← Chapters

အခန်း (၃၄၄-၃၄၅)

Vol. 31 Ch. 344-345

အခန်း (၃၄၄-၃၄၅)

Vol. 31 Ch. 344-345

အခန်း ၃၄၄ - ထုံမိသားစု၏ အတိတ်နှင့် ချင်းယွမ်နိုင်ငံ၏ အပြောင်းအလဲ

ကောင်းကင်ယံထက်ထိတိုင် ဆိုနာသံက လွင့်ပျံ့နေဆဲပင်။

ကမ္ဘာတစ်ခုလုံးတွင် ကျောက်စိမ်းပန်းများ ကြွေကျကုန်သည် ။

မြောက်ပိုင်းနှင့်တောင်ပိုင်းကို ပိုင်းခြားထားသော အီကျန်းမြစ်အတွင်းတွင် ဆီးနှင်းများက မိုင်ပေါင်းသောင်းချီ၍ လွင့်မျောနေ၏ ။

မြို့ရိုးပေါ်တွင်လည်းကောင်း၊ အရက်ဆိုင်များအတွင်းတွင်လည်းကောင်း၊ အိမ်ခြံဝင်းများအတွင်းတွင်လည်းကောင်း လူတိုင်းက ကောင်းကင်သို့ မော့ကြည့်ကာ ထိုကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ကို ငေးကြည့်နေကြသည် ။

"တုတ်နီကိုင် မိစ္ဆာသတ်သမားက... အီကျန်းက မိစ္ဆာတွေကို မျိုးဖြုတ်လိုက်ပြီလား"

"သူ တကယ်ပဲ အမြစ်ပြတ်အောင် သုတ်သင်လိုက်တာပဲ"

တုတ်နီကိုင် မိစ္ဆာသတ်သမားသည် အီကျန်းမှ မိစ္ဆာများနှင့် မဖြစ်မနေတိုက်ခိုက်မည်ကို လူတိုင်း သိထားကြသည် ။

တိုက်ပွဲမှာ အချိန်မရွေး ဖြစ်ပွားနိုင်သော်လည်း၊ ယခုကဲ့သို့ ရုတ်တရက်ကြီးစတင်ပြီး လျင်မြန်စွာ ပြီးဆုံးသွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပါ ။

ထွက်သက်ဝင်သက် အကြိမ်အနည်းငယ်အတွင်းမှာတင်... အားလုံး ပြီးဆုံးသွား၏ ။

၎င်းသည် အလွန်လျင်မြန်လွန်းလှ၍ အများစုမှာ ဘာဖြစ်သွားမှန်းပင်မသိကြပါ ။

သူ၏ ရန်သူများသည် အီကျန်း၏ ငါးဘုရင်မအုပ်ချုပ်သော မိစ္ဆာစစ်သည် နှစ်သောင်းဖြစ်သည် ။ သို့သော်လည်း တုတ်နီကိုင် မိစ္ဆာသတ်သမား၏ လက်ထဲတွင်မူ ၎င်းတို့သည် ပုရွက်ဆိတ်အသိုက်ထက်ပင် ပို၍ အားနည်းလွန်းနေခဲ့သည် ။

တစ်ချိန်က တန်ခိုးကြီးမားခဲ့သော အီကျန်းမိစ္ဆာစစ်သည်များသည် နေပူရှိန်အောက်ရှိ ဆီးနှင်းပွင့်များကဲ့သို့ အရည်ပျော်ကာ ပျောက်ကွယ်သွားကြလေသည် ။

ယခုအချိန်မှာတော့ သွေးရောင်လွှမ်းသော ကြောက်မက်ဖွယ်ပုံရိပ်သည် နတ်ဘုရားတစ်ပါးကဲ့သို့ ကောင်းကင်ယံတွင် ရပ်တန့်နေ၏ ။

လူတိုင်းသည် ထိုပုံရိပ်ကို ကြည့်ရင်း စိတ်လှုပ်ရှားနေကြပြီး၊ အချို့မှာ ထိတ်လန့်နေကြသလို အချို့မှာမူ ရိုသေလေးစားမှုများ ပြည့်နှက်နေကြသည် ။

"တုတ်နီကိုင် မိစ္ဆာသတ်သမားသာ ဒီကမ္ဘာနဲ့ ဒီအင်ပါယာကို လိုချင်ရင်၊ သူ့လက်ဖျားပေါ်မှာတင် ရှိနေမှာပဲ"

"ဒီလောက်အင်အားမျိုးနဲ့ဆိုရင် ဝေလုံအစောင့်တပ် တစ်သိန်းတောင် သူ့ကို တားနိုင်မှာမဟုတ်ဘူး"

"ဒါကတော့ စစ်မှန်တဲ့ သရဖူမဲ့ဘုရင်၊ သိုင်းပညာလောကရဲ့ အုပ်ချုပ်သူပဲ"

ကောင်းကင်သို့ကြည့်ကာ လူများက တအံ့တဩ ဟစ်အော်နေကြသည် ။

ယခုအချိန်တွင် သံသယအားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ ယခင်က သူ့ကို တိတ်တဆိတ် ထိုးနှက်ရန် ကြံစည်ခဲ့သူများပင် ကျိယွမ်၏ လွှမ်းမိုးနိုင်သော စွမ်းအားရှေ့တွင် မိမိတို့၏ အမှားကို ဝန်ခံကာ ရှေ့သို့ ထွက်လာကြသည် ။

သွေးရောင်လွှမ်းသော ပုံရိပ်ကြီးသည် ကောင်းကင်မှ ဆင်းသက်လာပြီး မီတာတစ်ထောင်အကွာရှိ တောင်ကုန်းတစ်ခုပေါ်သို့ ဆင်းသက်လိုက်သည် ။

ထို့နောက် သူ၏ခန္ဓာကိုယ်ပေါ်မှ သွေးရောင်သံချပ်ကာများ ပျောက်ကွယ်သွား၏။

ဆီးနှင်းထဲတွင် မားမားရပ်နေသော သွေးရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက် ပေါ်လာသည် ။

"မူရှီ၊ သွားကြစို့။ ထွက်ခွာရမယ့်အချိန် ရောက်ပြီ"

ကျယ်ပြောလှသော ဆီးနှင်းများကြားတွင် ထိုသွေးရောင်ပုံရိပ်သည် တီးတိုးပြောကြသောလူများကို လှည့်မကြည့်ဘဲ ကျောပြင်ကိုသာ ချန်ရစ်ထားခဲ့သည် ။

အရက်ဆိုင်အတွင်းမှ ဟောက်မူရှီသည် ကြိုးကို အမြန်ဆွဲကာ အနက်ရောင်အိတ်ကြီးနှစ်အိတ်ကို ဆွဲခေါ်ပြီး ၄င်းနောက်သို့ ပြေးလိုက်သွား၏ ။

အိတ်အတွင်းရှိ မိစ္ဆာနှင့်လူသားသည်လည်း ကလန်ကဆန်မလုပ်ရဲဘဲ ပြေးလွှားသကဲ့သို့ အလျင်အမြန် လိုက်ပါသွားကြသည် ။

သို့သော် စားသောက်ဆိုင်အတွင်းရှိ လူတစ်ယောက်မျှ သူတို့နောက်သို့ လိုက်ရန် မဝံ့ရဲကြပါ ။

မင်းသမီးလူကျူသည် ခဏတာ တွေဝေသွားသော်လည်း အရေးတကြီးအော်ဟစ်ကာ ပြေးထွက်သွား၏။

"ဆရာ...ဆရာ ထွက်သွားတော့မလို့လား"

တုတ်နီကိုင် မိစ္ဆာသတ်သမားက ထွက်သွားပါက သူမသည် သူ့ကို နောက်တစ်ကြိမ် ထပ်တွေ့ရတော့မည်မဟုတ်ကြောင်း ခံစားမိနေသည် ။

ကျိယွမ်သည် သူမကို လှည့်မကြည့်ခဲ့ပါ ။

ယခုအချိန်တွင် သူသည် မိစ္ဆာသွေးအဆီအနှစ်များကို တိတ်တဆိတ် စုပ်ယူနေ၏ ။

ယခုအကြိမ်တိုက်ပွဲတွင် မိစ္ဆာစစ်သည် နှစ်သောင်းကို သတ်ဖြတ်ပြီးနောက် သူသည် အလွန်များပြားသော သွေးအဆီအနှစ်များကို ရရှိခဲ့သည် ။

ဤမျှများပြားသော ပမာဏသည် သူ့အတွက် များစွာ အထောက်အကူဖြစ်စေမှာ အသေအချာပင် ။

"အင်း.. ခုနက... မင်း ဘယ်လောက်များများ သင်ယူနိုင်ခဲ့လဲ"

ကျိယွမ်က ရုတ်တရက် လွှတ်ခနဲ ပြောလိုက်မိပြီး လနတ်သမီးလေးယွဲ့ညှာကို သတိရသွားကာ အံ့အားသင့်သွားသည် ။

အခုတလော အတိတ်က လူတွေကို ခဏခဏ သတိရနေတာက သူ အိုမင်းလာလို့များလားဟု မိမိကိုယ်ကိုယ် တွေးမိ၏ ။

"ကျွန်မ..."

မင်းသမီး လူကျူသည် တွေဝေသွားပြီး ခေါင်းငုံ့ကာတိုးတိုးဖြေသည်။

"ဘာမှ မသင်ယူနိုင်ခဲ့ပါဘူး"

"ဒါဆိုရင်လည်း ကံပါရင် ပြန်တွေ့ကြတာပေါ့"

ကျိယွမ်သည် ထပ်မံ၍ ဘာမှ မပြောတော့ပါ ။

ဤကမ္ဘာအတွက် သူသည် ဖြတ်သန်းသွားလာသူတစ်ဦး၊ ဂိမ်းကစားသူတစ်ဦးသာ ဖြစ်သည် ။အရာအားလုံးကို တွယ်ငြိနေစရာ မလိုပေ။ သူက ဧည့်သည်တစ်ယောက်မျှသာ ။

ထိုသို့ပြောပြီးနောက် ကျိယွမ်၏ အကြည့်သည် သွေးရောင်တောက်ပနေသော တုတ်ပေါ်သို့ ကျရောက်သွားပြီး လေးနက်သွား၏ ။

ရုတ်တရက် သူက လက်ကို မြှောက်လိုက်သည် ။

သွေးရောင်တုတ်ကြီးသည် အီကျန်းမြစ်ထဲသို့ ပစ်ချခြင်း ခံလိုက်ရ၏ ။

ကျိယွမ်၏ မျက်လုံးများတွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး သက်ပြင်းချသည်။

"တကယ်လို့ မျောက်တစ်ကောင်က မင်းကို ကောက်ရသွားရင် အဲဒါက တော်တော် စိတ်ဝင်စားဖို့ ကောင်းမှာပဲ"

ဤကမ္ဘာပေါ်ရှိ မိစ္ဆာများအားလုံးနီးပါး သုတ်သင်ခံရပြီးဖြစ်ရာ သူ၏ မစ်ရှင်ကို အဆုံးသတ်ပြီး ထွက်ခွာရမည့်အချိန် ရောက်လာခဲ့လေပြီ ။

ဤကမ္ဘာတွင် သူသည် အကျိုးအမြတ်များစွာ ရရှိခဲ့၏။

တစ်နှစ်မပြည့်မီအချိန်အတွင်း သူသည် စိတ်ဝိညာဥ်အဆင့်နှင့် ညီမျှသော သိုင်းဝိညာဉ်အဆင့်သို့ ရောက်ရှိခဲ့သည် ။

ဤကမ္ဘာမှ မျှော်လင့်ခြင်းလမင်း များက သူ့ကို အလွန်ပင် အလိုလိုက်ခဲ့ကြ၏ ။

တုတ်ကို ပစ်ချလိုက်ပြီးနောက် ကျိယွမ်သည် တစ်ကိုယ်တည်း ထွက်ခွာသွားကာ အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည် ။

မင်းသမီးလူကျူသည် တစ်ခုခုပြောရန် ပါးစပ်ပြင်လိုက်သော်လည်း ပြန်လည်နှုတ်ဆိတ်သွား၏။

သူက ထွက်ခွာသွားသော ကျောပြင်ကိုသာ တိတ်တိတ်ကလေးငေးကာ ကျန်ခဲ့လေသည်။

"ကံကြမ္မာကိုတောင်းဆိုခွင့်ရှိရင် ပြန်ဆုံခွင့်ရချင်ပါသေးတယ် ဆရာသခင် .."

