← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 15 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 15 Ch. 173-174

အခန်း (၁၇၃) - သင်းခွေချပ်နတ်ဆိုးမျိုးရိုးဗီဇကို ပေါင်းစပ်ခြင်း

ဘာသာပြန် - အားသစ်

လင်းဖုန်းသည် ယနေ့တွင် အသက်ဘေးနှင့် ရင်ဆိုင်ခဲ့ရပြီး သေလုနီးပါး ဖြစ်ခဲ့ရသည်။

သူသည် ယာယီအားဖြင့် ဘေးကင်းသွားသော်လည်း လက်နှစ်ဖက်နှင့် ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသည်။ မသေနိုင်သော အစွမ်းသတ္တိကို အားကိုး၍ သူ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်သော်လည်း ပထမဆုံးအကြိမ်အဖြစ် သူ့ခန္ဓာကိုယ်မှာ အင်အားကုန်ခမ်းသွားသလို ခံစားရပြီး တစ်ကိုယ်လုံး အားအင်ချည့်နဲ့နေခဲ့သည်။

"မသေနိုင်သော အစွမ်းသတ္တိကို အားကိုးပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေကို ကုသဖို့အတွက် ပေးဆပ်ရမယ့် တန်ဖိုး ရှိနေတာလား"

လင်းဖုန်း ခေတ္တမျှ စဉ်းစားလိုက်သည်။ ဤသည်မှာ ဖြစ်နိုင်ခြေ ရှိပေသည်။ သူ၏ မသေနိုင်သော အစွမ်းသတ္တိမှာ အမှန်တကယ်တမ်း မသေနိုင်ခြင်း မဟုတ်ပေ။ သူ ပြန်လည်ကောင်းမွန်လာရန်အတွက် စွမ်းအင်ပမာဏတစ်ခုကို အသုံးပြုရမည်သာ ဖြစ်သည်။ ထိုစွမ်းအင်မှာ အဘယ်မှ လာသနည်း။ လင်းဖုန်း၏ လေ့လာချက်အရ ဒဏ်ရာများကို ကုသရန် လိုအပ်သော စွမ်းအင်မှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှ ထုတ်ယူခြင်း ဖြစ်နိုင်သည်။ သာမန်ဒဏ်ရာအသေးစားများကို ကုသရန်မှာ ပြဿနာမရှိပေ။ လင်းဖုန်း၏ ခန္ဓာကိုယ်မှာ အလွန်ကြံ့ခိုင်သဖြင့် တောင့်ခံနိုင်စွမ်း ရှိသည်။

သို့သော် ယခုကဲ့သို့ ပြင်းထန်သော ဒဏ်ရာများကို ကုသရန်မှာမူ စွမ်းအင် အမြောက်အမြား လိုအပ်သည်။ ထို့ကြောင့် လင်းဖုန်း၏ ခန္ဓာကိုယ်မှာ ဝန်ပိသွားခြင်း ဖြစ်သည်။ သူ ပြန်လည်ကောင်းမွန်လာရန်အတွက် ကောင်းကောင်း အနားယူရန် လိုအပ်သည်။

"ကြည့်ရတာ မသေနိုင်သော အစွမ်းသတ္တိက အရာအားလုံးကို လုပ်ပေးနိုင်တာတော့ မဟုတ်ဘူးပဲ။ အသက်အန္တရာယ် မရှိဘူးဆိုရင်တောင် ငါသာ အကြိမ်ကြိမ် ဒဏ်ရာရမယ်၊ ဒဏ်ရာတွေကလည်း အရမ်းပြင်းထန်မယ်ဆိုရင်... ငါ့ခန္ဓာကိုယ်က ကုသဖို့အတွက် စွမ်းအင် မပေးနိုင်တော့တဲ့အခါ ငါ့ခန္ဓာကိုယ်ကြီး ပြိုလဲသွားမှာလား"

လင်းဖုန်း ပိုတွေးလေလေ ဤသည်မှာ ဖြစ်နိုင်ခြေရှိသည်ဟု ပိုခံစားရလေလေပင်။ ထို့ပြင် မသေနိုင်သော အစွမ်းသတ္တိသာမက သူ၏ ထက်မြသောဦးချိုနှင့် အကာအကွယ်ချပ်ဝတ် တို့မှာလည်း ပျက်စီးသွားခဲ့သည်။ ယင်းတို့ကို ပြန်လည်အသုံးပြုနိုင်ရန် သူ ကောင်းကောင်း အနားယူရပေလိမ့်မည်။

အမှန်စင်စစ် လင်းဖုန်းသည် ယခုတစ်ကြိမ်တွင် အားနည်းချက်တစ်ခု ရှိနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာစွမ်းအား အမြောက်အမြားသာ ရှိနေသေးပါက သူသည် ဤမျှအထိ သနားစရာကောင်းသော အခြေအနေမျိုး ရောက်လိမ့်မည် မဟုတ်ပေ။

