အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း ၁၀၁ - အကြွေး
ဆိုင်းလပ်စ်၏ စကားများကြောင့် အိုင်ဗီ၏ ရင်ခုန်သံမှာ တခဏတာ ရပ်တန့်သွားရသည်။ သူ သိနေတာလား။ ဘယ်လိုများ သိသွားရတာလဲ။ သူမဘက်က သေချာဖုံးကွယ်ထားနိုင်ခဲ့တယ်လို့ ထင်ထားခဲ့တာလေ။
သူ့မျက်ဝန်းအစုံရှိ သေချာရေရာနေသော အရိပ်အယောင်များကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထိ ပေါ့ရော့ခဲ့ကြောင်း အိုင်ဗီ နားလည်လိုက်မိသည်။
သိသာတဲ့အခြေအနေများစွာ ရှိနေခဲ့သည်သာမက သူမ၏ နူးညံ့လာသော သဘောထားကလည်း အထောက်အထား တစ်ခုဖြစ်နေခဲ့တယ်။
"ကျွန်မ မ..." အိုင်ဗီက သူမ၏ ခံစားချက်များကို ငြင်းပယ်ရန် စကားစလိုက်စဉ်မှာပင် ဆိုင်းလပ်စ်က ကြားဖြတ်ဝင်ပြောလိုက်သည်။
"မင်းသာ ငြင်းရဲရင်တော့ ဒီစားပွဲပေါ်မှာတင် မင်းနဲ့ငါဖြစ်သွားလိမ့်။ အဲဒီအခါကျမှ မင်းရဲ့ ဟန်ဆောင်မှုတွေကို ဘယ်လောက်အထိ ဆက်ထိန်းထားနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
အိုင်ဗီမှာ ဆွံ့အသွားရသည်။
မဟုတ်သေးပါဘူး။ အခြေအနေက ဒီလို ဖြစ်လာရမှာမဟုတ်ဘူးလေ။
အိုင်ဗီ၏ ဆွံ့အသွားသော မျက်နှာအမူအရာကိုကြည့်ကာ ဆိုင်းလပ်စ်က ပြုံးလိုက်ကာ ဆက်ပြောသည်။
"အိုင်ဗီ၊ ငါ ရှင်းရှင်းလင်းလင်းပဲ ပြောမယ်။ ငါ မင်းကို ချစ်တယ်။ မင်းမရှိဘဲ ငါ မရှင်သန်နိုင်ဘူး။ အရင်ကတော့ ငါ မင်းနဲ့ အကွာအဝေးတစ်ခုမှာ နေပြီး စိတ်လုံခြုံမှုပေးထားရင် မင်းဘက်က စိတ်ပြောင်းလာလိမ့်မယ်လို့ အမြဲတွေးခဲ့တာ။ ဒါပေမဲ့ အခုတော့..."
သူက စကားကို ခဏ ရပ်လိုက်ပြီး ရှက်သွေးဖြန်းကာ နီမြန်းနေသော အိုင်ဗီ၏ မျက်နှာကို ကြည့်လျက် ဆက်ပြောသည်။
"ငါ နှစ်ပေါင်းတစ်ရာလောက် စောင့်နေရင်တောင် မင်းဘက်က ခံစားချက်တွေကို ဝန်ခံမှာမဟုတ်ဘူးလို့ ငါ ထင်နေတယ်"
"ကျွန်မ..." အိုင်ဗီက ပြန်လည်ချေပရန် ပါးစပ်ဟလိုက်သော်လည်း ဆိုင်းလပ်စ်က ထပ်မံတားဆီးလိုက်ပြန်သည်။ ဒီတကြိမ်မှာတော့ သူ့မျက်ဝန်းများက အနည်းငယ် ခက်ထန်နေဟန်ရှိသည်။
"ဘာလို့လဲ အိုင်ဗီ။ မင်းလိုချင်တာ မှန်သမျှကို ငါ လုပ်ပေးခဲ့တာပဲ။ မင်းကို ဘေးကင်းစေချင်လို့ ငါဟာ အအ တစ်ယောက်လို ဟန်ဆောင်ပြီး ထောင်ချောက်မျိုးစုံထဲကို ကိုယ့်သဘောနဲ့ကိုယ် ဆင်းခဲ့တယ်။ ရာဗင်ခရောဖ်ရဲ့ နှိပ်စက်မှုတွေကို ငါ သည်းခံခဲ့သလို မင်း ငါ့ကို သဘောကျနေတယ်ဆိုတဲ့ သိသာနေတဲ့အနေအထားမျိုးကိုတောင် မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုပေးခဲ့သေးတယ်။ ဒါပေမဲ့ ဘာမှ ဖြစ်မလာခဲ့ဘူး။ ဘာလို့လဲ"
