၏။
ယခုရက်ပိုင်းအတွင်း သူတို့သည် ထုံကျန်းယူမှာ ပန်းမိစ္ဆာမန်လျို၏ လက်ထဲတွင် ရှိနေကြောင်း သတင်းအချက်အလက်များ စုဆောင်းရရှိထားပြီး ဖြစ်သည်။
သူတို့လုပ်ရန်မှာ ဖုန်းဟွာဂူသို့ သွားရောက်ပြီး ပန်းမိစ္ဆာမန်လျိုကို ရှာဖွေရုံပင်။
ထိုအခါ အရာအားလုံး ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပါလား။
ဤတာဝန်တွင် အန္တရာယ်နှစ်ခုရှိ၏။ရှုယောင်းတောင်ရှိ အခြားမိစ္ဆာကြီးများနှင့် ပန်းမိစ္ဆာမန်လျို၏ ခြိမ်းခြောက်မှုတို့ ဖြစ်သည်။
ထို့ကြောင့် မိစ္ဆာနှိမ်နင်းရေး အဖွဲ့ဝင်များသည် ရှုယောင်းတောင်အတွင်း သတိကြီးစွာဖြင့် လှုပ်ရှားနေကြပြီး၊တိုးတိုးတိတ်တိတ်နှင့် ဖုန်းဟွာဂူကို ရှာဖွေကာ မန်လျိုနှင့် ထုံကျန်းယူတို့၏ တည်နေရာကို သိရှိနိုင်ရန်သာ ရည်ရွယ်ထားကြသည်။
ယခုအချိန်တွင် ရှုယောင်တောင်၏ အနက်ရှိုင်းဆုံးနေရာတွင် တောဝက်သားရေကိုခြုံထားသော လူတစ်ယောက်သည် လေထဲသို့ နှာခေါင်းတရှုံ့ရှုံလုပ်ကာ အနံ့ခံနေ၏။
၄င်းမှာ အခြားသူမဟုတ်ပေ ။
ဝက်မိစ္ဆာအဖြစ် အသွင်ယူထားသော ယန်ကွမ်းပင်၊ သူက လေထဲသို့ အနံ့ခံကြည့်ရင်း ဇဝေဇဝါ ဖြစ်နေသည်။
"ထူးဆန်းတယ်၊ ဘာလို့ သွေးနံ့တွေ ဒီလောက် ပြင်းနေရတာလဲ"
"နင်က ခွေးမဟုတ်ဘူးနော်၊ ကျွမ်းကျင်တဲ့သူကိုပဲ လုပ်ခွင့်ပေးလိုက်စမ်းပါ"
အန်းချောင်က ကြိုးကို လှုပ်ယမ်းလိုက်သည်။
ခြေရာခံခွေးသည် ပျင်းရိစွာဖြင့် အနားသို့ တိုးလာ၏။
"တကယ်တော့ သူက ငါ့ထက်တောင် ခွေးနဲ့ပိုတူပြီး တကယ့်ကို ပရော်ဖက်ရှင်နယ် ကျတယ်လို့ ငါထင်တယ်"
ခြေရာခံခွေး၏ စကားမှာ အမြဲတမ်းလိုပင် စူးရှလှသည်။
ဝက်သားရေခြုံထားကာ လေးဘက်ထောက်နေသောယန်ကွမ်းက ခြေရာခံခွေးကို စိုက်ကြည့်ရင်း စိတ်တိုတိုဖြင့် ဟောက်ထည့်လိုက်သည်။
"သတိထားစမ်း၊ မဟုတ်ရင် မင်းနဲ့ မိတ်လိုက်ဖို့ ခွေးထီးမိစ္ဆာတစ်ကောင် ဖမ်းပေးလိုက်မယ်"
ခြေရာခံခွေးမှာ အမြီးကုပ်သွားပြီး ပြန်မပြောရဲတော့ပါ။
"စီနီယာကျိရဲ့ အနံ့ကိုလည်း ရမလား ကြည့်ဦး၊ သူ့ကို ကယ်တင်နိုင်အောင် သူ ဘယ်မှာလဲဆိုတာ ရှာစမ်း"
အန်းချောင်က စိုးရိမ်တကြီး ပြောလိုက်သည်။
လောလောဆယ်တွင် ကျိယွမ်မှာလည်း ရှုယောင်းတောင်အတွင်း ပိတ်မိနေသည် မဟုတ်ပါလား။
သူသည် မိစ္ဆာစစ်သည်များ၏ ဝိုင်းရံမှုကိုပင် ခံထားရနိုင်၏။
အကယ်၍ သူ့ကို ရှာဖွေကယ်တင်နိုင်ပါက အလွန်ကောင်းမွန်သော ကိစ္စပင်။
"ဟုတ်တယ်၊ ငါတို့ ညီအစ်ကိုကျိကို ရှာရမယ်၊ သူ့ကို ကာကွယ်ပေးမယ်လို့ ငါ ကတိပေးထားတာ"
သွေးစွမ်းအင်များ ပြန်လည်ပြည့်ဖြိုးလာသော ယန်ကွမ်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ကောင်းပြီ၊ နားလည်ပြီ"
ထိုအခါကျမှ ခြေရာခံခွေးသည် မြေပြင်ကို အနံ့ခံကာ ဟိုပြေးလိုက် ဒီပြေးလိုက်နှင့် အားသွန်ခွန်စိုက် ရှာဖွေတော့သည်။
ယန်ကွမ်းမှာ ငြိမ်သက်စွာ စောင့်ဆိုင်းနေသော်လည်း ပြင်းထန်လှသော သွေးနံ့များကြောင့် သူ မသက်မသာ ခံစားနေရ၏။
ရုတ်တရက် ခြေရာခံခွေး၏ အမြီးမှာ ထောင်တက်သွားပြီး၊ ၎င်း၏ မျက်လုံးများတွင် လူသားတို့ကဲ့သို့ ထိတ်လန့်တုန်လှုပ်နေသော အမူအရာ ပေါ်လာသည်။
"သွေးတွေ... သွေးတွေ အများကြီးပဲ။ အလောင်းတောင်လို ပုံနေပြီး သွေးပင်လယ်ကြီး ဖြစ်နေတဲ့ အနံ့ကို ငါရနေတယ်"
ခြေရာခံခွေးသည် ခေါင်းမော့ကာ မြောက်ဘက်သို့ ကြည့်လိုက်ပြီး ၎င်း၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
"ဘာဖြစ်တာလဲ"
အန်းချောင်က အမြန်မေးလိုက်၏။
"အဲ့ဒီမှာ... သွေးတွေနဲ့ ပြည့်နေတယ်၊ မိစ္ဆာငရဲခန်းပဲ"
ခြေရာခံခွေးက မြောက်ဘက်သို့ ထိတ်လန့်နေသောမျက်လုံးအစုံဖြင့် ကြည့်နေ၏။
"အဲ့ဒါ မိစ္ဆာစခန်းရှိတဲ့ နေရာပဲ"
ယန်ကွမ်းက ခွေးညွှန်ပြသည့် ဘက်သို့ လှည့်ကြည့်ရင်း မျက်ခုံးများတွန့်ချိုးသွားခဲ့သည်။
ရှုယောင်တောင်တွင် တစ်ခုခု ဖြစ်ပွားခဲ့ခြင်းများ ဖြစ်နိုင်သလား။
"မစ္စတာကျိကိုရော တွေ့လား"
"မကောင်းတော့ဘူး၊ အဲ့ဒီထဲမှာ အစ်ကိုကျိရဲ့အနံ့ကိုလည်း ရနေတယ်"
ခြေရာခံခွေးက လေထဲသို့မော့ကာ အနံ့ခံကြည့်ရင် အလန့်အော်ပြောလိုက်သည်။
"ဘာ... မဖြစ်နိုင်တာ၊ ငါ ညီအစ်ကိုကျိကို ကာကွယ်ပေးမယ်လို့ ကတိပေးထားတာ"
ယန်ကွမ်း၏ ရင်ထဲတွင် စိုးရိမ်စိတ်များ တင်းကျပ်သွားသည်။ ကျိယွမ် တစ်ခုခု ဖြစ်သွားမှာကို သူ အလွန်စိုးရိမ်နေ၏။
ခြေရာခံခွေး ပြောသည်ကို ခြုံငုံသုံးသပ်ရလျှင် ကျိယွမ်သည် မိစ္ဆာစခန်း၏ ဝိုင်းရံမှုကို ခံရပြီး ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားခဲ့ပုံရသည်။
ထို့ကြောင့် သွေးနံ့များ ဤမျှအထိ ပြင်းထန်နေခြင်း ဖြစ်မည်။
"ငါသွားကြည့်ရမယ်"
ယန်ကွမ်းက ပြတ်သားစွာဆုံးဖြတ်လိုက်သည်။
.................
