← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 15 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 15 Ch. 179-180

အခန်း (၁၇၉) - စကြဝဠာအတွင်းရှိ လူ့ယဉ်ကျေးမှုများ

ဘာသာပြန် - အားသစ်

"ကံကောင်းတဲ့သူလေး... စိတ်မပျက်ပါနဲ့။ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာက မင်းရဲ့ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုအတွက် တိုက်ရိုက်မကူညီနိုင်ဘူးဆိုပေမဲ့ မင်း ဒီကို ရောက်လာတာကပဲ ကံကောင်းခြင်းတစ်ခုပါပဲ။ ငါ မင်းကို အခွင့်အရေးတချို့ ပေးပါ့မယ်"

"အခွင့်အရေးလား။ ဘာအခွင့်အရေးလဲ"

"သခင်ကြီးက မင်းတို့လို အဆင့်နိမ့်သက်ရှိတွေ အိပ်မက်တောင် မမက်ဖူးတဲ့ အရာတွေကို ရယူနိုင်ဖို့ ခွင့်ပြုထားတာတွေ ရှိပါတယ်။ အဲဒါတွေကို ပေးမှာပေါ့"

လင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့ စိတ်ထဲတွင် သပွတ်အူကဲ့သို့ ရှုပ်ထွေး‌ပွေလီနေသဖြင့် အတွေးများကို ပြန်လည်စုစည်းရန် ကြိုးစားလိုက်သည်။

အကျဉ်းချုပ်ပြောရလျှင် ဤစက်ရုပ် လောင်ဘီသမ်မှာ အမိန့်အရ ရောက်ရှိလာခြင်းဖြစ်ပြီး စကြဝဠာထဲတွင် အချိန်အတော်ကြာ လွင့်မျောပြီးနောက် ဤဂြိုဟ်ပေါ်သို့ ကျရောက်လာခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း ၃ ဘီလီယံကျော် ကြာသော်လည်း သင့်တော်သော ကိုယ်စားလှယ်လောင်းကို ရှာမတွေ့သေးပေ။

ယခုအခါတွင် လင်းဖုန်းမှာ ဤအာကာသယာဉ်ကို ရှာတွေ့ခဲ့သဖြင့် လောင်ဘီသမ်ထံမှ လက်ဆောင်တစ်ခုခု ရရှိနိုင်မည်ဟု ထင်ရသည်။ ဤသည်မှာ သူ၏ ကံကောင်းခြင်းပေလော။

"နေပါဦး... ခင်ဗျား ခဏခဏပြောနေတဲ့ အဆင့်နိမ့် သက်ရှိ ဆိုတာ ဘာကို ပြောတာလဲ"

လောင်းဘီသမ်က အဆင့်နိမ့်သက်ရှိဟု ထပ်ခါတလဲလဲ သုံးနှုန်းနေသည်ကို ကြားရသောအခါ လင်းဖုန်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသည်။ မည်သို့ပင်ဆိုစေ သူသည် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု တစ်ကြိမ်ပြုလုပ်ထားသော သာလွန်လူသားထိပ်တန်း ပညာရှင်တစ်ဦး မဟုတ်ပါလား။ သူက ဘယ်လိုလုပ် အဆင့်နိမ့် ဖြစ်နေရတာလဲ။

ထို့ပြင် ဤလောင်ဘီသမ်ဆိုသော စက်ရုပ်မှာလည်း ထိုမျှအထိ အဆင့်မြင့်လိမ့်မည်ဟု သူ မထင်ပေ။

လောင်ဘီသမ်က သူ၏ နှုတ်ခမ်းကို တွန့်လိုက်ပြီး ပြောလိုက်သည်။

"အဆင့်နိမ့် သက်ရှိဆိုတာ ဂြိုဟ်တွေပေါ်မှာပဲ နေထိုင်ပြီး စကြဝဠာထဲကို ထွက်နိုင်စွမ်းမရှိတဲ့ သက်ရှိတွေကို ပြောတာ။ အတိအကျ ပြောရရင် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ခြောက်ကြိမ်အောက် ရှိတဲ့ သက်ရှိအားလုံးက အဆင့်နိမ့်သက်ရှိတွေပဲ"

"အသွင်ပြောင်းလဲမှု ခြောက်ကြိမ် ဟုတ်လား"

လင်းဖုန်း အလွန်တရာ အံ့အားသင့်သွားသည်။ လက်ရှိ လူသားမျိုးနွယ်၏ သူတော်စင်များပင်လျှင် အသက်ဝိညာဉ်အသွင်းပြောင်းလဲမှု လေးကြိမ်သာ ပြုလုပ်ထားနိုင်သေးသည်။ ငါးကြိမ်မြောက် အသွင်ပြောင်းလဲမှု ရှိ၊ မရှိ ဆိုသည်ကပင် အငြင်းပွားဖွယ် ဖြစ်နေဆဲ ဖြစ်သည်။

သို့သော် လောင်ဘီသမ်၏ အဆိုအရ အသက်ဝိညာဉ်အသွင်ပြောင်းလဲမှု ခြောက်ကြိမ်အောက် သက်ရှိအားလုံးမှာ အဆင့်နိမ့်များ ဖြစ်သည်။ ဆိုလိုသည်မှာ သူတော်စင် ၉ ပါးစလုံးမှာလည်း အဆင့်နိမ့် သက်ရှိများ ဖြစ်နေကြသည် မဟုတ်ပါလား။ ဤသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

