← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 15 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 15 Ch. 175-176

အခန်း (၁၇၅) - အကန့်အသတ်ကို ထပ်မံချိုးဖျက်ခြင်း

ဘာသာပြန် - အားသစ်

လင်းဖုန်းသည် ကြယ်တာရာစွမ်းအား အကန့်အသတ်ကို ချိုးဖျက်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သူသည် ဒုတိယအဆင့် အသွင်ပြောင်းနယ်ပယ်သာ ရှိသေးသော်လည်း ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၅၀၀၀ ကျော် ပိုင်ဆိုင်ထားသည်။ ဤသည်မှာ မည်မျှ ကြောက်စရာကောင်းလှသနည်း။

အခြားမည်သည့်သိုင်းသမားမှ မလုပ်နိုင်သည့် အရာကို သူ အဘယ်ကြောင့် လုပ်နိုင်ရသနည်း။ လင်းဖုန်းတွင် ယခင်ကတည်းက ယူဆချက်တစ်ခု ရှိခဲ့သည်။ သို့သော်လည်း ထိုအကြောင်းရင်းကို အချိန်အတော်ကြာသည်အထိ သူ သက်သေမပြနိုင်ခြင်း မရှိခဲ့ပေ။

ယင်းမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာ အခြားသိုင်းသမားများထက် များစွာ သာလွန်နေသောကြောင့် ကြယ်တာရာစွမ်းအား ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခြင်း ဖြစ်သည်ဟု သူ ယူဆခဲ့သည်။ ခန္ဓာကိုယ် ပိုမိုကြံ့ခိုင်လေလေ ကြယ်တာရာစွမ်းအားကို ပိုမိုသိုလှောင်နိုင်လေလေ ဖြစ်ပေလိမ့်မည်။

အမှန်စင်စစ် ကြယ်တာရာစွမ်းအားတွင် အများဆုံးသိုလှောင်နိုင်သော အကန့်အသတ်ဟူ၍ လုံးဝမရှိချေ။ ခန္ဓာကိုယ်က လက်ခံနိုင်စွမ်းရှိသရွေ့ အကန့်အသတ်မဲ့ စုဆောင်းနိုင်ခြင်းလည်း ဖြစ်နိုင်သည်။

သို့သောလည်း လင်းဖုန်း၏ ရဲတင်းလှသော ထငိမြင်ယူဆချက်ကို သေသေချာချာအတည်မပြုနိုင်ခဲ့ပေ။ ယခုလက်ရှိတွင်မူ လင်းဖုန်း၏ ခန္ဓာကိုယ်အသွင်ပြေားလဲခြင်းဖြစ်စဉ် အဆုံးသတ်သွားကာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု တိုးတက်လာခြင်းနှင့်အတူ သင်းခွေချပ်နတ်ဆိုးသားရဲ မျိုးရိုးဗီဇကို ပေါင်းစပ်လိုက်ပြီးနောက် လင်းဖုန်း၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာ အချိန်တိုအတွင်း ခုန်ပျံကျော်လွှား တိုးတက်လာခဲ့သည်။

ထိုသို့သောအခိုက်အတန့်တွင် သူ၏ ကြယ်တာရာစွမ်းအား ကန့်သတ်ချက်မှာလည်း ထပ်မံလျော့ရဲလာခဲ့သည်။ ဤအဖြစ်က အကောင်းဆုံးသက်သေ မဟုတ်သေးသလော။ ဤသည်မှာ သူ့ယူဆချက် မှန်ကန်ကြောင်း တိုက်ရိုက် သက်သေပြလိုက်ခြင်းပင်။ သိုင်းသမားတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ပိုမိုသန်မာအားကောင်းလေလေ ကြယ်တာရာစွမ်းအားအကန့်အသတ်ကို ချိုးဖြတ်နိုင်ရန် ပိုမိုအခွင့်အလမ်းများလေလေဖြစ်ပေသည်။

မူလက လင်းဖုန်းတွင် ကြယ်တာရာစွမ်းအား အမျှင်တန်းပေါင်း ၅၄၃၀အထိ ရှိခဲ့သည်။ ထိုအရေအတွက်မှာ ယခင်က သူ့အတွက် အများဆုံး စုဆောင်းနိုင်သော အကန့်အသတ်ဖြစ်ခဲ့သည်။ ယခုလက်ရှိတွင်မူ လင်းဖုန်း သင်းခွေချပ်နတ်ဆိုးသားရဲ မျိုးရိုးဗီဇနှင့် ပေါင်းစပ်လိုက်သည်နှင့်အမျှ သူ၏ ရုပ်ခန္ဓာကြံ့ခိုင်မှုသည်လည်း တစ်ဖန် ဆထမ်းပိုး တိုးတက်လာပြန်သည်။ လင်းဖုန်း၏ ကြယ်တာရာစွမ်းအား ကန့်သတ်ချက်သည်လည်း တစ်နည်းနည်းဖြင့် အနည်းငယ် ထပ်မံပြေလျော့သွားသည်။

အတွေးတစ်ချက်နှင့်ပင် လင်းဖုန်း ကြယ်တာရာဝါးမြိုခြင်းကျင့်စဉ်ကို ချက်ချင်း လည်ပတ်စေလိုက်သည်။

ဝူး...

ကြယ်စွမ်းအား အမြောက်အမြား စီးဆင်းလာပြီး လင်းဖုန်း၏ ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာစွမ်းအား အမျှင်တန်းအသစ်များ စတင် ဖြစ်ပေါ်လာသည်။ မည်သည့် ခုခံမှုမျှ မရှိဘဲ ကြယ်တာရာစွမ်းအား အမျှင်သစ်များ တဖြည်းဖြည်း ဖြစ်တည်လာသည်။

အသက်တစ်ရှိုက်စာ အချိန်အတွငိးမှာပင် ကြယ်တာရာစွမ်းအားမျှင် ၅၄၃၁ မျှင် ဖြစ်သွားသည်။ ထိုသည်မှာ အမျှင်လေးတစ်မျှင် တိုးလာခြင်းသာ ဖြစ်သော်ငြား လျှော့မတွက်သင့်ပေ။ ယင်းမှာ လင်းဖုန်းအတွက် အလွန် အဓိပ္ပာယ်ရှိသည်။ လင်းဖုန်း၏ ကြယ်တာရာစွမ်းအားနှင့် ရုပ်ပိုင်ဆိုင်ရာကြံခိုင်မှု အပြန်အလှန် ဆက်နွှယ်နေသည်ဟူသော အယူအဆမှာ လုံးဝဥဿုံ မှန်ကန်ပေသည်။ နောက်ဆုံးတွင် သူသည် အမြင့်ဆုံး ကြယ်တာရာစွမ်းအား အကန့်အသတ်ကို ထပ်မံ ချိုးဖျက်နိုင်ခဲ့လေပြီ။