အိုင်ဗီ စကားတစ်လုံးမှ မဟနိုင်တော့ပေ။ ယခု သူမရှေ့တွင် မြင်နေရသော ဆိုင်းလပ်စ်ဟာ အရင်က သိခဲ့သော ဆိုင်းလပ်စ်နှင့် လုံးဝ မတူညီတော့ဘဲ တစ်ခုခု မှားယွင်းနေသလိုသူမ ခံစားမိနေသည်။
"ဆိုင်းလပ်စ်၊ ရှင် ဘာဖြစ်လို့လဲ။ တစ်ခုခုကြောင့် စိတ်ထိခိုက်နေတာလား" အိုင်ဗီက မရေမရာ မေးလိုက်ရင်း လက်ကလေးများကို ဆိုင်းလပ်စ်၏ လက်ပေါ်သို့ အသာအယာ တင်လိုက်သည်။
သို့သော် ဆိုင်းလပ်စ်က သူမ၏ လက်ချောင်းများကြားသို့ သူ၏ လက်ချောင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရင်း အိုင်ဗီကို စိုက်ကြည့်လိုက်သည်။
"ငါ တစ်ခုခုကို မြင်ခဲ့တယ် အိုင်ဗီ။ အိပ်မက်တစ်ခုပေါ့" ဆိုင်းလပ်စ်က စကားစလိုက်စဉ် သူ့မျက်ဝန်းများက သွေးရောင်အနည်းငယ် လွှမ်းလာသည်။
"အဲဒီထဲမှာ မင်းကို ရိုနန်နဲ့ သူ့လူတွေက လိုက်ပြီးဖမ်းနေကြတာ"
အိုင်ဗီ၏ ရင်ခုန်သံမှာ ပြင်းထန်သွားကာ မျက်ဝန်းများ ကျယ်လာရသည်။
ဆိုင်းလပ်စ်က ထိုအရာကို မြင်ခဲ့တာတဲ့လား။ သူ မြင်ခဲ့ရမည့် မြင်ကွင်းမှာ ဘယ်အကြောင်းအရာဖြစ်နေမည်ကို အိုင်ဗီ သိနေသည်။
သူမ ရိုနန်နှင့် နောက်လိုက်များ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည့် တစ်ခုတည်းသော အချိန်မှာ တတိယအကြိမ်မြောက် ထွက်ပြေးခဲ့စဉ်က ဖြစ်သည်။
သို့သော် မေးစရာရှိသည်မှာ သူက ဒီမြင်ကွင်းမှာကို ဘယ်လိုကြောင့်များ မြင်ခဲ့ရတာလဲ။ အဲဟာကို အိုင်ဗီတစ်ဦးတည်းသာ ခံစားခဲ့ရသည့် အရာ တွေလေ။ အိုင်ဗီ၏ အတွေးတွေဟာ ဆိုင်းလပ်စ်က သူမရဲ့ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး မေးလိုက်သောအခါတွင် ရုတ်ခြည်း ရပ်တန့်သွားသည်။
"မင်း ဒုက္ခရောက်နေတာကို ငါ မြင်ခဲ့ရတယ်။ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာပရပွနဲ့ မင်း ထွက်ပြေးနေခဲ့တာ။ မင်းက သနားဖို့ အထပ်ထပ် တောင်းပန်နေပေမဲ့ သူတို့ကတော့ နည်းနည်းလေးတောင်မှ မညှာတာခဲ့ကြဘူး။ အစပိုင်းမှာတော့ ငါ အရမ်းဒေါသထွက်ခဲ့ရပေမဲ့ အခုတော့ မေးခွန်းတစ်ခုက ငါ့ကို ခြောက်လှန့်နေတယ်။ အဲဒီအချိန်မှာ ငါ ဘယ်ရောက်နေခဲ့တာလဲ။ မင်းရဲ့ ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေနဲ့ မင်းရဲ့ ပိန်ချောင်နေတဲ့ ပုံစံက မင်းဟာ အချိန်အတော်ကြာအောင် ဒုက္ခခံခဲ့ရတယ်ဆိုတာ ငါ့ကို ပြောပြနေတယ်။ အဲဒီတော့ ငါက ဘယ်မှာလဲ။ ငါ ဘာလို့ မင်းကို မကယ်တင်ခဲ့တာလဲ။ မင်း တစ်ခုခု သိနေတယ် မဟုတ်လား။ ငါ့ကို ပြောစမ်း"
