အခန်း (၆၅၇-၆၅၈)
Vol. 66 Ch. 657-658
အခန်း (၆၅၇) တိုက်ခိုက်ခံရခြင်း
ဝိညာဉ်သခင် ဗာမီလီယံသည် ရုလီကို လည်ပင်းမှ ဆွဲမ,လိုက်သည်။ သူသည် လုံချန်းကို တည်ငြိမ်သော မျက်နှာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ရုလီကို ခေါ်ဆောင်ကာ ပျံသန်းထွက်ခွာသွားတော့သည်။
ဝိညာဉ်သခင် ဗာမီလီယံ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် လွှမ်းမိုးထားသော ဖိအားများလည်း ပျောက်ကွယ်သွားသဖြင့် လူတိုင်း လွတ်လပ်သွားကြသည်။
လုံချန်းသည် မိမိကိုယ်ကိုယ် အတင်းအကျပ် တောင့်ခံထားစရာ မလိုတော့သဖြင့် သက်သောင့်သက်သာ သက်ပြင်းချနိုင်သွားသည်။ သူသည် ပျံသန်းထွက်ခွာသွားသော ဝိညာဉ်သခင်၏ ကျောပြင်ကို ကြည့်ကာ တည်ငြိမ်စွာ ရပ်နေမိသည်။
'သူ့မှာလည်း ချီစွမ်းအား မရှိဘူးပဲ။ အဲဒီဖိအားက ကျင့်ကြံသူတွေရဲ့ ဖိအားနဲ့ မတူပေမဲ့ အင်အားကတော့ အတူတူလောက်ပဲ ပြင်းထန်တယ်။ ဒါက ဝိညာဉ်စစ်သည်တော်ရဲ့ အစွမ်းပေါ့။ ငါ့အတွက်တော့ ကျင့်ကြံသူတွေထက် ဒီဝိညာဉ်စစ်သည်တော်တွေက ပိုပြီး အဟန့်အတား ဖြစ်လာနိုင်တယ်' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။
ဤကမ္ဘာရှိ ကျင့်ကြံသူများထက် ဤဝိညာဉ်သခင် ဗာမီလီယံ ကဲ့သို့သော ဝိညာဉ်စစ်သည်တော်များက ပို၍ ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်နိုင်ကြောင်း သူ သိမြင်သွားသည်။ သူ့တွင် ချီစွမ်းအင် မရှိသဖြင့် ဗာမီလီယံ၏ အစစ်အမှန် အစွမ်းကို ခန့်မှန်းရန် ခက်ခဲနေသည်။
၎င်းမှာ ပြဿနာကြီးတစ်ခု ဖြစ်သည်။ ကျင့်ကြံသူများနှင့်ဆိုလျှင် သူတို့၏ ကျင့်စဉ်အဆင့်ကို ကြည့်ကာ တိုက်ခိုက်မည် သို့မဟုတ် ရှောင်ထွက်မည်ကို ဆုံးဖြတ်နိုင်သော်လည်း ဤနေရာတွင်မူ ထိုအားသာချက် သူ့မှာ မရှိပေ။ သူ့ရှေ့တွင် ရှိနေသူမှာ အားနည်းသူလား၊ သို့မဟုတ် သူ့ကို သတ်နိုင်သည့် အစွမ်းထက် ရန်သူလားဆိုသည်ကို သူ မသိနိုင်ပေ။
"ငါ တကယ်ကို ဂရုစိုက်ရမယ်" လုံချန်းက ခေါင်းခါရင်း ရေရွတ်လိုက်သည်။
သူသည် ပြန်လည် မတ်တတ်ရပ်လာကြသော လူအုပ်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
"ဒီသစ္စာဖောက်ရဲ့ သားက တကယ် ကံကောင်းတာပဲ။ ဝိညာဉ်သခင် ဗာမီလီယံသာ ဒီမှာ ရှိမနေရင် သူ အခုလောက်ဆို သေနေလောက်ပြီ။ အခွင့်အရေး တစ်ခုတော့ လက်လွတ်သွားရတာပဲ" မြို့သားတစ်ဦးက လုံချန်းကို ရွံရှာစွာ ကြည့်ရင်း ရေရွတ်လိုက်သည်။
