အခန်း (၆၅၅-၆၅၆)
Vol. 66 Ch. 655-656
အခန်း (၆၅၅) ပထမဆုံး ပဋိပက္ခ
လုံချန်းသည် ယခင်ကမ္ဘာနှင့် များစွာကွာခြားလှသော လှပသည့် မြို့တော်ကြီးအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
နေရာအနှံ့တွင် လှပသော အဆောက်အအုံကြီးများ ရှိနေသော်လည်း ထူးခြားသည်မှာ ထိုအဆောက်အအုံများမှာ အလွန်ပင် မြင့်မားလှခြင်းပင် ဖြစ်သည်။ ၎င်းမှာ လုံချန်း၏ ဝိညာဉ် ကူးပြောင်းမလာခင်က နေထိုင်ခဲ့သည့် ကမ္ဘာမြေပေါ်ရှိ ခေတ်မီမြို့တော်ကြီးတစ်ခုနှင့်ပင် ဆင်တူနေသည်။
မြို့ပြင်မှ ကြည့်စဉ်က မြင့်မားလှသော မြို့ရိုးကြီးများက အမြင်အာရုံကို ပိတ်ပင်ထားသဖြင့် သူ မသိရှိခဲ့သော်လည်း မြို့ထဲသို့ ရောက်ရှိလာချိန်တွင်မူ သူ အံ့သြသွားမိသည်။
ဤနေရာရှိ အဆောက်အအုံများမှာ ကမ္ဘာပေါ်ရှိ မျှော်စင်ကြီးများကဲ့သို့ မြင့်မားသော်လည်း ပုံစံချင်းတော့ လုံးဝ မတူညီပေ။ ရှေးဟောင်း အငွေ့အသက်အချို့လည်း လွှမ်းမိုးနေဆဲ ဖြစ်သည်။ နေရာအနှံ့တွင် ရထားလုံးများ သွားလာနေကြပြီး လမ်းမကြီးများမှာလည်း လူကူးမျဉ်းကျားများ၊ လူသွားလမ်းများဖြင့် စနစ်တကျ ရှိနေသည်။
"စိတ်ဝင်စားဖို့ကောင်းသားပဲ။ အဆောက်အအုံတွေနဲ့ မြို့ပြတည်ဆောက်ပုံက ငါ့အိမ်ကို သတိရစေပေမဲ့ ကျန်တာတွေကတော့ အတူတူပါပဲ။ ရထားလုံးတွေ ရှိနေတာကို ကြည့်ရင် ကားတွေတော့ မရှိဘူးပေါ့။ တခြား ခေတ်မီတဲ့အရာတွေလည်း မရှိလောက်သေးဘူး" လုံချန်းက လမ်းလျှောက်ရင်း ရေရွတ်လိုက်သည်။ သူသည် ဖူချန်း နေထိုင်သည့်နေရာကို ရှာတွေ့နိုင်မလားဟုလည်း စဉ်းစားနေမိသည်။ တစ်စုံတစ်ယောက်ကတော့ သူ့ကို မှတ်မိလိမ့်မည်ဟု သူ တွေးလိုက်သည်။
သူသည် လူသွားလမ်းဘေးမှ လျှောက်လှမ်းလာစဉ် လူတိုင်းက သူ့အား အမှိုက်တစ်ခုကို ကြည့်သကဲ့သို့ ရွံရှာစက်ဆုပ်စွာ ကြည့်နေကြသည်အား သတိပြုမိလိုက်သည်။
"ဟူး... ဒါက လွယ်မှာမဟုတ်ဘူး။ ဒီ ဖူချန်းဆိုတဲ့ကောင်မှာ သူငယ်ချင်း တစ်ယောက်မှ ရှိပုံမရဘူး။ သူ့အိမ်ကိုတောင် ငါ ရှာတွေ့ပါ့မလား မသိဘူး။ လမ်းဘေးမှာပဲ အိပ်ရတော့မလားပဲ။ ဒီ အဓိပ္ပာယ်မရှိတဲ့ စမ်းသပ်မှုကြီးကလည်း... ငါ့လက်စွပ်သာ ပါလာရင် ဘာမှ ပူစရာမလိုဘဲ လွယ်လွယ်လေး ပြီးသွားမှာ။ အခုတော့ လက်နက်တစ်လက်တောင် ရှာရဦးမယ်" သူက မျက်မှောင်ကြုတ်ရင်း တွေးနေမိသည်။