"ရှင် သေသွားပြီလေ။ ကျွန်မကြောင့် ရှင် သေသွားခဲ့တာ" အိုင်ဗီ အော်ဟစ်လိုက်မိသည်။ သူမ၏ တစ်ကိုယ်လုံး အေးစက်သွားရသည်။ လည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့နေသကဲ့သို့ ခံစားရပြီး ဆိုင်းလပ်စ်ကို စိုက်ကြည့်ရန်ပင် ခက်ခဲလာသည်။
သူမက လက်ကို ရုန်းရန် ကြိုးစားသော်လည်း ဆိုင်းလပ်စ်က ခွင့်မပြုသဖြင့် နောက်ဆုံးတွင် ပခုံးနှစ်ဖက်ကို လျှော့ချကာ အားပျော့စွာဖြင့်သာ နေလိုက်ရတော့သည်။
"ကျွန်မကို ကယ်ရင်းနဲ့ ရှင် သေသွားခဲ့တာ ဆိုင်းလပ်စ်။ ရှင်သာ ကျွန်မကို ဒီလောက်အထိ ဆက်ပြီး ချစ်နေဦးမယ်ဆိုရင် ရှင်ဟာ ကျွန်မကို ကယ်တင်ရင်းနဲ့ပဲ သေဆုံးသွားရဦးမှာပဲ" စိတ်ခံစားမှု ကင်းမဲ့နေသော သူမရဲ့ အသံဟာ ထမင်းစားခန်းအတွင်း ပဲ့တင်ထပ်သွားသည်။
ဆိုင်းလပ်စ် တောင့်တင်းသွားသော်လည်း မကြာမီမှာပင် ပြန်လည် တည်ငြိမ်သွားသည်။ သူသည် ဒီလို ဖြစ်နိုင်ချေကို ကြိုတင် တွေးထားခဲ့ဖူးသော်လည်း အမှန်တကယ် ကြားလိုက်ရချိန်တွင်မူ တုန်လှုပ်မှု ဖြစ်ရသည်မှာ အမှန်။
"ဘယ်လိုဖြစ်လို့လဲ။ ငါ ဘယ်လို သေခဲ့တာလဲ" သူက သူမကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။ "ပြီးတော့ ငါ့ရဲ့ လက်အောက်ငယ်သားတွေ ဒါမှမဟုတ် ငါ့မိသားစုဝင်တွေက မင်းကို ဘာလို့ မကူညီခဲ့ကြတာလဲ"
အိုင်ဗီ၏ မျက်နှာပေးမှာ အေးခဲသွားပြီး ခေါင်းကို ခါယမ်းလိုက်သည်။ "သူတို့ ကူညီခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ နောက်ဆုံး ရလဒ်က ဘာဖြစ်သွားလဲဆိုတာကိုတော့ ကျွန်မ မမြင်ရဘူး"
သူမသည် ဆိုင်းလပ်စ်ကို အမှန်အတိုင်း မပြောနိုင်ခဲ့ပေ။ သူ သေဆုံးပြီးနောက်တွင် သူ၏ လက်အောက်ငယ်သားများက သူမကို စောင့်ရှောက်ခဲ့ကြသော်လည်း တိုက်ပွဲတစ်ခုအတွင်း အားလုံး သေဆုံးသွားခဲ့ကြသည်ကို သူမ မပြောရက်ခဲ့ပါ။
သူ့မိသားစုဝင် အားလုံးလည်း သေဆုံးသွားခဲ့ကြကြောင်းနှင့် အိုင်ဗီ ဘယ်လောက်အထိ ဒုက္ခရောက်ခဲ့သည်ကို သူတို့ မသိရှိခဲ့ကြတာကိုလည်း သူမ မပြောနိုင်ပါ။ အကယ်၍ သူတို့သာ သိခဲ့မည်ဆိုလျှင် ဝမ်းသာအားရ ကခုန်နေကြမည်သာ ဖြစ်သည်။
ဆိုင်းလပ်စ်က အိုင်ဗီ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ တကယ်ပဲ မင်းကို ကယ်တင်ရင်း သေခဲ့တာလား"
"အင်း" အိုင်ဗီက ခေါင်းညိတ်ပြလိုက်သည်။ ဆိုင်းလပ်စ်အနေဖြင့် အန္တရာယ်ကို နားလည်ပြီး သူမနှင့် ဝေးဝေးတွင် နေလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့သော်လည်း အံ့သြစရာကောင်းသည်မှာ သူ့ထံမှ အပြုံးတစ်ခုကိုသာ မြင်လိုက်ရခြင်းပင်။
