အခန်း (၁၇၁-၁၇၂)
Vol. 15 Ch. 171-172
အခန်း (၁၇၁) - ဧရာမ သင်းခွေချပ်သားရဲ
ဘာသာပြန် - အားသစ်
"ဟူး..."
မြေအောက်လိုဏ်ခေါင်းထဲတွင် အလွန်မှောင်မိုက်နေသည်။ အေးစိမ့်စိုစွတ်ပြီး သွေးညှီနံ့များလည်း ထွက်ပေါ်နေသည်။ ထိုအနံ့များ ပေါ်ငးစုံရောနှောနေမှုမှာ အလွန်ပင် စိတ်မသက်မသာ ဖြစ်စရာကောင်းလှသည်။
လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက်ပိုင်း အသက်ဝိညာဉ်မှာ အသွင်ပြောင်းလဲသွားခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာလည်း ဘက်ပေါင်းစုံမှ တိုးတက်လာခဲ့သည်။ ရလဒ်အနေဖြင့် သူ၏ အာရုံခံစားနိုင်စွမ်းမှာလည်း အလွန်ပင် ထက်မြက်လာခဲ့သည်။
အမှောင်ထုထဲတွင် မြင်နိုင်ရန်မှာ သူ့အတွက် သိပ်မခက်ခဲလှပေ။ သို့သော်လည်း ဤကဲ့သို့ ပိတ်လှောင်ထားသော ပတ်ဝန်းကျင်မျိုးတွင် လင်းဖုန်း အလွန်ပင် သတိထားနေရသည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ မြေပုရွက်ဆိတ်များ၏ အသိုက်ဖြစ်ရာ ဤနေရာတွင် ဘာနှင့်တိုးမည်ကို မည်သူမျှ မသိနိုင်ပေ။
မြေအောက်လိုဏ်ခေါင်းထဲတွင် တစ်ခုပြီးတစ်ခု ခွဲထွက်နေသော လမ်းခွဲများစွာ ရှိနေသည်။ သာမန်သိုင်းသမားတစ်ဦးသာဆိုလျှင် သေချာပေါက် လမ်းပျောက်ပေလိမ့်မည်။ လင်းဖုန်းကိုယ်တိုင်ပင် လမ်းခွဲ ဒါဇင်ပေါင်းများစွာကို မြင်လိုက်ရသောအခါ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ သူ ဘယ်လမ်းကို ရွေးရပါမည်နည်း။
ကံကောင်းထောက်မစွာဖြင့် သူ၏ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှ လမ်းညွှန်ချက်များ ရှိနေသည်။ လင်းဖုန်း၏ ခန္ဓာကိုယ်ထဲရှိ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှာ ပူနွေးလာပြီး သူသွားရမည့် လမ်းကြောင်းကို အတိအကျညွှန်ပြပေးနေသည်။ လင်းဖုန်းသည် ထိုလမ်းညွှန်ချက်အတိုင်း လမ်းခွဲတစ်ခုကို ရွေးချယ်ကာ ရှေ့သို့ ဆက်လက်တိုးဝင်သွားသည်။
လင်းဖုန်း သိပ်မဝေးလှသော နေရာတစ်ခုသို့ ရောက်သောအခါ သွေးညှီနံ့ခပ်ပြင်းပြင်းတစ်ခုကို ခံစားမိလိုက်သည်။ ထိုအချိန်တွင် ရုတ်တရက် အနက်ရောင် အရိပ်တစ်ခု သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
"ဝဲကယက်စွမ်းအား စတုတ္ထအဆင့်"
လင်းဖုန်း မပေါ့ဆရဲပေ။ သူသည် ဝဲကယက်စွမ်းအား စတုတ္ထအဆင့်ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။ ဤကဲ့သို့ ကျဉ်းမြောင်းသော မြေအောက်လိုဏ်ခေါင်းထဲတွင် ပြင်းထန်သော ခွန်အားကို အသုံးပြုခြင်းက အသင့်တော်ဆုံးပင်။ ထိုအနက်ရောင်အရိပ်မှာ ရှောင်တိမ်းရန် အခွင့်အရေးပင် မရလိုက်ဘဲ လင်းဖုန်း၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားကာ လိုဏ်ခေါင်း၏ အခြားတစ်ဖက်သို့ ကျသွားတော့သည်။ ထိုပုံရိပ်မှာ လုံးဝ မလှုပ်ရှားတော့ချေ။ သေဆုံးသွားပုံရသည်။
လင်းဖုန်းသည် တိတ်တဆိတ် သတိထားကာ အနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားသည်။ ထိုသားရဲမှာ သူနှင့် အလွန် ရင်းနှီးနေသည်ကို သတိထားမိလိုက်သည်။
"သင်းခွေချပ်သားရဲလား"
လင်းဖုန်း အနီးကပ်ကြည့်လိုက်သောအခါ အံ့ဩသွားမိသည်။ ဤနေရာတွင် သင်းခွေချပ်သားရဲ တစ်ကောင် မည်သို့ ရှိနေနိုင်ပါသနည်း။