ကံမကောင်းစွာဖြင့် လင်းဖုန်းသည် မကြာသေးမီကပင် မြေပုရွက်ဆိတ်များကို ရင်ဆိုင်ကိုင်တွယ်စဉ်က ကြယ်တာရာစွမ်းအား အမြောက်အမြား အသုံးပြုခဲ့ရသည်။ အဆုံးတွင် သူ့ခန္ဓာကိုယ်ထဲ၌ ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၂၀၀ ခန့်သာ ကျန်ရှိတော့သဖြင့် သူသည် အတော်လေး အထိနာသွားရခြင်း ဖြစ်သည်။

ယခုလက်ရှိတွင်မူ သူ့ခန္ဓာကိုယ်မှာ ပြန်လည်ကောင်းမွန်ရန် အချိန်လိုအပ်သလို ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများကိုလည်း ပြန်လည်ဖြည့်တင်းရန် လိုအပ်သည်။ ဤတစ်ဒင်္ဂမျှ အနားယူချိန်ကို အခွင့်ကောင်းယူ၍ လင်းဖုန်းသည် ကြယ်တာရာဝဲဂယက်ကျင့်စဉ်ကို လည်ပတ်စေကာ ကြယ်တာရာစွမ်းအားများကို ပြန်လည်စုဆောင်းလိုက်သည်။

မည်သို့ပင်ဆိုစေ သူသည် မြေအောက်ရှိ မြေပုရွက်ဆိတ်များနှင့် သင်းခွေချပ်သားရဲများ၏ နယ်မြေထဲတွင် ရောက်ရှိနေခြင်း ဖြစ်သည်။ သူခွန်အား ပိုရှိလေလေ ပို၍ ဘေးကင်းလေလေ ဖြစ်ပေလိမ့်မည်။

လင်းဖုန်းသည် ကြယ်တာရာဝဲဂယက်ကျင့်စဉ်ကို လည်ပတ်စေလိုက်သောအခါ ကြယ်စွမ်းအား အမြောက်အမြားမှာ မြေပြင်ပေါ်ရှိ ခုခံမှုအလွှာများကို ဖြတ်ကျော်ကာ မြေအောက်ဂူထဲသို့ ရောက်ရှိလာသည်။ ကြယ်စွမ်းအားမှာ အရင်ကထက် များစွာ လျော့နည်းသော်လည်း လုံလောက်မှု ရှိသည်။

လင်းဖုန်းသည် ယခုတစ်ကြိမ်တွင် ကြယ်တာရာစွမ်းအားကို အသစ်ဖန်တီးနေခြင်း မဟုတ်ပေ။ ရှိပြီးသားကို ပြန်လည်ဖြည့်တင်းနေခြင်း ဖြစ်ရာ အရှိန်မှာ ပို၍ မြန်ဆန်သည်။ အသက်ရှူလိုက်တိုင်း ကြယ်တာရာစွမ်းအား အမြောက်အမြား ပြန်လည်ပြည့်တင်းလာသည်။

၁၀ နာရီကျော်ခန့် ကြာပြီးနောက် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများမှာ လုံးဝ ပြန်လည်ပြည့်ဝသွားသည်။ သူ၏ လက်ရှိကြယ်တာရာစွမ်းအားမှာ အမျှင်ပေါင်း ၅၄၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

ခန္ဓာကိုယ်ထဲရှိ ပြည့်စုံလှသော ကြယ်တာရာစွမ်းအားများက လင်းဖုန်းအား ပိုမို ဘေးကင်းစိတ်ချရမှု ရှိစေသည်။ သူသည် ကျင့်စဉ်ကို ရပ်တန့်လိုက်ပြီး သူ ရင်ဆိုင်ရမည့် အခြေအနေကို စတင် စဉ်းစားလိုက်သည်။

ယခုအခါ လင်းဖုန်းတွင် ကြယ်တာရာစွမ်းအား အမြောက်အမြား ရှိနေပြီဖြစ်သလို သူ့ခန္ဓာကိုယ်မှာလည်း လုံးဝနီးပါး ပြန်လည်ကောင်းမွန်နေပြီ ဖြစ်သည်။ လင်းဖုန်းသည် သူ့တစ်ကိုယ်လုံးတွင် ခွန်အားများ ပြည့်နှက်နေသော်လည်း မြေအောက်နက်နက်ထဲတွင် ခြေဦးတည့်ရာ ပြေးလွှားလာခဲ့ရခြင်းဖြစ်ရာ လမ်းကြောင်းမှန်ကို ခွဲခြားနိုင်စွမ်း မရှိတော့ပေ။