"ဒါဆိုရင်တော့ မင်းက ငါ့ကို အသက် ကျေးဇူးကြွေး တင်သွားပြီပေါ့" သူ၏ စကားလုံးများမှာ အိုင်ဗီ၏ စိတ်ထဲတွင် စွဲထင်သွားစေရန် ရည်ရွယ်လျက် နှေးကွေးပြီး လေးနက်နေသည်။
အိုင်ဗီကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး "ဟုတ်ပါတယ်၊ တင်နေတယ်" ဟု ဆိုလိုက်သည်။
သူသည် တစ်စုံတစ်ရာ ပြန်လည်ပေးဆပ်ရန် တောင်းဆိုလိမ့်မည် ဒါမဟုတ် သူမအား သူနှင့် ဝေးဝေးတွင် နေခိုင်းလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။
"မင်းမှာ ကိုယ်ချင်းစာစိတ် ရှိတာ ကောင်းပါတယ်" ဆိုင်းလပ်စ်က ခပ်တိုးတိုး ပြောလိုက်သည်။ "ဒါက အနာဂတ်မှာ ဖြစ်မယ့် အရာဆိုတော့ အခုကတည်းက ပြောင်းလဲလို့ ရသေးတာပေါ့။ ဒါပေမဲ့ အရင်ဘဝတွေထဲက ဘဝတစ်ခုခုမှာလည်း ငါ မင်းကို ကယ်ခဲ့ဖူးကောင်း ကယ်ခဲ့မှာပဲ။ အဲဒီအချက်ကို ထောက်ထားပြီးတော့ မင်းဟာ အခုကစပြီး ငါ့စကားကို နားထောင်ရမယ်"
"ဒါပေမဲ့ ကျွန်မက ရှင့်အနားမှာ ရှိနေရင် ရှင့်ကို..." အိုင်ဗီ စကားကို ဆုံးအောင် မပြောနိုင်ခဲ့ပေ။ ဆိုင်းလပ်စ်ကမူ ခပ်တိုးတိုး ရယ်မောလိုက်သည်။
"စိတ်မပူပါနဲ့၊ အခုကစပြီး ငါ့ဘက်က ဘယ်တော့မှ အရင်မသေစေရဘူးလို့ ငါ ကတိပေးတယ်"
သူ တကယ်ကို ဘယ်လိုမှ သည်းမခံနိုင်တော့ပေ။ အိုင်ဗီရဲ့ အခြေအနေကို ကြည့်ခြင်းအားဖြင့် သူသာ သူမထက် အရင်သေဆုံးသွားခဲ့လျှင် သူမသည် တစ်စုံတစ်ယောက်၏ ဖမ်းဆီးခြင်းကို ခံရပြီး စမ်းသပ်မှုများ ပြုလုပ်ခံရမည်ကို သူ နားလည်လိုက်သည်။
အိုင်ဗီ ပိုင်ဆိုင်ထားသည့် ထူးခြားသော ဟင်းလင်းပြင်အကြောင်းကို တစ်စုံတစ်ယောက်က သိရှိသွားခဲ့သဖြင့် သူမကို စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု သူ ကောက်ချက်ချလိုက်သည်။
ဘယ်လိုပင်ဖြစ်စေ အိုင်ဗီကို စမ်းသပ်ခဲ့သူ ဘယ်သူ့ကိုမဆို လိုက်လံရှာဖွေပြီး တစ်ယောက်စီတိုင်းကို သတ်ဖြတ်နိုင်ရန်အတွက် သူဟာ အသက်ရှည်ရှည် ရှင်သန်နေထိုင်သွားမှာ။
အိုင်ဗီသည် သူ့ကို တစ်စုံတစ်ခုကို ဖုံးကွယ်ထားဆဲ ဖြစ်သော်လည်း သူ သူမကို အတင်းအကျပ် မတောင်းဆိုခဲ့ပေ။
အခုတော့ သူမကို စနစ်တကျ ထောင်ချောက်ဆင် ဖမ်းထားရန်သာ လိုအပ်သည်။
အဲ့ဒါမှမဟုတ်လျှင် လျှောခနဲ ပြေးထွက်သွားတတ်သော ငါးရှင်တစ်ကောင်ကဲ့သို့ သူမဟ။ သူ့ီမှ ဆက်လက် ထွက်ပြေးနေဦးမည်သာ ဖြစ်သည်။
"မိန်းကလေးက ကျေးဇူးဆပ်တဲ့အနေနဲ့ ယောက်ျားလေးကို သူမရဲ့ ပထမဆုံးအကြိမ်အဖြစ် ပေးအပ်လိုက်တဲ့ ဝတ္ထုတွေကို ငါ ဖတ်ဖူးတယ်" ဆိုင်းလပ်စ်က စကားစလိုက်သည်။ သူ့မျက်နှာတွင် ရှက်ရွံ့သည့် အရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ အလာပသလာပ ပြောနေသကဲ့သို့ပင် တည်ငြိမ်နေသည်။
