← Chapters

အခန်း (၃၃၈-၃၃၉)

Vol. 31 Ch. 338-339

အခန်း (၃၃၈-၃၃၉)

Vol. 31 Ch. 338-339

အခန်း ၃၃၈ - တင်...တင်..တင်နဲ့မြည်နေတာက ကျင့်ကြံနေတာတဲ့လား

ဝမ်ရှန်းဘုရားကျောင်းသည် ရှုယောင်တောင်တန်းကြီးပေါ်တွင် တည်ရှိ၏။

ရှေးဟောင်းဘုရားကျောင်းကြီးမှာ တိမ်တိုက်များကိုပင် ထိလုနီးအောင်မြင့်မားသော တောင်ထိပ်ပေါ်၌ တည်ရှိသည့်အတွက် အလွန်အေးချမ်းလှသည် ။

တစ်ခါတစ်ရံ ဝေးကွာသောနေရာမှပင် ဘုရားကျောင်းမှ ခေါင်းလောင်းသံများ ပဲ့တင်ထပ်နေသည်ကိုကြားရတတ်ပြီး မြေကမ္ဘာပေါ်ရှိ နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေ၏ ။

သို့သော်လည်း ကျန်းယန်မြို့မှ လူများအတွက်မူ လွန်ခဲ့သော သုံးနှစ်ခန့်က ဝမ်ရှန်းဘုရားကျောင်းကို နိဗ္ဗာန်ဘုံဟု ခေါ်ဆိုရန် သင့်လျော်သော်လည်း ယခုအခါမှာတော့ ထိုသို့မဟုတ်တော့ပါ ။

ယခုအချိန်တွင် ဘုရားကျောင်းသို့ တက်ရာလမ်းရှိ ကျောက်လှေကားထစ်များသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး လှေကားထစ်တိုင်းတွင်လည်း အရိုးစုများ ရှိနေသည် ။

ကျန်းယန်မြို့တွင် ဆက်လက်မရှင်သန်နိုင်တော့သူ အများအပြားသည် ဝမ်ရှန်းဘုရားကျောင်းသို့ ထွက်ပြေးခဲ့ကြ၏။သို့သော်လည်း ကျောင်းဆီသို့မရောက်ခဲ့ကြပါ။ လှေကားထစ်များပေါ်တွင် မိစ္ဆာများ၏ လိုက်လံသတ်ဖြတ်ခြင်းကိုသာ ခံခဲ့ရ၏ ။

ရှေးဟောင်းဘုရားကျောင်းအတွင်း၌ ပေါင်းပင်များ နေရာအနှံ့ ပေါက်ရောက်နေပြီး ဆူးပင်ကြီးများကလည်း ကျောင်းဝန်းအနှံ့ပြန့်ကျဲနေသည် ။

ရဟန်းအိုကြီးတစ်ပါးသည် ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် မလှုပ်မယှက် ထိုင်နေပြီး မျက်စိမှိတ်ကာ ပရိတ်တရားတော်များကို ရွတ်ဖတ်လျှက်ရှိ၏။

တောက်...

တောက်..

တောက်...

ထိုအခိုက် ခြေသံများ ပဲ့တင်ထပ်လာပြီး တိတ်ဆိတ်နေသောခန်းမဆောင်ကြီးအတွင်း၌ အလွန်ကျယ်လောင်စွာ ထွက်ပေါ်လာသည် ။

ဝမ်ရှန်းဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်သည် မျက်လုံးများကို မှိတ်ထားဆဲဖြစ်သော်လည်း ပရိတ်ရွတ်ခြင်းကို ခေတ္တရပ်လိုက်၏။

"မွန်မြတ်တဲ့ ဧည့်သည်တော်၊ ဘယ်ကိစ္စနဲ့ ရောက်လာတာလဲ"

သူ၏မျက်လုံးကို ဖွင့်မကြည့်သော်လည်း ခြေသံကို နားထောင်ရုံဖြင့် ထိုခြေသံရှင်မှာ သူ၏ တပည့်တစ်ဦးမဟုတ်သလို မိစ္ဆာတစ်ကောင်လည်း မဟုတ်ကြောင်း သူသိနိုင်သည် ။

"ကျွန်တော်က မိစ္ဆာနှိမ်နင်းရေးဌာနက ကျိယွမ်ပါ၊ ကိစ္စတစ်ခု မေးမြန်းဖို့ လာတာပါ"

ကျိယွမ်က ယဥ်ကျေးစွာဖြေလိုက်သည် ။

သူက စကားပြောနေရင်းမှ ဝမ်ရှန်းဘုရားကျောင်း၏ကျောင်းထိုင်

ဆရာတော်ကို တည်ငြိမ်စွာ ကြည့်လိုက်သည် ။

ဆရာတော်၏ ခြေထောက်များမှာ လေဖြတ်ထားပုံရပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာ သွေးစွမ်းအင် အထွတ်အထိပ်သို့ ရောက်ရှိနေ၏ ။

အကယ်၍ ခြေထောက်ပြဿနာသာ မရှိပါက ဤဆရာတော်သည် ကျောက်စိမ်းသွေးအဆင့်သို့ ရောက်ရှိနေလောက်ပြီဟု ကျိယွမ် ခန့်မှန်းမိသည် ။

"ဒကာကြီးက ဘာကိစ္စများ ရှိလို့လဲ"

ကျိယွမ်သည် မိစ္ဆာနှိမ်နင်းရေးဌာနနှင့် ပတ်သက်နေသူဟု ပြောလိုက်သော်လည်း ဆရာတော်မှာ တည်ငြိမ်နေဆဲဖြစ်ပြီး ကြောက်ရွံ့ခြင်း ၊ အံ့သြခြင်း မရှိခဲ့ပါ ။

"ပန်းမိစ္ဆာမန်လျိုအကြောင်း သိချင်လို့ပါ၊ သူမ ဘယ်မှာလဲဆိုတာ သိချင်တယ်"

ကျိယွမ်ကလည်း အချိန်မဆွဲတက်သဖြင့် တိုက်ရိုက်မေးလိုက်သည် ။

အစောပိုင်းက တည်ငြိမ်နေသော ဆရာတော်၏ မျက်နှာတွင် ထိုအမည်ကို ကြားလိုက်ရချိန်တွင် နာကျင်မှုအရိပ်အယောင်များ ပေါ်လာ၏ ။

"သူက... ဖုန်းဟွာဂူထဲမှာ ရှိနေတယ်"

ဆရာတော်က ဘာမှမဖုံးကွယ်ဘဲ ဖြေလိုက်သည် ။

"ခင်ဗျားရဲ့ နှလုံးခုန်သံက တည်ငြိမ်နေလို့ ခင်ဗျား လိမ်မပြောဘူးလို့ ထင်ရပေမယ့်... အဲဒီစကားက လိမ်ညာမှုပဲ"

ကျိယွမ်က ဆရာတော်ကို ပြုံးစစကြည့်သည် ။

ဆရာတော်၏နှလုံးခုန်သံမှာ တည်ငြိမ်နေပြီး မျက်နှာအမူအရာကလည်း အေးချမ်းနေသဖြင့် အများအမြင်တွင် သူကအမှန်အတိုင်း ပြောနေပုံရ၏ ။

သို့သော် သူ၏နှာခေါင်းမှာ ရှည်လာခဲ့သည်မဟုတ်ပါလား ။

ဆရာတော်က ကျိယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး မှတ်ချက်ချ၏။

"ဒကာကြီးက... တော်တော်လေး ထူးခြားတာပဲ"

"ထူးခြားတာ မထူးခြားတာက အရေးမကြီးဘူး၊ မှန်ကန်တဲ့ အဖြေကိုပဲ ပြောပါ"

ကျိယွမ်က ဘုန်းကြီးအိုကြီးနှင့် ကစားနေရန် စိတ်မပါပေ ။

သူသည် မိစ္ဆာများကို အမဲလိုက်ရန်သာ စိတ်အားထက်သန်နေသည် ။

"ဒကာကြီး ရှာနေတဲ့သူက ဖုန်းဟွာဂူထဲမှာ ရှိနေတယ်"

ဆရာတော်က ထပ်မံ ဖြေကြား၏ ။

ဤတစ်ကြိမ်တွင် ကျိယွမ်၏ နှာခေါင်းမှာ ရှည်မလာတော့ပါ ။

ဘာလဲဟ ။

ကျိယွမ်၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသော အရိပ်အယောင်များ ပေါ်လာပြီး

မျက်မှောင်ကျုံ့၏။

"စိတ်ဝင်စားဖို့ ကောင်းလိုက်တာ၊ ဒီတစ်ခါတော့ အမှန်ပဲကို ။ ပန်းမိစ္ဆာ မန်လျိုက ဖုန်းဟွာဂူထဲမှာ ရှိနေတယ်ဆိုတာ လိမ်ညာမှု ဖြစ်ပေမယ့် ကျွန်တော် ရှာနေတဲ့သူကတော့ တကယ့်ကို အဲဒီမှာ ရှိနေတာပဲ။"

" ဒါက ဘာကို ဆိုလိုတာလဲ... အင်း.. ဒါက ဦးနှောက်သုံးဖို့ လိုအပ်လာပြီ"

"တော်ပြီ ..စဉ်းစားမနေတော့ဘဲ သွားကြည့်လိုက်တာပဲ ကောင်းမယ်"

ကျိယွမ်က ဆက်ပြီး စဉ်းစားမနေတော့ပါ ။

ဤမစ်ရှင်မှာ ရှုပ်ထွေးပုံရသော်လည်း အမှန်တကယ် ပြီးမြောက်အောင် လုပ်ချင်ပါက မခက်ခဲပါ ။

ရန်သူအားလုံး၏ ဝိညာဥ်ကိုသာ ရှာဖွေနိုင်မည်ဆိုလျှင် အမှန်တရားက ပေါ်ပေါက်လာမည် မဟုတ်ပါလား ။

၎င်းက ရမ်းသန်းပြီးခန့်မှန်းနေခြင်းထက် ပိုမိုမြန်ဆန်သလို ပို၍လည်း တိကျပါသည် ။

ထိုစဉ် ဆရာတော်က ကျိယွမ်အားမေတ္တာရပ်ခံ၏။

"တကယ်လို့ ဒကာကြီးက မိစ္ဆာကို သတ်ဖို့လာတာဆိုရင် ကျေးဇူးပြုပြီး သူရဲ့ အသက်ကိုတော့ ချမ်းသာပေးပါ။ သူက... သနားစရာကောင်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတာပါ၊ပြီးတော့ သေသင့်သေထိုက်တဲ့ သူတွေကိုပဲ သူသတ်ခဲ့တာပါ"

ဆရာတော်၏ အသံတွင် နက်ရှိုင်းသော ကူကယ်ရာမဲ့မှုများ ပါဝင်နေသည် ။

ခရိုင်ဝန်၏ ပြောကြားချက်အရ ပန်းမိစ္ဆာမန်လျိုကို ဝမ်ရှန်းဘုရားကျောင်းမှ ဆရာတော်ကိုယ်တိုင် မွေးမြူခဲ့ခြင်းဖြစ်ပြီး သူ၏ သမီးအရင်းကဲ့သို့ပင် ဖြစ်သည် ။

"သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် မှတ်ထားပါ့မယ်"

ကျိယွမ်က ခေါင်းညိတ်ပြလိုက်သည် ။

သူသည် ယခုအချိန်ထိ ယဉ်ကျေးပျူငှာနေဆဲပင် ။

သူက သတင်းအချက်အလက် ရယူရန်အတွက်သာ လာခြင်းဖြစ်သော်လည်း ကျေးဇူးတင်စကား ပြောခြင်းမှာ ကောင်းမွန်သော အကျင့်စာရိတ္တတစ်ခု ဖြစ်၏ ။

ထိုသို့ ပြောပြီးနောက် ကျိယွမ်၏ ပုံရိပ်မှာ ခန်းမထဲမှ ပျောက်ကွယ်သွားသည် ။

ကျယ်ပြောသော ခန်းမဆောင်ကြီးအတွင်း၌ ဝမ်ရှန်းဘုရားကျောင်းထိုင်ဆရာတော်တစ်ပါးတည်းသာ ကျန်ရစ်ခဲ့၏ ။

သူသည် ခန်းမဆောင်ကြီးကို ကြည့်နေရင်း ဗုဒ္ဓရုပ်ပွားတော်အောက်တွင် တစ်ဦးကိုတစ်ဦး နမ်းနေကြသော ကောင်လေးနှင့် ကောင်မလေးကို ပြန်မြင်ယောင်နေပုံရသည် ။

ထို့ပြင် အဘိုးကြီးထုံနှင့် သခင်မကြီးထုံတို့၏ ငိုကြွေးသံများကိုလည်း သူ ကြားနေရပုံရ၏ ။

လူသားနှင့် မိစ္ဆာတို့သည် လမ်းစဉ်ချင်း မတူကြပါ ။

"သားသမီးကို ချစ်တဲ့ အဖေတစ်ယောက်ဟာ သူ့အတွက် နက်နက်ရှိုင်းရှိုင်း စီစဉ်ပေးတတ်တာ သဘာဝပါပဲ"

ဆရာတော်က သက်ပြင်းချကာ သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည် ။

သို့သော် သူဆိုလိုသည့် မိဘမှာ မည်သည့်မိဘများကို ရည်ညွှန်းသည်ကိုတော့ သူကိုယ်တိုင်သာ အသိဆုံးဖြစ်ပါလိမ့်မည်။