လုံချန်းသည် လမ်းဘေးမှ လျှောက်လှမ်းနေစဉ် ရုတ်တရက် တစ်စုံတစ်ဦးက သူ့အား ကန်လိုက်သည်ကို ခံစားလိုက်ရသည်။
သူသည် ဟန်ချက်ပျက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
သူသည် ရှေ့သို့ မှောက်လျက်လဲကျသွားစဉ် သူ၏မျက်နှာကို မြေပြင်နှင့် မထိမိစေရန် လက်ဖြင့် အမြန် အားပြုလိုက်ရသည်။ အကယ်၍ ကွန်ကရစ်ကြမ်းပြင်နှင့် တိုက်ရိုက်ထိမိပါက သူ၏မျက်နှာ ဒဏ်ရာရသွားမည်ကို သူ သိရှိထားသည်။
သူသည် ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် လျှောတိုက်လဲကျသွားသဖြင့် သူ၏လက်ဖဝါးများ ပွန်းပဲ့ကာ သွေးစအချို့ ထွက်လာသော်လည်း ဒဏ်ရာမှာ မပြင်းထန်လှပေ။
"ဒီသစ္စာဖောက်အမျိုးအနွယ်ကောင်။ ငါနဲ့ လမ်းတစ်လမ်းတည်းမှာ လျှောက်ရဲတယ်ပေါ့။ ဒီကောင် တကယ်ကို အရှက်မရှိတာပဲ။ သူ့ရဲ့ သစ္စာဖောက်အဖေကလည်း အရှက်မရှိတဲ့လူ၊ အခု ဒီကောင်က ပိုတောင် ဆိုးသေးတယ်။ ဒီကနေ အမြန်ထွက်သွားစမ်း၊ ငါ့လက်ကို အညစ်အကြေး မပေစေချင်ပေမဲ့ မင်း မသွားရင်တော့ ငါကိုယ်တိုင် သတ်ပစ်လိုက်မယ်"
လုံချန်းက သူ၏ခန္ဓာကိုယ်ကို ပြန်ထူရန် ကြိုးစားနေစဉ် သူ၏နောက်ကွယ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် ပါဝင်နေသော စက်ဆုပ်ရွံရှာမှုများကို သူ ကြားနိုင်ပေသည်။
'ဟင်း... ငါ ပြန်လည်နိုးထလာပြီး ကတည်းက ဘယ်သူ့ကိုမှ ငါ့ကို အနိုင်ကျင့်ခွင့် မပေးခဲ့ဘူး။ ဒါပေမဲ့ ဒီနေရာမှာတော့ ပုရွက်ဆိတ်တွေကတောင် ငါ့ကို အနိုင်ကျင့်နေကြပြီပဲ' လုံချန်းက တွေးတောရင်း မတ်တတ်ရပ်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။
သူ့နောက်တွင် ရပ်နေသော လူငယ်ကို ကြည့်လိုက်ရာ အသက် ၁၅ နှစ်အရွယ်ခန့်သာ ရှိဦးမည့် ကောင်လေးတစ်ယောက် ဖြစ်နေသည်။ သူသည် ဖူချန်း ထက်ပင် ပို၍ ငယ်ရွယ်ပုံရသည်။
"ကလေးတစ်ယောက်လား။ အတည်ကြီးလား" လုံချန်းက အံ့သြစွာဖြင့် လွှတ်ခနဲ ပြောလိုက်မိသည်။
သူသည် ဖူချန်းကို အသက် ၁၉ နှစ်ဟု ထင်ထားသဖြင့် သူ့အား အနိုင်ကျင့်သူမှာလည်း ထိုအရွယ်လောက်ပင် ဖြစ်မည်ဟု ယူဆထားခြင်း ဖြစ်သည်။ အခုတော့ အသက် ၁၄၊ ၁၅ နှစ်အရွယ် ကလေးများကပင် သူ့ကို အနိုင်ကျင့်နေကြသည်အား မြင်ရသောအခါ လုံချန်းမှာ ဖူချန်းကို သနားရမလား၊ အသုံးမကျလွန်းသည့်အတွက် ကျိန်ဆဲရမလားပင် မဝေခွဲနိုင်တော့ပေ။