"ဟုတ်တယ်... အသွင်ပြောင်းလဲမှု ခြောက်ကြိမ်အောက် ရှိသူတွေအားလုံးက အဆင့်နိမ့် သက်ရှိတွေပဲ။ စကြဝဠာထဲမှာ သက်ရှိ နှစ်မျိုးပဲ ရှိတယ်။ တစ်မျိုးက အဆင့်နိမ့်သက်ရှိဖြစ်ပြီးတော့ နောက်တစ်မျိုးကတော့ အဆင့်မြင့်သက်ရှိ ဒါမှမဟုတ် စကြဝဠာ သက်ရှိလို့ ခေါ်တယ်။ အသွင်ပြောင်းလဲမှု ခြောက်ကြိမ် ပြည့်မြောက်ပြီး 'ဂြိုဟ်အဆင့်သက်ရှိ' ဖြစ်လာမှသာ စကြဝဠာသက်ရှိ ဒါမှမဟုတ် အဆင့်မြင့်သက်ရှိလို့ သတ်မှတ်တာ" လောင်းဘီသမ်က ဂုဏ်ယူစွာ ပြောလိုက်သည်။

"ဒါဆို ခင်ဗျားကရော အဆင့်မြင့်သက်ရှိလား" လင်းဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

လောင်ဘီသမ်က ခေါင်းခါလိုက်ပြီး အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေသည်။

"ငါက အဆင့်မြင့်သက်ရှိ မဟုတ်ပါဘူး။ ငါ့ရဲ့ ယဉ်ကျေးမှုက 'နည်းပညာ ယဉ်ကျေးမှု' ဖြစ်ပြီးတော့ ငါက အဲဒီထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုပဲ။ ငါရဲ့ မူလက 'စက်မှုယဉ်ကျေးမှု' က ဖြစ်တယ်။ ငါတို့ စက်မှုယဉ်ကျေးမှုက နည်းပညာလမ်းစဉ်ကို လိုက်တာ... မင်းတို့လို 'ကျင့်ကြံခြင်းယဉ်ကျေးမှု' နဲ့ မတူဘူး"

"နည်းပညာ ယဉ်ကျေးမှုက အဲဒီလောက် အစွမ်းထက်တာလား။ ကျင့်ကြံခြင်းယဉ်ကျေးမှုနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ"

လင်းဖုန်း၏ စိတ်ဝင်စားမှုမှာ ချက်ချင်း မြင့်တက်လာသည်။ အမှန်စင်စစ် လူသားလူ့အဖွဲ့အစည်းတွင်လည်း သိုင်းပညာနှင့် နည်းပညာ ဘယ်အရာက ပိုကောင်းသလဲဆိုသည်မှာ အမြဲတစေ အငြင်းပွားစရာ ဖြစ်ခဲ့သည်။ လူတချို့က နည်းပညာကို အားသွန်ခွန်စိုက် တိုးတက်အောင် လုပ်ဆောင်ရန် တိုက်တွန်းကြသည်။ လူတိုင်းသည် နည်းပညာ၏ အကျိုးကျေးဇူးများဖြစ်သော လေယာဉ်များ၊ သယ်ယူပို့ဆောင်ရေးကိရိယာများနှင့် အင်တာနက်ကွန်ရက်များကို ခံစားနေကြရသည်။

သိုင်းသမားတွေကရော... သားရဲတွေကို တိုက်ခိုက်တာကလွဲရင် ဘာကောင်းလို့လဲ...

ဤအငြင်းပွားမှုများမှာ အမြဲရှိနေခဲ့သည်။ အကယ်၍ ထိုကြမ်းကြုတ်သားရဲကြီးများက လူသားတို့၏ နည်းပညာလက်နက်များကို မကြောက်ကြသည်သာ မဟုတ်ပါက လူသားတို့သည် သိုင်းပညာထက် နည်းပညာကိုသာ ဟိုးအရင်ကတည်းက ရွေးချယ်ခဲ့ကြပေလိမ့်မည်။

လင်းဖုန်းမှာ သိုင်းသမားတစ်ဦး ဖြစ်သဖြင့် ဤအကြောင်းများကို ကြားဖူးနားဝ ရှိသည်။ ယခု လောင်ဘီသမ်နှင့် တွေ့ဆုံချိန်တွင် စကြဝဠာထဲ၌ နည်းပညာနှင့် ကျင့်ကြံခြင်း မည်သည့်အရာက ပိုမိုအစွမ်းထက်သလဲဆိုသည်ကို သူ သိလိုစိတ် ပြင်းပြနေသည်။

လောင်ဘီသမ်က ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။

"နှိုင်းယှဉ်ဖို့တော့ ခက်တယ်။ ဒီလိုမျိုး ကျယ်ပြောလှတဲ့ အဆုံးမဲ့စကြဝဠာကြီးထဲမှာ ယဉ်ကျေးမှုတွေကလည်း အများကြီးရှိပေမဲ့ ယေဘုယျအားဖြင့်တော့ ကျင့်ကြံခြင်းယဉ်ကျေးမှုနဲ့ နည်းပညာယဉ်ကျေးမှု ဆိုပြီးတော့ နှစ်ခုခွဲထားတယ်။ အခြေခံယဉ်ကျေးမှု အဆင့်တွေမှာတော့ နည်းပညာယဉ်ကျေးမှုက အသာစီးရတယ်။ ဒါပေမဲ့ သက်ရှိတွေက 'ဂြိုဟ်အဆင့်' ကို ရောက်သွားပြီဆိုရင်တော့ ကျင့်ကြံခြင်းယဉ်ကျေးမှုက တဖြည်းဖြည်း အသာစီး ရလာလိမ့်မယ်"