အချိန်တို့ကား လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
နွေရာသီမှသည် ဆောင်းဦးရာသီ၊ ဆောင်းဦးရာသီမှတဖန် ဆောင်းရာသီသို့ ကူးပြောင်းသွားခဲ့လေပြီ။
ပိုးမွှားများအတွက်မူ ဤသည်မှာ တစ်သက်တာမျှ ကြာမြင့်သော အချိန်ဖြစ်၏။
သို့သော် ခရီးသွားများအတွက်မူ ဤသည်မှာ အိမ်ပြန်ချိန်၏ ပျော်ရွှင်ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသော အလုပ်များလှသည့် တစ်နှစ်တာ ဖြစ်သည်။
ယခုနှစ်အတွင်း ဖုန်းယွမ်တွင် ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့သည်။
အီကျန်းမြစ်ကမ်းဘေးရှိ လေးရာသီ စားသောက်ဆိုင်တွင်ဖြစ်သည်။
မြောက်နှင့်တောင်ကို ပိုင်းခြားထားသော အီကျန်းမြစ်သည် ထူထပ်သော ယခုအခါတွင် ဆောင်းရာသီ၏ သရုပ်သဏ္ဍာန်ပီသစွာ ရေခဲလွှာများဖြင့် ဖုံးလွှမ်းနေ၏။
လေးရာသီစားသောက်ဆိုင်၏ အလံများသည် အေးစက်သောလေများတိုက်ခတ်မှုကြောင့် တဖျတ်ဖျတ် လွင့်နေပြီး ငှက်မွှေးများကဲ့သို့ နှင်းပွင့်ကြီးများက ပတ်ဝန်းကျင်တစ်ခုလုံး လွင့်ပျံကျဆင်းနေသည်။
ဆောင်းရာသီ၏အေးစက်သော ရေခဲပြင်များ ရှိသော်လည်း စားသောက်ဆိုင်အတွင်းမှာမူ နွေးထွေးမှုများဖြင့် စည်ကားလျှက်ရှိ၏။
ဧည့်သည်များသည် စည်အိုးကြီးများဖြင့် အရက်သောက်ရင်း၊ အသားစားရင်းမှ ပုံပြောသူ၏ စိတ်အားထက်သန်သော စကားများကို အာရုံစိုက် နားထောင်နေကြသည်။
"အဲ့ဒီနေ့က မိုးခြိမ်းသံတွေ ဆူညံပြီး မည်းမှောင်နေတဲ့ တိမ်တိုက်တွေဆိုတာကလည်း တောင်ပေါ်ကို ဖိချလာသလို သည်းကြီးမည်းကြီးကို ထူထပ်နေတာ"
"ရှန်းလုံတောင်ရဲ့ ပုတ်သင်ညိုဘုရင်ဟာ မိစ္ဆာသူရဲကောင်းအဆင့်တစ်ဦးဖြစ်ပြီး အလျားကတင် ပေသုံးထောင်လောက် ရှိတယ်။ သူ တစ်ချက် လှည့်ရိုက်လိုက်တာနဲ့ တောင်ကြီးတစ်ခုလုံး တုန်ခါသွားစေလောက်အောင် အင်အားကြီးမားတာကလား"
" သူ ကောင်းကင်ပေါ်ကိုများ ပျံတက်လိုက်တဲ့အခါဆိုရင် နေရောင်ကိုတောင် ကွယ်သွားစေပြီး ရှန်းလုံတောင်ကြီး တစ်ခုလုံး မှောင်အတိ ကျသွားတာဆိုပဲ"
"တော်စမ်းပါဗျာ၊ အချိန်ဆွဲမနေပါနဲ့။ အဲ့ဒီ ပုတ်သင်ညိုဘုရင်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ နောက်ဆုံးတော့ တုတ်နီကိုင် မိစ္ဆာသတ်သမား လက်ချက်နဲ့ သေသွားတာပဲ မဟုတ်လား"
"ရှန်းလုံတောင်အကြောင်း ထားလိုက်ပါဦး၊ တုတ်နီကိုင် မိစ္ဆာသတ်သမားနဲ့ မင်းသမီး စံပယ်တို့ရဲ့ တိုက်ပွဲအကြောင်းပဲ နားထောင်ချင်တယ်ဗျာ"
"ဟုတ်ပါ့၊ သတင်းတွေအရတော့ မင်းသမီး စံပယ်ဟာ တုတ်နီကိုင် မိစ္ဆာသတ်သမား လာနေတယ်ဆိုတာ ကြားတာနဲ့ သူ့ကို လက်ထပ်ဖို့ မင်္ဂလာပွဲ ချက်ချင်း ပြင်ဆင်ခဲ့တယ်လို့ ဆိုကြတယ်"
"ဟွန်း... သာမန်မိစ္ဆာတစ်ကောင်က တုတ်နီကိုင် မိစ္ဆာသတ်သမားနဲ့ ဘယ်လိုလုပ်တန်မှာလဲ"
ဝတ်စုံလှလှလေး ဝတ်ထားသော အမျိုးသမီးငယ်တစ်ဦးက အထင်သေးစွာဖြင့် ပြောလိုက်သည်။
"ကျွန်မထင်တာတော့ ဖုန်းယွမ်ရဲ့ နံပါတ်တစ် အလှမယ်ဖြစ်တဲ့ သခင်မလေးကျိုးပဲ တုတ်နီကိုင် မိစ္ဆာသတ်သမားနဲ့ ထိုက်တန်လိမ့်မယ်"
"စကားကို ဆင်ခြင်ပြောစမ်း၊ သူက ဧကရီမင်းမြတ် ဖြစ်နေပြီ"
"ဟွန်း... ဧကရီမင်းမြတ်ဖြစ်နေတော့ ဘာဖြစ်လဲ ၊ တုတ်နီကိုင် မိစ္ဆာသတ်သမားသာ ဧကရာဇ် ဖြစ်ချင်တယ်ဆိုရင် ကျွန်တော် အခုချက်ချင်း ပုန်ကန်ပြီး သူ့နောက်ကို လိုက်မယ်"
" မိစ္ဆာစစ်သည်တွေ သောင်းကျန်းနေတုန်းက ဧကရာဇ်ရဲ့ သားတော်ဟာ မူးမတ်တွေနဲ့အတူ တောင်ဘက်ကို ထွက်ပြေးသွားပြီး မြောက်ဘက်က လူတွေကို ပစ်ထားခဲ့တာပဲ။ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းဖို့တဲ့။ လူမရှိဘဲနဲ့ ဘယ်ယဉ်ကျေးမှုကို သွားထိန်းသိမ်းမှာလဲ"
"တုတ်နီကိုင် မိစ္ဆာသတ်သမားကမှ တကယ့် ယောက်ျားကောင်းဗျ။ တစ်နှစ်အတွင်းမှာပဲ မိုင်ပေါင်း သုံးထောင်လောက်ကို ခြေဆန့်ပြီး မိစ္ဆာစစ်သည် သောင်းပေါင်းများစွာကို သုတ်သင်ခဲ့တာ"
"ကျွန်မသာ တုတ်နီကိုင် မိစ္ဆာသတ်သမားနဲ့ လက်ထပ်ရပြီး ထာဝရ နုပျိုနေမယ်ဆိုရင် ဘာမဆို လုပ်ဝံ့တယ်"
စားသောက်ဆိုင်အတွင်း လူငယ်မောင်မယ်များဖြင့် ပြည့်နှက်နေပြီး အရက်သောက်ရင်း၊ စကားပြောရင်း ပျော်ရွှင်စွာ ပြောဆိုနေကြသည်။
အမှန်တကယ်လည်း လွန်ခဲ့သော တစ်နှစ်အတွင်း ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့၏။
ထိုအထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံးမှာ တုတ်နီကိုင် မိစ္ဆာသတ်သမားပင် ဖြစ်သည်။
သူ၏ ဇစ်မြစ်ကို မည်သူမျှ မသိသလို၊ အမည်ကိုလည်း မသိကြပါ။
သို့သော် သူသည် တုတ်နီတစ်ချောင်းကို ကိုင်စွဲကာ မြောက်ဘက် မိစ္ဆာစစ်တပ်များကို အပိုင်းပိုင်း အစအန ဖြစ်အောင် သတ်ဖြတ်ခဲ့လေ၏။
သူသွားလေရာရာတွင် မိစ္ဆာအလောင်းများ မြေပြင်ပေါ် ပျံ့ကျဲကာ ကျန်နေခဲ့စမြဲပင်။
သူ၏ ထူးကဲသော အစွမ်းမှာ မိစ္ဆာစစ်သည် ထောင်ပေါင်းများစွာကို တစ်ကိုယ်တော် ရင်ဆိုင်နိုင်ခြင်းဖြစ်ပြီး၊ အရှုံးမရှိသော သေမင်းနှင့်ပင် တူလှသည်။
သူသည်" ဒီတစ်ခါတော့ သေမှာပဲ ၊ ဒီတစ်ခါတော့ မရလောက်တော့ပါဘူး" ဟူသော မှတ်ချက်များကြားမှပင် ဒဏ္ဍာရီများကို တစ်ခုပြီးတစ်ခု ဖန်တီးခဲ့သည်။
ပထမဆုံး တုတ်နီကိုင် မိစ္ဆာသတ်သမားသည် ရှုယောင်းတောင်မှ မိစ္ဆာစစ်သည် သုံးထောင်ကို တစ်ယောက်တည်း သုတ်သင်ခဲ့သည်ဟူသော သတင်း ထွက်ပေါ်လာသောအခါ ကမ္ဘာကြီး တုန်လှုပ်သွားသော်လည်း သံသယဖြစ်သူများနှင့် မယုံကြည်သူများစွာ ရှိခဲ့သည်။
မိစ္ဆာစစ်သည် သုံးထောင်ကို တစ်ယောက်တည်း တိုက်နိုင်သော အစွမ်းထက်သော လူသားမျိုး ဘယ်လိုလုပ် ရှိနိုင်မည်နည်း။
ဖုန်းယွမ်အစိုးရအဖွဲ့မှ ထိပ်တန်း သိုင်းပညာရှင်ပင်လျှင် ထိုသို့ မလုပ်နိုင်ပါဗျာ။
မိစ္ဆာသူရဲကောင်း အဆင့်ရှိသော တပ်မှူး ဦးဆောင်သည့် မိစ္ဆာစစ်သည် သုံးထောင်သည် သိုင်းပညာ သူတော်စင်တစ်ဦးကိုပင် သတ်နိုင်သည် မဟုတ်ပါလား။
သို့သော်... တုတ်နီကိုင် မိစ္ဆာသတ်သမားက လုပ်ဆောင်နိုင်ခဲ့၏။
မည်သို့ ဖြစ်နိုင်မည်နည်း။
သို့သော် အားလုံးမှာ ယုံရမလိုလို မယုံရမလိုလိုဖြစ်နေစဥ်မှာပင် ရှန်းလုံတောင်၊ ဖုန်းကုတောင်ကုန်း၊ ထိုက်ကျိရွှေနှင့် အခြားနေရာများမှ မိစ္ဆာအင်အားစုများ ဆက်တိုက် ရှင်းလင်းခံခဲ့ရသည်။
မျက်မြင်သက်သေများအားလုံးက သွေးရောင်လွှမ်းသော ဝတ်ရုံကို ခြုံကာ သွေးရောင်တုတ်နီကို ကိုင်စွဲထားသည့် ချောမောသော အမျိုးသားတစ်ဦးကို မြင်တွေ့ခဲ့ရကြောင်း ပြောဆိုကြ၏။
ကမ္ဘာကြီးမှာ ဆွံ့အ တုန်လှုပ်သွားရပြီး မည်သူမျှ သံသယ မဝင်ဝံ့ကြတော့ပါ။
"တစ်နှစ်အတွင်းမှာပဲ ကမ္ဘာပေါ်က ကြီးမားတဲ့ မိစ္ဆာတွင်း ဆယ့်နှစ်ခုထဲက ဆယ့်တစ်ခုကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်။ တုတ်နီကိုင် မိစ္ဆာသတ်သမား... တကယ်ကို ကြောက်စရာကောင်းလိုက်တာ"
အဖိုးအိုတစ်ဦးက တုန်ယင်သောအသံဖြင့် ဝင်ပြောလိုက်သည်။ သူ၏ ဝတ်စားဆင်ယင်ပုံအရ သူသည် သာမန်လူတစ်ဦးတော့ မဟုတ်ပုံရသည်။
"အီကျန်းမြစ်ထဲက နောက်ဆုံး မိစ္ဆာတွင်းပဲ ကျန်တော့တယ်... တုတ်နီကိုင် မိစ္ဆာသတ်သမား ဘယ်တော့ လာမလဲဆိုတာ သိချင်မိပါရဲ့"
"အီကျန်းမြစ် မိစ္ဆာကိုသာ နှိမ်နင်းပြီးရင် ကမ္ဘာကြီး ငြိမ်းချမ်းသွားပြီး လူသားတွေ ပြန်ပြီးထွန်းကားလာတော့မှာ"
"ဟဲဟဲ... အဲ့လိုလည်း မပြောနိုင်ဘူးဗျ။ တကယ်လို့ အီကျန်းမြစ် မိစ္ဆာတွေကို ရှင်းပြီးတာနဲ့ တုတ်နီကိုင် မိစ္ဆာသတ်သမားက ဧကရာဇ် ဖြစ်ချင်လာရင်ကော"