ဤသည်မှာ သာမန်သင်းခွေချပ်သားရဲတစ်ကောင်သာ ဖြစ်သော်လည်း ဤနေရာသည် မြေပုရွက်ဆိတ်များ၏ အသိုက်ဖြစ်သည်။ မြေပုရွက်ဆိတ်များသည် သူတို့၏ နယ်မြေအတွင်းသို့ အခြားသော သားရဲများကို လုံးဝအဝင်ခံမည် မဟုတ်ပေ။
ယခင်က မြေပုရွက်ဆိတ်များသည် သင်းခွေချပ်သားရဲများနှင့် ပြင်းထန်သော စစ်ပွဲကြီးများ ဆင်နွှဲခဲ့ကြဖူးသည်။ အဆုံးတွင် သင်းခွေချပ်သားရဲများမှာ မြေပုရွက်ဆိတ်များ၏ နယ်မြေမှ ဆုတ်ခွာသွားခဲ့ရသည်။
သို့သော် ယခုအခါ သင်းခွေချပ်သားရဲများသည် မြေပုရွက်ဆိတ်များ၏ အသိုက်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။ လတ်တလောတွင် သင်းခွေချပ်သားရဲများ ငြိမ်သက်နေမှု၊ မြေပုရွက်ဆိတ်ဘုရင်မ ပျောက်ကွယ်သွားပုံရမှုနှင့် မြေပုရွက်ဆိတ်များ အုပ်စုလိုက် အပြင်သို့ ထွက်ခွာလာမှုတို့ကို ပြန်လည်ဆန်းစစ်ကြည့်လျှင် အခြေအနေမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေသည်။
မြေပုရွက်ဆိတ်များ၏ အသိုက်ထဲတွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေကြောင်း လင်းဖုန်း သေချာပေါက် သိလိုက်သည်။ မဟုတ်ပါက သင်းခွေချပ်သားရဲများ ဤနေရာသို့ လုံးဝ ရောက်လာလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် လင်းဖုန်းမှာ ပို၍ပင် သတိထားကာ လမ်းကြောင်းတစ်လျှောက် ဖြည်းဖြည်းချင်း ဆက်လက်တိုးဝင်သွားသည်။ ဤလမ်းကြောင်းတွင် လင်းဖုန်းသည် မြေပုရွက်ဆိတ်များနှင့် သင်းခွေချပ်သားရဲများ၏ အလောင်းများစွာကိုလည်း တွေ့ရှိခဲ့ရသည်။ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပုံရသည်။
ကျွိ... ကျွိ... ကျွိ...
ရုတ်တရက် လင်းဖုန်းသည် အမှောင်ထုထဲမှ ကြွက်သံကဲ့သို့ အသံများကို ကြားလိုက်ရသည်။ သူ ဤအသံကို ယခင်က ကြားခဲ့ဖူးသည်။ ထိုအသံမှာ မြေပုရွက်ဆိတ်များ၏ အသံဖြစ်ပြီး ခပ်တိုးတိုး ဟိန်းဟောက်သံများနှင့်အတူ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုခပ်တိုးတိုးအသံများမှာ သင်းခွေချပ်သားရဲ၏ ဟိန်းဟောက်သံပင်။
"သင်းခွေချပ်သားရဲတွေနဲ့ မြေပုရွက်ဆိတ်တွေ တိုက်နေကြတာလား"
လင်းဖုန်း အံ့အားသင့်သွားသည်။ ဤနေရာတွင် တိုက်ပွဲဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူသည် ဤနေရာကို ရှောင်ကွင်းသွားလိုသော်လည်း သူ၏ လက်မောင်းပေါ်ရှိ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှာ ရှေ့ဘက်သို့သာ ညွှန်ပြနေသည်။ ဆိုလိုသည်မှာ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ ပင်မစနစ်မှာ ရှေ့ဘက်တွင် ရှိနေခြင်း ဖြစ်သည်။ သူသည် ရှေ့သို့ ဆက်သွားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။
မြေအောက်လိုဏ်ခေါင်းထဲရှိ မိနစ်တိုင်းမှာ အလွန် အန္တရာယ်များလှသည်။ လင်းဖုန်း ရှေ့သို့ ဆက်လျှောက်သွားသောအခါ ရှေ့ရှိလမ်းကြောင်း ရုတ်တရက် ကျယ်ဝန်းသွားသည်။ ကျဉ်းမြောင်းလှသော လိုဏ်ခေါင်း အဆုံးသတ်သွားပုံရသည်။
လင်းဖုန်းသည် အလွန်ကျယ်ဝန်းသော ဂူကြီးတစ်ခုထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤဂူမှာ အလွန်ကြီးမားလှပြီး ဘောလုံးကွင်းနှစ်ကွင်းစာခန့် ရှိသည်။ မြေအောက်ထဲတွင် ဤမျှကြီးမားသော နေရာမျိုး ရှိနိုင်လိမ့်မည်ဟု လင်းဖုန်း စိတ်ကူးပင် မယဉ်ခဲ့ဖူးပေ။