"ဒါပေမဲ့ ခြုံကြည့်မယ်ဆိုရင် အစောပိုင်းအဆင့်တွေမှာ နည်းပညာနဲ့ ကျင့်ကြံခြင်းက တန်းတူယှဉ်နိုင်ပါတယ်။ ဥပမာ ငါတို့ရဲ့ စက်မှုယဉ်ကျေးမှုဆိုရင် ဂြိုဟ်အဆင့်သက်ရှိတွေကို အလွယ်တကူ သတ်နိုင်တယ်။ ငါတို့ထက် ပိုအဆင့်မြင့်တဲ့ နည်းပညာယဉ်ကျေးမှုတွေမှာဆိုရင် ဂလက်ဆီအဆင့် သက်ရှိတွေကိုတောင် သတ်နိုင်တဲ့ လက်နက်တွေ ရှိတယ်"

"ဒါပေမဲ့ ကျင့်ကြံခြင်းယဉ်ကျေးမှုကနေ 'စကြဝဠာအဆင့်' သက်ရှိတစ်ဦး ပေါ်ထွက်လာဖို့ ဖြစ်နိုင်ပေမဲ့ နည်းပညာယဉ်ကျေးမှုမှာတော့ ဒါက မဖြစ်နိုင်သလောက်ပဲ။ ဒါကြောင့် စကြဝဠာထဲက အဆင့်မြင့် ယဉ်ကျေးမှုတွေမှာ နည်းပညာနဲ့ ကျင့်ကြံခြင်း အတူတူ ယှဉ်တွဲတည်ရှိနေကြတာ များတယ်"

လင်းဖုန်းက အနည်းငယ် စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ အမှန်ပင် ကျင့်ကြံခြင်းနှင့် နည်းပညာ အတူယှဉ်တွဲ တည်ရှိခြင်းမှာ အကောင်းဆုံး ဖြစ်ပေသည်။ လက်ရှိ လူသားတို့တွင်လည်း သိုင်းသမားများနှင့် နည်းပညာမှာ တစ်ခုနှင့်တစ်ခု အားပေးကူညီလျက် ရှိသည်။ နည်းပညာတိုးတက်မှုက သိုင်းသမားများကို ပိုမို အစွမ်းထက်လာစေသလို သိုင်းသမားများ၏ အစွမ်းထက်မှုကလည်း နည်းပညာဆိုင်ရာ သုတေသနများကို အထောက်အကူ ဖြစ်စေသည်။

"ဂြိုဟ်အဆင့် သက်ရှိ၊ ဂလက်ဆီအဆင့် သက်ရှိ ဆိုတာတွေက ဘာလဲ"

လောင်ဘီသမ်က စိတ်မရှည်ခြင်း မရှိဘဲ လင်းဖုန်းအား အသေးစိတ် ရှင်းပြသည်။

"အဲ့ဒါက စကြဝဠာထဲက လက်ရှိ ကျင့်ကြံခြင်းယဉ်ကျေးမှုတွေ သတ်မှတ်ထားတဲ့ စနစ်ပဲ။ ဂြိုဟ်အတွင်းပိုင်းက အဆင့်နိမ့် သက်ရှိတွေကနေ စတာပေါ့။ အသွင်ပြောင်းလဲမှု တစ်ကြိမ်ကနေ ငါးကြိမ်အထိကို အဆင့်နိမ့် သက်ရှိတွေလို့ သတ်မှတ်တယ်။ အဲဒီအထက်မှာ 'ဂြိုဟ်အဆင့် သက်ရှိ' တွေ ရှိတယ်။ သူတို့ကိုလည်း အဆင့်နိမ့်ဂြိုဟ်သက်ရှိ၊ အလယ်အလတ်ဂြိုဟ်သက်ရှိနဲ့ အဆင့်မြင့်ဂြိုဟ်သက်ရှိ ဆိုပြီး ထပ်ခွဲထားတယ်"

"ဂြိုဟ်အဆင့် သက်ရှိတွေရဲ့ အထက်မှာ 'ဂလက်ဆီအဆင့် သက်ရှိ' တွေ ရှိတယ်။ အဲဒီအထက်မှာတော့ ကြီးမြတ်လှတဲ့ 'စကြဝဠာအဆင့် သက်ရှိ' တွေ ရှိတယ်။ စကြဝဠာ သက်ရှိတိုင်းဟာ စကြဝဠာတစ်ခုလုံးရဲ့ အရှင်သခင်တွေပဲ။ များသောအားဖြင့် စကြဝဠာတစ်ခုမှာ စကြဝဠာ သက်ရှိတစ်ဦးတည်းသာ ပေါ်ထွက်လေ့ ရှိတယ်"

လင်းဖုန်း၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားသည်။

"အခြား စကြဝဠာတွေလည်း ရှိသေးတာလား"

