အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း (၃၇)
နတ်ဆိုးလမ်းစဥ်ဂိုဏ်း ၁၀ ဂိုဏ်း၊ စွမ်းရည်ပေါင်းစပ်ခြင်း
ကူညီပေးမည့် တပည့်အချို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
အဓိကမှာ ဤအချိန်သည် အလွန်ပင် နှောင်းနေပြီဖြစ်ရာ ထူးခြားသည့် အဖြစ်အပျက်မရှိဘဲ မည်သူမှ အပြင်တွင် လမ်းလျှောက်ထွက်နေမည် မဟုတ်ပေ။
အခင်းဖြစ်ပွားရာနေရာကို အနည်းငယ် ရှင်းလင်းပြီးနောက် သူတို့က အကြီးအကဲဖုန်း၏ ဦးဆောင်မှုဖြင့် ဂိုဏ်းသို့ ပြန်ခဲ့ကြသည်။
လမ်းခရီး၌ မုန့်ချန်ချင်းသည် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများအကြောင်းကို ကုန်းလင်းရွယ်ထံမှ ပိုမိုသိရှိခဲ့ရသည်။
ယနေ့ခေတ် ကျင့်ကြံခြင်းလောကတွင် မိစ္ဆာလမ်းစဉ်သည်လည်း အားကောင်းသော အင်အားစုတစ်ခု ဖြစ်သည်။
၎င်းတို့မှာ သန့်စင်နယ်မြေတွေ၏သုတ်သင်ခြင်းကို အကြိမ်များစွာခံနေရသော်လည်း မိုးရွာပြီးနောက်ပြန်ပေါက်လာသည့်မှိုပွင့်တွေကဲ့သို့ ပြန်လည်အညှောက်ပေါက်လာဆဲဖြစ်သည်။
ထို့ပြင် ပို၍ပင်ကြီးထွားလာကြသည်။
နတ်ဆိုးလမ်းစဥ်၌ အဓိကအင်အားစုကြီး ၁၀ ခုရှိပြီး နတ်ဆိုးလမ်းစဥ်ဂိုဏ်း ၁၀ ဂိုဏ်းဟု လူသိများ၏။
၎င်းတို့၏ခွန်အားအတွက်တော့ အမျိုးမျိုးရှိသည်။
သေမင်းတမန်နတ်ဆိုးဂိုဏ်းမှာ ၎င်းတို့ထဲက တစ်ခုဖြစ်ပြီး ဂိုဏ်း ၁၀ ဂိုဏ်း၌ အားအနည်းဆုံးဖြစ်သည်။
တစ်ချိန်က တောက်ပသည့်အချိန်အခါတွေရှိခဲ့သော်လည်း နောက်မျိုးဆက်တွေ ညံ့ဖျင်းမှုကြောင့် ၎င်းတို့၏အထွတ်အမြတ်နတ်ဆိုးကျင့်စဥ်ကိုမကျင့်ကြံနိုင်တော့ပဲ အတော်လေးကျဆင်းလာခဲ့တာဖြစ်သည်။
သို့ပေမယ့် အမွေအနှစ်ကရှိနေဆဲဖြစ်ရာ လျော့တွက်လို့တော့မရပေ။
ထို့ပြင် ထိုက်ရွမ်ဂိုဏ်းတည်ရှိရာ ထျန်လင်းစီရင်စုနှင့် အနီးနားရှိပြည်နယ်ကြီးနှစ်ခု၌ သေမင်းတမန်နတ်ဆိုးဂိုဏ်း လှုပ်ရှားမှုအများဆုံးဖြစ်သည်။
နာရီဝက်လောက်ကြာပြီးနောက် သူတို့က နောက်ဆုံးမှာ အတွင်းစည်းကို ပြန်ရောက်လာကြသည်။
"ဂျူနီယာမောင်လေးမုန့်, ရက်အနည်းငယ်ကြာရင် ငါမင်းကို လာရှာမယ်..."
ကုန်းလင်းရွယ်ပြောလိုက်သည်။
ဤအခိုက်အတန့်၌ သူမ ဆေးလုံးအချို့သောက်ပြီးပြီဖြစ်၍ အသားအရေအရောင်က အတော်လေးတိုးတက်လာ၏။
သို့ပေမယ့် ဖြစ်နိုင်သမျှမြန်မြန် အားပြန်ဖြည့်ဖို့လိုအပ်နေဆဲဖြစ်သည်။
မဟုတ်လျှင် နောက်ပိုင်းမှာအတွင်းဒဏ်ရာတွေ ကျန်ခဲ့နိုင်၏။
"စီနီယာအမ, အရင်ဆုံးကုသဖို့ပဲအာရုံစိုက်ပါ၊ အလျှင်လိုဖို့မလိုပါဘူး...."