မြေပုရွက်ဆိတ်များသည် မြေအောက်ထဲတွင် မရေမတွက်နိုင်သော လိုဏ်ခေါင်းပေါင်း သောင်းနှင့်ချီ၍ တူးထားကြသည်။ ထိုမြေပုရွက်ဆိတ်များနှင့် သင်းခွေချပ်သားရဲများမှလွဲ၍ မည်သူမျှ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း သိနိုင်လိမ့်မည် မဟုတ်ပေ။

ယခင်က သင်းခွေချပ်သားရဲများလက်မှ လွတ်မြောက်ရန် လင်းဖုန်းသည် လမ်းခွဲများစွာထဲသို့ ဝင်ရောက်ခဲ့ရသဖြင့် သူ လုံးဝ မျက်စိလည်သွားခဲ့ပြီ ဖြစ်သည်။ မြေအောက်ထဲတွင် မှောင်မိုက်နေသဖြင့် လမ်းကြောင်းကို မည်သို့ ခွဲခြားနိုင်ပါမည်နည်း။

အကယ်၍ လင်းဖုန်း ယခုပင် မြေအောက်မှ ထွက်ခွာလိုလျှင်ပင် မြေပြင်ပေါ်သို့ ပြန်ရောက်ရန်မှာ သူ့အတွက် အလွန် ခက်ခဲပေလိမ့်မည်။ သားရဲများနှင့် မတွေ့လျှင်ပင် သောင်းနှင့်ချီသော လိုဏ်ခေါင်းများထဲမှ ထွက်ပေါက်ရှာရန်မှာ အလွန်ပင် ခက်ခဲလှသည်။

ထို့ပြင် လင်းဖုန်းသည် ဤအတိုင်း မြေပြင်ပေါ်သို့ ပြန်မသွားချင်သေးပေ။ လက်ရှိ လင်းဖုန်းတွင် အဖြေမထုတ်နိုင်သော မေးခွန်းများစွာရှိနေသေးသည်။ ထိုသင်းခွေချပ်နတ်ဆိုးစစ်သူကြီးသည် လျှို့ဝှက်ဆန်းကြယ်သော သတ္တုဂိတ်တံခါးကြီးကို စောင့်ကြပ်ပြီး ဘာလုပ်ရန် ကြိုးစားနေသနည်း။

ထိုလျှို့ဝှက်သော တံခါးထဲတွင် ဘာတွေ ရှိနေသနည်း။ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ ပင်မစနစ် တကယ်ပဲ ရှိနေတာလား။

"ငါ ပြန်ချင်တယ်ဆိုရင်တောင် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာရဲ့ လမ်းညွှန်ချက်နောက်ကို လိုက်ပြီး ဧရာမဂူကြီးဆီကို ပြန်သွားရမယ်။ အဲဒီရောက်မှပဲ မြေပြင်ပေါ် ပြန်တက်မယ့် လမ်းကို ရှာလို့ရမယ်။ ဒါပေမဲ့ အဲဒီဂူကို ပြန်သွားရင်တော့ သင်းခွေချပ်နတ်ဆိုးစစ်သူကြီးနဲ့ ထပ်တွေ့နိုင်တယ်"

လင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ အမှန်စင်စစ် ပြဿနာမှာ သူ့ ခွန်အား မလုံလောက်သေးခြင်းပင်။ အကယ်၍ သူသာ လုံလောက်အောင် အစွမ်းထက်ပါက ထိုဧရာမသင်းခွေချပ်နတ်ဆိုးကြီးကို ရင်ဆိုင်တိုက်ခိုက်ရမည်ကို သူ အဘယ်ကြောင့် ကြောက်နေရပါမည်နည်း။

ထိုသင်းခွေချပ်နတ်ဆိုးကြီးကို မည်သို့ ခုခံရမည်နည်းဟု စဉ်းစားလိုက်သောအခါ လင်းဖုန်း၏ စိတ်ထဲတွင် အတွေးများစွာ လျှပ်တပြတ် ဝင်လာသည်။ လက်ရှိ သူ၏ အစွမ်းထက်ဆုံး တိုက်ကွက်မှာ အဘယ်နည်း။ သံသယဖြစ်စရာမလိုဘဲ လင်းဖုန်းသည် ဟင်းလင်းပြင်ပူဖောင်းနည်းစနစ်ကိုသာ ပြေးမြင်မိလိုက်သည်။

လက်ရှိတွင် လင်းဖုန်းသည် ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၄၀၀၀ ကို အသုံးပြု၍ ထိုအံ့ဩဖွယ်ကောင်းသော ကြယ်တာရာသိုင်းပညာရပ်ဖြင့် ကြယ်တာရာပူဖောင်းတစ်ခုကို ဖန်တီးနိုင်သည်။

လင်းဖုန်းသည် ဤကြယ်တာရာပူဖောင်း၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ဖူးသည်။ ယင်းမှာ အတော်လေး ကောင်းမွန်သော်လည်း သင်းခွေချပ်နတ်ဆိုးစစ်သူကြီးကို ဒဏ်ရာရအောင် လုပ်နိုင်ပါ့မလားဆိုသည်ကိုမူ သူ မသေချာပေ။