လင်းဖုန်း၏ အမြင်တွင် စကြဝဠာတစ်ခုတည်းမှာပင် အဆုံးမဲ့လှသည်။ လက်ရှိ လူသားနည်းပညာဖြင့် ဂလက်ဆီ အနည်းငယ်ကိုသာ လေ့လာနိုင်သေးသည်။ ကျယ်ပြောလှသော စကြဝဠာကြီးနှင့် နှိုင်းယှဉ်လျှင် ဂလက်ဆီတစ်ခုမှာ သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်။

"ငါ သခင်ကြီးပြောတာ ကြားဖူးတာကတော့ ငါတို့ရှိနေတဲ့ စကြဝဠာကို 'ဘတ်မွန် စကြဝဠာ' လို့ ခေါ်တယ်။ အဲဒါက ကြီးမြတ်တဲ့ စကြဝဠာ သက်ရှိတစ်ဦးရဲ့ အမည်ကို အစွဲပြုထားတာ။ ငါတို့ စကြဝဠာ အပြင်ဘက်မှာ တခြား စကြဝဠာတွေ အများကြီး ရှိသေးတယ်။ ဒါတွေကို မင်း သိဖို့ မလိုသေးပါဘူး။ မင်းက ဂြိုဟ်တစ်ခုထဲကတောင် ထွက်မသွားနိုင်သေးတဲ့ အဆင့်နိမ့် သက်ရှိလေးတစ်ယောက်ပဲ"

လင်းဖုန်း နှုတ်ဆိတ်သွားခဲ့သည်။ မှန်ပေသည်။ ယနေ့တွင် သူ၏ အမြင်များမှာ အကြီးအကျယ် ကျယ်ပြန့်သွားခဲ့လေပြီ။ အကယ်၍ လောင်ဘီသမ်သာ လိမ်မပြောခဲ့လျှင် ဤကျယ်ပြောလှသော စကြဝဠာကြီးမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှပေမည်။ တစ်နေ့တွင် သူသည်လည်း ထိုကျယ်ပြောလှသော ကြယ်ရောင်စုံဟင်းလင်းပြင်ကြီးသို့ ခရီးလှည့်လည်နိုင်ရန် မျှော်လင့်မိသည်။

သို့သော် လောင်ဘီသမ်၏ အဆိုအရ သူသည် လက်ရှိတွင် အဆင့်နိမ့် သက်ရှိအဆင့်သာ ရှိသေးပြီး အဆင့်နိမ့်များထဲတွင်ပင် အနိမ့်ဆုံးအဆင့်၌သာ ရှိနေသေးသည်။

"ဒါနဲ့... မျိုးရိုးဗီဇပေါင်းစပ်ကိရိယာအပြင် ခင်ဗျား ကျွန်တော့်ကို ဘာတွေ ပေးနိုင်သေးလဲ"

လင်းဖုန်းမှာလည်း သိလိုစိတ် ပြင်းပြနေသည်။ မည်သို့ပင်ဖြစ်စေ လောင်ဘီသမ် ပေးအပ်မည့်အရာမှာ မဆိုးနိုင်ပေ။ သူသည် လက်ရှိတွင် အဆင့်နိမ့် သက်ရှိအဆင့်မှာသာ ရှိနေသော်လည်း စကြဝဠာအဆင့်ဆီသို့ပင် အရောက်လှမ်းနိုင်ရန် သူ တောင့်တမိသည်။ တစ်နေ့တွင် သူသည်လည်း ဤကျယ်ပြောလှသော အဆုံးမဲ့စကြဝဠာကြီးထဲသို့ လှည့်လည်သွားလာနိုင်သော အဆင့်မြင့် သက်ရှိတစ်ဦး ဖြစ်လာရမည်ဟု သူ ကြုံးဝါးလိုက်မိတော့သည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၈၀) - တိုက်ပွဲဝင်ခန္ဓာကိုယ်

ဘာသာပြန် - အားသစ်

"မင်းကိုပေးထားတဲ့ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာဆိုတာ မင်းကို အထောက်အကူပြုဖို့ သက်သက်ပဲ။ တကယ်တမ်းကျတော့ ဒီပစ္စည်းက ငါတို့ စက်မှုယဉ်ကျေးမှုက တီထွင်ထားတဲ့ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲရေး နည်းပညာတစ်ခုပဲ။ ဒါက ကြီးကျယ်တဲ့အရာ လုံးဝမဟုတ်ဘူး။ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ်အောက် ရှိတဲ့ အဆင့်နိမ့် သက်ရှိတွေအတွက်ပဲ အသုံးဝင်တာ။ အသွင်ပြောင်းလဲမှု လေးကြိမ် ကျော်သွားရင်တော့ ဒါက အခြေခံအားဖြင့် သိပ်အသုံးဝင်တော့မှာ မဟုတ်ဘူး"

"ငါ မင်းကို ပေးချင်တာက တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်နဲ့ စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ပဲ။ မင်းတို့ နဝမမြောက် ယဉ်ကျေးမှုရဲ့ ကျင့်စဉ်စနစ်က တကယ့်ကို ရိုးစင်းပြီး အကြမ်းထည်ဆနိလွန်းတယ်။ မင်းတို့ဆီမှာ တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ် မရှိတာ ငါ မအံ့ဩပါဘူး။ ဒါပေမဲ့ မင်းတို့ဆီမှာ စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်နဲ့ ဆင်တူတဲ့အရာတောင် မရှိဘူး။ မင်းတို့လူတွေ ဘယ်လိုလုပ်ပြီး အသက်ဝိညာဉ်အသွင်ပြောင်းလဲမှု လေးကြိမ်အထိ ရောက်လာကြသလဲဆိုတာ ငါ တကယ်ကို အံ့ဩမိတယ်"