မုန့်ချန်ချင်း ခပ်ဖွဖွပြုံးပြီး ပြောလိုက်သည်။
ထို့နောက် စကားအနည်းငယ်ပြောပြီး ကုန်းလင်းရွယ်ထွက်ခွာသွားခဲ့သည်။
သူတို့၏ထွက်ခွာသွားသည့်ပုံရိပ်တွေကိုကြည့်ပြီး မုန့်ချန်ချင်း အနည်းငယ်သက်သာယာရသွား၏။
ရိုးရိုးသားသားပြောရလျှင် ဤစီနီယာအမကုန်းက အနည်းငယ်စကားများ၏။ အထူးသဖြင့် သူတို့တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသွားသည့်အခါတွင်ဖြစ်သည်။
ကံကောင်းစွာပဲ စီနီယာအမကုန်း သူမ၏အကန့်အသတ်ကိုကောင်းကောင်းသိပြီး အသေးအဖွဲ့ကိစ္စလေးတွေသာ ပြောဖြစ်ခဲ့၏။
"နောက်ကျနေပြီဆိုတော့ ဒီနေ့ည စွမ်းရည်တွေပေါင်းစပ်ရမယ်...."
မုန့်ချန်ချင်းမျက်လုံးတွေ မျှော်လင့်မှုတွေနှင့် တောက်ပနေခဲ့သည်။
အခန်းပြန်ရောက်သည့်အခါ မုန့်ချန်ချင်း ကုတင်ပေါ်မှာခြေချိတ်ထိုင်ပြီး အချက်အလက်ဇယားထုတ်ယူလိုက်သည်။
[လက်ခံသူ- မုန့်ချန်ချင်း]
[....]
[မပေါင်းစပ်ရသေးသည့်စွမ်းရည်- အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ် (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)၊ အဆင့် ၂ ဆေးပညာကျွမ်းကျင်မှု]
[ကျန်ရှိသောဆုလဒ်- သိမ်မွေ့အဆင့်ကျွမ်းကျင်ကဒ် ၃ ကဒ်]
"စနစ်, စွမ်းရည်တွေပေါင်းစပ်မယ်..."
မုန့်ချန်ချင်း စဥ်းစားမနေပဲ အာလုံးတစ်ခါတည်းပေါင်းစပ်လိုက်၏။
ဒင်!
[ပေါင်းစပ်ခြင်းစတင်ပါပြီ]
စနစ် အသံထွက်ပေါ်လာခဲ့သည်။
ထိုအခါ ရင်းနှီးသည့်ခံစားချက် နောက်တစ်ကြိမ်ထွက်ပေါ်လာပြီး များပြားသည့်နားလည်နိုင်စွမ်းတွေ သူ့စိတ်ထဲစီးဝင်လာခဲ့သည်။
အားလုံးက အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ်နှင့် ပတ်သက်သည့်ဟာတွေပင်။
ပမာဏက ယခင်လင်လုံအေးစက်လမင်းဓားသိုင်း ပေါင်းစပ်သည့်အချိန်ကထက် မနည်းပေ။
အပြည့်အဝစုပ်ယူဖို့ အချိန်ခဏယူလိုက်ရ၏။
"ဒါတကယ် သိမ်မွေ့အဆင့်မြင့်သိုင်းပညာပဲ...."