ရှုယောင်တောင်တန်းသည် မတ်စောက်သော တောင်များနှင့် နက်ရှိုင်းသောလျှိုမြောင်များကြောင့် ကျော်ကြားသည် ။

ယခုအချိန်တွင် ဟောက်မူရှီ ဦးဆောင်သော လူတစ်စုသည် ကျဉ်းမြောင်းသော တောင်လမ်းလေးအတိုင်း လျှောက်လှမ်းနေကြ၏ ။

လမ်းတစ်လျှောက်တွင် ဆူးပင်များနှင့် ချုံနွယ်များ ပိတ်ဆို့နေသောကြောင့် ခရီးစဉ်မှာ အလွန်ပင်ပန်းလှသည် ။

ရုတ်တရက် ကျိယွမ်က ခြေလှမ်းများကို ရပ်လိုက်ပြီး ထိပ်ပြောင်ကြီးအား လှည့်ကြည့်၏။

"သက်တော်စောင့်၊ ခင်ဗျား အလှည့်ရောက်ပြီ"

သူတို့ရှေ့ရှိ ဂူတစ်ခုအတွင်းတွင် မိစ္ဆာနှစ်ကောင် အိပ်ပျော်နေသည်မှာ သိသာထင်ရှားလေသည် ။

ယခုတွေ့ရသော မိစ္ဆာများသည် နေရာအနှံ့တွင် ရှိနေတတ်သော သာမန်မိစ္ဆာလေးများ ဖြစ်သည် ။

မိစ္ဆာများကို သုတ်သင်ရန် လူစုကို ဦးဆောင်လာသော ဟောက်မူရှီက ထိုသို့သော သာမန်မိစ္ဆာလေးများကိုသာ ပစ်မှတ်ထားချင်၏ ။

သို့မဟုတ်ပါက ရှုယောင်တောင်တန်းအတွင်းရှိ မိစ္ဆာစခန်းတစ်ခုထဲသို့ မတော်တဆ ရောက်ရှိသွားပါက သူတို့ မည်မျှပင် သတ္တိရှိစေကာမူ ရင်ဆိုင်နိုင်မည် မဟုတ်ပါ ။

ယန်ကွမ်းက ရှေ့မှဂူကိုတစိချက်ကြည့်ကာ အားမာန်ပါသောအသံဖြင့် အာမ ခံ၏။

"ညီအစ်ကိုကျိ.. မင်း ဒီမှာနေပြီး ဖရဲသီးစားနေလိုက်၊ ငါ အခုချက်ချင်း ပြန်လာခဲ့မယ်"

ကျိယွမ်ကို ကာကွယ်ရန် ကတိပေးထားသောကြောင့် ယန်ကွမ်းသည် သူ၏ ကတိကို တည်ရန် ဆုံးဖြတ်ထားသည် ။

သူတို့၏ သဘောတူညီမှုအရ ကျိယွမ်ကို မိစ္ဆာသွေးလုံလောက်စွာ ပေးနိုင်သရွေ့ သူသည် ပါရမီရှင်များ မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခွင့် လက်မှတ်ကိုရရှိမည် ဖြစ်သည် ။

၎င်းမှာ သူ့အတွက် အလွန်တန်သော အရောင်းအဝယ်တစ်ခု ဖြစ်၏ ။

"မြန်မြန်လုပ်နော်"

ကျိယွမ်က အနီးရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်လိုက်ကာ ဖရဲသီးစားရင်းမှ တိုက်တွန်းလိုက်သည် ။

ဤဖရဲသီးမှာ လမ်းတွင်တွေ့ရသော ဖရဲခင်းတစ်ခုမှ ခိုးယူလာခြင်းဖြစ်သည် ။ မဟုတ်ပါ၊ ထိုနေရာမှ ကောက်ယူလာခြင်း ဖြစ်သည် ။

သူတို့၏ ခန့်မှန်းချက်အရ ဤဖရဲသီးကို ရှုယောင်တောင်တန်းရှိ မိစ္ဆာများက စိုက်ပျိုးထားခြင်းဖြစ်၏ ။

ထို့ကြောင့် မိစ္ဆာများ၏ ရိက္ခာများကို တာဝန်အရ သိမ်းဆည်းလိုက်ခြင်းမှာ ခိုးသည်ဟု မဆိုနိုင်ပေ ။

နှမြောစရာတစ်ခုမှာ ဖရဲခင်းပိုင်ရှင်ကို မတွေ့ခဲ့ခြင်း ဖြစ်သည်၊ သို့မဟုတ်ပါက သူတို့ မိစ္ဆာသွေးကို စောစောစီးစီးရရှိနိုင်မည် ဖြစ်သည် ။

ကျိယွမ်သည် ကျောက်တုံးပေါ်တွင် ထိုင်ကာ ခြေထောက်ချိတ်ပြီး သက်တောင့်သက်သာ ရှိနေသည် ။

ဟောက်မူရှီနှင့် အခြားရဲမက်သုံးဦးတို့မှာ အနီးအနားတွင် ရပ်နေကြပြီး တစ်ယောက်လျှင် ဖရဲသီးတစ်လုံးစီ ကိုင်ထားကြသည်၊ သူတို့၏ အိတ်ကပ်ထဲတွင်လည်း ဖရဲစေ့များ ပြည့်နှက်နေပြီး အစားအစာ ရှားပါးသော မြို့သို့ပြန်ရောက်လျှင် စိုက်ပျိုးရန် စီစဉ်ထားကြ၏ ။

"သခင်လေးကျိ၊ သခင်လေးယန် တစ်ယောက်တည်း သွားတာက... အန္တရာယ် မရှိဘူးလား"

ဟောက်မူရှီက စိုးရိမ်တကြီး မေးလ်ုက်သည် ။

"ဂူထဲမှာ ဝက်မိစ္ဆာ နှစ်ကောင် ရှိနေတာ၊ နှစ်ကောင်လုံးက သွေးစွမ်းအင် နောက်ဆုံးအဆင့်မှာရှိတဲ့ အားကောင်းတဲ့ မိစ္ဆာတွေပဲ"

သွေးစွမ်းအင် နောက်ဆုံးအဆင့်ရှိ မိစ္ဆာတစ်ကောင်မှာ မိစ္ဆာစခန်းတစ်ခုတွင် ဆိုလျှင် အရာရှိတစ်ဦးအဖြစ် သတ်မှတ်ခံရ၏ ။

ထို့ကြောင့် မိစ္ဆာနှိမ်နင်းရေးဌာနမှ သခင်လေးသုံးဦးလုံး အတူတူ လှုပ်ရှားကြမည်ဟု ဟောက်မူရှီ ထင်မြင်ခဲ့သည် ။

သို့သော်လည်း...

"စိတ်မပူပါနဲ့၊ ယန်ကွမ်းက တကယ့်ကို သန်မာပါတယ်၊ မဟုတ်ရင် သူ့ကို ငါ့ရဲ့ သက်တော်စောင့်လုပ်ဖို့ ကမ်းလှမ်းမှာ မဟုတ်ဘူး။ ဒါက ကိစ္စအသေးအမွှားလေးပါ"

ကျိယွမ်က အရေးမကြီးသလိုပြောကာ ဖရဲသီးကို ဆက်စားနေပြီး ဖရဲစေ့များကို ထွေးထုတ်နေသည် ။

ကျိယွမ်၏အမူအရာကို မြင်သောအခါ ဟောက်မူရှီမှာ ဆက်မပြောတော့သော်လည်း စိုးရိမ်နေဆဲပင် ။

အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ကျိယွမ်သည် ဖရဲသီးစားခြင်းကို အဆုံးသတ်လိုက်ပြီး သူ၏ လက်ထဲမှ ဖရဲသီးခွံကို ကြည့်ကာ ဟိိုဟိိုဒီဒီကြည့်၏။

"ဒီမှာ အမှိုက်ပုံး မရှိဘူးပဲ။ ဖရဲသီးခွံကို ဘယ်မှာ ပစ်ရမလဲ"

သူသည် အလွန်စည်းကမ်းရှိပြီး အမှိုက်ကို စည်းမဲ့ကမ်းမဲ့ မပစ်တတ်ပါ ။

အထူးသဖြင့် ဖရဲသီးခွံ၊ ငှက်ပျော်သီးခွံလိုအမှိုက်မျိုးဖြစ်သည် ။

တစ်စုံတစ်ယောက်က နင်းမိပြီး ချော်လဲကာ ဒဏ်ရာရသွားပါက သူ လျော်ကြေးပေးရမည်ကို စိုးရိမ်၏ ။

ကျိယွမ်၏ မေးခွန်းကြောင့် ဟောက်မူရှီမှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည် ။

ဒီလူက မြို့တော်က လာတာမှ ဟုတ်ရဲ့လား ။

သူ စဉ်းစားနေတဲ့ အရာတွေက တော်တော်လေး ထူးဆန်းတယ်။

"ကိစ္စမရှိပါဘူး၊ ဒီနေရာကို လူတွေ လာခဲပါတယ်၊ မိစ္ဆာတွေပဲ လာတာပါ။ တစ်ယောက်ယောက် ချော်လဲရင်တောင် မိစ္ဆာပဲ ဖြစ်မှာ"

အန်းချောင်က ဝင်ပြောလိုက်သည် ။

"အချက်ကောင်းပဲ"

ထို့နောက် ကျိယွမ်က ဖရဲသီးခွံကို တော်လေရာသို့လွှင့်ပစ်လိုက်သည် ။

ထိုစဉ်မှာပင် ခြေသံများ ကြားလိုက်ရပြီးနောက် အားမာန်ပါသော အသံတစ်ခု ထွက်ပေါ်လာ၏ ။

"ညီအစ်ကိုကျိ.. ဝက်မိစ္ဆာ နှစ်ကောင်လုံးကို သတ်ပြီးပြီ။ မိစ္ဆာသွေးက လုံလောက်ရဲ့လား"

မလှမ်းမကမ်းတွင် ထိပ်ပြောင်ယန်ကွမ်းကို လက်နှစ်ဖက်တွင် ဝက်မိစ္ဆာ တစ်ကောင်စီကို ဆွဲလာသည်အား မြင်လိုက်ရသည် ။

ဝက်မိစ္ဆာ တစ်ကောင်ချင်းစီမှာ ပေါင် သုံးလေးရာခန့် အလေးချိန် ရှိ၏ ။

ယခုတော့ ၎င်းတို့မှာ ဝက်သေများသာ ဖြစ်နေကြလေပြီ ။

ထိုမြင်ကွင်းကို မြင်သောအခါ ဟောက်မူရှီနှင့် အခြားရဲမက်များ၏ မျက်လုံးများ တောက်ပသွားသည် ။

သခင်လေးယန်က တကယ့်ကို ကြောက်စရာကောင်းတာပဲ ။

သူတို့ ဖရဲသီးတစ်စိတ်နှစ်စိတ် စားနေသည့် အချိန်လေးအတွင်းမှာပင် သွေး စွမ်းအင်နောက်ဆုံးအဆင့် မိစ္ဆာနှစ်ကောင်ကို သတ်နိုင်ခဲ့၏။

"မလုံလောက်သေးဘူး"

ကျိယွမ်က လက်ဝှေ့ယမ်းရင်း ပြောလိုက်သည် ။

ချက်ချင်းပင် မိစ္ဆာသွေး အစက် ၁၀၀ ခန့် သူ၏ လက်ထဲသို့ ကျရောက်လာ၏ ။

"စိတ်မပူပါနဲ့၊ ငါတို့မှာ အချိန်ရှိပါသေးတယ်၊ ငါ မိစ္ဆာတွေ ထပ်သတ်ပေးမယ်"

ယန်ကွမ်းက ဝက်မိစ္ဆာ အသေနှစ်ကောင်ကို သယ်လာရင်းမှ ချွေးပင်မထွက်ဘဲ ပြောလိုက်သည် ။

"ငါက ကတိတည်တဲ့လူပါ၊ မင်းအတွက် မိစ္ဆာသွေး လုံလောက်အောင် ပေးမယ်လို့ ကတိပေးထားပြီးသား"

အမှန်အတိုင်း ပြောရလျှင် ယန်ကွမ်းသည် ကျိယွမ်အပေါ် အနည်းငယ် အားနာစိတ် ဖြစ်မိ၏ ။

ဤအရောင်းအဝယ်မှာ သူကအကျိုးအမြတ်အများဆုံး ရရှိသူဖြစ်နေသောကြောင့်ပင် ။

ကျိယွမ်ကဲ့သို့ ကျောက်စိမ်းသွေးအဆင့်သို့ စတင်ရောက်ရှိခါစ ကျင့်ကြံသူတစ်ဦးအနေဖြင့် မိစ္ဆာသွေး မည်မျှအထိ သုံးနိုင်မည်နည်း ။

ထိုပမာဏလောက်မှာ သူ့အတွက် စာပင် မဖွဲ့လောက်ပေ။

သို့သော် ပါရမီရှင်များ မဟာမိတ်အဖွဲ့၏ ဝင်ခွင့်လက်မှတ်ကတော့ အလွန်တန်ဖိုးရှိ၏ ။

ယခုအပေးအယူတွင် နစ်နာသူက ကျိယွမ်သာ ဖြစ်လေသည်။

"ကျွန်တော် ခင်ဗျားရဲ့ အကျင့်ကို ယုံကြည်ပါတယ်၊ တော်တယ်ဗျာ"