လောင်ဘီသမ်မှာလည်း ဇဝေဇဝါ ဖြစ်နေပုံရသည်။ သူ ဤမျှ ထူးဆန်းသော ယဉ်ကျေးမှုမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ အမှန်တကယ်တော့ နဝမမြောက် ယဉ်ကျေးမှု တစ်ခုတည်း မဟုတ်ပေ။ အခြားသော ယဉ်ကျေးမှု ၈ ခုတွင်လည်း သူ့ကို အံ့အားသင့်စေသော အရာများစွာ ရှိခဲ့သည်။

ဤနေရာတွင် စကြဝဠာသက်ရှိ တစ်ဦးမျှ ပေါ်ထွက်မလာခဲ့သော်လည်း စကြဝဠာအတွင်းရှိ မြောက်မြားစွာသော အဆင့်နိမ့်သက်ရှိများထဲတွင် ဤဂြိုဟ်ပေါ်ရှိ သက်ရှိများမှာ အတော်လေး အခြေအနေ ကောင်းနေပုံရသည်။

မည်သည့် လမ်းညွှန်မှုမှ မရှိဘဲနှင့် အသက်ဝိညာဉ်အသွင်ပြောင်းလဲမှု လေးကြိမ်အထိ ရောက်ရှိနိုင်သော အဆင့်နိမ့်သက်ရှိများ ပေါ်ထွက်လာနိုင်ခြင်းမှာ မယုံနိုင်စရာပင် ဖြစ်သည်။

လောင်ဘီသမ်က မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို လင်းဖုန်းထံ ပြန်ပေးလိုက်သည်။ မျိုးရိုးဗီဇပေါင်းစပ်ကိရိယာသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ပေါင်းစပ်သွားသော်လည်း သူ ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ။ လောင်ဘီသမ် ပြောသော တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်နှင့် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်ဆိုသည်မှာ ဘာလဲဆိုသည်ကို လင်းဖုန်း လုံးဝ မသိသေးပေ။

"ငါ့နောက်က လိုက်ခဲ့"

လောင်ဘီသမ်ပြောလိုက်သည်။ ထို့ကြောင့် လင်းဖုန်း လောင်ဘီသမ်နောက်သို့ လိုက်ပါကာ ခန်းမထဲမှ ထွက်လာခဲ့သည်။ ထို့နောက် တံခါးများ တစ်ခုပြီးတစ်ခု ပွင့်လာသည်။ အာကာသယာဉ်အတွင်း၌ လျှို့ဝှက်အခန်းများစွာ ရှိနေသည်က လင်းဖုန်းအတွက် မျက်စိပွင့်နားပွင့် ဖြစ်သွားစေသည်။

နောက်ဆုံးတွင် လောင်ဘီသမ်သည် လင်းဖုန်းကို ပင်မထိန်းချုပ်ရေးအခန်းသို့ ခေါ်ဆောင်သွားသည်။ ထိုအခန်းထဲတွင် လေထဲ၌ လွင့်မျောနေသော ပုံဆောင်ခဲစက်လုံးတစ်ခု ရှိနေသည်။ ထိုစက်လုံးမှာ လှပပြီး အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ဟန်ရှိသည်။

"သွား... လမ်းညွှန်ဖန်လုံးကို မင်းရဲ့လက်တွေနဲ့ ဖိထားလိုက်။ တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်နဲ့ စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်တွေက မင်းရဲ့ မှတ်ဉာဏ်ထဲကို တိုက်ရိုက် ရောက်သွားလိမ့်မယ်"

ဤကဲ့သို့သော နည်းပညာမျိုးကို လင်းဖုန်း ကြားပင်မကြားဖူးပေ။ သူ အနည်းငယ် သိလိုစိတ်ဖြစ်သွားသလို တစ်ချိန်တည်းမှာလည်း သတိထားနေမိသည်။ လင်းဖုန်းသည် သတိကြီးစွာဖြင့် လက်ကို ဆန့်ထုတ်ကာ ဖန်လုံးပေါ်သို့ ဖိတင်လိုက်သည်။

ဝီ...

လင်းဖုန်း၏ အသိစိတ်မှာ ရုတ်တရက် မှောင်မိုက်သွားသည်။ သူသည် ဝေဝေဝါးဝါး ဖြစ်နေရင်း အမှောင်ထုထဲတွင် အဆက်မပြတ် ဖြတ်သန်းသွားလာနေရသကဲ့သို့ ခံစားလိုက်ရသည်။

ရုတ်တရက် ကောင်းကင်ကြီးမှာ လင်းထိန်သွားပုံရသည်။ သူ သားရဲတစ်ကောင်ကို မြင်လိုက်ရသည်။ ထိုသားရဲမှာ ၂ မီတာ ၃ မီတာခန့်သာ ရှည်လျားပြီး သာမန် သင်းခွေချပ်သားရဲ တစ်ကောင်ခန့်သာ ရှိကာ ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေသည်။