သို့သော် ထိုမျှသာ မဟုတ်သေးချေ။ ဤသည်က အစသာ ရှိသေးသည်။

လင်းဖုန်း၏ ကြယ်တာရာဝါးမြိုခြင်းကျင့်စဉ်မှာ အလွန်တရာပင် အားကောင်းလှသည်။ လင်းဖုန်း၏ခန္ဓာကိုယ် ပိုမိုကြံ့ခိုင်လာသည်နှင့်အမျှ ကြယ်တာရာစွမ်းအား စုပ်ယူနိုင်စွမ်းမှာလည်း ပိုမို မြင့်မားလာသည်။ အတိတ်တုန်းကဆိုလျှင် လင်းဖုန်း၏ခန္ဓာကိုယ်သည် တစ်ရက်လျှင် ကြယ်တာရာစွမ်းအား အမျှင်တန်း ၁၂၀ခန့်အထိသာ စုစည်းလက်ခံနိုင်ပြီး ထိုအတွက် ထိခိုက်ဒဏ်ရာ အနည်းငယ်လည်း ရရှိပေဦးမည်ပင်။ တစ်ရက်လျှင် အမျှင်ပေါင်း ၁၀၀ ခန့်သာ ခန္ဓာကိုယ်ကို ထိခိုက်မှုမရှိဘဲ ဖန်တီးနိုင်ခဲ့သည်။

ယခုလက်ရှိတွင်မူ လင်းဖုန်းသည် သူ့ခန္ဓာကိုယ်မှာ လေမှုတ်သွင်းထားသော ပူဖောင်းတစ်လုံးအလား ခံစားနေရပေသည်။ ကြယ်စွမ်းအားလက်ခံနိုင်စွမ်းမှာ များစွာတိုးတက်လာနေသည်။ လင်းဖုန်း၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုသည် ယခင်ကထက် နှစ်ဆနီးပါး တိုးတက်လာသည်။ ယင်းမှာ အပိုအကျိုးသက်ရောက်မှုတစ်ခုသာ မဟုတ်ပေ။

မြောက်များစွာသော ကြယ်စွမ်းအားပမာဏသည် အကာအကွယ်အလွှာများကို တိတ်တဆိတ်ဖြတ်သန်းကာ မြေအောက်ရှိ လင်းဖုန်းထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝန်းရံစုဝေးရောက်ရှိလာသည်။ လင်းဖုန်းသည် အောက်ခြေမဲ့ တွင်းနက်ကြီးတစ်ခုအလား ကြယ်စွမ်းအားများ ပမာဏများစွာကို အရူးအမူး ဝါးမြိုနေတော့သည်။

တစ်မျှင်၊ ဆယ်မျှင်၊ အမျှင်ငါးဆယ်၊ အမျှင်တစ်ရာ...

တစ်ထိုင်တည်းမှာပင် လင်းဖုန်းသည် ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၁၀၀ ကို ဖန်တီးနိုင်ခဲ့သည်။ ယင်းအတွက် နှစ်နာရီခန့်သာ ကြာသေးသည်။ လင်းဖုန်းသည် ကြယ်တာရာစွမ်းအားအမျှင်တန်း ၁၀၀ကို စုစည်းသိပ်သည်းစေရန် အချိန်နှစ်နာရီခန့်သာ သုံးစွဲခဲ့ရခြင်း ဖြစ်ပေသည်။ ဤသည်မှာ လုံးဝ မယုံနိုင်ကြည်စရာ အရှိန်အဟုန်ပင်။ ဤနှုန်းထားမှာ လင်းဖုန်း ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု တိုးတက်မလာသေးမီက တစ်ရက်တာ စုစည်းရရှိသော ကြယ်တာရာစွမ်းအားပမာဏနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။

လင်းဖုန်း၏ခန္ဓာကိုယ်သည် အကန့်အသတ်သို့ ရောက်နေပုံရကာ ကြယ်စွမ်းအားများက သူ့ခန္ဓာကိုယ်ကို စတင်ဖျက်စီးနေပြီ ဖြစ်သော်လည်း လင်းဖုန်းတွင် အချိန်များစွာ မရှိပေ။ ယခုလက်ရှိ သူထပ်မံ စုစည်းပေါင်းစပ်လိုက်သော အပိုကြယ်တာရာစွမ်းအားတစ်မျှင်ချင်းစီတိုင်းသည် လင်းဖုန်းအတွက် ရှင်သန်နိုင်ရန် အခွင့်အရေးတစ်ခု ပိုမိုတိုးပွားလာခြင်းပင် ဖြစ်ပေသည်။

ထို့ကြောင့် လင်းဖုန်းသည် ခန္ဓာကိုယ် ဒဏ်ရာရမည်ကိုပင် ဂရုမစိုက်တော့ဘဲ ကြယ်တာရာစွမ်းအား စုစည်းရန်သာ အပြည့်အဝ အာရုံးစူးစိုက်ကာ မနေမနား အစွမ်းကုန် ကျင့်ကြံတော့သည်။ လက်ရှိအရှိန်အတိုင်းဆိုလျှင် လင်းဖုန်းအတွက် တစ်ရက်လျှင် ကြယ်တာရာစွမ်းအားမျှင်ပေါင်း ၁၂၀၀ အထိ စုစည်းဖန်တီးရန် ပြဿနာမရှိပေ။ ဒဏ်ရာအနည်းငယ်ရနိုင်သော်လည်း သူ၏ မွေးရာပါစွမ်းရည် မသေနိုင်သောအစွမ်းသတ္တိက ချက်ချင်း ကုသပေးပေလိမ့်မည်။ အကယ်၍ သူ မည်သည့်ဒဏ်ရာမျှ မရလိုပါလျှင်လည်း အရှိန်အနည်းငယ်လျှော့ကာ ကျင့်ကြံနိုင်ပေသည်။ ထိုသို့ဆိုလျှင်ပင် တစ်ရက်လျှင် ကြယ်တာရာစွမ်းအား အမျှင်တန်းပေါင်း ၁၀၀၀ခန့်အထိ စုစည်းရန် မည်သည့်အခက်အခဲမျှ မရှိနိုင်ပေ။