"ကျွန်တော်ထင်တာတော့ သူက ရာထူးအာဏာကို မက်မောတဲ့သူပဲ၊
မိစ္ဆာနှိမ်နင်းရေး စစ်နတ်ဘုရားတို့၊ ကမ္ဘာကြီး ကောင်းကျိုးအတွက် လုပ်ဆောင်တာတို့ ဆိုတာက အပေါ်ယံ အကာအကွယ်တွေပဲ ဖြစ်မှာပါ"
"နောက်ဆုံးတော့ သူလည်း ကျုပ်တို့လို လူသားပဲ မဟုတ်လား "
ထောင့်တစ်နေရာမှ အသံတစ်ခုက ဆက်တိုက် ထွက်ပေါ်လာသည်။
သို့သော် သူသည် အထူးအသံလွှင့် နည်းကို အသုံးပြုထားသဖြင့် မည်သူက ပြောလိုက်မှန်းကိုတော့ ဆိုင်အတွင်းရှိမည်သူမျှ မသိကြပါ။
စားသောက်ဆိုင်ရှိ သီးသန့်ခန်းတစ်ခုအတွင်းရှိ အမျိုးသမီးငယ်တစ်ဦးသည်ထိုလူ၏စကားကို ကြားသောအခါ ပြတင်းပေါက်ကို ဒေါသတကြီး ဝုန်းခနဲ ဖွင့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
"လူကောင်းကို အပြစ်ရှာပြီး လူဆိုးကိုကျတော့ လွှတ်ထားပေးချင်တာလား၊ မနင်က လူကော ဟုတ်ရဲ့လား။ နင်သာ ယောက်ျားဆိုရင် အခု ထွက်ခဲ့စမ်း"
သို့သော် စောစောက ပြောလိုက်သူမှာ မှောင်ရိပ်ထဲတွင် ဆက်လက်ပုန်းကွယ်နေပြီး ဘာမှ ထပ်မပြောတော့ပါ။
စားသောက်ဆိုင်ရှိ ပညာရှိတစ်ဦးက ထိုအဖြစ်ကိုမြင်သောအခါ ခေါင်းယမ်းပြီး စိတ်မသက်မသာဖြစ်ဟန် သက်ပြင်းချလိုက်သည်။
အင်း..လူအမျိုးမျိုး စိတ်ထွေထွေဆိုတာ တယ်မှန်ပါလား။
အခြား ဧည့်သည်များမှာလည်း မကျေမနပ် ရေရွတ်နေကြပြီး ထိုသူအား ဆုံးမချင်သူများလည်းရှိနေ၏။
တုတ်နီကိုင် မိစ္ဆာသတ်သမားသည် မိစ္ဆာပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး သူ၏ အောင်မြင်မှုများကို ငြင်းပယ်၍ မရပါ။ သို့သော် သူ့အပေါ်တွင် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများမှာ ရှိနေဆဲပင်။
လူသားတို့သည် လူကောင်းများကို အပြစ်ရှာရန် ဝါသနာပါကြပြီး သူတို့၏ ကောင်းမှုများနောက်တွင် အကြံအစည်များ ရှိသည်ဟု မကြာခဏ စွပ်စွဲတတ်ကြသော်လည်း၊ လူဆိုးများနှင့် တွေ့သောအခါတွင်မူ အလွန်အမင်း ရိုသေခန့်ညားပြတက်ကြသည်။
ဒါကြောင့်လည်း လောကကြီးမှာ လူကောင်းတွေ ကြာရှည်မခံနိုင်ကြတာပဲ။
အားလုံးအတွေးကိုယ်စီဖြင့် အနည်းငယ်ငြိမ်သွား၏။
ထိုအချိန်တွင် အဆောက်အဦး အပြင်ဘက်မှ တည်ငြိမ်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒီလိုနေရာမှာတောင် ကီးဘုတ်ဖိုက်တာနဲ့ တွေ့ရတာပဲ။ ငါတော့ တကယ်ကို ကံကောင်းတာကိုး"
စားသောက်ဆိုင်၏ တံခါးပွင့်သွားပြီး အေးစက်သော လေပြင်းတစ်ချက် တိုးဝင်လာ၏ ။ ထိုအသံမှာ တစ္ဆေတစ်ကောင် ငိုကြွေးနေသကဲ့သို့ပင် ။
တံခါးမကြီးပွင့်သွားသဖြင့် နှင်းပွင့်ကြီးများကလည်း ဆောင်းလေနှင့်အတူ စားသောက်ဆိုင်အတွင်းသို့ တဖွားဖွားလွင့်စင်လာသည်။
ခန်းမအတွင်းရှိ လူများ လှမ်းကြည့်လိုက်သောအခါ ဖြူဖွေးသောနှင်းများကြားတွင် သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သစ်သားတုတ်ကို ကိုင်ဆောင်ထားသည့် ချောမောသော လူငယ်တစ်ဦးကို မြင်လိုက်ကြရသည်။
ဧည့်သည်များသည် ထိုလူငယ်ကို ကြည့်ရင်း အချို့က အံ့သြနေကြပြီး၊ အချို့က သံသယဖြစ်နေကြသည်။
ဒီလူရဲ့ ဝတ်စားဆင်ယင်ပုံက တုတ်နီကိုင် မိစ္ဆာသတ်သမားနှင့် တူလှချည်လား။
နာမည်ကြီးချင်လို့ အယောင်ဆောင်နေတဲ့သူလား။
လောကကြီးက တကယ်ပဲပျက်စီးနေပြီပဲ။
တုတ်နီကိုင် မိစ္ဆာသတ်သမား၏ ကျော်ကြားမှုကြောင့် သူဌေးသားများစွာမှာလည်း သွေးရောင်ဝတ်ရုံများကို ဝတ်ဆင်လာကြသည်မှာလည်း ခေတ်စားနေ၏။
ယခုလာသောလူသည် အလွန်နုပျိုလွန်းသလို အသားအရေမှာလည်း မိစ္ဆာများနှင့် အမြဲတိုက်ခိုက်နေသူတစ်ဦး ဖြစ်ရန်အတွက် အလွန် နုနယ်လွန်းနေ၏။
စားသောက်ဆိုင်အတွင်း ခဏတာ ငြိမ်သက်သွားပြီး ဝေခွဲရခက်နေကြသည်။
ချောမောသောလူငယ်သည် သူ၏ ပုခုံးပေါ်မှ နှင်းပွင့်များကို တစ်ချက်နှစ်ချက်သပ်ချပြီး အတွင်းထဲသို့ တည်ငြိမ်စွာ လျှောက်လာ၏။ သူ၏နောက်တွင် ငယ်ရွယ်သော်လည်း ကမ္ဘာပတ်ဖူးပုံရသည့် ကောင်လေးတစ်ဦးလည်း ပါလာသည်။
ထိုကောင်လေးက ကြိုးတစ်ချောင်းကို ကိုင်ထား၏။
ကြိုးနောက်သို့ လိုက်ကြည့်လိုက်သောအခါ လူသားနှစ်ဦးကို အိတ်မည်းကြီးဖြင့် ထုပ်ထားသည်ကို လူများ မြင်တွေ့လိုက်ရသည်။
အိတ်မည်းကြီးနှင့် အထဲမှ လူပုံသဏ္ဍာန်များကို မြင်သောအခါ အချို့ဧည့်သည်များမှာ မသိမသာ တံတွေးမြိုချလိုက်ကြ၏။
အချို့မှာမူ မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးသွားကြသည်။
"တုတ်နီကိုင်... မိစ္ဆာသတ်သမား"
"သူက တုတ်နီကိုင် မိစ္ဆာသတ်သမားပဲ"
စားသောက်ဆိုင်အတွင်း တီးတိုးပြောသံများ ဆူညံသွားသည်။
သီးသန့်ခန်းအတွင်းရှိ အမျိုးသမီးငယ်မှာလည်း ဒဏ္ဍာရီထဲမှ ပုဂ္ဂိုလ်မှာ သတင်းများထဲကအတိုင်း ဟုတ်မဟုတ် သိလိုသဖြင့် ပြတင်းပေါက်မှ ငုံ့ကြည့်နေမိသည်။
သူမသည် ကျိယွမ်၏ ဘေးတိုက်ပုံစံကို မြင်လိုက်ရသောအခါ မှင်တက်သွားလေ၏။
ဤကမ္ဘာတွင် ဤမျှအထိ ထူးခြားစွာ လှပသောသူ ရှိနိုင်ပါသလား။
သူသည် ဤလောကသား မဟုတ်သကဲ့သို့ပင် ။
"ငါ့အတင်းကို ပြောနေတုန်း လူမိသွားတာ၊ မင်း တော်တော် ကံဆိုးတာပဲ"
ကျိယွမ်၏ အကြည့်မှာ ချမ်းသာသော ဝဝဖိုင့်ဖိုင့်ကုန်သည်တစ်ဦးထံ ကျရောက်သွားပြီး သူ၏ အမူအရာကတော့ တည်ငြိမ်နေဆဲပင်။
ကုန်သည်၏ မျက်နှာမှာ ဖြူလျော်သွားပြီး အလျင်အမြန်ငြင်းလေသည်။
"ကျွန်တော် မဟုတ်ပါဘူး၊ ကျွန်တော် ဘာမှ မပြောခဲ့ပါဘူး"
သူက အသည်းအသန်ငြင်းနေပြီး မတရားစွပ်စွဲခံရသလို ခံစားနေရသည့်အမူအယာများပေါ်နေ၏။
ကုန်သည်၏ ဘေးမှ လူကလည်း အမြန်ဝင်ပြောလိုက်သည်။
"ဟုတ်ပါတယ် ၊ သခင်ကြီးဝူက လူကောင်းတစ်ယောက်ပါ၊ သူက လမ်းဖောက်ဖို့တောင် ငွေတွေ လှူနေတာ။ သူက တုတ်နီကိုင် မိစ္ဆာသတ်သမားကို ဘယ်တော့မှ အပုပ်ချမှာ မဟုတ်ပါဘူး"
စားသောက်ဆိုင်ရှိ လူများသည် ထိုကုန်သည်ဆိုသောသူကို အမူအရာအမျိုးမျိုးဖြင့် ကြည့်နေကြသည်။
ကုန်သည်ဝူသည် မြို့ထဲတွင် နာမည်ကောင်းရှိပြီး ထိပ်တန်း အလှူရှင်အဖြစ် လူသိများသူလည်း ဖြစ်၏။
ကုန်သည်သည် အားလုံး၏ထောက်ခံသလိုအကြည့်များကို မြင်သောအခါမှ သက်ပြင်းချနိုင်သွားသည်။
တစ်ချိန်တည်းမှာပင် သူသည် နောင်တွင် ပို၍ သတိထားရန်နှင့် မည်သူမျှ သူ့ကို ယခုလို အမိဖမ်း၍ မရစေရန် ကိုယ့်ကိုယ်ကိုယ် ကြပ်ကြပ်သတိပေးလိုက်၏။
သို့သော် ထိုအချိန်တွင်ပင် ကျိယွမ်၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာသည်။
"မူရှီ၊ တေးသံကို လွှတ်လိုက်စမ်း"
ဟောက်မူရှီက အပိုစကားတစ်ခွန်းမှမပြောဘဲ သူ၏နှဲကို ထုတ်ယူလိုက်ပြီး၊ ကျွမ်းကျင်စွာဖြင့် တီးမှုတ်လိုက်ရာ ချက်ချင်းပင် လွမ်းမောဖွယ်ကောင်းသော ဆိုနာတေးသွားသံမှာ စားသောက်ဆိုင်အတွင်း ပျံ့လွင့်သွားလေ၏။
ကုန်သည်ဝူ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာပြီး ဘာဖြစ်တော့မည်ကို သူ သိလိုက်သည်။
"မဟုတ်ရပါဘူး...မလုပ်..မလုပ်ပါနဲ့"
သို့သော် သူ့ကို ကြိုဆိုလိုက်သည်မှာ သွေးရောင် တုတ်နီတစ်ချောင်းပင်။
သွေးရောင်တုတ်က သူ၏ နဖူးကို ဖရဲသီးတစ်လုံး ခွဲလိုက်သကဲ့သို့ ခွမ်းခနဲ ရိုက်ခွဲလိုက်သည်။
ကုန်သည်၏ ခေါင်းမှာ မှည့်နေသော ဖရဲသီးတစ်လုံးကဲ့သို့ ပွင့်ထွက်သွား၏။
စားသောက်ဆိုင်အတွင်း သေမင်းတမျှ ငြိမ်သက်သွားပြီး လွမ်းဆွေးဖွယ် နှဲသံသာ ထွက်ပေါ်နေခဲ့သည်။
ဆိုင်အတွင်းရှိ ဧည့်သည်များမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး အချို့ကတော့ ကျေနပ်သွားသလို ခံစားလိုက်ရသည်။
"ဘယ်လိုနည်းဖြင့် သောကဖြေမလဲ....."