"ငါကတော့ မင်းရဲ့ ပထမဆုံးအကြိမ်ကို မတောင်းဆိုပါဘူး" ဆိုင်းလပ်စ်က အံ့အားသင့်နေသော အိုင်ဗီ၏ မျက်နှာကို စိုက်ကြည့်ရင်း အသာအယာ ဆက်ပြောသည်။ "ငါ့မိန်းမ ဖြစ်ပေးရုံပါပဲ။ အဲဒါက မင်း ငါ့ကို ဆပ်ရမယ့် အကြွေးပဲ"
အခန်း ၁၀၂ - အစေခံလား
"မဖြစ်နိုင်တာ" အိုင်ဗီက ငြင်းဆန်လိုက်သည်။ ညစာစားမှာကနေ ဘယ်လိုကနေဘယ်လို သူမက ဆိုင်းလပ်စ်ရဲ့ ဇနီးအဖြစ်သို့ ရောက်ရှိသွားစေသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။
"ကျွန်မ မလုပ်နိုင်ဘူး"
သူမအနေဖြင့် အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့သည်ဆိုဦးတော့၊ သူမရဲ့ ကံဆိုးမှုက ရှိနေဆဲပင်။ အကယ်၍သာ သူတို့ ဇနီးမောင်နှံ ဖြစ်သွားကြပါက အချိန်အတော်ကြာ အတူနေထိုင်ကြရမည်ဖြစ်ရာ ထိုအခါမျိုးတွင် သူ ဘေးအန္တရာယ် ကြုံတွေ့ရမယ် မဟုတ်လား။
"အိုင်ဗီ၊ မင်းမှာ ငြင်းပယ်ပိုင်ခွင့်မရှိဘူးဆိုတာ သတိရစမ်းပါ" ဆိုင်းလပ်စ်၏ နူးညံ့သောအသံက သူမ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ "မင်း ငါ့ကို အကြွေးတင်နေတာလေ။ ငါ့ရဲ့ သေဆုံးမှုနဲ့ ယှဉ်လိုက်ရင် ငါ့ဇနီးဖြစ်လာရတာက သာမန်ကာလျှံကာ ပေးဆပ်မှုတစ်ခုလိုပဲ မဟုတ်ဘူးလား"
"အဲဒါက..." ထိုစကားက ကျိုးကြောင်းဆီလျော်လွန်းလှသည်။ အိုင်ဗီမှာ ဆွံ့အသွားရပြီး ဘယ်လိုပြန်လည်ချေပရမှန်းကို မသိတော့ပေ။ သူမ၏ အတွေးအခေါ်နှင့် ဆိုင်းလပ်စ်၏ အတွေးအခေါ်တို့ဟာ လုံးဝ တခြားစီဖြစ်နေကြောင်းကိုလည်း ပထမဆုံးအကြိမ် သိမြင်လိုက်ရသည်။
ဆိုင်းလပ်စ်နှင့် လက်ထပ်ရမည်ဟူသော အတွေးကြောင့် သူမ၏ ရင်ခုန်သံတို့ မြန်ဆန်နေသော်လည်း ထိုထက်ပို၍ စိုးရိမ်ပူပန်မိသည်။ နောက်ဆုံးတွင် သူမက စေ့စပ်ညှိနှိုင်းရန် ကြိုးစားလိုက်သည်။
"ဒီလိုလုပ်ရင်ကော... ကျွန်မ ရှင့်ရဲ့ အစေခံ ဖြစ်ပေးမယ်လေ"
"ဟင်။ အဲဒါတော့ မဖြစ်နိုင်ဘူး။ အစေခံလား။ ငါ့ရဲ့ စံနှုန်းတွေက အရမ်းမြင့်လွန်းလို့ ငါ ဘယ်တုန်းကမှ အစေခံတောင် မငှားခဲ့ဘူး။ ငါလိုချင်တဲ့ အစေခံမျိုးက အိမ်သန့်ရှင်းရေး လုပ်ပေးရုံတင်မကဘဲ ငါ့အနားမှာ တစ်နေ့ ၂၄ နာရီပတ်လုံး ရှိနေပေးရမယ်၊ ပြီးတော့ ငါလိုချင်တဲ့အချိန်တိုင်း ငါ့အပိုင်ဖြစ်ခွင့် ပေးရမယ့်သူမျိုးပဲ"
ဆိုင်းလပ်စ်က ပြောရင်းနှင့် မတ်တပ်ရပ်ကာ အိုင်ဗီ့ထံသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ သူမ ထိုင်နေသော ကုလားထိုင်ကို သူ့ဘက်သို့ လှည့်လိုက်ပြီး သူမ၏ မျက်နှာနားသို့ တိုးကပ်လိုက်သည်။ သူ့ထံမှ ခပ်နွေးနွေး ထွက်သက်ဝင်သက်များက သူမရဲ့ မျက်နှာပေါ်သို့ ကျရောက်လာစဉ် သူက ဆက်ပြောလိုက်သည်။
