← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 15 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 15 Ch. 177-178

အခန်း (၁၇၇) - အာကာသယာဉ်

ဘာသာပြန် - အားသစ်

“ကြေးရုပ်တုလား”

လင်းဖုန်း အနီးကပ်သွားကြည့်လိုက်သောအခါ ထိုရုပ်တုမှာ သိပ်မကြီးမားလှကြောင်း တွေ့လိုက်ရသည်။ ယင်းမှာ ကြေးရုပ်တုနှင့် ဆင်တူသော်လည်း အသုံးပြုထားသော ပစ္စည်းမှာမူ အမျိုးအမည်မသိသော သတ္တုတစ်မျိုးနှင့် ပိုတူပေသည်။ အလွန်ပင် ထူးဆန်းလှပေ၏။

ဒီနေရာက ဘယ်နေရာလဲ။ ဘာဖြစ်လို့ ဒီမှာရုပ်တုတစ်ခု ရှိနေရတာလဲ။

ထို့ပြင် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှ ထွက်ပေါ်လာသော အနီရောင်အလင်းတန်းမှာ ထိုရုပ်တုကို တည့်တည့်ညွှန်ပြထားခြင်း ဖြစ်သည်။ ဤရုပ်တုသည်ပင် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ ပင်မစနစ် ဖြစ်နေနိုင်သလော။

လင်းဖုန်း ထိုရုပ်တုကို အသေးစိတ်လေ့လာရန် ပြင်လိုက်စဉ်မှာပင် နောက်ဘက်ဆီမှ ဧရာမသင်းခွေချပ်နတ်ဆိုးကြီးမှာ ထပ်မံလိုက်ပါလာခဲ့ပြီ ဖြစ်သည်။

ဝုန်း... ဝုန်း...

သင်းခွေချပ်နတ်ဆိုးကြီးသည် အလွန်တရာ ကြီးမားလှသဖြင့် ၎င်း၏ ခြေလှမ်းတိုင်းမှာ အလွန်ပင် လေးလံလှသည်။ သို့သော် ထူးဆန်းသည်မှာ ထိုနတ်ဆိုးကြီး မြေပြင်ပေါ်သို့ နင်းလိုက်သည့်အခါ ထွက်ပေါ်လာသော အသံမှာ မြေပြင်ကို နင်းသည့်အသံမျိုး မဟုတ်ဘဲ သတ္တုချင်း ထိတွေ့မိသည့် အသံမျိုး ဖြစ်နေခြင်းပင်။

"မြေပြင်က မြေကြီးမဟုတ်ဘူးပဲ... သတ္တုတွေလား"

ထိုအခါမှသာ လင်းဖုန်း သတိထားမိတော့သည်။ မြေပြင်ပေါ်တွင် ဖုန်မှုန့်နှင့် မြေကြီးအလွှာ အနည်းငယ်သာ ရှိနေခြင်းဖြစ်ပြီး အောက်ဘက်တွင်မူ နက်မှောင်သော သတ္တုသားများ ရှိနေသည်။

လျှို့ဝှက်ဆန်းကြယ်သော သတ္တုဂိတ်တံခါးကြီးနှင့် ဆက်စပ်ကြည့်လျှင် ဤနေရာမှာ မြေအောက်ခံတပ်တစ်ခု ဖြစ်နိုင်သလော။ သို့သော် ဤနေရာတစ်ဝိုက်တွင် မြေအောက်ခံတပ် ရှိသည်ဟု သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။ တောင်ပိုင်းတောင်တန်းမြို့တော်သည် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ကမှ လူသားများ စတင်အခြေချခဲ့သော မြို့သစ်တစ်ခုသာ ဖြစ်သည်။ ယခင်က ဤဒေသတွင် လူသားတို့၏ လှုပ်ရှားမှု လုံးဝမရှိခဲ့ပေ။

သို့သော် လင်းဖုန်းတွင် ထိုအကြောင်းများကို စဉ်းစားတွေတောနေရန် အချိန်မရှိပေ။ သင်းခွေချပ်နတ်ဆိုးကြီးမှာ တစ်လှမ်းချင်း အနီးသို့ ရောက်ရှိလာပြီ ဖြစ်သည်။ နတ်ဆိုးကြီး၏ အငြိုးအတေးကြီးစွာ စိုက်ကြည့်နေသော မျက်ဝန်းများမှာ လင်းဖုန်းထံသို့သာ အာရုံရောက်နေသည်။ တောင်ငယ်တစ်လုံးအလား ကြီးမားလှသော ခန္ဓာကိုယ်ကြီးက အသက်ရှူရကျပ်စေသော ဖိအားများကို ထုတ်လွှတ်နေသည်။

လက်ရှိ လင်းဖုန်းအနေဖြင့် နတ်ဆိုးစစ်သူကြီးတစ်ကောင်ကို အနိုင်ရနိုင်ချေ လုံးဝမရှိပေ။ သူ၏ ကြယ်တာရာစွမ်းအားမှာ ကန့်သတ်ချက်ကို ထပ်မံချိုးဖျက်နိုင်ခဲ့လျှင်ပင် ပဉ္စမမြောက် သားရဲမျိုးရိုးဗီဇကို ပေါင်းစပ်နိုင်ခဲ့လျှင်ပင် အသုံးမဝင်သေးပေ။