ချက်ချင်းဆိုသလိုပင် ထိုသားရဲမှာ ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်သည်။ ထို့နောက် ထိုသားရဲသည် လျင်မြန်စွာ ကြီးထွားလာပြီး ၂ မီတာမှသည် ၁၀ မီတာကျော်အရွယ်အစားအထိ ကြီးမားလာကာ ဧရာမ သင်းခွေချပ်နတ်ဆိုးကြီးနှင့်ပင် ယှဉ်နိုင်လာသည်။

လင်းဖုန်းမှာမူ အလွန်ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ ထိုသားရဲ၏ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံမှာ အလွန်ပင် ထူးခြားလှသည်ကို သူ မြင်တွေ့နေရသကဲ့သို့ပင်။ ဆဲလ်တိုင်းမှာ စနစ်တကျ ပြန်လည် ဖွဲ့စည်းနေပြီး ထပ်ကာတလဲလဲ ကြီးထွားလာသည်။ နောက်ဆုံးတွင် ဆယ်မီတာကျော်ရှိသော ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဧရာမ သင်းခွေချပ်နတ်ဆိုးကြီးနှင့်ပင် ယှဉ်နိုင်လာခဲ့သည်။

“ပထမအဆင့် အသွင်ပြောင်းလဲမှု - တိုက်ပွဲဝင်ခန္ဓာကိုယ်”

ဤသားရဲကို မြင်လိုက်ရသောအခါ လင်းဖုန်း၏ စိတ်ထဲတွင် ထိုအတွေးမှာ သဘာဝကျကျ ပေါ်ပေါက်လာသည်။ ယင်းမှာ အလိုအလျောက် သိစိတ်တစ်ခုအလားပင်။

မကြာမီမှာပင် ထိုသားရဲမှာ ထပ်မံ ကြီးထွားလာပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင် ကြီးထွားလာသည့် အရှိန်မှာ အလွန်တရာ မြန်ဆန်လှသည်။ သားရဲ၏ ၁၀ မီတာရှည်သော ခန္ဓာကိုယ်မှာ မျက်စိတစ်မှိတ်အတွင်း မီတာ ၁၀၀ ကျော်အထိ ကျယ်ပြန့်လာပြီး ဆက်လက်၍ အရှိန်အဟုန်ဖြင့် ကြီးထွားနေဆဲ ဖြစ်သည်။

နောက်ဆုံးတွင် သားရဲကြီး၏ ခန္ဓာကိုယ်မှာ မီတာ ၃၀၀ ကျော်အထိ ကြီးမားလာသည်။ ယင်းမှာ စစ်မှန်သော ဧရာမသားရဲကြီးတစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။

“ဒုတိယအဆင့် အသွင်ပြောင်းလဲမှု - တိုက်ပွဲဝင်ခန္ဓာကိုယ်”

လင်းဖုန်း၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားသည်။ သူ နားလည်သွားပြီ ဖြစ်သည်။ ဤတိုက်ပွဲဝင်ခန္ဓာကိုယ် ဆိုသည်မှာ သက်ရှိများ အသွင်ပြောင်းလဲမှု ပြုလုပ်ချိန်တွင် မိမိ၏ မျိုးရိုးဗီဇများကို သတ်မှတ်ထားသော ပုံစံတစ်ခုအတိုင်း ပြန်လည်ဖွဲ့စည်းစေရန် လမ်းညွှန်ပေးပြီး အကြီးမားဆုံးသော ခွန်အားကို ရယူခြင်းပင် ဖြစ်သည်။

ဒုတိယအဆင့် အသွင်ပြောင်းလဲမှုရှိသော သားရဲတစ်ကောင်သည် မီတာ ၃၀၀ ကျော်အထိ ကြီးမားနိုင်စွမ်း ရှိသည်။ ထိုစွမ်းရည်ရှိသည့် သားရဲသည် သင်းခွေချပ်နတ်ဆိုးစစ်သူကြီးထက်ပင် အဆမတန် ပိုမိုအစွမ်းထက်ပေလိမ့်မည်။ နှစ်ကောင်စလုံးမှာ ဒုတိယအဆင့် အသွင်ပြောင်းလဲမှု ရှိကြသော်လည်း တိုက်ပွဲဝင်ခန္ဓာကိုယ် ရှိခြင်းနှင့် မရှိခြင်းကြားတွင် ကောင်းကင်နှင့် မြေကြီးအလား ကွာခြားလှသည်။

လောင်ဘီသမ်က ထိုသင်းခွေချပ်နတ်ဆိုးစစ်သူကြီးကို အဘယ်ကြောင့် ထိုမျှ အထင်သေးပြီး အသိဉာဏ်မဲ့ကာ တုံးအသော အဆင့်နိမ့်သက်ရှိဟု ခေါ်ဆိုခဲ့သည်ကို အံ့ဩစရာ မရှိတော့ပေ။

ဧရာမသားရဲကြီး၏ အသွင်ပြောင်းလဲမှုမှာ မပြီးဆုံးသေးပေ။ တတိယအဆင့် အသွင်ပြောင်းလဲမှု ရှိပါသေးသည်။

ခန့်မှန်းထားသည့်အတိုင်းပင် ဧရာမ သားရဲကြီး၏ ခန္ဓာကိုယ်မှာ ယခုတစ်ကြိမ်တွင် လျင်မြန်စွာ ကျယ်ပြန့်လာပြီး မီတာ ၃၀၀ ကျော်မှသည် မီတာ ၆၀၀၀ ကျော်အထိ ကြီးမားလာခဲ့သည်။ စဉ်းစားကြည့်ပါလေ... ထိုကဲ့သို့သော သားရဲကြီးတစ်ကောင်မှာ မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။