..........

နေ့တစ်ဝက်ခန့် ကုန်ဆုံးပြီးနောက် ။

လှေငယ်လေးတစ်စင်းပေါ်တွင်ဖြစ်သည် ။

ကျိယွမ်သည် အပန်းဖြေခရီးထွက်လာသော သူဌေးသားလေးတစ်ဦးကဲ့သို့ လှေပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေ၏ ။

လှေ၏ အခြားတစ်ဖက်တွင်မူ အနက်ရောင်အိတ် နှစ်အိတ်ရှိနေသည် ။

အနက်ရောင်အိတ်များကို တင်းကျပ်စွာ ပိတ်ထားသော်လည်း အထဲ၌ လူနှစ်ယောက်ရှိနေမှန်း သိသာ၏ ။

ထိုအနက်ရောင်အိတ်များအတွင်း၌ ဘာရှိသနည်းဟူသည်နှင့် ပတ်သက်၍ လောကတွင် အမျိုးမျိုး ခန့်မှန်းနေကြသည် ။

အချို့က တုတ်နီကိုင် မိစ္ဆာသတ်သမား ဝှက်ထားသော ပြိုင်ဘက်ကင်း အလှလေးများဖြစ်သည်ဟု ဆိုကြ၏ ။ အချို့ကမူ ရှားပါးရတနာများ ဖြစ်သည်ဟု ဆိုကြပြီး၊ သူ၏ စွမ်းအားများမှာ ဤရတနာများကြောင့် ဖြစ်သည်ဟု ယူဆကြသည် ။

ယခုအခါမှာတော့ အနက်ရောင်အိတ်များ၏ လျှို့ဝှက်ချက်သည် နောက်ဆုံးတွင် ပေါ်ထွက်လာတော့မည် ဖြစ်သည် ။

ကျိယွမ်သည် ဟွားယောင်နှင့် လူငယ်လေးထုံကျန်းယူကို ကျောပေးထားပြီး လှည့်မကြည့်ပါ ။

တစ်ချိန်က မာနကြီးခဲ့သော ဟွားယောင်သည် ယခုအခါ ဝမ်းသာခြင်းနှင့်အတူ ထိတ်လန့်ခြင်းတို့ ရောပြွမ်းနေပြီး တိတ်ဆိတ်နေ၏ ။

ပထမဆုံး ဖမ်းဆီးခံရစဉ်က သူမသည် ငတုံးတစ်ကောင်၏ လက်ထဲသို့ ကျရောက်သွားပြီဟု ထင်ခဲ့သည် ။

သို့သော် လမ်းတစ်လျှောက်တွင် မြင်တွေ့ကြားသိခဲ့ရသမျှက သူမ၏ နှလုံးသားကို ထုံကျင်ကာ အကြိမ်ကြိမ်တုန်လှုပ်စေ၏ ။

"သခင်..."

သူမသည် ဤပြိုင်ဘက်ကင်း သိုင်းပညာရှင်ကို စိတ်အနှောင့်အယှက် မဖြစ်စေရန် စကားလုံးများကို ဂရုတစိုက် ရွေးချယ်ပြောဆိုလိုက်သည် ။

သို့သော် သူမတွင် ယခုအချိန်ထိဇဝေဇဝါ ဖြစ်နေဆဲပင်။

သူသည် သူမကို အဘယ်ကြောင့် ဤမျှကြာမြင့်စွာ ဖမ်းဆီးထားသနည်း ။

သူမအလွန်သိချင်ပါသည်။

ကျိယွမ်က ပို၍ သက်သောင့်သက်သာရှိသော အနေအထားသို့ ပြောင်းလဲကာ လှဲလျောင်းနေပြီး ဟွားယောင်ကို လှည့်မကြည့်ခဲ့ပါ ။

သူက ပျင်းရိငြီးငွေ့သော အသံဖြင့် မေးလိုက်၏။

"ငါ့ကို ထုံယူဝေနဲ့ မန်လျိုတို့ရဲ့ အကြောင်းကို ပြောပြစမ်းပါ"

နောက်ဆုံးအနေဖြင့် ပြဇာတ်တစ်ပုဒ်ကို ကြားပြီးနောက်မှ သူသည် ဤရတနာမြေမှ ထွက်ခွာရမည့်အချိန် ဖြစ်သည် ။

မဟုတ်သေးပါ၊ မိစ္ဆာမျိုးနွယ်များ သုတ်သင်ခံရပြီးနောက်တွင် ဤနေရာကို ရတနာမြေဟု မခေါ်နိုင်တော့ပေ။

၎င်းကို ကြားသောအခါ ဟွားယောင် နားမလည်နိုင် ဖြစ်သွား၏ ။

သူ့လိုပြိုင်ဘက်ကင်း အစွမ်းထက်သူက အဘယ်ကြောင့် ဤအကြောင်းကို မေးရသနည်းဆိုသည်ကို အဖြေရှာမရပေ။

သို့သော်လည်း သူမသည် အမှန်အတိုင်း ဖြေကြားလိုက်သည် ။

သူမ၏ မျက်လုံးများထဲတွင်မူ နာကျည်းမှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ဇာတ်လမ်းတစ်ခုအား ပြောပြလိုက်၏ ။

"ပုံပြင်ကတော့ ခန့်မှန်းရလွယ်တဲ့အတိုင်း စတင်ခဲ့တာပါ ။ တစ်ရက်မှာ ဝမ်ရှန်းဘုရားကျောင်းမှာ လေပြင်းတွေတိုက်ပြီး မိုးတွေ သည်းထန်စွာ ရွာသွန်းနေခဲ့တယ် "

"ဘုရားကျောင်းမှာ ညအိပ်တည်းခိုတဲ့ သူဌေးမျိုးနွယ်က သခင်လေးတစ်ယောက်ဟာ လေမိုးဒဏ်ခံနေရတဲ့ ပန်းလေးတစ်ပွင့်ကို မြင်ခဲ့တယ် ။ သူက အဲဒီပန်းလေးကို ကောက်ယူပြီး အမိုးအောက်မှာ သူနဲ့အတူနွေးနွေးထွေးထွေး ထားပေးခဲ့တယ်"

"သူ့ရင်ခွင်ထဲက ပန်းလေးဟာ သူ့ရဲ့ ကိုယ်နံ့ကို မှတ်မိနေခဲ့တာပေါ့ ။

နောက်ပိုင်းမှာ ဆယ်နှစ်ကြာသွားခဲ့ပြီးနောက်မှာ အဲဒီပန်းလေးဟာ လူသားပုံစံအဖြစ်ကျင့်ကြံနိုင်ခဲ့ပြီး အဲဒီသခင်လေးနားကို တမင်ချဉ်းကပ်ခဲ့တယ် ။ သူတို့ဟာ ဝမ်ရှန်းဘုရားကျောင်းမှာပဲ ပြန်ဆုံခဲ့ကြပြီး အချိန်ကြာလာတာနဲ့အမျှ ချစ်ကြိုက်သွားခဲ့ကြတယ် "

" မိုးသည်းထန်စွာ ရွာနေတဲ့ တစ်နေမှာ ပဲ သူတို့ဟာ တားမြစ်ထားတဲ့ အသီးကို တိတ်တဆိတ် မြည်းစမ်းခဲ့ကြတယ်..."

နောက်ပိုင်းတွင် ဖြစ်ပျက်သမျှသည်လည်း အလွန်ပင် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး အချိုးအကွေ့များစွာ ရှိခဲ့သည် ။

ထိုသခင်လေးသည် ထုံမိသားစုခုနစ်ဆက်မြောက်တွင် တစ်ဦးတည်းသော သားဖြစ်ရာ မိဘများက အလွန်ပင် အလိုလိုက်ထားကြသည် ။

သူသည် ဒုက္ခမရှိဘဲ ရွှေဇွန်းကိုက်ကာ ကြီးပြင်းလာသူဟု ဆိုနိုင်၏။

သို့သော် ထုံမိသားစုခေါင်းဆောင်သည် မိမိသားဖြစ်သူက မိစ္ဆာတစ်ကောင်နှင့် ပတ်သက်နေသည်ကို သိသောအခါ သဘာဝအတိုင်းပင် ကန့်ကွက်ပြီး သခင်လေးကို ပိတ်လှောင်ထားခဲ့သည် ။

အကယ်၍ သားဖြစ်သူက မိစ္ဆာနှင့် လက်ထပ်ပါက ထုံမိသားစု၏ ဂုဏ်သိက္ခာ ဘယ်မှာ ရှိတော့မည်နည်း ။

ထို့အပြင် လူနှင့် မိစ္ဆာလက်ထပ်ပါက ဘီလူးသတ္တဝါကိုသာ မွေးဖွားနိုင်မည် ဖြစ်သည် ။

မိသားစု သွေးမျိုးဆက်အရ ထုံမိသားစုတွင် မျိုးဆက်တစ်ခုလျှင် တစ်ဦးတည်းသော အမွေခံသာ ရှိ၏။

အကယ်၍ ထိုမိစ္ဆာက ဘီလူးမွေးလာပါက ထုံမိသားစု မျိုးဆက် ပြတ်တောက်သွားမည် မဟုတ်ပါလော ။

"သခင်လေးထုံဟာ တစ်နေ့မှာ မန်လျိုနဲ့ တွေ့ဆုံပြီး ထုံမိသားစုရဲ့မျိုးဆက်ကို ပြတ်တောက်စေလို့ မရဘူးလို့ ပြောခဲ့တယ် ။ ထုံယူဝေအနေနဲ့ အခြားတစ်ယောက်ယောက်နဲ့ လက်ထပ်ပြီး ကလေးရမှသာ သူတို့နှစ်ယောက် ပြန်တွေ့နိုင်မယ်လို့လည်း ဆိုခဲ့တယ် ။"

"ဒါပေမဲ့ သူ မသိခဲ့တာက မန်လျိုမှာ ကိုယ်ဝန်ရှိနေပြီဆိုတာပဲ ။

ဘီလူးမွေးဖွားတာကနေ ရှောင်ရှားနိုင်ဖို့ သူမဟာ ရှု့မိစ္ဆာတောင်တန်းက ဝမ်ကျန်းဆူးတောင်ကို တစ်ကိုယ်တည်း သွားခဲ့တယ် ။ ယွမ်ဖယ်ရှားခြင်းအသီးကို ရဖို့အတွက် တစ်ကိုယ်လုံး ဒဏ်ရာတွေကို ပြင်းထန်စွာ သူမ ခံစားခဲ့ရတယ် ။ ယွမ်ဖယ်ရှားခြင်းအသီးဟာ ကလေးကို ဘေးကင်းစွာ မွေးဖွားနိုင်စေပေမဲ့... အဲဒီအတွက် ပေးဆပ်ရတဲ့ တန်ဖိုးကတော့ သူမရဲ့ အသက်ပဲ"

"နောက်ပိုင်းမှာ ကျွန်မကို မွေးဖွားခဲ့ပြီး ထုံယူဝေကတော့ ဇနီးအသစ်တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ် "

ဟွားယောင်၏ ငယ်ရွယ်သော မျက်နှာတွင် နက်ရှိုင်းသော နာကျည်းမှုများ ပြည့်နှက်နေသည် ။

" ရယ်စရာအကောင်းဆုံးအချက်ကတော့ ထုံယူဝေရဲ့ ဇနီးက ကိုယ်ဝန်မရနိုင်တာပဲ ။ဒါကြောင့် သူဟာ မျိုးမပွားနိုင်မှာကို ကြောက်ပြီး လူရယ်စရာ ဖြစ်မှာကို စိုးရိမ်ခဲ့တယ်"