သို့ပေသော်ငြား ယခုလက်ရှိ လင်းဖုန်းအတွက် အရှားပါးဆုံးအရာမှာ အချိန်ပင်။ သူ မိုလေ့ကို သု့းရက်အတွင်း မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းသို့ ပြန်လာမည်ဟု ကတိပေးခဲ့သည်။ ထို့ကြောင့် လင်းဖုန်း သူ့ခွန်အားကို အမြန်ဆုံးဖြင့် ပန်းကန်လုံးစီးကာ မြှင့်တင်ရပေမည်။

မျက်စိတစ်မှိတ်အတွင်း အချိန်နှစ်ရက် ကုန်ဆုံးသွားခဲ့လေပြီ။ ထိုကာလအတွင်း လင်းဖုန်းသည် ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာစွမ်းအား အမျှင်တန်းပေါင်း ၂၄၀၀အထိ ထပ်မံစုစည်းနိုင်ခဲ့သည်။ မူလရှိရင်းစွဲ ကြယ်တာရာစွမ်းအားမျှင် ၅၄၃၀နှင့် ပေါင်းလိုက်ပါက အမျှင်တန်းစုစုပေါင်း ၇၈၃၀ ခန့်အထိ ရှိနေပြီ ဖြစ်သည်။

ထိုနှစ်ရက်အတွင်း လင်းဖုန်းသည် ကြယ်တာရာစွမ်းအား စုစည်းဖွဲ့စည်းခြင်းတွင်သာ အရူးအမူး အာရုံစိုက်ထားခဲ့သည်။ ယခုတွင်မူ အရှိန်တဖြည်းဖြည်း လျော့ကျလာပြီ ဖြစ်သည်။ သုံးနာရီကျော်ကြာပြီးနောက် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားပမာဏ အမျှင်တန်း ၈၀၀၀အထိရောက်ရှိသွားသောအခါ ကြယ်တာရာစွမ်းအားဖွဲ့စည်းမှု တဖြည်းဖြည်း ရပ်တန့်လုနီးပါး ဖြစ်သွားသည်။

နောက်ဆုံးတွင် လင်းဖုန်းသည် ကြယ်တာရာဝါးမြိုသူကျင့်စဉ်လှည့်ပတ်ခြင်းကို ရပ်တန့်လိုက်တော့သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားပမာဏ ၈၀၀၆ မျှင်သို့ ရောက်ရှိသွားလေပြီ။

ဤသည်မှာ လင်းဖုန်း၏ ကန့်ချက်သတ်အသစ်ပင်။ အမျှင်တန်းပေါင်း ၈၀၀၀ ကျော် ဆိုသည်မှာ အထွတ်အထိပ် တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အထွတ်အထိပ် တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးတွင်ပင် ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉၉၉ ခုအထိသာ ရှိပေသည်။

ထိုမျှများပြားလှသော ကြယ်တာရာစွမ်းအားဖြင့် ဟင်းလင်းပြင်ပူဖောင်းနည်းစနစ်ကို အသုံးပြု၍ ယခုလက်ရှိ လင်းဖုန်းထိန်းချုပ်နိုင်သည့် အမြင့်ဆုံးအနေအထားအထိ ကြယ်တာရာပူဖောင်းကို စုစည်းဖန်တီးမည်ဆိုပါက သူ ကြယ်တာရာပူပေါင်းနှစ်လုံးအထိ ဖန်တီးနိုင်ပေလိမ့်မည်။

သို့သော် လင်းဖုန်းသည် ကြယ်တာရာစွမ်းအား အမျှင်တန်း ၄၀၀၀ပါသော ကြယ်တာရာပူဖောင်းကိုသာ စုစည်းဖန်းတီးနိုင်သည်မှာ တကယ့် စိတ်မကောင်းစရာပင်။ အကယ်၍ လင်းဖုန်း၏ စိတ်စွမ်းအားသာ အနည်းငယ်ပိုမိုအားကောင်းပါလျှင် ကြယ်တာရာစွမ်းအား အမျှင်တန်းပေါင်း ၈၀၀၀ဖြင့် ဖန်တီးထားသော ကြယ်တာရာပူဖောင်းတစ်လုံးသည် မည်မျှထိပင် ကြောက်စရာကောင်းပေလိမ့်မည်နည်း။ ထိုစွမ်းအားသည် သင်းခွေးချပ်နတ်ဆိုးစစ်သူကြီးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရလျှင်ရ မဟုတ်လျှင် တိုက်ရိုက်ပင် သေဆုံးသွားစေနိုင်ပေလိမ့်မည်။

အမှန်စင်စစ်တွင် ဤသည်မှာ လင်းဖုန်း၏ မှန်းဆချက် သက်သက်သာ။ ကြယ်တာရာစွမ်းအား အမျှင်တန်း ၄၀၀၀ဖြင့် ဖန်တီးထားသော ကြယ်တာရာပူဖောင်းသည် သင်းခွေချပ်နတ်ဆိုးစစ်သူကြီးကို ရင်ဆိုင်တိုက်ခိုက်ရာ၌ အမှန်တကယ် အသုံးဝင်မဝင်ကိုမူ လင်းဖုန်း သေချာမသိပေ။

သို့ပေသော်ငြား မည်သို့ပင်ဖြစ်စေကာမူ လင်းဖုန်းနှင့် မိုလေ့တို့ သဘောတူထားသော အချိန်၃ ရက်ပြည့်ရန် ၁၀ နာရီသာ လိုတော့သည်။ လင်းဖုန်း လက်ရှိနေရာမှ မြေပြင်‌ပေါ်သို့ ထွက်ခွာသွားသည်ဖြစ်စေ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ ပင်မစနစ်ကို ဆက်လက်ရှာဖွေသည်ဖြစ်စေ ထိုဧရာမသင်းခွေချပ်နတ်ဆိုးကြီးကို ထပ်မံ ရင်ဆိုင်ရပေဦးမည်။

