အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
Chapter 101+102
~
အခန်း ၁၀၁+၁၀၂ : မိစ္ဆာဂိုဏ်းတွေကို ငါကြောက်တယ်
~
" ကျွီးး..."
တံခါးပွင့်သံနှင့်အတူ သစ်သားတံခါးချပ် ပွင့်ဟသွားရာ အိမ်တော်ထိန်းလီသည် တံခါးဝတွင် ရောက်ရှိနေသည့် စောင့်ကြည့်ရေးကောင်စီမှ ရန်လိုနေသော လူအုပ်ကြီးကို ကြောင်အမ်းအမ်း ကြည့်လိုက်မိတော့သည်။
"ကျွန်တော်တို့ ဂူမိသားစုက ဘယ်လိုပြစ်မှုမျိုး ကျူးလွန်မိလို့ လူကြီးမင်းတို့ကိုယ်တိုင်
ဒီလောက်အင်အားနဲ့ လာရောက်စစ်ဆေးရတာလဲဆိုတာ သိပါရစေ.."
"ဟွန်း.."
ဆုန့်ကျန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏အနောက်မှ စောင့်ကြည့်ရေးကောင်စီဝင် အမြောက်အမြားသည် ဂူအိမ်တော်အတွင်းသို့ အတင်း တိုးဝင်သွားကြလေသည်။
သူက အိမ်တော်ထိန်းလီ၏ မျက်လုံးများကို စိုက်ကြည့်ကာ လေးနက်သော လေသံဖြင့်..
"လျိုလုံတက္ကသိုလ် ကျောင်းအုပ်ကြီးကိုယ်တိုင် သူတို့ကျောင်းက နိဗ္ဗာနအဆင့် ဆရာကိုးယောက် ပျောက်ဆုံးနေကြောင်း လာရောက်တိုင်ကြားထားတယ်.."
"အဲဒီဆရာ တွေရဲ့ တာဝန်က
မင်းတို့ ဂူမိသားစုဆီ လာဖို့ပဲ။ လမ်းပေါ်က စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေအရ သူတို့
နောက်ဆုံးရှိနေခဲ့တဲ့ နေရာကလည်း မင်းတို့ ဂူအိမ်တော်ပဲ ဖြစ်နေတယ်.."
"ဒါဟာ မင်းတို့ ဂူမိသားစုနဲ့
ပတ်သက်သလား၊ မပတ်သက်ဘူးလားဆိုတာ စစ်ဆေးကြည့်ရင် သိရမှာပေါ့"
ထိုသို့ပြောပြီးနောက် အိမ်တော်ထိန်းလီကို လျစ်လျူရှုကာ အိမ်တော်အတွင်းသို့ ဝင်ရောက်သွားပြီး သူ၏ အစွမ်းထက်လှသော နတ်ဘုရားအာရုံကို တစ်အိမ်တော်လုံး နှံ့စပ်အောင်
ဖြန့်ကြက်၍ လျိုလုံတက္ကသိုလ်မှ ဆရာများကို ရှာဖွေတော့သည်။
နတ်ဘုရားတက်လှမ်းခြင်းအဆင့်
ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည့်အားလျော်စွာ ခန္ဓာကိုယ်ပြင်ပသို့
ထုတ်လွှတ်နိုင်သည့် မမြင်နိုင်သော စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားပြီး ၎င်းကို လောကသားတို့က
နတ်ဘုရားအာရုံ သို့မဟုတ် နတ်ဘုရားစိတ်အာရုံဟု ခေါ်ကြလေသည်။
ဤမမြင်နိုင်သော စွမ်းအားသည် လွှမ်းခြုံထားသမျှ
အရာအားလုံးကို လျင်မြန်စွာ ရှာဖွေနိုင်စွမ်းရှိရာ
ထူးခြားသော ဖုံးကွယ်မှု အတတ်ပညာများ မရှိပါက မည်သည့်အရာမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။
ဆုန့်ကျန်း၏ နတ်ဘုရားစိတ်အာရုံဖြင့် ရှာဖွေမှုကြောင့် ကြီးကြပ်ရေးကောင်စီဝင်များသည် မကြာမီပင် ဂူအိမ်တော်အတွင်းရှိ မြေအောက်ခန်းတစ်ခုကို
ရှာဖွေတွေ့ရှိသွားကြသည်။
သို့သော်လည်း ကြီးကြပ်ရေးကောင်စီမှ နိဗ္ဗာနအဆင့် အဖွဲ့ခေါင်းဆောင်အချို့ မြေအောက်ခန်းထဲသို့ ဆင်း၍ ရှာဖွေရန် ပြင်လိုက်စဉ်မှာပင်
ဆုန့်ကျန်းက သူတို့ကို တားဆီးလိုက်၏။
"မင်းတို့ တခြားနေရာတွေကို
အရင်ရှာထားကြ။ ငါ ခဏနေရင် ပြန်လာခဲ့မယ်.."