မုန့်ချန်ချင်းမျက်လုံးတွေ ပျော်ရွင်မှုတွေနှင့်ပြည့်နှက်နေခဲ့သည်။
ဤအဆင့်သိုင်းပညာမျိုးက ရရှိဖို့မလွယ်ကူပေ။
ကျမ်းစာဆောင်မှာလဲလှယ်လို့ရသော်လည်း အကျိုးပြုမှတ်အမျာအပြားလိုအပ်၏။
ပုံမှန်ဆို, ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်မှသာရနိုင်တာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အတွက် လဲလှယ်နှုန်းက အတွင်းစည်းတပည့်တွေနှင့်မတူသောကြောင့်ဖြစ်သည်။
ဤအရာမှာ အဆင့်အတန်းမြင့်မားလာခြင်းကြောင့်ရရှိလာသည့်စွမ်းရည်ဖြစ်သည်။
ကောင်းကင်ကြေးဝါလက်ခေါင်းနှင့် ပိုင်ချန်ခဲ့ခေါင်းပေါင်းလျှင် သိမ်မွေ့အဆင့်မြင့်သိုင်းပညာတစ်ခု လဲနိုင်မလား မုန့်ချန်ချင်းမသိပေ။
ဘယ်လိုပဲဖြစ်ဖြစ်, သူ မနက်ဖြန် သွားကြည့်ရမည်ဖြစ်သည်။
အင်ပါယာဖျက်စီးခြင်းနေမီးတောက်နည်းစနစ်ကို စေ့စေ့စပ်စပ်ကျွမ်းကျင်ပြီးနောက် မုန့်ချန်ချင်း ထိုသိုင်းပညာ၏လုပ်ဆောင်ပုံတွေကိုလည်း နားလည်လာခဲ့သည်။
၎င်းက ဆေးဖော်စပ်ဆရာတွေအတွက် အထူးဖန်တီးထားသည့် နည်းစနစ်တစ်ခုဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဆေးဖော်စပ်ဆရာတွေက ဆေးလုံးသန့်စင်ဖို့ မီးတောက်လိုအပ်ပြီး သာမန်မီးတောက်တွေက အဆင့် ၂ အထက်ဆေးလုံးတွေကို သန့်စင်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူတို့က အထူးမီးတောက်အချို့လိုအပ်ပြီး ခန္ဓာကိုယ်ထဲပေါင်းစပ်ကြ၏။
ဥပမာ အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ်က မီးတောက်ခုခံနိုင်မှုကို တိုးမြှင့်ပေးပြီး ထိုအထူးမီးတောက်တွေ၏ လောင်ကျွမ်းခြင်းမှ လူတစ်ယောက်ကို ကာကွယ်ပေး၏။
ထပ်ပေါင်းပြောရလျှင် ၎င်းက မီးတောက်တွေထိန်းချုပ်ရာမှာလည်းကူညီပေးပြီး တိုက်ခိုက်ရေးနည်းလမ်းတွေအဖြစ် ပြောင်းလဲပေး၏။
"ဒီသိုင်းပညာရတာ ငါကံကောင်းတာပဲ။ မဟုတ်ရင် အဆင့် ၂ ဆေးပညာကျွမ်းကျင်မှုရှိရင်တောင် ဆေးပညာကိုသင်ယူနိုင်မှာမဟုတ်ဘူး..."
မုန့်ချန်ချင်း သက်သာယာရစွာသက်ပြင်းချလိုက်သည်။
ထို့နောက် ဒုတိယစွမ်းရည် စတင်ပေါင်းစပ်လာခဲ့သည်။
စနစ်၏အသိပေးမှုနှင့်အတူ အင်ပါယာဖျက်ဆီးခြင်းနေမင်းမီးတောက်နည်းစနစ်ထက်တောင် ပိုများပြားလှသည့်အချက်အလက်တွေ သူ့စိတ်ထဲစီးဝင်လာခဲ့သည်။
အားလုံးက ဆေးပညာနှင့် သက်ဆိုင်သည့်အရာတွေပဲဖြစ်သည်။
ဆေးပညာက ကျယ်ပြန့်သည့်အယူအဆတစ်ခုဖြစ်ပြီး ကဏ္ဍအမျိုးမျိုး၌ အကျုံးဝင်၏။
ပထမဦးစွာ စိတ်ဝိညာဥ်ဆေးဖက်ဝင် အပင်များ၏အမည်၊ ၎င်းတို့ဂုဏ်သတ္တိ နှင့် အခြားပစ္စည်းတွေနှင့်မည်သို့ရောစပ်ရမည် စသည်တို့ပါဝင်၏။
ဒုတိယအနေဖြင့် ဆေးဖော်စပ်သည့် နည်းလမ်းတွေနှင့် နည်းစနစ်တွေဖြစ်သည်။
ထို့ကြောင့် ပေါင်းစပ်ခြင်း တစ်နာရီအပြည့်ကြာသွားခဲ့၏။
"ဆေးပညာလမ်းကြောင်းက တကယ််ရှုပ်ထွေးပြီး နက်နဲတာပဲ...."