"အမျှင်တန်းပေါင်း ၄၀၀၀ နဲ့ ဖန်တီးထားတဲ့ ဟင်းလင်းပြင်ပူဖောင်းက သင်းခွေချပ်နတ်ဆိုးစစ်သူကြီးကို ပြင်းပြင်းထန်ထန် ဒဏ်ရာမရစေနိုင်ရင်တောင် သူ့ကို ခဏလောက်တော့ တားဆီးထားနိုင်ကောင်းပါရဲ့"

လင်းဖုန်း အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။ ဟင်းလင်းပြင်ပူဖောင်းမှာ စွမ်းအားကြီးရုံသာမက ထင်ယောင်ထင်မှားဖြစ်စေသော အာနိသင်လည်း ရှိသည်။ အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားများပင်လျှင် ၎င်း၏ ဆွဲဆောင်မှုအောက်တွင် နစ်မျောသွားနိုင်သည်။

ထိုသင်းခွေချပ်နတ်ဆိုးကြီးမှာ ကြီးမားပြီး အစွမ်းထက်သလို ကာကွယ်ရေးစွမ်းအား ကောင်းသော်လည်း ၎င်း၏ စိတ်ဓာတ်ခွန်အားမှာတော့ ထိုမျှအထိ မပြင်းထန်နိုင်ပေ။ အကယ်၍ လင်းဖုန်းအနေဖြင့် ထိုသတ္တဝါကြီးကို ခေတ္တခဏ မျက်စိတစ်မှိတ်လျှပ်တစ်ပြတ်စာ အချိန်မျှ တားဆီးထားနိုင်လျှင်ပင် သူ အရာများစွာကို လုပ်ဆောင်ရန် လုံလောက်ပေလိမ့်မည်။

သို့သော် ဤသည်မှာ အန္တရာယ် ရှိနေဆဲပင်။ လင်းဖုန်းသည် သူ၏ ခုခံကာကွယ်ရေးစွမ်းအားမှာ မလုံလောက်သေးကြောင်း ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။ သူ၏ မသေနိုင်သော အစွမ်းသတ္တိမှာ အရာရာကို မလုပ်ပေးနိုင်ပေ။ အကယ်၍ သူသာ ထိုနတ်ဆိုးကြီး၏ တိုက်ခိုက်မှုကို ခေတ္တမျှ တောင့်ခံနိုင်ပြီး ချက်ချင်းကြီး အသားစအဖြစ် ကြေမွမသွားဘူးဆိုလျှင် လင်းဖုန်းအတွက် လှုပ်ရှားစရာ နေရာများစွာ ရှိလာပေလိမ့်မည်။

"ဟုတ်သားပဲ... ငါ ပဉ္စမမြောက် သားရဲမျိုးရိုးဗီဇကို ပေါင်းစပ်ပြီး ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်လို့ ရတာပဲ"

လင်းဖုန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲ ဝင်လာသည်။ သူ၏ ခွန်အားနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို လျင်မြန်စွာ မြှင့်တင်နိုင်မည့် နည်းလမ်းကို သူ တွေးမိသွားသည်။ ကြမ်းကြုတ်သားရဲမျိုးရိုးဗီဇများကို ပေါင်းစပ်ခြင်းမှာ လက်ရှိအချိန်တွင် အမြန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းပင်။

မည်သည့် သားရဲမျိုးရိုးဗီဇကို ပေါင်းစပ်ရမည်နည်းဟု စဉ်းစားကြည့်သောအခါ လင်းဖုန်းသည် သင်းခွေချပ်နတ်ဆိုးများ၏ သွေးကို ကြိုတင်ပြင်ဆင်ထားပြီး အမြဲတမ်း ဆောင်ထားလေ့ ရှိသည်။ ထို့ပြင် မြေပုရွက်ဆိတ်နတ်ဆိုးများလည်း ရှိသေးသည်။ ယခင်က တိုက်ပွဲတွင် လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်၌ မြေပုရွက်ဆိတ်နတ်ဆိုးများ၏ သွေးများစွာ ပေကျံနေခဲ့သည်။ သူသည် ထိုမျိုးရိုးဗီဇကိုလည်း ပေါင်းစပ်နိုင်သည်။ သို့သော် မြေပုရွက်ဆိတ်နှင့် သင်းခွေချပ်နတ်ဆိုး မျိုးရိုးဗီဇနှစ်ခုအကြားတွင် လင်းဖုန်းသည် တွန့်ဆုတ်မနေဘဲ သင်းခွေချပ်နတ်ဆိုး မျိုးရိုးဗီဇကိုသာ ချက်ချင်း ရွေးချယ်လိုက်သည်။