" ဒါကြောင့် မျိုးဆက်ရဖို့အတွက် သူ့ဇနီးကို ဝမ်ရှန်းဘုရားကျောင်းကို ခေါ်သွားခဲ့တယ် ။ အဲဒီမှာ ဘုန်းကြီးတစ်ပါးက... ဟားဟားဟား"

သူမက ကုပ်ချောင်းချောင်းလေး လုပ်နေသော ထုံကျန်းယူအား လှည့်ကြည့်ကာ အားရပါးရ ရယ်ချလိုက်၏။

ပြီးမှ ဆက်ပြောလေသည်။

" နောက်ဆုံးတော့ ထုံကျန်းယူကို မွေးဖွားခဲ့တာပဲ ။ ဒါပေမဲ့ အရှုပ်အထုပ်တွေကို ကြောက်တာကြောင့် ထုံကျန်းယူကို မွေးပြီးတာနဲ့ သူဟာ သူ့ဇနီးကို လုပ်ကြံခဲ့တယ် "

"ဖခင်မေတ္တာ၊ သားသမီး ဝတ်တရား၊ သာယာတဲ့ မိသားစုဘဝ၊ သူတို့ရဲ့ နေ့ရက်တွေက တကယ်ကို အံ့သြဖို့ ကောင်းခဲ့တယ် "

" ဒါကြောင့် ကျွန်မက ထုံထျန်းယူကို အဆိပ်ခတ်ခဲ့တာပဲ။ သခင်ကြီးထုံကို လှည့်စားပြီး ထုံကျန်းယူကို ကယ်ဖို့အတွက် သူနဲ့ အနီးစပ်ဆုံး သွေးသားဖြစ်တဲ့ ထုံယူဝေရဲ့ နှလုံးသား လိုအပ်တယ်လို့ သူ့အမေကို ပြောခဲ့တယ် ။ သူတို့က သူတို့သားကို ဘယ်လောက်ချစ်ကြောင်း၊ သူ့အတွက် ကြယ်တွေကိုတောင် ဆွတ်ခူးပေးမယ်လို့ ပြောခဲ့ကြတဲ့သူတွေလေ "

"ဒါပေမဲ့ သူတို့က ထုံယူဝေမှာ သားသမီးမရှိပေမဲ့ ထုံကျန်းယူကတော့ မျိုးဆက်ရနိုင်တယ်လို့ တွေးပြီး၊ သူတို့မြေးကို ကယ်ဖို့အတွက် ထုံယူဝေကို ဆေးခတ်ပြီး ကျွန်မဆီ ကိုယ်တိုင် ပို့ပေးခဲ့ကြတယ် "

"အဲဒီအချိန်မှာ ကျွန်မ သူ့နှလုံးသားကို ထုတ်ယူတော့ သူဟာ အရမ်းသနားစရာကောင်းအောင် ငိုယိုပြီး နောင်တရနေခဲ့တာ ။ ထုံမိသားစုက အဘွားကြီးကတော့ မျက်ရည်တွေ စီးကျလို့ပေါ့၊ ဟားဟားဟား၊အဲဒီအဖွားကြီးကိုယ်တိုင်ပဲ ထုံယူဝေကို ဆေးခတ်ထားတဲ့ ဟင်းချိုကို တိုက်ခဲ့တာလေ "

"သူဟာ တစ်ညတည်းနဲ့ ဆံပင်တွေ ဖြူသွားခဲ့တယ် ။ သွေးသားရင်းချာတွေရဲ့ သံယောဇဉ်က တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ"

" နောက်ဆုံးတော့... အဲဒီ အချစ်တွေဆိုတာ အလကားပါပဲ ။ သူတို့ဟာ ကိုယ်ကိုယ်နဲ့ အချစ်ဆိုတဲ့ ခံစားချက်ကိုပဲ ချစ်ခဲ့ကြတာ "

ဟွားယောင်၏ အသံသည် ရူးသွပ်နေပြီး စိတ်မနှံ့သကဲ့သို့ ဖြစ်နေ၏ ။

သူမသည် ထုံမိသားစုနှင့် ထုံယူဝေအပေါ် နာကျည်းမှုများဖြင့် ပြည့်နှက်နေပြီး၊ သူတို့၏ အသားကို စားကာ သွေးကိုပင် သောက်ချင်နေပုံရသည် ။

ကျိယွမ်သည် ဘေးစောင်းလဲလျောင်းနေရင်းမှ ပျင်းရိစွာ သမ်းဝေလိုက်၏။

"အင်း...ရှုပ်ထွေးတဲ့ ပုံပြင်တစ်ပုဒ်ပဲ ။ ကံကောင်းတာက ဝမ်ရှန်းဘုရားကျောင်းမှာ ငါ ဦးနှောက်ကို အသုံးမပြုခဲ့လို့ပဲ ။ မဟုတ်ရင်... ငါ့ရဲ့ အချစ်တော် လမင်းတွေနဲ့ ဒီလောက်အများကြီး ဆုံခဲ့မှာမဟုတ်ဘူး ။ မဆိုးပါဘူး၊ မထွက်ခွာခင် ပြဇာတ်တစ်ပုဒ် ကြည့်လိုက်ရတော့ အပျင်းပြေတာပေါ့။"

ထိုအချိန်တွင် လှေငယ်လေးပေါ်၌ ရပ်နေသော ဟွားယောင်၏ မျက်လုံးများထဲတွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည် ။

"ကျွန်မ အသက်သုံးနှစ်အရွယ်မှာ ကိုယ်တိုင် သားအိမ်ကို ထုတ်ယူပြီး မှော်ဝင်ပစ္စည်းတစ်ခုအဖြစ် ဖန်တီးခဲ့တယ် ။ သူတို့... ထုံမိသားစုဟာ မျိုးပြတ်တော့မှာ၊ ဟားဟားဟား..."

သူမအတွက်မူ ၎င်းသည် အထိရောက်ဆုံးနှင့် အကောင်းဆုံး ကလဲ့စားချေခြင်း ဖြစ်ပုံရသည် ။

ဟွားယောင်သည် ဝမ်းနည်းဖွယ်နှင့် သနားဖွယ်ကောင်းစွာ ရူးသွပ်စွာ ရယ်မောနေသည် ။

ထုံကျန်းယူသည် အနီးတွင် ရပ်နေရင်း ဟွားယောင်ကို ကြည့်ကာ စိတ်လှုပ်ရှားနေပုံရ၏ ။

သူသည်လည်း ဟွားယောင်၏နှိပ်စက်မှုဒဏ်ကို ခံစားထားရပုံရပြီး သူ၏ စိတ်အခြေအနေမှာ မှောင်မိုက်နေသည် ။

"လောကကြီးက အရမ်း ရှုပ်ထွေးလွန်းတယ် ။ ဘာလို့ အများကြီး တွေးနေမှာလဲ ။ ငါ့မှာ အားလုံးကို ဖြတ်တောက်ဖို့ ဓားတစ်လက် ရှိတယ် ။"

ကျိယွမ်က ပျင်းရိစွာမှတ်ချက်ချရင်း မတ်တပ်ရပ်လိုက်သည် ။

ကျိယွမ်၏ စကားကို ကြားသောအခါ ထုံထျန်းယူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ယခင် စိုးရိမ်မှုများ အားလုံး ပျောက်ကွယ်သွား၏ ။

သူသည် ကျိယွမ်ကို ကြည့်ကာ ခေါင်းငုံ့ပြီး တစ်စုံတစ်ခုကို တွေးတောနေမိသည် ။

သူ၏ဘေးတွင်မူ ဟွားယောင်သည် ငိုလိုက် ရယ်လိုက်ဖြစ်နေပြီး သူမ၏ စိတ်ခံစားချက်များ ပြိုလဲနေ၏ ။

ကျိယွမ်သည် သူ၏ရှေ့တွင် ဖြစ်ပျက်သမျှကို ပြဇာတ်တစ်ပုဒ်ကဲ့သို့ သဘောထားတတ်သော်လည်း တစ်ခါတစ်ရံတွင် ပါဝင်ပတ်သက်တတ်၏ ။

"မူရှီ၊ ငါ ထွက်သွားပြီးရင် မင်း ကျန်းယန်မြို့ကို ပြန်သွားပြီး ထုံမိသားစုရဲ့ မျိုးဆက် ပြတ်တောက်သွားပြီလို့ သခင်ကြီးထုံကို ပြောလိုက်ပါ"

သူ၏ စကားအဆုံးတွင် ကျိယွမ်၏ ပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည် ။

ဤကမ္ဘာရှိ မိစ္ဆာအားလုံး သုတ်သင်ခံရပြီးဖြစ်သည် ။ ကျန်ရှိနေသော မိစ္ဆာအနည်းငယ်လောက်ကိုတော့ သူ ဂရုစိုက်စရာ မလိုတော့ပါ ။

ယခု ထွက်ခွာရမည့်အချိန် ရောက်လေပြီ ။

"ဆရာကျိ..."

ဟောက်မူရှီသည် ရှေ့မှ ဟာလာဟင်းလင်း ဖြစ်နေသော နေရာကို ကြည့်ရင်း လွမ်းဆွတ်တမ်းတမှုများဖြင့် ကျန်ရစ်ခဲ့သည် ။

..................

ချင်းယွမ်နိုင်ငံ၊ ထျန်းယွဲ့မြို့ ။

အခန်းသုံးခန်းပါသော တိုက်ခန်းတစ်ခုအတွင်းတွင် ပါးလွှာသော ပိုးသားညဝတ်အင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားပြီး နဖူးတွင် ချွေးအေးများ ထွက်နေကာ ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေသည် ။

ရုတ်တရက် သူမသည် ထိတ်လန့်တကြား နိုးလာပြီး အသက်ကို လုရှူနေ၏ ။

"အိပ်မက်ဆိုး နောက်တစ်ခုလား"

ကျုံးမြောင်သည် အိပ်ယာမှထထိုင်လိုက်ပြီး သူမ၏ မျက်နှာတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ ပြည့်နှက်နေသည် ။

မကြာသေးမီက သူမသည် နေ့တိုင်း အိပ်မက်ဆိုးများ မက်နေခဲ့သည် ။

ကောင်းကင်တွင် အက်ကြောင်းတစ်ခု ပေါ်လာပြီး၊ ထိုအထဲမှ သူမနှင့် တူညီသော အမျိုးသမီးတစ်ဦး ထွက်လာကာ သူမကို ဓားဖြင့် ထိုးသတ်သည်ကို အိပ်မက်မက်သည် ။

ထိုအမျိုးသမီး၏ အေးစက်သော မျက်နှာထားကို သူမ ယခုထိ မှတ်မိနေသေးသည် ။

သူမသည် ဤအိပ်မက်ကို သုံးရက်ဆက်တိုက် မက်နေခြင်း ဖြစ်၏။

"ငါ တကယ်ပဲ တစ်ခုခု ချို့တဲ့နေလို့ ဒီလို ထူးဆန်းတဲ့အိပ်မက်တွေ မက်နေတာလား"

ကျုံးမြောင် အလွန်စိုးရိမ်နေသည် ။

အိပ်မက်ထဲတွင် ကောင်းကင်၌ အက်ကြောင်းများ ပေါ်လာပြီး ထူးဆန်းသော ပုံရိပ်များ သို့မဟုတ် နတ်ဆိုးများစွာ ထွက်ပေါ်လာသည်ကို သူမ မြင်ခဲ့သည် ။

သူတို့သည် အခြားကမ္ဘာများမှ လာပုံရပြီး ရှေးဟောင်း ဝတ်စုံမျိုးစုံကို ဝတ်ဆင်ထားကြသလို အဆင့်မြင့်နည်းပညာသုံး စစ်သင်္ဘောများကို စီးနင်းလာကြသည် ။

ထို့နောက် သူတို့သည် အချင်းချင်း တိုက်ခိုက်ကြ၏။ သူမသည်လည်း ရှေးဟောင်းပုံစံဝတ်ထားဿာ သူမကိုယ်တိုင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည် ။