ကျိယွမ်က သင့်လျော်သလို ချီးကျူးလိုက်သည် ။

ထိုအချိန်တွင် ယန်ကွမ်းက ဝက်မိစ္ဆာ နှစ်ကောင်၏အလောင်းများကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ရာ ဖုန်မှုန့်များ ထသွား၏ ။

"ဒီမိစ္ဆာအလောင်းတွေကို စားဖို့အတွက် ယူသွားလိုက်ကြ"

ဟောက်မူရှီမှာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည် ။

ဝက်မိစ္ဆာ နှစ်ကောင်လုံး၏ အလေးချိန်မှာ ပေါင် တစ်ထောင်နီးပါး ရှိ၏ ။

မြို့ထဲမှလူများမှာ ကောင်းကောင်း စားနိုင်တော့မည် မဟုတ်ပါလား ။

ရဲမက်လေးဦးမှာ အမြန်ပြေးသွားပြီး ဝက်မိစ္ဆာ အလောင်းနှစ်ခုကို မလိုက်ကြသည် ။

သူတို့အားလုံးမှာ သိုင်းပညာ သင်ကြားထားသူများ ဖြစ်သဖြင့် အလွန် သန်မာကြ၏ ။

"ဟောက်မူရှီ၊ လမ်းဆက်ပြပါ၊ ဒီတစ်ခါတော့ ပိုသန်မာတဲ့ တစ်ကောင်ကို ရှာပေး"

ယန်ကွမ်းက ယုံကြည်မှုရှိရှိ ပြောလိုက်သည် ။

သူ၏ တွက်ချက်မှုအရ ကျောက်စိမ်းသွေးအဆင့် အစောပိုင်း မိစ္ဆာတစ်ကောင်လောက်ကို ထပ်သတ်နိုင်လျှင် ကျိယွမ်အတွက် သေချာပေါက် လုံလောက်မည် ဖြစ်သည် ။

ထို့အပြင် ကျောက်စိမ်းသွေးအဆင်အစောပိုင်း မိစ္ဆာတစ်ကောင်ကို အမဲလိုက်ရန် ရွေးချယ်ရခြင်းမှာ သူ၏ ခွန်အားကို ပြသရန်အတွက်လည်းပါ၏။

၎င်းမှာ ကျိယွမ်ကို "တွေ့လား၊ ငါ့ကို သက်တော်စောင့်အဖြစ် ထားတာ မင်း လုံးဝ ဘေးကင်းစေရမယ်" ဟု ပြသလိုက်ခြင်းပင် ။

ပို၍ အရေးကြီးသည်မှာ အကယ်၍ သူကသာ ကျောက်စိမ်းသွေးအဆင့် မိစ္ဆာကို မသတ်နိုင်ဘဲ သွေးစွမ်းအင်အဆင့်လေးများကိုသာ သတ်နေပါက သူ၏အခန်းကဏ္ဍက ပျောက်ကွယ်သွားမည်ဖြစ်၏။ ကျိယွမ်ကိုယ်တိုင်လည်း သွေးစွမ်းအင်အဆင့် မိစ္ဆာများကို သတ်နိုင်သဖြင့် သူ့ကိုလိုအပ်တော့မည် မဟုတ်ပေ။

၎င်းမှာ ဌာနတစ်ခုတွင် တစ်ဦးတည်းရှိနေသော ဝန်ထမ်း ဖြစ်နေသကဲ့သို့ပင် ဖြစ်သည်၊ အကယ်၍ သင် ခွင့်ယူလိုက်ချိန်တွင် အရာအားလုံး အဆင်ပြေနေပါက ခေါင်းဆောင်များက သင့်ကို မလိုအပ်တော့ကြောင်း သိသွားနိုင်သည် ။

"ပိုသန်မာတဲ့ တစ်ကောင်လား"

ဟောက်မူရှီ၏ မျက်နှာအမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားသည် ။

"အဲဒီလို မိစ္ဆာမျိုးဆိုရင် မိစ္ဆာစခန်းထဲမှာ မိစ္ဆာစစ်သည် တစ်ရာကို ကွပ်ကဲနိုင်တဲ့အဆင့်ပဲ။ တကယ်ပဲ သွားမှာလား..."

"စိတ်ချချသွားစမ်းပါ၊ ငါရှိနေတာပဲ ဘာကြောက်စရာ ရှိလဲ"

ယန်ကွမ်းက သူ၏ ရင်ဘတ်ကို ယုံကြည်မှုရှိရှိ ပုတ်ပြသည် ။

တောဝက်မိစ္ဆာ နှစ်ကောင်ကို သတ်ပြီးနောက် သူ၏ ယုံကြည်မှုမှာ အထွတ်အထိပ်သို့ ရောက်လာ၏ ။

"ကောင်းပါပြီ၊ ခင်ဗျားပြောတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ မြွေမိစ္ဆာတစ်ကောင်ကို ရှာကြတာပေါ့။ အဲဒါက ကျောက်စိမ်းသွေးအဆင့် အစောပိုင်းမှာ ရှိတာ"

ဟောက်မူရှီက တွေဝေသော မျက်နှာဖြင့် ပြောလိုက်သည် ။အနည်းငယ်လည်း စိုးရိမ်နေပုံရ၏။

" ကျောက်စိမ်းသွေးအဆင့် အစောပိုင်း မိစ္ဆာလေးက ဘာမှ မဟုတ်ပါဘူး"

ယန်ကွမ်းကတော့ ယုံကြည်ချက်အပြည့်ဖြင့် တက်ကြွနေဆဲပင် ။

ကျိယွမ်ကလည်း ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်၏။

"ဒီသက်တော်စောင့်ကို ငှားရတာ တကယ် တန်တယ်။ အစောကြီးကတည်းက တွေ့ခဲ့ရင် ကျွန်တော့်ရဲ့ အရင်မစ်ရှင်ကမ္ဘာက ဒီလောက် ခက်ခဲမှာ မဟုတ်ဘူး"

ယန်ကွမ်းက ဝင့်ကြွားစွာ အာမခံ၏။

"နောက်ထပ် မစ်ရှင်တစ်ခုမှာ ပြန်ဆုံရင်လည်း ငါ မင်းကို ထပ်ပြီး ကာကွယ်ပေးဦးမှာပါ"

"တကယ်လား"

ကျိချီယွမ်၏ မျက်လုံးများ တောက်ပသွားသည် ။

"တကယ်လို့ ကျွန်တော်တို့ အမြင့်ဆုံး ရန်သူနဲ့ ရင်ဆိုင်ရရင်တောင် ခင်ဗျား ကျွန်တော့်ကို ကာကွယ်ပေးမှာလား"

"ဒါပေါ့"

ယန်ကွမ်းက တွေဝေခြင်းမရှိဘဲ ဖြေ၏ ။

ကျိယွမ်က စဉ်းစားဟန် ပြုလိုက်ပြီး

ဆက်ပြောသည်။

"နှမြောစရာပဲ။ အခု ဒီနေရာမှာ ရှိစေချင်တဲ့ ရန်သူတစ်ယောက် ရှိတယ်။ တကယ်လို့ သူ့ကိုသာ ဒီကို ခေါ်လာနိုင်ရင် ခင်ဗျား သူ့ကို သတ်ပေးလို့ ရမှာပဲ"

"ဘယ်လို ရန်သူမျိုးလဲ"

ယန်ကွမ်းက အလိုအလျောက် ပြန်မေးလိုက်သည် ။

"ဟိုဟာ....ထိုက်ဟွမ်နန်းတော်က ဘိုးဘေးကြီးတဲ့။ သူက တော်တော်လေး အားကောင်းတယ်။ ကျွန်တော့်ကို အိမ်ကနေ ထွက်သွားရအောင်တောင် လုပ်ခဲ့တာ။ အခုတော့ ကျွန်တော်က အားနည်းနေသေးတယ်။ တကယ်လို ကျွန်တော်သာ ပိုသန်မာလာရင် သူ့ကို ရင်ဆိုင်နိုင်ကောင်း ရင်ဆိုင်နိုင်မှာပါ"

ကျိယွမ်သည် ကန်းလန်လောကမှ မဟာကပ်ဘေးဆိုးကြီးနှင့် ၎င်း၏နောက်ကွယ်မှ ထိုက်ဟွမ်နန်းတော်၊ အထူးသဖြင့် ထိုယန်နတ်ဘုရားအကြောင်းကို ပြန်တွေးမိသည် ။

ထိုယန်နတ်ဘုရားမှာ သာမန်တစ်ယောက် မဟုတ်ပုံရ၏။

၎င်းကို ကြားသောအခါ ယန်ကွမ်း၏ စိတ်မှာ အနည်းငယ်တည်ငြိမ်သွားသည် ။

ကျိယွမ်၏ရန်သူမှာ ကျောက်စိမ်းသွေးအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လိမ့်မည်ဟု သူ ထင်လိုက်၏ ။

"တကယ်လို့ သူသာ လာရဲရင် ငါ သူ့ခေါင်းကို ဖြတ်ပြီး မင်းကို လာပေးမယ်၊ ညီအစ်ကိုကျိ"

ယန်ကွမ်းက မထီမဲ့မြင် ပြောလိုက်သည် ။

"အစ်ကိုယန်က... တကယ်ကို သတ္တိရှိပြီး ရဲရင့်တာပဲ"

ကျိယွမ်က အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး လက်မထောင်ပြမိ၏ ။

ကန်းလန်လောကတွင် ထိုက်ဟွမ်နန်းတော်မှ ယန်နတ်ဘုရားအကြောင်း သိသူတိုင်းသည် သူ့ကို ကွယ်ရာမှာတောင် မကောင်းမပြောရဲကြပါ ။

အဘယ်ကြောင့်ဆိုသော် ယန်နတ်ဘုရားတစ်ပါး၏ စွမ်းအားမှာ ကောင်းကင်ဘုံများကို ဖြတ်ကျော်နိုင်သောကြောင့် ဖြစ်သည် ။

စကားတစ်လုံး မှားပြောမိရုံဖြင့် သူ၏ သိမြင်မှုကို လှုံ့ဆော်မိသွားနိုင်၏ ။

သို့သော် ဤကမ္ဘာကတော့ မတူပါ ။ ကောင်းကင်ဘုံများသို့ ထိုးဖောက်နိုင်သော ကြယ်စင်များမရှိပေ။

ထို့ကြောင့် ထိုက်ဟွမ်နန်းတော်မှ ယန်နတ်ဘုရားသည် ဤနေရာက ဘာကိုမှ မသိမြင်နိုင်ပါ ။

မဟုတ်ပါက ကောင်းကင်မှ လျှပ်စီးကြောင်းတစ်ခု ချက်ချင်း ကျဆင်းလာပြီး ယန်ကွမ်းကို သေအောင် ပစ်ခတ်သွားနိုင်သည် ။

သို့သော် ကျိယွမ်မှာ သိချင်စိတ်တစ်ခုတော့ ဖြစ်လာမိသည် ။

အကယ်၍ ထိုက်ဟွမ်နန်းတော်မှ ယန်နတ်ဘုရားသာ တကယ်ဆင်းလာပြီး ယန်ကွမ်းက သူ့ကို ကာကွယ်ရန် ယန်နတ်ဘုရားကို တိုက်ခိုက်လျှင် ရလဒ်က မည်သို့ဖြစ်လာမည်နည်း ။

ယန်ကွမ်မှာ ဤမျှ ယုံကြည်မှု ရှိနေသည့်အတွက် သူ၏ လက်ထဲတွင် ဝှက်ဖဲတစ်ခုခု ရှိနေလောက်သည် မဟုတ်ပါလား ။

"လူကြီးလူကောင်းတစ်ယောက်ဟာ ပြောတဲ့အတိုင်း လုပ်ရမယ်"

ယန်ကွမ်းက သူ၏ ရင်ဘတ်ကို ထပ်မံ ပုတ်ပြသည် ။

"အစ်ကိုယန်၊ ဒါဆိုရင် ဒီဂိမ်းပြီးရင် ကျွန်တော်နဲ့အတူ အိမ်ကို လိုက်ခဲ့မလား။ တကယ်လို့ ထိုက်ဟွမ်နန်းတော်က ဘိုးဘေးကြီး ဆင်းလာရင် ခင်ဗျား ကျွန်တော့်ကို ကာကွယ်ပေးလို့ ရတာပေါ့"

ကျိယွမ်က အကြံပြုသည် ။

ယန်ကွမ်းမှာ ကျောက်စိမ်းသွေးအဆင့် အလယ်အလတ်သာ ဖြစ်သော်လည်း သူ၏ အတွင်းထဲတွင် မည်သူသိနိုင်မည်နည်း။

သူ၏ ခန္ဓာကိုယ်ထဲတွင် မဟာအထွတ်အထိပ် လမ်းစဥ်ဘိုးဘေးတစ်ဦး၏ ကျင့်ကြံမှုများ ပုန်းကွယ်နေနိုင်သည် မဟုတ်ပါလား ။

၎င်းမှာ အံ့သြစရာ မဟုတ်ပါ ။

ဥပမာအားဖြင့်၊ ယနေ့ ဆန်စပါးတစ်စေ့ကို စားနေသော ပုရွက်ဆိတ်လေးတစ်ကောင်သည် မနေ့က ဒိုင်နိုဆောတစ်ကောင်ကို ဝါးမျိုခဲ့ခြင်းလည်း ဖြစ်နိုင်၏ ။

၎င်းမှာ ဖြစ်နိုင်ခြေ ရှိပါသည် ။

"ပြဿနာ မရှိဘူး၊ ငါ့ကိုသာ အပ်ထားလိုက်"