မည်သို့ပင်ဆိုစေ လင်းဖုန်း လက်ရှိ လိုအပ်နေသည်မှာ ခွန်အားနှင့် ကာကွယ်ရေးစွမ်းအား ဖြစ်သည်။ ခွန်အားနှင့် ကာကွယ်ရေးအပိုင်းတွင် သင်းခွေချပ်နတ်ဆိုးများမှာ မြေပုရွက်ဆိတ်များထက် များစွာ ပို၍ အစွမ်းထက်လှသည်။

လင်းဖုန်းသည် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို အရင်က လေ့လာဖူးသည်။ သူသည် သားရဲမျိုးရိုးဗီဇများကို ဆက်လက်ပေါင်းစပ်နိုင်မည်ဟု တွေးထားသော်လည်း ဤသည်မှာ နတ်ဆိုးတစ်ကောင်၏ မျိုးရိုးဗီဇကို ပထမဆုံးအကြိမ် ပေါင်းစပ်ခြင်း ဖြစ်သည်။ မည်သို့ ဖြစ်လာမည်ကို သူကိုယ်တိုင် စမ်းသပ်ကြည့်ရပေလိမ့်မည်။

ထို့ကြောင့် လင်းဖုန်းသည် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို အသက်သွင်းကာ အမိန့်ပေးလိုက်သည်။

"သင်းခွေချပ်နတ်ဆိုးရဲ့ မျိုးရိုးဗီဇကို ထုတ်ယူပါ"

"သင်းခွေချပ်နတ်ဆိုး မျိုးရိုးဗီဇကို အောင်မြင်စွာ ထုတ်ယူပြီးပါပြီ။ လူသားမျိုးရိုးဗီဇနဲ့ ပေါင်းစပ်နိုင်ပါတယ်။ အခုချက်ချင်း ပေါင်းစပ်မလား"

"ပေါင်းစပ်မယ်"

"သင်းခွေချပ်နတ်ဆိုး မျိုးရိုးဗီဇနဲ့ စတင်ပေါင်းစပ်နေပါပြီ။ ကြာချိန် - တစ်နာရီ"

လင်းဖုန်း အံ့အားသင့်သွားသည်။ ယခင်က နွားရိုင်းမျိုးရိုးဗီဇကို ပေါင်းစပ်စဉ် တစ်မိနစ်သာ ကြာခဲ့သည်။ ယခု သင်းခွေချပ်နတ်ဆိုး မျိုးရိုးဗီဇကို ပေါင်းစပ်ရန်မှာမူ တစ်နာရီတောင် ကြာလိမ့်မည် ဖြစ်သည်။ လင်းဖုန်း ဘာဖြစ်နေမှန်း မသိခင်မှာပင် သူ၏ ဝိညာဉ်နက်ရှိုင်းသော နေရာမှ ပြန့်နှံ့လာသော ပြင်းထန်လှသော နာကျင်မှုကြောင့် လင်းဖုန်း၏ တစ်ကိုယ်လုံး တုန်ခါသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဖော်ပြ၍မရနိုင်သော ပြင်းထန်လှသော နာကျင်မှုဒဏ်ကို ခံစားလိုက်ရတော့သည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၇၄) - ကျောက်ဖြစ်စေခြင်း

ဘာသာပြန် - အားသစ်

နာကျင်မှု...။ လင်းဖုန်းသည် ဤမျှပြင်းထန်သော နာကျင်မှုကို တစ်ခါမျှ မခံစားဖူးချေ။ သူ၏ အသိစိတ်များပင် ဝေဝါးလာသည်။ သူသည် တောရိုင်းမြေပြင်ထက်တွင် ဟိန်းဟောက်နေသော ဧရာမသင်းခွေချပ်နတ်ဆိုးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။

နတ်ဆိုးများ၏ မျိုးရိုဗီဇမှာ လင်းဖုန်း ယခင်က ပေါင်းစပ်ခဲ့ဖူးသော သာမန်သားရဲမျိုးရိုးဗီဇ ၄ မျိုးထက် များစွာ ပိုမိုအစွမ်းထက်လှသည်။ ထို့ကြောင့် ယခုတစ်ကြိမ် ပေါင်းစပ်နေစဉ်အတွင်း သင်းခွေချပ်နတ်ဆိုးကြီးတစ်ကောင်ကို သူ့ခန္ဓာကိုယ်ထဲသို့ အတင်းအဓမ္မ ထိုးသွင်းခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားရခြင်း ဖြစ်သည်။

လင်းဖုန်းတစ်ကိုယ်လုံးတွင် သွေးများဖြင့် ဖုံးလွှမ်းသွားသည်။ အရေပြားများ ကွဲအက်သွားလိုက် ပြန်လည်ကောင်းမွန်လိုက်နှင့် သံသရာလည်နေသည်။ သွေးကြောများ ပေါက်ကွဲစုတ်ပြတ်သွားပြီး မကြာမီ ချက်ချင်း ပြန်ဆက်သွားသည်။ ဆဲလ်များမှာလည်း အဆက်မပြတ် မနားတမ်း ကွဲပွားနေသည်။