"ပြောစမ်းပါ။ မင်း လုပ်နိုင်ပါ့မလား။ မီးဖိုချောင်ထဲမှာပဲဖြစ်ဖြစ်၊ ဧည့်သည်အိပ်ခန်း၊ အိပ်ခန်းမကြီး၊ နောက်ဆုံး ငါ့ရဲ့ စစ်ဘက်ဆိုင်ရာ ရုံးခန်းထဲမှာတောင် မင်းကို ငါ့ အပိုင်သိမ်းခွင့် ပေးနိုင်မလား"
ဒုတ်... ဒုတ်…
အိုင်ဗီဟာ သူမ၏ ရင်ခုန်သံတို့ကို ခံစားနေရသလို ခန္ဓာကိုယ်အောက်ပိုင်းမှ ထကြွလာသော ခပ်ရှိန်းရှိန်း ကိုလည်း လျစ်လျူရှုရန် ကြိုးစားနေရသည်။ ဆိုင်းလပ်စ်က အမြဲတမ်း ဒီလိုပဲလား။
သူမ စကားနားထောင်လာအောင် ခြောက်လှန့်နေခြင်းသာ ဖြစ်ပါလိမ့်မယ်။ သူသည် သူမရဲ့ ခွင့်ပြုချက်မပါဘဲ ဘယ်အရာကိုမှ လုပ်ဆောင်မည့်သူ မဟုတ်ပေ။
အိုင်ဗီသည် ဆိုင်းလပ်စ်အပေါ် အလောင်းအထိ ယုံကြည်မှု ရှိထားသော်လည်း သူမ မေ့လျော့နေသည့် အချက်တစ်ခုမှာ... သူတို့နှစ်ဦး ရင်းနှီးကျွမ်းဝင်သည့် အခိုက်အတန့်တိုင်းတွင် ဆိုင်းလပ်စ်က သူမကို တပ်မက်သကဲ့သို့ သူမကိုယ်တိုင်ကလည်း သူ့ကို တပ်မက်နေသဖြင့် တစ်ကြိမ်တစ်ခါမျှ ငြင်းဆန်ခြင်း မပြုခဲ့ဖူးတာပဲ။
"ကောင်းပြီလေ။ ရှင့်ရဲ့ အစေခံ လုပ်ပါ့မယ်" အိုင်ဗီက သဘောတူလိုက်သည်။ အစေခံတစ်ယောက် ဖြစ်သွားခြင်းက သူမအတွက် လိုအပ်သလို အကွာအဝေးတစ်ခု ထားရှိနိုင်ပြီး စိတ်တိုင်းကျ ပြုမူနိုင်လိမ့်မည်ဟု ယူဆမိသောကြောင့် ဖြစ်သည်။
သို့သော် ဆိုင်းလပ်စ်က သဘောမတူပေ။ အစေခံတဲ့လား။ အိုင်ဗီကို အစေခံတစ်ယောက်အဖြစ် ထားရှိရန် သူ စိတ်ကူးနိုင်ပါ့မလား။ သူက သူမကို ခြောက်လှန့်ရန် ထိုစကားများကို ပြောခဲ့ခြင်းဖြစ်သော်လည်း သူမကမူ အလေးအနက် မထားဟန်ရှိသည်။
"သေချာ ပြန်စဉ်းစားပါ။ မင်းကို တစ်ပတ် အချိန်ပေးမယ်။ အိုင်ဗီ၊ မင်းသာ ငါ့ရဲ့ အစေခံ ဖြစ်လာခဲ့ရင် မင်းအပေါ် ဘယ်လို အထူးအခွင့်အရေးမျိုးမှ ပေးမှာမဟုတ်ဘူးဆိုတာ သတိပေးပါရစေ" ဆိုင်းလပ်စ်က ခြိမ်းခြောက်လိုက်သည်။
သူ့မျက်ဝန်းများတွင် သူမအပေါ် ခက်ခက်ခဲခဲ ပြသတတ်သော တည်ကြည်လေးနက်မှုများ ရှိနေသဖြင့် အိုင်ဗီ့မှာ သူမ၏ ဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားရတော့သည်။
သူမ၏ ဆွံ့အနေသော မျက်နှာအမူအရာကို ဂရုမစိုက်ဘဲ အိုင်ဗီတစ်ယောက်တည်း အရာအားလုံးကို စဉ်းစားနိုင်ရန် သူ ထွက်ခွာသွားခဲ့သည်။ နောက်ဆုံးတွင် အဖြေရှာမရတော့ပဲ အိုင်ဗီဟာ လက်လျှော့လိုက်ပြီး ဆိုင်းလပ်စ်၏ အခန်းသို့သာ ပြန်လာခဲ့သည်။