"ယေဘုယျအားဖြင့် အိပ်မက်ဆိုတာ လက်တွေ့ရဲ့ ရောင်ပြန်ဟပ်မှုပဲ ။

ငါ ဒီလိုအိပ်မက်တွေ မက်ရတာဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲက ကုံရှင်းဂြိုဟ်ကို ကျင့်ကြံသူတွေ ရောက်လာတာနဲ့ ပတ်သက်နေနိုင်တယ် ။"

ကျုံးမြောင်သည် မိမိကိုယ်ကိုယ် နှစ်သိမ့်လိုက်သည် ။

လွန်ခဲ့သော တစ်နှစ်ခွဲက ကုံရှင်းပေါ်တွင် ကမ္ဘာ့အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည် ။

ကြီးမြတ်သော ကျင့်ကြံခြင်းကမ္ဘာ လေးခုသည် ကုံရှင်းနှင့် ဆက်သွယ်သွားပြီး ကျင့်ကြံသူ အမြောက်အမြား ဂြိုဟ်ပေါ်သို့ ဆင်းသက်လာကြ၏။

၎င်းသည် ကုံရှင်းအပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့သည်။

ထိုကျင့်ကြံသူများသည် လေထဲတွင် မည်သည်ကိရိယာမှမလိုဘဲ ပျံသန်းနိုင်ကြပြီး လျှပ်စစ်ကဲ့သို့လည်း လျင်မြန်ကြ၏ ။ သူတို့၏ အရှိန်မှာ တိုက်လေယာဉ်များနှင့်ပင် နှိုင်းယှဉ်နိုင်ပြီး အစွမ်းထက်ကာ ထူးဆန်းသော စွမ်းရည်များကို ပြသကြသည် ။

ထိုကျင့်ကြံသူများ ပေါ်လာခြင်းကြောင့် လူ့အဖွဲ့အစည်းတွင် ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာခဲ့သည် ။

ထိုအချိန်က ဝိညာဉ်အလံကို ကိုင်ဆောင်ထားသော နတ်ဆိုးကြီးတစ်ကောင်သည် မြို့တစ်မြို့လုံးကို သတ်ဖြတ်မည်ဟု ဟစ်အော်ခဲ့သည် ။

ထိုနတ်ဆိုးကြီးသည် နတ်ဆိုးဂိုဏ်းတစ်ခုမှ ဘိုးဘေးတစ်ဦးဖြစ်ပြီး နတ်ဆိုးလမ်းစဉ်၏ ထိပ်သီးပုဂ္ဂိုလ် စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူကြီးတစ်ဦး ဖြစ်၏ ။

လူများမှာ ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည် ။

သို့သော် "ကောင်းကင်မျက်လုံး" သည် ၎င်း၏ ကြီးမားသော စွမ်းအားကို ပြသခဲ့သည် ။

၎င်းက ထိုနတ်ဆိုးကြီးရှိရာကို တိုက်ရိုက်ပစ်မှတ်ထားပြီး ချေမှုန်းပစ်ခဲ့၏ ။

ချင်းယွမ်နိုင်ငံတစ်ဝန်းတွင် အောင်ပွဲခံသံများ ဆူညံသွားခဲ့သည် ။

ကြီးမြတ်သော ကျင့်ကြံခြင်းကမ္ဘာ လေးခုသည်လည်း ဤဖြစ်ရပ်ကြောင့် တုန်လှုပ်သွား၏ ။

ကုံရှင်းဂြိုဟ်တွင် ထိုမျှအဆင့်ရှိသော ကြောက်မက်ဖွယ် လက်နက်ရှိလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပါ ။

နောက်ပိုင်းတွင် ကြယ်ခုနှစ်ပွင့်မိသားစုများနှင့် ကျင့်ကြံခြင်းကမ္ဘာ လေးခုတို့သည် တစ်လကြာ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး သဘောတူညီချက်များစွာ လက်မှတ်ရေးထိုးခဲ့ကြသည် ။

အချို့မှာ ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး အချို့မှာ ကျင့်ကြံခြင်းကျောင်းများနှင့် ဂိုဏ်းများ တည်ထောင်ရန် ဖြစ်သည် ။

ကျုံးမြောင်သည် ဤဖြစ်ရပ်များက သူမအပေါ် နက်ရှိုင်းသော စွဲထင်မှုများ ဖြစ်စေခဲ့သည်ဟု ယူဆမိသည် ။ ထို့ကြောင့်လည်း... အခြားကမ္ဘာများ မိမိတို့ကမ္ဘာပေါ်သို့ ဆင်းသက်လာပြီး သူမနှင့် ရုပ်တူသောလူတစ်ယောက် ပေါ်လာကာ သူမကို သတ်ဖြတ်သည်ဟု အိပ်မက်မက်နေခြင်း ဖြစ်နိုင်သည် ။

"ကံမကောင်းတာက ကျိယွမ် ပျောက်နေတာပဲ ။ မဟုတ်ရင် ငါ့ဆီမှာ သရဲပူးနေသလားဆိုတာ သူ့ကို မေးလို့ရမှာ ။

သူက ကျင့်ကြံသူဆိုတော့ အများကြီး သိမှာပဲ"

ကျုံးမြောင် သက်ပြင်းချမိ၏။

လွန်ခဲ့သော တစ်နှစ်အတွင်း သူမသည် ကျိယွမ်ကို အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့သည် ။ သို့သော် အကြိမ်ကြိမ်သွားသောအခါတိုင်း သူမ ရရှိခဲ့သော သတင်းမှာ ကျိယွမ်သည် ထိုနေရာတွင် မရှိတော့ကြောင်းပင် ။

၎င်းက သူမကို များစွာ စိတ်ပျက်စေသည် ။

ကျိယွမ်သည် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူမနှင့်လည်း ရင်းနှီးသူဖြစ်ရာ၊ သူမ၏ မကြာသေးမီက အိပ်မက်ဆိုးများကို သူ စစ်ဆေးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့မိ၏ ။

သူမသည် ယခင်က ကျိယွမ်၏ စိတ်ကျန်းမာရေးကို ကူညီပေးခဲ့ဖူးရာ... ယခုအခါ ကျိယွမ်က သူမ၏ ပြဿနာကို ပြန်လည်ကူညီပေးလိမ့်မည်ဟု ယုံကြည်နေလေသည်။

ထျန်းရွှမ်းအဆောက်အဦးသည် နယ်ပယ်အသီးသီးမှ လူများဖြင့် စည်ကားနေသည် ။

"အားလုံးပဲ.... ဒါက ထျန်းရွှမ်းအဆောက်အဦးပါ ။"

အဝတ်အစား ခပ်ဟော့ဟော့ ဝတ်ဆင်ထားသော အမျိုးသမီး လိုက်ဖ်လွှင့်သူတစ်ဦးသည် ဖုန်းကို မြှောက်ကာ ရှေ့ရှိ အဆောက်အဦးကို ရိုက်ကူးနေသည် ။

"ဒီအဆောက်အဦးကို လျှို့ဝှက်ဆန်းပြားတဲ့ ကျင့်ကြံခြင်းဂိုဏ်းဖြစ်တဲ့ ရွှမ်းထျန်းဂိုဏ်းကို ကြယ်ခုနှစ်ပွင့်မိသားစုက ပေးအပ်ခဲ့တာလို့ ဆိုကြတယ် ။ ဒါဟာ ငါတို့ပြည်နယ်ရဲ့... ပထမဆုံးသော ဂုဏ်သတင်းကျော်ကြားတဲ့ ကျင့်ကြံခြင်းဂိုဏ်းပဲ "

ကျင့်ကြံခြင်းကမ္ဘာလေးခုသည် ကုံရှင်းဂြိုဟ်နှင့် ဆက်သွယ်မိသွားသောအခါ၊ အဓိကဂိုဏ်းကြီးတစ်ခုစီသည် ကုံရှင်းပေါ်တွင် အခြေစိုက်ရန် ဆုံးဖြတ်ခဲ့ကြ၏ ။

စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူကြီးတစ်ဦး ရှိနေသော ရွှမ်းထျန်းဂိုဏ်းကဲ့သို့ ဂိုဏ်းမျိုးကို အဓိကဂိုဏ်းကြီးဟု ခေါ်ဆိုရပေလိမ့်မည် ။

ထိုကဲ့သို့သော ဂိုဏ်းကို ထိပ်တန်းအဆင့် မသေမျိုးဂိုဏ်းဟု ခေါ်ဆိုကြ၏ ။

၎င်း၏ ဌာနချုပ်ကို ကမ္ဘာမြေပေါ်တွင် ထားရှိခြင်းမှာ အထူးအဆင့်တန်းဝင် တက္ကသိုလ်တစ်ခုနှင့် တူညီသည် ။

အခြားသော ကျင့်ကြံခြင်းဂိုဏ်းငယ်လေးများရှိသော်လည်း... ၄င်းတို့မှာ များစွာ အဆင့်နိမ့်ကြ၏ ။

"တောက်....ငါတို့ပြည်နယ်မှာ လူတွေ ဒီလောက်အများကြီး ရှိတာကို ဘာလို့ ထိပ်တန်းအဆင့် မသေမျိုးဂိုဏ်းက တစ်ခုတည်း ရှိတာလဲ"

"သူတို့က သူတို့သတ်မှတ်ထားတဲ့အရည်အချင်းရှိမှ တပည့်လက်ခံတာ နှမြောစရာပဲ"

"ထျန်းရွှမ်းအဆောက်အဦး အပြင်ဘက်မှာ ဒူးထောက်နေတဲ့ လူတွေကို ကြည့်ဦး၊ မသေမျိုးလမ်းစဉ်ရဲ့ အခွင့်အလမ်းလေး တစ်ခုတည်းအတွက် သူတို့ခုလို ဒူးထောက်နေကြတာ"

"ငါလည်း ရွှမ်းထျန်းဂိုဏ်းလို ထိပ်တန်းအဆင့် မသေမျိုးဂိုဏ်းကို ဝင်ချင်တယ်"

"ငါတို့ရပ်ကွက်က အသက်ခြောက်ဆယ်အရွယ် မုဆိုးမကြီးတောင် ရွှမ်းထျန်းဂိုဏ်းနဲ့ တူတဲ့ဂိုဏ်းတစ်ခုကို ဝင်ခွင့်ရသွားပြီး၊ မြို့စားတစ်ယောက်က သတိထားမိပြီး အဲဒီမုဆိုးမကြီးကို ချက်ချင်းလက်ထပ်လိုက်တာကွ"

"အစ်မ...မင်းရဲ့ အတွင်းခံကို စစ်ဆေးဦး၊ နင်းမိုင်းတွေကို မနင်းမိအောင် သတိထားပါ"

လိုက်ဖ်လွှင့်မှုအတွင်း တစ်နိုင်ငံလုံးမှ လူများသည် ထျန်းရွှမ်းအဆောက်အဦးကို မနာလိုသော မျက်လုံးများဖြင့် ကြည့်နေကြသည် ။

ထိုကဲ့သို့သော ဂိုဏ်းကြီးတစ်ခုသို့ ဝင်ရောက်နိုင်ခြင်းမှာ ငါးတစ်ကောင် နဂါးတံခါးကို ခုန်ကျော်နိုင်သကဲ့သို့ ဖြစ်ပြီး၊ တစ်သက်လုံး အထက်တန်းလွှာလူတန်းစား ဖြစ်လာခြင်းကို ဆိုလိုသည် မဟုတ်ပါလား။

ထိုအချိန်တွင် ထျန်းရွှမ်းအဆောက်အဦး၏ ခေါင်မိုးပေါ်၌ ကြယ်တာရာကဲ့သို့ တောက်ပသောမျက်လုံးများနှင့် ဓားကဲ့သို့ မျက်ခုံးများရှိသော အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးရှိနေပြီး သူမသည် အနည်းငယ် နွမ်းနယ်နေပုံရသည် ။

သူမသည် ထျန်းရွှမ်းအဆောက်အဦးအောက်တွင် ဒူးထောက်နေသော လူများကို ကြည့်ကာ စိတ်ပျက်သောအမူအရာဖြင့် ခေါင်းခါ၏။

"အားလုံးက... အမှိုက် ဝိညာဉ်အမြစ်တွေချည်းပဲ "

---------------------

အခန်း ၃၄၅ - အားကျိအတွက် အခွင့်အရေးလား

"ပျိုးပင်ကောင်းတွေက အလွန်နည်းပါးတာပဲ..."