သူ့ခွန်အားများ အံ့ဩစရာကောင်းလောက်အောင် အမြန်ဆုံးနှုန်းဖြင့် တိုးတက်လာနေသည်ကို လင်းဖုန်း အထင်အရှား ခံစားနေရသည်။ ခွန်အားသာမက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာလည်း ဘက်ပေါင်းစုံမှ သိသိသာသာ တိုးတက်လာသည်။

ဤသည်မှာ သားရဲမျိုးရိုးဗီဇကို ပေါင်းစပ်ခြင်း၏ အကျိုးကျေးဇူးပင်။ အချိန်တိုအတွင်း ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို အဘက်ဘက်မှ အကြီးအကျယ် မြှင့်တင်နိုင်သည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက်ပိုင်း ဖြစ်ပေါ်နေသော ခန္ဓာကိုယ်အသွင်ပြောင်းလဲမှုဖြစ်စဥ်သည်လည်း ရုတ်တရက် အရှိန်မြင့်တက်လာသည်။ မကြာမီမှာပင် သူ၏ ခန္ဓာကိုယ်အသွင်ပြောင်းလဲမှု အပြည့်အဝ အပြီးသတ်တော့မည် ဖြစ်သည်။

လင်းဖုန်းသည် သူ့ခန္ဓာကိုယ်ထဲမှ အဆုံးမဲ့ ဆာလောင်မှုကို ခံစားလိုက်ရသည်။ သူသည် အလွန်တရာ ဆာလောင်နေပြီး မြင်းတစ်ကောင်လုံးကိုပင် စားပစ်နိုင်သည်ဟု ခံစားနေရသည်။ ခန္ဓာကိုယ်အသွင်ပြောင်းလဲမှုနှင့် သင်းခွေချပ်နတ်ဆိုး မျိုးရိုးဗီဇ ပေါင်းစပ်မှုတို့အတွက် လိုအပ်သော အာဟာရဓာတ်များကို ရရှိရန် စွမ်းအင်အမြောက်အမြား လိုအပ်ကြောင်း လင်းဖုန်း နားလည်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် လင်းဖုန်းသည် အာဟာရဖျော်ရည်များကို အမြဲဆောင်ထားလေ့ရှိသည်။ ဤသည်မှာ မျိုးရိုးဗီဇ ရုတ်တရက် ပေါင်းစပ်ရပါက အာဟာရဓာတ် ချို့တဲ့မှုကို ကာကွယ်ရန် သူ ပြုလုပ်ထားသော အလေ့အကျင့်ပင် ဖြစ်သည်။

လင်းဖုန်းသည် အဆင့်မြင့် အာဟာရဖျော်ရည် ၅ ပုလင်းကို ချက်ချင်း ထုတ်ယူလိုက်သည်။ ပုလင်းတိုင်းသည် အလွန်စျေးကြီးပြီး အာဟာရဓာတ်များစွာ ပါဝင်သည်။ လင်းဖုန်းသည် ထိုအာဟာရ‌ဖျော်ရည်ပုလင်းအားလုံးကို ဖွင့်ဖောက်ကာ ပါးစပ်ထဲသို့ တရစပ် လောင်းထည့်လိုက်သည်။

သာမန်အားဖြင့် အာဟာရဖျော်ရည်ကို ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထိုးသွင်းခြင်းက အမြန်ဆုံး စုပ်ယူ‌ခြေဖျက်နိုင်သော်လည်း လင်းဖုန်း၏ လက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့်ဆိုလျှင် သာမန်အပ်ဖြင့် ထိုး၍ ရနိုင်မည် မဟုတ်ပေ။ အပ်မှာ လင်းဖုန်း၏ အရေပြားကိုပင် ဖောက်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် လင်းဖုန်း တိုက်ရိုက်သောက်ရုံသာ တတ်နိုင်တော့သည်။ ကံကောင်းသည်မှာ လင်းဖုန်း၏ အစာခြေစနစ်မှာ အလွန် အစွမ်းထက်သဖြင့် အာဟာရများကို အလေအလွင့်မရှိ စုပ်ယူနိုင်ပေသည်။ အာဟာရဓာတ်များ သွေးကြောထဲသို့ ရောက်ရှိသွားပြီး ကြွက်သားနှင့် အရိုးများဆီသို့ အလျင်အမြန် ပြန့်နှံ့သွားသည်။

ထိုအခါမှသာ လင်းဖုန်းသည် ဆာလောင်မှုကို မခံစားရတော့ဘဲ ခန္ဓာကိုယ်အခြေအနေလည်း တဖြည်းဖြည်း တည်ငြိမ်လာသည်။ သုံးနာရီခန့် ကြာပြီးနောက် လင်းဖုန်း မျက်လုံးပွင့်လာသည်။