" သတ်ဖြတ်ခြင်းနဲ့ပေါ့"
ကျိယွမ်က သူ၏တုတ်ပေါ်မှ သွေးစက်များကို လေဖြင့်မှုတ်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
ကျေနပ်မှုကို ခံစားနေရသူများပင်လျှင် သူ၏ စကားကို ကြားသောအခါ ကျောချမ်းသွားကုန်၏။
တုတ်နီကိုင် မိစ္ဆာသတ်သမား၏ လေသံမှာ ဟန်ဆောင်နေခြင်း မဟုတ်ဘဲ။
သူက သောကဖြေဖို့ လူသတ်တတ်တာလား ။
-------------
အခန်း ၃၄၃ - ငါးဘုရင်မ
အထူးခန်းထဲမှ မိန်းမပျိုမှာလည်း သူမ၏နှလုံးသားထဲ၌ ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရသည်။
အလွန်ချောမောခန့်ညားသော ထိုအမျိုးသားကို ကြည့်ရင်း သူမ၏ရင်ထဲတွင် ကြောက်ရွံ့မှုများက အုံနှင့်ကျင်းလိုက် ဖြစ်ပေါ်လာ၏။
စားသောက်နေသူများထဲမှ ကုန်သည်ဝူအတွက် အမှန်တရားကို ထုတ်ဖော်ပြောဆိုလိုကြသော ပညာရှိအချို့သည်လည်း သူတို့ပြင်ဆင်ထားသော စကားလုံးများကို ပြန်လည်မျိုချလိုက်ကြသည်။
အကယ်၍ ထိုအမျိုးသားသည် ဒဏ္ဍာရီလာ သူရဲကောင်းတစ်ဦးဖြစ်ပါက သူတို့သည် သူ့ကို ကျိုးကြောင်းပြ ပြောဆိုရဲကြမည်ဖြစ်ပြီး ယုတ္တိဗေဒဖြင့် သူ့ကို ထိန်းချုပ်ရန် ကြိုးစားကြမည်ဖြစ်သည်။
သို့သော် ထိုအမျိုးသားသည် သတ်ဖြတ်ခြင်းကို နှစ်သက်ပုံရသောကြောင့် သူတို့သည် ထိုအကြံကို လက်လျှော့လိုက်ကြပြီး သူ့ကို စိတ်ကျေနပ်စေရန် တိတ်တိတ်လေးနေဖို့ ဆုံးဖြတ်လိုက်ကြ၏။
"စားပွဲထိုး... ငါ့ကို ကြက်သားတစ်ပွဲ ပေးပါ"
ကျိယွမ်က တည်ငြိမ်စွာပြောလိုက်သည်။ ဗိုက်အနည်းငယ် ဆာလာသဖြင့် သူသည် စားသောက်ရန်ရောက်လာခြင်းပင် ။
အစပိုင်းတွင် ကြောင်တောင်တောင် ဖြစ်သွားသော စားပွဲထိုးသည် လျင်မြန်စွာပင် သတိပြန်ဝင်လာပြီး ရိုသေစွာမေတ္တာရပ်ခံ၏။
"ခဏစောင့်ပါ ခင်ဗျာ... အခုချက်ချင်း ရပါတော့မယ်"
ကျိယွမ်သည် လွတ်နေသော နေရာတစ်ခုကို ရှာဖွေပြီး ဟောက်မူရှီနှင့်အတူ ထိုင်လိုက်သည်။
"ဒီနေရာက လေအောက်တည့်တည့်ပဲ... တကယ့်နေရာကောင်းပဲ။ ငါ့အကြောင်း မကောင်းပြောတဲ့သူ ရှိရင် လေက သူတို့စကားတွေကို ငါ့နားထဲ တိုက်ရိုက် သယ်ဆောင်လာလိမ့်မယ်"
ကျိယွမ်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
အခန်းထဲရှိ ဧည့်သည်များမှာ အားနာပါးနာဖြင့် မချိသွားဖြဲလေးများဖြစ်ကုန်၏။
ကုန်သည်ဝူသည် ယခုလေးတင် သေဆုံးသွားခဲ့ပြီး သူ၏သွေးများပင် နွေးနေဆဲဖြစ်သည်။
ယခုအချိန်တွင် မည်သူက သူ့အား မကောင်းပြောရဲမည်နည်း။
သို့သော်လည်း ကျိယွမ် ပြသခဲ့သော သတ်ဖြတ်လိုသည့် အငွေ့အသက်များကြောင့် မည်သည့်စားသောက်သူမျှ ဖားယားချင်စိတ်ကြောင့် သူ၏အနားသို့ မချဉ်းကပ်ရဲကြသလို ဒဏ္ဍာရီလာ "တုတ်နီကိုင် လူသတ်သမား" နှင့်လည်း ခေတ္တခဏမျှ စကားလေးပင် မပြောရဲကြပေ။
သူတို့သည် ဆန္ဒရှိနေသော်လည်း မစရဲသဖြင့် တစ်စုံတစ်ဦးက ရဲရဲဝံ့ဝံ့ စတင်လုပ်ဆောင်လာမည်ကို စောင့်ကြည့်နေပုံရသည်။
ထိုအချိန်တွင် အလျင်စလို လျှောက်လာသော ခြေသံများကို ကြားလိုက်ရပြီး စိမ်းပြာရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသည့် မိန်းကလေးတစ်ဦး အပေါ်ထပ် လှေကားပေါ်မှ ဆင်းလာ၏။
"ကျွန်မက မင်းသမီးလူကျူပါ... တုတ်နီကိုင်မိစ္ဆာသတ်သမားကို တွေ့ဆုံဖို့ လာတာပါ"
မိန်းကလေးသည် ကျိယွမ်၏ ထိုင်ခုံအနားသို့ ယဉ်ကျေးစွာ လျှောက်လှမ်းလာပြီး အရိုအသေပြုလိုက်သည်။
စားသောက်သူများကြားတွင် ဆူညံသွားသည်။
သူမက အမှန်တကယ်ပင် မင်းသမီးတစ်ပါး ဖြစ်နေသည်ကိုး။ မင်းသမီး လူကျူသည် ကျိုးမင်းဆက်၏ ဧကရီငယ်လေး၏ သမီးတော်ဖြစ်ပြီး ဖုန်းယွမ်နိုင်ငံတစ်ခုလုံးတွင် အလှဆုံးမိနိးမပျိုဟု အလွန်ကျော်ကြား၏။
ဧကရီငယ်လေးနှင့် တုတ်နီကိုင်မိစ္ဆာသတ်သမားတို့အကြောင်း ယခင်က အတင်းပြောခဲ့ကြသော စားသောက်သူများသည် ကြောက်ရွံ့သွားပြီး တုန်လှုပ်လာကြသည်။
ကျိယွမ်ကတော့ ထိုမိန်းကလေးကို ဂရုမစိုက်သလို ကြည့်ကာ မေးလိုက်၏။
"မင်း ငါ့ကို ဘာလို့ လာရှာတာလဲ
"အရှင်ဟာ မြောက်ပိုင်းမှာ မိုင်ပေါင်း သုံးထောင်ကျော် တိုက်ခိုက်ခဲ့ပြီး မိစ္ဆာဂူ ဆယ့်တစ်ဂူကို အမြစ်ပြတ် သုတ်သင်ခဲ့ပါတယ်... မရေမတွက်နိုင်တဲ့ သတ္တဝါတွေကို ဆင်းရဲဒုက္ခကနေ ကယ်တင်ခဲ့ပါတယ်။ ပြည်သူလူထုကိုယ်စား ကျွန်မ လူကျူက အရှင့်ရဲ့ မြင့်မြတ်တဲ့ လုပ်ရပ်တွေအတွက် ကျေးဇူးတင်ပါတယ်"
မိန်းကလေးက ရင့်ကျက်သော အမူအရာဖြင့် ရိုသေလေးနက်စွာ ဂါရဝပြုလိုက်သည်။
"အင်း... တခြား ရှိသေးလား"
ကျိယွမ်က အမှုမဲ့အမှတ်မဲ့ မေးရင်း တူဖြင့် မြေပဲစေ့တစ်စေ့ကို ကောက်ယူကာ ပါးစပ်ထဲ ထည့်ကာ တဖျောက်ဖျောက်ဝါးစား၏။
မင်းသမီး လူကျူသည် ကျိယွမ်ကို ကြည့်လိုက်ရင်း သူမ၏ လှပသော မျက်လုံးများထဲတွင် ပြတ်သားမှုများ တောက်ပလာသည်။
"ကျွန်မက အရှင့်ရဲ့ တပည့်အဖြစ် ခံယူဖို့အတွက် ရွှေစင်သောင်းချီကို ပဏ္ဏာတော်အဖြစ် ဆက်သဖို့ ဆန္ဒရှိပါတယ်"
"ရွှေစင်သောင်းချီက ကမ္ဘာကြီးကို ဝယ်နိုင်လို့လား"
ကျိယွမ်က အလေးမထားဘဲ မြေပဲစေ့များကို ဆက်စားနေရင်းမှ မေးလိုက်သည်။
ဝန်ခံရလျှင် သူသည် ငွေလိုအပ်နေပြီး ကုံရှင်းကို ဝယ်ယူရန် စိတ်အားထက်သန်နေသည်မှာတော့ အမှန်ပင်။
သို့သော် သူက ပေါ့ပေါ့ပါးပါးပြောလိုက်သော်လည်း စားသောက်ဆိုင်အတွင်းရှိ လူအားလုံး၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။
သူ၏စကားထဲမှ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ...