မုန့်ချန်ချင်း ဖြည်းညင်းစွာမျက်လုံးဖွင့်လာပြီး အံ့အားသင့်စွာပြောလိုက်သည်။
သူ မနေနိုင်ပဲ အံ့အားသင့်သွား၏။
ဤအခိုက်အတန့်၌ သူ၏ယခင်အတွေးတွေမှန်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့၏။
ဘာကြောင့် ကုန်းလင်ယွဲ့ကျင့်ကြံရေးအဆင့် အရမ်းမမြင့်ရသနည်း။
အဘယ်ကြောင့်ဆိုသော် ဆေးပညာအစောပိုင်း၌ သင်ယူရမှာတွေများလွန်းပြီး စွယ်စုံကျမ်းကိုလေ့လာရသကဲ့သို့ ကဏ္ဍများစွာပါဝင်နေခဲ့သည်။
ဤအခြေအနေ၌ လူတစ်ယောက်က ကျင့်ကြံချိန်၊ သိုင်းပညာလေ့လာချိန် အစရှိသဖြင့် အချိန်တွေခွဲထားရမည်ဖြစ်သည်။
ပြောနိုင်တာတစ်ခုကတော့ ဆေးဖော်စပ်ဆရာတိုင်းက ကောင်းစွာအချိန်စီမံခန့်ခွဲတတ်သူတွေဖြစ်ကြသည်။
သို့ပေမယ့် ဆေးပညာ အလယ်အလတ်အဆင့်ကို ရောက်သည့်အခါ သူတို့၏အချိန်အများစုကို ကျင့်ကြံခြင်း၌ နစ်မြုပ်ထားနိုင်မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့လိုအပ်သည့်အရာရာကိုသင်ယူပြီးပြီဖြစ်၍ ယခုချိန်မှာ ကိုယ်တိုင်သင်ယူပြီး ကိုယ်ပိုင်လမ်းစဥ်ကို ပုံသွင်းနိုင်မည်ဖြစ်သည်။
"အဆင့် ၂ ဆေးဖော်စပ်ဆရာ..."
မုန့်ချန်ချင်း အသက်ပြင်းပြင်းရှူလိုက်ပြီး အပြုံးတစ်ခု သူ့နှုတ်ခမ်းတွေပေါ်မှာထွက်ပေါ်လာခဲ့သည်။
ဤအရာက စနစ်ရှိခြင်း၏ အားသာချက်ပင်။
အချိန်၊ အားစိုက်ထုတ်မှု၊ ချွေးတွေ များစွာပေးဆပ်ပြီးမှ အခြားလူတွေ ဤအဆင့်ကို ရောက်ရှိကြ၏။
ကုန်းလင်းရွယ်လိုပါရမီရှိသည့်လူတစ်ယောက်တောင် ၁၀ နှစ်အချိန်ယူခဲ့ရသည်။
သူ့အတွက်တော့ မိတ်ဆွေဖွဲ့ပြီး တစ်နာရီလောက်အချိန်ပေးရုံဖြင့် အားစိုက်ထုတ်မှုများစွာ လျော့ချနိုင်ခဲ့၏။
ကျင့်ကြံရေးလောက၌ အဆင့် ၁ ဆေးပညာရှင်တွေ များစွာရှိသော်လည်း အဆင့် ၂ ရောက်လျှင်တော့ ရှားပါးသွားပြီဖြစ်သည်။
အဆင့် ၂ ဆေးဖော်စပ်ဆရာထုတ်လုပ်ထားသည့် ပစ္စည်းတွေ၏မြင့်မားသည့်ဈေးနှုန်းကို ကြည့်ခြင်းဖြင့် သိနိုင်တာပဲဖြစ်သည်။
ထို့ကြောင့် အဆင့် ၂ ဆေးဖော်စပ်ဆရာတွေက အတော်လေးကြွယ်ဝချမ်းသာကြ၏။
"ဒါကိုကျွမ်းကျင်သွားပြီဆိုတော့ ငါနောက်ထပ် မိသားစုက အရင်းမြစ်တွေတောင်းဖို့မလိုအပ်တော့ဘူး...."
"ကလန်အဖွဲ့ဝင်တွေ ကျင့်ကြံဖို့ ဒါမှမဟုတ် ရောင်းချဖို့တောင် ဆေးလုံးအချို့ပြန်ပို့ပေးနိုင်ပြီ...."
မုန့်ချန်ချင်းမျက်လုံးတွေ တောက်ပနေခဲ့သည်။
သူက ကျေးဇူးတရားကို မေ့တတ်သူမဟုတ်ပေ။
"ဒါပေမယ့် အဲ့ဒီမတိုင်ခင် အထူးမီးတောက်တစ်ခုရဖို့ လိုအပ်တယ်...."