“တတိယအဆင့် အသွင်ပြောင်းလဲမှု - တိုက်ပွဲဝင်ခန္ဓာကိုယ်”

မီတာ ၆၀၀၀ ကျော် ဆိုသည်မှာ ၆ ကီလိုမီတာကို ဆိုလိုခြင်း ဖြစ်သည်။ ပြင်ပနယ်မြေတစ်ခုလုံးတွင် ၆ ကီလိုမီတာ ရှည်လျားသော ဧရာမသားရဲကြီးမျိုးကို ရှာတွေ့ဖူးပါသလော။ ဤကမ္ဘာပေါ်၌ အမှန်တကယ်ပင် ရှိနိုင်ပါ၏လော။

လင်းဖုန်း မသိပေ။ ရှိကောင်း ရှိနိုင်သလို မရှိတာလည်း ဖြစ်နိုင်သည်။ အကယ်၍ တကယ်တမ်း ရှာတွေ့ခဲ့မည်ဆိုပါက ၎င်းတို့မှာ အုပ်စိုးသူအဆင့် နတ်ဆိုးများ သေချာပေါက် ဖြစ်ပေလိမ့်မည်။ ထိုနတ်ဆိုး တစ်ကောင်တည်းနှင့်ပင် လူသားမျိုးနွယ်ကို ပျက်စီးကိန်းဆိုက်စေလောက်သော ဘေးအန္တရာယ်ဆိုးကြီး ကျရောက်စေရန် လုံလောက်ပေသည်။

ဤသည်မှာ တတိယအဆင့် အသွင်ပြောင်းလဲမှုသာ ရှိသေးပြီး စတုတ္ထအဆင့် ရှိသေးသည်။

စတုတ္ထအဆင့် အသွင်ပြောင်းလဲမှုမှာ ပို၍ပင် ထိတ်လန့်စရာ ကောင်းလှသည်။ သားရဲကြီး၏ ၆ ကီလိုမီတာရှိသော ခန္ဓာကိုယ်မှာ တိုက်ရိုက်ပင် ကီလိုမီတာ ၆၀ ကျော်အထိ ကြီးမားလာပြီး ဟင်းလင်းပြင်ကြီးတစ်လျှောက် လွှမ်းခြုံသွားသည်။ ထိုမြင်ကွင်းမှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ လင်းဖုန်းသည် ဤသည်မှာ ပုံရိပ်ယောင်တစ်ခုမှန်း သိသော်လည်း ထိုပုံရိပ်ထံမှပင် အသက်ရှူကျပ်စေသော ဖိအားများကို ခံစားနေရဆဲ ဖြစ်သည်။

“စတုတ္ထအဆင့် အသွင်ပြောင်းလဲမှု - တိုက်ပွဲဝင်ခန္ဓာကိုယ်”

လင်းဖုန်းသည် အသက်ဝိညာဉ်အသွင်ပြောင်းလဲမှု လေးကြိမ် ပြုလုပ်ထားသော ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို မြင်ခဲ့ဖူးသည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်မှာ အလွန်တရာ အစွမ်းထက်လှပြီး လင်းဖုန်းသည် သူ၏ အစွမ်းထက်ဆုံး ပုံစံကို မမြင်ဖူးခဲ့သော်ငြား ထိုသူတော်စင်သည် ကီလိုမီတာ ၆၀ ကျော်ရှိသော ဤဧရာမသားရဲကြီးကို လုံးဝယှဉ်နိုင်လိမ့်မည် မဟုတ်ကြောင်း လင်းဖုန်း သေချာပေါက် ပြောနိုင်သည်။

ဘုရားရေ... ကီလိုမီတာ ၆၀ ကျော်ရှိတဲ့ ဧရာမသားရဲကြီး။ တွေးကြည့်ရုံနဲ့ပင် စိတ်ပျက်အားငယ်စရာ ကောင်းလှတယ်။

“ဒါက တိုက်ပွဲဝင်ခန္ဓာကိုယ် ဆိုတာလား”

လင်းဖုန်း သူ့ဘာသာ ရေရွတ်လိုက်မိသည်။ အသက်ဝိညာဉ်အသွင်ပြောင်းလဲမှု တစ်ဆင့်တိုးတိုင်း ဧရာမ သားရဲကြီး၏ အရွယ်အစားမှာ အရင်ကထက် အနည်းဆုံး ၁၀ ဆခန့် ကြီးမားလာသည်ကို သူ သတိပြုမိလိုက်သည်။

အသွင်ပြောင်းလဲမှု တစ်ကြိမ်ဖြစ်တိုင်း သားရဲကြီး၏ အရွယ်အစားမှာ ဆယ်ဆ တိုးလာသည်။ ဤကြောက်စရာကောင်းသော နည်းလမ်းသည် သူ ယခင်က သိထားသော သိုင်းပညာဆိုင်ရာ ဗဟုသုတများကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။ သို့မဟုတ်ပါက ဤသည်မှာ သိုင်းပညာ လုံးဝ မဟုတ်ဘဲ စကြဝဠာအဆင့် ကျင့်စဉ်စနစ်သာ ဖြစ်ပေလိမ့်မည်။