"ဟင်းလင်းပြင်ပူဖောင်း အလုပ်ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတော့မယ်"

လင်းဖုန်း သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် ထရပ်ကာ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ လမ်းညွှန်ချက်အတိုင်း ဂူထဲမှ ထွက်သွားတော့သည်။

မြေအောက်တွင် လမ်းစုံလမ်းခွများ မရေမတွက်နိုင်အောင် ရှိနေသော်ငြား မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ လမ်းညွှန်မှုကြောင့် လင်းဖုန်း လမ်းပျောက်မည်ကို လုံးဝ မစိုးရိမ်ရပေ။ ယခင်က ရောက်ရှိခဲ့သော ဧရာမဂူကြီးကို သူ သေချာပေါက်ရှာတွေ့ပေလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်းပင် နှစ်နာရီကြာပြီးနောက် ဥမင်ထဲတွင် သင်းခွေချပ်သားရဲများ၏ လှုပ်ရှားမှု လက္ခဏာများကို ဆက်တိုက်တွေ့လာရတော့သည်။

လင်းဖုန်းသည် လမ်းစုံလမ်းခွများကို ကွေ့ပတ်ရှောင်တိမ်းကာ သင်းခွေချပ်သားရဲများနှင် တတ်နိုင်သမျှ ထိပ်တိုက်မတွေ့အောင် သွားသည်။ သူ့အတွက် ထိုသင်းခွေချပ်သားရဲများနှင့် တိုက်ခိုက်ကာ အချိန်ဖြုန်းနေ၍ မဖြစ်ပေ။ လင်းဖုန်းသည် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှ လမ်းညွှန်ပေးနေသော ဦးတည်ရာတစ်ခု ရှိနေသောကြောင့် ထိုသင်းခွေချပ်သားရဲများထက်ပင် ဤလမ်းကြောင်းများနှင့် ပိုမိုရင်းနီးကျွမ်းဝင်သယောင် ဖြစ်နေသည်။

သို့သော် ဧရာမဂူကြီးနှင့် နီးကပ်လာသည်နှင့်အမျှ သင်းခွေချပ်သားရဲများလည်း ပိုမိုများပြားလာသည်။ အဆုံးတွင်မူ လင်းဖုန်းသည် ထိုသင်းခွေချပ်သားရဲများနှင့် ထိပ်တိုက်ရင်ဆိုင်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

ယင်းတို့မှာ သာမန်သင်းခွေချပ်သားရဲများသာ ဖြစ်ပေသညါ။ ထိုသားရဲများနှင့် ရင်ဆိုင်ရာတွင် လင်းဖုန်းအတွက် အခက်အခဲ စိုးစိမျှပင် မရှိချေ။ လင်းဖုန်းသည် အနည်းငယ်မျှပင် အချိန်မဖြုန်းလိုသောကြောင့် ရိုးရိုးရှင်းရှင်းပင် သူ့ခန္ဓာကိုယ်ပတ်လည်တွင် မွေးရာပါစွမ်းရည် ချပ်ဝတ်တန်ဆာအလွှာဖြင့် လွှမ်းခြုံဖုံးအုပ်စေပြီးနောက် ကျောက်ဖြစ်စေခြင်းအစွမ်းကို အသက်သွင်းထားလိုက်သည်။

ဘုန်း... ဘုန်း...ဘုန်း

လင်းဖုန်းသည် လမ်းတွင် တွေ့သမျှ သင်းခွေချပ်သားရဲများကို အမြောက်ဆန်တစ်ခုအလား တိုးဝင်ပစ်တိုက်ကာ ဖြတ်ကျော်သွားသည်။

လင်းဖုန်းသည် လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော သားရဲများနှင့် တိုက်မိခဲ့ပြီး ထိုထဲတွင် သင်းခွေချပ်နတ်ဆိုးတချို့ပင် ပါသေးသည်။ သို့သော်ငြား လင်းဖုန်းသည် ချပ်ဝတ်တန်ဆာနှင့် မွေးရာပါစွမ်းရည် ကျောက်ဖြစ်စေခြင်းတို့ကြောင့် သူ၏ ခုခံကာကွယ်နိုင်စွမ်းမှာ အဆမတန်သန်မာအားကောင်းလှပေသည်။ သူသည် သင်းခွေချပ်နတ်ဆိုးသားရဲများထက်ပင် ပိုမိုရက်စက်ကြမ်းကြုတ်နေသေးသည်။ ရူးသွပ်ကြမ်းတမ်းစွာ ပြေးဝင်ပစ်တိုက်မှုများကြောင့် တွေ့သမျှသင်းခွေချပ်သားရဲအားလုံးမှာ လွင့်ထွက်သွားလျှင်သွား မဟုတ်လျှင် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားသည်သာ။ မကြာမီမှာပင် လင်းဖုန်း ဧရာမဂူကြီးထဲသို့ ပြန်လည်ရောက်ရှိသွားသည်။

ဂူထဲတွင်မူ ဧရာမသင်းခွေချပ်နတ်ဆိုးစစ်သူကြီးမှာ မလှုပ်မယှက် ရှိနေဆဲပင်။ လင်းဖုန်း ဂူထဲသို့ ဝင်လာသည်နှင့် ထိုဧရာမသင်း‌ခွေချပ်နတ်ဆိုးကြီး၏ သွေးဆာနေသော အကြည့်များနှင့် ထိပ်တိုက်တိုးတော့သည်။

ဂရား...