သူလက်ကို အသာအယာ ဆုပ်ကြည့်လိုက်သောအခါ ယခင်ကထက် များစွာ သာလွန်သော ခွန်အားများ ခန္ဓာကိုယ်ထဲတွင် ရှိနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် လေထုကို ပေါက်ကွဲသံများဖြင့် ပြည့်နှက်သွားစေသည်။

"ချပ်ဝတ်"

လင်းဖုန်း၏ အတွေးတစ်ချက်ဖြင့် မွေးရာပါစွမ်းရည်ချပ်ဝတ်မှာ သူ့တစ်ကိုယ်လုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ထိုအချိန်တွင် လင်းဖုန်းသည် ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ ချပ်ဝတ်နှင့် ပတ်သက်၍ တစ်ခုခုကို သူ မွေးရာပါ အသိစိတ်အရ လုပ်ဆောင်နိုင်သကဲ့သို့ ခံစားနေရသည်။

လင်းဖုန်း၏ စိတ်ကူးလိုက်သည်နှင့် ချပ်ဝတ်ပေါ်တွင် မီးခိုးရောင် အလင်းလွှာတစ်ခု တဖြည်းဖြည်း ပေါ်လာပြီး တခဏအတွင အပြည့်အဝ ဖုံးလွှမ်းသွားသည်။

နဂိုက ပျော့ပျောင်းနူးညံ့ပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိသော ချပ်ဝတ်တန်ဆာမှာ မီးခိုးရောင်အလင်းအောက်တွင် မာကျောသော အကြေးခွံတစ်ခုဖြင့် ဖုံးအုပ်သွားသကဲ့သို့ ဖြစ်သွားသည်။ ဤခံစားချက်မှာ လင်းဖုန်းအတွက် ရင်းနှီးနေသည်။

သူသည် မီးခိုးရောင် အခွံကို လက်ဖြင့် အသာအယာ ထိတွေ့ကြည့်လိုက်သောအခါ အတွေးတစ်ခု လျှပ်တပြတ် ဝင်လာသည်။

"သင်းခွေချပ်သားရဲတွေရဲ့ ကျောက်ဖြစ်စေခြင်းအစွမ်းပဲ"

လင်းဖုန်း မှတ်မိသွားသည်။ ဤသည်မှာ သင်းခွေချပ်သားရဲများ၏ ကျောက်ဖြစ်စေခြင်း အစွမ်းပင် ဖြစ်သည်။ ထိုအစွမ်းကို အသုံးပြုလိုက်ပါက သူတို့၏ ကာကွယ်ရေးစွမ်းအားမှာ အဆပေါင်းများစွာ မြင့်တက်သွားတတ်သဖြင့် ကိုင်တွယ်ရ အလွန်ခက်ခဲလှသည်။

ယခင်က လင်းဖုန်းသည် နတ်ဆိုးမျိုးရိုးဗီဇကို ပေါင်းစပ်ခြင်းဖြင့် မွေးရာပါစွမ်းရည်များကို ရရှိနိုင်မလားဆိုသည်ကို ဝေခွဲမရ ဖြစ်နေခဲ့သည်။ အတိတ်က သာမန်သားရဲ မျိုးရိုးဗီဇများ ပေါင်းစပ်စဉ် မည်သည့်စွမ်းရည်မှ မရရှိခဲ့ဘဲ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးမှသာ စွမ်းရည်များ ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် နတ်ဆိုးများမှာမူ မွေးကတည်းကပင် မျိုးရိုးဗီဇကန့်သတ်ချက် ပွင့်ပြီးသားဖြစ်သည်။ ယခုလက်ရှိ သူ၏ ချပ်ဝတ်တန်ဆာပေါ်မှ မီးခိုးရောင်အပြင်ခွံကို ကြည့်ရင်း လင်းဖုန်း ပြုံးလိုက်မိသည်။ သူ မွေးရာပါ စွမ်းရည်သစ်တစ်ခုကို ရရှိလိုက်ပြီ ဖြစ်သည်။ သင်းခွေချပ်နတ်ဆိုးမျိုးရိုးဗီဇက သူ့ကို ကျောက်ဖြစ်စေခြင်းစွမ်းရည်ကို ပေးအပ်လိုက်ခြင်းပင်။

ဤကျောက်သားအပြင်ခွံဖြင့် လင်းဖုန်း၏ ကာကွယ်ရေးစွမ်းအားမှာ အနည်းဆုံး နှစ်ဆ၊ သုံးဆခန့် ထပ်မံမြင့်တက်သွားပြီ ဖြစ်သည်။ ဤသည်မှာ အလွန်ဝမ်းသာစရာကောင်းသော အချက်ပင်။ အကယ်၍ ထိုဧရာမသင်းခွေချပ်နတ်ဆိုးကြီးနှင့် ထပ်တွေ့ပါက ဤမျှ အစွမ်းထက်သော အကာအကွယ်စွမ်းအားဖြင့် သူ တောင့်ခံနိုင်ကောင်း တောင့်ခံနိုင်ပေလိမ့်မည်။