"ငါ နားမလည်နိုင်တာက ဝိညာဉ်သခင် ဗာမီလီယံက ဘာလို့ ဝင်ပါရတာလဲ။ သူ ဒီကို ရောက်လာတာက တိုက်ဆိုင်မှုဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ မိနစ်အည်းနည်းလောက် နောက်ကျမှ ရောက်လာရင် ဘာမှ ဖြစ်မှာ မဟုတ်ဘူးလေ။ သူ ဘာလို့ တားရတာလဲ။ ဒီ လုံချန်းရဲ့ အဖေက ဖီးနစ်အဖွဲ့အစည်းကို သစ္စာဖောက်ပြီး ဝိညာဉ်သခင်ရဲ့ သူငယ်ချင်းတွေကို သတ်ခဲ့တဲ့လူလေ။ ဖူမင်းက အဖွဲ့အစည်းကိုရော ဝိညာဉ်သခင်ရဲ့ ယုံကြည်မှုကိုရော ချိုးဖောက်ခဲ့တာ။ သူလည်း အဲဒီလူကို မုန်းမှာပဲလေ။ ဒီသစ္စာဖောက်ရဲ့ သား သေတာကို ကြည့်ပြီး သူ့ရဲ့ အာဃာတတွေကို ဖြေဖျောက်ဖို့ အခွင့်ကောင်းပဲ မဟုတ်လား" နောက်တစ်ဦးကလည်း သူ၏ ထင်မြင်ချက်ကို ပြောဆိုလာသည်။
"မင်း ဝိညာဉ်သခင် ဗာမီလီယံ အကြောင်း မသိလို့ပါ။ သူက တရားမျှတမှုရဲ့ သူရဲကောင်းကြီးလေ။ ဒီက လူအများစုရဲ့ အားကျရတဲ့ ပုဂ္ဂိုလ်ပဲ။ ဝိညာဉ်သခင်က သူ၏ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကို ဆုံးဖြတ်ချက်တွေအပေါ်မှာ ဘယ်တော့မှ အလွှမ်းမိုးမခံဘူးလို့ ပြောကြတယ်။ သူက အမြဲတမ်း စည်းမျဉ်းတွေကို လိုက်နာသလို သူတစ်ပါးကိုလည်း လိုက်နာအောင် လုပ်ဆောင်တတ်တာ။ သူက ရုလီ ပြစ်မှုကျူးလွန်မှာကို တားဖို့အတွက် သူ့ရဲ့ ပုဂ္ဂိုလ်ရေး အမုန်းတရားတွေကို ဘေးဖယ်ထားတာက မထူးဆန်းပါဘူး" ထွက်ခွာသွားသော လုံချန်းကို ကြည့်ကာ နောက်တစ်ဦးက ပြန်ပြောလိုက်သည်။
လုံချန်းသည် ထိုစကားများကို ကြားရသောအခါ အခြေအနေကို နားလည်သွားသည်။ ဗာမီလီယံဟု ခေါ်သော ထိုလူမှာ သူ့ကို မုန်းတီးနေသည်လော။ အနည်းဆုံးတော့ ထိုလူက အမုန်းတရားအတိုင်း လုပ်ဆောင်ခြင်း မရှိခဲ့ပေ။ မဟုတ်လျှင်မူ လုံချန်းအတွက် ဤစမ်းသပ်မှုကို အဆုံးသတ်ရန် ခက်ခဲသွားပေလိမ့်မည်။
သို့သော်လည်း အာခ်ရှာ နိုင်ငံကို သိမ်းပိုက်ရန် ကြိုးစားချိန်တွင် ဗာမီလီယံမှာ ကြီးမားသော အဟန့်အတား ဖြစ်လာနိုင်သဖြင့် အချိန်တန်လျှင် သူ့ကို ကိုင်တွယ်ရန် နည်းလမ်းတစ်ခု ရှာဖွေရမည်ဟု သူ ယုံကြည်လိုက်သည်။
'တကယ်လို့ ဗာမီလီယံသာ ဖူချန်း နဲ့ သူ့အဖေကို မမုန်းတဲ့လူဆိုရင် ငါ့ဘက်ပါလာအောင် ကြိုးစားပြီး သူ့ရဲ့ အကူအညီကို ရယူလို့ ရတာပေါ့။ သူ့ကို ရန်သူဖြစ်မယ့်အစား မိတ်ဆွေဖြစ်အောင် လုပ်တာက ပိုကောင်းမှာပဲ။ ဒါပေမဲ့ အခြေအနေကတော့ ဒီလို ဖြစ်နေမှတော့ ငါ ဘာမှ လုပ်လို့ မရဘူး' လုံချန်းက တွေးတောနေမိသည်။