သို့သော် ယခုအချိန်တွင် ဂူကြီးထဲ၌ သင်းခွေချပ်သားရဲများနှင့် မြေပုရွက်ဆိတ် အမြောက်အမြား တိုက်ခိုက်နေကြသည်။ သို့သော် သင်းခွေချပ်သားရဲများမှာ အသာစီးရနေပုံရသည်။ မြေပုရွက်ဆိတ်များမှာ သူတို့ကို လုံးဝ မယှဉ်နိုင်ကြချေ။
မြေပုရွက်ဆိတ် အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာနေသည်။ မြေပုရွက်ဆိတ်များသည် ဤသင်းခွေချပ်သားရဲများကို ခုခံတွန်းလှန်နိုင်ခြင်း မရှိကြတော့ပုံရသည်။
လင်းဖုန်း၏ မျက်လုံးအစုံမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ ဘာကို မြင်လိုက်ရသနည်း။ အဝေးတွင် သင်းခွေချပ်နတ်ဆိုး အမြောက်အမြား ရှိနေပြီး သူတို့သည် တစ်ခုခုကို ဝိုင်းရံထားပုံရသည်။ သူ၏ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှာလည်း ထိုဦးတည်ရာဘက်သို့ ညွှန်ပြနေသည်။
လင်းဖုန်းသည် အံကိုကြိတ်ကာ သင်းခွေချပ်သားရဲများ မတွေ့အောင် တိတ်တဆိတ် ပတ်လျှောက်သွားရန် ကြိုးစားလိုက်သည်။
သို့သော် မြေအောက်ဂူထဲတွင် လူသားသိုင်းသမားတစ်ဦး၏ အငွေ့အသက်မှာ အလွန် သိသာထင်ရှားလွန်းလှသည်။ လင်းဖုန်း ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် သင်းခွေချပ်သားရဲများက ချက်ချင်း သိရှိသွားကြတော့သည်။
"သွားမယ်ကွာ"
တွေဝေမနေတော့ဘဲ လင်းဖုန်းသည် အရှိန်အဟုန်ဖြင့် ရှေ့သို့ ကမန်းကတန်း ပြေးထွက်လိုက်သည်။
လမ်းမှာ ပိတ်နေတဲ့ သင်းခွေချပ်သားရဲတွေလား။
လင်းဖုန်းသည် မွေးရာပါစွမ်းရည် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ကြမ်းတမ်းပြင်းထန်သော ခွန်အားဖြင့် ရှေ့သို့ တဟုန်ထိုး တိုးဝင်သွားသည်။ မည်သည့် သင်းခွေချပ်သားရဲမျှ သူ့ကို မတားဆီးနိုင်ပေ။ သင်းခွေချပ်နတ်ဆိုးများ သတိမမူမိသေးခင်ပင် လင်းဖုန်း၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားကြရသည်။
လင်းဖုန်းကိုယ်တိုင်လည်း ပြင်းထန်သော ရိုက်ခတ်မှုကို ခံစားရသော်လည်း မသေနိုင်သော အစွမ်းသတ္တိဖြင့် အမြန်ဆုံး ပြန်လည်ကောင်းမွန်လာသည်။ အသက်တစ်ရှိုက်စာမျှ အချိန်အတွင်းမှာပင် လင်းဖုန်း သူတို့ကို ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်သည်။
ကြီးမားလှသော မြေအောက်ဂူကြီးသည်ပင် အလွန်အံ့ဩစရာ ကောင်းနေပြီဖြစ်သည်။ သို့သော်လည်း သူ လိုဏ်ဂူတစ်လျှောက် ဖြတ်ကျော်ပြီးနောက် မည်သည်ကို မြင်လိုက်ရသနည်း။
မြေအောက်ဂူ၏ အဆုံးတွင် အလွန်တရာကြိးမားသော ဧရာမဂိတ်တံခါးကြီးတစ်ခု ရှိနေသည်။ ထိုဂိတ်တံခါးကြီးကို ကျောက်တုံးဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ နက်မှောင်သော အရောင်ရှိသည့် သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ တံခါးကြီး ပွင့်နေပြီး အလွန်တရာ ကြီးမားလှသော သင်းခွေချပ်နတ်ဆိုးကြီး တစ်ကောင်သည် မရေမတွက်နိုင်သော သင်းခွေချပ်သားရဲများကို ထိုသတ္တုတံခါးထဲသို့ ဝင်ရောက်ရန် အမိန့်ပေးနေသည်။
မြေအောက်ထဲမှာ ဧရာမသတ္တုဂိတ်တံခါးကြီး ရှိနေတာလား။
လင်းဖုန်း အလွန် အံ့အားသင့်သွားသည်။ ဘာတွေဖြစ်နေမှန်း သူ စဉ်းစား၍ မရတော့ပေ။ သို့သော် သူ၏ လက်မောင်းပေါ်ရှိ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှာမူ ယခုအချိန်တွင် အလွန် ပူလောင်လာပြီး ထိုသတ္တုတံခါးကြီးဆီသို့ တည့်တည့် ညွှန်ပြနေသည်။