နှစ်ဖက်စလုံးကြားတွင် အရည်အသွေးပိုင်းဆိုင်ရာ ခြားနားချက်မှာ အလွန်ပင် ကြီးမားလှသည်။ ဤကွာဟချက်ကို ဖြည့်ဆည်းရန်မှာ မဖြစ်နိုင်သလောက်ပင်။ အထူးသဖြင့် ယခုလောလောဆယ်တွင် လင်းဖုန်း၌ ကြယ်တာရာစွမ်းအား လုံးဝ ကုန်ဆုံးနေသဖြင့် ပိုမို အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိနေသည်။

လင်းဖုန်းသည် ရုပ်တု၏ အနောက်ဘက်သို့ ပတ်သွားလိုက်ရင်း လေထဲတွင် လွင့်မျောနေသော မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို လှမ်းကြည့်လိုက်သည်။ ပတ်ဝန်းကျင်မှာ အမှောင်အတိဖြစ်နေသဖြင့် လင်းဖုန်း အနည်းငယ် မြင်နိုင်သော်လည်း လှုပ်ရှားရသည်မှာ အဆင်မပြေလှပေ။

ထို့ပြင် သူ၏ ဘေးပတ်ပတ်လည်တွင်လည်း လိုဏ်ခေါင်းများ မရှိတော့ဘဲ အမှောင်အတိပြီးသော ဟာလာဟင်းလင်းပြင်ကြီးသာ ဖြစ်နေသည်။ ထို့ကြောင့် သူ ထွက်ပေါက်ပိတ်နေသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဝူး...

ရုတ်တရက် လေထဲတွင် လွင့်မျောနေသော မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှ အနီရောင်အလင်းများ ထပ်မံ ထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ထိုရုပ်တုပေါ်တွင် အက်ကြောင်းလေးများ စတင်ပေါ်လာခဲ့သည်။ အက်ကြောင်းများမှာ တစ်ခုပြီးတစ်ခု တိုးပွားလာပြီး ရုပ်တု၏ အပြင်ဘက်အလွှာမှာ အခွံနွှာသကဲ့သို့ ကွာကျလာတော့သည်။

လင်းဖုန်း အလျင်အမြန် နောက်သို့ ဆုတ်လိုက်သည်။ ရုပ်တု၏ အပြင်ဘက်အလွှာများ ကွာကျသွားသောအခါ ထိုရုပ်တုမှာ လူသားနှင့်တူသော သတ္တဝါတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ လူသားနှင့်တူသည်ဟု ပြောရခြင်းမှာ ယင်းသတ္တဝါ၏ ခန္ဓာကိုယ်မှာ နက်မှောင်နေပြီး သတ္တုရောင်များ တောက်ပနေသောကြောင့်ပင်။ ၎င်း၏ မျက်လုံးများမှာလည်း လျှပ်စစ်ပစ္စည်းများဖြင့် ပြုလုပ်ထားသကဲ့သို့ ထူးဆန်းနေသည်။

"စက်ရုပ်လား"

လင်းဖုန်း ချက်ချင်းပင် စက်ရုပ်များကို ပြေးမြင်လိုက်မိသည်။ လက်ရှိ လူသားမျိုးနွယ်တွင်လည်း စက်ရုပ်များကို စတင်တီထွင်နေကြပြီဖြစ်သော်လည်း ၎င်းတို့မှာ တိုက်ခိုက်နိုင်စွမ်း မရှိသေးပေ။ သာမန်ကိစ္စရပ်အချို့ကိုသာ ဆောင်ရွက်နိုင်ကြသေးသည်။

ရွှစ်...

ထိုစက်ရုပ် လက်ကို ဝှေ့ယမ်းလိုက်သောအခါ လေထဲရှိ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှာ ၎င်း၏ လက်ထဲသို့ ပျံဝင်သွားသည်။ ထို့နောက် စက်ရုပ်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ ထိုစက်ရုပ်သည် လင်းဖုန်းနှင့် ဧရာမသင်းခွေချပ်နတ်ဆိုးကြီးကို စကင်ဖတ်သကဲ့သို့ တစ်ချက် ကြည့်လိုက်သည်။

"အောက်တန်းစား သက်ရှိတစ်ကောင်က ဒီနေရာကို ကျူးကျော်ဝင်ရောက်ရဲတယ်လား... အစောင့်အရှောက်က ဘယ်မှာလဲ"

"အော်... အစောင့်အရှောက်က ဒီအသိဉာဏ်မဲ့တဲ့ အောက်တန်းစားသက်ရှိလက်ထဲမှာ အသတ်ခံလိုက်ရတာကိုး။ ငါ ဘယ်လောက်ကြာအောင် အိပ်ပျော်နေခဲ့တာလဲ... ဘာလို့ အစောင့်အရှောက်က ဒီလောက်တောင် အားနည်းသွားရတာလဲ"

"ဘာ... ငါ နှစ်ပေါင်းများစွာ ကြာအောင် အိပ်ပျော်နေခဲ့တာလား။ အစောင့်အရှောက် အားနည်းသွားတာ မဆန်းပါဘူး။ သူက အစောင့်အရှောက်ရဲ့ မျိုးဆက်ပဲကိုး..."