ဤတုတ်နီကိုင် မိစ္ဆာသတ်သမားသည် လက်ရှိအစိုးရကို ဖြုတ်ချပြီး ကမ္ဘာဟုတင်စားထားသော ဖုန်းယွမ်တိုင်ပြည်ကို ကြံစည်နေခြင်းများ ဖြစ်နိုင်မလား။
"ဒီလိုတော့ မဟုတ်ပါဘူး"
မင်းသမီးလေးလူကျူသည် ကျိယွမ်၏ စကားထဲမှ "ဝှက်ဖုံးထားသော အဓိပ္ပာယ်" ကို သတိထားမိပုံရပြီး မဖြေမီ သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။
သူမသည် တော်ဝင်မိသားစု၏ တာဝန်တစ်ခုဖြင့် တုတ်နီကိုင်မိစ္ဆာသတ်သမားကို လာရောက်တွေ့ဆုံခြင်း ဖြစ်၏။
သူမ၏ ခမည်းတော်သည် သူ့ကို တိုက်ရိုက် မတွေ့ဝံ့သောကြောင့် သူမကို အစားထိုး လွှတ်လိုက်ခြင်း ဖြစ်သည်။
"အဲ့လိုဆိုရင်တော့ ငါ အဲ့ဒီရွှေတွေကို မလိုချင်ဘူး"
ကျိယွမ်က တိုက်ရိုက်ငြင်းပယ်လိုက်သည်။
ရွှေစင်သောင်းချီသည် များပြားလှသော်လည်း ၎င်းသည် သူ၏ "သွေးစွမ်းအင်ဟင်းလင်းပြင်" ထဲတွင် အလွန်နေရာယူလိမ့်မည်ဖြစ်သည်။
သူ၏ ဟင်းလင်းပြင်မှာ သေးငယ်လှပြီး ထိုမျှလောက် များပြားသော ရွှေများကိုလည်း မဆံ့နိုင်ပေ။
ထို့အပြင် ငွေစက္ကူနှင့် ရွှေစက္ကူများမှာ သူ ဤကမ္ဘာမှ ထွက်ခွာသွားလျှင် အသုံးဝင်ပါဦးမည်လော။
ကျိယွမ်၏ ငြင်းပယ်မှုကို ကြားသောအခါ မင်းသမီးလူကျူ၏ မျက်နှာမှာ ဖြူဖျော့သွား၏။
သို့သော်လည်း သူမ၏ ခေါင်းကို ငုံ့ကာ ဆက်ပြောသည်။
"ကျွန်မဟာ အရှင့်ရဲ့ အစေခံအဖြစ် ဘေးနားမှာ ခစားဖို့ ဆန္ဒရှိပါတယ်... အရှင်က ကျွန်မကို တပည့်အဖြစ် လက်ခံပြီး သိုင်းပညာ သင်ကြားပေးပြီး ဖုန်းယွမ်ကို ကာကွယ်ဖို့ ကူညီပေးမယ်ဆိုရင်ပေါ့"
သူမသည် မိမိကိုယ်ကိုယ် စတေးရန် ပြင်ဆင်ထားခဲ့သည်။
တော်ဝင်မင်းသမီးများထဲတွင် သူမသည် အလှဆုံးဖြစ်ပြီး အဆင့်အတန်း အမြင့်ဆုံးလည်း ဖြစ်သည်။
"မင်းရဲ့ စကားတွေက ငါ့ရဲ့ ညီမလေး ပြောခဲ့တာနဲ့ တောင် ခပ်ဆင်ဆင်ပဲ"
ကျိယွမ်သည် ကျန်းလင်းစု ကျိစယ်တောင်သို့ ပထမဆုံးစတင်ဝင်ရောက်လာစဉ်က ပြောခဲ့ပုံကို ပြန်လည်အမှတ်ရမိသည် ။
-"ဒါပေမဲ့ သူက ဝင်လာပြီးနောက်မှာတော့ သူဌေးမကြီး ဖြစ်သွားတယ်။ ငါ့ကို အများကြီး ကူညီပေးခဲ့ပေမဲ့ တကယ်တမ်း အစေခံတော့ ဖြစ်မလာခဲ့ဘူး"
ကျိယွမ်၏ လေသံက သိသိသာသာစိတ်ပျက်နေပုံရ၏။
မင်းသမီး လူကျူ၏ စိတ်ထဲတွင် အတွေးများစွာ လည်ပတ်နေပြီး သူမ၏အနစ်နာခံမှုက အောင်မြင်တော့မည်မဟုတ်သည်ကိုတော့ ရိပ်မိလိုက်သည်။
ဘယ်လိုလုပ်ရမလဲ ။
ထိုစဥ် ကျိယွမ် ဆက်ပြောသည်ကို သူမ ကြားလိုက်ရ၏။
"နောက်ထပ် နေ့တစ်ဝက်နေရင် ငါ ဒီကနေ ထွက်သွားတော့မယ်။ အဲ့ဒါကြောင့် ငါ ဘယ်တပည့်ကိုမှ လက်ခံမှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ငါအခု အီးကျန်းက
မိစ္ဆာတွေကို သွားပြီး သုတ်သင်တော့မယ်"
" သေသေချာချာ ကြည့်ထားပါ... မင်း ဘာပဲသင်ယူရရှိပါစေ အဲ့ဒါက မင်းရဲ့ ကိုယ်ပိုင် အမြတ်ပဲ"
သူ၏ ညီမလေး ကျန်းလင်းစုအကြောင်းကို တွေးမိသွားခြင်းက ကျိယွမ်ကို အနည်းငယ်ပို၍
သဘောကောင်းသွားစေသည်။
စိတ်ဓာတ်ကျနေသော မင်းသမီးလူကျူသည် အံ့အားသင့်သလို အလွန်ဝမ်းသာသွား၏။
တုတ်နီကိုင်မိစ္ဆာသတ်သမားက ထွက်ခွာတော့မည်ဟု ဆိုသောကြောင့် အံ့အားသင့်သွားရခြင်းပင်။
သို့သော် သူ ဘယ်ကို သွားမည်နည်း။
တစ်ဖက်တွင်လည်း သူသည် သူမကို တစ်နည်းနည်းဖြင့် လက်ခံလိုက်ခြင်း ဖြစ်သောကြောင့် ဝမ်းသာမိ၏။
ထိုအချိန်တွင် ကျယ်လောင်ပြီး အဆက်မပြတ်သော တေးဂီတသံများကို ကြားလိုက်ရပြီး အပြင်ဘက်မှ နတ်သက်ကြွေသကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာသည်။
"အီကျန်းမှ ငါးဘုရင်မက ရေနေသတ္တဝါ နှစ်သောင်းနှင့်အတူ အရှင်တုတ်နီကိုင်မိစ္ဆာသတ်သမားအား အီကျန်းရေနန်းတော်သို့ ဖိတ်ကြားအပ်ပါတယ်"
"အီးကျန်းမှ စစ်သည်များ အားလုံးသည် အရှင့်အပေါ် သစ္စာရှိကြပြီး တကယ်လို့ အရှင်က ကမ္ဘာကြီးကို တိုက်ခိုက်သိမ်းပိုက်လိုတယ်ဆိုရင် အီကျန်းစစ်သည်တော်တွေက တောင်ဘက်သို့ ချီတက်ရန် အသင့်ရှိနေပါတယ်"
ထိုအသံကြောင့် စားသောက်ဆိုင်ထဲတွင်ရှိသူများ အားလုံး၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။
မင်းသမီးလူကျူ၏ နှလုံးခုန်သံမှာလည်း မြန်လာ၏။
"ဒါ အီကျန်းရဲ့ ငါးဘုရင်မပဲ"
"အီကျန်းရဲ့ အရှင်သခင်"
"ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး မိစ္ဆာမျိုးနွယ်စုပဲ... သူက တုတ်နီကိုင် မိစ္ဆာသတ်သမားကို ဦးညွှတ်ဖို့ ဆန္ဒရှိနေတာပေါ့"
"တကယ်လို့ မိစ္ဆာစစ်သည်တွေ အားလုံးကသာ မိစ္ဆာသတ်သမားရဲ့ စေခိုင်းမှုအောက်မှာ ရှိနေမယ်ဆိုရင် ဖုန်းယွမ်ကို သိမ်းပိုက်ဖို့က သူ့အတွက် လက်တစ်ဖျစ်စာပဲ ရှိတော့မှာနော်"
စားသောက်နေသူများသည် တုန်လှုပ်သွားကြပြီး စိုးရိမ်စိတ်နှင့်အတူ မကျေနပ်စိတ်များဖြင့် ပြည့်နှက်လာကြသည်။
အကယ်၍ သူတို့သာ တုတ်နီကိုင် မိစ္ဆာသတ်သမား၏ နေရာတွင် ရှိနေပါက အီကျန်းအရှင်သခင်မ၏ ဆွဲဆောင်မှုကို ခုခံနိုင်မည်မဟုတ်ကြောင်း သူတို့ သေချာပေါက် သိနေကြ၏။
မင်းသမီးလူကျူသည်လည်း စိုးရိမ်နေပုံရသော်လည်း ထူးဆန်းစွာပင် သူမသည် တိတ်ဆိတ်နေပြီး ကျိယွမ်၏ဆုံးဖြတ်ချက်ကိုသာ စောင့်နေပုံရသည်။
ထိုအချိန်တွင် ကျိယွမ်၏ ရွှင်မြူးသောမျက်လုံးများထဲ၌ အပြုံးတစ်ခု ပေါ်လာ။