ကြယ်ရောင်တောက်ပနေသော မျက်လုံးများနှင့် ဓားသဏ္ဌာန်မျက်ခုံးများရှိသည့် အမျိုးသမီးကျင့်ကြံသူမှာ စကားမပြောနိုင်လောက်အောင် ဖြစ်နေသည်။

အောက်တွင် ဒူးထောက်နေကြသူများစွာရှိသော်လည်း သူတို့သည် မီးဝိညာဉ်နယ်မြေ၏ အစေခံတပည့်များဖြစ်ရန်ပင် အရည်အချင်းမမီကြပေ။

သူမ၏ စိတ်ကိုအနှောင့်အယှက်အပေးဆုံးအရာမှာ မနေ့က ဝိညာဉ်အမြစ်မရှိသော ကောင်လေးတစ်ဦးကို လက်မခံဘဲ ငြင်းပယ်ခဲ့သော ဖြစ်ရပ်ပင်။

ထိုကောင်လေးက သူမ၏ဆုံးဖြတ်ချက်ကို ဒေါသတကြီးဖြစ်နေပြီး "မြစ်ရေဟာ နှစ်ပေါင်းသုံးဆယ် အရှေ့ကိုစီးရင် နောက်နှစ်ပေါင်းသုံးဆယ် အနောက်ကိုစီးတယ်၊ ဆင်းရဲတဲ့လူငယ်ကို ဘယ်တော့မှ အထင်မသေးနဲ့" ဟုပင် ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့သေးသည်။

ဤနေရာသည် စောင့်ကြည့်ရေးကင်မရာများစွာရှိသော နေရာဖြစ်နေသောကြောင့် ထိုကောင်လေးကံကောင်းသွားခဲ့၏။

အကယ်၍ မီးဝိညာဉ်နယ်မြေတွင်သာဆိုလျှင် သူမသည် ထိုကောင်လေးကို ပါးရိုက်သတ်လိုက်မိမှာ သေချာသည်။

"တိုက်ပွဲနတ်ဘုရားဂိုဏ်းက မကြာသေးခင်ကမှ သန့်စင်တဲ့ဝိညာဉ်အမြစ်ပိုင်ရှင် တပည့်တစ်ယောက်ကို လက်ခံလိုက်တယ်လို့ ကြားတယ်၊ တကယ်ကို အားကျမိတာပဲ"

ကြယ်ရောင်တောက်ပသောမျက်လုံးနှင့် အမျိုးသမီးကျင့်ကြံသူက အားကျသည့်မျက်နှာထားဖြင့် ပြောလိုက်သည်။

တိုက်ပွဲနတ်ဘုရားဂိုဏ်းနှင့် ထျန်းရွှမ်ဂိုဏ်းတို့မှာ ခေတ်အဆက်ဆက် ပြိုင်ဘက်များဖြစ်ကြ၏။

ဤပြိုင်ဆိုင်မှုမှာ နှစ်ပေါင်းတစ်သောင်းမကပင် ကြာမြင့်နေခဲ့လေပြီ။

လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းကဆိုလျှင် ထျန်းရွှမ်ဂိုဏ်းသည် တိုက်ပွဲနတ်ဘုရားဂိုဏ်းအပေါ် လွှမ်းမိုးထားနိုင်ခဲ့သည်။

သို့သော် ယခုနောက်ပိုင်း နှစ်ပေါင်းအနည်းငယ်အတွင်းမှာတော့... ထျန်းရွှမ်ဂိုဏ်းမှာ သိသိသာသာ ဆုတ်ယုတ်လာခဲ့၏။

"ဟုတ်တယ် ...သန့်စင်တဲ့ ဝိညာဉ်အမြစ်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ဟာ ကျင့်ကြံမှုချောမွေ့ပြီး အရင်းအမြစ်လုံလောက်မယ်ဆိုရင်... စိတ်ဝိညာဥ်အဆင့်ထိ ရောက်ဖို့ တောင် အခွင့်အရေးရှိတယ်"

အနားရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကလည်း အားကျနေသောမျက်လုံးများဖြင့် မှတ်ချက်ပေးသည်။

"ကျွန်တော်တို့ စုဆောင်းနိုင်ခဲ့တဲ့အထဲမှာ အသန်မာဆုံးက မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ်ပဲရှိတယ်၊ ဒါပေမဲ့ ကျစ်ချီဆိုတဲ့ကလေးကတော့ အရမ်းကြိုးစားတယ်၊ သူမရဲ့ အောင်မြင်မှုတွေက နိမ့်ကျမှာ မဟုတ်ဘူး။"

ဝမ်ကျစ်ချီအကြောင်း ပြောလိုက်သောအခါ ရှဲ့ထန်၏မျက်နှာမှာလည်း နူးညံ့သောအမူအရာဖြင့် ပျော့ပြောင်းသွားသည်။

ထိုကလေးမလေးသည် ပျောက်ဆုံးနေသော သူတို့ဂိုဏ်း၏ သူတော်စင်မယ် ရှဲ့ရှင်းစုပြီးလျှင် ထျန်းရွှမ်းဂိုဏ်းတွင် ပါရမီအရှိဆုံးပင်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က တိုက်ပွဲနတ်ဘုရားဂိုဏ်းက ကျွန်တော်တို့ရဲ့ လူသစ်တချို့ကိုထပ်ပြီး ခိုးယူသွားပြန်ပြီ။ ဒါနဲ့ တိုက်ပွဲနတ်ဘုရားဂိုဏ်းက ကျစ်ချီရဲ့ ဇာတိမြေဖြစ်တဲ့ ထျန်းယွဲ့မြို့ကိုလည်း သိမ်းပိုက်ဖို့ ကြိုးစားနေတယ်တဲ့"

ထိုအမျိုးသားက မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ထပ်ပြောလိုက်သည်။

ဂိုဏ်းအတွက် လူသစ်များများရှိလေလေ ထူးချွန်သူများထွက်ပေါ်လာရန် အခွင့်အရေးရှိလေလေဖြစ်သည်။

ဂိုဏ်းများ၏ တပည့်စုဆောင်းခြင်းမှာ အချက်နှစ်ချက်ပေါ်တွင် မူတည်၏။

တစ်ချက်မှာ ကြယ်ခုနှစ်ပွင့်မိသားစုကြီးများနှင့် ချုပ်ဆိုထားသော သဘောတူညီချက်များဖြစ်ပြီး၊ နောက်တစ်ချက်မှာ ဂိုဏ်းအသီးသီးကြားရှိ ပြိုင်ပွဲများဖြစ်သည်။

ပြီးခဲ့သည့်ပြိုင်ပွဲတွင် ထျန်းရွှမ်းဂိုဏ်းသည် တိုက်ပွဲနတ်ဘုရားဂိုဏ်းကို ရှုံးနိမ့်ခဲ့၏။

ထို့ကြောင့် တိုက်ပွဲနတ်ဘုရားဂိုဏ်းသည် ထျန်းရွှမ်းဂိုဏ်း၏ တပည့်စုဆောင်းရာ နယ်မြေတစ်ခုကို လွှဲပြောင်းရယူသွားခဲ့သည်။

သို့သော်လည်း တိုက်ပွဲနတ်ဘုရားဂိုဏ်းက အလွန်အတ္တကြီးလွန်း၏။

ထျန်းရွှမ်းဂိုဏ်းသည် သတ်မှတ်ချက်များအတိုင်း စင်းရှီးနယ်မြေကိုသာ ပေးအပ်ရမည်ဖြစ်သော်လည်း ယခုအခါ ၎င်းတို့က ထျန်းယွဲ့ကိုပါ လိုချင်နေကြသည်။

"တကယ်လို့ စီနီယာအစ်မသာ ဒီမှာရှိနေသေးရင် သူတို့ ဒီလောက် မောက်မာရဲမှာမဟုတ်ဘူး"

ရှဲ့ထန်က နာကျည်းလွန်း၍ လက်သီးများကိုပင် တင်းတင်းဆုပ်ထားမိသည်။

စီနီယာအစ်မ ရှဲ့ရှင်းစုသည် ဂိုဏ်း၏ နံပါတ်တစ် အမြုတေပိုင်ရှင်ဖြစ်သည်။

သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အံ့မခန်းဖြစ်ပြီး ပါရမီမှာလည်း အလွန်ထူးချွန်လှသည်။

သို့သော် လွန်ခဲ့သောတစ်နှစ်က စီနီယာအစ်မသည် အကြောင်းရင်းမရှိဘဲ ရုတ်တရက် ပျောက်ဆုံးသွားခဲ့၏။

ဂိုဏ်းချုပ်ကြီး ဟယ်ယွင်ကျိသည် သူတော်စင်မယ် ရှဲ့ရှင်းစုရှိရာကို ဘိုးဘေးများထံမှ လမ်းညွှန်မှုတောင်းခံခဲ့သော်လည်း အချည်းနှီးပင်။

ရှဲ့ရှင်းစု ပျောက်ဆုံးသွားခြင်းသည် ထျန်းရွှမ်းဂိုဏ်း၏ အကြီးမားဆုံးသော နစ်နာမှုတစ်ခုဟု ဆိုနိုင်သည်။

ဂိုဏ်းအတွင်းရှိ အချို့သောသူများကတော့ ဤကိစ္စသည် ပြိုင်ဘက်ကြီးတိုက်ပွဲနတ်ဘုရားဂိုဏ်းနှင့် ပတ်သက်နိုင်သည်ဟု ယူဆကြသည်။

"မဖြစ်ဘူး၊ ဒီတစ်ခါတော့ ငါကိုယ်တိုင် ထျန်းယွဲ့မြို့ကို သွားရမယ်။ သူတို့ ထျန်းယွဲ့ကို သိမ်းချင်တယ်ဆိုရင် ငါ ရှဲ့ထန်ကို အရင်ကျော်ဖြတ်ရလိမ့်မယ်"

"ပြီးတော့ အချိန်ကိုက်ပဲ၊ ကျစ်ချီလည်း အိမ်ပြန်မှာဆိုတော့ ငါ လိုက်သွားပေးလိုက်မယ်"

ရှဲ့ထန်းက ဆုံးဖြတ်ပြီးသည်နှင့် အဆောင်အဦးခေါင်းမိုးပေါ်မှ ပျောက်ကွယ်သွားတော့သည်။

..............