အခန်း (၃၈)
ဒီခါင်းကဘယ်လောက်တန်လဲ
ထိုအထူးမီးတောက်ဟုခေါ်သည့်အရာတွေက သဘာဝအတိုင်းသာမန်ထက်သာ၏။
ဥပမာ သားရဲကိုယ်ထဲမှာရှိသည့် သားရဲမီးတောက်၊ မီးတောင်တွေထဲရှိအနှစ်သာရမီးတောက်၊ အစရှိသဖြင့်ဖြစ်ကြသည်။
ထို့ပြင် ဆေးဖော်စပ်ဆရာတွေကို အရူးအမူဖြစ်သွားစေမည့် မီးတောက်တစ်မျိုးလည်းရှိသေး၏။
၎င်းက ကောင်းကင်နှင့်မြေကြီးမီးတောက်ပင်။
၎င်းတို့က ပင်ကိုယ်အားဖြင့် ကြီမားသည့်စွမ်းအားတွေပိုင်ဆိုင်ကြပြီး သားရဲမီးတောက်၊ အနှစ်သာရမီတောက်တွေထက် အများကြီးသာ၏။
အချို့ဆို ကိုယ်ပိုင်အသိစိတ်ဖွံ့ဖြိုးလာပြီး ကျင့်ကြံရေးလမ်းစဥ်ကိုတောင် လျှောက်လှမ်းနေကြ၏။
ဆေးဖော်စပ်ဆရာတွေက တိုက်ခိုက်ရေးမှာ သိုင်းပညာရှင်တွေလောက် မသန်မာသော်လည်း ဤကဲ့သို့မီးတောက်မျိုးသာရခဲ့လျှင် ဆေးပညာကော တိုက်ခိုက်ရေးကော နှစ်မျိုးလုံးမှာ စိတ်ကူးမရအောင် တိုးတက်သွားမည်ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးမီးတောက်ပိုင်ဆိုင်သည့်ဆေးဖော်စပ်ဆရာတွေက သိုင်းပညာရှင်တွေထက် တိုက်ခိုက်ရေးစွမ်းရည်အားမနည်းပေ။
တကယ်တော့ အများစုထက်တောင် ပိုသန်မာကြ၏။
သို့ပေမယ့် ကောင်းကင်နှင့်မြေကြီးမီးတောက်တွေက အတော်ရှားပြီး သဘာဝအလျောက် ကြမ်းတမ်းကြ၏။
အချို့ဆို ကြမ်းတမ်းလွန်း၍ သိမ်းသွင်းဖို့တောင် ခက်ခဲ၏။
အင်အားသုံးစုပ်ယူမည်ဆိုလျှင်လည်း ရလဒ်အနေဖြင့် ချက်ချင်းသေသွားမည်ဖြစ်သည်။
ထို့ကြောင့် ဆေးဆရာအများစုအတွက် သားရဲမီးတောက်တွေကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
၎င်းတို့၌ မြင့်မားသည့်မီးတောက်အရည်အသွေးရှိပြီး တိုက်ပွဲ၌အသုံးပြုနိုင်သည့် ကြမ်းကြုတ်သည့်စွမ်းရည်လည်းပိုင်ဆိုင်ထား၏။
"စီနီယာအမလာရင် သားရဲမီးတောက်တွေဘယ်ကရမလဲမေးရမယ်..."
မုန့်ချန်ချင်းမျက်လုံးတွေ အနည်းငယ်အရောင်လက်သွား၏။
အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ်က မီးတောက်တစ်မျိုးသာပေါင်းစပ်နိုင်ပြီး အလွယ်တကူပြောင်းလဲလို့မရပေ။
ထို့ကြောင့် ရွေးချယ်ရာမှာ သတိထားဖို့လိုအပ်၏။
"ဒါပေမယ့်, အခု ငါ အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ် ကျွမ်းကျင်မှုကို မြှင့်တင်ရမယ်...."
မုန့်ချန်ချင်း သူ့အတွေးတွေကို ပြန်ရုတ်သိမ်းလိုက်၏။
ကုန်းလင်းရွယ်ကို မိတ်ဆွေအဖြစ်ပေါင်းထည့်ပြီးနောက် သူက အပိုဆောင်းဆုလဒ်လည်းရရှိခဲ့၏။
သိမ်မွေ့အဆင့်ကျွမ်းကျင်ကဒ် ၃ ကဒ်...