"ထားလိုက်ပါတော့... မင်းက အစောင့်အရှောက်ရဲ့ မျိုးဆက်ကို သတ်ခဲ့တာဆိုတော့ မင်းပဲ ယာယီအစောင့်အရှောက် လုပ်ရလိမ့်မယ်"

ထိုစက်ရုပ်မှာ သူ့ဘာသာသူ စကားပြောနေသကဲ့သို့ ရှိသော်လည်း ဧရာမသင်းခွေချပ်နတ်ဆိုးကြီးမှာမူ အလွန်ပင် ထိတ်လန့်နေပုံရသည်။ နတ်ဆိုးကြီးသည် စူးရှကျယ်လောင်စွာ ဟိန်းဟောက်နေသော်လည်း ထိုစက်ရုပ်အနားသို့ တစ်လှမ်းမျှပင် တိုးမလာရဲပေ။

ဒွီ...

စက်ရုပ်၏ လက်ထဲမှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သင်းခွေချပ်နတ်ဆိုးကြီးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ မူလက ထိုနတ်ဆိုးကြီးသည် အစွမ်းကုန် ရုန်းကန်နေသော်လည်း အချိန်အနည်းငယ်ကြာလာသောအခါ ထိုအနီရောင်အလင်းအောက်တွင် တဖြည်းဖြည်း ငြိမ်ကျသွားသည်။ ထို့နောက် မြေပြင်ပေါ်တွင် ခြေသုပ်ပုဆိုး မြွေစွယ်ကျိုးနှယ် ဝပ်ဆင်းသွားပြီး ယဉ်ပါးသွားသော အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်အလား ဖြစ်သွားတော့သည်။

"ဒါ... ဒါက..."

ဤမြင်ကွင်းကို မြင်လိုက်ရသော လင်းဖုန်းမှာ အလွန်ပင် အံ့အားသင့်သွားရသည်။ ထိုစက်ရုပ်သည် နတ်ဘုရားနယ်ပယ် သိုင်းပညာရှင်တစ်ယောက်နှင့် ယှဉ်နိုင်သော သင်းခွေချပ်နတ်ဆိုးစစ်သူကြီးကို မျက်စိတစ်မှိတ်အတွင်း ထိန်းချုပ်လိုက်နိုင်ခြင်းပင်။ ယင်းမှာ မယုံနိုင်စရာ ကောင်းလှပေသည်။

"ကောင်းပြီ... အပြင်ထွက်ပြီး တံခါးကို စောင့်နေလိုက်။ မင်းရဲ့ လက်အောက်ငယ်သားတွေကိုလည်း ဒီနေရာကနေ ထွက်သွားခိုင်းလိုက်တော့"

စက်ရုပ်က လက်ကို ဝှေ့ယမ်းလိုက်သောအခါ သင်းခွေချပ်နတ်ဆိုးကြီးမှာ ချက်ချင်းပင် နောက်သို့ ဆုတ်သွားသည်။ ထိုနတ်ဆိုးကြီးသည် အထဲသို့ ရောက်နေသော အခြားသားရဲများကိုပါ ခေါ်ထုတ်သွားပြီး တံခါးဝတွင် ရိုသေစွာဖြင့် စောင့်ကြပ်နေတော့သည်။

ထိုမြင်ကွင်းက လင်းဖုန်း၏ စိတ်အစဉ်ကို အကြီးအကျယ် တုန်လှုပ်သွားစေသည်။

ထိုစက်ရုပ်က လင်းဖုန်းဘက်သို့ လှည့်လာသည်။ အမှောင်အတိပြီးသော ညနက်ထဲတွင် အနီရောင်မျက်လုံးတစ်စုံက လင်းဖုန်းကို စိုက်ကြည့်နေသည်။

"နောက်ဆုံးတော့ ငါ့ကို လာနှိုးတဲ့သူ ရှိလာပြီပဲ"

"လာနှိုးတာ ဟုတ်လား"

"ဒီမျိုးရိုးဗီဇပေါင်းစပ်ကိရိယာပဲ... မင်း ဒါကို ရရှိခဲ့လို့ ငါ့ကို နှိုးဖို့ ဒီနေရာကို ရောက်လာနိုင်တာ။ ငါ အချိန်တွေ အရမ်းကြာတဲ့ထိ စောင့်ခဲ့ရတယ်"

"ခင်ဗျား ဘာကို ဆိုလိုတာလဲ။ ဒီမျိုးရိုးဗီဇပေါင်းစပ်ကိရိယာက ခင်ဗျားပစ္စည်းလား။ ခင်ဗျားက တကယ်တော့ ဘယ်သူလဲ"

ထိုစက်ရုပ် အသုံးပြုနေသော ဘာသာစကားမှာ လူသားတို့၏ ဘာသာစကားဖြစ်ပြီး အလွန်ပင် ပီသနေသည်ကို လင်းဖုန်း သတိထားမိလိုက်သည်။ အကယ်၍ ထိုစက်ရုပ်၏ ရုပ်သွင်ကိုသာ ဖယ်ထားမည်ဆိုပါက တစ်ဖက်သူမှာ လူသားတစ်ဦးဖြစ်သည်ဟု ပြောလျှင်ပင် လင်းဖုန်း သံသယရှိမည် မဟုတ်ပေ။