ထျန်းယွဲ့မြို့၊ ကျွင်အန်းရပ်ကွက်။

အာကျိသည် နေပူစာလှုံရင်း ဘဝကို အလွန်ကျေနပ်အားရနေ၏။

သူ၏ညီမလေးက နောက်တွင်ထိုင်ကာ ဖုန်းကို ပျင်းရိပျင်းတွဲ ကစားနေသည်။

ညအချိန်ရောက်မှ ကြယ်ကြည့်ခြင်းကသာ တစ်ခုတည်းသော ဖျော်ဖြေမှုရှိသည့်ကွေ့ယွမ်နှင့် နှိုင်းယှဉ်လျှင် ဤနေရာရှိဘဝမှာ များစွာသာလွန်၏။

အရေးကြီးဆုံးအချက်မှာ သူတို့မောင်နှမသည် ဖမ်းဆီးခံရမည် သို့မဟုတ် ကိုယ်တွင်းအင်္ဂါများ ထုတ်ယူခံရမည်ကို စိုးရိမ်ပြီး ကြောက်လန့်တကြား နေထိုင်ရန် မလိုတော့ခြင်းဖြစ်သည်။

ဤကဲ့သို့သော ဘဝမျိုးမှာ ဆရာသခင် ပေးသနားသော လက်ဆောင်ပင်။

ထို့ကြောင့် သူသည် ဆရာသခင်အပေါ် ရင်ထဲမှ နက်နက်ရှိုင်းရှိုင်း လေးစားကာ ကျေးဇူးတင်မိသည်။

"သူငယ်ချင်းလေး၊ တိုက်ဆိုင်လိုက်တာ၊ ငါတို့ ပြန်တွေ့ကြပြန်ပြီ။"

ထိုအချိန်တွင် သက်ကြီးရွယ်အိုတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။

အသံနှင့်အတူ ဝတ်စုံဖြူဝတ်ထားသော အဘိုးအိုတစ်ဦး ပေါ်လာသည်။

အဘိုးအို၏ ဝတ်စုံဖြူပေါ်တွင် ရွှေရောင်အနားသတ် ထင်းရှူးပင်များကို ပန်းထိုးထားပြီး ထူးခြားသော ဒဏ္ဍာရီလာသားရဲတစ်ကောင်၏ပုံနှင့် တန်ဆာဆင်ထားရာ အလွန်ထူးခြားပုံရ၏။

အားကျိသည် ရုတ်တရက်ရောက်လာသော အဘိုးအိုကို သတိကြီးစွာဖြင့် ကြည့်လိုက်ပြီး သူ၏ညီမလေးကို အလိုအလျောက် ကာကွယ်လိုက်သည်။

သူ၏ အမူအယာကိုမြင်သအခါ အဘိုးအိုက အားကိုးရာမဲ့စွာ ပြုံးလိုက်၏။

"မင်းက ငါ့အပေါ် တော်တော်သတိထားတာပဲ သူငယ်ချင်းလေး။ငါ ကျန်းတာ့ရန်က မင်းကို အန္တရာယ်ပြုဖို့ မဟုတ်ပါဘူး၊ မင်းတို့နှစ်ယောက်ကို အခွင့်အရေးတစ်ခု ပေးချင်ရုံပါ။"

"ကျွန်တော်တို့ ဘယ်အခွင့်အရေးမှ မလိုချင်ဘူး"

အားကျိက အဘိုးအိုကို သတိကြီးစွာ စိုက်ကြည့်ရင်း ယတိပြတ်ငြင်းလိုက်သည်။

ကျန်းတာ့ရန်က ကြင်နာစွာပြုံးပြီး ညင်သာစွာရှင်းပြ၏။

"အလျင်စလို မငြင်းနဲ့လေ.. သူငယ်ချင်းလေးရဲ့ ။ ဒါကို ကြည့်ပါဦး..."

ကလေးများနှင့် ဆက်ဆံရာတွင် ကျန်းတာ့ရန်၌ ကိုယ်ပိုင်နည်းလမ်းများ ရှိသည်။

သူသည် ဗလာဖြစ်နေသော သူ့လက်ဖဝါးကို ဖြန့်လိုက်ရာ ရုတ်တရက် ငှက်ပျောသီးတစ်လုံး ပေါ်လာသည်။

ဤကဲ့သို့သော လှည့်ကွက်မျိုးမှာ ကလေးများအတွက် အထူးဆွဲဆောင်မှုရှိ၏။

အမှန်ပင် အားကျိ၏နောက်က ညီမလေးမှာ ငှက်ပျောသီးကို အံ့သြတကြီး ကြည့်နေပြီး သူမ၏မျက်နှာမှာ ဇဝေဇဝါ ဖြစ်နေသည်။

"မင်းတို့နှစ်ယောက် ငါ့နောက်လိုက်ပြီး ငါ့ရဲ့တပည့်တွေ ဖြစ်လာမယ်ဆိုရင် နောင်ကျရင်... ငါလုပ်နိုင်သလိုမျိုး မင်းတို့လည်း လုပ်နိုင်လာလိမ့်မယ်။"

ကျန်းတာ့ရန်က ယုံကြည်မှုအပြည့်ဖြင့် ဂုဏ်ယူစွာ ပြောလိုက်သည်။

ထိုအချိန်တွင် အနားရှိ လူငယ်တစ်ဦးကလည်း ဝင်ပြော၏။

"မင်းတို့နှစ်ယောက် တော်တော်ကံကောင်းတာပဲ။ မီးဝိညာဉ်နယ်မြေမှာဆိုရင် လူတိုင်းက နှောင်ကြိုးမဲ့ရဲ့ တပည့်ဖြစ်ဖို့ ငိုယိုပြီးတော့တောင် တောင်းပန်နေကြတာ"

" ဒီလောက်ကြီးမားတဲ့ အခွင့်အရေးက မင်းတို့ရှေ့ တည့်တည့်မှာရှိနေတာကို ကလေးနှစ်ယောက်က အခုထိ ဒူးထောက်ပြီး အရိုအသေမပြုကြသေးဘူးလား ၊ တစ်ခါတည်း တပည့်ဖြစ်သွားရင် မင်းတို့ရဲ့ ဘဝလမ်းကြောင်းက လုံးဝပြောင်းလဲသွားလိမ့်မယ်"

" မင်းတို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးတဲ့၊ အိပ်မက်တောင် မမက်ဖူးတဲ့ ကမ္ဘာတစ်ခုထဲကို ရောက်သွားပြီး မသေမျိုးတွေဖြစ်လာမှာ။"

ထိုလူငယ်က ကမ္ဘာကြီးကို အပေါ်စီးက ကြည့်နေသကဲ့သို့ မောက်မာသော လေသံဖြင့် ပြောလိုက်သည်။

သို့သော် ကျန်းတာ့ရန်က ခေါင်းခါလိုက်သည်။

"မင်းကလည်း ချဲ့ကားပြောနေပြီ ။ ငါက ဒီလိုပဲ လှည့်လည်သွားလာနေသူတစ်ယောက်ပါပဲ။"

"ဒီကလေးနှစ်ယောက်ကို... ငါ့မျက်စိကျသွားလို့ပါ၊ သူတို့ရဲ့ ပါရမီတွေကလည်း တော်တော်သင့်တော်တယ်။ ငါ သူတို့ကို သဘောကျမိတာပေါ့"

" သူငယ်ချင်းလေးတို့၊ ငါ့နောက်လိုက်ဖို့ ဆန္ဒရှိလား "

"စိတ်မပူနဲ့ ...မင်းတို့နှစ်ယောက်သာ သဘောတူရင် မင်းတို့ရဲ့ အုပ်ထိန်းသူတွေကို ငါကိုယ်တိုင် သွားပြောပေးမယ်။"

နှောင်ကြိုးမဲ့သည် သာမန်ကျင့်ကြံသူများနှင့်မတူဘဲ ကိုယ်ပိုင်ဟန်ဖြင့် လုပ်ဆောင်တတ်သူဖြစ်သည်။

အားကျိက လျင်မြန်စွာ ခေါင်းခါလိုက်သည်။

"ကျွန်တော်တို့ စိတ်မဝင်စားလို့ပါ ၊ စိတ်မရှိပါနဲ့"

နှောင်ကြိုးမဲ့ကျန်းတာ့ရန် ခဏတာ မှင်တက်သွားသည်။

"ငါ့ရဲ့ နည်းစနစ်က သိပ်ပြီး အထင်ကြီးစရာ မကောင်းလို့လား"

သူသည် လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်မူ သူ၏လက်မောင်းများကြား၌ ရွှေရောင်နဂါးလေးတစ်ကောင်ပေါ်လာပြီး လှည့်ပတ် ပျံသန်းနေရာ အလွန်အထင်ကြီးစရာ ကောင်းလှ၏။

ဤကဲ့သို့ ပြသခြင်းမျိုးမှာ ကလေးများကို ဆွဲဆောင်ရန် အကောင်းဆုံးပင်။

သို့သော်လည်း အားကျိက ထိုအရာကို ကြည့်ပင်မကြည့်ဘဲ သူ၏ညီမလေးကို ဆွဲကာ မတွန့်မဆုတ် ထွက်ခွာသွားလေသည်။

ကျန်းတာ့ရန်မှာ ခဏမျှ အံ့အားသင့်သွားပြီးနောက် သဘောကျစွာ တဟားး ရယ်မောလိုက်သည်။

သို့သော် သူ၏ဘေးက လူငယ်၏ မျက်လုံးများမှာမူ အေးစက်နေသည်။

"စီနီယာ၊ ကျွန်တော် သွားဖမ်းလိုက်ရမလား"

"ဟွန်း... နဂါးစစ်စစ်ကို မြင်ပါလျက်နဲ့ မမှတ်မိကြဘူးဆိုစလိုပဲ။ ဒီလို အခွင့်အရေးကြီးကို ဘယ်လိုများ လွှတ်လိုက်ကြတာလဲ"

ကျန်းတာ့ရန်က ခေါင်းခါလိုက်ပြီး မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာသည်။

"ငါ့ဘဝတစ်လျှောက်လုံး လွတ်လပ်မှုကိုပဲ ရှာဖွေခဲ့တာ။ သူတစ်ပါးကိုလည်း ဘာလို့ အတင်းအကျပ် လုပ်ရမှာလဲ"

"အရာအားလုံးက ကံတရားအပေါ်မှာပဲ မူတည်ပါတယ်။ နောက်ရက်အနည်းငယ်မှာ ငါ သူတို့ကို လှည့်ကွက်အချို့ ထပ်ပြဦးမယ်။ သူတို့ ငြင်းနေသေးရင်တော့ ကံမပါဘူးလို့ပဲ မှတ်ရမှာပေါ့။"

လူငယ်၏မျက်လုံးများက အနည်းငယ်တည်ငြိမ်သွားပြီး လေးနက်စွာပြောလိုက်သည်။

"ဒါဆိုရင် စီနီယာ ဒီတပည့်နှစ်ယောက်ကို အမြန်ဆုံး ရရှိပါစေလို့ ဆုတောင်းပေးပါတယ်"

"ဒါပေမဲ့...တကယ်လို့ ဒီနှစ်ယောက်က စီနီယာနဲ့ ကံမပါဘူးဆိုရင်တော့ ကျွန်တော်တို့ တိုက်ပွဲနတ်ဘုရားဂိုဏ်းက... သူတို့ကို လက်ခံဖို့ ဂုဏ်ယူမိမှာပါ။ စီနီယာ နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ထိုကလေးနှစ်ဦးစလုံးမှာ ပါရမီ အလွန်ကောင်းမွန်ကြသည်။ တစ်ဦးမှာ မြေကမ္ဘာအဆင့်ဝိညာဉ်အမြစ်ရှိပြီး ကျန်တစ်ဦးမှာ ကောင်းကင်အဆင့် ဝိညာဉ်အမြစ်ပင် ရှိနေ၏။

အကယ်၍ နှောင်ကြိုးမဲ့ကြီးကသာ သူတို့ကို တပည့်အဖြစ် အလိုမရှိခဲ့ပါက တိုက်ပွဲနတ်ဘုရားဂိုဏ်းသည် သူတို့ကို အတင်းအကျပ် ခေါ်ဆောင်သွားပြီးဖြစ်နေလိမ့်မည်။

"သဘောတူတယ်လေ"

ကျန်းတာ့ရန်မှာ ထူးဆန်းသူဖြစ်ပြီး မည်သည့်ကန့်သတ်ချက်မှ မထားတတ်ပေ။

တိုက်ပွဲနတ်ဘုရားဂိုဏ်းက ခေါ်သွားမည်ဆိုလျှင်လည်း ခေါ်သွားပါစေပေါ့။

"ကျွန်တော် စုံစမ်းပြီးပါပြီ။ ဒီနှစ်ယောက်က ချင်းယွမ်က မဟုတ်ဘူး၊ ကွေ့ယွမ်ကနေ ဒီရပ်ကွက်ကို ခေါ်လာတာတဲ့"

"ကျွန်တော်တို့ တိုက်ပွဲနတ်ဘုရားဂိုဏ်းက ဝူကွေ့ရဲ့ ဝူဂိုဏ်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိဖူးတယ်။အချိန်တန်ရင်... ဝူကွေ့နာမည်နဲ့ သူတို့ကို ခေါ်သွားရုံပါပဲ။ အရမ်းရိုးရှင်းပါတယ်။"

လူငယ်က ရှင်းပြလိုက်ပြီး အားကျိတို့ထွက်သွားရာဘက်သို့ အေးစက်စွာကြည့်လိုက်၏။

.............