ဤအရာက အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိတိုးမြှင့်ဖို့ လုံလောက်ရုံသာမက တစ်ကဒ်တောင်ကျန်သေး၏။
သားရဲမီးတောက် ခန္ဓာကိုယ်ထဲစုပ်ယူပြီး ဆေးဖော်စပ်မီးတောက်အဖြစ်ပြောင်းလဲဖို့ အနည်းဆုံး အင်ပါယာဖျက်ဆီးခြင်းနေမင်းမီးတောက်ကို ကျွမ်းကျင်အဆင့်ထိ လေ့ကျင့်ထားရမည်ဖြစ်သည်။
မဟုတ်လျှင် အန္တရာယ်ရှိနိုင်၏။
သို့ပေမယ့် ကျွမ်းကျင်အဆင့်ရောက်လျှင် အန္တရာယ်က အများကြီးလျော့ကျသွားပြီး ပြီးပြည့်စုံခြင်းအဆင့်ဆိုလျှင်တော့ မရှိသလောက်ပင်။
အချို့သန်မာလွန်းသည့် သားရဲမီးတောက်အချို့ကိုတောင် အင်အားသုံးစုပ်ယူနိုင်၏။
"စနစ်, အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ်ကို အဆင့်မြှင့်တင်မယ်...."
ဒင်!
[သိမ်မွေ့အဆင့်သိုင်းပညာတိုးမြှင့်ဖို့ ကျွမ်းကျင်ကဒ် ၂ ကဒ် အသုံးပြုနေပါသည်]
[တိုးမြှင့်မှုပြီးစီးပါပြီ]
စကားသံတွေထွက်ပေါ်လာသည်နှင့် ပိုများသည့်သိုင်းပညာအတွေးအမြင်တွေ သူ့စိတ်ထဲ တစ်ဟုန်ထိုးစီးဝင်လာခဲ့သည်။
တစ်ခဏကြာပြီးနောက် အားလုံးကို စုပ်ယူပြီးသွားပြီဖြစ်သည်။
"အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ် ပြီးပြည့်စုံခြင်းအဆင့်...."
သိမ်မွေ့အဆင့်မြင့်သိုင်းပညာတစ်ခုအနေဖြင့် ကျင့်ကြံဖို့အခက်အခဲက သဘာဝအတိုင်းအတော်မြင့်၏။
ကုန်းလင်ရွယ်နှင့် အကြီိးအကဲဖုန်းအတွက်တော့ သူတို့က ကျွမ်းကျင်အဆင့်ထိသာကျင့်ကြံထားနိုင်ပေမယ့် သူကတော့ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီဖြစ်သည်။
ဆေးဘုရင်တောင်ထိပ်မှလူတွေသာ ထိုအကြောင်းသိလျှင် သူ့ကို မျက်နှာပြောင်တိုက်လုယူဖို့ အပြေးလာကြမည်ဖြစ်သည်။
အပြုံးတစ်ခုနှင့်ခေါင်းခါယမ်းပြီး မုန့်ချန်ချင်း အတွေးတွေကို ဖယ်ရှားပစ်လိုက်သည်။
ထို့နောက် အနားမယူသေးပဲ မျက်လုံးမှိတ်ကာ စတင်လေ့ကျင့်လိုက်၏။
ကျင့်ကြံရေးဟူသည် ရေဆန်ကိုလှော်ခတ်ရသကဲ့သို့ဖြစ်ပြီး တိုးတက်မှုသာမရှိလျှင် နောက်ကျကျန်နေခဲ့မည်ဖြစ်သည်။
ဤနောက်ကျကျန်ခဲ့ခြင်းမှာ အခြားသူတွေတိုးတက်နေမှုအပေါ် မူတည်၏။
အကယ်၍ အခြားသူတိုးတက်နေစဥ် ကိုယ်က နေရာမှာရပ်တန့်နေမည်ဆိုလျှင် ထိုအရာကို နောက်မှာကျန်ခဲ့သည်ဟု ယူဆနိုင်၏။
နောက်တစ်နေ့....