"မလောပါနဲ့... မင်း ငါ့ကို နှိုးခဲ့တာဆိုတော့ ငါ မင်းကို အကုန်ပြောပြပါ့မယ်။ ငါ အိပ်ပျော်နေတာ အရမ်းကြာသွားပြီ... ဒီနေရာက တကယ့်ကို စက်ဆုပ်ဖို့ကောင်းတယ်... သည်းမခံနိုင်စရာပဲ"

ထိုသို့ပြောပြီးနောက် စက်ရုပ်၏ ခန္ဓာကိုယ်မှ အနီရောင်အလင်းများ ထွက်ပေါ်လာသည်။ ထို့နောက် မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး အရပ်မျက်နှာ အနှံ့မှ အလင်းတန်းများ ရုတ်တရက် ပေါ်လာကာ အမှောင်ထုကို မောင်းထုတ်လိုက်သဖြင့် ဤနေရာ၏ မူလပုံစံ ပေါ်ထွက်လာတော့သည်။

ထိုအခါမှသာ လင်းဖုန်းသည် ဤနေရာမှာ ကျယ်ဝန်းလှသော ခန်းမကြီးတစ်ခု ဖြစ်ကြောင်း သိလိုက်ရသည်။ ခန်းမ၏ နံရံများပေါ်တွင် အလင်းတန်းများ ထုတ်လွှတ်ပေးနေသော မီးချောင်းများ ရှိနေသည်။

တစ်ချိန်တည်းမှာပင် နံရံများထဲမှ အခန်းငယ်လေးများ ပွင့်လာပြီး စက်ရုပ်ငယ်လေးများ ထွက်လာကြသည်။ ထိုစက်ရုပ်ငယ်လေးများမှာ တစ်မီတာခန့်သာ မြင့်သော်လည်း အလွန်ပင် လျင်မြန်ကြသည်။ ၎င်းတို့သည် ကိရိယာမျိုးစုံကို အသုံးပြု၍ မြေပြင်ကို စတင် သန့်ရှင်းရေး လုပ်ကြတော့သည်။

လင်းဖုန်းမှာ အလွန်ပင် သတိထားနေရသည်။ သူသည် အနီရောင်မျက်လုံးနှင့် စက်ရုပ်ကိုသာ စိုက်ကြည့်နေမိသည်။ တစ်စုံတစ်ခုကြောင့် ထိုစက်ရုပ်မှာ လူသားတစ်ဦးနှင့် အလွန်တူနေပြီး သာမန် အသိဉာဏ်ရှိစက်ရုပ်များနှင့် လုံးဝ မတူကြောင်း သူ ခံစားနေရသည်။

မကြာမီမှာပင် အလုပ်ကြိုးစားသော စက်ရုပ်ငယ်လေးများမှာ ခန်းမတစ်ခုလုံးကို သန့်ရှင်းရေး လုပ်ပြီးသွားသည်။ ထိုအခါမှသာ လင်းဖုန်းသည် ဤနေရာမှာ မြေအောက်ခံတပ် မဟုတ်ဘဲ အာကာသယာဉ်ကြီးတစ်ခု ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဤသည်မှာ သူ တစ်ခါမျှ မမြင်ဖူးခဲ့သော ဧရာမ အာကာသယာဉ်ကြီးပင် ဖြစ်သည်။

သန့်ရှင်းသွားသော အာကာသယာဉ်ကြီးမှာ အလွန်ပင် ခမ်းနားထည်ဝါလှသည်။ ခန်းမကြီးတစ်ခုလုံးသည် ကျောက်စိမ်းကဲ့သို့ ပြောင်လက်နေပြီး အလင်းရောင်အောက်တွင် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်များထဲမှအတိုင်း ခမ်းနားထည်ဝါလှပေသည်။

လင်းဖုန်းသည် လူသားတို့၏ အာကာသယာဉ်များကို မြင်ဖူးသော်လည်း ယခုမြင်နေရသော ယာဉ်နှင့်ဆိုလျှင် ရွှံ့နှင့်ရွှေအလား များစွာ ကွာခြားလှသည်။ သန့်ရှင်းရေး စက်ရုပ်ငယ်လေးများဖြစ်စေ ဤလျှို့ဝှက်ဆန်းကြယ်သော စက်ရုပ်ကြီးဖြစ်စေ လက်ရှိ လူသားမျိုးနွယ်၏ နည်းပညာနှင့် မည်သို့မျှ မမီနိုင်သော အရာများပင် ဖြစ်သည်။

"ခင်ဗျားက ဘာလဲ... ဘာဖြစ်လို့ ဒီအာကာသယာဉ်ကြီးက မြေအောက်ထဲမှာ ရောက်နေတာလဲ"

လင်းဖုန်း ထိုအနီရောင်မျက်လုံးနှင့် စက်ရုပ်ကို ထပ်မံ မေးမြန်းလိုက်သည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၇၈) - လောင်ဘီသမ်

ဘာသာပြန် - အားသစ်

အနီရောင်မျက်လုံးနှင့် စက်ရုပ်က လင်းဖုန်းကို အရင် ထိုင်ရန် ပြောလိုက်သည်။ ထို့နောက် ၎င်း၏ မျက်လုံးထဲမှ အနီရောင်အလင်းများမှာ တစ်ခုခုကို စဉ်းစားနေသကဲ့သို့ တဖျတ်ဖျတ် လက်နေသည်။