[တာဝန်ပြီးဆုံးသည်- ဆုလာဘ်- ဘိုးဘေးပြန်လည်ဆန်းသစ်ခြင်း ဆေးလုံးတစ်လုံး။]

အလင်းတစ်ချက် ဖျတ်ခနဲ ပေါ်လာပြီး ကျိယွမ်၏ ကျောက်အိမ်တွင် ဆေးလုံးတစ်လုံး ပေါ်လာသည်။

သာမန်ဆေးလုံးများနှင့်မတူဘဲ ဤဆေးလုံးမှာ သွေးကဲ့သို့ ရဲရဲနီနေပြီး သွေးနံ့များ ပြင်းထန်စွာ ထွက်ပေါ်နေ၏။

ကျိယွမ်က ဆေးလုံးကို စူးစမ်းလိုသော အမူအရာဖြင့် ကြည့်လိုက်သည်။

[ဘိုးဘေးပြန်လည်ဆန်းသစ်ခြင်း ဆေးလုံးကို သောက်သုံးရန် အာနိသင်အကောင်းဆုံးဖြစ်စေရန် သွေးကျောက်စိမ်းနံရံသို့ သွားပါ။]

ညွှန်ကြားချက်တစ်ခု ထပ်မံ ပေါ်လာပြန်သည်။

သွေးကျောက်စိမ်းနံရံဆိုသည်မှာ ခံတပ်တိုင်းတွင်ရှိသော သွေးရောင်လွှမ်းသည့် နံရံတစ်ခုဖြစ်၏။

နံရံပေါ်တွင် ထူးဆန်းသည့် ထူးခြားသတ္တဝါများ၏ ပုံအမျိုးမျိုးကို ထွင်းထုထားသည်။

သွေးစစ်သည်များအတွက် သွေးကျောက်စိမ်းနံရံအောက်တွင် ကျင့်ကြံခြင်းက အလွန်အကျိုးရှိ၏။

"ဒီဘိုးဘေးပြန်လည်ဆန်းသစ်ခြင်း ဆေးလုံးက ငါ့ဘိုးဘေးတွေနဲ့ တွေ့ခွင့်ပေးနိုင်မလားဆိုတာ သွားကြည့်ရမှာပဲ။"

ထိုအချိန်တွင် ခံတပ်သို့ ပြန်ရောက်နေသော အန်းချောင်မှာမူ အနည်းငယ်ကြောင်တောင်တောင် ဖြစ်နေလေသည်။

တာဝန်ပြီးဆုံးကြောင်း အသိပေးချက် က ရုတ်တရက်ပေါ်လာပြီးနောက် သူမသည် ခံတပ်သို့ အလိုလိုပြန်ရောက်လာခဲ့သည်။

"အန်းမိန်းကလေး၊ ဘာတွေဖြစ်တာလဲ၊ ဒီတာဝန်က တစ်နှစ်တောင် ကြာသွားတာပဲ။ ဒီအဘိုးကြီးက မင်းတို့အားလုံး တာဝန်ထမ်းဆောင်ရင်း သေကုန်ကြပြီလို့ ထင်နေတာ။"

နွမ်းပါးသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လင်းယဲ့ရှန်းက အန်းချောင်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ရင်း စပ်စုလိုက်သည်။

ပုံမှန်အားဖြင့် တာဝန်များသည် အလွန်လျင်မြန်စွာ ပြီးဆုံးတတ်၏။

တစ်လအတွင်း ပြီးဆုံးခြင်းမှာပင် အလွန်ရှားရှားပါးပါးကြာမြင့်သည်ဟု ယူဆရသည်။

သို့သော် အန်းချောင်၏ တာဝန်မှာ တစ်နှစ်နီးပါး ကြာမြင့်ခဲ့ခြင်းသည် တစ်ခါမှ မကြားဖူးသော ကိစ္စပင်။

လင်းယဲ့ရှန်းသာမက ကင်းစခန်းရှိ အခြားသူများကလည်း အန်းချောင်တို့မှာ တာဝန်ကမ္ဘာတွင် သေဆုံးသွားပြီဟု ထင်ခဲ့ကြ၏။

သို့သော် ယခုအခါ တစ်နှစ်နီးပါး ကြာပြီးနောက် အန်းချောင် ရုတ်တရက် ပြန်ပေါ်လာခြင်းက ကင်းစခန်းရှိ လူများစွာကို အံ့အားသင့်သွားစေသည်။

အန်းချောင်၏ အနား၌ လူအုပ်ကြီး စုရုံးလာကြသည်။

"ဘာဖြစ်တာလဲ အန်းချောင် ၊ မင်းရဲ့တာဝန်က အဲ့လောက်မခက်ခဲပါဘူး။ ဘာလို့ တစ်နှစ်တောင် ကြာသွားတာလဲ"

"ဟုတ်တယ်၊ ဒီတာဝန်မှာ လူ အယောက်နှစ်ဆယ်ကျော် ပါဝင်တာတောင် တစ်နှစ်နီးပါး ကြာတယ်ဆိုတာ မယုံနိုင်စရာပဲ"

အန်းချောင်က သူမကို ဝိုင်းအုံကြည့်နေသော လူများကို ကြည့်လိုက်ပြီး တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။

"ရှင်တို့ထဲက တစ်ယောက်ယောက်က... တာဝန်ရဲ့ပစ်မှတ်ကို အဖွဲ့ဝင်တစ်ယောက်က ဘယ်သူမှမသိအောင် ခေါ်သွားပြီး ဖွတ်ထားတာမျိုး ကြုံဖူးလား"

"ဘာ"

"အဖွဲ့ဝင်တစ်ယောက်က ခေါ်သွားတာ... တစ်နှစ်တောင်မှလား"

"အဲ့ဒီလူက တကယ့်ကို ယုတ်မာတာပဲ"

"သူက ရှင်တို့ကို တာဝန်ကမ္ဘာထဲမှာ ထားခဲ့ဖို့ ကြံစည်နေတာလား"

လူအုပ်ကြီး၏ မျက်နှာထားများ ပြောင်းလဲသွားပြီး လူတိုင်း ထိတ်လန့်စရာတစ်ခုခုကို တွေးမိသွားကြသည်။

အကယ်၍ သူတို့သည် တာဝန်တစ်ခုကို လုပ်ဆောင်နေစဉ် အဖွဲ့ဝင်တစ်ဦးနှင့် စိတ်ဝမ်းကွဲပြီး ထိုအဖွဲ့ဝင်က တာဝန်ပစ်မှတ်ကို ခေါ်သွားကာ တာဝန်မပြီးမြောက်အောင် လုပ်လိုက်ပါက... သူတို့သည် တာဝန်ကမ္ဘာထဲတွင် ထာဝရပိတ်မိပြီး နောက်ဆုံးတွင် သေဆုံးသွားကြမည် မဟုတ်ပါလား။

"အဲ့ဒီလူက အောက်တန်းကျလိုက်တာ။ ရှင်တို့ သူ့ကို ဖမ်းမိခဲ့လား"

" တာဝန်က တစ်နှစ်နီးပါးကြာမှ ပြီးသွားတာဆိုတော့ မင်းတို့ သူ့ကို ဖမ်းမိခဲ့တာ ဖြစ်ရမယ်"

"သူက တော်တော်သန်မာပြီး ပုန်းကွယ်တာလည်း ကောင်းပုံရတယ်၊ ဒါကြောင့် မင်းတို့ သူ့ကို ဖမ်းဖို့ တစ်နှစ်တောင် ကြာသွားတာပေါ့။"

လင်းယဲ့ရှန်းက သက်ပြင်းချလိုက်သည်။

သူသည် အတွေ့အကြုံရှိသော တိုက်ခိုက်ရေးသမားဖြစ်သော်လည်း အဆင့်နိမ့်သူဖြစ်သဖြင့် တာဝန်ကမ္ဘာများတွင် အဖွဲ့ဖော်များကိုသာ အားကိုးရလေ့ရှိ၏။

အကယ်၍ သူသာ ထိုသို့သော အခြေအနေမျိုး ကြုံတွေ့ခဲ့ပါက ဘာလုပ်ရမှန်း သိမည်မဟုတ်ပေ။

သူသည် ဘေးကင်းရာ၌သာ နေထိုင်ရန်နှင့် လူမသိအောင် နေထိုင်ရန်သာ ဆုံးဖြတ်လိုက်မိသည်။

"ဒါနဲ့ ညီအစ်ကိုကျိယွမ်ကော ဘယ်မှာလဲ ၊ သူကလည်း သွေးကျောက်စိမ်းအဆင့်လောက် ရှိနေတယ်လို့ ငါမှတ်မိတယ်၊ သူရော အဲ့ဒီလူယုတ်မာကို မဖမ်းနိုင်ဘူးလား"

လင်းယဲ့ရှန်းက သတိရကာ မေးလိုက်သည်။

သူ၏မေးခွန်းကိုကြားသောအခါ အန်းချောင်၏ရင်ခုန်သံ အနည်းငယ် မြန်သွားပြီး သူမက ခါးသီးစွာ ပြုံးလိုက်သည်။

"အဲ့ဒီလူက... ကျိယွမ်ကိုယ်တိုင်ပါပဲ"

"ဘာ... သူလား"

"သူက တကယ့်ကို စက်ဆုပ်စရာကောင်းတဲ့ အလုပ်မျိုး လုပ်ခဲ့တာပဲ။ စည်းကမ်းဆိုတာ မရှိတော့ဘူးလား"

"မရဘူး၊ သူ ထွက်လာတဲ့အခါ ငါတို့ သူ့ကို သင်ခန်းစာ ပေးရမယ်။တကယ်လို့ သူ့နဲ့ နောက်တစ်ခါ အဖွဲ့ကျရင် ငါတို့ ဘယ်လို အသက်ရှင်နိုင်မှာလဲ"

"သူ့ကို သင်ခန်းစာ ပေးကို ပေးရမယ်၊ မဟုတ်ရင်..."