အရေးကြီးဆုံး အရာမှာ မည်သည့်အရာမဆို မလုပ်ဆောင်မီ အရင်ဆုံး အစွမ်းထက်လာရန် ဖြစ်သည်။ သူ၏ သိုင်းကွက်များကို ထိရောက်စွာ အသုံးပြုနိုင်ရန် ကျင့်စဉ်နှင့်အတူ လက်နက်များလည်း လိုအပ်နေသည်။
လုံချန်းသည် လူအုပ်ကြားမှ ဖြတ်ကျော်ကာ ရည်ရွယ်ချက်မရှိဘဲ ဆက်လက် လျှောက်လှမ်းနေမိသည်။ သူသည် ဖူချန်း၏ အိမ်က မည်သည့်နေရာတွင် ရှိမှန်း မသိသလို မည်သူကမျှလည်း သူ့ကို ကူညီလိမ့်မည် မဟုတ်ကြောင်း သူ သေချာနေသည်။
သူ ကြားနေရသည်မှာ အမြဲတစေ လှောင်ပြောင် သရော်သံများသာ ဖြစ်သည်။ လူများက သူ့ကိုရော သူ၏ ဖခင်ကိုပါ ကျိန်ဆဲနေကြသည်။ ထို့မျှမက ဖူချန်း၏ မိခင်ကိုပါ ကျိန်ဆဲနေကြခြင်း ဖြစ်သည်။
"သူ့အမေလည်း တူတူပါပဲ၊ အဲဒီမိန်းမယုတ်ကလည်း အခုထိ မသေနိုင်သေးဘူး။ သူ့ရဲ့ ယုတ်မာတဲ့ လင်သားက နိုင်ငံကို သစ္စာဖောက်သွားတာတောင် သူက အရှက်မရှိဘဲ အသက်ရှင်နေတုန်းပဲ။ ဒီမိသားစု တစ်ခုလုံးက အရှက်မရှိတဲ့ ကြွက်တွေ၊ မြွေတွေလိုပဲ"
"ဟားဟားဟား... အဲဒီမိန်းမက အခုတော့ လူတွေရဲ့ အပန်းဖြေဖို့အတွက် အရိုက်ခံနေရပြီး အပြစ်ပေးခံနေရတာပဲလေ။ အနည်းဆုံးတော့ သူ လုပ်ခဲ့တဲ့ အပြစ်တွေအတွက် ပြန်ပေးဆပ်နေရတာပေါ့။ ဒီကောင်ကျတော့ အဲဒီလိုတောင် အပြစ်မပေးခံရဘူး။ သူက သတိလစ်သွားတဲ့အထိ အရိုက်ခံရရုံပဲ ရှိတာလေ"
'ဖူချန်းရဲ့ အမေက အရိုက်ခံနေရတယ် ဟုတ်လား။ ဒါက ဘာအကြောင်းလဲ။ ငါက ဘုရင်ဖြစ်လာမှာဆိုတော့ ဒါမျိုး ခွင့်မပြုနိုင်ဘူး။ ဘုရင်တစ်ယောက်မှာ သိက္ခာရှိရမယ်' လုံချန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
သူသည် ထိုစကားကို ပြောဆိုခဲ့သော လူကို လှည့်ကြည့်လိုက်သည်။ ထိုသူမှာ အသက် ၂၀ ခန့်ရှိမည့် လူငယ်တစ်ဦး ဖြစ်သည်။ သူသည် စိမ်းရောင်ဆံပင်နှင့် ရုပ်ဆိုးလှသော မျက်နှာ ရှိသည်။ လုံချန်းသည် ထိုလူကို မြင်လိုက်ရသောအခါ ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။ ထိုလူ၏ ရုပ်ရည်ကြောင့် မဟုတ်ဘဲ ထိုကဲ့သို့သော လူစားမျိုးက သူ့ကို လှောင်ပြောင်နေသောကြောင့် ဖြစ်သည်။