"ဒီလို စိတ်အား ထက်ထက်သန်သန် ရှိလှတဲ့ မျှော်လင့်ခြင်းလမင်းမျိုးကို ငါ ပထမဆုံး မြင်ဖူးတာပဲ"
အတိတ်တွင် သူ တွေ့ခဲ့ဖူးသော မျှော်လင့်ခြင်းလမင်းများမှာ မဖော်ရွေသည့်အပြင် သူ့ကို ကျိန်ဆဲကြသူများပင် ပေါများလှ၏။
မင်းသမီး ဂျက်စမင်ပင်လျှင် သူမ၏ အလှကို အသုံးချကာ သူ့ကို မကောင်းသော ရည်ရွယ်ချက်ဖြင့် ဖြားယောင်းရန်သာ ကြိုးစားခဲ့ဖူးသည်။
သို့သော် အီကျန်းမှ ငါးဘုရင်မကတော့ သူမသည် ရိုးသားပုံရ၏။
အကြောင်းမှာ သူ၏နှာခေါင်းက ရှည်မလာသောကြောင့် ဖြစ်သည်။
"တကယ်လို့ အရှင်မင်းကြီးက သဘောတူမယ်ဆိုရင် ကျွန်မက နေ့ဘက်မှာ စစ်တိုက်ထွက်တဲ့ စစ်သူကြီး ဖြစ်ပေးနိုင်သလို ညဘက်မှာတော့ အရှင်မင်းကြီးရဲ့ စိတ်တိုင်းကျ အလုပ်အကျွေးပြုမဲ့ ကိုယ်လုပ်တော် ဖြစ်ပေးနိုင်ပါတယ်"
အီကျန်းမှ ငါးဘုရင်မ၏ အသံသည် နတ်သက်ကြွေသကဲ့သို့ သာယာလှပြီး ဆွဲဆောင်မှုရှိသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
ထိုအခိုက် တည်းခိုခန်း တံခါးပွင့်သွားပြီး မင်္ဂလာဆောင် ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦး အပြင်ဘက်တွင် ပေါ်လာ၏။
နှင်းပွင့်များက တဖွဲဖွဲကြွေကျနေသဖြင့် အနီနှင့်အဖြူတို့က လှပစွာ ရောယှက်နေသည်။
အောက်မှ မော့ကြည့်လိုက်လျှင် ပထမဆုံး မြင်တွေ့ရသည်မှာ ဖြူဖွေးပြီး သေးငယ်သော ခြေဗလာ တစ်စုံဖြစ်၏။
သူမသည် ဖိနပ်မပါဘဲ စိမ်းပြာရောင်နှင့် ကြည်လင်သော ခြေကျင်းလှလှလေးများကို ဝတ်ဆင်ထားကာ နှင်းတောထဲတွင် နွဲ့နှောင်းစွာရပ်နေ၏။
အထက်ဘက်တွင်မူ သူမ၏ နီရဲသော မင်္ဂလာဝတ်စုံ၏ အဟိုက်ကြားမှ လှပသော ကျောက်စိမ်းကဲ့သို့ ခြေတံရှည်များကို မြင်ရသည်။
ထို့ထက် မြင့်သောနေရာတွင်မူ သူမ၏ သေးသွယ်သော ခါးလေးသည် ကွေးညွတ်သောတင်ပါးနှင့် ပြည့်ဖြိုးသော ရင်သားများကို ပိုမို ပေါ်လွင်စေသည်။
သူမ၏ ကိုယ်လုံးကိုယ်ပေါက် တစ်ခုတည်းကပင် အလွန် ဆွဲဆောင်မှုရှိလှသည်ကို မည်သူမှမငြင်းနိုင်ပါ။
သူမ၏ ဦးခေါင်းကို အနီရောင် ခေါင်းခြုံပုဝါဖြင့် ဖုံးအုပ်ထား၏။
မည်သည့်ပုရိသ မဆို ထိုပဝါနီအား မလှန်ချင်သောသူ မရှိလောက်အောင် ဆွဲဆောင်နေသလိုပင်။
စားသောက်ဆိုင်အတွင်းမှ လူများမှာ တတ်နိုင်လျှင် ရှေ့သို့လှမ်းသွားကာ ထိုပဝါအား ဖယ်ပေးလိုက်ချင်စိတ်များ တဖွားဖွားပေါ်နေ၏။
ထိုအချိန်မှာပင် အေးစက်စက်ဆောင်းလေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်သွားပြီး အီကျန်း ငါးဘုရင်မ၏ ခေါင်းခြုံပုဝါကို လွင့်ထွက်သွားစေတော့သည်။
လူတိုင်း၏ မျက်လုံးများက ဝင်းလက်သွားပြီး နှင်းတောထဲမှအလှတရားကို အပြည့်အဝ ခံစား.....
ခံစား......။
"ဟင်...."
ပုရိသများ၏ မျက်လုံးများ ပြူးကုန်၏။
မှန်ပါသည်။ပေါ်လာသည်မှာ လှပသော မိန်းမပျိုတစ်ယောက်၏ မျက်နှာတစ်ခု မဟုတ်ဘဲ ငါးခေါင်းတစ်ခု ဖြစ်နေသည်မဟုတ်ပါလား။
ပြူးထွက်နေသော ငါးမျက်လုံး နှစ်လုံးနှင့် မာကျောပုံရသော ပါးဟက်များက သူမသည် အဖမ်းခံရခြင်းကို နှစ်သက်သော အမျိုးအစား ဖြစ်ကြောင်း ညွှန်ပြနေသည်။
အားလုံးမှ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မရည်ရွယ်ဘဲ အချင်းချင်းကြည့်မိလိုက်ကြ၏။
ကဲ...ဘယ့်နှယ်ရှိစ ...။
ငါးဘုရင်မ၏မျက်နှာကို မြင်သောအခါ ကျိယွမ်ပင် ပါးစပ်ဟသွား၏။
သူ၏စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားပြီး သူက မမေးဘဲမနေနိုင်တော့ပေ။
"မင်းက အပေါ်ပိုင်းမှာ လူမျက်နှာနဲ့ အောက်ပိုင်းမှာ ငါးကိုယ်လုံး ဖြစ်နိုင်လား"
ဂန္ထဝင်ဆန်သော အကျပ်အတည်းတစ်ခု ကျိယွမ်၏ စိတ်ထဲသို့ ရောက်လာပြီး အဖြေရှာရခက်နေ၏။
လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းပေါ်တွင် သောင်တင်နေချိန်၌ ရေသူမတစ်ဦးနှင့်သာ အတူရှိနေပါက သူမအား လှပသော လူမျက်နှာရှိပြီး ခါးအောက်ပိုင်းတွင် ငါးအမြီး ဖြစ်စေချင်မလား။
(မှတ်ချက် - သူမ၏ ပါးစပ်တွင် ထက်မြက်သော သွားများ မရှိပါ)၊
သို့မဟုတ် အလွန်လှပသော ကိုယ်လုံးကိုယ်ပေါက် ရှိပြီး ငါးခေါင်း ဖြစ်နေသည်ကို ပိုကြိုက်မလား။
ကျိယွမ်သည် ယခုလိုရွေးချယ်မှုမျိုးကို ယခင်က တစ်ခါမျှ မကြုံဖူးခဲ့ပေ။
ယခု အီကျန်းမှ ငါးဘုရင်မကို မြင်သောအခါ သူသည် ထိုအကြောင်းကို မစဉ်းစားဘဲ မနေနိုင်တော့ပေ။
"အကယ်၍ အရှင်မင်းကြီးက အဲ့ဒါကို ပိုကြိုက်တယ်ဆိုရင် ဘာလို့ မဖြစ်နိုင်ရမှာလဲ"
အီကျန်း ငါးဘုရင်မ၏ ငါးမျက်လုံးများသည် အပြုံးတစ်ခုဖြင့် တောက်ပနေပုံရသည်။
ထိုအချိန်တွင် သူမ၏ ပုံသဏ္ဌာန်သည်လည်း ပြောင်းလဲလာ၏။
သူမ၏ အောက်ပိုင်းသည် ငါးအမြီးအဖြစ် ပြောင်းလဲသွားပြီး သူမ၏ ငါးခေါင်းမှာမူ မင်းသမီး လူကျူထက် မနိမ့်ကျသော လှပသော အမျိုးသမီး မျက်နှာအဖြစ် ပြောင်းလဲသွားခဲ့သည်။
စားသောက်ဆိုင်ထဲမှ ထိန်လန့်ကုန်သော ပုရိသများသည် ယခုအခါ လောဘတက်ပြီး စွဲလမ်းနှစ်သက်သော အမူအရာများကို ပြန်လည်ပြသလာကြသည်။
သူတို့သည် ဤငါးကိုပင် အလွန်ဆွဲဆောင်မှု ရှိသည်ဟု ထင်မြင်နေကြပုံရ၏။
ကျိယွမ်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး မေးခွန်းတစ်ခုစတင်သည်။
"မင်း ကြားဖူးလား..."