သံသယဖြစ်စရာ မလိုတော့ပေ။ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ ပင်မစနစ်မှာ ထိုသတ္တုတံခါးကြီးထဲတွင် ရှိနေခြင်း ဖြစ်မည်။
တံခါးနှင့် လင်းဖုန်း မီတာ ၂၀ ခန့်သာ ကွာဝေးတော့သည်။ မီတာ ၂၀ ဆိုသည်မှာ သာမန်အားဖြင့် မျက်စိတစ်မှိတ်အတွင်း ရောက်နိုင်သော အကွာအဝေးပင်။ ယခုလက်ရှိ လင်းဖုန်းသည် မည်သည့် ပြိုင်ဘက်ကိုမျှ ဂရုမစိုက်ဘဲ ရှေ့သို့သာ တဟုန်ထိုး ပြေးဝင်နေသည်။ သို့သော် တံခါးနှင့် မီတာ ၂၀ အကွာသို့ ရောက်သောအခါ သူ ချက်ချင်း ရပ်တန့်လိုက်ရသည်။
အကြောင်းမှာ တံခါးအပြင်ဘက်တွင် တောင်ငယ်လေးတစ်လုံးအလား ကြီးမားလှသော ဧရာမ သင်းခွေချပ်သားရဲကြီးတစ်ကောင်ကို သတိထားမိလိုက်သောကြောင့်ပင်။ ထို့ပြင် ထိုသားရဲကြီးသည် လင်းဖုန်းရှိရာသို့ ဖြည်းဖြည်းချင်း လှည့်လာပြီး ဧရာမ မျက်လုံးကြီးများဖြင့် လင်းဖုန်းကို အေးစက်စွာ စိုက်ကြည့်နေသည်။
လင်းဖုန်း၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ဤမျှ ကြီးမားသော ခန္ဓာကိုယ်မျိုးမှာ သူ ယခင်က မြင်ဖူးခဲ့သော မည်သည့် သင်းခွေချပ်နတ်ဆိုးထက်မဆို အဆမတန် ပိုမိုကြီးမားလှပေသည်။ ထို့ပြင် ထိုသတ္တဝါမှ ရုတ်တရက် ထုတ်လွှတ်လိုက်သော အရှိန်အဝါမှာလည်း သာမန်သင်းခွေချပ်နတ်ဆိုးများ ထုတ်လွှတ်နိုင်သော အရာမျိုးမဟုတ်ပေ။
အထူးသဖြင့် ထိုဧရာမသင်းခွေချပ်နတ်ဆိုးကြီး၏ ဘေးတွင် ပုံပျက်ပန်းပျက် ဖြစ်နေသော ဧရာမမြေပုရွက်ဆိတ်နတ်ဆိုးကြီး၏ အလောင်းတစ်ခု ရှိနေသည်။ ထိုမြေပုရွက်ဆိတ်ကြီးသည်လည်း လင်းဖုန်း မြင်ဖူးသမျှ မည်သည့် မြေပုရွက်ဆိတ်နတ်ဆိုးထက်မဆို နှစ်ဆ၊ သုံးဆခန့် ပိုကြီးသည်။
ထိုအချိန်တွင် ထိတ်လန့်စရာ အတွေးတစ်ခု လင်းဖုန်း၏ စိတ်ထဲသို့ ဝင်လာသည်။
ပုရွက်ဆိတ်ဘုရင်မ... ထိုအလောင်းမှာ ပုရွက်ဆိတ်ဘုရင်မပင် ဖြစ်ရမည်။ ဤနေရာမှာ မြေပုရွက်ဆိတ်ဘုရင်မ၏ အသိုက် ဖြစ်ရပေလိမ့်မည်။ မြေပုရွက်ဆိတ်များ ဤမျှများပြားနေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ဒါဆိုရင် ဒီဧရာမသင်းခွေချပ်သားရဲကြီးကရော...
သံသယဖြစ်စရာ မလိုပေ။ မြေပုရွက်ဆိတ်ဘုရင်မကို သတ်နိုင်သည့် သားရဲကြီးသည် သေချာပေါက် သင်းခွေချပ်နတ်ဆိုးစစ်သူကြီးသာ ဖြစ်ရပေလိမ့်မည်။
လက်ရှိမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ဘာတွေဖြစ်ပျက်နေသည်ကို လင်းဖုန်း ခန့်မှန်းမိလိုက်သည်။ ဤသည်မှာ သင်းခွေချပ်သားရဲများနှင့် မြေပုရွက်ဆိတ်များအကြား ဖြစ်ပွားနေသော တိုက်ပွဲပင်။ ထို့ပြင် သင်းခွေချပ်နတ်ဆိုးစစ်သူကြီးနှင့် မြေပုရွက်ဆိတ်ဘုရင်မတို့ပင်လျှင် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပုံရသည်။
ရလဒ်မှာမူ ရှင်းလင်းလှသည်။ သင်းခွေချပ်နတ်ဆိုးစစ်သူကြီး အနိုင်ရသွားခြင်းပင်။
ဂရား...
ဧရာမသင်းခွေချပ်နတ်ဆိုးစစ်သူကြီးသည် လင်းဖုန်းကို မြင်သောအခါ ဒေါသထွက်သွားပုံရသည်။ ကျယ်လောင်စူးရှစွာ ဟိန်းဟောက်လိုက်ခြင်းကြောင့် မြေအောက်ဂူကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားရသည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော သင်းခွေချပ်သားရဲများမှာ ရူးသွပ်သွားသကဲ့သို့ လင်းဖုန်းထံသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၁၇၂) - ထွက်ပြေးခြင်း
ဘာသာပြန် - အားသစ်
ထွက်ပြေးရမယ်...