သူတို့၏ ဇဝေဇဝါဖြစ်နေသော အမူအရာများကို
လျစ်လျူရှုကာ အမိန့်ပေးပြီးနောက် ခြေလှမ်းတစ်ချက် ခပ်ဖွဖွနင်းလိုက်ရုံဖြင့် ဆုန့်ကျန်းသည် မျက်စိတစ်မှိတ်အတွင်း ဂူချန်၏ ခြံဝင်းအတွင်းသို့ ရောက်ရှိသွားတော့သည်။
သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရာ ဂူချန်သည် အမှန်တကယ်ပင် နှစ်ခြိုက်စွာ အိပ်မောကျနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ဒေါသနှင့် စိတ်ပျက်မှုတို့က ရောယှက်သွားရ၏။
လက်ကို ခပ်ပေါ့ပေါ့ ဝေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက် ထွက်ပေါ်လာပြီး ဂူချန်၏ အခန်းအတွင်း လေတိုးသံများ မြည်ဟည်းသွားကာ သစ်သားခုတင်မှာလည်း ဟိုဘက်ဒီဘက် ယိမ်းထိုးသွားလေသည်။
ထိုအခါမှသာ ဂူချန်သည် တဖြည်းဖြည်း
နိုးလာတော့သည်။
သူသည် ကျိန်းစပ်နေသော မျက်လုံးများကို ပွတ်သပ်ရင်း တံခါးဝတွင် ရပ်နေသည့် လူလတ်ပိုင်းအမျိုးသားကို ကြည့်ကာ ပျင်းရိပျင်းတွဲ
လေသံဖြင့် ဆိုလိုက်၏။
"ကျောင်းအုပ်ကြီးဆုန့်ပါလား၊ လာမယ်ဆိုရင်လည်း ကြိုပြောပါဦးတော့လား။ ဆရာကြီး လာမယ်မှန်းသိရင် ကျွန်တော် သေချာပေါက် ကြိုဆိုဧည့်ခံမှာပေါ့"
"ဂူချန်..."
တစ်ဖက်လူ၏ ပေါ့ပေါ့ပါးပါး အမူအရာကို
မြင်လိုက်ရသောအခါ ဆုန့်ကျန်း၏ ဒေါသမီးက ဟုန်းခနဲ တောက်လောင်သွားတော့သည်။ သူသည် ခုတင်နားသို့
ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ အသံနှိမ့်၍ ဟောက်လိုက်၏။
"မင်း ရူးနေတာလား။ ပုံမှန်အချိန်မှာ
နောက်ခံမရှိတဲ့သူတွေကို အနိုင်ကျင့်တာက ထားပါဦး၊ အခုတော့ လျိုလုံတက္ကသိုလ်ကိုတောင်
မင်းက ရန်စရဲတယ်ပေါ့လေ.."
"သူတို့က မဟာမိတ်အဖွဲ့ရဲ့ အသိအမှတ်ပြုမှုနဲ့
အကာအကွယ်ကို ရထားတဲ့ တရားဝင် သိုင်းပညာတက္ကသိုလ်တစ်ခုပဲ.."