"မင်း... ဒီယုတ်မာတဲ့ကောင်။ ဘာကို ကြည့်နေတာလဲ။ ဒီနေ့တော့ မင်းက တော်တော် သတ္တိကောင်းနေပါလား။ ငါတို့က မင်းလို အမှိုက်ကို ရိုက်ရတာ ပျင်းနေလို့ လွှတ်ထားတာကို မင်းက ငါတို့ကို အထက်စီးက လေသံနဲ့ ကြည့်ရဲတယ်ပေါ့။ သခင်လေးရုက စစ်ဝိညာဉ်ကို သုံးလိုက်လို့သာ မင်း အသက်ရှင်သွားတာဆိုတာ မသိဘူးလား။ သူသာ အဲဒါကို မသုံးခဲ့ရင် မင်းကို အသားနူးအောင် ရိုက်နှက်လိုက်မှာပဲ။ သူ မပြီးပြတ်ခဲ့တဲ့ အလုပ်ကို ငါ အဆုံးမသတ်ခင် ဒီကနေ အမြန် ထွက်သွားစမ်း" စိမ်းရောင်ဆံပင်နှင့် လူငယ်မှာ လုံချန်းကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
လုံချန်းသည် ကြောက်ရွံ့ကာ နောက်ဆုတ်မသွားဘဲ လှောင်ပြောင်သော အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။
"ငါက ဝိညာဉ်စစ်သည်တော် မဟုတ်ပေမဲ့ မင်းလို အမှိုက်မျိုးရဲ့ အရိုးတွေကိုတော့ အကုန်ချိုးပစ်နိုင်သေးတယ်။ သေစမ်း" စိမ်းရောင်ဆံပင်နှင့် လူသည် လုံချန်းထံသို့ ပြေးဝင်လာကာ လက်သီးဖြင့် ထိုးလိုက်သည်။
လုံချန်းသည် ကာကွယ်သည့် ပုံစံပင် မဖမ်းဘဲ ထိုလူ၏ လက်သီးက သူ၏မျက်နှာနားသို့ ရောက်လာသည်အထိ လွှတ်ထားလိုက်သည်။
လက်သီးက သူ၏မျက်နှာနားသို့ ရောက်လာသောအခါ လုံချန်းသည် ထိုလူ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ နောက်သို့ လှည့်လိုက်ပြီး ထိုလူ၏ တံတောင်ဆစ်အား သူ၏ ပခုံးပေါ်သို့ တင်လိုက်သည်။
သူသည် ထိုလူ၏ လက်ကောက်ဝတ်ကို အောက်သို့ ဆွဲချလိုက်ရင်း ခန္ဓာကိုယ်ကို အလိုက်သင့် လှုပ်ရှားလိုက်သည်။
ခဏချင်းမှာပင် လူတိုင်း မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။
လက်သီးမှာ လုံချန်း၏ မျက်နှာကို ထိမှန်ကာ လဲကျသွားမည်ဟု သူတို့ ထင်ထားကြသော်လည်း အမှန်တကယ် ဖြစ်ပျက်သွားသည်မှာ လုံးဝ တခြားစီပင် ဖြစ်သည်။ လက်သီးမှာ လုံချန်း၏ မျက်နှာကို မထိမှန်ခဲ့ဘဲ လူတိုင်း ကြားလိုက်ရသည်မှာ နာကျင်စွာ အော်ဟစ်လိုက်သော အသံကြီးပင် ဖြစ်သည်။
၎င်းမှာ သူတို့ ထင်မှတ်ထားသကဲ့သို့ လုံချန်း၏ အော်သံမဟုတ်ဘဲ စိမ်းရောင်ဆံပင်နှင့် လူ၏ နာကျင်စွာ အော်ဟစ်သံ ဖြစ်နေသည်။
ထိုလူ၏ လက်မှာ တံတောင်ဆစ်မှ ကျိုးသွားခဲ့သည်။ လုံချန်းသည် ထိုလက်ကို အလွန် လွယ်ကူစွာပင် ချိုးပစ်လိုက်ခြင်း ဖြစ်သဖြင့် မည်သူမျှ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။
စိမ်းရောင်ဆံပင်နှင့် လူမှာ မြေပြင်ပေါ်တွင် လူးလိမ့်ကာ နာကျင်စွာ ငိုယိုနေတော့သည်။
လုံချန်း အရိုက်ခံရမည်ကို စောင့်ကြည့်နေသူများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