ယန်ကွမ်းက တွေဝေခြင်းမရှိဘဲ သဘောတူသည် ။

"သွားကြစို့၊ မြွေမိစ္ဆာကို သွားရှာရအောင်"

ကျိယွမ်က အမိန့်ပေးသည် ။

ယန်ကွမ်း၏ မျက်လုံးများမှာ ဂုဏ်ယူမှုဖြင့် တောက်ပနေပြီး ကျိယွမ်ကို ပုခုံးပုတ်၏။

"ညီလေးကျိ... မင်း ဖရဲသီးပဲ ဆက်စားနေလိုက်။ မိစ္ဆာသတ်တဲ့ အလုပ်ကို ငါ့ကိုသာ ထားလိုက်"

နာရီဝက်ခန့် ကြာပြီးနောက် သူတို့သည် တောအုပ်တစ်ခုသို့ ရောက်ရှိလာသည် ။

ယန်ကွမ်းသည် သူ၏ ကတိအတိုင်း တစ်ယောက်တည်း သွားမည်ဟု ပြောပြီး တစ်ယောက်တည်း ထွက်သွားလေသည် ။

ကျိယွမ်နှင့် အခြားသူများသည် တောအုပ်ထဲတွင် ကျန်ရစ်ခဲ့ပြီး ယန်ကွမ်းမိစ္ဆာကို သတ်ပြီး ပြန်လာသည်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်ကြ၏ ။

ကျိယွမ်သည် သစ်ငုတ်တိုကြီးတစ်ခုပေါ်တွင် ကျကျထိုင်ပြီး ဖရဲသီးစားရန်ပြင်လိုက်သည် ။ သို့သော် ချက်ချင်းလိုလိုပင် သူက နှာခေါင်းရှုံ့၏။

လေထုထဲတွင် အနံ့ဆိုးများ ရနေသောကြောင့်ဖြစ်သည်။

"ဒီမှာ အနံ့က အရမ်းပြင်းတာပဲ၊ ဖရဲသီးစားဖို့ စိတ်မလာတော့ဘူး။ အဲဒီအစား... ကျင့်ကြံတာပဲ ကောင်းမယ်"

မိစ္ဆာသွေး အစက် ၁၀၀ ရရှိထားသည်ဖြစ်ရာ ကျင့်ကြံရန် အချိန်ကောင်းပင် ဖြစ်သည် ။

အန်းချောင်က ကျိယွမ်ကို လေးစားသော မျက်လုံးများဖြင့် ကြည့်နေမိသည် ။

" မစ္စတာကျိ...ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်စိမ်းသွေးအဆင့်ကို ရောက်တာ အံ့သြစရာ မဟုတ်တော့ဘူး။ ရှင့်ရဲ့ ကြိုးစားမှုက တကယ်ကို ချီးကျူးစရာပဲကိုး"

ဟောက်မူရှီမှာလည်း အလားတူပင် အထင်ကြီးလေးစားနေသည် ။

အန်းချောင်သည် ချီယွမ်ကို ဆက်လက်ကြည့်နေစဥ်မှာပင် ကျိယွမ်က မျက်လုံးများကိုမှိတ်ကာ ကျင့်ကြံခြင်းကို အမှန်တကယ် စတင်နေပုံရ၏ ။

အန်းချောင်က သဘောကျစွာ ချီးကျူးရန်ပြင်လိုက်စဥ်မှာပင် ကျိယွမ်၏ ပါးစပ်မှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည် ။

"တင်...သင်ဟာ မိစ္ဆာသွေး အစက် ၁၀၀ ကို သုံးစွဲပြီး ကျင့်ကြံခြင်းကို စတင်လိုက်ပြီ။ ကျင့်ကြံခြင်းဆိုတာ ဝီရိယကို တန်ဖိုးထားတဲ့ လမ်းစဉ်ဖြစ်တယ်။"

"တင်.... မိစ္ဆာသွေး အစက် ၅၀ ကို သုံးစွဲလိုက်ပြန်ပါပြီ၊ သင့်ရဲ့ ကျင့်ကြံမှုက ရက်ပေါင်း ငါးဆယ်စာတိုးတက်လာပြီး ကျောက်စိမ်းသွေးအဆင့် အစောပိုင်းမှ အများကြီး တိုးတက်လာပါပြီ။"

"တင်....နောက်ထပ် မိစ္ဆာသွေး အစက် ၅၀ ကို သုံးစွဲလိုက်ပြန်ပြီ၊ သင့်ရဲ့ ကျင့်ကြံမှုက နောက်ထပ် ရက်ပေါင်း ငါးဆယ်စာ တိုးတက်လာတယ်။ သင့်ရဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကြောင့် အခုဆိုရင် ကျောက်စိမ်းသွေးအဆင့် အလယ်အလတ်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်"

"??"

အန်းချောင်မှာ ဘာပြောလို့ပြောရမှန်း မသိဖြစ်သွားရှာသည် ။

"??"

ကျိယွမ်အား အလွန်လေးစားအားကျနေသော ဟောက်မူရှီမှာလည်း ကြောင်အမ်းသွား၏ ။

သူက ဘာတွေအော်နေတာလဲ ။

ထိုအခိုက် ကျိယွမ်၏ မျက်လုံးများပြန်ပွင့်လာပြီး လန်းဆန်းနေပုံရသည် ။

"မဆိုးဘူး၊ ဒီတစ်ခေါက် ကျင့်ကြံရတာ တန်တယ်။ အခုဆိုရင် ကျောက်စိမ်းသွေးအဆင့် အလယ်အလတ်ကို ရောက်ခါနီးပြီ"

အန်းချောင်မှာ မည်သည့်စကားမှ မပြောနိုင်သေးဘဲ ကျိယွမ်ကို ထူးဆန်းသော မျက်နှာအမူအရာဖြင့် ကြည့်နေ၏ ။

ဒါက... တကယ်ပဲ ကျင့်ကြံနေတာတဲ့လား ။

ကျင့်ကြံရင်း တတင်တင်နဲ့ အသံတွေပါ ထွက်နေတာက ဘာကြီးလဲ ။

"မစ္စတာကျိ.. ရှင် အမြဲတမ်း ဒီလိုပဲ ကျင့်ကြံတာလား"

အန်းချောင်မှာ မမေးဘဲ မနေနိုင်တော့ပါ ။သူမ၏သက်တမ်းတစ်လျှောက် တတင်တင်အော်ကာ ကျင့်ကြံသောသူကို မြင်လည်းမမြင်ဖူးသလို ကြားလည်းမကြားဖူးခဲ့ပါ။

"ဟုတ်တယ်လေ ၊ ဒီနည်းလမ်းက ပိုမြန်တယ်လေ။ မိစ္ဆာသွေးကို သုံးတာက... တော်တော်လေး မြန်တယ်"

ကျိယွမ်က ဘာမှမဖုံးကွယ်ဘဲ ရိုးရိုးသားသား ပြန်ဖြေသည် ။

အန်းချောင်သည် ဆက်ပြီး သည်းမခံနိုင်တော့ပါ ။

သူမကိုယ်တိုင်လည်း ကျင့်ကြံရန် မိစ္ဆာသွေးကို သုံးဖူးပါသည် ။

သို့သော် ကျိယွမ်ကဲ့သို့ တတင်တင်တော် မအော်ခဲ့ဖူးပါ ။အခြားသူများလည်း မအော်ကြပါ။သူမ သေချာ၏။

ထို့အပြင် မိစ္ဆာသွေးအဆီအနှစ်တစ်စက်ကို သွေးစွမ်းအင်အဖြစ် ပြောင်းလဲရန် သူမအတွက် အနည်းဆုံး တစ်ရက်ခန့် အချိန်ယူရသည် ။

ကျိယွမ်ကတော့... ။

သူက သူ့ဘာသာ ပေါက်ပန်းလေးဆယ်များ ရေရွတ်နေတာလေ ၊ TV show လိုလို ၊ အနီမေးရှင်းကာတွန်းကားတွေထဲက စနစ်တစ်ခုလိုလို ဟန်ဆောင်နေတာပဲ၊ ပြီးတော့... အော်လို့လည်းပြီးရောကျင့်ကြံတာလည်း ပြီးသွားပြီတဲ့လား ။

ဒါက လုံးဝကို မယုံနိုင်စရာပင် ။

လက်ခံနိုင်စရာလည်း မရှိချေ။

ဘယ်လို သိုင်းပညာရှင်မျိုးက ဒီလို ကျင့်ကြံမှာလဲ ။

"မစ္စတာကျိ... မိစ္ဆာသွေးအဆီအနှစ်ကို စည်းမဲ့ကမ်းမဲ့ မသုံးပါနဲ့။ မဟုတ်ရင်... ရှင် စိတ်ဖောက်ပြန်ပြီး ခန္ဓာကိုယ် ပေါက်ကွဲသွားနိုင်တယ်"

အန်းချောင်က စေတနာနှင့်သတိပေးသည် ။

"စိတ်မပူပါနဲ့၊ ငါက အမှတ်တွေ ပေါင်းထည့်လို့ ရတယ်လေ။ပေါက်ကွဲမှာ မကြောက်ပါဘူး"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေပြီး သူ၏လက်မောင်းများကို ကွေးချည်ဆန့်ချည်လုပ်ကြည့်ကာ သူ့ကိုယ်သူဆန်းစစ်နေ၏။

အန်းချောင်သည် ချီယွမ်ကို သံသယဖြင့် ကြည့်လိုက်သည် ။

သူ စိတ်ဖောက်ပြန်နေပြီလား ။

သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက... တော်တော်လေး မူမမှန်ပုံရ၏ ။

ထိုစဉ် ပြင်းထန်သော အနံ့ဆိုးများ ထပ်မံ ရောက်ရှိလာပြန်သည် ။

ယန်ကွမ်းပြန်ရောက်လာခြင်းပင်။

သူ၏ ထိပ်ပြောင်နေသော ဦးခေါင်းတွင် အနည်းငယ် ဖူးရောင်နေသော်လည်း သူကကျေနပ်နေပုံရသည် ။

"ညီအစ်ကိုကျိ ...ဒီတစ်ခါတော့ အခြေအနေ တော်တော်ကောင်းတယ်။ မြွေတွင်းထဲမှာ ကျောက်စိမ်းသွေးအဆင့် အစောပိုင်း မြွေမိစ္ဆာ နှစ်ကောင်တောင် ရှိနေတာကွ ၊ ဘာရမလဲ နှစ်ကောင်လုံးကို သတ်ခဲ့တယ်။ ဒီမြွေနှစ်ကောင်ရဲ့ မိစ္ဆာသွေးက မင်းအတွက် လုံလောက်မှာပါ"

ယန်ကွမ်းက ရောက်ရောက်ချင်းအမောတကော ပြောသည် ။

သူ၏ပုံစံအရ ကျောက်စိမ်းသွေးအဆင့် အစောပိုင်းမြွေမိစ္ဆာ နှစ်ကောင်ကို အမဲလိုက်ရန်မှာ အတော်လေး အားစိုက်ခဲ့ရသည်မှာ သိသာသည် ။

သို့သော် ရလဒ်မှာ တန်ဖိုးရှိလှသည် ။

မြွေမိစ္ဆာ နှစ်ကောင်၏ မိစ္ဆာသွေးမှာ ကျိယွမ်အတွက် သေချာပေါက် လုံလောက်ပေလိမ့်မည် ။

"မဆိုးဘူး၊ မိစ္ဆာသွေး အစက် ၄၀၀ ပဲ"

ကျိယွမ်က လက်ဝှေ့ယမ်းလိုက်ရာ မိစ္ဆာသွေး အစက် ၄၀၀ မှာ သူ၏ လက်ဖဝါးပေါ်သို့ ရောက်ရှိလာသည် ။

ဤမိစ္ဆာသွေး အစက် ၄၀၀ မှာ သူ ကျောက်စိမ်းသွေးအဆင့် အလယ်အလတ်သို့ ရောက်ရှိရန် လုံလောက်လေသည် ။

သူသည် ရှုယောင်တောင်တန်းကို ပို၍ သဘောကျလာ၏ ။

အထူးသဖြင့် သူ့ကို ကူညီပေးနေသော အလကားရထားသည့် တိုက်ခိုက်ရေးသမားရှိနေသည့်အတွက် ပို၍သဘောကျနေသည် ။

ရှုယောင်တောင်တန်းပေါ်ရှိ မိစ္ဆာစစ်သည် သုံးထောင်လုံးကို သုတ်သင်ရန် ယန်ကွမ်းကို အကူအညီ တောင်းသင့်သလားဟုပင် သူ စဉ်းစားမိသည် ။

မည်သို့ပင်ဆိုစေကာမူ ယန်ကွမ်းသည် ထိုက်ဟွမ်နန်းတော်မှ ယန်နတ်ဘုရားကိုပင် စိန်ခေါ်ရန် ယုံကြည်မှု ရှိနေသည် မဟုတ်ပါလား။

ရှုယောင်တောင်တန်းမှ မိစ္ဆာများကို သုတ်သင်ခြင်းမှာ သူ့အတွက် ဖုန်ခါလိုက်သလိုမျိုးပဲ ဖြစ်ပေလိမ့်မည် ။

"ဒါပေမဲ့ ဒီမိစ္ဆာသွေးက မလုံလောက်သေးဘူး။ ကျင့်ကြံတဲ့နေရာမှာ ကျွန်တော်က အများကြီး သုံးရတာ။ အန်းချောင်ကို မေးကြည့်လို့ ရတယ်။ စောနကတင် အစက် တစ်ရာကို တစ်ခါတည်း သုံးလိုက်ရတာ"

ထိုသို့ပြောပြီး ကျိယွမ်က ယန်ကွမ်းကို မျှော်လင့်တကြီး ကြည့်၏။

သူက သာမန်ကိစ္စတစ်ခုလို ပြောလိုက်သည် ။

"ခင်ဗျား ထပ်ပြီး သွားသတ်ပေးလို့ ရမလား"

"ဟေ..."