လင်းဖုန်းသည် တွေဝေမိန်းမောမနေဘဲ ချက်ချင်းပင် ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။ တစ်ဖက်ရန်သူမှာ သင်းခွေချပ်နတ်ဆိုးစစ်သူကြီးတစ်ကောင် ဖြစ်သည်။ အကယ်၍ မြေပုရွက်ဆိတ်ဘုရင်မသာဆိုလျှင် လင်းဖုန်းအနေဖြင့် စွန့်စားပြီး ရင်ဆိုင်ကြည့်မိကောင်း ကြည့်မိလိမ့်မည်။ အကြောင်းမှာ မြေပုရွက်ဆိတ်များ၏ အားသာချက်မှာ ခွန်အားမဟုတ်သလို သူတို့၏ အက်ဆစ်ကိုလည်း လင်းဖုန်း အပြည့်အဝခုခံတုန့်ပြန်နိုင်သောကြောင့် ဖြစ်သည်။
သို့သော် သင်းခွေချပ်သားရဲများမှာမူ ထိုသို့မဟုတ်ပေ။ သူတို့တွင် ကြီးမားသော ခွန်အားနှင့် အလွန်မာကျောသော ကာကွယ်ရေးစွမ်းအား ရှိသည်။ သာမန်အဆင့် နတ်ဆိုးများသည်ပင် လင်းဖုန်းအတွက် အနည်းငယ် ခက်ခဲခဲ့လျှင် စစ်သူကြီးအဆင့်သို့ ရောက်ရှိနေသော နတ်ဆိုးတစ်ကောင်မှာ မည်မျှ ကြောက်စရာကောင်းလိမ့်မည်နည်း။ ထိုနတ်ဆိုးစစ်သူကြီး၏ ဧရာမခန္ဓာကိုယ်ကြီးက လင်းဖုန်းကို တစ်ချက်တည်းနှင့် အသားပြားအဖြစ် ကြေမွသွားအောင် ဖိခြေပစ်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် လင်းဖုန်းသည် အနည်းငယ်မျှပင် တွန့်ဆုတ်မနေဘဲ ချက်ချင်း ထွက်ပြေးတော့သည်။
သို့သော် ဧရာမသင်းခွေချပ်နတ်ဆိုးကြီးမှာ အလွန်ပင် ဒေါသထွက်နေပုံရသည်။ လင်းဖုန်းကို ထိုအတိုင်း လွှတ်ပေးရန် ဆန္ဒမရှိပေ။ ကျယ်လောင်သော ဟိန်းဟောက်မာန်ဖီသံနှင့်အတူ ဂူထဲရှိ ရေတွက်၍မရနိုင်သော သင်းခွေချပ်သားရဲများမှာ အရပ်မျက်နှာအနှံ့မှ လင်းဖုန်းထံသို့ ပြေးဝင်လာကြသည်။ လင်းဖုန်းအတွက် အခက်ခဲဆုံးကိစ္စမှာ ထိုသားရဲများသည် သေမည်ကိုပင် မကြောက်ဘဲ ရူးသွပ်စွာဖြင့် သူထွက်ပြေးရာ လမ်းကြောင်းကို ပိတ်ဆို့နေကြခြင်းပင် ဖြစ်သည်။
ဤသည်မှာ တကယ့်ကို ဒုက္ခပင်။
နောက်ဘက်တွင် ဧရာမသင်းခွေချပ်နတ်ဆိုးကြီးက လိုက်လံတိုက်ခိုက်နေပြီး ရှေ့တွင်လည်း သင်းခွေချပ်သားရဲများစွာက လမ်းပိတ်ထားသဖြင့် လင်းဖုန်း၏ ထွက်ပြေးနှုန်းမှာ သိသိသာသာ လျော့ကျသွားသည်။
ဝူး...
ရုတ်တရက် လင်းဖုန်းသည် သူ၏နောက်ဘက်မှ ပြင်းထန်သော လေတိုးသံနှင့်အတူ ထိတ်လန့်စရာကောင်းသော ဖိအားတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သောအခါ ဧရာမသင်းခွေချပ်နတ်ဆိုးကြီးမှာ လေထဲသို့ ခုန်တက်ကာ ၎င်း၏ တောင်ငယ်တစ်လုံးအလား ကြီးမားလှသော ခန္ဓာကိုယ်ကြီးဖြင့် လင်းဖုန်းကို တည့်တည့်မတ်မတ် ဖိချရန် ဟန်ပြင်နေသည်ကို မြင်လိုက်ရသည်။
'ပြေးမှဖြစ်မယ်... ပြေးမှဖြစ်မယ်... ငါ သေချာပေါက် ပြေးမှဖြစ်မယ်'
လင်းဖုန်း၏ ရင်ထဲတွင် အသည်းအသန် အော်ဟစ်နေမိသည်။
"ဝဲကယက်စွမ်းအား စတုတ္ထအဆင့်"
လင်းဖုန်း အော်ဟစ်ကြုံးဝါးလိုက်သည်။ ထိုသင်းခွေချပ်နတ်ဆိုးကြီးမှာ ကြီးမားလွန်းလှသဖြင့် ၎င်း၏ ခန္ဓာကိုယ်ဖြင့် အသာအယာ ဖိချလိုက်ရုံနှင့်ပင် လင်းဖုန်းမှာ အသားစအဖြစ် ကြေမွသွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် မည်မျှပင် အားကောင်းလှပါသည်ဆိုသော မသေနိုင်သော အစွမ်းသတ္တိ ရှိစေကာမူ အသုံးဝင်တော့မည် မဟုတ်ပေ။
လက်ရှိအချိန်တွင် လင်းဖုန်း အရာအားလုံးကို ရင်းပြီး တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ ရှောင်တိမ်း၍ မရတော့ပေ။ သူ၏ လက်သီးချက်ကြောင့် ထိုနတ်ဆိုးကြီး၏ ခန္ဓာကိုယ် အနည်းငယ် လမ်းကြောင်းပြောင်းသွားရန်သာ သူ မျှော်လင့်နိုင်သည်။
ဝဲကယက်စွမ်းအား စတုတ္ထအဆင့်သာမက လင်းဖုန်း၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၂၀၀ ခန့်ကိုလည်း တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။ ထက်မြသောဦးချို မွေးရာပါစွမ်းရည်သည်လည်း သူ၏ လက်သီးထက်တွင် ထူထပ်စွာ ဖုံးလွှမ်းသွားသည်။
လင်းဖုန်းသည် ဤကဲ့သို့သော အကျပ်အတည်းမျိုးနှင့် တစ်ခါမှ မကြုံဖူးခဲ့ပေ။ ဤသည်မှာ အမှန်တကယ် အသက်နှင့်ရင်းရသော အကျပ်အတည်းပင်။ ယခင် နဂါးကျောက်တုံးမြို့တွင် ကြုံတွေ့ခဲ့ရစဉ်ကပင် ဤမျှအထိ အားကိုးရာမဲ့သလိုမျိုး မခံစားခဲ့ရဖူးပေ။
ဘုန်း...