"ဒီ... ဒီအမှိုက်ကောင်က ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ သူက မွေးကတည်းက ဘာသိုင်းပညာမှ မတတ်တဲ့ အရိုက်ခံသက်သက် မဟုတ်ဘူးလား။ ဘယ်သူက သူ့ကို သိုင်းပညာတွေ သင်ပေးလိုက်တာလဲ။ သစ္စာဖောက်ရဲ့ သားကို ဘယ်သူက သိုင်းသင်ပေးရဲတာလဲ"
လူအများစုမှာ လုံချန်း၏ တိုက်ခိုက်ရေး စွမ်းရည်ကြောင့် အံ့အားသင့်နေကြသည်။ လုံချန်း မည်သို့ သိုင်းပညာ တတ်မြောက်သွားမှန်း သူတို့ နားမလည်နိုင်ကြပေ။ သူတို့၏ အမြင်တွင် လုံချန်းမှာ ငယ်စဉ်ကတည်းက တစ်ခါမျှ ပြန်မတိုက်ခဲ့ဖူးပေ။ လွန်ခဲ့သော ၉ နှစ်၊ ၁၀ နှစ်အတွင်း သူသည် အကြိမ်ပေါင်း ထောင်ချီ၍ အရိုက်ခံခဲ့ရသော်လည်း ဘယ်သောအခါမှ ပြန်မတိုက်ခိုက်ခဲ့ပေ။ သူသည် ယခင်က အရိုက်ခံရလေ ပို၍ပင် ရုန်းကန်နေရသော ကလေးတစ်ယောက်နှင့် တူသော်လည်း ယခုမူ အတွေ့အကြုံရှိသော စစ်သည်တော်တစ်ဦးနှင့် တူနေသည်။ သူ၏ မျက်နှာပေါ်တွင်လည်း ထူးဆန်းသော ယုံကြည်မှုများ ရှိနေသည်။ လူတစ်ယောက်က အဘယ်ကြောင့် ဤမျှ ပြောင်းလဲသွားနိုင်သနည်း။ သူတို့ လုံးဝ နားမလည်နိုင်တော့ပေ။
အခန်း (၆၅၈) သူ ကြောက်နေပြီ
"ဒါတော့ ဘာဖြစ်လဲ။ သူက သိုင်းကွက် အနည်းအကျဉ်းလောက်ပဲ တတ်တာပါ။ တစ်နေရာရာမှာ မြင်ဖူးလို့ လိုက်ကူးချထားတာ ဖြစ်မှာပေါ့။ သူက ဝိညာဉ်စစ်သည်တော် ဖြစ်သွားတာမှ မဟုတ်တာ၊ ကျင့်ကြံသူလည်း မဟုတ်ဘူး။ သူက ငါတို့လိုပဲ သာမန်လူပဲဟာ။ ဝိုင်းပြီးတော့သာ ဆော်ပစ်ကြစို့" နောက်ထပ် လူတစ်ယောက်က လူအုပ်ကြီးကို မြှောက်ပင့်ကာ လုံချန်းအား ဝိုင်းဝန်းတိုက်ခိုက်ရန် တိုက်တွန်းလိုက်သည်။
အမှန်စင်စစ် သူကိုယ်တိုင်လည်း လုံချန်း၏ ထူးဆန်းသော တိုက်ခိုက်ရေးစွမ်းရည်ကြောင့် စိုးရိမ်နေမိသည်။ စိမ်းရောင်ဆံပင်နှင့်လူလို အဖြစ်ဆိုးမျိုး မကြုံချင်သော်လည်း ကြောက်နေသည်ဟု အထင်မခံလိုသဖြင့် လူအင်အားသုံးကာ အန္တရာယ်ကင်းကင်းနှင့် တိုက်ခိုက်ရန် ကြံစည်ခြင်း ဖြစ်သည်။
လုံချန်းက လူအုပ်ကို ရန်တိုက်ပေးနေသော ထိုလူကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှတော့ ပြန်မပြောခဲ့ပေ။
သူသည် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ ထိုနေရာတွင် ဆက်နေလည်း ဘာမှ အကျိုးမရှိမှန်း သူသိသည်။ ထိုလူ အားလုံးက သာမန်လူများသာ ဖြစ်သည်။ သူ၏ အစစ်အမှန် ခန္ဓာကိုယ် အစွမ်းမပါလျှင်ပင် သူတို့ကို ကိုင်တွယ်နိုင်သော်လည်း ၎င်းမှာ အချိန်ဖြုန်းရုံသာ ရှိလိမ့်မည်။ ထို့ကြောင့် သူသည် ငြိမ်သက်သော နေရာတစ်နေရာတွင် ကျင့်ကြံရင်း ခန္ဓာကိုယ်၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ကာ စမ်းသပ်မှုအား အောင်မြင်ရန် ဆုံးဖြတ်လိုက်သည်။