"မင်း ဖမ်းဆီးထားတဲ့ လျိုလုံတက္ကသိုလ်က
ဆရာကိုးယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးလိုက်စမ်း။ မင်းအဖေနဲ့ ဆရာကြီးလင်းရဲ့ မျက်နှာကို
ထောက်ထားပြီး ငါ မင်းကို အကာအကွယ်ပေးနိုင်သေးတယ်.."
ပုံမှန်လုပ်ထုံးလုပ်နည်းအရဆိုလျှင်
မြေအောက်ခန်းကို တွေ့ရှိသည်နှင့် ချက်ချင်း ဝင်ရောက်ရှာဖွေရမည် ဖြစ်သည်။ ကြီးကြပ်ရေးကောင်စီ၏
အဆင့်အတန်းအရ အရင်လုပ်ပြီးမှ နောက်မှ တင်ပြပိုင်ခွင့်ရှိသလို အတင်းအကျပ် အရေးယူဆောင်ရွက်မှုများအတွက်လည်း
တာဝန်ယူရန် မလိုအပ်ချေ။
သို့သော်လည်း ဂူချန်၏ဖခင်မှာ မဟာမိတ်အဖွဲ့အတွက်
ပြည်ပတွင် တိုက်ပွဲဝင်နေသူဖြစ်ပြီး ဂူချန်ကိုယ်တိုင်ကလည်း ဆရာကြီးလင်း၏ တပည့်ဖြစ်နေပြန်ရာ
အကြောင်းအမျိုးမျိုးကြောင့် သူ့ကို ညှာတာစွာ ဆက်ဆံရပေမည်။
ထို့ကြောင့်ပင် ဆုန့်ကျန်းသည် ဂူအိမ်တော်၏
မြေအောက်ခန်းကို တွေ့ရှိပြီးနောက် ဂူချန့်ထံသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်တွင် ဂူချန်ကို အလွန်အကျွံ
မလုပ်ရန် သတိပေးလိုခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင်မူ သူ၏ ရပ်တည်ချက်ကို ပြသကာ ရင်းနှီးမှု
တည်ဆောက်လိုခြင်းလည်း ဖြစ်၏။
မှန်ပါသည်၊ သူရင်းနှီးမှု တည်ဆောက်လိုသည်မှာ ဂူချန်နှင့် မဟုတ်ဘဲ သူ၏နောက်ကွယ်မှ
ဂူဝူချန်နှင့် ဆရာကြီးလင်းတို့နှင့်သာ ဖြစ်လေသည်။
ဤလူမိုက်လေး ဂူချန်နှင့် ပတ်သက်၍မူ သူ သိပ်မပက်သက်ချင်ပေ ။
"လျိုလုံတက္ကသိုလ်က ဆရာတွေကို
ပြောတာလား...ဟူး..စိတ်မကောင်းပါဘူး၊ ကျွန်တော် သူတို့ကို တကယ် လွှတ်ပေးလို့ မရဘူး.."
ဂူချန်က လက်ကို ခပ်ပေါ့ပေါ့ ဝေ့ယမ်းလိုက်ရာ လိမ္မော်ရောင်သန်းသော စစ်မှန်သောချီ များသည် သူ၏
မျက်နှာပေါ်သို့ ဖြတ်သန်းသွားပြီး ညစ်ပေမှုများကို ချက်ချင်း သန့်စင်ပေးလိုက်သည်။
သူသည် ခုတင်ပေါ်မှ ဆင်းကာ မတ်တတ်ရပ်လိုက်၏။ သူ၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း လေသံတွင်မူ နောင်တရဟန် အနည်းငယ် ပါဝင်နေကာ...
"သူတို့အားလုံး သေကုန်ကြပြီ.."
"ဘာ...."
ဤစကားကို ကြားလိုက်ရသောအခါ ဆုန့်ကျန်းသည်
မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
"ဂူ...ချန်... မင်း ဘာတွေလုပ်လိုက်တယ်ဆိုတာ
သိရဲ့လား။ မင်းက တက္ကသိုလ်ဆရာတွေကိုတောင် သတ်ရဲတယ်ပေါ့လေ.."