"ပထမဆုံးအနေနဲ့... အခု လက်ရှိမှာ ဘယ်လို လူ့ယဉ်ကျေးမှုမျိုး ထွန်းကားနေလဲဆိုတာ ငါ ကြည့်ရဦးမယ်"

အနီရောင်မျက်လုံးနှင့် စက်ရုပ်က လက်ကို ဝှေ့ယမ်းလိုက်သောအခါ လင်းဖုန်း၏ ဆက်သွယ်ရေးစက်မှာ လေထဲသို့ ပျံတက်သွားပြီး ထိုစက်ရုပ်၏ လက်ထဲသို့ ရောက်ရှိသွားသည်။ လင်းဖုန်း ပါးစပ်ဟလိုက်သော်လည်း ဘာမှတော့ မပြောမိပေ။

ဤမျက်လုံးနီနှင့် စက်ရုပ်မှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။ ထိုစက်ရုပ်သည် ဧရာမ သင်းခွေချပ်နတ်ဆိုးကြီးကဲ့သို့ သန်မာထွားကြိုင်းခြင်း သို့မဟုတ် လွှမ်းမိုးကာ ဖိအားပေးနိုင်ခြင်း မရှိဟု ထင်ရသော်လည်း ထိုနတ်ဆိုးကြီးကို အလွယ်တကူ ထိန်းချုပ်နိုင်ခြင်းမှာ သာမန်နည်းလမ်းဖြင့် ဖြစ်နိုင်ရန် မဆိုထားဘိ တွေးကြည့်ရန်ပင် ခက်ခဲလှသည်။ ထို့ကြောင့် လင်းဖုန်းသည် အခြေအနေ အရမ်းမဆိုးမချင်း ရန်မစရန် ဆုံးဖြတ်ထားသည်။

စက်ရုပ်က ဆက်သွယ်ရေးစက်ကို အနီရောင်အလင်းဖြင့် လွှမ်းခြုံလိုက်ပြီး အလင်းမှာ တဖျတ်ဖျတ် လက်နေသည်။ တစ်မိနစ်ခန့် ကြာပြီးနောက် ထိုစက်ရုပ်က ဆက်သွယ်ရေးစက်ကို လင်းဖုန်းထံ ပြန်ပေးလိုက်သည်။

"ငါ ရှာတွေ့ပြီ။ ဒါက တကယ်တော့ နဝမမြောက် လူ့ယဉ်ကျေးမှုပဲ။ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ် ပြုလုပ်နိုင်တဲ့ အစွမ်းထက် သက်ရှိ ၉ ယောက်တောင် ပေါ်ထွန်းခဲ့တာပဲ။ ဟုတ်ပြီ... မင်းတို့က သူတို့ကို သူတော်စင်တွေလို့ ခေါ်ကြတာကိုး"

လင်းဖုန်း အလွန်တုန်လှုပ်သွားသည်။ ထိုစက်ရုပ်က သူ၏ ဆက်သွယ်ရေးစက်မှတစ်ဆင့် ကမ္ဘာ့အင်တာနက်ကွန်ရက်ထဲသို့ တစ်ခဏအတွင်း ဝင်ရောက်သွားခြင်းပေလော။ လူသားမျိုးနွယ်၏ အင်တာနက်ကွန်ရက်မှာ အလွန်ပင် တင်းကျပ်လှသည်။ ပိုင်ရှင်ကိုယ်တိုင်မှလွဲ၍ မည်သူမျှ ဝင်ရောက်၍ မရနိုင်ပေ။

သို့သော် ဤစက်ရုပ်မှာ နတ်ဘုရားနယ်ပယ်နှင့် ယှဉ်နိုင်သော နတ်ဆိုးတစ်ကောင်ကိုပင် ထိန်းချုပ်နိုင်သူဖြစ်ရာ ကွန်ရက်လျှို့ဝှက်နံပါတ်ကို ဖောက်ထွင်းရန်မှာ သူ့အတွက် အထွေအထူး ကိစ္စမဟုတ်ကြောင်း လင်းဖုန်း တွေးမိလိုက်သည်။

"နဝမမြောက် လူ့ယဉ်ကျေးမှုဆိုတာ ဘာကို ပြောတာလဲ"

ဤစက်ရုပ်မှာ သူ့အပေါ် ရန်လိုမှုမရှိကြောင်း ခံစားရသဖြင့် လင်းဖုန်းက စမ်းသပ်မေးမြန်းလိုက်သည်။

စက်ရုပ်က တိုက်ရိုက်ပင် ပြန်ဖြေသည်။

"နဝမမြောက် လူ့ယဉ်ကျေးမှုဆိုတာ နာမည်အတိုင်းပါပဲ... ဒီဂြိုဟ်ပေါ်မှာ လူ့ယဉ်ကျေးမှု ထွန်းကားလာတာ ၉ ကြိမ်မြောက် ရှိပြီလို့ ပြောတာ။ မင်းတို့ အခု ရှိနေတာက ၉ ကြိမ်မြောက် ယဉ်ကျေးမှုပေါ့"

"ဒါဆို... အရင်က တခြား လူ့ယဉ်ကျေးမှု ၈ ခု ရှိခဲ့ဖူးတာလား"