ထို့နောက် သားရဲကြီးမှာ ပျောက်ကွယ်သွားသည်။ တိုက်ပွဲဝင်ခန္ဓာကိုယ်အတွက် ကျင့်ကြံခြင်း နည်းလမ်းများစွာ လင်းဖုန်း၏ စိတ်ထဲတွင် ပေါ်လာသည်။ ဤသည်မှာ တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်ပင် ဖြစ်သည်။

သူ၏ မှတ်ဉာဏ်ထဲတွင် တိုက်ပွဲဝင်ခန္ဓာကိုယ် လမ်းညွှန်ကျင့်စဉ်အပြင် 'ဘီမွန် စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်' ဟုခေါ်သော စိတ်စွမ်းအား လမ်းညွှန်ကျင့်စဉ်လည်း ပါဝင်သည်။ ထိုကျင့်စဉ်မှာ စကြဝဠာထဲမှ လျှို့ဝှက်ဆန်းကြယ်သော လောင်ဘီသမ်၏ သခင်ကြီး ဘီမွန် တီထွင်ခဲ့သော ကျင့်စဉ် ဖြစ်သည်။

ထိုကျင့်စဉ်တွင် အဆင့် လေးဆင့်သာ ရှိပြီး ပထမအဆင့်မှ စတုတ္ထအဆင့် အသွင်ပြောင်းလဲမှုများနှင့် အသီးသီး ကိုက်ညီနေသည်မှာ ရှင်းလင်းလှသည်။

အစောပိုင်းက တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံရန်အတွက် စိတ်စွမ်းအား၏ လမ်းညွှန်မှု လိုအပ်ကြောင်း သူ သိလိုက်ရသည်။ ထို့ပြင် ခန္ဓာကိုယ် အသွင်ပြောင်းလဲမှု အပြီးမသတ်မီ အသက်စွမ်းအား ပြောင်းလဲချိန်တွင် စိတ်စွမ်းအားကို အသုံးပြု၍ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှုနှင့် ဆဲလ်ကွဲပွားမှုများကို အတင်းအဓမ္မ လမ်းညွှန်ပေးရမည်ဖြစ်ပြီး နောက်ဆုံးတွင် အစွမ်းထက်သော တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖန်တီးရခြင်း ဖြစ်သည်။

ကြယ်တာရာစွမ်းအား၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အား စသည်တို့ကဲ့သို့ အခြားအရာများမှာ တိုက်ပွဲဝင်ခန္ဓာကိုယ်အတွက် အကျိုးသက်ရောက်မှု တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ စွမ်းအင်ပင် ဖြစ်သည်။ တိုက်ပွဲဝင်ခန္ဓာကိုယ်မှာ မတွေးဝံ့စရာ ကောင်းလောက်အောင် ကြီးမားသော စွမ်းအင် အမြောက်အမြား လိုအပ်သည်။

မည်သို့ပင်ဆိုစေ ထိုသို့သော ဧရာမတိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးကို တည်ဆောက်ရန်အတွက် စွမ်းအင်သုံးစွဲမှုမှာ မည်သို့ နည်းပါးနိုင်မည်နည်း။

ကြယ်တာရာစွမ်းအား၊ အစားအစာ စသည်တို့ အားလုံးမှာ တိုက်ပွဲဝင်ခန္ဓာကိုယ်အတွက် စွမ်းအင်များသာ ဖြစ်ပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်မှာ အစွမ်းထက်ဆုံးသော နည်းလမ်းပင် ဖြစ်သည်။ ၎င်းအတွက် ကြယ်တာရာစွမ်းအား မလိုအပ်သလို ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သန့်စင်ရန်လည်း မလိုအပ်ပေ။

စဉ်းစားကြည့်ပါလေ... ကီလိုမီတာ ၆၀ ကျော် အရွယ်အစားရှိသော ဧရာမသားရဲကြီးနှင့် ယှဉ်နိုင်လောက်အောင် မိမိ၏ ခန္ဓာကိုယ်ကို မည်သို့ လေ့ကျင့်နိုင်ပါမည်နည်း။

ကြယ်တာရာစွမ်းအား ဘယ်လောက်ပဲ များပါစေ ကြယ်တာရာ သိုင်းပညာတွေ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကီလိုမီတာ ၆၀ ကျော် ရှည်လျားတဲ့ ဧရာမ သားရဲကြီးကို ဒဏ်ရာရအောင် လုပ်နိုင်ပါ့မလား။

ထိုကဲ့သို့သော ဧရာမ သားရဲကြီးမှာ အခြား မည်သည့် နည်းလမ်းမှ မလိုအပ်ပေ။ ၎င်းသည် ခြေတစ်ချက် နင်းရုံဖြင့် မြောက်မြားစွာသော မြို့ကြီးများကို ဖျက်ဆီးပစ်နိုင်ပြီး အသက်ရှူတစ်ချက်ဖြင့် သိုင်းသမားပေါင်းများစွာကို သေဆုံးစေနိုင်သည်။

ဤသည်မှာ တိုက်ပွဲဝင်ခန္ဓာကိုယ် ဖြစ်သည်။ ဤသည်မှာ စကြဝဠာကျင့်စဉ်စနစ်မှ ပေါ်ထွက်လာသော ကြောက်မက်ဖွယ်ကောင်းလှသည့် သက်ရှိပင် ဖြစ်တော့သည်။

All Chapters