ယန်ကွမ်မှာ အံ့သြသွားပြီး သူ၏ပြောင်နေသောနဖူးကို အမှတ်တမဲ့ပွတ်မိရာ ဒဏ်ရာကြောင့် ချက်ချင်း ရှုံ့မဲ့သွား၏။

"ညီအစ်ကိုကျိ ..မင်းဟာက ခုထိမလုံလောက်သေးဘူးလား"

----------------

အခန်း ၃၃၉ - မင်းဖျားနေတယ်၊ မင်းမှာ ကျောက်ကပ်အားနည်းတဲ့ရောဂါရှိနေတာ

ယန်ကွမ်း၏ မျက်နှာအမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားသည်။

"ညီအစ်ကိုကျိ၊ ကျောက်စိမ်းသွေးအစောပိုင်းအဆင့် မြွေမိစ္ဆာနှစ်ကောင်ရဲ့ မိစ္ဆာသွေးဆိုရင်... လုံလောက်ပြီမဟုတ်လား"

သူ့တွင် မကောင်းသော ခံစားချက်တစ်ခု ရှိလာ၏။

ကျိယွမ်၏ အပြင်ပန်းသွင်ပြင်က သူ့အား လှည့်စားနေခြင်းများလား။

ကျိယွမ်က သူ့ကို ပါရမီရှင်မဟာမိတ်အဖွဲ့ဝင်လက်မှတ်ကို မပေးချင်သောကြောင့် တမင်တကာ ခက်ခဲအောင် လုပ်နေခြင်းလား။

"မလုံလောက်သေးဘူး"

ကျိယွမ်က ခေါင်းခါလိုက်သည်။ သူသည် မိစ္ဆာသွေးစက် ၂၀၀ ကို ကိုင်ထားရင်း တိုးညှင်းစွာ ထပ်ပြောသည် ။

"ထိုက်ဟွမ်နန်းတော်ရဲ့ ဘိုးဘေးကြီးက အရမ်းသန်မာတယ်။ ကျွန်တော့်ရဲ့ အစွမ်းကို မြန်မြန်မြှင့်တင်ဖို့ လိုတယ်"

" ဟင်း... အခု မိစ္ဆာသွေးအဆီအနှစ်ကို ဘယ်လိုစုပ်ယူလဲဆိုတာ ခင်ဗျားကို ပြမယ်"

ကျိယွမ်၏ စကားအဆုံးတွင် မိစ္ဆာသွေးစက် ၄၀၀ သည် လေထဲတွင် ဝဲပျံတက်သွားပြီး သူ၏ လက်ဖဝါးများနှင့် ချွေးပေါက်များထဲသို့ စုပ်ယူခြင်း ခံလိုက်ရ၏။

အန်းချောင်၏ မျက်လုံးပြူးကျယ်သွားသည်။

ပြီးခဲ့သည့်အကြိမ်က ကျိယွမ် ကျင့်ကြံနေစဉ်တွင် သူမ သေချာ ဂရုမစိုက်မိခဲ့ပေ။

ယခုတစ်ကြိမ်တွင်မူ... ကျိယွမ်သည် မိစ္ဆာသွေးကို ကျင့်ကြံခြင်းအတွက် တကယ်သုံးနေသလားဆိုသည်ကို သေချာကြည့်ရမည်ဖြစ်သည်။

သူမက ကျိယွမ်ဘာဆက်လုပ်မည်ကို အသေးစိတ်မကျန် ဂရုတစိုက် ကြည့်နေ၏။

သို့သော် ကျိယွမ်၏ လုပ်ဆောင်ချက်က ထိုမျှသာဖြစ်သည်။

"သူ တကယ် စုပ်ယူသွားတာပဲ"

ကျိယွမ်၏ လုပ်ဆောင်ချက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ အန်းချောင်၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားပြီး သူမ၏ မျက်လုံးများမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

ယန်ကွမ်းမှာလည်း ကြောင်အသွားပြီး စိတ်ထဲတွင် ဘာမှမရှိတော့သလို ဟာလာဟင်းလင်း ဖြစ်သွား၏။

"ညီအစ်ကိုကျိ.. အဲဒီလိုလုပ်ရင်... မင်း ခန္ဓာကိုယ်ပေါက်ကွဲပြီး သေလိမ့်မယ်"

သူက စိုးရိမ်တကြီး အပြေးအလွှား သတိပေးလိုက်သည်။

တိုတောင်းသော အချိန်အတွင်း မိစ္ဆာသွေး အမြောက်အမြားကို စုပ်ယူခြင်းအား လူသားခန္ဓာကိုယ်က တောင့်မခံနိုင်ဘဲ ပေါက်ကွဲသွားတတ်၏။

သူသည် စိုးရိမ်စိတ်ရော အပြစ်ရှိစိတ်ပါ ခံစားလိုက်ရသည်။

သူ၏ စကားများကြောင့် ကျိယွမ်၏ လူငယ်စိတ်ကို ဆွပေးသလိုဖြစ်သွားပြီး မိစ္ဆာသွေး ၄၀၀ ကို တစ်ပြိုင်နက်တည်း စုပ်ယူလိုက်ခြင်း ဖြစ်မည်ဟု သူ ထင်နေခြင်းပင်။

သို့သော် နောက်တစ်စက္ကန့်တွင် သူနားမလည်သောစကားသံများ ထွက်ပေါ်လာသဖြင့် ယန်ကွမ်းမှာ မှင်တက်ကာ ကျိယွမ်ကို ငေးကြည့်နေမိသည်။

"တင်...သင်သည် မိစ္ဆာသွေး ၄၀၀ ကို သုံးစွဲပြီး ကျင့်ကြံခြင်းကို စတင်လိုက်သည်"။

"တင်...မိစ္ဆာသွေးစက် ၁၀၀ ကို သုံးစွဲပြီးသင်သည် ရက်ပေါင်းတစ်ရာစာ ကျင့်ကြံမှုအားကို ရရှိခဲ့သည်။ သင့်ရဲ့ အသွေးအသားနဲ့ အသက်ရှူစွမ်းအားက ကြွယ်ဝလာပြီး ကျောက်စိမ်းသွေးအဆင့် အစောပိုင်းရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားသည်။"

"တင်....မိစ္ဆာသွေးစက် ၃၀၀ ကို သုံးစွဲပြီးနောက် သင်သည် ကျောက်စိမ်းသွေးအဆင့် နောက်ဆုံးပိုင်းကို တိုက်ရိုက်တက်လှမ်းဖို့ တစ်ကြိမ်တည်းနဲ့ ကြိုးစားခဲ့သည်။"

"ဒါပေမဲ့ သင်က ထူးထူးခြားခြား ပါရမီရှိပြီး ထက်မြက်နေပေမဲ့ မိစ္ဆာသွေးက လိုအပ်တာထက် နည်းနေပြီး အာဟာရဓာတ် အနည်းငယ် ချို့တဲ့နေသည်။ သင့်ရဲ့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေမဲ့ မင်း ရက်ပေါင်း ၃၀၀ စာ ကျင့်ကြံမှုအားကို ရရှိခဲ့သည်။"

ယန်ကွမ်းမှာ အသံတိတ်ငေးနေစဥ်မှာပင် ကျိယွမ်၏အသံကဆုံးသွားပြီးနောက် မျက်လုံးပြန်ဖွင့်လာ၏။ သူ၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

ယခုတစ်ကြိမ် စနစ်အဖြစ် ထပ်မံဟန်ဆောင်ခြင်းက ဆုလာဘ်သစ်များကို ဆောင်ကြဉ်းပေးခဲ့သည်။ ၎င်းသည် ၎င်း၏ အရှင်သခင်ကို မည်သို့ စိတ်ကျေနပ်အောင် လုပ်ရမည်ကို ပို၍ သိလာပုံရ၏။

"တွေ့လား၊ ကျွန်တော် မိစ္ဆာသွေး ၄၀၀ လုံးကို စုပ်ယူလိုက်ပြီးပြီ၊ အခု ကျောက်စိမ်းသွေးအဆင့် အလယ်ပိုင်းကို ရောက်သွားပြီ"

ကျိယွမ်က သူ့အားကြောင်တောင်တောင်ကြည့်နေသော ယန်ကွမ်းကို ကြည့်ကာ ရွှင်မြူးစွာပြောလိုက်သည်။

"ဒါကြောင့် ကျွန်တော့်မှာ မိစ္ဆာသွေးတွေ ပိုလိုသေးတယ် ၊ သက်တော်စောင့်... ခင်ဗျား ဘာလုပ်ရမလဲ သိမှာပါ"

ယန်ကွမ်းမှာ ဘာပြောရမှန်း မသိသလို ဘာလုပ်ရမှန်းလည်းမသိတော့ဘဲ စိတ်များ ရှုပ်ထွေးနေသည်။

သူ၏ရှေ့တွင် မြင်တွေ့နေရသည်မှာ သူ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည် မဟုတ်ပါလား။

ဒါက... ကျိယွမ်မှာ ထူးခြားတဲ့ ပါရမီတစ်ခုခု ရှိနေလို့လား။

သူက....

သူက သာမန်လူတွေထက် အများကြီး စားနိုင်ပြီး မြန်မြန် စုပ်ယူနိုင်တာလား။

ဖြစ်နိုင်စရာ တစ်ခုတည်းသော ရှင်းပြချက်က ထိုအရာသာရှိသည်။

ယန်ကွမ်းသည် မိမိကိုယ်ကို ယုံကြည်အောင် ထိုသို့တွေးကာ ဖျောင်းဖျလိုက်ပြီးနောက် ကျိယွမ်ကို ခက်ခက်ခဲခဲ မေးလိုက်သည်။

"မင်းက မိစ္ဆာသွေး ဘယ်လောက်တောင် ထပ်လိုသေးတာလဲ"

ကျိယွမ်က သူ၏လက်ငါးချောင်းကိုထောင်ကာ ဟိုပေါင်း ၊ ဒီနုတ်လုပ်ပြီး တွက်ကြည့်၏။ သို့သော် လက်တစ်ဖက်ဖြင့် မလုံလောက်သဖြင့် နောက်လက်တစ်ဖက်ကိုပါ လက်ငါးချောင်းထောင်ပြန်သည်။

လက်ဆယ်ချောင်းကို ဟိုချိုးဒီထောင်လုပ်ပြီးမှ အဖြေကိုရသွားသလို ဖြေလိုက်၏။

"သိပ်မလိုတော့ပါဘူး"

"ဘယ်လောက် မလိုတော့တာလဲ"

"အင်း...မိစ္ဆာသွေးက ကျွန်တော်ရဲ့ ရန်သူတော်ကြီးကို အနိုင်ယူနိုင်တဲ့အထိ တိုးတက်လာပြီဆိုတာနဲ့ မိစ္ဆာသတ်ဖြတ်တာကို ရပ်လိုက်ပါ့မယ်"

ကျိယွမ်၏ အဖြေကြောင့် ယန်ကွမ်းမှာ ငိုရမလို ရယ်ရမလိုဖြစ်သွား၏။

လက်များကို ငါးချောင်းမက ဆယ်ချောင်းထိပါထောင်ပြီး သေသေချာချာ တွက်၍ ထွက်လာသောအဖြေက ဒါတဲ့လား။

နံဘေးမှ အန်းချောင်ပင် ယန်ကွမ်းအား သနားသွား၏။

သူ့အဖြေက တော်တော်တိကျတာကိုး။

ကျိယွမ်အတွက်တော့ သေချာပေါက်ထိိုသို့လုပ်ရမည်ဖြစ်သည်။

သူ၏ မူလမျိုးစေ့ကြောင့် ဤကမ္ဘာရှိ အစွမ်းတိုးလာမှုသည် သူ၏ အစစ်အမှန်ခန္ဓာကိုယ်ပေါ်တွင် လုံးဝနီးပါး သက်ရောက်လာမည်ဖြစ်သည်။

ထို့ကြောင့် ဤနေရာတွင် တိုးတက်ခြင်းသည် ကန်းလန်နယ်မြေရှိ သူ၏ အစွမ်းလည်း ပိုသန်မာလာခြင်းနှင့် တူညီ၏။

ဒီမှာ များများတိုးတက်လေ ငါ့အတွက်အကျိုးရှိလေပဲ။

"အစ်ကိုယန်၊ ခင်ဗျား မစွမ်းနိုင်တော့တာများလား"

ယန်ကွမ်း တွန့်ဆုတ်နေသည်ကို မြင်သောအခါ ကျိယွမ်က မယုံသလို မေးလိုက်သည်။

"ခင်ဗျား ရုန်းကန်နေရတယ်ဆိုရင် ဒီတစ်ခါတော့ မိစ္ဆာတွေကို တစ်ယောက်တည်း ရင်ဆိုင်စရာ မလိုပါဘူး။ ကျွန်တော်လည်း အတူ လိုက်ခဲ့ပေးမယ်"