ခွန်အားများ ချက်ချင်း ပေါက်ကွဲထွက်လာမှုကြောင့် လင်းဖုန်း၏ လက်မောင်းမှာ ပိုမို ကြီးထွားလာသည်။ ကြယ်တာရာစွမ်းအား အမျှင်တန်း ၂၀၀ ကျော်နှင့်အတူ ထိုခွန်အားများမှာ သူ၏ လက်မောင်းကို ဖြတ်သန်းသွားသဖြင့် လက်မောင်းမှာ သဘာဝအလျောက် ပိုကြီးသွားခြင်း ဖြစ်သည်။
သို့သော် လင်းဖုန်း၏ ရင်ထဲရှိ အန္တရာယ်အငွေ့အသက်မှာ ပျောက်ကွယ်မသွားဘဲ ပို၍ပင် ပြင်းထန်လာသည်။
လင်းဖုန်း၏ လက်သီးနှင့် သင်းခွေချပ်နတ်ဆိုးကြီး၏ ဧရာမခန္ဓာကိုယ် ထိတွေ့မိသောအခါ သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
ချလွပ်...
ပထမဦးစွာ လင်းဖုန်း၏ လက်သီးပေါ်ရှိ ထက်မြသောဦးချိုမှာ ချက်ချင်း ကျိုးကြေသွားသည်။ ဤသည်မှာ လင်းဖုန်း၏ ထက်မြသောဦးချို ပထမဆုံးအကြိမ် ကျိုးကြေခြင်း ဖြစ်သည်။ သို့သော်လည်း ထိုနတ်ဆိုးကြီး၏ အရေပြားကိုပင် ပွန်းပဲ့အောင် မလုပ်နိုင်ခဲ့ပေ။
ထို့နောက် လင်းဖုန်း၏ လက်မောင်းပေါ်ရှိ ချပ်ဝတ်မှာလည်း ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ ကြယ်တာရာစွမ်းအားဖြစ်စေ၊ ဝဲကယက်စွမ်းအား စတုတ္ထအဆင့်ဖြစ်စေ ထိုနတ်ဆိုးကြီး၏ ခန္ဓာကိုယ်ကို အနည်းငယ်မျှပင် တုန်လှုပ်အောင် မလုပ်နိုင်ခဲ့ပေ။
ထို့နောက် ကြယ်တာရာစွမ်းအားများ လုံးဝ ကုန်ဆုံးသွားပြီး လင်းဖုန်း၏ လက်မောင်းမှာလည်း တစ်လက်မချင်း ကျိုးကြေသွားတော့သည်။ ထိုနာကျင်မှုမှာ လင်းဖုန်းအတွက်ပင် တောင့်ခံရန် ခက်ခဲလှသည်။
သို့သော် ဤမျှနှင့် မပြီးသေးပေ။ လင်းဖုန်းသည် အခြားလက်တစ်ဖက်ဖြင့်လည်း ဝဲကယက်စွမ်းအား စတုတ္ထအဆင့်ကို ထုတ်ဖော်လိုက်သော်လည်း အသုံးမဝင်ခဲ့ပေ။ သူ၏ လက်မောင်းနှစ်ဖက်လုံးမှာ တစ်လက်မချင်း ကျိုးကြေသွားခဲ့ရသည်။ ထိုနတ်ဆိုးကြီး၏ ပါးစပ်မှ ထွက်ပေါ်လာသော အပုပ်နံ့ကိုပင် သူ ခံစားနေရပြီ ဖြစ်သည်။
"ဖယ်စမ်း"
အရေးကြီးသော အချိန်တွင် လင်းဖုန်းသည် သူ၏ ခြေထောက်ကို ရုတ်တရက် ဆန့်ထုတ်ကာ သင်းခွေချပ်နတ်ဆိုးကြီးကို အားကုန် ကန်ထုတ်လိုက်သည်။ ထိုသို့ ကန်လိုက်သဖြင့် လင်းဖုန်း၏ ခြေထောက်တစ်ဖက် ကျိုးသွားခဲ့ရသော်လည်း သူသည် ထိုတွန်းကန်အားကို အသုံးပြု၍ နောက်သို့ လွင့်ထွက်သွားသည်။
ဘုန်း...