သိုင်းပညာတက္ကသိုလ်များမှ အချိန်ပြည့် ဝန်ထမ်းအားလုံးသည် မဟာမိတ်အဖွဲ့၏ အကာအကွယ်ကို ရရှိထားကြပြီး တာဝန်ထမ်းဆောင်စဉ် သေဆုံးပါက အပိုဆောင်း ထောက်ပံ့ကြေးများပင် ရရှိကြသည်။
အကယ်၍ တမင်တကာ သတ်ဖြတ်ခံရခြင်း ဖြစ်ပါက
ပြစ်ဒဏ်မှာ ပို၍ပင် ပြင်းထန်လှပေသည်။
ထို့ပြင် ယခင်က အဖမ်းခံခဲ့ရသည့်
ယွင်ယန် အပါအဝင် ယခုတစ်ကြိမ်တွင် လူကိုးယောက်လုံး တစ်ပြိုင်နက် သေဆုံးသွားခြင်း ဖြစ်သည်။
အကယ်၍ ဤအချက်သာ အမှန်ဖြစ်ကြောင်း သက်သေပြနိုင်ပါက ဂူချန်၏ မည်သည့် ဘွဲ့ထူးဂုဏ်ထူးနှင့်
အဆင့်အတန်းကမျှ သူ့ကို ကယ်တင်နိုင်မည် မဟုတ်ချေ။
သို့သော်လည်း ဆုန့်ကျန်းက ထပ်မံ
စစ်မေးရန် ပြင်လိုက်စဉ်မှာပင် ဂူချန်က ဦးအောင် ပြန်လည် တုံ့ပြန်လိုက်၏။
"ကျွန်တော် သတ်တာ မဟုတ်ဘူး။
မိစ္ဆာဂိုဏ်းက လူတွေ သတ်သွားတာ။ ကျွန်တော်တို့ ဂူမိသားစုကလည်း နစ်နာသူ ဖြစ်ခဲ့ရတာပါ.."
ဂူချန်သည် အပြစ်ကင်းစင်သော အမူအရာဖြင့် လက်နှစ်ဖက်ကို အမြန် ဝှေ့ယမ်းပြလိုက်သည်။
သူ အမှန်အတိုင်း ပြောနေခြင်းပင်။
သူသည် လီရှောက်ကုန်းကို ဒုက္ခိတဖြစ်အောင်သာ
လုပ်ခဲ့ပြီး အမှန်တကယ် သတ်ခဲ့ခြင်း မဟုတ်ပေ။
ထို့ပြင် သူကိုယ်တိုင်ကလည်း မြင့်မြတ်သော
မီးလျှံဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီဖြစ်ရာ သူ၏ လက်အောက်မှ အသေခံအစောင့်များသည်လည်း
မိစ္ဆာဂိုဏ်း အဖွဲ့ဝင်များ ဖြစ်နေကြသည်။
ဤသည်မှာ သွယ်ဝိုက်၍ လှည့်ဖြားပြောဆိုခြင်း
ဖြစ်သော်လည်း တစ်ဖက်တွင်မူ အမှန်တရားလည်း ဖြစ်နေပြန်သည်။
ဆုန့်ကျန်းသည် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ပြီး
စိတ်ထဲတွင် သံသယများ ပြည့်နှက်သွားတော့သည်။
စောင့်ကြည့်ရေးကောင်စီသည် အမှုစစ်ဆေးရန် ထွက်ခွာသည့်အခါတိုင်း လူကြီးလူကောင်းဝါး ဟု ခေါ်သော မုသား ဖော်ထုတ်သည့် ရတနာတစ်မျိုးကို ယူဆောင်သွားလေ့ရှိသည်။
အကယ်၍ တစ်ဖက်လူက လိမ်ညာပြောဆိုပါက ထိုရတနာ ထံမှ မှိန်ဖျော့သော အစိမ်းရောင် အလင်းတန်းများ
ထွက်ပေါ်လာမည် ဖြစ်၏။
သူသည် ဂူအိမ်တော်အတွင်းသို့ မဝင်မီကပင် ရတနာ ကို အသက်သွင်းထားခဲ့သော်လည်း ယခု ဂူချန်နှင့် စကားပြောနေစဉ်အတွင်း မည်သည့်
တုံ့ပြန်မှုမျှ မရှိခဲ့ချေ။
‘ဂူချန် ပြောသလို လျိုလုံတက္ကသိုလ်က
ဆရာကိုးယောက်လုံး မိစ္ဆာဂိုဏ်းက သတ်တာကို ခံလိုက်ရတာလား..'