"မလိုဘူး၊ ငါ အဆင်ပြေတယ်"

တွန့်ဆုတ်နေသော ယန်ကွမ်းက ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။

ကျိယွမ်က အများကြီး စုပ်ယူနိုင်လျှင်တောင် သေချာပေါက် ကန့်သတ်ချက်တစ်ခုတော့ ရှိရမည်ဖြစ်သည်။

ထို့အပြင် သူ၏ရန်သူ ထိုက်ဟွမ်နန်းတော်၏ ဘိုးဘေးကြီးသည်လည်း ကျောက်စိမ်းသွေးအဆင့် အလယ်ပိုင်းလောက်သာ ရှိနိုင်၏။

ကျောက်စိမ်းသွေးအဆင့် အလယ်ပိုင်း မိစ္ဆာတစ်ကောင် နှစ်ကောင် ထပ်သတ်လျှင် လုံလောက်မှာ အသေအချာပင်။

ပို့မဲ့ပို့ ကူးတို့ရောက်အောင်ပို့တဲ့ ၊

ဘာမှမစိုးရိမ်နဲ့၊ ခဏလောက် ထပ်တောင့်ခံထားလိုက်။

သူက ကျောက်စိမ်းသွေးအဆင့် အလယ်ပိုင်း၏ အထွတ်အထိပ်ရှိသောကြောင့် ကျိုးယွမ်ကိုပင် ယှဉ်နိုင်သူဖြစ်သည်။

ယန်ကွမ်းက ယုံကြည်ချက်အပြည့် ရှိနေသည်ကို မြင်သောအခါ ကျိယွမ်က မချီးကျူးဘဲ မနေနိုင်ပေ။

"ဒီသက်တော်စောင့်က ပေးရတဲ့ ကြေးပြားတိုင်းနဲ့ ထိုက်တန်တယ်"

"သေချာတာပေါ့ ..၊ ငါနဲ့အပေးအယူလုပ်လို့ ညီအစ်ကိုကျိကို မဆုံးရှုံးစေရပါဘူး"

"ဒီမစ်ရှင်မှာ မိစ္ဆာတွေနဲ့ တွေ့တိုင်း ညီအစ်ကိုကျိအတွက် ငါ သတ်ပေးမယ်၊ ပြီးတော့ သူတို့ရဲ့ မိစ္ဆာသွေးတွေကို ထုတ်ယူပေးမယ်။ မင်း ဆုလာဘ်တွေ အပြည့်နဲ့ ပြန်နိုင်စေဖို့ ငါ အာမခံတယ်"

ယန်ကွမ်းသည် အနစ်နာခံပြီး သိက္ခာဆယ်ရန် ကြိုးစားနေခြင်းဖြစ်ကာ၊ စမိမှတော့ အဆုံးထိ အကောင်းဆုံး ဖြစ်အောင် လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ယန်ကွမ်း၏ အာမခံ စကားကို ကြားသောအခါ ကျိယွမ် အလွန်ကျေနပ်သွားသည်။

ဟောက်မူရှီလည်း ပျော်နေ၏။

ဘာပဲဖြစ်ဖြစ် မိစ္ဆာအလောင်းတွေ များများရလေ သူတို့မြို့အတွက် အစားအစာများများရလေပင်။

ထို့နောက် အတူလိုက်ပါလာသော အစောင့်များက မိစ္ဆာအလောင်းများကို ကျန်းယန်မြို့သို့ ပြန်သယ်သွားကြသည်။

ဟောက်မူရှီ တစ်ယောက်သာ ကျိယွမ်တို့အဖွဲ့ကို လမ်းညွှန်ရန် တောင်ပေါ်တွင် ကျန်ရစ်ခဲ့လေ၏။

နောက်ထပ် နေ့ဝက်အတွင်းတွင် သူတို့သည် လေလွင့်မိစ္ဆာနယ်မြေ သုံးခုထံသို့ ထပ်မံသွားရောက်ခဲ့ကြသည်။

ယန်ကွမ်းသည် သွေးစွမ်းအင်အဆင့် မိစ္ဆာ သုံးကောင်၊ ကျောက်စိမ်းသွေးအဆင့် အစောပိုင်းမိစ္ဆာနှစ်ကောင်နှင့် ကျောက်စိမ်းသွေးအဆင့် အလယ်ပိုင်း မိစ္ဆာ တစ်ကောင်ကို သတ်ဖြတ်ခဲ့၏။

ယခုအချိန်တွင် သူသည် တောင်ထဲသို့ စတင်ဝင်ရောက်စဉ်ကပုံစံဖြစ်သော ယုံကြည်မှုအပြည့်ရှိသည့် ထိပ်ပြောင်ကြီးပုံစံနှင့် လုံးဝ ကွာခြားသွားပြီ ဖြစ်သည်။

ယခုအခါ သူသည် ဒဏ်ရာများ ရရှိထားပြီး သွေးစွမ်းအင်များလည်း ကုန်ခမ်းကာ အတော်လေး သနားစဖွယ် အခြေအနေ ဖြစ်နေလေပြီ။

ယန်ကွမ်းက မိစ္ဆာအလောင်းများကို ထမ်း၍ ပြန်လာသည်ကို မြင်သောအခါ ကျိယွမ်က လက်မထောင်ပြလိုက်သည်။

"တကယ် သန်မာတာပဲ၊ ခင်ဗျားရဲ့ ကန့်သတ်ချက်ကို ကျုပ်တောင် မမြင်နိုင်ဘူး"

"ဒီတစ်ခါ ခင်ဗျား မိစ္ဆာအမဲလိုက်ဖို့ ယိုင်တိုင်တိုင်နဲ့ ထွက်သွားတုန်းက ကျွန်တော့်ကို လိုက်ခဲ့ဖို့ ပြောမယ် ထင်နေတာ၊ ဒါပေမဲ့ အံ့သြစရာကောင်းတာက...ခင်ဗျားတစ်ယောက်တည်းဖြစ်နေတာတောင် ပြန်လာနိုင်ခဲ့တယ်"

"ကျွန်တော် ခင်ဗျားအတွက် အထီးကျန်စစ်သည်တော်သီချင်းတောင် ဆိုပြချင်ပေမဲ့ စိတ်မကောင်းဘူး၊ကျွန်တော်က အသက်လေးရလာတော့ သီချင်းစာသားတွေ မေ့ကုန်ပြီ"

"အူး..."

ယန်ကွမ်းက အမောတကော အသက်ရှူရင်း ကျိယွမ်ကို ရန်ငြိုးထားသော အမူအရာဖြင့် ကြည့်လိုက်သည်။

သူက ကျိယွမ်ကို အလွန်မေးချင်နေသည်။

ငါ့ရဲ့ကန့်သတ်ချက်ကို မမြင်နိုင်တာကဟုတ်ပါပြီ ... မင်းရဲ့ ကန့်သတ်ချက်က ရော ဘယ်မှာလဲ။

မိစ္ဆာသွေးတွေ ဒီလောက်အများကြီး ရနေတာတောင်... မင်းက ထပ်လိုချင်သေးတာလား။

သို့သော် သူ၏ စကားကို တည်အောင်လုပ်ရန်နှင့် သူ၏သိက္ခာထိန်းရန်အတွက် သူသည် အံကြိတ်ကာ အဆုံးထိ လုပ်ဆောင်ရန်သာ အားတင်းထားရ၏။

"ရော့၊ ဖရဲသီးစားပြီး ခဏနားလိုက်ဦး"

ကျိယွမ်က ဖရဲသီးတစ်လုံး ပစ်ပေးလိုက်ရာ ယန်ကွမ်းမှာ ဒေါပွနေသည့်ကြားမှ ကမန်းကတမ်းဖမ်းလိုက်ရသည်။

သူက ဖရဲသီးကိုခွဲပြီး ဖြည်းဖြည်းချင်း စားလိုက်၏ ။

အစပိုင်းတွင် အရသာမရှိဟု သူ ထင်ခဲ့သောဖရဲသီးသည် ယခုအခါ အလွန် အရသာရှိနေလေသည်။

အမှန်တရားမှာ... သူ၏ သွေးစွမ်းအင်များ ပြင်းထန်စွာ ကုန်ခမ်းနေခြင်းကြောင့်ပင်။

အကယ်၍ ယခုအချိန်၌ နောက်ထပ် ကျောက်စိမ်းသွေးအဆင့် မိစ္ဆာတစ်ကောင်နှင့် တွေ့ပါက အမြန်ထွက်ပြေးရမည်မှာ သူသာဖြစ်သည်။

မဟုတ်ပါက သွေး စွမ်းအင်များ ထပ်မံကုန်ခမ်းသွားလျှင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း မရှိတော့ဘဲ ချူယောင်တောင်မှ အသက်ရှင်လျှက်ထွက်ခွာနိုင်မည် မဟုတ်ပေ။

"ခင်ဗျား အဆင်မပြေဘူးလား။ ကြည့်ရတာ တော်တော် အားနည်းနေသလိုပဲ"

ကျိယွမ်က ဖရဲသီးကို အငမ်းမရစားနေသော ယန်ကွမ်းကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။

"မဟုတ်ပါဘူး၊ ငါ အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် ငါ မင်းကို ကာကွယ်ပေးမှာပါ"

ယန်ကွမ်းက ဖရဲသီးခွံကို မြေပြင်ပေါ်သို့ အားပြင်းပြင်းဖြင့် လွှင့်ပစ်လိုက်၏။

"ဒါပေမဲ့ ခင်ဗျားရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ ကျောက်ကပ်အားနည်းတဲ့ရောဂါ ရှိနေတယ်လို့ ထင်ရတယ်"

ကျိယွမ်က ဆရာဝန် မဟုတ်သော်လည်း ဖျားနာနေပုံရသူကို တွေ့တိုင်း ရောဂါခွဲခြားပေးတတ်၏။သူ၏ ဆေးဘက်ဆိုင်ရာ အသိပညာဗဟုသုတများအရ သေချာပေါက် ကျောက်ကပ်အားနည်းခြင်းပင်။

ထူးဆန်းစွာမှာ ဆယ်ကြိမ်မှာ ဆယ်ကြိမ်လုံး သူ မှန်လေ့ရှိသည်။

"မဟုတ်ဘူး၊ ငါ အခု အရမ်း သန်မာနေတယ်။ မိစ္ဆာတစ်ကောင်လာရင် တစ်ကောင်သတ်မယ်၊ အုပ်စုလိုက်လာရင် အကုန်သတ်ပစ်မယ်"

ယန်ကွမ်းက လက်မခံဘဲ အမြန် ပြန်ချေပလိုက်သည်။

ယောကျာ်းတစ်ယောက်က မိမိကိုယ်ကို မစွမ်းနိုင်ဘူးလို့ ဘယ်လိုလုပ် ဝန်ခံနိုင်မည်နည်း။

ထို့အပြင်... တစ်ယောက်ယောက်က မသူ့ကို ကျောက်ကပ်အားနည်းသူလို့ အမည်တပ်တာကိုလည်း လုံးဝ ခွင့်မပြုနိုင်ပေ။

ငါ့ရဲ့ယောက်ျားမာနက ခွင့်မပြုဘူး။

မလှမ်းမကမ်းတွင်ကြည့်နေသော အန်းချောင်မှာ သူတို့နှစ်ယောက်ကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ပေ။

"ဒါဆိုရင်တော့ ကျွန်တော် စိတ်အေးသွားပြီ"

ကျိယွမ်က စိတ်သက်သာရာရသလို သက်ပြင်းချလိုက်သည်။

ကျိယွမ်၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသောအခါ ယန်ကွမ်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

သူက တဖြည်းဖြည်း မှောင်လာသော ကောင်းကင်ကို ကြည့်ကာ စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

"ဒီည... ငါတို့ မိစ္ဆာတွေ ဆက်ရှာဦးမှာလား။ နည်းနည်း နောက်ကျနေပြီ မဟုတ်လား"

"စိတ်မပုပါနဲ့ ၊ ကျွန်တော်က ခင်ဗျားကို သန်းခေါင်ယံမှာ မိစ္ဆာအမဲလိုက်ခိုင်းမယ့် ရက်စက်တဲ့ အရင်းရှင် မဟုတ်ပါဘူး"

ကျိယွမ်က စိတ်မပူရန် အမြန် ရှင်းပြလိုက်သည်။

သူသည် အလုပ်သမားအခွင့်အရေးအတိုင်း ရှစ်နာရီ အလုပ်ချိန်ကို တင်းကြပ်စွာ လိုက်နာသူဖြစ်သည်။

ထိုအခါမှ ယန်ကွမ်း သက်ပြင်းချနိုင်တော့သည်။

သူ အသက်ချမ်းသာရာ ရသွားလေပြီ။

"ဒါပေမဲ့..."