"အရှင်မင်းကြီးက လူသားနဲ့ မိစ္ဆာတွေဟာ အတူနေလို့ မရဘူးလို့ ပြောမလို့လား၊ ဒါမှမဟုတ် ငါတို့မျိုးနွယ် မဟုတ်သူတွေဟာ စိတ်သဘောထား ကွဲလွဲကြတယ်လို့ ပြောမလို့လား"
အီကျန်း ငါးဘုရင်မက ကျိယွမ်၏ စကားကို ဖြတ်ပြောလိုက်ပြီး ဆက်ပြောသည်။
"ဒီကမ္ဘာမှာ စကားပြောဆိုခွင့် ဆိုတာ အမြဲတမ်း အားသန်သူတွေရဲ့ လက်ထဲမှာပဲ ရှိတာပါ"
"စည်းမျဉ်းတွေနဲ့ အာဏာဆိုတာ အရှင်မင်းကြီးလို သန်မာတဲ့လူတွေအတွက်ပဲ ဖြစ်ပါတယ်"
" အရှင်မင်းကြီးက လုံလောက်အောင်သန်မာနေသရွေ့ ကျွန်မတို့ဟာ အရှင်မင်းကြီးရဲ့ အသစ္စာရှိဆုံးနဲ့ အထက်မြက်ဆုံး ဓား ဖြစ်နေမှာပါ"
သူမက အပွင့်လင်းဆုံး ထုတ်ပြောလိုက်ခြင်းပင်။
"မင်း မှားနေပြီ"
ကျိယွမ်က လက်ကာပြလိုက်ပြီး သူ၏အတွေးကို ထုတ်ဖော်ရန်ပြင်လိုက်သည်။
"ကျွန်မရဲ့ အကြံအစည်တွေက အစွန်းရောက်ကောင်း ရောက်နိုင်ပါလိမ့်မယ်၊ ဒါပေမဲ့..."
"နေပါဦး...ငါ့ကို စကားဆုံးအောင် ပြောခွင့်ပေးဦး။ မင်းကို ဖြတ်ပြောရတာ စိတ်ထဲ တစ်မျိုးကြီးပဲ"
ကျိယွမ်မှာ ငါးများက ဒီလောက်စကားများလိမ့်မည်ဟု မထင်ထားသဖြင့် အနည်းငယ် အကျပ်ရိုက်သွားပုံရသည်။
သူက ငါးဘုရင်မ၏စကားကို ဖြတ်ပြောလိုက်ပြီး စကားဝိုင်းကို လမ်းကြောင်းမှန်ပေါ် ပြန်တင်လိုက်ရ၏။
-"ငါ ပြောချင်တာက မျှော်လင့်ခြင်းလမင်းရဲ့ စွမ်းအားက သူဟာ လူတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်သန်နေတာပဲ။ သူကိုယ်တိုင် ပေါ်လာရင်တောင် သူရဲ့ ကိုယ်ပိုင်မှတ်ဉာဏ်ကို ကျော်လွန်နိုင်မှာ မဟုတ်ဘူး"
" ပြီးတော့ မျှော်လင့်ခြင်းလမင်းက တစ်ခါ အစပြုလာပြီး ဟန်ဆောင်ပြုံးလေး လုပ်လာပြီ ဆိုရင်တော့... အဲ့ဒါ အားလုံး ပျက်စီးသွားတာပဲ"
"……???"
ကျိယွမ်၏ ဘေးတွင်ရပ်နေသော မင်းသမီးလူကျူမှာ နဝေတိမ်တောင်ဖြစ်သွားကာ လုံးဝ ဝေခွဲမရ ဖြစ်သွားသည်။
စားသောက်ဆိုင်ထဲမှ လူများသည်လည်း ဇဝေဇဝါ ဖြစ်ကုန်၏။
တုတ်နီကိုင်မိစ္ဆာသတ်သမား ပြောသမျှ စကားလုံးတိုင်းသည် တစ်လုံးချင်းစီ ကြည့်လျှင် အဓိပ္ပာယ်ရှိသော်လည်း အားလုံးကို ပေါင်းလိုက်သောအခါ သူ ဘာကို ဖော်ပြလိုသည်ကို သူတို့ နားမလည်နိုင်ကြပေ။
အီကျန်းမှ ငါးဘုရင်မသည်လည်း ကြောင်သွားရသည်။
ထိုအချိန်မှာပင် ကျိယွမ်က ဆက်ပြော၏။
"မျှော်လင့်ခြင်းလမင်းက တစ်ခါ အစပြုလိုက်ပြီဆိုတော့ မင်း ရှုံးသွားပြီ။ အဲ့ဒါကြောင့်... မင်း သေသွားပြီး ငါ့ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာတာက ပိုကောင်းလိမ့်မယ်"
သူ၏ နားလည်ရခက်သော စကားနှင့်အတူ သေခြင်းတရား၏ အငွေ့အသက်များက လေထုထဲတွင် ရုတ်တရက် ပြည့်နှက်သွား၏။
၎င်းကို မြင်သောအခါ အထာနပ်နေပြီ ဖြစ်သော ဟောက်မူရှီသည် ငေးကြောင်မနေဘဲ သူ၏ဆိုနာနှဲကို လျင်မြန်စွာ ထုတ်ယူပြီး ကျိယွမ်အတွက် စိတ်နှစ်ကာ စတင်မှုတ်လိုက်သည်။
ကျိယွမ်က မင်းသမီး လူကျူကို တစ်ချက်လှည့်ကြည့်၏။
"အခုကစပြီး မင်း ဘယ်လောက် သင်ယူနိုင်မလဲ ဆိုတာက မင်းရဲ့ ဉာဏ်အလင်းပွင့်မှုပေါ်မှာပဲ လုံးလုံး မူတည်လိမ့်မယ်"
ထို့နောက် အပိုစကားတစ်လုံးမှ မပြောတော့ဘဲ ကျိယွမ်သည် တိုက်ခိုက်လိုက်တော့သည်။
သူ၏ နားလည်ရခက်သောစကားများနှင့် ယခုလို ရုတ်တရက် လုပ်ဆောင်မှုကြောင့် အားလုံးမှာ စဥ်းစားရန်ပင်အချိန်မရ ဖြစ်သွားကုန်သည်။
မင်းသမီးလူကျူသည် အခြေအနေများ ဤသို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သိသာသည်မှာ အီကျန်းမှ ငါဘုရင်မသည် တုတ်နီကိုင်မိစ္ဆာသတ်သမားကို ဖြားယောင်းရန် ကြိုးစားနေခြင်းပင်။
ထို့နောက် မိစ္ဆာသတ်သမားက လူအများ နားမလည်နိုင်သော အရာအချို့ကို ပြောပြီး မည်သည့် ညှိနှိုင်းမှုမျှ မရှိဘဲ တိုက်ပွဲကို စတင်ခဲ့သည်။
အီကျန်း ငါးဘုရင်မ၏ မျက်လုံးထဲမှ ဝေခွဲမရမှုများ ပျောက်ကွယ်သွားပြီး အေးစက်သော အမူအရာဖြင့် အစားထိုးလိုက်သည်။
"အရှင်မင်းကြီးက ငါတို့ရဲ့ အရှင်သခင် မဖြစ်ချင်ဘဲ ပုန်ကန်ချင်နေတာကိုး"
သူသည် ရန်သူ ဖြစ်လာသောကြောင့် အီးကျန်း ငါးဘုရင်မသည် ယဉ်ကျေးမှု ပြမနေတော့ပေ။
အီကျန်းမှ ရေနေသတ္တဝါများသည် ဤမြေပေါ်တွင် အင်အားအကြီးဆုံး မိစ္ဆာတပ်ဖွဲ့ ဖြစ်သည်။
အမှန်စင်စစ် အခြားသော မိစ္ဆာအဖွဲ့ ဆယ့်တစ်ဖွဲ့ ပေါင်းလိုက်လျှင်ပင် သူတို့ကို မယှဉ်နိုင်ပေ။
"မင်းက ငါ့ရဲ့ မျှော်လင့်ခြင်းလမင်း အဖြစ် ဆက်ရှိနေရင် ပိုကောင်းမှာ။ ဒါပေမဲ့ အခုတော့ မင်းက ငါ့ရဲ့ သတို့သမီး ဖြစ်ချင်ပြီး ငါ့နှလုံးသားထဲက မင်းရဲ့လမင်းပုံရိပ်ကို ဖျက်ဆီးချင်နေတာကိုး"
ကျိယွမ်က လှောင်ပြုံး ပြုံးလိုက်သည်။
ပြင်းထန်သော အငွေ့အသက်တစ်ခု လေထုထဲတွင် ပြည့်နှက်သွားပြီး သူ၏လက်ထဲမှ သွေးရောင်တုတ်ကြီးသည် ပိုမို ကြီးမားလာကာ သမုဒ္ဒရာကို ငြိမ်သက်စေသော နတ်လှံတံကြီးအလား အရှိန်အဝါများ တောက်ပလာ၏။
သူ့ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အငွေ့အသက်များအောက်တွင် တစ်ကမ္ဘာလုံးပင် တုန်ခါနေပုံရသည်။
အီကျန်း ငါးဘုရင်မ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။
"ဒါဆို ရှင်က တကယ်ပဲ သိုင်းဝိညာဉ်အဆင့်ကို ရောက်နေတာပဲ"
သူမ၏ စကားကြောင့် ဆိုင်ထဲမှ လုများ တုန်လှုပ်သွားကြသည်။
"တုတ်နီကိုင်မိစ္ဆာသတ်သမားက ဒဏ္ဍာရီလာ သိုင်းဝိညာဉ်အဆင့်ကို ရောက်နေပြီတဲ့"
"လက်တစ်ဖျစ်စာနဲ့ တိမ်တွေကို အမိန့်ပေးပြီး မိုးကို ရွာစေနိုင်တဲ့ သိုင်းဝိညာဉ်ပဲ"
သိုင်းဝိညာဉ်အဆင့်သည် ဒဏ္ဍာရီလာ အဆင့်တစ်ခု ဖြစ်၏။
လူတစ်ယောက်တည်းက နိုင်ငံတစ်ခုလုံးကို ယှဉ်နိုင်သည်။
သိုင်းဝိညာဉ်တစ်ဦး၏ လက်ထဲတွင် တောင်နှင့် မြစ်များသည် ကစားစရာထက် မပိုပေ။
"ဒါပေမဲ့ ရှင်က သိုင်းဝိညာဉ်ဖြစ်နေရင်တောင် ဘာဖြစ်လဲ"
အီကျန်း ငါးဘုရင်မက အော်ဟစ်လိုက်သည် ။
"ရေနေသတ္တဝါ နှစ်သောင်း... ငါနဲ့အတူ ချီတက်ပြီး ဒီနတ်ဆိုးကို သတ်ကြစမ်း"
သူမ၏ အော်ဟစ်သံနှင့်အတူ ယခင်က တည်ငြိမ်နေသော ရေခဲနေသည့် မြစ်မျက်နှာပြင်သည် ကွဲအက်သံများနှင့်အတူ စတင် ပဲ့ကြွေလာ၏။
ထူထဲလှသော ရေခဲပြင်ကြီးများစွာ ပျက်စီးသွားပြီး မြစ်ထဲမှ စစ်သည်တော်များ၏ ဟိန်းဟောက်သံနှင့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"သတ်.. သတ်.. သတ်"
"ငါတို့ကို စော်ကားတဲ့သူတွေကို သတ်ပစ်ကြ"
ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ကာ လှံရှည်များနှင့် လက်နက်များကို ကိုင်ဆောင်ထားသော စစ်သည် နှစ်သောင်း ပေါ်လာသည်။ မိုင်ပေါင်းများစွာ ကျယ်ဝန်းသော မြစ်တစ်ခုလုံးသည် မိစ္ဆာများ၏ အရိပ်များဖြင့် ပြည့်နှက်သွား၏။
မြစ်ပြင်ပေါ်တွင် ရပ်နေသော အီးကျန်း ငါးဘုရင်မ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ရှိနေသည်။
မိစ္ဆာဝိညာဉ်ထက် ကျော်လွန်သော လွှမ်းမိုးနိုင်စွမ်းသည် သူမထံမှ ထွက်ပေါ်လာ၏။
သူမကိုယ်တိုင်ကလည်း မိစ္ဆာဝိညာဉ် တစ်ဦးပင် မဟုတ်ပါလား။
နတ်ဘုရားနယ်ပယ်မှ စိတ်ဝိညာဥ်နှင့် နှိုင်းယှဉ်နိုင်သော မိစ္ဆာကြီးပင်။
မည်သည့်ကမ္ဘာတွင်မဆို သူမကို အားနည်းသည်ဟု သတ်မှတ်၍ မရနိုင်ပေ။
"တကယ်လို့ ရှင် အခု နောင်တရမယ်ဆိုရင် လွတ်လမ်း ရှိပါသေးတယ်"
အီကျန်း ငါးဘုရင်မ၏ အသံက အေးစက်နေသည်။
သူမ၏ နောက်ကွယ်တွင် မိစ္ဆာစစ်သည် နှစ်သောင်း ရပ်နေသောကြောင့် သူမသည် ပို၍ပင် ယုံကြည်မှု ရှိနေ၏။
ကျိယွမ်၏ အကြည့်ကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။
-"မင်းသမီး လူကျူ... သေသေချာချာ ကြည့်ထားပါ။ ငါ့ရဲ့ နောက်ထပ် ရိုက်ချက်က... တကယ့်ကို ရက်စက်လိမ့်မယ်"
ဖိနှိပ်နိုင်သောစွမ်းအား ။
ကောင်းကင်ပိုင်းဖြတ် ဓားချက်။
သေခြင်းတရား၏ အလင်းရောင်။
တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်း...။
ထိုအခိုက်အတန့်တွင် ကမ္ဘာကြီးသည် မှောင်မိုက်သွားပုံရသည်။
လူတိုင်းသည် ဗီဇအရ ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။
အမှန်တရားမှာ ကောင်းကင်ကြီး မှောင်မိုက်သွားခြင်း မဟုတ်ဘဲ တုတ်နီကိုင်မိစ္ဆာသတ်သမား၏ ခန္ဓာကိုယ်က ကောင်းကင်မှ အလင်းရောင်ကို ပိတ်ဆို့လိုက်ခြင်းပင်။
မည်မျှမြင့်ပြီး မည်မျှကြီးမားသည်ကိုပင် မသိနိုင်လောက်သော ကြောက်မက်ဖွယ် သွေးရောင် ပုံရိပ်ကြီး။
ငရဲမှတက်လာဟန်တူသော ကြောက်မက်ဖွယ်ကောင်းပြီး ခြိမ်းခြောက်နေသော သေမင်းကြီးသည် မြင့်မားသော သစ်သားတုတ်ကြီးကို ကိုင်ဆောင်ကာ ကောင်းကင်သို့ ခုန်တက်လိုက်သည်။
ထို့နောက် မိုးခြိမ်းသံအလား ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာ၏။
"ကောင်းကင်ပိုင်းဖြတ် ဓားချက်..."
"သေစမ်း..."
ဓားချက် တစ်ချက်။
မဟုတ်ပါ၊ တုတ်ရိုက်ချက် တစ်ချက်။
ခဏအတွင်း ကမ္ဘာကြီးသည် အေးခဲနေသောရေခဲနှင့် နှင်းပြင်ကြီး ဖြစ်သွားသည်။
နောက်ထပ် ခဏအတွင်းမှာပင် ကမ္ဘာပေါ်ရှိ နှင်းပွင့်များနှင့် ရေခဲတုံးများ အားလုံးသည် မြေပြင်မှ အလိုလိုကြွတက်လာကာ လေထဲတွင် ဆိုင်းငံ့နေ၏။
ထိုအခိုက် ကြောက်မက်ဖွယ် တုတ်ကြီးသည် မိစ္ဆာစစ်သည် နှစ်သောင်း၏ အလယ်သို့ ကျဆင်းသွားသောအခါ....
ထိုအချိန်မှသာ လေထဲတွင် ရပ်တန့်နေသော နှင်းပွင့်များနှင့် ရေခဲတုံးများ အားလုံးသည် မူလနေရာသို့ ဟုတ်ခနဲ ပြန်လည်ပြုတ်ကျကုန်၏။
ကမ္ဘာကြီးသည် မူလကမ္ဘာအတိုင်းပင် ကျန်ရှိနေသေးသည်။
သို့သော်... အချို့ကတော့ လုံးဝ ပြောင်းလဲသွားလေပြီ။
မိစ္ဆာစစ်သည် နှစ်သောင်းမှာ အကွဲအကွဲအပြားပြား ပြန့်ကျဲသွားသည်။
ရေခဲနေသော အီကျန်းမြစ်သည် ပြတ်တောက်သွား၏။
မြစ်ရေများ အငွေ့ပျံသွားပြီး ခမ်းခြောက်ကုန်သည်။
ကမ္ဘာမြေကြီးက တဟီးဟီး တုန်ခါသွားပြန်သည်။
တုတ်ရိုက်ချက် တစ်ချက်၏ စွမ်းအားမှာ တိုင်းတာ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
"အု"
အီကျန်း ငါးဘုရင်မသည် သွေးတစ်လုတ် ထွေးထုတ်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပေါ်လာ၏။
ဤရိုက်ချက်သည် မိစ္ဆာစစ်သည် နှစ်သောင်း၏ သုံးပုံတစ်ပုံကို တိုက်ရိုက် သုတ်သင်လိုက်ရုံသာမက။
သူမသည်လည်း ထိုဒဏ်ကို အပြင်းအထန် ခံလိုက်ရပြီး ပြင်းထန်စွာ ဒဏ်ရာ ရသွားသည်။
"မဖြစ်နိုင်ဘူး! ငါက မိစ္ဆာဝိညာဉ် တစ်ယောက်ပဲ... သိုင်းဝိညာဉ် တစ်ယောက်က ဒီလောက်အထိ အားမကောင်းနိုင်ဘူး"
အီကျန်း ငါးဘုရင်မ၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူမ၏ အော်ဟစ်သံမှာလည်း ကြောက်ရွံ့ထိန်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ယခုအချိန်မှာတော့ သူမသည် အလွန်တရာမှကို ထိတ်လန့်နေပြီ ဖြစ်သည်။
"မင်းက ငါ့ရဲ့ ရိုက်ချက် တစ်ချက်ကိုတောင် မခံနိုင်ဘဲ ငါ့ကို လက်ထပ်ဖို့ စဉ်းစားနေသေးတာလား။ ငါးခေါင်းမလေး... မင်း အများကြီး တွေးနေပြီ။ မင်းက ပုစွန်ခေါင်းနဲ့ အမျိုးသားတစ်ယောက်နဲ့ပဲ ပိုလိုက်ဖက်ပါတယ်"
"နောက်တစ်ချက် ထပ်ခံကြည့်ဦး"
ကောင်းကင်ပေါ်မှ ထိုကြောက်မက်ဖွယ်ကောင်းပြီး ခန့်ညားသော ပုံရိပ်ကြီးသည် သူ၏တုတ်ကြီးကို ထပ်မံ၍ မညှာမတာ လွှဲရိုက်လိုက်သည်။
ဘုန်း....
အီကျန်းမြစ်မှ နောက်ထပ် မိစ္ဆာစစ်သည် ခုနစ်ထောင် သေဆုံးသွားပြန်သည်။
မိစ္ဆာဝိညာဉ်အဆင့်အင်အားရှိသော အီကျန်း ငါးဘုရင်မသည်လည်း ကြေမွသွားပြီး သူမ၏ ငါးခေါင်းမှ ပါးဟက်များပင် ပြုတ်ထွက်လာ၏။
သူမ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး သူမ၏ မာန်မာနများ အားလုံး ပျောက်ကွယ်သွားသည်။
"နောက်ဆုံး တစ်ချက်... ဒါနဲ့ပဲ အဆုံးသတ်ကြစို့"
ကျိယွမ်သည် ထပ်မံ ခုန်တက်လိုက်ပြီး အစွမ်းထက်သော တုတ်ဖြင့် မြစ်ကို ကန့်လန့်ဖြတ် ရိုက်ချလိုက်သည်။
ပြန့်ကျဲနေသော မိစ္ဆာစစ်သည်များသည် ကြောက်ရွံ့တုန်လှုပ်ကာ အရပ်ရပ်သို့ ထွက်ပြေးနေကြပြီ ဖြစ်သည်။
သို့သော် ကျိယွမ် ဤကမ္ဘာသို့ ရောက်ရှိလာချိန်မှစ၍ သူတို့၏ ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသားပင်။
ခဏချင်းမှာပင် မိစ္ဆာစစ်သည် နှစ်သောင်းလုံး သေဆုံးသွားပြီး သွေးအိုင်များ ဖြစ်သွားကြသည်။
ပေါ်လာချိန်မှ ပျက်စီးသွားချိန်အထိ စက္ကန့်ပိုင်းသာ ကြာမြင့်ခဲ့သော်လည်း မိစ္ဆာစစ်သည်နှစ်သောင်းမှာ တစ်ယောက်မကျန်သည်အထိ ပျောက်ကွယ်သွားတော့သည်။
ဤအရာကို မြင်ပြီး စိတ်မလှုပ်ရှားဘဲ မည်သူက နေနိုင်မည်နည်း။
မည်သူက အံ့အားမသင့်ဘဲ နေနိုင်မည်နည်း။
မင်းသမီး လူကျူသည် ထိုကြီးမြတ်သော ပုံရိပ်ကို ကြည့်ရင်း တုန်လှုပ်နေသည်။
ထို့အတူ တစ်စုံတစ်ခုသောအကြောင်းကြောင့် သူမ ယခင်က ခံစားခဲ့ရသော ထိတ်လန့်မှုများ အားလုံးသည် လုံးဝ ပျောက်ကွယ်သွားပြီး အနည်းငယ်သော ဟာလာဟင်းလင်း ဖြစ်မှုကို ခံစားလိုက်ရ၏။
" သူက သွားတော့မှာလား "