"သစ္စာဖောက် လုံချန်း၊ မင်းက ငါ့ကို လှောင်ပြောင်ရဲတယ်ပေါ့။ မင်းတို့မိသားစုကို ပြန်လွှတ်ပေးလိုက်လို့ ငါက မင်းကို မသတ်ရဲဘူးလို့ တကယ်ထင်နေတာလား" ထိုကောင်လေးက လုံချန်းကို လက်ညှိုးငေါ့ငေါ့ထိုးကာ ဒေါသတကြီး စိုက်ကြည့်နေသည်။
"လုံချန်း ဟုတ်လား။ မင်းက ငါ့အကြောင်း သိနေတာလား" လုံချန်းသည် သူ၏အမည်ကို ကြားလိုက်ရသဖြင့် အံ့သြသွားမိသည်။ ဤဂြိုဟ်ပေါ်ရှိ လူတစ်ယောက်က သူ့အမည်ကို မည်သို့ သိနေသနည်း။
'နေဦး... ရွှင်း ပြောတာ ငါ သတိရပြီ။ ဖူချန်းကို လူတွေက လုံချန်းလို့ ခေါ်ကြတယ်ဆိုတာကိုး။ ငါက သိပ်အရေးမကြီးဘူး ထင်နေတာ။ ဒါပဲ ဖြစ်ရမယ်။ သူတို့ ငါ့အစစ်ကို သိစရာ အကြောင်းမရှိဘူး၊ သိရင် ငါ့ရဲ့ စမ်းသပ်မှုက ရှုံးသွားပြီပေါ့' သူက မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။
လမ်းပေါ်ရှိ လူများက လုံချန်းနှင့် ထိုကောင်လေးကို ဝိုင်းကြည့်လာကြသည်။
"ဒါ ရုအိမ်တော်က သခင်လေး မဟုတ်လား။ သူက ရုမျိုးနွယ်စုရဲ့ သားငယ်လေးလေ။ သူ့အစ်ကိုလိုပဲ သူကလည်း ဝိညာဉ်စစ်သည်တော် တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ပြောကြတာပဲ။ ဟိုသစ္စာဖောက်ကတော့ တစ်ခါ အရိုက်ခံရဦးမှာပဲ"
"ဟားဟားဟား... စိတ်ဝင်စားဖို့ကောင်းတော့မှာပဲ။ အဲဒီအမှိုက်ကောင်ကို ငါကိုယ်တိုင်တောင် ရိုက်ချင်နေတာ။ ဒါပေမဲ့ အဲဒီကောင်က တကယ်ကို အရှက်မရှိတာ။ ဒီလောက် အရိုက်ခံနေရတာတောင် အရှက်မရှိဘဲ အသက်ရှင်နေသေးတယ်။ ရေကန်ထဲပဲ ခုန်ချသေလိုက်သင့်တာ"
"သူက ဘာလို့ သေမှာလဲ။ သူက အဲဒီအရှက်မရှိတဲ့လူရဲ့ သားပဲလေ။ ငါတို့ရဲ့ ဂုဏ်ယူရတဲ့ ဖီးနစ်အဖွဲ့အစည်းကို သစ္စာဖောက်ခဲ့တဲ့လူ။ သူ့ဇာတိမြေကို သစ္စာဖောက်ဖို့တောင် အရှက်မရှိတဲ့လူရဲ့ သားက ဘာလို့ အရှက်ရှိမှာလဲ"
"ဟားဟားဟား... အဖေတူ သားပါပဲ။ နှစ်ယောက်လုံးက အမှိုက်တွေချည်းပဲ"
"ဟိုက်ရား... ငါတို့လုပ်နိုင်တာကတော့ ငါ့တို့ရဲ့ ဒေါသတွေကို ဖြေဖျောက်ဖို့ သူ့ကို ရိုက်နှက်ရုံပဲ ရှိတာပဲ။ ဒါပေမဲ့ ဒီအရှက်မရှိတဲ့ကောင်ကတော့ ဂရုမစိုက်ပါဘူး။ ဒီမှာက လူသတ်တာကို တားမြစ်ထားတော့ သူက အဲဒါကို အခွင့်ကောင်းယူနေတာ။ လူတွေက သူ့ကို ရိုက်ပဲ ရိုက်လို့ရတယ်၊ သတ်ရင်တော့ အာဏာပိုင်တွေရဲ့ အပြစ်ပေးတာ ခံရမှာလေ။ ဒီအရှက်မရှိတဲ့ သောက်ကောင်"