"ဒါပေါ့... မင်းတို့ မတိုင်ခင်က ယဉ်ကျေးမှု ၈ ခု ရှိခဲ့ဖူးတာ။ မင်းတို့ မသိဘူးလား။ အော်... ဟုတ်ပြီ၊ ငါ နားလည်သွားပြီ။ မင်းတို့ရဲ့ လက်ရှိ ယဉ်ကျေးမှုအဆင့်က နိမ့်လွန်းနေသေးတော့ အဆင့်မြင့်တဲ့ အရာတွေကို မသိတာ မဆန်းပါဘူး။ ဒါပေမဲ့ မင်းတို့ရဲ့ အထက်တန်းလွှာတွေကတော့ အရင်က ယဉ်ကျေးမှုတွေအကြောင်း သိကြပါတယ်။ ဥပမာ မင်းတို့ရဲ့ သူတော်စင် ၉ ပါးထဲက အတော်များများက ရှေးဟောင်းယဉ်ကျေးမှုတွေဆီကနေ အကျိုးအမြတ်တွေ ရရှိခဲ့ကြတာပဲ"

လင်းဖုန်း မှင်သက်သွားသည်။ လူသားထိပ်တန်းခေါင်းဆောင်များမှာ ရှေးဟောင်းယဉ်ကျေးမှုများအကြောင်း သိထားကြသည်ဆိုပါလား။

"မင်းတို့ရဲ့ လက်ရှိ ယဉ်ကျေးမှုကလည်း မဆိုးပါဘူး။ အသက်ဝိညာဉ် ၄ ကြိမ် အသွင်ပြောင်းလဲနိုင်တဲ့ သက်ရှိတွေတောင် ပေါ်ထွက်လာတာပဲ။ ဒါပေမဲ့ သူတို့က အရမ်း အားနည်းလွန်းပါသေးတယ်။ ကျင့်စဉ်စနစ်ကလည်း အရမ်းကို ရိုးစင်းလွန်းတယ်"

အနီရောင်မျက်လုံးနှင့် စက်ရုပ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။

"ခင်ဗျားက တကယ်တော့ ဘယ်သူလဲ။ ကျွန်တော့်ရဲ့ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို ဗဟိုပင်လယ်တက္ကသိုလ်မှာ ထားခဲ့တာ ခင်ဗျားလား"

လင်းဖုန်းက ထပ်မံ မေးမြန်းလိုက်သည်။

"ငါကတော့ မြင့်မြတ်လှတဲ့ စက်မှုသက်ရှိ 'လောင်ဘီသမ်' ပဲ။ ငါ မအိပ်စက်ခင်မှာ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ အမြောက်အမြားကို နေရာအနှံ့ ပစ်လွှတ်ခဲ့တယ်။ မင်းက မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို ရပြီးတော့ ဒီနေရာကို ရှာတွေ့ခဲ့တာဆိုတော့ တကယ်ကို ကံကောင်းတဲ့သူပဲ။ မင်းက ငါတို့ သခင်ကြီးရဲ့ ရွေးချယ်မှုအတွက် ပထမဆုံး လိုအပ်ချက်ကို ပြည့်မီသွားပြီ"

"စက်မှုသက်ရှိဆိုတာ... ဉာဏ်ရည်တု(AI) လိုမျိုးလား။ ပြီးတော့ ခင်ဗျားပြောတဲ့ သခင်ကြီးဆိုတာကရော ဘယ်သူလဲ"

ဤစက်ရုပ်တွင် ကြီးမားလှသော လျှို့ဝှက်ချက်များ ရှိနေမည်ကို လင်းဖုန်း ခံစားလိုက်ရသည်။

စက်ရုပ် လောင်ဘီသမ်က အေးစက်စက် ပြောလိုက်သည်။

"ငါက မြင့်မြတ်တဲ့ စက်မှုသက်ရှိပဲ... တကယ့် သက်ရှိစစ်စစ်ပေါ့။ မင်းတို့ရဲ့ အသိဉာဏ်မဲ့တဲ့ ပရိုဂရမ်တွေနဲ့ ငါ့ကို မနှိုင်းယှဉ်နဲ့။ မင်းမှာ မေးစရာတွေ အများကြီး ရှိနေပုံရတယ်။ ငါ့ရဲ့ အရင်းအမြစ်နဲ့ ငါ့မှာရှိတဲ့ ကြီးမားတဲ့ တာဝန်အကြောင်းကို ငါ အကျဉ်းချုပ် ရှင်းပြမယ်။ သေချာနားထောင်ပြီးရင် မင်း နားလည်သွားလိမ့်မယ်"

စက်ရုပ်၏ မျက်နှာတွင် မည်သည့်ခံစားချက်မျှ မပေါ်သော်လည်း သူ ဒေါသထွက်နေကြောင်း လင်းဖုန်း ခံစားလိုက်ရသည်။ သူသည် လူသားတို့၏ ဉာဏ်ရည်တုများနှင့် နှိုင်းယှဉ်ခံရသည်ကို အလွန်ပင် စက်ဆုပ်ရွံရှာနေပုံရသည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၈ ဘီလီယံလောက်က... မြင့်မြတ်လှတဲ့ သခင်ကြီး 'ဘီမွန်' ဟာ သူ စိတ်တိုင်းကျမယ့် တပည့်တစ်ယောက်ကို ရှာဖွေဖို့အတွက် စကြဝဠာအနှံ့ကို အာကာသယာဉ်ပေါင်း သောင်းနဲ့ချီပြီး စေလွှတ်ခဲ့တယ်"