ကျိယွမ်က တောနက်ထဲသို့ကြည့်ကာ စဉ်းစားသလိုပြောလိုက်သည်။

"ကျွန်တော်က မိစ္ဆာတွေကို လိုက်မရှာပေမဲ့ မိစ္ဆာတွေက ကျွန်တော့်ကို လိုက်ရှာနေကြတယ်။"

"ဒီနေ့ ကျွန်တော်တို့ ရှုယောင်တောင်ရဲ့ အပြင်ဘက်မှာ သောင်းကျန်းနေကြတာက မိစ္ဆာတွေရဲ့ အာရုံစိုက်မှုကို ရရှိသွားစေတာဖြစ်မယ်"

"ကျွန်တော်ကလည်း သိတဲ့အတိုင်း ၊ ဉာဏ်ကောင်းတယ်လေ ၊ မိစ္ဆာတွေ ပိုရောက်လာပြီး မိစ္ဆာသွေးတွေ ပိုရအောင် တမင်တကာ... ကျွန်တော်တို့ရဲ့ အရှိန်အဝါတွေကို ဖုံးကွယ်မထားခဲ့ဘူး"

" ဒါကြောင့်... ကျွန်တော်တို့နဲ့ မလှမ်းမကမ်းမှာ မိစ္ဆာတစ်ဒါဇင်ကျော် ဒီဘက်ကို လာနေကြပြီ"

"အင်း.. သူတို့ရဲ့ အစွမ်းက သိပ်မမြင့်ပါဘူး၊ ခင်ဗျား အရင်သတ်ခဲ့တဲ့ ကောင်တွေထက် ပိုအားနည်းတယ်"

ကျောက်စိမ်းသွေးအဆင့် အစောပိုင်း မိစ္ဆာသုံးကောင်နဲ့ သွေးစွမ်းအင် အဆင့် မိစ္ဆာ တစ်ဒါဇင်လောက်ပါပဲ"

"ခလွမ်......"

ယန်ကွမ်း၏ မျက်လုံးများ ပြူးထွက်သွားတော့သည်။ သူ့နှလုံးသား ကွဲကြေသွားသည့် အသံတစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်ရ၏။

"မိ... မိစ္ဆာတွေ ငါတို့ဆီ လာနေတာလား"

သူ၏ အာရုံခံစားမှုကို အမြန်ဖြန့်လိုက်ရာ တွေ့ရှိလိုက်ရသည့် အရာက သူ့ကို ပို၍ထိတ်လန့်သွားစေသည်။

သူသည် မိစ္ဆာမျက်လုံး တစ်ဒါဇင်ကျော်နှင့် မျက်လုံးချင်း ဆုံသွားသည်မဟုတ်ပါလား။

သူ၏ နှလုံးခုန်သံများ မှားကုန်၏။

အကယ်၍ သူသည် ဤမိစ္ဆာ တစ်ဒါဇင်ကျော်နှင့် ရင်ဆိုင်ရပါက သူ တကယ်ပဲ စွမ်းအားကုန်ရုံသာမက အသက်ပါသွားနိုင်သည်။

သူ စကားမပြောနိုင်ခင်မှာပင် ကျိယွမ်၏ မျှော်လင့်ချက်အပြည့်ရှိသော အကြည့်ကို မြင်လိုက်ရ၏။

"အစ်ကိုယန်... ခင်ဗျားအလှည့်ရောက်ပြီ။ ကျွန်တာ် သူတို့ရဲ့ မိစ္ဆာသွေးတွေကို လိုချင်တယ်"

ယန်ကွမ်းမှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်ခဲ့ပါ။ သူ၏ခြေထောက်များက မရည်ရွယ်ပါဘဲ အလိုလို တုန်ယင်နေသည်။

သူ သိုင်းပညာရှင် မဖြစ်သေးခင် လွန်ခဲ့သည့် နှစ်အနည်းငယ်က အိမ်ထောင်ကျပြီးစတွင် သူ၏ ဇနီးက သူ့ကို ကြည့်ခဲ့သည့် အကြည့်ကိုပင်ပြန်သတိရသွား၏။

"ညီအစ်ကိုကျိ... ငါတို့ ထွက်ပြေးရင် ဘယ်လိုလဲ"

ဂုဏ်သိက္ခာထက် အသက်က ပိုအရေးကြီးသည် မဟုတ်ပါလား။

ယခုအခြေအနေတွင် ယန်ကွမ်းသည် လက်တွေ့ဘဝကို လက်ခံပြီး ထွက်ပြေးရန် ဆုံးဖြတ်လိုက်၏။

အကယ်၍ သူ တိုက်ခိုက်နိုင်စွမ်း ကုန်ဆုံးသွားပြီး မိစ္ဆာများနှင့် ငြိတွယ်နေပါက မိစ္ဆာစစ်တပ်ကြီး၏ အာရုံစိုက်မှုကို ဆွဲဆောင်မိပြီး ရှုယောင်တောင်မှ အသက်ရှင်လျက် ထွက်ခွာနိုင်မည် မဟုတ်တော့ပေ။

ထို့အပြင် သူတို့သည် ဖုန်းဟွာဂူသို့ရောက်အောင်သွား၍ ပန်းမိစ္ဆာ မန်လျိုကို တွေ့ဆုံပြီး မစ်ရှင်ကို အပြီးသတ်ရဦးမည် ဖြစ်သည်။

"ထွက်ပြေးမယ်"

ကျိယွမ် ခဏမျှ မှင်တက်သွားပြီး ယန်ကွမ်းကို ကြည့်လိုက်သည်။

"ဘာလို့ ထွက်ပြေးရမှာလဲ။ သူတို့ရဲ့ အစွမ်းက သိပ်မကြီးပါဘူး၊ ခင်ဗျားအရင်သတ်ခဲ့တဲ့ ကောင်တွေလောက်တောင် မသန်မာဘူး"

သူ၏စကားကို ကြားသောအခါ ယန်ကွမ်းက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ဖြေ၏။

"ညီအစ်ကျိ.. ဆိုရိုးစကား ရှိတယ်မဟုတ်လား၊ 'နွားကို ပင်ပန်းစေတာက ထွန်တုံးမဟုတ်ဘူး၊ မြေကြီးပဲ' တဲ့။ ရှုယောင်တောင်မှာ မိစ္ဆာတွေက အရမ်းများလွန်းတယ်"

"များလေ ကောင်းလေပေါ့ဗျ။ ဒီနေရာက ရတနာသိုက်ပဲ"

ကျိယွမ်က အမှောင်ထဲသို့ကြည့်ကာ ဝမ်းသာအားရပြောလိုက်ပြီးမှ တစ်ခုခုကို သဘောပေါက်သွားသလို ယန်ကွမ်းကို ကြည့်၏။

ထို့နောက် သူကစိတ်ပျက်သွားသော အမူအရာဖြင့် မှတ်ချက်ချသည်။

"ကျွန်တော် အခု သိပြီ၊ ခင်ဗျားက တကယ်ဖျားနေတာပဲ ၊ ကျောက်ကပ်အားနည်းတဲ့ရောဂါ။ ဒီတစ်ခါတော့ ကျွန်တော်ကို ကျွန်တော်ပဲ အားကိုးရတော့မယ် ထင်တယ်"

ထိုသို့ပြောပြီး ကျိယွမ်က မတ်တပ်ထရပ်လိုက်သည်။

ယန်ကွမ်း၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။

"မင်းက ကျောက်စိမ်းသွေးအဆင့် အလယ်ပိုင်းကို ရောက်ခါစပဲ ရှိသေးတာ။ ငါတို့... အရင် ဆုတ်ခွာသင့်တယ် မဟုတ်လား။ တကယ်လို့ ငါတို့ အဝိုင်းခံရပြီး မိစ္ဆာစစ်တပ်တွေ ရောက်လာရင် ငါတို့အကုန် လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး"

အန်းချောင်၏ မျက်နှာတွင်လည်း စိုးရိမ်သော အမူအရာ ပေါ်လာသည်။

ယခုအချိန်တွင် ဆုတ်ခွာခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။

"ဘာလို့ ဆုတ်ခွာရမှာလဲ"

ကျိယွမ်၏ မျက်လုံးများတွင် အပျော်များ တောက်ပနေသည်။

"ဒီနေ့ ငါ ရှူယောင်တောင်မှာ ဒီတုတ်ကို ကောက်ရလိုက်တဲ့ အချိန်မှာပဲ ငါ သိလိုက်တယ်... ရှူယောင်တောင်က ငါ့ရဲ့ ကောင်းချီးပေးခံရတဲ့ မြေပဲဆိုတာ"

ကျိယွမ်၏ လက်ထဲတွင် ဘာ်အချိန်က ကောက်ထားမှန်းမသိရသော ဖြောင့်စင်းနေသည့်တုတ်တစ်ချောင်း ရှိနေသည်။

ဤမျှ ဖြောင့်စင်းသော တုတ်ချောင်းသည် အတော်လေး ရှားပါး၏။

ငယ်ငယ်တုန်းကဆိုလျှင် ကလေးများသည် ယခုလိုတုတ်မျိုး တွေ့ပါက သူတို့ကိုယ်သူတို့ မျောက်မင်းစွန်းဝူခုန်းဟု ခံစားရလေ့ရှိသည်။

တုတ်ကို ကိုင်ထားရင်း ကျိယွမ်လည်း အစွမ်းများ ပြည့်လျှံနေသလို ခံစားနေရသည်။

သစ်သားတုတ်ကို ကိုင်ထားရင်း သူက ပြတ်သားစွာ ရှေ့သို့ တိုးသွား၏။

"မိန်းကလေးတွေ၊ ကလေးတွေ၊ ပြီးတော့ ကျောက်ကပ်အားနည်းတဲ့လူတွေ... ဒီမှာပဲ နေခဲ့ကြ။ ဒီည မင်းတို့အားလုံးကို ငါ ကာကွယ်ပေးပါ့မယ်"

အန်းချောင်နှင့် ဟောက်မူရှီတို့ စိတ်လှုပ်ရှားသွားကြသည်။

ယန်ကွမ်းမှာမူ သူ ကျောက်ကပ်အားမနည်းကြောင်း ငြင်းချင်နေသည်။

သို့သော် ယခုအချိန်တွင် အခြေအနေအရ ကြားဖြတ်ပြောရန် မသင့်တော်ပေ။

ထိုအချိန်မှာပင် မိစ္ဆာတစ်ဒါဇင်ကျော် ပေါ်လာတော့သည်။

၎င်းတို့သည် အရောင်အသွေး စုံလင်ပြီး ထူးဆန်းသော ပုံသဏ္ဌာန်များ ရှိကြသည်။

ရှေ့ဆုံးတွင် ခွေးမိစ္ဆာတစ်ကောင် ရှိနေပြီး သူကခွေးပီသစွာ ဟောင်ဖွာဟောင်ဖွာလုပ်တတ်ပုံရှိ၏။

"ငါတို့တောင်ထဲမှာ သောင်းကျန်းပြီး မိစ္ဆာတွေကို သတ်ချင်တိုင်း သတ်နေတဲ့ မိစ္ဆာနှိမ်နင်းရေးဌာနက လူတွေဆိုတာ မင်းတို့လားကွ"

ခွေးမိစ္ဆာက ရှေ့တွင်ရှိသော လူလေးယောက်ကို အကဲခတ်ရင်း သတိကြီးစွာ ပြောလိုက်သည်။

အခြား ကျောက်စိမ်းသွေးအဆင့် အစောပိုင်း မိစ္ဆာနှစ်ကောင်ကလည်း လူသားများကို တည်ငြိမ်စွာ ကြည့်နေကြသည်။

အစပိုင်းတွင် သွေးစွမ်းအင်အဆင့် လေ့လွင့် မိစ္ဆာနှစ်ကောင် အသတ်ခံရသည်ဟု ကြားသောကြောင့် သူတို့အား စုံစမ်းစစ်ဆေးရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။

သို့သော်... ရန်သူများသည် မျှော်လင့်ထားသည်ထက် ပိုသန်မာနေပုံရ၏။

"အသက်ရှင်ချင်ရင် မိစ္ဆာသွေးတွေကို ထားခဲ့ပါ"

ခွေးမိစ္ဆာက တောင်းဆိုလိုက်သည်။

သူသည် ကျိယွမ်တို့နှင့် မတိုက်ခိုက်ချင်သည်မှာ ရှင်းနေ၏။

နိုင်သည်ရှုံးသည်အသာထား ၊ ကျောက်စိမ်းသွေးအဆင့် ရန်သူနှစ်ယောက်နှင့် တိုက်ခိုက်ခြင်းက ထိခိုက်သေဆုံးမှု များနိုင်သဖြင့် ထိပ်တိုက်တွေ့ဆုံရန် မထိုက်တန်ပေ။

သူတို့သည် လွှတ်ပေးသလို ဟန်ဆောင်ပြီးမှ မိစ္ဆာစစ်သည်များကို ပိုခေါ်ကာ ဝိုင်းရံချေမှုန်းရန် ရည်ရွယ်ထား၏။

ယန်ကွမ်းသည် ဤသည်ကို ကြားသောအခါ စိတ်ထဲတွင် တိိတ်တဆိတ်ဝမ်းသာသွားပြီး ကျိယွမ်ကို သူတို့၏ သဘောတူညီချက်အား လက်ခံရန် ကပြောမိလုနီးပါး ဖြစ်သွားသည်။

သို့သော် အေးစက်ပြီး ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာ၏။

"ငါ ဒီတုတ်ကို ကောက်လိုက်တဲ့ အချိန်ကတည်းက ဒီညဟာ... မအေးချမ်းဖို့ ကံပါလာပြီးသားပဲ"

"သတ်စေ..."