"ဟားဟားဟား... သတ်လို့မရရင်လည်း ဘာဖြစ်လဲ။ သခင်လေးရု လက်ချက်နဲ့ အသားတွေ နာသွားတာကို ကြည့်ရတာလည်း တော်တော်လေး ပျော်ဖို့ကောင်းမှာပါ"
ဝိုင်းကြည့်နေသူများမှာ ဝင်ရောက် တားဆီးရန် စိတ်မကူးကြပေ။ ယင်းအစား ဤအခြေအနေကို ကြည့်ကာ ဖျော်ဖြေမှု တစ်ခုအဖြစ်သာ သဘောထားနေကြသည်။
"မင်းအကြောင်း ငါသိတာပေါ့။ မင်းက ယုတ်မာတဲ့လူရဲ့ သားပဲလေ" ထိုကောင်လေးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လုံချန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ သူ၏ ရင်ဘတ်ကို ကန်လိုက်သည်။
လုံချန်းက သူ၏ကိုယ်ကို ဘေးသို့ အနည်းငယ် စောင်းလိုက်ကာ ခြေလှမ်းအသာအယာဖြင့် ထိုတိုက်ခိုက်မှုကို လွယ်ကူစွာ ရှောင်တိမ်းလိုက်သည်။ သူသည် ထိုကောင်လေး၏ ကန်ချက်ကို ရှောင်လိုက်ရုံသာမက ကောင်လေး၏ ကျောဘက်ကိုပါ ပြန်ကန်လိုက်သဖြင့် ထိုကောင်လေးမှာ မြေပြင်ပေါ်သို့ မှောက်လျက်လဲကျသွားတော့သည်။
လုံချန်းမှာ ချီစွမ်းအား မရှိသဖြင့် သိုင်းကွက်များကို အသုံးမပြုနိုင်သော်လည်း သူ၏ အသိပညာများကတော့ ရှိနေဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ သိုင်းပညာအားလုံးကို မှတ်မိနေပြီး တိုက်ခိုက်ရေး အတွေ့အကြုံများလည်း ရှိနေသည်။ ကျင့်စဉ်မပါလျှင်ပင် သူသည် သိုင်းပညာ ကျွမ်းကျင်သူတစ်ဦး ဖြစ်နေဆဲပင်။
လုံချန်းသည် မြေပြင်ပေါ်ရှိ ကောင်လေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ကလေးလေး... လူကြီးကို ရိုသေစမ်း။ မင်းရဲ့ အမူအရာက တကယ်ကို ဆိုးတာပဲ။ အဲဒါကို ပြင်သင့်တယ်။ အိမ်ပြန်ပြီး မင်းရဲ့ မိဘတွေကို ကောင်းကောင်း ဆုံးမပေးဖို့ ပြောလိုက်ဦး" လုံချန်းက ထိုကောင်လေးကို ကြည့်ကာ ပြန်ပြောလိုက်သည်။
"မင်း... ဒီယုတ်မာတဲ့ကောင်ကများ။ မင်းက ငါ့ကို ပြန်တိုက်ခိုက်ရဲတယ်ပေါ့။ ငါ မင်းကို သတ်ပစ်မယ်ကွ။ ငါ ကျိန်ဆိုတယ်... မင်းကို သတ်ပစ်မယ်" ထိုကောင်လေးက မတ်တတ်ရပ်ရင်း အော်ဟစ်လိုက်သည်။
လုံချန်းသည် ထိုကောင်လေး၏ ခန္ဓာကိုယ် အရွယ်အစား ကြီးမားလာသည်ကို တွေ့လိုက်ရသည်။ ကောင်လေး၏ ကြွက်သားများမှာ ဖောင်းကားလာပြီး လုံချန်းထက် ငယ်သော ထိုကောင်လေးမှာ လုံချန်းထက် နှစ်ဆခန့် ပိုမိုကြီးမားသွားတော့သည်။
အခန်း (၆၅၆) ဝိညာဉ်သခင် ဗာမီလီယံ