လူအုပ်ကြီးသည် တရားမျှတမှုအတွက် အသံဗလံများစွာဖြင့် အော်ဟစ်နေကြသည်။

"ကျွန်မထင်တာတော့... အဲ့ဒီလို မလုပ်တာ ပိုကောင်းမယ်။"

အန်းချောင်က ကူကယ်ရာမဲ့စွာ အကြံပြုလိုက်သည်။

"ဘာလဲ၊ သူက သွေးကျောက်စိမ်းအဆင့်ရဲ့ အလယ်အလတ်ကို ရောက်နေလို့လား ၊ ဟွန်း... သူ့မှာ ခွန်အားအချို့ ရှိကောင်းရှိနိုင်ပေမဲ့ ငါတို့အားလုံးရဲ့ အင်အားကိုလည်း မနည်းပါဘူး"

"အန်းချောင်၊ မကြောက်ပါနဲ့။ ငါတို့ မင်းနောက်မှာ ရှိပါတယ်။"

"ဒီနေ့ သူ့ကို ငါတို့ ကောင်းကောင်း ပြောပစ်ရမယ်။ သူက သူ့ရဲဘော်တွေရဲ့ အသက်ကို လျစ်လျူရှုလို့ မရဘူး။ ဒါက ခွင့်မလွှတ်နိုင်တဲ့ ကိစ္စပဲ"

"သူ ဘယ်လောက်ပဲ သန်မာပါစေဦး၊ ငါတို့အားလုံးကို သူ့ရဲ့ သွေးစွမ်းအင်တွေ မကုန်ခင်မှာ တစ်ယောက်မကျန် တကယ်ပဲ သတ်နိုင်ပါ့မလား"

လူအုပ်ကြီးမှာ ဒေါသတကြီးဖြင့် မှန်ကန်သည်ဟု ယူဆသောအရာအတွက် စိတ်ဆိုးမာန်ဆိုး ဖြစ်နေကြသည်။

အန်းချောင်က လူအုပ်ကြီးကို ကြည့်ပြီး

တိုးတိုးလေး ပြောလိုက်မိ၏။

"ဟုတ်တယ်၊ သူ သတ်နိုင်တယ်။"

"ဘာ"

လင်းယဲ့ရှန်း အံ့အားသင့်သွားသည်။

အခြားသူများကလည်း ဇဝေဇဝါဖြင့် အန်းချောင်ကို ကြည့်လိုက်ကြ၏။

ထို့နောက် အန်းချောင် ဆက်ပြောသည်ကို သူတို့ ကြားလိုက်ရသည်။

"ဖုန်းယွမ်မှာ မိစ္ဆာစခန်း ဆယ့်နှစ်ခု ရှိတယ်။ အားအနည်းဆုံးစခန်းမှာ မိစ္ဆာစစ်သည် သုံးထောင်ရှိပြီး မိစ္ဆာသူရဲကောင်းအဆင့်တစ်ယောက်က ဦးဆောင်တယ်။"

"အားအကောင်းဆုံးစခန်းမှာ မိစ္ဆာစစ်သည် နှစ်သောင်းရှိပြီး မိစ္ဆာဝိညာဉ်အဆင့်ဘုရင်မတစ်ယောက်က ဦးဆောင်တယ်"

"အဲ့ဒီတစ်နှစ်အတွင်းမှာ ကျိယွမ်က တာဝန်ပစ်မှတ်ကို ခေါ်ဆောင်သွားပြီး မိုင်ပေါင်း သုံးထောင်ကျော်အထိ တိုက်ခိုက်ခဲ့တယ်၊ သူတစ်ယောက်တည်း မိစ္ဆာစခန်းအားလုံးကို အမြစ်ပြတ်အောင် ချေမှုန်းခဲ့တာ"

" သူ တာဝန်ပစ်မှတ်ကို ခေါ်သွားရတဲ့ အကြောင်းရင်းက ကျွန်မတို့ တာဝန်ကို အမြန်ပြီးမြောက်သွားပြီး သူ ဖုန်းယွမ်က မိစ္ဆာတစ်သိန်းလုံးကို မသတ်လိုက်ရမှာ စိုးလို့တဲ့"

အန်းချောင်က ပြောရင်းဖြင့် ပို၍ စိတ်လှုပ်ရှားလာကာ အသက်ရှူပင် မြန်လာသည်။

ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းမှာ မှင်တက်သွားပြီး မယုံနိုင်သလိုဖြစ်နေ၏။

သို့သော် အနည်းငယ်တော့ တိတ်ဆိတ်သွားကြသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ၊ သူတစ်ယောက်တည်းနဲ့ မိစ္ဆာတစ်သိန်းကျော်ကို သတ်ခဲ့တာလား"

"စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတောင် ဒါကို မလုပ်နိုင်ဘူး။ သိုင်းဘုရင်အဆင့်တောင်... မောသေသွားလိမ့်မယ်"

လူအုပ်ကြီးမှာ ထိတ်လန့်သွားပြီး ဤဇာတ်လမ်းမှာ မယုံနိုင်စရာ ကောင်းလွန်းသည်ဟု ထင်လိုက်ကြသည်။

မိစ္ဆာစစ်သည်များမှာ သာမန်လူများ မဟုတ်ကြပေ။

မိစ္ဆာဝိညာဉ်အဆင့်တစ်ဦး ဦးဆောင်သော မိစ္ဆာစစ်သည် နှစ်သောင်းသည် သိုင်းဘုရင်တစ်ဦးကိုပင် မောဟိုက်ပြီး သေဆုံးသွားသည်အထိ တိုက်ခိုက်နိုင်၏။

ပြီးတော့...သိုင်ဘုရင်အဆင့် ဆိုတာကလည်း....။

မည်သည့်ခံတပ်မှာမှ သိုင်းဘုရင်အကြောင်း သူတို့ မကြားဖူးကြပေ။

တာဝန်ကမ္ဘာများ၊ အကြီးစား တာဝန်ကမ္ဘာများတွင်ပင် သိုင်းဘုရင်ဆိုသည်မှာ ဒဏ္ဍာရီတစ်ခုသာ ဖြစ်သည်။

သိုင်းဘုရင်တစ်ဦးသည် ကျင့်ကြံခြင်းနယ်ပယ်အရ ခရမ်းရောင်နန်းတော် ကျင့်ကြံသူနှင့် ညီမျှ၏။

ပြိုင်ဘက်ကင်းသော ဒဏ္ဍာရီလာ ခရမ်းရောင်နန်းတော်ရှင် ...။

လူအုပ်ကြီးမှာ အတွေးကိုယ်စီဖြင့် တိတ်ဆိတ်သွားသည်။

"အန်းချောင်၊ မင်း ပြန်လာပြီပဲ။ ကံကောင်းလိုက်တာ ၊ ဒါနဲ့ ဒါက ပါရမီရှင်မဟာမိတ်အဖွဲ့ရဲ့ တံဆိပ်တုံးပဲ။ ဒါကို ယန်ကွမ်းဆီ ပို့ပေးပါဦး"

တည်ငြိမ်အေးဆေးသော အသံတစ်ခု ထွက်ပေါ်လာပြီး အနားရှိ လူတိုင်းသည် ပြင်းထန်လွန်းသော သွေးနံ့ကို ရုတ်တရက် ရရှိလိုက်ကြသည်။

အကြောင်းရင်းမသိဘဲ သူတို့၏သွေးများမှာ ဆူပွက်လာပြီး ထိတ်လန့်စရာကောင်းသော မိစ္ဆာတစ်ကောင်၏ စောင့်ကြည့်ခြင်းကို ခံနေရသကဲ့သို့ တုန်လှုပ်လာကြ၏။

ထို့နောက် သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချောမောသည့် လူငယ်တစ်ဦး ပေါ်လာပြီး ပါရမီရှင်မဟာမိတ်တံဆိပ်တုံးက အန်းချောင်၏ လက်ထဲသို့ ကျရောက်သွားသည်။

လူတိုင်းသည် ကျိယွမ်ကို ကြည့်ကာ ခန္ဓာကိုယ်များ မထိန်းချုပ်နိုင်အောင် တုန်ယင်နေကြသည်။

ဤကဲ့သို့ တုန်ယင်ခြင်းမှာ သူတို့၏ မျိုးရိုးဗီဇနှင့် သွေးသားထဲတွင် စွဲမြဲနေပုံရ၏။

မူလက သူတို့သည် အန်းချောင်က ချဲ့ကားပြောနေသည်ဟု သံသယရှိခဲ့ကြသည်။

သို့သော် ယခု ကျိယွမ်၏ ပေါ်ထွက်လာသောအခါ ၄င်းတို့၏ခန္ဓာကိုယ်ဗီဇများ၏ တုန့်ပြန်မှုအရ အန်းချောင်၏ စကားများမှာ လုံးဝမှန်ကန်ကြောင်း သူတို့ သိလိုက်ရလေ၏။

ထိတ်လန့်စရာကောင်းပြီး လွှမ်းမိုးနိုင်သတ်ဖြတ်လိုစိတ်နှင့် သွေးနံ့များမှာ အတုလုပ်၍ မရနိုင်ပေ။

သူတို့၏ သွေးစွမ်းအင်သိုင်းလမ်းစဉ်မှာ မိစ္ဆာသားရဲများအပေါ် အခြေခံထားခြင်း ဖြစ်သည်။

ထို့ကြောင့် သူတို့က ဤအရာကို ပို၍ နက်နက်ရှိုင်းရှိုင်း ခံစားတတ်သည်မှာ သဘာဝပင်။

လူများသည် ကျိယွမ်ကို ကြည့်ကာ တုန်လှုပ်နေကြပြီး ယခင်က ပြောခဲ့သမျှ မောက်မာမှုများ အကုန်ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် ကျိယွမ်က လူအုပ်ကို ကြည့်လိုက်၏။

"တစ်ယောက်ယောက် ငါ့အတင်းပြောနေတာ ကြားလိုက်သလိုပဲ"

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က လေးရာသီတည်းခိုခန်းမှာ တစ်ယောက်က ငါ့ကို မကောင်းပြောလို့ ငါ သူ့ကို ရိုက်နှက်ပြီး သတ်လိုက်တာ သွေးတောင်မခြောက်လောက်သေးဘူး "

" ဒါနဲ့... ငါ့ကို မကောင်းပြောနေတဲ့သူ တစ်ယောက်ယောက် ရှိသေးလား"

သူ၏ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် လေထုထဲတွင် သွေးနံ့များ ပြည့်နှက်သွားသည်။

လူတိုင်း၏ ခြေထောက်များ တုန်ယင်လာပြီး ကြောက်ရွံ့မှုမှာ မိုးထိုးမတတ်မြင့်သွားကုန်သည်။

ကျိယွမ်ကသာ အလိုရှိပါက သူတို့အားလုံးကို အလွယ်တကူ သတ်ပစ်နိုင်သည်ဟု သူတို့ ခံစားနေရသောကြောင့်ပင် ။

"မင်းတို့အားလုံး ဘာလို့ ငါ့ကို ဒီလောက်ကြောက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတာလဲ ၊ ဒါမှမဟုတ်... မင်းတို့အားလုံး ငါ့အတင်းပြောနေကြလို့ အပြစ်ရှိသလို ခံစားနေရတာလား"

ကျိယွမ်က လူအုပ်ကြီးကို ကြည့်ပြီး တည်ငြိမ်သောအမူအရာဖြင့် မေးလိုက်သည်။

"မဟုတ်ပါဘူး"

"လုံးဝ မဟုတ်ပါဘူး"

လူအုပ်ကြီးသည် မျက်နှာချိုသွေးသော အပြုံးများကို လျင်မြန်စွာ ပြသကြပြီး အချို့ကမူ အပြစ်ကင်းစင်ပုံပေါက်အောင် အစွမ်းကုန် ကြိုးစားကြသည်။

"အတင်းမပြောဘူးဆိုရင် ဘာလို့ ကြောက်နေတာလဲ"

ကျိယွမ်က နှုတ်ခမ်းကို အနည်းငယ် လှုပ်လိုက်သည်။

သူသည် နာမည်ကြီးစကားပုံတစ်ခုကို တွေးမိသွား၏။

လူအုပ်ကြီးမှာ ပို၍ပင် ထိတ်လန့်လာပြီး မကြောက်သလို နေချင်သော်လည်း သူတို့၏ ခန္ဓာကိုယ်များက စကားကို မနားထောင်ကြပေ။

သို့သော်လည်း ကျိယွမ်က သက်ပြင်းချကာ ခေါင်းယမ်းပြသည်။

"ထားလိုက်ပါတော့၊ ငါက သဘောထားကြီးတဲ့လူပါ၊ မင်းတို့ကို အပြစ်မယူတော့ပါဘူး

ကျိယွမ်သည် လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လျှင် ကျူးယန်ကို သူ့ကိုယ်ပေါ်ရှိ သွေးနံ့များကို ဖုံးကွယ်ရန် ကူညီပေးဖို့ တောင်းဆိုမည်ဟု ဆုံးဖြတ်လိုက်သည်။

မဟုတ်ပါက သူသည် မိစ္ဆာတစ်ကောင်နှင့် အလွန်တူနေပေလိမ့်မည်။

ထိုအရာက သူ၏ ချောမာခန့်ညားပြီး နိုင်ငံကြီးသားပီသသော ပုံရိပ်ကို ထိခိုက်စေနိုင်သည် မဟုတ်ပါလား။

"ငါလို သနားကြင်နာတတ်ပြီး စည်းကမ်းလိုက်နာတဲ့သူကို ရက်စက်တဲ့လူကြမ်းကြီးလို့ အထင်မှားကုန်ရင် ငါအရမ်းနစ်နာတယ်"

All Chapters