ထိုခဏချင်းမှာပင် ကျိယွမ်၏ သွေးစွမ်းအင်များ ဆူပွက်လာပြီး သူသည် ငှက်ကြီးတစ်ကောင်ကဲ့သို့ ရှေ့သို့ ခုန်တက်ကာ မိစ္ဆာ တစ်ဒါဇင်ဆီသို့ ပြေးဝင်သွားတော့သည်။

ဤကမ္ဘာတွင် သူ၏ ကျင့်ကြံမှုသည် တစ်ဆင့် လျော့ကျနေသော်လည်း၊ သူသည် ယခုအခါ အမြုတေအဆင့်တွင် ရှိနေသည်။

သို့သော်... ချင်းယွမ်နိုင်ငံတွင် ကျူးယန်၏ အကူအညီဖြင့် ကျိယွမ်၏ ကျင့်ကြံမှုမှာ အရှိန်အဟုန်ဖြင့် မြင့်တက်သွားခဲ့သည်။

ဝိညာဉ်စွမ်းအင် မလုံလောက်လျှင် သူ ဘာလုပ်မည်နည်း။

သူသည် ကျူးယန်ထံမှအနမ်းတစ်ခု တောင်းမည်၊ ဝိညာဉ်စွမ်းအင် အချို့ကို လွှဲပြောင်းယူမည်၊ ပြီးလျှင် နှစ်ကိုယ်တူကျင့်ကြံခြင်းကို လုပ်ကောင်းလုပ်မည် မဟုတ်ပါလား။

ငါ့ကို ၂၁ ရာစုကမ္ဘာက ကောင်တွေလိုအိမ်သာထဲမှာ အလဟဿဖြုန်းတီးတတ်တဲ့သူများ ထင်နေလား ၊ ငါ အရူးမဟုတ်ဘူးကွ ။

ကျူးယန်ကြောင့် သူ၏ကျင့်ကြံမှု အဆင့်မှာ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တော့သည်။

လက်ရှိကမ္ဘာတွင် သူသည် အမြုတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေလေပြီ။

သူသည် စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။

ဂိမ်းထဲတွင် သူ၏ အစွမ်းသည်လည်း ကျောက်စိမ်းသွေးအဆင့် နောက်ဆုံးပိုင်း အဆင့်တွင် ရှိနေသည်။

သူ၏ သိုင်းပညာ စွမ်းရည်များကို မသုံးဘဲ သူ၏ ကျင့်ကြံမှု အစွမ်းတစ်ခုတည်းနှင့်ပင် ဤမိစ္ဆာများကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်၏။

သစ်သားတုတ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

"ကြီးထွားစမ်း"

ကျိယွမ်၏ အမိန့်နှင့်အတူ သူ၏လက်ထဲမှ သစ်သားတုတ်သည် ရွှေရောင်အလင်းများ ဖုံးလွှမ်းသွားသလို တောက်ပလာပြီး ရွှေရောင်တုတ်နှင့် ဆင်တူသော အရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

"သေကြ"

ကျိယွမ်သည် ရွှေတုတ်ချောင်းကို ကိုင်ဆောင်ကာ ခန့်ညားထည်ဝါစွာဖြင့် လေထဲတွင် ဝေ့ယမ်းလိုက်၏။

ကြီးမားသော တုတ်ကြီးမှာ ပေါင်ချိန် တစ်သိန်းခန့် လေးလံပုံရသည်။

၎င်းကြောင့် ဖြစ်ပေါ်လာသော လေပြင်းကပင် အနီးနားရှိ သစ်ပင်များကို အမြစ်မှ နှုတ်ပစ်ကာ လွင့်ထွက်သွားစေ၏။

ပြင်းထန်သော လေတိုးသံကြီးမှာလည်း နတ်ဘုရားတစ်ပါး တီးတိုးပြောနေသလို ဟိန်းထွက်လာသည်။

ထို့နောက် အစွမ်းထက်သော လေဟာနယ် အတားအဆီးတစ်ခု ဖြစ်ပေါ်လာပြီး မိစ္ဆာတစ်ဒါဇင်ကို အတွင်းထဲတွင် ပိတ်မိစေကာ လှုပ်ရှားမရအောင် လုပ်ပစ်၏။

"ဒါ...ဒါက ဘာကြီးလဲ"

ခေါင်းဆောင် ခွေးမိစ္ဆာ၏ မျက်နှာမှာ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

အခြားမိစ္ဆာများလည်း ထို့အတူပင်။

သူတို့ရှေ့တွင် မြင်တွေ့နေရသော မြင်ကွင်းက သူတို့ကို လုံးဝ မှင်တက်သွားစေ၏။

ကံမကောင်းစွာဖြင့် သူတို့ အံ့သြနေရန် အချိန်အများကြီး မရလိုက်ပေ။

ကြီးမားသော တုတ်ကြီးက သူတို့၏ ခန္ဓာကိုယ်များပေါ်သို့ တိုက်ရိုက် ရိုက်ချလိုက်တော့သည်။

သူတို့၏ အစစ်အမှန် ပုံသဏ္ဌာန်များကို ထုတ်ဖော်လိုက်လျှင်ပင် ဤတိုက်ခိုက်မှုကို မယှဉ်နိုင်ကြပေ။

ရွှေတုတ်ချောင်းနှင့်တူသော တုတ်ကြီးက ရိုက်ချလိုက်ရာ သူတို့မှာ ချက်ချင်းပင် သွေးအိုင်ထဲသို့ ပြောင်းလဲသွားကုန်၏။

တစ်ချက်တည်း သေဆုံးခြင်း။

အမှန်တကယ် တစ်ချက်တည်းဖြင့် အားလုံးကို သွေးအိုင်များဖြစ်သွားအောင် ချေမှုန်းလိုက်ခြင်းပင် ။

ထိတ်လန့်စွာကြည့်နေသော ဟောက်မူရှီ၏ မျက်လုံးများ ပြူးကျယ်သွား၏။ထို့နောက် ကြောက်ရွံ့နေရာမှ အားကျမှုအဖြစ် ပြောင်းသွားခဲ့သည်။

အန်းချောင်၏ မျက်လုံးများမှာလည်း အံ့သြမှုများဖြင့် ပြည့်နေသည်။

ပြီးခဲ့သည့် အကြိမ်တုန်းက... ကျိယွမ်က ဒီလောက် မသန်မာခဲ့ဘူး မဟုတ်လား။

ထိပ်ပြောင်ယန်ကွမ်းမှာမူ ထိတ်လန့်မှုနှင့်အတူ သံသယများဖြင့် ပြည့်နှက်နေပြီး ပါးစပ်မဟောင်းသားဖြစ်သွား၏။

မဖြစ်နိုင်တာ...။ ညီအစ်ကို.. မင်းက ဒီလောက်တောင် အစွမ်းထက်နေတာ ၊ငါ့ကိုတောင် အလွယ်တကူ သတ်နိုင်တာကို ၊ ဘာလို့ ငါ့ကို သက်တော်စောင့် လုပ်ခိုင်းရတာလဲ။

ဒါက ဘယ်လို လှည့်ကွက်လဲ။

သူသည် မတရားခံလိုက်ရသလို ခံစားရ၏။

ပြီးတော့... ဒါက တကယ်ပဲ သိုင်းပညာ လား။

ကျိယွမ် သုံးလိုက်သည့် အရာမှာ သိုင်းပညာနှင့် မတူပေ။

ပြောရလျှင်... ဒဏ္ဍာရီလာ မသေမျိုး အတတ်ပညာများနှင့် တူနေသလိုပင်။

ဒါပေမဲ့... ဒီကမ္ဘာမှာ မသေမျိုးနည်စနစ်တွေ သုံးရင် အဆင့်တစ်ဆင့် လျော့သွားတယ်လို့ ပြောကြတယ် မဟုတ်လား။

ဒါဆိုရင် ကျိယွမ်ရဲ့ အစစ်အမှန် ခန္ဓာကိုယ်က ဘယ်လောက်တောင် သန်မာနေတာလဲ။

သူ၏စိတ်ထဲတွင် တုန်လှုပ်သွားပြီး ထပ်မတွေးရဲတော့ပေ။

ထိုအတောအတွင်း မိစ္ဆာသွေးစက် ရာဂဏန်းကို သိမ်းဆည်းလိုက်ပြီး ကျိယွမ်၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။

သူ့အတွက် ပုရွက်ဆိတ် အနည်းငယ်ကို နင်းခြေလိုက်သလိုပင်။

"သူတို့ကို ခုလိုကြိတ်ခြေပစ်တာကပဲ ပိုကောင်းတယ် ၊ မြေမြှုပ်နေစရာ မလိုတော့ဘူး၊ မြေဆီလွှာအတွက် မြေသြဇာတောင် ဖြစ်သွားသေးတယ်"

သူ၏လက်ထဲမှ သစ်သားတုတ်မှာ မူလအခြေအနေသို့ ပြန်ရောက်သွားပြီး ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ယန်ကွမ်းမှာ ပြုံးလိုက်သော်လည်း သူ၏အပြုံးက မပီပြင်ရှာပေ။

သူသည် အစောပိုင်းက လူတုံးလူအတစ်ယောက်လို ဖြစ်ခဲ့သည်ဟု ခံစားနေရသည်။

ကျိယွမ်၏ အစွမ်းနှင့်ဆိုလျှင် သူ ကာကွယ်ပေးရန် လိုအပ်ပါဦးမလား။

လူရမ်းကားကျိုးယွမ်ပင်လျှင် သူ့ရဲ့ တိုက်ခိုက်မှုတစ်ချက်ကို တောင့်ခံနိုင်မှာ မဟုတ်ပါ။

"ညီအစ်ကိုကျိ ...မင်းက အမှန်တရားကို ဖုံးကွယ်ထားခဲ့တာပဲ။ မင်းရဲ့ အစွမ်းက... ငါ့ထက် အများကြီး သာပါတယ်။

ငါ မင်းကို ကာကွယ်ပေးတယ်ဆိုတာ... ရယ်စရာကြီး ဖြစ်နေပြီ"

ယန်ကွမ်းက သက်ပြင်းချလိုက်သည်။

သူသည် ပါရမီရှင်မဟာမိတ် လက်မှတ်ကို မေ့ပစ်လိုက်ရတော့မည်ဟု အလိုလိုသိလိုက်၏။

"တကယ်တော့ ကျွန်တော်က သတိလက်လွတ် ဖြစ်သွားပြီး ကျွန်တော့်ရဲ့ အစွမ်းတစ်စိတ်တစ်ပိုင်းကို ပြမိသွားတာပါ။ ခင်ဗျားလည်း ကျွန်တော့်အပေါ် ဟန်ဆောင်နေတာတွေကို ရပ်သင့်ပြီ မဟုတ်လား"

ကျိယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။

"ဟင်"

ယန်ကွမ်းက မျက်တောင်တဖြတ်ဖြတ်ခတ်ရင်း စဥ်းစားသော်လည်း ကျိယွမ်၏ ဆိုလိုရင်းကို နားမလည် ဖြစ်နေသည်။

"ငါ ဘာတွေကို ဖုံးကွယ်ထားလို့လဲ"

"ခင်ဗျားက ကျုပ်ရဲ့ ရန်သူတော်ကြီး ထိုက်ဟွမ်နန်းတော်ရဲ့ ဘိုးဘေးကို ယှဉ်နိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား"

ကျိယွမ်က ထောက်ပြလိုက်သည်။

"..."

ယန်ကွမ်းခမျာ ဆွံ့အသွားရှာ၏။

"ငါ ထင်ခဲ့တာက... သူက အားနည်းတယ်လို့လေ။ သူက မင်းရဲ့ ပြိုင်ဘက် ဖြစ်နိုင်တယ်ဆိုမှတော့ ငါက သူ့ရဲ့ ပြိုင်ဘက် မဟုတ်နိုင်တာ သေချာသွားပါပြီ"

"ဟုတ်လို့လား"

ကျိယွမ်က ယန်ကွမ်းကို တည်ငြိမ်စွာကြည့်လိုက်ပြီး မှတ်ချက်ချသည်။

"ခင်များ မလိမ်ဘူးပဲ ၊ ခင်ဗျားရဲ့ သွေးမျိုးဆက် အရင်းအမြစ်က တကယ်ပဲ သူ့ကို မယှဉ်နိုင်ဘူး"

ယန်ကွမ်းမှာ ဇဝေဇဝါ ဖြစ်သွားပြီး ယခုအခါမှာလည်း ကျိယွမ် ဘာကို ဆိုလိုသည်ကို နားမလည်ခဲ့ပြန်ပါ။

ဒါက ငါ့သွေးမျိုးဆက် အရင်းအမြစ်နဲ့ ဘာဆိုင်လို့လဲ။

သို့သော် သူ၏ သွေးမျိုးဆက် အရင်းအမြစ် အားနည်းသည်ဟု ပြောခြင်းကိုမူ သူ သဘောမတူနိုင်ပေ။

ကျိယွမ်က မသေမျိုးနည်းစနစ်ကို ကျင့်ကြံပြီး သူ၏ အစစ်အမှန် ကမ္ဘာရှိ ကျင့်ကြံမှုမှာ မြင့်မားသောကြောင့် လူတက်ကြီး ဖြစ်နေသော်လည်း၊ ယန်ကွမ်း၏ သွေးမျိုးဆက် အရင်းအမြစ်မှာလည်း အထင်သေး၍ မရသော အရာဖြစ်သည်။

သို့သော် သူက အပြင်သို့ထုတ်၍ မပြောရဲပါ။

ကျိယွမ်၏ လုပ်ဆောင်ချက်တွေက အတော်လေး ခန့်မှန်းရခက်သောကြောင့် သတိထားမှတော်ကာ ကြပေလိမ့်မည်။

"တော်ကြာ ငါ့ကိုပါ တုတ်နဲ့ထရိုက်နေရင် ဘယ်လိုလုပ်မလဲ"

All Chapters