မနက်ခင်းနေရောင်ခြည်ထွက်ပေါ်လာပြီး ကောင်းကင်၌ အနီရောင်တိမ်တိုက်တွေနှင့် ပြည့်နှက်နေခဲ့သည်။
မုန့်ချန်ချင်း ကျင့်ကြံရေးပြီးစီးသွားပြီး အခန်းအပြင် လျှောက်ထွက်လာခဲ့သည်။
သိုင်းပညာကျင့်ကြံသူတွေ၏စိတ်ဝိညာဥ်က ကြွယ်ဝရာ ရက်ပေါင်းများစွာခါးခါးသီးသီးကျင့်ကြံမည်ဆိုလျှင်တောင် အသိစိတ်က ပင်ပန်းနွမ်းနယ်မည်မဟုတ်ပေ။
ယနေ့၌ လုပ်စရာကိစ္စများစွာရှိ၏။
ပထမဦးစွာ သူက သူ့တာဝန်ပြီးမြောက်ဖို့ တာဝန်ခန်းမကို သွားရမည်ဖြစ်သည်။
ဂိုဏ်းလျို့ဝှက်နယ်မြေဖွင့်တော့မှာကြောင့်ဖြစ်နိုင်၏။ ယခင် ခြောက်ကပ်နေသည့်အတွင်းစည်းက တဖြည်းဖြည်း လူသွားလူလာတွေနှင့် စီကားနေခဲ့သည်။
မုန့်ချန်ချင်း ပင်ကိုယ်ပါရမီကောင်းသည့်လူများစွာ တွေ့ခဲ့ရ၏။။
အပြင်စည်းတုန်းကဆိုလျှင် သူက သေချာပေါက် မိတ်ဆွေဖွဲ့ဖို့ ကြိုးစားမည်ဖြစ်သည်။
သို့ပေမယ့် ယခုတော့ သူ့၏အချက်အလက်ဇယားက အတော်လေးကောင်းနေပြီဖြစ်ရာ မလိုအပ်တော့ပေ။
အဆင့် ၂ အမြစ်ရိုး၊ သာလွန်အဆင့်နားလည်နိုင်စွမ်း၊ ပါရမီစွမ်းရည်သုံးမျိုး နှင့် အခြားအရားများ....
သူ့ထက်ပိုကောင်းသည့်လူမဟုတ်လျှင် မိတ်ဆွေဖွဲ့တာက ဘာအကျိုးမှမရှိပေ။
မကြာမီ မုန့်ချန်ချင်း တာဝန်ခန်းမသို့ရောက်လာခဲ့သည်။
ယခုချိန်၌ လူတွေပိုများနေခဲ့သည်။
ကံမကောင်းစွာပဲ သူ စစ်မှန်တပည့်တစ်ယောက်ကို ခုချိန်ထိ မမြင်ရသေးပေ။
ကြည့်ရတာ သူထင်တာမှန်နေပုံရ၏။ စစ်မှန်တပည့်တွေက တာတန်ခန်းမကို မလာကြပေ။
"မကြာခင် ငါ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို တက်လှမ်းနိုင်တော့မှာ..."
မုန့်ချန်ချင်းမျက်လုံးတွေ အနည်းငယ်အရောင်လက်သွား၏။
မနေ့ စစ်မှန်ချီ၏စွမ်အားကို မျက်မြင်တွေ့ပြီးချိန်ကတည်းက သူက ပိုစိတ်အားထက်သန်လာခဲ့သည်။
ထို့ကဲ့သို့ဟန်ပန်၊ ထိုကဲ့သို့ သတ်ဖြတ်နိုင်စွမ်း၏သွေးဆောင်မှုကို မည်သူက ခုခံနိုင်မည်နည်း။
အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်နှင့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကြားရှိကွာဟမှုကို ဖော်ပြဖို့ တိမ်နှင့် ရွံ့ကို အသုံးပြုတာ လုံးဝချဲ့ကားရာမရောက်ပေ။
သူ့အတွေးတွေကိုစုစည်းလိုက်ပြီး မုန့်ချန်ချင်း ပတ်လည်ရှိလူတွေ၏ ပင်ကိုယ်ပါရမီအချက်အလက်တွေကို ကြည့်လိုက်သည်။
အတန်အသင့်ကောင်းကြသော်လည်း ယခင်စကားအတိုင်းပင် သူတို့က သူ့အတွက်အကူအညီအများကြီးမဖြစ်ပေ။
ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်မှသာ သိသာသည့်ပြောင်းလဲမှုတွေ မြင်ရနိုင်၏။
ကောင်တာဆီသို့လာလိုက်ရာ တာဝန်ခန်းမမှ တပည့်ရှိနေဆဲဖြစ်သည်။
"တာဝန်လာအပ်တာပါ..."
မုန့်ချန်ချင်း ကောင်းကင်ကြေးဝါလက်ပိုင် တုံကင်ကိုထုတ်ပြလိုက်ပြီး ၎င်းတို့အပေါ်၌ သွေးစတွေရှိနေဆဲဖြစ်သည်။
"မင်းပဲ...."
တာဝန်ခန်းမတပည့် မုန့်ချန်ချင်းကို မှတ်မိသွား၏။
"မင်းတကယ်အောင်မြင်ခဲ့တာပဲ....."