"ခွန်အားလည်း တိုးလာသေးတယ်။ သင်းခွေချပ်နတ်ဆိုး မျိုးရိုးဗီဇက တကယ့်ကို အစွမ်းထက်တာပဲ။ အရင်က ငါ့မှာ ခွန်အား တန်၃၈၀ ပဲ ရှိတာ။ အသွင်ပြောင်းလဲမှု အဆုံးသတ်ရင်တောင် တန် ၄၂၀ လောက်ပဲ ရှိမှာ။ ဒါပေမဲ့ အခုတော့ ငါ့ရဲ့ ခွန်အားက တန်၆၀၀ နီးပါးတောင် ရှိနေပြီ"

လင်းဖုန်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ဤမျှ အစွမ်းထက်သော ရုပ်ခွန်အားမျိုးကို သူ တစ်ခါမှ မခံစားဖူးပေ။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ဖြင့် တန် ၆၀၀ အထိ ရရှိခြင်းမှာ ဒဏ္ဍာရီပုံပြင်များထဲတွင်ပင် မကြားဖူးလောက်ပေ။

လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ် စွမ်းဆောင်ရည်အချက်အလက်များကို ချက်ချင်း စစ်ဆေးလိုက်သည်။

ကြံ့ခိုင်မှု : ၈၀၀.၂၅

ခွန်အား : ၇၃၁.၄၆

သွက်လက်မှု : ၂၃၄.၆၅

မွေးရာပါစွမ်းရည်များ : အကာအကွယ်ချပ်ဝတ်၊ ထက်မြသောဦးချို၊ မသေနိုင်သော အစွမ်းသတ္တိ၊ ခွန်အားမြှင့်တင်ခြင်း၊ ကျောက်ဖြစ်စေခြင်း

ပေါင်းစပ်ထားသောမျိုးရိုးဗီဇများ : နွားရိုင်း၊ ယူနီကွန်း၊ နှာမောင်းရှည်သားရဲ၊ ဝက်အူရစ်ပိုးကောင်၊ သင်းခွေချပ်နတ်ဆိုး

မျိုးရိုးဗီဇပမာဏ : ၉၆%

လင်းဖုန်း၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် ခွန်အားမှာ နှစ်ဆနီးပါး တိုးတက်လာသည်။ လျင်မြန်သွက်လက်မှုမှာလည်း များစွာ တိုးလာသည်။ သို့သော် သူ၏ မျိုးရိုးဗီဇပမာဏမှာ ၉၆% သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် နောက်ထပ် မျိုးရိုးဗီဇ တစ်မျိုးကိုပင် ထပ်မံပေါင်းစပ်ရန် မဖြစ်နိုင်တော့ပေ။ ဒုတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲမှု ပြီးမှသာ မျိုးရိုးဗီဇဆံ့ဝင်နိုင်စွမ်း ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်။

ယခုအခါ လင်းဖုန်း၏ ခန္ဓာကိုယ် အသွင်ပြောင်းလဲမှုမှာလည်း အပြီးသတ်သွားပြီ ဖြစ်သည်။ ယင်းဖြစ်စဥ်မှာ မျိုးရိုးဗီဇပေါင်းစပ်မှုကြောင့် ပိုမိုမြန်ဆန်သွားခြင်း ဖြစ်နိုင်သည်။ နဂိုကဆိုလျှင် လအနည်းငယ်မျှ ကြာနိုင်သေးသော်လည်း ယခုအခါတွင်မူ လျင်မြန်စွာပင် ပြီးဆုံးသွားပြီ ဖြစ်သည်။

ဤသည်မှာ ကောင်းသော အချက်ပင်။ လင်းဖုန်း၏ ရုပ်ပိုင်းဆိုင်ရာခွန်အား တန်၆၀၀မှာ ပထမအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး သူ၏ ကြယ်တာရာစွမ်းအားအားလုံးကို အသုံးပြု၍ ထုတ်ဖော်နိုင်သော ခွန်အားထက်ပင် သာလွန်နေပြီ ဖြစ်သည်။

ထို့ပြင် ပို၍ အံ့ဩစရာကောင်းသော အချက်တစ်ခုကိုလည်း လင်းဖုန်း တွေ့ရှိခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက်လာသည်နှင့်အမျှ သူ၏ ကြယ်တာရာစွမ်းအား ကန့်သတ်ချက်မှာလည်း အနည်းငယ် လျော့ရဲလာခဲ့သည်။ ယင်းမှာ လင်းဖုန်း ယခင်က တွေးထင်ခဲ့သော ယူဆချက်ကို လက်တွေ့ သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

All Chapters