သင်းခွေချပ်နတ်ဆိုးကြီးမှာ အလွန်တရာ ဒေါသထွက်သွားသည်။ တစ်ခါလာပြန်ပြီ ဒီလူသားသိုင်းသမား...။ လွန်ခဲ့သော နှစ်ရက်က သူ့ကို အာရုံနောက်စေခဲ့သော ထိုလူသားသိုင်းသမားကို သူကောင်းကောင်းမှတ်မိနေသေးသည်။ သင်းခွေချပ်နတ်ဆိုးသားရဲကြီးမှာ လုံးဝ သည်းမခံနိုင်တော့ပေ။ ဤတစ်ကြိမ်တွင်မူ အလွတ်ပေးတော့မည် မဟုတ်ပေ။

လင်းဖုန်း အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ လက်ရှိအချိန် လင်းဖုန်းတွင် ရွေးချယ်စရာ နှစ်ခု ရှိသည်။ တစ်ခုမှာ ထိုဧရာမသင်းခွေချပ်နတ်ဆိုးကြီးကို ရင်ဆိုင်တိုက်ခိုက်ကာ ဂူထဲမှထွက်ခွာ၍ မြေပြင်ပေါ်သို့ ပြန်တက်ရန် အခွင့်အရေးရှာရမည်ဖြစ်ပြီး နောက်တစ်ခုမှာ ထိုနတ်ဆိုးကြီးကို ကျော်ဖြတ်၍ သတ္တုဂိတ်တံခါးကြီးအတွင်းသို့ ဝင်ရောက်ကာ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ ပင်မစနစ်ကို ရှာဖွေရန် ဖြစ်သည်။

သို့သော် ဤနေရာမှ လွတ်မြောက်ရန်ဖြစ်စေ သတ္တုဂိတ်တံခါးအတွင်းသို့ ဝင်ရောက်ရန်ဖြစ်စေ သူ ဤနတ်ဆိုးကြီးကို အရင်ဆုံး ကိုင်တွယ်ရပေမည်။

"ဟင်းလင်းပြင်ပူဖောင်း"

လုံးဝ တွန့်ဆုတ်မနေဘဲ လင်းဖုန်း လက်ကို ဝှေ့ယမ်းလိုက်သည်။ ကြီးမားလှသော ပူဖောင်းတစ်ခုမှာ ဟင်းလင်းပြင်ထက်တွင် ရုတ်တရက် ပေါ်ပေါက်လာသည်။ ထိုပူဖောင်းမှ အိပ်မက်ဆန်ဆန် ညှို့ငင်ဖန်းစားနိုင်စွမ်းရှိသည့် အရှိန်အဝါများ ထုတ်လွှတ်နေသည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၇၆) - ရုပ်တု

ဘာသာပြန် - အားသစ်

လင်းဖုန်း၏ ရှေ့တွင် လှပသော ဟင်းလင်းပြင်ပူဖောင်းတစ်ခု လွင့်မျောနေသည်။ ထိုပူဖောင်းသည် အချင်း ၁၅ မီတာကျော်ရှိပြီး အလွန်ကြီးမားလှသည်။ ပုံမှန်အားဖြင့် ကြယ်တာရာပူဖောင်းသည် အချင်းသေးငယ်လေ ပိုမိုစွမ်းအားကြီးလေ ဖြစ်သော်လည်း ယခုလင်းဖုန်း ဖန်တီးလိုက်သော ပူဖောင်းမှာ ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၄၀၀၀ တိတိ ပါဝင်နေခြင်း ဖြစ်သည်။

ထို့ပြင် ပူဖောင်းသည်သာ လုံလုံလောက်လောက် မကြီးမားပါက ဧရာမသင်းခွေချပ်နတ်ဆိုးကြီးကို မည်သို့ လွှမ်းခြုံနိုင်ပါမည်နည်း။

အချင်း ၁၅ မီတာရှိသော ကြယ်တာရာပူဖောင်းသည် အလျား ၁၃ မီတာခန့်ရှိသော သင်းခွေချပ်နတ်ဆိုးကြီးကို မျက်စိတစ်မှိတ်အတွင်း ဝါးမြိုလွှမ်းခြုံသွားတော့သည်။ ညှို့ငင်ဆွဲဆောင်နိုင်စွမ်းရှိသော ထိုပူဖောင်းအတွင်း ရောက်သွားချိန်တွင် ဧရာမ သင်းခွေချပ်နတ်ဆိုးကြီးမှာ တစ်ဒင်္ဂမျှ မှင်သက်သွားပြီး ပြန်လည်ခုခံရန်ပင် မေ့လျော့သွားသည်။

"အောင်မြင်ပြီကွ"

လင်းဖုန်း အလွန်ဝမ်းသာသွားသည်။ သူသည် တွန့်ဆုတ်မနေဘဲ လျှပ်စီးလက်သကဲ့သို့ ရှေ့သို့ ပြေးထွက်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် အမိန့်ပေးလိုက်သည်။

"ပြိုကွဲစေ"

ဝူး...

လှပသော ကြယ်တာရာပူဖောင်းမှာ ရုတ်တရက် လျင်မြန်စွာ ကျုံ့ဝင်ပြိုကွဲသွားတော့သည်။ ကြယ်တာရာစွမ်းအားမျှင် ၄၀၀၀ ကျော်ဖြင့် ဖန်တီးထားသော ဟင်းလင်းပြင်ပူဖောင်းမှာ မည်မျှအထိ စွမ်းအားကြီးမားလိမ့်မည်နည်း။

ယခင်က လင်းဖုန်း ကိုယ်တိုင်စမ်းသပ်ခဲ့စဉ်က တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးပင်လျှင် ထိုပူဖောင်းအတွင်း ပိတ်မိပါက လုံးဝဥဿုံ အဆုံးသတ်သွားပေလိမ့်မည်ဟု သူ အပြည့်အဝ ယုံကြည်သည်။

သို့သော် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်နှင့် ယှဉ်နိုင်သော နတ်ဆိုးစစ်သူကြီးကို သတ်နိုင်ရန်မှာမူ လင်းဖုန်းတွင် ယုံကြည်ချက် မရှိပေ။ ဟင်းလင်းပြင်ပူဖောင်း မည်မျှပင် အစွမ်းထက်စေကာမူ ၎င်းထက် အဆင့်များစွာမြင့်သော နတ်ဆိုးစစ်သူကြီးကို သတ်ရန်မှာ မလွယ်ကူလှချေ။

ခလွပ်...

ပူဖောင်းမှာ ရုတ်တရက် ကွဲအက်သွားသည်။ လင်းဖုန်းသည် ထိုနတ်ဆိုးကြီး၏ ခန္ဓာကိုယ်ထက်ဝက်ခန့်ကိုသာ ကျော်ဖြတ်နိုင်သေးသည်။ ပူဖောင်းသည် သူ့အလိုလို ပြိုကွဲသွားခြင်း မဟုတ်ပေ။ ပြင်းထန်သော အားတစ်ခုကြောင့် အတင်းအဓမ္မ ရိုက်ခွဲခံလိုက်ရခြင်း ဖြစ်ပေသည်။

ဂရား...