မုန့်ချန်ချင်း ဤတာဝန်ယူချိန်က သူက အကြိမ်များစွာဖျောင်းဖျခဲ့သည့်အတွက် မှတ်မိနေခဲ့သည်။
မူလ၌ သူထင်ခဲ့တာ ဤလူ ဒဏ်ရာတွေနှင့်ပြန်ရောက်လာမည်ဟူ၍ပင်။ မည်သူထင်ထားမည်နည်း။ သူက အကောင်းပကတိပြန်လာရုံသာမက ကောင်းကင်ကြေးဝါလက်ကိုပါ အပြတ်ရှင်းနိုင်ခဲ့သည်။
"ကြည့်ရတာ မင်းက သာမန်လူမဟုတ်ဘူးပဲ...."
တာဝန်ခန်းမတပည့် တုံကင်ကိုယူလိုက်ပြီး အံ့အားသင့်စွာပြောလိုက်သည်။
"မြောက်ပင့်လွန်းနေပါပြီ။ အဲ့ဒီလူက သတိလက်လွတ်ဖြစ်သွားရုံပါ..."
မုန့်ချန်ချင်း အနည်းငယ်ပြုံးပြီး ပြောလိုက်သည်။
"ဒါလည်းဖြစ်နိုင်ပါတယ်...."
တာဝန်ခန်းမတပည့် စိတ်လှုပ်ရှားသွား၏။
ထိုအရာကဖြစ်နိုင်၏။ အဆုံးမှာတော့ ကောင်းကင်ကြေးဝါလက်တာဝန်က တာဝန်ခန်းမှာ ထိပ်တန်းတာဝန်တစ်ခုပြီး အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၇ရှိ၏။
အဆင့် ၄ တစ်စုံတစ်ယောက်က ဘယ်လိုလုပ် အလွယ်တကူသတ်နိုင်မည်နည်း။
ထိုလူသတိလက်လွတ်ဖြစ်နေတုန်း ချောင်းမြောင်းတိုက်ခိုက်ခဲ့တာဖြစ်နိုင်၏။
"တာဝန်ဆုလာဘ်က အကျိုးပြုမှတ် ၃၀၀၀။ မင်းတစ်ခုလဲလှယ်ချင်ရင် အနီးနားက ဆေးလုံးခန်းမနဲ့ သိုင်းကျမ်းဆောင်တွေကို သွားလို့ရတယ်...."
တာဝန်ခန်းမတပည့် မုန့်ချန်ချင်းကို အပြာရောင်အထူးသံတုံကင်သုံးခုပေးလိုက်၏။
တစ်ခုချင်စီက အကျိုးပြုမှတ် ၁၀၀၀ ကို ကိုယ်စားပြု၏။
"ခဏနေပါအုန်း, ငါ့မှာ နောက်ထပ်တစ်ခုရှိသေးတယ်..."
မုန့်ချန်ချင်း သိုလှောင်လက်စွပ်ကိုထိလိုက်ရာ ရုတ်တရက်အဝတ်ဖြူဖြင့်ပတ်ထားသည့်အရာတစ်ခု သူ့လက်ထဲမှာပေါ်လာပြီး သွေးတွေစိမ့်ထွက်နေခဲ့သည်။
ထို့နောက် ကောင်တာပေါ်ကိုတင်ပြီး အဝတ်ဖြူကိုဖယ်လိုက်ရာ ပိုင်ချန်ခဲ့၏ မကျေမနပ်မျက်နှာကြီး ထွက်ပေါ်လာခဲ့သည်။
တာဝန်ခန်းမ တာဝန်ခံ ချက်ချင်း ကြောက်လန့်သွားပြီး နောက်ကို ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။
ပတ်ဝန်းကျင်၌ တာဝန်အပ်မည့် တပည့်တွေလည်းအပါအဝင်ဖြစ်သည်။
အဆုံးမှာတော့ ရုတ်တရက်လူခေါင်းတစ်ခုမြင်လိုက်ရခြင်းက မည်သူ့ကိုမဆို ထိတ်လန်သွားစေမည်မဟုတ်လား။
"သစ္ဆေလက်ချောင်း ပိုင်ချန်ခဲ့ရဲ့ခေါင်းက ဘယ်လောက်တန်လဲ...."
ဗြောင်ကျသည့်အသံတစ်ခုထွက်ပေါ်လာပြီး အစောပိုင်းဆူညံနေသည့်တာဝန်ခန်းမ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။