"ငါက သခင်ကြီး ဘီမွန်ရဲ့ ရွေးချယ်မှုကို ခံခဲ့ရပြီး ဒီအာကာသယာဉ်နဲ့အတူ စကြဝဠာ အနက်ရှိုင်းဆုံးနေရာတွေဆီကို ပျံသန်းလာခဲ့တယ်။ ငါ နှစ်ပေါင်း သန်း ၃၀ ကြာအောင် စကြဝဠာထဲမှာ လွင့်မျောသွားလာနေခဲ့ပေမဲ့ ငါ့ကို စိတ်ကျေနပ်စေမယ့် သက်ရှိဂြိုဟ်တစ်လုံးမှ ရှာမတွေ့ခဲ့ဘူး။ နောက်ဆုံးမှာတော့ စွမ်းအင်တွေ ကုန်ခမ်းသွားပြီးတော့ ဒီယာဉ်က မင်းတို့ရဲ့ ဂြိုဟ်ပေါ်ကို လွင့်‌မျောလာခဲ့တာပဲ"

"မင်းတို့ရဲ့ ဂြိုဟ်က အရမ်းကို ထူးဆန်းတယ်။ အပြင်ဘက်မှာ အရမ်းအားကောင်းတဲ့ အကာအကွယ်အလွှာတစ်ခု ရှိနေတယ်။ မင်းတို့ကတော့ အဲဒါကို 'ကောင်းကင်မျက်နှာကျက်' လို့ ခေါ်ကြတာပေါ့။ အပြင်ဘက်ကနေ မင်းတို့ဂြိုဟ်ထဲကို ဝင်ဖို့ဆိုတာ အရမ်းခက်တယ်။ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ယောက်က မင်းတို့ကို ကာကွယ်ပေးဖို့အတွက် ဒါကို တည်ဆောက်ထားခဲ့ပုံရတယ်။ ငါ ဒီယာဉ်ပေါ်မှာ ကျန်ရှိသမျှ စွမ်းအားတွေအားလုံးကို အကုန်သုံးပြီးမှ ဒီဂြိုဟ်ထဲကို မနည်းဝင်ခဲ့ရတာ"

"ကံမကောင်းစွာနဲ့ပဲ... စွမ်းအင်တွေ ကုန်သွားတာကြောင့် ယာဉ်ကလည်း မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့တယ်။ ငါလည်း စွမ်းအင်မရှိတော့လို့ အိပ်စက်ခြင်းထဲကို ဝင်ခဲ့ရတယ်။ နောက်ပိုင်း ငါနိုးလာတဲ့အခါမှာတော့ ယာဉ်က မြေအောက်ထဲမှာ နစ်မြုပ်နေပြီ။ ငါ ဒီကိုလာတာက သခင်ကြီးအတွက် ထူးချွန်တဲ့ တပည့်တွေကို ရွေးချယ်ပေးဖို့ဆိုတဲ့ တာဝန်တစ်ခုနဲ့ လာခဲ့တာ။ တာဝန်ပြီးလို့ တစ်နေ့ ငါပြန်ရောက်သွားတဲ့အခါ သခင်ကြီးရဲ့ မျက်နှာသာပေးမှုကို ခံရပြီးတော့ ပိုပြီး အဆင့်မြင့်တဲ့ စက်မှုသက်ရှိ ဖြစ်လာလိမ့်မယ်"

"ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက... ငါ ထားခဲ့တဲ့ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာတွေကို အရင်က လူတွေ ရခဲ့ကြဖူးပေမဲ့ ဘယ်သူမှ အသက်ဝိညာဉ်အသွင်ပြောင်းလဲမှု လေးကြိမ်အထိ မရောက်နိုင်ခဲ့ကြဘူး။ သူတို့တွေက သခင်ကြီးရဲ့ အမွေအနှစ်ကို လက်ခံဖို့ အရည်အချင်း မပြည့်မီခဲ့ကြဘူး။ ငါ နှစ်ပေါင်းများစွာ စောင့်ဆိုင်းရင်း မျိုးရိုးဗီဇပေါင်းစပ်ကိရိယာတွေကို ထပ်ခါထပ်ခါ ပစ်လွှတ်ခဲ့တယ်။ တစ်နေ့နေ့မှာ အသက်ဝိညာဉ် လေးကြိမ် ပြောင်းလဲနိုင်တဲ့သူ ပေါ်လာပြီးတော့ မျိုးရိုးဗီဇကိရိယာရဲ့ လမ်းညွှန်မှုနဲ့ ဒီနေရာကို အမွေလာယူဖို့ ငါ မျှော်လင့်ခဲ့တာပဲ"

"ဒီလို စောင့်ဆိုင်းခဲ့တာ နှစ်ပေါင်း ၃ ဘီလီယံကျော် သွားခဲ့ပြီ... ဒါပေမဲ့ ဘယ်သူမှ ဒီနေရာကို ရှာမတွေ့ခဲ့ဘူး။ မင်းကတော့ တကယ်ကို ကံကောင်းတယ်။ မင်းက အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုတစ်ကြိမ်ပဲ ရှိသေးပေမဲ့ ဒီနေရာကို ကိုယ့်အစွမ်းနဲ့ကိုယ် ရှာတွေ့ခဲ့တယ်။ မင်းက သခင်ကြီးရဲ့ တကယ့်အမွေအနှစ်ကို လက်ခံဖို့ အရည်အချင်း မပြည့်မီသေးပေမဲ့ ငါ မင်းကို အခွင့်အရေးတစ်ခုတော့ ပေးလိုက်မယ်။ တကယ်လို့ မင်း တစ်နေ့နေ့မှာ အသက်ဝိညာဉ် လေးကြိမ်ပြောင်းလဲနိုင်ခဲ့ရင် ဒီနေရာကို ပြန်လာပြီး သခင်ကြီးရဲ့ အစစ်အမှန် အမွေအနှစ်ကို လက်ခံယူနိုင်တယ်"