"ဒါက သိုင်းကွက်တစ်ကွက်လား။ မဟုတ်ဘူး... ဒီကောင်လေးမှာ ချီစွမ်းအားမှ မရှိတာ။ သူ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ" လုံချန်းသည် ထိုကောင်လေးကို ကြည့်ရင်း ဝေခွဲမရစွာ ရေရွတ်လိုက်မိသည်။
လုံချန်း တစ်ယောက် မည်သည်များ ဖြစ်နေသည်မှန်း တွေးတောနေစဉ်မှာပင် ဘေးပတ်ဝန်းကျင်မှ ဝိုင်းကြည့်နေသူများမှာ အံ့အားသင့်တုန်လှုပ်သွားကြပြီး ဆူညံစွာ ပြောဆိုလာကြသည်။
"သွားပြီ... သခင်လေးရုက သူ့ရဲ့ စစ်ဝိညာဉ်ကို သုံးနေပြီ။ ဟိုကောင်တော့ သေဖို့သာ ပြင်ထားတော့"
"သူက ဒါကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး၊ ထုတ်မသုံးနိုင်သေးဘူး ဆိုပေမဲ့ အစွမ်းအချို့ကိုတော့ သုံးနိုင်နေပြီပဲ။ တကယ်ကို အံ့သြဖို့ကောင်းတာပဲ။ သူက သူ့အစ်ကိုလိုပဲ တကယ်ကို ပါရမီပါတာပဲ။ ဟားဟားဟား... ဟိုကောင်တော့ သေပြီ"
"ရုမျိုးနွယ်စုရဲ့ စစ်ဝိညာဉ်က ဒေါသစစ်ဝိညာဉ်လေ။ တောင်ကိုတောင် ဖျက်ဆီးနိုင်တဲ့ ဒေါသမျိုး။ ဒီလို ဒေါသမျိုးနဲ့ဆိုရင် သူကိုယ်သူတောင် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ဟိုကောင်တော့ တကယ် အသတ်ခံရတော့မှာပဲ"
ဝိုင်းကြည့်နေသူများမှာ လုံချန်းကို သေလူတစ်ယောက်ကဲ့သို့ သဘောထားကာ ပြောဆိုနေကြသည်။
"ဒါပေမဲ့ အပြစ်ပေးတာကျတော့ရော။ တကယ်လို့ သခင်လေးရုက သူ့ကို သတ်လိုက်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာပေါ့" လူအုပ်ထဲမှ တစ်ဦးက သခင်လေးရု ကြီးထွားလာသည်ကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"ဟား... သူက ဘယ်သူလဲဆိုတာ မင်း သိရဲ့လား။ သခင်လေးရုက ငါတို့လို သာမန်လူ မဟုတ်ဘူးလေ။ နိမ့်ကျတဲ့ ကျင့်ကြံသူလည်း မဟုတ်ဘူး။ သူက ဝိညာဉ်စစ်သည်တော် တစ်ယောက်ပဲ။ နိုင်ငံတော်က လူသတ်မှုတစ်ခုအတွက်နဲ့ ဝိညာဉ်စစ်သည်တော် တစ်ယောက်ကို ပြင်းပြင်းထန်ထန် အပြစ်မပေးပါဘူး" လူတစ်ဦးက ပြန်ဖြေလိုက်သည်။
"ဒါ့အပြင် ရုမျိုးနွယ်စုက နာမည်ကြီးပြီး သြဇာအာဏာလည်း ရှိတယ်။ သခင်လေးရုက သူ့ကို သတ်လိုက်ရင်တောင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ အဲဒီအမှိုက်ကောင် သေသွားတာကိုပဲ ကြည့်ပြီး ပျော်ပျော်နေလိုက်စမ်းပါ" နောက်တစ်ဦးက ရယ်မောရင်း ထောက်ခံလိုက်သည်။