ဒေါသထွက်နေတာက အသာထား၊ မနက်ဖြန်တွင် သူ့မျက်ကွင်းများ ညိုနေသည်ကို သူမ မမြင်ရက်နိုင်ပေ။
ဆိုင်းလပ်စ်ကလည်း အိုင်ဗီကို အတင်းအကျပ် မလုပ်ဘဲ သူမ ကုတင်ပေါ် လှဲလိုက်သည်နှင့် ဆွဲဖက်လိုက်သည်။ သူ စကားမပြောဘဲ နေခြင်းကပင် အိုင်ဗီ၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ကြောင်း အထင်အရှား ပြသနေခြင်း ဖြစ်သည်။
နောက်တစ်နေ့ နံနက်။
အိုင်ဗီ နိုးလာချိန်တွင် ဆိုင်းလပ်စ်မှာ ထွက်မသွားသေးသည်ကို တွေ့ရသည်။ သူ့၏ တည်ငြိမ်သော အမူအရာကို ကြည့်ခြင်းအားဖြင့် သူ နောက်ကျနေခြင်းမျိုး မဟုတ်ဘဲ အိုင်ဗီ နိုးလာသည်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိသာလှသည်။
အိုင်ဗီ နိုးလာသည်နှင့် သူက တည်ငြိမ်စွာ ဆိုလိုက်သည်။ "ပြင်ဆင်ပြီးရင် ထမင်းစားပွဲမှာ လာတွေ့ပါ"
ထိုသို့ပြောပြီးနောက် အိုင်ဗီ့ဘက်ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ အခန်းထဲမှ ထွက်သွားခဲ့သည်။ သူ့၏ အေးစက်သော အမူအရာက ဆိုင်းလပ်စ်၏ ရင်ထဲမှ ဒေါသတို့ မပြေပျောက်သေးကြောင်း အိုင်ဗီကို အချက်ပေးနေသကဲ့သို့ပင်။
အိုင်ဗီသည် ခပ်မြန်မြန် ရေချိုးပြင်ဆင်ပြီး ထမင်းစားပွဲသို့ လျှောက်လာခဲ့သည်။ ပူနွေးနေသော မနက်စာကို မြင်ရသောအခါ သူမ၏ ရင်ထဲတွင် ကြိတ်ပြုံးမိသော်လည်း အမူအရာကိုမူ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။
မနက်စာ စားပြီးသည်နှင့် ဆိုင်းလပ်စ်က ကတ်ပြားတစ်ခုကို ထုတ်ယူကာ အိုင်ဗီ့ထံသို့ ထိုးပေးလိုက်သည်။ အိုင်ဗီသည် ထိုကတ်ပြားကို သေချာ ကောင်းကောင်း သိနေသည်။
စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်း၏ ကတ်ပြားလေ။ သူမက ထိုကတ်ပြားကို ယဉ်ကျေးစွာ လက်ခံလိုက်ပြီး ဆိုင်းလပ်စ် စကားပြောလာမည်ကို စောင့်ဆိုင်းနေသည်။
"ရိုနန်နဲ့ သူ့နောက်လိုက်တွေကို ဖမ်းမိပြီ။ မင်း သူတို့ကို ဘယ်အချိန်မှာ သတ်ချင်လဲဆိုတာ ငါ့ကို ပြောရုံပဲ"
အိုင်ဗီ၏ မျက်ဝန်းများထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမက မျက်လွှာချကာ ဖုံးကွယ်ထားလိုက်ပြီး ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလျက် အသံပျော့ပျော့ဖြင့် ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
သူမ မျက်လွှာချထားသည်ကို မြင်သောအခါ ဆိုင်းလပ်စ်က သူမဟာ ခါးသီးသော အတိတ်ကို ပြန်လည် မြင်ယောင်နေသည်ဟု ထင်မှတ်ကာ စိတ်ထားအနည်းငယ် ပျော့ပြောင်းသွားသည်။
"ငါ့ကို ကျေးဇူးတင်မနေနဲ့။ ဒါက ငါ လုပ်သင့်လုပ်ထိုက်တဲ့ အရာပဲ။ အနာဂတ်နဲ့ ပတ်သက်ပြီး ဒီလို မြင်ကွင်းမျိုးတွေ မြင်ရတာရှိရင် ငါ့ကို အားမနာဘဲ ပြောပါ"