သင်းခွေချပ်နတ်ဆိုးကြီး၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ဂူကြီးတစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ လင်းဖုန်း မော့ကြည့်လိုက်သောအခါ သူ့မျက်လုံးအစုံမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ထိုနတ်ဆိုးကြီးမှာ အလွန်ပင် စွမ်းအားကြီးမားလွန်းလှသဖြင့် လူတိုင်းကို စိတ်ပျက်အားငယ်သွားစေနိုင်သည်။ နတ်ဘုရားနယ်ပယ်သိုင်းသမားများနှင့် ယှဉ်နိုင်သော မဟာနတ်ဆိုးတစ်ကောင် ဖြစ်မှန်း သိသာလှပေသည်။
လင်းဖုန်းတွင် ရင်ဆိုင်နိုင်ရန် အခွင့်အရေး စိုးစိမျှပင် မရှိပေ။ သူသည် အကြီးအကျယ် အရှုံးပေးခဲ့ရပြီး တော်တော်လေးကို အထိနာခဲ့ရသည်။
လက်ရှိအချိန်တွင် လင်းဖုန်းသည် လက်မောင်းနှစ်ဖက်လုံး ဆုံးရှုံးသွားခဲ့ရပြီး ခြေထောက်တစ်ဖက်မှာလည်း ခြေဖဝါးမှ ခြေသလုံးအထိ ကျိုးကြေသွားခဲ့ပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ခန္ဓာကိုယ်နေရာအနှံ့မှ သွေးညှီနံ့များ ထွက်ပေါ်နေသည်။
လင်းဖုန်း ဤမျှအထိ သနားစရာကောင်းသော အခြေအနေမျိုး တစ်ခါမှ မရောက်ဖူးခဲ့ပေ။ ခန္ဓာကိုယ်တစ်ခုလုံးမှ ပြင်းထန်သော နာကျင်မှုများက လင်းဖုန်း၏ အာရုံကြောများကို မခံမရပ်နိုင်အောင် လှုံ့ဆော်နေသည်။ သူသည် ဤမျှ သနားစရာကောင်းသော အခြေအနေသို့ ရောက်နေသော်လည်း ကံကောင်းသည်ဟု ခံစားနေရဆဲပင်။
အမှန်ပင်...အနည်းဆုံးတော့ သူ မသေဆုံးခဲ့ပေ။ ထိုနတ်ဆိုးကြီး၏ ဖိခြေမှုကို မခံခဲ့ရခြင်းမှာ တကယ့်ကို ကံကောင်းခြင်းပင်။ အသက်ရှင်နေခြင်းကပင် အကြီးမားဆုံးသော ကောင်းချီး ဖြစ်သည်။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးနှင့် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးကြားရှိ ခြားနားချက်မှာ အလွန်ပင် ကြီးမားလှသည်။ ၎င်းမှာ အသက်စွမ်းအား အဆင့်အတန်း တစ်ခုလုံး ခြားနားသွားခြင်း ဖြစ်သည်။ သာမန်သိုင်းသမား တစ်ဦး မည်မျှပင် အစွမ်းထက်စေကာမူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော လူသားလွန်ပညာရှင်တစ်ဦးနှင့် မယှဉ်နိုင်သကဲ့သို့ပင် ဖြစ်သည်။
ထိုသည်မှာ အရည်အသွေးပိုင်းဆိုင်ရာ ခြားနားချက်ပင်။
ထို့ကြောင့် လင်းဖုန်းတွင် ယခုအခါ အတွေးတစ်ခုသာ ရှိတော့သည်။ ယင်းမှာ တတ်နိုင်သမျှ ဝေးဝေးထွက်ပြေးရန်ပင်။
ရွှစ်...
ထိုအခွင့်အရေးကို အသုံးချ၍ လင်းဖုန်းသည် ခြေထောက်တစ်ဖက်တည်းနှင့်ပင် နောက်သို့ ရူးသွပ်စွာ ပျံထွက်သွားသည်။ မကြာမီမှာပင် သူသည် ဂူကြီးထဲမှ ထွက်လာပြီး ကျဉ်းမြောင်းသော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။
ထိုလမ်းကြောင်းများမှာ အလွန်ကျဉ်းမြောင်းသော်လည်း လင်းဖုန်း အနည်းငယ် စိတ်အေးသွားခဲ့သည်။ မည်သို့ပင်ဆိုစေ ထိုနတ်ဆိုးကြီး၏ ခန္ဓာကိုယ် အရွယ်အစားနှင့်ဆိုလျှင် အနည်းဆုံးတော့ လိုက်လာနိုင်မည် မဟုတ်ပေ။
သို့သော် လင်းဖုန်း အရှိန်လျှော့ရန် မဝံ့ရဲပေ။ အကြောင်းမှာ သင်းခွေချပ်သားရဲများစွာမှာ သူ့နောက်မှ မရပ်မနား သည်းကြီးမည်းကြီး လိုက်လံတိုက်ခိုက်နေသောကြောင့်ပင်။ ထိုသားရဲများသည် သွေးနံ့ရသော ငါးမန်းများကဲ့သို့ သူ့နောက်သို့ မဆုတ်မနစ် လိုက်နေကြသည်။
လင်းဖုန်း၏ လက်ရှိ အခြေအနေနှင့်ဆိုလျှင် ထိုသားရဲများကြား ဝိုင်းရံခံလိုက်ရပါက သေချာပေါက်အသက်အန္တရာယ် ရှိနိုင်သည်။