ဧရာမ သင်းခွေချပ်နတ်ဆိုးကြီးမှာ အလွန်တရာ ဒေါသထွက်သွားပုံရသည်။ ထိုခဏ၌ နတ်ဆိုးကြီးသည် အန္တရာယ်အငွေ့အသက် အနည်းငယ်ကိုလည်း ခံစားလိုက်ရသည်။ အနည်းငယ်မျှသာ ဖြစ်သော်လည်း သူ့ကို ခြိမ်းခြောက်နိုင်ခဲ့သည်မှာ အမှန်ပင်။

အကယ်၍ ထိုပူဖောင်းသာ ယခုထက် ပိုမိုအစွမ်းထက်နေပါက နတ်ဆိုးကြီးမှာ ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းပင် ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

သင်းခွေချပ်နတ်ဆိုးကြီး၏ အကြည့်များထဲတွင် အမျက်ဒေါသ အငွေ့အသက်များဖြင့်သာ ပြည့်နှက်နေသည်။ သူ့ဘေးတွင် သူ့ကို ကျော်ဖြတ်ကာ လျှို့ဝှက်ဆန်းကြယ်သော သတ္တုဂိတ်တံခါးကြီးဆီသို့ ပြေးဝင်ရန် ကြိုးစားနေသော လင်းဖုန်းကို မြင်လိုက်ရသည်။ ချက်ချင်းဆိုသလိုပင် ဧရာမသားရဲကြီး၏ ထူထဲလှသော အမြီးကြီးမှာ ကောင်းကင်ဒေါက်တိုင်ကြီးပြိုကျလာသကဲ့သို့ လင်းဖုန်းထံသို့ လျှပ်ပြတ်သည့်အလား ဝှေ့ယမ်းလာသည်။

လင်းဖုန်း ကျောရိုးထဲတွင် စိမ့်ခနဲ ဖြစ်သွားသည်။ သူ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်လုနီးပါး ဖြစ်နေလေပြီ။ သိုသော်လည်း ယခုတွင်မူ ဟင်းလင်းပြင်ပူဖောင်း ပထမဆုံးအကြိမ် ကျရှုံးသွားသည်။

ဆိုလိုသည်မှာ ဟင်းလင်းပြင်ပူဖောင်းသည် အရာရာကို လုပ်ဆောင်နိုင်သည်မဟုတ်ချေ။ ထိုနည်းစနစ်တွင်လည်း ကန့်သတ်ချက် ရှိပေသည်။ အနည်းဆုံးတွင် နတ်ဆိုးစစ်သူကြီးတစ်ကောင်ကို ထိုမျှလောက်နှင့် မနှိမ်နင်းနိုင်ပေ။ အကယ်၍ သူသာ ကြယ်တာရာစွမ်းအား ပိုမိုအသုံးပြုနိုင်ပါက ခြိမ်းခြောက်နိုင်ကောင်း ခြိမ်းခြောက်နိုင်မည်ဖြစ်ပေသည်။ သို့သော် ယခုလောလောဆယ်တွင် သူ ကြယ်တာရာစွမ်းအားမျှင် ၄၀၀၀ အထိသာ သုံးနိုင်သေးသည်။

"တောင့်ခံထားစမ်း"

လင်းဖုန်း သူ့နောက်ဘက်မှ လေတိုးသံကို ကြားလိုက်ရသည်။ ပတ်ဝန်းကျင်မှ အန္တရာယ်အငွေ့အသက်တစ်ခု သူ့နှလုံးသားထဲအထိ စိမ့်ဝင်လာသည်။ ထိုအန္တရာယ်မှာ သင်းခွေချပ်နတ်ဆိုးကြီး၏ တိုက်ခိုက်မှုမှလွဲ၍ အခြားမဟုတ်ပေ။ သူ ဤတိုက်ခိုက်မှုကို မည်သည့်နည်းနှင့်ဖြစ်စေ တောင့်ခံရမည်ကို ကောင်းကောင်းသိပေသည်။ မဟုတ်ပါက ယခင်တစ်ကြိမ်ကကဲ့သို့ အထိနာသွားနိုင်သလို ယခုထက်ပင် ပိုမိုအန္တရာယ်များသော အခြေအနေသို့ ရောက်သွားနိုင်သည်။

'အကာအကွယ်ချပ်ဝတ်'

'ကျောက်ဖြစ်စေခြင်း'

'လက်ကျန်ကြယ်တာရာစွမ်းအားမျှင် ၄၀၀၀'

လင်းဖုန်း အသင့်ပြင်လိုက်သည်။ သူ ဤတိုက်ခိုက်မှုကို မည်သို့ပင်ဖြစ်စေ ကြံ့ကြံ့ခံရပေမည်။

ဘုန်း...

သင်းခွေချပ်နတ်ဆိုးကြီး၏ အမြီးသည် လင်းဖုန်းအား ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တော့သည်။ ထိုရိုက်ချက်၏ ခွန်အား မည်မျှထိပင် ကြောက်စရာကောင်းလိုက်ပါသနည်း။ လင်းဖုန်း၏ ကျောက်ဖြစ်စေခြင်းအစွမ်းသည် အလွန်အစွမ်းထက်သည် ဆိုသော်လည်း ထိုတိုက်ခိုက်မှုကို အပြည့်အဝ ခုခံနိုင်ရန် မလုံလောက်သေးပေ။

မီးခိုးရောင် ကျောက်သားအလင်းမှာ ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားပြီး အကာအကွယ်ချပ်ဝတ်ပေါ်တွင် အက်ကြောင်းများ ပေါ်လာသည်။ သို့သော် လင်းဖုန်း၏ ကာကွယ်ရေးစွမ်းရည်နှစ်ခုကြောင့် ထိုနတ်ဆိုးကြီး၏ ခွန်အားအနည်းဆုံး ထက်ဝက်ခန့်ကို ခုခံနိုင်ခဲ့သည်။

ကျန်ရှိနေသော ထက်ဝက်ခန့် ခွန်အားမှာလည်း အလွန်ပင် ကြောက်စရာကောင်းနေဆဲ ဖြစ်ပေသည်။ သို့သော်လည်း လင်းဖုန်းတွင် ကြယ်တာရာစွမ်းအားမျှင် ၄၀၀၀ ကျန်ရှိနေသေးသည်။ သို့စေကာမူ ထိုခွန်အားမှာ တားဆီး၍မရနိုင်လောက်အောင်ပင် ပြင်းထန်လှသည်။