' ဒါပေမဲ့ ဒါက မတိုက်ဆိုင်လွန်းဘူးလား..'
"ဂူချန်၊ မင်းက မိစ္ဆာဂိုဏ်းက
ပြစ်မှုကျူးလွန်နေတာကို တွေ့ခဲ့တယ်ဆိုရင် ဘာလို့ စောင့်ကြည့်ရေးကောင်စီကို လာမတိုင်တာလဲ.."
ဆုန့်ကျန်းက ခဏမျှ စဉ်းစားပြီးနောက် ထပ်မံ မေးမြန်းလိုက်သည်။
"ကြောက်လို့ပေါ့ဗျ.."
ဂူချန်သည် ဝတ်ရုံကို ဝတ်ဆင်ရင်း
ရင်ဘတ်ကို ဖိကာ ထိတ်လန့်နေသေးသည့် ဟန်ဖြင့်...
"ကျောင်းအုပ်ကြီးဆုန့် မသိလို့ပါ၊
အဲဒီ မိစ္ဆာဂိုဏ်းသားတွေက တကယ်ကို ကြောက်စရာကြီး.. ဓားနဲ့ သုံးလေးချက် ဝှေ့လိုက်တာ ဆရာကိုးယောက်လုံး အသားစင်းကော ဖြစ်သွားရော.. "
"အကယ်၍ ကျွန်တော်သာ တိုင်လိုက်လို့
သူတို့က လာပြီး လက်စားချေရင် ကျွန်တော် ဘယ်လိုလုပ်မလဲ။ ကျွန်တော့် အသက်ကို အလဟဿ အဆုံးရှုံးမခံနိုင်ဘူး.."
သူသည် စကားပြောနေရင်း ပတ်ဝန်းကျင်ကို
ဝေ့ဝဲကြည့်ကာ မိစ္ဆာဂိုဏ်းသားများကို အမှန်တကယ် ကြောက်လန့်နေသည့်အလား လေသံမှာလည်း အနည်းငယ်
တုန်ရီနေလေသည်။
လိမ်ညာနေဟန် မတူသော ဂူချန်၏
အမူအရာနှင့် သူ၏ အိတ်ကပ်အတွင်းရှိ ရတနာ မှာလည်း မည်သည့်
တုံ့ပြန်မှုမျှ မပြသဖြင့် ဆုန့်ကျန်း၏ သံသယများမှာ ပို၍ပင် ကြီးထွားလာတော့သည်။
လျိုလုံတက္ကသိုလ်က မိစ္ဆာဂိုဏ်းတစ်ခုခုကို
သွားရောက် ရန်စမိပြီး ထိုဂိုဏ်းက လက်စားချေသည့်အနေဖြင့် ဂူမိသားစုကိုပါ အပြစ်ပုံချရန်
ကြံစည်ခဲ့သည်လော။
ပြန်စဉ်းစားကြည့်ပြန်လျှင် ဤသည်မှာလည်း
ဖြစ်နိုင်ခြေ ရှိပေသည်။
မည်သို့ပင်ဆိုစေ မိစ္ဆာဂိုဏ်းများသည်
ထိုကဲ့သို့သော ယုတ်မာသည့် နည်းလမ်းများကို အသုံးပြုရန် အလွန် ဝါသနာပါကြပေသည်။
ဆုန့်ကျန်း၏ သံသယမကင်းသေးသော အကြည့်များကို
မြင်သောအခါ ဂူချန်က ကြားဝင်၍ အကြံပြုလိုက်၏။
"ကျောင်းအုပ်ကြီးဆုန့်အနေနဲ့
ကျွန်တော့်ရဲ့ ဂူအိမ်တော်ကို စိတ်ကြိုက် ရှာဖွေနိုင်ပါတယ်။ အကယ်၍ ကျွန်တော် သတ်ခဲ့တယ်ဆိုတဲ့ သက်သေသာ တွေ့ရင် ကျွန်တော့်ကို ဒီနေရာတင် ဖမ်းဆီးသွားနိုင်ပါတယ်.."