စက်ရုပ် လောင်ဘီသမ် စကားကို ရပ်လိုက်ပြီး လင်းဖုန်း၏ မျက်နှာအမူအရာကို အသေအချာ လေ့လာနေသည်။

ထိုအချိန်တွင် လင်းဖုန်းမှာ အလွန်ပင် တုန်လှုပ်နေပြီး စိတ်ရှုပ်ထွေးနေမိသည်။

စကြဝဠာထဲတွင် တခြားသော သက်ရှိများ တကယ်ရှိနေပြီး ၎င်းတို့မှာ အလွန်ပင် အစွမ်းထက်ကြကြောင်း သိလိုက်ရသည်။ လောင်ဘီသမ်နှင့် ဤဧရာမ အာကာသယာဉ်ကြီးကို ကြည့်ရုံဖြင့်ပင် သိနိုင်ပေသည်။

ဤအာကာသယာဉ်ကြီးမှာ နှစ်ပေါင်း ၃ ဘီလီယံကျော် တည်ရှိနေခဲ့သည်မှာလည်း မယုံနိုင်စရာပင်။ အမှန်တကယ်တော့ ဤအရာအားလုံးမှာ ဒဏ္ဍာရီလာ ယုံတမ်းစကားတစ်ခုလို ဖြစ်နေသည်။

သူ၏ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှာ တကယ်တော့ လောင်ဘီသမ် ပစ်လွှတ်ခဲ့သော ရေတွက်၍မရနိုင်သည့် ပစ္စည်းလေးများထဲမှ တစ်ခုသာ ဖြစ်သည်။ အကယ်၍ သူသာ ဤနေရာကို တိုက်တိုက်ဆိုင်ဆိုင် ရှာမတွေ့ခဲ့ပါက ယခင်က မျိုးရိုးဗီဇကိရိယာ ရရှိခဲ့ဖူးသော အခြားသိုင်းသမားများကဲ့သို့ပင် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်း လေးကြိမ်မဖြတ်သန်းနိုင်ပါက ဤနေရာကို မည်သည့်အခါမျှ ရှာတွေ့မည်မဟုတ်ဘဲ မျိုးရိုးဗီဇကိရိယာ၏ အစစ်အမှန် လျှို့ဝှက်ချက်ကိုလည်း သိရမည် မဟုတ်ပေ။

"တခြားလူတွေလည်း မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို ရခဲ့ကြတာလား"

"ဒါပေါ့... အရင်က လူအတော်များများ ရခဲ့ကြဖူးတယ်။ အထူးသဖြင့် တတိယ၊ စတုတ္ထနဲ့ ပဉ္စမမြောက် ယဉ်ကျေးမှုတွေတုန်းက ရခဲ့ကြတဲ့သူတွေ ရှိတယ်။ သူတို့တွေအကုန်လုံး သူတို့ခေတ်မှာ ရာထူးကြီးတွေ ရခဲ့ကြပြီး အခွင့်ထူးခံတွေ ဖြစ်ခဲ့ကြတာ။ ဒါပေမဲ့ ကံမကောင်းတာက သူတို့ထဲက ဘယ်သူမှ အသက်ဝိညာဉ်ကို လေးကြိမ် မပြောင်းလဲနိုင်ခဲ့ကြဘူး။ ဒါကြောင့်မို့ သခင်ကြီးရဲ့ အမွေအနှစ်‌တွေကို ဆက်ခံဖို့ အရည်အချင်း မမီခဲ့ကြဘူးပေါ့"

"ဒါဆို... မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ ရှိနေရင်တောင် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်း လေးကြိမ် ဖြတ်သန်းဖို့က အရမ်းကို ခက်ခဲနေတုန်းပဲလား"

"အရမ်းရမ်းကို ခက်ခဲတာပေါ့။ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာဆိုတာ အထောက်အကူပစ္စည်းတစ်ခုသက်သက်ပဲ။ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုဆိုတာ ကိုယ့်ကိုယ်ကိုယ်ပေါ်မှာပဲ အပြည့်အဝ မူတည်တာလေ"

လင်းဖုန်း အနည်းငယ် စိတ်ပျက်သွားမိသည်။ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ ရှိနေသရွေ့ သူသည် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်း ၂ ကြိမ်၊ ၃ ကြိမ်မှသည် ၄ ကြိမ်အထိ လျင်မြန်စွာ ရောက်ရှိနိုင်မည်ဟု သူ တွေးထင်ထားခဲ့ခြင်း ဖြစ်သည်။

ယခုမှပင် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာမှာ သူ ထင်သလောက် အံ့ဩစရာ မဟုတ်ကြောင်း သူ နားလည်လိုက်တော့သည်။

All Chapters