လင်းဖုန်း၏ လက်ကျန်ကြယ်တာရာစွမ်းအား ၄၀၀၀ မှာ မျက်စိတစ်မှိတ်အတွင်း လုံးဝကုန်ဆုံးသွားသည်။ သို့သော်လည်း ထိုရိုက်ခတ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်ကိုသာ ခုခံကာကွယ်ပေးနိုင်ခဲ့သည်။

ကျန်ရှိနေသေးသော အရှိန်သည်ပင် လင်းဖုန်းအတွက် အလွန်ပင် ဆိုးဆိုးရွားရွား ထိခိုက်စေသည်။ ကံကောင်းသည်မှာ လင်းဖုန်း၏ ရုပ်ခန္ဓာသည် အလွန်ပင် ကြံ့ခိုင်နေပေသည်။ ထို့ကြောင့် သူသည် အမြီးဖြင့် ရိုက်ထုတ်ခံရပြီး လွင့်ထွက်သွားရုံသာ ရှိခဲ့သည်။ သူ့တစ်ကိုယ်လုံးရှိ အရိုးများ အနည်းငယ် ကွဲအက်သွားသော်လည်း သူ မသေဆုံးခဲ့ပေ။

ထို့ပြင် မသေနိုင်သော အစွမ်းသတ္တိကလည်း လင်းဖုန်း၏ ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနေသည်။ ယခင်တစ်ခေါက်က သနားစရာအခြေအနေနှင့် နှိုင်းယှဉ်လျှင် ယခုတစ်ကြိမ်တွင် သူ၌ ကျောက်ဖြစ်စေခြင်းအစွမ်းရှိလာသလို သူ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာလည်း များစွာ တိုးတက်လာခဲ့သည်။ ထို့ပြင် ကြယ်တာရာစွမ်းအား အမြောက်အမြားလည်း ရှိနေခဲ့သည်။ ထို့ကြောင့် လင်းဖုန်း ထိုနတ်ဆိုးကြီး၏ တိုက်ခိုက်မှုကြောင့် အသက်မဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

"ငါ တောင့်ခံနိုင်ခဲ့ပြီ... တကယ်ပဲ တောင့်ခံနိုင်ခဲ့တာပဲ"

လင်းဖုန်း အလွန်စိတ်လှုပ်ရှားသွားသည်။ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သော်လည်း အင်္ဂါအစိတ်အပိုင်းတစ်ခုမျှ ဆုံးရှုံးမသွားခဲ့ပေ။ မသေနိုင်သော အစွမ်းသတ္တိ၏ အစွမ်းထက်လှသော ပြန်လည်ရှင်သန်နိုင်စွမ်းကြောင့် သူ့အတွက် ဤမျှဒဏ်ရာအသေးစားလေးမှာ ဘာမှမဟုတ်ပေ။

လင်းဖုန်းသည် သင်းခွေချပ်နတ်ဆိုးကြီး၏ အမြီးရိုက်ချက်ကြောင့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။ သို့သော်လည်း အဆိုးထဲကအကောင်းဟု ဆိုရမည်ပင်။ ထိုရိုက်ချက်ကြောင့် သူ သတ္တုတံခါးနှင့် ပိုမိုနီးကပ်သွားသည်။ သင်းခွေချပ်နတ်ဆိုးကြီးသည် ဒေါသတကြီး ဟိန်းဟောက်ကာ လင်းဖုန်းထံသို့ ထပ်မံပြေးဝင်လာသည်။ ထိုအချိန်တွင် လင်းဖုန်း၏ ဒဏ်ရာများမှာ အတော်လေး ပြန်လည်ကောင်းမွန်နေပြီဖြစ်ရာ သူ အနည်းငယ် လှုပ်ရှားနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

"သွားမယ်"

လင်းဖုန်း တွန့်ဆုတ်မနေဘဲ ချက်ချင်း ထရပ်ကာ နောက်သို့ ဆုတ်လိုက်ပြီး သတ္တုတံခါးဆီသို့ အမြန်ဆုံး ဝင်ရောက်လိုက်သည်။ တံခါးအတွင်းပိုင်းသည် အဆုံးမဲ့ အမှောင်ထုဖြင့်သာ အပြည့်အဝ ဖုံးလွှမ်းနေပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ ခပ်ဝါးဝါး ထွက်ပေါ်နေသည်။

သို့သော် လက်ရှိအခြေအနေတွင် လင်းဖုန်း၌ အခြားရွေးချယ်စရာ မရှိပေ။ ထို့ပြင် သူ၏ လက်မောင်းပေါ်ရှိ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှာလည်း ပိုမို ပြင်းထန်စွာ တုန်ခါလာနေသည်။ သူသည် အံကိုတင်းတင်းကြိတ်ကာ ထိုသတ္တုဂိတ်တံခါးကြီးအတွင်းသို့ ချက်ချင်း တိုးဝင်သွားတော့သည်။

သင်းခွေချပ်နတ်ဆိုးကြီးမှာ ခေါင်းမော့၍ မာန်ဖီဟိန်းဟောက်လိုက်သည်။ သားရဲကြီးသည် တံခါးအပြင်ဘက်တွင်သာ ဒေါသတကြီးဖြင့် ကျန်ရစ်ခဲ့သည်။ ဧရာမဂိတ်တံခါးကြီးရှေ့တွင် ရှိနေသော်လည်း သင်းခွေချပ်နတ်ဆိုးကြီးသည် လင်းဖုန်းနောက်မှ ချက်ချင်း လိုက်မဝင်လာပေ။ တစ်ခုခုကို တွန့်ဆုတ်နေပုံရသည်။

"သူ အထဲကို လိုက်မလာရဲဘူးလား"

လင်းဖုန်း သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ သတ္တုဂိတ်တံခါးအတွင်းသို့ ရောက်နေသော်လည်း အပြင်ဘက်ရှိ သင်းခွေချပ်နတ်ဆိုးကြီးကို ဝေဝေဝါးဝါး မြင်နေရဆဲ ဖြစ်သည်။ ထိုနတ်ဆိုးကြီးမှာ ရှေ့နောက်လျှောက်ရင်း အလွန့်အလွန်ပင် စိတ်တိုနေပုံရသည်။ နတ်ဆိုးကြီးသည် အထဲသို့ အလွန်ဝင်ချင်ပုံရသော်လည်း တစ်ခုခုကို ကြောက်ရွံ့နေသကဲ့သို့ပင်။