သူသည် မြင့်မြတ်သော မီးလျှံဂိုဏ်းမှ
နတ်ဘုရားတမန်တော်၏ ကျွမ်းကျင်မှုကို ယုံကြည်ထားသည်။
ထို့ပြင် နတ်ဘုရားတမန်တော်ကိုယ်တိုင်ကလည်း သူ့ကို လိုအပ်နေသောကြောင့် ဖြစ်၏။
အမှတ်အသား တံဆိပ်ပြားမှ အချက်အလက်များအရ
မိစ္ဆာဂိုဏ်းသည် မကြာမီတွင် သူတော်စင် ရွေးချယ်ပွဲ ကျင်းပတော့မည်ဖြစ်ရာ သူသည် ပြိုင်ဆိုင်မှု
ပြင်းထန်သော ကိုယ်စားလှယ်တစ်ဦး ဖြစ်နေပေသည်။
နတ်ဘုရားတမန်တော်က သူ့ကို ဖိတ်ခေါ်ရန် အလွန် စိတ်အားထက်သန်နေပုံအရ ထိုသူသည်လည်း လက်ရှိတွင် အခက်အခဲအချို့နှင့် ရင်ဆိုင်နေရပုံ
ရလေသည်။
အကယ်၍ သူသာ သူတော်စင် ရာထူးကို ရရှိခဲ့ပါက နတ်ဘုရားတမန်အတွက် ရရှိမည့် အကျိုးကျေးဇူးများမှာ အတိုင်းအဆမရှိ များပြားပေလိမ့်မည်။
အနည်းဆုံးတော့ ဂူချန်၏ အမြင်တွင် အပြန်အလှန် အကျိုးစီးပွားဖြင့် ချည်နှောင်ထားခြင်းထက် ပို၍ ယုံကြည်စိတ်ချရသော အရာ မရှိချေ။
ဆုန့်ကျန်းသည် စက္ကန့်အနည်းငယ်မျှ
စဉ်းစားပြီးနောက် "ကောင်းပြီ" ဟု လေးနက်စွာ ပြန်လည် ဖြေကြားလိုက်သည်။
ထို့နောက်တွင် ဆုန့်ကျန်းသည် စောင့်ကြည့်ရေးကောင်စီဝင်
တစ်ရာကျော်ကို ဦးဆောင်ကာ ဂူအိမ်တော် တစ်ခုလုံးကို အသေးစိတ် ရှာဖွေတော့သည်။ အထူးရတနာများကို
အသုံးပြု၍ ရှာဖွေခဲ့သော်လည်း ဖမ်းဆီးထားသည့် သားရဲအချို့မှလွဲ၍ အခြား မည်သည့်အရာကိုမျှ
မတွေ့ရှိခဲ့ချေ။
ထိုအရာမှလွဲ၍ အခြား မည်သည့် ပြဿနာမျှ မရှိခဲ့ပေ။
သို့သော်လည်း အမှုစစ်ဆေးရာတွင် အတွေ့အကြုံရှိသူများကမူ
မည်သည့် ပြဿနာမျှ မရှိခြင်းသည်ပင် အကြီးမားဆုံး ပြဿနာဖြစ်ကြောင်း ကောင်းစွာ သိရှိထားကြသည်။
နိဗ္ဗာနအဆင့် သိုင်းပညာရှင်တစ်ဦးသည် မြေအောက်ခန်းကို ရှာဖွေပြီးနောက် အလွန် ပူးပေါင်းဆောင်ရွက်သော ဂူချန်ကို တစ်ချက် ကြည့်လိုက်ပြီး ဆုန့်ကျန်း၏ အနားသို့ အမြန် တိုးကပ်ကာ စစ်မှန်သောချီဖြင့် အသံလွှင့်၍ တိုးတိုးလေး ပြောလိုက်၏။
"ကျောင်းအုပ်ကြီးဆုန့်၊ လျိုလုံတက္ကသိုလ်က
လူတွေ သေဆုံးမှုမှာ ဂူမိသားစုက သေချာပေါက် တာဝန်မကင်းဘူး။ ကျွန်တော်တို့ နောက်ထပ် အကြိမ်အနည်းငယ်လောက်
ထပ်ရှာပြီး ပတ်ဝန်းကျင်ကိုပါ သေချာ စုံစမ်းကြည့်သင့်လား.."