'ဝိညာဉ်စစ်သည်တော် ဟုတ်လား။ အဲဒါက ဘာလဲ။ ရွှင်း ပြောခဲ့တဲ့ ကျင့်ကြံသူတွေထက် ပိုအစွမ်းထက်တဲ့သူတွေဆိုတာ ဒါကို ပြောတာလား။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ကျင့်ကြံသူတွေထက် ပိုအစွမ်းထက်တဲ့ လူတွေ ရှိနေတာလား' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးနေမိသည်။
'ခုနက ဝက်ဝံကြီးလည်း အတူတူပဲ။ ချီစွမ်းအား မရှိဘဲနဲ့ သာမန်သားရဲလို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ သူ့မှာလည်း ကျင့်ကြံသူတွေကိုတောင် သတ်နိုင်တဲ့ ထူးဆန်းတဲ့ အရိပ်မည်းကြီး ရှိနေခဲ့တာပဲ။ ငါ ဒီကမ္ဘာအကြောင်း အချက်အလက်တွေ စုဆောင်းရမယ်။ ရွှင်းကတော့ ငါ့ကို နည်းနည်း သတိ ပေးပြီး ထားခဲ့တာပဲ။ ငါ့အတွက် လွယ်အောင်တော့ သူတို့ မလုပ်ပေးကြဘူးပဲ' သူက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
"ရွှင်း... နင် ပြန်လာရင်တော့ အဆော်ခံရတော့မယ်။ မှတ်ထားလိုက်" သူက ရွှင်းဆီက အဖြေရမလားဟု မျှော်လင့်ချက်ဖြင့် ပြောလိုက်သော်လည်း ဘာမှ ထူးမလာပေ။
ယင်းအစား ၁၅ ပေခန့် မြင့်မားသော လူဘီလူးကြီးအဖြစ် ပြောင်းလဲသွားသည့် ထိုကောင်လေးမှာ သူ့ထံသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။ ထိုကောင်လေး၏ လက်တစ်ဖက်မှာပင် လုံချန်း၏ ရင်ဘတ်ထက် ပိုမိုကျယ်ဝန်းနေသည်။
'ငါ သာမန်လူတစ်ယောက်ဆီကနေ ထွက်ပြေးရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ငါ့ရဲ့ အစွမ်းအစစ်ကိုလည်း ဒီမှာ ထုတ်ပြလို့ မဖြစ်ဘူး၊ ချီစွမ်းအားမပါဘဲ သိုင်းကွက်တွေနဲ့တင် အနိုင်ရဖို့လည်း မလွယ်ဘူး။ ငါ တကယ်ပဲ ဒီကနေ ထွက်ပြေးရတော့မှာလား' သူက ကောင်လေး၏ တိုက်ခိုက်မှုကို ရှောင်ရန် ပြင်ဆင်ရင်း တွေးလိုက်သည်။
သူသည် တိုက်ခိုက်မှုကို ရှောင်ပြီးသည်နှင့် တစ်နေရာရာတွင် သွားရောက် ကျင့်ကြံရန် စိတ်ကူးထားသော်လည်း ထိုကောင်လေး သူ့ထံသို့ ရောက်ရှိလာချိန်မှာပင် လေထု၏ စီးဆင်းမှုမှာ ရုတ်တရက် ရပ်တန့်သွားသည်ကို လုံချန်း ခံစားလိုက်ရသည်။
သူ၏ သာမန်လူသား ခန္ဓာကိုယ်အပေါ်သို့ အင်အားကြီးမားသော ဖိအားတစ်ခု သက်ရောက်လာသည်။ အကယ်၍ ၎င်းမှာ သူ၏ အစစ်အမှန် ခန္ဓာကိုယ်သာ ဖြစ်ပါက ဤဖိအားမှာ ဘာမျှ မဟုတ်သော်လည်း ယခုမူ သာမန်ခန္ဓာကိုယ် ဖြစ်နေသဖြင့် လုံချန်းမှာ ထိုဖိအားအောက်တွင် အတော်လေး ရုန်းကန်နေရသည်။