သာမန်အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာဆိုလျှင် လက်နှစ်ဖက်နှင့် ခြေတစ်ဖက် ဆုံးရှုံးသွားပါက ထွက်ပြေးရန် မဆိုထားနှင့် ထိုနေရာမှာတင် သေဆုံးသွားနိုင်ပေသည်။ သို့သော် လင်းဖုန်းမှာမူ သူ၏ စိတ်ဓာတ်ခွန်အားဖြင့် တောင့်ခံထားသည်။ သူ၏ အစွမ်းထက်လှသော မသေနိုင်သော အစွမ်းသတ္တိနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ လက်မောင်းများနှင့် ခြေထောက်မှာလည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ သို့သော် ယခုတစ်ကြိမ်တွင် ဒဏ်ရာမှာ အလွန်ပြင်းထန်လှသဖြင့် ချက်ချင်းကြီး ပြန်မကောင်းနိုင်သေးပေ။ ထို့ကြောင့် လင်းဖုန်းသည် လမ်းခွဲများကို မြင်သည့်အတိုင်း ဘာမှစဉ်းစားမနေဘဲ တိုးဝင်သွားသည်။ သူ လမ်းကြောင်းကို ဂရုမစိုက်နိုင်တော့ဘဲ ထိုသားရဲများလက်မှ လွတ်မြောက်ရန်သာ အာရုံစိုက်နေခဲ့ရသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် လင်းဖုန်း၏ ခြေထောက်မှာ ပြန်ပေါက်လာပြီး လက်မောင်းနှစ်ဖက်မှာလည်း ဖြည်းဖြည်းချင်း ပြန်ပေါက်လာသည်။ မသေနိုင်သော အစွမ်းသတ္တိမှာ တကယ့်ကို အစွမ်းထက်လှသော မွေးရာပါစွမ်းရည်ပင် ဖြစ်သည်။ အကယ်၍ ဤစွမ်းရည်သာ မရှိခဲ့လျှင် သူ ဤမျှကြာအောင် ထွက်ပြေးနိုင်ရန် မဆိုထားနှင့် သွေးထွက်လွန်မှုကြောင့် ယမမင်းနှင့်တွေ့နေရသည်မှာ ကြာလှပေရော့မည်။
"ဟင်... ရှေ့မှာ မြေပုရွက်ဆိတ်တွေပါလား"
လင်းဖုန်း လမ်းခွဲ ဘယ်နှစ်ခုကို ဖြတ်ကျော်ခဲ့မှန်း မသိတော့ပေ။ ရုတ်တရက် သူ၏ ရှေ့တွင် မြေပုရွက်ဆိတ်များကို တွေ့လိုက်ရသည်။ သူသည် အံ့ဩကြောက်ရွံ့သွားရမည့်အစား ဝမ်းသာသွားသည်။ သူ့နောက်တွင် သင်းခွေချပ်သားရဲများစွာ လိုက်နေဆဲ ဖြစ်ရာ ဤသည်မှာ ဒုက္ခကို လွှဲပြောင်းပေးရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။
"သွားမယ်"
လင်းဖုန်း အရှိန်ကုန်တင်ကာ ရှေ့သို့ ပြေးထွက်လိုက်သည်။ မြေပုရွက်ဆိတ်များ မတုံ့ပြန်နိုင်ခင်မှာပင် သူ ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။ လင်းဖုန်းနောက်မှ လိုက်လာသော သင်းခွေချပ်သားရဲများမှာမူ ထိုသို့ လုပ်နိုင်စွမ်း မရှိကြပေ။ မြေပုရွက်ဆိတ်များ တွေ့သွားသည်နှင့် တစ်ပြိုင်နက် နှစ်ဖက်စလုံးမှာ ရူးသွပ်စွာ တိုက်ခိုက်ကြတော့သည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ မြေပုရွက်ဆိတ်များ၏ ပိုင်နက်ဂူပင် ဖြစ်သည်။ မြေပုရွက်ဆိတ် အများအပြား ထွက်ပြေးသွားကြသော်လည်း ကျန်ရှိနေသော အကောင်များမှာလည်း မနည်းလှပေ။ ထိုမြေပုရွက်ဆိတ်များက သင်းခွေချပ်သားရဲများကို တားဆီးပေးထားသဖြင့် လင်းဖုန်းမှာ ယာယီ ဘေးကင်းသွားခဲ့ပြီ ဖြစ်သည်။
သို့သော် လင်းဖုန်း မရပ်တန့်သေးဘဲ နောက်ထပ် လမ်းခွဲအချို့ကို ဖြတ်ကျော်ထွက်ပြေးလာခဲ့သည်။ နောက်ဆုံးတွင် လမ်းခွဲတစ်ခု၌ အခန်းတစ်ခန်းစာခန့်သာရှိသော သေးငယ်သည့် ဂူငယ်လေးတစ်ခုကို တွေ့လိုက်သည်။ သူသည် ထိုဂူငယ်လေးထဲသို့ တွားဝင်သွားပြီး ထွက်ပေါက်ကို ကျောက်ခဲငယ်များဖြင့် ပိတ်ဆို့ထားလိုက်တော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားမှသာ လင်းဖုန်းသည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်နိုင်တော့သည်။ နောက်ဆုံးတော့ သူ ဘေးကင်းသွားခဲ့လေပြီ။