"ဒါမှမဟုတ် သူ့ကို အရင်ဆုံး
ခေါ်သွားပြီးမှ ဖြည်းဖြည်းချင်း စစ်မေးရင်ရော..."
"ဘာကို ဖမ်းရမှာလဲ.."
ဆုန့်ကျန်းက သူ့ကို စိတ်ပျက်လက်ပျက်ဖြင့်
စိုက်ကြည့်ကာ စစ်မှန်သောချီဖြင့်ပင် ပြန်လည် အသံလွှင့်လိုက်၏။
"ဂူချန်ရဲ့ နောက်ကွယ်က အင်အားက မင်း စိတ်ကူးထားတာထက် အများကြီး ပိုကြီးမားတယ်။
ခိုင်လုံတဲ့ သက်သေမရှိဘဲ သူ့ကို သွားထိတာက ကိုယ့်သေတွင်းကိုယ် တူးတာနဲ့ အတူတူပဲ.."
"ဒီလို အတွေးမျိုး နောက်ခါ
ဘယ်တော့မှ မတွေးနဲ့တော့.."
ထို့ပြင် သူတို့သည် တတ်နိုင်သမျှ
နည်းလမ်းအားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ အကယ်၍ ထပ်မံ စုံစမ်းလိုပါက တောင်ပိုင်းမဟာမိတ်အဖွဲ့ထံ
သွားရောက်၍ အတိတ်ဖြစ်ရပ်များကို ပြန်လည် ဖော်ထုတ်နိုင်သည့် ဖန်သားပြင်ကျောက်တုံးကို
သွားရောက် ယူဆောင်ရပေလိမ့်မည်။
သို့သော် ထိုသို့ပြုလုပ်ခြင်းသည်
ဂူမိသားစုကို အသေအကျေ ရန်စလိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ သိုင်းပညာရှင် မျိုးရိုးကြီး မိသားစုများတွင် ဖုံးကွယ်ထားသော အမှောင်ဘက်ခြမ်းမှ လျှို့ဝှက်ချက်အချို့ ရှိနေတတ်သည်မှာ မဆန်းပေ။
ဘာပဲဖြစ်ဖြစ် သူသည် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးဖြစ်ရာ မည်သည့်အရာမျှ ရှာမတွေ့ခြင်းအတွက် သူ့ကို အပြစ်တင်၍ မရနိုင်ချေ။
အခြေအနေကို ရိပ်မိသွားသော ဆုန့်ကျန်းသည် လက်ကို ဝေ့ယမ်းကာ စောင့်ကြည့်ရေးကောင်စီဝင်များကို စုစည်းပြီး ပြန်ရန် ပြင်ဆင်တော့သည်။
အိမ်တော်တံခါးမကြီးမှ ထွက်မသွားမီ
ဂူချန်က ဖော်ဖော်ရွေရွေဖြင့် နှုတ်ဆက်လိုက်သေး၏။
"ကောင်းကောင်းသွားပါ ကျောင်းအုပ်ကြီးဆုန့်၊
နောက်လည်း မကြာမကြာ လာလည်ပါဦးဗျ..."
ဆုန့်ကျန်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး နောက်သို့ လှည့်မကြည့်တော့ဘဲ စောင့်ကြည့်ရေးကောင်စီဝင်များကို ဦးဆောင်ကာ ထွက်ခွာသွားလေတော့သည်။