"ကြည့်စမ်း၊ သူ ကြောက်နေပြီဟေ့။ သူ ထွက်ပြေးဖို့ ကြိုးစားနေတာ။ ဒီလောက်အထိ မောက်မာပြသွားတဲ့ကောင်ကို ဒီအတိုင်း လွှတ်ပေးလိုက်လို့ ဖြစ်မလား။ အဲဒီသစ္စာဖောက်ရဲ့ သားက ငါတို့ကို သတ္တိမရှိတဲ့ကောင်တွေလို့ ထင်သွားမှာပေါ့" ထိုလူက လူအုပ်ကြီး မလှုပ်မယှက် ဖြစ်နေသည်ကို မြင်သောအခါ ထပ်မံ၍ လှုံ့ဆော်လိုက်ပြန်သည်။
"ဟုတ်တယ်၊ ဒီကောင်က ဒီတစ်ကွက်ပဲ တတ်တာနေမှာပါ။ အခု ငါတို့ သိသွားပြီဆိုတော့ ဒါက အလုပ်မဖြစ်တော့ပါဘူး။ ငါတို့လက်တွေ ညစ်ပတ်သွားရရင်တောင် ဒီကောင်ရဲ့ အရိုးတွေကို ချိုးပစ်ကြစို့"
လူအုပ်ကြီးမှာ လုံချန်းနောက်သို့ ဝိုင်းအုံပြေးလိုက်ကြတော့သည်။
"ဒီအရူးတွေနဲ့ ငါ အချိန်မဖြုန်းနိုင်ဘူး" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်ပြီး လမ်းကြားလေးတစ်ခုထဲသို့ ချိုးဝင်ကာ လူအုပ်၏ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။
လူငယ် ၁၀ ယောက်ခန့်ပါသော အုပ်စုမှာ လမ်းကြားထဲသို့ ပြေးဝင်ကြည့်လိုက်ကြသော်လည်း လမ်းကြားထဲတွင် ဘာမှမရှိဘဲ အလွတ်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။
"သူ ဒီလမ်းကြားထဲ ဝင်သွားတာ မဟုတ်ဘူးလား။ ငါတို့အားလုံး မြင်လိုက်တာလေ။ ဘယ်လိုလုပ် ပျောက်သွားတာလဲ။ ဒါက လမ်းပိတ်ကြီးလေ။ ဒါ မဖြစ်နိုင်ဘူး"
"တကယ်ကို ထူးဆန်းတာပဲ။ ငါတို့များ မှားမြင်တာလား"
"သူ ငါတို့ကို လှည့်စားပြီး တခြားလမ်းက ထွက်သွားတာ ဖြစ်ရမယ်"
လူများမှာ အလွတ်ကြီးဖြစ်နေသော လမ်းကြားကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း ဇဝေဇဝါ ဖြစ်နေကြသည်။ အခြေအနေမှာ လုံးဝ ယုတ္တိမရှိသဖြင့် သူတို့ကိုယ်သူတို့ အကြောင်းပြချက် အမျိုးမျိုးပေးကာ ဖြေသိမ့်နေကြတော့သည်။ ထိုလမ်းကြားမှာ အဆုံးထိ ပိတ်နေပြီး ပုန်းစရာ နေရာတစ်ခုမှ မရှိပေ။
"တောက်... ဒီယုတ်မာတဲ့ကောင် လွတ်သွားပြီ။ နောက်တစ်ခါ တွေ့ရင်တော့ အသေသတ်ပစ်မယ်"
"အဖေဖြစ်သူက ကိုယ့်လူမျိုးကို သစ္စာဖောက်ပြီး ထွက်ပြေးသလိုပဲ၊ သားဖြစ်သူကလည်း အဲဒီအတိုင်းပဲ။ သစ္စာဖောက်အဖေမှာ သစ္စာဖောက်သားပဲ မွေးတာပဲ"
လူငယ်များမှာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ထိုနေရာမှ ထွက်ခွာသွားကြသည်။