တစ်ယောက်တည်း ကြိတ်ပြီး ဒုက္ခမခံပါနဲ့ဟု ဆိုင်းလပ်စ်က စကားလုံးဖြင့် ထုတ်မပြောသော်လည်း အိုင်ဗီမှာ နားလည်လိုက်ပြီး စိတ်ထဲတွင် နွေးထွေးသွားရသည်။
ဆိုင်းလပ်စ် ထွက်သွားပြီးနောက် အိုင်ဗီသည် ဟင်းလင်းပြင် သိုလှောင်ခန်းထဲသို့ ဝင်ရန် ကြိုးစားလိုက်သည်။ အတားအဆီးတစ်ခုခု ရှိနေမည်ဟု ထင်မှတ်ထားသော်လည်း အံ့သြစရာကောင်းသည်မှာ သူမသည် အလွယ်တကူပင် ဝင်ရောက်နိုင်ခဲ့သည်။
သူမ ဝမ်းသာအားရဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ထူးခြားသော ပြောင်းလဲမှု တစ်စုံတစ်ရာ မတွေ့ရပေ။ ဟင်းလင်းပြင်မှာ ကျယ်ဝန်းမလာသလို ပတ်ဝန်းကျင်ကလည်း မှောင်မှောက်မြဲ၊ အချိန်စီးဆင်းမှုကလည်း ပိုမိုမြန်ဆန်မလာသေးပေ။
"ငါ အလိမ်ခံလိုက်ရတာလား" ဟူသော အတွေးသည် အိုင်ဗီ၏ စိတ်ထဲသို့ ပထမဆုံး ဝင်ရောက်လာသည်။ သူမသည် ငွေကြေးနှင့် စွမ်းအင်အမြူတေများစွာ အသုံးပြုခဲ့ရသော်လည်း အခုတော့ ဘာမှ မပြောင်းလဲသေးသည်ကို သိလိုက်ရသည်။
စိတ်ပျက်မှုကို ထိန်းချုပ်ရင်း စိုက်ပျိုးမြေ တစ်ခုခု ဒါမှမဟုတ် စမ်းရေတွင်း ကဲ့သို့သော အရာများ ရှိမလားဟု အိုင်ဗီ လိုက်ရှာကြည့်ပြန်သည်။
သို့သော် သူမ စိတ်ပျက်ရမြဲပင်။
နောက်ဆုံးတွင် သူမ ထိုင်ချလိုက်ပြီး "ဒီ ဟင်းလင်းပြင်ကတော့ ငါ့ကို လိမ်သွားပြီ ထင်ပါရဲ့" ဟု ခပ်တိုးတိုး ရေရွတ်မိသည်။
ဒေါသတို့ အထွတ်အထိပ်သို့ ရောက်လုဆဲဆဲမှာပင် သူမ မစမ်းသပ်ရသေးသော လုပ်ဆောင်ချက်တစ်ခုကို ရုတ်တရက် သတိရသွားသည်။
"ပွားပေးပါ" ဟု အိုင်ဗီက ရုတ်တရက် အမိန့်ပေးလိုက်သည်။
[မည်သည့်ပစ္စည်းကို ပွားလိုပါသနည်း။]
"ဆန်" ဟု အိုင်ဗီက ခိုင်းစေလိုက်သည်။
[ဆန်ကို အဆ ၅၀ ပွားများရန်အတွက် ၁ KB သုံးစွဲမှာလား]
ဟင်။ အဆ ၅၀ တောင်လား။ အိုင်ဗီ ဝမ်းသာသွားရသည်။ သူမ၏ လောင်းကြေးမှာ အောင်မြင်သွားခဲ့ပြီ ဖြစ်ကာ ယခင်က မသိခဲ့သော အရာတစ်ခုကို သူမ နားလည်လိုက်သည်။
"ဒီတော့ ငါက ဒီသိုလှောင်ခန်းကို အဆင့်မြှင့်တင်လေလေ၊ ပစ္စည်းတစ်ခုကို ပွားများနိုင်တဲ့ အကြိမ်အရေအတွက် ပိုများလာလေလေပေါ့။ ဒါက တကယ်ကို အံ့သြဖို့ ကောင်းတာပဲ"
ထိုသို့တွေးမိသည်နှင့်တစ်ပြိုင်နက် သိုလှောင်ခန်းကို အသုံးပြု၍ အိမ်ရာများနှင့် မျှော်စင်များ ဆောက်လုပ်ရန် သူမ၏ အစီအစဉ်ကို သတိရသွားကာ အမိန့်ပေးလိုက်ပြန်သည်။
"ငါ့အတွက် တိုက်ခန်းတစ်ခန်း ဆောက်ပေးစမ်း"
[တိုက်ခန်းတစ်ခန်း ဆောက်လုပ်ရန် ၂ KB အသုံးပြုမှာလား။]