ထိုဖိအားမှာ သူ့တစ်ယောက်တည်းကိုသာ ရည်ရွယ်သည်မဟုတ်ဘဲ ပြေးဝင်လာရာမှ ရပ်တန့်သွားသော လူဘီလူးကောင်လေးကိုလည်း ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။ ဝိုင်းကြည့်နေကြသော လူများမှာလည်း ထိုဖိအားကြောင့် မငြိမ်မသက် ဖြစ်နေကြသည်။
"ရုလီ... မင်း အသိတရား ပျောက်နေပြီပဲ။ သာမန်လူတစ်ယောက်အပေါ်မှာ မင်းရဲ့ စစ်ဝိညာဉ်ကို သုံးတာ၊ အထူးသဖြင့် သတ်ဖြတ်ဖို့ ရည်ရွယ်တာက ပြစ်မှုတစ်ခုဆိုတာ မင်း သိရဲ့လား။ မင်းမှာ အာခ်ရှာ နိုင်ငံရဲ့ ဥပဒေတွေကို လေးစားမှု မရှိတော့ဘူးလား" အထက်ကောင်းကင်ယံမှ အသံတစ်သံ ထွက်ပေါ်လာသည်။
လုံချန်းနှင့် ရုလီဟု ခေါ်သော ကောင်လေးတို့က အပေါ်သို့ မော့ကြည့်လိုက်ရာ သူတို့၏ ခေါင်းပေါ်တွင် ပျံသန်းနေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
ထိုလူမှာ အသက် ၃၀ ကျော်ခန့် ရှိပုံရပြီး ပခုံးအထိ ကျနေသော ဆံပင်ဖြူအရှည်ကြီးများ ရှိသည်။ သူသည် ဒူးအထိ ကျနေသော ဝတ်ရုံနီရှည်ကြီးကို ဝတ်ဆင်ထားပြီး သူ၏ ထက်မြက်သော မျက်လုံးအစုံက ရုလီကို စိုက်ကြည့်နေသည်။ သူ၏ ကျောဘက်တွင် လှပသော အဖြူရောင် အတောင်ပံ တစ်စုံ ရှိနေသည်။ ထိုအတောင်ပံများမှာ ဒဏ္ဍာရီလာ ဗာမီလီယံငှက်၏ အတောင်ပံများနှင့်ပင် ဆင်တူနေသည်။
"ဒါ... သခင်ကြီး ဗာမီလီယံပဲ။ ဖီးနစ်အဖွဲ့အစည်းရဲ့ သူရဲကောင်းကြီးလေ။ သူ ဘာလို့ ဒီနေ့ အပြင်ထွက်လာတာလဲ"
"ရှူး... ကိုယ့်အလုပ်ကိုယ် လုပ်စမ်းပါ။ သူ့ကို စိတ်အနှောင့်အယှက်ပေးရင် မင်းကို သတ်ပစ်လိမ့်မယ်။ ခေါင်းငုံ့ထားစမ်း"
မြို့သားများမှာ ထိုဖိအားအောက်တွင် ဒူးထောက်နေကြပြီ ဖြစ်သော်လည်း ဆံပင်ဖြူနှင့် ထိုလူကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်နေကြသည်။
ထိုဆံပင်ဖြူနှင့် လူမှာ ဖီးနစ်အဖွဲ့အစည်း၏ အင်အားအကောင်းဆုံး ဝိညာဉ်စစ်သည်တော်များထဲမှ တစ်ဦးဖြစ်ပြီး နဂါးတပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ သူသည် ဖီးနစ်အဖွဲ့အစည်းကို သစ္စာဖောက်သွားခဲ့သော ဖူချန်း၏ ဖခင်နှင့် အဖွဲ့တစ်ဖွဲ့တည်းတွင် အတူရှိခဲ့သူ ဖြစ်သည်။
ဗာမီလီယံသည် လုံချန်းကို ကြည့်ကာ အံ့သြသွားမိသည်။ အဘယ်ကြောင့် မသိသော်လည်း လုံချန်းကို ကြည့်ရသည်မှာ တစ်မျိုး ထူးခြားနေသည်ဟု သူ ခံစားလိုက်ရသည်။