ထိုလူငယ်များ ထွက်ခွာသွားစဉ် တစ်စုံတစ်ဦးက သူတို့ကို အပေါ်မှနေ၍ စိုက်ကြည့်နေသည်အား သူတို့ မသိလိုက်ကြပေ။
အမိုးပေါ်တွင် လုံချန်းမှာ ပျင်းရိသော အမူအရာဖြင့် ထိုင်နေပြီး သူတို့ ထွက်သွားသည်ကို ကြည့်နေသည်။
"အရူးတွေ" သူက တိုးတိုးလေး ရေရွတ်ရင်း လက်ကို ဆန့်ကာ သမ်းဝေလိုက်သည်။
သူသည် အမိုးပေါ်တွင် လက်နှစ်ဖက်ကို ခေါင်းခုကာ လှဲလျောင်းရင်း ကောင်းကင်ကြီးကို ကြည့်နေမိသည်။
"ငါ အရင်က ရင်ဆိုင်ခဲ့ရတာတွေနဲ့ ကွာခြားပေမဲ့ တကယ်ကို ရင်းနှီးနေသလိုပဲ" သူက မျက်လုံးများကို မှိတ်ရင်း ရေရွတ်လိုက်သည်။
"အစကနေ ပြန်ကျင့်ကြံရမယ်၊ အခက်အခဲတွေကို တိုက်ဖျက်ရမယ်၊ ပြီးရင် ဒီနိုင်ငံကို သိမ်းပိုက်ရမယ်" ထိုအရာ အားလုံးက အတော်လေး ခက်ခဲလိမ့်မည်ဟု သူ ကြိုတင် မြင်ယောင်နေမိသည်။
...
လုံချန်းသည် အမိုးပေါ်တွင် မျက်လုံးမှိတ် လှဲလျောင်းရင်း လေထုထဲရှိ ချီစွမ်းအားကို အာရုံခံရန် ကြိုးစားနေသည်။ သို့သော် ကျင့်စဉ်အစွမ်း အစပင် မရှိသေးသဖြင့် အာရုံခံရန် ခက်ခဲနေလေသည်။
သူ၏ ဝိညာဉ် ကမ္ဘာမြေမှ ကူးပြောင်းလာစဥ်ကမူ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် အထွတ်အထိပ် ရှိနေသဖြင့် အခြေအနေ ပိုကောင်းခဲ့သည်။ သို့သော် ယခုမူ သူ၏ ဝိညာဉ်မှာ ပို၍ အတွေ့အကြုံရှိနေပြီး သိထားသော ဗဟုသုတများက သူ့ကို ကူညီနိုင်လိမ့်မည် ဖြစ်သည်။ တစ်ခုတည်းသော စိုးရိမ်စရာမှာ အချိန်ပင် ဖြစ်သည်။
သူသည် သာမန်လူသား ပြန်ဖြစ်သွားပြီဖြစ်ရာ ကျင့်ကြံသူတစ်ဦး၏ အားသာချက်များ မရှိတော့ပေ။ အစားအစာမပါဘဲ တစ်ရက်ပင် မနေနိုင်သဖြင့် ယခုပင် ဗိုက်ထဲမှ အသံများမြည်ကာ ဆာလောင်လာသည်ကို ခံစားနေရသည်။
သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး မတ်တတ်ထိုင်လိုက်သည်။
"ဒီကမ္ဘာကို ရောက်ရောက်ချင်း ဗိုက်ဆာလို့ သေသွားရင်တော့ ဟာသဖြစ်တော့မှာပဲ။ ကျင့်ကြံပြီးတာနဲ့ အစားအစာအတွက် တစ်ခုခု စီစဉ်ရမယ်။ လူတိုင်းက ငါ့ကို သစ္စာဖောက်ရဲ့သားလို့ သဘောထားနေကြတော့ ငါ့အိမ်ကို ရှာတွေ့ဖို့လည်း မမျှော်လင့်နိုင်ဘူး။ ဘယ်သူကမှ ငါ့ကို ဘာမှ ပြောပြမှာ မဟုတ်ဘူး။ ငါသာ ရန်သွားဖြစ်ရင်လည်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံရနိုင်တယ်" လုံချန်းက လမ်းပေါ်သို့ ပြန်ကြည့်ရင်း ရေရွတ်လိုက်သည်။
သူသည် တရားထိုင်သည့် ပုံစံဖြင့် ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။