နောက်ဆုံးတွင် ထိုနတ်ဆိုးကြီး ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။ နတ်ဆိုးကြီးသည် လင်းဖုန်းကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ လျင်မြန်စွာ ကျုံ့ဝင်သွားသည်။

"ခန္ဓာကိုယ်ကို ကျုံ့လို့ရတာလား"

လင်းဖုန်း မျက်လုံး ပြူးသွားသည်။ မူလက သတ္တုဂိတ်တံခါးမှာ သိပ်မကြီးသဖြင့် သင်းခွေချပ်နတ်ဆိုးကြီး၏ ခန္ဓာကိုယ်နှင့်ဆိုလျှင် တိုးဝင်ရန် မဖြစ်နိုင်ပေ။ သို့သော် ယခုအခါ ထိုနတ်ဆိုးကြီး၏ ခန္ဓာကိုယ်မှာ သိသိသာသာ သေးငယ်သွားသဖြင့် တံခါးအတွင်းသို့ ဝင်ရန်မှာ အလွန်ပင် လွယ်ကူသွားသည်။

နတ်ဆိုးကြီး ခန္ဓာကိုယ် ကျုံ့လိုက်သည်ကို မြင်သောအခါ အထဲသို့ ဝင်လာတော့မည်ဖြစ်ကြောင်း လင်းဖုန်း သိလိုက်သည်။ ထို့ကြောင့် သူသည် တွန့်ဆုတ်မနေဘဲ နောက်သို့ လှည့်ကာ တဟုတ်ထိုး ဆက်လက်ပြေးထွက်သွားတော့သည်။

ဤသည်မှာ နောက်စရာ မဟုတ်ပေ။ အကယ်၍ ထိုနတ်ဆိုးကြီးသာ သူ့ကို မိသွားပါက သူ သေချာပေါက် သေဆုံးရပေလိမ့်မည်။ လင်းဖုန်းတွင် ကြယ်တာရာစွမ်းအားအားလုံး ကုန်ဆုံးနေပြီဖြစ်ရာ ထိုအစွမ်းထက်လှသော နတ်ဆိုးကြီးကို မည်သို့ ခုခံနိုင်ပါမည်နည်း။

ရွှစ်...

လင်းဖုန်းသည် အလွန်လျှင်မြန်သည် ဆိုသော်လည်း သင်းခွေချပ်နတ်ဆိုးကြီးမှာလည်း မနှေးလှပေ။ နတ်ဆိုးကြီးသည် လင်းဖုန်းကို မျက်ခြေမပြတ် စိုက်ကြည့်ကာ နောက်မှ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်နေသည်။ ဂိတ်တံခါးကို ဖြတ်ကျော်ပြီးသည်နှင့် မူလခန္ဓာကိုယ် အရွယ်အစားသို့ ပြန်ပြောင်းကာ လင်းဖုန်းနောက်သို့ အသည်းအသန် လိုက်တော့သည်။

လျှို့ဝှက်ဆန်းကြယ်သော သတ္တုဂိတ်တံခါးကြီး၏ နောက်ကွယ်တွင် မျက်စိတစ်ဆုံး ကျယ်ဝန်းလှသော နေရာလွတ်တစ်ခု ရှိနေသည်။ ပတ်ဝန်းကျင်မှာ အေးစိမ့်နေပြီး မြူများဖြင့် မှိုင်းညို့အုပ်ဆိုင်းနေသည်။ ထို့ပြင် အလွန်ပင် မှောင်မိုက်လှသည်။ သာမန်အားဖြင့်ဆိုလျှင် လင်းဖုန်းသည် ဤနေရာသို့ မဆင်မခြင် ဝင်ရောက်ဝံ့မည် မဟုတ်ပေ။

သို့သော် သူ့နောက်တွင် ဒေါသတကြီး လိုက်နေသော ဧရာမ သင်းခွေချပ်နတ်ဆိုးကြီး ရှိနေသဖြင့် သူ မပြေးလျှင် သေရုံသာ ရှိတော့သည်။ ထို့ကြောင့် လင်းဖုန်းသည် တတ်နိုင်သမျှ ရှေ့သို့သာ အစွမ်းကုန် ပြေးလွှားနေရတော့သည်။

လင်းဖုန်းနှင့် သင်းခွေချပ်နတ်ဆိုးသားရဲကြီးတို့ ပြေးတမ်းလိုက်တမ်း ကစားနေကြစဉ် လင်းဖုန်း၏ လက်မောင်းပေါ်ရှိ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာသည် ရုတ်တရက် အနီရောင်အလင်းများ ထွက်ပေါ်လာလေသည်။ ထိုအလင်းရောင်မှာ ယခုကဲ့သို့ မှောင်မိုက်သော ပတ်ဝန်းကျင်တွင် အလွန်ပင် ထင်ရှားလွန်းလှသည်။

ရုတ်တရက် လင်းဖုန်း၏ လက်မောင်းပေါ်ရှိ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာသည် တောက်ပသော အနီရောင်အလင်းများ ထွက်ပေါ်လာပြီး လင်းဖုန်း၏ လက်မောင်းမှ ခွာကာ လေထဲတွင် လွင့်မျောသွားသည်။ ထိုကိရိယာသည် အနီရောင် အလင်းတန်းတစ်ခုကို ရှေ့သို့ ရုတ်တရက် ပစ်လွှတ်လိုက်သည်။

"ဟမ်... အဲဒါ ဘာကြီးလဲ"

မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှ ထွက်ပေါ်လာသော အနီရောင်အလင်းတန်းနောက်သို့ လိုက်ကြည့်လိုက်သောအခါ လင်းဖုန်းသည် အနက်ရောင် ရုပ်တုတစ်ခုကို တွေ့လိုက်ရသည်။ ယင်းမှာ ကြေးရုပ်တုတစ်ခုနှင့် တူပြီး ဤကဲ့သို့ နေရာမျိုးတွင် ရှိနေသည်မှာ အလွန်ပင် ထူးဆန်းလှပေသည်။

All Chapters