'ဒီကလေး... သူ့မှာ တစ်ခုခု ဖြစ်သွားတာလား။ ငါက ငါ့ရဲ့ ဝိညာဉ်ဖိအား နည်းနည်းလောက်ကိုပဲ သုံးထားတာလေ။ သာမန်လူတစ်ယောက်ဆိုရင် ဒူးထောက်သွားဖို့ လုံလောက်နေပြီ။ ရုလီကတော့ ဝိညာဉ်စစ်သည်တော် ဖြစ်နေလို့၊ ပြီးတော့ သူ့ရဲ့ ဝိညာဉ်ကို သုံးထားလို့ မတ်တတ်ရပ်နိုင်တာ။ ဒါပေမဲ့ ဒီကလေးက ဘာလို့ မတ်တတ်ရပ်နိုင်နေတာလဲ။ စိတ်ဝင်စားဖို့ကောင်းသားပဲ။ ဖူမင်း... မင်းရဲ့သားက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ' ဗာမီလီယံက ပြုံးလိုက်ရင်း လုံချန်းကို ခဏမျှ ကြည့်ကာ ရုလီဘက်သို့ အာရုံပြောင်းလိုက်သည်။
လုံချန်းအပေါ် သက်ရောက်နေသော ဖိအားမှာ တိုးမလာသော်လည်း သူသည် မတ်တတ်ရပ်နိုင်ရန် အတော်လေး ကြိုးစားနေရသည်။ သို့သော် သူ ဒူးမထောက်ခဲ့ပေ။ ဒူးမထောက်လိုခြင်းမှာ သူ၏ ရှုံးနိမ့်မှုကို ပြသရာရောက်သောကြောင့် ဖြစ်သည်။ သူသည် အခက်အခဲများကို ထိပ်တိုက်ရင်ဆိုင်လိုသည်။ သူသည် သာမန်လူသား ခန္ဓာကိုယ် ဖြစ်နေလျှင်ပင် သူ၏ စိတ်ဓာတ်မှာမူ အရင်အတိုင်းပင် ဖြစ်သည်။ သူ၏ အတွင်းပိုင်းမှ တိုက်ခိုက်လိုသော စိတ်ဓာတ်က သူ့အား လဲကျခွင့် မပြုခဲ့ပေ။
ဗာမီလီယံသည် လုံချန်းအပေါ် ဖိအားကို ဆက်ထားသော်လည်း ရုလီ အပေါ်တွင်မူ ဖိအားကို တိုးမြှင့်လိုက်သည်။ ဗာမီလီယံမှာ ဖီးနစ်အဖွဲ့အစည်း၏ သူရဲကောင်းကြီး ဖြစ်သည့်အားလျော်စွာ သူ၏ စစ်ဝိညာဉ်နှင့် ဝိညာဉ်ဖိအားကို အပြည့်အဝ ထိန်းချုပ်နိုင်သည်။ သူသည် အခြားသူများကို မထိခိုက်စေဘဲ ရုလီ တစ်ဦးတည်းအပေါ်သို့သာ ဖိအားကို တဖြည်းဖြည်း တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
ရုလီ မှာ ထိုဖိအားအောက်တွင် ဆက်လက် မတ်တတ်မရပ်နိုင်တော့ဘဲ ဒူးထောက်ကျသွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။ သူသည် သတိလစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ဗာမီလီယံသည် ထိုအဖြစ်အပျက်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ဘာမှ မသိဘဲနဲ့ စစ်ဝိညာဉ်ကို သုံးတဲ့ အရူးပဲ။ အဲဒီအရူးက သူ့ကို ဘာတွေ သင်ပေးထားတာလဲ။ ငါ သူနဲ့ သွားတွေ့ရဦးမယ် ထင်တယ်။ သူ့သား အပြင်မှာ နိုင်ငံတော်ရဲ့ စည်းမျဉ်းတွေကို ဘယ်လို ချိုးဖောက်နေသလဲဆိုတာကို ပြပေးရမယ်" ဗာမီလီယံက ထိုသို့ ပြောဆိုကာ မြေပြင်သို့ ဆင်းသက်လိုက်ပြီး ရုလီ၏ ရှေ့တွင် ရပ်လိုက်သည်။