"အမည်မဲ့ ကျင့်စဉ်ကို ပြန်ကျင့်ကြံရမယ့် အချိန်ပဲ။ ဒီကျင့်စဉ်ကို ပေးခဲ့တဲ့ ထျန်းရှန်ကို တကယ်ပဲ ကျေးဇူးတင်ရမယ်" လုံချန်းက ပြုံးရင်း ရေရွတ်လိုက်သည်။ ၎င်းမှာ အိပ်မက်တစ်ခု ဖြစ်ခဲ့ပြီး ကျင့်စဉ်မှာလည်း လက်ဆောင်ရခဲ့ခြင်း မဟုတ်ဘဲ သူက ခိုးယူခဲ့ခြင်း ဖြစ်မှန်း သူသိသော်လည်း ဤအဆင့်အထိ ရောက်အောင် ကူညီပေးခဲ့သော ဤကျင့်စဉ်အတွက်မူ သူ တန်ဖိုးထားမိသည်။
သူသည် ယခင်က ဝေးလံခေါင်သီသော နိုင်ငံငယ်လေး တစ်နိုင်ငံမှ ကျင့်ကြံသူလေးသာ ဖြစ်သော်လည်း နှစ်အနည်းငယ်အတွင်းမှာပင် ကောင်းကင်ဘုံနယ်ပယ်မှ ကျင့်ကြံသူများကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမှာ အကြောင်းအရင်းများစွာ ရှိသည်။ သွေးမျိုးဆက်ကျောင်းတော်၊ ရွှင်း နှင့် အမည်မဲ့ကျင့်စဉ်တို့က အဓိက အစပြုခဲ့ခြင်း ဖြစ်သည်။ ထိုကျင့်စဉ်နှင့် မိစ္ဆာတောင်ပံများသာ မရှိခဲ့လျှင် သူသည် ကောင်းကင်ချောက်ကမ်းပါးထဲမှ လုံးဝ ထွက်လာနိုင်မည် မဟုတ်ပေ။
သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ခန္ဓာကိုယ်မှ ချီစွမ်းအားများကို စုပ်ယူနိုင်ရန်အတွက် ပိတ်ဆို့နေသော သွေးကြောများကို စတင် ဖွင့်လှစ်ရန် ကြိုးစားလိုက်သည်။ လုံချန်း၏ ဝိညာဉ် ကမ္ဘာမြေမှ ကူးပြောင်းလာစဉ်ကမူ လုံထျန်း၏ ခန္ဓာကိုယ်တွင် ဤအဆင့်မှာ ပြီးမြောက်ပြီး ဖြစ်သဖြင့် သူ လုပ်ဆောင်ရန် မလိုခဲ့ပေ။
ယခုမူ သူကိုယ်တိုင် ပထမဆုံးအကြိမ် လုပ်ဆောင်ရခြင်း ဖြစ်သည်။
သွေးကြောများကို ဖွင့်လှစ်ခြင်းမှာ ကလေးတိုင်း ကျင့်စဉ် မစတင်မီ လုပ်ဆောင်ရမည့် ပထမဆုံး အဆင့်ဖြစ်သည်။ လူအများစုက ဤအဆင့်ကို အသက် ၁၅ နှစ် မတိုင်မီ လုပ်ဆောင်သင့်သည်ဟု ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ကျင့်ကြံခြင်းအတွက် ရွှေရောင်အချိန် ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ အသက် ၁၅ နှစ်ကျော်မှ သာမန်လူတစ်ယောက်က သွေးကြောများကို ဖွင့်ရန် ကြိုးစားပါက အလွန်ပင် နာကျင်လှပြီး ကျင့်ကြံခြင်းလမ်းခရီးမှာလည်း ထိရောက်မှု မရှိတော့ပေ။
ထိုသေလောက်အောင် ပြင်းထန်သည့် နာကျင်မှုကို ကျော်လွှားနိုင်ပြီး သွေးကြောများကို ဖွင့်နိုင်ခဲ့လျှင်ပင် ထိုသူ၏ ကျင့်ကြံခြင်းလမ်းခရီးမှာ အသက် ၁၅ နှစ်မတိုင်မီ လုပ်ဆောင်ခဲ့သူများထက် များစွာ နှေးကွေးနေလိမ့်မည် ဖြစ်သည်။